မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုများကို သုံးသပ်ခြင်းနှင့် အဘယ့်ကြောင့် ရခိုင်ပြည်မှ နိုင်ငံရေးအင်အားစုများသည် မတူသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသနည်း။

A Myanmar Commentary by Kyaw Lynn
02 ဧပြီလ 2021
Article

ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ဆန္ဒပြမှုများ နှင့် ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ဤသုံးသပ်ချက်တွင် ကျော်လင်းသည် အပြည်ပြည်ဆိုင်ရာတွင် ဒီမိုကရေစီ တိုးတက်မှုအတွက် ခက်ခဲသောအချိန်အတွင်း စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အဖွဲ့အစည်း ဆိုင်ရာ ရှုပ်ထွေးသောအကြောင်းအရာများကို ဆက်စပ်ဖော်ပြထားသည်။ ထို့နောက် ၄င်းသည် ရခိုင်ပြည်နယ်၏ အရေးကြီး သော အခြေအနေကို ကြည့်ရှုကာ နိုင်ငံရေးခေတ်ရေစီးကြောင်းသည် အဘယ့်ကြောင့် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ နှင့် ကွဲပြားခြားနားမှုများရှိသည်ကို သုံးသပ်ဖော်ပြထားသည်။

စာရေးသူ

လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီမှ ဆန္ဒထုတ်ဖော်ခြင်း၊ ရန်ကုန်၊ ၂၄ ဖေဖော်ဝါရီ ။
လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီမှ ဆန္ဒထုတ်ဖော်ခြင်း၊ ရန်ကုန်၊ ၂၄ ဖေဖော်ဝါရီ ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျနော် စစ်ကိုင်းတိုင်းကို ခရီးသွားဖို့ စီစဉ်ခဲ့ပါသည်။ သို့ပေမယ့် ယင်းနေ့ မနက် ၃ နာရီခန့်တွင် ရင်းနှီးသည့် သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ဖုန်းဆက်ပြီး ‘စစ်တပ်က အာဏာသိမ်းပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သမ္မတကို ဖမ်းသွားပြီ…’ လို့ ပြောသည်။ ကျနော် လန့်ဖြန့်သွားသလို၊ ကျနော့် ခရီးစဉ်ကိုလည်း ချက်ချင်းဖျက်လိုက်ရပါသည်။ စစ်အာဏာသိမ်းမှုသည် လွန်ခဲ့သော ၃ ပတ်က ဖြစ်ခဲ့ပြီး၊ မြို့ပေါ်ဆန္ဒထုတ်ဖော်မှုတွေကလည်း ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးမှ လူတွေအနေနှင့် လည်း ဘာတွေ၊ ဘာကြောင့် ဖြစ်ခဲ့သည် ဆိုသည်ကို နားလည်ဖို့ကြိုးစားနေကြဆဲဖြစ်သည်။

တချို့သော လေ့လာသုံးသပ်သူများက စစ်အာဏာသိမ်းမှု၏ အကြောင်းအရင်းကို လူပုဂ္ဂိုလ်ဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ ရှုထောင့်များမှ ဖော်ထုတ်ကြသည်။ လူပုဂ္ဂိုလ်ဆိုင်ရာ ရှုထောင့်မှဆိုလျှင် လက်ရှိကာချုပ်သည် ဒီနှစ်မှာပဲ တာဝန်က အနားယူရမှာဖြစ်ပြီး၊ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည့် အတွက် သူအနေနှင့်အာဏာမရှိဘဲ အနားယူရမှာကို ကြောက်နေရသည်။ နောက်အဖွဲ့အစည်းဆိုင်ရာရှုထောင့်မှ ဆိုလျှင်တော့ တပ်မတော်အနေနှင့် လူကြိုက်များသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ် (First Pass The Post-FPTP) အောက်မှာယှဉ်ပြိုင်ဖို့ မလွယ်ကူတော့ကြောင်း သိရှိလာခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒီချုပ်၏ ရွေးကောက်ပွဲအောင်နိုင်မှုအင်အားကို လျှော့ချဖို့ အတွက် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation- PR) ကဲ့သို့ ကစားပွဲစည်းမျဉ်းကို အပြောင်းအလဲ လုပ်ဖို့ စဉ်းစားလာခြင်းဖြစ်သည်။

ထိုကဲ့သို့ အဖွဲ့အစည်းဆိုင်ရာ ရှုထောင့်အပြင် ပိုမိုယေဘုယျဆန်သည့် ဦးတည်ချက်နှင့် နိုင်ငံရေးဖြစ်စဉ် တွေကလည်း စစ်အာဏာသိမ်းမှုမတိုင်ခင် တပ်မတော်၏ စဉ်းစားချက်ကို လွှမ်းမိုးနိုင်သည် ဟု ပြောကြသည့် သူများလည်း ရှိပါသည်။ ထိုအထဲက တစ်ခုကတော့ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကိုယ်တိုင်ပဲဖြစ်သည်။ ပညာရှင် လယ်ရီ ဒိုင်းယားမွန်း (Larry Diamond) ကတော့ ၂၀၀၅ ခုနှစ်ကတည်းက ကမ္ဘာတွင် ဒီမိုကရေစီနိုင်ငံ အရေအတွက်သည် တဖြည်းဖြည်းကျဆင်းလာသည်ဟု ထောက်ပြထားသည်။ ထိုနည်းတူစွာပင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည်လည်း နိုင်ငံရေးသိပ္ပံပညာရှင် ဆန်မြူရယ်ဟန်တင်တန် (Samuel Huntington) ပြောသည့် အာဏာရှိသူတွေက နိုင်ငံရေးအပြောင်းအလဲကို ဆုံးဖြတ်အစပြုသည့် ကြိုးကိုင်အပြောင်းအလဲပုံစံ (transformative transition) နှင့်ပဲ ၂၀၁၀ မှာ စတင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းလဲသည် ထိလွယ်ရှလွယ်သောအဆင့်တွင်သာ ရှိနေသေးသည်။

