လက်ရှိမြန်မာ့နိုင်ငံရေးပဋိပက္ခနှင့် မွန်တို့၏ မတူကွဲပြားသည့် နိုင်ငံရေးရပ်တည်ချက်များ စာရေးသူ - မင်းနိုင်စွန်း
Regions
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီသည် နိုင်ငံရေးအရ အောင်မြင်မှု မျှော်လင့်ချက်အား အခိုင်အမာပြသခဲ့သည်။ ဖေဖော်ဝါရီလတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အာဏာသိမ်းမှုဖြင့် ယင်းတို့သည် ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်မှစပြီး မွန်နိုင်ငံရေးသည် ကွဲပြားလာသည်။ တစ်နိုင်ငံလုံး ပြိုကွဲနေချိန်တွင် အချို့ခေါင်းဆောင်များသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်ရေးကို လက်ခံကြသလို အချို့က အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံကြောင်း ကြေငြာကြပြီး အချို့ကလည်း မွန်ပြည်သူများကို သတိထားရန် တိုက်တွန်းထားသည်။ မင်းနိုင်စွန်းက မွန်လှုပ်ရှားမှုနှင့် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ခွဲခြမ်းစိတ်ဖြာပြထားပြီး သမိုင်းမှ သင်ခန်းစာများကို ယူရန် အဘယ့်ကြောင့် လိုအပ်ကြောင်း ရှင်းပြထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အာဏာသိမ်းမှုအား မွန်၊ ကရင်၊ ပအိုင်း လူထုအင်အား ၁၀၀၀ ခန့် မှ အာဏာရှင်တော်လှန်သော ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကန့်ကွက် ဆန္ဒပြခြင်း။ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁။ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်တို့သည် တိုင်းပြည်၏ နိုင်ငံရေးအာဏာကို ထိန်းသိမ်းလုယူသွား သည်မှာ နှစ်ဝက်ကျော်သွားပြီး ဖြစ်သည်။ စစ်ဗိုလ်ချုပ်တို့သည် ဥပဒေလမ်းကြောင်းအရ နိုင်ငံတော်အာဏာကို ထိန်းလိုက်သည်ဟု ဆိုသည်။ တိုင်းရင်းသားပြည်သူအများစုတို့မှာကား စစ်ဗိုလ်ချုပ်တို့သည် စစ်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို နှစ်ပေါင်းကြာရှည်စွာ ဆက်လက် အုပ်ချုပ်သွားတော့မည်ဟု ခံယူထားသောကြောင့် နိုင်ငံရေးအရ အကြမ်းမဖက်သော အနုနည်း ပေါင်းများစွာဖြင့် တနိုင်ငံလုံးအတိုင်းအတာ အာဏာဖီဆန် အန်တုခြင်းများ ပြုလုပ်ကြတော့သည်။ မြန်မာ့အပြောင်းအလဲ ၂၀၁၀ ခုနှစ်မတိုင်ခင်က စစ်ဗိုလ်ချုပ်များ အာဏာအပြည့်အဝ ကြီးစိုးခဲ့သော ခေတ်ကာလတုန်းကတွင် ပြည်သူတို၏ နေ့စဉ်ဘဝမှာ အစအစအရာရာ လွတ်လပ်ခြင်းများ ကင်းမဲ့ခဲ့သည့် အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်သည်။ အတ္တကြီးမားသော ကိုယ်ကျိုးကြည့် စစ်ဗိုလ်ချုပ် များ သြဇာလွှမ်းမိုးသည့် စစ်အာဏာရှင်စနစ်အစိုးရတို့၏ လက်အောက်ခံဘဝဆီသို့ နောက်ထပ် တကြိမ် ပြန်မရောက်လိုတော့ကြောင်း ပြည်သူတို့က ဆိုလာကြသည်။ စစ်ဗိုလ်ချုပ်များ အာဏာ ကြီးစိုးလာမည့် နိုင်ငံရေးစနစ်ကို သဘောကျနှစ်ခြိုက်ခြင်း မရှိကြောင်း၊ ဆန့်ကျင် နေပါကြောင်းကို ပြသလိုပါသဖြင့် “စစ်အာဏာရှင်တော်လှန်ရေး” ကို ကမ္ဘာသိထင်ရှားစွာ ဆင်နွှဲ ခဲ့ကြသည်။
စစ်ဗိုလ်ချုပ်များ၏ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မြန်မာ့နွေးဦးတော်လှန်ရေး
မြန်မာ့တပ်မတော်စစ်ဗိုလ်ချုပ်များ၏ နိုင်ငံတော်အာဏာထိန်းသိမ်းလုယူခြင်းကို ဆန့်ကျင်သည့် “စစ်အာဏာရှင်တော်လှန်ရေး” ကို “မြန်မာ့နွေဦးတော်လှန်ရေး” ဟု ခေါင်းစဉ်တပ်၍ တိုင်းရင်းသား ပြည်သူလူထုများ၊ ကျောင်သားလူငယ်များ၊ နိုင်ငံရေးသမားများ လူထုလွှာမျိုးစုံတို့သည် အနုနည်းဖြင့် ဆန္ဒပြမှုများကို ပုံစံမျိုးစုံ ပြုလုပ်ကြသည်။ လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်း၊ နိုင်ငံ့ဝန်ထမ်းများ Civil Disobedience Movement ပြုလုပ်ခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်သည့် ဟန်အမူအရာပေါ်လွင်သော ဓါတ်ပုံမှတ်တမ်းများအသုံးပြု၍လည်းကောင်း၊ ဂရပ်ဖစ်ဒီဇိုင်း အမျိုးမျိုး အသုံးပြု၍လည်းကောင်း၊ လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာများမှ တဆင့် အကြမ်းမဖက်သော နည်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို မီဒီယာများတွင် သိသာထင်ရှားပါသည်။ ယခုအထိတိုင် မြို့ကြီးပြကြီးနှင့် တိုင်းရင်းသားပြည်နယ်ရှိ မြို့နယ်အနှံ့ တို့တွင် ပြည်သူလူထု၏ ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်နေလျက် ရှိသည်။
မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်မားလာသောအခါ မြန်မာ့တပ်မတော်မှ စစ်သားတပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်ခံသူတို့က စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှား သူများအား လက်နက်ဖြင့်ပစ်ခတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ လိုက်လံစုံစမ်း၍ ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ သတ်ဖြတ်ခြင်းများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝ သွားလာလှုပ်ရှား ခြင်းများကို ကန့်သတ်ခြင်းများ လုပ်ဆောင်လာသည်။ အကြမ်းမဖက်သော အနုနည်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသည့် ကျောင်းသားလူငယ်အများစုနှင့် ဆန္ဒပြသူ သပိတ် ခေါင်းဆောင်တို့သည် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ဖမ်းဆီးထောင်ချခြင်း ဘေးအန္တရာယ်မှ လွတ်မြောက်လိုပါသဖြင့် “လွတ်မြောက်နယ်မြေ” ဟု ခေါ်ဆိုသုံးနှုန်းသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာဒေသသို့ ထွက်ခွာတိမ်းရှောင်ကုန်ကြသည်။ ထို့အပြင် မြို့ရွာ ဒေသများအတွင်း လှည့်လည်သွားလာ ပုန်းရှောင်နေကြသူများလည်း ရှိလာသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပါဝင်သော နိုင်ငံရေးသမားအများစုတို့သည် နယ်စပ်နှင့် ပြည်ပတို့ထွက်ခွာ တိမ်းရှောင်၍ ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်များအတိုင်း အင်အားစုစည်း၍ စစ်အာဏာ ရှင်ဆန့်ကျင်ရေးများကို ဆက်လက်လုပ် ဆောင်နေလျက် ရှိသည်။
စစ်ဗိုလ်ချုပ်များကြီးစိုးသည့် အစိုးရနှင့် အရပ်သားများအစိုးရ နှစ်ရပ်တို့၏ အားပြိုင်မှုများ
မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း (၂၀၂၀) ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နိုင်ငံရေးသမားတို့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) ဖွဲ့စည်းရာမှသည် ယခုအခါတွင် NLD ပါတီဝင်အများစုနှင့် တိုင်းရင်းသားနိုင်ငံရေး သမားတချို့ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG) ဖွဲ့စည်း၍ ယှဉ်ပြိုင်အစိုးရအသွင်ဖြင့် နိုင်ငံရေးအတိုက်အခံများ ပြုလုပ်လာသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားချဉ်းကပ်၍ နိုင်ငံရေးဆိုင်ရာ မဟာမိတ်ပြုလုပ်ရန် ကြိုးစားနေလျက်ရှိသည်။ နိုင်ငံတကာ အစိုးရများအကြားတွင် “အမျိုးသားညီညွတ်ရေးအစိုးရ” သည်သာ ပြည်သူလူထုများ၏ ရွေးချယ် တင်မြှောက်ရာမှ ဖွဲ့စည်းထားသည့် တရားဝင်အစိုးရဖြစ်ကြောင်းကို သံတမန်ဆိုင်ရာနိုင်ငံရေးများ ဆောင်ရွက်လာသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသတို့ ရောက်ရှိသွားသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူခေါင်းဆောင်များနှင့် ကျောင်းသား လူငယ်တို့သည် ရက်တိုစစ်သင်တန်းကျောင်းများ တက်ရောက်၍ ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖွဲ့စည်းကြသည်။ မြို့ရွာဒေသအနှံ့ ပုန်းရှောင်နေသည့် အင်အားစုတို့သည်လည်း ပြည်သူ့ ကာကွယ်ရေးတပ်အသွင်ဆောင်သည့် အမည်အမျိုးအမျိုးဖြင့် ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွဲ့စည်း၍ ချိတ်ဆက်အင်အား စုစည်းလာကြသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ကာကွယ်ရေးသဘောဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်ရေးစစ်စတင်ရန် ကြေညာချက် ထုတ်ပြန်လာသည်။
မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်တို့သည် ၎င်းတို့၏ အာဏာထိန်းချုပ်ယူလိုက်ရခြင်းသည် ဥပဒေ အကြောင်းအရ တရားဝင်ဖြစ်ကြောင်းကို ပြသလိုပါသဖြင့် ၂၀၂၀ ခုနှစ် အနိုင်ရပါတီ NLD သည် ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများပြုလုပ်ခဲ့ကြောင်း၊ တိုင်းပြည်အာဏာကို မတရားရယူရန် ကြိုးစားခြင်းကြောင့် နိုင်ငံတော်အာဏာကို “ထိန်း” လိုက်ရပါသည်ဟု ၎င်းတို့ထိန်းချုပ်ခွင့်ရသည့် မီဒီယာများ မှတဆင့် အကြိမ်ကြိမ်ထုတ်ပြန် ပြောဆိုနေလျက်ရှိသည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များ ပြည်ထောင်စုလွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့စည်းရန် ပြင်ဆင်နေချိန် တွင် မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်များ နိုင်ငံတော်အာဏာအလုံးစုံကို ထိန်းချုပ် လိုက်ပြီးနောက်တွင် စစ်ဗိုလ်ချုပ်များ ဦးစီးသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ - နစက” ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကောင်စီတွင် အရပ်သား နိုင်ငံရေးသမားတချို့တို့ကို ပါဝင်စေခဲ့သည်။ စစ်ဗိုလ်ချုပ်တို့သည် ၎င်းတို့ဦးစီးသည့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” ကို