အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

ကျော်လင်း
07 အောက်တိုဘာလ 2020
Article

မန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

စာရေးသူ

၂၀၁၇ ခုနစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်  နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်စဉ်။  ဓါတ်ပုံ- ဧရာဝတီ
၂၀၁၇ ခုနစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်စဉ်။ ဓါတ်ပုံ- ဧရာဝတီ

၁၉၉၀ ရွေးကောက်ပွဲတွင် အဆိုပါပါတီ(၃)ခု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) တို့သည်လည်း ၄င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံနယ်မြေများတွင် အများစုအနိုင်ရရှိခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် စစ်အစိုးရဖြစ်သော ‘နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့’ (န.၀.တ) (State Law and Order Restoration Council- SPDC) အနေဖြင့် အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့ပြီး၊ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားသော အုပ်စုများကိုလည်း ပြင်းထန်စွာနှိပ်ကွက်ခဲ့ပြန်သည်။ တုန့်ပြန်သည့်အနေဖြင့် အဆိုပါ ပါတီ(၃)ခုစလုံးသည် လည်း တပ်မတော်မှ ဦးဆောင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ရန် ငြင်းပယ်ခဲ့ကြသည်။ တပ်မတော်ကျောထောက် နောက်ခံပြုထားသော ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီ (Union Solidarity and Development Party- USDP)မှ အနိုင်ရရှိခဲ့သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲထိတိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း မရှိဘဲ ဒီမိုကရေစီအမာခံများအဖြစ် ရင်းနှီးသော ဆက်ဆံရေးကိုထူထောင်ခဲ့ကြသည်။ ပြည်ခိုင်ဖြိုးပါတီမှအာဏာရလာသည့်တိုင်အောင် ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သား တစ်ပိုင်းအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကိုသတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ 

 

ထိုအချိန်ထိတိုင်အောင် စစ်တပ်(သို့) စစ်တပ်မှကျောထောက်နောက်ခံပြုထားသော စနစ် အားဆန့်ကျင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကဗျူဟာမှာ ဒီမိုကရေစီ အုပ်စုများ၊ လူမျိုးစုနိုင်ငံရေးပါတီများနှင့် အခြေခံကျကျ ပူးပေါင်းဆောင်ရွက်ရေးပင် ဖြစ်သည်။သို့သော် အဆိုပါဗျူဟာမှာ တပ်မတော်အား အမျိုးသားနိုင်ငံရေးတွင် တွင်တွင် ကျယ်ကျယ်နေရာပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ၂၀၁၅ ရွေးကောက်ပွဲအား တောင်ပြိုကမ်းပြိုအနိုင်ရသည်နှင့် စတင်ပြောင်းလဲလာတော့သည်။ ထိုကဲ့သို့ စစ်တပ်အားဖွဲ့စည်းပုံအရ သီးခြားအာဏာများပေးထားခြင်းသည်လည်း အနိုင်ရ ပါတီအား နိုင်ငံအနာဂတ်အတွက် အရေးကြီးသောငြိမ်းချမ်းရေး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးကဏ္ဍတို့တွင် အင်တိုက်အားတိုက် လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားပေ သည်။ (အောက်တွင် ဆက်လက်ဖတ်ရှုပါရန်) 

 

ထိုကဲ့သို့ ကန့်သတ်ချက်များရှိနေသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အပြုသဘောဆောင်ပြောင်းလဲလုပ်ဆောင်နိုင်သော တခြားသော မူဝါဒဆိုင်ရာနယ်ပယ်များ လည်းရှိနေပါသည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဗဟိုနှင့် ပြည်နယ်/တိုင်းအစိုးရများကို စိတ်ကြိုက်ရွေးချယ်နိုင်သလို၊ လွှတ်တော် (၃) ရပ်စလုံးတွင်လည်း ရွေးကောက်ခံပိုင်ခွင့်ရှိနေသည်။ သို့သော် ၄င်းအနေဖြင့်    ၂၀၁၅ ရွေးကောက်ပွဲတွင်အများစုအနိုင်ရရှိပြီးသည်နှင့် တခြားသော လူမျိုးစုပါတီများ၏ ပြည်နယ် များတွင်အနိုင်ရရှိခြင်းကို အလေးထားမှု လွန်စွာနည်းပါးခဲ့ပေသည်။ ထိုကဲ့သို့ ဘေးဖယ် ချန်ထားခဲ့ခြင်းသည်ပင် အမျိုးသားဒီမိုကရေစီအစိုးရ၏ အဓိကအားနည်းချက် တစ်ခုဖြစ်ပေ လိမ့်မည်။

