ဘဝ၏ ဝမ်းစာအတွက် ရုန်းကန်နေရသည့် မွန်တောင်သူများ၏ အသံ
Temas
Regiones
မြန်မာနိုင်ငံသည် နက်ရှိုင်းသော မငြိမ်မသက်မှုများအကြား ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်သည်။ စစ်တပ်၏ ဖိနှိပ်မှုများ ဆက်လက်ရှိနေစဉ်အတွင်း လျစ်လျူရှုခံထားရဆုံးသော အကျိုးဆက်တစ်ခုမှာ စိုက်ပျိုးရေးကဏ္ဍနှင့် ရုန်းကန်နေရသည့် တောင်သူလယ်သမားများအပေါ် ကျရောက်နေသည့် ဆိုးရွားပြင်းထန်လှသော ရိုက်ခတ်မှုပင် ဖြစ်သည်။
ယခုသုံးသပ်ချက်တွင် ကွန်းဝု (Kun Wood) က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ပိုမိုဆိုးရွားလာသော အခြေအနေများကို ခွဲခြမ်းစိတ်ဖြာ တင်ပြထားသည်။ တောင်သူများသည် စစ်တပ်၏ အုပ်ချုပ်မှုအလွဲများ၊ ပဋိပက္ခများ၊ မြေသိမ်းမှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ သီးနှံအထွက်နှုန်း ကျဆင်းမှုနှင့် လုပ်သားရှားပါးမှု စသည့် ဘက်ပေါင်းစုံမှ အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် လူငယ်များမှာလည်း စစ်မှုထမ်းရန် ဆင့်ခေါ်ဆောင်ခြင်းမှ လွတ်မြောက်ရန်နှင့် ပြည်ပတွင် အခွင့်အလမ်းသစ်များ ရှာဖွေရန် နိုင်ငံတွင်းမှ ထွက်ခွာနေကြသဖြင့် လုပ်သားရှားပါးမှုပြဿနာမှာ ပိုမိုဆိုးရွားလျက်ရှိသည်။
အာဏာပိုင်များက ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသဖြင့် လူထု၏ လူမှုစီးပွားဘဝများမှာလည်း ပျက်ယွင်းနေရသည်။ ဆောင်းပါးရှင် ရှင်းပြထားသည့်အတိုင်း တောင်သူလယ်သမားများ ဆက်လက်ရပ်တည်နိုင်ရေးသည် မွန်လူမျိုးများ၏ ဘဝရှင်သန်ရေးအတွက် အလွန်ပင် အရေးပါလှပါသည်။
Photo credit Mon Land Institute
စစ်ကောင်စီ (SAC - ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဟု အမည်ပြောင်းလဲထားသည်) က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ရှိ လယ်သမားများသည် ကြီးမားသော အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။
ယခုသုံးသပ်ချက်သည် မွန်ဒေသရှိ မြို့နယ်အသီးသီးမှ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းရှိ လယ်သမားအချို့နှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ဤတွေ့ဆုံမှုများကို ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ စစ်ကောင်စီ ထိန်းချုပ်ထားသော ဒေသများအတွင်း နေထိုင်သည့် တောင်သူများဖြစ်ကြရာ ၎င်းတို့၏ စိန်ခေါ်မှုများနှင့် စိုးရိမ်ပူပန်မှုများကို ဖော်ပြနေပါသည်။
လတ်တလောအကျပ်အတည်း - ရာသီဥတုနှင့် သီးနှံပျက်စီးမှု
