"မြေသည် ကျွန်ုပ်တို့၏ အသက်" မြေယာသိမ်းဆည်းခံရမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျေးလက်ဒေသပြိုလဲမှုများကြားက ပအိုဝ်းတောင်သူများ၏ ရုန်းကန်ခက်ခဲသောဘဝများ
Regions
A commentary by the Pa-O Youth Organisation and Transnational Institute
ပဋိပက္ခများ ဖြစ်ပွားနေသည့်ကာလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပအိုဝ်းတောင်သူလယ်သမားများသည် ယဉ်ကျေးမှု ရေရှည်တည်တံ့ရေးနှင့် နေ့စဉ်ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရသကဲ့သို့ မြေယာသိမ်းဆည်းခံရမှု၊ စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ အပါအဝင် စိန်ခေါ်မှုမျိုးစုံကို ကာလရှည်ကြာ ရင်ဆိုင်နေကြရသည်။ လူငယ်အများအပြားသည်လည်း ဘဝသစ် ရှာဖွေရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသည်။ ဤသုံးသပ်ချက် ဆောင်းပါးတွင် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပိုမိုနက်ရှိုင်းလာသော အခက်အခဲများနှင့် စနစ်တကျ ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ သဘောသဘာဝများကို ဆန်းစစ်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံမေးမြန်းထားသည်။ မြေယာအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ သိမ်းဆည်းခံရသည့် မြေယာများ ပြန်လည်စွန့်လွှတ်ရေးနှင့် စစ်ကောင်စီနှင့် ၎င်း၏ လက်ဝေခံများ၏ စစ်မှုထမ်းခေါ်ယူခြင်း အပါအဝင် အခြားသော အဓမ္မဖိအားပေး ပြုလုပ်မှုများကို အဆုံးသတ်ရေးတို့သည် လွန်စွာလိုအပ်လျက်ရှိသည်မှာ ထင်ရှားလှပေသည်။
Photo credit: TNI
"ဒီမြေက ကျွန်မတို့ရဲ့အသက်ပဲ၊ စိုက်စားလို့မရရင် ကျွန်မတို့ဘ၀လည်း အသက်ဆက်ရှင်ရပ်တည်ဖို့ မလွယ်ဘူး"
ဤသည်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းဒေသခံ အမျိုးသမီးတောင်သူတစ်ဦး၏ ရင်နင့်ဖွယ်ရာ အမှန်တရားစကား ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့ အခြေချနေထိုင်ရာ ဒေသများရှိ ကျေးလက်လူထုအတွက် ‘မြေယာ’ ဆိုသည်မှာ အသက်မွေးဝမ်းကျောင်းပြုရန် ကုန်ကြမ်းတစ်ခုမျှသာ မဟုတ်ဘဲ ၎င်းတို့၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေး၊ လူမှုရေးနှင့် ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာသည့် ရိုးရာဓလေ့များကို ထိန်းသိမ်းရာ "အသက်သွေးကြော" လည်း ဖြစ်သည်။
ဤသုံးသပ်ချက်ဆောင်းပါးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် တို့ရှိ ပအိုဝ်းတောင်သူလယ်သမားများ၏ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများနှင့် ၎င်းတို့၏ စစ်မှန်သော မျှော်မှန်းချက်များကို မီးမောင်းထိုးပြထားခြင်း ဖြစ်သည်။ ထိုဒေသရှိ တောင်သူများသည် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက “လေးဘက်လေးတန်” သော ဖိအားများ- မြေယာသိမ်းဆည်းခံရမှု၊ စိုက်ပျိုးစရိတ် အဆမတန် မြင့်မားလာမှု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးမှ ကောက်ခံသည့် အခွန်အခမျိုးစုံနှင့် စစ်မှုထမ်းရန် ဖိအားပေးခံရမှုများ အပြင် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ရာသီဥတုပြောင်းလဲမှု- ကို ရင်ဆိုင်အန်တုခဲ့ကြရသည်။
၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် မြန်မာ့တပ်မတော်၊ ဒေသခံပြည်သူ့စစ်အဖွဲ့ (မူလက ငြိမ်းချမ်းရေးယူထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [PNO] ဟု လူသိများသော) နှင့် ဆက်စပ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ဒေသခံပြည်သူလူထု ပိုင်ဆိုင်သော စိုက်ပျိုးမြေနှင့် ကျေးရွာမြေများကို စတင်သိမ်းဆည်းခဲ့ကြသည်။ မြေယာအများစုမှာ ၁၉၉၁-၉၂ ခုနှစ်တွင် စစ်တပ်အခြေစိုက်စခန်း တည်ဆောက်ရန်၊ မြို့ပြချဲ့ထွင်ရန်အတွက်နှင့် အခြားမဟာဗျူဟာမြောက် အကြောင်းအရင်းများအတွက် သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်သည်။ ရွာသူရွာသားအများစုတွင် တရားဝင်မြေပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများ လက်ဝယ်မရှိကြပေ။ သို့သော်ထိုမြေယာများသည် ကျေးရွာကော်မတီများက စီမံခန့်ခွဲသည့် ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှုစနစ်အရ ဘိုးဘွားဘီဘင်များထံမှ ရိုးရာအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် အမွေအနှစ်များသာ ဖြစ်ကြသည်။
ဓလေ့ထုံးတမ်းအရ လုပ်ပိုင်ခွင့်ရှိခဲ့သော မြေဧရိယာ စုစုပေါင်း ဧက ၁၈,၀၀၀ ကျော်သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် သိမ်းဆည်းခြင်းခံခဲ့ရပြီး ၎င်းမှာ ဘေဂျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုပေါင်းစာနီးပါးရှိသည့် အလွန်ကျယ်ဝန်းလှ သော မြေနေရာ ဖြစ်သည်။ ရွာသူရွာသားများအတွက်မူ ဤဖြစ်ရပ်သည် ၎င်းတို့၏ ဘဝများကို လုံးဝဥဿုံ ပြောင်းလဲစေခဲ့ပြီး ရုပ်ဝတ္ထုပစ္စည်းနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများကို ရေရှည်ခံစားရစေမည့် အကျိုးဆက်များကို ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။
ဤသုံးသပ်ချက်ဆောင်းပါးသည် ဟိုပုံး၊ ဆီဆိုင်နှင့် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ အနီးအနားရှိ တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၂ ဦးအား မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းထားသော အချက်အလက်များကို အခြေပြုထားခြင်းဖြစ်သည်။
မြေယာသိမ်းဆည်းခံရမှု - ဆုံးရှုံးမှုများနှင့် မတရားမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်း
အစဦးပိုင်း မြေယာများ စတင်သိမ်းဆည်းခံရစဉ်က “ကျွန်တော်တို့ကို စိုက်ပျိုးခွင့်ပေးထားသေးတော့ အဲ့ဒီလောက် သိသာထင်ရှားမှုမရှိခဲ့ဘူး” ဟု စစ်တပ်က ၎င်း၏ မြေ ၁၀ ဧကအနက် သုံးပုံနှစ်ပုံကို သိမ်းဆည်းခြင်းခံခဲ့ရသည့် ဆီဆိုင်မြို့နယ်မှ အသက် ၆၇ နှစ်အရွယ် ပအိုဝ်းအမျိုးသား တောင်သူတစ်ဦးက ပြောပြသည်။ အခြားတောင်သူများနည်းတူ ၎င်းသည်လည်း သိမ်းဆည်းခံရသည့် မြေယာများအတွက် မည်သည့်လျော်ကြေးမျှ တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ပေ။ သို့သော် နောက်ပိုင်း ၂၀၁၀ ပြည့်နှစ်တွင်မူ အခြေအနေများပြောင်းလဲသွားခဲ့ပြီး “သူတို့က ကျွန်တော်တို့ကို စိုက်ပျိုးခွင့်ပေးပေမယ့် သူတို့ကို မြေငှားခ ပြန်ပေးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ တောင်သူများသည် မိမိတို့ကိုယ်ပိုင်မြေတွင် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက်တင် စစ်တပ် သို့မဟုတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ စစ်ရေးတောင်ပံဖြစ်သော ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်ထံသို့ တစ်ဧကလျှင် ကျပ် ၂,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀ သို့မဟုတ် ၁၀,၀၀၀ အထိပင် သီးစားခအဖြစ် စတင်ပေးဆောင်ခဲ့ကြရသည်။
ထို့နောက် သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် သိမ်းဆည်းခံမြေ ဧရိယာ စုစုပေါင်း ၁၈,၀၀၀ ကျော်အနက် ၆၂၅ ဧက (၃.၅ ရာခိုင်နှုန်းမျှသာရှိသော ပမာဏအနည်းငယ်) ကို တရားဝင် ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော် ထိုအချိန်တွင်ပင် မူလတောင်သူများထံ ပြန်လည်ရောက်ရှိသွားခြင်း မရှိသလောက်နည်းပါးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တရားဝင် “ပြန်လည်ပေးအပ်ခဲ့သည့်” မြေ ၆၂၅ ဧကမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ထိပ်တန်း အဖွဲ့ဝင်ဟောင်းဖြစ်ပြီး လက်ရှိပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်စံလွင် တစ်ဦးတည်းထံသို့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
အကျိုးဆက်အားဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သိမ်းဆည်းခံခဲ့ရသည့် ဧက ၁၈,၀၀၀ ကျော်၏ အများစုမှာ မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိသေးပေ။ ထိုအတောအတွင်း မြန်မာ့တပ်မတော်က ယခင်က သိမ်းဆည်းခဲ့သော မြေလွတ်မြေလပ်များကို လက်ရှိတွင် PNO/A က ထိန်းချုပ်ထားသည်။ သို့သော် အခြေအနေက ထိုမျှနှင့်တင် မပြီးသေးပါ။ ဆီဆိုင်မြို့နယ်မှ အသက် ၆၇ နှစ်အရွယ် ပအိုဝ်းအမျိုးသား တောင်သူတစ်ဦးက ယခုလို ပြောကြားခဲ့သည် -
“အချို့နေရာတွေမှာ သူတို့က မြေတွေကို ခြံစည်းရိုးခတ်ထားပေမယ့် တံခါးတစ်ခုတော့ လုပ်ပေးထားတယ်။ ကျွန်တော်တို့က အဲ့ဒီတံခါးပေါက်ခကို ပေးရတယ်။ တံခါးပေါက်ကနေ ဖြတ်သန်းခွင့်ရခဲ့တယ်။ အခုတော့ သူတို့က အဲ့ဒီတံခါးကို ပြန်ပိတ်လိုက်ပြီး အဲ့ဒီမှာ ကျွန်တော်တို့ကို လုပ်ကိုင်ခွင့်မပေးတော့ဘူး။ လူပေါင်း ၅၀ ကနေ ၆၀ ခန့်ရဲ့ မြေယာတွေ ပါသွားတယ်။ စုစုပေါင်း အိမ်ထောင်စု ၂၅၀ ရှိတယ်။ ဧကအလိုက်ဆိုရင် သိမ်းဆည်းခံရတဲ့မြေက ဧက ၆၀၀ ဒါမှမဟုတ် ၇၀၀ ခန့်ရှိတယ်။ ဒါကြောင့်မို့လို့ လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ အားလုံးဆုံးရှုံးသွားတဲ့သူတွေထဲက တချို့ဆိုရင် အလုပ်အကိုင်ရှာဖွေဖို့ ပြည်ပကို ထွက်ခွာသွားကြပြီ။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် နှစ်စဉ် ဒီလိုအချိန်မျိုးမှာ လူတွေဟာ စိုက်ပျိုးဖို့ မြေယာတွေကို ပြင်ဆင်နေကြပြီ။ ”
ဤသို့သော အခြေအနေများကြောင့် တောင်သူများအကြား တွေ့ကြုံနေရသည့် အဓိက အခက်အခဲမှာ ၎င်းတို့တွင် “မြေရှိသော်လည်း မစိုက်ပျိုးရဲကြပေ။”ထို့ကြောင့် တောင်သူအများအပြားမှာ မိမိတို့မြေယာကို လုပ်ကိုင်ခွင့် သို့မဟုတ် ယခင်က ရရှိခဲ့ဖူးသည့် ဝင်ငွေများကို ဆုံးရှုံးရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြရပြီး တစ်ဖက်တွင်လည်း မြေငှားခများ ပေးဆောင်နေရခြင်းကြောင့် ပိုမို၍ ဆုံးရှုံးမှုကြီးမားနေကြရသည်။ တောင်သူများသည် အမှန်တကယ်ပင် ကိုယ်ကိုးရာမဲ့ ဖြစ်နေကြရသည်။