 

အဆိုပါကိစ္စအား အသိသာဆုံးဖြစ်ရပ် (၂) ခုမှာ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီနှ င့် ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် ဖြစ်ပါသည်။ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၏ ပြောဆိုချက်အရ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေမှုတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်ပြည်နယ်၏ ကိစ္စရပ်မျာအား သူမတစ်ယောက်တည်းသာ လုပ်ဆောင်လိုသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည့်အခါ ရခိုင်ပါတီမှ ပြည်နယ်အစိုးရဖွဲ့ခွင့်ကို အဘယ့်ကြောင့် မတောင်ဆိုခဲ့ရသနည်းဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များအား သူမက မေးခွန်းထုတ်ခဲ့သည် ဟုဆိုသည်။ နောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအာဏာရလာပြီးခါမှ အဘယ့်ကြောင့် ထိုကဲ့သို့ တောင်းဆို နေရသနည်းဟုလည်း သူမကမေးမြန်းခဲ့သည် ဟုဆိုသည်။ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များမှလည်း ၄င်းတို့အနေဖြင့် ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်သည် မတူကြဟု ယုံကြည်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မိမိတို့၏ ရဲဘော်ရဲဖက် အဖြစ် မှတ်ယူသောကြောင့် ယခုကဲ့သို့တောင်းဆိုနေခြင်းဖြစ်ကြောင်းဟု ပြန်လည် ပြောဆို ခဲ့ကြသည်။ 

 

ဆက်တိုက်ဆိုသလိုပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှထင်ရှားသော ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအေးသာအောင်အား အမျိုးသားလွတ်တော်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ခဲ့သည်။သို့သော်ထိုကဲ့သို့ ပြုလုပ်မှုသည်ပင် ရခိုင်အမျိုးသား ပါတီခေါင်းဆောင်များနှင့် ပွင့်လင်းမြင်သာသောဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်ခဲ့ခြင်း သာဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်မှုမှာ ၄င်း၏ အစိုးရထဲတွင် လူမျိုးစုကိုယ်စားပြုမှုကို ရုပ်ပြမျှသာ ဖော်ပြလို၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်မှာ သိသာလှပါသည်။ 

 

ရှမ်းပြည်နယ်ရှိ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်လည်း ထိုကဲ့သို့ အဖြစ်မျိုးပင် ကြုံခဲ့ကြရသည်။ရှမ်းပြည်နယ်ထဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ပြည်နယ်အစိုးရအာဏာအား ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးအပ်ရန် ငြင်းပယ် ခဲ့သည်။ထိုအစားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား (ပြည်ထောင်စုအဆင့်) တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုသာ ပေးအပ်ရန်ကမ်းလှမ်းခဲ့ပြီး၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ငြင်းပယ် ခဲ့သည်။ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးမှ တိုင်းရင်းသား လူမျိုးစုတွေအနေဖြင့် ပြည်မနိုင်ငံရေးအင်အားစုတွေအပေါ်မှာ မှီတည်နေလို့ မဖြစ်နိုင် တော့ကြောင်း၊ မိမိတို့ကိုယ်ကိုသာ အားကိုးရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အစိုးရအဖွဲ့ထဲတွင်လူမျိုးစုများ၏ လုပ်ပိုင်ခွင့် အာဏာနှင့်ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်မူတည်ဆောက်ရေး မပြေလည်ရုံမျှမက လူမျိုးစုပြည်နယ်များတွင် ၄င်း၏ လုပ်ဆောင်ချက်များမှာလည်း လူများစုအာဏာရှင်စနစ် (majoritarian dictatorship) ဖြစ်နေသည်ဟု ထင်မြင်ယူဆ ကြသည်များလည်း ရှိသည်။ ထင်ရှားသော ဥပမာများမှာ ကယား (ကရင်နီ) ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားစိုက်ထူခဲ့ခြင်းနှင့် မွန်ပြည်နယ်တွင် မော်လမြိုင်-ချောင်းဆုံ တံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု အမည်ပေးခဲ့ခြင်းတို့ပင်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက် ၂ ခုစလုံးမှာပင် ဒေသခံလူထု၏ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခြင်းနှင့် သဘောထားကွဲလွဲမူများဖြင့် ရင်ဆိုင်ခဲ့ရသည်။ 

