Community Survey
We’d value your input
Help inform how TNI moves forward in a changing landscape. Our short survey takes about 10 minutes.
ပဋိပက္ခများနှင့် စစ်အုပ်ချုပ်ရေး အလွဲများကြားတွင် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့်အတူ အဆိုးဝါးဆုံး သက်ရောက်မှုတစ်ခုမှာ ‘မြေသိမ်းခံရခြင်း’ ပင် ဖြစ်ပါသည်။ ပြင်ပအကျိုးစီးပွား အုပ်စုများသည် သဘာဝသယံဇာတများကို အရယူရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည့် ခေါင်းပုံဖြတ် လုပ်ငန်းများကို တည်ထောင်ရန် အလုအယက် ရောက်ရှိလာကြသည်။
ယခုဝေဖန်သုံးသပ်ချက်တွင် (Lahkyen Roi) ရှင်းပြထားသကဲ့သို့ ကချင်ပြည်နယ်သည် ကျောက်စိမ်း၊ မြေရှားသတ္တု၊ ရွှေနှင့် သစ်တောများကဲ့သို့ အကျိုးအမြတ်များသော သယံဇာတများ ကြွယ်ဝသည့်အပြင် စိုက်ပျိုးရေးတွင်လည်း အလားအလာကောင်းများစွာ ရှိနေပါသည်။ သို့သော် သတ္တုတူးဖော်ရေးနှင့် အကြီးစားစိုက်ပျိုးစီးပွားရေးလုပ်ငန်းများသည် မြေယာများကို သိမ်းယူရုံသာမက ဆင်းရဲမွဲတေမှုနှင့် အခက်အခဲများကို ပိုမိုဆိုးရွားစေသည့် လုပ်ငန်းခွင်အလေ့အထများကိုလည်း ကျင့်သုံးနေကြသည်။
သူမ သတိပေးထားသကဲ့သို့ပင် မြေယာမရှိဘဲ ကချင်လူမျိုးများနှင့် အခြားသော တိုင်းရင်းသားများ၏ ရှင်သန်ရပ်တည်ပိုင်ခွင့်မှာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး ၎င်းသည် ပြည်တွင်းစစ် သံသရာကို ပိုမို အရှိန်မြှင့်တင်ပေးနေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် မြေယာပြုပြင်ပြောင်းလဲရေးကို ယခုပင် စတင်လုပ်ဆောင်ရန် အလွန်ပင် အရေးကြီးလှပါသည်။
Photo credit: private source
ကချင်ပြည်နယ်၏ ကြွယ်ဝလှသော သယံဇာတများသည် ကချင်လူမျိုးများ မိမိတို့နယ်မြေကို ကိုယ်တိုင် စီမံပိုင်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအတွက် ကြိုးပမ်းနေသည့် နိုင်ငံရေးတိုက်ပွဲများတွင် ကာလရှည်ကြာ အချက်အချာဖြစ်ခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ်တွင် ကေအိုင်အို နှင့် ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အရှိန်အဟုန်ပြင်းစွာ ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့သည်။ ဗဟိုစစ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို အခိုင်အမာ ပြသသည့်အနေဖြင့် ကချင်ပြည်နယ်ရှိ မြေဧက ၅.၂ သန်းကျော်ကို ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ရှိသော "မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ" အဖြစ် ကြေညာခဲ့သည်။3 စစ်ပွဲရပ်စဲပြီးနောက်ပိုင်း ဗဟိုအစိုးရသည် အပစ်ရပ်နယ်မြေများကို စစ်ရေးအရရော စီးပွားရေးအရပါ စနစ်တကျ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ထိန်းချုပ်နိုင်ရန်အတွက် အပစ်ရပ်ဇုန်များအတွင်း မြေယာလုပ်ပိုင်ခွင့်များကို ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား ချထားပေးခဲ့သည်။ ဤကဲ့သို့ မြေယာနှင့် လူဦးရေကို စီးပွားရေးစီမံကိန်းများဖြင့် စီမံအုပ်ချုပ်သည့်စနစ်ကို “အပစ်ရပ်အရင်းရှင်စနစ်” (Ceasefire Capitalism) ဟု ခေါ်ဆိုပါသည်။
