သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

19 ဖေဖေါ်ဝါရီလ 2021
Article

ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။  ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌တွေ့ရှိရသည့် ရန်ကုန်မြို့ ဆန္ဒပြပွဲများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌တွေ့ရှိရသည့် ရန်ကုန်မြို့ ဆန္ဒပြပွဲများ

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အလားအလာများသည် အလွန် အန္တရာယ်ကြီးသည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စ၍ နိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံကျရှုံးမှုနှင့် နိုင်ငံရေးတစ်ဆို့မှု သံသရာတွင်း ပိတ်မိနေခဲ့ပြီး လူထု၏ ဒီမိုကရေစီရပိုင်ခွင့်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်ရရှိရေး စိတ်ကူးမျှော်လင့်ချက်များ အစဉ်တစိုက် ငြင်းပယ်ခံလာခဲ့ရသည်။ စစ်အစိုးရလက်ထက်၌ဖြစ်စေ ရွေးကောက်ခံအစိုးရလက်ထက်၌ဖြစ်စေ တိုင်း ရင်းသားပဋိပက္ခနှင့် နိုင်ငံရေးအကြမ်းဖက်မှုများ ဆက်၍သာကြီးထွားလာခဲ့ပြီး နိုင်ငံအဝှမ်းရှိ လူထုလူ တန်းစားများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် တိုင်းတာ၍မရလောက်အောင် ကြီးမားသည့် ထိ ခိုက်နစ်နာမှုများကို ဆက်လက်ခါးစည်းခံနေရဆဲဖြစ်သည်။ လူထုတစ်ရပ်လုံး ဆုံးရှုံးနစ်နာခဲ့ရာ၌ အထူး သဖြင့် အစိုးရအလှည့်အပြောင်းနှင့် အစိုးရတွင်းအာဏာလွန်ဆွဲမှုများအကြား စားဝတ်နေရေးနှင့် လုံခြုံ ရေးအပေါ် ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားခဲ့ရပြီးဖြစ်သည်။ အလားတူအခြေအနေမျိုး နောက် တစ်ကြိမ် ထပ်မံကြုံတွေ့၍ မဖြစ်တော့ပေ။

မြန်မာနိုင်ငံ(ယခင်က ဗမာနိုင်ငံ)၏ ကိုလိုနီခေတ်လွန် အတွေ့အကြုံများက ပြတ်ပြတ်သားသား သတိ ပေးလျက်ရှိသည်။ အလွှာပေါင်းစုံရှိ လူထုလူတန်းစားများ၏ ဘဝဘက်စုံသာယာဝပြောရေးကို ရှေးရှု၍ စနစ်တကျ မှန်မှန်သွားနေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးကို အကြိမ်ကြိမ်လမ်းဆုံးပို့ခဲ့ကြ သည်။ ၁၉၆၀ ခုနှစ်မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၅ ကြိမ် ခေါ်ယူကျင်းပခဲ့ပြီး စစ်တပ်ဖက်မှ နောက်ဆုံးအကြိမ် ကဖျက်ကယက်ပြုလုပ်ခဲ့သည့် တတိယအကြိမ်၌လည်း မြန်မာစစ်တပ်(တပ်မ တော်)ကပင် အဆိုပါအကျပ်အတည်း ပေါ်ပေါက်လာအောင် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စွက်ဖက်မှုများအားဖြင့် နောက်ကွယ်မှ စစ်အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်လာခဲ့ခြင်းဖြစ် သည်။ ယခုအကြိမ်၌ ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်သန်းရွှေတို့၏ ခြေရာနင်းလာသည့် နောက်ထပ်စစ် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုင်ငံ့ခေါင်းကိုင် ဥသျှောင်နေရာကို လုယူသွား ခဲ့ခြင်းဖြစ်သည်။ 

ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း စစ်တပ်၏ ပါဝင်စွက်ဖက်မှုကိုပြသည့် သက်သေအထောက်အထားများ အလျှံပယ်ရှိနှင့်ပြီးဖြစ်သည်။ ၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ၂ နှစ်အကြာ ၁၉၆၂ ခုနှစ်၌ စစ်အာဏာသိမ်းမှု လိုက်ပါလာခဲ့ပြီး ဝန်ကြီးချုပ်ဦးနုနှင့် အခြားနိုင်ငံရေးခေါင်းဆောင် အများအပြား ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို အကောင်အထည်ဖော် ခွင့်ပင်မရလိုက်ဘဲ လွှတ်တော်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေဆဲမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအခြေပြုပါတီများ၏ ရွေးကောက်ခံအမတ်များ ဖမ်ဆီးထိန်းသိမ်းခံခဲ့ရသည်။ ယခုတစ် ကြိမ်တွင်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဖော်ဆောင်မှုနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် အငြင်း ပွားမှုကို အကြောင်းပြု၍ နောက်ထပ်စစ်အစိုးရယန္တရားတစ်ခုဖြစ်သည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ မှ အာဏာသိမ်းသွားခဲ့ပြီး ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ခုမတိုင်မီအချိန်ထိ အစိုးရတွင်း တပ်မ တော်အရာရှိများနှင့် မိတ်ဖက်ဆောင်ရွက်နေခဲ့သည့် NLD ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြန် သည်။

ဤကသောင်းကနင်းဖြစ်မှုမှ အစပြု၍ မငြိမ်မသက်ဖြစ်သည့် အငွေ့အသက်များသည် နိုင်ငံရေးဗဟို ချက်ဖြစ်သည့် နေပြည်တော်မှစတင်ကာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ စစ်အုပ်ချုပ်ရေးသည် ကြံ့ ခိုင်သည့် နိုင်ငံမျိုးထက် ချိနှဲ့အားနည်းနေသည့် နိုင်ငံတစ်ခုအဖြစ် ကြေညာမောင်းခတ်လိုက်သလို သ ဘောသက်ဝင်သွားစေသည်။ ကိုလိုနီခေတ်လွန် နိုင်ငံရေးဇာတ်ခုံ၏ လက်နက်ကိုင်ပဋိပက္ခအခင်းအ ကျင်းနှင့်အတူ နိုင်ငံကိုထိန်းချုပ်နိုင်ရန် သူတင်ကိုယ်တင် လွန်ဆွဲအားပြိုင်မှုများက အာရှဒေသတွင်း တိုင်းရင်းသားမျိုးနွယ်စု အစုံလင်ဆုံးဖြစ်သည့်မြေပေါ်၌ အကွဲအပြဲသစ်များကို ထပ်မံဆောင်ကျဉ်းလာခဲ့ သည်။ ဝမ်းနည်းဖွယ်ရာကောင်းစွာပင် နိုင်ငံရေးကတိကဝတ်ပေါ် အခြေပြု၍ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးစုဖွဲ့မှု အကွဲအပြဲများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့ပြီး နောက်ပိုင်း အစိုးရအပြောင်းအလဲတိုင်းလိုလို၌ တရွတ်တိုက်ပါလာခဲ့သည်။