 

ကယား(ကရင်နီ)ပြည်နယ်ကိစ္စမှာဆိုလျှင် ရုပ်ထုစိုက်ထူခြင်းကို ဆန့်ကျင်သော ကရင်နီ လူငယ် ၆ ဦးမှာ (၆) လခန့် ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ကြရသည်။ အကျိုးဆက်အဖြစ် ဗမာအများစုလွမ်းမိုးထားသော ဗဟိုအစိုးရနှင့် ဒေသခံလူထုတို့ကြားထဲတွင် အမျိုးသား ပြန်လည်သင်မြတ်ရေးကို ကြီးမားစွာထိခိုက်စေခဲ့သည်။ မွန်ပြည်နယ်ကိစ္စမှာ ဆိုလျှင်လည်း ဗိုလ်ချုပ်အောင်ဆန်းနာမည်အား တံတားအမည်ပေးခြင်းကို ထောင်ချီသော ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွတ်မှုများကြားထဲမှပင် လွှတ်တော်ထဲတွင် အတည်ပြုခဲ့ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ် လွှမ်းမိုးသော လွှတ်တော်အနေဖြင့် အများစုအာဏာရှင်စနစ် အားကျင့်သုံးသလို ဖြစ်သွားခဲ့သည်။ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ မင်းအောင်ထူးမှ ‘ကျနော်တို့က အစိုးရကို ဒေသခံလူထုရဲ့ ဆန္ဒသဘောထားကို အလေးထားစေချင်တယ်။ ဒီမိုကရေစီဆိုတာ အများစုအုပ်ချုပ်ရေးဖြစ်ပေမယ့် အနည်းစုရဲ့ ဆန္ဒကို လှစ်လျှုရှုတာကတော့ တိုင်းပြည်အနာဂတ်အတွက် ကောင်းတဲ့အချက်မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရ ကို ဖျက်ဆီးခံလိုက်ရတာပါပဲ…’ ဟု ဆိုသည်။ 

 

ရခိုင်ပြည်နယ်အတွက်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခ၊ စစ်ပြေးဒုက္ခသည်များနှင့် ပတ်သက် ၍ ရခိုင်လွှတ်တော်အမတ်များမှ တင်သွင်းသောအဆိုပါများမှာလည်း  အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီလွှမ်းမိုးထားသော လွှတ်တော်မှ အဆိုများကို မဆွေးနွေးခင်မှာပင် ပိတ်ဆို့ကန့်သတ်လိုက်သည်။ ၂၀၁၈ ဇန်နဝါရီလအတွင်း အစိုးရမှ မြောက်ဦးတွင် ညတွင်းဆန္ဒထုတ်ဖော်သူများနှင့်ပတ်သက်၍ ကိုင်တွယ်ပုံနှင့် ရခိုင်လူထုအများစု အသိ အမှတ်ပြုထောက်ခံမူကို ရရှိထားသော ဒေါက်တာအေးမောင်ကဲ့သို့ ခေါင်းဆောင် (လွှတ်တော်အမတ်) ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းတို့မှာ ရခိုင်လူထုအား ပို၍ ပြင်းထန်သော လမ်းကြောင်းကို ရွေးချယ်စေရန် ဖြစ်စေခဲ့သည်။ 

 

အခြေအနေအရပ်ရပ်အား ပို၍ဆိုးရွားစေသည်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ရပ်တည်ချက်မှု ဖြစ်ပြီး၊ ဗမာတိုင်းရင်းသားမဟုတ်သော တခြားသောလူမျိုးစုများနှင့် အမျိုးသား ပြန်လည် သင်ြ့မတ်ရေးလုပ်ရာတွင် ပျော့ပျောင်းညှင်သာမှုအားနည်းခြင်းကို လှစ်ပြလိုက်သလိုရှိ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် စစ်ရေးဆိုင်ရာကိစ္စများတွင် ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အာဏာမရှိစေကာမူ၊ နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အာဏာရှိနေသည်။ ဥပမာအားဖြင့် ယခင်အစိုးရလက်ထက်မှာဆိုလျှင် သမ္မတ ဦးသိန်းစိန်မှ  ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲအားရပ်တန့်ရန် အုပ်ချုပ်ရေးအမိန့် (executive order) အားထုတ်ပြန်ခဲ့ပြီး၊ တပ်မတော်၏ ထိုးစစ်ဆင်မှုများအား သိသာစွာ လျှော့ချနိုင်ခဲ့သည်။ 

