ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး A Myanmar Commentary by Kyaw Lynn
Regions
နိုဝင်ဘာအထွေထွေရွေးကောက်ပွဲပြီးနောက် သိပ်မကြာခင်မှာပင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်သော တိုက်ပွဲမှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council- SAC) ၏ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု စကတည်းက အခြေအနေမှာလည်း သိမ်မွေ့နက်ရှိုင်း လျက်ရှိပါသည်။ နိုင်ငံရေးဆန့်ကျင်မှုမှာလည်း လွန်စွာမြင့်တက်လျက်ရှိသည်။ သို့သော် ရခိုင်အမျိုးသားရေးဝါဒမှာ နိုင်ငံ့တခြားဒေသရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် မတူသော ဝန်းကျင်တစ်ခုသို့ ကျရောက်နေပေသည်။ ယခုမှတ်ချက်ပြုရေးသားချက်တွင် အဘယ်ကြောင့် လာမည့်လများသည် ရက္ခိုင်ပြည် နိုင်ငံရေးတွင် မသေချာမှုနှင့် တင်းမာမှု မြင့်တက်နေသော အချိန်တစ်ခုအဖြစ် ရှိနေမည်ကို ကိုကျော်လင်းက အလေးထားရေးသားထားပါသည်။
ဆောင်းပါးအပြည့်အစုံ (PDF) ကို ရယူရန် ဒေါင်းလုပ်ပြုလုပ်ပါ။
ပြည်တွင်း၊ ပြည်ပနိုင်ငံရေးလေ့လာသုံးသပ်သူများမှ ဖေဖော်ဝါရီ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ပြောကြရာတွင် ရက္ခိုင့်တပ်တော်သည် သူတို့၏ ဆွေးနွေးမှုနှင့် အမြင်များကို အပြောင်းအလဲဖြစ်စေသည့် အဓိကကျသော နိုင်ငံရေးအင်အားစုများထဲမှ တစ်ခုဖြစ်လာသည်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ စစ်ရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်သည် မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်အား စိန်ခေါ်တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ၂၀၁၈-၁၉ ကာလအတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရက္ခိုင့်တပ်တော်မှ ပြောင်ပြောင်မြောက်မြောက် ခုခံတွန်းလှန်နိုင်ခဲ့ခြင်းသည် အဆိုပါအချက်ကို ပိုသိသာစေ ခဲ့ပါသည်။ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၏ အင်အားကြီးထွားလာခြင်းသည် ရခိုင်လူထုအတွင်း ထောက်ခံမှု ကြီးမားခြင်း၊ ကောင်းစွာ လေ့ကျင့်ထားသော တပ်သားများပိုင်ဆိုင်ခြင်းနှင့် နိုင်ငံတွင်း ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများနှင့် ဖြစ်ပေါ်မှုများကို သေချာစွာ သိမြင်နိုင်သော နုပျိုသော ခေါင်းဆောင်မှုတို့ကြောင့်ပင် ဖြစ်သည်။
နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ၏ ဖေဖော်ဝါရီ စစ်အာဏာသိမ်းကတည်းက အခြေအနေများမှာ စတင်ပြောင်းလဲ လာတော့သည်။ နိုင်ငံတစ်ဝှမ်းလုံး၊ လူ့အသိုင်းအဝိုင်းတိုင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သတ်၍လည်း အဖြေရဖို့ခက်သည့် မေးခွန်းများစွာကို မေးလာကြသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် မဲပေးခွင့်မရခဲ့သော နိုဝင်ဘာအထွေထွေရွေးကောက်ပွဲပြီးနောက် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်သော စစ်ပွဲများရပ်တန့်သွားသည်နှင့် ပတ်သတ်၍လည်း ဖြစ်သည်။ သမိုင်းစာအုပ်များတွင် ဖော်ပြထား တော့မည့်၊ စစ်အာဏာသိမ်းမှုမတိုင်ခင် အဆိုပါ တိုက်ခိုက်မှုများရပ်တန့်သွားခြင်းသည် လူအများအား လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ နိုင်ငံရေးရပ်တည်မှုကို မေးခွန်းထုတ်စေသည်။ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ထဲရှိ ဆက်စပ်နယ်မြေထဲတွင် အရပ်ဖက်အဖွဲ့အစည်းနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားမှုများကို စစ်ကောင်စီနှင့် ပူးပေါင်းထိမ်းချုပ်နေသည် ဟုပင် တချို့က စွပ်စွဲကြလေသည်။
သို့သော် မြန်မာ့သမိုင်းနှင့် ရက္ခိုင်ပြည်နိုင်ငံရေးထဲတွင် အမြစ်တွယ်နေသော ဒေသဆိုင်ရာ ရှုပ်ထွေးမှုများစွာ ရှိနေသလို ယခုနိုင်ငံရေး အကျပ်အတည်းမှာလည်း လူတိုင်းအတွက် ဖြူ-မည်း ကွဲဖို့ခက်ခဲသည်ကို သတိပြုရန် အရေးကြီးလှပါသည်။ ဒေသဆိုင်ရာ ခေါင်းဆောင်များအတွက် သရုပ်မှန်ဝါဒီတစ်ယောက်အမြင် (a realist perspective) မှ ပြောကြလျှင် လက်ရှိစစ်အာဏာသိမ်းမှုသည် မြန်မာ့တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သော တိုင်းပြည်၏ လူများစု ဗမာလူမျိုးများကြားတွင် အာဏာခွဲဝယ်မှုဆိုင်ရာ ပွတ်တိုက်မှုသဘော ပိုဆောင်ပါလိမ့်မည်။ စစ်အာဏာသိမ်းမှုလွန်အခြေအနေတွင် ဗမာပြည်မဒေသ၌ နိုင်ငံရေးမတည်မငြိမ်မှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ အာရက္ခအိမ်မက် (Arakan Dream) ကို ချီတက်ရန် ရက္ခိတလမ်းစဉ် (the Way of Rakhita) အတွေးအခေါ် အတွက် ပိုအထောက်အကူဖြစ်စေလိမ့်မည်ဟု တချို့သော လေ့လာသုံးသပ်သူများက ဆိုကြသည်။
သို့သော် သတိထားစရာကိစ္စများမှာလည်း အမြောက်အများရှိနေသေးသလို၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို စောင့်ဆိုင်းရင်း သီးခြားနေမူဝါဒနှင့် ကြားနေမူဝါဒကို ကျင့်သုံးနေသည်ဟု ဆိုလျှင်လည်း မှန်ကန်မှု မရှိနိုင်ပေ။ အခြေအနေများမှာ လွန်စွာ စိတ်ပျက်သတိထားစရာ ကောင်းသလို စိန်ခေါ်မှုသစ်များမှာလည်း နေ့တိုင်းလိုလိုပင် ထွက်ပေါ်လာတော့သည်။ (ရခိုင်ပြည်နယ်တွင်း) လက်ရှိ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးများမှာလည်း သေချာတိကျမှုမရှိ (informal) သလို ရက္ခိုင့်တပ်တော် စစ်သည် တော်များမှာလည်း နိုင်ငံအနှံ့အပြားတွင် တခြားသော မဟာမိတ် လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပါဝင်လျက်ရှိပြီး၊ တပြိုင်နက်တည်းမှာပင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်များ သည် စစ်ကောင်စီ၏ တရားနည်းလမ်းကျမှု (legitimacy) ကို စိန်ခေါ်ရန် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်အမတ်များနှင့် တခြားသော စစ်ကောင်စီဆန့်ကျင်သူများနှင့် ဖွဲ့စည်းထားသော အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (National Unity Government- NUG) တွင် ပါဝင်ရန်လည်း လက်ရှောင်ခဲ့ကြပေသည်။ ယခုကဲ့သို့ ရှုပ်ထွေးပြီး၊ အပြောင်းအလဲမြန်သော အခြေအနေ တစ်ခုအောက်တွင် နိုင်ငံရေးရွေးချယ်မှုများမှာ ခက်ခဲ လွန်းလှပေသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွင် မပါဝင်ရန် မည်သည့်ကြောင့် ဖြစ်ရသည်ကို စဉ်းစားစရာနောက်တစ်ချက်လည်းရှိနေပြီး၊ ၄င်းမှာ လွန်ခဲ့သော ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် မဲအများစုအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ စစ်ကောင်စီထဲတွင် ပါဝင်မှုကြောင့်လည်း ဖြစ်ပါသည်။ လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော်ခေါင်းဆောင်များမှသည် ထိုကိစ္စအပေါ်တွင် လူသိရှင်ကြား မှတ်ချက်ပေးသည် မျိုးလည်း မရှိသေးပေ။ သို့သော် ယခုကိစ္စသည် ရခိုင်လူထုအများစုအတွက် အငြင်းပွားစရာ တစ်ခုလည်း ဖြစ်နေပြန်သည်။
ပထမအချက်အနေဖြင့် ရခိုင်အမျိုးသားပါတီ၏ စစ်ကောင်စီထဲတွင်ပါဝင်မှုသည် ရွေးကောက်ပွဲပြီးနောက် ညွန့်ပေါင်းအစိုးရတစ်ခုတွင် ပါဝင်ခြင်း (သို့) နှင့် ပူးပေါင်းခြင်းနှင့် ကွာခြားပေသည်။ အကြောင်းမှာ ပြည်သူများမှ ပေးသည့် မဲများသည် စစ်အာဏာသိမ်းမှုနှင့်အတူ ဆုံးရှုံးသွားသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရခိုင် အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်မဲဆန္နရှင်များ၏ သဘောထားအတိုင်း စစ်ကောင်စီတွင် အဖွဲ့ဝင် ဖြစ်နေသည်ဟု သတ်မှတ် ရန်မှာလည်း လွန်စွာခက်ခဲလှပေသည်။
ဒုတိယအချက်အနေဖြင့် ရခိုင်အမျိုးသားပါတီ၏ စစ်ကောင်စီထဲတွင် ပါဝင်မှုသည် ရက္ခိုင်ပြည်သူများ ရှည်ကြာစွာ မျှော်လင့်တောင်းတနေကြသော နိုင်ငံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စီးပွါးရေး ကိုယ်ပိုင်တိုးတက်ပိုင်ခွင့်တို့ကိုလည်း အချိန်ကာလတစ်ခုအတွင်း ယူဆောင်လာနိုင်မည်မဟုတ်ပေ။ ယင်းအစား တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး၊ ပဋိပက္ခကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်လာပါက ရခိုင်အမျိုးသားပါတီ၏ စစ်ကောင်စီထဲ အဖွဲ့ဝင်ဖြစ်နေမှုကို ရခိုင်လူထုအများစုက မေးခွန်းထုတ်လာပေလိမ့်မည်။ အတိုချုပ်ပြောရလျှင် ရခိုင်အမျိုးသား ပါတီ၏ စစ်ကောင်စီထဲတွင် ပါဝင်မှုသည် ရက္ခိုင့်တပ်တော်/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဆန္ဒသာမက ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် တခြား လူမျိုးစုများ၏ သဘောထားကိုလည်း ကိုယ်စားမပြုနိုင်ပေ။
အခြေအနေများမှာ သိမ်မွေ့ပြီး တိမ်းစောင်းမခံနိုင်ပေ။ နိုင်ငံ့တခြားဒေသများကဲ့သို့ပင် လာမည့် လများသည်လည်း ရက္ခိုင်ပြည်နိုင်ငံရေးတွင် တင်းမာမှုနှင့် မသေချာမှုများ မြင့်တက်နေသော ကာလတစ်ခု ဖြစ်နေပေလိမ့်မည်။
ရက္ခိတလမ်းစဉ်နှင့် အာရက္ခအိမ်မက်
ရက္ခိတလမ်းစဉ်မှာ အာရက္ခအိမ်မက်၏ နောက်ဆုံးပန်းတိုင်ကို ပြီးမြောက်စေရန် နည်းလမ်းဖြစ်သည်။ ဘာသာဗေဒ အရ အဆိုပါအယူအဆနှစ်ခုကို တိကျသေချာ ဘုံဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သတ်မှတ်ရန် ခက်ခဲပါသည်။ သို့သော် ယေဘုယျနားလည်ချက်မှာ ရက္ခိတလမ်းစဉ် အာရက္ခတို့လမ်း (သို့) အာရက္ခတို့ လုပ်ရပ်သာလျှင် ၁၈ ရာစုအတွင်း မြောက်ဦးအဆုံးတွင် ကျုးကျော်သိမ်းပိုက်ခံလိုက်ရသော အာရက္ခအချုပ်အချာအာဏာကို ပြန်လည် ရရှိရေးဟူသော ရှည်ကြာသော နိုင်ငံရေးပန်းတိုင်ကို အာရက္ခဒေသတွင်း အောင်မြင်စေရန် အဓိကကျသည် ဟု ခံယူချက်ပင်ဖြစ်သည်။ ထပ်တူအရေးကြီးသည်မှာ ရက္ခိတလမ်းစဉ်နှင့် အာရက္ခအိမ်မက် နှစ်ခုစလုံးသည် နိုင်ငံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လူမျိုးစုအမျိုးသားရေးဝါဒ (ethno-nationalism)သာ အဓိကဟု သတ်မှတ် သော ရှေးရိုးစွဲ ရခိုင်အစဉ်အလာနှင့် နှိုင်းယှဉ်လျှင် အာရက္ခဒေသတွင်းရှိ လူမျိုး၊ ဘာသာစုံ ပါဝင်မှုရှိစေရန် ရည်ရွယ်ထားရှိဟန်ရှိသည်။
