‘ကျွန်တော်/ကျွန်မတို့လည်း မိသားစုတွေပါပဲ’ ဖယ်ကြဉ်ခံအစုအဖွဲ့များအတွက် လုံခြုံစိတ်ချရသော အသိုက်အဝန်းတည်ဆောက်ရေးဆိုင်ရာ သုံးသပ်ချက်များ

Regions

မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှုကွဲပြားသူ၊ လိင်ပြောင်းလဲထားသူများ၊ လိင်ဖျော်ဖြေရေး လုပ်ကိုင်သူများနှင့် မူးယစ်ဆေးဝါးသုံးသူ အသိုင်းအဝိုင်းများသည် ရာဇဝတ်သားများကဲ့သို့ အကြမ်းဖက်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများကို ဘက်ပေါင်းစုံကနေ ပုံစံမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ၂၀၂၄ Initiative Programme Award မှတစ်ဆင့် DPAG သည် စုပေါင်းညီညွတ်မှုကိုပြသသည့် အလေ့အကျင့်ကောင်းတစ်ရပ်အဖြစ် လုံခြုံစိတ်ချရသည့် အသိုက်အဝန်းများကို အားပေးမြှင့်တင်လာခဲ့ပါသည်။ 

supportdontpunish.org

credit: supportdontpunish.org

ကျွန်တော်/ကျွန်မတို့အတွက် လုံခြုံစိတ်ချရတဲ့ အသိုက်အဝန်းမရှိပါဘူး


လိင်ဖျော်ဖြေရေးလုပ်ကိုင်သူများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ အသိုင်းအဝိုင်းကို ကိုယ်စားပြုပြီး တက်ရောက်လာကြသူများ၏ သဘောထားများကို ထင်ဟပ်နေသော ဤပြောဆိုချက်ကို မကြာသေးခင်ကမှ မြန်မာပြည်ထဲတွင် စီစဉ်ကျင်းပသွားခဲ့သော အလုပ်ရုံဆွေးနွေးပွဲအတွင်း ထုတ်‌ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ လုံခြုံစိတ်ချမှုဆိုသည်မှာ များသောအားဖြင့် ဘယ်ဆီနေမှန်းမသိကြသော ဖယ်ကြဉ်ခံအသိုက်အဝန်းအများအပြားအတွက်တော့ ယင်းအဆိုသည် နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသည့် ပကတိအမှန်တရားတစ်ခုဖြစ်နေသည်။

တစ်ဦးချင်းနှင့် ဖွဲ့စည်းတည်ဆောက်မှုပုံစံအလိုက်

လုံခြုံစိတ်ချမှုရှိသော သို့မဟုတ် လုံခြုံစိတ်ချမှုကင်းမဲ့သော ခံစားချက်ကို လူသားတိုင်းသိကြပါသည်။ အစီအစဉ်တစ်ခုတွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများအား လုံခြုံစိတ်ချရမှုရှိသည် သို့မဟုတ် လုံခြုံစိတ်ချရမှု ကင်းမဲ့နေခဲ့သည်ဟု ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသော အခိုက်အတန့်များ၊ အခြေအနေများနှင့် အသိုက်အဝန်းများကို ပြန်ပြီးဆင်ခြင်သုံးသပ်ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ ‘လုံခြုံစိတ်ချရမှုရှိသည်’ဆိုသည့် ခေါင်းစဉ်အောက်တွင် ‘မိမိ၏ လိင်စိတ်ခံယူချက်အတိုင်း ပွင့်ပွင့်လင်းလင်းနေနိုင်ခြင်း’၊ ‘ဘာသာရေးအရိပ်အာဝါသအောက်ခိုလှုံနေရချိန်များ’၊ ‘ယုံကြည်စိတ်ချရသော မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများရှိနေခြင်း’၊ ‘အတွေးအမြင်များကို ပွင့်ပွင့်လင်းလင်းမျှဝေနိုင်ခြင်း’ နှင့် ‘ဖိနှိပ်မှုကင်းမဲ့နေခြင်း’ များပါဝင်နေခဲ့ပါသည်။ ‘လုံခြုံစိတ်ချမှုကင်းမဲ့နေခဲ့သည်’ဆိုသည့် ခေါင်းစဉ်အောက်၌ ဖြေဆိုမှုများတွင် ‘စစ်ဆေးရေးဂိတ်များတွင် ရောက်သည့်အချိန်’၊ ‘ဘာသာရေးကိုင်းရှိုင်းသည့် အသိုက်အဝန်းထဲတွင် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖြစ်နေခြင်း’၊ ‘ညှင်းပန်းနှိပ်စက်တတ်သော ဘဝလက်တွဲဖော်ရထားခြင်း’၊ ‘HIV ကူးစက်ခံထားရသည်ကို အကြောင်းပြပြီး ခွဲခြားဆက်ဆံခံရသည့်အခါ’ နှင့် ‘မိမိလုံးဝရင်းနှီးကျွမ်းဝင်မှုမရှိသော ပတ်ဝန်းကျင်မျိုးကိုရောက်နေသည့်အခါ’စသဖြင့် အမျိုးမျိုးပါဝင်နေပါသည်။ 

