မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေနှင့် အနာဂတ်မျှော်ရည်ချက် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လေ့လာသုံးသပ်ချက်*
Regions
လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံရေး အပြောင်းအလဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြသည်။ ဤသုံးသပ်ချက်စာတမ်းတွင် မြန်မာနိုင်ငံအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ နောက်ကြောင်းပြန်လှည့်သွားမှုများကြောင့် တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော လူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ဆန်းစစ်ထားသည်။ တိုင်းပြည်အတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများနှင့် ဖိနှိပ်မှုများ လွှမ်းမိုးနေပြီး မြေယာသိမ်းဆည်းမှုများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ထူပြောနေသည်။ တစ်ချိန်တည်းမှာပင် ပိုမိုကောင်းမွန်သော အပြောင်းအလဲအတွက် မျှော်လင့်ချက်များနှင့် ရည်မှန်းချက်များသည် ပျောက်ပျက် မသွားခဲ့ပါ။ ဤသုံးသပ်ချက်စာတမ်းတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဆက်လက်လှုပ်ရှားမှုများနှင့် ပန်းတိုင်များကို ထည့်သွင်းဖော်ပြထားပြီး ယခုကဲ့သို့ မရှိမဖြစ်လိုအပ်သော ကြိုးပမ်းမှုများကို မည်သို့ ဖော်ဆောင်ကာ မည်သို့ပံ့ပိုးကူညီရမည်ဟူသော တိုက်တွန်းချက်များကို တင်ပြထားပါသည်။
Photo credit TNI
အဖွင့်မိတ်ဆက်
မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်နှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၈၀ ကျော်တိုင်အောင် ပဋိပက္ခများကို ခါးစည်းခံခဲ့ရသည်။ ရှည်ကြာလှပြီဖြစ်သည့် ဤပဋိပက္ခသည် မြေယာနှင့် သယံဇာတများကို သိမ်းယူခြင်း၊ လူထုအတွင်း ကွဲပြားခြားနားမှုများကို အသုံးချသည့် စီမံခန့်ခွဲရေးစနစ်များကို အဓမ္မပြဋ္ဌာန်းခြင်းတို့ ပါဝင်ခဲ့သည့် ကိုလိုနီအုပ်ချုပ်ရေး၏ အမွေဆိုးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သည့် အခြားသော နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း နယ်ချဲ့များထွက်ခွာသွားပြီးနောက် နိုင်ငံတစ်ခုအဖြစ် အသွင်သဏ္ဌာန်ပြန်ဖော်ရန် ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဆိုးရွားလှသော ကိုလိုနီအစိုးရနေရာ၌ ဆိုးရွားသည့် အစိုးရသစ်များ အစားထိုးဝင်ရောက်လာကာ ပဋိပက္ခသံသရာအတွင်း၌သာ ဆက်လက်ပိတ်မိနေခဲ့သည်။ ဤကဲ့သို့ ဖွဲ့စည်းပုံ ဆိုင်ရာ အခြေခံပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် ၎င်းအကျိုးဆက်များသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ပြီး၊ ယနေ့ကျွန်ုပ်တို့ ရင်ဆိုင်နေရသော နိုင်ငံတော် ပြိုလဲမှုနှင့် ‘ပဋိပက္ခထောင်ချောက်’ ဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။
နောက်ခံအခြေအနေအား ဆန်းစစ်လေ့လာခြင်း
စစ်တပ်၏ ရှင်သန်ရေး မဟာဗျူဟာ
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်၏ မဟာဗျူဟာသည် ပဋိပက္ခကို ဖြေရှင်းရန် မည်သည့်အခါမျှ မဟုတ်ခဲ့ဘဲ၊ ၎င်းကို 'ထိန်းချုပ်စီမံ' ရန်သာ ဖြစ်ခဲ့သည်။ ဤအချက်သည် ပဋိပက္ခထောင်ချောက် (Conflict Trap) ၏ အဓိက အချက်တစ်ခု ဖြစ်သည်။ စစ်တပ်ထူထောင်ပေးမည့် မည်သည့်အစိုးရသစ်မဆို ဤလမ်းစဉ် အတိုင်းသာ လျှောက်လှမ်းသွားကြရမည်ဖြစ်ပြီး အကျပ်အတည်း၏ ဇစ်မြစ်အကြောင်းတရားများကို ကိုင်တွယ် ဖြေရှင်းလိုသည့် နိုင်ငံရေးစိတ်ဆန္ဒ ကင်းမဲ့နေဦးမည်ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့သည်သာလျှင် နိုင်ငံအတွင်း၌ ကြံ့ကြံ့ခံနိုင်ရည်အရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခကာလ ပိုမို ရှည်ကြာအောင် အချိန် ဆွဲထားနိုင်ပါက ၎င်းတို့အနိုင်ရလိမ့်မည်ဟူသည့် ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေကြသည်။ ဤအချက်သည် နှစ်ရှည်လများ စစ်တပ်ကိုင်စွဲလာခဲ့သည့် အလုပ်ဖြစ်မြောက်ရေး သဘောတရားတစ်ခုဖြစ်နေခဲ့ပြီး ၎င်းတို့၏ ‘အပေါ်ယံဟန်ပြဆန်သည့်’ နည်းဗျူဟာများနှင့်အတူ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။ လက်ရှိစစ်အာဏာရှင် အစိုးရသည် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းသွားမည့် ရည်ရွယ်ချက် အလျဉ်းမရှိဘဲ ၎င်းတို့၏ အာဏာတည်မြဲရေး အတွက်သာ ဆက်လက် ရုန်းကန်နေခြင်းဖြစ်သည်မှာ ထင်ရှားလျက်ရှိသည်။
ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ရလျှင် လက်ရှိမြေပြင်အခြေအနေတွင် စစ်တပ်သည် တဖြည်းဖြည်း အားနည်း လာနေပြီး တပ်တွင်းသဘောထားကွဲလွဲမှုများ တဖြည်းဖြည်းကြီးထွားလာသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ၎င်းတို့၏ ရုံးစိုက်ရာ နေပြည်တော်မှနေ၍ ယခင်ကကဲ့သို့ တစ်နိုင်ငံလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်မှာ အထင်အရှားပင် ဖြစ်သည်။ ထို့အပြင် စစ်တပ်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဗမာလူမျိုးအများစု နေထိုင်ရာဒေသအမြောက်အမြားတွင်လည်း နယ်မြေစိုးမိုးမှုများ ဆုံးရှုံးခဲ့ရသည်။ ဤကဲ့သို့ စစ်တပ်၏ နောက်ဆုတ်ပေးလိုက်ရမှုမျိုးသည် မြန်မာ့ခေတ်သစ် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။
တပ်မတော်နှင့် စစ်ဗိုလ်ချုပ်များ ဖွဲ့စည်းရန်ကြိုးပမ်းသည့် မည်သည့်အစိုးရအတွက်မဆို နောက်ထပ် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်မှာ ၎င်းတို့၏ အဓမ္မအကျပ်ကိုင် အာဏာသုံးစွဲမှု (သို့မဟုတ်) လက်နက်အားကိုးဖြင့် ဖိနှိပ် ချုပ်ချယ်သည့် နည်းလမ်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ခြေကုပ်ကို ဆက်လက်ထိန်းထားနိုင်ရေးအတွက် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သည့် နည်းလမ်းကိုသာ အားကိုးနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ သို့ရာတွင် ဤကဲ့သို့သော နည်းလမ်းကို ၎င်းတို့အနေဖြင့် မည်မျှအထိ ရေရှည်တောင့်ခံထားနိုင်မည်နည်း။ အဆုံးသတ်တွင်မူ ဤမဟာဗျူဟာသည် ၎င်းတို့ကိုယ်တိုင် ပြာကျပျက်စီးသွားစေမည့် လမ်းစပင် ဖြစ်သည်။ ကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်ခြင်းအားဖြင့် ၎င်းတို့သည် ပြည်သူ့ထောက်ခံမှု (သို့မဟုတ်) တရားဝင်မှု နှင့် မှန်ကန်သော သတင်းအချက်အလက်များကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ အကျိုးဆက်အနေဖြင့် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု ယဉ်ကျေးမှုကိုသာ ပိုမိုခိုင်မာလာစေပြီး ညံ့ဖျင်းသောအုပ်ချုပ်မှု၊ နိုင်ငံတော်ပျက်သုဉ်းမှုနှင့် တစ်နိုင်ငံလုံး ပြိုကွဲပျက်စီးမှုတို့ဆီသို့သာ ဆိုက်ရောက်သွားစေမည် ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်ပိုင်းသည် လူမှုရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုနေကြသည့် မျိုးဆက်သစ်လူငယ်များကို အကြမ်းဖက် နည်းလမ်းဖြင့် တုံ့ပြန်ရန် ကြိုးပမ်းနေသောကြောင့် တိုက်ပွဲများနှင့် ၎င်း၏အကျိုးဆက်ဖြစ်သော ပြည်သူတို့၏ ဒုက္ခဝေဒနာများသည် ပိုမိုတိုးပွားလာရန်သာ ရှိပါတော့သည်။
တော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
တော်လှန်ရေးအင်အားစုများသည်လည်း စိန်ခေါ်မှုများကို သိသိသာသာကြုံတွေ့နေရသည်။ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးရှိ ဒေသ အသီးသီးမှ လူထုတစ်ရပ်လုံး လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည့် ပြန့်ကျဲနေသော အခြေအနေတစ်ခုမှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းကဲ့သို့ ကွဲပြားခြားနားပြီး ဒေသအသီးသီးတွင် ရှိနေကြသော တော်လှန်ရေးအင်အားစုများနှင့် အဖွဲ့အစည်းများကို ဘုံပလတ်ဖောင်းတစ်ခုတည်းအောက်သို့ စုစည်းရန် ခက်ခဲကြောင်း တွေ့မြင်နေရသည်။ လက်ရှိအချိန်တွင် စုစည်းညီညွတ်သော ဘုံရည်မှန်းချက်နှင့် မဟာဗျူဟာ တစ်ရပ် မရှိသေးခြင်းသည် တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီအရေး ရှေ့တိုးဆောင်ရွက်မှု များအတွက် အဓိကအတားအဆီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
