လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်ရပါတော့မလား

လဖိုင်ဆိုင်းရော်၏ မြန်မာပြည်နိုင်ငံရေးသုံးသပ်ချက်
18 February 2021
Article

ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲ မြင်ကွင်း (ဓာတ်ပုံ KBC) / Photo credit KBC

ကျမတို့ရဲ့ အနာဂတ်လှပဖို့ လှိုဏ်ခေါင်းထဲက ဘယ်ပုံဘယ်နည်းနဲ့ထွက်ရမလဲ ဆိုတဲ့ မေးခွန်းကို မေးရပါ တော့မယ်။

ကိုဗစ် ၁၉ ကာလအတွင်း ကျမရဲ့မှတ်စုအဟောင်းတွေကို ပြန်ကြည့်ဖြစ်တယ်။ ၁၉၉၀ ဖေဖဝါရီလ ၂၄၊ ထိုင်းနိုင်ငံ၊ ကန်ဖန်ဖက်ပြည်နယ် ခေါင်းစဉ်တပ်ထားတဲ့ မှတ်စုက ထူးခြားနေသလိုပဲ။ အဲဒီနေ့မှာ ကျမဟာ ထင်ရှားတဲ့ ကချင်တိုင်းရင်းသားတစ်ယောက်နဲ့ ခရီးထွက်နေခဲ့တယ်။ သူကတော့ ၁၉၈၀ ပြည့်နှစ်များထဲ အစ္စရေးနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒူဝါလဝမ် ဖြစ် တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချိန်က စေ့စပ်ညှိနှိုင်းပေးသူ သုံးယောက်ထဲက တစ်ယောက်။ ကရင်ပြည်နယ်၊ မာနယ်ပလောကို သွားကြရင်း နအဖက ၁၉၉၀ မေလမှာ ကျင်းပပေးမဲ့ အထွေထွေရွေးကောက်ပွဲအကြောင်း ကျမတို့ ဆွေးနွေးဖြစ်ကြတယ်။ ဒီနေ့ဒီအချိန်မှာတော့ သူ့စကားတွေက သွေးထွက်အောင်မှန်တယ်လို့ ပြောရတော့မယ် _

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်လောက်တယ်၊ မဲအနည်းငယ်အသာစီးနဲ့။ စစ်တပ်ကတော့ အနိုင်ရပါတီက သူတို့နဲ့ အာဏာခွဲဝေအုပ်ချုပ်မယ်ဆိုမှ အာဏာလွှဲပေးမှာပဲ။ အနိုင်ရပါတီရဲ့ အာဏာအခြေခံဖြစ်စေမဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေမရှိသေးတော့ ရွေးကောက်ပွဲအပြီးဖြစ်လာမဲ့ အစိုးရဆိုတာကလည်း အထွေထွေညီလာခံ မခေါ်နိုင်မချင်း ယာယီအစိုးရပဲ ဖြစ်နေမှာ။

ရွေးကောက်ပွဲတွေအပြီး ဘာဖြစ်နိုင်တယ် ဆိုတဲ့ လဝမ်ရဲ့ ဟောကိန်းက ကွက်တိပဲ။ စစ်တပ်က အာဏာလွှဲမပေးခဲ့ဘူး၊ သူပြောသွားတာတွေ ယနေ့အထိ မှန်ကန်ဆဲ။ ဒါပေမယ့် သူအပါအဝင် ကျမတို့ အများစုဟာ ၁၉၉၀ နောက်ပိုင်း ဆယ်စုနှစ်များမှာ သာမန်ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တောင်ပြိုကမ်းပြို ဆက်လက်အားပေးဝန်းရံကြမယ်ဆိုတာ လျှော့တွက်ခဲ့ကြတယ်။ အန်န်အယ်လ်ဒီဟာ ၁၉၉၀၊ ၂၀၁၂ (ကြားဖြတ်ရွေးကောက်ပွဲ)၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတိုင်းမှာ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့တယ်။ ရှည်လျားလှတဲ့ အဲဒီနှစ်များအတွင်းမှာ လူတိုင်းလက်ခံထားတဲ့ ပန်းတိုင်တစ်ခုတော့ ရှိခဲ့တယ်၊ အဲဒါကတော့ လူမျိုးစုတိုင်း၊ နိုင်ငံရေးပါတီတိုင်း လက်ခံတဲ့ အခြေခံဥပဒေတစ်ခု လိုအပ်တယ်ဆိုတာပဲ။ အဲဒီပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားရမယ်ဆိုတာ အခရာကျတဲ့ မေးခွန်း ဖြစ်တယ်။

