ကချင်တိုင်းရင်းသားများ သတိထားရမည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း

ဒေါ်လဖိုင်ဆိုင်းရော်မှ တင်ပြဆွေးနွေးသည်
31 January 2019
Article

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China Myanmar Economic Corridor, CMEC) တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၈၊ စက်တင်ဘာလမှာ မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည်။ CMEC သည် တရုတ်အင်ပါယာနှင့် အနောက်တိုင်း ဈေးကွက်များကို တချိန်က ချိတ်ဆက် ပေးခဲ့ သည့် ရှေးဟောင်းပိုးလမ်း မကြီးကိုနှစ်ဆယ့်တစ်ရာစုအသွင် ပြန်လည် ပုံဖော်မည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း (Belt and Road Initiative, BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Kachin traditional manao ceremony, northern Shan State / Photo credit Tom Kramer

BRI မှာ “ဒေသတွင်းချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်နှင့် ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန်” ဟု တရုတ်အစိုးရက ပြောသော်လည်း တရုတ်အစိုးရ၏ ကမ္ဘာကြီးအပေါ် လက်ဝါးကြီးအုပ်လိုမှုကို မပေါ်ရုံတမယ် ဖုံးထားသော ကိုလိုနီလက်သစ်ဝါဒ ဟု မြင်သူများလည်း ရှိသည်။ မူလအမည် One Belt, One Road စီမံကိန်းမှ One ကို ဖြုတ်ပြီး Belt and Road Initiative, BRI အဖြစ် အမည်ပြောင်းလိုက်ခြင်းကိုက ဤစီမံကိန်းကို အဆိုးမြင်မှုများ လျော့ပါးသွားအောင် ကြိုးစားမှုတစ်ခုဟု မြင်ကြသည်။

 

CMEC ကို မြန်မာနိုင်ငံတွင် ၂၀၂၀ မတိုင်ခင် အကောင်အထည်ဖော်မည်ဟု အစိုးရအသိုင်းအဝိုင်းက ခန့်မှန်းကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သောင်မတင်ရေမကျဖြစ်နေပြီး တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ထူပြောနေဆဲဖြစ်သောကြောင့် ထိုဒေသများတွင် CMEC ကို တစ်နှစ်အတွင်း အကောင်အထည်ဖော်မည် ဆိုသည်မှာ အချိန်ကောင်းမဟုတ်ဟု အပေါ်ယံအားဖြင့် ယူဆနိုင်သည်။ သို့သော်လည်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင် CMEC၏ အဓိကစီမံကိန်းဒေသများပါဝင်သော စစ်ဌာနချုပ်နယ်မြေများတွင် တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း တပ်မတော်က ကြေညာခဲ့သည်။ ထိုသို့ ကြေညာခြင်းမှာ ဤစီမံကိန်းကို တရုတ်က မဖြစ်ဖြစ်အောင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြယုဂ်တစ်ခု ဖြစ်သည်။

 

အပစ်အခတ်ရပ်စဲခြင်းအကြောင့် လုံခြုံရေးအခြေအနေ တိုးတက်ကောင်း တိုးတက်လာနိုင်သည်။ သို့သော်လည်း စီမံချက်ဒေသများရှိ တိုင်းရင်းသားရေး၊ ဘာသာရေးနှင့် လူမှုရေးကွာဟချက်များကို လျစ်လျူရှုပြီး ချိတ်ဆက်မှုကို အလျင်စလို ချဲ့ထွင်ခြင်းမှာ လက်ရှိပဋိပက္ခများကို ပိုမိုဆိုးရွားလာစေနိုင်သည်။ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းလို အလွန်အထိအရှလွယ်သောဒေသ

များတွင် တိုင်းရင်းသား ပဋိပက္ခများ ပိုမိုးဆိုးရွားလာစေနိုင်သည်။

 