နောက်ထပ် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်မှာ အထူးသဖြင့် သယံဇာတ ထုတ်လုပ်ရေး ကဏ္ဍများတွင် ‘စစ်စီးပွားရေး’ (War Economy) ခေါင်းထောင်လာခြင်း ဖြစ်သည်။ အတိတ်သမိုင်းကြောင်းများအရ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများသည် ရှမ်းပြည်နယ်အတွင်းရှိ ယခင်တော်လှန်ရေး လှုပ်ရှားမှုများကို အားနည်း သွားစေခဲ့ဖူးပြီး၊ ယနေ့ခေတ်တွင်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများ အဆမတန် များပြားလာခြင်းသည် ကရင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအပေါ် ထိုနည်းတူ ခြိမ်းခြောက်နေသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အထူးပင် သတိပြုရမည် ဖြစ်သည်။ မြေရှားသတ္တုတူးဖော်ရေးကဲ့သို့သော သဘာဝသယံဇာတအရင်း အမြစ်များကို အထိန်းအကွပ်မဲ့ ထုတ်ယူသုံးစွဲမှုသည်လည်း အလားတူ အန္တရာယ်များကို ဖိတ်ခေါ်လျက်ရှိသည်။ အကယ်၍ တော်လှန်ရေးအင်အားစုများသည် ဤကဲ့သို့သော အဖျက်သဘောဆောင်သည့် စီးပွားရေး လုပ်ငန်းများအပေါ် မှီခိုအားထားလာပါက ၎င်းတို့၏ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ရပ်တည်ချက်နှင့် ဖွဲ့စည်းပုံဆိုင်ရာခိုင်မာမှုများကို ဆုံးရှုံးရမည့် အန္တရာယ်ရှိပါသည်။ ဤကဲ့သို့သော တရားမဝင်စီးပွားရေး လုပ်ငန်းများသည် တော်လှန်ရေးကို အတွင်းမှလှိုက်စား၍ ပျက်စီးသွားစေနိုင်သည့် အင်အားမျိုးရှိနေသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အထူးဂရုပြုရန်လိုအပ်ပါလိမ့်မည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဆမတန် ခေါင်းထောင်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း တစ်ခုအဖြစ်သို့ ကူးစက်လာခဲ့ရာ၊ တရုတ်နိုင်ငံက ယင်းလုပ်ငန်းများကို နှိမ်နင်း ထိန်းချုပ်ရန် ကြိုးပမ်းနေသည့်တိုင် အမေရိကန်ပြည်ထောင်စုပါ ကြားဝင်ပတ်သက်လာခဲ့သည်။ စစ်ကောင်စီ နှင့် ယင်း၏ အာဏာဆက်ခံမည့် အုပ်စုသည် ဤငွေလိမ်ဂိုဏ်းပြဿနာကို နိုင်ငံရေးအရ အသာစီးရယူရန် မဟာဗျူဟာမြောက် ကစားကွက်ဆင် အသုံးချနေကြသော်လည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်မူ ယင်းတရားမဝင် လုပ်ငန်း များနှင့် ဆက်နွှယ်ပတ်သက်သည်ဟူသော အမည်းစက် အကပ်မခံရစေရန် အထူးသတိပြု လျှောက်လှမ်းကြရ မည်ဖြစ်သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက်မူ အစိုးရိမ်ရဆုံးသော ဖြစ်ပေါ်တိုးတက်မှုမှာ ယင်းခြိမ်းခြောက်မှုများက ဒေသအသီးသီးသို့ ပြန့်နှံ့အမြစ်တွယ်လာခြင်းပင် ဖြစ်သည်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ပင် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများသည် လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီး ပျံ့နှံ့လာခဲ့သည်။ ဤကဲ့သို့ ရာဇဝတ်မှုဆိုင်ရာ အစိတ်အပိုင်းများသည် ဒေသအလိုက် အခြေစိုက်လာပြီး သာမန်ကိစ္စရပ်တစ်ခုကဲ့သို့ဖြစ်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအပေါ် ရေရှည်သက်ရောက်မှု များနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စိုးရိမ်မကင်းဖြစ်မှုများလည်း ပိုမိုတိုးပွား လာနေပါသည်။
တစ်ချိန်တည်းမှာပင် လက်ရှိကာလသည် ကာလရှည်ကြာစွာ လိုအပ်နေခဲ့သော ပြောင်းလဲမှုများအတွက် လမ်းပွင့်နေသည့် အလားအလာကောင်းများနှင့် မရေရာမှုများ ဒွန်တွဲနေသော အခင်းအကျင်း တစ်ခုဖြစ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကိုလိုနီအမွေဆိုးများကို ကျော်လွှားရန် ခက်ခဲလှသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ယင်းကြိုးပမ်းမှုများကို အထောက်အကူပြုသည့်အနေဖြင့် စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင် ထိန်းချုပ်မှုအောက်မဟုတ်သော နယ်မြေများနှင့် ကိုယ်ပိုင်အုပ်ချုပ်သည့်ဒေသများရှိ လူထုအခြေပြုအဆင့်တွင် လုပ်ဆောင်ရင်း ပြုပြင်ရင်း နည်းလမ်းများဖြင့် အောက်ခြေမှ အထက်သို့ ဦးတည်သည့် အရေးပါသော ကိုယ်ထူကိုယ်ထ ကြိုးပမ်းအားထုတ်မှု အများအပြား ပေါ်ပေါက်လုပ်ဆောင်လာခဲ့သည်။
ဥပမာအားဖြင့် ယခင်ကာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့၏ နယ်မြေနှင့် အခြေအနေများကိုသာ အဓိက အာရုံစိုက်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းတို့သည် မိမိတို့၏ အစဉ်အဆက် နယ်မြေစည်းမျဉ်းများထက် ကျော်လွန်၍ တန်ဖိုးထားမှုချင်းနှင့် ရည်မှန်းချက်ချင်း တူညီသော တော်လှန်ရေးလှုပ်ရှားမှုများအကြား မဟာမိတ်ဖွဲ့ရန် မျှော်မှန်းလုပ်ဆောင်လာကြသည်။ ထိုသို့ လုပ်ဆောင်လာကြ သည့်အတွက်ကြောင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အဖွဲ့အစည်းအချင်းချင်းအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများ သိသိသာသာ ကောင်းမွန်လာသည်ကို တွေ့မြင်ရသည်။ ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဗမာလူထုသည်လည်း တိုင်းပြည်ကို အခြေခံမှစ၍ အသစ်တဖန် ပြန်လည်တည်ဆောက်ရန် စိတ်ကူးပုံဖော် လာကြရာ ယင်းအချက်က အပြောင်းအလဲအတွက် ပိုမိုအားကောင်းလာစေခဲ့သည်။
ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် အတွင်း၊ အပြင် နှစ်ဖက်စလုံးမှ ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရပြီး (အချို့သောဖြစ်ရပ်များတွင် အဆင်မပြေမှု၊ ဆုတ်ယုတ်မှုများ ရှိခဲ့သော်လည်း) ၎င်းတို့သည် မြေပြင်တွင် ပြောင်းလဲနေသော နိုင်ငံရေးလမ်းကြောင်းသစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ကို ဖော်ညွှန်း နေပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ ပြောင်းလဲလာသော လူ့အဖွဲ့အစည်းများနှင့် ယိုယွင်းလာသော ပြည်သူ့ဝန်ဆောင်မှုများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း၌ ပိုမိုဆိုးရွားလာနေသော ကျန်းမာရေးအခြေအနေသည် အထူးပင် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့သည်။ ဆေးရုံအများအပြားမှာ ဆက်လက်လည်ပတ်နိုင်ခြင်း မရှိတော့သဖြင့် နာတာရှည်ရောဂါများအတွက် ကုသမှု လုံးဝပြတ်တောက်သွားခြင်း၊ မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ ပြတ်လပ်ခြင်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုများ လုံးဝမရှိတော့ခြင်း စသည့် အကျိုးဆက် များကို ဖြစ်ပေါ်စေခဲ့သည်။ ဤအကျပ်အတည်း၏ ရေရှည်သက်ရောက်မှုကို လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း သိသိသာသာ ခံစားရနိုင်ပြီး၊ လမစေ့ဘဲ ကလေးမွေးဖွားနှုန်း မြင့်မားလာခြင်းနှင့် ကလေးငယ်များတွင် ဖွံ့ဖြိုးမှု ဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်ပေါ်လာခြင်းတို့ဆီသို့ ဦးတည်သွားနိုင်ဖွယ်ရှိသည်။ ထို့အပြင် ပြည်သူလူထု အတော်များများမှာလည်း စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စိတ်ဒဏ်ရာများကို ခံစားနေကြရသဖြင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုနှင့် ပံ့ပိုးကူညီမှုများ ရရှိရန် အရေးပေါ် လိုအပ်လျက်ရှိသည်။
ဤကဲ့သို့သော လစ်ဟာမှုများကြောင့် အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တာဝန်သည် ယခုအခါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပေါ်သို့ ပိုမိုကျရောက်လာနေပြီး၊ ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများအတွင်းရှိ အဆိုပါမရှိမဖြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခင် ကထက် သိသိသာသာ ပိုမိုသောပံ့ပိုးကူညီမှုများ လိုအပ်လျက်ရှိသည်။ လက်တွေ့မြေပြင်တွင်မူ စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို လျှော့ချရန် ရည်ရွယ်ချက်ရှိရှိဖြင့်၊ အသက်ကယ်ဆေးဝါးများနှင့် မရှိမဖြစ်လိုအပ်သော ကုန်စည်များ နိုင်ငံအနှံ့ သွားလာရွှေ့ပြောင်းနိုင်မှုကို ဟန့်တားပိတ်ဆို့ရန် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုများကို ပြုလုပ်လျက် ရှိသည်။