ယခုနှစ်အစောပိုင်းတွင် အခြေအနေများကို ပိုမိုဆိုးရွားစေသည်မှာ ၎င်းတို့၏ မြေကွက်များကို ပြန်လည်ရရှိရန်အတွက် အဆမတန်များပြားသော ငွေကြေးများပေးဆောင်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်ပြီး မေလ ၂၇ ရက်နေ့ကို နောက်ဆုံးထား၍ နေအိမ်များမှ အဓမ္မဖယ်ရှားခိုင်းသည့် ဖိအားပေးမှုများနှင့်လည်း ကြုံတွေ့နေကြရသည်။ အားကိုးရာမဲ့ဖြစ်နေသည့် ဒေသခံတောင်သူများသည် အစားထိုးမြေကွက် လိုချင်ပါက မြေ ၅ ဧကကျော်ရှိသော အိမ်ထောင်စုများသည် လျော်ကြေးမြေကွက်အတွက် ငွေပေးဆောင်ရမည်ဖြစ်ပြီး ထိုမြေကွက်မှာလည်း မူလအရွယ်အစား ထက် သိသိသာသာ သေးငယ်ကြောင်း ခြိမ်းခြောက်ခြင်း ခံထားရသည်ဟု သိရသည်။ နေအိမ်နှင့် စိုက်ပျိုးမြေ သိမ်းဆည်းခံရသူများသည် ထိုမြေကွက်အသေးစားများကို လျော်ကြေးအဖြစ် ရရှိမည်ဟု ဆိုသော်လည်း တောင်သူများသည် ၎င်းတို့အတွက် ငွေကြေးပြန်လည် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
အထက်တွင် ကိုးကားဖော်ပြခဲ့သည့် တောင်သူကပင် ယခုကဲ့သို့ မတရားသော အစားထိုးမှုနှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်ပြောပြခဲ့သည်မှာ -
"မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး PNO က ဘာအကူအညီမှ မပေးခဲ့ပါဘူး။ လက်ရှိ အခြေအနေကတော့ သူတို့နဲ့ ပဋိပက္ခ ဖြစ်ပွားနေဆဲပါပဲ။ သိမ်းဆည်းခံရတဲ့ မြေယာတွေအတွက် ဘာလျော်ကြေးမှ ပေးတာမရှိဘူး။ သိမ်းဆည်းခံရတဲ့ မြေစုစုပေါင်းက ၆၂၅ ဧက (လူနေမြေနဲ့ စိုက်ပျိုးမြေ နှစ်ခုလုံးအပါအဝင်) ရှိပါတယ်။ သိမ်းဆည်းခံရတဲ့ လူနေအိမ်ကွက်တွေအတွက် ပေ ၄၀x၅၀ အစားထိုးမြေကွက် ပေးမယ်လို့ ကြားတယ်၊ ဒါပေမယ့် ကျွန်တော်တို့က ကျပ်သိန်း ၂၀ [ယူရို ၄၀၀ ခန့်] ပေးရမယ်။ ဒေသခံတောင်သူတွေကတော့ မတတ်နိုင်ကြသလို ဒါကိုလည်း လက်မခံနိုင်ကြဘူး။ အဲ့ဒီမှာ အိမ်ရှိတဲ့သူတွေကို မေလ ၂၇ ရက်ထက် နောက်မကျစေဘဲ ဖယ်ရှားပေးဖို့ ပြောထားတယ်။ ထိခိုက်ခံရတဲ့ အိမ်ထောင်စု ၂၀၀ ခန့် ရှိပါတယ်”
ဆီဆိုင်မြို့နယ်မှ အသက် ၅၀ အရွယ် ပအိုဝ်းအမျိုးသမီးတောင်သူတစ်ဦးကလည်း မြေယာသည် သူမအတွက် မည်မျှအသက်တမျှ အရေးပါပြီး တန်ဖိုးရှိကြောင်းကို ယခုကဲ့သို့ ရင်ဖွင့်ခဲ့သည်။
"ဒီမြေက ကျွန်မတို့ရဲ့အသက်ပဲ၊ စိုက်စားလို့မရရင် ကျွန်မတို့ဘ၀လည်း အသက်ဆက်ရှင်ရပ်တည်ဖို့ မလွယ်ဘူး။ ကျွန်မတို့ သားသမီးတွေရဲ့ ပညာရေး၊ လူမှုရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဒီမြေကိုပဲ မှီခိုးပြီးနေရတာပါ။ ကျွန်မတို့ရဲ့ အသက်ထက်တောင် ဒီမြေကို ပိုပြီး တန်ဖိုးထားပါတယ်”
စိုက်ပျိုးစရိတ် မြင့်မားလာမှုနှင့် သွင်းအားစုဆိုင်ရာ စိန်ခေါ်မှုများ
အမှန်တော့ ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းမှုနှင့် မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာ နောက်ဆုံးအပြောင်းအလဲများ မဖြစ်ပေါ်ခင်ကတည်းက ဒေသခံရွာသူ၊ ရွာသားများသည် မြေယာအသုံးချမှုနှင့်ပတ်သက်ပြီး ဖိအားမျိုးစုံ ရင်ဆိုင်နေရပြီးဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ အကြောင်းအမျိုးမျိုးကြောင့် ဤအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
တောင်သူများသည် အဓိကအားဖြင့် ပြောင်း (ထိုင်းစိုက်ပျိုးရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သော Charoen Pokphand ကို အစွဲပြု၍ ဒေသတွင်း၌ ‘CP ပြောင်း’ ဟု လူသိများကြသည်)၊ စပါး (တောင်ယာစပါးအပါအဝင်)၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ သနပ်ဖက်နှင့် ကြက်သွန်ဖြူတို့ကို စိုက်ပျိုးကြသည်။ ၎င်းတို့၏ စိုက်ပျိုးရေးစနစ်သည် လူအင်အားနှင့် သဘာဝမြေဩဇာကို အသုံးပြုသည့် ရိုးရာဓလေ့နည်းလမ်းမှသည် ကုန်ကျစရိတ်ကြီးမားသော စက်ကိရိယာများနှင့် ဓာတုသွင်းအားစုများကို အလွန်အကျွံ အမှီပြုရသည့် စနစ်သို့ ကူးပြောင်းသွားခဲ့သည်။
လက်ရှိတွင် စက်ကိရိယာ၊ စက်သုံးဆီနှင့် မြေဩဇာဈေးနှုန်းများ မြင့်မားမှုအပြင် သီးနှံဈေးကွက်အတွင်း ဈေးကစားမှုများကြောင့် တောင်သူများရရှိသည့် ဝင်ငွေနှင့် ကုန်ကျစရိတ်အကြား မမျှတမှုများ ဖြစ်ပေါ်နေသည်။ ဤကဲ့သို့ စရိတ်စကများ မြင့်မားလာခြင်းက တောင်သူအမြောက်အမြားကို အကြွေးသံသရာအတွင်း ပိတ်မိစေခဲ့သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီရရှိမှု လျော့နည်းသွားခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ စက်သုံးဆီ ခွဲတမ်းစနစ်ဖြင့် ကန့်သတ်ရောင်းချမှုများကြောင့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် ထွန်စက်ငှားရမ်းခများသည် ယခင်က တစ်နာရီလျှင် ကျပ် ၆၀,၀၀၀ - ၇၀,၀၀၀ မှ ယခုအခါ တစ်နာရီလျှင် ကျပ် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ [ယူရို ၂၅ - ၃၀ ခန့်] အထိ မြင့်တက်သွားခဲ့သည်။
