တိုင်းရင်းသား ပဋိပက္ခများအဆုံးသတ်ရေးအတွက် အယူအဆရေးရာ ကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း စိုင်းဝန်းဆိုင်

Authors

Article by

Sai Wansai

Tom Kramer

Introduction

ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရမှ အာဏာကို လွှဲပြောင်းရယူနိုင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက် ပွဲကာလတွင် " ပြောင်းလဲချိန်တန်ပြီ " ဟု ကတိကဝတ်ပြု ကြွေးကြော်ခဲ့သည့်အတိုင်း အပြောင်းအလဲကို ဖော်ဆောင် ပေးနိုင်ပါ မည်လား ဟူသည့် မေးခွန်းမှာ ပါတီနှင့် ပါတီ၏ အဓိကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အတွက် အဓိကအကျဆုံး ရင်ဆိုင်ရမည့် ပြဿနာ ဖြစ်သည်။

အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပြန်လည်ဖွဲ့စည်းခြင်း၊ ပုံစံချခြင်းနှင့် စီမံကိန်းချခြင်းတို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရမည်မှာ ပထမဆုံးလုပ်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သလိုပင် ဝေဝါးနေသည့် နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်ရေးမှာလည်း NLD ၏ မဖြစ်မနေလုပ်ရမည့် လုပ်ငန်းများစာရင်းတွင် အရေးအကြီးဆုံးနှင့် အလျင်အမြန် ကိုင်တွယ် ရမည့် စိန်ခေါ်မှုဖြစ်လာသည်။

ရှေ့ဆက်မသွားမီ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် အဓိက ပါဝင်သည့် အကျိုးသက်ဆိုင်သူများ၏ အယူအဆရေးရာ အကွဲအပြားများကို ဦးစွာရှင်းလင်းတင်ပြရန် လိုမည်ဖြစ်သည်။ သို့မှသာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေခဲ့သော တိုင်းရင်းသား ပဋိပက္ခများ ကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်နိုင်မည်ဖြစ်ပါသည်။

နောက်ခံသမိုင်းကြောင်း

ယနေ့အချိန်တွင် ဗမာ သို့မဟုတ် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အမည်ပြောင်းခဲ့သည့်အတိုင်း မြန်မာဟု သိကြသည့်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ကိုယ်ပိုင်လွတ်လပ်ရေး ရှိခဲ့ဖူးသည့် အနည်းဆုံး နိုင်ငံ သို့မဟုတ် နယ်နိမိတ် သုံးခုဖြင့် ဖွဲ့စည်းထားခဲ့သည့် နိုင်ငံရေး အစုအဖွဲ့ဖြစ်သည်။ ဘားမားပြည်မကြီး (အင်္ဂလိပ်လက်ထက် တိုက်ရိုက်အုပ်ချုပ်ခံဘားမား)၊ ကရင်နီပြည်နယ်များနှင့် ရှမ်းပြည်နယ် များပါဝင်သည်။ ထိုသမိုင်းကြောင်းအရ ရှမ်းနှင့် ကရင်နီပြည်နယ်များမှ ခေါင်းဆောင်များသည် ပြည်မမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ကိုလိုနီအုပ်ချုပ်ရေးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်သည့် နယ်မြေများနှင့်အတူ ပူးတွဲလွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသည့် အနေဖြင့် ၁၉၄၇ ပြည်ထောင်စုဗမာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဉပဒေတွင် ရှမ်းနှင့် ကရင်နီ (ယခု ကယား) ပြည်နယ်များကို ခွဲထွက်ခွင့်ပေး ထားခဲ့ သည်။

ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ ဗြိတိသျှနယ်ခြားဒေသ အုပ်ချုပ်ရေး အောက်တွင်ရှိသော ရှမ်းပြည်နယ်စုများ၊ ချင်းတောင်တန်းများနှင့် ကချင်တောင်တန်းများမှ ခေါင်းဆောင်များသည် ( ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဖခင် ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်) ဦးအောင်ဆန်းခေါင်းဆောင် သော ဗမာကြားဖြတ်အစိုးရနှင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ၌ ဗမာမဟုတ်သည့် တိုင်းရင်းသားအုပ်စုများအတွက် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိသော၊ မျှတသော၊ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို တည်ထောင်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြသည်။

ဗြိတိသျှလက်အောက်တွင် ယခု “ရှမ်းပြည်နယ်” သည် ကရင်နီပြည်နယ်များအပါအဝင် “ရှမ်းပြည်နယ်စုများ” အဖြစ် ရှိခဲ့ကြောင်း သတိပြု သင့်သည်။ ယနေ့အချိန်တွင် တိုင်းရင်းသားပြည်နယ်များဖြစ်လာသည့် ကရင်၊ မွန်နှင့် ရခိုင် (အာရကန်) ပြည်နယ်များသည် ကိုလိုနီစနစ်တွင် ဗမာပြည်မအောက်တွင် ထည့်သွင်းထားပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ပင်လုံစာချုပ်သည် တိုင်းရင်းသား လူမျိုးတစ်ခုနှင့် တစ်ခုအကြား ညီညွတ်မျှတရေးကို တရားဝင်ချုပ်စာချုပ်တစ်ခုအဖြစ် ချုပ်ဆိုထားသည့် သမိုင်းဝင် အဖြစ် အပျက် တစ်ခုသာဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံး ၎င်းတွင် ထည့်သွင်းခံရသည် ပါဝင်သည်ဟု မခံစားကြရပေ။

၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို ပါတီစုံ ပါလီမန်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး အသွင်သဏ္ဍာန်အားဖြင့် ဖက်ဒရယ်ပုံစံဖြစ်သော်လည်း လက်တွေ့ တွင်မူ တစ်ပြည်ထောင်စနစ်သာဖြစ်သည်။ ပဋိပက္ခများ ဒေသများစွာကို ပျံ့ နှံ့ သွားသည်အထိ ကျေနပ်လောက်သည့် အဖြေမှာ ဝေးသထက် ပိုဝေးခဲ့သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ၏ ချို့ယွင်းချက်ကို ပြင်ဆင်ရန် မတူညီသည့် တိုင်းရင်းသားအုပ်စုများမှ ခေါင်းဆောင်များသည် နိုင်ငံရေးစနစ်ကို ပိုမိုရှင်းရှင်းလင်းလင်းရှိသည့် ဖက်ဒရယ်ပုံစံဖြစ်စေရန်အတွက် ၁၉၄၇ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် အဆိုပြုချက်တစ်ခုကို ရေးဆွဲခဲ့ကြသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တောင်ကြီး၌ ပြည်နယ်ပေါင်းစုံညီညွတ်ရေး အသင်းကြီးမှ အတည်ပြုခဲ့သည့် ထိုဖက်ဒရယ်မူတွင် ဗမာပြည်မကို အခြားတိုင်းရင်းသားပြည်နယ်များနည်းတူ ပြည်နယ်တစ်ခုအသွင် ပြောင်းလဲပစ်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ချက်ကို အဆိုပြုခဲ့သည်။ ထိုနည်းဖြင့် နိုင်ငံ၏ အခြားအစိတ်အပိုင်းများမှ တိုင်းရင်းသား လူမျိုးများကို စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် အင်အားနည်းစေခဲ့သည့် ပြည်ထောင်စုအစိုးရ အာဏာများကို ဗမာ တိုင်းရင်းသား ခေါင်းဆောင်များ သိမ်းကြုံးရယူထားမှုကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ဆွေးနွေးမှု ကောင်းကောင်း မစတင်နိုင်မီမှာပင် ၁၉၆၂ မတ်လတွင် တပ်မတော်ဟု သိကြသည့် စစ်တပ်မှ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ဗိုလ်ချုပ်နေဝင်းနှင့် အာဏာသိမ်းခေါင်းဆောင်များက နိုင်ငံတော် မပြိုကွဲရေး အတွက် အာဏာသိမ်းရသည်ဟု ပြောဆိုခဲ့ကြသော်လည်း ရလဒ်များမှာ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ စစ်အစိုးရသည် ကိုလိုနီခေတ်လွန် နိုင်ငံ၏ နုနယ်သော ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ရုတ်ချည်းအဆုံးသတ်ပစ်လိုက်သည်သာမက ဗမာမဟုတ်သည့် တိုင်းရင်းသား အုပ်စုများ၏ တအုံနွေးနွေး မကျေနပ်မှုများကို နိုင်ငံအနှံ့ တွန်းလှန်မှုစစ်ပွဲများ အတိအလင်းဖြစ်ပွားသည့်အခြေအနေသို့ရောက်စေခဲ့သည်။ ဗမာလူများစုများမှလည်း စစ်အုပ်ချုပ်ရေးကို တွန်းလှန်မှုများ ဆက်တိုက်ရှိနေခဲ့ပြီး ပဋိပက္ခနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်များ ကို တောင်းဆိုမှုများမှာ နယ်စပ်တွင် အပြင်းထန်ဆုံးဖြစ်ပွားနေခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်နေဝင်းနှင့် တပ်မတော်သည် ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများအကြား တိုးပွားလာသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နောက်ဆုံးဥပဒေကြောင်းအရ ကြိုးစားမှုဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပယ်ချလိုက်ပြီး၊ ထိုဖွဲ့စည်းပုံကို တစ်ဖက်သတ် ရုတ်သိမ်းခဲ့သည်။ နိုင်ငံ၏ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တပ်မတော်ခေါင်းဆောင်များက “ဖက်ဒရယ်” ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုခွင့်ပြုရန်အတွက် ရာစုနှစ်တစ်ဝက်ခန့် အချိန်ကြာညောင်းခဲ့သည်။ ပဋိပက္ခများ၊ ဒုက္ခသုက္ခများနှင့် နိုင်ငံရေးဖြိုခွင်းမှုများစွာ ထိုကာလအတွင်း ဖြစ်ပွားခဲ့ရသည်။

နိုင်ငံရေး အစုအဖွဲ့၊ အချုပ်အခြာအာဏာနှင့် အမျိုးသား သရုပ်လက္ခဏာဆိုင်ရာ အယူအဆ အကွဲအပြားများ

တပ်မတော်ခေါင်းဆောင်များနှင့် မတူညီသည့် တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ဗမာ့နိုင်ငံရေး အုပ်စုများအတွင်း အယူအဆပိုင်းဆိုင်ရာ ကွဲပြားမှုများမှာ “ဗမာ” သို့မဟုတ် “မြန်မာ” ကို သမိုင်းတွင် မည်သို့ ရှုမြင်ခဲ့သည်၊ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့်ဟူသည့်အချက်ဖြစ်သည်။

၁၉၆၂ ခုနှစ်ကတည်းကပင် စစ်ဘက်မှ လွှမ်းမိုးထားသည့် အစိုးရအဆက်ဆက်က ယခုလက်ရှိနိုင်ငံသည် နှစ်ထောင်ပေါင်းများစွာခန့် က တည်းက ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကတည်းကရှိခဲ့သည့် တစုတစည်းတည်းသော နိုင်ငံတော်ဖြစ်သည်ဟူသည့် အယူအဆရှိ ခဲ့ကြသည်။ ထို့ကြောင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် လူနည်းစုအုပ်စုများဖြစ်သည့်၎င်းတို့ နိုင်ငံကို ခွဲခြမ်းမသွားနိုင်စေရန် အတွက် သာတူညီမျှ အခွင့်အရေး တောင်းဆိုမှုများကို ကန့်သတ်ရမည်၊ ထိန်းချုပ်ရမည်ဟူသည့် အယူအဆရှိခဲ့သည်။ ဆန့်ကျင်ဘက် အနေဖြင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများ ပြည်ထောင်စုဗမာနိုင်ငံသည် ၁၉၄၈ ကိုလိုနီအုပ်ချုပ်ရေး စွန့်ခွာချိန်တွင် တန်းတူညီမျှ ပူးပေါင်းလိုက်သည့် ဗြိတိသျှကိုလိုနီ အိန္ဒိယလက်အောက်တွင် သွတ်သွင်းခြင်းခံခဲ့ရသော လွတ်လပ်သည့် နယ်နိမိတ်များဖြစ်ပြီး ပင်လုံစာချုပ်တွင် ပါဝင်သည့် မူများအရ အသစ်ဖွဲ့စည်းလိုက်သည့် နယ်နိမိတ်တစ်ခု၊ နိုင်ငံရေး အစုအဖွဲ့တစ်ခုအဖြစ် ယူဆကြသည်။

သီအိုရီအရပြောရလျှင် လက်ရှိနိုင်ငံရေးမြေပုံတွင် တိုင်းရင်းသားများအတွက် အချိုးချခွဲဝေမှုပုံစံရှိပါသည်။ လူများစု တိုင်းရင်းသား လူမျိုးများ အတွက် ပြည်နယ် ၇ ခု (ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်း) နှင့် ဗမာအများစုနေထိုင်သည့် တိုင်းဒေသကြီး ၇ ခု (ယခင်က တိုင်း) ရှိသည်။ သို့သော် စစ်ဘက်လွှမ်းမိုးမှုနှင့် ဗဟိုမှ လွှမ်းမိုးမှုများသော နိုင်ငံရေးနယ်ပယ်တွင် တကယ်တမ်း စစ်မှန်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် ညီညွတ်သောမျှခြေ မရှိပေ။