ဤမတည်မငြိမ်မှုများကို ပြန်လည်သုံးသပ်ကြည့်လျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံတကာအသိုင်း အဝိုင်းတွင်ဖြစ်နေသည့် အရေးကြီးသော အပြောင်းအလဲများကလည်း မြန်မာ့စစ်အာဏာသိမ်းမှုကို သက်ရောက်မှု ရှိခဲ့ပုံ ရပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမား (Francis Fukuyuma) ၏ အဆိုအရ နိုင်ငံတကာ အခင်းအကျင်းသည် ၂၁ ရာစု၏ ဒုတိယ ဆယ်စုနှစ်အတွင်းတွင် အရေးကြီးသည့် အပြောင်းအလဲကြီး ၂ ခု ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ ယင်းတို့မှာ လစ်ဘရယ်နိုင်ငံအများအပြားမှာ ပေါ်ပြူလစ်ဝါဒနှင့် အလစ်ဘရယ်ဝါဒ မြင့်တက်လာခြင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် အာဏာပိုင်နိုင်ငံများ ပြန်လည်ခေါင်းထောင်လာခြင်းများဖြစ်သည်။ ပထမဖြစ်စဉ်ကို အမေရိကန်၊ ယူကေ၊ အိန္ဒိယနှင့် ဘရာဇီးလို နိုင်ငံများတွင် အမျိုးသားရေးဝါဒီများ ပြန်ခေါင်းထောင်လာခြင်းနှင့် ပေါ်ပြူလစ်ခေါင်းဆောင်များ ရွေးကောက်ပွဲနိုင်လာကြခြင်းတို့ဖြင့် ဖော်ပြထားပြီး၊ ဒုတိယဖြစ်စဉ်ကိုတော့ နိုင်ငံတကာစင်မြင့်ထက်တွင် တရုတ်နှင့် ရှရှားတို့လို နိုင်ငံတွေက အာဏာဖြန့်ကျက်လာ ကြခြင်းဖြင့် ဖော်ပြထားသည်။

ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းပြောင်းလဲလာခြင်းသည် မြန်မာနိုင်ငံအပေါ်ကိုလည်း သက်ရောက်မှု ရှိသည်။ တရုတ်နှင့် ရှရှားသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲတွင် စစ်ကောင်စီအား ဝေဖန်မှုများကို ကာကွယ်ရာတွင် အထိရောက်ဆုံး ဗီဒိုအာဏာပိုင်နိုင်ငံများဖြစ်သည်။ တစ်ချိန်ထဲမှာပင် တရုတ်နိုင်ငံရေး၏ အာဏာရှင်သဘာဝသည်လည်း ကျနော်တို့နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲဖြစ်စဉ်ပေါ်တွင် သိသာသည့် စိန်ခေါ်မှုကိုဖြစ်စေပါသည်။ တရုတ်နိုင်ငံကို မှီတည်နေသည့် အိမ်နီးချင်း နိုင်ငံအနေဖြင့် အကျိုးဆက် အများအပြားရှိသည်။ ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံဆိုသည်မှာ နောက်ဆယ်စုနှစ် ၂ ခုတွင်တောင် ရွေးကောက်ပွဲ ဒီမိုကရေစီ (electoral democracy) ကို ကူးပြောင်းဖို့ အလားအလာမရှိသေးသည့် အာဏာရှင်နိုင်ငံ တစ်ခုဖြစ်သည်။ ဒုတိယအချက်မှာ တရုတ်ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့နိုင်ငံသည် နိုင်ငံတော်ခေါင်းဆောင်မှုရှိသည့် ဗဟိုချုပ်ကိုင်မှုအောက်တွင် စီးပွါးရေးအရှင်းရှင် ဝါဒနှင့် တစ်ပါတီအုပ်ချုပ်မှုကို ပေါင်းစပ်ပြီး လူမှု-နိုင်ငံရေးဖွံဖြိုးမှုကို ရနိုင်သည်ဆိုသည့် တခြားပုံစံတစ်ခုလိုမျိုး ညွှန်းဆိုလေ့ရှိနေခြင်းများ ဖြစ်သည်။

ဤရေစီးကြောင်းအပြောင်းအလဲအတွင်းတွင် နိုင်ငံရေးဖိအားဒဏ်များ ခံစားနေရသည်မှာ မြန်မာနိုင်ငံတစ်နိုင်ငံ တည်းမဟုတ်ပြန်ပေ။ အိမ်နီးချင်းနိုင်ငံများကို ကြည့်ပါကလည်း လွန်ခဲ့သော နှစ်အနည်းငယ်နှင့် နှိုင်းယှဉ်လျှင် ဒီမိုကရေစီအပြောင်းအလဲအတွက် မျှော်လင့်ချက်အနည်းအကျဉ်းကိုသာ တွေ့ရပါလိမ့်မည်။ အိမ်နီးနားချင်း နိုင်ငံ ငယ်လေးတစ်ခုဖြစ်သည့် လာအိုနိုင်ငံသည် နှစ်ပေါင်းများစွာကြာသည်အထိ တစ်ပါတီအာဏာရှင်စနစ်အောက် မှာပဲ ရှိနေဆဲဖြစ်သည်။ ထိုနည်းအတူ ထိုင်းနိုင်ငံသည်လည်း ဒီမိုကရေစီစနစ်ကို လုံးလုံးလျားလျား ပြောင်းလဲစရာ မလိုဘဲ စစ်ခေါင်းဆောင်တွေအနေဖြင့် အာဏာကို မည်ကဲ့သို့ထိန်းသိမ်းထားလို့ရနိုင်သလဲ ဆိုသည်ကို မြန်မာစစ် ခေါင်းဆောင်များအား ဥပမာအများကြီး ပြသနေသည်။

ထိုနည်းတူ မြန်မာ့ မြောက်နှင့်အနောက် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ၂ ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ မှာလည်း ဒီမိုကရေစီအပြောင်းအလဲတွင် နောက်ပြန်ဆုတ်မှုကို တွေ့နေရပါသည်။ ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပခဲ့ သည့် ၂၀၁၈ အထွေထွေရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (Bangladesh Nationalist Party- BNP) က သပိတ်မှောက်ခဲ့ပြီး၊ လွတ်လပ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟု သတ်မှတ်ဖို့ ခက်ခဲပေသည်။ ထို့အပြင် အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ ၏ အာဏာရ ဘာရာတီယ ဂျနတပါတီ (Bharatiya Janata Party- BJP) ကို ဒီမိုကရက်တစ် စံတန်ဖိုးများထက် ဟင်ဒူအမျိုးသားရေးဝါဒကိုသာ စွဲကိုင်ထားသည့် လက်ယာစွန်းပေါ်ပြူလစ်အစိုးရအဖြစ် သတ်မှတ်ထားကြသည်။ အိန္ဒိယသည် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်ပြီး၊ ပါတီစုံရွေးကောက်ပွဲရှိသည့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ ဖြစ်သော်လည်း ဒီမိုကရက် တစ်ဆန့်ကျင်သည့် အများကြိုက်ဝါဒသည် နိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများ တွင် ပျံနှံ့လျက်ရှိသည်။

အတိုချုပ်ပြောရလျှင် လွန်ခဲ့သည့် ဆယ်စုနှစ်သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံတော်တော်များများမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှု အတွက် စိန်ခေါ်မှုအမျိုးမျိုးရင်ဆိုင်ကြရသည့်အချိန်တစ်ခုဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု၏ အရိပ်

နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများက မြန်မာနိုင်ငံထဲက အဖြစ်အပျက်များကို မည်ကဲ့သို့ လွမ်းမိုးမူရှိနိုင်မှာလဲဆို သည်မှာ လက်တလောအခိုက်အတံ့တွင် မှန်းဆဖို့ခက်လှပါသည်။ သို့ပေမယ့် သမိုင်းအရပြောရလျှင် ဒေသတွင်းနှင့် နိုင်ငံတကာအပြောင်းအလဲများသည် အတိတ်က မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်တွေအနေနှင့် လူထုရွေးကောက် တင်မြှောက်ထားသည့် အစိုးရအာဏာကို သိမ်းယူမှုဖြစ်စေခဲ့ပြီး၊ ၎င်းတို့ အစပြုသည့် နိုင်ငံရေးစနစ်အပေါ်မှာလည်း ခိုင်မာစွာ လွှမ်းမိုးမှုရှိခဲ့ပါသည်။ ထိုကဲ့သို့ ရွေးကောက်ခံလွှတ်တော်ကို ဆန့်ကျင်ပြီး စစ်တပ်မှ ထိမ်းကွတ်မှုသည် သမိုင်းတွင် ယခင်က ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၉၀ တို့တွင် ၃ ကြိမ်ခန့် ရှိခဲ့သည်။

အသိသာဆုံးကတော့ ၁၉၆၂ မှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် မြန်မာအမျိုးသားရေး ဝါဒအခြေပြု ဆိုရှယ်လစ်စနစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆန်မြူရယ်ဟန်တင်တန် ထောက်ပြခဲ့သလို ၁၉၆၂ သည် ဒုတိယကမ္ဘာစစ်အဆုံး ၁၉၄၅ ကတည်းက တစ်ကမ္ဘာလုံးတွင် စတင်လာခဲ့သည့် ဒီမိုကရေစီလှိုင်းကို ဆန့်ကျင်လှိုင်းစခဲ့သည့် နှစ်လည်းဖြစ်တယ်။ ထို့အပြင် ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီသည်လည်း စစ်အေးပြီးမှ အဆုံးသတ်သွားပြီး၊ ၁၉၈၀ ခုနှစ်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကို ရိုက်ခတ်ခဲ့သလို၊ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များအတွင်း ကိုလိုနီလွန်နှင့် ဖွံဖြိုးဆဲနိုင်ငံများတွင် နာမည်ကြီးခဲ့သည်။

သီအိုရီအရပြောရလျှင် ၁၉၈၈ တွင် ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လှစ်လမ်းစဉ်စနစ် ပြိုကွဲခြင်းသည် ကျနော်တို့နိုင်ငံ၏ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုအစ တခါးပေါက်ဖြစ်သင့်ပါသည်။ ယနေ့လိုပင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများသည် နိုင်ငံရေးအပြောင်းအလဲအတွက် ဆန္ဒပြခဲ့ကြသည်။ သို့သော် နိုင်ငံတော်ငြိမ်ဝမ် ပိပြားရေးကောင်စီ စစ်ခေါင်းဆောင်များသည် ၁၉၉၀ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အာဏာပြန်လွှဲပေးဖို့ ငြင်းဆန်ခဲ့ကြပါသည်။ သို့ပေမယ့် စစ်ခေါင်းဆောင်များသည် ၎င်းတို့အဆိုအရ ဒီမိုကရက်တစ်မူတွေအပေါ်အခြေခံမည့် ဖွဲ့စည်းပုံသစ်ရွေးဆွဲရေးအတွက် ၁၉၉၃ မှာ စတင်ခဲသည့် အမျိုးသား ညီလာခံတစ်ခုဖြင့် ဒီမိုကရေစီအပြောင်းအလဲအတွက် ရေရှည်အစီစဉ်တစ်ခုကို ချမှတ်ခဲ့ကြသည်။

နောက်ဆုံး ထွက်ပေါ်လာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့ နိုင်ငံရေးအကျပ်အတည်း၏ ဇစ်မြစ်ဖြစ်သည်။ ယင်းဖွဲ့စည်းပုံသည် မည်မျှအတိုင်းအတာထိ ဒီမိုကရေစီဆန်သည်၊ မဆန်သည်ဆိုကတော့ အများကြီး အငြင်းပွါးစရာရှိပါသည်။ သို့ပေမယ့် ၁၉၉၃-၂၀၀၈ ခုနှစ်ကြား ဖွဲ့စည်းပုံရေးဆွဲပြင်ဆင်ရေး နှစ်ရှည်ကြီးသည် ဖရန်စစ်ဖူကူယားမား၏ ဈေးကွက်စီးပွါးရေးနှင့် ရွေးကောက်ပွဲ ဒီမိုကရေစီပေါင်း နိုင်ငံရေးစနစ် ‘သမိုင်းနိဂုံး’ ဂလိုဘယ်အိုင်ဒီယာကြီးသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအတွက် နိုင်ငံရေးစနစ်ဖြစ်သင့်သည်ဆိုပြီး ရေပန်းစားနေချိန်လည်းဖြစ်သည်။

ယင်းကိစ္စသည် နူးညံ့သိမ်မွေ့လှသည်။ မြန်မာစစ်ခေါင်းဆောင်များသည်လည်း ပြည်တွင်း နိုင်ငံရေးဦးတည်ချက် ကို ပိုအာရုံစိုက်ကြပုံရပါသည်။ သို့သော် တချိန်တည်းမှာပဲ ဒေသတွင်းနှင့် နိုင်ငံတကာအပြောင်းအလဲများက သူတို့၏ ရွေးချယ်မူကို ဆက်လက် ပုံသွင်းသွားမည့်ပုံရှိပါသည်။ ဒီအခြေခံပေါ်က ပြောရလျှင် လက်ရှိစစ်ကောင်စီ သည် ကြားဖြတ်အစိုးရအဖြစ်သာ လုပ်ဆောင်ပြီး အာဏာကို ယခင်နိုင်ငံရေး တည်ဆောက်မှု ပုံစံအတိုင်း ပြန်အပ်နိုင်ခြေမှာလည်း လွန်စွာ သံသယဖြစ်ဖွယ်ရှိပါသည်။ သို့ပေမယ့် ယခု ၂၀၂၁ အတွင်းမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်း အများစုကြီး၏ နိုင်ငံရေးအခင်းအကျင်းများသည် မသေချာ၊ မရေရာမှုများနှင့် ပြည့်နှက်နေပါသည်။

