မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းအပေါ် ဥပဒေရှုထောင့်မှ ဆန်းစစ်သုံးသပ်ခြင်း

30 November 2017
Report

အဖွင့်မိတ်ဆက

၂၀၁၇ ခုနှစ် မတ်လအတွင်း ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို အများပြည်သူဝေဖန်အကြံပြုနိုင်ရန် သတင်းစာ၌ ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပြင်ဆင်ချက်ဥပဒေကြမ်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက် နေ့တွင် အမျိုးသားလွှတ်တော်၌ အဆိုပြုတင်ပြခဲ့ပြီးဖြစ်သည်။

ဥပဒေမူကြမ်း၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဥပဒေအတွက် အရေးကြီးသည့် အပြောင်းအလဲများကို မိတ်ဆက်တင်ပြထားသည်။ အထင်ရှားဆုံးအချက်တစ်ခုအနေဖြင့် တိုင်းပြည်၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာ ဗဟိုချက်နေရာ၌ အများပြည်သူ၏ကျန်းမာရေးကို ဦးစားပေးရန် ရည် ရွယ်၍ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိလာစေရန် ပံ့ပိုးကူညီ သည့်အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုကို ပယ်ဖျက်ပေးခဲ့သည်။ ဤအချက်များက အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုလျက်ရှိသဖြင့် ခေတ် မီသည့် အရေးယူဆောင်ရွက်ချက်တစ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုသင့်ပါသည်။ သို့ပါသော်ငြားလည်း ဥပဒေမူကြမ်း၌ အခြေခံကျပြီး မရှိမဖြစ်အရေးပါသည့် အောက်ခြေအပြောင်းအလဲအနည်းငယ် ပြုလုပ်ရုံမျှဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်သည့် လိုအပ်ချက်အချို့ပါဝင်နေဆဲဖြစ်သည်။

ဤစာတမ်းသည် ဥပဒေပြဋ္ဌာန်းချက်များ၏ အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂမူးယစ် ဆေးဝါးထိန်းချုပ်ရေး ပဋိဉာဉ်သဘောတူစာချုပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများ၊ မျက်မှောက်ခေတ် အထောက်အထားများ၊ အကောင်းဆုံးနိုင်ငံတကာအလေ့အထများနှင့် နှိုင်းယှဉ်သုံးသပ်၍ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ ဤစာတမ်းသည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင် ရွက်လျက်ရှိသည့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားမူဝါဒချမှတ်သူများ အတွက် အသုံးဝင်သည့် ကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ဤနည်းအားဖြင့် လက်ရှိဥပဒေပြဋ္ဌာန်းချက်များ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

တည်ဆဲဥပဒေနှင့် ဥပဒေမူကြမ်း၏ ထိထိရောက်ရောက် အလေးပေးအာရုံစိုက်ရန် လိုအပ်သည့် ပုဒ်မတစ်ခုချင်းစီ သို့မဟုတ် ပုဒ်မခွဲတစ်ခုချင်းစီကို (မင်အထူဖြင့်) မီးမောင်းထိုးပြထားပါသည်။ ဥပဒေကြမ်းတွင် ပါရှိသော ပုဒ်မနှင့် ပုဒ်မခွဲများအား (*) အမှတ်အသားဖြင့် ဖော်ပြထားပါသည်။ ထို့နောက် သက်ဆိုင်ရာပုဒ်မ သို့မဟုတ် ပုဒ်မခွဲကို ပိုမိုပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားနိုင်စေရန် သို့မ ဟုတ် တိုးတက်ကောင်းမွန်လာစေရန် တိတိကျကျဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို မီးမောင်း ထိုးပြထားသည့် သုံးသပ်တင်ပြချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆက်လက်သုံးသပ်တင်ပြ ထားခြင်းဖြစ်သည်။ နောက်ဆုံးအနေဖြင့် ဆန်းစစ်သုံးသပ်ထားသည့် ပြဋ္ဌာန်းချက်အသီးသီးအတွက် အကြံပြုထားသည့် မှတ်ချက်များကို စုစည်းပေါင်းစပ်၍ အပြောင်းအလဲပြုလုပ်နိုင်သည့် စကားစုကို အဆိုပြုတင်ပြထားခြင်းဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာ၏ သဘောသဘာဝအပေါ် အခြေခံထားသဖြင့် အနည်းငယ်နည်းပညာရပ်ဆန်သည့် စာတမ်းတစ်ခုဖြစ်သွားပါသည်။ စာတမ်းအတွင်း ကျယ်ပြန့်ပြည့်စုံသည့် အကြံပြုချက်ပေါင်းများစွာ ပါဝင်လျက်ရှိသော်လည်း တစ်ခုချင်းစီ၏ မဟာဗျူဟာအရ အရေးပါပုံခြင်း ကွာခြားမှုရှိပါလိမ့်မည်။ ဤအချက်ကို အထောက်အကူပြုရန်အတွက် အဓိကတိုက်တွန်းအကြံပြုချက်များအခန်း၌ ဦးစား ပေးကိစ္စရပ်အဖြစ် မူဝါဒချမှတ်သူများ အလေးပေးအာရုံစိုက်သင့်သည့် အဓိကစိုးရိမ်ပူပန်မှုများနှင့် တိုက်တွန်းအကြံပြုချက်များကို အကျဉ်းချုံးအဆိုပြုတင်ပြထားပါသည်။ ထို့အပြင် ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင်ဆက်လက် လေ့လာဆည်းပူးလိုသူများအတွက် အထောက်အကူဖြစ်မည့် ရည်ညွှန်းကိုးကားချက်ပေါင်းများစွာကိုလည်း ကိုးကားဖော်ပြထားပါသည်။

