စက်သေနေသော ငြိမ်းချမ်းရေးအင်ဂျင်ကို တွန်းနိုးခြင်း(သို့) တန့်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းနိုးခြင်း

၁၉၆၁ ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်းကို ပြန်လည်အသက်သွင်းခြင်း(သို့) ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်မည့် လမ်းစ
04 September 2017
Article

ဆောင်းပါးရှင် - စိုင်းဝန်စိုင်း

Karen Dancers / Photo credit Martin Smith

 

နိဒါန်း - ချောင်ပိတ်မိနေသော ခေတ်ပြိုင်ကာလ

၂၁ ရာစုပင်လုံ”ဟု အမည်တွင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မေလ ၂၄ ရက်နေ့တွင် စတင်ရန် ပြန်လည်အစီအစဉ်ရေးဆွဲခြင်းနှင့်အတူ ကျွနု်ပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ မကြာသေးသော အတိတ်ကာလအတွင်း အလွန် မှားယွင်းစွာ ကိုင်တွယ်ခဲ့သည့် ထိလွယ်ရှလွယ်မှုမြှင့်မားသည့် ပြဿနာအချို့ကို ပြန်လည်လေ့လာသုံးသပ်ကြည့်ရန် လိုအပ် လာသည်။ အကယ်၍ လာမည့်ညီလာခံသည် ကျွန်ုပ်တို့အား ခြောက်လှန့်ဆဲဖြစ်နေသည့် သမိုင်းကြောင်းဆိုင်ရာ အမှား များကို တည့်မတ်နိုင်ရန် ပြုလုပ်ကျင်းပသည်မှန်လျှင် ချောင်ပိတ်မိနေသော ကျွနု်ပ်တို့တိုင်းပြည်၏ အခြေအနေတွင် ဘက် ပေါင်းစုံမှ ဆွေးနွေးဘက်အားလုံးသည် သမိုင်းကြောင်းအမှန်ကို ပြန်လည်ရှုမြင်သုံးသပ်ပြီး ပဋိပက္ခအမွေအနှစ် ဆိုးများ၏ အကြောင်းရင်းများနှင့် နှစ်ကာလကြာရှည်စွာ တိုင်းပြည်တိုးတက်မှုကို နောက်ပြန်ဆွဲခဲ့သော အစိုးရ၏ ကျရှုံးမှုများကို ပြန်လည် အကဲဖြတ်သုံးသပ်ရန် မဖြစ်မနေ လိုအပ်လာသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်း နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ကြာခဲ့သည်အထိ နိုင်ငံတည်ဆောက်ရေးကဏ္ဍမှာ မပြီးဆုံးသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုဆိုင်ရာ ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာလည်း ဆက်လက် ဖြစ်ပွား နေဆဲဖြစ်ကာ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုမြောက်များစွာသည် ရာစုနှစ် တစ်ဝက်ကျော်မျှ စစ်အုပ်ချုပ်ရေး ခေတ်နောက်ပိုင်းတွင် ပိုမို နက်ရှိုင်းစွာ တည်ရှိလာခဲ့သည်။

လွန်ခဲ့သည့်နှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ခေတ်ဦးကာလကတည်းက မြန်မာနိုင်ငံသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရေရှည်လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးတံခါးဝသို့ ရောက်ရှိစေခဲ့သော မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ အမှန်စင်စစ် လွန်ခဲ့သော (၁၂) လတာ ကာလ၏ အတွေ့အကြုံများအရ အစိုးရသစ်၏ အုပ်ချုပ်စီမံမှုဆိုင်ရာ ဖွဲ့စည်းပုံ များသည် အင်န်အယ်လ်ဒီအစိုးရနှင့် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ရှိ ကဏ္ဍအများစုအပေါ်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း ဆိုင်ရာအာဏာများကို ဆက်လက် ထိန်းချုပ်ကိုင်တွယ်ထားသော တပ်မတော်ဟု အမည်တွင်သည့် နိုင်ငံတော် လက်နက် ကိုင်တပ်ဖွဲ့တို့အကြား ပေါင်းစပ်ထားသည့် “စပ်မျိုး” စနစ်များသာဖြစ်ကြောင်း မြင်တွေ့ခဲ့ရသည်။ အရပ်သား တစ်ပိုင်း အစိုးရဖြစ်သော သမ္မတ ဦးသိန်းစိန် အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံရေးရာသီဥတု ပြောင်းလဲမှု အတော်များများရှိခဲ့သည်ကို သံသယဖြစ်စရာ အကြောင်းမရှိသော်လည်း သတိပေးနေသည့် လက္ခဏာရပ်များမှာ ယခု အချိန်တွင် တိုးပွားလာနေသည်။ အင်န်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း မဲဆွယ်စည်းရုံးရေးကာလတွင် ကတိပေးခဲ့သော ရွေးကောက်ပွဲကြေညာချက်စာတမ်းအတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ပါတီအနေဖြင့် ကြိုဆိုဦးဆောင်နိုင်စွမ်း မရှိနေသည်ကို တွေ့ရသည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းမှုစတင်ခဲ့သည့် အချိန်မှစ၍ တပ်မတော်၏ သြဇာလွှမ်းမိုးမှုများမှာ ဆက်လက်တည်ရှိနေပြီး အဆုံး မသတ်နိုင်ဘဲ ရှိနေသည်။

လက်ရှိနိုင်ငံရေးပြဿနာများကို ကျော်လွှားဖြေရှင်းရာတွင် အဓိက အတားအဆီးနှစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန် မစွမ်းဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ၄င်းပြဿနာနှစ်ခုမှာ နီးကပ်စွာ ဆက်စပ်မှု ရှိသည်။ အင်အယ်လ်ဒီအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲခြင်းနှင့် နိုင်ငံရေးဖာထေးမှု(သို့) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအားဖြင့် အမျိုးသားရင်ကြားစေ့ရေးကို ယူဆောင်လာပေးရန် မစွမ်းဆောင်နိုင်မှုတို့မှာ တပ်မတော် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အောက်တွင် ကျောက်ချနေရသည်။ ပြင်ဆင်နိုင်ရန်လည်း အခွင့်အရေး ရှိမည် မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် အမျိုးသားနိုင်ငံရေးနယ်ပယ်တွင် တပ်မတော်၏ အပေါ်စီး ရယူမှုကို ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ တမင်ရေးဆွဲထားခဲ့ပြီး ဥပဒေပြုလွတ်တော်များ၌ အမတ်နေရာ (၂၅) ရာခိုင်နှုန်းကို အပြည့်အဝ နေရာဦးထားသည့်အပြင် အဓိကကျသည့် ဝန်ကြီးဌာနသုံးခုဖြစ်သော ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာနတို့ကို ကောင်းစွာ လက်ရောက်ထိန်းချုပ်ထားသည်။ ထို့အပြင် လွတ်တော်အတွင်း (၇၅)ရာခိုင်နှုန်း ကျော် ထောက်ခံအတည်ပြုမှု ရရှိမှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် စစ်တပ်၏ သဘောထားဆန္ဒမပါဘဲ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သောခါမျှ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်း အဓိပ္ဗါယ် သက်ရောက်သည်။

ပြီးခဲ့သော နှစ်အတွင်း အရှိန်အဟုန် ပျောက်ဆုံးသွားခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အလားတူ ခလုတ်ကသင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မူဝါဒပိုင်းတွင် အရေးကြီးသော အပြောင်းအလဲတစ်ခုမှာ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-တပ်မတော်အစိုးရအနေဖြင့် နှစ်ကာလရှည်ကြာသော ပြည်တွင်းစစ်ပွဲများ အဆုံးသတ်နိုင်ခြင်းမရှိလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုများကို ရရှိလိမ့်မည်မဟုတ်ဟု သတိပြုမိသည့် နောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဖိတ်ခေါ်ခဲ့သည့်အချက်ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတရုံးမှ မထွက်ခွာမီ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်ကို လက်မှတ် ရေးထိုးချုပ်ဆိုခဲ့ခြင်းအားဖြင့် အချိန်တိုအတွင်း ကျစ်လစ်ခိုင်မာသော တိုးတက်မှုသင်္ကေတကို တစ်စိတ်တစ်ပိုင်း လုပ်ဆောင်ပြသနိုင်ခဲ့သည်။ နိုင်ငံအတွင်း လွှမ်းမိုးနိုင်မှုအားကောင်းသော တပ်ဖွဲ့နှင့် အဖွဲ့အစည်းများအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း(၁၃)ဖွဲ့မှာ လက်မှတ်ထိုးခြင်းအမှုတွင် မပါဝင်ခဲ့ကြချေ။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အာဏာလွှဲပြောင်းကာ ထွက်သွားရတော့မည့် အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူ ကျင်းပပြီး အတင်းတွန်းနိုးထားသည့် ငြိမ်းချမ်းရေးစကားဝိုင်းကို ကြိုးပမ်းအားထုတ်ဖော်ဆောင်ခဲ့သည်။ သို့သော် တိုးတက်မှု နှေးကွေးခဲ့သည်မှာ ငြင်းဖွယ်မရှိ ရှင်းလင်းသိသာလှသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာရုံး၏ ဇက်ကြိုးများကို လက်လွှဲယူပြီး သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအစပျိုးမှုများသည် ဘဝသစ်ဖြင့် အသက်ရှူနိုင်ရန် ငြိမ်းချမ်းရေးညီလာခံအသစ်တစ်ရပ်ကို လွန်ခဲ့သော နှစ်(၂၀၁၆)၊ သြဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ ()ရက်နေ့အကြားတွင် ခေါ်ယူကျင်းပပေးနိုင်ခြင်းအားဖြင့် အင်န်အယ်လ်ဒီ အစိုးရသစ်အပေါ် အကောင်းမြင်စိတ်များ ပြန်လည်နိုးထလာစေခဲ့သည်။ ရည်မှန်းချက်ကြီးစွာ ခေါင်းစဉ်တတ်ခဲ့သော “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ” ကို နိုင်ငံတစ်ဝှမ်းလုံးရှိ မတူညီကွဲပြားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဦးရေ (၇၀၀)ကျော်ဖြင့် နေပြည်တော်တွင် စုရုံးကျင်းပခဲ့သည့်နည်းတူ ၄င်းညီလာခံ အပေါ်တွင်လည်း မျှော်လင့်ချက်များ မြှင့်မားစွာ ထားခဲ့ကြပါသည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည် ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိစ္စမှာ အကောင်အထည်မပေါ်သေးသည့် အခြေအနေအဖြစ် ရှိနေဆဲဖြစ်သည်။ ထို့အပြင် အင်န်အယ်လ်ဒီအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံတော်တာဝန်ကို လွှဲပြောင်း ယူပြီးသည့်နောက် တစ်နှစ်အကြာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားခဲ့ သကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း စိုးရိမ်စရာရှိသည့် အကြမ်းဖက်မှုများနှင့် ရပ်ရွာဒေသခံတို့၏ နေရပ်ဌာနေ ရွှေ့ပြောင်းရမှုများ တဖန် ဖြစ်ပွားခဲ့ပြန်သည်။