အသက်သွင်းနေစဉ်အတွင်း အကြမ်းမဖက်သော အနုနည်း ပေါင်းများစွာဖြင့် တနိုင်ငံလုံးအတိုင်းအတာ အာဏာဖီဆန်အန်တုခြင်းများ ပြုလုပ်နေသူများအား အကြမ်းဖက်ချေမှုန်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့် ဆက်နွယ်ပတ်သက်သူများအား တန်ဆာခံ ဖမ်းဆီးခြင်းနှင့် တခြားမရေတွက်နိုင်သော ခြိမ်းခြောက်မှုများစွာ ပြုလုပ်နေလျက် ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်နေ့တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ၏ ဥက္ကဌဖြစ်သူ အာဏာထိန်း စစ်ဗိုလ်ချုပ်များ၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ဥက္ကဌနေရာတာဝန် ရယူထားသည့် မြန်မာနိုင်ငံ၏ “အိမ်စောင့်အစိုးရ” ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၎င်းအပြင် နိုင်ငံတော်အာဏာကို လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း အချိန်မှီကျင်းပ ပေးမည် ဟု ဆိုလာ ပါသည်။
ဤအရေးခင်းကာလအတွင်း နိုင်ငံတော်အတွင်း နိုင်ငံရေးဂယက်ရိုက်ခတ်များစွာ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ လုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီး ကိုဗစ် - ၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုနှင့်အတူ တိုင်းရင်းသား ပြည်သူလူထုတို့၏ စီးပွားရေးများကျဆင်းခြင်း၊ ပညာရေးထိခိုက်ခြင်း၊ ကျန်းမာရေး ကုသ စောင့်ရှောက်ခံရမှု အခက်အခဲဖြစ်လာခြင်း၊ လူမှုနေ့စဉ်ဘဝအဖုံဖုံ ကျပ်တည်းခြင်းများကို ကြုံတွေ့ခဲ့ရ သည်။
တိုင်းပြည်၏ နေရာဒေသအနှံ့တွင် စစ်ပွဲအသံများ၊ သေနတ်သံများ၊ ဗုံသံများ နေ့စဉ်ကြားနေရပြီး ဖြစ်သည်။ မြို့ပြဒေသများတွင် လုပ်ကြံသတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးသတ်ဖြတ်ခြင်းသတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ အင်အားစုနှစ်ဖက်အကြား ဖြစ်ပေါ်ခဲ့သည့်စစ်ပွဲများကြောင့် စစ်တလင်းပြင် ဖြစ်သွားခဲ့ရ သည့် မြို့ပြကျေးရွာများစွာရှိလာပြီး စစ်ပြေးဒုက္ခသည်များ တိုးပွားလာလျက်ရှိသည်။ ယခုအခါတွင် စစ်ဗိုလ်ချုပ်များဦးစီးသည့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” သြဇာလွှမ်းမိုးသည့် “အိမ်စောင့်အစိုးရ” နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်အရပါတီမှ ကိုယ်စားလှယ်များကြီးစိုးသည့် “အမျိုးသားညီညွတ်ရေးအစိုးရ” တို့သည် နိုင်ငံရေးအားပြိုင်မှု အရှိန်အဟုန် တိုးပွားလာလျက်ရှိသည်။
စစ်ကောင်စီအဖွဲ့ဝင်ဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ
မွန်တိုင်းရင်းသားလူမျိုးများကိုယ်စားပြု နိုင်ငံရေးပါတီတခုဟု အများကသိရှိထားသည့် “မွန်ညီညွတ် ရေးပါတီ” (Mon Unity Party - MUP) မှ ၎င်းတို့၏ ပါတီခေါင်းဆောင်နှစ်ဦးကို ပါတီကိုယ်စားပြုစေလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တနေရာနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ် နေရာတွင် ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်ရန် စေလွှတ်ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင်များ အစည်းအဝေးတွင်တကြိမ်၊ ပါတီ၏ ဗဟို ကော်မတီဝင်များ အစည်းအဝေးတွင်တကြိမ် စုစုပေါင်း အစည်းအဝေး (၂) ကြိမ် ထိုင်ပြီးမှ ဆုံးဖြတ်ခဲ့ကြပြီး ပါတီခေါင်းဆောင်နှစ်ဦးကို ပါတီကိုယ်စားပြုစေလျက် စစ်ဗိုလ်ချုပ်များဦးစီးသည့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်စေခဲ့ ခြင်းဖြစ်သည်။
“ပါတီအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အပေါ် ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်” ဟု ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မွန်ညီညွတ် ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်လယိတမမှ မီဒီယာထံသို့ ပြောဆိုထားသည်။
ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်အများစုတို့၏ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီဝင်အနည်းစုတို့က လက်ခံ သဘောတူခြင်းမရှိသည့်အတွက် ပါတီအတွင်းသဘောထားဆန့်ကျင်မှုများ ဖြစ်ခဲ့သည်။ မွန်ညီညွတ် ရေးပါတီ၏ မြို့နယ်အဆင့် ပါတီဝင်တစ်ချို့တို့၏ ကန့်ကွက်မှုများရှိသော်လည်း ပါတီဗဟိုကော်မတီဝင်တို့ သည် မြို့နယ်အဆင့်အစည်းအဝေးများပြုလုပ်စေ၍ သွားရောက် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရသည်။
