သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဆိုင်ရာ သင်ပုန်းကြီးဖတ်စာ
17 Enero 2019
Primer

အနှစ်ချုပ်

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် စိုက်ကွက်တစ်ခုကို နောက်တစ်ကြိမ်ပြန်လည်မစိုက်ပျိုးမီ သစ်တော သစ်ပင်များ ပြန်လည်ပေါက်ရောက်ရှင်သန်နိုင်မည့် ကာလအပိုင်းအခြားတစ်ခုအထိ အနားပေးသည့်စနစ်မျိုးဖြင့် ရာသီအလိုက်သီးနှံများကို ရောနှောစိုက်ပျိုးသည့် သီးနှံ-သစ်တောရောနှောစိုက်ပျိုးမှု ပုံစံတစ်မျိုးဖြစ်သည်။ 

Pa-O farmers in Shan State Slider
Pa-O farmers in Shan State / Photo credit Tom Kramer

ဤစိုက်ပျိုးရေးစနစ်သည် ကမ္ဘာတစ်လွှား တွင်တွင်ကျယ်ကျယ် ပျံ့နှံ့ရေပန်းစားတဲ့ စနစ်တစ်ခုဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံရှိ လက်လုပ်လက်စား ကျေးလက်နေလူထုလူတန်းစား သန်းပေါင်းများစွာသည် ရွှေ့ပြောင်းတောင် ယာစနစ်ကို ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အနေဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကျင့်သုံးလာခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိလည်း နိုင်ငံတစ်နံတစ်လျားရှိ ရပ်ရွာအသိုက်အ၀န်းနှင့် အိမ်ထောင်မိသားစုပေါင်းများစွာ၏ စားနပ်ရိက္ခာဖူလုံရေးကို ဆက်လက်ထောက်ပံ့ပေးနေဆဲဖြစ်သလို တောင်သူတွေကိုယ်၌လည်း ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းတန်ဖိုးထားနေကြဆဲဖြစ်သည်။

 

သို့သော်လည်း ၁၉ ရာစုအစောပိုင်းမှစ၍ နိုင်ငံအစိုးရအမြောက်အများက ၎င်းတို့လိုလားနှစ်ခြိုက်သည့် အတည် တကျစိုက်ပျိုးရေးပုံစံထက် သိမ်နုပ်သည့် စနစ်တစ်ရပ်လို စတင်ရှုမြင်လာခဲ့သည်။ ထိုအမြင်သဘောထားမျိုးဖြင့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ဆိုးရွားလွန်းသဖြင့် အမြစ်ပြုတ်မြေလှန်ဖယ်ရှားရန် လိုအပ်သည့် ပြဿနာတစ် ရပ်ကဲ့သို့ ပုံဖော်လာခဲ့သည်။ အမြဲတမ်းလိုလို ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကို သစ်တောပြုန်းတီးစေ သည့် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဝေဖန်ပြစ်တင်လေ့ရှိပြီး အစိုးရဌာနများက အမြဲတမ်းလိုလို အနားပေးစိုက်ကွက်များကို ‘စွန့်ပစ်မြေ’ သို့မဟုတ် ‘မြေဖျင်း’ဟု ခေါင်းစဉ်တပ်သိမ်းယူကာ အခြားသောမြေယာအသုံး ပြုမှုပုံစံများအတွက် လုပ်ပိုင်ခွင့်ပြန်လည်ချပေးလျက်ရှိသည်။ ဤကဲ့သို့သော အရေးယူဆောင်ရွက်ချက်များက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလျက်ရှိသည့် နယ်မြေဒေသအများအပြားကို ဆင်းရဲနွမ်းပါးမှု၊ ဆုံးရှုံးနစ်နာမှုနဲ့ ပဋိပက္ခများဆီသို့ ဦးတည်တွန်းပို့လျက်ရှိသည်။

 

ရွှေ့ပြောင်းတောင်ယာက ဘာကြောင့်ဒီလောက်ထိ ၀ိရောဓိဖြစ်နေရသလဲ။ မတူကွဲပြားတဲ့ အကျိုးပတ်သက်ပါ ၀င်သူတွေရဲ့ အမြင်သဘောထားတွေ ဘာကြောင့်ဒီလောက်ထိ ကွဲလွဲနေကြသလဲ။ တစ်ဖက်က လေးလေးစား စားတန်ဖိုးထားကျင့်သုံးနေတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်နေပေမယ့် အခြားတစ်ဖက်ကတော့ ရာဇ၀တ်မှုကျူးလွန်တဲ့ ပြစ်မှုတစ်ခုလိုဘဲ သဘောထားနေကြတာ ဘာကြောင့်လဲ။  