သွားလေသူ ကေအိုင်အို ဥက္ကဌ မရန်ဘရန်ဆိုင်းဆိုရင် နဝတရဲ့ အခြေခံဥပဒေဖြစ်မြောက်ရေး လုပ်ငန်းစဉ်ကို ပုံအောပြီး ယုံကြည်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။ ၁၉၉၀ နှစ်များအစပိုင်းလောက်မှာ နဝတက အဆိုပြုတဲ့ (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဆက်လက်ဆွဲကိုင်နိုင်တယ် ဆိုတာပါတဲ့) အပစ်အခတ်ရပ်ဆဲရေး ကမ်းလှမ်းမှုက အဲဒီအခြေအနေအရတော့ လက်ခံနိုင်စရာပဲ၊ သိပ်အဆင်ပြေစေမဲ့ လိုက်လျောမှုတစ်ခုလို့ မြင်ခဲ့ကြတယ်။ ဥက္ကဌကြီးဘရန်ဆိုင်းရဲ့ ဦးဆောင်မှုအောက်မှာ မျှော်လင့်ချက်တဖက်၊ သတိကြီးစွာထားရမှုတဖက်နဲ့ ကေအိုင်အိုဟာ  ၁၉၉၄ ဖေဖော်ဝါရီလမှာ နဝတနဲ့ အပစ်အခတ်ရပ်ဆဲဖို့ သဘောတူညီခဲ့တယ်။ နစ်နာခဲ့ရတာတွေကို ပြေလည်စေဖို့ ကတိပေးထားတဲ့ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲမဲ့ အထွေထွေညီလာခံကြီးမှာ  ပြည်ထောင်စုကြီးကို အတူတူ တည်ဆောက်နေကြသူတွေနဲ့အတူ ပါဝင်ခွင့်ရတာဟာ သူ့အတွက်တော့ ဘုရားပေးတဲ့ အခွင့်အရေးလို့ သူ မြင်ခဲ့တယ်။ ဗမာ၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရှမ်းနဲ့ရခိုင် - အဲဒီတိုင်းရင်းသားပေါင်းစုံက တိုင်းပြည်ရဲ့ အနာဂါတ်အတွက် အဖြေတစ်ခုကို ဝိုင်းဝန်းရှာနိုင်ကြပြီလို့ သူတွေးခဲ့တယ်။

ကံဆိုးတာကတော့ အဲဒီနောက်ပိုင်းသမိုင်းဖြစ်ရပ်တွေက သင်ယူခဲ့ကြရတဲ့အတိုင်း နဝတ (နောင်တွင် နအဖ ဟုအမည်ပြောင်း) လက်အောက်မှာ ကျင်းပတဲ့ အထွေထွေညီလာခံကြောင့် အငြင်းပွားစေတဲ့၊ သဘောထားကွဲလွဲမှုဖြစ်စေတဲ့ နိုင်ငံရေးစနစ်တစ်ခုကိုသာ ရရှိခဲ့ပါတယ်၊ အဲဒီညီလာခံဟာ စကတည်းက ယဉ်သကို ဖြစ်ရုံမက၊ ညီလာခံရလာဒ်တွေကို အကောင်အထည်ဖော်ရာမှာလည်း ညံ့ဖျင်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဆိုတာ ကျမတို့နိုင်ငံနဲ့ဝေးပါသေးတယ်၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့မရအောင် သုံးချောင်းလုံးရှိမှ အလုပ်ဖြစ်မဲ့  ဆက်စပ်မှုရှိတဲ့ သော့သုံးချောင်းနဲ့ ခတ်ထားတယ်။ ပထမသော့က ဥပဒေပြုလွှတ်တော်တိုင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာနှုန်းရှိရမယ်ဆိုတာပါ။ ဒုတိယက အခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်နှစ်ရပ်လုံးက ၇၅ရာနှုန်းကျော်မဲပေးမှ ရမယ်တဲ့။ တတိယအချက်ကတော့ ဝန်ကြီးဌာနသုံးခုကို ထိမ်းချုပ်ထားတဲ့အပြင် တပ်မတော်ခေါင်းဆောင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်မယ်၊ စောင့်ရှောက်မယ်လို့ အခိုင်အမာ ပြောဆိုနေတာတွေ ဖြစ်တယ်။