ယနေ့အချိန်တွင် ကွဲပြားနေသည့် အယူအဆများသည် ပင်လုံတွင် ထင်ဟပ်နေဆဲဖြစ်သည်။ သမိုင်းဝင်စာချုပ်ကို အထိမ်းအမှတ်ပြုထား သည့် ကျောက်တိုင်က “ပြည်မနှင့် တောင်တန်းများ ပေါင်းစည်းရေး” ဟု ကြွေးကြော်နေသည်။ သို့တိုင် “ပြည်မ”သည် ဗမာအများစု နေထိုင် ရာ ဗဟိုချက်မဟု ယူဆ၍မရသလို ကိုလိုနီခေတ်မတိုင်မီကပင် ဗမာဘုရင်များလက်အောက် နေထိုင်ခဲ့ဘူးသော “တောင်တန်းများ” သည်လည်း ဗမာမဟုတ်သည့် တိုင်းရင်းသားများနေထိုင်ရာ တောင်တန်းဒေသများ သို့မဟုတ် လက်အောက်ခံ နယ်များဟု ယူဆ၍ မရပေ။ မျက်မှောက်ခတ် ဗမာနိုင်ငံသည် လွတ်လပ်ရေးရယူစဉ်က သဘောတူညီထားခဲ့ကြသည့်အတိုင်းပင် တိုင်းရင်းသား လူမျိုးစုအားလုံး၏ နိုင်ငံရေး အခွင့်အရေးများကို လေးစားလိုက်နာမည့် တန်းတူညီမျှသော ပြည်ထောင်စုသစ်တစ်ခုဖြစ်သည်။ ထိုအချက်ကိုပင် ပင်လုံက ထပ်ဟပ်ဖော်ဆောင်လိုပုံပေါ်သည်။ ထိုကဲ့သို့သော သဘောတူညီချက်မရှိလျှင် ပြည်ထောင်စုအသစ်သည် ပေါ်ပေါက်မွေးဖွားလာစရာမရှိပေ။

တိုင်းရင်းသားအုပ်စုတစ်ခုနှင့် တစ်ခု ဆက်ဆံရေးကို ဆွေးနွေးရာတွင် ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုးများသည် သူတို့ကိုယ်သူတို့ ဗမာနှင့် နိုင်ငံတကာ ပညာရှင်များ မကြာခဏ ပြောလေ့ရှိသလို “လူနည်းစု” အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း ဖော်ပြလိုပါသည်။ တကယ် တမ်းတွင် လူနည်းစုလည်းမဟုတ်သလို လူများစုလည်း မဟုတ်ပဲ တန်းတူညီမျှခွင့် ရထိုက်သည့် တိုင်းရင်းသားလူမျိုးစုများသာဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက်ထက် ဗမာလူဦးရေ ပိုများသည်ကား မှန်ပါသည်။ သို့သော် ထိုအချက်တစ်ခုတည်းဖြင့် တိုင်းရင်း သားပြည်နယ်များတွင် နေထိုင်သူများကို “လူနည်းစု” ဖြစ်မသွားစေနိုင်ပါ။ တိုင်းရင်းသား အုပ်စုကွဲပေါင်းများစွာ ပျံ့နှံ့နေထိုင်သော အာရှ နိုင်ငံများအနက်မှ တစ်ခုဖြစ်သော ဗမာနိုင်ငံတွင် “လူနည်းစု” ဟူသည့် အသုံးအနှုန်းကို တိုင်းရင်းသားပြည်နယ် ၇ ခုတွင် နေထိုင်သည့် ဗမာနှင့် အခြားတိုင်းရင်းသားများကို ရည်ညွှန်းရာတွင်လည်း သုံးနိုင်ပါသေးသည်။ ထိုအနေအထားကြောင့် အကျိုးမရှိသည့် “လူနည်းစု-လူများစု” အငြင်းပွားမှုများသာ ကြီးထွားလာပြီး ပြည်ထောင်စု၏ နိုင်ငံရေး အရေးပါမှုကို လျော့ကျစေပြီး နှင့် လူဦးရေပိုနည်းသည့် တိုင်းရင်း သားလူမျိုးများကို ဖိနှိပ်ဆက်ဆံမှုများသာ ဖြစ်ပေါ်စေပါသည်။

အနှစ်သာရအားဖြင့် “လူနည်းစု” ဟူသည့် အသုံးအနှုန်းသည် ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းမှားတစ်ခုဖြစ်လာပြီး “လူနည်းစု” အဖြစ် အဆက်ဆံခံရခြင်းနှင့် တိုင်းရင်းသား အုပ်စုတစ်ခုမှ တိုင်းရင်းသားတစ်ဦးအနေဖြင့် တန်းတူအခွင့်အရေးရခြင်းအကြား ကွာဟချက် ကြီးမား လာပါသည်။ ဗမာ၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ချင်း အစရှိသည့် လူမျိုးစုများသည် လူနည်းစု၊ လူများစုဟူ၍ သတ်မှတ်ခြင်းမရှိပဲ ၁၉၄၈ ခုနှစ်က တည်းက တည်ထောင်ခဲ့သည့် ပြည်ထောင်စုသစ်တွင် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြသည့် တန်းတူညီမျှမှုရှိသော မိတ်ဖက်များ အဖြစ်သာ ယူဆသင့်ပါသည်။

ဝမ်းနည်းစရာကောင်းသည်မှာ တန်းတူညီမျှမှုနှင့်သက်ဆိုင်သည့် ဘုံသဘောတူညီသည့် သဘောထားအမြင်နှင့် အားလုံးလက်ခံနိုင်သည့် အမျိုးသား သရုပ်လက္ခဏာပေါ်ထွက်ရေးဟူသည့် အခြေခံကျသည့် စိန်ခေါ်မှုကို လွတ်လပ်ရေးရပြီးသည်မှ ယခုအထိ မကိုင်တွယ်နိုင် ကြသေးခြင်းဖြစ်သည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားများက လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဖော်ဆောင်ခဲ့သော မျှဝေထားသည့် အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် ပူးတွဲလွတ်လပ်ရေးကို ဆက်လက်ယုံကြည်လက်ခံထားကြသော်လည်း တပ်မတော်ခေါင်းဆောင်များနှင့် ဗမာတိုင်းရင်းသား နိုင်ငံရေးအလွှာအများစုကမူ သူတို့သည် နိုင်ငံရေး အချုပ်အခြာအာဏာကို စောင့်ရှောက်ရသူများ သို့မဟုတ် ပိုင်ဆိုင်သူများအဖြစ် ယူဆနေကြသည်။ အကျိုးဆက်အားဖြင့် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဉပဒေစိုးမိုးရေးကောင်စီ (၁၉၉၇ မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ) လက်ထက်များ တပ်မတော်အရာရှိများက ပုံဖော်ခဲ့သည့် ဘုံအမျိုးသား သရုပ်လက္ခဏာဆိုသည်မှာ ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုး များအကြား အမြစ်မတွယ်သလို၊ လက်လည်းမခံကြပေ။ ထို့အပြင် ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများက နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်လျှင် သူတို့၏ သဘောတူညီချက်ကို တောင်းခံရယူခြင်းမရှိပဲ ပဋိပက္ခဖြစ်ပွားသည့် အနေအထားတွင် စစ်ဘက်က လွှမ်းမိုးထား သည့် အစိုးရများက သတ်မှတ်သည့်အတိုင်း အတင်းအကြပ် လက်ခံစေသည်ဟု ယူဆကြသည်။