ဟိုပုံးမြို့နယ်မှ အသက် ၆၅ နှစ်အရွယ် ပအိုဝ်းအမျိုးသားတောင်သူတစ်ဦးက ၎င်း၏ စိုက်ပျိုးရေး အတွေ့အကြုံကို ယခုကဲ့သို့ မျှဝေခဲ့သည် -
""ကျွန်တော် အသက် ၈ နှစ်၊ ၉ နှစ်သားလောက်ကတည်းက စိုက်ပျိုးရေးလုပ်လာတာ။ ကျွန်တော်တို့ ဘိုးဘွားတွေလည်း မျိုးဆက်အလိုက် စိုက်ပျိုးလာခဲ့ကြတာပဲ။ အရင်တုန်းကတော့ ဓာတ်မြေဩဇာ ဆိုတာ မရှိဘူး။ နွားချေးကို ကိုယ်တိုင်စပ်ပြီး သုံးကြတာ။ အရင်ဆုံး မြေဆီလွှာကို ခြစ်တယ်၊ နောက်မှ ပေါင်းပင်တွေကို မီးရှို့၊ နွားချေးနဲ့ရောပြီး မြေပြန်ဖို့ရတာ။ ကျွန်တော့်မြေ ၉ ဧကအတွက် ဒီနှစ် မြေဩဇာ ၈ အိတ် သုံးခဲ့ရတယ်။ မနှစ်ကတော့ ၇ အိတ် သုံးတယ်။ အဲ့ဒီမတိုင်ခင်နှစ်က ၆ အိတ်ပဲ သုံးခဲ့ရတာ။ နှစ်တိုင်း နှစ်တိုင်း မြေဩဇာပမာဏကို တိုးသုံးနေရတယ်၊ မဟုတ်ရင် သီးနှံတွေက ကောင်းကောင်း မဖြစ်ထွန်းဘူး။ ဓာတ်မြေဩဇာ စသုံးလာတာ အခုဆို ၁၅ နှစ်လောက် ရှိပြီ။ ပွဲစားတွေက လာမိတ်ဆက်ပေးတာ။ အရင်တုန်းက ထွန်စက်ငှားခက တစ်နာရီကို ကျပ် ၆၀,၀၀၀ ဒါမှမဟုတ် ၇၀,၀၀၀ ပဲ ရှိတာ။ ဒီနှစ်တော့ တစ်နာရီကို ကျပ် ၁၅၀,၀၀၀ ဝန်းကျင် ဖြစ်သွားပြီ။ စက်သုံးဆီဈေးတွေ တက်သွားလို့ ထင်ပါတယ်။ အရင်ဆုံး ပေါင်းပင်တွေကို လက်နဲ့ အရင်ရှင်းရတယ်။ မိုးရွာပြီဆိုရင် စက်အသေးလေး ငှားရတယ်၊ အဲ့ဒီစက်အသေးက တစ်နာရီကို ကျပ် ၂၅,၀၀၀ ပေးရတယ်" "
ထို့အပြင် ဟိုပုံးမြို့နယ်မှပင် ဖြစ်သော အသက် ၅၈ နှစ်အရွယ် ပအိုဝ်းအမျိုးသမီးတောင်သူတစ်ဦး ကလည်း သူမ၏ အတွေ့အကြုံကို မျှဝေခဲ့သည် -
"ဒီနှစ် ထွန်ယက်ရမယ့်ရာသီ ရောက်နေပြီ။ ဒါပေမယ့် စက်သုံးဆီဈေးတွေက အရမ်းတက်သွားတော့ အခုထိ မထွန်ယက်နိုင်သေးဘူး။ မြေဩဇာဈေးတွေလည်း တက်သွားတယ်။ ဥပမာ - 'လှည်းယာဉ်' တံဆိပ် မြေဩဇာတစ်အိတ်ကို အရင်က ၉၂,၀၀၀ ကျပ်ပဲ ရှိတာ၊ အခုတော့ ၁၀၆,၀၀၀ ကျပ် ပေးနေရတယ်"
မြေဆီလွှာ ပျက်စီးယိုယွင်းလာမှုကြောင့် နှစ်စဉ် ဓာတ်မြေဩဇာကို ပိုမိုထည့်သွင်းရပြီး မြေဩဇာ ဈေးနှုန်းများကလည်း တစ်နှစ်ထက်တစ်နှစ် ဆက်တိုက်မြင့်တက်နေသည်။ သဘာဝမြေဩဇာမှ ဓာတ်မြေဩဇာသို့ ကူးပြောင်းလာမှုနှင့်ပတ်သက်၍ ဆီဆိုင်မြို့နယ်မှ ပအိုဝ်းအမျိုးသားတောင်သူ တစ်ဦးက ၎င်း၏အတွေ့အကြုံကို ယခုကဲ့သို့ ရှင်းပြသည် -
"အရင်တုန်းက ဓာတ်မြေဩဇာဆိုတာ မရှိပါဘူး။ သမဝါယမခေတ်တုန်းက စပါးအထွက်နှုန်းတိုးအောင် ဆိုပြီး မြေဩဇာတွေကို အလကားပေးပြီး စတင်မိတ်ဆက်ပေးခဲ့တာ။ အဲ့ဒီတုန်းက တစ်အိတ်ကို ၉ ကျပ်၊ ၁၀ ကျပ်ပဲ ရှိတာ။ အခုကတော့ လူဦးရေတိုးလာလို့ နွားစားကျက်မြေတွေလည်း မရှိတော့ဘူး။ မြေက မကျယ်လာဘဲ လူပဲတိုးလာတာကိုး။ နွားစားကျက်မြေတွေနဲ့ ကျွဲနွားတွေ မရှိတော့တဲ့အတွက် စက်ကိရိယာတွေ ဝင်လာတယ်။ လူတွေက မြေဩဇာတွေ စသုံးလာကြတယ်။ မြေဩဇာကို အကြွေးနဲ့ ယူလို့ရတယ်။ စိုက်ပျိုးဖို့ ငွေလိုရင် ပွဲစားတွေဆီကနေ အတိုးနဲ့ ချေးလို့ရတယ်"
တောင်သူများ ထုတ်လုပ်သည့် သီးနှံဈေးနှုန်းများ၊ အထူးသဖြင့် ပြောင်းနှင့် မြေပဲဈေးနှုန်းများသည် တောင်သူများအပေါ်တွင် မူတည်ခြင်းမရှိဘဲ ဒေသတွင်း ပွဲရုံများက သတ်မှတ်သည့် ဈေးနှုန်းများ အပေါ်တွင်သာ မှီခိုနေရသည်။ ဥပမာအားဖြင့် စိုက်ပျိုးထုတ်လုပ်စရိတ် မြင့်မားသော်လည်း CP ပြောင်းသည် တစ်ပိဿာ (၁.၆ ကီလိုဂရမ်) လျှင် ကျပ် ၉၀၀ မှ ၁,၁၀၀ ဝန်းကျင်သာ ရရှိသဖြင့် စိုက်ပျိုးစရိတ်ကိုပင် မကာမိဘဲ အရှုံးပေါ်နေကြရသည်။ ဒေသတွင်း သီးနှံဈေးကွက်အတွင်း ဈေးကစားမှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုကြောင့် တောင်သူများကြုံတွေ့နေရသည့် အရှုံးများနှင့်ပတ်သက်၍ ဆီဆိုင်မြို့နယ်မှ အသက် ၆၅ နှစ်အရွယ် ပအိုဝ်းတောင်သူတစ်ဦးက ယခုကဲ့သို့ ပြောကြားခဲ့သည် -
"ကျွန်တော်တို့ဘက်ကျ သီးနှံတွေက ဝယ်စားကြတာများတယ်။ စိုက်ပျိုးတဲ့ သီးနှံတွေကတော့ အမျိုးမျိုးကွဲပြားပါတယ်။ တောင်သူတွေ ရောင်းရမယ့်အချိန်ကျရင် ဈေးနှိမ်ကြတယ်။ ဥပမာ - CP ပြောင်း တစ်ပိဿာကို ကျပ် ၁,၀၀၀ ပဲ ရတယ်။ အဲ့ဒါကလည်း အရည်အသွေးနဲ့ အရွယ်အစားပေါ်မှာ မူတည်သေးတာ။ အဓိက မြေဩဇာဆိုင်ကြီးတွေ များလာတယ်။ မြေသြဇာက မသုံးလို့လည်း မရဘူးလေ။"
လက်ရှိသယ်ယူပို့ဆောင်ရေးနှင့် စျေးကွက်အခြေအနေများကလည်း တောင်သူများအား အဆင်မပြေမှုများကို ဖြစ်စေသည်။
"သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားလာတာက တောင်သူတွေကို ထိခိုက်စေတယ်။ ကိုယ်တိုင်စားသုံးဖို့ ပစ္စည်းတွေ ပြန်ဝယ်တဲ့အခါကျတော့ ဈေးက ကြီးနေတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရိတ်သိမ်းသီးနှံတွေကို ရောင်းတဲ့အခါကျတော့ ပွဲရုံတွေက သတ်မှတ်တဲ့ဈေးပဲ ရတယ်။ ကျွန်တော်တို့ ရောင်းတဲ့ကုန်ပစ္စည်းရဲ့ ဈေးနှုန်းကို တောင်သူက မဆုံးဖြတ်ရဘူး၊ ပွဲရုံတွေအပေါ်မှာပဲ လုံးဝမူတည်နေတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။