အဲဒီလိုအခြေအနေကြောင့်  နိုင်ငံရေးဒွိဟ ရှိနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက စစ်တပ်အမတ်တွေ ပါဝင်မဲပေးစေဖို့ ဖြစ်တယ်။ စစ်တပ်က မဲပေးပါ့မလား။ တကယ်လို့ သူတို့ပြောတဲ့အတိုင်း  ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပဲ  ၂၀၂၂မှာ ရွေးကောက်ပွဲပြန်ကျင်းပပေးရင် ဘာဖြစ်နိုင်လဲ။ အဲဒီလို လုပ်မယ်ဆိုရင်တော့ စစ်ခေါင်းဆောင်တွေဟာ အရပ်သားအစိုးရရဲ့ အစိတ်အပိုင်းတော်တော်များများကို သူတို့ ထိန်းချုပ်လို့မရရင် အာဏာလွှဲပေးမှာမဟုတ်ဘူးဆိုတာ လူထုကို ရှင်းရှင်းပြောလိုက်သလို ဖြစ်နေမယ်။ အနှစ်ချုပ်ကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအတိုင်းဆို ဘာမှပြောင်းလဲမှာမဟုတ်။ ဒီလိုနဲ့ပဲ နိုင်ငံရေးအကြပ်အတည်းဟာ ကျမတို့နိုင်ငံမှာ အင်မတန်နက်ရှိုင်းလာပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်လင်းအားကြီးအချိန် စစ်တပ်က အာဏာသိမ်းတယ်လို့ ကြေငြာတော့  ကျမရဲ့ မူလအတွေးက အများနဲ့ မတူခဲ့ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို ရပ်နားလိုက်ပြီး အထွေထွေညီလာခံ ကျင်းပရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆိုရင်တော့ လှိုဏ်ခေါင်အဆုံးမှာ အလင်းရောင်တွေ့ရကောင်း တွေ့ရနိုင်တယ်။ တရားမျှတမှုမရှိတဲ့စနစ်တစ်ခုနဲ့ သမမျှတမှုမရှိတဲ့ကိုယ်စားလှယ်စနစ်ကို တဖြည်းဖြည်း အသွင်းပြောင်းယူဖို့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အတွေ့အကြုံများအရ ကျမတို့ သိလာကြတယ်။ နိုင်ငံရေးဒိုင်ယာလော့တွေ၊ ငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်အားလုံးမှာ ပြည်သူလူထုအားလုံးပါဝင်မှ ၂၀၂၁ခုနှစ်မှာ နိုင်ငံတော်ကျရှုံးခြင်းသံသရာကလွန်မြောက်မှာ ဖြစ်တယ်။ 