အကျိုးဆက်အားဖြင့် တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တောင်းဆိုတိုက်ပွဲဝင်မှုများ နိုင်ငံအနှံ့အပြားတွင် ယနေ့အထိ ဆက်ရှိနေရခြင်းဖြစ်သည်။ ပင်လုံကို ပြန်ကြည့်လျှင် တိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဘုံ အမျိုးသား အမှတ်သရုပ်တို့သည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ဒီမိုကရေစီ၊ မျှတသည့် အရင်းအမြစ်နှင့် နိုင်ငံရေးအာဏာ ခွဲဝေမှုများမှတစ်ဆင့် ရရှိနိုင်မည်၊ အာမခံနိုင်မည်ဟု ယုံကြည်ကြသည်။ သို့မှသာ ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအားလုံးက လက်ခံနိုင်မည့် အမျိုးသား အမှတ်သရုပ်နှင့် နိုင်ငံရေးစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။

သို့သော် ယခုအခိုက်အတန့်တွင် တိုင်းရင်းသားလူမျိုးစု အများစုသည် သူတို့ကိုသူတို့ ဗမာအုပ်ချုပ်သူများ၏ ကိုလိုနီဆန်ဆန် ပိုင်ဆိုင် အုပ်ချုပ်မှုပုံစံတစ်ခုအောက်တွင် ပိတ်မိနေသည်ဟု ယူဆနေကြသည်။ တကယ်တမ်းတွင် ဗမာပြည်မနှင့် ယခင်နယ်ခြားဒေသများကို ဗြိတိသျှတို့ ခွဲခြားအုပ်ချုပ်ခဲ့ကြသည့်ပုံစံမျိုးဖြစ်သည့် ဒိုင်အာခီပုံစံ အုပ်ချုပ်ရေးစနစ်အသစ်တစ်ခုသည် ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်အောက်တွင် ဖော်ဆောင်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများတွင် ပေါ်ထွက်လာခဲ့ပုံရသည်။ ပါလီမန် အုပ်ချုပ်ရေးစနစ်သည် နိုင်ငံ၏ မြို့တော် နေပြည်တော်မှ နိုင်ငံ၏ “ပြည်မ” ဗဟိုချက်တွင် ပုံပေါ်လာခဲ့သော်လည်း တိုင်းရင်းသားပြည်နယ်များမှာ တပ်မတော်အုပ်ချုပ်ရေးနှင့် အာဏာပိုင်မှုအောက်တွင်ရှိနေသည့် “တောင်တန်း” ပဋိပက္ခဒေသများအဖြစ် ရှိနေဆဲဖြစ်သည်။

ရလဒ်အားဖြင့် နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်လာနိုင်သည့် အခြေအနေတွင်ပင် တိုင်းရင်းသားအများစုသည် နိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်နိုင်မှုမှ ဖယ်ကြဉ်ခံထားရသည်ဟု ခံစားနေရသည်။ စစ်တပ်၏ ဖိနှိပ်မှုများက တိုင်းရင်းသား တန်းတူညီမျှမှုကို မည်သည့်အခါမှ ဖော် ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် နိုင်ငံရေးမတည်ငြိမ်မှုဆက်ဖြစ်နေမည့်အကျိုးဆက်သာ ဆက်ရှိမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံတွင် သဘောတူညီခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် တန်းတူညီမျှသော ပြည်ထောင်စုဟူသည့် ဘုံသရုပ်လက္ခဏာဆိုသော မျှော်မှန်းချက်နှင့် မူဝါဒများကို ပြန်သွားနိုင်မှသာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် တရားဉပဒေစိုးမိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။

ဖက်ဒရယ်နှင့် ပတ်သက်သည့် မတူညီသော အမြင်များ

ယေဘုယျအားဖြင့် ထိပ်သီးပါတီများနှင့် သက်ဆိုင်သည့်ပါဝင်သူများအားလုံးသည် လွန်ခဲ့သည့်နှစ်များအတွင်း နိုင်ငံ၏ နိုင်ငံရေး ကျဆင်း နေမှုများကို ဖြေရှင်းပြီး ကြီးမားသည့် ပြဿနာများကို မပေါ်ပေါက်စေရန်မှာ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ထောင်ရေးဖြစ်သည်ဟု သဘောတူညီထားပြီဖြစ်သည်ဟု ထင်ရသည်။ သို့သော် တကယ့်လက်တွေ့ ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ ပို၍ရှုပ်ထွေးလှသည်။ လက်ရှိအချိန်တွင် ဘယ်လိုဖက်ဒရယ်မျိုး လိုချင်သည်ဟု ဖော်ထုတ်ရန်ပင် မလွယ်ကူလှပေ။

ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပွဲအတော်များများတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးမှာ သူ၏ ရပ်ရွယ်ချက်ဖြစ်သည်ဟု ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုပြီးဖြစ်သော်လည်း ပါတီအနေဖြင့် ဤကဲ့သို့ အရေးကြီးသည့်ကိစ္စတွင် ဘယ်နေရာတွင် ဘယ်လိုရပ်တည်မည်နည်းဟူသည့် အသေးစိတ်ကို သိရှိရန် လိုအပ်ပါသည်။ ထို့အတူ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement – NCA) နှင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၂ တွင် လက်မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ကတိကဝတ် (Deed of Commitment on Peace and National Reconciliation) တို့ပါ တပ်မတော်၏ ဖက်ဒရယ်ဖွဲ့စည်းပုံအပေါ် ရပ်တည်ချက်မှာလည်း မရှင်းလင်းပေ။ “နိုင်ငံရေးဆွေးနွေးချက်များမှ ထွက်ပေါ်လာသော ရလဒ်များနှင့် အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများကို အခြေခံသော ပြည်ထောင်စုတစ်ခုကို တည်ထောင်ရန်” ဟူသည့်အချက်သာ တစ်ခုတည်းသော ကတိကဝတ်ဖြစ်သည်။ သို့သော် တိုင်းရင်းသား အုပ်စုများ မေးခွန်းထုတ်သူများ မေးမြန်းကြသည့်အတိုင်းပင် ထိုကတိကဝတ်သည် လက်ရှိ တစ်နိုင်ငံ သမ္မတစနစ်နှင့် အာဏာကို အနည်းငယ်မျှသာ ခွဲဝေပေးထားသည့်စနစ်မှသည် အားကောင်းသည့် ပြည်နယ်အစိုးရများနှင့် အားနည်းသည့် ပြည်ထောင်စု ဗဟိုအစိုးရတို့ရှိသော အပြည့်အဝ ဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ခုအထိ အဓိပ္ပာယ်ကျယ်ပြန့်ပါသည်။