ပညာရေးကဏ္ဍတွင်လည်း အလားတူ ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အခြေခံလိုအပ်သော အရင်းအမြစ်များရှားပါးခြင်းတို့ကြောင့် ကလေးငယ်များနှင့် လူငယ်အမြောက်အမြားအတွက် ပညာသင်ယူခွင့်နှင့် ပညာရေးလက်လှမ်းမီမှု တို့မှာ ဝေးကွာနေဆဲ ဖြစ်သည်။ စစ်မက်ဖြစ်ပွားရာဒေသများတွင်လည်း စစ်ကောင်စီက အရပ်သားလူထုကို ပစ်မှတ်ထားတိုက်ခိုက်ရာ၌ စာသင်ကျောင်းများကိုပါ မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လေ့ရှိသဖြင့် ကျောင်းများသည် လုံခြုံစိတ်ချရသောနေရာများ မဟုတ်တော့ပေ။ တစ်ချိန်တည်းမှာပင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကြရသူများသည်လည်း မရေရာသောရပ်တည်မှုအခြေအနေ ၊ ဘာသာစကား အခက်အခဲ နှင့် ဘဏ္ဍာရေးကျပ်တည်းမှု အပါအဝင် ပညာသင်ကြားခွင့်ရရှိရေးအတွက် ကြီးမားသော အတားအဆီးများနှင့် ရင်ဆိုင်နေကြရသည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ လူဦးရေ၏ အများစုမှာ ကျေးလက်ဒေသများ၌ ရှိနေပြီး၊ ၎င်းတို့သည် တိုင်းပြည်၏ မည်သည့်အရပ်ဒေသတွင်မဆို ကြီးမားလှသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲအတု အပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်လက်ထက်တွင်လည်း ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်းရဲမွဲတေခြင်း၊ စိတ်ဝမ်းကွဲခြင်းနှင့် ဆင်းရဲဒုက္ခရောက်ခြင်း စသည့် အထွေထွေအခြေအနေများမှာ ပြောင်းလဲသွားမည်မဟုတ်ပေ။ ထို့ထက်မက ပြည်သူလူထု၏ လူမှုဘဝကဏ္ဍအသီးသီးသည် စစ်တပ်၏ ပိုမိုတင်းကျပ်သော စစ်ရေးအရ ထိန်းချုပ်ခြယ်လှယ်မှုအောက်သို့ သွတ်သွင်းခြင်းခံနေရသည်။
ဤကဲ့သို့သော ဖိနှိပ်ချုပ်ချယ်မှုများသည် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသူများအပေါ်သို့လည်း သက်ရောက်လာနေပြီး၊ ၎င်းတို့သည် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) သက်တမ်းတိုးရန် ပိုမိုခက်ခဲ ကျပ်တည်းလာခြင်းနှင့် မဖြစ်မနေ အခွန်ဆောင်ရခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။ လက်ရှိအချိန်တွင် ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားများ ပေးပို့သည့်ငွေသည် မြန်မာနိုင်ငံရှိ မိသားစု အများအပြားအတွက် နေ့စဉ်ဝမ်းရေး ရှင်သန်ရပ်တည်နိုင်ရန် အဓိကဝင်ငွေရင်းမြစ် ဖြစ်နေသည်။ ထို့ထက်မက ၎င်းတို့၏လူမှုဘဝများကို ပိုမိုခက်ခဲကြမ်းတမ်းသွားစေသည့် အချက်မှာ ရွှေ့ပြောင်းလုပ်သားများသည် မိမိတို့ သွားရောက်လုပ်ကိုင်ရာ အိမ်ရှင်နိုင်ငံများတွင် ပိုမိုပြင်းထန်လာသော ဖမ်းဆီးနှိမ်နင်းမှုများနှင့် ရင်ဆိုင်နေ ကြရခြင်းပင် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း တောင်သူငယ်များ၏ အခြေအနေသည် စိုက်ပျိုးရေးသွင်းကုန်များနှင့် လောင်စာဆီ စျေးနှုန်း အဆမတန်ကြီးမြင့်လာခဲ့သော်လည်း လယ်ယာထွက်ကုန်စျေးနှုန်းများ ဆက်တိုက်ကျဆင်း နေခဲ့သဖြင့် တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာလျက်ရှိသည်။ ဤအခြေအနေများသည် ဝမ်းနည်းကြေကွဲဖွယ်ရာ ဆန့်ကျင်ဘက် အမှန်တရားတစ်ခုကို မီးမောင်းထိုးပြနေသည်၊ ယင်းမှာ စားနပ်ရိက္ခာ ထုတ်လုပ်ပေးနေကြသူများ ကိုယ်တိုင် ငတ်မွတ်ခေါင်းပါးဘေးနှင့် ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ နောက်ဆုံးထုတ်ပြန်ချက် အစီရင်ခံစာအရ ထပ်ဆင့်ဖြစ်ပွားလာသော အကျပ်အတည်းများသည် မြန်မာနိုင်ငံရှိ စစ်မက်ဖြစ်ပွားရာဒေသများနှင့် ငလျင်ဒဏ်သင့်ဒေသများကို အဆိုးရွားဆုံး ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း သိရပြီး၊ ယင်းအခြေအနေမှာ ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်ကို ရင်ဆိုင်နေရပြီးဖြစ်သည့် နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံနီးပါးရှိသော ပြည်သူများအတွက် ဆင်းရဲဒုက္ခများ ပိုမိုထပ်လောင်းလာစေမည် ဖြစ်သည်။
ဒေသခံပြည်သူများ၏ စိန်ခေါ်မှုများမှာ ဤမျှနှင့် တင်ရပ်မသွားပေ။ တိုင်းပြည်၏ နေရာအနှံ့အပြားတွင် အရပ်သားလူထုသည် စစ်ကောင်စီထံမှသာမက တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အမျိုးမျိုးတို့၏ အခွန်ကောက်ခံမှု တောင်းဆိုချက်များကြောင့်ပါ နှစ်ဖက်ညှပ်သော ဖိအားများကြားတွင် ပိတ်မိနေကြရသည်။ ဤရုန်းကန်လှုပ်ရှား ရမှုများသည် လာမည့်နှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍပေါင်းစုံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုကြီးထွားလာခြင်းနှင့်အတူ ပိုမိုပြင်းထန်လာရန် မျှော်လင့်ရသည်။ ယခု ၂၀၂၆ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ပိုမိုတင်းကျပ်လာသည်နှင့်အမျှ ယင်းထပ်ဆင့်ဖိအားများကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်နိုင်သည့်အပေါ် ကြီးမားသော စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
ဤကဲ့သို့ ပြိုလဲပျက်စီးနေသော အခြေအနေတွင် အမျိုးသားများမှာ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခြင်း၊ လက်နက်စွဲကိုင်တော်လှန်ခြင်း သို့မဟုတ် လောင်းကစားနှင့် မူးယစ်ဆေးဝါးသားကောင် ဖြစ်သွားခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် အဝေးသို့ ရောက်ရှိနေကြရသည်။ ထို့ကြောင့် အမျိုးသမီးများသည် မိသားစုဝမ်းရေးနှင့် လူမှုအသိုင်းအဝိုင်းကိစ္စရပ်များအတွက် အဓိကတာဝန်ယူရပြီး ဆင့်ကဲဝန်ထုပ်ဝန်ပိုးများကို ပိုမိုထမ်းပိုးလာကြရသည်။ အမျိုးသမီးများသည် ဦးဆောင်မှုကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရသည့် အခန်းကဏ္ဍများကို တာဝန်ယူနေကြရသော်လည်း အမြစ်တွယ်နေသည့် ဖိုဝါဒီစနစ် (Patriarchy) နှင့် ပိုမိုများပြားလာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု ဘေးအန္တရာယ်များမှ တကယ့်တကယ် ကာကွယ်စောင့်ရှောက်မှု မရှိဆဲ ဖြစ်နေသည်။ ယခုအချိန်အထိ အမျိုးသမီးများကို အခန်းကဏ္ဍအမျိုးမျိုးတွင် ထည့်သွင်းခြင်းမှာ အပေါ်ယံဟန်ပြ သဘောမျိုးသာ ဖြစ်လေ့ရှိသည်။
တစ်ချိန်တည်းမှာပင် လူငယ်အများအပြားသည် ယခုအခါ အမျိုးသားရော အမျိုးသမီးပါမကျန် ပစ်မှတ်ထားလာသည့် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်း နှင့် ရွေးချယ်စရာမရှိ၍ စွန့်စွန့်စားစား ပြည်ပထွက်ခွာရခြင်းတို့ကြောင့် မှောင်မိုက်သော အနာဂတ်နှင့် ရင်ဆိုင်နေကြရသည်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအနေဖြင့်လည်း မိမိတို့အိမ်သို့ ပြန်လည်အခြေချရန် ကြိုးပမ်းရာတွင် ပြန်လည်ထူထောင်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ လက်နက်များ အလွယ်တကူ ပျံ့နှံ့နေခြင်းက အကြမ်းဖက်မှုကို သာမန်ကိစ္စတစ်ခုလို ဖြစ်စေပြီး ဥပဒေကြောင်းအရ အဖွဲ့အစည်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အစီအမံများမှာလည်း လုံးဝမရှိသလောက် ဖြစ်နေသည်။
ပထဝီနိုင်ငံရေး ပကတိအခြေအနေများ
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြန်မာ့တော်လှန်ရေး၏ ပထဝီနိုင်ငံရေးအခင်းအကျင်းသည် ပြည်တွင်း ပဋိပက္ခသက်သက်အဆင့်မှ အိမ်နီးချင်း တရုတ်နိုင်ငံရှိ အင်အားစုများက ယင်းအကျပ်အတည်းကို ၎င်းတို့အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးပမ်းလာသည့် အဆင့်သို့ ကူးပြောင်းလာခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ ကြိုးပမ်းမှုများသည် မကြာခဏဆိုသလို ခန့်မှန်းရခက်ခဲသည့် ရလဒ်များ၊ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံများနှင့် အခြားအိမ်နီးချင်းနိုင်ငံများအတွက် မြန်မာ့ အရေးသည် အလေးထားရမည့် ဦးစားပေးအဆင့်တွင် မရှိနေပါ။ ၎င်းတို့သည် နိုင်ငံတကာသံတမန်ရေးရာ ကဏ္ဍကို ဦးဆောင်ရန်အတွက် ကုလသမဂ္ဂ (UN) နှင့် အာဆီယံ (ASEAN) တို့အပေါ်၌သာ အဓိက လွှဲအပ်ထားကြသည်။