၂၀၂၁ ခုနှစ်၌ သမိုင်းသံသရာ တစ်ပတ်လည်လာခဲ့ပြန်သည်။ နောက်ဆုံးစစ်အာဏာသိမ်းမှုက အမျိုး သားနိုင်ငံရေးဇာတ်ခုံတွင်း ဖြစ်ပွားလျက်ရှိသည့် ဂိုဏ်းကွဲမှုနှစ်ခုကို ပို၍ပေါ်လွင်လာစေခဲ့သည်။ ပထ မအချက်အဖြစ် လူများစုဗမာတိုင်းရင်းသားများ အထူးသဖြင့် NLD နှင့် နောက်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျောထောက်နောက်ခံ တပ်မတော်ဟူသည့် အဓိက အင်အားစုနှစ်ခု အကြား ဂိုဏ်းကွဲနေခြင်းဖြစ်သည်။ ဤနေရာမှစ၍ ဗမာပြည်မတွင်း အင်အားစုနှစ်အကြား အပြန်အ လှန်ဆက်ဆံရေးများ ပြောင်းလဲသွားခဲ့ပြီး သဘောထားကွဲလွဲမှုများ ကြီးထွားလာခြင်းက ပို၍ရှုပ်ထွေးပြီး ခန့်မှန်းခြေအားဖြင့် ၅၄ သန်းသောပြည်သူလူထု၏ သုံးပုံတစ်ပုံရှိပြီး နိုင်ငံ၏ နယ်စပ်ဒေသတစ်လျှောက် မှီတင်းနေထိုင်လျက်ရှိသည့် ဗမာမဟုတ်သည့် တိုင်းရင်းသားများနှင့် ခွာပြဲသွားစေမည့် ဒုတိယမြောက် အကွဲအပြဲဆီသို့ ဦးတည်သွားစေခဲ့သည်။*

ယခင်ကလည်း ဤအခင်းအကျင်းမျိုးသည် အထင်ရှားဆုံး သာဓကများအနေဖြင့် ၁၉၄၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များ၌ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးခေတ်အဆက် ဆက်၌ တိုင်းရင်းသားများ၏ အမျိုးသားရေးလှုပ်ရှားမှုများအနေဖြင့် ငြိမ်းချမ်းရေးနှင့် အနှစ်သာရပြည့် ဝသည့် နိုင်ငံရေးအပြောင်းအလဲ ပေါ်ပေါက်လာစေရန်အတွက် လူများစုဗမာများအကြားရှိ မည်သည့် အင်အားစုကို ထောက်ခံရမည် သို့မဟုတ် လက်တွဲအလုပ်လုပ်ရမည်ဆိုသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ အမြဲတမ်းလိုလို ရွေးချယ်ရခက်သည့် အခြေအနေမျိုး ကြုံတွေ့ရလေ့ရှိသည်။ ဤကဲ့သို့ သေရေးရှင်ရေး တမျှ အရေးကြီးသည့် ဆုံးဖြတ်ချက်မျိုးကို ခဲရာခဲဆစ်ရွေးချယ်ရတော့မည့် အခိုက်အတန့်မျိုး ယနေ့ ထပ်မံကျရောက်လာခဲ့ပြီဖြစ်သည်။

ရွေးချယ်ဆုံးဖြတ်ရလွယ်ကူသည့် ကိစ္စရပ်တစ်ခုမဟုတ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ အကွဲကွဲအပြဲပြဲဖြစ်နေသည့် ရေခံမြေခံမျိုး၌ ဗမာလူထုများအကြား၌သာ စည်းလုံးညီညွတ်မှု ပြိုကွဲသွား ခြင်းမဟုတ်ဘဲ အမျိုးသားအင်အားစု တစ်ခုခုကို ရွေးချယ်ထောက်ခံလိုက်ခြင်းအားဖြင့် ဗဟိုအစိုးရကို ထိန်းချုပ်နိုင်ရန် အဓိကလွန်ဆွဲအားပြိုင်နေကြသည့် ကျန်အတိုက်အခံအင်အားစု၏ ရန်လိုတိုက်ခိုက်မှု သို့မဟုတ် ဖယ်ကြဉ်ရှောင်ဖယ်မှုကို မဖြစ်မနေကြုံလာရတော့မည်ဖြစ်ကြောင်း တိုင်းရင်းသားအင်အား စုများ ကောင်းစွာသင်ခန်းစာရရှိခဲ့ကြပြီးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေး ခေတ်အ ဆက်ဆက်၌ ဤကဲ့သို့သော ဘက်ရွေးရသည့် ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲ မှုများနှင့် ရပ်တည်ချက်ကွဲပြားမှုများ အမြဲတမ်းလိုလိုရှိနေခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင်း ဆန့်ကျင်ဆန္ဒပြမှုများြ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင်း ဆန့်ကျင်ဆန္ဒပြမှုများြ

ပြုပြင်ပြောင်းလဲရေး တစ်ဆို့မှုသံသရာများ ကျိုးပေါက်ပျက်စီးသွားခြင်းမရှိသေးပေ။ အစိုးရကို ထိန်းချုပ် နိုင်ရန် လွန်ဆွဲအားပြိုင်မှုသည် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦးနှင့် ၁၉၄၈ ခု နှစ် ဗမာပြည်ကွန်မြူနစ်ပါတီတို့ထံမှ စီးဆင်းလာခဲ့ပြီး ၁၉၆၀ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံ ဗမာပြည်ဆိုရှယ် လစ်လမ်းစဉ်ပါတီနှင့် ၁၉၈၈ ခုနှစ်မှ စတင်လာခဲ့သည့် တပ်မတော်နှင့် NLD အကြား လွန်ဆွဲအားပြိုင်မှုအထိ အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင် တွေ့ဆုံဆွေးနွေးနိုင်မည့် အခိုက်အတန့်မျိုး တစ်ကြိမ်တစ်ခါမျှ အသက် ဝင်လာခြင်းမရှိခဲ့ဖူးပေ။ ယင်းအစား ဗဟိုအစိုးရ၏ ကျရှုံးမှုများသည် နိုင်ငံရေးတစ်ဆို့မှုအဖြစ်သာ လမ်း ဆုံးသွားခဲ့ပြီး တစ်ပွတ်အူကဲ့သို့ ပွေလီလှသည့် နိုင်ငံရေးစုဖွဲ့မှုပုံစံများနှင့် ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့အချိန်ထိ တိုင်းရင်းသားပြည်နယ်များ၌ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သည်။