အကျပ်အတည်းခက်ခဲမှုအားလုံးကို အင်န်အယ်ဒီ၏ တံခါးဝရှေ့တွင် ချထား၍မရနိုင်ပါဟူသည့်အချက်ကို အရေးစိုက်ထားသင့်ပါသည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမတိုင်ခင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သည့် အတားအဆီးကို ရိုက်ချိုးခဲ့သည့် သက်သေအထောက်အထားများစွာလည်း ရှိနှင့်ပြီးသားဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆိုင်ရာ ရှည်လျားသည့် ကျရှုံးမှုသမိုင်းကြောင်းများ ရှိသည်။ အထူးသဖြင့် လက်ရှိအခြေအနေတွင် အဓိက အတားအဆီး သုံးခု အခိုင်အမာ ရှိနေသည်။ ပထမတစ်ခုမှာ အင်န်အယ်လ်ဒီနှင့် တပ်မတော်အကြားရှိ နှစ်ပင်လိမ်(သို့) ကပ်ပြား အစိုးရအုပ်ချုပ်စီမံမှုဖြစ်ပြီး ယင်းကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆယ်သွယ်ဆက်ဆံမှုနှင့် စေ့စပ် ညှိနှိုင်းမှုများတွင် ပြဿနာများကို ဖြစ်စေသည်။ မြန်မာ့စစ်တပ်အနေဖြင့် “ဒေသအတွင်း ထပ်ဆင့်ဒေသခွဲ” စနစ်ကို ဆက်လက် လည်ပတ်အကောင်အထည်ဖော်ပြီး တိုင်းပြည်အတွင်း မတူညီသောဒေသများအတွင်း မတူညီသည့် မဟာ ဗျူဟာများဖြင့် နိုင်ငံရေး/စစ်ရေးဗျူဟာခင်းခြင်းဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီ စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လာမှုကို ကန့်ကွက်နေသည်။ ဒုတိယအချက်မှာ တပ်မတော် တာဝန် ထမ်းဆောင်သူများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုတွင် ၄င်းတို့၏ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ဆက်လက်ထိန်းသိမ်းထားနေခြင်းသည် ပါလီမန်လွတ်တော်တွင် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အမှီအခိုကင်းကင်းဖြင့် ဦးတည်ရွေ့လျားမည့် အင်န်အယ်လ်ဒီကို ပိတ်ပင် တားဆီးနေသည်။ တတိယအချက်မှာ မြန်မာနိုင်ငံရေးအရွေ့ကို ထိပ်ဆုံးမှဦးဆောင်သည့် ဗမာတိုင်းရင်းသား အများစု ပါဝင်သည့်အုပ်စုနှစ်စုဖြစ်သည့် အင်န်အယ်လ်ဒီနှင့် တပ်မတော်အကြားရှိ ဖက်ဒရယ်ဝါဒဆိုင်ရာကိစ္စတွင် အဓိက သော့ချက် ကျသည့် သဘောတရားရေးရာ အမြင်များ(သို့)ရပ်တည်မှုများ ကွဲပြားခြားနားသည့်အချက်ဖြစ်သည်။ နောက်ဆုံး အချက် ဖြစ်သည့် ဖက်ဒရယ်သဘောတရားရေးဆိုင်ရာသည် လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့နိုင်ငံရေး ဆိုင်ရာအကျပ် အတည်း၏ အသဲနှလုံးဗဟိုချက်မပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ညံ့ဖျင်းမှု သံသရာအား ကျိုးပဲ့ပျက်စီးသွားစေရန် အသစ်သော စဉ်းစားတွေးခေါ်မှုများနှင့် စွန့်ဦးလုပ်ဆောင်မှုများ မဖြစ်မနေလိုအပ်ကြောင်း ရှင်းလင်းထင်ရှားနေသည်။ ယခုလို အနေ အထားတွင် မတူညီသော ပါဝင်တက်ရောက်သူများအကြား ဘုံကျသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်များမရှိဘဲ နောက်ထပ် ညီလာခံတစ်ခုကို ကျင်းပခြင်းသည် လာမည့်အချိန်ကာလတွင် အပြုသဘောဆောင်သည့် ရလဒ်များကို ရရှိ အောင်မြင်ရန် အလားအလာရှိလိမ့်မည် မဟုတ်ချေ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အောင်မြင်သည့်နိဂုံးမရှိဘဲ ငါးနှစ်ကျော်လာခဲ့ပြီး ဖြစ်သဖြင့် ၄င်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် ယခင်စစ်အစိုးရလက်အောက်တွင် ဆယ်စုနှစ်နှစ်ခုအကြာ စွန့်ဦးလုပ်ဆောင်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း လိုက်နေခြင်းသာဖြစ်သည်ဟု အရေးစိုက်ထားသင့်သည်။ နောက်ထပ်တစ်ချက်မှာ ညီလာခံတစ်ခုပြီးတစ်ခု ကျင်းပပြုလုပ်ခြင်းသည်လည်း အခြေအနေကို ထိန်းချုပ်ကိုင်တွယ်ထားရန်သာ ဖြစ်သည်။ “ပင်လုံ”ဟူသည့် အမည်နာမသည်လည်း တဖြည်းဖြည်း မှေးမိန်လာ လိမ့်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ၏ နေ့ရက်၊ အချိန်ဇယားသည်လည်း အကြိမ်ကြိမ် ပြောင်းလဲခံရသည်။ နောက်ဆုံးကြေညာချက်အရ ၂၀၁၇ ခုနှစ်၊ မေလ(၂၄)ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ၄င်းသည် အစိုးရတာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပူးတွဲအကောင်အထည်ဖော်ရေးနှင့် ညှိနှိုင်းရေးအစည်းအဝေးမှ နောက်ဆက်တွဲ ရလဒ်ဖြစ်သည်။

ထို့ကြောင့် နောက်ထပ် ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကို ကျင်းပတော့မည်ဆဲဆဲကာလတွင် လွှမ်းမိုးတည်ရှိ နေသော အတားအဆီးရပ်ဝန်းကို မည်ကဲ့သို့ ရိုက်ချိုးဖြတ်ကျော်ပြီး နောင်လာမည့်ညီလာခံကို အပြုသဘောဆောင်သည့် ပြောင်းလဲမှုများဖြင့် အောင်အောင်မြင်မြင် လမ်းပြပေးနိုင်မည်နည်းဟူသည့်မေးခွန်းကို မေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ချောင်ပိတ်မိသည့်အခြေအနေကို အမြဲတမ်း ကျောထောက်နောက်ခံပြုသည့် တိုင်းရင်းသားရေးရာ ပြဿနာ များကို ဦးတည်ကာ အာရုံစိုက်ခြင်းအားဖြင့် အဓိပ္ဗါယ်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် လုပ်ဆောင်ရန် လိုအပ်သည်။

တန်းတူညီမျှစွာ စုဖွဲ့မှု အခြေခံသဘောတရားများကို သဘောတူခဲ့ကြသည့် သမိုင်းဝင် “ပင်လုံ” ဟူသည့် နေရာဒေသ၏ တဖန်ပြန်လည်နို်းထလာမှုသည် ၄င်း၏ကိုယ်စားပြုသင်္ကေတအတိုင်း အရေးကြီးသည့် အစပြုမှုဖြစ်ခဲ့သည်။ သို့သော် စာရေးသူ၏ ထင်မြင်ချက်အရ တဖန်ပြန်လည်အသက်သွင်းရန် အကောင်းဆုံးကာလမှာ ၁၉၆၁-၆၂ ခုနှစ် ဖက်ဒရယ် ဥပဒေပြင်ဆင်ရေးစာတမ်းကို အချေအတင် ဆွေးနွေးငြင်းခုံသည့်အချိန်ဖြစ်သည်ဟု ယူဆသည်။ ယနေ့ တိုင်းရင်းသားများ တောင်းဆိုနေသောအရာများမှာ ၁၉၆၂ ခုနှစ်တွင် ရရှိခဲ့သည့် အခွင့်အရေးများနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု ဖော်ထုတ်သတ်မှတ်နိုင်ပြီး “ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်း” သည် ပင်လုံညီလာခံနှင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့၏ မစုံလင်အားနည်းချက်များကို အထူးအသားပေး တုံ့ပြန်ရေးဆွဲထားသည်။ ပင်လုံမှပေးခဲ့သော သင်ခန်းစာများကို သာမာန်ကာလျှံကာဖြင့် သတိလက်လွတ်ဖြစ်သွားနိုင်သည့် အမှားအယွင်းကြီးကြီးမျိုး ဒုတိယအကြိမ် ထပ်မံဖြစ်သွား နိုင်သည်။ ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်းသည် ကိုလိုနီခေတ်လွန်ကာလ မြန်မာ့သမိုင်းတွင် မရှိမဖြစ်လိုအပ်သည့် လှုပ်ရှားမှုအဖြစ် မှတ်ကျောက်တင်နိုင်သကဲ့သို့ တပ်မတော်အနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေး လက်တံများကို သိမ်းပိုက်ကာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးမှုများ၏ ဖြစ်နိုင်ချေများကို ရုတ်သိမ်းပြီး ရာစုနှစ် ထက်ဝက်ခန့် စစ်အုပ်ချုပ်ရေးစနစ်အတွက် စင်မြင့်တစ်ခုကို ချမှတ်တည်ဆောက်ပေးခဲ့သည်ဟုလည်း ဆိုနိုင်သည်။

နိဂုံးချုပ်ရလျှင် အဖြေက ရှင်းနေသည်။ အကယ်၍ အဓိပ္ဗါယ်ပြည့်ဝသော နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲက ယခုအချိန်တွင် ဖြစ်ပေါ်လာလျှင် ကျွန်ုပ်တို့၏ ရှေးတာဝန်ရှိသူများမှ ၁၉၆၂ ခုနှစ်တွင် အဆင်မပြေစွာ ရပ်တန့်ပစ်ခဲ့သော ဖက်ဒရယ်ဥပဒေပြင်ဆင်ရေး အဆိုပြုခြင်းကို ပြန်လည်ကောက်ယူပြီး အသက်သွင်းစဉ်းစားရန် ဘာ့ကြောင့် မဖြစ်နိုင်ရ သနည်းဟူသော မေးခွန်းမျိုး မေးမြန်းရန် လိုအပ်နေသည်။ အစိပ်စိပ်အမွှာမွှာ ကွဲပြားခြင်းမှ တိုင်းပြည်ကို ကာကွယ်ခြင်း မဟုတ်သည့်အပြင် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် မဖြစ်မဖြစ်လိုအပ်သော နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေရန် လုပ်ဆောင်ခဲ့ခြင်းသာဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနှင့် စစ်တပ်အုပ်ချုပ်မှု၏ နောက်ခံအခြေအနေ