အဓိကတိုက်တွန်းအကြံပြုချက်များ

1. ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ဆွေးနွေးပွဲ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များက မူးယစ်ဆေးဝါးသုံးစွဲသူများအား ချမှတ်သည့် ထောင်သွင်းပြစ်ဒဏ်ကို ပယ်ဖျက်၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီလာနိုင်အောင် ဆောင်ရွက်ပေးမည့် အပြောင်းအလဲများကို လက်ခံအတည်ပြုခဲ့ကြသည်။ သို့သော်လည်း လွှတ်တော်ဆွေးနွေး မှုအပြီး၌ ကနဦးပြင်ဆင်ချက်အတွင်း တစ်ကိုယ်ရေသုံးအတွက် ပမာဏအနည်းအကျဉ်း လက်ဝယ်ထားရှိမှုဖြင့် အဖမ်းခံရသည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြစ်ဒဏ်ကင်းလွတ် ခွင့်ပြုခဲ့သည့် ပြဋ္ဌာန်းချက်ကို ဖယ်ရှားခဲ့ကြသည်။ မမျှော်လင့်ထားသည့် ဤဆုံးဖြတ်ချက် သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်လုံးကို ကမောက်ကမဖြစ်စေခဲ့သည်။ အမှန် တကယ်အားဖြင့် ရာဇ၀တ်တရားစီရင်ရေးစနစ်ထက်စာလျှင် အများပြည်သူ၏ကျန်းမာရေး ကို ပိုမိုအလေးထားရန် ကြိုးပမ်းသည့် ဥပဒေမူကြမ်း၏ အဓိကရည်မှန်းချက်ကြီးကို ယုတ် လျော့အားနည်းသွားစေခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ထောင်သွင်းပြစ်ဒဏ် ချမှတ်မှုများကို ပယ်ဖျက်လိုက်ခြင်းဖြင့် မူဝါဒချမှတ်သူများက ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲသူများက ကျန်းမာရေးဝန်ဆောင်မှုများသို့ လက် လှမ်းမီအသုံးပြုနိုင်မှုကို တားဆီးပိတ်ပင်လျက်ရှိကြောင်း အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ သို့ ဖြစ်၍ ကင်းလွတ်ခွင့်သည် တစ်ကိုယ်ရေသုံးအတွက် မူးယစ်ဆေးဝါးအနည်းအကျဉ်း လက် ၀ယ်ထားရှိမှုကိုပါ ကျိန်းသေလွှမ်းခြုံမှုရှိရန် လိုအပ်ပါသည်။ သဘောတရားအရလည်း မူး ယစ်ဆေးဝါးသုံးစွဲရန်အတွက် ပထမအဆင့်အနေဖြင့် ဦးစွာလက်ဝယ်ထားရှိရန် မဖြစ်မနေ လိုအပ်ပါသည်။ မိမိတို့တစ်ကိုယ်ရေ သုံးစွဲမှုအတွက် ပမာဏအနည်းအကျဉ်း လက်ဝယ် ထားရှိရုံမျှဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်လျှင် အများပြည်သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ထိရောက်သည့် အကျိုးရလဒ်မျိုးကို မျှော်မှန်း၍မရနိုင်ပေ။ ထို့ကြောင့် လာမည့်အနာဂတ်တွင် ဥပဒေမူကြမ်း ကို ကြားနာဆွေးနွေးကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်း၏ အောင်မြင်မှုအတွက် အလွန်အရေးပါသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြဋ္ဌာန်း ချက်ကို ပြန်လည်ဆွေးနွေးအဆိုပြုရန် အလွန်အရေးကြီးပါသည်။