မျက်မှောက်ခေတ် ရေခံမြေခံအခင်းအကျင်းကို နားလည်သဘောပေါက်လိုပါက အတိတ်ကာလများ၌ ဖြေရှင်းခဲ့ခြင်းမရှိသည့် သမိုင်းအရှုပ်အထွေးများကို ဦးစွာနားလည်သဘောပေါက်ရန် လိုအပ်ပါလိမ့် မည်။ ယနေ့ကြုံတွေ့နေရသည့် အခက်အခဲအများအပြားသည် ဒီမိုကရေလိုလားထောက်ခံသည့် ဆန္ဒပြ ပွဲများကို ဖြိုခွဲနှိမ်နှင်းခဲ့ပြီး ဗိုလ်ချုပ်နေဝင်း၏ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်”ကို နိဂုံးချုပ် အဆုံးသတ်၍ ၁၉၈၈ ခုနှစ်၌ အာဏာလွှဲပြောင်းရယူခဲ့သည့် စစ်တပ်၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ(နောက်ပိုင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အုပ်ချုပ်စဉ်ကာလ၌ စတင်သန္ဓေတည်ခဲ့ကြခြင်းဖြစ်သည်။

သာဓကပြရမည်ဆိုပါက ‘နဝတ’အစိုးရ တက်လာခဲ့ပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(၁၉၄၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့်)သည် NLD ဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေး ၍ စဉ်ဆက်မပြတ် စည်းရုံးအရေးဆိုမှုများ ပြုလုပ်လာခဲ့သဖြင့် နောက်ပိုင်းဆယ်စုနှစ် နှစ်ခုအတွင်း ထိုင်းနယ်စပ်တစ်လျှောက်ရှိ ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေများ၌ တပ်မတော်၏ အလုံးအရင်းထိုးစစ် ဆင် တိုက်ခိုက်မှုဒဏ်ကို အလူးအလဲခံစားခဲ့ရသည်။ ဆန့်ကျင်ဖက်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ အစည်း(၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့်)သည် ၁၉၉၄ ခုနှစ်တွင် ‘နဝတ’အစိုးရနှင့် တရုတ်နယ် စပ်၌ အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ရာ၌ လူများစုဗမာတိုင်းရင်းသားများအကြား အမှန်တကယ် အာဏာရှိသည့် အရာရှိများနှင့် စေ့စပ်ညှိနှိုင်းပါက ပို၍ကောင်းမွန်သင့်လျော်လိမ့်မည်ဟူသည့် ယူဆ ချက်ပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ အကြီးအကျယ် စစ်ဘောင်သွင်းခံထားရသည့် မြန်မာ့နိုင်ငံရေးအခင်း အကျင်း၌ ‘နဝတ-နအဖ’လက်ထက် အပစ်အခတ်ရပ်စဲရေးသည် အတိုက်အခံတော်လှန်ရေး စစ်ခေါင်း ဆောင်များအတွက် မဖြစ်မနေရွေးချယ်ခဲ့ရသည့် သဘောတူညီချက်များဖြစ်ခဲ့သည်။

သို့သော်လည်း ၂၀၁၁ ခုနှစ်အရောက်တွင် ‘နအဖ’လက်ထက် ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအာဏာရလာပြီးနောက် KIO နှင့် သဘောတူထားခဲ့သည့် အ ပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ချိန်မှစ၍ ဤမဟာဗျူဟာမြောက်ချိန်ခွင်လျှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့သည်။ ဆန့်ကျင်ဖက်အနေဖြင့် KNU သည် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးမည်ဟု ကတိပြုထားသည့် စိတ်ကူးသစ်ဖြင့် စတင်ခဲ့သည့် လုပ်ငန်းစဉ်အတွင်း ၁၉၄၉ ခုနှစ် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ပထမဦးဆုံးအကြိမ် အပစ်အခတ်ရပ်စဲမှုပြုလုပ်ရန် သဘောတူခဲ့သည်။ အနှစ်ချုပ်ဆိုရသော် အစိုးရအပြောင်းအလဲနှင့်အတူ တပ်မတော်သည် နိုင်ငံ၏ အရှေ့တောင်ဖက်ခြမ်း နှင့် အရှေ့မြောက်ဖက်ခြမ်းအကြား မဟာဗျူဟာမြောက် ဦးတည်ချက်ကို ပြောင်းပြန်လှန်ကစားလာခဲ့ ခြင်းဖြစ်သည်။ ဤအရွေ့များအတွင်း နိုင်ငံရေးတစ်ခုတည်းကိုသာ ကွက်၍ထည့်သွင်းစဉ်းစားခဲ့ခြင်းမ ဟုတ်ပေ။

ဆယ်စုနှစ်တစ်ခုအကြာ၌ ကချင်နှင့် ကရင်အင်အားစုများအနေဖြင့် မတူကွဲပြားသည့် အစိုးရများလက် ထက်၌ ၎င်းတို့ရွေးချယ်ခဲ့သည့် ဆန့်ကျင်ဖက်ဆုံးဖြတ်ချက်များကြောင့် အဓိပ္ပာယ်ရှိ၍ အနှစ်သာရပြည့် ဝသည့် ငြိမ်းချမ်းရေး သို့မဟုတ် ဒီမိုကရေစီထွန်းကားလာခဲ့ပြီလောဟု ပြန်၍မေးခွန်းထုတ်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်သည်။ တပ်မတော် သို့မဟုတ် ကြံ့ခိုင်ရေးအစိုးရလက်ထက်၌ဖြစ်စေ NLD ဦးဆောင် သည့် အစိုးရလက်ထက်၌ဖြစ်စေ အခြားတိုင်းရင်းသား နယ်မြေများကဲ့သို့ပင် ကချင်နှင့် ကရင်ပြည်နယ် တို့သည် လက်တွေ့အားဖြင့် နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲကို နေပြည်တော်အာဏာလောင်းရိပ် အောက်မှ ဇာတ်ကောင်များက အများဆုံးကြိုးကိုင်ဆုံးဖြတ်လျက်ရှိသည့် အနေအထားနှင့်အတူ လက် နက်ကိုင်ပဋိပက္ခဒဏ်သင့် နယ်မြေဒေသများအဖြစ်သာ ဆက်ရှိနေခဲ့သည်။ ပြည်တွင်းနေရပ်စွန့်ခွာစစ် ဘေးတိမ်းရှောင်ခဲ့ရသူများနှင့် စစ်ဘေးဒုက္ခသည်အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများ တစ်လျှောက် ဆက်လက်သောင်တင်နေကြဆဲဖြစ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ သဘောတူညီ ချက် လက်တွေ့ရုပ်လုံးပေါ်လာနိုင်ရန် များစွာအလှမ်းဝေးနေဆဲပင်ဖြစ်သည်။