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိကြောင်းနှင့် ၎င်း၏ ‘ဘုံသဘောတူညီချက် ၅ ချက်’ မှာလည်း လက်တွေ့တွင် ပျက်ပြားသွားခဲ့ပြီဖြစ်ကြောင်း အများက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြသော်လည်း၊ ကုလသမဂ္ဂဘက်ကမူ ၎င်း၏တာဝန်ဝတ္တရားများကို အာဆီယံထံသို့သာ ဆက်လက်လွှဲအပ်ထားဆဲဖြစ်သည်။ ဤအခြေအနေကြောင့် တော်လှန်ရေး အဖွဲ့အစည်းများမှာ ပိုမိုရှုပ်ထွေးပွေလီလာသည့် သံတမန်ရေးရာပတ်ဝန်းကျင်ကို ရုန်းကန်ဖြတ်သန်းနေကြရပြီး၊ ယင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာ နယ်စပ်ဒေသများအလိုက် အပြိုင်အဆိုင်ဖြစ်နေသော မဟာဗျူဟာမြောက် အကျိုးစီးပွားများကြောင့် ပိုမို၍ပင် ရှုပ်ထွေးခက်ခဲလျက်ရှိသည်။
ရှေ့ဆက်ရမည့်လမ်း - မျှော်လင့်ချက် ပြတင်းတံခါးတစ်ချပ်
ယခုအချိန်သည် အမှောင်မိုက်ဆုံးသော ကာလဖြစ်နေသော်လည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကြံ့ခိုင်မှုအပေါ် အခြေခံသည့် မျှော်လင့်ချက် ပြတင်းတံခါးတစ်ချပ်ကတော့ ပွင့်ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအတွင်း ကြီးမားလှသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် နည်းလမ်းမျိုးစုံ၊ တီထွင်ဖန်တီးမှုမျိုးစုံဖြင့် ဆက်လက်လှုပ်ရှားနေကြပြီး ပြည်သူလူထုနှင့်အတူ ခိုင်မာစွာ ရပ်တည်နေကြသည်။ ဤကြိုးပမ်းမှုများတွင် အတိတ်က အခြေအနေဟောင်းများနှင့် ကျရှုံးမှုများထံသို့ နောက်ကြောင်းပြန်လှည့်ရန် ငြင်းဆန်ကြသည့် မျိုးဆက်သစ်တို့၏ ဆန်းသစ်သော ဗျူဟာ နှင့် နည်းနာများက ပိုမိုတွန်းအားဖြစ်စေခဲ့သည်။ ထို့ပြင် စည်းလုံးမှုပြိုကွဲနိုင်ခြေရှိသည့် အန္တရာယ်များကို လူထုကိုယ်တိုင်က သတိပြုမိပြီး ဝေဖန်ဆန်းစစ် နိုင်စွမ်းရှိခြင်းသည်လည်း ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ကာ၊ ထပ်မံ၍ အစိတ်စိတ်အမွှာမွှာ မကွဲအက် သွားစေရန် တားဆီးပေးသည့် အရေးပါသော အကာအကွယ်တစ်ခုလည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လက်တွေ့ကျရန် လိုအပ်ပြီး အခြေအနေကို အပေါ်ယံမျှသာ မတွေးတောသင့်ပေ။ အထူးသဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ရန်ပုံငွေ ထောက်ပံ့မှု လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုလှုပ်ရှားမှုကို အားနည်းပျက်ပြားသွားစေမည့် အန္တရာယ်ရှိနေသည်။ ထို့အပြင် ဤရန်ပုံငွေ လိုအပ်ချက်ကွက်လပ်ကြောင့် ပံ့ပိုးကူညီမှု ရရှိသူများနှင့် မရရှိသူများအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသည် တစ်သမတ်တည်းရှိသော ပုံစံတူအစုအဖွဲ့တစ်ခု မဟုတ်ကြောင်းနှင့် ယဉ်ကျေးမှုစုံ၊ တိုင်းရင်းသားစုံလင်လှသည့် မြေပြင်တွင် 'ပုံစံခွက်တစ်ခုတည်းဖြင့် အားလုံးကို လိုက်လံဖြေရှင်း၍မရနိုင်' ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သတိပြုမိစေရန် သတိပေးရမည် ဖြစ်သည်။ ပြည်နယ်နှင့် ဒေသန္တရအဆင့် မြေပြင်ပကတိအခြေအနေများသည် ဖက်ဒရယ်စနစ်အပေါ် ရှုမြင်ပုံ ကွဲပြားမှုများနှင့် 'အောက်ခြေလူထုထံမှ လာသော' ဦးစားပေးကဏ္ဍများအပေါ် မူတည်ပြီး တစ်နေရာနှင့်တစ်နေရာ သိသိသာသာ ကွဲပြားခြားနားကြသည်။ အားလုံးပါဝင်နိုင်မှု၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုနှင့် စစ်မှန်သော နိုင်ငံရေးစိတ်ဆန္ဒရှိမှုတို့မှတစ်ဆင့်သာ လျော်ကန်သော ဖြေရှင်းချက်များကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရန်အတွက် ဒေသအသီးသီး၏ မတူကွဲပြားသော မြေပြင်ပကတိအခြေအနေများကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးပါသည်။ နေပြည်တော်ရှိ အတုအယောင် အစိုးရအသစ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရုံသာ ရှိလိမ့်မည်။ ယင်းစိန်ခေါ်မှုများနှင့် မြေပြင်အခင်းအကျင်းများကို နောက်ဆက်တွဲကဏ္ဍတွင် အသေးစိတ် ဖော်ပြထားသည်။
Photo credit TNI |
အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုဆိုင်ရာ ရှုထောင့်များ
ရန်ပုံငွေ လိုအပ်ချက်ကွက်လပ်သည် တဖြည်းဖြည်း ပိုမိုကြီးမားလာနေသော်လည်း ၂၀၂၅ ခုနှစ် ငလျင်ဘေး အန္တရာယ်နောက်ပိုင်း ပေါ်ပေါက်လာသည့် (အလွန်တရာ ကန့်သတ်ချုပ်ချယ်မှု ရှိနေဆဲဖြစ်သော) အကူအညီ ပေးရေးလမ်းကြောင်းများကို ကုလသမဂ္ဂယန္တရားများမှတစ်ဆင့်သာ ပိုမိုစီးဆင်းစေခဲ့သည်။ ဤလုပ်ရပ်သည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သည့် ဒေသအခြေပြု အသွင်ကူးပြောင်းရေး (Localization) ကြိုးပမ်းမှုများကို အားနည်းပျက်ပြားစေခဲ့သည်။ နိုင်ငံတကာ၏ ဤကဲ့သို့သော လုပ်ဆောင်မှုများသည် အများအားဖြင့် ရေတိုဖြေရှင်းချက် သဘောမျိုးသာ ဖြစ်ကြသည်။ ထို့ကြောင့် ပိုမိုဆိုးရွားလာနေသော အခြေအနေများအောက်တွင် နိုင်ငံ၏ မတူညီသော ဒေသအသီးသီး၌ ဖြစ်ပေါ်ပြောင်းလဲနေသည့် ပကတိအခြေအနေများကို ထည့်သွင်းစဉ်းစားရန်မှာ ပို၍ပင် အရေးကြီးလာသည်။ ထို့ပြင် စစ်အာဏာရှင်စနစ်၊ ပြည်တွင်းစစ်နှင့် နိုင်ငံတော်ပျက်စီးယိုယွင်းမှုတို့ကို ရေရှည်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် တိုင်းရင်းသား-နိုင်ငံရေးဆိုင်ရာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကိုလည်း အလေးထား ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ပထမကဏ္ဍ - မြန်မာနိုင်ငံ၏ ရေရှည် ပဋိပက္ခသဘာဝနှင့် နောက်ဆက်တွဲ သက်ရောက်မှုများ
မြန်မာနိုင်ငံ၏ ကာလရှည်ကြာနေပြီဖြစ်သော ပဋိပက္ခသည် အခြေခံအားဖြင့် နိုင်ငံရေးပဋိပက္ခဖြစ်ပြီး၊ ၎င်း၏ဇစ်မြစ်မှာ လွတ်လပ်ရေးမရမီကာလအထိ ရှေးရှုဆွဲဆန့်လျက် ရှိနေပါသည်။ ထိုကဲ့သို့ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရေတိုကုထုံးများနှင့် ‘ပုံစံခွက်တစ်ခုတည်းဖြင့် အားလုံးကို လိုက်လံဖြေရှင်းသည့်’ နည်းလမ်းများထက် ရေရှည်မျှော်မှန်းချက်နှင့် ချဉ်းကပ်ပုံနည်းလမ်းသစ်များ လိုအပ်ပါသည်။ ဤအဆိုပြုချက်သည် နိုင်ငံရေးအရ ကြားနေခြင်းဆိုသည့် စည်းမျဉ်းအောက်တွင် လည်ပတ် ခဲ့ကြသော ခေတ်အဆက်ဆက် အစိုးရစနစ်အမျိုးမျိုးတစ်လျှောက် ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အကူအညီပေးရေး ကဏ္ဍ၏ သင်ခန်းစာများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
အများစုက ဖွံ့ဖြိုးတိုးတက်မှုကို အရင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ နောက်ပိုင်းတွင် ငြိမ်းချမ်းရေးက လိုက်ပါလာလိမ့်မည်ဟု ယူဆလေ့ရှိကြသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်မူ စေတနာကောင်းဖြင့် လုပ်ဆောင်ချက်များသည် အမြဲတမ်း ရလဒ်ကောင်းများ ထွက်ပေါ်မလာခဲ့ပေ။ စစ်အာဏာရှင်စနစ်သည် သမိုင်းတစ်လျှောက်တွင် 'သွေးခွဲအုပ်ချုပ်ရေး' မဟာဗျူဟာကို လက်နက်သဖွယ် အသုံးပြုခဲ့ပြီး၊ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်သောအုပ်ချုပ်မှုကို ခိုင်မာစေရန်နှင့် ဆန့်ကျင်ကန့်ကွက်မှုများကို နှိမ်နင်းရန်အတွက် အကူအညီပေးရေးကဏ္ဍကို ကြိုးကိုင်အသုံးချခဲ့သည်။ ဤလုပ်ရပ်သည် ဆယ်စုနှစ်ပေါင်း များစွာကြာနေပြီဖြစ်သော ပဋိပက္ခသံသရာ ထဲတွင် ပိတ်မိနေခြင်းကို ပိုမိုအားကောင်းစေခဲ့သည်။ ထို့ကြောင့် ဤသံသရာစက်ဝန်းကို ဖြတ်တောက်နိုင်ရန်အတွက် အတိတ်က ချိုးဖောက်မှုများကို ထပ်မံကျူးလွန်နေခြင်း မျိုးအား ဘယ်လိုမှ ခွင့်ပြု၍ မရနိုင်တော့ပါ။