ပါလီမန်လွတ်တော်အစိုးရ၏ ဝန်ကြီးချုပ် ဦးနုလက်ထက်မှ စစ်တပ်က အာဏာသိမ်းသည့် အချိန်၊ ၁၉၆၂ ခုနှစ် မတ်လတွင် နိုင်ငံသည် ပြည်ထောင်စုမြန်မာ(ဗမာ)နိုင်ငံတော်အဖြစ် ရပ်တည်ခဲ့သည့်သက်တမ်းမှာ ၁၄ နှစ်ခန့်မှသာ ရှိသေးသည်။ တိုင်းပြည်အနေဖြင့် ဗြိတိသျှကိုလိုနီလက်မှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ဗိုလ်ချုပ်နေဝင်း၏ “စစ်တပ်-အိမ်စောင့်အစိုးရ” အုပ်ချုပ်မှုဖြင့် ၁၉၅၈-၆၀ ခုနှစ်အတွင်း (၁၈)လကြာသည့် ကြားကာလနှင့်အတူ ပါတီစုံပါလီမန် လွတ်တော်စနစ်ဖြင့် ၁၉၆၂ ခုနှစ်အထိ ဒီမိုကရေစီကျကျ အုပ်ချုပ်ခံခဲ့ရသည်။ အာဏာရှိနေဆဲ ဦးနုဦးဆောင်သော ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူလွတ်မြောက်ရေး(ဝါ) “သန့်ရှင်း” ဖဆပလနှင့် ဆိုရှယ်လစ်ဝါဒီများဖြစ်သည့် ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ဦးဆောင်သော “တည်မြဲ” ဖဆပလတို့အကြား ပြန်လည်ပေါင်းစည်း၍မရနိုင်သော အကွဲအပြဲတို့ကြောင့် တိုင်းပြည်မှာ မထိန်းနိုင်မသိမ်းနိုင်သည့်အခြေအနေကြောင့် စစ်တပ်မှ တရားဝင် တိုင်းပြည်အာဏာကို လက်လွှဲယူ လိုက်ရခြင်း အကြောင်းရင်းတစ်ခုဖြစ်သည်။ အကြောင်းရင်းအစစ်အမှန်မှာ ဦးနေဝင်းနှင့် ဦးနုတို့နှစ်ဦးစလုံးသည် ၁၉၄၇ ခုနှစ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၁၀)နှစ်ကျော်ကြာပြီးသည့်နောက် ရှမ်းပြည်နယ်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့၏ သီးခြားခွဲထွက်ခွင့် အခွင့်အရေးဖြင့် ကျင့်သုံးခွဲထွက်တော့မည်ကို စိုးရိမ်ကြောက်ရွံ့ခြင်းဖြစ်သည်ဟု တရားမဝင် နားလည်နိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့်အချိန်ကာလ ပြည့်သည့်အချိန်လည်း ဖြစ်နေခဲ့ပါသည်။

၁၉၆၀ ခုနှစ် ဧပြီ အထွေထွေရွေးကောက်ပွဲတွင် အမည်သစ်ပေးထားသော ဦးနု၏ ပြည်ထောင်စုပါတီသည် အောက်လွတ်တော်တွင် ကိုယ်စားလှယ်နေရာ ၁၅၇ နေရာ(၅၂ %)ဖြင့် အနိုင်ရပြီး စစ်တပ်ကျောထောက်နောက်ခံပြုသည့် ဦးဘဆွေနှင့် ဦးကျော်ငြိမ်းဦးဆောင်သော “တည်မြဲ” ဖဆပလ ပါတီမှာ အမတ်နေရာ(၄၀)(၃၀%)သာ ရရှိကာ ရှုံးနိမ့်ခဲ့သည်။ ၄င်းရွေးကောက်ပွဲသည် နှစ်ပေါင်းသုံးဆယ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်သော အထွေထွေ ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ()ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းမှ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ်မှုများအား ဆိုင်းငံ့ထားခဲ့ပြီး လွတ်တော်ကို ဖျက်သိမ်းကာ ဦးနုနှင့် အခြားသော ပါတီမှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကို ဖမ်းဆီးအရေးယူခဲ့သည်။ ထိုအချိန်မှစတင်၍ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး အဆက်ဆက်ဖြစ်သော တော်လှန်ရေးကောင်စီ၊ ဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဖြင့် အုပ်ချုပ်ခံ ခဲ့ရပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရအာဏာလွှဲပြောင်းမယူခင်အထိပင် အဆိုပါ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးရှုမျှော်ခင်းမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲခဲ့သည်။

ယခုတစ်ကြိမ် စစ်အာဏာသိမ်းမှုကို စစ်တပ်အရာရှိများက ဖက်ဒရယ်ဥပဒေပြင်ဆင်ရေး အဆိုပြုချက်ကြောင့်ဟု အကြောင်းပြသည်။ ပြည်ထောင်စုမှခွဲထွက်ရပ်တည်ခွင့်ကို တောင်းဆိုသည့် ရှမ်းပြည်နယ်ဖက်ဒရယ်စာတမ်းဟုလည်း ထင်ရှားကျော်ကြားသည်။ ယင်းကြောင့် တိုင်းပြည်ကို အစိပ်စိပ်အမွှာမွှာကွဲသွားမည့်အရေးမှ ကာကွယ်ကယ်တင်ရန် တပ်မတော်မှ ကြားဝင်စွပ်ဖက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြားသော ရာထူးကြီးကြီး တပ်မတော်အရာရှိကြီးများသည် အထက်ပါ ယူဆချက်အတိုင်း ယနေ့ထက်တိုင် လက်ခံနေသေးသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ ယူဆချက်သည် မှားယွင်းကြောင်း(သို့) လွှဲမှား သော စိတ်ကူးသာဖြစ်ကြောင်း ကြားနေနိုင်ငံရေးလေ့လာသူအများစုနှင့် ထိုခေတ်ကာလကို ရှေ့မှီနောက်မှီ အသက်ရှင်ခဲ့သူ များက အကျယ်တဝင့် အသိအမှတ်ပြုခဲ့သည်။ ဖက်ဒရယ်ဥပဒေပြင်ဆင်ရေး စာတမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဒီမိုကရေစီကျသော ခေါင်းဆောင်ကြီးများ၏ ဗမာနှင့် ဗမာမဟုတ်သော လူမျိုးများအကြားတွင် ရှိနေသော ပဋိပက္ခနှင့် အစပျိုးလျက်ရှိသော မကျေနပ်ချက်များကို ဖြေရှင်းရန် တရားနည်းလမ်းကျစွာ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါ သည်။ ထို့ပြင် ပင်လုံတွင် သဘောတူညီခဲ့သော တန်းတူညီမျှသည့် ပြည်ထောင်စုဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်း ရန် ပျက်ကွက်ခဲ့သော ၁၉၄၇ အခြေခံဥပဒေအား ပြင်ဆင်ခြင်းအလို့ငှာ နိဒါန်းပျိုးပေးခြင်းအားဖြင့် နိုင်ငံရေးအရ ဖြေရှင်းမှု နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။

ယခုတွင် အားလုံးသိသည့်အတိုင်း ပဋိပက္ခတစ်ခုကြောင့် တစ်နိုင်ငံလုံး အကြမ်းဖက်မှုပုံစံမျိုးဖြင့် ကြုံတွေ့ လာနိုင်သည့် သဘောတရားအတိုင်း ဖြစ်လာနိုင်ကြောင်း စိတ်ပျက်စရာတွေ့ရသည်။ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းမှုသည် ဒီမိုကရေစီအုပ်ချုပ်မှုကို အဆုံးသတ်စေသည်သာမက နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ပျံ့နှံ့စွာ ဖြစ်ပွားလျက်ရှိကြောင်း သက်သေထူသည့်သဘောလည်း ဖြစ်ခဲ့သည်။ လက်ရှိအခြေအနေမတိုင်ခင်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၂၀)ကျော်၊ အရေအတွက်အားဖြင့် တပ်သား ၁၀၀၀၀၀ ကျော်တို့သည် အဆက်ဆက် အုပ်စိုးခဲ့ သော ဗမာနှင့် တပ်မတော်လွှမ်းမိုးခြယ်လှယ်သည့်အစိုးရကို လက်နက်ချအဆုံးသတ်တော့မည့် အရိပ်အမြွက်တစ်စုံတစ်ရာ မပြဘဲ ခုခံတော်လှန်ခဲ့ကြသည်။ အထက်ပါ နိုင်ငံရေးဇာတ်ကွက်များအရ စစ်တပ်အာဏာသိမ်းမှု၏ အကြောင်းပြချက် ဖြစ်သော ၁၉၆၂ ခုနှစ် ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးအဆိုပြုချက်၏ လားရာဘူတာနှင့် ပြည်ထောင်စုကို ကယ်တင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်ဟု ယိုးမယ်ဖွဲ့မှုများသည် ဆန့်ကျင်ဘက် ရလဒ်များကိုသာ ရရှိစေကြောင်း သိသာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း(၅၀)ကျော်သော တိုင်းရင်းသား ပဋိပက္ခပြဿနာပင်လယ်များထဲသို့ တွန်းပို့ခံခဲ့ရပြီး ယခုထက်ထိတိုင် ကူးခတ်ရုန်းကန်နေရပါသည်။ အဆိုပါ နှစ်ကာလများအတွင်း ထိုသို့ဖြစ်ခြင်းသည် တုံ့ဆိုင်းချိနဲ့ပြီး စီးပွားရေးအရ အကုန်အကျများခြင်းနှင့် တိုင်းပြည်၏ အရင်းအမြစ်များကို ပြုန်းတီးစေသည့် လူသား အရင်းအမြစ် ဆုံးရှုံးခြင်းများကို အားပေးရာလည်းရောက်လေသည်။

ဖက်ဒရယ်ဥပဒေပြင်ဆင်ရေး စာတမ်း (၁၉၆၁-၆၂)

