အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ

ဒေါ်လဖိုင်ဆိုင်းရော်မှ တင်ပြဆွေးနွေးသည်
05 December 2018
Article

နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်

မြစ်ကြီးနားမြို့ ရှိ ဒေသခံများမှ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများအား ဆန့်ကျင်ဆန္ဒပြပုံ / Photo credit ဓါတ်ပုံ- ကချင်အမျိုးသားသတင်း

"အကျပ်အတည်း ပြဿနာ တစ်ခုကိုမှ
နှိုးဆွခြင်းမပြုတဲ့ ကျောင်းတော်၊
စိတ်မသက်မသာ မဖြစ်စေတဲ့ နှုတ်ကပတ်တော်၊
လူတစ်ယောက်ကိုမှ
တနုံ့နုံ့နဲ့ မခံချိမခံသာ မဖြစ်စေတဲ့
ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တစ်ခွန်း၊
အဲဒီစကားကို မြွက်ကြားတဲ့နေရာ
လူ့အသိုက်အဝန်းထဲမှာ တကယ်ရှိနေတဲ့ မကောင်းမှုကို
မထိမတို့တဲ့ နှုတ်ကပတ်တော်တစ်ခွန်း၊
ဒါဟာ ဘယ်လို နှုတ်ကပတ်တော်မျိုးပါလိမ့်။''

ကက်သလစ် ဆရာတော်ကြီး အော်စကာ ရိုမားရို၊ အယ်လ်ဆာဗဒေါ နိုင်ငံ၊
၁၆ ဧပြီ ၁၉၇၈

ကက်သလစ် ဆရာတော်ကြီး ရိုမားရို (ခုတော့ သူတော်စင် အရှင်သူမြတ် စိန့်ရိုမားရို) ရဲ့စကားတွေဟာ သူပြောခဲ့တဲ့ ၁၉၇၈ ခုနှစ်တုံးကလိုပဲ ခုချိန်ထိ ဝမ်းနည်းအားငယ်စရာကောင်းတဲ့ အမှန်တရားတစ်ခု ဖြစ်နေတုံးပါပဲ။ ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေဆိုတာ ကမ္ဘာလောကကြီးရဲ့ အခက်အခဲ ဒုက္ခတွေကနေ ပုန်းရှောင်ဖို့ ထွက်ပြေးဖို့မဟုတ်ပါဘူး။ လူ့လောကရဲ့ လက်တွေ့ဘဝတွေထဲက အခက်အခဲဒုက္ခတွေကို နားလည်ဖို့၊ ကရုဏာအပြည့်နဲ့ တုံပြန်ဖြေရှင်းဖို့လို့ ကျွန်မနားလည်ထားပါတယ်။ ဒါကြောင့်မို့ ခုလို အကြံပေးအဖွဲ့ရဲ့ စီစဉ်မှုနဲ့ ဘာသာပေါင်းစုံ စုဖွဲ့ပြီး ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရကြတာဟာ ဝမ်းမြောက်စရာ အခွင့်ထူးတစ်ရပ်ပဲ ဖြစ်ပါတယ်။

ကျွန်မကတော့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ တခြာကချင်အများစုလိုပဲ ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ ကချင်လူမျိုးတွေဟာ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းတည်ထောင်ခဲ့ကြတဲ့ တခြားတိုင်းရင်းသားတွေနဲ့တန်းတူ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အမြဲပဲ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် မျှော်လင့်ချက်ဟာ ၁၉၄၇ ပင်လုံစာချုပ်မှာ ပြင်းပြထက်သန်ခဲ့ကြသလို၊ လွတ်လပ်ရေးရပြီး အကူးအပြောင်းကာလမှာရော၊ နောက်ဆုံး အချင်းချင်းကြားမှာ သဘောထား ရပ်တည်ချက်တွေမတူပဲ ကာလရှည်ကြာ လက်နက်ကိုင် တိုက်ခိုက်နေတဲ့အချိန်အထိ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး မျှော်လင့်ချက်ကို မစွန့်ခဲ့ကြပါဘူး။ နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် တစ်နေ့မှာ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးအဖြေတစ်ရပ်ကို ရှာနိုင်ကြမယ်လို့ ကချင်လူမျိုးတွေက အမြဲယုံကြည်ခဲ့ကြပါတယ်။