ငွေကြေးစိုက်ထုတ်နိုင်မှုသည်လည်း အခြားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ စိုက်ပျိုးရန် အရင်းအနှီးမရှိသည့် တောင်သူများသည် ဒေသခံပွဲစားများထံမှ ငွေကြေး၊ မျိုးစေ့ သို့မဟုတ် မြေဩဇာများကို လစဉ်အတိုးနှုန်း ၃ ရာခိုင်နှုန်း ("၃ ကျပ်တိုး") ဖြင့် ကြိုတင်ချေးယူကြရသည်။ ရိတ်သိမ်းချိန်ရောက်သောအခါ ၎င်းတို့၏ သီးနှံများကို ထိုပွဲစားများထံသို့ပင် နှိမ်ဈေးဖြင့် မဖြစ်မနေ ပြန်လည်ရောင်းချကြရသည်။ ရလဒ်အနေဖြင့် အမြတ်အစွန်းများသည် ပွဲစားများ၏ လက်ထဲသို့ ရောက်ရှိသွားပြီး တောင်သူများမှာမူ အကြွေးသံသရာထဲတွင်သာ ဆက်လက်ပိတ်မိနေကြရသည်။
ဆီဆိုင်မြို့နယ်မှ အသက် ၄၅ နှစ်အရွယ် ပအိုဝ်းအမျိုးသမီး တောင်သူတစ်ဦးက
"စိုက်ပျိုးဖို့ အရင်းအနှီးမရှိတဲ့အခါ ချေးငွေနဲ့ လုပ်ကိုင်ရတာက အစပိုင်းမှာတော့ အဆင်ပြေစေတာပေါ့။ ဒါပေမယ့် ပြန်ဆပ်ရမယ့်အချိန်ကျရင် ရိတ်သိမ်းအထွက်နှုန်းက (ကုန်ကျစရိတ်နဲ့) မကိုက်ညီဘူးဆိုရင် လူတွေ မဆပ်နိုင်ကြတော့ဘူး" ဟု ရှင်းပြသည်။
အလားတူပင် ဟိုပုံးမြို့နယ်မှ တောင်သူတစ်ဦးကလည်း
"သွင်းအားစုတွေအတွက် မတတ်နိုင်ရင် သီးနှံအရောင်းအဝယ်ပွဲစားတွေဆီကနေ ၃ ရာခိုင်နှုန်းလောက် အတိုးနှုန်းနဲ့ ချေးရတာပေါ့။ ကျွန်တော်ဆို ပြောင်းမျိုးစေ့ ၉ အိတ် စိုက်တာ ကျပ်-သိန်း၇၀ လောက်ကုန်တယ်။ ရိတ်သိမ်းပြီး သီးနှံတွေ ရောင်းလိုက်တဲ့အခါ အတိုးသက်သက်တင် ကျပ်- သိန်း၂၀ လောက် ပေးခဲ့ရတယ်" ဟု ဆိုသည်။
၎င်းတို့သည် ကုန်သွယ်ရေးစက်မှုစိုက်ပျိုးရေးစနစ်အောက်တွင် အလွန်အကျွံ မှီခိုရုန်းကန်နေရသဖြင့် စီးပွားရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များ ဆုံးရှုံးခဲ့ရသည်။ မျိုးစေ့၊ သွင်းအားစုများနှင့် သီးနှံဈေးကွက် စသည်တို့ကို တောင်သူများကိုယ်တိုင် စီမံပိုင်ခွင့်မရှိဘဲ အခြားသူများ (ပွဲစားနှင့် ကုမ္ပဏီကြီးများ) ၏ လက်ခုပ်ထဲကရေ ဖြစ်နေကာ ၎င်းတို့ စီမံရာအတိုင်းသာ နာခံလည်ပတ်နေရသည့်စနစ်က လယ်ယာစီးပွားအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။
Photo credit: TNI
အခွန်အခမျိုးစုံ၊ လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် စစ်မှုထမ်းစနစ်၏ ဝန်ထုပ်ဝန်ပိုးများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းလုံခြုံရေးသည် ပိုမိုဆိုးရွားလာခဲ့ပြီး၊ စစ်ကောင်စီ (SAC) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့က ဒေသခံပြည်သူများထံမှ ငွေကြေး အတင်းအဓမ္မကောက်ခံခြင်းနှင့် လူအင်အား အဓမ္မစုဆောင်းခြင်းတို့သည် လွန်စွာဆိုးရွား လာခဲ့သည်။ ယခုဆောင်းပါးပါ လေ့လာတွေ့ရှိချက်များအရ ဒေသခံများသည် စစ်မှုထမ်းခ၊ လူစားထိုး စစ်သားစုဆောင်းခ၊ ရိက္ခာဖိုးနှင့် ဂိတ်ကြေးများအတွက် လအလိုက်၊ သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် စသည်ဖြင့် နည်းမျိုးစုံဖြင့် အခွန်များ အတင်းအဓမ္မ ပေးဆောင်နေရသည်။
ငွေကောက်ခံသည့် ပုံစံများမှာ မတူညီကြဘဲ ဥပမာအားဖြင့် PNO သို့ သုံးလတစ်ကြိမ် ခွဲ၍ တစ်နှစ်လျှင် ပျမ်းမျှ ကျပ် ၁၂၀,၀၀၀၊ စစ်ကောင်စီထံသို့ တစ်လလျှင် ကျပ် ၂၅,၀၀၀ အပါအဝင် အခြားသော စရိတ်စကအမျိုးမျိုး စသဖြင့် ပေးဆောင်နေရသည်။ အချို့ရွာများတွင်မူ ဒေသခံများသည် ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ တိုက်ရိုက် ပေးဆောင်ကြရသည်။ ဤအခွန်အကောက်များမှာ မဖြစ်မနေ ပေးဆောင်ရမည် ဖြစ်သဖြင့် မတတ်နိုင်သူများပင်လျှင် ရသည့်နည်းဖြင့် ရှာဖွေပေးဆောင်ကြရရာ မိသားစုအများအပြား၏ အခြေခံစားဝတ်နေရေးကို ပြင်းထန်စွာထိခိုက်စေသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။
ထို့အပြင် အချို့ဒေသများတွင် ကား သို့မဟုတ် ဆိုင်ကယ် ပိုင်ဆိုင်သည့် ဒေသခံများသည် အဆိုပါ ပိုင်ဆိုင်မှုများအတွက်ပါ ထပ်တိုးအခွန်များ ပေးဆောင်ရသည်။ အကယ်၍ မပေးဆောင်နိုင်ပါက ဖိအားပေးမှုများနှင့် ဖမ်းဆီးမည်ဆိုသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည်။ အချို့ရွာများတွင် ငွေကြေးအပြင် ဆန်နှင့်ရိက္ခာထုပ်များကိုပါ ထောက်ပံ့ပေးကြရသည်။ ထို့ပြင် စိုက်ပျိုးရေးသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်လည်း တစ်အိတ်လျှင် ကျပ် ၅၀၀ မှသည် ကားတစ်စီးလျှင် ကျပ် ၁၅,၀၀၀ - ၂၀,၀၀၀ အထိ ဂိတ်ကြေးများပေးဆောင်နေရသဖြင့် ဒေသခံတောင်သူများအတွက် ကုန်စည်စီးဆင်းမှုမှာ ပိုမိုခက်ခဲလာခဲ့သည်။
ဆီဆိုင်မြို့နယ်မှ အမျိုးသမီး တောင်သူတစ်ဦးက ၎င်းတို့ရင်ဆိုင်နေရသည့် ဖိအားများကို ယခုလို ရှင်းပြသည်။