စစ်အာဏာသိမ်းမူအတွက် မတူညီသော ဆင်ခြေ

လက်ရှိ စစ်အာဏာသိမ်းမှုသည် ယခင် ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈-၉၀ ကြားဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနှင့် ကွာခြားမှုရှိပါသည်။ ပထမဆုံးအကြိမ်အာဏာသိမ်းမှုသည် ယနေ့ထိ ပညာရှင်များအတွင်းတွင် အငြင်းပွားနေရဆဲ အိမ်စောင့်အစိုးရအုပ်ချုပ်မှု ပဲဖြစ်ပါသည်။ တည့်တည့်ပြောရလျှင် ၎င်းမှာ ရိုးရိုးရှင်းရှင်း စစ်အာဏာသိမ်းမှုလား၊ အစိုးရအဖွဲ့ကို ဦးဆောင်သင့်သည့် ရွေးကောက်ခံနိုင်ငံရေးသမားကပဲ ဖွဲ့စည်းပုံအရ စစ်တပ်ကို အာဏာလွှဲပေးလိုက်တာလား ဆိုသည်ကို အငြင်းပွါးနေဆဲလည်းဖြစ်ပါသည်။

၂၀၂၁ အာဏာသိမ်းမှုနှင့် ပတ်သက်လျှင်လည်း ထိုသဘောတရားအတိုင်းပဲ တွေ့နေရပါသည်။ ၁၉၅၈ အိမ်စောင့် အစိုးရအုပ်ချုပ်မှုနှင့် ထပ်တူကျသော အချက်များစွာတွေလည်း ရှိနေပြန်ပါသည်။ မတူညီသည့် အင်အားစု အသီးသီးက အမြင်အမျိုးမျိုးနှင့် ပြောကြသည်။ ဖြုတ်ချခံလိုက်ရသည့် ဝန်ကြီးချုပ် ဦးနုက ၎င်းအနေဖြင့် တိုင်းပြည် တွင် စစ်အာဏာသိမ်းမှုဖြစ်သည် ဆိုသည့် သမိုင်းကို မလိုချင်သည့်အတွက်ကြောင့် ဒီအတိုင်းပဲ ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲပေးခဲ့ခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ရေးသားခဲ့သည်။ သို့ပေမယ့် စစ်တပ်နှင့် နီးစပ်သည့် အရင်းအမြစ် တစ်ခုကတော့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ဖို့အတွက် ဦးနုက ဗိုလ်ချုပ်နေဝင်းကို ဖွဲ့စည်းပုံအရ အာဏာ လွှဲပေးခဲ့ခြင်းဖြစ်သည် ဟုဆိုပြန်သည်။ အကယ်၍ ဗိုလ်ချုပ်နေဝင်း၏ အာဏာယူမှုသည် ဦးနုပြောသလို ဖြစ်ခဲ့မည်ဆိုလျှင် အိမ်စောင့်အစိုးရသည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး စစ်အာဏာသိမ်းမှုပဲ ဖြစ်ပါသည်။

သို့ပေမယ့် ယင်းမှာ နိုင်ငံရေးထဲ စစ်တပ်ပါဝင်မှု၏ နောက်ဆုံးအကြိမ်မဟုတ်ပြန်ပေ။ ၁၉၆၀ ဖေဖော်ဝါရီအတွင်း ပါလီမန်ရွေးကောက်ပွဲနောက်တွင် ဝန်ကြီးချုပ်ဦးနုကို အာဏာပြန်လွှဲပေးခဲ့ပါသည်။ သို့သော် မတ်လ ၂ ရက်၊ ဖက်ဒရယ်မူကို လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်များက မဆွေးနွေးခင်မှာပဲ ဗိုလ်ချုပ်နေဝင်းသည် ဦးနုနှင့် တခြား အစိုးရအကြီးအကဲများ၊ လူမျိုးစုခေါင်းဆောင်များကို ဖမ်းပြီး၊ စစ်အာဏာသိမ်းလိုက်ပါတော့သည်။ ထိုတစ်ကြိမ် တွင် ၁၉၅၈ ခုနှစ်နှင့် မတူသည်မှာ ဗိုလ်ချုပ်နေဝင်းမှ တိုင်းပြည် ‘စည်းလုံးမှုနှင့် တည်ငြိမ်မှု’ ကို ခြမ်းခြောက်ခံနေရတာ ကြောင့် စစ်တပ်မှ အာဏာကို သိမ်းယူလိုက်ရပါသည်ဟု ဆင်ခြေပေးခဲ့ပြီး၊ ကရင်၊ ကရင်နီ၊ မွန်၊ နှင့် ရှမ်း လူမျိုးစုလှုပ်ရှားမှုများက အဓိက လူဆိုးများ ဖြစ်သွားရပေသည်။

ထိုစနစ်၏ နေဝင်ချိန်ရောက်လာပြီး ၁၉၈၈ ခုနှစ်မှ စတင်ကာ စစ်အစိုးရအသွင်အပြင်တစ်ခုကို ပြောင်းလဲ လာခဲ့သည်။ ၎င်းနှစ်အတွင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပြိုကွဲအပြီးတွင် စစ်တပ်ခေါင်းဆောင်များ၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီက အာဏာရယူရန်အတွက် တရားဥပဒေ စိုးမိုးရေးကို တဖန်ပြန် အကြောင်းပြလာတော့သည်။ ထိုအချိန်မှာတော့ ဒီမိုကရေစီထောက်ခံသူများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသည် အကြမ်းဖက်မှု ကျုးလွန်သည့် အဓိက လူဆိုးဇာတ်ကောင်များအဖြစ် ပုံဖော်ခံခဲ့ကြရသည်။ ထို့ကြောင့် န.ဝ.တ ခေါင်းဆောင်များမှ ၎င်းတို့အနေဖြင့် လုံခြုံရေး တာဝန်အလျောက် နိုင်ငံရေးအခြေအနေကို ထိန်းသိမ်းဖို့ တာဝန်ရှိသည် ဟု ဆိုလာပါသည်။