၎င်းဥပမာသာဓကများက လုံခြုံစိတ်ချမှုရှိသည်၊ မရှိဘူး ဆိုသည့် အတွေ့အကြုံများသည် ကမ္ဘာ့မည်သည့်နေရာ၊ ဒေသတွင်မဆို ကွာခြားမှုမရှိဘူး ဆိုသည်ကို သက်သေပြနေပါသည်။ ထိုအတွေ့အကြုံများသည် လူတစ်ဦးချင်းအလိုက်၊ ခံစားချက်အလိုက် ကွာခြားမှုရှိနိုင်သော်လည်း ဖြစ်တည်လာသောပုံစံများသည် ကြုံရာကျပန်းဖြစ်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတန်းစား၊ ဂျန်ဒါ၊ အသက်အရွယ်၊ လူမျိုး၊ တရားဝင်မှုရှိ၊ မရှိစသည့် အကြောင်းအရာပေါင်းများစွာနှင့် ထုဆစ်ပုံ ဖော်ထားသော အာဏာချိန်ခွင်လျှာ အလှည့်အပြောင်းများနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

မူးယစ်ဆေးဝါးသုံးစွဲနေသော အမျိုးသမီးငယ်တစ်ဦးသည် သူမကိုယ်ပိုင်အိမ်ထဲတွင် ရှိနေသည့် အချိန်မျိုးမှာတောင် လုံခြုံစိတ်ချမှုရှိသည့် ခံစားချက်မျိုး ရချင်မှရမှာဖြစ်ပြီး ယင်းကဲ့သို့ လုံခြုံစိတ်ချမှုကင်းမဲ့နေသော ခံစားချက်ကပဲ သူမကို မူးယစ်ဆေးဝါးစတင် သုံးဖြစ်လာအောင် လှုံ့ဆော်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ လိင်ဖျော်ဖြေရေးလုပ်ကိုင်သူတစ်ဦးသည် လုပ်ပိုင်ခွင့် အာဏာကို လက်နက်လိုအသုံးချပြီး ၎င်းတို့ကိုထိပါးနှောက်ယှက်စော်ကားလာနိုင်သည့် ရဲများရှေ့တွင် မည်သည့်အခါမှ လုံခြုံစိတ်ချမှုရှိသည့် ခံစားချက်မျိုးမရလာနိုင်ပေ။ တက်ရောက်လာသူတစ်ဦး တိတိကျကျ ထောက်ပြပြောဆိုခဲ့သလိုပင် မိမိကိုယ်ကိုအမျိုးသမီးတစ်ဦးလို အသိအမှတ်ပြုခံရ ဖို့အတွက် မိတ်ကပ်ကအစ ဝတ်စားဆင်ယင်မှုပုံစံအထိ အားလုံးကို “မှန်မှန်ကန်ကန်” ချယ်သပြင်ဆင်ထားခဲ့လျင်တောင်မှ ဆန့်ကျင်ဖက်လိင်လိုပြုမူနေထိုင်သော အမျိုးတစ်ဦးအနေနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရတုန်းပင်ဖြစ်သည်။ ယင်းတို့မှာ မတော်တဆ တိုက်ဆိုင်မှုများ မဟုတ်ပေ။ ထိုအရာများအားလုံးသည် အစုအဖွဲ့တစ်ခုကို ဦးတည်ပစ်မှတ်ထားပြီး ခွဲခြားဖယ်ကြဉ်သွားဖို့ အစိုးရဌာနများ၊ စံသတ်မှတ်ချက်များနှင့် မူဝါဒများကို စနစ်တကျပြင်ဆင်ထားသော ဖွဲ့စည်းတည်ဆောက်မှုစနစ်အရ အကြမ်းဖက်ခြင်း၏ သွင်ပြင်လက္ခဏာရပ်များ ဖြစ်နေပါသည်။ 

