မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ မြေယာလက်လှမ်းမီပိုင်ဆိုင်ခွင့်သည် အဘယ်ကြောင့် ရှုပ်ထွေးခက်ခဲ နေရသနည်း? TNI ၏ သုံးသပ်ချက်ဆောင်းပါး

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ၎င်းတို့၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော တန်းတူညီမျှမှု၊ လုပ်ငန်းခွင်အခွင့်အလမ်း၊ ပိုင်ဆိုင်ခွင့်နှင့် မြေယာလက်လှမ်းမီသုံးစွဲခွင့် စသည့် ကဏ္ဍရပ်များတွင် အတားအဆီးများစွာနှင့် ရင်ဆိုင်နေကြရသည်။ ဤ TNI သုံးသပ်ချက်ဆောင်းပါးတွင် ပဋိပက္ခဒဏ်ခံနေရသော နိုင်ငံတစ်ခုအတွင်း၌ ယင်းစိန်ခေါ်မှုများသည် အဘယ်ကြောင့် လူမှုရေး-နိုင်ငံရေး စနစ်ပိုင်းဆိုင်ရာ ပြဿနာရပ်များအဖြစ် ရှုပ်ထွေးနက်နဲလာရသနည်းဟူသည်ကို ဆန်းစစ်တင်ပြထားပါသည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများ ကျင့်သုံးလျက်ရှိသည့် ဓလေ့ထုံးတမ်းဥပဒေများနှင့် မူဝါဒများသည် ဤပြဿနာရပ်များအတွက် အဖြေအချို့ကို ပေးစွမ်းနိုင်သော်လည်း၊ လက်တွေ့တွင်မူ လျှောက်လှမ်းရန် လမ်းခရီးများစွာ ကျန်ရှိနေပါသေးသည်။ ထို့ကြောင့် မြေယာပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် ဥပဒေကြောင်းဆိုင်ရာ အခြေခံမူများအပေါ်တွင်သာ အခြေပြုရမည်မဟုတ်ဘဲ၊ ကျေးလက်ဒေသရှိ လက်လုပ်လက်စားအမျိုးသမီးများနှင့် မြေပြင်တွင် မကြာခဏ လစ်လျူရှုခံနေရသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများ (IDPs) နှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူနည်းစုများ၏ လက်တွေ့ဘဝအတွေ့အကြုံများကိုပါ ထည့်သွင်းစဉ်းစား အခြေခံပြီးဆောင်ရွက်ရမည် ဖြစ်သည်။

Women tending market stall with their children, Kachin State.

Photo credit: Lahkyen Roi / လခဲန်ရွယ်

ကလေးငယ်များနှင့်အတူ စျေးရောင်းနေသည့် အမျိုးသမီးများ၊ ကချင်ပြည်နယ်

ဖြစ်ရပ် (၁) - စာရွက်စာတမ်းများပေါ်တွင်မူ ဒေါ်မြင့်၏ခင်ပွန်းသည်သာ အိမ်ထောင်ဦးစီးဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) တွင်လည်း ခင်ပွန်းဖြစ်သူတစ်ဦးတည်း၏အမည်သာ ရှိနေသည်။ သို့သော် လက်တွေ့ဘဝတွင်မူ ဒေါ်မြင့်သည် စိုက်ပျိုးရေးဘဏ်မှချေးငွေကို စီမံခန့်ခွဲခြင်း၊ နေ့စားလုပ်သားများ ငှားရမ်းခြင်းနှင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လယ်ကွင်းထဲတွင် ကိုယ်တိုင်ကိုယ်ကျ ဆင်းလုပ်ခြင်းတို့ဖြင့် ဤစိုက်ပျိုးရေးလုပ်ငန်းကို ခင်ပွန်းဖြစ်သူနှင့်အတူ တန်းတူဦးဆောင်နေသူ ဖြစ်သည်။ သို့သော်လည်း ရာသီအလိုက် စိုက်ပျိုးစရိတ်များကို တွက်ချက်သည့်အခါ ဒေါ်မြင့်၏လုပ်အားကို စာရင်းထဲတွင် ချန်လှပ်ထားပြီး သူမ၏ စိုက်ထုတ်လုပ်အားမှာ ထင်သာမြင်သာ အသိအမှတ်ပြုခြင်းမခံရဘဲ "အခမဲ့လုပ်အား" သဖွယ် ဖြစ်နေကာ ကုန်ကျစရိတ်မှတ်တမ်းနှင့် အမြတ်အစွန်း ခံစားခွင့်နှစ်ခုလုံးမှ ဖယ်ထုတ်ခံထားရသည်။ နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့သဖြင့် အကျိုးခံစားခွင့်များစွာနှင့် သက်ဆိုင်သည့် ပုံစံ (၇) ကို သူမ၏အမည်သို့ ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း ရှုပ်ထွေးလှသော ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဖြစ်ရပ် (၂) - လက်နက်ကိုင်တပ်ဖွဲ့များ ကြီးစိုးရာ ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် နန်းဆိုင်းသည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ မတရားသိမ်းဆည်းခံရမှုကို စိတ်နှလုံးထိခိုက်ဖွယ်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုတပ်ဖွဲ့များ က သူမ၏နေအိမ်ကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည့်အပြင်၊ အလှမ်းဝေးလွန်းသည့်နေရာရှိ အိမ်ရာကွက်သစ်ကို ဝယ်ယူရန် မိသားစုအပေါ် ငွေကြေးအရပါ ဖိအားပေး အဓမ္မစေခိုင်းခဲ့ကြသည်။ ထို့ပြင် သူမ၏ အစ်ကိုနှင့် မောင်ဖြစ်သူတို့မှာလည်း အဓမ္မစစ်သားစုဆောင်းခံရခြင်းမှ လွတ်မြောက်ရန် ထိုဒေသမှ စွန့်ခွာထွက်ပြေးသွားကြရသဖြင့် နန်းဆိုင်း နှင့် သူမ၏ညီမတို့သာ အသက်ကြီးရင့်ပြီဖြစ်သော မိဘအိုကြီးများ နှင့်အတူ ကျန်ရစ်ခဲ့ရသည်။ ယခုအခါ ၎င်းတို့သည် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေသည့် ပတ်ဝန်းကျင်တွင် သတိကြီးစွာ သွားလာနေရပြီး၊ စိတ်ဒဏ်ရာရနေသော မိဘများကို ပြုစုစောင့်ရှောက်ရမည့် တာဝန်ကိုပါ ပုခုံးထမ်းရင်း လက်လှမ်းမီနိုင်သေးသည့် စိုက်ပျိုးမြေကွက်ငယ်လေးတစ်ခုတွင် ခက်ခဲပင်ပန်းစွာရုန်းကန်လုပ်ကိုင် စားသောက် နေကြရသည်။

ဖြစ်ရပ် (၃) - လင်မယားကွာရှင်းပြီးနောက်တွင် မိစွန်သည် ၎င်းတို့၏ ရာဘာခြံကို ခင်ပွန်းဖြစ်သူတစ်ဦးတည်း၏ အမည်ဖြင့် "အိမ်ထောင်ဦးစီး" ဟု မှတ်ပုံတင်ထားခဲ့ခြင်း၏ ဆိုးကျိုးကို သိရှိခဲ့ရသည်။ မွန်ရိုးရာဓလေ့ထုံးတမ်းအရ ကျား၊ မ တန်းတူညီမျှပိုင်ဆိုင်ခွင့် ရှိသော်လည်း၊ လက်ရှိတည်ဆဲဥပဒေများကြောင့် သူမ၏အခွင့်အရေးမှာ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ ထိုအတောအတွင်း တရားရုံးစရိတ်များနှင့် အခြား "လက်သိပ်ထိုး" ပေးကမ်းရမှုများကြောင့်လည်း သူမ၏ စုဆောင်းငွေများ အားလုံးနီးပါး ကုန်သွားခဲ့သည်။ ပင်ပန်းခက်ခဲလှသည့် တရားရင်ဆိုင်မှုအပြီးတွင် တရားသူကြီးက ထိုမြေကို သုံးပုံတစ်ပုံစီ ခွဲဝေရန် အမိန့်ချမှတ်ခဲ့သော်လည်း ခင်ပွန်းဟောင်းက သူမ၏ဝေစုကို လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ယခုအခါတွင် သူမသည် “အိမ်ထောင်ကွဲအမျိုးသမီး” ဟူသည့် လူမှုပတ်ဝန်းကျင်၏ အမြင်စောင်းမှုကို ရင်ဆိုင်ရသည့် အပြင်၊ ငွေကြေးအကျပ်အတည်းကြားမှ ကလေးများကို ပြုစုစောင့်ရှောက်ရန် ရုန်းကန်နေရသည်။ လက်ရှိတွင် ဟင်းသီး ဟင်းရွက်နှင့် သီးနှံအချို့ စိုက်ပျိုးရောင်းချနိုင်ရန်အတွက် မြေကွက်ငယ်လေးတစ်ခုကို ငှားရမ်းကာ ဘဝကို ကြိုးစားဖြတ်သန်းနေရသည်။

ဤဖြစ်ရပ် သုံးခုစလုံးသည် ကျား၊ မ ဖြစ်တည်မှုအပေါ် အခြေပြုသည့် ခွဲခြားဆက်ဆံခြင်း၊ လက်နက်ကိုင် ပဋိပက္ခနှင့် စစ်အုပ်ချုပ်ရေး၊ ထို့ပြင် လူမှုစီးပွားဘဝ အခြေအနေများကြောင့် အမျိုးသမီးများအနေဖြင့် မြေယာလက်လှမ်းမီပိုင်ဆိုင်ရန်နှင့် အသုံးပြုရန် မည်မျှအထိ ခက်ခဲနေရသည်ကို မီးမောင်းထိုးပြနေသည်။ ထို့ပြင် မြေယာပိုင်ဆိုင်အသုံးပြုမှုမှ ရရှိလာသော အကျိုးကျေးဇူးများကို ခံစားခွင့်ရရှိရန်မှာ ပို၍ပင် အလှမ်းဝေးနေ သေးကြောင်း တွေ့ရသည်။ အချို့သော ကိစ္စရပ်များတွင်မူ "လက်လှမ်းမီ အသုံးပြုခွင့်၊ ပိုင်ဆိုင်ခွင့်" သို့မဟုတ် "မြေယာ" ဟူသည် မည်သည့်အဓိပ္ပာယ်ကို ဆိုလိုခြင်းဖြစ်ကြောင်းပင် ရှင်းရှင်းလင်းလင်း မရှိလှပေ။ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့်သည် အဘယ်ကြောင့် ဤမျှအထိ စိန်ခေါ်မှုကြီးမားသော ပြဿနာတစ်ခု ဖြစ်နေရသနည်း။ ၎င်းတို့၏ မြေယာလက်လှမ်းမီမှုနှင့် မြေယာအခြေပြု အကျိုးခံစားခွင့်များကို မြှင့်တင် ပေးနိုင်ရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ အဖြေများသည် ရှုပ်ထွေးနိုင်သော်လည်း မဖြေရှင်းနိုင်သည့် အရာ များတော့ မဟုတ်ပါ။ ဤသုံးသပ်ချက်ဆောင်းပါးသည် ထိုသို့သော ရှုပ်ထွေးသည့် အခြေအနေများကို လေ့လာ ဆန်းစစ်ရန်နှင့် မြေယာအခြေပြု လူမှုတရားမျှတမှုဆီသို့ ဦးတည်နိုင်မည့် လမ်းစများကို ပုံဖော်ကြည့်ရန် ရည်ရွယ် ပါသည်။