 

သို့သော် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် အဆိုပါ စစ်ပွဲများ ကြောင့် အရပ်သားလူထုသေဆုံးခြင်း၊ ဒဏ်ရာရရှိမှု မြင့်မားနေခြင်းတို့ အပေါ်တွင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ယမှုနှင့် ဂရုဏာသက်မှုကို သိသာစွာပြသမှု မရှိခဲ့ပေ။ ပို၍ဆိုးစေခဲ့သည်မှာ အစိုးရအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် ရက္ခိုင်တပ်တော်တို့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းနှင့် အင်တာနက်ဆက်သွယ်မူအား ဖြတ်တောက်ခြင်းကဲ့သို့ ပို၍ဖိနှိပ်၊ ရန်လိုသော လုပ်ဆောင်ချက်တွေကိုသာ လုပ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် ရခိုင်နှင့် တခြားသော လူမျိုးစုများအနေဖြင့် ပြသာနာများအပေါ် ထင်မြင်ယူဆချက်မှာလည်း ပြောင်းလဲလာသည်။ သူတို့အနေ့ဖြင့် ပဋိပက္ခကို အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များကြားတွင်ဖြစ်သောကိစ္စရပ်အဖြစ်သာ မမြင်ကြတော့ဘဲ၊ ဝိသေသအမှတ်အသား အပေါ်အခြေခံသော ဗမာအစိုးရ၊ ဗမာစစ်တပ်နှင့် ဗမာမဟုတ်သော လူမျိုးများကြားတွင် ဖြစ်သော ပဋိပက္ခအဖြစ်သာ ပို၍ မြင်လာကြပေသည်။ 

 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးဆိုင်ရာရပ်တည်ချက် ပြောင်းလဲခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း၏ ‘တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်’ (အခန်း-၁)၊ ပုဒ်မ (၃) တွင် ‘လွတ်လပ်ခွင့်၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် မူဝါဒများကို အခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ကို တည်ထောင်ရန် ကြိုးပမ်းသွားမည်’ ဟု ဖော်ပြထားသည်။သို့သော် ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်း၏ ‘တိုင်းရင်းသားများ အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်’ (အခန်း-၁)၊ ပုဒ်မ(၁) တွင်တော့ ‘တန်းတူညီမျှသောနိုင်ငံသားအခွင့်အရေးများနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး’ ဟုသာ ဖော်ပြထားပေသည်။ ထိုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာချက်တွင် အသုံးအနှုန်းပြောင်းလဲ ခဲ့ခြင်းသည် စကားလုံးဆိုင်ရာရွေးချယ်မှု အပြောင်းအလဲမျှမဟုတ်၊ ပါတီ၏ဖက်ဒရယ်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဆီသို့ ဦးတည်ချက်ကိုပါ ပြောင်းလဲလိုက်ခြင်းပင် ဖြစ်ပေ သည်။ 

 