မြန်မာနိုင်ငံတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းကို တရားမဝင်ဟု သတ်မှတ်ထားပြီး လိင်တူချစ်ခင်စုံမက်မှုကိုလည်း ‘ဓမ္မတာနှင့် ဆန့်ကျင်သည့်အပြုအမူများ’အဖြစ် ပြစ်မှုကြောင်းအရ အရေးယူပြစ်ဒဏ်ပေးထားသည့်အပြင် ‘မဖွယ်မရာညစ်ညမ်းမှု’ နှင့် ‘ရိုးရာဓလေ့’တို့အကြား စည်းတားပေးထားသော မူဝါဒများနှင့် ဥပဒေများကလည်း လိင်စိတ်ခံယူချက် ကွဲပြားစုံလင်မှုကို ကန့်သတ်ပိတ်ပင်ပြီး ပြစ်ဒဏ်ပေးဖို့သက်သက် ပြဌာန်းထားသလိုဖြစ်နေပါသည်။ ပြစ်ဒဏ်ပေးနှိပ်ကွပ်မှု ပြင်းထန်သော မူးယစ်ဆေးဝါးဥပဒေများ၊ စောင့်ကြည့်ထောက်လှမ်းမှုများနှင့် လူမှုစီးပွားရေးတန်း တူညီမျှမှု မတရားကွာခြားမှုများနှင့် ပေါင်းလိုက်သောအခါ လုံခြုံစိတ်ချရမှု ဆိုသည်မှာ ရှားပါးသည်ထက် ရှားပါးလာသည်။ လူတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေတည်ဆောက်ယူရမည့် ဇိမ်ခံပစ္စည်းတစ်ခုလိုကို ဖြစ်လာပါတော့သည်။   

မြန်မာ့ရေခံမြေခံ၏ သိမ်မွေ့ရှုပ်ထွေးမှု

မြန်မာနိုင်ငံ၏ လက်ရှိ‘အသက်ဝင်နေဆဲ’ အကျပ်အတည်းပေါင်းစုံကလည်း အခြေအနေအရပ်ရပ်ကို ပိုပြီးရှုပ်ထွေး ခက်ခဲလာစေပါသည်။ ဂျန်ဒါ သို့မဟုတ် ကျား/မဖြစ်တည်မှု သို့မဟုတ် မူးယစ်ဆေးဝါးတို့ချည်း သက်သက်မဟုတ်တော့ပေ။ အရာရာအားလုံးသည် ပိုပြီး ကြီးမားကျယ်ပြောသော စစ်ပုံသွင်းမှု ကျယ်ပြန့်လာခြင်း၊ ကန့်သတ်ချုပ်ချယ်မှု၊ စီးပွားရေးပြိုလဲမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ သဘာဝဘေးဒဏ်များအပါအဝင် အခြားသက်ရောက်မှုပေါင်းစုံကို ဆောင်ကျဉ်းလာသော စနစ်များ၏ ချည်နှောင်မှုဒဏ်ကို လုံးထွေးခံနေကြရသည်။ 