နောက် ၂ နှစ် အကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို အနိုင်ရသည့် အထွေထွေ ရွေးကောက်ပွဲကြီးကို နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ သို့ပေမယ့် ဒီချုပ်ကို အစိုးရဖြစ်ခွင့် မပေးခဲ့ပေ။ ၎င်းအစား န.ဝ.တ နှင့် န.အ.ဖ ခေါင်းဆောင်များက ၎င်းတို့ တင်းကျပ်စွာ ထိမ်းချုပ်ပြီး စိတ်ကြိုက်စီမံထားသည့် အမျိုးသားညီလာခံမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးလုပ်ငန်းစဉ်ကိုသာ လုပ်ဆောင်ခဲ့ကြတယ်။ ထိုမှတဆင့် စစ်အစိုးရသည် နောက်ထပ် ဆယ်စုနှစ် ၂ ခုကြာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတစ်ခု ကျင်းပသည့်အထိ အုပ်ချုပ်ထားခဲ့သည်။ ထိုတစ်ကြိမ်မှာ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပရခြင်းဖြစ်ပြီး၊ ၂၀၁၁ မတ်လမှာ ဦးသိန်းစိန်ဦးဆောင်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်အရပ်သားတစ်ပိုင်းအစိုးရ တက်လာခြင်းပဲဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်သည့် ဦးသိန်းစိန်သည်လည်း ယခင် န.အ.ဖ အစိုးရလက်ထက်က ဝန်ကြီးချုပ်ဖြစ်ပြီး၊ စစ်တပ်အုပ်ချုပ်မှု၏ အကျိုးဆက်ကို ဆက်လက်ထင်ဟပ်နေဆဲပဲဖြစ်သည်။

ထိုအကြောင်းတရားများကြောင့် အခုတစ်ခေါက် စစ်အာဏာသိမ်းမှုသည် စိတ်ဝင်စားစရာကောင်းသည့် အငြင်းပွါးစရာဖြစ်နေပြန်သည်။ စစ်အာဏာသိမ်းမှုသည် စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့သည့် နိုင်ငံရေးစနစ်ကို ဆန့်ကျင်လုပ်ဆောင်သည့်သဘောလည်း သက်ရောက်နေပြန်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်ကို ကာကွယ်ရန် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းနှင့် ရယူရန်ကြိုးစားခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၄၁၇) အရ အာဏာကို ရယူရသည်ဟု ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည်လည်း စစ်ကောင်စီ၏ အဓိကစွပ်စွဲချက်ဖြစ်ပါသည်။ ယခုတစ်ခေါက် အဓိက လူဆိုးကြီးများအဖြစ် ပုံဖော်ခံရသူများကတော့ ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင်၊ ဒီချုပ်ခေါင်းဆောင်နှင့် တခြားသော နိုင်ငံရေးသမားတွေပဲ ဖြစ်သည်။ ယခုလိုစွပ်စွဲချက်တွေနောက်ပိုင်းတွင် တရားစွဲဆိုမှုများပါလာခဲ့ပြီး၊ သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တခြားသော မြောက်များစွာသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့်ထောက်ခံသူများလည်း ဖမ်းဆီးခြင်းခံကြရပါသည်။

ထို့ကြောင့် လက်ရှိရလဒ်များသည် ရှုပ်ထွေးမှုများနှင့် ကန့်ကွတ်ဆန္ဒပြမှုများပဲဖြစ်လာရသည်။ တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယခုကိစ္စသည် စစ်အာဏာသိမ်းမှုမဟုတ်ဘဲ ဖွဲ့စည်းပုံအရ အာဏာ လွှဲပေးတာပဲဖြစ်သည် ဟု ဆိုပြန်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း စစ်တပ်အနေနှင့် ၁ နှစ်ပြီးလို့ ရွေးကောက်ပွဲသစ်ကျင်းပပြီးနောက်တွင် ရွေးကောက်ခံ အရပ်သား အစိုးရကို အာဏာပြန်လွှဲအပ်ပေးမည် ဟု ဆိုပါသည်။ ထိုကဲ့သို့ ဆင်ခြေဆင်လက်များ ပေးနေသော်လည်း ဒီမိုကရေစီတက်ကြွလှုပ်ရှားမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း (အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံ များ) မှ အင်အားစုများစွာကတော့ လက်ရှိစစ်တပ်မှ အာဏာယူမှုကို စစ်အာဏာသိမ်းမှုအဖြစ် သတ်မှတ် လိုက်ကြသည်။

သို့ပေမယ့် လက်ရှိအချိန်တွင် ယခုလို ကျယ်ပြန့်လှသည့် နိုင်ငံရေးအကွဲအပြဲကို အများသဘောတူဖြေရှင်းနိုင်မည့် နည်းလမ်းတော့ မပေါ်ပေါက်သေးပေ။ မြန်မာပြည်သူတွေအတွက်တော့ အမှန်တကယ်ကို အခက်တွေ့ စေပါသည်။ ၁၉၅၈ နှင့် ၁၉၈၈ တုန်းကကဲ့သို့ပင် စစ်တပ်နှင့် အရပ်သားခေါင်းဆောင်များအကြား အာဏာပြိုင်ဆိုင်မှုသည် ဆက်လက်ကျယ်ပြန့်လာနိုင်ခြေလည်း ရှိနေပြန်ပါသည်။

အာဏာသိမ်းမှုအား ပြည်တွင်း တုန့်ပြန်မှု နှင့် ဘာကြောင့် ရက္ခိုင်နိုင်ငံရေးအင်အားစုတွေက ကွဲပြားကြသလဲ