ရက္ခိုင်ပြည်နိုင်ငံရေးတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်၏ လှုပ်ရှားမှုပေါ်ထွက်လာခြင်းသည် ရခိုင်ပြည်နယ်ရှိ လူထုအများစုကြီး၏ နိုင်ငံရေးတက်ကြွမှုအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ရက္ခိုင်ပြည်အဖြစ် တောင်းဆိုမှုကို ပိုပြတ်သားစေခဲ့သည်ကိုလည်း သတိချပ်သင့်ပေသည်။ ရက္ခိုင့်ဘုရင့်နိုင်ငံတော် ကျဆုံးပြီး ကတည်း က အာရက္ခအချုပ်ချာအာဏာ ပြန်လည်ရရှိရေးအတွက် များစွာသော အမျိုးသားရေးလှုပ်ရှားမှု များ ပေါ်ထွက်ခဲ့ကြ သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တခြားသော မည်သည့်လှုပ်ရှားမှုမျှသည် ပြည်သူလူထုကြီး အတွက် ယခုကဲ့သို့ အောင်မြင်နိုင်သော မျှော်လင့်ချက်ကို မယူဆောင်နိုင်ခဲ့ကြပေ။
သို့သော် ယခုအချိန် ၂နှစ်တာကာလ ပြင်းထန်သော လက်နက်ကိုင်တော်လှန်ရေးပြီးနောက် နိုင်ငံရေးခေါင်းဆောင် များသာမက သာမန်ပြည်သူလူထုကြီးပါ ရက္ခိုင်ပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို ပိုယုံကြည်မှု ပြည့်လာကြ လေသည်။ လက်ရှိအချိန်တွင်လည်း ရက္ခိုင်နိုင်ငံရေးလှုပ်ရှားမှုသည် အထွက်အထိပ်နေရာသို့ ရောက်နှင့်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ယူဆချက်အား ဧပြီလ ၁၀ ရက်၊ ၂၀၂၁ခုနှစ်၊ (၁၂) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ အတည်ပြုပြောကြားခဲ့သည်။
“အမှန်အတိုင်းပြောရရင် ၁၇၈၄ ရက္ခိုင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးသွားကတည်းက ခေတ်အဆက်ဆက် မျိုးဆက်အလိုက် တော်လှန်ရေးဆင်နွဲခဲ့ကြတဲ့အထဲမှာ ငါတို့မျိုးဆက်လက်ထက်မှာ ဦးဆောင်မှု၊ စည်းလုံးညီညွတ်မှု ခိုင်ခိုင်မာမာနဲ့ ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်၊ ရပ်တည်လာနိုင်တာကို အထင်အရှား တွေ့ကြရမယ်ဖြစ်တယ်။ ဒီအခြေအနေကို ပိုကောင်းအောင်ကြိုးစားကြ၊ အမြင့်ဆုံးပန်းတိုင်ထိ အရောက်လှမ်းချီတက်နိုင်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ဆက်လက်တိုက်ပွဲဝင်ကြ။”
အဆိုပါ မှတ်ချက်များအပြီးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ရက္ခိုင်ပြည်တွင်း နိုင်ငံတော်တည်ဆောက်ရေး (state-building) နှင့် တိုင်းပြည်တည်ဆောက်ရေး (nation-building) ကိစ္စရပ်များကိုပါ ဆက်လက်ပြောဆိုသွားခဲ့သည်။ ထို့ကြောင့် ခေတ်သစ်ရခိုင်ပြည်နယ်နှင့် အဆိုပါ ကိစ္စ (၂) ခုမှာ မည်ကဲ့သို့ ဆက်နွယ်နေသည်ကို ရှာဖွေကြည့်ရန် လည်း စိတ်ဝင်စားစရာကောင်းလှပေသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ရက္ခိုင်ပြည်၏ နယ်မြေအား အဖြူရောင်၊ အပြာရောင်၊ အနက်ရောင် ကဲ့သို့ အစိုးရသတ်မှတ်ချက်အတိုင်း