၁။ တရားဝင် မြေယာမူဝါဒများသည် လက်တွေ့ဘဝ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုထားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ဥပဒေ၊ မူဝါဒ သို့မဟုတ် နိုင်ငံတကာ သဘောတူစာချုပ်များ၌ တန်းတူညီမျှမှုကို စာသားအရ ထည့်သွင်းရေးသားရုံမျှဖြင့် မလုံလောက်ဘဲ ထိုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်သည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် လက်တွေ့အကောင်အထည်မဖော်နိုင်စေရန် ဟန့်တားထားသည့်၊ ထင်သာမြင်သာမရှိသော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများသည်ပင် အမျိုးသမီးများအတွက် အခြေအနေကို မရည်ရွယ်ဘဲ ပိုမိုဆိုးရွားသွားစေသည့် အခြေအနေမျိုး ရှိနေသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်အများစုသည် "မြေယာပိုင်ဆိုင်မှု ခိုင်မာစေရန်" အတွက် ထိုစဉ်က သမ္မတ ဦးသိန်းစိန်အစိုးရမှ ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြေယာဥပဒေများကို အခြေခံကာ ကျေးရွာပိုင်မြေများ ခွဲဝေပေးခြင်းနှင့် တရားဝင်မြေအသုံးပြုခွင့်လက်မှတ်များ လျှောက်ထားနိုင်ရန် ကူညီပေးခဲ့ကြသည်။ သို့သော်လည်း အဆိုပါဥပဒေများသည် တိုင်းရင်းသားဒေသများရှိ ဒေသခံများနှင့် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့်ကို လျစ်လျူရှုထားပြီး၊ တောင်သူလယ်သမားများထက် ကုမ္ပဏီကြီးများကိုသာ ပိုမိုအကျိုးပြုနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။

ရလဒ်အနေဖြင့် ထိုအစီအစဉ်များသည် လူမှုအဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသော ဖိုဝါဒဦးစားပေး လူမှုစံနှုန်းများနှင့် မမျှတသည့် လူမှုဆက်ဆံရေးများကို လျစ်လျူရှုမိတတ်သဖြင့်၊ နောက်ဆုံးတွင် မြေအသုံးပြုခွင့်လက်မှတ်များ၌ ခင်ပွန်းဖြစ်သူ သို့မဟုတ် အမျိုးသားဆွေမျိုးတစ်ဦးဦး၏ အမည်သာ အမြဲတမ်းလိုလို အမည်ပေါက်သွားတတ်သည်။ ထို့ကြောင့် ဤစီမံကိန်းများသည် အမျိုးသမီးများကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမည့်အစား ၎င်းတို့နှင့် သက်ဆိုင်သည့် မြေယာများမှ ဖယ်ထုတ်လိုက်သကဲ့သို့ ဖြစ်စေသည့်အပြင်၊ ၎င်းတို့ ပင်ပင်ပန်းပန်း စိုက်ထုတ်ခဲ့ရသော လုပ်အားများကိုလည်း လူမှုရေးအရရော ရုပ်ဝတ္ထုပိုင်းအရပါ တရားဝင် အသိအမှတ်မပြုသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။ မွန်ပြည်နယ်မှ အမျိုးသမီးလယ်သမားတစ်ဦး၏ စကားအရဆိုလျှင် - “စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်နဲ့ လုပ်ကိုင်စားသောက် နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ မြေယာပိုင်ဆိုင်ခွင့် မရှိတဲ့အခါ အခွင့်အလမ်းတွေ ဆုံးရှုံးရုံတင်မကဘဲ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကိုပါ ထိခိုက်စေပါတယ်”1 ဟု သူမက ဆိုသည်။

ယင်းအချက်က မြေယာလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ၏ အရေးပါမှုကို ပိုမိုအာရုံစိုက်လာစေသည်။ ပုံစံ-၇ ကို ပိုင်ဆိုင်ထားခြင်း (သို့မဟုတ် မိမိအမည်ပေါက် စာရွက်စာတမ်း ရှိနေခြင်း) သည် မြေယာလုံခြုံမှုကို ရာနှုန်းပြည့် အာမခံချက် မပေးနိုင်သလို၊ မြေယာဆိုင်ရာ အကျိုးခံစားခွင့်များကိုလည်း အပြည့်အဝ ရရှိစေမည်ဟု အကြွင်းမဲ့ မဆိုနိုင်သော်လည်း၊ ၎င်းသည် ပိုင်ဆိုင်သူများအတွက် အရေးပါသော လုံခြုံမှုအတိုင်းအတာတစ်ခုကို ပေးစွမ်းနိုင်သည့်အပြင် နိုင်ငံတော်၏ ထောက်ပံ့ကြေးများ သို့မဟုတ် ငွေကြေးချေးငွေများ ရယူနိုင်ရန် ချိတ်ဆက်ပေးသည့် တံတားတစ်စင်းကဲ့သို့ အကျိုးပြုပါသည်။ အောက်ဖော်ပြပါ အပိုင်းတွင် ဤကဲ့သို့သော အကျပ်အတည်းနှင့် ရှုပ်ထွေးနက်နဲမှုများကို ရှင်းလင်းဖော်ပြထားပါသည်—

မြန်မာနိုင်ငံ၏ တရားဝင် မြေယာမူဘောင် 

၂၀၁၂ ခုနှစ် မြေယာဥပဒေများနှင့် ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်များ - လယ်ယာမြေဥပဒေ နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေတို့သည် ပုဂ္ဂလိကပိုင်ဆိုင်ခွင့် အခွင့်အရေးများကို တရားဝင်ပြဋ္ဌာန်းပေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အကျိုးအမြတ်ကို အလွန်အမင်း မျက်နှာသာပေးခဲ့သည်။ ယင်းသည် တိုင်းရင်းသားဒေသအများစုတွင် ကျင့်သုံးနေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုနှင့် ဓလေ့ထုံးတမ်း မြေယာစနစ်များကို လက်တွေ့၌ တရားမဝင်ဖြစ်စေရန် တွန်းပို့ခဲ့သည်။ ဤဥပဒေမူဘောင်များအောက်တွင် လူထုသည် "မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း" အဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည့် ၎င်းတို့၏ မြေယာများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် သက်တမ်း ၃၀ ရှိ မြေယာလုပ်ပိုင်ခွင့် ခွင့်ပြုချက် လျှောက်ထားရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ ပိုမိုတင်းကျပ်လာသည့် ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်များအရ သတ်မှတ်ထားသော ၆ လတာ ကာလအတွင်း မြေယာမှတ်ပုံတင်ရန် ပျက်ကွက်သူများသည် မြေယာပေါ်မှ ဖယ်ရှားခြင်းခံရမည့်အပြင်၊ ငွေဒဏ် အမြောက်အမြားနှင့် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ရလဒ်အနေဖြင့် ဤဥပဒေနှစ်ရပ်စလုံးသည် “တိုင်းရင်းသား မိရိုးဖလာမြေယာပိုင်ဆိုင်ခွင့်များနှင့် မြေယာ၏ အရေးကြီးသော ယဉ်ကျေးမှု သမိုင်းတန်ဖိုးများကို လျစ်လျူရှုထားပြီး ...” ဟု သုံးသပ်ထားပါသည်။ (Land in Our Hands (LIOH), 2017, p.1).

ပုံစံ - ၇ ဤသည်မှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအောက်တွင် ထုတ်ပေးထားသည့် လယ်ယာမြေ အသုံးပြုခွင့်လက်မှတ်ဖြစ်သည်။ ယင်းလက်မှတ်သည် ပိုင်ဆိုင်သူအား တရားဝင်စိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့် သို့မဟုတ် ငှားရမ်းခွင့် ပြုထားသော်လည်း၊ ဒို့မြေကွန်ရက် (LIOH) ကဲ့သို့သော အရပ်ဘက် အဖွဲ့အစည်းများက ၎င်း၏ အားနည်းချက်များကို အစဉ်တစိုက် ထောက်ပြခဲ့ကြသည်။ ပုံစံ-၇ သည် မြေယာအဓမ္မသိမ်းဆည်းမှုများမှ ကာကွယ်မပေးနိုင်သည့်အပြင်၊ စာရွက်စာတမ်းပေါ်တွင် အမျိုးသမီး အမည်များကို ထည့်သွင်းလေ့မရှိသလောက် နည်းပါးသဖြင့် အမျိုးသမီးအများစုကို အဓိက ချန်လှပ်ထားခဲ့သည်။ LIOH ၏ တစ်နိုင်ငံလုံးအတိုင်းအတာ သုတေသနပြုချက်များအရ မြေယာသိမ်းဆည်း ခြင်းခံခဲ့ရသည့် ဖြေဆိုသူများအနက် ၄၂.၅ ရာခိုင်နှုန်း မှာ ထိုစဉ်က အစိုးရ၏ တရားဝင် မြေယာစာရွက်စာတမ်းများ ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။ ၎င်းအပြင် မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်အားလုံး၏ ထက်ဝက်နီးပါးတွင် မြေယာသိမ်းဆည်းမှုများသည် စစ်တပ်နှင့် တိုက်ရိုက်ပတ်သက်နေပြီး၊ စစ်တပ်က သီးခြားမြေသိမ်းခြင်း သို့မဟုတ် အစိုးရဝန်ကြီးဌာနများ၊ ဒေသခံအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ လေ့လာမှုက မီးမောင်းထိုးပြထားသည်။ (Land in Our Hands, 2015)

၂၀၁၆ ခုနှစ် အမျိုးသားမြေအသုံးချမှုမူဝါဒ -လူထုနှင့်ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးကာ ရေးဆွဲခဲ့သည့် ဤမူဝါဒစာတမ်းသည် ဓလေ့ထုံးတမ်းစနစ်များ၊ ဂျင်ဒါတန်းတူညီမျှမှု၊ အမျိုးသမီးများ၏ မြေယာအခွင့်အရေးနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများ (IDPs) နှင့် ဒုက္ခသည်များ၏ မြေယာအခွင့်အရေးများကိုပါ အသိအမှတ်ပြုထားခဲ့သည် (အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ အတိုင်းအတာအပြည့်အဝ ထိ မရခဲ့သော်လည်း)။ ဤမူဝါဒသည် အမျိုးသားမြေဥပဒေ၏ အခြေခံအုတ်မြစ်အဖြစ် ရည်ရွယ်ခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ဆက်တိုက်ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျပ်အတည်းများကြောင့် ၎င်းကို လက်တွေ့အကောင်အထည်ဖော်ခြင်းနှင့် တရားဝင်ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခြင်းတို့မှာ ရပ်ဆိုင်းသွားခဲ့ရသည်။

ကိုးကားချက်များ (References)

  1. Land in Our Hands. (2015). “Destroying People’s lives: The impact of land grabbing on communities in Myanmar” [Research Report].
  2. Land In Our Hands. (2017, July 19) “LIOH statement on the 2012 Farmland law amendments”.