တက်ရောက်လာသူတစ်ဦးက ‘တစ်ခုခုစီစဉ်ဆောင်ရွက်တဲ့အခါတိုင်း နှလုံးရောဂါရတော့မတတ်ပါပဲ။ ကျွန်တော်/ကျွန်မ တို့အားလုံးက အမြဲတမ်းလိုလို ဖိအားတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက်နေကြ ရတာပါ’ဆိုပြီး ပြောဆိုသွားခဲ့ပါသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံထဲတွင် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်မျိုးမရှိတော့ဘူး ဆိုသည်မှာ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ဆက်တိုက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၊ အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှု သို့မဟုတ် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ရမှုများကြောင့် လူငယ်လူရွယ်များသည် အရွယ်မတိုင်ခင် သေဆုံးသွားမလားဆိုသည့် အကြောက်တရားနှင့် ရှင်သန်နေထိုင်နေကြရပါသည်။ ထိုအရာများအားလုံးသည် နိုင်ငံရေးအရ သူလျှိုဒလံဟု ခေါင်းစဉ်တပ်သမုတ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ကို တစ်နေ့တစ်ခြားပိုပိုပြီးကြီးမားလာစေပါသည်။ နေ့တိုင်းလိုလို လျှပ်စစ်မီး ဖြတ်တောက်ခံနေရသည့်အတွက် အမှောင်ထဲတွင် နာရီပေါင်းများစွာ ငုတ်တုတ်ထိုင်နေကြရသော နေ့ရက်တွေကလည်း ပိုမိုများလာလျက်ရှိသည်။ နေ့စဉ်နဲ့အမျှ အင်တာနက်လိုင်းပေါ်တွင်သာမက အပြင်တွင်ပါ စောင့်ကြည့်ထောက်လှမ်းမှုများ ပိုပြီးတင်းကျပ်လာလျက်ရှိသည်။

ရပ်ထဲရွာထဲ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် ယခင်ကထက်ပိုပြီး သတိထား လုပ်ကိုင်ဆောင်ရွက်ရသည့် အလေ့အထများသည် တဖြည်းဖြည်းကျင့်သားရလာကြပြီ ဖြစ်သည်။ တစ်ချို့သောများကတော့ ‘အကြောက်လွန်နေတာပါ’ ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ သို့သော် အန္တရာယ်က အမှန်တကယ်ရှိနေသည်မို့ သတိထားနေကြရခြင်းဖြစ်သည်။

လုံခြုံစိတ်ချရသော အသိုက်အဝန်းများကို စုပေါင်းဖန်တီးတတ်သည့် အလေ့အထ

ထိုကဲ့သို့ ရှောင်လွှဲလို့မရနိုင်သော စိန်ခေါ်မှုများ တစ်နေ့တစ်ခြား ပိုမိုကြီးမားလာနေသော်ငြားလည်း လုံခြုံစိတ်ချရသော အသိုက်အဝန်းများကို အတူတကွစုပေါင်းဖန်တီးလို့ရသည် ဆိုတာကို အလုပ်ရုံဆွေးနွေးပွဲရလဒ်များက ပြသနေပါသည်။ လုပ်ငန်းခွင်နေရာများ၊ ဝန်ဆောင်မှုပေးသောစင်တာများ၊ စုရပ်များနှင့် အခြားအဝန်းအဝိုင်းများအားလုံးကို ယခုထက်ပိုပြီး လွှမ်းခြုံမှုရှိလာအောင် လုပ်ယူနိုင်ပါသည်။ မည်သို့ပင်ဆိုစေ မူးယစ်ဆေးဝါးသုံးစွဲသော အမျိုးသမီးများ၊ လိင်စိတ်ခံယူမှုကွဲပြားများ၊ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် HIV ပိုးကူးစက်ခံထားရသူများကဲ့သို့ ခွဲခြားဖယ်ကြဉ်ခံနေရသော အသိုင်းအဝိုင်းများသည် ခွဲခြား ဖယ်ကြဉ်မှုတွေကြားက လုံခြုံစိတ်ချရသော အသိုင်းအဝိုင်းမျိုး တည်ဆောက်သည့်နေရာတွင်  အထူးတလည်ကျွမ်းကျင်မှုရှိထားပြီးသားသူများဖြစ်ကြသည်။ အရာအားလုံးက ၎င်းတို့အား မျက်နှာသာမပေးဘဲ ဆန့်ကျင်နေလျှင်တောင်မှ အလွန်ပင် ဆန်းသစ်ဖောက်ထွက်သည့် ပုံစံမျိုးနှင့် လုပ်ပြနိုင်ကြသူများ ဖြစ်ကြသည်။    