2. လက်ရှိပြင်ဆင်ထားသည့် ဥပဒေမူကြမ်း၌ မူးယစ်ဆေးဝါးကုသရေးကို မဖြစ်မနေခံယူရ မည့် သဘောထားမျိုး(မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ဆေးဝါးကုသမှုခံယူရန် လိုအပ် သည်)ကို တွေ့မြင်နေရပါသည်။ ဤစည်းကမ်းချက်ကို လိုက်နာရန်ပျက်ကွက်ပါက မည်ကဲ့ သို့သော ပြစ်ဒဏ်မျိုးကျခံရမည်ဟု ဖော်ပြထားခြင်းမရှိသော်လည်း လူတစ်ဦးတစ်ယောက် အား ၎င်း၏ဆန္ဒမပါဘဲ အတင်းအကျပ် ဆေးဝါးကုသမှုခံယူစေခြင်းသည် လူတစ်ဦးချင်း စီ၏ အခြေခံလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော်ပြထားသည့် ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေးသာမက WHO နှင့် UNODC တို့ အကြံပြုထားသည့် မူးယစ်ဆေးဝါး မှီခိုစွဲလန်းမှုကုသရေးဆိုင်ရာ အခြေခံမူများနှင့်လည်း ဆန့်ကျင်ကွဲလွဲလျက်ရှိသည်။1 ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူအ များစုသည် မသုံးစွဲရမနေနိုင်မှီခိုစွဲလန်းသူများ မဟုတ်ကြသဖြင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်သူများ မဟုတ်ကြကြောင်းပြဆိုလျက်ရှိသည့် သိပ္ပံနည်းကျအထောက် အထားများ ကို ငြင်းဆန်၍ ပြည်သူ့ဘဏ္ဍာအရင်းအမြစ်များကို မလိုအပ်သည့်နေရာ၌ ဖြုန်းတီးပစ်ရာ ရောက်နေပါသည်။2 သို့ဖြစ်၍ ဆေးဝါးကုသရေးဟု ခေါင်းစဉ်တပ်၍ ထိန်းသိမ်းချုပ်နှောင် မှုများ အလွယ်တကူဖြစ်ပွားလာနိုင်သဖြင့် ဥပဒေအတွင်း၌ ဆေးဝါးကုသမှုနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အတင်းအကျပ်ဖိအားပေးစေခိုင်းခြင်းထက် မိမိ၏ သဘောဆန္ဒအလျောက်သာဖြစ်ရမည်ဟု အတိအလင်းပြဋ္ဌာန်းထားရှိရန် လိုအပ်ပါသည်။ နိုင်ငံအနှံ့အပြားရှိ ဆေးဝါးကုသမှုခံယူရန် လိုအပ်လျက်ရှိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများ မိမိသဘောဆန္ဒအလျောက် ဆေးဝါးကုသမှုခံယူနိုင်စေရန်၊ သတင်းအချက်အလက်၊ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနှင့် အန္တရာယ်လျှော့ချရေးဝန်ဆောင်မှုလုပ်ငန်းများကို အလွယ်တကူလက်လှမ်းမီ အသုံးပြုနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ပေးသည့် လုပ်ငန်းများကို အလေးပေးဆောင်ရွက်သင့်ပါသည်။