ပါတီကိုယ်စားပြုစေလျက် စစ်ကောင်စီတွင် ပါဝင်စေခြင်းသည် မွန်ညီညွတ်ရေးပါတီ၏ ဂုဏ်ရှိန် ကျော်ကြားမှုနှင့် လူထုထောက်ခံမှုကို လျှော့ကျစေနိုင်ခြင်း၊ မွန်အမျိုးသားတို့၏ ညီညွတ်ရေးနှင့် ပါတီအတွင်း ညီညွတ်ရေးကို ထိခိုက်စေနိုင်ခြင်း၊ မွန်လူမျိုးတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ဝေဖန် ပုတ်ခတ်ခံရနိုင်စေခြင်း၊ ပါတီဝင်ခေါင်းဆောင်တို့၏ အနာဂတ်နိုင်ငံရေးနှင့် မွန်မျိုးဆက်သစ် နိုင်ငံရေးသမားတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ယိမ်းယိုင်စေခြင်းများ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ပါတီထောက်ခံသူ မွန်လူငယ်တစုတို့က ပါတီရုံးတွင်သွားရောက်၍ အရေးဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပါတီကိုယ်စားပြုလျက် စေလွှတ်ရမည့် အစား လူပုဂ္ဂိုလ်အနေဖြင့် စစ်ကောင်စီတွင် ပါဝင်ပေးနိုင်ပါရန် အဆိုပြုတိုက်တွန်းခဲ့သည်။ အမျိုးသား ညီညွတ်ရေးအကြောင်းတရားများ ရှေးရှူနိုင်ရေးအတွက် မွန်ညီညွတ်ရေးပါတီ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်သုံး သပ်နိုင်ရန်အတွက် မွန်အမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ထုတ်ပြန် ချက်ထုတ်၍ တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။
မွန်ညီညွတ်ရေးပါတီခေါင်းဆောင်များ၏ ရှင်းလင်းပြောစကားရ “မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ နိုင်ငံတော်အာဏာသုံးရပ်ကို အပြည့်အဝ ထိန်းချုပ်ထား နိုင်သည့် စစ်လက်နက်နှင့် လူသားအရင်းအမြစ်ပြည့်စုံသည့်စစ်တပ်ကို အင်အား ချင်းပြိုင်ဆိုင်သည့် နည်းလမ်းဖြင့် ရွေးချယ်လုပ်ဆောင်ရန် မပြုလုပ်စေရေး၊ စစ်အာဏာရှင်စနစ် ကျင့်သုံးဖူးသည့် ရက်စက်ကြမ်းတမ်းတတ်သည့် စစ်တပ်အား နိုင်ငံရေးအာဏာဖီဆန် ဆန့်ကျင်ခြင်းကြောင့် မွန်ဒေသအတွင်း ရှိ မွန်ပြည်သူလူထုများ သွေးထွက်သံယိုမှု မရှိစေရေး၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် မွန်လူထုတို့၏ နေ့စဉ်ဘဝကို မထိခိုက်စေရေး၊ စစ်အာဏာ ဆန့်ကျင်ခြင်းကြောင့် ပါတီဖျက်ဆီးခံရခြင်း မရှိစေရေး” စသည့် အကြောင်းပြချက်များရှိခြင်း ကြောင့် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ခြင်းဖြစ်သည်ဟု ကောက်ချက်ရ ပါသည်။
ပါတီကိုယ်စားပြုလျက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်လက်ခံရန် ဆုံးဖြတ်ခဲ့သည့်အတွက် အကျိုးဆက် အနေဖြင့် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၂၀) ဦးကျော် (ဗဟိုကော်မတီဝင် သုံးပုံ တစ်ပုံကျော်) တို့က ပါတီမှ နှုတ်ထွက်စာတင်ကြသည်။ မြို့နယ်ပါတီဝင်တချို့တို့ကလည်း ပါတီ၏ဆုံးဖြတ်ချက်ကို လက်မခံလိုခြင်းကြောင့် ပါတီမှနှုတ်ထွက်ခဲ့ကြသူများ ရှိလာသည်။ ပါတီဗဟိုကော်မတီဝင်တို့၏ ဆုံးဖြတ်ချက်ကို လက်ခံခြင်း/ လက်မခံခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ပိတ်တိတ်ဆိတ် နေသည့် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များလည်း ရှိပါသည်။ ပါတီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံ သဘောတူသည့် ပါတီဝင်များနှင့် ပါတီအမာခံ မွန်လူမျိုးများလည်း ရှိသည်။ လက်ရှိ စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်သည် “အာဏာထိန်းခြင်း” မျှသာဖြစ်ပြီး “အာဏာသိမ်းခြင်း” မဟုတ်ဟု မှတ်ယူသည့် ပါတီ ခေါင်းဆောင်များလည်းရှိသည်။ “အာဏာထိန်းခြင်း” နှင့် “အာဏာသိမ်းခြင်း” သည် အဓိပ္ပါယ်မတူဟု ယူဆပါသောကြောင့်လည်းကောင်း၊ အချိန်တန်ရင် စစ်ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု မျှော်လင့်ထားပါသောကြောင့်လည်းကောင်း၊ စစ်ဗိုလ်ချုပ်များက ပြုလုပ်ပေးမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည်ဟု မွန်ညီညွတ်ရေးပါတီက မီဒီယာများသို့ ပြောဆိုထားသည်။
မွန်တို့သည် စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းလိုက်ခြင်း မဟုတ်ကြောင်း တုန့်ပြန်ခြင်း