ဖက်ဒရယ်ဥပဒေပြင်ဆင်ရေး စာတမ်း(၁၉၆၁-၆၂)ကို နှိုက်နှိုက်ချွတ်ချွတ် မလေ့လာခင် သမိုင်းဖြစ်ရပ်များ၏ ဇာတ်လမ်းဇာတ်ကွက်များကို နားလည်သဘောပေါက်ရန် ပင်လုံစာချုပ်နှင့် ၁၉၄၇ ခုနှစ် ပြည်ထောင်စုဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတူတကွ ဖတ်ရှုမှတ်သားထားရန် အထူးအရေးကြီးသည်။ ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်တွင် အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးခဲ့သည်။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် အနာဂတ်တွင် ပုံဖော်နိုင်သည့်လမ်းကြောင်းကို ပြင်ဆင်ခြင်းဖြစ်သည်ဟု နားလည်ခဲ့ကြသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းနှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး ရရှိရေးကို ဦးတည်ခဲ့ကြသည်။ အခြားသော ဗြိတိသျှလက်အောက်ခံ ပြည်သူများနှင့် နယ်နိမိတ်ပိုင်နက်များအကြား သဘောတူညီခဲ့ကြသော တန်းတူညီမျှရေးနှင့် ပေါင်းစည်းပါဝင်ရေးမူပေါ်တွင် အခြေခံသည့် လွတ်လပ်ရေးကို ဆိုလိုသည်။ ၁၉၄၇ ခုနှစ် မေလတွင် ပင်လုံစာချုပ်၏ အခြေခံမူများအတိုင်း ကြားဖြတ်အစိုးရကို ဦးဆောင်နေသော ဗိုလ်ချုပ် အောင်ဆန်းသည် ဖက်ဒရယ်သဘောတရားအပေါ်တွင်အခြေခံသော ၄င်း၏ အခြေခံမူ(သို့) လမ်းညွှန်ချက်()ချက်ကို တင်ပြခဲ့သည်။ ယင်းလမ်းညွှန်ချက်များသည် နောင်လာမည့်တိုင်းပြုပြည်ပြုလွတ်တော်တွင် ရေးဆွဲမည့် ဖွဲ့စည်းပုံဥပဒေ အသစ်ရေးဆွဲရာ၌ အဓိက ပါဝင်ထည့်သွင်းရမည့်အရာများနှင့် လမ်းညွှန်ချက်များလည်း ဖြစ်ပါသည်။ ၄င်းအခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

() လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်ခြင်း

() တစ်သီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိခြင်း

() အခွင့်အာဏာဟူသမျှ တိုင်းသူပြည်သားများထံမှ ဆင်းသက်လာခြင်း

() ဒီမိုကရေစီကျသော လူ့အသိုင်းအဝိုင်းကဲ့သို့ ကျင့်သုံးသည့်နည်းတူ တိုင်းသူပြည်သားမှန်သမျှအတွက် နိုင်ငံရေးရာ၊ စီးပွားရေးရာနှင့် လူမှုရေးရာများ၌ တရားမျှတမှုရရှိစေခြင်း

() လူနည်းစုအခွင့်အရေးများအတွက် လုံလောက်သော ကာကွယ်ချက်များ ပြဌာန်းရေး

() ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိခြင်း

() ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြစ်သည်။

စကားပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များအရ ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးသို့ ရှေးရှု မောင်းနှင်သည့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ဦးဆောင်ပုံဖော်မှုသည် ဖက်ဒရယ်မူဝါဒစနစ်တွင် အမြစ်တွယ် ကျောက်ချ သင့်သည့် “ဆန္ဒအလျောက် စုဖွဲ့ခြင်း”၊ “တန်းတူညီမျှခြင်း” နှင့် “ကိုယ်ပိုင်ပြဌာန်းခြင်းဆိုင်ရာ အခွင့်အရေး” စသည်တို့တွင် အခြေခံကြောင်း ရှင်းလင်းထင်ရှားသည်။ ဒေါက်တာမောင်မောင်၏ ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေသော “ဘားမား ဖွဲ့စည်းပုံအခြေခံဥပဒေ”(Burma’s Constitution) စာအုပ်တွင် ရေးသားထားချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တစ်ခုအနေဖြင့် ရွေးချယ်သင့်သည့် နိုင်ငံရေးဆိုင်ရာစနစ်နှင့် ပတ်သက်လျှင် ရှင်းလင်း ပြတ်သားသူ ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။

ဗမာနိုင်ငံသစ်ကို တည်ဆောက်တဲ့အခါမှာ ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်မှာလား။ ဒါမှမဟုတ် တစ်ပြည် ထောင်စနစ်နဲ့သွားမှာလား။ ကျွန်တော့်အမြင်ကတော့ ဗဟိုက ဦးစီးပြီး တစ်ပုံစံတည်းအုပ်ချုပ်တဲ့ တစ်ပြည်ထောင်စနစ်နဲ့ သွားဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ လူမျိုးစုငယ်တွေရဲ့ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ မည်မည်ရရ ထားရှိတဲ့ ပြည်ထောင်စုစနစ်ကို ရေးဆွဲပြဌာန်းပြီး တည်ဆောက်ရမယ်။”

ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များအကြား၌ တစ်ပြည်ထောင်စနစ်ထက် ပြည်ထောင်စုစနစ်ကိုသာ သဘောတူထားခဲ့ကြောင့် ဒေါက်တာမောင်မောင်က ၄င်းစာအုပ်တွင် အတည်ပြုထားသည်။ “ပြည်ထောင်(ပြည်နယ်)များ(တိုင်းရင်းသားပြည်နယ်များအားလုံး)သည် ၄င်းတို့၏ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမည်။ ပြည်နယ်အင်္ဂါရပ်များရှိရမည်။ လွတ်တော်၊ အစိုးရနှင့် တရားလွတ်တော်ဟူ၍ ရှိရမည်ဟု မူလအယူအဆ ရှိခဲ့ပြီးသား ဖြစ်သည်။” အထက်ပါ ပန်းတိုင်များကို ပံ့ပိုးခြင်းအလို့ငှာ ဗိုလ်ချုပ်အောင်ဆန်းက “ဒါပေမယ့် ကျွန်တော်တို့ သတိထားရမှာက “ပေါင်းစည်းကာ ရပ်တည်စို့” ဖြစ်ရမယ်။“ပေါင်းစည်းကာ ကျရှုံးစို့” မဖြစ်ရဘူး။” ဟု သမိုင်းဆိုင်ရာ လေးနက်သည့် သတိပေးစကားဖြင့် အားပေးခဲ့သည်။

ကျွနု်ပ်တို့နိုင်ငံအတွက် အဖိုးအခကြီးမားသော ပင်လုံစာချုပ်ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အခြေခံမူဝါဒများ ဖြစ်စေ ၁၉၄၇ ခုနှစ် ပြည်ထောင်စုဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပေါင်းစပ်ထည့်သွင်းထားခြင်း မရှိချေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့အများစုတို့သည် အဆိုပါနှစ်၏ ဇူလိုင်လတွင် နိုင်ငံရေးပြိုင်ဘက်အုပ်စု၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံရပြီးသည့်နောက်ပိုင်းတွင် ၄င်းအခြေခံဥပဒေ၏ အပြီးသတ်မူကြမ်းကို လိုက်လျောညီထွေမှုမရှိစွာ ရေးဆွဲ ခဲ့ပြီး အကောင်အထည်ဖော်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ပြည်ထောင်စု(သို့) ဖက်ဒရယ်အစိုးရစနစ် ဖြစ်ပေါ် လာရေး ကြိုးပမ်းမှုတွင် ပွင့်လင်းရိုးသားသော်လည်း ၄င်းနေရာကို ဆက်ခံသည့် ဦးနုကမူ ထိုနည်းထပ်တူမဟုတ်ချေ။ ဦးနုက ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကြံပေး ဦးချန်ထွန်းအား တစ်ပြည်ထောင်စနစ်-တစ်ပိုင်းပုံစံဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ပုံစံဖြင့် ပြန်လည်ရေးဆွဲစေခဲ့ပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပသော ကြားဖြတ် အစိုးရ၏ တိုင်းပြုပြည်ပြုလွတ်တော်တွင် အတည်ပြုပြဌာန်းခဲ့သည်။ ထိုအချိန်တွင် ဦးချန်ထွန်းနှင့် ဦးနုတို့ကို တိုင်းရင်းသား များလည်းဖြစ်၊ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေကျောင်းအောင်သော ပညာတတ်များလည်းဖြစ်သော ဦးတင်ထွဋ်၊ ဆာဘဦး၊ ဦးအေးမောင်နှင့် ဦးကျော်မြင့်တို့က ညွှန်ကြားချက်အရ အကူအညီပေးကြရသည်။ တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့် ထားရှိခဲ့သော ဂတိစကားများနှင့် သဘောတူညီချက်များ ကြိုတင်ရှိနှင့်ပြီးသားဖြစ်စေကာမူ အသစ်ထွက်ပေါ်လာသော ဗမာပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ဖက်ဒရယ်စနစ်မူများအတိုင်း ဖြစ်မလာခဲ့ချေ။ ဦးချန်ထွန်းကိုယ်တိုင် မရေမရာဖြစ်ခဲ့သည်ကို ဝန်ခံခဲ့သည်။ “ ကျွန်တော်တို့တိုင်းပြည်က သီအိုရီအရ ဖက်ဒရယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ တစ်ပြည်ထောင်စနစ်နဲ့ပဲ ဖြစ်နေပါတယ်။” ဟူ၍။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားနည်းညံ့ဖျင်းမှုများကြောင့် ပုံဖော်ခဲ့ကြသော ပြည်ထောင်စုအသစ်သည်လည်း ကြီးမားသော အဖိုးအခပေးခဲ့ရသည်။ နိုင်ငံရေးဆိုင်ရာနှင့် တိုင်းရင်းသားလူမျိုးစုကြား အကြမ်းဖက်မှုများ နိုင်ငံ အနှံ့အပြားတွင် ဆက်လက်ဖြစ်ပွားခဲ့သည့်နည်းတူ ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရမှ တင်သွင်းပြီး ကျယ်ကျယ်ပြန့်ပြန့် အတည်ပြုဆုံးဖြတ်ခဲ့သည့် “ရှမ်းဖက်ဒရယ်မူစာတမ်း”သည် တရားဝင်လမ်းကြောင်းဖြင့် ကနဦးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သိသာထင်ရှားသည့် အားနည်းချက်များကို ပြန်လည်တည့်မတ်ရန် ကြိုးစားခဲ့ ကြခြင်းဖြစ်သည်။ အဆိုပါ ဖက်ဒရယ်မူစာတမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် အကန့်အကွက်မရှိ သဘောတူခဲ့ကြပြီး ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ ညီလာခံ ကိုယ်စားလှယ်များက ၁၉၆၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပသော ပြည်နယ်ပေါင်းစုံညီလာခံကြီးတွင် ထောက်ခံအတည်ပြုခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်၏ နောက်ဆက်တွဲအဖြစ် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် မွန် စသည်တို့ပါဝင်သော ပြည်နယ်ပေါင်းစုံညီညွတ်ရေးအဖွဲ့ကို အထက်ပါ ညီလာခံတွင် ဖွဲ့စည်းဖြစ်ခဲ့ကြသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဖက်ဒရယ်မူ(ရှမ်းမူ)စာတမ်းမှ သော့ချက်ကျသော အပိုင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်နှင့် လူမျိုးစုတိုင်း တန်းတူညီမျှမှု အတွက် လုံလောက်စွာ ပြဌာန်းထားခြင်းမရှိ။ ထို့ကြောင့် ပြည်နယ်နှင့် လူမျိုးစုတိုင်းအတွက် တန်းတူညီမျှသော အခွင့်အရေးနှင့် အခွင့်အလမ်းများ သေချာစွာ ရရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ် အခြေခံမူ များနှင့်အညီ ပြန်လည်ရေးဆွဲသင့်သည်ဟု ကြိုးကိုင်ကော်မတီက အကန့်အကွက်မရှိ ဆုံးဖြတ်ခဲ့ကြသည်။ သို့အတွက် ကြောင့် ကြိုးကိုင်ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စစ်မှန်သော ဖက်ဒရယ် အခြေခံမူများ နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး ထိုသို့ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် တန်းတူညီမျှမှု အခြေခံများကို ထည့်သွင်းရေးဆွဲရန် လိုအပ်သည်။