အဲဒီလို မျှော်လင့်ချက်နဲ့ပဲ ၁၉၉၀ကျော် ကာလတွေတုံးက ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး ရခါစအချိန်မှာ မေတ္တာဖွံဖြိုးရေး ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ နှစ်အတော်ကြာအောင် ရပ်ရွာနဲ့ လူ့အသိုက်အဝန်းကို ပြန်လည်ထူထောင်နိုင်ဖို့ ဘဝတွေကို ပြန်လည်ထူထောင်ဖို့ ကျွန်မတို့ အကူအညီတွေ ပေးခဲ့ပါတယ်။ နောက်ပြီး လိုအပ်နေခဲ့တာ ကြာလှပြီဖြစ်တဲ့ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ဦးဆောင်ပေးနိုင်မယ့် တရားဝင် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ကို မျှော်လင့်စောင့်ဆိုင်း နေခဲ့ကြပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တည်ငြိမ်ရေးနဲ့ အားလုံးပါဝင်စေရေးတို့ဟာ မရှိမဖြစ် လိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို အတိတ်က ခါးသီးတဲ့အတွေ့အကြုံတွေက ကျွန်မတို့ကို သင်ခန်းစာပေးခဲ့ပါတယ်။



ဒါကြောင့်မို့လည်း မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဟာ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်ချင်းတူညီတဲ့ မြန်မာနိုင်ငံတွင်းက တခြားဒေသတွေကို ထပ်မံရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတန်ဘိုးထားမှုတွေကို လူမှုဖွံ့ဖြိုးရေး လုပ်နေတဲ့ တခြား ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း အလေးထားခဲ့ကြတာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေဟာ များလှပါတယ်။ ဒါပေမဲ့ အခြေခံအကျဆုံး ရည်ရွယ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ နိုင်ငံရေးဆွေးနွေးပွဲ မှာ အဖြေရှာနိုင်ဖို့ အချိန်ကိုစောင့်နေရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဒေသဖွံဖြိုးရေးနည်းနဲ့ တဖက်တလမ်းက အထောက်အကူပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်ဒေသ ဘယ်လူမျိုးကိုမှ ချန်ထားခဲ့လို့ မရပါဘူး။ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ရှေ့ရှုရင်းနဲ့ပဲ ကချင်ပြည်နယ်တစ်ခုထဲမှာတင် စစ်ဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ၂၅၀လောက်ကို ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဝမ်းနည်းစရာ ကောင်းတာကတော့ ၁၇နှစ်ကြာ တည်မြဲခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပြီး ၂၀၁၁ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ တဖန်ပြန်ဖြစ်လာခဲ့တာပါပဲ။ ခုပြန်ကြည့်မယ်ဆိုရင် အရင်က မေတ္တာနဲ့ လက်တွဲပြီး ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ခဲ့တဲ့ရွာတွေထဲက တစ်ဝက်လောက်ဟာ စစ်ဘေးကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံ အရှေ့မြောက်နဲ့ အနောက်မြောက်ဖက်ခြမ်း တွေမှာလည်း ပဋိပက္ခတွေ ဖြစ်လာပြီး ကိုးကန့်၊ ပလောင်၊ ရခိုင်နဲ့ ခရစ်ယာန်၊ မူဆလင်လူ့အသိုင်းအဝိုင်းတွေဟာ ထိခိုက်နစ်နာခဲ့ကြရပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သင့်မြတ်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတွေအတွက်တော့ ဒီဒုက္ခတွေဟာ အတိုင်းအဆမရှိတဲ့ နစ်နာဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။

ဒီအခက်အခဲတွေက ကျွန်မတို့လို လူမှုရေးလုပ်သားတွေဟာ လူတွေအတွက် နေ့စဉ်သုံး အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံနဲ့ မပြီးဘူးဆိုတာကို သတိပေးနေတာပဲ ဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်စဉ်မှာ အရပ်သားပြည်သူတွေ ကိုယ်တိုင် ပါဝင်လာနိုင်တဲ့ အခြေအနေတွေကို ကျွန်မတို့ ဝိုင်းဝန်းဖန်တီးကြရပါမယ်။သူတို့ရဲ့ ဘဝတွေကို အကျိုးသက်ရောက်မယ့် လူမှုရေး၊ နိုင်ငံရေး ကိစ္စရပ်တိုင်းမှာ သူတို့ကိုယ်တိုင် တန်းတူကိုယ်စားပြုနိုင်ဖို့နဲ့ သူတို့ကို တလေးတစား ဆွေးနွေးတိုင်ပင်ဖို့ နိုင်ငံရေးအဖြေတစ်ရပ် ရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်မဂုဏ်ယူမိတဲ့ ကိစ္စတစ်ခုကတော့ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ ရောက်နေခဲ့တာတောင် မြန်မာပြည်မြောက်ပိုင်းက ပြည်သူတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုးစားပြီး မဲပေးခဲ့ကြပါတယ်။ ပဋိပက္ခတွေ ဖြစ်နေတဲ့ ကြားထဲမှာတောင် သူတို့ရဲ့ ဆန္ဒကို တရားဝင် ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲထားတဲ့ဒေသ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ တိုင်းရင်းသားတွေ နေထိုင်ရာ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ လုံးဝရှိမနေဘူးဆိုတာကို ဒီနေရာမှာ တင်ပြလိုပါတယ်။ ဒီဒေသတွေမှာဆိုရင် လူတွေဟာ အသက်ရှင်ရုံ ရုန်းကန်နေထိုင်နေကြရပြီး၊ မျှတမှုမရှိပဲ လစ်လျူရှုခံနေရတာကို မကြေနပ်တာတွေ ဖြစ်နေကြပါတယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရစဉ်ကာလကနေ ခုချိန်ထိ အစိုးရအဆက်ဆက်ဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာ မရှိပဲ လျစ်လျူရှုထားခဲ့ကြပါတယ်။

အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်နေရလို့ အဲဒီကရပ်ရွာတွေ ပျက်သုဉ်းသွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ် မြစ်နှစ်မြွာကြားက တြိဂံဒေသဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲ အစုံလင်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ အဆင်းရဲဆုံးနဲ့ လျစ်လျူရှု အခံရဆုံး ဒေသလည်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ ခရစ်ယာန်ကျောင်းတော်တွေက စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေ၊ ရွေ့လျား ကျောပိုးအိတ် ကျန်းမာရေးဝန်ထမ်းတွေကို စေလွှတ်ပေးတာကစပြီး တခြားလူမှုရေး အကူအညီတွေကိုလည်း ပေးနေတာဖြစ်ပါတယ်။ သူတို့ရဲ့ စေတနာအပြည့်နဲ့ အကူအညီတွေကို ယနေ့ထိ ဆက်ပြီးပေးနေတာ ဖြစ်ပါတယ်။ လမ်းမပေါက်တဲ့၊ ရှစ်ရက်လောက် ခြေလျင်လျှောက်မှရောက်တဲ့ ကျေးရွာလေးမှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ကျောင်းဆရာမလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့လမှာ ငှက်ဖျားဖြစ်ခဲ့ပါတယ်။ ကုသဖို့ ဆေးဝါးမရှိ၊ သတင်းပို့ အကူအညီတောင်းဖို့လည်း ခက်ခဲတာနဲ့ နောက်ကျခဲ့ရလို့ နောက်ဆုံး လမ်းခုလတ်မှာပဲ သူ့ကို ကျောပိုးပြီး သွားခေါ်လာတဲ့ အစ်ကိုဖြစ်သူရဲ့ ကျောပေါ်မှာတင် အသက်ပျောက်ခဲ့ရရှာပါတယ်။ ဒီလို ပေးဆပ်နေရတဲ့ ဘဝတွေဟာ ဒေသရဲ့အခက်အခဲ ဘယ်လာက်ကြီးသလဲဆိုတာကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။  မြန်မာပြည်မြောက်ဖျားမှာ ကာကွယ်လို့ရတဲ့၊ ကုသရင်ပျောက်နိုင်တဲ့ ရောဂါတွေကြောင့် လူတွေဟာ သေနေကြပါတယ်။ တြိဂံဒေသမှာ နူနာရောဂါဟာ ခုထိရှိနေတုံးဖြစ်ပြီး၊ မနှစ်ကလည်း နာဂတောင်တန်းမှာ ကလေး ၆၅ယောက်ဟာ ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ တီဘီ၊ ငှက်ဖျားနဲ့ ၊ HIV ရောဂါတွေဟာလည်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ် ပြန့်ပွားနေပါတယ်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေကြတဲ့ ကျွန်မတို့တွေဟာ ဒီဒုက္ခတွေ လျော့ပါးစေဖို့ အမြန်ဆုံး ကြိုးစားကြရပါမယ်။ ကမ္ဘာတဝှမ်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေဟာ ထူးဆန်းတဲ့ ကုလို့မရတဲ့ရောဂါတွေကြောင့် သေနေရတာ မဟုတ်ပဲ၊ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကုသနိုင်တဲ့ ဆေးဝါးရှိပြီးသား၊ ကလေးတွေမှာ ဖြစ်နေကြ သာမန်အဖျားအနာတွေကြောင့် သေနေကြရပါတယ်။ သူတို့ဟာ နေရာရွေးမှားပြီး မွေးဖွားလာခဲ့ကြလို့ သေရတာလားလို့ တွေးစရာ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေး မရမခြင်း၊ အားလုံးကို လွှမ်းခြုံစီမံနိုင်တဲ့ အုပ်ချုပ်ရေးစနစ်မျိုး မရှိမခြင်း ၊ လူမျိုးဘာသာမရွေး ထိရောက်တဲ့ သမားရိုးကျ မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုကိုပေးမယ့် စနစ်မျိုး မရှိမခြင်းတွေကြောင့် ကလေးတွေဟာ သေနေဦးမှာပဲ ဖြစ်ပါတယ်။