လတ်တလော မြန်မာနိုင်ငံ နိုင်ငံရေးပဋိပက္ခသည် မွန်တို့၏ နိုင်ငံရေးအသိုင်းအဝိုင်းကို ပြင်းထန်စွာ ဂယက်ရိုက်ခတ်စေခဲ့ပြီး ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီတွင် မွန်ညီညွတ်ရေးပါတီမှ ၎င်းတို့၏ ပါတီကိုယ်စားပြုလျက် ပါတီခေါင်းဆောင်နှစ်ဦးကို ပါဝင်စေခြင်းသည် မွန်လူ မျိုးတို့၏ နိုင်ငံရေးရပ်တည်ချက်ပုံစံကိုလည်း နားမလည်စွာဖြင့် မွန်လူမျိုးများ အချင်းချင်းအကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ပြည်တွင်းပြည်ပ မွန်လူမျိုးများအချင်းချင်း၊ သံဃာထုများအချင်းချင်းကြား၊ မွန်လူငယ်ထုများအချင်းအချင်းအကြား တွင်လည်း နိုင်ငံရေးသဘောထား ခံယူချက်ကွဲပြားလာကြသည်။ လက်ရှိမြန်မာ့နိုင်ငံရေးပဋိပက္ခကို ချဉ်းကပ်တွေးတောဆင်ခြင်ရာတွင် ကွဲပြားသည့်အယူဆများ များပြားလာသည်။ မွန်ဒေသတနံ တလျားရှိ မွန်လူမျိုးမဟုတ်သော တခြားတိုင်းရင်းသား နိုင်ငံရေးအင်အားစုတို့၏ ဝေဖန်ပုတ်ခတ်မှု များကိုလည်း ခံခဲ့ရသည်။ “မွန်လူမျိုးတို့သည် စစ်အာဏာရှင်စနစ် ထူထောင်မည့် စစ်ဗိုလ်ချုပ်များ နှင့် ပူးပေါင်းသွားလေပြီး” ဟု မွန်လူမျိုး မဟုတ်သည့် နိုင်ငံရေးအင်အားစုတို့က ပြောဆို ပုတ်ခတ်လာကြသည်။
ဤအရေးကိစ္စတွင် “မွန်တမျိုးသားလုံးက စစ်အာဏာရှင်စနစ် ထူထောင်မည့် စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းသွားခြင်း မဟုတ်ရပါကြောင်း၊ အာဏာရှင်ဟူသမျှကို ဆန့်ကျင်နေသည့် မွန်လူမျိုးများ ရှိကြောင်း၊ မွန်လူမျိုး တမျိုးသားလုံး၏ နိုင်ငံရေးအင်အားစုထဲမှ “မွန်ညီညွတ်ရေးပါတီ” တခုကသာ ပါတီကိုယ်စားပြုလျက် စစ်ဗိုလ်ချုပ်တို့၏စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းသာ ဖြစ်ကြောင်း” ကို မွန်လူမျိုးတို့က ပြန်လည် တုန့်ပြန်ပြောဆို ကြသည်။ အဘယ့်ကြောင့်ဆိုသော် မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင်၏ ဆုံးဖြတ်ချက်သည် ပါတီဝင်များအားလုံး ပါဝင်သဘော တူညီခြင်းမရှိခြင်း၊ မွန်လူမျိုးအသိုင်းအဝိုင်းရှိ တခြားနိုင်ငံရေးအင်အားစုများ ပါဝင်သဘော တူထားခြင်း မရှိခြင်း၊ မွန်သံဃာအများစု၊ မွန်လူငယ်အများစု၊ မွန်ပညာတတ်အသိုင်းအဝိုင်းနှင့် မွန်အရေးလှုပ်ရှားသူ အများစုတို့က ပါဝင်သဘောတူထား ခြင်းမရှိခြင်း တို့ကြောင့် မွန်လူမျိုးတရပ် လုံးက စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းပါဝင်ခြင်းမဟုတ်ကြောင်းကို ရှင်းလင်းစွာသိရှိ စေနိုင်သည်ဟု စစ်အာဏာရှင်ဆန့်ကျင်သည့် မွန်နိုင်ငံရေး အုပ်စုတို့က ဆိုကြသည်။
စစ်ဗိုလ်ချုပ်များ၏ စစ်ကောင်စီတွင် မွန်လူမျိုးအရေအတွက်ထက် ဗမာလူမျိုး အရေတွက်များ စွာတို့က ပါဝင်နေခြင်းကြောင့် “ဗမာလူမျိုးတို့က စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းလိုက်သည်” ဟု ပြန်လည်ဝေဖန်ပြောဆိုနေပါက မွန်နှင့် ဗမာလူမျိုးအကြား အမုန်းပွားများစေမည်ဟု စစ်အာဏာ ရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည့် မွန်လူမျိုးတို့က ဆိုကြသည်။ လက်ရှိနိုင်ငံရေးပဋိပက္ခသည် ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်း သားများတို့၏ လူမျိုးရေးပဋိပက္ခမဟုတ်သည့်အပြင် ဗမာပြည် မရှိ နိုင်ငံရေးအင်အားစုနှစ်ခုအကြား မိမိတို့၏ အင်အားစု အာဏာအပြည့်အဝရရှိရေးအတွက် ကြိုးစားရာမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခဟု မှတ်ယူထား ကြသည့် မွန်လူမျိုးများလည်း ရှိပါသည်။
ကွဲပြားသောအယူအဆများနှင့် မွန်တို့၏နိုင်ငံရေးခံယူချက်များ
လက်ရှိကာလ စစ်ဗိုလ်ချုပ်များ၏ စစ်ကောင်စီ လက်အောက်ခံ “အိမ်စောင့်အစိုးရ” နှင့် အတိုက်ခံပြု လုပ်နေသည့် အရပ်သားများဖြင့် ဖွဲ့စည်းထားသည့် “အမျိုးသားညီညွတ်ရေးအစိုးရ” တို့အကြား အရှိန်အဟုန်မြှင့် အင်အားချင်း ပြိုင်ဆိုင်နေလျက်ရှိသည်။ ထိုအစိုးရ နှစ်ဖက်စလုံးတို့က အနာဂတ်တွင် တိုင်းရင်းသားတို့နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ပေးမည်ဟု အစကနဦးတို့တွင် ထုတ်ဖော် ပြောဆိုထားကြသည်။ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် မွန်ညီညွတ်ရေးပါတီ၏ ခေါင်းဆောင်ပိုင်း နှစ်ဦးတို့က ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးအဖြစ်လည်းကောင်း၊ မွန်ပါတီ မဟုတ်သည့် တခြားပါတီမှ မွန်လူမျိုးများ (ဥပမာ ကြံ့ခိုင်ရေးပါတီမှ မွန်လူမျိုးများ) ပါဝင်နေခြင်း ရှိသကဲ့သို့ “အမျိုးသားညီညွတ်ရေးအစိုးရ” တွင်လည်း မွန်နိုင်ငံရေးအင်အားစုတချို့တို့သည်၊ ဝန်ကြီးနေရာများ၊ ဒုဝန်ကြီးနေရာများ၊ အကြံပေးအဖွဲ့ဝင်များ၊ စစ်အာဏာရှင်ဆန့်ကျင်သည့် မွန်လူငယ် Generation Z များနှင့် ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့ဝင်များ ချိတ်ဆက်ပူးပေါင်းပါဝင် နေလျက်ရှိသည်။