"အိမ်ထောင်စုတစ်စုဟာ ရွာရန်ပုံငွေအတွက် တစ်လကို ကျပ် ၃,၀၀၀ ထည့်ရပါတယ်။ စစ်မှုထမ်းခအတွက်တော့ လေးလတစ်ကြိမ် ကောက်ခံပြီး တစ်လကို ကျပ် ၁၅,၀၀၀ ပေးရပါတယ်။ ဒီလကစပြီး ပြည်သူ့စစ် [PNA] ဆန်ဖိုးအတွက် နှစ်လတစ်ကြိမ် ကျပ် ၁၀,၀၀၀ စီလည်း ထည့်ရပါသေးတယ်။ ကျွန်မတို့ဟာ စစ်မှုထမ်းဖို့အတွက် လူပေးရတဲ့အပြင် ဘုံရန်ပုံငွေထဲကနေလည်း ငွေကြေးထည့်ဝင်ကြရပါတယ်။"
အသက် ၃၀ အရွယ် လူငယ်ခေါင်းဆောင်တစ်ဦးကလည်း ယခုကဲ့သို့ ထပ်လောင်းပြောကြားခဲ့သည်။
"မြို့တွေနဲ့နှိုင်းယှဉ်ရင် ရွာတွေမှာ ကောက်ခံတဲ့အခွန်က အလွန်များတယ်။ ဒါကြောင့် လူအများစုဟာ ရွာတွေမှာ မနေချင်ကြတော့ဘူး။ ဒေသခံ ပြည်သူ့စစ် [PNA] ကိုလည်း အားကိုးလို့မရဘူး။ သူတို့က သူတို့လိုအပ်တဲ့ စားစရိတ်နဲ့ လူအင်အားကိုပဲ စိတ်ဝင်စားကြတာပါ။ ရွာရဲ့ တကယ့်လိုအပ်ချက်တွေ အတွက် ဘာမှကူညီပံ့ပိုးပေးတာ မရှိပါဘူး။ ကျွန်တော်တို့ဒေသမှာ ရွာတွေက မြန်မာစစ်တပ်အတွက် လူတစ်ယောက်ပေးရပါတယ်။ ရွာတွေက စုပေါင်းပြီး သူ့ရဲ့လစာအတွက် လေးလတစ်ကြိမ် ကောက်ခံကာ တစ်လကို ကျပ် ၆၅၀,၀၀၀ ပေးရတယ်။ ဒါ့အပြင် ပအိုဝ်းစစ်တပ် [PNA] အတွက်လည်း သုံးလတစ်ကြိမ် ငွေပေးရပါသေးတယ်။"
ထို့ပြင် ဟိုပုံးမြို့နယ်မှ အသက် ၅၈ အရွယ် ပအိုဝ်းအမျိုးသမီး တောင်သူတစ်ဦးကလည်း အခွန်များနှင့်ပတ်သက်၍ ယခုလို ပြောပြသည်။
"ကျွန်မတို့ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ ပြောင်း၊ စပါးနဲ့ ပဲစဉ်းငုံ စိုက်ပါတယ်။ အပိုဝင်ငွေ မရှိပါဘူး။ အခြားလူမှုရေးအသုံးစရိတ်တွေလည်း ရှိသေးတာပေါ့။ ဒါတွေတင်မကဘဲ PNO ကို တစ်နှစ်ကို ကျပ် ၁၂၀,၀၀၀၊ စစ်ကောင်စီကို တစ်လကို ကျပ် ၂၅,၀၀၀ ပေးနေရပါတယ်။ ကျွန်မတို့ ဝင်ငွေတွေ ဘယ်ရောက်ကုန်မှန်းတောင် မသိတော့ပါဘူး။"
ဆီဆိုင်မြို့နယ်မှ အသက် ၄၅ အရွယ် အမျိုးသားစိုက်ပျိုးရေးလုပ်သားတစ်ဦးကလည်း ၎င်း၏အတွေ့အကြုံကို မျှဝေခဲ့သည်။
"တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ မြေဩဇာတွေနဲ့ မျိုးစေ့တောင်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပါတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းတဲ့အခါ ငွေပေးရတယ်။ ဂိတ်အလိုက် ပေးရတဲ့ပမာဏ မတူညီကြပါဘူး၊ တစ်အိတ်ကို ကျပ် ၅၀၀ ကနေ ကားအသေးတစ်စီးကို ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးရပါတယ်။ ကားကြီးတွေဆိုရင် အိတ်ရေ ၃၀၀ ကနေ ၆၀၀ အထိ တင်ဆောင်ကြရတာပါ။ တစ်ဖက်မှာလည်း ပြောင်းဈေးက သိပ်မကောင်းပါဘူး၊ တစ်ပိဿာကို ကျပ် ၉၀၀ ကနေ ၁,၀၀၀ ပဲ ရပါတယ်။ အရှုံးက အရမ်းများပါတယ်။ စစ်မှုထမ်းခနဲ့ အခြားအခွန်တွေအတွက် ပေးရတဲ့ငွေက တစ်လကို ကျပ် ၁ သိန်းလောက် ရှိပါတယ်။ အချို့တောင်သူတွေဆိုရင် မတတ်နိုင်တော့လို့ သူတို့ရဲ့ လယ်ယာမြေတွေကိုပါ ရောင်းချပစ်ရတာရှိတယ်။"
ချုပ်၍ဆိုရသော် ပအိုဝ်းဒေသရှိ ဒေသခံပြည်သူများသည် မြန်မာစစ်တပ်နှင့် PNO/A အပါအဝင် အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့အစည်းများက သတ်မှတ်ထားသည့် အခွန်အထပ်ထပ်နှင့် စစ်မှုထမ်းစနစ်၏ ပြင်းထန်သော ဝန်ထုပ်ဝန်ပိုးများကို အလူးအလဲ ခံစားနေကြရသည်။
လူမှုစီးပွားဘဝ ထိခိုက်မှုနှင့် ရွှေ့ပြောင်းလုပ်သား ပြဿနာ
နိုင်ငံရေးအကျပ်အတည်းများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် မြေယာသိမ်းဆည်းခံရမှုများသည် ကျေးလက်လူထု၏ မိသားစုဘဝနှင့် ပညာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိဘများသည် ပြင်းထန်သော စီးပွားရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း (စစ်ဘေးဒုက္ခသည်ဘဝ ရောက်ရှိခြင်း) နှင့် ယေဘုယျအားဖြင့် လုံခြုံမှုမရှိခြင်း တို့ကြောင့် အချို့ဒေသရှိ မိဘများသည် ၎င်းတို့၏ သားသမီးများကို ကျောင်းမထားနိုင်တော့ဘဲ ကျောင်းထွက်ခိုင်းလိုက်ရသည်။
အဆိုပါအခြေအနေများကြောင့် အချို့ကလေးငယ်များသည် အတန်းငယ်များတွင်သာ သောင်တင်နေပြီး အသက်အရွယ်နှင့် တက်ရောက်ရမည့်အတန်း မမျှမတဖြစ်ကာ ပညာရေးအဆင့်အတန်း နိမ့်ကျမှုကို ဖြစ်ပေါ်စေသည်။ မိဘများက ၎င်းတို့ တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မိရိုးဖလာ လယ်ယာမြေများ သိမ်းဆည်းခံရပါက သားသမီးများ၏ ပညာရေးကို ဆက်လက်ပံ့ပိုးရန် လုံးဝလမ်းစပျောက်သွားလိမ့်မည်ဟု ရင်ဖွင့်ကြသည်။
ဆီဆိုင်မြို့နယ်မှ အသက် ၄၅ အရွယ် အမျိုးသား စိုက်ပျိုးရေးလုပ်သားတစ်ဦးက ယခုလို ရှင်းပြသည်။
"၂၀၂၁ မတိုင်ခင်က လူတွေက ထွန်စက်အသေးလေးတွေတောင် ဝယ်နိုင်ကြပါတယ်။ အလှူအတန်းတွေ၊ ပွဲလမ်းသဘင်တွေ လုပ်နိုင်ခဲ့ကြတယ်။ ကလေးတွေရဲ့ ပညာရေးလည်း အဆင်ပြေတယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ မတတ်နိုင်ကြတော့လို့ ကျောင်းထွက်ရတာတွေ ရှိလာတယ်။ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျောင်းမလွှတ်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ အချို့ကလေးတွေဆိုရင် အသက် ၁၃ နှစ်၊ ၁၄ နှစ် ရှိနေပြီဖြစ်ပေမဲ့ ပထမတန်း (Grade-1) မှာပဲ ရှိပါသေးတယ်။"