လုံခြုံစိတ်ချရမှု ဆိုသည်မှာ စေတနာကောင်းပြရုံ၊ ကြင်နာသောစကားလုံးများ ထုတ်ဖော်ပြောဆိုရုံထက် မပိုသော အခြေခံမူတစ်ရပ်ထက် ပိုပြီးအားစိုက်ထုတ်ဖို့လိုအပ်သည့် အလုပ်တစ်ခုဖြစ်သည်။။ လုံခြုံစိတ်ချရမှုဆိုသည်မှာ စုပေါင်းဖန်တီးကျင့်သုံးရမည့် အလေ့အထကောင်းတစ်ခုဖြစ်သည်။ 

မြန်မာနိုင်ငံတွင် လိင်ဖျော်ဖြေရေးလုပ်သားများလှုပ်ရှားမှုကို အဓိကဦးဆောင်နေသူတစ်ဦးက ‘ကျွန်မတို့ လိင်ဖျော်ဖြေရေးလုပ်သားတွေဟာလည်း မိသားစုတွေပါပဲ’ဟု ပြောဆိုသွားခဲ့သည်။ ထိုနေရာတွင် သူမက လိင်ချစ်သူများအပေါ် ခွဲခြားဖိနှိပ်သည့် မူဝါဒများအား အဆုံးသတ်ရန် တောင်းဆိုသကဲ့သို့ပင် လိင်ဖျော်ဖြေရေးလုပ်ငန်းကို ပြစ်မှုကြောင်းအရ ပြစ်ဒဏ်ပေးအရေးယူနေခြင်းများကို အဆုံးသတ်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြသွားခဲ့သည်။ ထို့အပြင် သူမနှင့်အတူ နောက်ထပ်ဘဝတူများကလည်း အိမ်နီးချင်းနှင့် မိသားစုအဆင့်မှာ ၎င်းတို့အား စာနာနားလည်ပြီး လက်ခံအသိအမှတ်ပြုလာအောင် အားပေးမြှင့်တင်သွားရန် မည်မျှအထိအရေးကြီးသလဲ ဆိုသည်ကိုပါ ဆက်ပြီးပြောဆို ဆွေးနွေးသွားကြသည်။ နောက်တစ်ယောက်ကလည်း လိင်တူအမျိုးသားချင်း ချစ်ခင်စုံမက်တဲ့သားဖြစ်သူကို နားလည်လက်ခံပြီး ဆက်ချစ်ပေးသည့် အမေတစ်ယောက်၏ မေတ္တာရိပ်အောက်မှာ ကြီးပျင်းလာခွင့်ရခဲ့သည့် ၎င်း၏ အတွေ့အကြုံကို နွေးနွေးထွေးထွေး မျှဝေပေးသွားခဲ့သည်။ တစ်ခြားတစ်ယောက်က ‘လိင်ဖျော်ဖြေရေးလုပ်သား တစ်ဦးဖြစ်သလို၊ အိမ်ရဲ့အိမ်ထောင်ဦးစီးတစ်ဦးလည်းဖြစ်တဲ့ ကျွန်မအမေက ပုံရိပ်ကောင်းတစ်ခုကို ပြသပေးခဲ့တာပါ’ ဟု ဆက်လက်ဖြည့်စွက် ပြောဆိုသွားခဲ့ပါသည်။ 