ထိုအကြောင်းပြချက်များကြောင့် တပ်မတော်သည် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် တစ်ပြည်ထောင်နိုင်ငံရေးစနစ်ကိုသာ အလိုရှိပြီး ဖက်ဒရယ် စနစ်နှင့် ဆင်တူစေရန်အတွက် တိုင်းရင်းသားပြည်နယ်များကို လုံလောက်ရုံ အနည်းငယ်သော အာဏာခွဲဝေပေးရုံသာ အလိုရှိသည်ဟူသော နိုင်ငံရေး အမြင်က အားကောင်းနေဆဲဖြစ်သည်။ တပ်မတော်၏ တွေးဆချက်ကို သက်သေပြနေသည့်အချက်မှာ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေကို အသက်နှင့်ထပ်တူ ကာကွယ်မည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေပြီး၊ ၎င်း၏ အခန်းကဏ္ဍကို လျော့ကျစေ မည့် အဓိပ္ပာယ်ရှိသည့် မည်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုမဆို ယခုအချိန်အထိ ငြင်းဆန်နေဆဲဖြစ်သည်။

တိုင်းရင်းသားလူမျိုးများအတွက်မူ မကြာသေးမီနှစ်များအတွင်းတွင် နိုင်ငံရေးအရ “အပြည့်အဝ ဖက်ဒရယ်စနစ်” တစ်ခုဖြစ်မည့် “မျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းနှင့် ဒီမိုကရေစီထွန်းကားသည့် တိုင်းရင်းသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ရေး” ကို ဘုံသဘောတူညီမှုရှိနေသည်။ သို့သော် ၎င်းတို့သည့် ထိုအမြင်များကို တစ်ဆင့်တက်ပုံဖော်နိုင်ရေးကြိုးပမ်းရာတွင် အခက်အခဲများနှင့် လေဆန်လမ်းကို တက်နေရပြီး တိုင်းရင်းသား လှုပ်ရှားမှုများသည့် “စစ်မှန်သည့် ဖက်ဒရယ်စနစ်” ပေါ်ထွန်းရေး ဟူသည် ကို ကြက်တူရွေးနှုတ်တိုက်ရွတ်နေသည်မှ လွဲလျှင် မည်သည့် နိုင်ငံရေးစနစ်လိုလားသည်ကို တကယ်တမ်း သိရှိကြခြင်းမရှိဟူသည့် ဗမာ တိုင်းရင်းသားများနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ သို့သော် ၎င်းမှာ သမိုင်းကို ပုံဖျက်ရန်နှင့် နိုင်ငံရေး ခေါင်း ဆောင် မျိုးဆက်တစ်ခုနှင့်တစ်ခု စေတနာမှန်ဖြင့် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော တိုင်းရင်းသားအရေးကို မှေးမှိန်အောင် ကြံစည်ကြ ခြင်းသာဖြစ်သည်။

တကဲ့လက်တွေ့တွင် တိုင်းရင်းသားများဘက်မှ ဖက်ဒရယ်မူတစ်ခု အမြဲတမ်းရှိနေပြီး ၎င်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ကိုလိုနီခေတ်အလွန် နိုင်ငံတည်ဆောင်ရေးကြိုးပမ်းမှုများတွင် အများတက်တက်ကြွကြွ ပါဝင်ရေးဆွဲခဲ့သည့် သမိုင်းဝင်အကိုးအကား စာရွက်စာတမ်းသုံးခုမှ ထုတ် နုတ်ရေးဆွဲထားသည့် ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်မူဖြစ်သည်။ ထိုအကိုးအကားသုံးခုမှာ ၁၉၄၇ ပင်လုံစာချုပ်၊ ၁၉၄၇ ပြည်ထောင်စု ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဉပဒေနှင့် ၁၉၆၁ တိုင်းရင်းသားများ၏ ဖက်ဒရယ် အဆိုပြုချက်မူ တို့ဖြစ်သည်။ ပြောင်းလဲလာသည့် အချိန်နှင့်အမျှ လိုက်ပါချိန်ညှိ ပြောင်းလဲရန် လိုအပ်သည်ကား မှန်ပါသည်။ သို့သော် တိုင်းရင်းသားများတွင် သူတို့လိုလားသည့် ဖက်ဒရယ်အမျိုးအစားနှင့် ပတ်သက်သည့် စိတ်ကူးစိတ်သန်းမရှိဟူသည့်အချက်မှာ လုံးဝမမှန်ကန်ပါ။ ထို့အပြင် ၁၉၆၀ ပြည့်နယ်များတွင် ဖက်ဒရယ် ပြုပြင် ပြောင်းလဲ မှုနှင့် ဒီမိုကရေစီစနစ် အဆုံးသတ်ခြင်းကြောင့် နိုင်ငံ ကျဆင်းခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြစ်ပွားပျံ့နှံ့ခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ ထိုအမှားမျိုး၊ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်မှုမျိုး ထပ်မဖြစ်ရန် အရေးကြီးပါသည်။

လာမည့်လွှတ်တော်သက်တမ်းအတွင်း တစ်မျိုးသားလုံး ဘုံသဘောတူညီချက် ရရှိရန် လွယ်ကူမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု မစတင်မီမှာပင် ထစ်နေမည့် နေရာများ ရှိနိုင်ပါသည်။ ထိုအထဲတွင် ပိုမိုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများဖြစ်သည့် တအောင်းနှင့် ဝ လူမျိုးတို့တွင် “ပြည်နယ်” တောင်းဆိုမှုများရှိသည်၊ ရှစ်ပြည်နယ်မူ (လက်ရှိတိုင်းရင်းသားပြည်နယ် ၇ ခုနှင့် ဗမာပြည်နယ် ၁ ခု) ရှိနေသည်၊ လက်ရှိ ၇ တိုင်း ၇ ပြည်နယ်ကို ဆက်သွားမသွား ငြင်းခုန်မှု ရှိနေသည်။ တိုင်းရင်းသားအုပ်စုများဘက်တွင် စစ်မှန်သည့် ဖက်ဒရယ်စနစ်တွင် ၁၉၅၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သလို အာဏာကို ပြည်ထောင်စုမှ သိမ်းကြုံးရယူထားခြင်းနှင့် နိုင်ငံ၏ ဗဟိုချက်ကိုသာ အာရုံစိုက်ခြင်းတို့ မဖြစ်စေရန်အတွက် မဖြစ်မနေ တားဆီးရမည်ဟူသည့် စိုးရိမ်မှုများက ရှိနေသည်။