စစ်တပ်မှ အာဏာသိမ်းယူပြီး ရက်ပိုင်းလေးအတွင်းမှာတွင် ပြည်တွင်း နိုင်ငံရေးအင်အားစုအသီးသီးက ပုံစံအမျိုးမျိုးနှင့် တုန့်ပြန်ကြသည်။ အာဏာသိမ်းမှုကို ဒီမိုကရေစီအင်အားစုတွေက တုန့်ပြန်ကြပေမယ့် ဗမာလူမျိုးမဟုတ်သည့် အသိုင်းအဝိုင်းကြားမှာတော့ ပုံစံတမျိုးမျိုးနှင့် ကွဲပြားကြပါသည်။ ယနေ့အထိ တိုင်းရင်းသား လူမျိုးစုနိုင်ငံရေး၏ တုန့်ပြမှုကို ဂရုထားမှု အနည်းအကျဉ်းသာရှိကြသေးသည်။ သို့ပေမယ့် ယခုလိုအခင်းအကျင်း မျိုးဖြစ်လာလျှင် လူမျိုးစု နိုင်ငံရေးတုန့်ပြန်မှုများသည် ခေတ်အဆက်ဆက်တွင် သိသိသာသာ စင်တင်ခံကြရသည်။ လူမျိုးစုအမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများအတွက် ဖိအားကတော့ လက်ရှိမှာ ပြင်းထန်လှသလို၊ ယင်းမှာ နိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် သမိုင်းကြောင်းနှင့် အတွေ့အကြုံအသီးသီးကို အခြေခံပေါ်ပေါက် လာတာလည်း ဖြစ်သည်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့များထဲတွင်ဆိုလျှင် ၎င်းတို့၏ တုန့်ပြန်မှုကို ၎င်းတို့အနေနှင့် အဖွဲ့ ၁၀ ဖွဲ့ ထိုးထားသည့် ၂၀၁၅ က စတင်ခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ကို လက်မှတ်ထိုးထားလား၊ မထိုးထားဘူးလား ဆိုသည့် အချက်ပေါ် အခြေပြုပြီး ကွဲပြားသည်ဟု သတ်မှတ်နိုင်ပါသည်။ စစ်အာဏာသိမ်းပြီး ရက်ပိုင်းလောက်အတွင်းမှာပင် သိသာသည့် အန်စီအေထိုးအဖွဲ့တွေဖြစ်သော ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး တို့က စစ်အာဏာသိမ်းမူကို ဆန့်ကျင်ခဲ့ကြ သည်။ ဆက်တိုက်ဆိုသလိုပင် ၂၀ ရက်နေ့တွင် လက်မှတ်ထိုး လူမျိုးစုလက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်းရေးဖြစ်စဉ် ထိမ်းသိန်းရေးအဖွဲ့ (Peace Process Steering Team- PPST) က ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ကြတယ်။ ဆန့်ကျင်ဖက် ဆိုသလိုပင် အန်စီအေလက်မှတ်မထိုးထား၊ အစိုးရနဲ့ အပစ်ရပ်စဲရေးလည်း မလုပ်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့အများစုကတော့ စစ်ကောင်စီအနေနှင့် ပြည်သူလူထုကို အင်အားသုံး မတိုက်ခိုက်ဖို့ သတိပေးပေမယ့် စစ်အာဏာသိမ်းမူနှင့် ပတ်သတ်လို့ တိတ်ဆိတ်နေခြင်း (သို့) ကြားနေသဘောမျိုးကို ပြသကြသည်။ ယခင် စစ်အာဏာသိမ်းမှု ကာလအတွင်းလို၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေအနေနှင့် ဖြစ်ပေါ်တိုးတက်မူတွေကို နီးနီးကပ်ကပ်စောင့်ကြည့်ချင်နေပုံရပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး တစ်နေရာစီ အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီတွေကြားမှာလည်း ယခုလိုပုံစံမျိုး သိသာသည့် ကွဲပြားမှုတွေကို တွေ့ရပြန်ပါသည်။ အဆိုပါ အနိုင်ရ နိုင်ငံရေးပါတီအများစုမှာ စစ်အာဏာသိမ်းမှုပြီးနောက် လူသိရှင်ကြား ကြေညာချက်တွေမထုတ်ပြန်ခဲ့ကြသော်လည်း အကြီးဆုံးသော ပြည်နယ်လူမျိုးစုပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကသာ စစ်အာဏာသိမ်းမှုကို လောလော လတ်လတ် ဆန့်ကျင်ကြောင်းထုတ်ပြန်ခဲ့ပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် အံသြစရာကောင်းပါသည်။ သို့သော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုလှုပ်ရှားမူများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးတိုင်းတွင် ပျံနှံ့လျက်ရှိပါသည်။ သို့ပေမယ့် လူမျိုးစုပါတီတွေအနေနှင့် ၎င်းတို့သည် စစ်တပ်နှင့် ဒီချုပ်ခေါင်းဆောင်များ၏ အဖြေရှာဖို့ခက်သည့် အစိုးရသစ်ဖွဲ့စည်းမှုအပေါ် အာဏာလွန်ဆွဲပွဲကြားတွင် ပိတ်မိနေသည် ဟု ယူဆကြပုံရ ပါသည်။ စစ်အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ လူမျိုးစုခေါင်းဆောင်တွေ အနေနှင့် ၎င်းတို့လုပ်လိုက်သည့် ဆုံးဖြတ်ချက်တိုင်းသည် ယခုလို အကွဲအပြဲများလွန်းသည့် နိုင်ငံရေးအခင်း အကျင်းအောက် မှာ ရှည်ကြာသော အကျိုးသက်ရောက်မှုရှိလိမ့်မယ်ဆိုတာကို သိထားကြပုံရပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ယခုလို မတည်မငြိမ်မှုများက ရခိုင်ပြည်တွင် အမှန်တကယ်ပဲ သက်ရောက်မှုရှိခဲ့ပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အများစုအနိုင်ရခဲ့သော ရခိုင်အမျိုးသား ပါတီသည် စစ်အာဏာသိမ်းမှုအပေါ် ကြားနေသဘော ကြေညာချက်ထုတ်ပြန်ပေမယ့် စစ်အာဏာသိမ်းကောင်စီ ထဲတွင် ၎င်းတို့ပါတီ အဖွဲ့ဝင်တစ်ယောက် ပါဝင်နေခြင်းကြောင့် ရခိုင်လူထုများစွာ၏ မေးခွန်းထုတ်မှုကိုလည်း ခံရသည်။ တဖက်တွင် အဓိက လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ အစိုးရနှင့် တရားဝင်အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးထားသော ရက္ခိုင့်တပ်တော်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် သည်လည်း စစ်အာဏာသိမ်းမှုအပေါ် တရားဝင် မှတ်ချက်ပေးခြင်းမရှိပေ။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အရပ်ဖက်အဖွဲ့အစည်းများစွာကတော့ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကြပေမယ့် ရက္ခိုင့်နိုင်ငံရေး အင်အားစုအများစုကြီးကတော့ ကြားနေ (သို့) သီးခြားနေရပ်တည်မှု ကို ကျင့်သုံးနေဟန်ရှိပါသည်။