အမျိုးသားအဆင့် စီမံချက်များ အကောင်အထည်မဖော်ခင် အရင်းအမြစ်များ မျှဝေခြင်းနှင့် လူမှုရေးနှင့် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ဖို့ ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်းတစ်ခုကို ဦးစွာအကောင်အထည်ဖော်ရန် လိုအပ်သည်။ ထိုသို့ မလုပ်ဆောင်လျှင် တရုတ်ရင်းနှီးမြုပ်နှံသော 

စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်မှု ပိုမိုနည်းပါးလာမည်။ တရုတ်အစိုးရအနေနှင့်လည်း ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ဘက်လိုက်မှုကင်းသော စေ့စပ်ညှိနှိုင်းပေးသူဆိုသည့် လူအများ၏ လက်ခံယုံကြည်မှုကို ဆုံးရှုံးရလိမ့်မည်။ ၂၀၁၁ခုနှစ်တွင် ပြည်သူ၏ဖိအားပေးမှုအကြောင့် ရပ်ဆိုင်းခဲ့ရသော တရုတ်ငွေဖြင့် တည်ဆောက်ခဲ့သည့် မီဂါဝပ်မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်ကြည့်ပြီး သင်ခန်းစာယူနိုင်သည်။ 

 

ရပ်ရွာလူထု၏ သဘောထားမပါဘဲ ဖော်ဆောင်ခဲ့သောကြောင့် CMEC စီမံကိန်းမှာ စိုးရိမ်စရာ ဖြစ်သည်။ တရုတ်ပြည်တွင်းတွင် BRI ကို အားမြှင့်ပေးနိုင်မည့် လုပ်ငန်းစီမံချက်များ အပါအဝင် Belt and Road တွင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်နိုင်ရန် အခွင့်အရေးများကို တရုတ်အစိုးရက ဖန်တီးပေးခဲ့သည်။ သို့သော်လည်း ဤကဲ့သို့ အခွင့်အရေးပေးမှုမျိုးကို BRI တွင် ပါဝင်သော တရုတ်၏မိတ်ဖက်နိုင်ငံများတွင် ချဲ့ထွင်လုပ်ဆောင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ စီမံချက်ရေးဆွဲရေးလုပ်ငန်းစဉ်တွင် အရပ်ဖက်လူ့အဖွဲ့အစည်း ပါဝင်မှု မရှိသလောက် ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ တိုင်းရင်းသားထိန်းချုပ်သော ဒေသများတွင် စီမံကိန်းများကို ဒေသခံ တိုင်းရင်းသားများနှင့် ညှိနှိုင်းခြင်းမရှိဘဲ တရုတ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကြား သဘောတူညီမှုနှင့်သာ အလျင်စလို အကောင်အထည် ဖော်လျက်ရှိသည်။ ဥပမာ ကချင်ပြည်နယ်နှင့် မန္တလေးဒေသတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများကို CMEC နှင့်ဆက်နွယ်သည်ဟု ကြော်ငြာထားသော်လည်း CMEC ဘောင်တွင် ထိုစီမံကိန်းများ မည်ကဲ့သို့ ဝင်ဆံ့သည်ကို ဒေသခံရပ်ရွာလူ့အဖွဲ့အစည်းများ လုံးဝမသိကြပေ။

 

မုန်းတိုင်းထန်တော့မည်မှာ သေချာသည်။ မဖြေရှင်းရသေးသည့် နိုင်ငံရေးနစ်နာချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်သုဉ်းမှု စသည့် နိုင်ငံရေးမုန်တိုင်းဒဏ်ခံနေရသော ကျွန်မတို့အပေါ်တွင် CMEC သည် တိမ်စိုင်မည်းကြီးတစ်ခုကဲ့သို့  အုပ်မိုးထားသည်။ ကျွန်မတို့ ကချင်လူမျိုးတွေ အတွက်တော့ CMEC အကောင်အထည်ဖော်သည်နှင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ CMEC နှင့် နောက်ဆက်တွဲရလဒ်များကို ရင်ဆိုင်ရတော့မည်။