 

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှင့် လူနေမှုဘဝအခြေအနေ စစ်တမ်း (Myanmar Poverty and Living Conditions Survey) အရ စိုက်ပျိုးရေးလုပ်ကိုင်သူများတွင် အမျိုးသား ၃၂.၁ ရာခိုင်နှုန်းက တရားဝင် မြေယာ စာချုပ်စာတမ်းများ (စာရင်းအင်းဆိုင်ရာ အချက်အလက်များ၌ "ခိုင်မာသော မြေယာပိုင်ဆိုင်ခွင့်" ဟု သတ်မှတ် သည့် အထောက်အထားများ)ကို ကိုင်ဆောင်ထားနိုင်သော်လည်း၊ အမျိုးသမီးများတွင်မူ ၁၄.၂ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ အမျိုးသမီးများအနေဖြင့် ဤကဲ့သို့သော တရားဝင်မြေယာစာချုပ်စာတမ်းများ ရရှိပိုင်ဆိုင်ရန် ကြိုးပမ်းရာတွင် ရှုပ်ထွေးလှသည့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ရခြင်းက အဓိက အတားအဆီးတစ်ခု ဖြစ်နေသည်။ ထို့ပြင် ကျေးလက်နေ အမျိုးသမီးအများစုမှာ မိမိတို့၌ ဤကဲ့သို့သော အခွင့်အရေးများ ရှိနေသည်ကိုပင် မသိရှိကြသေးသည့်အပြင်၊ တိုင်းရင်းသားဒေသများရှိ အမျိုးသမီးအများစုမှာလည်း ရုံးသုံးဗမာစကားကို ကျွမ်းကျင်စွာ မပြောဆိုနိုင်ကြသဖြင့် အခက်အခဲ ပိုမိုကြုံတွေ့နေရသည်။

ဤဘာသာစကား အတားအဆီးသည် စီးပွားရေးကျပ်တည်းမှုကြောင့် ကျောင်းမှ စောစီးစွာ ထွက်ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စာတတ်မြောက်မှုနှုန်း နိမ့်ကျခြင်းနှင့် ထပ်ဆင့်ကာ ပိုမိုဆိုးရွား သွားစေသည်။ အထူးသဖြင့် သမီးမိန်းကလေးများ၏ ပညာရေးကို သားယောက်ျားလေးများနှင့်နှိုင်းယှဉ်ပါက အရေးပါမှုနည်းသည်ဟု ယူဆကာ အကျိုးအမြတ်မရှိသော ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်လေ့ရှိသည့် ဖိုဝါဒကြီးစိုးသော လူ့အဖွဲ့အစည်းတွင်၊ မိသားစုများအနေဖြင့် ခက်ခဲသည့်အချိန်အခါမျိုး၌ ယောက်ျားလေးများ၏ ပညာရေးကိုသာ ဦးစားပေးလေ့ရှိကြသည်။ ထို့ကြောင့် အမျိုးသမီးများအတွက် မြေယာစာရွက်စာတမ်းကိစ္စနှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများသည် ပိုမိုကျယ်ပြန့်သော လူမှုနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒွန်တွဲနေပြီး တရားဝင်မြေယာအသိအမှတ်ပြုမှု ရရှိရန်အတွက် ကြီးမားလှသော အတားအဆီးများအဖြစ် ရှိနေဆဲပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးများသည် လယ်ကွင်းပြင်၌ ၎င်းတို့၏ ခင်ပွန်းများနှင့် တန်းတူရည်တူ လုပ်အားစိုက်ထုတ်နေကြရသည့်အပြင်၊ အိမ်ထောင်စုအတွင်း အဓိက ပြုစုစောင့်ရှောက်သူများအဖြစ်ပါ တာဝန်ယူနေကြရသော်လည်း လူမှုပတ်ဝန်းကျင်ကမူ ၎င်းတို့အား "မှီခိုသူ" အဖြစ်သာ တံဆိပ်ကပ်ထားဆဲ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးက ဤလက်တွေ့ဘဝကို အောက်ပါအတိုင်း အပြည့်အစုံရင်ဖွင့် ပြောပြခဲ့သည်-

“အမျိုးသမီးတွေက စိုက်ပျိုးရေးလုပ်ငန်းရဲ့ အစ၊ အလယ်၊ အဆုံး လုပ်ငန်းစဉ်အားလုံးမှာ အပြည့်အဝ ပါဝင်နေကြတာပါ။ အမျိုးသားကို အိမ်ထောင်ဦးစီးလို့ ခေါ်ကြပေမယ့် တကယ်တမ်း လုပ်ငန်းလည်ပတ်အောင် လုပ်ပေးရတာက အမျိုးသမီးတွေပါ။ နေ့စားလုပ်သား ငှားရမ်းတာကအစ စီမံခန့်ခွဲမှုပိုင်းမှာ ဆုံးဖြတ်ချက်ချဖို့ ဆိုရင်လည်း ကျွန်မတို့ ပါဝင်ရတာပါပဲ။ အမျိုးသားရော အမျိုးသမီးရော လယ်ကွင်းထဲ အတူတူဆင်းပြီး အလုပ်လုပ်ကြပေမယ့်၊ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အမျိုးသမီးတွေရဲ့ အလုပ်က မပြီးသေးဘဲ အိမ်မှုကိစ္စတွေကို ဆက်လုပ်ကြရသေးတာပါ။”2

ထို့ထက် ပိုဆိုးသည်မှာ ဒေသခံအာဏာပိုင်များသည် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခြင်း သို့မဟုတ် ကွာရှင်း ပြတ်စဲခြင်းကြောင့် သီးခြားစီ နေထိုင်ရသည့်တိုင် အမျိုးသမီးများကို "မှီခိုသူ" နေရာမှ "အိမ်ထောင်ဦးစီး" အဖြစ် ပြောင်းလဲအသိအမှတ်ပြုရန် ငြင်းဆန်လေ့ရှိခြင်း ဖြစ်သည်။ ဤသို့ အသိအမှတ်မပြုခြင်းက အမျိုးသမီးများ အတွက် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများ နှင့်လူမှုစီးပွားရေးဆိုင်ရာ မလုံခြုံမှုများကို ပိုမိုရင်ဆိုင်ရစေသည်။

အရေးကြီးဆုံး သတိပြုရမည့်အချက်မှာ အမျိုးသမီးများကို အဖွဲ့အစည်း/အသိုက်အဝန်းနှင့် သီးခြားကွဲထွက် နေသည့် တစ်ဦးတစ်ယောက်ချင်းစီအဖြစ် ရှုမြင်၍ မရနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ပတ်ဝန်းကျင်နှင့် အပြန်အလှန် ဆက်နွှယ်နေကြပြီး၊ မှီခိုသူများနှင့် မိသားစုများ ရှိကြသကဲ့သို့ ၎င်းတို့၏ မြေယာလက်လှမ်းမီ ပိုင်ဆိုင်ခွင့်မှာလည်း ဤလူမှုရေး ဆက်ဆံရေးများအပေါ်၌ မူတည်နေသည်။ တစ်ကိုယ်ရေဖြစ်နေသည့် အမျိုးသမီးများ ဖြစ်လင့်ကစား အခြေအနေချင်း တူညီကြသည်တော့ မဟုတ်ပေ။ အချို့မှာ အမွေဆက်ခံခွင့်မရှိသည့် အိမ်ထောင်မပြုရသေးသော သမီးမိန်းကလေးများ ဖြစ်နိုင်သလို၊ အချို့မှာ မုဆိုးမများ၊ လူကုန်ကူးခံရသူများ သို့မဟုတ် အဓမ္မစီစဉ်သည့် အိမ်ထောင်ရေးဖြင့် ရောင်းစားခံရမည့် အန္တရာယ်ရှိသူများ စသည်ဖြင့် အခြေအနေမျိုးစုံရှိနေကြသည်။ အဆုံးစွန်အားဖြင့် အမျိုးသမီးတစ်ဦးတစ်ယောက်၏ မြေယာလက်လှမ်းမီခွင့်၊ အသုံးချခွင့်နှင့် အကျိုးခံစားခွင့်တို့သည် မည်သည့်အခါမျှ ရိုးရှင်းသော ညီမျှခြင်းတစ်ခု မဟုတ်ဘဲ သူမ၏ တိုင်းရင်းသားလူမျိုး၊ ပထဝီဝင် အနေအထား၊ လူမှုရေးအဆင့်အတန်းနှင့် အသက်အရွယ် စသည့် ဖြစ်တည်မှုမျိုးစုံအပေါ်၌သာ မူတည်နေပါသည်။ ထို့ပြင် အမျိုးသမီးနှင့် မြေယာအကြား ဆက်နွယ်မှုသည် မြေယာအမည်ပေါက်စာချုပ် သို့မဟုတ် လယ်ယာ မြေကွက်ငယ်တစ်ခုက ပေးစွမ်းနိုင်သည်ထက်မက ပိုမိုကျယ်ပြန့်လှပြီး ဘက်စုံကဏ္ဍစုံ အပြန်အလှန် ချိတ်ဆက် အမှီသဟဲပြုထားသည့် ကွန်ရက်ကြီးတစ်ခုပင် ဖြစ်တော့သည်။