 

ဤစာတမ်း၌ မတူကွဲပြားသည့် ရှုထောင့်ပေါင်းစုံကို လွှမ်းခြုံဖော်ပြထားသကဲ့သို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် သန်းပေါင်းများစွာသော ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသူများ၏ စိတ်ကူးအိပ်မက်များကို ယခုထက်ပို၍ ထိထိ ရောက်ရောက် တရားဝင်ကိုယ်စားပြုနိုင်စေမည့် နည်းလမ်းများကိုပါ ဆွေးနွေးတင်ပြထားပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးအာဏာခွဲဝေကျင့်သုံးမှုဆိုင်ရာ အခင်းအကျင်းမျိုး၌ ၎င်းတို့ကို မည်မျှအ တိုင်းအတာအထိ မည်ကဲ့သို့ ထည့်သွင်းစဉ်းစားပေးမည်နည်း။ စာတမ်းအတွင်း၌ အဓိကကျသည့် သုံးသပ်တင် ပြချက်များနှင့် တိုက်တွန်းအကြံပြုချက်(၅)ချက်ကို ဆွေးနွေးတင်ပြထားပါသည်။ 

၁။ ရွှေ့ပြောင်းတောင်ယာ၏ အခြေခံသဘောတရားများအပေါ် အထူးသဖြင့် ပြည်ထောင်စုအစိုးရအဆင့်၌ များစွာ နားလည်မှုလွဲမှားနေဆဲဖြစ်သည်။

 

  • ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ရဲ့ အရေးပါမှုနဲ့ အကျိုးပြုမှုကို ရှင်းလင်းအတည်ပြုဖို့အတွက် သ တင်းအချက်အလက်တွေ အများကြီးလိုအပ်နေဆဲပါ။ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ၊ တစ်ဖက်သတ် ကောက်ချက်ချမှုတွေနဲ့ မတရားတဲ့အကျိုးဆက်တွေကို လျှော့ချနိုင်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာ စနစ်နဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ မူဝါဒချမှတ်သူတွေနဲ့ ဗျူရိုကရက်အရာရှိတွေကို ဒီစနစ်တွေနဲ့ပတ်သက်ပြီး(အထူးသဖြင့် သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေး၊ မြေယာအုပ်ချုပ်ရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စရပ်တွေ) အခုထက်ပိုနားလည်သဘောပေါက်လာအောင် အမြင်ဖွင့်ပညာပေးဖို့  မဖြစ်မနေလိုအပ်ပါတယ်။

 

၂။ အထူးသဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသူများအား ပြင်းပြင်းထန်ထန်ဆန့် ကျင်ကန့်ကွက်လျက်ရှိပြီး ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေကြသည့် တစ်ပိုင်တစ်နိုင်စားရေ ရိက္ခာထုတ်လုပ်သူများ၏ ဒီမိုကရေစီထုံးနည်းစံကျဖြစ်သည့် စိတ်ကူးအိပ်မက်များကို လောက်လောက်လားလား ထည့်သွင်းစဉ်းစားပေးခြင်းမရှိပေ။  

 

  • ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို တရားဝင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခုအဖြစ် ဥပဒေထဲမှာ တလေးတစားထည့်သွင်း အသိအမှတ်ပြုပေးထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ 

 