 

အခုအခြေအနေအရ ကျွန်မတို့သည် ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုသလို ရွေးချယ်စရာသိပ်မရှိ။ မြန်မာအုပ်ချုပ်မှုအောက်က အသွင်ပြောင်းမှုလုပ်ငန်းစဉ်နှင့် ညှိနှိုင်းလို့မရသော၊ ဗဟိုဆန်သော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” တွင် ပူးပေါင်းပါဝင်မည့်အစား တရုတ်နှင့် BRI ကို လက်တွဲရတော့မလား ဆိုတာ လက်ရှိ ကျွန်မတို့ ရင်ဆိုင်နေရသည့်မေးခွန်း ဖြစ်သည်။

 

ကျွန်မတို့သည် လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ စစ်ရေးအရ အကြမ်းဖက်မှု၊ ရွှေ့ပြောင်းခံရမှု၊ ဆင်းရဲမှု၊ လူကုန်ကူးခံရမှု၊ အပစ်အခတ်ရပ်စဲမှု နှင့် ပြန်လည်နေရာချထားခြင်းခံရမှု ဒုက္ခသံသရာထဲ နှစ်ပေါင်း ၇၀ ကျင်လည်ခဲ့ကြရပြီး ဘယ်သူမှ မသိလိုက်ခင်မှာပင် သံသရာဟာ တစ်ပတ်ပြန်လည်တော့မည်။ စစ်အင်အား အလုံးအရင်းဖြင့် တစိမ့်စိမ့်သိမ်းပိုက်ခံရသောခေတ်ကို ဖြတ်သန်းပြီးနောက် သူ့နည်း သူ့ဟန်နှင့် ကြောက်စရာကောင်းသော တရုတ်ကျူးကျော်မှုခေတ်ကို  ဖြတ်သန်းရဦးမည်။ ထမ်းပိုးလား၊ လှည်းတုတ်လား ရွေးစရာမရှိသည့် ကျွန်မတို့ နှစ်ခုစလုံးကို ရင်ဆိုင်ရ တော့မည်။

 

ဒီမုန်တိုင်းကို ကျွန်မတို့ ကျော်ဖြတ်နိုင်ဖို့ မုန်တိုင်း၏အားအနည်းဆုံးနေရာဖြစ်သည့် ဗဟိုချက်ကို စီးနင်းထွက်ရမည်ဟု ကချင်အရပ်ဖက်အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးဆောင်သူတချို့က ယုံကြည်သည်။ ကချင်လူမျိုးများသည် လူမျိုးစုတစ်စုအနေဖြင့် လူဦးရေလည်း မပြောပလောက်သည့်အပြင် အားနည်းနေသည်။ ထို့ကြောင့် အများနှင့်မဟာမိတ်ဖွဲ့သော ပေါ်လစီ (multi-alligned policy) ကို ကျင့်သုံးလျှင် ပိုအကျိုးရှိလိမ့်မည်၊ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ပြီး သဟဇာတဖြစ်သည့် လူ့ဘောင်ကို တည်ထောင်ခြင်း၊ ပါဝင်ပတ်သတ်နေသူအားလုံး အကျိုးရှိစေမည့် နည်းလမ်းများကို ရှာ၍ မြန်မာအစိုးရကိုရော တရုတ်အစိုးရကိုပါ ဂရုတစိုက်ဆက်ဆံလျှင် ပိုအကျိုးရှိလိမ့်မည်။

 