မတူကွဲပြားသည့် အယူအဆရှိနေကြသည့် မွန်လူမျိုး နိုင်ငံရေးအင်အားစုတို့က နှစ်ဖက်စလုံးတွင် ပူးပါဝင်နေကြပြီး ဖြစ်သည်။ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ပါဝင်ခွင့်ရရှိခြင်းဖြင့် မွန်လူမျိုးတို့၏ နိုင်ငံရေးအကျိုးအမြတ်ကို လက်တွေ့ ဖန်တီးရယူနိုင်မည်ဟု ပြောဆိုနေသူများ ရှိသကဲ့သို့၊ ဒီမိုကရေစီအင်အားစုဖြစ်သည့် “အမျိုးသား ညီရေးညွတ်အစိုးရ” တွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ဒီမိုကရေစီယဉ်ကျေးမှုအရ နိုင်ငံရေး စကားဝိုင်းတွင် မွန်လူမျိုးတို့ အမျိုးသားနိုင်ငံရေး အကျိုးစီးပွားကို ဖန်တီးနိုင်ရမည်ဟု ယုံကြည်မျှော်လင့်ထားကြသူများ ရှိနေသည်။
မွန်တို့၏ တဘောင်းစကားနှင့် နိုင်ငံရေးရပ်တည်ချက်
မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင် ရေးစိတ်ဓါတ် မြှင့်တင်ရန်အလို့အငှာ ကဗျာစာသား၊ နိမိတ်စကား၊ တဘောင်းစကားများ ထွက်ပေါ် ခဲ့သည်များ ရှိပါသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ထိုသို့ပေါ်လာသော နိမိတ်စကား၊ တဘောင်စကားတို့သည် မိမိတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို အားအင်တိုးတက်ရာတိုးတက်ကြောင်း အရင်းခံစေလျက် စိတ်ဓါတ်တက်ကြွစေရန်အတွက် လူမှုကွန်ရက်တွင် အချင်းချင်းမျှဝေ နေကြသည်။ နိမိတ်စကား၊ တဘောင်းစကားတို့ကို အခြေပြု၍လည်း မိမိတို့အင်အားစု ရပ်တည်ချက်နှင့် အနာဂတ်အောင်မြင်ရေးလမ်းစဉ်ကို ယုံကြည်စွာ ချမှတ်ကြသည့် အလေ့အထ သည် မြန်မာ့ယဉ်ကျေးမှုတွင် အခိုင်အမာအမြစ်တွယ်နေပြီးသား ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ထိုနည်းတူ ခပ်ဆင်ဆင်ဖြင့် မွန်လူမျိုးတို့၏ အသိုင်းအဝိုင်းတွင်လည်း ပြောဆိုနေကြလေ့ရှိသည့် မြန်မာ့နိုင်ငံရေးဆက်စပ် တဘောင်စကားတခုရှိသည်။ မွန်ဘာသာ ရှေးဟောင်းတဘောင်း စကားထဲတွင် “မြာ်ကႝုမြာ်ဇုႝ ၐိုပ်မင်ဗုႝ၊ အခါရမြာ်ဍောင် ၐိုပ်တအ်ကပှ်စသောင်သောင်” (မြန်မာဘာသာပြန် - ဒေါင်းနှင့်ဒေါင်းချင်း သွေးရင်းခွပ်က ဟင်္သာတို့ကြည့်ကြ။ ဒေါင်းများမောက၊ ဟင်္သာတို့ ကောက်စားကြ။) ဟူ၍ စာသားဖော်ပြ ပါရှိသည်။ ၎င်းနိမိတ်တဘောင်းစကားအရ “ဒေါင်း” ဟူသည်မှာ “ဗမာ” လူမျိုးကို ရည်ညွှန်း၍ “ဟင်္သာ” သည် မွန်လူမျိုးတို့ကို ရည်ညွှန်းသည်။ တဘောင်းစကားအလိုရ “ဗမာလူမျိုးများအချင်းချင်း ရိုက်ခတ်ပုတ်သတ် နေကြပါက မွန်လူမျိုးများ ပါဝင်ခြင်းမရှိဘဲ စောင့်ကြည့်နေကြရန်၊ ဗမာလူမျိုးများ အင်အား ဆုတ်ယုတ်နည်းပါးသည့်အချိန်တွင် မွန်တို့၏ နိုင်ငံရေးအကျိုးစီးပွားကို ဖန်တီးကြရန်” ဟူသော တိုက်တွန်းချက်စကားပုံစံမျိုးဖြင့် အဓိပ္ပါယ်ရသည်။
၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလတွင် မွန်ရဟန်းပျိုများ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ကြရာတွင်လည်း မွန်သံဃာတော် ဆရာတော်ဘုရားကြီးတို့က ဤတဘောင်းစကားအတိုင်း ဟန့်တား မိန့်ဆိုခဲ့ဖူးသည်ဟု မွန်ရဟန်းပျိုတို့က ဆိုခဲ့ဖူးသည်။ တဘောင်းစကားအရ ဗမာလူမျိုး များ နိုင်ငံရေးအားပြိုင်သည့်အခါ အချင်းချင်းတိုက်ခိုက်ရင်း သွေးထွက်သံယိုမှုများ ဖြစ်စေသည့် အခါ မွန်လူမျိုး များအား မခံစားစေလိုခြင်း စေတနာစကားများ ပါဝင်နေသည်။ ဤသို့သော တဘောင်းစကားများသည် မွန်တို့၏ သမိုင်းကြောင်းသင်ခန်းစားကို အခြေပြုထားသည့် တဘောင်းစကားပင်ဖြစ်သည်။
ခေတ်အဆက်ဆက် နိုင်ငံရေးသမိုင်းအကြောင်းအရ ဗမာလူမျိုးစုတို့သည် ၎င်းတို့၏ နိုင်ငံရေးသြဇာ အာဏာကို တည်ဆောက်လိုသည့်အခါ တိုင်းရင်းသားတို့၏ နိုင်ငံရေးအင်အားစုကို အသုံးချကြသည်။ ၎င်းတို့ကိုယ်တိုင် အာဏာအခိုင်အခန့် တည်ရှိလာသောအခါ ၎င်းတို့အချင်းချင်း သင့်မြတ်ကြ၍ ရင်းကြားစေ့ ပူးပေါင်းလုပ်ကိုင်ကာ တိုင်းရင်းသားတို့အား ပြန်လည်နှိပ်စက် တတ်သည့် သက်သေသာဓကများရှိခဲ့သည်။ မွန်တိုင်းရင်းသားတို့မှာလည်း ဗမာနိုင်ငံရေး အင်အားစုတဖက်ဖက်ကို အကူအညီပေးခဲ့ခြင်းကြောင့် အကျိုး ယုတ်ခဲ့ရသည့် သင်ခန်းစားများစွာ ရှိခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နိုင်ငံရေး အခင်းအကျင်းအတွင်း မတူကွဲပြားသည့် မွန်လူမျိုး နိုင်ငံရေးအင်အားစုတို့သည် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအရွှေ့ကို အထောက်ကူဖြစ်စေရန် အလို့အငှာ စစ်တပ်ကျောထောက်နောက်ခံ၍ ဗမာလူမျိုးကြီးစိုးသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုလည်းကောင်း၊ ဗမာလူမျိုးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်းကောင်း မဟာမိတ်အဖြစ် သဘောထား၍ နိုင်ငံရေးလှုပ်ရှားမှု အရွှေ့များတွင် ပူးပေါင်းပါဝင်ခဲ့ဖူး ပြီးဖြစ်သည်။ USDP ပါတီအစိုးရ ကာလတွင်လည်းကောင်း၊ NLD ပါတီ စိုးရကာလတွင်လည်းကောင်း မွန်လူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှု၊ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှု တို့ကို အာဏာရအစိုးရတို့က ကန့်သတ်ပိတ်ပင်မှုများ၊ ကြီးနိုင်ငယ်ညှင်းကျင့်သုံးမှုများ ပြုခဲ့ကြသည်။ လွှတ်တော်အတွင်း နိုင်ငံရေးတောင်းဆိုချက်များကိုလည်း လျစ်လျူရှူခဲ့ကြသည်။ ဤသည် ဗမာကြီးစိုးသည့် နိုင်ငံရေး အင်အားစုများထံမှ မွန်လူမျိုးတို့ လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများ ဖြစ်သည်။
