၂၀၁၈မှ ၂၀၂၀ ခုနှစ်ထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့ကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ခြင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့၏ ULA/AA ကို ဆန့်ကျင်ပြီး စစ်တပ်နှင့် တသားတည်း ရပ်တည်ခဲ့မှုသည် အာဏာသိမ်းပြီးနောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးတုန့်ပြန်မှုများကို များစွာပုံသွင်းစေခဲ့သည်။ ၂၀၂၀ နိုဝင်ဘာလအတွင်း စစ်အာဏာသိမ်းမှုမတိုင်ခင် ၃ လအလို NLD မှ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးမကြာမီ စစ်တပ်နှင့် အေအေတို့အကြား အလွတ်သဘောအပစ်အခတ်ရပ်စဲမှု ကြေညာခဲ့ခြင်း သည်လည်း လူမျိုးစုနိုင်ငံရေး အခင်းအကျင်းကို အပြောင်းအလဲဖြစ်စေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးသွားရမှု ကိစ္စနှင့် ပတ်သတ်၍လည်း စစ်တပ် နှင့် NLD နှစ်ဖွဲ့စလုံးကိုလည်း တခြားသော လူနည်းစုအုပ်စုများဖြစ်သော ချင်း၊ ဒိုင်းနက်၊ ကမာန် နှင့် မြို လူမျိုးစုများမှပါ ယုံကြည်မှုအားနည်းခဲ့ကြပေသည်။ အကျိုးဆက်အနေဖြင့် စစ်အာဏာသိမ်းမှုအလွန်တွင် ULA ခေါင်းဆောင် များ၏ ရက္ခိုင်ပြည်အတွင်း လူထုကန့်ကွတ်ဆန္ဒပြလှုပ်ရှားမှုများ နှင့် နိုင်ငံ့တခြားဒေသများတွင် ဖြစ်ပေါ်နေသော အာဏာဖိဆန်ရေးလှုပ်ရှားမှု (CDM) များကို အားမပေးခြင်းကြောင့် စစ်အာဏာသိမ်းမှုအလွန်တွင် တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် မတူညီစွာပင် သီးခြားဆန်သော နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ 1
ကနဦးပိုင်းတွင်း စစ်ခေါင်းဆောင်များမှလည်း အဆိုပါ အခင်းအကျင်းကို သဘောကျ နှစ်ခြိုက်ပုံပေါ်ပြီး၊ အပစ်အခတ်ရပ်စဲရေးကိုလည်း အကျိုးအမြတ်ထုတ်ရန် ကြိုးပမ်းလာသည်။ အဓိကအားဖြင့် အသစ်ပေါ်ပေါက် လာသော စစ်ကောင်စီထဲတွင် ရခိုင်နိုင်ငံရေးပါတီများမှ အဓိက နိုင်ငံရေးခေါင်းဆောင်များကို စည်းရုံးခေါ်ယူပြီး၊ အသိအသာဆုံးအားဖြင့် အဓိကပါတီကြီးတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) မှ ဒေါ်အေးနုစိန် ကို ကောင်စီဝင်အဖြစ်ခန့်အပ်တာဝန်ပေးပြီး၊ တခြားပါတီငယ်တစ်ခုဖြစ်သော ရခိုင်ဦးဆောင်ပါတီ (AFP) ၏ ခေါင်းဆောင် ဒေါက်တာအေးမောင်ကို လူသိရှင်ကြား ထောင်ဒါဏ်ကင်းလွတ်ခွင့် ပေးခဲ့ခြင်းတို့ဖြစ်သည်။2 တချိန်တည်းတွင် စစ်ကောင်စီမှလည်း ၂၀၂၁ မတ်လ တွင် ULA/AA ကို ‘အကြမ်းဖက်အဖွဲ့အစည်း’ အဖြစ်မှ ရုတ်သိမ်းပေးခဲ့ပြီး၊ ‘မတရားအသင်းအဖွဲ့’ စာရင်းထဲမှာတော့ ဆက်လက်ထားရှိသည်။3 အချိန်ကာလတစ်ခု အနေဖြင့် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးဦးတည်ချက်များမှာ နိုင်ငံ့တခြားဒေသများမှ လွန်စွာ ကွဲပြားပုံပေါ်လာခဲ့သည်။
သို့သော် မြေပြင်အခြေအနေများသည် ပုံသေ သဘောမျိုးမဟုတ်ပေ။ စစ်ကောင်စီ အာဏာပိုင်များအနေဖြင့် ပို၍ စိုးရိမ်လာခဲ့သည်မှာ ULA အာဏာပိုင်များမှ ဒေသအုပ်ချုပ်ရေး နှင့် တရားစီရင်ရေး လုပ်ငန်းများကို ချဲ့ထွင် လာခြင်းကို လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွါးခဲ့သော မြောက်ဘက်စွန်းမြို့နယ်ဖြစ်သော မောင်တော နှင့် တောင်ဘက်မြို့နယ်များဖြစ်သော ကျောက်ဖြူ နှင့် တောင်ဂုတ်မြို့နယ်များတွင် တွေ့မြင်လာရခြင်းဖြစ်သည်။ ရလာဒ်အနေဖြင့် အထူးသဖြင့် တောင်ဘက်မြို့နယ်များတွင် ULA အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ရုံးများကို စစ်ကောင်စီတပ်များမှ ဝင်ရောက်စီးနင်းမှုများကိုလည်း တွေ့လာရသည်။4 လက်တွေ့တွင်လည်း အပစ်အခတ် ရပ်စဲရေးရှိနေသော်လည်း စစ်ကောင်စီအနေဖြင့် ရက္ခိုင်ပြည်တွင်း ULA/AA မှ အင်အားကြီးမားသော နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် ထွက်ပေါ်လာခြင်း (သို့) ၎င်း၏ ထိမ်းချူပ်လွမ်းမိုးမှုများကို မည်သည့်အခါမှ လိုလားလက်ခံချင်ခဲ့သည်တော့ မဟုတ်ပေ။