လွန်ခဲ့တဲ့ရက်သတ္တနှစ်ပတ်အတွင်း နိုင်ငံရေးပြဿနာဟာ ပိုမိုနက်ရှိုင်းလာပြီး ဘဝရပ်တည်ရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုတွေဟာ နိုင်ငံအနှံ့ကို ပြန့်နှံ့သွားခဲ့တယ်။ ဒီလိုအခြေအနေမျိုးဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက်တော့ အမြဲတမ်း ရင်ဆိုင်ခဲ့ရတဲ့ အရှိတရားပါ။  စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပျက်ပြားခဲ့တာမျိုး အရင်ကလည်း ကျမတို့ ကြုံခဲ့ဖူးပါတယ်။ ဒီအချိန်ဟာ သွေးပျက်နေရမဲ့အချိန်တော့ မဟုတ်ပါဘူး။ တခြားအချိန်တွေထက်ကို လတ်ဆတ်တဲ့အတွေးအခေါ်တွေ လိုအပ်တဲ့ အချိန်၊ လျစ်လျူရှုထားခဲ့ကြတဲ့  ဖြေရှင်းနိုင်တဲ့ တခြားနည်းတွေလည်း ရှိသေးတာ သိဖို့လိုပါတယ်။ ဖေဖဝါရီလ အတွင်း အဖြစ်အပျက်တွေကြောင့်  မြန်မာနိုင်ငံမှာ အခြေခံကစပြီး ပြောင်းလဲဖို့လိုတယ် ဆိုတာ တကမ္ဘာလုံးကို ချပြသလို ဖြစ်သွားပါတယ်။

စိန်ခေါ်မှုတွေနဲ့အတူ ကြီးမားတဲ့ တာဝန်ယူမှုတွေလည်း ပါလာကြပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခက်အခဲက အမှန်တကယ် လွတ်မြောက်ချင်ရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတိတ်က သင်ခန်းစာတွေကို သင်ယူကြရပါမယ်။ အဲဒီလိုမဟုတ်ရင်တော့ ဘယ်နိုင်ငံရေးစနစ်ပဲလာလာ အဓိကအာဏာရှင်တွေ ပြောင်းလဲမသွားဘူးလို့ ကျမတို့ ယူဆခဲ့တဲ့ ၁၉၈၈ မတိုင်ခင်ခေတ်ကို ပြန်ဆွဲနေပြီလို့ တိုင်းရင်းသားလူမျိုးစုတွေက ယုံကြည်သွားကြပါလိမ့်မယ်။ ၁၉၈၈ တုန်းကတော့ မြို့ကြီးတွေမှာ ဗမာလူမျိုးအများစုက ဆန္ဒပြနေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြည့်ရှုသူပရိတ်သတ်ပဲ လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို ခိုလှုံလာကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ကျောင်းသားတွေနဲ့ လွှတ်တော်အမတ်များကြောင့်သာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဒီမိုကရေစီအင်အားစုအကြား ခိုင်မြဲတဲ့လက်တွဲမှုနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ကျမတို့အားလုံးရဲ့ ဘုံတိုက်ပွဲဟာ လွတ်လပ်ခွင့်အတွက်ဆိုတာကို သဘောပေါက်လာကြပြီး စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးစားကြမယ်လို့ အတူတကွ ကတိပြုခဲ့ကြတယ်။

အဲဒီညီညွတ်ရေးဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အလွန်ကာလများမှာ လုံးပါးပါးလာခဲ့တယ်။ အဲဒီအခြေအနေကြောင့် ကျမတို့နိုင်ငံဟာ “စစ်တပ်နိုင်ငံ” ဒါမှမဟုတ် “အဖအမွေနိုင်ငံ” ဒါမှမဟုတ် အဲဒီနှစ်ခုကိုပေါင်းထားတဲ့နိုင်ငံ အမြဲဖြစ်နေမှာလားဆိုတဲ့ ကျမတို့ရဲ့သံသယကို ပိုမိုကြီးထွားစေခဲ့တယ်။ ဗမာလူမျိုးအများစုရဲ့နိုင်ငံရေးပြဿနာဟာ တိုင်းပြည်တပြည်လုံးရဲ့ မတည်ငြိမ်မှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို သူတို့သဘောမပေါက်မှာ ကျမတို့ စိုးရိမ်တယ်။ အလယ်က ဗမာနိုင်ငံရေး မတည်ငြိမ်သရွေ့ တတိုင်းပြည်လုံးလည်း တည်ငြိမ်မှာမဟုတ်။ ဘယ်သူနဲ့လက်တွဲရမယ်၊ ဘယ်သူ့ဖက်က လိုက်ရမယ်ဆိုတာတွေဟာ ဒီလို နိုင်ငံရေးအခက်အခဲတွေကြုံတိုင်း ကျမတို့ တိုင်းရင်းသားတွေ မိမိကိုယ်ကို မေးခဲ့ရတဲ့ မေးခွန်းတွေ ဖြစ်တယ်။