အစိုးရသည် ကိုလိုနီခေတ်အမွေတစ်ခုဖြစ်သည့် “မြေရိုင်းများဆိုင်ရာ ညွှန်ကြားချက်” (Wasteland Instruction) ကို ပြန်လည်အသက်သွင်းကာ ကချင်ပြည်နယ်ကို စီးပွားရေးလုပ်ရန် အသင့်ရှိသော နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ဤနည်းဖြင့် ပိုင်ဆိုင်မှုအထောက်အထား မရှိသော မြေများကို “မြေရိုင်း” ဟု အမည်တပ်ကာ နိုင်ငံတော်က သိမ်းယူခဲ့သည်။ ထို့နောက် အဆိုပါမြေများကို ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား တရားဝင် ပြန်လည်ခွဲဝေပေးခဲ့သည်။ ကနဦး ခွင့်ပြုမိန့်သက်တမ်းကို နှစ် ၃၀ သတ်မှတ်ခဲ့ပြီး တစ်ကြိမ်လျှင် ၁၀ နှစ်စီဖြင့် စုစုပေါင်း နှစ် ၅၀ အထိ သက်တမ်းတိုးနိုင်ရန် စီမံခဲ့ရာ၊ ၎င်းသည် အကြီးစား စိုက်ပျိုးရေးခြံကြီးများ၊ သစ်ထုတ်လုပ်ငန်းများနှင့် သတ္တုတွင်း စီမံကိန်းများ အတွက် လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်။
ကေအိုင်အို နှင့် မြန်မာစစ်တပ်တို့အကြား ဆယ်စုနှစ် သုံးခုကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများအပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလာသောအခါ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဆမတန် များပြားလာခဲ့သည်။ ဤသဘောတူညီချက် မတိုင်မီက ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်မှု အားလုံးကို ကေအိုင်အို ကသာ အပြည့်အဝ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျောက်စိမ်းတူးဖော်ရာတွင် ယခုခေတ်ကဲ့သို့ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမှု မရှိသေးသလို၊ ခေတ်မီစက်ယန္တရားကြီးများအစား အခြေခံနည်းပညာများကိုသာ အသုံးပြုပြီး အတိုင်းအတာတစ်ခု အထိသာ လုပ်ကိုင်ခဲ့ကြသည်။ ထိုကာလအတွင်း ကေအိုင်အို သည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေတွင် အစိုးရတစ်ခုကဲ့သို့ လုပ်ဆောင်ခဲ့ပြီး ကျောက်စိမ်းတူးဖော်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့မှ အခွန်ကောက်ခံကာ ၎င်းတို့၏ စစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားအတွက် အသုံးပြုခဲ့သည်။ ထို့ပြင် တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်များတွင် ကျောက်စိမ်းကို လက်နက်နှင့် အခြားလိုအပ်သော ပစ္စည်းကိရိယာများဖြင့် အလဲအလှယ်လုပ်ကာ ရယူခဲ့ကြသည်။4
သို့သော် ထိုစဉ်က ဤသို့လုပ်ဆောင်ခြင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲဆိုသည်ကို သိပ်ပြီး မှန်းဆနိုင်ခဲ့ကြမည်မဟုတ်ပါ။ အမှန်တကယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၏ ကျောက်စိမ်းတူးဖော်မှု အခြေအနေကို အလျင်အမြန် ပြောင်းလဲပစ်ခဲ့သည်။ ၁၉၉၄ ခုနှစ်မှ စတင်ကာ ကျောက်စိမ်းတူးဖော်ရန်အတွက် စစ်အစိုးရ (နဝတ) ထံမှ တရားဝင် လိုင်စင်များ ရယူရန် လိုအပ်လာသည်။ ထိုလိုင်စင်များကို စစ်အစိုးရက အခြားပြည်နယ်နှင့် တိုင်းများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းတို့ဘက်ပါလာစေရန် သိမ်းသွင်းသည့် နိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးချခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်များသည် ကျောက်စိမ်းတွင်း နယ်မြေများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ၂၀၁၅ ခုနှစ် စာရင်းများအရ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ပေါင်း ၆၂၄ ကွက်ကို ကုမ္ပဏီအမည်ပေါင်း ၆၄ မျိုးဖြင့် လည်ပတ်နေသည့် အပစ်ရပ်အဖွဲ့ ၃၉ ဖွဲ့နှင့် ပြည်သူ့စစ် အဖွဲ့အစည်းများထံ ခွဲဝေချထားပေးခဲ့သည်။