သို့သော် အထက်ပါအယူအဆ၏ ပြဿနာမှာ နဂိုတည်းကမှ ကျွန်မတို့ကို လူရာမသွင်းသော မြန်မာအစိုးရနှင့် တရုတ်အစိုးရ ပူးပေါင်းကြံစည်ထားသော လုပ်ငန်းစဉ်ထဲတွင် ကျွန်မတို့ကိုယ်ကျွန်မတို့ ဘယ်လို ထည့်သွင်းမလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ ယခုချိန်ထိ CMEC လုပ်ငန်းစဉ်၏ ဘယ်အဆင့်၊ ဘယ်ကဏ္ဍမှာမှ ကျွန်မတို့၏ အကြံဉာဏ်နှင့် ပါဝင်မှုကို တောင်းဆိုခြင်းမရှိသေး။ ဒါဆိုရင် တရုတ် “ဖွံ့ဖြိုးရေး” စီမံကိန်းများ၏ အကျိုးသက်ရောက်မှုဒဏ်ကို ခံရသည့် မရေတွက်နိုင်သော ရပ်ရွာလူ့အဖွဲ့အစည်းများ၏ ကံကြမ္မာမျိုးကနေ လွတ်မြောက်အောင်၊ ဈေးနှိမ်မခံရအောင်  ကျွန်မတို့ ဘာတွေလုပ်ကြမလဲ။

 

ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှပ်နှံထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန် (မဒေးကျွန်းနားက ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ပိုက်လိုင်း) မှာထင်ရှားသည့် ဥပမာ တစ်ခု ဖြစ်သည်။ ပိုမိုတောက်ပသော အနာဂတ်၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အရေးများကို မျှော်လင့်ခဲ့သော ဒေသခံလူထု၏အိပ်မက်များ ပျက်စီးရသည့်အပြင် မြေယာအများအပြား သိမ်းပိုက် ခံရခြင်းများ၊ ဒေသတွင်း ငါးဖမ်းလုပ်ငန်းခွင်များ ပျက်စီးခြင်း၊ တရားမဝင် မြေယာသိမ်းပိုက်ခံရမှုအတွက် ဆန့်ကျင်ဆန္ဒပြခြင်းကြောင့် အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်းများနှင့်သာ ရင်ဆိုင်ခဲ့ ကြရသည်။ ထိုသို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော အခြေအနေများကြောင့် ရခိုင်နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများမှာ ဒေသခံရခိုင်လူထုကို တိုင်ပင်ခြင်းမပြုဘဲ BRI နှင့်ဆက်စပ်သော စီမံကိန်းကြီးများကို ဆက်မလုပ်ဖို့ တောင်းဆိုနေကြပါပြီ။ 

 

တရုတ်ပညာရှင် ယွမ်ယွမ်အန်းက “BRI ဟာ လမ်းပြမြေပုံ လိုတယ်၊ BRI ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တခြားစီမံကိန်းတွေလိုပဲ သိပ်ကြီးမားပြီး အချိတ်အဆက်မမိ ဖြစ်နေတယ်” ဟု ပြောသည်။ “BRI ဟာ (တရုတ်အစိုးရက ဖြစ်စေချင်သည့်) မျှော်မှန်းချက်တစ်ခုသာဖြစ်ပြီး စီမံချက်တစ်ခု မဟုတ်ဘူး” ဟုလည်း သူမက ထပ်ဖြည့်ပြောသည်။ ကျွန်မအတွက်တော့ မျှော်မှန်းချက်ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် မျှော်မှန်းချက်ဆိုသည်နှင့် ခပ်ဆင်ဆင်တူနေသည်မှာ ရင်ထိပ်စရာကောင်းသည်။ ပင်လုံစာချုပ်ဆိုသည်မှာ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများစွာ အတူတကွ နေထိုင် နိုင်သည့် ပြည်ထောင်စုကြီးတစ်ခု ဖော်ဆောင်ဖို့အတွက် လက်တွေ့ကျသော စီမံချက်မဟုတ်ဘဲ ဗြိတိသျှအစိုးရဆီက မြန်မြန်ဆန်ဆန်နှင့် လွယ်လွယ်ကူကူ လွတ်လပ်ရေးရရှိရန် တက်သုတ်ရိုက် ဖန်တီးထားသော ကိရိယာတစ်ခုသာ ဖြစ်သည်။ အကျိုးဆက်မှာ လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကြာပြီးချိန်တွင် ဗမာလူမျိုးမဟုတ်သည့် တိုင်းရင်းသားများက ဗမာလူမျိုးများဟာ အရင်တုန်းကရော အခုရော ဘယ်တုန်းကမှ တိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွဲ့နေချင်တာ မဟုတ်ဘူးလို့ ယုံကြည်လက်ခံ လာခြင်း ဖြစ်သည်။