ယနေ့အချိန်ထိ တိုင်းရင်းသားပါတီများ အလွန်သတိကြီးနေသည့် ကိစ္စရပ်သည်လည်း အံ့သြစရာကိစ္စ ရပ်တစ်ခုတော့ မဟုတ်ပေ။ ဆယ်စုနှစ်တစ်ခုမျှ အလွန်အကဲဆတ်သည့်ဆက်ဆံရေးမျိုးဖြင့် အတူယှဉ် တွဲနေထိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏ စစ်ခေါင်းဆောင်များသည် NLD အပေါ် ပြောင်ပြောင်တင်းတင်းပင် အတိအလင်း ဆန့်ကျင်တိုက်ခိုက်မှုအပြီး ပါတီအနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြင့် လွှတ်တော်ထဲဝင်ရောက်လာခဲ့ပြီး တဖြည်းဖြည်းချင်းတည်ဆောက်လာခဲ့သည့် ပြုပြင်ပြောင်းလဲရေး အရွေ့များနှင့် နိုင်ငံရေးအရ တည်ဆောက်လာသည့် ဆက်ဆံရေးအားလုံး ရေစုန်မျှောသွားခဲ့ပြီဖြစ် သည်။

အမှန်တကယ်တမ်း၌လည်း ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း ယခင်အတိုင်းသာ ဆက်သွားမည်ဟု ပြောဆိုနေခဲ့သော်လည်း တပ်မတော်ခေါင်းဆောင်များသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ၁၉၆၂-၆၄ နှင့် ၁၉၈၈-၉၀ ခုနှစ်များနှင့် နှိုင်းယှဉ်သုံးသပ်၍ လက်ရှိအချိန်၌ အလွန်နက်နဲသိမ်မွေ့သည့် နိုင်ငံရေး ရည်မှန်းချက်များနှင့် မဟာဗျူဟာများကို အဖက်ဖက်မှ အားဖြည့်လာခဲ့သည်။ COVID-19 အကျပ်အ တည်းကြုံနေရသည့်အထဲ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်အပေါ် စိတ်အားတက်ကြွနေကြသည့် ပြည် နယ်နှင့် တိုင်းဒေသအသီးသီးရှိ လူထုအသိုက်အဝန်းများ၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်ခဲ့သဖြင့် လက်ရှိဆန့်ကျင်ဆန္ဒပြမှုနှင့် လူထုအုံကြွမှုဆီသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။ အားလုံးသိပြီးသားဖြစ် သည့်အတိုင်း ဤကဲ့သို့သော အရွေ့များသည် လာမည့်မျိုးဆက်သစ်များ၏ အမျိုးသားနိုင်ငံရေးဇာတ်ခုံ ကို ပုံဖော်ပေးသွားနိုင်သည်။

အလွန်အန္တရာယ်များသည့် အချိုးအကွေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အစိုးရတွင်း အပြောင်းအလဲ ၏ လားရာအရွေ့ကို ကြိုးကိုင်ချယ်လှယ်ရန် တပ်မတော်ဖက်မှ ကြိုးပမ်းအားထုတ်လာခြင်းက နိုင်ငံအ ဝှမ်း ရေကုန်ရေခန်းဆန့်ကျင်တော်လှန်မှုနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ တပ်မတော်၏ နိုင်ငံရေးရပ် တည်ချက်အပြောင်းအလဲကြောင့် ပေါ်ပေါက်လာသည့် မသေချာမရေရာမှုများနှင့် ထပ်ခါတလဲလဲပြန် လည်ဖြစ်ပွားလျက်ရှိသည့် ကစားကွက်များသည် NLD နှင့် မြို့ပြဒီမိုကရေစီ လိုလားထောက်ခံသည့် ဆန္ဒပြမှုများကိုသာ ဖိနှိပ်သွားရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ အခြားတစ်ဖက်၌ တိုင်းရင်းသားပြည်နယ် များနှင့် ပဋိပက္ခနယ်မြေဒေသများ၌ ပုံစံအသစ်ဖြင့် စစ်ဖက်ဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒများကို ပြန် လည်နေရာချလာသည့် အထောက်အထားများလည်း တဖြည်းဖြည်းရုပ်လုံးပေါ်လာလျက်ရှိသည်။

လက်ရှိအချိန်၌ နိုင်ငံ၏ နယ်မြေဒေသအားလုံးလိုလို ရိုက်ခတ်ခံနေရသည်။ ရှေ့နှစ်လအတွင်း ၂၀၁၂ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားပြီးဖြစ်သည့် ကရင်ပြည်နယ်မြောက်ပိုင်း KNU ထိန်းချုပ်နယ် မြေဒေသများအတွင်းသို့ တပ်မတော်၏ နယ်မြေကျူးကျော်မှုများ ပို၍အရှိန်မြင့်လာခဲ့သည်။ ဆန့်ကျင် ဖက်အနေဖြင့် တပ်မတော်တပ်ရင်းမှူးများသည် နှစ်နှစ်တာမျှ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုများမှ ဖယ်ကြဉ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၏ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် နှင့် ရခိုင်အမျိုးသားပါတီတို့ကို ချိတ်ဆက်လာခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများနှင့် အရပ်သားများ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရမှုသည် နိုင်ငံတွင်းဒေသတစ်ခု၌ ကျဆင်းသွားခဲ့ပြီး အခြားဒေသတစ် ခု၌ ပြန်လည်မြင့်တက်လာခဲ့ပြန်သည်။ အလားတူ ဝိရောဓိတစ်ခုအဖြစ် NLD ခေါင်းဆောင်များကို ဖမ်း ဆီးထိန်းသိမ်းနေစဉ် ရခိုင်နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခဲ့သည်။

NLD ကို ဦးတည်တိုက်ခိုက်သည့် အရွေ့ဖြစ်သည့် ယခုကစားကွက်သည် အထွေထွေရွေးကောက်ပွဲမ တိုင်မီ ဖြစ်နိုင်လိမ့်မည်ဟု မယူဆခဲ့ကြသည့် ရုတ်တရက်တစ်ဆစ်ချိုး အလှည့်အပြောင်းတစ်ခုဖြစ်နေ သည်။ သို့သော်လည်း ယခုမှစ၍ တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ်တစ်ခု ခေါ်ယူကျင်းပသွားမည် ဟု ကတိပြုထားပြီး မြို့ပြဒေသထိန်းချုပ်ရေးဖြင့် အလုပ်ရှုပ်နေသည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ သစ်က တိုင်းရင်းသားအခြေပြုအင်အားစုများအား ငြိမ်းချမ်းရေးလိုလားသည့် ကိုယ်နှုတ်အမှုအယာမျိုး ပြသနေခြင်းသည် နိုင်ငံကိုအာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်များမှ အစိုးရတစ်ရပ်အဖြစ် တရား ဝင်မှုရှိစေရန် ကြိုးပမ်းခြင်းသက်သက်သာဖြစ်သည်ဟု သုံးသပ်ယူဆရသည်။ အတိတ်သမိုင်းဖြစ်ရပ် များကို လည်ပြန်ကြည့်ပါက တက်လာသည့်အစိုးရတိုင်းလိုလိုသည် အာဏာရယူမှုအထိမ်းအမှတ်အ ဖြစ် ငြိမ်းချမ်းရေးအစီအစဉ်သစ်များကို ဖော်ဆောင်လေ့ရှိကြောင်း အထင်အရှားတွေ့မြင်ရပါလိမ့်မည်။