မြန်မာနိုင်ငံရှိ မွန်လယ်သမားများ၏ လတ်တလောရုန်းကန်မှုများသည် ရာသီဥတုနှင့် သီးနှံများ ရှင်သန်နိုင်စွမ်းအပေါ်တွင် အဓိကမူတည်နေသည်။ ဆန်စပါးသည် တစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အဓိကစားနပ်ရိက္ခာဖြစ်ပြီး လူအများစုမှာ တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ စားသုံးကြသည်။ မွန်လူမျိုးများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ လယ်သမားတစ်ဦးက "ကျွန်တော်တို့က ထမင်းကို အဓိကစားတာပါ။ ဟင်းကတော့ ကိုယ့်ဘဝအခြေအနေပေါ် မူတည်ပြီး တစ်ခါတလေ ကောင်းရင်ကောင်းမယ်၊ တစ်ခါတလေ မကောင်းဘူးပေါ့။ အခုတော့ ဒီအခါရာသီမဲ့မိုးကြောင့် ကျွန်တော်တို့လို သာမန်လယ်သမားတွေရဲ့ ရင်ကို တကယ့်ကို ကြေကွဲစေပါတယ်" ဟု ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့် နိုဝင်ဘာလသည် မိုးစဲ၍ ဆောင်းအကူးဖြစ်ပြီး စပါးမှည့်သည့်အချိန်တွင် လယ်သမားအများစု စပါးရိတ်သိမ်းကြသည်။ သို့သော်လည်း စပါးပင်များမှာ ပုံမှန်မဟုတ်သောမိုးနှင့် ကြုံတွေ့ရသောကြောင့် သီးနှံများပျက်စီးကုန်ပြီး အချို့ကိုသာ ကယ်တင်နိုင်တော့မည်ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။
ပေါင်မြို့နယ်မှ အသက် ၆၀ ကျော် လယ်သမားတစ်ဦးက အကျိုးသက်ရောက်မှုကို ယခုလို ရှင်းပြသည် -
"ကျွန်တော့်တစ်သက်မှာ အခုလိုအချိန်မျိုးမှာ မိုးရွာတာ တစ်ခါမှမမြင်ဖူးဘူး။ အချို့စပါးတွေက ရိတ်ပြီးပေမဲ့ မသိမ်းရသေးခင်မှာပဲ မိုးထဲမှာ ပြန်ပြီး အညှောက်ပေါက်ကုန်ပြီ။ ဇူလိုင်လတုန်းကလည်း မိုးအရမ်းများတော့ စပါးကို ကောင်းကောင်းမစိုက်နိုင်ခဲ့ဘူး။ လယ်သမားတွေရဲ့ ဘဝက အရမ်းခက်ခဲပါတယ်။ စပါးကောင်းဖို့ ပိုက်ဆံတွေအများကြီး ရင်းနှီးထားရပေမဲ့ ပြန်ရောင်းတဲ့အခါ ကျတော့ ဈေးက အရမ်းနည်းတယ်။ အခုစပါးတွေပါ ပျက်စီးကုန်တော့ နောက်နှစ်မှာ ပုံမှန်စားနိုင်ပါ့မလားတောင် မသိတော့ပါဘူး။"
အလုပ်သမားရှားပါးမှု၊ ပြည်ပထွက်ခွာမှုနှင့် စီးပွားရေးကျပ်တည်းမှု
ယင်းအပြင် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေ ဆိုးရွားမှုကြောင့် လူငယ်နှင့် လူလတ်ပိုင်းအများအပြားသည် အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေရန် နိုင်ငံပြင်ပသို့ ထွက်ခွာသွားကြသဖြင့် ဒေသတွင်း၌ အလုပ်သမားရှားပါးမှု ပြဿနာကို ပြင်းထန်စွာ ကြုံတွေ့နေရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေများကြောင့် မွန်ပြည်နယ်မှ လူငယ်အများအပြားသည် တရားဝင်လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများဖြင့်သော်လည်းကောင်း ပြည်ပသို့ ရွှေ့ပြောင်းနေကြသည်။ မိဘများမှာလည်း ၎င်းတို့ကို လွှတ်လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိသလို ခံစားနေရသည်။ ထိုင်းနိုင်ငံသည် မွန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် လူအများအပြားမှာ ထိုနိုင်ငံသို့ ထွက်ခွာသွားကြသည်။ ဤသို့ လူငယ်များ ထွက်ခွာသွားခြင်းသည် အလုပ်သမားရှားပါးမှုကို တိုက်ရိုက်ဖြစ်ပေါ်စေပြီး ကျန်ရစ်သူများအတွက် အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုကဲ့သို့သော လယ်ယာလုပ်ငန်း လိုအပ်ချက်များကို ပိုမိုခက်ခဲစေသည်။
မော်လမြိုင်မြို့နယ်မှ အသက် ၆၃ နှစ်အရွယ် လယ်သမား နိုင်စိုးဦးက စီးပွားရေးနောက်ဆက်တွဲများကို ယခုလို ရှင်းပြသည်
"အရင်တုန်းက စပါးစိုက်ရင် ကိုယ်ပိုင်အရင်းအနှီးနဲ့ လုပ်နိုင်ခဲ့တာ။ အခုကျတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေက ပြည်ပကို သွားကုန်ကြတော့ မိဘတွေရဲ့ လယ်တွေမှာ အလုပ်သမား ငှားလုပ်နေရတယ်။ အလုပ်သမားငှားတဲ့နေရာမှာလည်း လူရှားတော့ တကယ့်ကိုအခက်အခဲ ဖြစ်ရတယ်။ လူရှားလို့ စက်ကိရိယာတွေ သုံးရပြန်တော့လည်း အသေးစားလယ်သမားတွေအတွက် စက်ငှားခနဲ့ စက်သုံးဆီဖိုးက အရမ်းဈေးကြီးတယ်။ တစ်ခါတလေ ဆီကလည်း ရှားတော့ လိုသလောက်မရတဲ့ အခက်အခဲတွေ ရှိတယ်။ လယ်မလုပ်ရင်လည်း အာဏာပိုင်တွေက သိမ်းသွားမလားဆိုပြီး စိုးရိမ်ရတယ်။ ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတော့ လယ်သမားဘဝက အမြဲတမ်း အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာပါ။"
မုဒုံမြို့နယ်မှ မိခင်တစ်ဦးကလည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ယခုလို ပြောပြသည် -
"သားသမီးတွေကို မလွှတ်ချင်ပေမဲ့ ဒီမှာရှိနေရင် စစ်မှုထမ်းဖို့ အခေါ်ခံရမှာကို ကြောက်ရတယ်။ ပြီးတော့ သူတို့ကလည်း လယ်လုပ်ငန်း မလုပ်ချင်ကြဘူး။ အခု ကျွန်မတို့မှာ ရော်ဘာခြံရှိပေမဲ့ ကျွန်မကိုယ်တိုင် အစေးမခြစ်နိုင်ဘူး။ အလုပ်သမားငှားရတယ်၊ အလုပ်သမားကလည်း ရှားတယ်။ ရွာမှာက လူကြီးတွေနဲ့ ကလေးတွေပဲ ကျန်တော့တာ။ အဲဒီတော့ လူငှားတဲ့အခါ ဥပမာ - ရော်ဘာပြား ၁၀ ပြားရရင် အလုပ်သမားက ၆ ပြားယူပြီး ကျွန်မတို့က ၄ ပြားပဲ ရတယ်။ ဒီရော်ဘာအတွက် ၈ နှစ်၊ ၉ နှစ်လောက် ရင်းနှီးထားခဲ့ရတာ။ အစေးခြစ်ဖို့အတွက် မြက်တွေကိုလည်း ကိုယ်တိုင်ပဲ ရှင်းရတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ စပါးပြန်စိုက်ပြန်ရင်လည်း စပါးဈေးကနည်းတယ်။ မစိုက်ရင်လည်း အစိုးရက လယ်မြေတွေကို သိမ်းသွားမှာ ကြောက်လို့ ဆက်ပြီး စိုက်နေရတာပါ။"
ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးက မဖြစ်မနေ ရုန်းကန်နေရသည့် အခြေအနေကို ယခုလို အနှစ်ချုပ် ပြောပြသည် -