ထိုနောက်ပြဿနာမှာ ပိုခက်ခဲကောင်း ခက်ခဲနိုင်သည်။ လွတ်လပ်ရေးရစဉ်ကတည်းကပင် ကိုလိုနီခေတ် ဗမာပြည်မသည် နိုင်ငံအရေးကို သိသိသာသာ လွှမ်းမိုးလာခဲ့သည်။ ပထမပိုင်းတွင် ဗိုလ်ချုပ်နေဝင်း၏ ဗမာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံတွင် “တိုင်း” ၇ တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး၊ ၂၀၀၈ ခုနှစ် စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံတွင် တိုင်းရင်းသားပြည်နယ်များနှင့် တန်းတူ အခွင့် အရေးရှိသည့် “တိုင်းဒေသကြီး” တစ်ခုစီအဖြစ် တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် “ဗမာလူများစု”များ၏ တိုင်းဒေသကြီး ၇ ခုနှင့် “ဗမာမဟုတ်သည့်” တိုင်းရင်းသား ပြည်နယ် ၇ ခုအကြား အာဏာမညီမျှမှုဖြစ်ပွားစေသည်။ တိုင်းရင်းသားအများစုသည် ရှေးဘိုးဘေးဘီဘင်တို့ မျှော်မှန်းထား ခဲ့ကြသည့်အတိုင်း မျှတသော ပြည်နယ်အခြေပြု ဖက်ဒရယ်စနစ်ကို တည်ထောင်နိုင်ရန်အတွက် ဗမာပြည်နယ်တစ်ခု ဖန်တီးရန် ဆက်လက် တွန်းအားပေးနေသည်။

နိုင်ငံရေးအယူအဆနှင့် ပတ်သက်လျှင် ရှင်းလင်းသည့် မေးခွန်းတစ်ခုမဟုတ်သော်လည်း ပြည်ထောင်စု ဗမာနိုင်ငံ မည်သို့ ပေါ်ပေါက်လာခဲ့ သည်ဟူသည့်သမိုင်းကြောင်းနှင့် လူတိုင်းအတွက် မျှတမှုနှင့် လုံခြုံမှုဖြင့် အနာဂတ်တွင် မည်သို့ အောင်မြင်စွာ ရပ်တည်နိုင်မည်ဟူသည့် အမြင်ကို ထင်ဟပ်မှုသာဖြစ်သည်။ နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းကမှ တိုင်းရင်းသား တစ်မျိုးတည်းနေထိုင်သော အစိတ်အပိုင်းမဟုတ်ပေ။ နယ်နိမိတ်ပိုင်းခြားမှုသည် နိုင်ငံရေးနှင့် ရပ်တည်ချက် သဘောထားအမြင်ဆိုင်ရာ မေးခွန်းများကို အရင်းစစ်၍ အဖြေထုတ်ပေးနိုင်မည်ကား မဟုတ်ပေ။ ပဋိပက္ခများ၏ ခါးသီးသော အတွေ့အကြုံများအရ အသိပေးနေသည်မှာ လွတ်လပ်ရေးယူခဲ့စဉ်က သဘောတူညီခဲ့သည့် မျှတမှု အခြေခံကောင်းများကို ပြန်လည်ဖော်ထုတ်နိုင်မည့် အနေအထားရောက်ရန်အတွက် တိုင်းရင်းသား နိုင်ငံရေး အခြေအနေကို ပြန်လည်ပုံဖော် ယူရေးမှာ ယနေ့အချိန်တွင် အရေးကြီးသည်။

မအောင်မြင်သည့် နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး

သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဘာကြောင့် နောက်ဆုံးအဆင့် သဘောတူညီမှုကို မရောက်ရသနည်း ဟူသည့်အချက်နှင့် ပတ်သက်သည့် အမြင်ပေါင်းမျိုးစုံကို ကြားရပါလိမ့်မည်။ သို့သော် တိုင်းရင်းသားအုပ်စုများအတွက်မှု ထိုသို့မအောင်မြင် ရသည့် အချက်မှာ ဝမ်းနည်းစရာကောင်းလောက်အောင် မကြာခဏ ကြုံတွေ့ရသည့် အကြောင်းအချက်တစ်ခုပင်ဖြစ်သည်။ ပဋိပက္ခ ဒေသ များရှိ စစ်ရေးဆောင်ရွက်ချက်များတွင် ရရှိသည့် အာဏာများဖြင့် အကျိုးအမြတ်များ ရရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုများအဖြစ် မမြင်ပဲ “ဥပဒေချိုးဖောက်သူ များ” သို့မဟုတ် “သောင်းကျန်းသူများ” အဖြစ် ရှုမြင်ကြသည့် တပ်မတော်ခေါင်းဆောင်ပိုင်းမှ သက်ဆိုင်သူများ အားလုံးပါဝင်စေလိုမှု မရှိခြင်း နှင့် ရိုးဖြောင့်မှုမရှိခြင်းကြောင့် ဖြစ်သည်။

ထိုအခြေခံကြောင့်ပင် အတားအဆီးများစွာ ကြုံတွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိပေ။ ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်ကရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေကို လိုက်နာရမည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့ပြီး၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကို “လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ပြန်လည်ပူးပေါင်းပါဝင်ရေး (DDR)” လက်ခံရ မည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်ကို ကြည့်နိုင်သည်။ ထိုသို့ပြုလုပ်လိုက်ပါက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဖျက်သိမ်းလျှင်ဖျက်သိမ်း မဖျက်သိမ်းလျှင် တပ်မတော်လက်အောက်မှ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်း လဲရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ပဋိပက္ခဒေသများတွင် ထိုကဲ့သို့သော တပ်များစွာ ပေါ်ထွက်လာခဲ့သည်။ ထိုအမြင်က တိုင်းရင်း သား ခေါင်းဆောင်များသည် နိုင်ငံရေးအရ အဖြေထုတ်မှုကို လိုလားပြီး၊ လက်နက်ချခြင်းသော်လည်းကောင်း၊ ၎င်းတို့လူမျိုးများအတွက် ပိုမို စစ်ရေးအားကောင်းလာခြင်းကိုသော်လည်းကောင်း မလိုလားဟူသည့် အချက်ကို မျက်ကွယ်ပြုခြင်းဖြစ်သည်။

နောက်ထပ် မအောင်မြင်ရသည့် အချက်တစ်ချက်မှာ " နွားရှေ့ထွန်ကြူးခြင်း " ကြောင့်ဖြစ်သည်။ တပ်နယ်နိမိတ်များ ခွဲခြားမှု၊ စစ်ဘက် ကျင့်ဝတ်နှင့် နိုင်ငံအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံကောင်းများ မရှိသေးပဲ၊ ပူးတွဲ အပစ်ရပ် စောင့်ကြည့်ရေးနှင့် ထိန်းသိမ်းရေး ယန္တရားများ အဆင်သင့်မရှိသေးပဲ တိုင်းရင်းသား တပ်ဖွဲ့များကို တစ်ဖွဲ့ချင်း “နိုင်ငံတစ်ဝှမ်း အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်” အရင် လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များအားလုံး အတူတူ စိုးရိမ်ကြသည့်အချက်မှာ တပ်မတော်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ်ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (ကိုးကန့်)နှင့် ရက္ခိုင်တပ်မတော်တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို ထိုးစစ်ဆင်မှုများ ရှိနေခဲ့သည်။