ဤကဲ့သို့သောအခြေအနေမျိုးတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါလှပါသည်။ ဤအဖွဲ့အစည်းများသည် ပဋိပက္ခများ၏ ရှုပ်ထွေးနက်နဲမှုများနှင့် ၎င်းတို့ကြောင့် ဒေသအလိုက် သက်ရောက်လာနိုင်သည့် အကျိုးဆက်များကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းကတည်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် စစ်တပ်၏ ပြင်းထန်သော စောင့်ကြည့်ထောက်လှမ်းမှုများနှင့် စနစ်တကျ နှိမ်နင်းဖြိုခွဲမှုများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ၎င်းတို့သည် အသစ်ပေါ်ပေါက်လာသော နိုင်ငံရေးအခင်းအကျင်းတွင် ရှင်သန် ဖြတ်သန်းနိုင်ရေးအတွက် အရေးပါသောအဖွဲ့အစည်းများအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အဆိုပါ နိုင်ငံရေးအခင်းအကျင်းသစ်တွင် စစ်ကောင်စီထိန်းချုပ်ထားသော အုပ်ချုပ်ရေးယန္တရားနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကဲ့သို့သော ရေရှည်တည်ရှိလာခဲ့သည့် တိုင်းရင်းသားစနစ်များ၏ ပြင်ပတွင် လှုပ်ရှားဆောင်ရွက်နေကြသော အုပ်ချုပ်ရေးဖွဲ့စည်းပုံအသစ်များနှင့် နိုင်ငံရေးအင်အားစုသစ်များ ပါဝင်နေသည်။ တိုင်းပြည်အတွင်းနှင့် ပြည်ပတွင်သာမက စစ်ကောင်စီ ထိန်းချုပ်နယ်မြေများနှင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်မရှိသော နယ်မြေများပါဝင်သည့် နေရာ အားလုံးတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဆက်လက်လှုပ်ရှား ဆောင်ရွက်နိုင်ခြင်းသည် အခြေခံလူထုလူတန်းစားများအကြား စည်းရုံးလှုံ့ဆော်မှုများကို ထိန်းသိမ်းထားနိုင်ရန်နှင့် လူထု၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးနိုင်ရန်အတွက် အထူးပင် လိုအပ်လှပါသည်။
ဤကဲ့သို့သော အဆုံးအဖြတ်ပေးမည့် အရေးကြီးသောအချိန်အခါတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့် နောင်အနာဂတ်အတွက် ပြည်သူလူထုကိုယ်တိုင် ဦးဆောင်မည့် မျှော်မှန်းချက်တစ်ရပ်ကို ကြိုတင်ပုံဖော်ခြင်းဖြင့် မိမိတို့၏ အခန်းကဏ္ဍကို မဟာဗျူဟာမြောက် ပြန်လည်ပြင်ဆင်သတ်မှတ်ကြရမည်ဖြစ်သည်။ နိုင်ငံသမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဗမာလူမျိုးအများစု နေထိုင်ရာဒေသများသည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲ၏ ရှေ့တန်းမျက်နှာစာသို့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တူညီသောဦးတည်ချက်ဆီသို့ စည်းလုံးညီညွတ်စွာ ချီတက်နိုင်မည့် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးနေသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းကို မည်သည့်ဦးတည်ချက်သို့ တွန်းပို့ရမည်နည်းဟူသည်ကို ဆုံးဖြတ်ကြသည့်အခါ ‘သွေးခွဲအုပ်ချုပ်ရေး’ (Divide and Rule) နည်းဗျူဟာများကိုလည်း အထူးသတိပြု စောင့်ကြည့်ကြရမည်ဖြစ်သည်။ စစ်မှန်သော တိုးတက်မှုကို ရရှိရန်အတွက် အခြေခံလူတန်းစားများအကြား စည်းရုံးလှုံ့ဆော်မှုများတွင် အားလုံးပါဝင်နိုင်ခွင့် ရှိရန် လိုအပ်ပြီး၊ အမျိုးသမီးများ၊ လူငယ်များ၊ LGBTQIA+ များ၊ မသန်စွမ်းသူများနှင့် လူနည်းစုများကြားမှ လူနည်းစုများ၏ အသံများကို အသိအမှတ်ပြုရုံသာမက ဤနိုင်ငံရေးအခင်းအကျင်းသစ်တွင် ဗဟိုချက်အဖြစ် ထားရှိရန် သေချာစေရပါမည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အလျှော့မပေးမှုများ ကြောင့် တော်လှန်ရေး၏ အဓိကအာရုံစိုက်မှုသည် စစ်ရေးလှုပ်ရှားမှုများဘက်သို့ ပိုမိုလေးလံနေပြီး၊ နိုင်ငံရေးအင်အားစုများနှင့် ၎င်းတို့၏ နိုင်ငံရေးအစီအစဉ်များ နောက်ကွယ် ရောက်နေသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး အောင်မြင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့တစ်ဖွဲ့တည်း၊ တစ်ဦးတည်းဖြင့် အဖြေရှာ၍ မရနိုင်ကြောင်းကို မဖြစ်မနေ အသိအမှတ်ပြုရမည်ဖြစ်သည် — မဟာမိတ်ဖွဲ့ခြင်းသည် စိတ်ကြိုက်ရွေးချယ် ရမည့်အရာ မဟုတ်ဘဲ၊ မလုပ်မဖြစ် လုပ်ဆောင်ရမည့် တာဝန်သာ ဖြစ်သည်။
ဤကဲ့သို့သော လစ်ဟာမှုများအကြားတွင် အဓိကမေးခွန်းမှာ နိုင်ငံရေးစိတ်ဆန္ဒအပေါ်၌သာ မူတည်နေဆဲဖြစ်သည်။ အကယ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများသည် ၎င်းတို့၏ ဦးတည်ချက် များကို တစ်သားတည်းဖြစ်အောင် ညှိနှိုင်းမည့်လမ်းစကို မရှာဖွေနိုင်ပါက၊ နိုင်ငံရေးခေါင်းဆောင်များ၏ လက်ထဲသို့ အာဏာပြန်လည်လွှဲပြောင်းပေးနိုင်မည့် ကြီးမားလှသော အခွင့်အလမ်းတစ်ရပ်ကို ဆုံးရှုံး ရတော့မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသည်လည်း ပဋိပက္ခထောင်ချောက်အတွင်း၌ ဆက်လက်ပိတ်မိနေမည်သာ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့သော အကျပ်အတည်း ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပံ့ပိုးပေးမည့် ပိုမိုကျယ်ပြန့်သော၊ အားလုံးပါဝင်နိုင်သော ချဉ်းကပ်မှု တစ်ရပ် လိုအပ်သည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီသည် အထူးသဖြင့် တရားဝင် နိုင်ငံရေးအရ လှုပ်ရှားခွင့်နယ်ပယ် ကန့်သတ်ခံထားရသည့် နေရာများတွင် အခြေခံလူထု၏ အသံများကို ကျယ်လောင်လာစေရန်၊ လူထုစည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်နှင့် အကြမ်းမဖက်သော နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုများကို မြှင့်တင်ရန်အတွက် ဗဟိုချက်မများ ဖြစ်ကြသည်။ ဤအင်အားစုများအပေါ် ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းက လူမှုရေးနှင့် နိုင်ငံရေး အကူးအပြောင်းကာလကို ပြည်သူလူထုကိုယ်တိုင် အမှန်တကယ် ဦးဆောင်နိုင်စေရန်နှင့် ဘေးဖယ်ခံထားရသော အုပ်စုများပါဝင်လာစေရန် သေချာစေမည်ဖြစ်ပြီး၊ ၎င်းသည် တော်လှန်ရေးမှတစ်ဆင့် တာဝန်ခံမှုရှိပြီး ပြည်သူကိုကိုယ်စားပြုသော အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လိုအပ်သောအခြေခံအုတ်မြစ်များကို ပံ့ပိုးပေးလိမ့်မည် ဖြစ်သည်။
ဒုတိယကဏ္ဍ — အောက်ခြေလူထုလူတန်းစားမှစ၍ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ခြင်း
ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတို့၏ စုပေါင်းသက်ရောက်မှု များကြောင့် မြန်မာနိုင်ငံရှိ ကျေးလက်နှင့် မြို့ပြလူထုနှစ်ရပ်လုံးမှာ ပြင်းထန်သော ဒုက္ခဆင်းရဲဒဏ်များကို ရင်ဆိုင်နေကြရသည်။ ဤအကျပ်အတည်းသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်မှု၊ လက်လှမ်းမီမှု တို့တွင် ကြီးမားသော လိုအပ်ချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ယခုကဲ့သို့ ထိခိုက်လွယ်သောအခြေအနေတွင် လူထုအနေဖြင့် ဒေသတွင်းလူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရန် သတ္တိရှိရှိ ကြိုးပမ်းဆောင်ရွက် နေကြသည်။ ၎င်းတို့ကို ပံ့ပိုးကူညီရန်အတွက် စားနပ်ရိက္ခာအုပ်စိုးစီမံပိုင်ခွင့် (Food Sovereignty) မှတစ်ဆင့် လူထု၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးခြင်းသည် အရေးတကြီးလုပ်ဆောင်ရမည့် ဦးစားပေးလုပ်ငန်း တစ်ရပ် ဖြစ်ရပါမည်။ ရေရှည်ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် လူမှုဖူလုံရေးတို့ကို ဖြစ်ထွန်းစေရန်အတွက် အပြန်အလှန်ဖေးမကူညီသော စီးပွားရေးစနစ် (Solidarity Economy) အောက်တွင် ဒေသခံလူထုက မိမိတို့၏ မြေယာ၊ ထုတ်လုပ်မှုစနစ်များနှင့် ဈေးကွက်များအပေါ် ကိုယ်တိုင်ပြန်လည်ထိန်းချုပ်ခွင့်ရရှိအောင် ပံ့ပိုးပေးခြင်း အထူးလိုအပ်ပါသည်။
ထို့အပြင် သတင်းပေးပို့သူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို အကာအကွယ်ပေးရန် အစီအစဥ်ရေး ဆွဲထားသည့် လူထုအခြေပြု ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးယန္တရားများကိုလည်း ပံ့ပိုးကူညီရပါမည်။ ချိုးဖောက်မှုများကို ဆန့်ကျင်ပြောဆိုသူများအား မည်သည့်လက်စားချေ တုံ့ပြန်မှုမျိုးမှမခံရစေရန် အကာအကွယ်ပေးခြင်းသည် တော်လှန်ရေးလှုပ်ရှားမှု၏ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးအရ သိက္ခာသမာဓိကို ထိန်းသိမ်းရန်အတွက် အရေးကြီးသည်။ တစ်ချိန်တည်းမှာပင် ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထု၏ အစပျိုးလုပ်ဆောင်ချက်များကိုလည်း ပံ့ပိုးပေးသင့်သည်။ မိုင်းရှင်းလင်းရေးကဲ့သို့သော ကိစ္စရပ်များကို ဒေသခံလူထုနှင့် အာဏာပိုင်များအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သင့်ပြီး၊ မြေမြှုပ်မိုင်းဒဏ်ဖြင့် အသက်ရှင်ကျန်ရစ်သူများ ပြန်လည်ထူထောင်ရေးကိုလည်း ပံ့ပိုးပေးရမည်ဖြစ်သည်။