"အခု ကျွန်တော့်အသက် ၃၆ နှစ်ရှိပြီ၊ ကလေးနှစ်ယောက်ရှိတယ်။ လယ်လုပ်လာတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ။ တကယ့်ကို ရုန်းကန်နေရတာပါ။ စပါးဈေးကနည်းတော့ မိုးစပါးရော နွေစပါးရော နှစ်မျိုးလုံးစိုက်ရတယ်။ မိုးစပါးကရတဲ့ငွေကို နွေစပါးမှာ ပြန်ရင်းရတယ်၊ အဲဒီကမှ ကိုယ့်အတွက် အမြတ်လေးနည်းနည်းထွက်တာ။ အဲဒီအမြတ်ကလည်း နောက်နှစ်အတွက် ပြန်ရင်းဖို့ပဲ။ ခေတ်ကာလကလည်းမကောင်း၊ အလုပ်သမားကလည်းရှား။ ရွာမှာ ကျွန်တော့်အရွယ်တွေ မရှိတော့ဘူး၊ အကုန်လုံး ပြည်ပရောက်ကုန်ကြပြီ။ ကျွန်တော်ကတော့ မိဘတွေလုပ်ခဲ့တဲ့ မြေမို့လို့ ဆက်ပြီးထိန်းထားချင်လို့ လုပ်နေတာပါ။ နိုင်ငံရေးအခြေအနေ မြန်မြန်ကောင်းလာပြီး အဆင်ပြေပြေ လုပ်ကိုင်စားသောက်ချင်ပါတယ်"
သံဖြူဇရပ်မြို့နယ်မှ အသက် ၄၅ နှစ်အရွယ် မိချိုအေးကလည်း မိသားစုများအပေါ် ကျရောက်နေသည့် စီးပွားရေးဒဏ်ကို ယခုလို အသေးစိတ် ရှင်းပြသည် -
"ကျွန်မမှာ အမျိုးသားနဲ့ သားနှစ်ယောက်ရှိတယ်။ သားကြီးက ၂၀၊ သားငယ်က ၁၃ နှစ်ပဲ ရှိသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှုထမ်းရမှာတွေ ဖြစ်လာတော့ သားကြီးက ပြည်ပထွက်အလုပ်လုပ်ချင်တယ်တဲ့။ သူ့အရွယ်တွေလည်း သွားနေကြတော့ သူလည်း သွားချင်တယ်ဆိုပြီး ခဏခဏပူဆာလို့ လွှတ်လိုက်ရတာ။ ဒါပေမဲ့ ဂျပန်တို့ ကိုရီးယားတို့ မဟုတ်ဘဲ မလေးရှားကိုပဲ သွားဖြစ်သွားတယ်။ ကျွန်မရော ကျွန်မအမျိုးသားပါ အလုပ်လုပ်ကြရတယ်။ အဲဒီကြားထဲ ကုန်ဈေးနှုန်းတွေက တက်လာတော့ ကြောက်ဖို့တောင် ကောင်းတယ်။ လုပ်ကိုင်စားသောက်ရင်းနဲ့တင် အနိုင်နိုင် ရုန်းကန်နေရတာ။ သူ့လမ်းစရိတ်အတွက် ရွာက ငွေရှင်ဆီမှာ ပိုက်ဆံချေးရတယ်။ ချေးဖို့အတွက် ကျွန်မတို့ပိုင်တဲ့ မြေကွက်လေးကို ပေါင်လိုက်ရတယ်။ သူ မလေးရှားရောက်တော့လည်း အလုပ်က အဆင်မပြေဘူး။ တစ်နှစ်ကြာတယ်၊ နှစ်နှစ်ကြာတယ် အဆင်မပြေဘူး။ အတိုးတွေက တက်လာတော့ နောက်ဆုံးတော့ ကျွန်မတို့ပိုင်တဲ့ မြေကွက်လေးကို ရောင်းလိုက်ရပါတော့တယ်။"
Photo credit Kun Wood
မြေယာကို ကုန်စည်အဖြစ် ပြောင်းလဲခြင်းနှင့် မူဝါဒပိုင်းဆိုင်ရာ ကျရှုံးမှုများ
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေများမှာ သိသိသာသာ ဆိုးရွားလာသည်ဟု မွန်လယ်သမားအများအပြားက ခံစားရသည်။ အဓိကစိုးရိမ်စရာမှာ မြေယာအပေါ်ထားရှိသည့် သဘောထားပြောင်းလဲလာခြင်းဖြစ်ပြီး မြေယာကို အဖိုးတန် အသက်သွေးကြောအဖြစ်မှ စျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်တစ်ခုကဲ့သို့ သဘောထားလာခြင်း ဖြစ်သည်။
ရေးမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် လယ်သမား နိုင်မွန်ထော်က ပြဿနာကို ယခုလို ရှင်းပြသည် -