() ဗမာပြည်နယ်ဖွဲ့စည်းရေး

() လူမျိုးစုလွတ်တော်နှင့် ပြည်သူ့လွတ်တော်ကို အာဏာတူပေးရေး

() လူမျိုးစုလွတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်အရေအတွက် စေလွှတ်ရေး

() ဗဟို ပြည်ထောင်စုအား အောက်ပါ ဌာနများလွှဲအပ်ပြီး အောက်ဖော်ပြပါ ကျန်ရှိသော အာဏာနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရေး

(က) နိုင်ငံခြားဆက်သွယ်ရေး

() ပြည်ထောင်စုကာကွယ်ရေး

() ပြည်ထောင်စု ဘဏ္ဍာရေး

() ငွေဒင်္ဂါနှင့် ငွေစက္ကူထုတ်လုပ်ရေး

() စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး

() မီးရထား၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေး

() ပြည်ထောင်စုတရားစီရင်ရေး

() ပင်လယ်ဆိပ်ကမ်း ခွန်ကောက်ရေး

() ပြည်ထောင်စုဘဏ္ဍာတော် မျှတစွာ ခွဲဝေရေးတို့ ဖြစ်ပါသည်။

အထက်ပါ အခြေခံလိုအပ်ချက် ငါးခုထဲမှ ပထမဆုံး အချက်ကို ပိုမိုရှင်းလင်းစွာ နားလည်ရန် လိုသည်။ ဗမာလူမျိုး(သို့) ဗမာပြည်နယ်ဖွဲ့စည်းတည်ထောင်ရေးကိစ္စဖြစ်သည်။ နောင်ဖြစ်လာမည့် အမျိုးသားညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်များမှ ဦးနုထံသို့ တင်သွင်းသော ဖက်ဒရယ်ဥပဒေ ပြင်ဆင်ရေးစာတမ်းတွင် ပြည်နယ်ပေါင်းစုံ ညီညွတ်ရေးအဖွဲ့မှ မှတ်တမ်းတင်ထားချက်အရ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံကျသော ပြဿနာရှိ နေသည်ဟု ဆိုသည်။ လွတ်လပ်ရေးမရခင်အချိန်တွင် သမိုင်းအစဉ်အဆက်အရ ရှိခဲ့သော “ဗမာပြည်မ”သည် ကိုလိုနီ အစိုးရလက်အောက်ရှိ အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့ပြီး ဗမာအများစုအတွင်း “ဗမာဝန်ကြီး” အဖြစ် ပါလီမန် အုပ်ချုပ်ရေးတွင် မိတ်ဆက် သတ်မှတ်သည်။ နယ်စပ်ဒေသများမှ ဗမာမဟုတ်သည့်တိုင်းရင်းသားများမှာမူ ၄င်းတို့၏ ရိုးရာဓလေ့အရ တင်မြောက်သော ခေါင်းဆောင်များနှင့် အုပ်ချုပ်သူများ၏ လက်အောက်တွင် ရှိခဲ့ကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးမှသာလျှင် တောင်တန်းဒေသ(ပြည်နယ်)နှင့် ပြည်မနှစ်ခုစလုံးမှာ ဖွဲ့စည်းပုံအရ ပေါင်းစည်းထားခြင်း ခံလိုက်ရ သည်။

မည်သို့ပင်ဖြစ်စေ ဗမာပြည်မသည် သီးခြားအစိုးရပြည်နယ်တစ်ခုအဖြစ် အုပ်ချုပ်ရေးကဏ္ဍများအတွက် သီးသန့် ရပ်တည်ရမည့်အစား ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ခြင်းသည် ဗဟိုအစိုးရအာဏာများကို ဗမာပြည်မအတွင်းရှိ ဗမာအများစုနိုင်ငံရေးသမားများက မတရားသိမ်းယူသည့်သဘော သက် ရောက်သည်သာမက ဗမာမဟုတ်သော ပြည်နယ်များနှင့် လူမျိုးစုများ၏ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအများစုကို ငြင်းပယ်ခံရသည့်သဘောလည်း သက်ရောက်ပါသည်။

ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးကို ထောက်ခံသူများအနေဖြင့် ဦးနုထံသို့ ၄င်းတို့၏ ဖြေရှင်းနည်းကို စာတမ်းအဖြစ် တင်သွင်းခဲ့ကြသည်။ ဖက်ဒရေးရှင်းပုံစံကဲ့သို့ တည်ထောင်ရမည်ဟု ပြည်နယ်များညီညွတ်ရေးအဖွဲ့က အခန်း()တွင် အောက်ပါအတိုင်း ထုတ်ဖော်ရေးသားခဲ့သည်။

() ပြည်ထောင်စုဗမာနိုင်ငံတော်ကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး သေချာစေရန်၊ ပြည်နယ်အားလုံးသည် ပူးပေါင်းပြီး ပြည်ထောင်စုတစ်ခုကို တန်းတူညီမျှစွာ ဖွဲ့စည်းရမည်ဟူသော နိုင်ငံရေးရပ်တည်ချက်အပေါ်တွင် အခြေခံရမည်။ ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသည် ပြည်မနှင့် ပြည်နယ်များပေါင်းစည်းရုံသက်သက် မဟုတ်ရပါ။ ဗမာပြည်မကိုလည်း ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ဖွဲ့စည်းထူထောင်ပြီးမှသာလျှင် ပြည်နယ်များစုစည်းကာ ထူထောင်ထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ဖွဲ့စည်းသင့်သည်။

() ဗမာပြည်မမှ အစိုးရ၏ ဗဟိုအုပ်ချုပ်မှုအာဏာများကို မတရားယူလိုက်ခြင်းသည့်သဘောမှာ တန်းတူညီမျှမှု မရှိသည့် သဘောဆောင်ပြီး ၄င်းမှတဆင့် မကျေနပ်ခြင်းများကို ဖန်တီးသကဲ့သို့ဖြစ်သဖြင့် ဗမာပြည်မအား မဲဆန္ဒပြည်နယ်တစ်ခု အဖြစ်သာ သတ်မှတ်ပြီး ပြည်ထောင်စုဗမာနိုင်ငံတည်ထောင်ခြင်းအားဖြင့် အဆိုပါ မကျေနပ်မှုများကို ဖယ်ရှားပစ်ရန် ကျွန်ုပ်တို့အနေဖြင့် အခိုင်အမာ ဆန္ဒရှိကြပါသည်ဟု ဆိုသည်။

ဦးနုနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား မည်သည့်သဘောတူညီချက်များ အမှန်တကယ်ရှိခဲ့သည်ကို သိနိုင်ရန် ဘယ်တော့ခါမှ ဖြစ်မလာတော့ချေ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မရှိမဖြစ်လိုအပ်ကြောင်း ဦးနုအစိုးရအနေဖြင့် သိခဲ့ပါသည်။ သို့သော် ဖက်ဒရယ်ကိစ္စအား အကြေအလည်ဆွေးနွေးရန် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ဆက်လက်ကျင်းပသည့် ၁၉၆၂ ခုနှစ် မတ်လတွင် ဦးနုနှင့် ၄င်း၏ နိုင်ငံရေး လုပ်ဖော်ဆောင်ဖက်များနှင့် ဖက်ဒရယ် ခေါင်းဆောင်များအားလုံး အဖမ်းခံရပြီး အများစုမှာ နှစ်ရှည်ထောင်ချခံခဲ့ရသည်။

၁၉၆၂ ဖက်ဒရယ်အခြေခံဥပဒေပြင်ဆင်ရေး အငြင်းအခုံနှင့် ၂၁ ရာစု ပင်လုံအား နှိုင်းယှဉ်ခြင်း

ရာစုနှစ်တစ်ဝက်ကျော်ပြီးသည့်နောက် အဓိက နိုင်ငံရေးပြဿနာဖြစ်သည့် ၁၉၆၂ ဖက်ဒရယ်အခြေခံ ဥပဒေ ပြင်ဆင်ရေး အငြင်းအခုံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံတို့မှာ အနည်းနှင့်အများ တူညီကြသည်။ ၁၉၆၂ တွင် အဓိကတောင်းဆိုမှုများမှာ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေး၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေးတို့တွင် အခြေခံသည့် ဖက်ဒရယ်အစိုးရပုံစံဖြစ်ပြီး လက်ရှိတိုင်းရင်းသားပါတီ (လက်နက်ကိုင် အဖွဲ့အစည်း အပါအဝင်) အများစုသည်လည်း အဆိုပါ တောင်းဆိုချက်များကို တောင်းဆိုနေပါသည်။ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံတွင်လည်း ၄င်းတောင်းဆိုချက်များကို ထပ်မံတောင်းဆိုဦးမည်ဖြစ်သည်။ အဓိက ထူးခြားချက်မှာ ၁၉၆၂ ခုနှစ်တွင် တိုင်းရင်းသားပါဝင်ပတ်သက်သူများက ပါလီမန်လွတ်တော်အမတ်များဖြစ်ခဲ့ကြပြီး ဥပဒေပြုသည့်ဖြစ်စဉ်များကို အသုံးပြုခဲ့ကြသည်။ သို့သော် လက်ရှိ ၂၁ ရာစုပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပါဝင်ပတ်သက်သူများနှင့် ကြားဝင်စေ့စပ်ပေးသူများအဖြစ် ပိုမိုကြီးမားသည့် အခန်း ကဏ္ဍမှ ပါဝင်ကစားပြီး နိုင်ငံရေးပါတီများမှာမူ အနည်းငယ်သော အခန်းကဏ္ဍတွင်သာ ပါဝင်နေရသည်။ ဤအခြေအနေ သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွင် ပါရှိသော ယန္တရားများအားဖြင့် ဖြစ်မြောက်လာရခြင်း ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်နှင့် ယှဉ်ကြည့်ရာတွင် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီသည် ပါလီမန် လွတ်တော် ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူခဲ့သည်။ ၄င်းနောက် ၁၉၆၃-၆၄ တွင် အတိုက်အခံများနှင့် ကျင်းပသည့် အမျိုးသား အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတောအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အောင်မြင်မှု မရှိသည့် စေ့စပ်ဆွေးနွေးမှုများကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်ကို တွေ့ရသည်။