မြေယာသိမ်းဆည်းခံရမှုကြောင့် စိုက်ပျိုးရမည့် လယ်ယာမြေ လုံးဝမရှိခြင်း သို့မဟုတ် ရှားပါးလာခြင်း၊ မဖြစ်မနေစစ်မှုထမ်းရမည့်စနစ်မှ ရှောင်တိမ်းလိုခြင်းနှင့် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းမှာ ရာသီအလိုက်သာဖြစ်ပြီး နေ့တွက်လုပ်အားခက စားဝတ်နေရေးအတွက် မဖူလုံခြင်းတို့ကြောင့် လူငယ်အများစုသည် အလုပ်အကိုင်ရှာဖွေရန်အတွက် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများ (အထူးသဖြင့် ထိုင်းနိုင်ငံ) သို့ ရွှေ့ပြောင်း သွားရောက်ကြသည်။ ပြည်ပရောက် လူငယ်များ ပြန်လည်ပေးပို့သည့် ငွေကြေးများဖြင့် အချို့မိသားစုများသည် အိမ်အသစ်များ ဆောက်လုပ်နိုင်ခဲ့ကြပြီး (ရွာတစ်ရွာတွင် အိမ်ခြေ ၆၀ ရှိလျှင် ၁၀ အိမ်ခန့် အိမ်အသစ် ဆောက်နိုင်ကြသည်)၊ ရှင်ပြုအလှူပွဲများ ကျင်းပနိုင်ကာ ကျန်ရစ်ခဲ့သည့် မိဘများနှင့် သားသမီးများကို ထောက်ပံ့ပေးနိုင်ခြင်းများစသည့် အခြေအနေများလည်းရှိသည်။
သို့သော်လည်း လက်ရှိတွင် ကျေးရွာများ၌ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ကျန်ရစ်ပြီး၊ လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်လုပ်သားအင်အား လျော့နည်းလာသည်နှင့်အမျှ လူထုအတွင်း နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် လယ်ယာလုပ်ငန်းအတွက် လုပ်သားငှားရမ်းရန် ခက်ခဲခြင်း၊ မိရိုးဖလာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမည့်သူ နည်းပါးလာခြင်းနှင့် ပိုင်ရှင်များ နေရပ်မပြန်နိုင်သဖြင့် အခြားသူများ ဝင်ရောက်ကာ ၎င်းတို့၏ မြေယာများတွင် စိုက်ပျိုးလုပ်ကိုင်ခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
အသက် ၆၀ အရွယ် ပအိုဝ်းအမျိုးသား တောင်သူတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ယခုလို မျှဝေပြောကြားသည်။
"စိုက်ပျိုးရေးရာသီမှာ ကျွန်တော်တို့ အလုပ်သမားတွေ ငှားရပါတယ်။ နေ့တွက်လုပ်အားခက အမျိုးသားတစ်ဦးအတွက် ကျပ် ၂၀,၀၀၀၊ အမျိုးသမီးတစ်ဦးအတွက် ကျပ် ၁၅,၀၀၀ ပေးရတယ်။ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိပါ။ ကြားထဲမှာ နေ့လယ်စာစားချိန်နဲ့ နားချိန်တွေပါပါတယ်။ အလုပ်သမားငှားဖို့ ခက်ခဲပါတယ်။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်း လူငယ်တွေဟာ ဒီမှာ သင့်တော်တဲ့အလုပ် မရှိကြတာရယ်၊ စစ်မှုထမ်းစနစ်ကြောင့်လည်း ပြည်ပကိုပဲ အလုပ်သွားလုပ်ကြတာ များပါတယ်။"
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၃၀ အရွယ် လူငယ်ခေါင်းဆောင်တစ်ဦးကလည်း လူငယ်များ ပြည်ပသို့ ထွက်ခွာနေကြခြင်းနှင့် ပတ်သက်၍ ယခုလို ထပ်လောင်းပြောကြားသည်။
"လူငယ်အများစုက ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ကြတာ များပါတယ်၊ အများစုကတော့ တရားမဝင် လမ်းကြောင်းကနေ သွားကြတာပါ။ ငွေ ကျပ် သိန်း ၂၀ လောက်ရှိရင် သွားလို့ရပါတယ်။ စားဝတ်နေရေး အဆင်မပြေတာအပြင် မဖြစ်မနေ စစ်မှုထမ်းရမယ့်စနစ်ကြောင့်လည်း အဓိက သွားကြတာပါ။ အုပ်စုတစ်စုဟာ လေးလတစ်ကြိမ် စစ်မှုထမ်းဖို့အတွက် လူတစ်ယောက် ပေးရတယ်။ ဘယ်သူမှ မသွားချင်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ လူစားထိုးငှားရမ်းဖို့အတွက် ငွေကြေး စုဆောင်းကြရတယ်။ အဲဒါက လေးလတာကာလအတွက် အိမ်ထောင်စုတစ်စုကို ကျပ် ၁၀၀,၀၀၀ မှ ၁၄၀,၀၀၀ လောက် ကျတယ်။"
ထို့ပြင် အသက် ၄၅ အရွယ် ကိုယ်ပိုင်တောင်သူတစ်ဦးကလည်း ၎င်း၏အတွေ့အကြုံကို ယခုလို ပြောပြသည်။
"ကျွန်တော်က မြေ ၂ ဧက ပိုင်ပါတယ်။ သီးနှံစုံနဲ့ ပန်းမျိုးစုံကို လှည့်ပတ်စိုက်ပါတယ်။ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ၊ မြေမြို့ပန်း၊ ပဲတောင့်ရှည်၊ ၊ ငရုတ်၊ ပြောင်းနဲ့ စပါးတို့ကို စိုက်ပါတယ်။ စပါးစိုက်တဲ့အခါ အလုပ်သမားတွေငှားရတယ်။ ဒါပေမဲ့သီးနှံစုံစိုက်တာဖြစ်လို့ ပေါင်းနှုတ်ဖို့ အမြဲတမ်း အလုပ်သမားတစ်ယောက်ကို ပုံမှန်ငှားထားရပါတယ်။ တစ်ရက်ကို ကျပ် ၁၅,၀၀၀ ပေးရပြီး တစ်လကို ကျပ် ၄၅၀,၀၀၀ ကျသင့်ပါတယ်။ ဒီငွေဟာ သူတို့အတွက် အများကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်း ဒီလောက်ပဲ ပေးနိုင်တယ်၊ ဒီထက်ပိုပြီး မပေးနိုင်ဘူး။ သီးနှံတွေက တန်ရာတန်ကြေးမရှိဘူး။ လမ်းပေါ်မှာပဲ စျေးကြီးနေတာ။"
ရာသီဥတုပြောင်းလဲမှု