တုန့်ပြန်ချက်အနေဖြင့်လည်း စစ်ကောင်စီသည် ULA/AA ၏ လှုပ်ရှားမှုများကို ကြိုးစား ထိမ်းချုပ်ကန့်သတ်ရန် နည်းဗျူဟာ အမျိုးမျိုးကို စတင်အသုံးပြုလာခဲ့ပေသည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ပထမဆုံး အသုံးပြုသော နည်းလမ်းမှာ ရခိုင်လူမျိုး လူများစုများအတွင်းရှိ ‘တောင်-မြောက် ဒေသကွဲပြားမှု’ (north-south regional cleavage) ကို တူးဆွလှုံဆော်လာခြင်းဖြစ်သည်။ အစဥ်အလာအရ ဆိုလျှင် ရခိုင်အမျိုးသားရေးလှုပ်ရှားမှုများနှင့် အဓိက ခေါင်းဆောင်များသည် ပြည်နယ်မြောက်ဖက်မှသာ ပေါ်ထွက်ခဲ့သည်။ တဖက်တွင် တောင်ဖက်မြို့နယ် များဖြစ်သော တောင်ကုတ်၊ သံတွဲ နှင့် ဂွမြို့နယ်များရှိ လူအများစုကြီးသည် တစ်နိုင်ငံလုံးအပြောင်းအလဲကို ပိုမို ဦးစားပေသည့်အနေဖြင့် ရခိုင်နိုင်ငံရေးပါတီများထက် NLD ကိုသာ ထောက်ခံအားပေးခဲ့ကြသည်။ ထိုကဲ့သို ကွဲပြားမှုကို ပို၍ ကြီးလာစေရန်အတွက်လည်း ULA ၏ တောင်ဘက် ချဲ့ထွင်မှုကို တားဆီးရာတွင် ဒေသခံလူထုကို ဖျောင်းဖြရန်အတွက် တောင်ကုတ်ဒေသခံတစ်ဦးဖြစ်သော ဒေါက်တာအောင်ကျော်မင်းကို ရက္ခိုင်ပြည်၏ ပထမဆုံး စစ်ကောင်စီ ဝန်ကြီးချူပ်အဖြစ်ခန့်အပ်ပေးခြင်းဖြင့် လုပ်ဆောင်ခဲ့သည်။
မြန်မာစစ်တပ်၏ ထိုကဲ့သို့ အမြင်နှင့် လုပ်ဆောင်မှုသည်လည်း အသစ်အဆန်းတော့ မဟုတ်ပေ။ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်၏ ဇနီးသည် ရက္ခိုင်ပြည်တောင်ဖက် သံတွဲဇာတိ ရခိုင်အမျိုးသမီး တစ်ဦးဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုမတိုင်ခင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက ရက္ခိုင်ပြည် တောင်ဖက်တွင် ဆွေမျိုးများစွာရှိသော်လည်း မြောက်ဖက်ဒေသရှိ ရခိုင်များမှာ အနည်းငယ်ဆိုး ရွားကြသည်ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ပို၍ သိသာစေသည်မှာ ရက္ခိုင်ပြည်အလယ်ဖက် ကျောက်ဖြူမြို့နယ် ရှိ ရပ်ကွက်နှင့်ကျေးရွှာများတွင် အဖွဲ့ဝင် (၇) ဦးပါသော ပြည်သူ့စစ်တပ်ဖွဲ့များဖွဲ့စည်းရန် စစ်ကောင်စီ လက်အောက်ရှိ မြို့နယ်အရာရှိများမှ စတင်ကြိုးပမ်းခဲ့သည်ကို ‘Myanmar Now’ သတင်းဌာနမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင် သတင်းရေးသား မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။5 နိုင်ငံ့တခြားဒေသများတွင် မြန်မာစစ်တပ်မှ ‘ပျူစောထီး’ (သို့) ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းခြင်းကို NUG ကိုထောက်ခံသော PDF အဖွဲ့များအား တုန့်ပြန်ရန်အဖြစ် သိရှိထားကြသည်။ သို့သော် ရက္ခိုင်ပြည်တွင်းတွင် NUG နှင့် PDF လှုပ်ရှားမှုများ မရှိပေရာ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ULA/AA ကို ဦးတည်ချက်ထားပြီးလုပ်ဆောင်သည်မှာ ထင်ရှားလှပါသည်။
ယနေ့အချိန်ထိ စစ်ကောင်စီ၏ တောင်-မြောက်ခွဲခြားရန် လုပ်ဆောင်မှုသည် ထိရောက်သော အကောင်အထည်ဖော်မှုမရှိဘဲ အကျိူးမဲ့စွာ အဆုံးသတ်နေပုံရပါသည်။ လက်တွေ့တွင်လည်း ဒေသဆိုင်ရာ ကွဲပြားမှုများရှိနေသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရခိုင့်နိုင်ငံရေးအသိစိတ်တွင် အရေးကြီးသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ထိုကဲ့သို့လုပ်ဆောင်မှုသည် ကျဆုံးနိုင်ခြေများသော နည်းလမ်း အဖြစ်သာ မှတ်ယူနိုင်သည်။ တခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များကဲ့သို့ပင် စစ်ကောင်စီ အာဏာပိုင်များအနေဖြင့် ဒေသခံလူထု၏ ရည်ရွယ်ချက်နှင့် လိုလားချက်များကို ကောင်းစွာနားလည်ပုံ မရပေ။