စစ်တပ်အစိုးရအဆက်ဆက်အားဖြင့် ဖက်ဒရယ်ကိစ္စရပ်များကို သွေးအေးသွား ရလေအောင် အားပါးတရ မျက်ကွယ်ပြုထားသည့် ဆယ်စုနှစ် ငါးခုကြာလာသည့်နောက်ပိုင်းတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကြွေးကြော်သံမှာ တိုင်းရင်းသားလူမျိုးစုအုပ်စုများ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လွတ် တော်အတွင်းမှ တိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်များ) အားဖြင့် ပိုမိုကျယ်လောင်လာသည်။ ထိုသို့ဖြစ်ခြင်းသည် နိုင်ငံရေးအဖြေ ရလုနီးပါးဖြစ်နေသည့် အဓိပ္ဗါယ် မသက်ရောက်သေးပါ။ ၁၉၄၇ ပင်လုံစာချုပ်၊ ၁၉၄၇ ပြည်ထောင်စု ဗမာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၁၉၆၁ ခုနှစ် ဖက်ဒရယ်အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းများအားဖြင့် ဖက်ဒရယ် ဝါဒကို အောင်မြင်စွာ မကျင့်သုံးနိုင်သကဲ့သို့ တစ်နိုင်ငံလုံးသဘောတူလက်ခံသည့် ဖက်ဒရယ် ပြုပြင်ပြောင်းလဲရေးလည်း ဖြစ်မလာခဲ့သည်ကို အသိအမှတ်ပြုရန် လိုအပ်သည်။ ယနေ့ထိတိုင် အင်န်စီအေအခြေပြု စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွင် မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ “ထွက်ပေါ်လာ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများအပေါ်တွင် အခြေခံ၍ ပြည်ထောင်စုကို တည်ဆောက်ကြစို့” ဟူ၍ ဝိုးတိုး ဝါးတား ပြောနေကြသည်။ ဤကဲ့သို့ ရှင်းလင်းပြတ်သားမှုမရှိခြင်းကိုက အင်န်စီအေ၏ ကနဦးကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများစုမှ လက်မှတ်ရေးထိုးခြင်း မပြုနိုင်သည့် အဓိက အကြောင်းပြချက်တစ်ခုဖြစ်သည်။ ထိုနည်းတူ အင်န်စီအေသည် အစိုးရနှင့် စစ်တပ်အာဏာပိုင်များက တိုင်းရင်းသား လူမျိုးစုများ၏ ပြင်းပြသော နိုင်ငံရေး ရည်မှန်းချက်များ နောက်ထပ်တစ်ဖန် ပိုမိုကောင်းမွန် အောင်မြင်လာစေရန် လုပ်ဆောင်သည့် နိုင်ငံရေးပရိယာယ်တစ်ခု ဖြစ်နေခြင်းနှင့် မဖြစ်နေခြင်းကိုမူ ၄င်းအင်န်စီအေ လက်မှတ်ထိုးသည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များအားလုံးမှ သတိထားစောင့်ကြည့်စရာကိစ္စတစ်ခုအဖြစ် ဆက်လက်ကိန်းအောင်းနေဆဲ ဖြစ်ပါသည်။

ရှုမြင်သုံးသပ်မှု - တီထွင်ဆန်းသစ်သော အတွေးအခေါ်နှင့် ဖက်ဒရယ်အဖြေတစ်ခု လိုအပ်နေခြင်း

လာမည့် ၂၁ ရာစုပင်လုံအကြိုကာလများတွင် အခြေပြု တွေးခေါ်စဉ်းစားနည်းနှစ်ခုနှင့် ကျွနု်ပ်တို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ တစ်နည်းမှာ အင်န်စီအေလမ်းညွန်ချက်များအပေါ်အခြေခံသော အကျယ်တဝင့် ဆွေးနွေးမှုများအားဖြင့် တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်ကဲ့သို့ ဖန်တီးဖော်ထုတ်သွားမည်ကို တွေးတောချင့်ချိန်သည့် နည်းလမ်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဖြေရှင်းမှုအသစ်များဖြင့် လုံးလုံးလျားလျား ပြင်ဆင် လုပ်ဆောင်ရန် လိုအပ်ပြီး ၁၉၄၇ ပင်လုံစာချုပ်၊ ၁၉၄၇ ပြည်ထောင်စုဗမာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၆၁ ခုနှစ် ဖက်ဒရယ်အခြေခံ ဥပဒေ ပြင်ဆင်ရေးစာတမ်းတို့ကို ပြန်လည်ချိန်ထိုးစဉ်းစားလုပ်ဆောင်ရန် လိုအပ်သည့် “ပြည်ထောင်စု သဘောတူ စာချုပ်” ဟူသော အမည်သစ်ဖြင့် တဖန် သဘောတူချုပ်ဆိုခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ ၁၉၆၁ ခုနှစ် ဖက်ဒရယ် အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းကို ပြန်လည်လေ့လာသုံးသပ်ရန်နှင့် စစ်တပ်အုပ်ချုပ်ရေးကြောင့် ဆွေးနွေးမှုအားလုံး အဆုံးသတ်သွားရသည့် ယခင်မျိုးဆက် နိုင်ငံရေးသမားများမှ ချန်ထားရစ်ခဲ့သော နိုင်ငံရေးဆွေးနွေးမှုများကို ပြန်လည် ကောက်ယူဆွေးနွေးရန် ဖြစ်သည်။

တွေးခေါ်စဉ်းစားမှုနှစ်ခုစလုံးကို စဉ်းစားသည့်အခါတွင် ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်း၏ အဆုံးတွင် စစ်တပ် အာဏာသိမ်းသည့် အကျိုးဆက်များအပေါ်တွင် အကြောင်းရင်းခံစဉ်းစားသင့်သည်။ ယင်းသို့ အာဏာ သိမ်းမှုကြောင့်ပင်လျှင် နှစ်ပေါင်း ၅၀ ထက်ကျော်လွန်သော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး တိုင်းတာ၍မရနိုင်သည့် လူသားတို့၏ နာကျင်ခံစားရမှုများ၊ ရပ်ရွာလူ့အဖွဲ့အစည်းအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများနှင့် စီးပွားရေးအရ ချွတ်ခြုံကျ ပျောက်ဆုံးပျက်စီးမှုများကို ဖြစ်စေခဲ့သည်။ ထို့အပြင် ထိုပြဿနာဖြစ်စေ သည့် ကိစ္စရပ်များကို နှစ်ပေါင်းများစွာ မဆွေးနွေးဘဲ ရွှေ့ဆိုင်းထားခြင်းသည်လည်း ဘုံ “အမျိုးသားရေး လက္ခဏာများ” နှင့် “အမျိုးသားစည်းလုံးညီညွတ်ရေး” စိတ်ဓာတ်များ ပိုမိုနက်ရှိုင်းလာပြီး ဝ၊ ပအို့ဝ်၊ တအန်း(ပလောင်)နှင့် ရှမ်းနီအပါအဝင် ပြည်ထောင်စုအတွင်း မိမိတို့၏ ကိုယ်ပိုင်ပြည်နယ်များအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည့် လူမျိုးစုအခြေပြု မျိုးချစ်စိတ်များသည် ဒီရေအလား တောက်လောက်မှုမြှင့်တက်လာစေခဲ့သည်။ စစ်တပ်အုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ်ဝါဒ ရှင်သန်မှုကို ကန့်သတ်ချိုးနှိမ်ထားမှုတို့သည် မြန်မာနိုင်ငံ၏ အမျိုးသားရေး ဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းထင်ရှားနေပါသည်။

ဆိုခဲ့ပါ နောက်ခံအခြေအနေတွင် အင်န်စီအေ စာချုပ်တစ်ခုတည်းပေါ်တွင် အခြေခံသော “ပြည်ထောင်စု သဘောတူညီစာချုပ်”ကို အောင်မြင်စွာ ရေးထိုးနိုင်ရန် ကျောထောက်နောက်ခံပေးသည့် တွေးခေါ်စဉ်းစားမှုပုံစံသည်လည်း ပြဿနာပိုပိုပြီး များလာသည့်ပုံစံ ဖြစ်လာနေသည်။ ခက်ခဲကျပ်တည်းမှုပေါင်းများစွာ ပေါ်ထွက်လို့လာနေသည်။ လက်ရှိ အခြေအနေသည် အင်န်အယ်လ်ဒီပါတီ၏ ရပ်တည်ချက်တစ်ခုဖြစ်သည့် “စောင့်ကြည့်ဦးမည်”(Wait and See) ဟူသော ရပ်တည်ချက်သည်လည်း အကူအညီမဖြစ်သည့်အပြင် အနာဂတ်ဖက်ဒရယ်စနစ်ကို အမှန်တကယ် ဦးတည်သွားမည့် ပါတီ၏ရပ်တည်မှုနှင့် သွေဖီနေသည်ကို တွေ့ရသည်။ တကယ့်ကို ဖြစ်လေ့ဖြစ်ထမရှိသည့်အရာတစ်ခုမှာ နိုင်ငံရေး ပါတီသည် မိမိကိုယ်ကို အမျိုးသားပါတီအဖြစ် စဉ်းစားရပ်တည်ပြီး တိုင်းရင်းသားနယ်မြေများတွင်လည်း ရပ်တည် ထူထောင်ထားသည့် ပါတီများပင်ဖြစ်လင့်ကစား ဖက်ဒရယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့်သက်ဆိုင်သည့် ရပ်တည်ချက် စာတမ်းများမရှိ(သို့) အများပြည်သူသိရှိအောင် ချပြထားခြင်းမရှိသည်ကို တွေ့ရသည်။ ဥပမာအနေဖြင့်ပြရမည်ဆိုလျှင် ဦးဝင်းထိန် ကဲ့သို့သော အင်န်အယ်လ်ဒီ ထိပ်သီးခေါင်းဆောင်က ပြောခဲ့သည့်စကားတွင် တွေ့နိုင်သည်။ လက်ရှိ ပြည်နယ် ခုနှစ်ခုနှင့် တိုင်းဒေသကြီး(ယခင်က တိုင်းအဖြစ်သတ်မှတ်သည်)ခုနှစ်ခုတွင် အင်န်အယ်လ်ဒီပါတီကို နှစ်သက် သဘောကျ ကြသည်။ သို့သော် နည်းလမ်းနှစ်သွယ်ဖြင့် အဓိပ္ဗါယ်ကောက်ယူနိုင်သည်။ ဆိုလိုသည်မှာ နယ်မြေဒေသကို အခြေခံသည့် ဖက်ဒရယ်ဝါဒပုံစံကို လက်ခံရပ်တည်မှုဖြစ်ကောင်းဖြစ်နိုင်မည်။ သို့သော် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဗဟိုမှ အခွင့်အာဏာအချို့ကိုသာ ခွဲဝေထားသည့် တစ်ပြည်ထောင်စနစ်အစိုးရပုံစံ၏ ဆက်လက်ဖြစ်နေသည့်ပုံစံ တစ်မျိုးလည်း ဖြစ်နိုင်သည်။ အထက်ပါ မသေချာမှုများကပင် အင်န်အယ်လ်ဒီပါတီ၏ ဖက်ဒရယ်နှင့်ပတ်သက်သည့် ရပ်တည်မှုကို ထင်ကြေးပေးရန် တံခါးဖွင့်ထားဆဲအခြေအနေအဖြစ် အဓိပ္ဗါယ်ကောက်ယူနိုင်ပြီး ထိုသို့ဖြစ်နေခြင်းကလည်း တိုင်းရင်းသား လူမျိုးစုများ၏ ရပ်ရွာလူ့အဖွဲ့အစည်းများတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။