အထက်ပါအခြေအနေများသည် လက်ရှိ စစ်အုပ်ချုပ်ရေးဒေသများတွင် နေထိုင်ကြသည့် အမျိုးသမီးများ ကြုံတွေ့နေရသော မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာ စိန်ခေါ်မှုများကို ထင်ဟပ်နေသည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ရာ နယ်မြေများ၌မူ ကွဲပြားခြားနားသော ဖြစ်တည်မှုပုံစံများ ရှိနေကြသည်။ ထိုတိုင်းရင်းသားအဖွဲ့အစည်း အများစုသည် ကာလရှည်ကြာကတည်းက လူဦးရေအမြောက်အမြားရှိသော နယ်မြေများကို စီမံခန့်ခွဲကာ ကိုယ်ပိုင်အရပ်ဘက်အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်ထားကြသူများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ဒေသခံတိုင်းရင်းသားလူထု၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများ၊ ဒုက္ခသည်များနှင့် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့်ကို လေးစား၊ ကာကွယ်၊ မြှင့်တင်ပေးသည့် မြေယာမူဝါဒများကိုလည်း ချမှတ်ကျင့်သုံးနေကြသည်။

သို့သော်လည်း မြေပြင်ရှိ လက်တွေ့ပကတိအခြေအနေမှာမူ အစဉ်ပြောင်းလဲနေဆဲ ဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးမူဘောင်အောက်တွင်ပင် ဒေသခံရိုးရာအာဏာပိုင်များနှင့် ရွာလူကြီးများသည် ရှေးရိုးစွဲ ဖိုဝါဒဓလေ့ထုံးတမ်းများကိုသာ ဆက်လက်ကျင့်သုံးလေ့ရှိကြသည်။ ထို့ကြောင့် အိမ်ထောင်မပြုရသေးသော အမျိုးသမီးတစ်ဦး သို့မဟုတ် နေရပ်စွန့်ခွာရသည့် မုဆိုးမတစ်ဦးအနေဖြင့်—၎င်းတို့၏ အခွင့်အရေးများကို တိုင်းရင်းသားအုပ်ချုပ်ရေး မူဝါဒများက ဥပဒေကြောင်းအရ (de jure) ကာကွယ်ပေးထားသော်လည်း—လက်တွေ့မြေပြင် (de facto) တွင်မူ မြေယာပိုင်ဆိုင်ခွင့်ရရှိရေးမှာ ၎င်းတို့၏ ဖခင် သို့မဟုတ် အမျိုးသားဆွေမျိုးများ၏ လူမှုရေးအခြေအနေနှင့် ဒေသခံရိုးရာဓလေ့များအပေါ်၌သာ အဓိကမူတည်နေဆဲ ဖြစ်သည်။

၂။ မြေယာဟူသည် ကုန်စည်တစ်ခုသက်သက်မဟုတ်ဘဲ လူမှုဘဝရှင်သန်ရေးအတွက် ဖြစ်သည်။

မြန်မာနိုင်ငံတွင်သာမက အခြားသော နေရာဒေသများတွင်ပါ မြေယာသည် ကုန်စည်တစ်ခုသက်သက် မဟုတ်ပါ။ ၎င်းသည် အမည်ပေါက်လျှောက်ထားရန်၊ ဝယ်ယူရန် သို့မဟုတ် ပြန်လည်ရောင်းချရန် ပိုင်ဆိုင်မှုပစ္စည်း တစ်ခုမျှသာ မဟုတ်ချေ။ ကျေးလက်နှင့် တိုင်းရင်းသားလူထုအများစုအတွက်မူ မြေယာသည် အစားအစာ၊ ထင်း၊ ဆေးဝါး၊ တိရစ္ဆာန်စားကျက်၊ ခိုလှုံရာနေရာ နှင့် လူမှုအသိုက်အဝန်းအဖြစ် ရပ်တည်မှုတို့ကို ပံ့ပိုးပေးထားသည့် ရှင်သန်ရပ်တည်ရေး စနစ်တစ်ခုလုံး၏ အဓိကအရင်းအမြစ် ဖြစ်သည်။ ထို့ပြင် မြေယာသည် ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုတို့အတွက် မရှိမဖြစ် အမှီသဟဲပြုရာဖြစ်ပြီး အတိတ်သမိုင်း၊ လူမှုဖြစ်တည်မှုအမှတ်အသား၊ အပြန်အလှန်ရိုင်းပင်းစောင့်ရှောက်မှုတို့ဖြင့် ခိုင်မာစွာ ဖွဲ့စည်းတည်ဆောက် ထားသည်။ သို့ဖြစ်ရာ မြေယာကို "လယ်ယာမြေ" သို့မဟုတ် "အိမ်ရာကွက်" အဖြစ်သာ ရှုမြင်ပြီး လက်မှတ် တစ်စောင် သို့မဟုတ် မြေကွက်တစ်ကွက်အဖြစ်သာ ကျဉ်းမြောင်းစွာ ပုံဖော်ပစ်လိုက်သည့်အခါ၊ ထိုစီးပွားရေး မူဘောင်၏ ပြင်ပတွင်ရှိသော အနှစ်သာရအားလုံး လစ်လျူရှုခံလိုက်ရတော့သည်။

ဤကဲ့သို့သော ဘက်စုံလွှမ်းခြုံသည့် ဆက်နွှယ်မှုကို ရှမ်းပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် အောက်ပါအတိုင်း ရှင်းလင်းစွာ ဖော်ပြထားသည်-

“မြေယာသည် တိုင်းရင်းသားဒေသခံများ၏ အသက်သွေးကြောနှင့် ဘဝရပ်တည်မှု အခြေခံ ဖြစ်သောကြောင့်၊ တိုင်းရင်းသားဒေသများရှိ မြေယာအားလုံးကို ထိုဒေသတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများကသာ ပိုင်ဆိုင်ခွင့်ရှိသည်။… မိမိတို့၏ ရိုးရာအစဉ်အလာအရ စီမံခန့်ခွဲမှုစနစ်တွင် ရပ်ရွာဘုံပိုင်သစ်တော၊ ဘေးမဲ့တော၊ ကာကွယ်တော၊ အထွတ်အမြတ်ထားသည့်မြေ၊ သုသာန်မြေ၊ ရွှေ့ပြောင်းတောင်ယာ၊ စားကျက်မြေ၊ အများပိုင်မြေနှင့် ကျေးရွာပိုင်အရံမြေများ အပါအဝင် ကျေးရွာ နယ်နိမိတ်အတွင်းရှိ မြေယာများ၊ ရေအရင်းအမြစ်များနှင့် ရေဝေရေလဲဒေသများကို မည်ကဲ့သို့ စနစ်တကျ စီမံခန့်ခွဲရမည်ဟူသော အချက်များ ပါဝင်ပါသည်။”

ကျေးလက်ဒေသများတွင် မြေယာအသုံးချမှုသည် သဘာဝအရပင် ပုံသေကားချပ်မရှိဘဲ လိုက်လျောညီထွေ ပြောင်းလဲနိုင်သလို စုပေါင်းပိုင်ဆိုင်သည့် သဘောလည်း ဆောင်သည်။ မိသားစုများသည် နေရာတစ်ခုတွင် သီးနှံစိုက်ပျိုးကြပြီး၊ အခြားနေရာတစ်ခုတွင် ဆေးဖက်ဝင်အပင်များနှင့် ဟင်းသီးဟင်းရွက်များ ရှာဖွေကာ၊ တခြားတစ်နေရာတွင်မူ ငါးဖမ်းခြင်း သို့မဟုတ် တိရစ္ဆာန်စားကျက်အဖြစ် အသုံးပြုကြသည်။ ထိုသို့ မြေယာနှင့် သဘာဝသယံဇာတများကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ လက်လှမ်းမီ အသုံးပြုခွင့်များသည် အချိန်နှင့်အမျှ တစ်ပြိုင်နက်တည်း အဆင်ပြေစွာ တည်ရှိနေပြီး ပြောင်းလဲနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုအတွက်မူ ယခုကဲ့သို့ လိုက်လျောညီထွေရှိပြီး တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည့် မြေယာလက်လှမ်းမီခွင့်က အလွန်အရေးကြီးပါသည်။ ဟင်းသီးဟင်းရွက် ရှာဖွေခြင်း၊ ရေခပ်ခြင်း၊ ထင်းကောက်ခြင်း သို့မဟုတ် ဆေးဖက်ဝင်အပင်များ ရှာဖွေခြင်း စသည်တို့အားလုံးသည် ပုံသေ သတ်မှတ်မထားဘဲ အခြေအနေအရ ပြောင်းလဲအသုံးပြုနိုင်သည့် မြေယာလက်လှမ်းမီမှုအပေါ်တွင်သာ မှီခိုနေရသဖြင့်—၎င်းကို မြေယာပိုင်ဆိုင်မှု စာချုပ်စာတမ်း (သို့မဟုတ် အမည်ပေါက်လက်မှတ်) တစ်ခုတည်းဖြင့်သာ အကျုံးဝင်အောင် ဖော်ပြရန် မဖြစ်နိုင်ပေ။

အထက်ပါ သာဓကများတွင် ပါရှိသည့် ဒေါ်မြင့်၊ နန်းဆိုင်းနှင့် မိစောန်တို့ကဲ့သို့သော အမျိုးသမီးများသည် မိသားစုနှင့် လူမှုအသိုက်အဝန်းများ ဖွံ့ဖြိုးစိုပြည်စေရန်အတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာ အဝဝကို စီမံခန့်ခွဲရသည့် "ပြုစုစောင့်ရှောက်ရေး ကဏ္ဍ" တွင် ရှေ့တန်းမှ ဦးဆောင်နေကြသူများ ဖြစ်သည်။ ၎င်းလုပ်ငန်းများတွင် အစားအစာ ချက်ပြုတ်ကျွေးမွေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း၊ ပညာရေး ပံ့ပိုးပေးခြင်း၊ လူမမာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ ပါဝင်သည်။ ဤတာဝန်ဝတ္တရားများကြောင့် အမျိုးသမီးများသည် အများပိုင်မြေနှင့် သဘာဝသယံဇာတများကို နေ့စဉ်နှင့်အမျှ မှီခိုအားထားနေကြရသဖြင့် ၎င်းတို့နှင့် မြေယာအကြား ရှုပ်ထွေးနက်နဲပြီး အခြေခံကျသည့် ဆက်နွှယ်မှုများ ရှိနေတတ်ရာ—ဤသည်မှာ အမျိုးသားများထက် ပို၍ပင် တိုက်ရိုက်ကျလေ့ရှိသည်။ သို့ဖြစ်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းဟူသည် မြေယာနှင့် သီးခြားခွဲထုတ်၍ မရနိုင်ဘဲ၊ မြေယာရှိနေခြင်းကြောင့်သာ ထိုလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