ဤကဲ့သို့သော ဒုက္ခအပေါင်းအပြင် တောင်သူများသည် သဘာဝဘေးအန္တရာယ်များကိုပါ တစ်ပြိုင်နက်တည်း ခံစားနေကြရသည်။ မိုးရွာသွန်းမှုမှာ ခန့်မှန်းရခက်ခဲလာပြီး မိုးဦးကျနောက်ကျခြင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြား ရေကြီးရေလျှံမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပြောင်းခင်းနှင့် စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယခုနှစ်တွင်လည်း မြေယာပြဿနာနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူအများစုမှာ မြေပြင်ထားသော်လည်း ရှေ့ဆက်၍ စိုက်ပျိုးရန် မရဲဘဲ စောင့်ကြည့်နေကြရသည်။ ရာသီဥတုကြောင့် သီးနှံများပျက်စီးသောအခါ တောင်သူများအနေဖြင့် စားဝတ်နေရေး ကျပ်တည်းလာကာ၊ ယခင်နှစ်များက စုဆောင်းထားသည်များကို ထုတ်သုံး၍ ပြန်ဖာထေးရခြင်း သို့မဟုတ် ပွဲစားများထံမှ အတိုးဖြင့် ငွေပြန်ချေးရခြင်းတို့ကြောင့် "တစ်ကျင်းတူး တစ်ကျင်းဖို့" ဘဝဖြင့် စိုက်ပျိုးသမျှ အမြတ်မရှိဘဲ သံသရာလည်လျက်ရှိကြသည်။ တောင်သူများအနေဖြင့် နိုင်ငံရေး၊ မြေသိမ်းမှုနှင့် စစ်မှုထမ်းစရိတ် ဖိအားများအပြင် "ရာသီဥတုပြောင်းလဲမှု" ဟူသော သဘာဝဘေးအန္တရာယ်ကိုပါ ထပ်ဆင့်ရင်ဆိုင်နေရသဖြင့် စိုးရိမ်စိတ်ကင်းကင်းနှင့် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ လယ်ယာစီးပွား လုံးဝပြိုလဲလုနီးပါးသော အခြေအနေများဖြင့်ရင်ဆိုင်ရလျက်ရှိသည်။
သို့သော်လည်း တောင်သူများအတွက် စိုက်ပျိုးရေးသည်သာ ၄င်းတို့အတွက် အဓိကအားထားရာ ဖြစ်သည်ဆိုသည့်အကြောင်းကို အသက် ၈ နှစ်/ ၉နှစ်ကတည်းက စိုက်ပျိုးရေးလုပ်ကိုင်ခဲ့သော အသက် ၆၅ နှစ်အရွယ် ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားတောင်သူကြီးက ၄င်း၏ဘဝအတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။
" “စိုက်ပျိုးရေးက ရလာတဲ့ ဝင်ငွေကို စားဝတ်နေရေး/ ပညာရေ/ အလှူ/ အကြွေး ပြန်ဆပ်တဲ့ နေရာတွေမှာ သုံးတယ်။ မလောက်တဲ့နှစ်တွေလည်းရှိတယ်။ မလောက်ရင် ပွဲစားဆီက ပြန်ချေးယူရတယ်။ ဒီနှစ်စိုက်ပျိုးဖို့အတွက်ကတော့ မြေကတော့ ထည်ပြီးပြီ။ စိုက် ရ၊မရတော့ မသိသေးဘူး။ ဒီနှစ်က မိုးကလည်းနောက်ကျတယ်။ မြေပြဿနာလည်းဖြစ်တော့ မစိုက်ရဲသေးဘူး။ မိုးမမှန်တာကတော့ ၁၀ နှစ်ကျော်ပြီ။”
၄င်းနည်းတူ အသက် ၆၀ အရွယ် ပအိုဝ်းအမျိုးသားတောင်သူတစ်ဦးကလည်း -
“ရာသီဥတုက မိုးများလိုက်၊ နည်းလိုက် -တစ်နှစ်နဲ့တစ်နှစ်တော့မတူဘူး။ တချို့နေရာတွေမှာ ၂ နှစ်ရှိပြီ။ စိုက်ပေမယ့် အဆင်မပြေဘူး။ မစားရဘူး။ ဒါပေမယ့် စိုက်ပျိုးရေးက ရတဲ့ဝင်ငွေနဲ့ အလှူအတန်းလုပ်ကြတယ်။ စားဝတ်နေရေး၊ ပညာရေး အားလုံးအတွက် ဒီကပဲသုံးပါတယ်။ နောက်ပြီးမြေက ကျွန်တော်တို့အတွက်တော့ အရမ်းအရေးကြီးတယ်။ တောင်သူတွေအတွက်ပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် အရေးကြီးတယ်လို့ ထင်တယ်။ တောင်သူတွေအတွက်တော့ မြေမရှိရင် အဆင်မပြေပါဘူး။ မြေမရှိတော့ရင်ဆိုတဲ့ ခံစားချက်ကိုမပြောပြတတ်ဘူး။ ပြောမပြနိုင် လောက်အောင်ပါပဲ။” ဟု မြေသည် ၄င်းတို့အတွက် မည်မျှအရေးကြီးကြောင်း ၄င်း၏ ခံစားချက်ကို ပြောပြသွားပါသည်။
နိဂုံးချုပ်သုံးသပ်ချက်
ပအိုဝ်းဒေသရှိ တောင်သူလယ်သမားများအတွက် "မြေယာသည် ၎င်းတို့၏ အသက်" ဖြစ်သော်လည်း၊ လက်ရှိတွင် မတရားမြေယာသိမ်းဆည်းခံရမှုများ၊ ရာသီဥတုဖောက်ပြန်မှုဒဏ်များ၊ အဆမတန် ကောက်ခံသည့် အခွန်အထပ်ထပ်နှင့် စစ်မှုထမ်းစရိတ်စသည့် ပေါင်းစုံသော ဖိအားများကြောင့် လယ်ယာစီးပွားမှာ ပြိုလဲလုနီးပါးဖြစ်နေသည်။ ဤအကျပ်အတည်းများက လူငယ်ထုကို ပြည်ပသို့ ရွှေ့ပြောင်းအခြေချရန် အဓိကတွန်းအားပေးနေပြီး လူသားအရင်းအမြစ်များ နည်းပါးလာရုံမျှမက ရိုးရာဓလေ့ထုံးတမ်းများ မှေးမှိန်လာကာ ကျေးရွာလူမှုပုံစံကို ပျက်စီးစေပါသည်။ ထိုမျှမက ဒေသတွင်း ဆက်လက်ကျန်ရှိနေသော ဒေသခံများကိုလည်း နေ့စားအလုပ်သမားဘဝ သို့မဟုတ် မြေမဲ့ယာမဲ့ဘဝသို့ တွန်းပို့နေကြောင်း အချက်အလက်များက ညွှန်းဆိုနေပါသည်။
လူအများ၏ ခံစားချက်ကို ထင်ဟပ်စေသော “အရင်လို ကောင်းကောင်းမွန်မွန်နဲ့ အေးအေးဆေးဆေး ပြန်စိုက်ပျိုးချင်တယ်” ဟု တောင်သူတစ်ဦး ပြောခဲ့သလိုပင် တောင်သူများ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှင်းလင်းရိုးစင်းပါသည်- မိမိတို့ မြေယာများကို စိုးရိမ်စိတ်ကင်းကင်းဖြင့် အေးချမ်းစွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရေးပင်ဖြစ်သည်။ ထို့ကြောင့် မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ သိမ်းဆည်းခံမြေယာများကို မူလပိုင်ရှင်များထံ ပြန်လည် စွန့်လွှတ်/ပေးအပ်ခြင်း ၊ မတရားသော အခွန်အခများ၊ စစ်မှုထမ်းခေါ်ယူခြင်းနှင့် အခြားသော အဓမ္မဖိအားပေးမှုများကို ရပ်တန့်ခြင်းတို့သည် ယနေ့ခေတ် နိုင်ငံတော်၏ ပဋိပက္ခဖြေရှင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် မရှိမဖြစ်လိုအပ်သောအစိတ်ပိုင်းများဖြစ်သည်မှာ ထင်ရှားပါသည်။
တစ်ချိန်ချိန်တွင် ပအိုဝ်းဒေသ၏ စိုက်ပျိုးရေးနှင့် တောင်သူလယ်ယာကဏ္ဍသည် တိုးတက်ဆန်းသစ်ပြီး ရေရှည်တည်တံ့သော ပြောင်းလဲမှု၏ စံနမူနာတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိပါသည်။