သတ်မှတ်ရန် ခက်ခဲလွန်းလှပါသည်။* သို့သော် ရက္ခိုင်ပြည်မြောက်ပိုင်းတွင် စစ်တွေမြို့ပေါ်မှ လွဲလျှင် ကျန်သော နေရာအများစုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်၏ လွှမ်းမိုးမှုအောက်သို့ ရောက်နှင့်နေသည်ဟု ယေဘုယျကျကျ မှတ်ယူနိုင်ပြီး၊ ဒီဖက်တိုမြေပြင် အုပ်ချုပ်ရေးယန္တရား (defacto administrative mechanisms) ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်၏ မူဝါဒများကို အခြေပြုပြီး လည်ပတ်လျက်ရှိပေသည်။ ယခု အပြောင်းအလဲသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း သိသာထင်ရှားသော နိုင်ငံရေးအခင်းအကျင်း တစ်ခုဖြစ်ပြီး၊ အဆိုပါ နယ်မြေများအတွင်း မည်ကဲသို့ အဖြစ်အပျက်များ ဖြစ်လာနိုင်သည်ကိုလည်း မှန်းဆရန် ခက်ခဲလှပါသည်။
အာဖရိက ဦးချိုဒေသ၌ ‘ပဋိပက္ခနှင့် နိုင်ငံတော်တည်ဆောက်ရေး စီမံကိန်း’ ခေါင်းဆောင် ပါမောက္ခ ရက်ဒီ ဘက်ရီးကတ်တီ (ဘ်) (Redie Bereketeab)၏ အဆိုအရဆိုလျှင် နိုင်ငံတော်တည်ဆောက်ရေးတွင် အင်စတီကျူးရှင်နယ်လိုက်ဇေးရှင်း (institutionalization)၊ ဗျူရိုကရက်တိုင်ဇေးရှင်း (bureaucratization)၊ နှင့် ဒီမိုကရက်တိုင်ဇေးရှင်း (democratization) ဟူသော အဓိက အစိတ်အပိုင်း ၃ ခု ပါဝင်ပေသည်။ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ အင်စတီကျူးရှင်းနယ်လိုက်ဇေးရှင်း ဟူသည်မှာ နိုင်ငံတော်အစိုးရအာဏာအား လူ့အဖွဲ့အစည်း အပေါ်တွင် အထူးသီးသန့်ဖန်တီးထားသော နိုင်ငံရေးဖွဲ့စည်းမှုနှင့် အဖွဲ့အစည်းများမှတဆင့် ကျင့်သုံးခြင်းကို ဆိုလိုပါသည်။ နောက် ဗျူရိုကရက်တိုင်ဇေးရှင်း ဆိုသည်မှာ အုပ်ချုပ်ရေးဆိုင်ရာ ရုံး၊ ဌာနများမှ စည်းမျဉ်းဥပဒေ များဖြင့် လည်ပတ်စေသော ဖြစ်စဉ်တစ်ရပ်ကို ဆိုလိုခြင်းဖြစ်သည်။ ထို့နောက် ဒီမိုကရက်တိုင် ဇေးရှင်း ဆိုသည်မှာ အာဏာခွဲဝေမှုရှိသော အင်စတီးကျူးရှင်းများကို တည်ဆောက်ခြင်းနှင့် ဒီမိုကရေစီကျသော အုပ်ချုပ်မှုတစ်ရပ်ကို ဖြစ်စေသော လုပ်ငန်းစဉ်တစ်ခုအဖြစ် သက်မှတ်ပေသည်။.
အဆိုပါ ဖြစ်စဉ်(၃) ခုထဲ၌ ပထမဆုံး (၂) ခုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အာဏာပိုင်များမှ လွန်ခဲ့သော နှစ် နှစ်တာကာလအတွင်းတွင် အဓိကထား တည်ဆောက်နေသော လုပ်ငန်းဆောင်တာများဖြစ်ပေသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများထဲတွင် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ (Arakan Authority)၊ တရားရေးစနစ်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဖွဲ့စည်းမှုနှင့် အပိုင်းအခြားများ၊ (၄င်းသတ်မှတ်မှုများသည် မြန်မာအစိုးရသတ်မှတ်ချက်များနှင့် မတူပေ) အား တည်ဆောက်ခြင်းနှင့် အခွန်ကောက်ခံမှု၊ ကျန်းမားရေး၊ ပညာရေး နှင့် တခြားသော လူမူရေး ကိစ္စ ရပ်များအား လုပ်ဆောင်ခြင်းတို့လည်း ပါဝင်ပေသည်။ သို့သော် တရားနည်းလမ်းကျမှုအရ ဆိုပါလျှင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် နှင့် ရက္ခိုင့်တပ်တော်၏ တရားနည်းလမ်းကျမှုအား ဥပေဒ-ကြောင်းကျိုးဆိုင်ရာ တရားနည်းလမ်းကျမှု (legal-rational authority) အဖြစ်သတ်မှတ်ရန်ခက်ခဲပြီး၊ ၄င်း၏ တရားနည်းလမ်း ကျမှုမှာလည်း