အဓိက အကြောင်းအရာ (၃) ခု ကြောင့် ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် ရက္ခိုင်ပြည်မြောက်ဖက်တွင် လက်နက်ကိုင်ပဋိပက္ခများ ထွက်ပေါ်ပျံနှံလာခြင်းသည် တောင်ဖက်ဒေသရှိ ရခိုင်များကိုလည်း အချက်ပေး သတိပြုမိစေခဲ့သည်။ တဆက်တည်းတွင်ပင် မြန်မာစစ်တပ်မှ မြောက်ဖက်ဒေသရှိ ရခိုင်ညီကိုမောင်နှမများကို ဆိုးရွှားသော လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုသည်လည်း ရခိုင်လူမျိုးများ အတွင်း သွေးစည်းညီညွတ်မှုနှင့် လူမျိုးစုနိုင်ငံရေးဆိုင်ရာ အတွေ့အကြုံအသိတရားများကို တိုးလာစေခဲ့သည်။ NLD အစိုးရ၏ အဆိုပါ ကိစ္စများကို ကိုင်တွယ်ရန် ပျက်ကွက်ခဲ့မှုကြောင့်လည်း ဗမာအများစုလွမ်းမိုးထားသော ဗဟိုအစိုးရကို ယခင်ကတည်းက ရှိနှင့်ပြီးသော သံသယများဖြင့် စိတ်ပျက်မှုကို ထပ်တိုးစေခဲ့သည်။ ၂၀၂၀ အထွေထွေရွှေးကောက်ပွဲအတွင်း မြောက်ဖက်ရှိ မဲဆန္ဒနယ်အများအပြားကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ရခိုင် လူမျိုးစုဆိုင်ရာ နိုင်ငံရေးအသိတရားကို မြင့်တက်စေခဲ့ခြင်းကို ယခင် NLD ၏ အမာခံမဲဆန္ဒနယ်များ ဖြစ်သော တောင်ကုတ် နှင့် မာန်အောင်မြို့နယ်များတွင် ANP မှ ရွေးကောက်ပွဲအနိုင်ရခြင်းဖြင့် သိသာစေခဲ့သည်။ လက်တွေ့ တွင်လည်း တောင်ဖက်အစွန် ဂွမြို့နယ်မှ အပ NLD သည် ရက္ခိုင်ပြည်တွင်း သံတွဲမြို့နယ်တွင်သာ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး၊ ထိုကဲ့သို့ ဖြစ်လာခဲ့ခြင်းသည်အဓိက ရခိုင်နိုင်ငံရေးပါတီ (၃) ခုဖြစ်သော ANP, APF နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ကြားတွင် မဲကွဲ ခဲ့သောကြောင့်လည်းဖြစ်သည်။ 6
ထိုကဲ့သို့ နောက်ခံများမှတဆင့် NLD ကို ရခိုင်နိုင်ငံရေးဇာတ်ခုံထက်တွင် စိတ်ပျက်ခဲ့ကြပုံပေါ်ပြီး၊ စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင်လည်း မြောက်ဖက်ကဲ့သို့ပင် ရက္ခိုင်ပြည်တောင်ဖက်နေ လူထုမှာ ULA ကို စစ်ကောင်စီနှင့် ဆန်ကျင်ဖက် တစ်ခုတည်းသော ရွေးချယ်မှုအဖြစ် မြင်လာကြသည်။ ထိုကဲ့သို့ အမြင် ပြောင်းလဲခြင်းကို ပို၍ အခိုင်အမာဖြစ်လာခဲ့သည်မှာလည်း ယခင် အမျိုးသားရေးလှုပ်ရှားမှုများနှင့် မတူဘဲ လက်ရှိ ULA/AA ၏ အဓိက ခေါင်းဆောင်မှုနေရာများကို ULA/AA ၏ ဒုတိယခေါင်းဆောင်ဖြစ်သော ဒေါက်တာညိုထွန်းအောင်ကဲ့သို့ တောင်ဖက်ဒေသခံများမှပါ ပါဝင်နေရာယူလာကြခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် ဆိုးရွားသော စီးပွါးရေးအခြေအနေများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုသည်လည်း လူမှုရေးနှင့် နိုင်ငံရေးမျှခြေတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတွင်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုအဖြစ် ရက္ခိုင်ပြည် မြောက်ဖက်ရှိ လူထုသည် တောင်ဖက်နေလူထုထက် ပို၍ကြီးမားသော စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ ထိုအခြေအနေသည်ပင် နိုင်ငံ့တခြားဒေသများနှင့် ပိုနီးကပ်သော ကုန်သွယ်ရေးနှင့် စီးပွါးရေးဆက်နွယ်မှုရှိပြီး၊ ရေလုပ်ငန်းနှင့် ငပလီကမ်းခြေ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ ဗဟိုအချက်အချာ နေရာများနှင့် စီးပွါးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပိုရှိသော တောင်ကုတ် နှင့် သံတွဲမြို့နယ်များသို့ မြောက်ဖက်မှ လူအများအပြားကို ရွှေ့ပြောင်းနေထိုင်ရန် ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုလောက်အတွင်း တောင်ဖက်မြို့နယ်များတွင် မြောက်ဖက်မှ ရွှေ့ပြောင်းနေထိုင်သူများပြားလာခဲ့ပြီး၊ အထူးသဖြင့် နယ်ဖက်ဒေသများတွင် ULA ကို ထောက်ခံမှုနှင့် အမျိုးသားရေးလှုပ်ရှားမှုများကို ပိုတိုးလာ စေခဲ့သည်။
ထိုကဲ့သို့ အခြေအနေတစ်ခုသည်ပင် စစ်ကောင်စီအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာ၏ ဒုတိယ နည်းဗျူဟာတစ်ခုအဖြစ် ရခိုင်လူထုအတွင်းရှိ ‘အတွင်းလက်နက်ကိုင် အကွဲအပြဲ’ ကို ဆွပေးခြင်းကို ဦးတည်စေခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (၃) ခုရှိပြီး၊ ၎င်းတို့မှာ ULA/AA အပြင် ယခင် လှုပ်ရှားမှုအဟောင်းကို အခြေခံသော ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) တို့ ဖြစ်သည်။ မည်သည့်တိုင်းတာချက်အရမဆို ULA/AA သည် အင်အားအကောင်းဆုံးနှင့် လူထုထောက်ခံမှု အများဆုံးအဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်တွင် သမိုင်းကြောင်းအရ ရက္ခိုင်ပြည်၏ အစိတ်အပိုင်းများဖြစ်သော ချင်းပြည်နယ်အတွင်းရှိ ဆက်စပ်ဒေသများ နှင့် ရက္ခိုင်ပြည်၏ နယ်မြေများစွာကို ထိမ်းချူပ်ထားပြီး၊ စစ်ကောင်စီနှင့်အပြိုင် အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ တခြား အုပ်စုနှစ်ခုဖြစ်သော ANC နှင့် ALP သည် ရက္ခိုင်ပြည်တွင်းတွင် စစ်ရေးအင်အားမရှိသလောက်ဖြစ်ပြီး၊ လက်ရှိအချိန်တွင် အင်အားနည်းလွန်းပြီး၊ လူထုထောက်ခံမှုလည်း မရှိပေ။ ထိုကဲ့သို့ အခြေအနေအောက်တွင် ရှိနေသော်လည်း ၂၀၁၅ အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးပြီးနောက်တွင် မြန်မာစစ်ခေါင်းဆောင်များနှင့် ပိုနီးကပ်သော ဆက်ဆံရေးရှိပြီး နိုင်ငံပိုင် မီဒီယာထက်များတွင် ပို၍ တက်ကြွပြီး၊ အရေးကြီးသယောင် ပုံဖော်ခံရသည့် အဖွဲ့မှာ ALP ပင် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ပုံဖော်မှုများမှာ အမြင်လွဲမှားမှုကိုသာဖြစ်စေပြီး စစ်အာဏာသိမ်းမူပြီးနောက်တွင် NCA သည်လည်း အနှစ်သာရအားဖြင့် အလုပ်မဖြစ်တော့ပေ။ ယင်းအစား ALP/ALA သည်လည်း ၎င်းတို့၏ ထောက်ခံသူများမှ ပြောဆိုထားသော လေ့ကျင့်ရေးစခန်းတစ်ခုရှိသော ထိုင်းနိုင်ငံနယ်စပ်ရှိ KNU ထိမ်းချူပ် နယ်မြေရှိ ‘အရှေ့ပိုင်းဒေသ’၊ ရက္ခိုင်ပြည်အတွင်း စစ်တွေမြို့နယ်ရှိ ‘အလယ်ပိုင်းဒေသ’ နှင့် အိန္ဒိယနယ်စပ်ရှိ ‘မြောက်ပိုင်းဒေသ’ ဟူသော စစ်ဒေသ (၃) ခုကြားတွင် အကွဲအပြဲများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ ပထမဆုံး ALP အကွဲအပြဲသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် (ပါတီ ဥက္ကဌ) ခိုင်ရဲခိုင်၊ စောမြရာဇာလင်း တို့ဦးဆောင်သော အုပ်စုနှင့် (ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူး) ခိုင်စောနိုင်အောင်တို့ ဦးဆောင်သော အုပ်စု နှစ်ခုကြားတွင်ဖြစ်ပေါ်ခဲ့သည်။7 ထို့နောက် ဒုတိယ အကွဲအပြဲသည် ၂၀၂၃ ခုနှစ် မတ်လ တွင် ခိုင်ရဲခိုင်နှင့် စောမြရာဇာလင်းတို့ ကြားတွင် ဖြစ်ပေါ်ခဲ့သည်။8 ထိုကဲ့သို့ ကွဲပြဲမှုများသည် မြောက်ဖက်နှင့် အရှေ့ဖက် စစ်ဒေသများအား ဦးဆောင်နေသော ပါတီ ဥက္ကဌကြီး ခိုင်ရဲခိုင်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ၎င်းတို့အနေဖြင့် NCA ကို အသိအမှတ်မပြုတော့ကြောင်း နှင့် ရက္ခိုင်ပြည်တွင်းရှိ စစ်ကောင်စီကို ဆန့်ကျင်သော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြန် လိုက်သည့်အခါ ပိုမို သိသာလာစေခဲ့သည်။9