ထိုနှစ်များအတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မြေယာသိမ်းပိုက်မှုလှိုင်းကို ကမ္ဘာလုံးဆိုင်ရာ အခြေအနေများကလည်း ပိုမိုတွန်းအားပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသည့် လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ရာသီဥတုပြောင်းလဲမှု၊ ဘဏ္ဍာရေးနှင့် ကမ္ဘာ့အုပ်ချုပ်ရေးဆိုင်ရာ အကျပ်အတည်းများကြောင့် မြေယာလိုအပ်ချက်များ မြင့်တက်လာခဲ့သည်။ အထူးသဖြင့် ကြက်ဆူ၊ ရာဘာနှင့် ပြောင်းကဲ့သို့သော လိုအပ်သလို အသုံးချနိုင်သည့် "ဘက်စုံသုံးသီးနှံများ" (flex crops) အပေါ် ကမ္ဘာ့အာရုံစိုက်မှု မြင့်တက် လာခြင်းကလည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။5 အထင်ရှားဆုံး ဥပမာမှာ ၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီအား ဇီဝလောင်စာထုတ်လုပ်ရန် (ပလောပီနံ စိုက်ပျိုးရေးအတွက်) ဧက ၂ သိန်းကျော်ကို ကချင်ပြည်နယ်တွင် မြေယာလုပ်ပိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ စားနပ်ရိက္ခာနှင့် လောင်စာဆီ အကျပ်အတည်းကို ဖြေရှင်းရန်နှင့် "နိုင်ငံတွင်း ဖူလုံမှု" မြှင့်တင်ရန်အတွက်ဟု ဆိုကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားဥပမာတစ်ခုမှာ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဆူပင်များ စိုက်ပျိုးရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရေရှည်လောင်စာဆီ ဖူလုံရေးအတွက် တစ်နိုင်ငံလုံးတွင် ကြက်ဆူ ဧက ၇.၉ သန်း စိုက်ပျိုးရန် သတ်မှတ်ခဲ့ရာ ကချင်ပြည်နယ် တစ်ခုတည်း အတွက်ပင် ဧက ၅ သိန်းနီးပါး စိုက်ပျိုးရန် ခွဲတမ်းချမှတ်ခံခဲ့ရသည်။
ဤကဲ့သို့သော မြေယာသိမ်းပိုက်မှုလှိုင်းများသည် ဒေသခံပြည်သူများအတွက် တိုးတက်မှု သို့မဟုတ် လူမှုစီးပွား အကျိုးအမြတ်များဖြင့် အဆုံးသတ်လေ့မရှိပါ။ အမြတ်အစွန်းကိုသာ ဦးတည်သည့် မြေယာသိမ်းပိုက်မှုလှိုင်းများသည် များသောအားဖြင့် အယောင်ပြထားသော ရည်မှန်းချက်များ မအောင်မြင်ခြင်းနှင့် မပြည့်မီသော ကျရှုံးမြေယာစီမံကိန်းများဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာဘာနှင့် ကြက်ဆူပင် စီမံကိန်းများမှာလည်း ထိုကဲ့သို့ပင် အလုပ်မဖြစ်ခဲ့ပါ။
စိုက်ပျိုးရေးအတွက် မြေယာလုပ်ပိုင်ခွင့် လျှောက်ထားခြင်းမှာ အမြတ်အစွန်းများလှသော သစ်ထုတ်လုပ်ငန်း ကို လုပ်ကိုင်ရန် အယောင်ပြခြင်းသာ ဖြစ်လေ့ရှိသည်။ အမှန်တကယ်တွင် တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးမြေယာ လုပ်ပိုင်ခွင့်များ၏ လေးပုံသုံးပုံခန့်မှာ သစ်ထုတ်ယူပြီးနောက်တွင် ကုမ္ပဏီများက စွန့်ပစ်သွားခဲ့သော မြေများဖြစ်လာသည်။ ပို၍ဆိုးသည်မှာ မြေယာစီမံကိန်းတစ်ခု ကျရှုံးသည့်တိုင်အောင် ထိုမြေများသည် မူလပိုင်ရှင် ဒေသခံပြည်သူများထံ ပြန်လည်ရောက်ရှိမလာတော့ခြင်း ဖြစ်သည်။ ယင်းအစား ထိခိုက်နစ်နာ ရသော လူမှုအသိုက်အဝန်းများသည် မြေယာမဲ့များ ဖြစ်သွားရုံသာမက ဆိုးဝါးလှသော နောက်ဆက်တွဲ ပြဿနာများကိုပါ ဆက်လက်ရင်ဆိုင်နေကြရသည်။6