3. ဥပဒေမူကြမ်း၌ ဘိန်းစိုက်တောင်သူများ၏ အခြေအနေနှင့် ပတ်သက်၍ မည်သည့်အ ပြောင်းအလဲကိုမျှ ပြင်ဆင်ပေးထားခြင်းမရှိဘဲ တားမြစ်သီးနှံပင်စိုက်ပျိုးသည့် တောင်သူ များကို အလွန်ပြင်းထန်သည့် ပြစ်ဒဏ်များဖြင့် ဆက်လက်အရေးယူရန် ပြဋ္ဌာန်းထားသည်။ ဤအချက်သည် လုံခြုံရေးအင်မတန်အားနည်းသည့် နယ်မြေဒေသများ၌ နေထိုင်လေ့ရှိပြီး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အသေးစားဘိန်းစိုက်ပျိုးထုတ်လုပ်မှုအပေါ် မှီခိုနေရ ဆဲဖြစ်သည့် ထောင်ပေါင်းများစွာသော ဆင်းရဲသားတောင်သူများကို ဥပေက္ခာပြုရာ ရောက်နေသဖြင့် ပို၍ပြဿနာကြီးထွားလာစေပါသည်။ ပမာဏအနည်းအကျဉ်းစိုက်ပျိုး သူများကို ဖမ်းဆီးအရေးယူမှု နည်းပါးသည်ဆိုသော်ငြားလည်း ထောင်သွင်းပြစ်ဒဏ်များ ပြဋ္ဌာန်းထားခြင်းသည် ၎င်းတို့အပေါ် ရဲတပ်ဖွဲ့ဝင်များ အဂတိလိုက်စား၍ အနိုင်ကျင့်စော် ကားမှုပြုနိုင်သည့် အန္တရာယ်များကို မြင့်မားလာစေလျက်ရှိသည်။ ထိုကဲ့သို့သော ပြစ်ဒဏ်များကို ဆက်လက်ထိန်းသိမ်းထားရှိခြင်းသည် နိုင်ငံတကာလူအခွင့်အရေး(ဥပမာ ဆာလောင်ငတ်မွတ်ခြင်းဘေးမှ ကင်းလွတ်ပိုင်ခွင့်အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ခွင့် အခွင့်အရေး)ကို ချိုးဖောက်ရာရောက်နေသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း ကြီးစွာအဟန့်အတားဖြစ်စေလျက်ရှိသည်။ မြန်မာနိုင်ငံတော်အစိုးရမှ သတ်မှတ် သည့် စည်းမျဉ်းစည်းကမ်းဖြင့် ပမာဏအနည်းအကျဉ်းစိုက်ပျိုးထုတ်လုပ်မှုကို စည်းကြပ်အ ရေးယူသည့် ထောင်ဒဏ်များကို ပယ်ဖျက်ပစ်ရန်နှင့် ဥပမာအားဖြင့် ပိုမိုပျော့ပျောင်း၍ ပြစ်မှု နှင့် ပြစ်ဒဏ်ပိုမိုမျှတမှုရှိသည့် ပြစ်ဒဏ်များဖြစ်သည့် ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသည့် အရေး ယူဆောင်ရွက်ချက်များ သို့မဟုတ် ဒဏ်ငွေဆောင်စေခြင်း သို့မဟုတ် သတိပေးတားမြစ်ခြင်း များဖြင့် ပြောင်းလဲပြစ်ဒဏ်ချမှတ်ရန် အလေးအနက်ထည့်သွင်းစဉ်းစားသင့်ပါသည်။