အဓိကကျသည်မှာ ဤသို့ပြုစုစောင့်ရှောက်သည့် ဆက်ဆံရေးသည် အပြန်အလှန် ဒွန်တွဲနေခြင်း ဖြစ်သည်။ မြေယာက အမျိုးသမီးများကို ပံ့ပိုးကူညီပေးနေသကဲ့သို့ပင် အမျိုးသမီးများကလည်း မြေယာကို တက်ကြွစွာ ပြုစုပျိုးထောင်ပေးကြသည်။ မြေယာအခြေပြု ပြုစုစောင့်ရှောက်မှု ပုံစံများစွာ ရှိသည့်အနက် ကျေးလက်နေအမျိုးသမီးများသည် ဒေသမျိုးစေ့များကို ထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောစိုက်ပျိုးရေးစနစ်များကို ကျင့်သုံးခြင်းအားဖြင့် ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းပေးသည့် အဓိက စောင့်ရှောက်သူများအဖြစ် တာဝန်ယူထားကြသည်။ စိတ်ဝင်စားစရာ သာဓကတစ်ခုကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လားဟူ တောင်ပေါ်ဒေသတွင် တွေ့နိုင်ပါသည်။ ဤဒေသတွင် အမျိုးသမီးများသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်သာမက နေ့စဉ်အိမ်တွင်းစားသုံးမှုနှင့် ဒေသ ပွဲလမ်းသဘင်များအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ခြင်းတို့တွင် တာဝန်ယူကြရသည်။ ဤအခြေအနေ သည် မိရိုးဖလာ ကျား/မ အခန်းကဏ္ဍများကို ပိုမိုအမြစ်တွယ်စေပြီး အမျိုးသမီးများအနေဖြင့် မိမိတို့ကိုယ်ပိုင် စွမ်းရည်မြှင့်တင်မည့် အခြားလုပ်ငန်းများအတွက် အချိန်ကို ကန့်သတ်ပိတ်ပင်သကဲ့သို့ ဖြစ်စေနိုင်သော်လည်း၊ တစ်ဖက်တွင်မူ ယင်းဓလေ့ထုံးတမ်းများသည် အပြန်အလှန် မျှဝေခြင်းနှင့် စည်းလုံးညီညွတ်ခြင်းဟူသော လူမှုကျင့်ဝတ်စံနှုန်းများကို ထင်ဟပ်နေပါသည်။

ဤသို့ဖြင့် မြေယာ၊ အစားအစာ နှင့် ပြုစုစောင့်ရှောက်ရေးတို့သည် အမျိုးသမီးများ အတူတကွ ပံ့ပိုးတည်ဆောက်ထားသည့် စနစ်တစ်ခု၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။ အချို့ဒေသများတွင် စားသောက်ကုန်နှင့် မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ ဝယ်ယူရန်အတွက် ဘိန်းကို စီးပွားဖြစ်သီးနှံအဖြစ် စိုက်ပျိုးကြသော်လည်း၊ အခြားတစ်ဖက်တွင်မူ ၎င်းကို ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်းနှင့် နာကျင် ကိုက်ခဲခြင်းတို့ကို ကုသရန် အိမ်သုံးတိုင်းရင်းဆေးအဖြစ်လည်း ချန်ထားလေ့ရှိကြသည်။ ဈေးတွင် မြေယာ ထွက်ကုန်များကို ရောင်းချသည့် အမျိုးသမီးတစ်ဦးသည် ရရှိလာသော ရောင်းရငွေဖြင့် သားသမီးများအတွက် ဆန်၊ ဆီ၊ ဆားတို့ကို ပြန်လည်ဝယ်ယူကာ အစားအစာ ပြင်ဆင်ချက်ပြုတ်ပေးတတ်သည်။ အလားတူပင် ဝမ်းဆွဲသည်တစ်ဦးက မီးဖွားခါနီး အိမ်နီးနားချင်းထံ သွားရောက်ရန် မြေလမ်းတစ်ခုကို ဖြတ်သန်း လျှောက်လှမ်းရခြင်းက—မြေယာသည် သီးနှံနှင့် ကုန်ကြမ်းများ ထွက်ရှိရုံသာမက၊ (ဝမ်းဆွဲခြင်းကဲ့သို့သော) အရေးကြီးသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးပေးရာ ကြားခံနေရာတစ်ခုအဖြစ်ပါ တည်ရှိနေကြောင်း သတိပြုမိစေသည်။ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အမျိုးသား တစ်ဦးသည် ၎င်းအမည်ပေါက် မြေယာပေါ်တွင် စိုက်ပျိုးရေးလုပ်ရင်း သားသမီးများကို ပြုစုစောင့်ရှောက်နေသည့် ဇနီးဖြစ်သူထံသို့ ငွေကြေးလွှဲပြောင်းပေးပို့သည်။ ဇနီးဖြစ်သူက ထိုလွှဲပို့ငွေများကို စုဆောင်းထားပြီး သီးနှံ ပျက်စီးချိန်တွင် ရိက္ခာဝယ်ယူခြင်း၊ ဆေးဝါးကုသခြင်း၊ မုန်တိုင်း သို့မဟုတ် ရေကြီးမှုကြောင့် ပျက်စီးသွားသော အိမ်ကို ပြုပြင်ခြင်း သို့မဟုတ် နောက်ထပ် စိုက်ပျိုးရာသီအတွက် ပြင်ဆင်ခြင်း စသည်တို့တွင် အသုံးပြုသည်။ ထိုသို့ ပြင်ဆင်ရာ၌ မျိုးစေ့နှင့် မြေဩဇာ ဝယ်ယူခြင်း၊ လုပ်အားခ ငှားရမ်းခြင်း စသည့် ကုန်ကျစရိတ် အမျိုးမျိုးလည်း ပါဝင်သည်။

ယနေ့ခေတ်တွင်မူ ထိုသို့သော လုပ်ဆောင်ချက်များသည် ရွေ့လျားသွားလာမှု၊ ဂေဟစနစ်နှင့် လူမှုအသိုက် အဝန်း၏ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်မှုတို့နှင့် နက်ရှိုင်းစွာဆက်နွှယ်နေသည့် "မြေယာအခြေပြု ပြုစု စောင့်ရှောက်မှု" ပုံစံများပင် ဖြစ်ကြသည်။ မြေယာအသုံးပြုမှုသည် ငွေကြေးဝင်ငွေကို ဖန်တီးပေးနိုင်သည်မှာ မှန်သော်လည်း၊ ၎င်းကို ရောင်းဝယ်ဖောက်ကား၍ရသော ကုန်စည်တစ်ခုသက်သက်အဖြစ်သာ သတ်မှတ်မည် ဆိုပါက မြေယာနှင့် ဆက်စပ်နေသည့် နက်ရှိုင်းလှသော ယဉ်ကျေးမှုနှင့် လူမှုရေးတန်ဖိုးများကို လစ်လျူရှုရာ ရောက်ပါလိမ့်မည်။ အထူးသဖြင့် မြေယာကဏ္ဍတွင် အမျိုးသားများနှင့်မတူဘဲ ပုံစံမျိုးစုံဖြင့် ပါဝင်ပတ်သက် နေကြသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားကြည့်လျှင် ဤအချက်က ပိုမိုထင်ရှား လာသည်။ အမျိုးသမီးများ၏ ကဏ္ဍသည် နေ့စဉ်ရုန်းကန်ရှင်သန်ရေးနှင့် လူမှုအသိုက်အဝန်း၏ ဖြစ်တည်မှု အမှတ်အသားတို့တွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ မြေယာလက်လှမ်းမီမှုနှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် အလွန်တရာ ရှုပ်ထွေးနေပြီး၊ တစ်ခါတစ်ရံတွင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ မြို့ပြချဲ့ထွင်ရေးနှင့် အလွန်အကျွံ စီးပွားဖြစ် စိုက်ပျိုးရေးတို့ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ပျက်စီးမှုများသည် ထိုသို့သော နုနယ်လှသည့် ရှင်သန်ရပ်တည်ရေးစနစ်ကို ပိုမိုခြိမ်းခြောက်လာနေသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ ကျေးလက်နေ အမျိုးသမီးများ၏ စုပေါင်းဆွေးနွေးပွဲတစ်ခုမှ ထွက်ပေါ်လာသော အသံကို ယခုကဲ့သို့ ဖော်ပြထားပါသည်—

“သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာပြီး မုတ်သုံရာသီမမှန်တာမျိုးလို ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လာတယ်။ မြေဆီလွှာပြုန်းတီးတာ၊ မြေပြိုတာနဲ့ မြေဆီလွှာအပေါ်ယံလွှာတွေ ပျက်စီးကုန်တော့ မြေရှိနေရင်တောင် စိုက်ပျိုးလို့ မရတော့ဘူး။ မိုးခေါင်ပြီး ရေရှားပါးလာတဲ့အတွက် ရေတွင်းတွေ၊ ရေစုပ်စက်တွေကို အားကိုးသုံးစွဲလာရပြီး ဒါတွေက အကျိုးအမြတ်ကို နည်းပါးစေရုံတင်မကဘဲ စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးပါ ဆုံးရှုံးရတဲ့အထိ ဖြစ်စေတယ်။”3

Two Pa-O women working on the land, southwest Shan State

Photo credit TNI

ရှမ်းပြည်နယ်အနောက်တောင်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် ပအိုဝ်းအမျိုးသမီးနှစ်ဦး။