၃။ မူဝါဒအခင်းအကျင်း တိုးတက်ဖြစ်ထွန်းလာအောင် ဆောင်ရွက်နိုင်သော်လည်း အပြုသဘောဆောင်သည့် အကျိုးရလဒ်များ ဖြစ်ထွန်းလာမည်ဟု ကံသေကံမ မပြောနိုင်သေးပေ။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံတကာသိပ္ပံနည်းကျအမြင်သဘောထားသည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးကို မျှမျှတတတန်ဖိုးထား အသိအမှတ်ပြုမှုဆီသို့ ပြောင်းလဲလာသလို(ဥပမာ Dressler et al.2016) ပြည်တွင်း၌လည်း ၂၀၁၆ ခုနှစ် အမျိုး သားမြေအသုံးချမှုမူဝါဒနှင့် လက်ရှိစိုက်ပျိုးရေးမူဝါဒမူကြမ်းတို့တွင်လည်း ယေဘုယျဆန်ဆန် အပြုသဘောဖြင့် အသိအမှတ်ပြုထားသည်ဟု ရှုမြင်ရပါသည်။ သို့သော်လည်း မြေယာနှင့် စိုက်ပျိုးရေးမူဝါဒတို့အပြင် ရာသီဥတု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒအပါအ၀င် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၌ မြောက်များလှစွာသော လွှမ်းမိုး ဖိအားပေးမှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ 

 

  • ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးကဏ္ဍထဲက အထိခိုက်လွယ်တဲ့ သီးခြားအပိုင်းတွေကို အကာအကွယ် ပေးမယ့် မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်ရေးဆွဲပြင်ဆင်ပြီးတော့ ဥပဒေနဲ့ ဗျူရိုကရေ စီဆန်တဲ့ အလေ့အကျင့်တွေထဲ မဖြစ်မနေသွတ်သွင်းထားရှိဖို့ လိုအပ်ပါတယ်။ ကျေးရွာပိုင်မြေတွေ (လက်ရှိစိုက်ပျိုးနေတာရော အနားပေးထားတာရောအပါ)မှာ ရွှေ့ပြောင်းစိုက်ပျိုးမှုကို မဖြစ်မနေအသိ အမှတ်ပြုပေးဖို့၊ ဓလေ့ထုံးတမ်းစနစ်များကို အားပေးအားမြှောက်ပြုဖို့နဲ့ လုပ်ပိုင်ခွင့်အာမခံချက်ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ အထူးသဖြင့် သီးနှံစိုက်ပျိုးထွန်ယက်ထားခြင်းမရှိဘဲ အနားပေးထား တဲ့ စိုက်ကွက်တွေအတွက် အရမ်းအရေးကြီးပါတယ်။

 

၎။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသူများ၏ အကျိုးစီးပွားအတွက် မူဝါဒပြောင်းလဲရေး စည်းရုံးအရေးဆိုမှုများ ပြု လုပ်၍ တောက်ပသည့်အနာဂတ်ဆီသို့ တောင်သူများ တက်လှမ်းနိုင်အောင် ကူညီပေးရန်အတွက် ဥပဒေအရ အသိအမှတ်ပြုမှုအပြင် အစိုးရ၏ စဉ်ဆက်မပြတ် အားပေးထောက်ပံ့မှုကိုလည်း လိုအပ်နေပါသည်။ 

 

  • ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်အပေါ် မှီခိုအားထားနေကြရတဲ့ ကျေးလက်နေလူထုလူတန်းစား တွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို အာမခံချက်ရှိအောင် အကာအကွယ်ပေးဖို့နဲ့ ဖွံ့ဖြိုးတိုးတက်လာ အောင် အားပေးကူညီဖို့အတွက် ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ သီးနှံ-သစ်တောရောနှော စိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် ဌာနခွဲလို အဖွဲ့အစည်းမျိုးရှိနေဖို့ လိုအပ်နေပါတယ်။

 

၅။ အသိအမှတ်ပြုပေးရန်နှင့် မိမိ၏အခွင့်အရေးများကို ခိုင်မာစွာ တောင်းဆိုနိုင်ရန် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသူတောင်သူများကိုယ်တိုင် မျက်ခြေမပြတ် စနစ်တကျစည်းရုံးလှုပ်ရှားမှုပြုရန် မဖြစ်မနေလိုအပ်ပါသည်။

 

  • ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသူတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ သီးခြားမူဝါဒရေးရာ အပြောင်းအ လဲတွေကို ရေးဆွဲပြင်ဆင်ပြီး ရှင်းလင်းပြတ်သားစွာ စည်းရုံးပြောဆိုနိုင်ဖို့အတွက် နယ်ခံအဖွဲ့အစည်း တွေ၊ ကွန်ရက်တွေနဲ့ သမဂ္ဂအဖွဲ့ချုပ်တွေရဲ့ အင်အားတွေလည်း လိုအပ်ပါတယ်။