အင်န်အယ်လ်ဒီပါတီ၏ တုံ့ဆိုင်းနေခြင်းနှင့်အတူ တပ်မတော်ခေါင်းဆောင်ကြီးများက ထပ်ခါတလဲလဲ ပွင့်ပွင့် လင်းလင်း ပြောဆိုသည့်အရာမှာ စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်သွားမည့် အကြောင်း၊ ဖက်ဒရယ်အစိုးရပုံစံဖြင့် ပုံသွင်းရန် မဖြစ်မနေလိုအပ်သည့် ဖွဲ့စည်းပုံများအားလုံး ၄င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှိနှင့်ပြီးသားဖြစ်ကြောင်း အခိုင်အမာဆိုသည်။ သို့သော်လည်း စေ့စေ့စပ်စပ်ကြည့်လျှင် ထိုကဲ့သို့ မဖြစ်နိုင်ကြောင်း၊ လက်ရှိတပ်မတော်ခေါင်းဆောင်ကြီးများ အားလုံးမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် စိတ်အားတက်ကြွမှုမရှိကြောင်း ပြသနေသည်။ တပ်မတော်ခေါင်းဆောင်များသည် တိုင်းပြည်ကို ဖက်ဒရယ်စနစ်အတိုင်း ပြုပြင်ပြောင်းလဲရန် နှုတ်၏စောင်မခြင်းဖြင့်သာ သဘောတူပြီး လက်ရှိဖွဲ့စည်းပုံ အခြေခံအရ မြန်မာ့ နိုင်ငံရေးနယ်ပယ်တွင် ၄င်းတို့၏ အကျိုးအမြတ်အတွက် သေချာစေသည့်အရာများကိုသာ ဖက်တွယ်ထားရန် စိတ်ဝင်စား နေကြသည်။

လက်နက်ကိုင်(သို့) ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်သော တိုင်းရင်းသားလူမျိုးစုအုပ်စုများအတွက်မူ ဖက်ဒရယ်ဝါဒအပေါ်တွင် ရှိနေသည့် ၄င်းတို့၏ ရည်မှန်းချက်များသည် ပင်လုံစာချုပ်နှင့် ဖက်ဒရယ်အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း၏ အခြေခံမူများအပေါ်တွင် အခြေခံသည့် လူမျိုးစုအခြေပြု ဖက်ဒရယ်ဝါဒအဖြစ် ဆက်လက် ရပ်တည်သွားမည်။ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့် အခြေအနေ အမှန်တရားများအပေါ်တွင် အခြေခံသော ထိန်းညှိမှုများဖြင့် ပြုပြင် မွမ်းမံပေးခြင်းတစ်ခုသာ လိုအပ်သည်။

အထက်ပါ ကွဲပြားခြားနားသည့် ရှုမြင်မှုများအရ လက်ရှိ အင်န်စီအေအခြေပြု စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်သည် နီးစပ်မှု ရှိလာတော့မည့် နိုင်ငံရေးအဖြေကို ကျွနု်ပ်တို့အတွက် ယူဆောင်လာမည့်ပုံ မပေါ်သည့် အဓိပ္ဗါယ်သက်ရောက်နေသည်။ အဘယ်ကြောင့်ဆိုသော် အဓိက နိုင်ငံရေးကစားသမားများဖြစ်သည့် အင်န်အယ်လ်ဒီပါတီ၊ တပ်မတော်နှင့် လက်နက်ကိုင် အပါအဝင် တိုင်းရင်းသားလူမျိုးစုပါတီများသည် ဖက်ဒရယ်ဝါဒနှင့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ပေါ်ထွက်လာသော ပြည်ထောင်စုဗမာနိုင်ငံနှင့် သက်ဆိုင်သည့် သဘောတရားအပေါ်တွင် အခြေတည်သော စဉ်းစားမှုများနှင့် ဝေးကွာ နေသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်လွှမ်းမိုးသည့် အစိုးရများနှင့် ယခုခေတ် အင်န်အယ်လ်ဒီကို ထောက်ခံသူများ သည်ပင်လျှင် လက်ရှိမြန်မာနိုင်ငံကို ပေါင်းစည်းထားသည့် နိုင်ငံ(သို့) အင်ပါယာတစ်ခု၊ ပုဂံခေတ်အနော်ရထာမင်းမှ အစပြုသော ပထမဆုံးဗမာဘုရင်များခေတ်ကတည်းက အဓိကအားဖြင့် ဗမာလူမျိုး၏ အုပ်ချုပ်မှုအောက်ရောက် နေသောနိုင်ငံအဖြစ် ဆက်လက် အသိအမှတ်ပြုကြကြောင်း မြင်သာထင်သာရှိနေသည်။ ထိုနည်းတူ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများအတွက်မူ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသည် အသစ်ဖန်တီးထားသည့် နယ်မြေနှင့် နိုင်ငံရေးအရ စုစည်းထားပြီး ပင်လုံသဘောတူစာချုပ်၏ အခြေခံသဘောတရားများအပေါ်တွင် အခြေခံသော နိုင်ငံအဖြစ် လည်းကောင်း၊ ၁၉၄၈ တွင် ကိုလိုနီများ အာဏာစွန့်သွားသည့်နောက်ပိုင်း ဗြိတိသျှအိန္ဒိယအင်ပါယာ လက်အောက်ခံ နယ်မြေများနှင့်တွဲဖက်ပြီး လွတ်လပ်သွားသည့်နယ်မြေများကို ပေါင်းစည်းကာ ဖြစ်ပေါ်လာသည့် နိုင်ငံ တစ်ခုအဖြစ် လည်းကောင်း လက်ခံထိန်းသိမ်းထားလိုကြသည်။ ဆိုခဲ့ပါ နိုင်ငံဖြစ်တည်မှုနှင့် ပတ်သက်၍ နားလည်မှုဆိုင်ရာ ကွဲပြား ခြားနားမှုများနှင့် စပ်ဆိုင်သော ဆွေးနွေးမှုများတွင် ခက်ခဲနေခြင်းများသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆွေးနွေး ဘက်ညီသည့် အဆင့်တစ်ဆင့် ဖန်တီးရန် မတတ်နိုင်ခြင်းများကို ပိုမိုဆိုးရွားစေပြီး ၄င်းသည် စေ့စပ်ညှိနှိုင်းမှု ပတ်ဝန်းကျင် တစ်ခုတည်းကိုသာ ထိခိုက်နစ်နာစေသည်သာမက ပဋိပက္ခများနှင့် နိုင်ငံ၏ အစိတ်အပိုင်းအတော်များများတွင် ဆက်လက် ဖြစ်နေဆဲဖြစ်သော ဘဝပျက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မလိုမုန်းတီးမှုများကို လောင်စာဆီထည့်ပေး သကဲ့သို့ ဖြစ်သည်ကိုလည်း ထပ်လောင်းထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

လက်ရှိဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး နယ်ပယ် အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှောင့်နှေးစေသည် ဆိုသည့်အချက်မှာ ယနေ့မြန်မာနိုင်ငံတွင် ဘုံလက်ခံ နားလည်သည့် ဗဟုသုတတစ်ခုဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ဟောင်းဖြစ်ခဲ့သော ယခင်သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သမ္မတတာဝန်ကို စတင်ထမ်းဆောင်သည့်ကာလနောက်ပိုင်းတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်အကောင် အထည်ဖော်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ သို့ပင်သော်ငြားလည်း “အထက်-အောက်”ချဉ်းကပ်မှု နည်းလမ်းအပေါ်တွင်သာ မှီခိုလိုက်လျှောက်ပြီး ကျွနု်ပ်တို့ နိုင်ငံ၏သမိုင်းကို အသိအမှတ် မပြုလိုသောသူများ အစိုးရ တာဝန်ရှိသူများအတွင်းတွင် ရှိနေသရွေ့ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲတိုးတက်မှု အနည်းငယ်သာ ရှိနေခြင်းနှင့်ပတ်သက်၍ အံ့အားသင့်စရာ မလိုပါ။ ဗမာလူမျိုးများ လွှမ်းမိုးသည့် အစိုးရဌာနများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ကို တည်ဆောက်ဖွဲ့စည်းမှုများနှင့် ဆက်စပ်လာသော အဆိုပါ ချဉ်းကပ်မှုများသည် ၁၉၄၇ ခုနှစ် ပင်လုံမှစ၍ ယခင် ဗမာပြည်မ၏ မတူညီသည့်ဒေသများနှင့် နယ်စပ်တိုင်းရင်းသားဒေသများအကြား တရားဝင် ဂတိပြုခဲ့သော ပင်လုံစာချုပ် အပါအဝင် သမိုင်းကြောင်းတလျှောက်ရှိ ညီလာခံများနှင့် သဘောတူညီချက်များအားလုံးကို ဖုံးဖိပျောက်ကွယ် စေချင်ခဲ့ သည်။

မည်သို့ပင်ဖြစ်စေကာမူ တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ဆိုခဲ့ပါ နိုင်ငံရေးဆိုင်ရာ အားနည်းကျရှုံးမှုများကို တည့်မတ်ရန် နည်းလမ်းရှာကြရာတွင် ပြုသမျှနုခဲ့ရသည့် အခြေအနေမျိုး မရှိခဲ့ချေ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပင်လုံနှင့် ဖက်ဒရယ်ဟူသော ဝေါဟာရကို တရားဝင် ပြန်လည်အသက်ဝင်လာစေရန် လုပ်ဆောင်ခြင်းမှာ အရေးကြီးသည့် အဆင့် တစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုးတက်ဖွံ့ဖြိုးမှုကို အမှန်တကယ်ရရှိစေရန်အတွက် နောက်ထပ် အဆင့် တစ်ဆင့်ဖြစ်သည့် ၁၉၆၁ ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်းကို ပြန်လည်ပြီး အထူးဂရုစိုက်သင့်သည်။ ယခင် နိုင်ငံတော် ခေါင်းဆောင်များသည် ၄င်းစာတမ်းအားဖြင့် ထိုစဉ်က တိုင်းပြည်အတွက် စိန်ခေါ်ချက်တစ်ခုဖြစ်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲအားဖြင့် အတူတကွ အဖြေရှာရန် နောက်ဆုံးအကြိမ်ကြိုးစားခဲ့ကြသည်။ ၂၁ ရာစုကာလတွင် တိုင်းရင်းသား လူမျိုးအများစုအနေဖြင့် ၁၉၆၁-၆၂ နိုင်ငံရေးတောင်းဆိုမှုများသည် တိုင်းပြည်၏ ပဋိပက္ခအခြေအနေ တင်းမာမှုများကို လျှော့ချရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့စေမည့် နိုင်ငံရေးဆိုင်ရာ အခြေချပေးမှုများ အောင်မြင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသေးသည်ဟု ယူဆကြသည်။ အဆိုပါ နိုင်ငံရေး တောင်းဆိုချက်များမှာ တရားနည်းလမ်းကျသည်။ ဥပဒေဘောင်နှင့်အညီဖြစ်ပြီး အလုံးစုံ ဖြစ်နိုင်ချေလည်း ရှိသည်။