 

CMEC လုပ်ငန်းကော်မတီတစ်ခုလုံးကို ကြည့်မယ်ဆိုလျှင် ဗမာကလွဲလို့ တခြား တိုင်းရင်းသားများပါဝင်သည်ကို မတွေ့ရပါ။ ကော်မတီမှာ ဘယ်သူတွေပါသလဲ မကြေညာသေးပေမည့် ကော်မတီတွင် ပါဝင်သော အဖွဲ့အစည်းများမှာ တပ်မတော်နှင့် NLD ၏ အကျိုးစီးပွားကို ကိုယ်စားပြုသော အဖွဲ့အစည်းများသာ ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ CMEC စီမံချက်ရေးဆွဲသူများအနေနှင့် အာဏာရပါတီနှင့် စစ်တပ်ကိုသာ ညှိနှိုင်းပြီး ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ ဖော်ဆောင်ခြင်း၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ပြန်လည် သုံးသပ်သင့်သည်။ 

 

ယခုအချိန်တွင် ကျွန်မတို့၏ နိုင်ငံမှာ ခိုင်မာတည်တံ့သော အပြောင်းအလဲများ ဖြစ်ဖို့ ဝိုင်းပြီးကြိုးပမ်းနေကြသူ အားလုံး၏စည်းလုံးမှုသာ  အရေးကြီးဆုံး ဖြစ်သည်။ CMEC နှင့် ပတ်သတ်သော ညှိနှိုင်းဆွေးနွေးပွဲများတွင် တရုတ်နှင့် NLD အစိုးရ ကိုယ်စားလှယ်များ နှင့်အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကိုယ်စားလှယ်များပါ ပါဝင်သင့်သည်။ ကျွန်မတို့ နိုင်ငံတော်၏ လွတ်လပ်ရေးကို ထိန်းသိမ်းချင်သည်ဆိုလျှင် ဤစိန်ခေါ်မှုကြီး၏ဗဟိုချက်ကို ဆွဲကိုင်ပြီး ဖြတ်သန်းဖို့လိုသည်။ ဒါဟာ ကျွန်မတို့အားလုံးအတွက် စိန်ခေါ်မှုပဲ ဖြစ်သည်။

 

အလားတူပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဖက်ဒရယ်ဘောင်အတွင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်သော အရည်အချင်းရှိသည်၊ လူများစုဗမာတိုင်းရင်းသားများနှင့် လက်တွဲလုပ်ဆောင်နိုင်သည်ကို သက်သေပြဖို့ လိုသည်။ ဤအခြေအနေကနေ ကျွန်မတို့ မရုန်းထွက်နိုင်လျှင် တရုတ်နိုင်ငံ ရှင်းကျန်း (Xinjiang) ပြည်နယ်မှ အွီးဂါး (Uighur) လူမျိုးတွေလိုပင် ကျွန်မတို့သည်လည်း ကိုယ့်ပြည်နယ်မှာကိုယ် အသိအမှတ်ပြုမခံရသော လူမျိုးများ ဖြစ်သွားပါလိမ့်မည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ခွဲထွက်ရေးဝါဒီ၊ အကြမ်းဖက်ဝါဒီများဟု စွပ်စွဲပြီး မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ဆက်လက် တွေ့ကြုံနေရဦးမည်။

 