၂၀၁၁ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံသည့် မြန်မာစစ်တပ်၏ နိုင်ငံရေး လမ်းပြ မြေပုံမှာ အဆင့်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။ တပ်မတော်သည် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ထိန်းချုပ်မှုအားလုံးကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ကန့်သတ်ချက်များ ရှိသော ရွေးကောက်ပွဲများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြောင်းလဲမှုအချို့ကို ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာခဲ့ပြီးနောက်၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့သည်။
သို့သော်လည်း ကျေးလက်ရှိ လက်လုပ်လက်စား ပြည်သူအများစုအတွက်မူ အဆိုပါ အစိုးရနှစ်ရပ် (ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ) အကြား ထူးခြားသော ကွာခြားမှု မရှိခဲ့ပေ။ အစိုးရနှစ်ရပ်စလုံးသည် ကမ္ဘာ့ဘဏ် (World Bank)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့က ထောက်ခံအားပေးသည့် နီယိုလစ်ဘရယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် အကောင်အထည် ဖော်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကို "အရှေ့တောင်အာရှ၏ နောက်ဆုံး နယ်မြေသစ်" (The final frontier)၊ "အာရှ၏ ပျောက်ဆုံးနေသော ဆက်ကြောင်း" (Asia’s missing link) နှင့် အသုံးမချရသေးသော သဘာဝသယံဇာတများစွာ ရှိနေသည့်အပြင် လူဦးရေ သန်း ၆၀ နီးပါးရှိသော စားသုံးသူဈေးကွက်ကြီးရှိသည့် "ကြီးမားသော အခွင့်အလမ်းသစ်နယ်မြေ" (A vast greenfield opportunity) ဟူ၍ ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ခဲ့ကြသည်။
ဤကဲ့သို့ အစိုးရအပြောင်းအလဲနှင့်အတူ မြေယာသိမ်းပိုက်မှုလှိုင်းသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကျေးလက်လုပ်သားထု၏ မြေယာများ ဆုံးရှုံးရမှုကို အစိုးရ၏ "စီးပွားရေး" နှင့် "နိုင်ငံရေး" ပြုပြင်ပြောင်းလဲမှုများဟူသော စကားလုံးလှလှလေးများဖြင့် ဖုံးကွယ်ကာ ပုံမှန်ဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ လက်တွေ့တွင်မူ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်က စစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့သည့်အတွက် ကေအိုင်အို နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် အစောပိုင်းကာလအထိ ကချင်ပြည်နယ်အတွင်းရှိ မြေဧက ၉ သိန်းနီးပါးကို စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများထံ လုပ်ပိုင်ခွင့် ချထားပေးခဲ့ပြီးဖြစ်သည်။7 ထို့ပြင် ဧက ၁.၆ သန်းကျော်ကိုလည်း ကြိုးဝိုင်းတော သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများအဖြစ် သတ်မှတ်လိုက်သည်။8