သမိုင်းကြောင်းအရ နစ်နာခဲ့ရသည့် သင်ခန်းစာကို အကြောင်းပြု၍ ယခုနိုင်ငံရေးပဋိပက္ခကာလ ဗမာလူမျိုးများအချင်းချင်း အင်အားချင်းယှဉ်ပြိုင်တိုက်ခိုက်နေစဉ်ကာလအတွင်း မွန်လူမျိုးများ အနေဖြင့် နှုတ်ပိတ်လက်ရှာင်နေစေရန်အတွက် ဖော်ပြပါတဘောင်းစကားမှ တွန်းအားတခု ဖြစ်စေခဲ့သည်။ လတ်တလောကာလတွင်လည်း မွန်လူမျိုးများအချင်းချင်းကြား ပြောဆိုမှုများ လာသည့် တဘောင်းစကား တခုလည်း ဖြစ်လာသည်။
မွန်တို့၏ သမိုင်းကြောင်းနှင့် နိုင်ငံရေးရပ်တည်ချက်
နှစ်ပေါင်းရှည်ကြာစွာ သမိုင်းကြောင်း အခိုင်အမာရှိခဲ့သည့် မွန်လူမျိုးတို့သည် မိမိတို့သမိုင်း ကြောင်းမှ လေ့လာရရှိသည့် သင်ခန်းစာတို့ကိုရယူ၍ မိမိတို့အသိုင်းအဝိုင်းအတွင်း အမျိုးသား စိတ်ဓါတ်မြှင့် တင်ရန်အတွက်လည်းကောင်း၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရာ တိုးတက် ကြောင်းအတွက်လည်းကောင်း၊ နိုင်ငံရေးရပ်တည်ချက်နှင့် လူမျိုးရေးဆိုင်ရာမူဝါဒ သဘောထား ရပ်တည်ချက်များ ချမှတ်တတ် လေသည်။
အေဒီ ၁၂ ရာစု အစောပိုင်းကာလတွင် မွန်လူမျိုးတို့သည် ပုဂံပြည်လက်အောက်ခံ ဘဝရောက်နေ ခဲ့သည်။ မွန်ဂိုတာတာ (Tatar Mongol) တို့၏ ရန်စွယ်ကြောင့် ပုဂံပြည်ပဒေသရာဇ်နိုင်ငံ အင်အားကျဆင်းချိန်နှင့် ပုဂံပြည်ပျက်သုန်းရန် အကြောင်းဖန်လာချိန်တွင် မွန်လူမျိုးတို့သည် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူးမင်းဆက် ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ပုဂံပြည်လက် အောက်ကျပြီးသော မွန်တို့၏သထုံပြည်အနီးရှိ တကော့ဝန်းအရပ်တွင် ကျေးရွာအဆင့် အကြီးအကဲ တစ်ဦးဖြစ်သူ “မဂဒူး” သည် မိမိ၏နှမတော်ကို ရန်သူတော်ဖြစ်သည့် ပုဂံလက်အောက်ခံ မုတ္တမမြို့စား အလိမ္မာမင်းအား လက်ဆက်ပေးစား၍ မဟာမိတ်ဖွဲ့ရသည်။ နည်းပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ မုတ္တမမြို့စား အလိမ္မာမင်းအား လုပ်ကြံရန်အတွက် မြစ်ကမ်းနဘေး သဲသောင်ပြင်တွင် ညနေစာစားပွဲ စီစဉ်ခဲ့သည်။ မဂဒူးမင်းက မိမိတို့၏ဘက်တော်သား စစ်သူရဲကောင်းတို့အား ညနေစာစားပွဲတွင် လိုက်နာရမည့် အချက်ပြစကားသုံးခွန်းကို မှာကြားခဲ့သည်။ “(၁) “မဇ” - စစ်သူရဲကောင်းများ အရက်သေစာ သောက်သုံးခြင်းရပ်တန့်ရန်၊ (၂) “မုန်ဇုန်” - စစ်သူရဲကောင်းများ ထမင်းနှင့်အစားစာ အဝစားသုံးကြရန်နှင့် (၃) “မပ်ဇပ်” - စစ်သူရဲကောင်းများအနေဖြင့် ဓါးလှံထုတ်၍ အလိမ္မာမင်း၏ ရဲဘက်များအား လက်ဦးမှုရယူ သတ်ဖြတ်ရန်” ဟူသော အချက်ပြစကား သုံးရပ်ဖြင့် အလိမ္မာမင်းအားသတ်ဖြတ်နိုင်ခဲ့သည်။ ဆက်လက်၍ မဂဒူးမင်းသည် မုတ္တမမြို့ကို ထီးနန်းစံအုပ်ချုပ်၍ ဟံသာဝတီမွန်ပြည်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မဂဒူးမင်းသည် ထင်ရှားသည့် မွန်ပဒေသရာဇ် ဘုရင်မင်းဆက် တခုကို စတင်ထူထောင်လာနိုင်ခဲ့သည်။
ပုဂံပြည်ရှိ ဗမာလူမျိုးများအချင်းအချင်း မညီမညွတ်ဖြစ်၍ အင်အားဆုတ်ယုတ်နေချိန်တွင် မိမိတို့၏ ပဒေသရာဇ်နိုင်ငံကို ပြန်လည်တည်ထောင်နိုင်ခဲ့သည့် မွန်ဘုရင်မဂဒူးမင်း၏ သမိုင်းကြောင်းသည် လက်ရှိမွန်လူမျိုးတို့၏ နိုင်ငံရေးစိတ်ဓါတ်ကို အစဉ်အမြဲတက်ကြွနေစေသည်။ ရန်သူနှင့် မဟာမိတ်ဖွဲ့ပူးပေါင်းရသည်ဖြစ်စေ နိုင်ငံရေးပရိယာရ်အရ မွန်လူမျိုးတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရမည်ဆို သည်ကိုလည်း သမိုင်းကြောင်း သင်ခန်းစာ ရှိထားလေပြီး ဖြစ်သည်။ သမိုင်းကြောင်းအစဉ်အဆက် ခေတ်ပြိုင်ပဒေရာဇ်နိုင်ငံများ ထူထောင်ခြင်းဖြင့် နိုင်ငံရေး၊ စစ်မှု ရေးရာ ပြိုင်ဆိုင်လာခဲ့သည့် လူမျိုးနှစ်ခုဖြစ် သော်လည်း လက်ရှိကာလသည် မွန်လူမျိုးတို့သည် ကိုယ်ပိုင်နိုင်ငံတော် ကင်းမဲ့နေလျက်၊ ဗမာလူမျိုးတို့၏ လက်အောက်ခံဖြစ် နေလျက်ရှိသည်ဟု လက်ခံယုံကြည်ထားသည့်အတွက် တချိန်တချိန်တခါခါတွင် မွန်လူမျိုး တို့သည် မိမိတို့၏ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့်” သီးခြားလွတ်လပ်သည့် နိုင်ငံထူထောင်နိုင်ရမည်ဟု အန္တိမပန်းတိုင်းများ ရည်ရွယ်ထားရှိသည့် မွန်လူမျိုးများစွာ ရှိနေပါသည်။
မွန်လူမျိုးတို့၏ အကျိုးစီးပွားကိုသာ ဖန်းတီးနိုင်စေရေး