လူကြိုက်များသော ခေါင်းဆောင်မှု (charismatic leadership)၊ အမျိုးသားရေးဝါဒ (nationalism) နှင့် စစ်ရေး-နိုင်ငံရေး စွမ်းဆောင်နိုင်မှု (military-political performance) ကဲ့သို့ အရေးပါသော အစိတ်အပိုင်းများမှ ရရှိနေခြင်း ဖြစ်ပေသည်။ တခြားတစ်ဖက်တွင် တော်လှန်ရေးလုပ်ရှားမှု တစ်ခုဖြစ်သောကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်- ရက္ခိုင့်တပ်တော် အနေဖြင့် လူတစ်ဦးချင်း နှင့် ခေါင်းဆောင်မှုတွင်း အာဏာခွဲဝေမှု နှစ်ခုလုံးတွင် ဒီမိုကရက်တိုင်ဇေးရှင်း၏ တခြားအဆင့်တစ်ခုကို တက်လှမ်းရန် အခက်အခဲများရှိနေဆဲဖြစ်ကိုလည်း တွေ့ရသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်မိန့်ခွန်း၏ နောက်ထပ် အရေးကြီးသော ကိစ္စရပ်တစ်ခုမှာ တိုင်းပြည်တည်ဆောက်ရေး (nation-building) ပင် ဖြစ်သည်။ ဘုံသဘောတူညီထားသော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသေးသော်ငြားလည်း တိုင်းပြည်တည်ဆောက်ရေး ဟူသည် အစိုးရ၏ အာဏာနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ပါဝင်မှုကို အသုံးပြုပြီး၊ အမျိုးသား အမှတ်အသားဝိသေသ (national identity) တစ်ခုအား တည်ဆောက်ခြင်း (သို့) ပုံဖော်ခြင်းပင် ဖြစ်သည်။ ခေတ်သစ် သမိုင်းမှ ညွှန်ပြနေသကဲ့ပင် အဆိုပါကိစ္စမှာ လက်ရှိ ရခိုင်ပြည်တွင်း လွန်စွာ လိုအပ်နေသော အကြောင်းအရာတစ်ခုလည်း ဖြစ်သည်။ ရက္ခိုင်ပြည်ကဲ့သို့ လူမျိုး၊ ဘာသာ ပေါင်းစုံရှိသော နယ်မြေတစ်ခုတွင် အမျိုးသားဝိသေသတစ်ခုသည် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ကျင့်ထုံးများထက် နိုင်ငံရေးနှင့် မူပိုင်းဆိုင်ရာ စံတန်ဖိုး များကို အခြေပြုပြီး၊ လူမျိုးစုလွန် (supra-ethnic) အမှတ်အသားဖြစ်ရန်လိုအပ်ပေသည်။ သို့သော် အဆိုပါကိစ္စ မှာ ဘင်္ဂလားဒေချ့် သို့ ရိုဟင်ဂျာ ၁ သန်းကျော် ထွက်ပြေးသွားရမှု နှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(နယ်စပ်)တွင်း တပ်မတော်၏ စစ်ဆင်ရေးကြောင့် ရခိုင်၊ ချင်း၊ မြိုနှင့် တခြားလူမျိုးများပေါင်း ၂ သိန်းကျော်ခန့် ရွှေ့ပြောင်းထားရမှု တို့ကြောင့် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်းတွင် ပိုရှုပ်ထွေးလာပေသည်။ အမျိုးသားဝိသေသ တည်ဆောက်ရာ တွင် ကြုံတွေ့ရသော အခက်အခဲများအား ရင်ဆိုင်ရာ နှင့် ရက္ခိုင့်လူ့အဖွဲ့အစည်း၏ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင်လည်း အုပ်စုတိုင်း ပါဝင်ရန် မရှိမဖြစ် လိုအပ်လှပေသည်။ သို့သော် အဆိုပါဖြစ်စဉ်သည် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် အုပ်ချုပ်ရေး အနေဖြင့် ၎င်း၏ လွှမ်းမိုးရာ ဒေသများတွင် လူမျိုးစုများကြား ဆက်ဆံရေးကို ကိုင်တွယ်သည့် ပုံစံအပေါ်တွင်လည်း မူတည်ပါလိမ့်မည်။ နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့်လည်း ဘုံသဘောတူညီမှုနှင့် မျှဝေထားသော အပြန်အလှန် ဆက်သွယ်မှုများမှတဆင့် ဘုံအမျိုးသား ရည်မှန်းချက်များကို အသိုင်းအဝိုင်း များကြားတွင် မည်သို့ တည်ဆောက်ကြသည်မှာလည်း အရေးကြီးလှပေသည်။