၃။ အကျပ်အတည်းကာလများအတွင်း ဓလေ့ထုံးတမ်းဆိုင်ရာ လူမှုအကာအကွယ်ပေးရေး ကွန်ရက်များ

မြန်မာနိုင်ငံရှိ ကျေးလက်လူထုသည် ဘာသာစကား၊ အသက်မွေးဝမ်းကျောင်းမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများအရ စုံလင်ကွဲပြားကြသည်။ မြေယာသည် လူထုအသိုက်အဝန်းတစ်ခုစီ၏ ဓလေ့ထုံးတမ်း စနစ်တွင် ဗဟိုချက်မဖြစ်ပြီး၊ လူသားများသာမက လူသားမဟုတ်သော သက်ရှိများအတွက်ပါ မြေယာ၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်များကို ပုံဖော်ပေးသည်။ ဥပမာအားဖြင့် အမျိုးသားများနှင့် အမျိုးသမီးများ၏ မြေယာအမွေဆက်ခံခွင့်သည် ဒေသဓလေ့ထုံးတမ်းအပေါ် မူတည်၍ တစ်နေရာနှင့် တစ်နေရာ ကွဲပြားခြားနားကြသည်။ Ethnic Community Development Forum (ECDF) ၏ အစီရင်ခံစာတစ်ခုတွင် အောက်ပါအတိုင်း ဖော်ပြထားသည်-

“ကချင်နှင့် ဇိုမီးရိုးရာဓလေ့များတွင် အမျိုးသားများက အဓိကစိုက်ပျိုးမြေများကို အမွေဆက်ခံခွင့် ရရှိကြပြီး၊ ကရင်လူမှုအသိုက်အဝန်းတွင်မူ အမျိုးသမီးများ၏ အမွေဆက်ခံခွင့်ကို ဦးစားပေး လေ့ရှိကြသည်။ တစ်ဖက်တွင်လည်း ရှမ်း၊ မွန်နှင့် ကယားကျေးရွာများရှိ မြေယာအမွေဆက်ခံမှု စနစ်များတွင်မူ ယေဘုယျအားဖြင့် ကျား/မ ဖြစ်တည်မှုအပေါ် အခြေခံ၍ မည်သည့်ဘက်ကိုမျှ သီးသန့်ဦးစားပေးခြင်းမျိုး မရှိကြချေ။”

ထိုသို့ အမွေဆက်ခံမှုပုံစံများ စုံလင်ကွဲပြားနေသော်လည်း၊ ဓလေ့ထုံးတမ်းစနစ်အများစုသည် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဥပဒေစနစ်များရှိ အားနည်းချက်များမှ ကာကွယ်ပေးနိုင်သည့် အရေးပါသော အကာအကွယ်အလွှာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံ၏ တရားဝင်ဥပဒေအောက်တွင် မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်မပြုခံရသူ သို့မဟုတ် လက်လှမ်းမမီနိုင်သူ အမျိုးသမီးများအတွက် ယင်းဓလေ့ထုံးတမ်းစနစ်များသည် မရှိမဖြစ်လိုအပ်သော လူမှုဖေးမကူညီမှုများကို ပံ့ပိုးပေးနိုင်သည်။ ဥပမာအားဖြင့်— မုဆိုးမတစ်ဦးသည် တရားဝင်ပိုင်ဆိုင်မှု စာရွက်စာတမ်းမရှိသော်လည်း၊ ၎င်း၏အမျိုးသား ဘက်မှ အမွေရရှိထားသော မြေယာပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသည်ဆိုပါစို့။ ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း၊ သူမ၏မြေယာသည် သိမ်းဆည်းခံရပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူထံ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ၂၀၁၅ အမျိုးသား မြေယာအသုံးချမှုမူဝါဒတွင် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုကာ အကာအကွယ်ပေးမည်ဟု ကတိပြုထားသော်လည်း၊ လက်တွေ့တွင်မူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေက ယင်းမူဝါဒကို ကျော်လွန်လွှမ်းမိုးသွားခဲ့သည်။ ထို့ကြောင့် တရားဝင်ဥပဒေအရဆိုလျှင် ထိုအမျိုးသမီးအတွက် အားကိုးအားထား ပြုစရာ နည်းလမ်းမရှိသလောက် ဖြစ်သွားရသည်။ သို့သော်လည်း ဒေသတွင်းရိုးရာဓလေ့ထုံးတမ်းတွင် မုဆိုးမများကို အသိအမှတ်ပြု ဖေးမကူညီတတ်သည့် အစဉ်အလာရှိနေပါက၊ သူမသည် မိမိ၏ ရပ်ရွာလူထု အသိုက်အဝန်းမှတစ်ဆင့် ဓလေ့ထုံးတမ်းမြေယာခွဲဝေမှုစနစ်အရ မြေယာကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိနိုင်ပါသေးသည်။ ၎င်းအပြင် အမျိုးသမီးများသည် ဤကဲ့သို့သော ဓလေ့ထုံးတမ်းစနစ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကဏ္ဍများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN) ၏ ဖော်ပြချက်အရ— 

“မြန်မာနိုင်ငံရှိ အမျိုးသမီး ပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (EHRDs) သည် အထူးသဖြင့် ကရင်၊ ချင်း၊ ကချင်နှင့် ရှမ်းကဲ့သို့သော ဌာနေတိုင်းရင်းသား လူမျိုးစုများကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရိုးရာအသိပညာများကို အဓိက ထိန်းသိမ်းစောင့်ရှောက်ပေးနေသူများ ဖြစ်သည်။ ၎င်းတို့သည် ဒေသတွင်း ပညာဗဟုသုတနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဂေဟစနစ်ဆိုင်ရာ ကျင့်သုံးမှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုများကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းနိုင်အောင် ကြိုးပမ်းပေးကြသည်။ ထို့ပြင် လူထုခေါင်းဆောင်များ၊ မိခင်များနှင့် ဆရာမများသည်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ သာယာဝပြောမှုအကြား ခွဲခြား၍မရအောင် ဒွန်တွဲနေသည့် ပင်ကိုယ်ဆက်နွှယ်မှုကို နားလည်သဘောပေါက်ကြသည်။”

သို့သော် အခြားတစ်ဖက်တွင်မူ ဓလေ့ထုံးတမ်းပိုင်ဆိုင်မှုစနစ်များသည် တစ်ခါတစ်ရံ ခေတ်နောက်ကျပြီး ဖိုဝါဒီအမြင်များ လွှမ်းမိုးလွန်းသည်ဟု ဝေဖန်ခံရလေ့ရှိသည်။ အချို့သော ဝေဖန်သူများက ဓလေ့ထုံးတမ်း မြေယာစနစ်များသည် အမျိုးသမီးများ၏ မြေယာလက်လှမ်းမီမှုကို ထိခိုက်စေသည်ဟု အငြင်းပွားကြ သော်လည်း၊ ၎င်းတို့သည် “မြေယာလက်လှမ်းမီမှု” ဆိုသည့် အဓိပ္ပာယ်ကို ငွေကြေးဝင်ငွေရရှိစေမည့် စီးပွားရေး ထုတ်လုပ်မှုအတွက် “တစ်ဦးချင်း မြေယာလက်လှမ်းမီမှု” အဖြစ်သာ ကျဉ်းမြောင်းစွာ ဘောင်ခတ်ရှုမြင် လေ့ရှိကြသည်။ ဒို့မြေကွန်ရက်အဖွဲ့က ရေးသားထားသကဲ့သို့ “ဓလေ့ထုံးတမ်း‌မြေစီမံမှုစနစ်များတွင် မြေနှင့် လူသားသည် ခွဲခြား၍မရပဲ အမြဲဒွန်တွဲလျက်ရှိပြီး မြေသည် ဌာနေတို့၏ အသက်သွေးကြောဖြစ်သည်။”  ထို့ကြောင့် မြေယာသည် တစ်ဦးတစ်ယောက်ချင်းစီက နယ်နိမိတ်သတ်မှတ်ပြီး ပိုင်ဆိုင်ရမည့် အရင်းအမြစ် တစ်ခုမျှသာ မဟုတ်ချေ။

အချို့သော ဓလေ့ထုံးတမ်းအလေ့အထများသည် အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့် သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်တတ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့်— အချို့သော ဓလေ့များက အထွတ်အမြတ် ထားရာ နေရာများသို့ သွားလာခွင့်ကို ကန့်သတ်ထားကြပြီး၊ အချို့ကမူ အမျိုးသားများကိုသာ အရေးပါသော အာဏာပိုင်နေရာများ ရယူခွင့်ပြုကြသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် အမျိုးသမီးများသည် မြေယာ သို့မဟုတ် အခြားသော အရင်းအမြစ်များကို အမွေဆက်ခံခွင့်မှ ပိတ်ပင်ခံရနိုင်သလို၊ အိမ်ထောင်ရေးနှင့် ဆက်စပ်သည့် ကန့်သတ်ချက်များ သို့မဟုတ် တာဝန်ဝတ္တရားများလည်း ရှိနေနိုင်ပါသည်။ သို့သော် ယင်းသို့ဖြစ်စေသည့် အခြေခံဖိုဝါဒစနစ်များသည် ကျေးလက်ဒေသ သို့မဟုတ် မြန်မာနိုင်ငံတစ်ခုတည်း အတွက်သာ သီးသန့်ဖြစ်နေသည်မဟုတ်ပါ။ ဤဖြစ်တည်မှုများသည် ဒေသနောက်ခံ အခြေအနေများနှင့် လူမှုအသိုက်အဝန်းများအပေါ် မူတည်၍ ကွဲပြားခြားနားကြရာ၊ အချို့သော ဝန်းကျင်တွင် ပိုမိုတင်းကျပ်ပြီး အချို့တွင်မူ ပိုမိုပျော့ပြောင်းတတ်ကြသည်။ ထို့အပြင် ဓလေ့ထုံးတမ်းအလေ့အထများသည် ပုံသေအသေ သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ၊ လူသားများ၊ နယ်နိမိတ်များနှင့် ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲလာ သည်နှင့်အမျှ အချိန်နှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း ရှိကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မြေယာမူဝါဒတွင်လည်း ဤကဲ့သို့သော ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမှုကို အောက်ပါအတိုင်း အတိအလင်း အသိအမှတ်ပြု ဖော်ပြထားသည်—

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ (သို့မဟုတ်) တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အမျိုးသမီးများ၏ အခွင့်အရေးများကို အားဖြည့်ပေးသည့်အခါနှင့် ရိုးရာအစဉ်အလာများနှင့် အငြင်းပွားဖွယ်ရာများ ရှိခဲ့သည့် အခါမျိုးတွင် အဖွဲ့ဝင်အားလုံးအနေဖြင့် "ကော်"4 စနစ်များအတွင်းတွင် ၎င်းကဲ့သို့သော ပြောင်းလဲမှုများအား လက်ခံလာနိုင်စေရန် ရှင်းလင်းစွာနှင့် တက်ကြွစွာ ကြိုးပမ်းရမည် ဖြစ်သည်။” (အပိုဒ် ၃.၃.၇)