အထက်ပါအချက်များကြောင့် အကူအညီပေးရေးလုပ်ငန်းစဉ်မှန်သမျှသည် လူမှုစည်းလုံးညီညွတ်မှုကို အားကောင်းစေရန်အတွက် တစ်ဦးချင်းစီအလိုက် ဖြေရှင်းပေးသည့်နည်းလမ်းများထက် လူများလွှမ်းခြုံသော ချဉ်းကပ်မှု (Collective Approach) ကို ဦးစားပေးရမည်ဖြစ်သည်။ အကူအညီများသည် တစ်သီးတစ်ခြားစီ ဖြစ်နေမည့်အစား မလိုလားအပ်သော နောက်ဆက်တွဲအခြေအနေများကို လျှော့ချရန်အတွက် ပြည်သူလူထု ကိုယ်တိုင် စနစ်တကျဖော်ဆောင်ထားသည့် ‘လူထုအခြေပြု ကြိုတင်ပြင်ဆင်မှု’ အစီအစဉ်များကဲ့သို့သော လက်ရှိဒေသတွင်း ကြိုးပမ်းမှုများကို ဖြည့်ဆည်းပေးသည့်ပုံစံမျိုး ဖြစ်သင့်သည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ ‘ဖြတ်လေးဖြတ်’ စားနပ်ရိက္ခာပိတ်ဆို့မှုများ သို့မဟုတ် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရာတွင်ဖြစ်စေ ပြင်ပမှပံ့ပိုးမှုများသည် အခြေခံလူထုလူတန်းစား၏ ရုန်းကန်ရှင်သန်ရေး ဗျူဟာများနှင့် တစ်သားတည်းဖြစ်ရပါမည်။
အရေးကြီးသည်မှာ ကူညီပံ့ပိုးမှုများသည် လူထုဦးဆောင်သော ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် စိတ်ဒဏ်ရာကုစားရေး ကြိုးပမ်းမှုများအထိပါ ကျယ်ပြန့်ရမည်ဖြစ်သည်။ စိတ်ဒဏ်ရာဆိုင်ရာ ပံ့ပိုးကူညီမှုသည် နည်းပညာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ သက်သက်ချဉ်းကပ်မှုမျိုး ဖြစ်မည့်အစား ဒေသအခြေအနေပေါ်တွင် အခြေခံရမည်ဖြစ်ပြီး လက်ရှိတည်ရှိနေသော အာဏာဆက်နွှယ်မှုများကို နားလည်ကာ လူ့အဖွဲ့အစည်းတစ်ခုလုံး စုပေါင်းကုစားရေးကိုလည်း အာရုံစိုက်ရမည်ဖြစ်သည်။ ရေရှည်တွင် ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြန်လည်တည်ဆောက်နိုင်ခြင်းသည် လူငယ်များ၏ ကျန်းမာသန်စွမ်းသော လူမှုဘဝဖြစ်ထွန်းမှုအပေါ်တွင် မူတည်နေသည်။ ၎င်းအတွက် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်အတွင်း အားလုံးပါဝင်နိုင်သည့် ပညာရေးအခွင့်အလမ်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများကို အနှောင့်အယှက်မရှိဘဲ ဆက်လက်ပံ့ပိုးပေးရန် လိုအပ်သည်။
ဤအစပျိုးလုပ်ဆောင်ချက်များတွင် လူနည်းစုများနှင့် ‘လူနည်းစုများကြားမှ လူနည်းစုများ’ ကို အသိအမှတ်ပြုခြင်းသည် ငြိမ်းချမ်းပြီး မတူကွဲပြားမှုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရရှိရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော်လည်း အသိအမှတ်ပြုရုံသက်သက်ဖြင့် မလုံလောက်ပါ — ၎င်းတို့၏ဘဝများကို တိုက်ရိုက်သက်ရောက်စေမည့် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အဓိပ္ပာယ် ပြည့်ဝသော ကိုယ်စားပြုခွင့် ရရှိရန်မှာလည်း ထပ်တူအရေးကြီးပါသည်။ ထို့ကြောင့် အရင်းအမြစ်များကို ပြန်လည်ခွဲဝေခြင်း သို့မဟုတ် နစ်နာမှုများကို ပြန်လည်ကုစားပေးခြင်းဆိုင်ရာ မူဘောင်မှန်သမျှကို သမိုင်းအဆက်ဆက် ဘေးဖယ်ခံခဲ့ရပြီး ကိုယ်စားပြုခွင့်နည်းပါးခဲ့သော ဤအုပ်စုများထံသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပါဝင်ပုံဖော်နိုင်ရန်ပံ့ပိုးပေးရမည်ဖြစ်သည်။
အထူးသဖြင့် အမျိုးသမီးများသည် စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ဟန်ပြအခန်းကဏ္ဍများထက် ကျော်လွန်၍ စစ်မှန်သော ဆုံးဖြတ်ချက်ချနိုင်ခွင့်ကို ရရှိကာ လူ့အဖွဲ့အစည်းအတွင်း ဦးဆောင်မှု အခန်းကဏ္ဍများတွင် ပါဝင်လာနိုင်ရေးအတွက် ပံ့ပိုးကူညီသင့်သည်။ အမျိုးသမီးများ၏ ဦးဆောင်နိုင်စွမ်းကို နိုင်ငံသမိုင်းတစ်လျှောက်တွင် သက်သေပြခဲ့ပြီးဖြစ်ကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမို၍ပင် အရေးပါလာခဲ့သည်။ အမျိုးသားလူဦးရေ၏ အတော်များများမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထဲသို့ ဝင်ရောက်သွားကြခြင်း၊ သို့မဟုတ် စစ်မှုထမ်းရန် ဖိအားပေးခံရမှုမှ ရှောင်တိမ်းရန်နှင့် အသက်မွေးဝမ်းကျောင်း ရှာဖွေရန်အတွက် အခြားဒေသများသို့ ရွှေ့ပြောင်းသွားကြခြင်းတို့ကြောင့် အမျိုးသမီးများသည် လူမှုအဖွဲ့အစည်း ရှင်သန်ရပ်တည်ရေးအတွက် ပိုမို၍ အဓိကကျောရိုး ဖြစ်လာခဲ့ကြသည်။
လက်ရှိအခြေအနေတွင် ဘာသာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သမိုင်းအစဉ်အဆက်အရ ဘာသာရေးခေါင်းဆောင်များသည် ကြီးမားသော အပြောင်းအလဲများနှင့် မတည်ငြိမ်မှု များဖြစ်ပွားချိန်တွင် လူမှုသဟဇာတဖြစ်မှု၏ ဒေါက်တိုင်များအဖြစ်လည်းကောင်း၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လမ်းညွှန်များအဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြသည်။ ယခင်စစ်အာဏာရှင်စနစ်များ အောက်တွင်ပင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘာသာရေးအခြေပြု ကွန်ရက်များမှတစ်ဆင့် ပေးအပ်နိုင်ခဲ့ခြင်းမျိုး မကြာခဏ ရှိခဲ့သည်။ ယခုကဲ့သို့ အရေးကြီးသောအချိန်အခါတွင် ၎င်းတို့၏ ကျင့်ဝတ်ပိုင်း ဆိုင်ရာဦးဆောင်မှုနှင့် မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီနိုင်မှုတို့သည် နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုများကို စေ့စပ်ပေါင်းကူးပေးရန်အတွက်လည်းကောင်း၊ ယုံကြည်စိတ်ချရသော လူထုအခြေပြု လမ်းကြောင်းများမှတစ်ဆင့် အကူအညီများသည် အခက်ခဲဆုံးလူအုပ်စုများထံသို့ ရောက်ရှိစေရန် အတွက်လည်းကောင်း အထူးပင် လိုအပ်လှပါသည်။
တတိယကဏ္ဍ — လူထုဦးဆောင်သော ဒေသန္တရအုပ်ချုပ်ရေးဆီသို့
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေရှည်တည်ရှိလာခဲ့သော အုပ်ချုပ်ရေးစနစ်များနှင့် အသစ်ပေါ်ပေါက်လာသော အုပ်ချုပ်ရေးစနစ် နှစ်ရပ်လုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့သော အဖွဲ့အစည်းများက စီမံခန့်ခွဲနေကြသည်။ အဆိုပါ အုပ်ချုပ်ရေးစနစ် အများအပြားသည် အခြေခံအဆောက်အအုံနှင့် အရင်းအမြစ် ကန့်သတ်ချက်များ ရှိနေလင့်ကစား မိမိတို့နယ်မြေအတွင်းရှိ ပြည်သူလူထုအား မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပေးအပ်ကာ လည်ပတ်နေကြသည်။ ဤအုပ်ချုပ်ရေးယန္တရားများအတွင်းရှိ ဝန်ထမ်းများသည် လူသား အရင်းအမြစ်နှင့် ဘဏ္ဍာရေးလိုအပ်ချက် အလွန်အမင်း ရုန်းကန်ရမှုများကြောင့် တာဝန်အမြောက်အမြားကို ပူးတွဲထမ်းဆောင်နေကြရလေ့ရှိသည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဲ့သို့သော အရေးကြီးကဏ္ဍများကို ရန်ပုံငွေပံ့ပိုးနိုင်ရန်အတွက် ဤအဖွဲ့အစည်းများသည် သဘာဝသယံဇာတ ထုတ်ယူခြင်းအပါအဝင် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ဘတ်ဂျက်ဝင်ငွေ ရှာဖွေကြရသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် လက်ရှိအုပ်ချုပ်နေသောအစိုးရများအဖြစ် တရားဝင်မှုအာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လူမျိုးစုနောက်ခံ မည်သို့ပင်ရှိစေကာမူ နေထိုင်သူအားလုံး၏ အခွင့်အရေးနှင့် လူမှုရေးဖြစ်တည်မှု ကို ကာကွယ်စောင့်ရှောက်ပေးသည့်၊ အားလုံးပါဝင်နိုင်သော မတူကွဲပြားမှုကို လက်ခံသည့် အုပ်ချုပ်ရေးပုံစံကို ဦးစားပေးရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူမျိုးစွဲဝါဒဘက်သို့ ယိုင်လဲသွားမည့် လက္ခဏာများကို မဖြစ်မနေ တွန်းလှန်ရပါမည်။ ဆယ်စုနှစ်များစွာအတွင်း သတ်မှတ်ထားသော ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသများကိုသာ အတင်းအကျပ် သွတ်သွင်းခြင်းအပေါ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီး၊ ၎င်းသည် အခြားသော လူမှုအစုအဖွဲ့များအပေါ် ခွဲခြားဆက်ဆံမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤအဖွဲ့အစည်းများသည် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများကို တိုးချဲ့လာသည်နှင့်အမျှ ပြည်သူလူထုအပေါ် ကျရောက်မည့် စီးပွားရေးဝန်ထုပ်ဝန်ပိုးများကို အနည်းဆုံးဖြစ်အောင် အထူးသတိပြု လျှော့ချရမည်ဖြစ်သည်။ လက်ရှိတွင် မတူညီသော တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတစ်လျှောက် အခွန်ကောက်ခံသည့် စစ်ဆေးရေးဂိတ်များ အလွန်အမင်း များပြားလာခြင်းသည် အရပ်သားပြည်သူများအတွက် ပြင်းထန်သော ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပြီး၊ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ရရှိရေးထက် ပြည်သူလူထု ရုန်းကန်ရှင်သန်နိုင်ရေးကို ဦးစားပေးနိုင်ရန်အတွက် ဤစနစ်ကို စနစ်တကျ ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေများ နှင့် အခြားသော လွတ်မြောက်နယ်မြေများရှိ အုပ်ချုပ်ရေး ဆိုင်ရာ ကြိုးပမ်းမှုများသည် ကောင်းမွန်သော စံနမူနာများအဖြစ် တည်ရှိနေသော်လည်း၊ နောင်အနာဂတ်တွင် ဤစနစ်များသည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေမည့် အစား လူထုဦးဆောင်သော အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရမည်ဟူသော အများသဘောတူညီချက်မှာ ပိုမိုခိုင်မာလာနေသည်။ ထို့အပြင် ဖွဲ့စည်းပုံများအတွင်း လွတ်လပ်သော တရားစီရင်ရေးစနစ်များကို အားကောင်း အောင်လုပ်ဆောင်ရန်မှာ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ဤစနစ်များသည် တော်လှန်ရေး အဖွဲ့အစည်းများ၏ လက်နက်ကိုင်တပ်ဖွဲ့များအပေါ် လိုအပ်သော အပြန်အလှန်ထိန်းကျောင်းမှုများ ပြုလုပ်ပေးရန်နှင့် ၎င်းတို့ဝန်ဆောင်မှုပေးနေသော ပြည်သူလူထုအပေါ် တာဝန်ခံမှုရှိစေရန်အတွက် အရေးပါ လှသည်။ တော်လှန်ရေး၏ ယုံကြည်ကိုးစားထိုက်မှုသည် တရားမျှတမှုနှင့် တာဝန်ခံမှုရှိခြင်းအပေါ်တွင်သာ တည်မှီနေသည်။ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ကျူးလွန်သည့် ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် ယန္တရားတစ်ခု မရှိပါက၊ စစ်အာဏာရှင်စနစ် ပြောင်းလဲရေးအတွက် စုစည်းထားသောလှုပ်ရှားမှုသည် ၎င်း၏ နိုင်ငံရေး ရပ်တည်ချက်ကို ဆုံးရှုံးရမည့် အန္တရာယ်ရှိနေသည်။
အကယ်၍ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဤရာဇဝတ်မှုကျူးလွန်သည့် အစိတ်အပိုင်းများကို အမြစ်ပြတ်ချေမှုန်းရန် သင့်လျော်သော တာဝန်ယူမှုမျိုး မလုပ်ဆောင်ပါက၊ ၎င်းတို့သည် တော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေမည့် အန္တရာယ်ရှိသည်။ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် စောင့်ကြည့်ကြီးကြပ်မှုကို အားကောင်းစေခြင်းက လူ့အခွင့်အရေးများကို အာမခံချက် ပေးနိုင်ရုံသာမက တော်လှန်ရေးလှုပ်ရှားမှုများကို ခြစားမှုနှင့် ဥပဒေမဲ့မှုများကြောင့် ပြိုလဲသွားခြင်းမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေများကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများသည် အဆိုပါ တရားမဝင်စီးပွားရေးလုပ်ငန်းများကို တုံ့ပြန်နိုင်မည့် ပြည်သူလူထုဦးဆောင်သော၊ အားလုံးပါဝင်နိုင်ပြီး တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးစနစ်များ အားကောင်းလာစေရန် ဦးတည်ချက်ရှိရှိ ပံ့ပိုးကူညီပေးသင့်သည်။ လွတ်လပ်သော တရားစီရင်ရေးယန္တရားများ တည်ဆောက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိသော ဘတ်ဂျက်ဝင်ငွေ ရှာဖွေရေးလုပ်ထုံးလုပ်နည်းများကို စနစ်တကျပြင်ဆင်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေးကဲ့သို့သော အဓိကကဏ္ဍများတွင် ဝန်ဆောင်မှုပေးနိုင်စွမ်းကို တိုးမြှင့်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သင့်သည်။ ပြည်သူလူထု၏ စောင့်ကြည့်ကြီးကြပ်မှုကို မြှင့်တင်ပေးခြင်းဖြင့် အသစ်ပေါ်ပေါက်လာသော အုပ်ချုပ်ရေး ယန္တရားများသည် ခြစားမှုများကို ကြံ့ကြံ့ခံနိုင်ရည်ရှိမည်ဖြစ်ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ၊ ၎င်းမှတစ်ဆင့် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်သည်။
စတုတ္ထကဏ္ဍ — သယံဇာတ အလုအယက်ထုတ်ယူမှုနှင့် စစ်စီးပွားရေး
လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူ၍ ပဋိပက္ခဖြစ်ပွားရာဒေသများ တစ်လျှောက် သယံဇာတများကို အလုအယက် ထုတ်ယူမှုများ အလျင်အမြန် ဖြစ်ပေါ်နေသည်။ ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကြံနှင့် တစ်ရှူး ငှက်ပျောကဲ့သို့သော စီးပွားဖြစ်စိုက်ပျိုးရေးတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများကြောင့် မြေယာသိမ်းဆည်းမှုနှုန်းသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ ဤကဲ့သို့ တိုးချဲ့လုပ်ကိုင်လာမှုများသည် ဒေသခံလူထု၏ ဘိုးဘွားပိုင်မြေယာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ဤအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အဓိကတွန်းအားတစ်ခုမှာ ‘ပဋိပက္ခထောင်ချောက်’ စိတ်ဓာတ်ဖြစ်ပြီး၊ ၎င်းမှာ “ငါသာ မထုတ်ယူရင် တခြားသူက ထုတ်ယူသွားမှာပဲ” ဆိုသည့် အယူအဆ ဖြစ်သည်။
ဤကဲ့သို့သော အတွေးအခေါ်မျိုးကို မြစ်ဝှမ်းဒေသများတစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းနှင့် တိုင်းရင်းသားဒေသ တောင်ပေါ်ကုန်းမြင့်များတွင် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လျင်မြန်စွာ ကျယ်ပြန့်လာခြင်းတို့တွင် တွေ့မြင်နိုင်သည်။ အဆိုပါ မြေရှားသတ္တု တူးဖော်ခြင်းသည် အလွန်အဆိပ်အတောက်ဖြစ်စေသော ထုတ်ယူမှုပုံစံတစ်ခုဖြစ်ပြီး အခြားနိုင်ငံများနှင့် နိုင်ငံရေးအရ အပေးအယူလုပ်ရာတွင် အသုံးချမည့် ကိရိယာတစ်ခုလည်း ဖြစ်လာခဲ့သည်။ သတ္တုတူးဖော်ခြင်းသည် အမျိုးမျိုးသော အင်အားစုများအတွက် ချက်ချင်းလက်ငင်း ဝင်ငွေရရှိစေသည်မှာ မှန်သော်လည်း၊ ဤရေတိုအကျိုးအမြတ်များကို နောက်ဆက်တွဲဖြစ်လာမည့် ရေရှည်ဆိုးကျိုး အမြောက်အမြားနှင့် နှိုင်းယှဉ်ချိန်ဆရမည် ဖြစ်သည်။ မျိုးဆက်တစ်ခုမှတစ်ခုသို့ သက်ရောက်မည့် ဤအကျိုးဆက်သည် နောက်ကြောင်းပြန်လှည့်၍ မရနိုင်ပါ — မြေယာများ အဆိပ်သင့်သွားခြင်း သို့မဟုတ် အသိမ်းခံလိုက်ရခြင်းမျိုး ဖြစ်သွားပါက လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ဤကဲ့သို့သော ခေါင်းပုံဖြတ်စစ်စီးပွားရေးကို ဆန့်ကျင်ရန် အတွက် ခိုင်လုံသော အထောက်အထားများပေါ်တွင် အခြေခံသည့် ပြတ်သားသော ရပ်တည်ချက်တစ်ခုကို ယူရမည်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်တန့်ပစ်ရန်မှာ လက်တွေ့မကျနိုင်သော်လည်း၊ အလုံးစုံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန် တောင်းဆိုရပါမည်။ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ၏ မြေယာများသည် ‘အသုံးမပြုသောမြေ’ သို့မဟုတ် ‘မြေလွတ်မြေလပ်’ ဖြစ်သဖြင့် သိမ်းဆည်းနိုင်သည်ဆိုသော ပြောဆိုချက်များကို လုံးဝ (လုံးဝ) လက်မခံ၍ မရပါ။ ပဋိပက္ခများကြောင့် လူထုသည် မိမိတို့၏ မြေယာများပေါ်တွင် ယာယီအားဖြင့် နေထိုင်လုပ်ကိုင်နိုင်ခြင်း မရှိသေးသော်လည်း၊ ၎င်းတို့၏ ဘိုးဘွားပိုင်မြေယာများအပေါ်တွင် ရှိထားသော အခွင့်အရေးများသည် အပြည့်အဝ တည်ရှိနေဆဲ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုအားလုံးတွင် ကြိုတင်အသိပေး အခွင့်တောင်းခံခြင်းနှင့် လွတ်လပ်စွာ သဘောတူညီချက်ရယူခြင်း (FPIC)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံမှု အကာအကွယ်များနှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက် (SIA) တို့ကို မဖြစ်မနေ လုပ်ဆောင်ရန် ပြဌာန်းထားသည့် လမ်းညွှန်မူဝါဒတစ်ရပ်ကို တောင်းဆိုရမည်ဖြစ်သည်။ ပစ်မှတ်ထားခြင်းခံရမည့် အန္တရာယ်များ ရှိနေလင့်ကစား အရပ်ဘက်လူမှုအဖွဲ့အစည်း များသည် ဤသယံဇာတ အလုအယက်ထုတ်ယူမှုများကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးရပါမည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အလွန်အမင်း ခံစားရလွယ်သော နိုင်ငံတစ်ခု ဖြစ်နေနှင့်ပြီးဖြစ်ရာ၊ စစ်စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော မြေယာအသုံးချမှုပုံစံများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို ပိုမိုဆိုးရွားစေရုံသာ ရှိလိမ့်မည်။ ရာသီဥတုပြောင်းလဲမှု၏ ဝန်ထုပ်ဝန်ပိုးကို ပြည်သူလူထုကသာ ခါးစည်းခံရမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုနှင့် လူထုကို အကာအကွယ်ပေးခြင်းသည် အရေးတကြီး လုပ်ဆောင်ရမည့် ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။