သို့ပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက ယခုလို ရက္ခိုင်အခြေပြု အင်အားစုတွေက ယခင်နှင့် မတူဘဲ ထူးခြားစွာရပ်တည်နေခြင်းသည် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကြားထဲတွင်တော့ ပြောစရာတွေဖြစ် လာခဲ့ သည်။ ၁၇၈၄ မြောက်ဦးဘုရင့်နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခံရကတည်းက ရခိုင်နိုင်ငံရေးသမားများသည် ယနေ့ ဗမာပြည်မဟု ခေါ်တွင်မည့် ဗမာ့နိုင်ငံရေးမှာ တွင်တွင်ကျယ်ကျယ်ပါဝင်လာခဲ့ကြတယ်။ ရခိုင်အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမူများရှိနေလင့်ကစား ရခိုင်ဒေသမှ ခေါင်းဆောင်တော်တော်များများသည် ဗြိတိသျှကိုလိုနီခေတ်မှသည် ဦးသိန်းစိန်စတင်ခဲ့သော ၂၀၁၁ နိုင်ငံရေးအပြောင်းအလဲကာလထိ ပြည်မနိုင်ငံရေး၏ ဗျုရိုကရေစီနှင့် လူမှု-နိုင်ငံရေး အဖွဲ့အစည်းများအတွင်းတွင် ပါဝင်ခဲ့ကြတယ်။

သို့သော် လွန်ခဲ့သော အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အစိုးရအောက်တွင် ရခိုင်ပြည်ကို ရိုက်ခတ်ခဲ့သည့် နိုင်ငံရေးမိုးသက်မုန်တိုင်းကြောင့် ခံယူချက်များ စတင်ပြောင်းလဲလာပြီး၊ ရခိုင်ခေါင်းဆောင်များကိုလည်း ယခုကိစ္စမှာ ကြားနေနှင့် သီးကြားနေဝါဒကို ကျင့်သုံးဖို့ဖြစ်စေခဲ့တယ်။ တခြားလူမျိုးစုပြည်နယ်များကဲ့သို့ပင် ရခိုင်ပြည်သူလူထုသည်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရပြီးနောက် မျှော်လင့်ချက်ကြီး ထားခဲ့ကြသည်။ သို့သော် ဒီချုပ်အစိုးရလက်ထက်မှာ ပဋိပက္ခနှင့် ရွှေ့ပြောင်းနေရာချထားခံရမှုများကြောင့် ရလဒ်မှာ ပြောင်းပြန်ဖြစ်လာခဲ့သည်။ ပထမကိစ္စမှာ ၂၀၁၇ ရိုဟင်ဂျာအကျပ်အတည်းအတွင်း ဘင်္ဂလားဒေ့ရှ်သို့ လူပေါင်းများစွာ ထွက်ပြေးသွားရမှု နှင့် ဒုတိယကိစ္စမှာ ၂၀၁၈ နောက်ပိုင်းမှ စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း၊ အပစ်အခတ်ရပ်စဲ ရေးကြေညာရာမှာ ရခိုင်ဒေသအား ချန်လှစ်ထားခဲ့ခြင်းပင်ဖြစ်သည်။

ယခုလိုအဖြစ်အပျက်တွေအတွင်းမှာ အစိုးရအနေနှင့် ရခိုင်ပြည်ကို နိင်ငံ့တခြားဒေသတွေနှင့် ခွဲခြားဆက်ဆံခဲ့သည် ဟု ဒေသခံတွေက ယုံကြည်ခဲ့ကြတယ်။ ဒေသခံတွေ၏ ယခုလိုမကျေနပ်မှုတွေကြားမှာ ဒီချုပ်၏နိုင်ငံရေး ရပ်တည် ချက်သည် စစ်တပ်အားပေးသလိုဖြစ်ခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခကိုလည်း အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ကြားထက် ဗမာနှင့် ရခိုင် များကြားဖြစ်သည့် ဝိသေသအမှတ်အသား ပဋိပက္ခအသွင်သို့သာ ဖြစ်စေခဲ့သည်။ ရလဒ်အနေနှင့် ရခိုင်လူထုအများစုသည် ယနေ့စစ်အာဏာသိမ်းမှုကို လွန်ခဲ့သော နှစ်များတွင် ရခိုင်လူထုကို အတူတူဖိနှိပ်ခဲ့ကြသော စစ်ဗမာနှင့် ဒီမိုဗမာတွေကြားထဲမှာဖြစ်သည့် အာဏာလွန်ဆွဲပွဲအဖြစ်သာ သတ်မှတ်ထား ကြသည်။

ထိုအမြင်မျိုးဟာလည်း ဒီချုပ်နှင့် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေကြား ဆက်ဆံရေးကို သက်ရောက်မှုရှိလာသည်။ ရခိုင်အမျိုးသားပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြား ဒီမိုကရက်တစ်အင်အားစုများ သပိတ်မှောက် ကန့်ကွတ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ဆက်ခံသူဖြစ်သည်။ ထိုအမြင်ပေါ်က ပြောရလျှင် ရခိုင်အမျိုးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို ဒီချုပ်နှင့်အတူ သပိတ်မှောက်ခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မတူကွဲပြားပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဒီချုပ်မှ ရခိုင်အမျိုးသားပါတီကို အာဏာမျှဝေမှု မရှိခဲ့သည့်အတွက် တင်းမာသော ဆက်ဆံရေးကို ပိုဖြစ်စေခဲ့သည်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း အများစုအနိုင်ရခဲ့သည့် ပါတီလည်း ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တို့ကြားတွင်လည်း သင့်မြတ်ဖို့ခက်ခဲသော ဆက်ဆံရေးမျိုး စတင်ဖြစ်ပေါ်လာခဲ့သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ဒီလိုဖြစ်လာခြင်းသည် ဒီချုပ် အာဏာရပြီးနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်မှ လက်နက်ကိုင်တော်လှန်မှု ကျယ်ပြန့်လာခြင်းကြောင့်ပဲဖြစ်သည်။ ၎င်းတို့ကြား သိပ်မကောင်းလှသော ဆက်ဆံရေး ကို အခု စစ်အာဏာ သိမ်းမူအပေါ် ရက္ခိုင့်တပ်တော်၏ သတိထားရပ်တည်နေမှုက ပြသနေပါသည်။ သို့သော် အခြားတဖက်မှာ ရက္ခိုင့်တပ်တော်အနေနှင့်လည်း ရှမ်းပြည်ထဲက ‘ဝ’ အမျိုးသားလှုပ်ရှားမှုကဲ့သို့ ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့် အုပ်ချုပ်ပိုင် ခွင့်အတိုင်း ရခိုင်ပြည်၏ အနာဂတ်နိုင်ငံရေးမြင်ကွင်းကို ခံယူထားသည်။