လက်ရှိအချိန်တွင် အမှုကိစ္စ အများစု၌ ဘက်မလိုက်မှု၊ ပိုင်းဖြတ်နိုင်မှု နှင့် ရလဒ်ဦးတည်မှု စသော ဝိသေသများကို အခြေခံသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ လက်ရှိတရားရေးစနစ်ကို ၎င်း၏ အာဏာသက်ရောက်မှုရှိသော ဒေသများတွင် ရိုဟင်ဂျာအပါအဝင် တခြားသော လူနည်းစုများကြားတွင်လည်း ယေဘုယျအားဖြင့် လက်ခံကြိုဆိုကြ ပေသည်။ အနည်းဆုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ အုပ်ချုပ်ရေးသည် မြန်မာအစိုးရ၏ အပြုအမူများထက် မဆိုးဟု မှတ်ယူနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အာရက္ခတိုင်းပြည် တည်ဆောက် ရေးသည် လက်ရှိငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသောအခြေအနေမှသည် ယဉ်ကျေးမှုမတူညီမှုမျိုးစုံကို နားလည် လက်ခံတတ်သော လူမျိုးစုံ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ခုသို့ ရောက်ရှိရန်လည်း အရေးကြီး လှပေသည်။ အဆိုပါ ခရီးမှာလည်း ရှည်ကောင်း၊ ရှည်နိုင်ပါသည်။
အနှစ်ချုပ်ရလျှင် အာရက္ခအိမ်မက်အား အကောင်အထည်ဖော်ရာတွင် တရားနည်းလမ်းကျမှုနှင့် အာဏာပိုင်မှုကို ဆက်လက်ထိမ်းသိမ်းထားနိုင်ရန် ရက္ခိုင့်အမျိုးသားအဖွဲချုပ်အနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးပုံစံအား တော်လှန်ရေး-လွတ်မြောက်ရေးလှုပ်ရှားမှုယဉ်ကျေးမှု (revolutionary liberation movement culture) မှသည် ပြည်သူများ အားလုံးကို ပွင့်လင်းမြင်သာပြီး၊ တန်းတူသတ်မှတ်ထားသော စည်းမျဉ်းဥပဒေများဖြင့် အုပ်ချုပ်သော နိုင်ငံသား အခြေပြုအုပ်ချုပ်သောယဉ်ကျေးမှု (civic governance) ပုံစံသို့ မည်မျှ ထိထိရောက်ရောက် ပြောင်းလဲနိုင်သနည်း ဟူသော မေးခွန်းအပေါ်တွင်လည်း မူတည်ပေလိမ့်မည်။
ရက္ခိုင်ပြည်နိုင်ငံရေး၏ သဘောသဘာဝ
၂၁ ရာစု ရက္ခိုင့်လူ့အဖွဲ့အစည်းတွင် ၄င်း၏ အတိတ်မှ ထွက်ပေါ်လာသော အဓိက ဆွဲအားကြီး နှစ်ခုရှိပေသည်။ ပထမဆွဲအားမှာ မြောက်ဦးအချုပ်အချာအာဏာ ကျဆုံးပြီးသည်မှ ထွတ်ပေါ်လာပြီး၊ နှစ်ပေါင်း ၂၀၀ ကျော် ဆက်လက်တည်တံ့ခဲ့ပေသည်။ ပထမဆွဲအား၏ အဆုံးစွန်ဆုံး ရည်မှန်းချက်မှာ လွတ်လပ်ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော အာရက္ခတိုင်းပြည် ဖန်းတီးနိုင်ရန် အာဏာကျင့်သုံးသောဖွဲ့စည်းမှုနှင့် အင်စတီကျူးရှင်းများ (power-seeking structures and institutions) တည်ဆောက်ရေးဖြစ်ပြီး၊ နည်းလမ်းများမှာ အမျိုးသားရေးဝါဒနှင့် စုစည်းလုပ်ဆောင်ရေးဝါဒ (nationalism and collectivism) တို့ ပေါင်းစုရေး ဖြစ်သည်။ ခေတ်သစ်တွင် အဆိုပါ လှုပ်ရှားမူအား ရခိုင်လူမျိုးများထဲတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် တခြားသော သေးငယ်သော နိုင်ငံရေးအဖွဲ့အစည်းများမှ အဓိက ကိုယ်စားပြုပေသည်။