အုပ်ချုပ်နေသော ဗမာအထက်လွှာကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို (အစိုးရကို ဖြုတ်ချလိုသူများနှင့် ရန်သူများဟု အဓိပ္ပာယ်ရသည့်) “သူပုန်များ” ဟု မသတ်မှတ်ဘဲ တည်ငြိမ်ပြီး ကုန်ထုတ်စွမ်းအားကောင်းသော နိုင်ငံတော်ကို ဖော်ဆောင်လိုသည့် ညီအစ်ကိုမောင်နှမများဟု နားလည်လက်ခံထားရန် လိုအပ်သည်။

 

မြန်မာပြည် ငြိမ်းချမ်းရေးကို လိုလားသည့်အပြင် နိုင်ငံတစ်ခု မူဝါဒ နှစ်ခု၊ သုံးခု (ဟောင်ကောင်၊ မကာအို) အတွေ့အကြုံရှိသော ဧရာမအိမ်နီးချင်း တရုတ်နိုင်ငံသည်လည်း ကျွန်မတို့ကို အများကြီး အကူအညီပေးနိုင်သည်။ သဘာဝအရင်းအမြစ်များကို မျှဝေသုံးစွဲခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော အရည်အချင်းရှိခြင်း၊ အဓိကကျသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် မြန်မာအစိုးရနှင့် ရင်ဘောင်တန်းဆွေးနွေးနိုင်သော အခြေအနေကို ဖန်တီးနိုင်ခြင်း ဆိုသည့် ကဏ္ဍများတွင် ရေရှည်ထိန်းသိမ်းနိုင်မည့် ထောက်ပံ့မှုများကို တရုတ်က ပေးနိုင်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ၂၀၂၀ တွင် လမ်းကြောင်းပေါ်ပြန်ရောက်လာလျှင် ကျွန်မတို့၏အိပ်မက်များ အကောင်အထည် ပေါ်လာပြီဟုပင် ဆိုနိုင်သည်။

 

ဤအဆင့်များကို မလုပ်ဆောင်လျှင် မြန်မာနိုင်ငံတွင် တရုတ်၏စီးပွားရေးစီမံကိန်းသည် မအောင်မြင်သည့်အပြင် မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီနှင့် လိုက်လေဝေးလေ ဖြစ်နေပြီး ပြည်ထောင်စုစိတ်ဓာတ်သည်လည်း ပြန်လည်ရှင်သန်နိုင်မည် မဟုတ်တော့ပေ။

 

“မြန်မာ/ဗမာ” ဆိုသည်မှာ မြန်မာနိုင်ငံရှိ လူများစုတိုင်းရင်းသားအုပ်စု၏အမည် ဖြစ်သည်။ ထို့ကြောင့် “မြန်မာ” သည် တိုင်းရင်းသားလူမျိုးစုတစ်စုကိုသာ ကိုယ်စားပြုပြီး အခြားတိုင်းရင်းသားများကို ကိုယ်စားမပြု။ မြန်မာ/ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးစုများသည် ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိရန် လူများစုဖြစ်သော မြန်မာ/ဗမာ တို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၇ ပင်လုံစာချုပ်အရ ပြည်ထောင်စုကို တည်ထောင်ခဲ့ပြီး ထိုစာချုပ်မှာ တိုင်းရင်းသားလူနည်းစုအားလုံးကို ပြည်ထောင်စုတည်ထောင်သူများ အဖြစ် (မြန်မာ/ဗမာများနှင့်) တန်းတူအခွင့်အရေးပေးခဲ့သည်။ ပင်လုံသဘာတူညီချက်များကို အကောင်အထည်မဖော်နိုင်ခြင်းမှအစပြုပြီး မြန်မာ/ဗမာ၏ အုပ်ချုပ်မှုကို လူနည်းစု တိုင်းရင်းသားများ လက်မခံခဲ့ကြခြင်း ဖြစ်သည်။

 

 

လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် ဖြစ်ပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ကို ထူထောင်သူဖြစ်သည်။ သူမသည် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သူ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။ ဤဆောင်းပါးကို Kachinland News တွင် စတင်ဖော်ပြခဲ့သည်။