တိုင်းရင်းသား အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် ဓလေ့ထုံးတမ်းစနစ်များတွင် လူမှုတရားမျှတမှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အတွင်းပိုင်းမှ ပြုပြင်ပြောင်းလဲနိုင်စွမ်း နှစ်ခုစလုံး ရှိနေကြောင်း အသိအမှတ်ပြုကြပြီး၊ လက်ရှိတွင် အမျိုးသမီးများနှင့် မြေယာအခွင့်အရေး နှစ်ရပ်လုံးကို ကာကွယ်ရန် တက်ကြွစွာ ဆောင်ရွက်နေကြသည်။ ကရင်၊ ကရင်နီနှင့် မွန်အဖွဲ့အစည်းများ၏ မူဘောင်များကဲ့သို့သော အချို့သော တိုင်းရင်းသားမြေယာမူဝါဒများသည် ယခုအခါ ဤဓလေ့ထုံးတမ်းစနစ်များကို တရားဝင်အသိအမှတ်ပြုမှု စနစ်အတွင်းသို့ ထည့်သွင်းပေါင်းစပ်ထားပြီး ဖြစ်သည်။ ဤတိုင်းရင်းသားမြေယာမူဝါဒများသည် ဓလေ့ထုံးတမ်း စနစ်များနှင့် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့်များကို အတိအလင်း ကာကွယ်ပေးသည့်အပြင်၊ ၎င်းစနစ် များ၏ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်နိုင်သည့် (သို့မဟုတ် ခြိမ်းခြောက်ခဲ့ဖူးသည့်) လုပ်ငန်းစဉ်များကိုပါ ထိန်းညှိပေးသည်။ ယင်းလုပ်ငန်းစဉ်များ၏ ဥပမာများမှာ အောက်ပါအတိုင်း ဖြစ်သည်—

  • မြေယာလက်ဝါးကြီးအုပ်မှုကို ကာကွယ်ခြင်းနှင့် ပိုင်ဆိုင်မှုပမာဏ ကန့်သတ်ခြင်း— မြေယာပိုင်ဆိုင်ခွင့် အနည်းဆုံးနှင့် အများဆုံး ပမာဏကို စနစ်တကျ သတ်မှတ်ခြင်းဖြင့် မြေယာလက်ဝါးကြီးအုပ်မှုကို တားဆီးကာကွယ်ခြင်း။ (မွန်ဒေသ မြေယာမူဝါဒ - အပိုဒ် ..၁၄ နှင့် ..၁၅)
  • အကြီးစား စိုက်ပျိုးရေးစနစ်များကို ကန့်သတ်ခြင်း— စီးပွားဖြစ် ဝင်ငွေရသီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်း နှင့် အကျိုးတူလယ်ယာစိုက်ပျိုးစနစ်များကို ကန့်သတ်ထိန်းချုပ်ခြင်း။ (မွန်ဒေသ မြေယာမူဝါဒ - အပိုဒ် .၁၂.၁၃ နှင့် .၁၂.၁၄)
  • လူထုဘုံပိုင်မြေများကို အကာအကွယ်ပေးခြင်း— ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ သို့မဟုတ် ရင်းနှီး မြှုပ်နှံမှုများအတွက် လူထုဘုံပိုင်မြေများကို အလွဲသုံးစားပြုလုပ်ခြင်း သို့မဟုတ် အသုံးချခြင်းအပေါ် ကန့်သတ်တားမြစ်ခြင်း။ (KNU မြေယာမူဝါဒ - အပိုဒ် ..)
  • မြေယာသိမ်းဆည်းမှုအတွက် တာဝန်ခံမှု သတ်မှတ်ခြင်း— မြေယာသိမ်းဆည်းခံရမှုများ ဖြစ်ပေါ်လာ ပါက သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ သို့မဟုတ် ကုမ္ပဏီများက ထိုက်တန်သော လျော်ကြေးပေးလျော်ရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းခြင်း။ (မွန်ဒေသ မြေယာမူဝါဒ - အပိုဒ် .၁၃.)

၄။ အနာဂတ်ကာလအတွက် စဥ်းစားချက်

ဤသုံးသပ်ချက်ဆောင်းပါးသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ မြေယာလက်လှမ်းမီ ပိုင်ဆိုင်ခွင့်သည် အဘယ်ကြောင့် စိန်ခေါ်မှုကြီးမားပြီး အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်နေရသနည်းဟူသည့် အဓိကအကြောင်းရင်း သုံးခုကို အကျဉ်းချုပ် တင်ပြခဲ့ပြီး ဖြစ်သည်။ ဆောင်းပါး၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလွယ်ကူလွန်းသည့် ဖြေရှင်းချက်များ ပေးရန်မဟုတ်ဘဲ၊ ဤရှုပ်ထွေးသော ပြဿနာရပ်ကို ချပြလျက် တစ်ခါတစ်ရံတွင် လျစ်လျူရှု သို့မဟုတ် ဘေးဖယ်ထားခြင်းခံရသည့် လက်တွေ့ဘဝများကို ပေါ်လွင်ထင်ရှား လာစေရန် ဖြစ်သည်။ ထို့ကြောင့် ဤဆောင်းပါးသည် ပြီးပြည့်စုံသော အဖြေများ ပေးနိုင်ရန်ထက် ပိုမိုနက်ရှိုင်းသော မေးခွန်းများကို ထွက်ပေါ်လာစေခဲ့သည်။ ခြုံငုံသုံးသပ်ရလျှင် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းရာတွင် အလေးထားရမည့် အဓိကရှုထောင့် သုံးခု ရှိပါသည်။

ပထမအချက်မှာ— မြေယာဥပဒေများနှင့် မူဝါဒများသည် ဘက်လိုက်မှုကင်းသော အရာများ မဟုတ်ကြချေ။ ၎င်းတို့ကို အာဏာတည်ဆောက်ပုံစနစ်၊ ခွဲခြားဆက်ဆံမှုများနှင့် ရပ်တည်ရှင်သန်မှုဆိုင်ရာ သမိုင်းကြောင်းများက ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြေယာမညီမျှမှုကို ဖြေရှင်းရန် ကြိုးပမ်းမှုမှန်သမျှသည် ဤတွန်းအားများကို မလွဲမသွေ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ KNU ၏ မြေယာမူဝါဒ (အပိုဒ် ၂.၁.၄) တွင် ကောင်းမွန်စွာ ဖော်ပြထားသကဲ့သို့ပင်— အဓိက မြေယာမူဝါဒအခြေခံမူတစ်ခုသည် များသောအားဖြင့် အတိတ်မှ "မမြင်သာသော" လူမှုရေးမတရားမှုများအား မြင်သာစေရန်နှင့် ထိရောက်စွာ ကုသနိုင်ရန် သမိုင်းအား အခြေခံရမည်ဖြစ်သည်။မွန်ဒေသ မြေယာမူဝါဒအတွင်းရှိ ပြဋ္ဌာန်းချက်တစ်ခု (အပိုဒ် ၃.၈.၅) ကလည်း ထိုကဲ့သို့သော အခြေခံမူကို မည်သို့လက်တွေ့ကျင့်သုံးနိုင်သည်ကို အောက်ပါအတိုင်း သရုပ်ဖော်နေပါသည်— ချန်လှပ်မြေများကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်၍ မြေပိုင်ဆိုင်မှုမရှိသေးသော ပြည်သူများကို စနစ်တကျပြန်လည်ခွဲဝေပေးရာတွင် အမျိုးသမီးများအားအထူး ဦးစားပေးရမည်။

မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ဥပဒေကြောင်းအရ အခြေခံမူများအပေါ်တွင်သာမက ကျေးလက်နေ လက်လုပ်လက်စားအမျိုးသမီးများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဓလေ့ထုံးတမ်းစနစ်များအောက်တွင် နေထိုင်သူများကဲ့သို့သော မကြာခဏ "မမြင်ကွယ်ရာ" ရောက်နေရသူများ၏ တကယ့်လက်တွေ့ ဘဝအတွေ့အကြုံများအပေါ်တွင်ပါ အခြေခံရမည် ဖြစ်သည်။ ယင်းသို့ အခြေခံခြင်းဆိုသည်မှာ ၎င်းတို့ရင်ဆိုင်ရနိုင်သည့် မည်သည့်အတားအဆီးကိုမဆို— အာဏာပိုင်အဖွဲ့အစည်းများ၏ စာရွက်စာတမ်း ကိစ္စရပ်များကဲ့သို့ အသေးအဖွဲဟု ထင်ရသော အခက်အခဲများကိုပင်— အလေးထားအသိအမှတ်ပြုပြီး တုံ့ပြန် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ ဥပဒေမူဘောင်များအတွင်း၌ သေချာပေါက် အကျုံးဝင်ချင်မှဝင်မည်ဖြစ်သော်လည်း၊ ဒေသခံရိုးရာဓလေ့များတွင် အမြစ်တွယ်နေသည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် စီမံအုပ်ချုပ်မှု ယန္တရားများကိုလည်း လေးစားအသိအမှတ်ပြုရမည် ဖြစ်သည်။ ဤကဲ့သို့ အောက်ခြေလူထုက ကိုယ်တိုင်ပုံဖော်ထားသည့် အစီအမံများသည်လည်း တရားဝင်သော မြေယာမူဝါဒ ပုံစံများပင် ဖြစ်ကြသည်။

ဒုတိယအချက်မှာ— ကျွန်ုပ်တို့အနေဖြင့် “အမျိုးသမီးများကို မြေယာလက်လှမ်းမီခွင့် မည်သို့ပေးမည်နည်း” ဆိုသည့် မေးခွန်းတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ရန် မလုံလောက်ဘဲ၊ အခြားသော ဆက်စပ် မေးခွန်းများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့်— ၎င်းမြေယာသည် မည်သို့သော မြေအမျိုးအစား ဖြစ်သနည်း။ မည်သည့် ရည်ရွယ်ချက်အတွက် အသုံးပြုမည်နည်း။ မည်သည့် အခြေအနေမျိုးအောက်တွင် ရှိနေသနည်း။ ထို့အပြင် မြေယာပိုင်ဆိုင်ခွင့်ကို အမှန်တကယ် လက်လှမ်းမီနိုင်ပြီး အနှစ်သာရရှိစေရန်အတွက် အခြားသော မည်သည့်အရာများကို ဖြည့်ဆည်းပေးရန် လိုအပ်သနည်း စသည်တို့ ဖြစ်သည်။ 