ပါဝင်ဆွေးနွေးခဲ့ကြသူများက အစွန်းတစ်ဖက်ကို တွန်းပို့ခံခဲ့ရသူများအတွက် လုံခြုံစိတ်ချရသော အသိုက်အဝန်းများ တည်ဆောက်သွားနိုင်စေဖို့ရာ နောက်ထပ်နည်းလမ်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။ ဥပမာအားဖြင့် ဝန်ဆောင်မှုပေးသောကဏ္ဍများတွင် ဝန်ထမ်းများအား SOGIESC* အပါအဝင် ပုဂ္ဂလိကအချက်အလက် လုံခြုံရေး မူဝါဒများအကြောင်း အမြင်ဖွင့်သင်တန်းပေးရန်၊ အမျိုးသမီးမူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ကျေးလက်နေလူငယ်လူ ရွယ်များအား သီးသန့်ဦးတည်လက်ကမ်းမှုများ ပြုလုပ်သွားရန် စသည်တို့ ပါဝင်သည်။ အဖွဲ့အစည်းအဆင့်တွင်တော့ လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များကို ထိခိုက်နစ်နာသူ အသိုင်းအဝိုင်းလက်ထဲ ပြန်ရောက်သွားစေမည့် ဘဝတူချင်း ချဉ်းကပ်သည့် စံများကို အသုံးပြုသင့်သည် ဟု ဝိုင်းဝန်းအကြံပေးကြသည်။ ထို့အပြင် ခေါင်းဆောင်မှုနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနေသော ရာထူးတာဝန်များတွင် LGBTQ+ များရောက်လာအောင် လုပ်ဆောင်သွားရန် လိုအပ်နေဆဲဖြစ်သည် ဟုလည်း မီးမောင်းထိုးပြခဲ့ကြသည်။ ပါဝင်ဆွေးနွေးသူတစ်ဦးက ‘LGBTQ+တွေ အနေနဲ့ အမြဲတမ်းလိုလို မညှာမတာဝေဖန်ကဲ့ရဲ့ပြီး ခွဲခြားဆက်ဆံတတ်ကြသလို ဆန့်ကျင်ဖက်လိင်နဲ့ပဲ ကိုယ်လက် နှီးနှောတတ်ကြတဲ့ အမျိုးသားဆရာဝန်တွေနဲ့ချည်း ကုသမှုခံယူနေကြရတယ်’ ဟု ပြောဆိုသွားခဲ့ပါသည်။

မိသားစုအဆင့်မှာလည်း အသေးအဖွဲဟုထင်ရသော်ငြား မိသားစုဝင်ချင်း တစ်ဦးနှင့်တစ်ဦး နားလည်လက်ခံမှုပုံစံ သိသိသာသာ ပြောင်းလဲသွားတတ်ပေသည်။ ရှက်ရွံ့သိမ်ငယ်မှုများကို အပြန်အလှန်လေးစားမှုနှင့် စူးစမ်းဆင်ခြင်လိုစိတ်များဖြင့် အစားထိုးသွားနိုင်ရန် လိုအပ်ပါသည်။ လူငယ်တစ်ဦးက ‘သက်ကြီးရွယ်အိုတွေအနေနဲ့ ‘ငါတို့ငယ်ငယ် တုန်းကဆိုရင်....’ဆိုတဲ့ အပြောအဆိုမျိုးနဲ့ သူတို့ရှင်သန်ကြီးပြင်းလာခဲ့တဲ့ အခြေအနေနဲ့ ကျွန်တော်တို့နေထိုင်တဲ့ပုံစံကို ခိုင်းနှိုင်းပြောဆိုတာမျိုးတွေ ရပ်တန်းကရပ်ဖို့လိုပါတယ်’ဟု ရဲရဲတောက်ပြောဆိုသွားခဲ့သည်။ 

‘ငါတို့က မွန်မြတ်တဲ့အရာကို လုပ်နေကြတာပါ’