စစ်ဗိုလ်ချုပ်များ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု သူနှစ်ဦး စေလွှတ်ပါဝင်စေခြင်းသည် မွန်လူမျိုးတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် စစ်ဗိုလ်ချုပ် များ၏ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးစကားဝိုင်းများတွင် တိုက်ရိုက်တင်ပြလိုခြင်း ဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီဝင်တို့၏ ဆိုစကားများလည်း ရှိခဲ့သည်။ ဒီမိုကရေစီအင်အားစု ဟု အမည်ခံ ယူထားသော အမျိုးသားညီညွတ်ရေးအစိုးရတို့၏ မူဝါဒရပ်တည်ချက်တို့ကို အားပေးထောက်ခံလို၍ ပူးပေါင်းပါဝင်သည့် မွန်လူမျိုးနိုင်ငံရေးအင်အားစုများ အနေဖြင့် မြန်မာ့ဒီမိုကရေစီ အပြောင်း အလဲနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တတပ်တအား ပူးပေါင်းပါဝင် နေခြင်းဖြစ်သည်။ စစ်အာဏာရှင် သက်ဆိုးရှည်နေခြင်းကို အမြစ်ဖြတ်ချေမှူန်း လိုခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
မည်သည့်ဖက်တဖက်ကိုမှ ပူးပေါင်းပါဝင်အားပေးခြင်းမရှိဘဲ၊ ဗမာလူမျိုးအများစု ကြီးစိုးထားသည့် အင်းစုနှစ်ဖက်စလုံး အင်အားဆုတ်ယုတ်နေချိန်ကာလအတွင်း အခွင့်အခါကောင်းနှင့် အခြေအနေ အချိန်အခါကို စောင့်ကြည့်၍ မွန်လူမျိုးတို့၏ နိုင်ငံရေးအကျိုးအမြတ်နှင့် အန္တိမပန်းတိုင်ကို အရောက်သွားနိုင်ရန်နှင့် လုပ်ငန်းအစီအစဉ်များ ဖော်ထုတ်ကြရန် ပြောဆိုတိုက်တွန်းနေကြသူများ လည်း ရှိပါသည်။ ပစ္စုပ္ပန်နိုင်ငံရေး ပဋိပက္ခကာလတွင် မွန်လူမျိုးတို့သည် သတိကြီးစွာဖြင့် နိုင်ငံရေးအရွှေ့ကို ပါဝင်ရွှေ့ပေးနိုင်ကြရန်အတွက် အချင်းချင်းတိုက်တွန်း နေလျက် ရှိပါသည်။ မိမိမွန်လူမျိုးတို့၏ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်ဖြင့် နိုင်ငံရေး အခင်းအကျင်း အသစ်တစ်မျိုးကို ဖန်တီးကြရန် ဆော်သြနေသူများလည်း ရှိပါသည်။
အာဏာရှင်ဟူသမျှတော်လှန်နေရမည့် မွန်လူမျိုး
မြန်မာနိုင်ငံ၏ တတိယနိုင်ငံတော် တည်ထောင်သူ ဦးအောင်ဇေယျ (သို့မဟုတ်) အလောင်းဘုရား မင်းမှ မွန်လူမျိုးတို့၏ ပဒေသရာဇ်နိုင်ငံတော် ဟံသာဝတီပြည်ကို (၁၇၅၇) ခုနှစ်တွင် စတင် တိုက်ခိုက် သိမ်းပိုက်လိုက်ရာမှ ယခုအချိန်အထိ မွန်တို့သည် တော်လှန်ရေးခရီးရှည်ကြီး လုပ်နေရ ပါသည်။ မွန်တို့သည် အစဉ်တဆက် အင်အားရှိရင်ရှိသလို မိမိတို့မွန်လူမျိုး လွတ်မြောက်ရေး အတွက် တော်လှန်ရေးတိုက်ပွဲဝင်နေ ရဆဲဖြစ်သည်။
အင်္ဂလိပ်ကိုလိုနီခေတ် အင်္ဂလိပ်ဆန့်ကျင်ရေး၊ လက်နက်ကိုင် ဂျပန်တော်လှန်ရေး၊ လက်နက်ကိုင် အင်္ဂလိပ်တော်လှန်ရေးများတွင်လည်း မွန်လူမျိုးတို့ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာပြည်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ခေတ်အဆက်ဆက်တို့တွင်လည်း မွန်လူမျိုးတို့ ပါဝင်ခဲ့ကြ သည်။ ဗမာ့စစ်ဗိုလ်ချုပ်များဦးစီးသည့် စစ်အာဏာရှင်အစိုးရ ခေတ်အဆက်ဆက်ကို တော်လှန်သည့် လက်နက်ကိုင်တော်လှန်ရေးများတွင်လည်း ပါဝင်ခဲ့ကြသည်။ အသက်သွေးချွေး ပေါင်းများစွာ ပေးဆပ်ကြရပြီး ဖြစ်သည်။ စစ်မက်ဖြစ်ပွားခြင်းကြောင့် နိုင်ငံတော်ပျက်သုန်းခဲ့ပြီး ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆုံးရှူံးခဲ့သည့် မွန်လူမျိုးများအနေဖြင့် စစ်ဘုရင်ယဉ်ကျေးမှုနှင့် စစ်အာဏာရှင်တည်ထောင်သူတို့ကို ဆက်လက်၍ တော်လှန်နေရအုံးမည်ဖြစ်သည်။ မွန်လူမျိုး တို့သည် မိမိတို့ကြိုက်နှစ်သက်ခြင်းမရှိခဲ့သည့် အာဏာရှင်အစိုးရ အမျိုးမျိုးတို့ကို ဆန့်ကျင် နေလျက်ပင် ဖြစ်သည်။ မွန်တို့သည် အာဏာရှင်ဟူသမျှတို့ကို ဆန့်ကျင်နေလျက် တော်လှန်ရေး လမ်းကြောင်းပေါ်တွင် ရှိနေပါသည်။
နောက်ဆုံးနိဂုံးချုပ်အနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးဟု ခေါ်ဆိုသမုတ်အပ်သည့် ၂၀၂၁ ခုနှစ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် တော်လှန်းရေးလုပ်ငန်းများပြီးဆုံး၍ ဒီမိုကရေစီဘက်တော်သား များ အောင်မြင်သွားခဲ့သည့်တိုင်အောင် နောင်အခါတွင် ပေါ်ပေါက်လာမည့် အာဏာရှင်အမျိုးမျိုး တို့ ဆန့်ကျင် သွားရန်နှင့် မွန်အမျိုးသားတို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် မွန်တို့၏ တော်လှန်ရေး လှုပ်ရှားမှုသည် ရပ်တန့်သွားမည် မဟုတ်ပေ။
စာရေးသူ - “မင်းနိုင်စွန်း” သည် မွန်အမျိုးသားရေးလှုပ်ရှားမှုနှင့် မွန်နိုင်ငံရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကာလတွင် အကြမ်းမဖက်သော အာဏာဖီ ဆန်ရေး ဆန္ဒပြပွဲ သပိတ်များတွင်လည်း ပါဝင်ခဲ့သည်။