ဒီမိုကရေစီစနစ်၏ အရိုးရှင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုမှုမှာ မဲအများစု၊ လူအများစုမှ အုပ်ချုပ်ခြင်း ဖြစ်ပြီး၊ ဖက်ဒရယ်စနစ်ဟူသည် ပြည်ထောင်စု၏ အစိတ်အပိုင်းအသီးသီးမှ တစ်ခုချင်း နှင့်ပူးပေါင်းအုပ်ချုပ်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလမှုအားဖြင့် ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒီမိုကရေစီဖက်ဒရယ် ဟူသော အသုံအနူန်းအား ရွေးချယ်မှုသည် ဖက်ဒရယ်စနစ်အား အများစု၏သဘောထားအတိုင်းသာ ပြုပြင်ပြောင်းလဲ သွားမည်ဟူသော ညွှန်းဆိုချက်ပင်ဖြစ်ပေသည်။ တခြားတဖက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ဟူသည် ပြည်ထောင်စု၏ဒေသနှင့် လူမျိုးအသီးသီးမှ တန်းတူစွာပါဝင်ကြခြင်းဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအား ပြုလုပ်ခြင်းကို ဆိုလိုပါသည်။အဆိုပါ မူဝါဒများအား တရားဝင်လူသိရှင်ကြားပြောကြားကြသည်များတော့ ယခုအချိန်အထိ မရှိသေးပေ။ သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် နိုင်ငံတွင်း လူများစုဖြစ်သာ ဗမာ လူမျိုးစု၏ ဆန္ဒသဘောထားကိုသာ အခြေပြုသော ဖက်ဒရယ်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရန် တဖက်သတ် ရွေးချယ်ခဲ့ပုံရသည်။ ထိုကဲ့သို့ ရွေးချယမှုသည်ပင် ဖက်ဒရယ်ဒီမိုကရေစီအား လိုလားကြသော တခြားသော ဒီမိုကရက်တစ်နှင့် လူမျိုးစု နိုင်ငံရေးအင်အားစုများ၏ ဦးစားပေးမှုနှင့် သိသာစွာ ကွဲလွဲနေပေသည်။ 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ ထိုကဲ့သို့ ရပ်တည်မှု ပြောင်းလဲသွားခြင်းသည်ပင် နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလမှုများကို ပို၍ အခက်တွေ့စေပါလိမ့်မည်။ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ဆိုင်ရာ ကိစ္စများကို သိသာသောပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ဒီမိုကရေစီအပြောင်းအလဲများကိုလည်း ရှေ့တိုးနိုင် လိမ့်မည်မဟုတ်ပေ။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ၏ ဖားတစ်ပိုင်းငါးတစ်ပိုင်းဆန်သော အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအောက်တွင် တပ်မတော်အနေဖြင့် လွှတ်တော်(၃)ရပ် စလုံး (အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်နယ်/တိုင်းလွှတ်တော်) တို့တွင် ၂၅ ရာခိုင်နှုန်း၊ (ပြည်ထဲရေး၊နယ်စပ်ရေးနှင့် ကာကွယ်ရေး) ဝန်ကြီးဌာန (၃) နေရာ၊နှင့် စစ်တရားစစ်ရင်ရေးကဏ္ဍတွင် ကာကွယ်ရေးဦးစီးချုပ်မှ အမြင့်ဆုံးဆုံးဖြတ်ပိုင်ခွင့် အာဏာ စသည်တို့ကို သီးခြားရရှိထားပေသည်။ နောက်ထပ် တပ်မတော်အနေဖြင့် စစ်ရေး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကဏ္ဍတို့တွင် စိတ်ကြိုက်ဆုံးဖြတ် လုပ်ပိုင်ခွင့်အာဏာ ရှိနေသလို၊ အရပ်သားအစိုးရမှ နိုင်ငံရေးနှင့် လူမှု-စီးပွားရေးဆိုင်ရာကဏ္ဍတို့တွင်သာ လုပ်ပိုင်ခွင့် အာဏာရှိသည်။ 

 

အကျိုးဆက်အဖြစ် ဖက်ဒရယ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို လိုလားနေသူများအတွက် ခရီးဝေးကွာလှပေသည်။ ဖက်ဒရယ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာနိုင်ငံရေး၊ စီးပွားရေး၊ နှင့်လူမူ-ယဉ်ကျေးမှုကဏ္ဍတို့တွင် အာဏာခွဲဝေမှုကို လိုအပ်ပေသည်။ သို့သော် ယခုကဲ့သို့ ဖားတစ်ပိုင်း-ငါးတစ်ပိုင်းစနစ်အောက်တွင်တော့ အရပ်သားအစိုးရသည် ဖွဲ့စည်းပုံပြုပြင် ပြောင်းလဲရေးတွင် ဗီဒိုအာဏာကို ဆုပ်ကိုင်ထားသော တပ်မတော်၏ သဘောတူညီချက် မရှိလျှင် အဆိုပါပြုပြင်ပြောင်းလဲမှုအား မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ဖက်ဒရယ် ဒီမိုကရေစီသို့ ပြုပြင်ပြောင်းလဲမှုများမှာလည်း မရေရာမသေချာမှုများဖြင့်သာ လွမ်းမိုးနေ ပေသည်။ 

 