4. ဥပဒေမူကြမ်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် ပြစ်ဒဏ်များချမှတ်ထားခြင်းမရှိသော်လည်း အခြားမူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများအတွက် ချမှတ်ထားသည့် ထောင်ဒဏ်များကို အ ပြောင်းအလဲပြုလုပ်ရန် တစ်ခုတစ်လေမျှ အဆိုပြုထားခြင်းမရှိပေ။ ခြုံငုံပြောရမည်ဆိုပါက ဥပဒေအတွင်း ပြဋ္ဌာန်းပါရှိသည့် ပြစ်ဒဏ်များအားလုံးသည် အလွန်ပြင်းထန်၍ ပြစ်မှုနှင့်ပြစ် ဒဏ်အချိုးအစားမျှတမှု လုံးဝကင်းမဲ့လျက်ရှိသည်။ အထက်တွင်ဖော်ပြထားသကဲ့သို့ပင် မူးယစ်ဆေးဝါးကုန်ကူးမှုအတွင်း မဆိုစလောက်သာ အနည်းအကျဉ်းမျှ ပါဝင်ပတ်သက်မိ သူများဖြစ်ကြောင်း အားလုံးအသိဖြစ်သော်လည်း ဘိန်းပမာဏအနည်းအကျဉ်း စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများသာမက အသေးအဖွဲဖြန့်ဖြူးရောင်းချသူများ (“သုံးစွဲ ရင်းရောင်းချသူများ”) သို့မဟုတ် တစ်ဆင့်ခံသယ်ဆောင်ပေးသူများကို နှစ်ပေါင်း ၂၀ သို့မ ဟုတ် ယင်းထက်ပိုသည့် ထောင်ဒဏ်များ ချမှတ်နိုင်ပါသည်။ ပြစ်မှုနှင့် ပြစ်ဒဏ်အချိုးအ စားမျှတမှုရှိမရှိကြည့်ရာ၌ ပြစ်မှုမြောက်ခြင်းနှင့် ပြစ်ဒဏ်များကို စိုက်ပျိုးသည့် သို့မဟုတ် လက်ဝယ်တွေ့ရှိသည့် မူးယစ်ဆေးဝါးပမာဏအပေါ်၌သာ အခြေတည်ဆုံးဖြတ်ရသည် မဟုတ်ဘဲ ပြစ်မှုကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုအတိုင်းအတာ၊ တရားမ၀င် မူးယစ်ဆေးဝါးဈေးကွက်အတွင်းရှိ ပြစ်မှုကျူးလွန်သူ၏ အခန်းကဏ္ဍကဲ့သို့သော အခြားအ ရေးပါသည့် အကြောင်းတရားများ သို့မဟုတ် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်သည့် ရှိရင်းစွဲအ ကြောင်းတရားများ(ဥပမာ ပထမအကြိမ်မြောက်ပြစ်မှုကျူးလွန်ခြင်း၊ အခြားအသက်မွေးဝမ်း ကျောင်းလုပ်ငန်း ရွေးချယ်လုပ်ကိုင်နိုင်မှုမရှိခြင်း၊ ကလေးသူငယ်များ သို့မဟုတ် မိသားစုအ တွင်းမှီခိုသူများကို တစ်ဦးတည်းကျွေးမွေးပြုစုရသူ၊ ပြစ်မှုကျူးလွန်ရာ၌ အကြမ်းဖက်မှုမရှိ ခြင်းစသည်တို့)ကိုပါ ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အပြင် အနိမ့်ဆုံးပြစ်ဒဏ်များအောက် ပြစ်ဒဏ်များကို လျှော့ပေါ့ချမှတ်ခွင့်မပြုခြင်းသည် (ဥပမာ “အနည်းဆုံး ၅ နှစ် ထောင်သွင်းပြစ်ဒဏ်ချမှတ်မှုမှစတင်၍”) တရားသူကြီးများအား ပြစ်မှုအခြေအနေတစ်ခုလုံးကို ရှုထောင့်ပေါင်းစုံမှထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိစေရန် တား ဆီးပိတ်ပင်လျက်ရှိသည်။ နောက်ဆုံးအနေဖြင့် မူးယစ်ဆေးဝါးပြစ်မှုများအတွက် သေဒဏ် ချမှတ်ခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးစံများနှင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ ပဋိဉာဉ်သဘောတူစာချုပ်များနှင့် ဆန့်ကျင်ကွဲလွဲလျက်ရှိသည်။3 သို့ဖြစ်၍ မှု ခင်းဆိုင်ရာအချက်အလက်များအားလုံးနှင့် ကျူးလွန်သူများအား ပြစ်မှုထင်ရှားကြောင်း သတ်မှတ်၍ သက်ဆိုင်ရာ ပြစ်ဒဏ်များချမှတ်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် ကိစ္စအ၀၀ကို ဥပဒေအတွင်း အတိအကျထည့်သွင်းပြဋ္ဌာန်းထားရန် အကြံပြုထားပါသည်။ မူးယစ်ဆေးဝါးပြစ်မှုများအတွက် အနိမ့်ဆုံးပြစ်ဒဏ်များထက် လျော့နည်း၍ ပြစ်ဒဏ်ပေး နိုင်ခြင်းမရှိစေရန် ကန့်သတ်ထားသည့်ပြဋ္ဌာန်းချက်များနှင့် သေဒဏ်ပေးခြင်းတို့ကို ပယ်ဖျက် ရန် လိုအပ်ပါသည်။

ဤလင့်ခ်ကိုကြည့်ပါ။ https://www.unodc.org/documents/drug-treatment/UNODC-WHO-Principles-of-D...
UNODC ၏ ထုတ်ပြန်ချက်အရ ပျမ်းမျှအားဖြင့် ၁၀ မှ ၁၅% ခန့်သော မူးယစ်ဆေးဝါးသုံးစွဲသူများကသာ ပြဿနာရှိ သည့် မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံ သို့မဟုတ် မှီခိုစွဲလန်းသည့် အဆင့်သို့ရောက်ရှိကြောင်း သိရှိရပါသည်။
FIDH နှင့် သေဒဏ်ဆန့်ကျင်ရေး ကမ္ဘာ့မဟာမိတ်အဖွဲ့ - အာရှဒေသတွင်း မူးယစ်ဆေးဝါးပြစ်မှုများအတွက် သေဒဏ်ချ မှတ်မှု အစီရင်ခံစာ - ၂၀၁၅ https://www.fidh.org/IMG/pdf/asia_death_penalty_drug_crimes_fidh_wcadp_r...