ထိုကဲ့သို့ ဖြစ်ပေါ်တိုးတက်မှုများကို တုန့်ပြန်သည့်အနေဖြင့် စစ်ကောင်စီမှလည်း ၎င်းကို၎င်း ခန့်အပ်ထားသော စောမြရာဇာလင်း ဦးဆောင်သော စစ်တွေမြို့ပေါ်အခြေပြု အုပ်စုကိုသာ အသိအမှတ်ပြု ကာကွယ်ပေးထားသည်။ အဆိုပါ အကွဲအပြဲများ၊ ခွဲခြားကိုယ်တွယ်မှုများသည် ပို၍ ကျယ်ပြန့်သော ရက္ခိုင်ပြည်နိုင်ငံရေးကို မည်ကဲ့သို့ သက်ရောက်မှုရှိလာမည်မှာ သိပ်မသေချာသေးသော်လည်း တဖက်တွင် ကနဦးအကျိုးဆက်များအဖြစ် တခြားသော အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိ အခြေအနေတစ်ခုအောက်တွင် စောမြရာဇာလင်း ဦးဆောင်သော ALP အုပ်စုနှင့် ULA ခေါင်းဆောင်များကြား ဆက်ဆံရေးသည် ပိုမို ဆိုးရွားလာပြီး၊ အဆိုပါ အုပ်စုသည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖွဲ့ ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟူသော ခန့်မှန်း ပြောဆိုချက်များလည်း ထွက်ပေါ်လာသည်။10 မကြာသေးခင် လပိုင်းများအတွင်းကလည်း ALP အဖွဲ့ဝင် များသည် စစ်ကောင်စီဝတ်စုံများကို ပါတီတံဆိပ်တပ်ဆင်ကာ ဝတ်ဆင်လာပြီး စစ်တွေမြို့ပေါ်တွင် ULA ပါတီဝင်များအဖြစ် သံသယရှိသော အရပ်သားများကို ဖမ်းဆီးနှိပ်စက်သော စစ်ကောင်စီတပ်သားများနှင့် ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိနေသည်ကို မကြာခဏစွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ တုန့်ပြန်မှုအဖြစ် ULA မှ ALP အဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိလာခဲ့ပြီး ALP ၏ ထိပ်ပိုင်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။
လက်ရှိ အချိန်တွင် အဆိုပါ ထိပ်တိုက်တိုးမှုများသည် မည်မျှအတိုင်းအတာထိ ကျယ်ပြန့်လာနိုင်သည်မှာ အကန့်အသတ်များ ရှိနေပုံရသည်။ ကချင်၊ ကရင် နှင့် ရှမ်းပြည်ဒေသများတွင် ပြိုင်ဖက်အင်အားစုများနှင့် ပြည်သူ့စစ်များကို ထောက်ပံ့ပြီး၊ အကွဲအပြဲများကို ပုံဖော်ရာတွင် မြန်မာစစ်တပ်မှ အောင်မြင်ခဲ့ပုံနှင့် မတူဘဲ လွန်ခဲ့သော နှစ်များအတွင်းတွင် ALP ၏ အကြွင်းအကျန်လှုပ်ရှားမှုများသည် လွန်စွာ လူထုထောက်ခံမှု အားနည်းပြီး၊ စုစည်းညီညွတ်မှုလည်း မရှိသလောက်ဖြစ်သည်။ စစ်ကောင်စီ၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာအတွက် လုံလောက်သော စစ်ရေးနှင့် နိုင်ငံရေး ရင်းမြစ်တစ်ခုဖြစ်လောက်အောင်အထိလည်း ALP ၏ ခေါင်းဆောင်များသည် အမာခံ လူထုထောက်ခံမှု မရှိသလောက်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အတွင်းပိုင်းဆိုင်ရာ တင်းမာမှုများသည် ရက္ခိုင်အမျိုးသားလှုပ်ရှားမှုအတွက် အာရုံထွေပြားမှုကို ဖြစ်စေနိုင်သော ပြဿနာတစ်ခု လည်း ဖြစ်နေပြန်သည်။ ပထမအနေဖြင့် စစ်ကောင်စီသည် လက်နက်ကိုင်အုပ်စုများကြားတွင် ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် အကွဲအပြဲများကို ကြီးထွားအောင် ကြိုးဖမ်းနေသည်။ ဒုတိယအချက်မှာ စစ်ကောင်စီသည် စောမြရာဇာလင်း အခြေပြုသော စစ်တွေမြို့တော်တွင် ULA ၏ အာဏာသက်ရောက်မူကို အားနည်းစေရန် အတွက် တခြားရွေးချယ်စရာ အသံတစ်ခုအဖြစ် မျှော်လင့် လုပ်ဆောင်လျက်ရှိနေသည်။