မည်သို့ဆိုစေ အာဏာရှင်စစ်ကောင်စီလက်ထက် ငြိမ်းချမ်းရေးအသီးအပွင့် ဝေဆာလာနိုင်မည့် အခင်း အကျင်းမျိုး အမှန်တကယ်ပေါ်ပေါက်လာနိုင်သည့် အလားအလာသည် ရေပေါ်အရုပ်ရေးသကဲ့သို့သာ ရှိတော့သည်။ နှစ်ရှည်လများ ထုထောင်းခံလာရသည့် လူထုလူတန်းစားများအတွက် ပဋိပက္ခဒဏ်သင့် နယ်မြေဒေသများ၌ တိုက်ပွဲသံများ ခေတ္တချုပ်ငြိမ်းမှုကို အမြဲတမ်းလိုလို လက်ကမ်းကြိုကြမည်သာဖြစ် သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၏ အခြေအနေသည် များစွာကွာခြားသွားခဲ့ပြီဖြစ်သည်။ နိုင်ငံတွင်း လူကြိုက်များထောက်ခံမှု အများဆုံးပါတီဖြစ်သည့် NLD ကို တပ်မတော်ဖက်မှ ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းလိုလို၌ ဗမာတိုင်းရင်းသား လူငယ်များအကြား ပြောင်းလဲရေး တောင်းဆို ချက်ထက်ပို၍ အတိတ်၏ “မြွေမသေ တုတ်မကျိုး” လမ်းစဉ်မျိုးသို့ နောက်ကြောင်းပြန်ရန် ဆန္ဒမရှိကြ တော့သည့် တိုင်းရင်းသားအရေးလှုပ်ရှား တက်ကြွသည့် မျိုးဆက်သစ်များ ရှေ့ထွက်လာခဲ့ပြီဖြစ်သည်။

အဆုံးသတ်မရှိသည့် စစ်ပွဲဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရသည့် တိုင်းရင်းသားနယ် မြေဒေသအများအပြား၌ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းသည် အဆိုးဆုံးအခြေ အနေမျိုး ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြည်တွင်း၌ဖြစ်စေ အိမ်နီးချင်းနိုင်ငံများ၌ဖြစ်စေ စစ်ဘေးဒုက္ခ သည်များအဖြစ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့် ပြည်သူနှစ်သန်းမက ရှိနေဆဲဖြစ်သည်။  COVID-19 သည်လည်း နောက်ကွယ်မှနေ၍ ဖိအားပေးလျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ ယနေ့အချိန်ထိ ပဋိ ပက္ခဖြစ်ပွားစေသည့် အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန် လောက်လောက်လားလား အရေး ယူဆောင်ရွက်ထားခြင်းမရှိသည့် အခြေအနေမျိုး၌ လက်ရှိအစိုးရကိုထိန်းချုပ်၍ အာဏာလုယူသွား သည့် အရေးအခင်းသည် ထိခိုက်နိုင်ခြေအမြင့်မားဆုံး အခြေအနေမျိုး၌ရှိနေသည့် လူထုလူတန်းစား များကို မြွေပူရာကင်းမှောက်သည်ထက် ပို၍ဆိုးသည့် အနေအထားမျိုး ရောက်ရှိသွားစေခဲ့သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တအောန်းနှင့် အခြားတိုင်းရင်းသားမျိုးနွယ်စုများအားလုံးသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ အရေးအ ခင်းမျိုးစုံကြုံတွေ့ခဲ့ရပြီး ခေတ်အဆက်ဆက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေးကျရှုံးမှုများ၏ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲခံလာခဲ့ကြရခြင်းဖြစ်သည်။

အနာဂတ်ကို မှန်းမျှော်ကြည့်လျှင် အမှန်တကယ်စစ်မှန်သည့် အဆုံးသတ်နိုင်ငံရေး အလှဲထိုးကွက်မျိုး ရှိမရှိ မေးကိုမေးရန် လိုအပ်နေပြီဖြစ်သည်။ စစ်တပ်လွှမ်းမိုးချုပ်ကိုင်ထားသည့် အစိုးရအောက် ဆယ်စု နှစ်ခြောက်ခုစာမျှ နေထိုင်ခဲ့ရပြီးနောက်ပိုင်း နောက်ဆုံးအသက်ဝင်လာခဲ့သည့် စစ်အစိုးရတဖြစ်လည်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီသည် ရှေ့စစ်အစိုးရများနှင့် ကွာစေရမည်ဟု ကတိပြုခဲ့ပြီး ၎င်းတို့နှင့် လက်တွဲကြရန် (NLD မဟုတ်သည့်)အခြားပါတီများနှင့် နိုင်ငံရေးကိုယ်စားလှယ်များကို လက်သင့်ရာ ရွေးချယ်ဖိတ်ခေါ်မှုပြုလုပ်သွားခဲ့သည်။ သို့ရာတွင် ဤကဲ့သို့သော အခင်းအကျင်းမျိုး၌ မည်သည့်နိုင်ငံ ရေးအင်အားစုက ယုံကြည်စိတ်ချစွာ လက်တွဲဆောင်ရွက်သွားမည်နည်းဟု မေးစရာရှိလာသည်။ သို့ ဖြစ်၍ မည်သည့်ပါတီက ဖိတ်ခေါ်မှုကို လက်ခံ၍ မည်သည့်ဇာတ်ကောင်များက ငြင်းဆိုသွားမည်နည်း ဟူသည့် ကိစ္စရပ်သည် အထူးတလည် စိတ်ဝင်စားဖွယ်ရာကောင်းနေတော့သည်။