ဆယ်စုနှစ် ငါးခုကျော်ကြာခဲ့ပြီးသည့်နောက် ပဋိပက္ခ၏ နောက်ခံအခြေအနေများသည်လည်း မြန်မာနိုင်ငံ၏ မတူညီသော နေရာဒေသများတွင် ပုံစံပြောင်းလဲသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပဋိပက္ခ၏ ငုပ်လျှိုးနေ တတ်သည့်သဘာဝ(သို့) တန်းတူညီမျှရေးနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်အဖြေရှာရေးတို့မှာ မပြောင်းမလဲ ဆက်လက်တည်ရှိ နေခဲ့သည်။ ဥပမာအားဖြင့် ဗမာပြည်မကို လွန်ခဲ့သော နှစ်များစွာကတည်းက တိုင်းခုနှစ်တိုင်း(ယခုအခါ တိုင်းဒေသကြီးဟုခေါ်သည်)အဖြစ်လည်းကောင်း ပြန်လည်၍ နယ်မြေပိုင်းခြားသတ်မှတ်ပြီး တိုင်းရင်းသား လူမျိုးစုနယ်မြေ များကိုလည်း ပြည်နယ်ခုနှစ်ခု(ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း)အဖြစ်လည်းကောင်း ဖွဲ့စည်းထားခဲ့ကာ ထိုအထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု(ဓနု၊ ကိုးကန့်၊ ပအို့ဝ်၊ တအန်းနှင့် ဝပြည်နယ်)ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထပ်မံခွဲခန့်သတ်မှတ်ခဲ့ကြသည်။ သို့သော် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအနေဖြင့် ၁၉၆၁ ခုနှစ် ဖက်ဒရယ် ဥပဒေပြင်ဆင်ရေးစာတမ်းအပေါ်တွင် အားကိုးပုံချနိုင်သည်ဟု လက်ခံလာအောင် အခိုင်အမာ ပြောဆိုစည်းရုံးနေဆဲ အခြေအနေတွင် ရှိသည်။ ထိုသို့လုပ်ဆောင်နေခြင်းသည် အမှန်တကယ် လိုအပ်သော ပြန်လည် ဆန်းသစ်မှုများနှင့်အတူ တန့်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းနိုးနိုင်သည့် အဓိကကျသော အားထည့်မှု တစ်ရပ်ဖြစ်ကာ ၂၁ ရာစုပင်လုံညီလာခံ၏ ပန်းတိုင်နှင့် ထပ်တူကျသည့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း စတင်နိုင် မည်ဖြစ်သည်။

ရှေ့မတိုးသာသည့်အခြေအနေကို ရိုက်ချိုးဖျက်ဆီးရန် ဆန်းသစ်တီထွင်သော တွေးခေါ်စဉ်းစားမှုများ မဖြစ်မနေ လိုအပ်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးစုများ၏ တစ်စိတ်တစ်သဘောတည်းဖြစ်မှုသည်လည်း ဆိုခဲ့ပါ ပန်းတိုင်များ အပေါ်တွင် ကြီးထွားလာလျက်ရှိသည်။ လွန်ခဲ့သည့်နှစ် ဇူလိုင်လအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်သည့် မြို့တစ်မြို့ဖြစ်သော မိုင်ဂျာယန်တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် “ပင်လုံလမ်းညွှန်”လက်စွဲနှင့် ပတ်သက်၍ သဘောတူညီမှုရရှိနိုင်ရန်အတွက် ဆွေးနွေးခဲ့ ကြသည်။ ၄င်းလက်စွဲ၏ အခြေခံသဘောတရားများကို တိုင်းရင်းသားလူမျိုးစု ပါတီနှင့် အဖွဲ့အစည်းများအကြားတွင် အကျယ်တဝင့်ထောက်ခံမှုများ ရရှိခဲ့သည်။ လောလောလတ်လတ်ဖြစ်သော ယခုနှစ်၏ ဧပြီလတွင် အင်န်စီအေ လက်မှတ်ထိုးသည့်အဖွဲ့()ဖွဲ့နှင့် လက်မှတ်မထိုးသည့်အဖွဲ့()ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၁၄)ဖွဲ့အနေဖြင့် “ပင်လုံလမ်းညွှန်” လက်စွဲအရ ၁၉၄၇ “ပင်လုံ သဘောတူညီချက်၊ ဂတိကဝတ်များနှင့် ပင်လုံစိတ်ဓာတ်” တို့သည် တိုင်းရင်းသားလူမျိုးစုများအကြားရှိ ပဋိပက္ခများကို ပြေလည်စေရန်၊ နိုင်ငံရေးဆိုင်ရာ အခြေချမှုများနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးလမ်းညွှန်ချက်များ၏ အုတ်မြစ်သဖွယ်ဖြစ်ရမည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သြဇာအရှိန်အဝါရှိသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဦး အနေဖြင့် လွန်ခဲ့သည်နှစ် ငြိမ်းချမ်းရေးညီလာခံကာလအတွင်း ထုတ်ပြန်ဖြန့်ဝေခဲ့သည့် သဘောထားရပ်တည်ချက် စာတမ်းကိုလည်း အတည်ပြုကာ ယခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံထုတ်ပြန်ကာ ပင်လုံစာချုပ်သည် တိုင်းရင်းသားလူမျိုးစုများအတွက် ဖယ်ရှား၍မရသော နိုင်ငံရေးဆိုင်ရာ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ကာ တန်ဖိုးထားရမည်ဟု သဘောထား ထုတ်ပြန်ခဲ့သည်။ အချုပ်အားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများ၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေးတို့ဖြင့် လွှမ်းခြုံစေသည့် ပင်လုံစာချုပ်အပေါ်တွင် ထားရှိသော တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ(လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ)၏ စိတ်ဒုံးဒုံးချကာ နှစ်မြှုပ်ထားမှုသည် အထူးခိုင်မာ လျက်ရှိပြီး ၁၉၄၇ တွင် ကျွနု်ပ်တို့၏ ရှေးနိုင်ငံရေးဖခင်များ မျှော်မှန်းထားခဲ့သည် စစ်မှန်သော ဖက်ဒရယ်အစိုးရစနစ်အောက်တွင် အထက်ဆိုခဲ့ပါ အနှစ်သာရများအားဖြင့် ကျောက်ဆူးချကာ ခိုင်မာအားကောင်းလာစေရန် ဖြစ်သည်။

နောက်ဆုံးတွင် တိုင်းပြည်ကို “ပေါင်းစည်းကာ ကျရှုံးစို့” ဟူသည့် ဦးတည်ချက်မျိုးဖြင့် တိုင်းပြည်အတွက် လုပ်ဆောင်မည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို မလုပ်သင့်ကြောင်း ၁၉၄၇ ခုနှစ်တွင် ကျွန်ုပ်တို့အား သတိပေး ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ စကားကို အာရုံထားကာ သတိပြုသင့်သည်။ လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်၏ အာဏာစက်သက်သက်ဖြင့် ပြည်ထောင်စုကြီးကို ထိန်းချုပ်ကိုင်တွယ်ခဲ့သည့် အစိုးရအဆက်ဆက်တွင် ၄င်းအဓိပ္ဗါယ်နည်းတူ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ ၄င်းအစား ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆ တစ်ခုဖြစ်သည့် “ပေါင်းစည်းလျက် ရပ်တည်စို့”ဟူသော ရပ်တည်ချက်နှင့်အတူ ဆွေးနွေးအဖြေရှာခြင်း၊ ညှိနှိုင်းခြင်းနှင့် ပြည်သူလူထုနှင့် နယ်မြေများအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးအဖြေရှာမှုများအားဖြင့် ပြန်လှည့် သင့်သည့်အချိန်ပင် ဖြစ်ပါသည်။ ခါးသီးလှသော လက်နက်ကိုင်ပဋိပက္ခချောက်နက်ကြီးထဲကျသည့်ကာလကို ကျော်လွန်လာသည့် ယနေ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည် စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ကာ သဟဇာတဖြစ်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်း၏ ပြင်းပြလှသော ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်သည့် ဖက်ဒရယ် ဥပဒေ ပြင်ဆင်ရေးစာတမ်းကို ပြန်လည်အသက်သွင်းရန် အခွင့်အခါသင့်ဆုံး အချိန်လည်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် စိန်ခေါ်ချက်များစွာ ကျန်ရှိနေပြီး အသေးစိတ်ဆန်သော စေ့စပ်ညှိနှိုင်းမှုများလည်း လိုအပ်လိမ့်မည်ဖြစ်သည်။ သို့သော်ငြား လည်း ပင်လုံစာချုပ်နည်းတူ ဖက်ဒရယ်ဥပဒေပြင်ဆင်ရေးစာတမ်းသည်လည်း ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ၂၁ ရာစုပင်လုံမှတဆင့် ကျွန်ုပ်တို့နိုင်ငံရှိ ပြည်သူလူထုအားလုံးအတွက် ရေရှည်လိုအပ်သော ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းများကို မွေးဖွား သယ်ဆောင် ပေးနိုင်သည့် အရေးပါသော ဆွေးနွေးပွဲစင်မြှင့်များတွင် စတင် ဆွေးနွေးငြင်းခုံနိုင်သည့် ခေါင်းစဉ်တစ်ခုဖြစ်ပါသည်။

စိုင်းဝန်စိုင်းသည် ရှမ်းလူမျိုး နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး ယခင်ရှမ်းဒီမိုကရက်တစ်ယူနီယံ၏ အထွေထွေ အတွင်းရေးမှူးဟောင်းလည်း ဖြစ်ပါသည်။

ယခုစာစုမှာ ဆွီဒင်နိုင်ငံမှ ထောက်ပံ့သည့် TNI စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

 

i Hugh Tinker, Union of Burma: A Study of the First Years of Independence (Oxford University Press, 1957), p.30.

ii Sai Aung Tun, History of Shan State From Its Origins to 1962 (Silkworm Books: Chiang Mai, 2009), p.381.

iii Source: Sai Aung Tun, History of Shan State, p.443.

iv The Karen National Union was reportedly unable to attend due to its ongoing congress.