နောက်ဆုံးအနေဖြင့် စစ်ကောင်စီမှ တတိယနည်းဗျူဟာအဖြစ် ရက္ခိုင်ပြည်တွင်း စည်းလုံးမှုပြိုကွဲစေရန် လုပ်ဆောင်သော အချက်မှာ 'လူမျိူးနှင့် ဘာသာရေး' ဝိသေသများကို အခြေခံ၍ တင်းမားမှုကို ဆွပေးခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စမှာ ရခိုင်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းများကြားတွင် အတိမ်းအစောင်း မခံနိုင်သော အကြောင်းအရာလည်း ဖြစ်ပါသည်။ အဆိုပါကိစ္စသည် ရှုပ်ထွေးမှုရှိပြီး၊ အင်အားစုအသီးသီးကြားတွင် တဆက်တည်းမဟုတ်သော အပြန်အလှန်ဆက်နွယ်မှု (non-linear interaction) ရှိသော အကြောင်းအရာ များစွာလည်းရှိသည်။ သို့သော် ၂၀၁၂ လူ့အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှု နှင့် ၂၀၁၇ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာဒုက္ခသည်များစွာ ထွက်ပြေးသွားရမှုတို့ကြောင့် အဆိုပါ ကိစ္စသည် နိုင်ငံအတွင်း ထိလွယ်ရှလွယ် အဖြစ်ဆုံးကိစ္စတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာ စောင့်ကြည့်ကြီးကြပ်မှုအောက်တွင်လည်း ဆက်လက်ရှိနေသည်။
အဓိက အရေးကြီးသော ကိစ္စတစ်ခုမှာ အဖွဲ့အစည်းဆိုင်ရာ ကိုယ်စားပြုမှု ပြဿနာဖြစ်သည်။ ULA/AA ကို ရခိုင်လူထု၏ နိုင်ငံရေးစိတ်ဆန္ဒကို ကျယ်ပြန့်စွာ ကိုယ်စားပြုသော လှုပ်ရှားမှုအဖြစ် မြင်တွေ့နိုင်သော်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းတွင်မူ မည်သည့် အဖွဲ့အစည်း (သို့) ခေါင်းဆောင်မှု သည် ထိုကဲ့သို့ အခန်းကဏ္ဍကို အမှန်တကယ်ကိုယ်စားပြုနေသနည်းဟူသည်မှာ သတ်မှတ်ရန် လွန်စွာ ခက်ခဲလှသည်။ ထိုကဲ့သို့ ဒွိဟဖြစ်မှု သည်ပင် လူဦးရေတည်နေရာကို အခြေပြုပြီး၊ ရက္ခိုင်ပြည်တွင်းရှိ အုပ်စု၊ ဘဂ်လားဒေရှ့် ဒုက္ခသည်စခန်းရှိ အုပ်စု နှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်ပရောက် ရိုဟင်ဂျာအုပ်စုဟူ၍ အနည်းဆုံး (၃) စု ရှိနေသည်။ အမှန်ပင် ရက္ခိုင်ပြည် တွင်းရှိ နိုင်ငံရေးလှုပ်ရှားမှုများမှာ လွန်စွာဖိနှိပ်ခံထားရပြီး၊ နိုင်ငံတကာစင်မြှင့်ထက်တွင် ရိုဟင်ဂျာကိစ္စအား ကိုယ်စားပြုပြောကြားသည်မှာ ပြည်ပရောက် ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများပင် ဖြစ်ပြီး၊ အဆိုပါ လှုပ်ရှားမှုမှပင် ရိုဟင်ဂျာများ၏ ပြည်ပထွက်ခွါရမှုကိစ္စကို အများသိစေခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့ စိန်ခေါ်မှုကိုလည်း ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်စပ်အနီးတလျှောက်ရှိ ‘လူမနေ ဒေသ’ (no man’s land) (သို့) ‘သုည နယ်မြေ’ (zero-line zone) ဟု ခေါ်ကြသော နေရာများတွင် လှုပ်ရှားနေကြသော တိကျသေချာသော ဝိသေသသတ်မှတ်ချက် နှင့် အဖွဲ့အစည်းခံယူမှု အားနည်းသော ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များကြားတွင်လည်း တွေ့ရသည်။ အဆိုပါ လှုပ်ရှားမှုများထဲတွင် ၂၀၁၇-၁၈ မြန်မာစစ်တပ်မှ ရိုဟင်ဂျာများအပေါ် တိုက်ခိုက်မှုမှစ၍ နားမည်ဆိုးဖြင့် ကျော်ကြားလာသော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန်ရိုဟင်ဂျာ အစ္စလာမ်(စ်) တပ်ဦး (ARIF) ၏ လက်နက်ကိုင်လှုပ်ရှားမှု အဆုံးသတ်မှ စတင်လူသိများလာသော ယခင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသိများသော မူးယစ်ဆေးဝါးကုန်သည် အာဒူလာ ကိန်း (Abdullah Kane) မှ ဦးဆောင်ပြီး၊ ယခင် RSO အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့ ပါဝင်သည်။ အဆိုပါ အုပ်စုများအားလုံးသည်ပင် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာလှုပ်ရှားမှုကို ကိုယ်စားပြုပြီး၊ မြန်မာစစ်တပ်ကို ဆန့်ကျင်သည်ဟု ဆိုထားကြသည်.