ဒုတိယဆွဲအားတစ်ခုမှာ ပထမဆွဲအားနှင့် နှိုင်းယဉ်လျှင် ပို နောက်ကျပြီး၊ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်မှ စတင် ဖွံ့ဖြိုးလာခဲ့သည်။ သို့သော် (လွန်ခဲ့သော) ဒီမိုကရေစီအပြောင်းအလဲ ဆယ်နှစ်ပြီးနောက် အဆိုပါ ဆွဲအား၏ အဟုန် မှာလည်း ကျယ်ပြန့်၊ နက်ရှိုင်း လာခဲ့ပေသည်။ အဆိုပါဆွဲအား၏ အဓိက ရည်မှန်းချက်မှာ ရက္ခိုင့်လူ့အဖွဲ့အစည်းအား ဒီမိုကရက်တစ်တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုရှိသော လူ့အဖွဲ့အစည်းအဖြစ် ဖန်တီးရာတွင် အာဏာကန့်သတ်သော အင်စတီကျူးရှင်းများ (power checking institutions) တည်ဆောက်ရေးဖြစ်ပြီး၊ အဆိုပါ ဦးတည်ချက်အား အောင်မြင်ရန် နည်းလမ်းမှာ လစ်ဘရယ်တစ်သီးပုဂ္ဂလဝါဒ (liberal individualism) ဖြစ်သည်။ အဆိုပါ အုပ်စုထဲတွင် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူများ၊ ပြုပြင်ပြောင်းလဲရေး သမားများ နှင့် ပညာရှင်များ ပါဝင်ပေသည်။
သို့သော် အဆိုပါ ဆွဲအားနှစ်ခုအား သီးခြားဖြစ်တည်မှုအဖြစ် မမှတ်ယူသင့်ပေ။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်များမှ ဒုတိယဆွဲအား၏ ဒီမိုကရေစီဆန်သော တန်ဖိုးများကို အတိုင်းအတာတစ်ခုထိ လက်ခံထား ကြသလို၊ ဒုတိယဆွဲအားထဲမှ အင်အားစုများမှလည်း ပထမဆွဲအား၏ အမျိုးသားရေးဆိုင်ရာ တန်ဖိုးများကို ထောက်ခံကြပေသည်။ ရလဒ်အဖြစ် ရက္ခိုင့်လူ့အဖွဲ့အစည်းသည် ခေတ်သစ် သမိုင်းတွင် ယခင်အစိုးရခေတ် ကာလများထက် ပိုစည်းလုံးညီညွတ်နေသည်ကို မြင်တွေ့နေရခြင်းဖြစ်ပေသည်။ တချိန်တည်းမှာပင် ဒုတိယဆွဲအားကို အဓိကလိုလားသူများသည် လူငယ်မျိုးဆက်များဖြစ်သော်လည်း၊ ရက္ခိုင်လူထုအများစုကြီးသည် ပထမဆွဲအား၏ အမျိုးသားရေးဝါဒဖက်ကို ပိုလိုလားထောက်ခံကြပေသည်။
အဆိုပါ အခြေအနေများမှသည် ယခုကဲ့သို့ ကောက်ချက်နှစ်ခု ဆွဲနိုင်သည်။ ရက္ခိုင့်လူ့အဖွဲ့အစည်း၌ လစ်ဘရယ် တစ်သီးပုဂ္ဂလဝါဒထွန်းကားရေးသည် ပထမဆွဲအား လိုလားသူများမှ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အသိအမှတ် ပြုလောက်သော ရပိုင်ခွင့်နှင့် လွှမ်းမိုးမှုမရှိသမျှ ခက်ခဲနေပေမည်။ နောက်၊ ရက္ခိုင်ပြည်နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်း၏ လက်ရှိ ဦးတည်ချက်နှင့် အခြေခံမူများကို ကြည့်လိုက်ပါက သရုပ်မှန်နိုင်ငံရေးသည် နိုင်ငံရေးလစ်ဘရယ်ဝါဒ ထက်ပို အသုံးတည့်နေပေလိမ့်မည်။
* အဖြူရောင် ဟူသည် အစိုးရ ထိမ်းချုပ်ထားသောနေရာ၊ အပြာရောင်သည် အစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယဉ်ပြိုင်နေသော နေရာ နှင့် အနက်ရောင်သည် တော်လှန်ရေးတပ်ဖွဲ့များ ထိမ်းချုပ်ထားသော နေရာ ဖြစ်သည်ဟု အစိုးရအာဏာပိုင်များက သတ်မှတ်လေ့ ရှိပါသည်။ အာရက္ခ (Arakan) ဟူသည် သမိုင်းကြောင်းအရ လက်ရှိ ရခိုင်ပြည်နယ်ထက် ပိုအရွယ်အစားကြီးလွန်းသော နယ်မြေတစ်ခု ဖြစ်သည်။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လက်ရှိ ရက္ခိုင့်တပ်တော် ရှိနေသော ရက္ခိုင့်တောင်တန်းဒေသကို လက်ရှိ ချင်းပြည်နယ်ထဲတွင် ပိုင်းဖြတ် ထည့်သွင်းခဲ့သည်။
ကိုကျော်လင်းသည် ရန်ကုန်တက္ကသိုလ်တွင်၊ နိုင်ငံရေးသိပ္ပံ မဟာတန်းတက်ရောက်နေသော ဘွဲ့လွန်ကျောင်းသား တစ်ဦးဖြစ်သည်။ သူသည် ရန်ကုန်အခြေစိုက် အလွတ်တန်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် ငြိမ်းချမ်းရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူ (Institute for Peace and Governance) ၏ တည်ထောင်သူတစ်ယောက် လည်း ဖြစ်ပေသည်။