ဝမ်းနည်းစရာ နောက်တစ်ခုကို ထပ်ပြောရဦးမယ်ဆိုရင် နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေဟာ ကျန်းမာရေးကဏ္ဍတစ်ခုမှာပဲ ဘေးဖယ်ခံထားရတယ်လို့ ခံစားရတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုတွေကို ကန့်သတ်ထားခဲ့တာဟာ ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေကြား ပိုပြီးဝေးကွာစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အခု လက်ရှိအခြေအနေမှာကို နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမထားတဲ့ ဒေသက ကလေးတွေဟာ အစိုးရစစ် စာမေးပွဲကို ဖြေဆိုခွင့်မရပဲ ဖြစ်နေကြရပါတယ်။ ဒီအတွက် အကျိုးဆက်အနေနဲ့ နောက်လူငယ်မျိုးဆက် တစ်ဆက်လုံးဟာ တိုင်းတပါးမှာ မဟုတ်ပဲ ကိုယ့်နိုင်ငံထဲမှာတင် ခွဲခြားဆက်ဆံ ခံရတယ်လို့ ခံစားနေကြရပါတယ်။ လူအများကတော့ တန်းတူညီမျှမှု မရှိခြင်းဟာ ပဋိပက္ခနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့တဲ့ ဥပမာတွေကို ကြည့်ရင် တန်းတူညီမျှမှုမရှိခြင်းဟာ နိုင်ငံတော် မူဝါဒတွေနဲ့ ရံပုံငွေ ပံ့ပိုးမှု အားနည်းတဲ့အတွက်၊ ဒါမှမဟုတ် မရှိတဲ့အတွက် ဖြစ်လာရတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ အကြမ်းဖက်ခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အတိုချုံး ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ ရှိနေတဲ့ မညီမျှမှုတွေဟာ စစ်ပွဲတွေကြောင့် မဟုတ်ဘဲ အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုနေတဲ့၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ နိုင်ငံတော်ရဲ့ တာဝန်ပျက်ကွက်မှုတွေကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။


အနာဂတ်ကို မျှော်ကြည့်ပြီး ပြောရမယ်ဆိုရင် သမိုင်းနဲ့ချီ ဖြစ်နေခဲ့တဲ့ ဒီအားနည်းချက်တွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးတွေ အကြောင်းကို တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာ သေချာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ နောက်ပြီး ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးမှာ ချန်ထားလို့မရတဲ့ လက်နက်ကိုင်ထားသူတွေ အားလုံး ပါဝင်ပါတယ်။ ဆက်စပ်ပတ်သက်နေသူတွေ အားလုံးမပါဘူးဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်ဟာ သွေးကွဲခြင်းနဲ့ အကြမ်းနည်းနဲ့ဖြေရှင်းတဲ့ သံသရာဆိုးထဲမှာ ဆက်ပြီးလည်နေမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်မှာ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ အရှိန်မြှင့်လာတဲ့အခါ၊ အပြောင်းအလဲမှာ မပါပဲ ဘေးဖယ်ထား၊ ချန်ရစ်ထားခဲ့တယ်လို့ ခံစားနေရတဲ့ ရပ်ရွာနဲ့ အသိုင်းအဝိုင်းတွေကြား နောက်ထပ် မကျေနပ်ချက်အသစ်တွေ အထုပ်အထည်နဲ့ ဖြစ်လာမှာကိုတော့ ကျွန်မ စိုးရိမ်နေမိပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးဟာ ရှောင်ရှားလို့ ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ မကျေနပ်ချက် အသစ်တွေဟာ တန်းတူညီမျှမှု မရှိတာနဲ့ တဖန်ပြန်ဖြစ်နေတဲ့ စစ်ကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ခြေလူထု နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ပြေလည်အောင် ကူညီဖြေရှင်းပေးဖို့ လိုပါတယ်။ ဒါမှသာ ပိုရှုပ်ထွေးနက်နဲတဲ့ ငြိမ်းချမ်းရေးလို ကိစ္စရပ်မျိုးကို နိုင်ငံတော်အဆင့်မှာ အဖြေရှာတဲ့အခါ ပြည့်ပြည့်ဝဝ အထောက်အကူ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