တစ်ဖက်တွင်လည်း ကချင်ပြည်နယ်၏ မြေယာသိမ်းပိုက်မှုလှိုင်းသည် တပ်မတော်၊ ကေအိုင်အို၊ ပြည်သူ့ စစ်အဖွဲ့များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပါဝင်ပတ်သက်နေသည့် သယံဇာတတူးဖော် ထုတ်ယူမှု လှိုင်းကိုပါ ဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဤဒေသသည် ကမ္ဘာ့ကျောက်စိမ်း ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည်ဟု ခန့်မှန်းရပြီး ၂၀၁၄ ခုနှစ်တွင် နှစ်စဉ်ရရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၀.၉ ဘီလီယံအထိ မြင့်မားခဲ့သည်။ ဤပမာဏသည် ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၄၇ ရာခိုင်နှုန်းနှင့် ညီမျှပြီး ယင်းနှစ်တွင် အစိုးရက ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် တရားဝင်အသုံးပြုခဲ့သည့် အသုံးစရိတ်ထက် အဆပေါင်း တစ်ရာခန့် ပိုမိုများပြားနေပါသည်။9
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း၌မူ မြေရှားသတ္တုများ ကို အဓိကထားသည့် အခြားသော သယံဇာတ ထုတ်ယူမှုလှိုင်းတစ်ခုမှာလည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံအတွင်း ယင်းသတ္တုတွင်းလုပ်ငန်းများကို အစောဆုံး စတင်လုပ်ကိုင်ခဲ့သည့် ဒေသလည်း ဖြစ်သည်။ ဤအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များလည်း ရှိလာသည်။ ၂၀၁၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ မြေရှားသတ္တုများ အဓိကတင်ပို့ပေးနေသည့် နိုင်ငံဖြစ်လာခဲ့သည်။ အထူးသဖြင့် အဆင့်မြင့်နည်းပညာပစ္စည်းကိရိယာများတွင် အသုံးပြုရသည့် အရေးကြီးဒြပ်စင်နှစ်ခုဖြစ်သော ဒစ်ပရိုစီယမ် (dysprosium) နှင့် တယ်ဘီယမ် (terbium) တို့၏ ကမ္ဘာ့ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ၎င်းတို့နိုင်ငံအတွင်းရှိ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းအမျိုးအစားအချို့ကို လျှော့ချလိုက်ပြီးနောက်တွင်မှ ဤအခြေအနေ စတင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး သို့မဟုတ် ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများကို ကျင့်သုံးခြင်း မရှိပေ။
ရွှေတူးဖော်မှုမှာလည်း ပိုမိုများပြားလာခဲ့သည်။ ထိုလုပ်ငန်းများတွင် တစ်နိုင်တစ်ပိုင် မိသားစုလိုက် လုပ်ကိုင်ကြသည့် လက်လုပ်လက်စား လုပ်ကွက်ငယ်များမှသည် ခေတ်မီစက်ယန္တရားကြီးများနှင့် ရွှေ့ပြောင်းလုပ်သားများကို အသုံးပြုသည့် အလတ်စားနှင့် အကြီးစား လုပ်ကွက်များအထိ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအမျိုးမျိုး ပါဝင်ပတ်သက်နေကြသည်။ သို့သော် ဤသည်မှာ နောက်ခံအခြေအနေ အကျဉ်းချုပ်သာ ရှိသေးသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက - SAC) က အာဏာသိမ်းယူပြီး နောက်ပိုင်း ကချင်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် ရွှေတူးဖော်မှု နည်းလမ်းများမှာ ပြည်နယ်၏ နေရာအနှံ့အပြားတွင် အမြစ်တွယ်လာခဲ့ပြီး မြေယာ၊ မြစ်ချောင်းများနှင့် ဂေဟစနစ်တစ်ခုလုံးကို အဆိပ်အတောက် ဖြစ်စေခဲ့သည်။ ပဋိပက္ခများ၊ သစ်တောပြုန်းတီးမှုများ၊ မြေယာသိမ်းပိုက်မှုများနှင့် သဘာဝသယံဇာတအလွန်အကျွံထုတ်ယူမှု လုပ်ငန်းများကြားတွင် ညှပ်နေသော ကျေးလက်လူမှု အသိုက်အဝန်းများနှင့် လက်လုပ်လက်စား အိမ်ထောင်စုများမှာ ဆယ်စုနှစ် သုံးခုကြာ ဖြစ်ပွားခဲ့သော ဤမြေယာသိမ်းပိုက်မှုလှိုင်းအတွင်း မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်နေကြရ သနည်း?