လက်ရှိအချိန်၌ လွှတ်တော်လုပ်ငန်းများအားလုံး အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဤအခြေအနေ၌ တွေ့ ဆုံဆွေးနွေးမှုပြုလုပ်သွားရန် အလားအလာရှိသည့် တစ်ခုတည်းသောလမ်းကြောင်းအဖြစ် ၁၉၈၉ ခုနှစ် ၌ ယခင်‘နဝတ-နအဖ’အစိုးရလက်ထက်မှ စတင်လာခဲ့သည့် တိုင်းရင်းသားငြိမ်းချမ်းရေး လုပ်ငန်းစဉ် သာလျှင် ကျန်ရှိနေတော့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင်ရွက်ခြင်း သည် အလွန်ခက်ခဲလက်ဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သိန်းစိန်အစိုးရလက်ထက်၌ ပြန် လည်အသက်သွင်းခဲ့သည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ခေတ်သစ်ကမ္ဘာ၌ အရှုပ်ဆုံးဟု မဆို နိုင်လျှင်ပင် အရှုပ်ထွေးဆုံးထဲ၌ တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထက်ဝက်ပင်မပြည့်သည့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲ ရေး၊ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးနှင့် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တို့အပြင် ၂၁ ရာစု ပင်လုံညီလာခံတစ်ရပ်နှင့် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားမည့် လက်ရှိအချိန်၌ ရပ်တန့်သွားခဲ့ပြီဖြစ်သည့် လွှတ်တော်ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်သွားမည့် လွှတ်တော်များလည်း ရှိနေခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဖက်မှ ယနေ့အချိန်ထိ ၎င်းတို့ကိုယ်တိုင် ရေး ဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည့် မည်သည့်အပြောင်းအလဲ ကိုမျှ လက်ခံသဘောတူသွားမည်မဟုတ်ဟု ငြင်းဆိုနေကြဆဲဖြစ်သည်။

အလားတူ စိတ်ရှုပ်စရာကောင်းသည့် အချက်တစ်ခုအဖြစ် အသစ်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီသည် NLD အစိုးရ၏ ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစီးအကောင်အထည်ဖော်လျက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာကိုပယ်ဖျက်သည့် ဥပဒေသစ်ကို ဦးဆုံးထုတ်ပြန်လာ ခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းအစား အနာဂတ်စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းမှန်သမျှကို တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကသာ ဦးဆောင်သွားမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။ လော လောဆယ်၌ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဆက်၍အသက်ဝင်နေဆဲဖြစ်သ လို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး သဘောတူလက်မှတ်ရေးထိုး ကြရန်လည်း တွန်းအားပေးလျက်ရှိသည်။

သို့ရာတွင် တိုင်းရင်းသားခေါင်းဆောင်များဖက်က မည်ကဲ့သို့ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဂဃနဏ ပြောဆိုရ ခက်ခဲနေဆဲဖြစ်သည်။ ကြံ့ခိုင်ရေးနှင့် NLD ဦးဆောင်သည့် အစိုးရများလက်ထက်က NCA လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်ခဲ့ကြသူများက ၎င်းတို့၏ ထည့်ဝင်ကူညီမှုတန်ဖိုးအပေါ် မေးခွန်းထုတ် နေကြသလို NCA လက်မှတ်ထိုးခဲ့ကြသူများနှင့် မထိုးရသေးသည့် အင်အားစုနှစ်ဖက်စလုံးကလည်း ပြည်တွင်းအခင်းအကျင်း၏ အရွေ့မှန်သမျှကို အနီးကပ်စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီ လိုလား ထောက်ခံသူများအပေါ် ဖြိုခွဲနှိမ်နှင်းမှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ၏ အင်အားသုံးဖြိုခွဲမှုများက အစိုးရကို မည်သည့်အဖွဲ့အစည်းက ထိန်းချုပ်ထားသည်ဖြစ်စေ နိုင်ငံအတွင်း အနှစ်သာရပြည့်ဝသည့် နိုင်ငံရေးအပြောင်းအလဲများကိုဖြစ်ပေါ်လာစေမည့် လုပ်ငန်းစဉ်မျိုးကို တောင်း ဆိုလျက်ရှိသည့် ၎င်းတို့၏ လိုလားချက်များ ပိုမိုအဓွန့်ရှည်ခိုင်မာလာစေသည့် တွန်းအားများဖြစ်လာ မည့် အလားအလာရှိသည်။ လူငယ်လူရွယ်များ၊ လှုပ်ရှားတက်ကြွသူများနှင့် အာဏာဖီဆန်သည့် လူ ထုလှုပ်ရှားမှု၌ ပူးပေါင်းပါဝင်လျက်ရှိသည့် လူထုလူတန်းစားများ၏ ဇွဲသတ္တိနှင့် တောင်းဆိုမှုများသည် လူ့အဖွဲ့အစည်း အလွှာပေါင်းစုံ၏ စာနာထောက်ထားမှုကို အလျင်အမြန်ရရှိလာစေရန် အထောက်အကူ ပြုလျက်ရှိသည်။

ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးရရှိသည်အထိ ကြိုးပမ်းဖော်ဆောင်ပေးရန် နောက်ထပ် ဆယ်စုနှစ် တစ်ခုစာမျှ ပျက်ကွက်ခဲ့ခြင်းကြောင့် စိတ်ပျက်အားလျော့မှုပုံစံသစ်များ နိုင်ငံအဝှမ်း အထင်အရှားမြင် သာထင်ရှားလာခြင်းသည်လည်း အလားတူအလေးထားရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ လက်ရှိအာ ဏာသိမ်းမှု မတိုင်မီကတည်းကပင် နိုင်ငံရေးလောကကို ဆက်လက်စိုးမိုးထားဦးမည့် ကိစ္စရပ်အပြင် တပ်မတော်ခေါင်းဆောင်များ၌ မည်သည့်အန္တိမရည်မှန်းချက်မျိုး ရှိနေသေးသနည်းဟု အင်အားစုအ များအပြားက စတင်မေးခွန်းထုတ်နေကြပြီးဖြစ်သည်။ ဘက်အားလုံးက ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ စနစ်သို့ ဦးတည်လျှောက်လှမ်းမည့် ဘုံရည်မှန်းချက်ပန်းတိုင်အပေါ် သဘောတူထားကြပြီးဖြစ်သော် လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်တိုးတက်ဖြစ်ထွန်းလာခဲ့ခြင်းမရှိပေ။ သို့ဖြစ်၍ ကုန် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ချမှတ်ဖော်ဆောင်ခဲ့ကြသည့် အလွန်ရှုပ်ထွေးပွေလီသည့် အပစ်အခတ် ရပ်စဲရေး လုပ်ထုံးလုပ်နည်းများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ညှိနှိုင်းအကောင်အ ထည်ဖော်မည့် လုပ်ငန်းစဉ်များထက်စာလျှင် ဗဟိုဦးစီးထိန်းချုပ်ရေးစနစ်ကို တည်ထောင်မည့် ယန္တရား များနှင့်ပို၍ အလားသဏ္ဍာန်တူလျက်ရှိသည်။ တိုင်းရင်းသားအရေး လှုပ်ရှားနေကြသည့် ခေါင်းဆောင် များ၏ စိတ်ပျက်စိတ်ကုန်ကြောင်း ညည်းတွားမှုများ ပို၍ကျယ်လောင်လာလျက်ရှိသည်။ စစ်ကောင်စီ၏ အာဏာသိမ်းမှုပေါ်ထွက်လာပြီးနောက် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင်း နိုင်ငံရေးပေါင်းစည်းမှု အလှည့်အ ပြောင်းများ ပေါ်ပေါက်လာသည်နှင့်အမျှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အားလုံးလွှမ်းခြုံပါဝင်ရေး စိတ်ကူး မျှော်လင့်ချက်များ နောက်တစ်ကြိမ် လွင့်ပါးပျောက်ကွယ်သွားရပြန်သည်။