‘ဒါက လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုပါ’ ဆိုသည့် အပြောအဆိုမျိုးသည် ယနေ့ခေတ်တွင် အဆန်းတကြယ်မဟုတ်တော့သလို ဖြစ်နေသည်။ သို့ပေမယ့် လူတစ်ဦးချင်းအလိုက် နားလည်လက်ခံထားသော အနက်အဓိပ္ပာယ်ချင်းတော့ ကွာခြားသွားနိုင်ပါသည်။ သေသေချာချာ ဆင်ခြင်သုံးသပ်မှုမရှိဘဲ ဘယ်သောအခါမှ အလွယ်တကူ မသတ်မှတ်သင့်ပေ။ ယင်းအစား လူများ၏ စူးစမ်းလိုစိတ်ကိုနှိုးဆွပေးပြီး မေးခွန်းများမေးလာအောင် ဖိတ်ခေါ်သွားရန်နှင့် အချင်းချင်း အနှစ်သာရရှိရှိ အချိတ်အဆက်မိနေဖို့ လိုအပ်ပါသည်။ အရေးအကြီးဆုံးက သဘောထားကွဲလွဲမှုများ သို့မဟုတ် ကွဲပြားခြားနားမှုများကို ရှင်းလင်းဖယ်ရှားရန် မဟုတ်ဘူး ဆိုသည်ကို နားလည်ထားရန် လိုအပ်ပါသည်။ ဤကဲ့သို့ကွဲပြားခြားနားမှုများကို အပြန်အလှန်လေးစားမှုရှိရှိနှင့် ဂရုတစိုက်အဖြေရှာနိုင်စေသော အဝန်းအဝိုင်းမျိုးကို ဖန်တီးပေးရမှာ ဖြစ်သည်။

 

 ‘တစ်ချို့သော မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ သူတို့အဖမ်းခံထိတော့မယ်ဆိုပြီး ယုံမှားသံသယစိတ်လွန်ကဲနေတတ်တယ်။ အဲဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ သူတို့ဟာ အပြည့်အဝအကာအကွယ်ရထားပြီး ဖြစ်သလို ဘုရားသခင်ကလည်း သူတို့ကိုလုံခြုံအောင် ကွယ်ကာပေးပါလိမ့်မယ် လို့သာ ပြောနေရပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ကြောက်နေခဲ့တာပါ။ ကိုယ့်ဟာကိုယ် စိတ်သက်သာရာရအောင် ဒါတွေက တကယ်ဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ပြန်အားပေးနေရတာပါ။ ငါတို့မကောင်းတာ ဘာမှမလုပ်ထားဘူး။ ငါတို့က မွန်မြတ်တဲ့အလုပ်တစ်ခုကို လုပ်နေကြတာပါ။ ကိုယ့်ရဲ့အတွင်းစိတ်မလုံခြုံမှုကြောင့် ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။’ ဟု ပါဝင်ဆွေးနွေးခဲ့သူတစ်ဦး ပြောသွားခဲ့သည်။

‘မည်သည့်အဝန်းအဝိုင်းမှ တစ်ရာရာခိုင်နှုန်း လုံခြုံစိတ်ချရသည် ဆိုတာမရှိသော်လည်း ပိုပြီးလုံခြုံမှုရှိလာအောင် ထပ်မံလုပ်ဆောင်လို့ရနိုင်သည်’ ဆိုသည်ကို တက်ကြွစွာ ဆွေးနွေးကြသော ယခုဆွေးနွေးပွဲမှ သိရှိခဲ့ရပါသည်။ ထိုသို့ဖြစ်လာရန်မှာ အားလုံးတွင် ကိုယ်စီတာဝန်ရှိကြပေသည်။ အထူးသဖြင့် အမြဲတမ်းလိုလို ဖယ်ကြဉ်ခံခဲ့ကြရသူများအား ပြောရေးဆိုခွင့်ရလာအောင် ဝိုင်းဝန်းပေးကြရပါမည်။ လုံခြုံစိတ်ချရသော အဝန်းအဝိုင်းများကို တည်ဆောက်ခြင်းသည် အရဲစွန့်ရမှု အန္တရာယ်များအားလုံးကို ရှင်းလင်းဖယ်ရှားခြင်း သို့မဟုတ် ရှောင်လွှဲခြင်းမျိုးမဟုတ်ဘဲ အားလုံးအတူစုစည်းညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်ရမည်မှာ မလွဲမသေပင်ဖြစ်သည်။

 

မှတ်စုများ

*SOGIESC: လိင်စိတ်တိမ်းညွတ်မှု၊ လိင်စိတ်ခံယူချက်နှင့် ထုတ်ဖော်ပြသမှုနှင့် ကျား/မအင်္ဂါရပ်များ 

ယခုသုံးသပ်ချက်ကို “ကူညီပါ၊ အပြစ်မပေးပါနဲ့” စာမျက်နှာတွင် ဦးစွာပုံနှိပ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။