ဒီနေ့ဒီအချိန်မှာ လူကြီးအများစုက ဇက်မျိုးဆက်အပေါ် မျှော်လင့်ချက်ထားနေကြပါတယ်။ လူငယ်တွေ နားလည်ထားရမှာက ကျမတို့ရဲ့ လွတ်လပ်ခွင့်တိုက်ပွဲမှာ ကြီးမားတဲ့ကွာဟချက်တွေ ရှိတယ်ဆိုတာပါ။ “နယ်စပ်ဒေသ” “တောင်ပေါ်လူမျိုးစု” ကျမတို့ တိုင်းရင်းသားတွေရဲ့ တိုက်ပွဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ မိမိနယ်မြေကို မိမိဦးစီးနိုင်တဲ့ အုပ်ချုပ်မှုရှိရေး ဖြစ်တယ်။ အဲဒီကတိကဝတ်တွေကြောင့် ၁၉၄၇ ဖေဖော်ဝါရီ ပင်လုံညီလာခံမှာ ပြည်ထောင်စုကြီးတခုလုံးအနေနဲ့ လွတ်လပ်ရေးယူမယ်လို့ ကျမတို့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်။ ရွေးကောက်ပွဲသက်သက်နဲ့တော့ ကျမတို့ လိုချင်တာတွေရမှာ မဟုတ်ပါ။ တနိုင်ငံလုံးက တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးကို အာမခံမဲ့ နိုင်ငံရေးစနစ်မျိုးကို ကျမတို့ လိုလားပါတယ်။

တိုင်းရင်းသားဒေသများက နိုင်ငံသားတွေက သူတို့အမြဲတမ်း လုပ်ခဲ့တာကို ဆက်လုပ်ဖို့ လိုပါလိမ့်မယ်။ တိုင်းရင်းသား လူမျိုးစု အချင်းချင်းသာမက ဘာသာစကားတွေ၊ မိသားစုဝင်တွေ  ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံက ပြည်သူတွေနဲ့ပါ အဆင်ပြေအောင် နေကြရပါမယ်။ ဒီလိုတန်ဖိုးတွေကို ရှင်သန်အောင် လက်ဆက်ထိန်းသိမ်းဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ကျမတို့တွေ မှောင်မဲနေတဲ့ လှိုဏ်ခါင်းထဲ ထာဝရပိတ်မိသွားနိုင်တယ်။

လှိုဏ်ခေါင်းထဲက လူတချို့ ထွက်လာနိုင်တယ်ဆိုပါစို့။ ကျမတို့ရဲ့ အဓိကလိုအပ်ချက်ကို သူတို့ နားမလည်ရင် သူတို့မြင်ရတဲ့ အလင်းရောင်ကလည်း ခဏပဲခံမှာပါ။ ကျမတို့ နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်ရာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မှန်စီပန်းချီကားတစ်ချပ် ဖြစ်တယ်။ အဲဒီပန်းချီကားရဲ့ မှန်ကူကွက်လေးတွေ တခုချင်းစီ တူညီတဲ့လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ခံစားရမှသာ ကျမတို့အားလုံး ငြိမ်းချမ်းမှု၊ ချမ်းသာသုခ၊ တည်ငြိမ်မှုတွေနဲ့အတူ ဖြတ်သန်း နိုင်ပါလိမ့်မယ်။ ဒီနေ့ဒီအချိန်ဟာ မတူကွဲပြားမှုကို အားနည်းချက်လို့ မမြင်ဘဲ အားသာချက်လို့ မြင်ပြီး ကျမတို့အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့၊ မျှော်လင့်ချက်ပြည့်ဝတဲ့ အနာဂတ်အသစ်ကို ပုံဖော်ဖို့အချိန်ကောင်းပဲ ဖြစ်ပါတယ်။ 

လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် ဖြစ်ပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ကို ထူထောင်သူ ဖြစ်သည်။ သူမသည် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သူ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။