ဤရည်ရွယ်ချက်အရ “လက်လှမ်းမီနိုင်မှု” (Access) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ၎င်းသည် တစ်ဦးတစ်ယောက်၏ တရားဝင် “အခွင့်အရေး” (Rights) များအပေါ်တွင်သာ သက်ဆိုင်သည်မဟုတ်ဘဲ၊ အရင်းအမြစ်များ (ဤနေရာတွင် မြေယာ) မှတစ်ဆင့် အကျိုးကျေးဇူး ခံစားခွင့်ရနိုင်စွမ်း (Ability to benefit) နှင့် ယင်းစွမ်းဆောင်နိုင်စွမ်းအပေါ် လွှမ်းမိုးနေသည့် ပတ်ဝန်းကျင်ရှိ “အာဏာသက်ရောက်မှု ပုံစံများ” (Power dynamics) နှင့် ပိုမိုသက်ဆိုင်ပါသည်။5 ထို့ကြောင့် မြေယာအပေါ် တစ်ဦးတစ်ယောက်၏ “လက်လှမ်းမီနိုင်မှု” ကို တိုင်းတာခြင်းသည် စံနှုန်းသတ်မှတ်ချက်ဆိုင်ရာ ချဉ်းကပ်မှု (Normative endeavor) မဟုတ်ဘဲ၊ လက်တွေ့အခြေအနေပေါ် အခြေခံသည့် လေ့လာဆန်းစစ်မှု (Empirical endeavor) သာ ဖြစ်သည်။ ယင်းချဉ်းကပ်မှုအရ တရားဝင်ရရှိထားသော အခွင့်အရေးများသည် တကယ့်လက်တွေ့ဘဝတွင် လက်လှမ်းမီနိုင်မှုအဖြစ် သေချာပေါက် ပြောင်းလဲမသွားနိုင်သကဲ့သို့၊ မြေပြင်တွင် လက်တွေ့လက်လှမ်းမီ အသုံးချနိုင်ခြင်းသည်လည်း ဥပဒေအရ အတိအလင်း ပြဋ္ဌာန်းထားသည့် အခွင့်အရေးများမှ အမြဲတမ်း ဆင်းသက်လာခြင်းမျိုး မဟုတ်ကြောင်းကို အသိအမှတ်ပြုထားခြင်း ဖြစ်သည်။

၎င်းအပြင် မြေယာကို လက်လှမ်းမီနိုင်ခြင်းဆိုသည်မှာ တရားဝင်ပိုင်ဆိုင်ခွင့်တစ်ခုတည်းအပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ၊ ရပ်ရွာဘုံပိုင်အရင်းအမြစ်များမှတစ်ဆင့် အမျိုးသမီးများနှင့် အခြားသူများက မိမိတို့၏ လူမှုအသိုက်အဝန်းကို မည်သို့ဖေးမစောင့်ရှောက်နိုင်ကြသည်ဟူသော လက်တွေ့ပုံစံများက သရုပ်ဖော် နေပါသည်။ အဓိကအားဖြင့် ၎င်းသည်မြေယာကို မည်သို့လက်လှမ်းမီရယူမည်၊ မည်သို့အသုံးချမည်နှင့် မည်သို့ထိန်းသိမ်းစောင့်ရှောက်မည်ဟူသော ကိစ္စရပ်များအပါအဝင်— မိမိနှင့်မြေယာအကြား ဆက်စပ်မှုကို ကိုယ်တိုင်လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် (Autonomy) ရှိခြင်းနှင့် ပိုမိုသက်ဆိုင်ပါသည်။ ယင်းတွင် ရေအရင်းအမြစ်များ၊ သစ်တောများနှင့် မျိုးစေ့များကို အတူတကွ လက်လှမ်းမီသုံးစွဲခွင့်နှင့် စောင့်ရှောက်ရန် ပူးတွဲတာဝန်ယူမှုများ ပါဝင်နိုင်ပါသည်။ သို့သော် ဤမျှသာမကဘဲ အမျိုးသမီးများအပါအဝင် မတူကွဲပြားသော လူထုတစ်ရပ်လုံးက ကဏ္ဍစုံ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရရှိစေမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကိုပါ လွှမ်းခြုံရမည် ဖြစ်သည်။ အချို့သော တိုင်းရင်းသားမြေယာမူဝါဒများ (ဥပမာ- မွန်ဒေသ မြေယာမူဝါဒ) တွင် မြေယာစီမံခန့်ခွဲမှု ကော်မတီများ၌ အမျိုးသမီးများအတွက် ရာခိုင်နှုန်းခွဲတမ်း သတ်မှတ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ ပါဝင်ရာ၊ ယင်းတို့သည် ဘေးဖယ်ထားခြင်းခံရသော အမျိုးသမီးများအတွက် မြေယာနှင့် သဘာဝအရင်းအမြစ်များမှ ရရှိသည့် အကျိုးကျေးဇူးများကို မျှတစွာ ခံစားခွင့်ရရှိစေရန် အာမခံပေးသည့် အခြားသော ပြဋ္ဌာန်းချက်များနှင့်အတူ အရေးပါစွာ ဒွန်တွဲတည်ရှိနေပါသည်။

နောက်ဆုံးအချက်မှာ— တင်းကျပ်လှသော ကျား/မ အခန်းကဏ္ဍ စံနှုန်းများ နှင့် မြေယာပြဿနာများ၏ ရှုပ်ထွေးလှသည့် သဘောသဘာဝတို့ကြောင့် အမျိုးသမီးနှင့် မြေယာအကြောင်းကို ဆွေးနွေးရန် ခက်ခဲလှသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ယင်းသည် မဖြစ်နိုင်ဟု ဆိုလိုခြင်းမျိုး မဟုတ်ပါ။ အမျိုးသမီးများ ပါဝင်ပတ်သက်နေသည့် ပိုမိုကျယ်ပြန့်သော လူမှုဆက်ဆံရေးကွန်ရက်များ၊ မတူကွဲပြားသော လူမှုဖြစ်တည်မှု များနှင့် ချိတ်ဆက်စဉ်းစားကြည့်မည်ဆိုပါက ဆွေးနွေးချက်များသည် ပိုမိုနက်ရှိုင်းပြီး အဓိပ္ပာယ်ရှိလာနိုင်ပါသည်။ အမျိုးသမီးအများစုသည် မြေယာဆိုင်ရာ ကိစ္စရပ်များကို တစ်ကိုယ်တည်း ဖြတ်သန်းနေကြရခြင်းမဟုတ်ဘဲ မိမိတို့၏ ခင်ပွန်း၊ သားသမီး၊ ယောက္ခမဘက်မှ အမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများ စသည်ဖြင့် ပတ်ဝန်းကျင်နှင့် ဆက်နွယ်၍ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ ထို့အပြင် အချို့သော အမျိုးသမီးများတွင် မတူကွဲပြားသော လိင်စိတ်တိမ်းညွတ်မှုများ သို့မဟုတ် မြေယာကို လက်လှမ်းမီခြင်း၊ အသုံးချခြင်းနှင့် ဆုံးရှုံးရခြင်းတို့အပေါ် သက်ရောက်မှုရှိစေသည့် အခြားသော ဘဝအတွေ့အကြုံမျိုးစုံကိုလည်း ရင်ဆိုင် နေကြရသည်။ အဆုံးစွန်၌မူ အမျိုးသမီးတစ်ဦး၏ အမျိုးသမီးဖြစ်တည်မှု (Womanhood) ဆိုသည်မှာ သူမ၏ လူသားဖြစ်တည်မှု (Humanity) တစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။

ထို့ကြောင့် မြေယာမူဝါဒများကို ချမှတ်ရာတွင် “အမျိုးသမီးများ” သို့မဟုတ် “အမျိုးသားများ” (သို့မဟုတ် အခြားသော မည်သည့် ကျား/မ ဖြစ်တည်မှုကိုမဆို) တစ်သမတ်တည်း တူညီနေသည့် အစုအဖွဲ့တစ်ခု အဖြစ် မရှုမြင်သင့်ပါ။ ၎င်းမူဝါဒများသည် လူသားများ ရှင်သန်နေထိုင်ကြသည့် မတူကွဲပြားပြီး အပြန်အလှန် ဆက်နွှယ်နေသော လက်တွေ့ဘဝပုံစံများကို ရောင်ပြန်ဟပ်နေရမည်ဖြစ်ပြီး၊ ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းလည်း ရှိရမည် ဖြစ်သည်။ ဤသို့ ပြောင်းလဲနိုင်စွမ်းရှိမှုသည် လူမှုအသိုက်အဝန်းတစ်ခုနှင့်တစ်ခုအပေါ် မူတည်၍ ပုံစံချင်း ကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့်— လင်မယား ကြား (သို့မဟုတ်) မိသားစုကြား မြေယာပူးတွဲလုပ်ပိုင်ခွင့်ကို အားပေးကူညီခြင်း၊ အမျိုးသမီးများ၏ မရှိမဖြစ်လိုအပ်သော အိမ်တွင်းစောင့်ရှောက်မှုလုပ်အားကို အသိအမှတ်ပြုခြင်း၊ ရိုးရာပုံစံမဟုတ်သော အိမ်ထောင်စုပုံစံများကို လက်ခံခြင်းနှင့် နေရပ်ရွှေ့ပြောင်း သွားလာနေထိုင်သူများအတွက်ပါ လိုက်လျောညီထွေ စီမံပေးခြင်း စသည့် ပုံစံမျိုးစုံ ပါဝင်နိုင်ပါသည်။

ဤသုံးသပ်ချက်များသည် လုံးဝဆန်းသစ်နေသည့် အတွေးအခေါ်သစ်များ မဟုတ်ကြသလို၊ ပြီးပြည့်စုံသော အပြီးသတ်အဖြေများအဖြစ်လည်း အကြွင်းမဲ့ အခိုင်အမာ မဆိုလိုပါ။ သို့သော် ၎င်းတို့က ပထမဆုံးခြေလှမ်းအနေဖြင့် လက်ရှိအခြေအနေ၏ ရှုပ်ထွေးနက်နဲမှုများကို အလေးအနက် ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း ညွှန်ပြနေပါသည်။ ထိုကဲ့သို့သော ရှုပ်ထွေးမှုများကို စနစ်တကျ နားလည်သဘောပေါက် ရင်ဆိုင်နိုင်မှသာလျှင် အမှန်တကယ် တရားမျှတပြီး အားလုံးပါဝင်နိုင်သော (Just and inclusive) မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်များဆီသို့ ဦးတည်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။