 

တကယ်တမ်းတော့ ငြိမ်းချမ်းရေးပန်းတိုင်ကို အထောက်အကူ ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ပညာရေး၊ ကျေးလက် ကျန်းမာရေး၊ အမျိုးသမီး ဖွံဖြိုးတိုးတက်ရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ရေး၊ လူငယ်များအတွက် အခွင့်အလမ်းများ စတဲ့ကိစ္စရပ်တွေကို အာရုံစူးစိုက်ပြီး လုပ်ကြရပါမယ်။တိုင်းရင်းသားတွေအတွက် တရားမျှတတဲ့ ဖက်ဒရယ် မြေယာဥပဒေ ပေါ်ထွက်လာနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါ့အပြင် ဥပဒေပြုရေး နည်းလမ်းကလည်း တိုင်းရင်းသားပြည်သူ တောင်သူလယ်သမားများ ပါဝင်အကြံပြုနိုင်တဲ့ လမ်းစဉ် ဖြစ်ရပါမယ်။တန်းတူညီမျှမှု အကြောင်းကို ပြောမယ်ဆိုရင် နိုင်ငံသားဖြစ်ခြင်းကိစ္စကို ကျွန်မတို့ ချန်ထားလို့မရပါဘူး။

 

ဒီကိစ္စတွေဟာ အပြန်အလှန် ဆက်စပ်နေ မှီခိုနေတဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုခြင်း ကောင်းမွန်တိုးတက်လာခြင်းဟာ ရပ်ရွာနဲ့ လူ့အသိုက်အဝန်းကို ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး အကြမ်းနည်းနဲ့ဖြေရှင်းတဲ့ သံသရာကနေ လွတ်မြောက်စေမှာဖြစ်ပြီး ငြိမ်းချမ်းရေးခရီးအတွက် အထောက်အပံ့ကောင်းလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မ အလေးအနက်ထား ပြောလိုတာကတော့၊ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ခြင်းတွေဟာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ဒုက္ခခရီးကို ခံနိုင်ရည်ရှိအောင် အင်မတန်အားကြီးတဲ့ အထောက်အပံ့ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့်မို့ ကျွန်မတို့တတွေ ဒီနေရာမှာ လာဆုံတဲ့အခါ သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ အသံတွေကို အမြဲသတိရနေကြဖို့ လိုပါတယ်။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ကျွန်မတို့တတွေဟာ အပြောင်းအလဲအတွက် လမ်းသစ်ခင်းဖို့၊ ရပ်ရွာနဲ့ လူ့အသိုင်းအဝိုင်းထဲက မညီမျှမှုတွေကို ဖြေရှင်းဖို့၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ကိုယ်စီ ရှိနေကြပါတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းနဲ့အတူ နှိမ့်ချခြင်းလည်း ကျွန်မတို့ ရှိကြရပါမယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးဖလှယ်ခြင်းဟာ ကျွန်မတို့ တစ်သက်တာ ကျင့်သုံးသွားရမှာဖြစ်ပြီး၊ လူမျိုးဘာသာမရွေး ရပ်ရွာအသိုင်းအဝိုင်းတွေအားလုံး ပါဝင်ကြရမှာ ဖြစ်ပါတယ်။ လူ့အရင်းအမြစ် အစွမ်းအစနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အားပြုပြီး ကျွန်မတို့ဟာ ကရုဏာတရားပြည့်ဝတဲ့၊ သဘောထားကြီးပြီး တိုးတက်တဲ့အမြင်ရှိတဲ့၊ ဆွေးနွေးဖလှယ်မှုကို အားပေးတဲ့ စံနမူနာယူရမယ့်နိုင်ငံ ဖြစ်ရမှာ ဖြစ်ပါတယ်။ သဘောထားသေးသိမ်ခြင်း၊ တိုးတက်မှုကိုငြင်းပယ်ခြင်း၊ သဘောထားကွဲလွဲ သွေးကွဲခြင်း စတဲ့ အစွန်းတရားတွေကို ကျွန်မတို့ ရှောင်ကြရမှာ ဖြစ်ပါတယ်။ အတိတ်က အမှားတွေကို သင်ခန်းစာယူတတ်မယ်ဆိုရင် ကျွန်မတို့ အောင်မြင်အောင် ကြိုးစားလုပ်ကြရမယ့် ကိစ္စရပ်တွေ အများကြီး ရှိနေပါတယ်။