"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတက်တာအပြင် မြေယာတွေက ဈေးကွက်ထဲမှာ အရောင်းအဝယ်ပစ္စည်းလို ဖြစ်လာတယ်။ ဒေသခံလယ်သမားတွေရဲ့ ယုံကြည်ချက်က မြေယာဆိုတာ ငါတို့ရဲ့ သွေးကြောပဲ။ ဒါပေမဲ့ အခုခေတ်မှာ မြေယာတွေက ရောင်းဝယ်ဖောက်ကားစရာ ဖြစ်နေပြီ။ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာဆိုရင် မြေကွက်တွေကို ဝယ်ပြီးတော့ လူနေကွက်တွေအဖြစ် ပြန်ရောင်းနေကြတာ တွေ့ရတယ်။ အချို့က ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာ။ မြေဝယ်တဲ့လူအချို့ဆိုရင် ဒေသခံတွေတောင် မဟုတ်ဘူး၊ ဘယ်သူတွေလဲ၊ ဘယ်ကလဲဆိုတာတောင် ကျွန်တော်တို့ မသိရဘူး။"
ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးကလည်း "မြေဈေးတွေက မတန်တဆ တက်နေတယ်။ အပြင်လူတွေလည်း လာဝယ်နေကြတယ်" ဟု ထပ်လောင်းပြောကြားခဲ့သည်။
အခြားလယ်သမားတစ်ဦးကလည်း ပြဿနာအများစုမှာ ဒေသခံလယ်သမားငယ်များကို အကာအကွယ်မပေးဘဲ ပြင်ပစီးပွားရေးလုပ်ငန်းများကိုသာ ပံ့ပိုးပေးသည့် ကျရှုံးနေသော မူဝါဒများကြောင့်ဖြစ်သည်ဟု ထောက်ပြသည်
"မြေယာဆိုတာ တိုင်းရင်းသားတွေအတွက် သွေးကြောပဲ။ ဒါပေမဲ့ အဆက်ဆက်သော အာဏာရှင်စနစ်ကလာတဲ့ မူဝါဒတွေ၊ ဥပဒေတွေက ကျွန်တော်တို့ လယ်သမားတွေအတွက် အကာအကွယ်မပေးဘူး။ ကျွန်တော်တို့ နယ်ပယ်မှာဆိုရင် ကော့ကရိတ်မြို့နယ်မှာ ကုမ္ပဏီတစ်ခုက ဆီအုန်း ဧက ၅,၀၀၀ လောက် စိုက်ဖို့ လုပ်နေတယ်။ အချို့နေရာတွေမှာ ခဲသတ္တု အန်တီမိုနီ (Antimony) တူးနေတဲ့လူတွေက တရုတ်နိုင်ငံသားတွေ။ သူတို့က မြေကို ဈေးကောင်းပေးဝယ်တော့ မွန်လူမျိုးတွေက မြေကြီးကို ဘယ်လိုထိခိုက်မလဲဆိုတာ မသိဘဲ ရောင်းလိုက်ကြတယ်။ မြေဝယ်တဲ့အခါမှာလည်း တရုတ်နာမည်နဲ့ မဟုတ်ဘဲ ဒေသခံနာမည်တွေနဲ့ ဝယ်ကြတာ။ ဒါကို ထိန်းချုပ်နိုင်ဖို့က ပြည်သူ့အပေါ်မှာပဲ မူတည်တယ်။ လူတွေသာ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ရင် ဒါကို တားဆီးနိုင်ပါတယ်။ မော်လမြိုင်မြို့ထဲမှာလည်း မြေဝယ်တာတွေ အများကြီးပဲ။ ဒေသခံမှတ်ပုံတင်တွေကို သုံးပြီး ဝယ်နေကြတာပါ။"
သဘာဝပတ်ဝန်းကျင်နှင့် မြေယာအသုံးချမှု ပြောင်းလဲလာခြင်း
ဈေးနှုန်းနှင့် ပိုင်ဆိုင်မှုအပြင် လယ်သမားများသည် ပတ်ဝန်းကျင်နှင့် မြေယာအသုံးချမှု ပြောင်းလဲခြင်းဆိုင်ရာ ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။ အဓိကစိုးရိမ်မှုမှာ ရေအရင်းအမြစ်နှင့် ပတ်သက်သည်။ ကျိုက်မရောမြို့နယ်မှ လယ်သမားတစ်ဦး၏ ပြောကြားချက်အရ -