သို့သော် အဆိုပါ အုပ်စုများကြားတွင် စည်းလုံးမှုအားနည်းပြီး၊ ညီညွတ်သော အတွေးအခေါ်လည်း အားနည်း လှပါသည်။ ယင်းအစား လက်နက်ကိုင်လှုပ်ရှားမှုများ စတင်လာသည်နှင့် ဘင်္ဂလားဒေရှ့်လုံခြုံရေး အာဏာပိုင် များမှ ပိုလိုလားသော RSO နှင့် ဒုက္ခသည်စခန်းများတွင် လွန်စွာ ကြောက်ကြရသော ARSA တို့ကြားတွင် ဒုက္ခသည်စခန်းနှင့် အဆိုပါ ‘လူမနေ ဒေသ’ များကို လွမ်းမိုး၊ ထိမ်းချူပ်မှုရရှိစေရန် ထိပ်တိုက်တိုးမှုများနှင့် အပြန်အလှန်သတ်ဖြတ်မှုများ ကြိမ်ဖန်များစွာ ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော နှစ်ကာလအတွင်း ထိုကဲ့သို့ အာဏာလွန်ဆွဲမှုအတွက် ခိုက်ရန် တိုက်ခိုက်မှုများစွာဖြစ်ပေါ်ခဲ့ပြီး၊ နောက်ဆုံးတွင် RSO မှ အနိုင်ရခဲ့ကာ၊ ARSA သည် ရက္ခိုင်ပြည်မြောက်ဖက် ဘူးသီးတောင်၊ မောင်တောမြို့နယ်များဖက်သို့ တပ်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။
ထိုကဲ့သို့ မတည်ငြိမ်မှုများနှင့် နတ်မြစ် ဒေသတလွှားတွင် ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများထွက်ပေါ်လာခြင်း သည် အိန္ဒိယ-ဘင်္ဂလားဒေရှ့်ဒေသတလွှားတွင် အဓိကကျသော လက်နက်ကိုင်အုပ်စုဖြစ်သော ULA/AA အပြင် တခြားသော ဒေသခံ ရခိုင်နှင့် ဗမာမဟုတ်သော လူမျိုးစုများနှင့် ထိတွေ့ဆက်ဆံရေးအပေါ် မေးခွန်းများစွာလည်း ထွက်ပေါ်လာစေခဲ့သည်။
ULA/AA ဖက်မှ ဆိုလျှင် ဇန်နဝါရီ ၂၀၂၂ ခုနှစ် အင်တာဗျူးတစ်ခုတွင် ပါတီ ဥက္ကဌဖြစ်သော ဗိုလ်ချူပ် ထွန်းမြတ်နိုင်မှ RSO အနေဖြင့် ARSA ထက်ပို၍ နိုင်ငံရေးရင့်ကျက်မှုပိုများ ပုံပေါ်သည်ဟု မှတ်ချက်ပြုခဲ့ သော်လည်း ၎င်းတို့အနေဖြင့် မည်သည့် အုပ်စုနှင့်မျှ ဆက်နွယ်ပတ်သတ်မှု မရှိဟု ဆိုသည်။ အကျိုးဆက် အဖြစ်လည်း အေအေ အနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မောင်တောမြောက်ဖက်၌ RSO နှင့် ၂၀၂၃ ဇူလှိုင်လတွင် ဘူးသီးတောင် တောင်ဖက်၌ ARSA နှင့် တိုက်ပွဲငယ်များ ကြုံတွေ့ခဲ့သည်။11 သို့သော် ယေဘုယျ အားဖြင့် ဆိုလျှင် အဆိုပါ တိုက်ပွဲများမှာ အနည်းအကျဥ်းသာဖြစ်ပြီး၊ တခြားဒေသများသို့ ပျံနှံ့နိုင်ခြေလည်း အားနည်းလှသည်။
မကြာသေးခင် ကာလများအတွင်း မြေပြင်သတင်းရင်းမြစ်များမှတဆင့် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများကြား ပြိုင်ဆိုင်မှု နှင့် စစ်ကောင်စီမှ နောက်ကွယ်မှ ပါဝင်နိုင်မှုနှင့် ပတ်သတ်၍ ပို၍ ပြဿနာကြီးစေနိုင်သော ဖြစ်ပေါ်တိုးတက်မှု အသစ်များကို တွေ့လာကြရသည်။ လွန်ခဲ့သော ရက်တပတ် (၃) ခုလောက်အတွင်းတွင် ရခိုင်ဒေသအခြေပြု မီဒီယာ နှစ်ခုဖြစ်သော ‘Border News Agency- BNA’ နှင့် ‘Western News- WN’ တို့မှ ARSA နှင့် ARA နှစ်ဖွဲ့လုံးကို ၎င်းတို့၏ မြောက်ဖက်မြို့နယ်များသို့ ချဲ့ထွင်မှုတွင် မြန်မာစစ်တပ်မှ နောက်ကွယ်မှ ထောက်ခံ လက်နက်တပ်ဆင်ထားသည်ဟု အခိုင်အမာဆိုကြသည်။12 ARA ကိုလည်း မြန်မာနယ်ခြားစောင့် တပ်များမှ အကာအကွယ်ပေးထားပြီး၊ နယ်စပ်ဒေသ မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက် နေကြသည်ဟု ဒေသအရင်းအမြစ်များမှ ဆိုသည်။13 အဆိုပါ အခြေအနေများကို ပို၍ ရုပ်ထွေးစေသည်မှာ အာဆာအဖွဲ့သည် (၄) အုပ်စု ကွဲသွားပြီး လွန်ခဲ့သော ဇူလှိုင်လအတွင်း အေအေနှင့် တိုက်ပွဲဖြစ်ပွါးခဲ့သော အုပ်စုမှာ ၎င်း၏ ခေါင်းဆောင် အာတူလာ အဘူ အန်မာ ဂျနုနီ (Ataullah abu Ammar Jununi) ဦးဆောင်သော အုပ်စုမဟုတ်ဘဲ တခြား ပို၍ အင်အားကောင်းသော အုပ်စုတစ်ခု ဖြစ်သည်ဟုလည်း ဆိုကြသည်။ 14