" လုံခြုံရေး အဓိက " ဟူသည့် ရပ်တည်ချက်ကို ကိုင်ဆွဲလျက် တပ်မတော်အရာရှိများသည် အကြောင်းမျိုးစုံရှာ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ကို ဦးသိန်းစိန်၏ NCA လုပ်ငန်းစဉ်တွင် ဆွေးနွေးဘက်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့သည်။ သို့သော်ထိုအခြေအနေသိသိသာသာ အသေအပျောက်များ ရှိနေသော၊ နေရပ်စွန့်ခွာရသူများ တိုးသထက်တိုးလာနေသော ပဋိပက္ခဒေသများကို အကျိုးသက်ရောက်မှုကမကောင်း မွန်လှပါ။ အများသိကြသည့်အတိုင်းပင် လက်ရှိ ပဋိပက္ခဒေသဖြစ်သည့် နိုင်ငံ၏ အနောက်မြောက်ပိုင်းမှာ နဝတ၊ နအဖ အစိုးရများ လက်ထက်က စံပြအပစ်ရပ်ဒေသများအဖြစ် ဆောင်ရွက်ခဲ့ကြဖူးသည်။ နိုင်ငံအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းမှာ နိုင်ငံရေးအကြောင်းပြချက်များအရရော၊ စီးပွားရေးအကြောင်းပြချက်များအရပါ ဖြစ်သည်။

ထိုအခြေအနေတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် တက်တက်ကြွကြွလှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်ဝက်အောက်တွင်သာ ရှိသော အရေအတွက်က NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲနှင့် နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေး ရရှိရေးတွင် ပိုမို ဒီမိုကရေစီနည်းကျပြီး လူထုကို ကိုယ်စားပြုနိုင်သည့် အစိုးရက နောက်တစ်ဆင့်ကို လမ်းကြောင်း ဖော်နိုင် လိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် အဓိကကျသည့် အဖွဲ့များအားလုံးနီးပါး မပါဝင်ခဲ့ကြပေ။

အလျော့အတင်းလုပ်၍ ရနိုင်မလား

လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သေချာရေရာမှု မရှိပေ။ ယခုအချိန်အထိ NCA သည် တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရေးအဖြစ်သာ အသက်ဝင်နေသေးပြီး စုစုပေါင်း ၂၁ ဖွဲ့မှ ၈ ဖွဲ့ကသာ နိုင်ငံအဆင့် အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသေးသည်။ သို့သော် နိုင်ငံ၏ သမိုင်းကြောင်းတွင် အရေးကြီးဆုံး အကူးအပြောင်းကာလကို ဖြတ်သန်းနေရဆဲအခြေအနေတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သာမန်အခြေအနေရောက်ရှိရေးအတွက် တစ်စိတ်တစ်ပိုင်းသော NCA ဖြင့် ဖော်ဆောင်၍မရနိုင်ပါ။ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် တိုက်လေယာဉ်များအပါအဝင် တပ်မတော်၏ စစ်ဘက်အရင်းအမြစ်များကို အမြောက်အမြားအသုံးပြုမှုများက နိုင်ငံရေးအရ ကျေလည်မှုရရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။

အဖြေများစွာ ရှာခဲ့ အဆိုပြုခဲ့ကြပြီးဖြစ်သော်လည်း သီအိုရီနှင့် အသေးစိတ်ပိုင်းတွင် ရှုပ်ထွေးနေဆဲဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပထမ ဦးဆုံး ဆောင်ရွက်သင့်သည်ဟု ယူဆသည်မှာ အချင်းချင်း တိုက်ခိုက်နေသော အုပ်စုများအကြား “လက်ခံထားသည့် တန်ဖိုးများ” ဟုပဲဆိုဆို မည်သည့် အယူအဆ ကွဲပြားမှုများက မပြီးပြတ်နိုင်သည့် ရန်လိုမှုနှင့် ပဋိပက္ခများဖြစ်စေရသည့် အဓိကအချက်ဖြစ်သနည်းဟူသည့်အချက်ကို ဖော်ထုတ်ရမည်အချိန်ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးတွင် အခြေခံကျသည့် အချက်များကို ရှာဖွေရာတွင် ကျွန်တော်တို့ အချင်းချင်းအကြား ရင်ကြားစေ့သင့်မြတ်ရေးနှင့် နားလည်မှုကို တည်ထောင်နိုင်မည့် နည်းလမ်းအား ဖော်ထုတ်သင့်ပါသည်။ ယနေ့ ဗမာ/မြန်မာဖြစ်သာသည့် နိုင်ငံရေး အစုအဖွဲ့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု သို့မဟုတ် ဝေမျှပါဝင်နေသည့် သမိုင်းကြောင်းကိုမှ သဘောမတူညီနိုင်ကြလျှင် အဖြေမှန် ရှာဖို့ ခက်ပါလိမ့်မည်။

တိုင်းရင်းသားများ၏ ရှုထောင့်မှ ကြည့်လျှင် ဗမာအများစု ပါဝင်နေသည့် တပ်မတော်၏ အချုပ်အခြာအာဏာပိုင်ပါသည်ဟု ကိုယ့် ဘာသာ ကိုယ် ကြွေးကြော်နေခြင်းသည် လျော်ကန်သင့်မြတ်မှုမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်လည်း တန်းတူဝေစုတစ်ခုကို ပိုင်ဆိုင် နေသည်ဟု ယူဆနေပြီး၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်နေသည့် ဤကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာမှာ ပူးပေါင်း ခွဲဝေ ထားရ မည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ထို့အတူ နေပြည်တော်တွင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားရုပ်ထုများ မြင့်မားစွာ ထုလုပ် တန်ဆာဆင်ထားသည့် အခြေအနေမှတစ်ဆင့် တွေ့မြင်ရသည့် အနော်ရထာခေတ်ကတည်းက တစုတစည်းတည်းသော နိုင်ငံတော် အဖြစ် ရှိခဲ့သည်ဟူသည့် တပ်မတော်၏ ယနေ့မြန်မာနိုင်ငံကို ပုံဖော်မှုမှာလည်း ပိုမို သိမြင်နားလည်မှုရှိပြီး ဖက်ဒရယ်စနစ်ကို ဦးတည်သည့် အပြောင်းအလဲကို မျှော်မှန်းနေသည့် မတူညီသော တိုင်းရင်းသားအုပ်စုများအကြား မျှော်လင့်ချက်များကိုလည်း အားမကောင်းစေပါ။