"ကျွန်တော်တို့ဒေသမှာ စပါးစိုက်လို့မရတဲ့ ရေနက်ကွင်းတွေ ရှိတယ်။ တစ်ခါတလေ လယ်သမားတွေကို စပါးမစိုက်ရင် လယ်သိမ်းမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ဒါပေမဲ့ စိုက်ပြန်ရင်လည်း ရေကြီးလို့ ပျက်စီးပြန်ရော။ လယ်သမားအတွက်ကတော့ အမြဲတမ်း အရှုံးပါပဲ။ အဲဒီလိုမြေတွေ အများကြီးရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အရင်ကထက် အခက်အခဲတွေ ပိုများလာတယ်။"
ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးကလည်း "ကျွန်တော်တို့ မြို့နယ်မှာ အခု ကျောက်ထုတ်လုပ်ငန်းတွေ အများကြီးရှိနေတယ်။ ကျောက်တွေခွဲတော့ ရေအရင်းအမြစ်တွေ ပျောက်ကုန်တယ်၊ ပြီးတော့ ညစ်ညမ်းတဲ့ရေတွေက လယ်ထဲကို ဝင်လာတယ်။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ တိုင်ရင်ကော ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အခြားမြေယာအသုံးချမှုဆိုင်ရာ ပြဿနာများတွင် ရေးမြို့နယ် ကမ်းရိုးတန်းဒေသရှိ ပတ်ဝန်းကျင်ပြောင်းလဲမှုများ ပါဝင်ပြီး ရေလမ်းကြောင်းများ ပြောင်းလဲသွားသဖြင့် အခွင့်အရေးသမားများက မြေများကို လိုက်ဝယ်နေကြသည်။ ယင်းအပြင် လယ်ကွင်းများကို ရော်ဘာခြံများအဖြစ် ပြောင်းလဲခြင်းကြောင့် သဘာဝသယံဇာတများ လျော့နည်းလာနေသည်။ ယခင်က ချောင်းများနှင့် တောင်တန်းများကို ထိန်းသိမ်းခဲ့ကြသော်လည်း ယခုအခါ လူတို့၏ လောဘကြောင့် ပျက်စီးစေသည့် လုပ်ရပ်များကို လုပ်ဆောင်နေကြသည်။ မွန်ပြည်နယ်သည် ယခင်က ဆန်စပါးအဓိကစိုက်ပျိုးသည့် ဒေသဖြစ်သော်လည်း ယခုအခါ ရော်ဘာကို အများအပြား စိုက်ပျိုးလာကြပြီး ဒူးရင်းသီး (ကိုင်းကူး) စိုက်ပျိုးမှုလည်း တိုးလာနေသည်။ သို့သော်လည်း ၎င်းတို့အတွက် ဈေးကွက်မှာ မသေချာဘဲ အတက်အကျ မြန်ဆန်နေဆဲဖြစ်သည်။ သို့သော်ငြားလည်း ဆန်စပါးသည် နေ့စဉ် အဓိကစားနပ်ရိက္ခာအဖြစ် ရှိနေဆဲဖြစ်သည်။
နိဂုံး
နိုင်ငံရေးအကျပ်အတည်းနှင့် ခက်ခဲသောအခြေအနေများ ရှိနေသော်လည်း လယ်သမားအများစုမှာ စားဝတ်နေရေးအတွက် စပါးစိုက်ပျိုးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။ မွန်လယ်သမားများသည် နိုင်ငံ၏ ဘက်ပေါင်းစုံမှ ဆိုးရွားလာသော အခြေအနေများကြောင့် အပြင်းအထန် ထိခိုက်နေရသည်။ မွန်ပြည်နယ်ရှိ အလုပ်သမားထုနှင့် လယ်သမားအများစုသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုအတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရပြီး အချို့မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်နေကြသည်။ လျင်မြန်စွာ မြင့်တက်လာသော ကုန်ဈေးနှုန်းများသည် သာမန်အလုပ်သမားများနှင့် လယ်သမားများ၏ ဘဝအတွက် နှစ်ထပ်ကွမ်း အိမ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် စစ်တပ်၏ နှိပ်ကွပ်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြေယာကိစ္စနှင့် အခွင့်အရေးများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူများ သိသိသာသာ လျော့နည်းသွားပြီး လယ်သမားများ၏ လှုပ်ရှားမှုနှင့် နိုင်ငံရေးမျှော်မှန်းချက်များလည်း ကျဆင်းသွားခဲ့သည်။ ရလဒ်အနေဖြင့် မည်သူ့ထံမှ အကူအညီတောင်းရမည်ကို မသိဘဲ ရုန်းကန်နေရခြင်းမှာ အလွန်ခက်ခဲလှသည်။ လယ်သမားများအတွက် အကာအကွယ်ပေးသူ မရှိသဖြင့် ပြဿနာများကို ကိုယ်တိုင်သာ ဖြေရှင်းနေရပြီး နိုင်ငံတော်အဆင့်မှ ကူညီမှုများမှာလည်း လုံးဝနီးပါးမရှိသလောက်ပင် ဖြစ်သည်။ ဒေသခံနိုင်ငံရေးပါတီများပင်လျှင် ၎င်းတို့ကိုယ်စား ကူညီဆောင်ရွက်ပေးနိုင်မည့်သူကို ရှာမတွေ့သေးပေ။ မွန်ညီညွတ်ရေးပါတီတွင်လည်း တောင်သူလယ်သမားများကို ကူညီပေးနိုင်သည့် အင်အားနှင့် အခွင့်အလမ်းများလည်း မမြင်ရသေးပါ။ မွန်ပြည်နယ်ရှိ မွန်လူမျိုးများကို ကိုယ်စားပြုသည်ဆိုသော နိုင်ငံရေးပါတီသည်ပင်လျှင် လယ်သမားများ၏ ပြဿနာများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကူညီပေးခြင်း မရှိသေးကြောင်း အချို့က ညည်းညူခဲ့ကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြင်းပယ်မှုနှင့် တော်လှန်မှုများကြားမှပင် စစ်ကောင်စီက ယခုအခါ ရွေးကောက်ပွဲများ ကျင်းပနေသော်လည်း "လယ်သမားတွေရဲ့ ဘဝကို ပိုကောင်းအောင် အာမခံနိုင်တဲ့ ပါတီတစ်ခုမှ မတွေ့ရသေးပါဘူး" ဟု ဤတွေ့ဆုံမေးမြန်းမှုတွင် မွန်တောင်သူတစ်ဦးကဆိုသည်။ ထို့ကြောင့် လယ်သမားများ၏ အိပ်မက်မှာ "မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးမည့် နိုင်ငံရေးအင်အားစုများ ပေါ်ထွက်လာရန် မျှော်လင့်ခြင်း" ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လယ်သမားများသည် ကျွန်ုပ်တို့အတွက် ဆန်စပါးနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနေသည့် နိုင်ငံ၏ သွေးကြောများဖြစ်သည်။ မည်သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပါစေ၊ ကျွန်ုပ်တို့အား ရိက္ခာကျွေးမွေးနေသည့် ဤအရေးပါသော လယ်သမားများသည် ဆက်လက်ရှင်သန်နေကြဦးမည်သာ ဖြစ်သည်။
*စာရေးသူ - “ကွန်းဝု” (Kun Wood) သည် မွန်အမျိုးသားရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ သူမသည် ၂၀၀၆ ခုနှစ်မှစတင်ကာ လူမှုဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား မြေယာ အခွင့်အရေး ရပိုင်ခွင့်များကို ပါဝင်လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည်။ သူမသည် နိုင်ငံအနှံ့အပြားရှိ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှု စနစ်များနှင့် ပတ်သက်၍လည်း သုတေသနပြုလုပ်ခဲ့သူ ဖြစ်သည်။