လက်ရှိအချိန်တွင် အခြေအနေများ၏ အစိတ်အပိုင်းများစွာမှာလည်း မရှင်းမလင်းဖြစ်နေသေးသည်။ သို့သော် နိုင်ငံတခြားဒေသများကဲ့သို့ပင် မြန်မာစစ်တပ်မှ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများကို နောက်ခံပေးပြီး၊ အကွဲအပြဲ များကို ကြီးထွားအောင်လုပ်ဆောင်ရန် အကြောင်းပြချက်မှာလည်း ထင်ရှားစွာတွေ့မြင်နိုင်ပြီး၊ ULA/AA ၏ ဒေသ အုပ်ချုပ်ရေးကို ပိုမို အခက်အခဲအတားအဆီးဖြစ်အောင်နှင့် ဒေသခံလူထု၏ လုံခြုံရေးကို ခြိမ်းခြောက်ပြီး၊ နယ်မြေမတည်မငြိမ်မှု ဖြစ်စေရန် လုပ်ဟန်ရှိသည်15စောင့်ကြည့်သူများမှ ဝေဖန်ထောက်ပြသကဲ့သို့ပင် အဆိုပါ အုပ်စုများသည် စစ်ကောင်စီတပ်၏ စစ်စခန်းများနှင့် တည်နေရာများအနီးတွင် လှုပ်ရှားလေ့ရှိကြသော်လည်း မြန်မာစစ်တပ်အနေဖြင့် လွန်ခဲ့သော နှစ်ပိုင်း၊ လပိုင်းအများအတွင်းတွင် ARSA ခွဲထွက်အုပ်စု နှင့် ဖြစ်စေ၊ ARA နှင့် ဖြစ်စေ မည်သည့် ရိုဟင်ဂျာအုပ်စုများနှင့်မျှ တိုက်ပွဲဖြစ်ပွါးသည် မရှိသေးပေ။ ယင်းအစား လွန်ခဲ့သော ဇူလှိုင်လ အတွင်း အေအေ နှင့် အာဆာ တိုက်ပွဲဖြစ်ပွါးသည်နှင့် စစ်ကောင်စီတပ်များသည် အဆိုပါ အခြေအနေကို အခွင့်ကောင်းယူ၍ ဘူးသီးတောင်မြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းမူများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။
ဒေသခံများအနေဖြင့် နောက်ထပ် မည်သို့ မည်ပုံဖြစ်လာမည်ကိုလည်း လွန်စွာ စိုးရိမ်နေကြသည်။ ယနေ့အချိန်ထိ စစ်ကောင်စီအနေဖြင့် အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သတ်၍ မည်သည့် တရားဝင်ပြောဆိုချက်မျှ မရှိသေးပေ။ သို့သော် မည်သည့်ကြောင့် စစ်ကောင်စီအာဏာပိုင်များ နောက်ကွယ်မှ ပါဝင်နေသနည်းဆိုသည်ကို အထောက်အကူပြု စဥ်းစားနိုင်ရန် အဓိက အကြောင်းတရား (၃) ခုရှိပေသည်။ ပထမဆုံးအနေဖြင့် ULA/AA သည် စစ်အာဏာသိမ်းမှုပြီးကတည်းက ခုံခံတော်လှန်သော အုပ်စုများကို လက်နက်နှင့် လေ့ကျင့်မှုများ ပြုလုပ် ပေးခဲ့ပြီး၊ စစ်ကောင်စီခေါင်းဆောင်များအနေဖြင့်လည်း ရိုဟင်ဂျာအုပ်စုများအား လက်နက်တပ်ဆင်ပေးခြင်း သည် တရားနည်းလမ်းကျမှန်ကန်သော တုန့်ပြန်မှုအဖြစ် ယူဆနိုင်သည်။ ဒုတိယတစ်ခုမှာ ULA/AA နှင့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကြား လက်နက်ကိုင်တိုက်ပွဲများနှင့် မတည်မငြိမ်မှုများဖြစ်နေခြင်းသည် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တို့တွင် အဆိုပါ ပဋိပက္ခအား ရိုဟင်ဂျာများကိုပြန်လည်လက်ခံရေးနှင့် ရိုဟင်ဂျာပြဿနာဖြေရှင်းရေးတွင် အဟန့်အတား တစ်ခုအဖြစ် အကြောင်းပြချက်ကောင်းကောင်း ပေးနိုင်ပေသည်။ ထို့နောက် တတိယနှင့် ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းတရားမှာ မြန်မာစစ်တပ်မှ ရိုဟင်ဂျာအုပ်စုများအား လက်နက်ထောက်ပံ့ခြင်းသည် မောင်တော နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ULA ၏ ကြီးထွားလာသော လွမ်းမိုးမ ဟန့်တားရန်၊ ရခိုင်နှင့် ရိုဟင်ဂျာကြား အသိုင်းအဝိုင်းများကြားတွင် တင်းမာမှုများကို မြှင့်တက်လာစေရန် နှင့် ULA/AA ဦးဆောင်လုပ်ကိုင်နေသော လူမှုသဟဇာတဖြစ်ရေး လုပ်ငန်းစဥ်များကို အားနည်းလာစေရန်လည်း ဖြစ်နိုင်ပေသည်။ အတိုချုပ်ပြောရလျှင် အဆိုပါ အကြောင်းအရာ (၃) ခုစလုံးသည်ပင် မြန်မာစစ်တပ်၏ နိုင်ငံ့တခြားဒေသများတွင် လုပ်လေ့ လုပ်ထရှိသည့် လုပ်ငန်းစဥ်များနှင့်လည်း တထပ်တည်းဖြစ်နေသည်။
ထို့ကြောင့် အဓိကမေးခွန်းမှာ ထိုကဲ့သို့ လုပ်ဆောင်မှုများ၏ ရက္ခိုင်ပြည်တွင်း အကျိုးသက်ရောက်မှုများမှာ မည်သည်တို့ဖြစ်မည်နည်း ဟူသော မေးခွန်းဖြစ်သည်။