ပဉ္စမကဏ္ဍ — နိုင်ငံတကာ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြုပြင်ပြောင်းလဲခြင်း
အထက်တွင် ဖော်ပြခဲ့သည့် ကဏ္ဍကြီး လေးရပ်လုံး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် နိုင်ငံတကာ အကူအညီပေးရေး ယန္တရားများကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ အပေါ်၌ များစွာ မူတည်နေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက မှားယွင်းခဲ့သော အမှားများကို ထပ်မံမကျူးလွန် မိစေရန်အတွက် နိုင်ငံတကာ အလှူရှင်များနှင့် သက်ဆိုင်သူများအနေဖြင့် နည်းပညာ သို့မဟုတ် ကြားနေရေး ချဉ်းကပ်မှုမျိုးထက် ကျော်လွန်စဉ်းစားရမည်ဖြစ်ပြီး၊ မိမိတို့၏ ပုံမှန်အလှူငွေ ထောက်ပံ့မှုပုံစံများသည် ပဋိပက္ခများကို မရည်ရွယ်ဘဲ မည်သို့ ပိုမိုဆိုးရွားစေနိုင်ကြောင်း သို့မဟုတ် ရှိရင်းစွဲ အာဏာမမျှတမှုများကို မည်သို့ ပိုမိုခိုင်မာစေနိုင်ကြောင်း သတိပြုမိကြရန် လိုအပ်သည်။ စစ်မှန်သော ဒေသအခြေပြု ဖော်ဆောင်မှု ဖြစ်ထွန်းရန်အတွက် ဒေသခံများက ဦးဆောင်ခြင်းနှင့် ဒေသခံတို့၏ အစီအစဉ်များကို မြှင့်တင်ပေးခြင်းဆီသို့ အခြေခံကျကျ ပြောင်းလဲရမည်ဖြစ်သည်။ ၎င်းအတွက် တိုင်းပြည်၏ နေရာအနှံ့အပြားရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများထံသို့ တိုက်ရိုက်နှင့် တန်းတူညီမျှသော ရန်ပုံငွေများ ပံ့ပိုးပေးရန် လိုအပ်သည်။
နိုင်ငံတကာ အင်အားစုများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်သတိပြု ဆောင်ရွက်ခြင်း (Human Rights Due Diligence - HRDD) မူဘောင်ကို ကျင့်သုံးရန် တိုက်တွန်းလိုပြီး၊ ၎င်းမှာ ‘ပူးပေါင်းဆောင်ရွက်မှု’ (Engagement) ဆိုသည့် ခေါင်းစဉ်အောက်တွင် ဖိနှိပ်ချုပ်ချယ်ထားသော ဖွဲ့စည်းပုံများ သို့မဟုတ် ခေါင်းပုံဖြတ် ရင်းနှီးမြှုပ်နှံမှုများနှင့် မရည်ရွယ်ဘဲ ပူးပေါင်းကြံစည်သူများ ဖြစ်မသွားစေရန်အတွက် ဖြစ်သည်။ အလှူရှင်များ သည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မကြာခဏ မြှင့်တင်ပေးလေ့ရှိသော်လည်း ဤရင်းနှီးမြှုပ်နှံမှုများ သည် လူထုကို အမှန်တကယ် စွမ်းဆောင်ရည် မြှင့်တင်ပေးနေခြင်း ရှိ၊ မရှိ သို့မဟုတ် လူထုကိုယ်တိုင်ကပင် အမှန်တကယ် လိုလားတောင့်တခြင်း ရှိ၊ မရှိကို မဖြစ်မနေ မေးခွန်းထုတ်ရပါမည် — ဒေသခံတို့၏ သဘောတူညီချက်မပါဘဲ ရင်းနှီးမြှုပ်နှံခြင်းသည် သယံဇာတများကို အခြားနည်းလမ်းဖြင့် ခေါင်းပုံဖြတ် ထုတ်ယူခြင်းမျှသာ ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိသော်လည်း ၎င်းပံ့ပိုးမှုများသည် ဒေသခံတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် နှင့် ဘေးကင်းလုံခြုံမှုကို ထိခိုက်စေသည့် တင်းကျပ်လွန်းသော၊ အထက်မှအောက်သို့ စေခိုင်းသော သတ်မှတ်ချက်များဖြင့် မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ပါ။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် လူမှုရေး-နိုင်ငံရေးတည်ဆောက်ပုံဆိုင်ရာ ပြဿနာများ (structural problems) တွင် အမြစ်တွယ်နေပြီး ၎င်းတို့ကို တည်ဆောက်ပုံဆိုင်ရာ ဖြေရှင်းချက်များ (structural solutions) ဖြင့်သာ ကိုင်တွယ်ရမည်ဖြစ်ကြောင်း အလှူရှင်များအနေဖြင့် အသိအမှတ်ပြုရန် တိုက်တွန်းပါသည်။ ထို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ နှစ်ရပ်လုံးကို ပံ့ပိုးပေးရန်မှာ အရေးကြီးလှသည်။ အချို့သောအလှူရှင်များထံမှ ရရှိသည့် အကြီးစားပံ့ပိုးကူညီမှုများကို တန်ဖိုးထားသော်လည်း လက်ရှိတွင် တင်းကျပ်ပြီး ကာလတို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးသံသရာအပေါ်၌သာ အလွန်အမင်း အမှီပြုနေရခြင်းသည် ရေရှည်ဒေသအခြေပြု ဖော်ဆောင်ရေး ကြိုးပမ်းမှုများကို မကြာခဏ အဟန့်အတားဖြစ်စေပြီး စနစ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း မဖြေရှင်းနိုင်ဘဲ ကျန်ရစ်စေသည်။
၎င်းအပြင် ရန်ပုံငွေ လျှောက်ထားနိုင်မှုဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ဒေသတွင်းနှင့် ကိုက်ညီဆီလျော်သော စံနှုန်းများဖြစ်အောင် ပြောင်းလဲရန် လိုအပ်ပြီး၊ ၎င်းမှတစ်ဆင့် ပံ့ပိုးကူညီမှုများသည် မြေပြင်ပကတိ အခြေအနေများကို လက်လှမ်းမီနိုင်စေရန်နှင့် ထိရောက်စွာ တုံ့ပြန်ပေးနိုင်ရန် သေချာစေမည် ဖြစ်သည်။
အဓိက သုံးသပ်ချက်များ
- နိုင်ငံရေး အခြေခံပြဿနာများအတွက် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည် - မြန်မာ့အရေး အကျပ်အတည်းသည် အခြေခံ နိုင်ငံရေး-လူမှုရေးတည်ဆောက်ပုံဆိုင်ရာ ပြဿနာဖြစ်ပြီး ၎င်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေရှည်အမြော်အမြင်ရှိသော၊ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော နိုင်ငံရေးအဖြေများ လိုအပ်ပါသည်။
- အောက်ခြေမှစ၍ ကြံ့ကြံ့ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်သည် - လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရာတွင် စားနပ်ရိက္ခာအုပ်စိုးစီမံပိုင်ခွင့်ရှိခြင်း၊ စုပေါင်း ကာကွယ်ရေးယန္တရားများထားရှိခြင်း၊ လူထုဦးဆောင်သော စိတ်ဒဏ်ရာကုစားမှုများနှင့် မရှိမဖြစ် လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေခြင်းတို့မှတစ်ဆင့် အခြေခံ လူတန်းစား များထံမှစ၍ စတင်ရပါမည်။
- ပြည်သူလူထုဦးဆောင်သော အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းခြင်း - အသစ်ပေါ်ပေါက်လာသော အုပ်ချုပ်ရေးယန္တရားများ၏ တရားဝင်မှုနှင့် ပြည်သူ့ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန်အတွက် အားလုံးပါဝင်နိုင်ပြီး တာဝန်ခံမှုရှိသော အုပ်ချုပ်ရေး၊ လွတ်လပ်သော တရားစီရင်ရေး စနစ်များနှင့် ခိုင်မာသော ပြည်သူလူထု၏ စောင့်ကြည့်ကြီးကြပ်မှုများကို တည်ဆောက်ရန်မှာ အလွန်အရေးကြီးပါသည်။
- အခြေခံဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့် ရေရှည်လူမှုအဖွဲ့အစည်း ပြိုလဲမှုကို တားဆီးခြင်း - အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကြောင်းပြန်လှည့် သွားခြင်းမှ ကာကွယ်ရန်အတွက် လူထုအခြေပြုဝန်ဆောင်မှုများသို့ လိုက်လျောညီထွေရှိသော ပံ့ပိုးကူညီမှုများ စဉ်ဆက်မပြတ် ပေးအပ်ခြင်းသည် ကျင့်ဝတ်ပိုင်းဆိုင်ရာအရရော မဟာဗျူဟာမြောက် အရပါ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန် ဖြစ်ပါသည်။
- အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်သည် - အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပံ့ပိုးကူညီခြင်းသည် အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး၊ အောက်ခြေလူထု၏ စောင့်ကြည်ထိန်းကျောင်းမှု နှင့် ရေရှည်လူမှုကြံ့ကြံ့ခံနိုင်ရည်စွမ်းအားတို့ကို သေချာစေရန်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်ပါသည်။
- မူဝါဒအခြေခံသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု - နိုင်ငံတကာ အကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အာဏာမမျှတမှုများ သို့မဟုတ် ခေါင်းပုံဖြတ်သည့် လုပ်ထုံးလုပ်နည်းများကို မရည်ရွယ်ဘဲ ပိုမိုအောင်းကောင်းအောင် မလုပ်မိစေရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင် သတိပြုဆောင်ရွက်ခြင်း (HRDD)၊ လိုက်လျောညီထွေရှိသော ရန်ပုံငွေစနစ်များနှင့် ဒေသတွင်းနှင့် ကိုက်ညီဆီလျော်သော အန္တရာယ်ဆန်းစစ်ချက်များကို ကျင့်သုံးရပါမည်။
*လုံခြုံရေးအရ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ အမည်များကို ဖော်ပြထားခြင်း မရှိပါ။