ထိုနေရာတွင် သတိပြုသင့်သည်က နိုင်ငံ၏ အကြီးဆုံးလူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီသည် လွန်ခဲ့သော နှစ် ၃၀ ကာလအတွင်း နိုင်ငံရေးအရွေ့တစ်ခုကို တစ်စိုက်မက်မက် ထူထောင် နိုင်ခဲ့ခြင်းဖြစ်တယ်။ ဒီလိုဖြစ်လာမှုသည် ၁) သူတို့အနေနှင့် ပထဝီနိုင်ငံရေးအရ တရုတ်နယ်စပ်မှာရှိသည့်အတွက် ‘ဝ’ခေါင်းဆောင်များသည် သြဇာလွမ်းမိုးမှုရှိသည့် အိမ်နီးနားချင်းနိုင်ငံနှင့် ဆက်ဆံရေးကောင်းကို တည်ဆောက် နိုင်ခြင်း နှင့် ၂) ၁၉၈၉ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးကတည်းက ‘ဝ’ ခေါင်းဆောင်တွေသည် မြန်မာအစိုးရ စစ်ခေါင်းဆောင် တွေနှင့် တည်ငြိမ်သည့် နည်းလည်မှုနှင့် အပြန်အလှန်ဆက်သွယ်မှုကို တည်ဆောက်နိုင်ခဲ့ခြင်း တို့ကြောင့် အဓိက ဖြစ်ပါသည်။ ယနေ့အချိန်ထိ ထိုသဘောတူညီချက်များသည်လည်း ခိုင်မာနေဆဲဖြစ်သည်။

လက်ရှိအချိန် ရခိုင်ပြည်ထဲတွင် တရုတ်၏ အခန်းကဏ္ဍနှင့်ပတ်သတ်၍ သိပ်မရှင်းလင်းလှသေးပါ။ သို့ပေမယ့် လာမည့်နှစ်တွေအတွင်းမှာတော့ တရုတ်သည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများတွင် လွှမ်းမိုးမှု ရှိလာနိုင်ပြီး၊ ရခိုင်ပြည်သည်လည်း သမ္မတ ချီကျင်ဖျင်း၏ ခါးပတ်နှင့်လမ်းစီမံကိန်းထဲတွင် အဓိက ကျသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ရှိနေသည်။ ထိုကဲ့သို့အကြောင်းအရာတွေကြောင့်ပဲ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်နှင့် ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေကလည်း လက်ရှိအကျပ်အတည်းအတွင်းတွင် ၎င်းတို့၏ အာဏာ နှင့် အင်အားကို တည်ဆောက်ရင်း မြန်မာစစ်ခေါင်းဆောင်တွေနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်း ထားခြင်းသည် ရခိုင်ပြည်လှုပ်ရှားမူအတွက် ထိခိုက်မှုအနည်းဆုံးနှင့် အကျိုးအမြတ်အများဆုံး ဖြစ်နိုင်သော လမ်းကြောင်း ဟုယူဆကြဟန်တူပါသည်။

အတိုချုပ်ရလျှင် နိုင်ငံရေးအရ ဆက်နွယ်ချက် (political relationships)၊ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံ (organizational structures) နှင့် အနာဂတ်ရည်မှန်းချက် (visionary goals) စသည့် အကြောင်းတရား သုံးခုသည် ရခိုင်ပြည်ထဲက နိုင်ငံရေးအင်အားစုတွေကို အနာဂတ်အပြောင်းအလဲနှင့် ပတ်သက်ပြီး မတူညီသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ဖို့ တွန်းအားပေးခဲ့နိုင်ပါသည်။ သို့သော် ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါ သေးသည်။ နိုင်ငံ့တခြား ဒေသတွေမှာတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုသည် မခန့်မှန်းနိုင်သော ရေရှည်အကျိုးဆက် တွေဖြစ်နိုင်သည့် နိုင်ငံရေးရိုက်ခတ်မူကြီးတစ်ခုကို ဖြစ်စေခဲ့သည်။ အခုအချိန်သည် မြန်မာလူထုအတွက်လည်း မသေချာ မရေရာမှုတွေနှင့် ပြည့်နှက်နေသည့် ကာလဖြစ်သလို၊ စိန်ခေါ်မှုများစွာလည်း စောင့်ဆိုင်းနေဆဲဖြစ်ပါသည်။

* ယခုလို ပြောင်းလဲနေဆဲ အခင်းအကျင်းတစ်ခုကို ယေဘုယျခြုံပြောဖို့ရာ ခက်ခဲဆဲဖြစ်သည်။ အဓိက အင်အားစုများထဲတွင် ရခိုင်အမျိုးသားပါတီသည် ၎င်း၏ကြေညာချက်မှာ ကြားနေသဘောဆောင်ပေမယ့် စစ်ကောင်စီထဲတွင် ပါဝင်ခဲ့သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်မရှိသေးပေမယ့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်သည် ကြားနေ (သို့) သီးခြားနေပုံစံမျိုးကို ဆွဲကိုင်ထားပုံရသည်။ တခြားသော အင်အားစုတွေကြားထဲမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်လာမှုကြောင့် နာမည်ကြီးနေသည့် ရခိုင့်ရှေ့ဆောင်ပါတီကတော့ ကြားနေသဘော ရပ်တည်ခဲ့သည်။ တခြားတဖက်တွင် အန်စီအေထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတော့ စစ်အာဏာသိမ်းမှုကို ကြားနေသဘောမျိုးထုတ်ပြန်ပြီး၊ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အထောက်အကူပြုအဖွဲ့၏ ကြေညာချက်ထဲမှာတော့ ပါဝင်ခဲ့သည်။

ကျော်လင်းသည် ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံ၊ မဟာတန်း တက်ရောက်နေသူတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေးသိပ္ပံပညာရပ်အသင်း (ရန်ကုန်တက္ကသိုလ်) ၏ ဥက္ကဋ္ဌ ဖြစ်သလို၊ အာရကန်လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့၏ ထူထောင်သူ တစ်ဦးလည်းဖြစ်သည်။