နောက်ဆုံးအနေဖြင့် အတိတ်၏ စိတ်ပျက်အားလျော့ဖွယ်ရာ နိုင်ငံရေးတစ်ဆို့မှုနှင့် နိုင်ငံကျရှုံးမှုသံသ ရာ တစ်ပတ်ပြန်လည်မလာအောင် ယနေ့ပင် တားဆီးဆောင်ရွက်နိုင်မည့် အရာများရှိသလားဟု မေး မြန်းရန် လိုအပ်လာပြီဖြစ်သည်။ လူသားနှင့် သဘာဝသယံဇာတ အရင်းအမြစ်အလားအလာကောင်း များကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ဤကဲ့သို့သော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးအကွဲအပြဲများ လိုက်ပါလာရမည်ဟူသည့် ကြိုတင်ပြဋ္ဌာန်းထားချက် မျိုးမရှိခဲ့သဖြင့် နည်းလမ်းရှိသည်ဟုသာ ဖြေဆိုရမည်ဖြစ်သည်။ သို့သော် အတိတ်သမိုင်းကို သင်ခန်း စာယူ၍ ပြင်ဆင်သွားရန် ဦးစွာလိုအပ်ပါလိမ့်မည်။

မည်သည့်ထိပ်ပိုင်းခေါင်းဆောင်မဟူ စစ်တပ်၏ ခြိမ်းခြောက်မှုနှင့် နိုင်ငံရေးအကြမ်းဖက်မှုကို ဝိုင်းဝန်းအ ဆုံးသတ်ပေးရန် လိုအပ်သည်။ နိုင်ငံရေး၌ အခြေတည်သည့် စိန်ခေါ်မှုများကို လက်နက်ကိုင်ပဋိပက္ခ အားဖြင့် ဘယ်သောအခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ မည်သည့်အဖွဲ့ကမျှ နိုင်ငံရေးအရ အမြဲတမ်းမှန် ကန်မှု မရှိနိုင်ပါ။ လက်နက်ကိုင်တော်လှန်ပုန်ကန်ခြင်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်များ ပြည့် မှီမှုမရှိခဲ့ဖူးကြောင်း လက်နက်ကိုင်ထားသူများ အသိဝင်လာရန်လိုအပ်သလို လွှတ်တော်၌ ထိုင်နေ သည့် နိုင်ငံရေးသမားများသည်လည်း အပူတပြင်းဆောင်ရွက်ရန် ရှည်ကြာလွန်းမက ကြာခဲ့ပြီဖြစ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံရမည့်အချိန် ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။ ဘက်အားလုံး နိုင်ငံသူနိုင်ငံသားများ၏ ဘဝသုခနှင့် လူ့အခွင့်အရေးကို ဦးတည်ရည်မှန်း သည့် စစ်မှန်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် မိမိတို့၏ သက်ဆိုင်ရာတာဝန်ကို ကျရာအခန်းကဏ္ဍအသီးသီးမှ ပါဝင်ထမ်းဆောင်ရမည့်အချိန် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင်း ဆန့်ကျင်ဆန္ဒပြမှုများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၌ ရန်ကုန်မြို့တွင်း ဆန့်ကျင်ဆန္ဒပြမှုများ

ဤနေရာမှစတင်၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စစ်တပ်မှ ကဖျက်ကယက်ပြုသည့်အခါ တိုင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စိန်ခေါ်မှုများ ပိုမိုကြီးမား လာမည်ဖြစ်ကြောင်း အသိသတိရှိရန် လိုအပ်လာပြီဖြစ်သည်။ မတူညီကြသည့် လူတစ်ဦးချင်းစီ၏ နာ ကျည်းနစ်နာချက်များနှင့် စိတ်ကူးမျှော်မှန်းချက်များကို ပွင့်လင်း၍ အားလုံးလွှမ်းခြုံပါဝင်မှုရှိသည့် တွေ့ ဆုံဆွေးနွေးမှုအားဖြင့်သာလျှင် ဖြေရှင်းနိုင်သည်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း၏ စစ်အာဏာသိမ်းမှုက နိုင်ငံ ရေးပါတီများအကြား ဖက်ဒရယ်အဆိုပြုချက်နှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဆွေးနွေးမှုကို နိဂုံး ချုပ်သွားစေခဲ့သည်။ ၁၉၉၀ ခုနှစ် ဖြိုခွဲနှိမ်နှင်းမှုက NLD နှင့် အခြားရွေးကောက်ခံပါတီများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရာ၌ ထိန်းကျောင်းပေးမည့် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြင်ဆင် မှုကို အဆုံးသတ်ပစ်ခဲ့သည်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကြားဖြတ်စစ်အုပ်ချုပ်ရေးသည် တပ်မတော်ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲဖန်တီးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ရွေး ကောက်ခံကိုယ်စားလှယ်များ လွှတ်တော်ခေါ်ယူနိုင်ခြင်းမရှိစေရန် တားဆီးပိတ်ပင်ခဲ့ပြန်သည်။ ဤဖြစ် စဉ်များအားလုံး အကျိုးကျေးဇူးရရှိစေမည့် အခွင့်အလမ်းထက် ပျက်စီးဆုံးရှုံးမှုများကိုသာ ဆောင်ကျဉ်း လာခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအဝှမ်းရှိ ပြည်သူလူထုများအနေဖြင့် အလွန်စိတ်ရှုပ်ခဲ့ရသည်မှန်သော်လည်း လက်ရှိဖြစ်ပျက်နေသည့် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ရာ၌ စည်းစည်းလုံးလုံးရှိနေကြ သည်။ အလားတူစိုးရိမ်စရာ ကိစ္စရပ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခုစာမျှ အရှိန်ရလာခဲ့သည့် တိုင်းရင်းသား ငြိမ်းချမ်းရေးစကားဝိုင်းများသည် အလွန်အရေးကြီးသည့် အခိုက်အတန့်ရောက်မှ ကမောက်ကမဖြစ် သွားခဲ့ရသဖြင့် ရှေ့နိုင်ငံရေးလားရာ ဦးတည်ချက်နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းလျက်ရှိသည့် အဖွဲ့အ စည်းများအားလုံး ဝေဝါးရှုပ်ထွေးလျက်ရှိသည်။ ထိုအခြေအနေ၌ တပ်မတော်ခေါင်းဆောင်များက ၎င်းတို့၏ “လွှတ်တော်နိုင်ငံရေး”အပါအဝင် “ငြိမ်းချမ်းရေးဆွေးနွေးမှု” လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းပြောဆိုရာ၌ ခိုင်မာရေရာသည့် နိုင်ငံရေးအကြောင်းတရားများထက် လုပ်ထုံးလုပ်နည်းကဲ့သို့သော နည်းပညာပိုင်းနှင့် ပို၍သက်ဆိုင်သည့် အကြောင်းပြချက်မျိုးဖြင့် မဟာဗျူဟာဦးတည်ချက်ကို အ ပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် ကဲ့သို့ပင် နိုင်ငံရေးလုပ်ကြံမှုကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ဤအကြောင်းရင်းများကြောင့် လာမည့်လများအတွင်း ဘာဖြစ်လာမည်ကို လွန်စွာခန့်မှန်းရခက်နေဆဲ ဖြစ်သည်။ မည်သို့ဆိုစေ နိုင်ငံအနေဖြင့် ပဋိပက္ခနှင့် နိုင်ငံရေးတစ်ဆို့မှု သံသရာသစ်မှ လွတ်မြောက် လိုပါက ရှေ့ဆက်သွားရန် တစ်လှမ်းသာရှိတော့သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေး ခိုင်ခိုင်မာမာအမြစ်တွယ်စေရန် ခွဲခြားဘေးဖယ်၍ ရှောင်ကြဉ်ပထုတ်ထားလေ့ရှိသည့် နိုင်ငံရေးအ ခင်းအကျင်းမျိုးကို မဖြစ်မနေအဆုံးသတ်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကိုယ်စားပြုမှုဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်ဖော်ဆောင်ကာ ဘက်ပေါင်းစုံအင်အားစုများ၊ တောင်းဆိုမှုများနှင့် အသံများ အားလုံး ကြားပြောနိုင်ပြီး လိုအပ်သလိုအရေးယူဆောင်ရွက်မှုပြုရန် မဖြစ်မနေလိုအပ်လျက်ရှိသည်။