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အဟန့်အတားဖြစ်နေသည်မှာ ထိုကဲ့သို့အခြေ အနေများသာမဟုတ်ပေ။ တခြားသော အခက်အခဲများလည်း စောင့်ကြိုနေပေသည်။ ပြည်တွင်းငြိမ်းချမ်းရေးမရလျှင် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှ မဆုတ်ခွာနိုင်ဟု တပ်မတော်၏ ရပ်တည်ချက်ကိုလည်း ဗမာလူမျိုးအများစုမှ လက်ခံထားကြပေသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(အန်စီအေ) အပေါ် အခြေခံသောငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာလည်း အမောဖောက် နေပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၅ နှစ်တာ ကာလအတွင်း ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ရလဒ်အနေဖြင့် တပ်မတော်မှ နိုင်ငံရေးအာဏာများကို ဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ထား ပေသည်။ ထိုစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း ဖက်ဒရယ်စနစ်၏ အခြေခံလိုအပ်ချက်ဖြစ်သော၊ လူမျိုးစုပါတီများမှ လိုလားသော ပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီးချုပ်အား ခန့်အပ်ပိုင်ခွင့်အား ပေးအပ်နိုင်သော ပုဒ်မ(၂၆၁) ပြင်ဆင်ရေး ကိုလည်း ငြင်းဆန်နေပေသည်။ 

 

၂၀၂၀အထွေထွေရွေးကောက်ပွဲသို့နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများလည်းမှာလည်း ‘ဖက်ဒရယ်ပြုပြင်ပြောင်းလဲမှုမရှိလျှင်၊ ငြိမ်းချမ်းရေးမရှိ၊ ငြိမ်းချမ်းရေးမရှိလျှင် တပ်မတော်၏ နိုင်ငံရေးထဲမှ ဆုတ်ခွာသွားမှုမရှိ၊ တပ်မတော်၏ နိုင်ငံရေးထဲမှ ဆုတ်ခွာသွားမှုမရှိလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ နိုင်စွမ်းလည်းမရှိ’ ဟူသော ဆိုးကျော့သံသရာထဲတွင်သာ လည်ပတ်နေပေသည်။ ထို့ကြောင့် သိသာသောနိဂုံးမှာ ‘ဖက်ဒရယ်ဆိုင်ရာပြုပြင်ပြောင်းလဲမူများမလုပ်ဘဲဒီမိုကရေစီအပြောင်းအလဲကို ရှေ့မတိုးနိုင်’ ဟူသော ကောက်ချက်ပင်ဖြစ်ပေသည်။ 

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးပြုပြင်ပြောင်လဲမှု၊ ဦးစားပေးမှုကို ပြောင်းလဲ ပေးနိုင်ပါမည်လား။

လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်နိုင်ငံရေး၌ ၁၉၅၁ အထွေထွေရွေး ကောက်ပွဲတွင် အများစုအနိုင်ရပြီး၊ (ထိုစဉ်) ‘ပြည်ထောင်စုဗမာနိုင်ငံတော်’ အားလွှမ်းမိုး ထားသော၊ဗမာအများစုကြားတွင် ထောက်ခံမှုရရှိသောပါတီမှာ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) ပင်ဖြစ်သည်။ ပြောရလျှင် ထိုစဉ် ဖ.ဆ.ပ.လအဖွဲ့ချုပ်၏ ၁၉၅၁ရွေးကောက်ပွဲအောင်နိုင်မှုနှင့် ယနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏၂၀၁၅ရွေးကောက်ပွဲအောင်နိုင်မှုကိုနိုင်းယှဉ်ကြသလို၊ လူမျိုးစုနိုင်ငံရေးပါတီများ ၏ နိုင်ငံရေးလိုလားချက်နှင့် ကိုယ်စားပြုမှုကို လှစ်လျှုရှုရာတွင် အတူတူပင်ဖြစ်သည်။ ၁၉၆၀ အထွေထွေရွေးကောက်ပွဲအပြီး၊ တည်မြဲ (ဖ.ဆ.ပ.လ) နှင့် သန့်ရှင်း (ဖ.ဆ.ပ.လ) မည်သည့်အဖွဲ့မျှ အများစုကြီးအနိုင်မရသောအခါမှ ဖ.ဆ.ပ.လ ခေါင်းဆောင်များမှာ ဗဟိုအစိုးရဖွဲ့နိုင်ရေးအတွက် လူမျိုးစုနိုင်ငံရေးပါတီခေါင်းဆောင်များအား စတင်ချဉ်းကပ် လာကြပေသည်။ 

 

ပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း ထိုစဉ်(၁၉၅၁) ဖ.ဆ.ပ.လ ကဲ့သို့ပင် ၂၀၁၅ရွေးကောက်ပွဲအနိုင်ရပြီးနောက် ရခိုင်အမျိုးသားပါတီနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့အား အစိုးရအာဏာပေးခြင်းမှ ဖယ်ထုတ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ရွေးကောက်ခံ မဲဆန္ဒနယ်မြေ၏ ၇၉ရာခိုင်နှုန်းတွင်အနိုင်ရပြီး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နူန်းအား ပေါင်းထည့်ပြီးသည့်တိုင် (ပြည်ထောင်စု) လွှတ်တော်ထဲတွင် ၅၉ ရာခိုင်နှုန်းဖြင့် အများအဖြစ် ဆက်လက်ရပ်တည် နေနိုင်ပါ သေးသည်။ 

 

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို စောင့်ကြည့်စရာ ကောင်းလှပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးတို့တွင် စွမ်းဆောင်ရည် အားနည်းလှသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (အထူးသဖြင့် လူမျိုးစုပြည်နယ်များတွင်) နောက်ထပ် ၇၉ ရာခိုငနှုန်း အနိုင်မရနိုင်တော့ ဟူသော လူသိများသော ယူဆချက်တစ်ခုရှိနေသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လူမျိုးစုပါတီများ (သို့) တခြားသော ပါတီငယ်များ (သို့) (၄င်း၏ ခုံအရအတွက်) ၁၃ရာခိုင်နှုန်းသာ ဆုံးရှုံးလိုက်ရလျှင် ၄င်းအနေဖြင့် ပြည်ထောင်စု လွှတ်တော်နှင့် အစိုးရအဖွဲ့ထဲတွင် တစ်ထီးတည်းလွှမ်းမိုးသောပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးဆက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အာဏာခွဲဝေထားသောအစိုးရ (power sharing government) တစ်ရပ်ထူထောင်နိုင်ရန် တခြားသောနိုင်ငံရေးအင်အားစုတစ်ခု (သို့) အင်အားစုများနှင့် ပူးပေါင်းရပေတော့မည်။

 

သို့သော်ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ အနေဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ် အလိုမရှိကြောင်းကို တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။ တခြားတဖက်တွင် လူမျိုးစုနိုင်ငံရေးပါတီများမှ ပါတီတစ်ခုတည်းအဖြစ် ရပ်တည် ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် စုပေါင်းလာကြပြီး၊ လွန်ခဲ့သော ရွေးကောက်ပွဲအတွင်း ၄င်းတို့ကို ရှုံးနိမ့်စေခဲ့သော မဲကွဲခြင်းကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ထား ကြသည်။ ၄င်းတို့အနေဖြင့်လည်း ယုံကြည်နိုင်လောက်အောင် ခိုင်မာသည့်အကြောင်း အရာများရှိနေပေသည်။ အကယ်၍ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလဒ်ကိုကြည့်လိုက်လျှင် ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လူမျိုးစုပါတီများ (သို့) တခြားပါတီတစ်ခုသို့ ရှုံးနိမ့်ခဲ့သော မဲဆန္ဒနယ်များ မြောက်များစွာကိုလည်း တွေ့ရပေသည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ (၂) ခုစလုံးတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ်အားလုံး၏ ၄၇ နှင့် ၅၃ ရာခိုင်နှုန်းသာ အသီးသီးအနိုင်ရရှိခဲ့ပြီး၊ ထိုကဲ့သို့ ကျဆင်းမှုမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၇၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်နှင့် နှိုင်းယှဉ်လျှင် သိသာ သော ကျဆုံးမူကြီးပင်ဖြစ်ပေသည်။ 

 

ထို့ကြောင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲသည် အစိုးရအပြောင်းအလဲနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအတွက် လွန်စွာပင်အရေးပါလှသည်။ ကိုဗစ်-19 အခြေအနေမှာစိန်ခေါ်မှု တချို့ကို ဖြစ်စေပါလိမ့်မည်။ သို့သော် အရေးအကြီးဆုံးမေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီကဲ့သို့ အရေးပါသော ပြုပြင်ပြောင်းလဲ မှုများပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏မူဝါဒအား အပြောင်းအလဲ ဖြစ်စေမည်လား ဟူသော မေးခွန်းပင်ဖြစ်သည်။  

 

 

ကျော်လင်းသည် ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံ၊ မဟာတန်းတက်ရောက်နေသူတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေးသိပ္ပံပညာရပ်အသင်း

(ရန်ကုန်တက္ကသိုလ်) ၏ ဥက္ကဋ္ဌ ဖြစ်သလို၊ အာရကန်လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့၏ ထူထောင်သူတစ်ဦးလည်းဖြစ်သည်။