ဆန့်ကျင်ဘက်အားဖြင့် တိုင်းရင်းသားအုပ်စုများသည် ဗမာနိုင်ငံကို သူတို့ကိုယ်တိုင် စိတ်လိုလက်ရ ပါဝင် တည်ထောင်ခဲ့သော၊ သူတို့လည်း တန်းတူပြောရေးဆိုခွင့်ရှိရမည်ဖြစ်သော ခေတ်သစ် နိုင်ငံရေး အစုအဖွဲ့ အသစ်တစ်ခုဖြစ်ရမည်ဟူသည့် အမြင်ရှိကြသည်။ သေချာသည်မှာ သူတို့ကိုယ်သူတို့ ပဝေသဏီက စစ်ရေးသမိုင်းကြောင်းကို အတင်းသွတ်သွင်းနေသည့် တပ်မတော်၏ လက်အောက်ခံအဖြစ် မရှုမြင်ပေ။ ထို့အတူပင် ဗမာအများစု လွှမ်းမိုးထားသည့် မျက်မှောက်ခေတ် တပ်မတော်သည် တိုင်းရင်းသားဒေသများသို့ ဝင်ရောက်ပြီး အချုပ်အခြာ အာဏာကို ကာကွယ်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲစေရန်ဟူသည့် အကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများ ဆောင်ရွက် နေသည်။ ထိုအကြောင်းပြချက်များသည် ထိုစစ်ဆင်ရေးများသည် မိမိတို့၏ နယ်မြေများအား ကျူးကျော်သိမ်းပိုက်မှုများနှင့် စစ်ပြုမှုများ သာ ဖြစ်ပြီး ပြန်လည်ခုခံရမည်ဟု ယူဆနေသည့် ဒေသခံများအတွက် ယုတ္တိလည်းမရှိသလို နားကလောစရာဖြစ်လာစေခဲ့သည်။

သို့သော် ထိုအခြေအနေသည် မျှော်လင့်ချက် လုံးလုံးမဲ့သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။ အပြောင်းအလဲကို မျှော်ကိုးသည့် စိတ်အား ထက်သန်မှုများမှာ နိုင်ငံအနှံ့အပြားတွင် သိသိသာသာ မြင်တွေ့နေရသည်။ လူငယ်မျိုးဆက်သစ်များတွင်လည်း တွေ့နေရသည်။ “ဒုတိယ ပင်လုံ” ခေါ်ပြီး တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ၂၁ ရာစု ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်မည်ဆိုလျှင် အတူတကွ ညီညီ ညွတ် ညွတ် ယှဉ်တွဲ တည်ရှိ နေထိုင်နိုင်မည့် လူ့အဖွဲ့အစည်းကို ထူထောင်ရန် ပထမခြေလှမ်းကို စနိုင်မည်ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်ကို လူထု၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို လိုလားမှုကို ဖော်ဆောင်ရန်အတွက် လူထုမှ အသိအမှတ်ပြု အာဏာအပ်နှင်းလိုက်ပေပြီ။ နိုင်ငံရေး အပြောင်းအလဲ ပိုမိုထိထိရောက်ရောက် ဖြစ်ပွားနိုင်ရန်အတွက် အရှိန်အဟုန်ကောင်း ရလာနေပြီဟုလည်း နိုင်ငံသားအများစုက ယုံကြည်နေကြသည်။

လက်ရှိအချိန်တွင် တပ်မတော်၏ တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကမူ အနာဂတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပိုမိုကြီးမားများပြားစွာ ပြုလုပ်နိုင်ရေး ပြင်ဆင်နေကြပြီဖြစ်သည်။ လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ အကာအကွယ်ပေးရေး ဥပဒေက အပ်နှင်းထားသည်ထက်ပိုသည့် အခွင့်အရေးများ လုပ်ပိုင်ခွင့်များ အပ်နှင်းပြီး အားကောင်း မောင်းသန်ဖြစ်စေရန်အတွက် ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း မြန်နိုင်သမျှ မြန်မြန် ဖော်ဆောင်နိုင်ရန်အတွက် တပ်မတော်က ထိန်းချုပ်ထားသည့် ပြည်ထဲရေး၊ ကာကွယ် ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများကို တွန်းအားပေးခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင် ရွက်ခြင်းတို့ ပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားနိုင်သည်။

အကျဉ်းချုပ်ဆိုရသော် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည့် စိတ်ပျက်ဖွယ်အဖြစ်အပျက်များနှင့် ဒုက္ခများကို ခံစားခံရပြီးနောက် အဘက်ဘက်မှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အစုအဖွဲ့များကသာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးကို အမှန် တကယ်ဖော်ဆောင် ကြမည်ဆိုပါက နိုင်ငံသည် ကောင်းမွန်သော အပြောင်းအလဲကို ဦးတည်သွားမည်ဖြစ်ပါသည်။ ဤနေရာတွင် စိတ် စေတနာမှန်မှု၊ နိုင်ငံရေး စိတ်ဆန္ဒရှိမှုနှင့် ညှိနှိုင်းအဖြေရှာရန် အမှန်တကယ်လိုလားမှု များသည် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ကျော် ဖြတ်ရန်အတွက် မဖြစ်မနေလိုအပ်သော အရာများဖြစ်ပါသည်။ ထိုအရာများမရှိပါက ပြီးခဲ့သည့် နိုင်ငံရေး အခင်းအကျင်း အဆက်ဆက်တွင် ကြုံတွေ့ခဲ့ရသလိုပင် ငြိမ်းချမ်းရေး၊ ညီညွတ်မျှတရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသည့် အစဉ်တစိုက်မျှော်မှန်းလာခဲ့ကြသည့် မျှော်လင့်ချက် များကို အနားမသီနိုင်ပဲ တဝဲလည်လည် ဖြစ်နေမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာတွင် သမိုင်းတလျောက် ပဋိပက္ခများကို ဖြစ်ပွား စေခဲ့သည့် သက်ဆိုးရှည်နေစေခဲ့သည့် အယူအဆ မတူကွဲပြားမှုများကို ပေါင်းကူးနိုင်မည့် နည်းလမ်းများကို အစုအဖွဲ့အားလုံးက ရှာဖွေ ဖော်ထုတ်ကြရန် အရေးကြီးပါသည်။ ထိုလုပ်ငန်းကို နိုင်ငံ၏ အာဏာနှင့် အရင်းအမြစ် ခွဲဝေမှု လိုအပ်ချက်နှင့် ၎င်းမှ ရရှိမည့် နှစ်ဖက် အကျိုးအမြတ်များကို လက်ခံအသိအမှတ်ပြုခြင်းကို အခြေခံသည့် အပြုသဘော ဆွေးနွေးမှုဖြင့် ယှဉ်တွဲဆောင်ရွက်နိုင်ပါသည်။ ထိုအရာ ကား လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့်အပြင် လွတ်လပ်ရေးခေတ် ခေါင်းဆောင်များ သဘောတူခဲ့၊ မျှော်မှန်းခဲ့ကြသော အရာလည်း ဖြစ်ပါသည်။

စိုင်းဝန်းဆိုင်သည် ရှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူဖြစ်ပြီး Shan Democratic Union ၏ အထွေထွေ အတွင်းရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သည်။

ဤသုံးသပ်ချက်သည် ဆွီဒင်မှ ရန်ပုံငွေထောက်ပံ့ပေးထားသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။