အချုပ်အားဖြင့် ဤကိစ္စရပ်သည် ‘နဝတ-နအဖ’ခေတ် အမျိုးသားညီလာခံနှင့် NLD အစိုးရလက်ထက် ၂၁ ရာစုပင်လုံ ညီလာခံနှစ်ရပ်စလုံးက ဆောင်ကျဉ်းပေးနိုင်ရန် ကြိုးပမ်းခဲ့သည့် ကိစ္စရပ်လည်းဖြစ် သည်။ မည်သည့်ညီလာခံတွင်မျှ ပါဝင်သင့်ပါဝင်ထိုက်သူဦးရေ ပြည့်မှီခဲ့ခြင်းမရှိသလို စစ်မှန်သည့် ဆွေးနွေးပြောဆိုမှုများလည်း ဖြစ်ပွားခဲ့ခြင်းမရှိပေ။ မည်သို့ဆိုစေ ညီလာခံနှစ်ရပ်စလုံးသည် မြန်မာနိုင်ငံ ၏ အနာဂတ်နိုင်ငံရေး မျှော်မှန်းချက်များကို အရောင်အသွေးစုံလင်၍ တိုင်းရင်းသားမျိုးနွယ်စု ကွဲပြားစုံ လင်သည့် ဝိသေသလက္ခဏာရပ်အပေါ် ထင်ဟပ်မှုရှိသည့်ပုံစံမျိုး ပြောင်းလဲပုံဖော်နိုင်စေမည့် ငြိမ်းချမ်း ရေးခြေလှမ်းသစ်များအတွက် အလားအလာကောင်းများကို မျိုးစေ့ချပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

တနည်းအားဖြင့် မျှော်လင့်ချက် လုံးလုံးကင်းမဲ့သွားသည်တော့မဟုတ်ပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်အ တွင်း ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးအပေါ် မျှော်လင့်ချက်များနှင့် စိတ်ပိုင်းဖြတ်ဆုံးဖြတ်မှုကို လွှတ်တော်တွင်း နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားဖြင့်သော်လည်း ကောင်း အရပ်ဖက်လူ့အဖွဲ့အစည်းများအကြား အောက်ခြေမြေပြင်၌သော်လည်းကောင်း ယခင်ကမကြုံ ဖူးသည့်ပုံစံမျိုးဖြင့် အသံထွက်ထုတ်ဖော်ပြောဆိုမှုများ ကျယ်လောင်လာခဲ့သည်။ ဤအရွေ့များအားဖြင့် သာလျှင် ရှေ့ဆက်သွားနိုင်မည်ဖြစ်သဖြင့် ၎င်းတို့၏ အရှိန်အဟုန်ကျမသွားအောင် ဆက်လက်ထိန်း သိမ်းသွားရန် မဖြစ်မနေလိုအပ်သည်။ ၁၉၈၈ ခုနှစ်၌ လူငယ်မျိုးဆက်များသည် လွတ်လပ်ခြင်းနှင့် အ ခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်များတောင်းဆိုရန် တိုက်ပွဲဝင်ခဲ့ကြသည်။ ၂၀၂၁ ၌လည်း ကြမ္မာရဟတ် တစ်ပတ် ပြန်လည်လာခဲ့ပြီဖြစ်သည်။ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်အားလျော်စွာ တစ်ကမ္ဘာလုံး မျက်စိ ဒေါက်ထောက် စောင့်ကြည့်လျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံ လူပေါင်းစုံသည် ဒီမို ကရေစီနှင့် လွတ်လပ်မှုဟူသည့် ဘုံရည်မှန်းချက်ပန်းတိုင်အတွက် တစ်ခဲနက်ထောက်ခံအားပေးလျက် ရှိသည်။ ပြောင်းလဲချိန်တန်ပြီဖြစ်သလို နောက်ထပ်လူငယ်မျိုးဆက်တစ်ခု ထပ်မံဆုံးရှုံးမသွားရလေ အောင် သွေးစည်းကြဖို့ အလွန်အရေးကြီးနေပြီဖြစ်သည်။

* “နယ်စပ်ဒေသများ”ကို ဓမ္မဓိဌာန်မကျသည့် အသုံးအနှုန်းမျိုးဖြင့် ဒုတိယ သို့မဟုတ် နယ်စွန်နယ်ဖျား အဆင့်အတန်းကဲ့သို့လည်း ရည်ညွှန်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ သို့သော်လည်း ယခုသုံးသပ်ချက်အ တွင်း၌ အခြားနယ်မြေဒေသများ သို့မဟုတ် နိုင်ငံများနှင့် ရေမြေချင်းထိစပ်တည်ရှိနေမှုကိုဖော်ပြသည့် ပုံစံမျိုးဖြင့် သုံးနှုန်းဖော်ပြထားခြင်းဖြစ်သည်။