ကချင်ပြည်နယ်တွင် မြေယာသိမ်းပိုက်မှုလှိုင်းများ မပေါ်ပေါက်မီကာလက ဒေသခံတို့၏ လူမှုစီးပွားဘဝသည် ဖူလုံမှုအထိုက်အလျောက်ရှိသော အခြေအနေတစ်ခု ဖြစ်ခဲ့သည်။ ကချင်ပြည်နယ်ရှိ တောင်သူအများစုသည် မိသားစုစားသုံးရန်အတွက် မြေကွက်ငယ်များတွင် စိုက်ပျိုးကြပြီး ပိုလျှံသည်များကို ဒေသတွင်း ဈေးကွက်များတွင် ရောင်းချကြသည်။ စိုက်ပျိုးရေး အလုပ်များသော ရာသီများတွင် မိသားစုလုပ်အားအပြင် ပြင်ပလုပ်အားများကိုပါ ငှားရမ်း အသုံးပြုလေ့ရှိသည်။ ထို့ပြင် အမဲလိုက်ခြင်း၊ တောထွက်ပစ္စည်းများ ရှာဖွေခြင်း၊ မွေးမြူရေးလုပ်ခြင်းနှင့် တစ်နိုင်တစ်ပိုင် သတ္တုတူးဖော်ခြင်းတို့ဖြင့်လည်း ၎င်းတို့၏ လူမှုဘဝကို ဖြည့်ဆည်းခဲ့ကြသည်။ သို့သော် မြေယာသိမ်းပိုက်မှုများ စတင်လာချိန်မှစ၍ ထိုမျှတမှုမှာ ပျက်စီးသွားခဲ့ပြီး မိသားစုများမှာ "လူမှုဘဝရပ်တည်နိုင်မှု အကျပ်အတည်း" (Social reproduction squeeze) အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ကျရောက်သွားခဲ့ရသည်။
ယခုအခါ နေ့စဉ်ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရမှုမှာ ကဏ္ဍတိုင်းတွင် ခက်ခဲလာနေသည်။ ပထမဦးစွာ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပိုမိုခက်ခဲလာခဲ့သည်။ ဥပမာအားဖြင့် လတ်တလော ပြုလုပ်ခဲ့သော အိမ်ထောင်စု စစ်တမ်းတစ်ခုအရ မိသားစုဝင်ငွေအများစုကို စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့အတွက်သာ အဓိက သုံးစွဲနေရကြောင်း တွေ့ရသည်။ ဤအသုံးစရိတ်များသည် ကျေးလက်နေအိမ်ထောင်စုများ ဆက်လက်ရှင်သန်နိုင်ရေးနှင့် နေ့စဉ်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်ကြသည်။10
တစ်ချိန်တည်းမှာပင် တောင်သူများသည် လုပ်အားခစရိတ် မြင့်တက်လာခြင်းကြောင့် မိမိတို့ပိုင်ဆိုင်သည့် မြေပေါ်တွင်ပင် ဆက်လက်ရပ်တည်ရန် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ သာမန်တောင်သူငယ် များသည် ပိုမိုမြင့်မားသော လုပ်အားခနှင့် အချိန်ပိုဆင်းနိုင်သည့် အခွင့်အလမ်းများ ပေးနိုင်သော ငွေအရင်းအနှီးကြီးမားသည့် လုပ်ငန်းစုများ (စီးပွားဖြစ်စိုက်ကွင်းကြီးများ၊ သတ္တုတွင်းလုပ်ငန်းများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ) နှင့် လုပ်သားရရှိရေးတွင် မယှဉ်ပြိုင်နိုင်တော့ပေ။ ဤသို့ လုပ်သားရရှိရေး အားပြိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နိုင်မှုပုံစံမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ယခုအခါ အိမ်ထောင်စု တစ်ခု၏ စုစုပေါင်းစိုက်ပျိုးစရိတ်၏ ထက်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) မှာ လုပ်အားခစရိတ် ဖြစ်နေသည်။
အစိုးရ၏ ပံ့ပိုးကူညီမှု ကင်းမဲ့ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်။ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်းကျော်တွင် တရားဝင်မြေယာပိုင်ဆိုင်မှု အထောက်အထား (ဂရန်) မရှိကြသဖြင့် အတိုးနှုန်း သက်သာသော အစိုးရဘဏ်ချေးငွေများနှင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ကြေးများကို ရယူနိုင်ခွင့် ဆုံးရှုံးနေကြသည်။ (လက်တွေ့တွင်လည်း ထိုသို့သော ထောက်ပံ့မှုမျိုးမှာ ရရှိရန် အလွန်ခဲယဉ်းလှပါသည်။) ဤကဲ့သို့ ငွေအရင်းအနှီး ဝန်ထုပ်ဝန်ပိုး ကြီးမားလွန်းလှသဖြင့် ယခုအခါ မြေ ၃ ဧကထက်ပို၍ စိုက်ပျိုးနိုင်သူများကိုပင် အိမ်နီးချင်းများထက် "အခြေအနေ အသင့်အတင့် ပိုကောင်းသူ" အဖြစ် သတ်မှတ် နေကြရသည်။ အိမ်ထောင်စု အနည်းငယ်သာ မြေယာများ ထပ်တိုးချဲ့လာနိုင်သည့် အခြေအနေရှိပြီး စိုက်ပျိုးရေးကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်သည်။ အများစုမှာမူ စိုက်ပျိုးရေးလုပ်ငန်းကို အလျဉ်မီအောင် ဆက်လက်လုပ်ကိုင် နိုင်ရန်ပင် ရုန်းကန်နေကြရသည်။
ယခုကြုံတွေ့နေရသော အကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် မိသားစုများသည် ရပ်တည်ရေး နည်းလမ်းမျိုးစုံကို အသုံးပြုနေကြရသည်။ အဓိက ဦးတည်ချက်မှာ လက်ငင်းငွေကြေးရရှိရေးသို့ လုံးဝပြောင်းလဲသွားခဲ့ရာ အိမ်ထောင်စုများသည် ၎င်းတို့၏ ကိုယ်ပိုင်လယ်ယာလုပ်ငန်းများအပြင် အသက်ဆက်နိုင်ရန်အတွက် အခြားနေရာများတွင် နေ့စားအလုပ်များကို ရှာဖွေလုပ်ကိုင်လာကြသည်။ မိသားစုစားဝတ်နေရေးအတွက် ငွေကြေးလိုအပ်ချက် မြင့်မားလာခြင်းက အဓိကတွန်းအားဖြစ်လာပြီး မိသားစုဝင်များကို ရွှေ့ပြောင်းလုပ်သားများအဖြစ် သော်လည်းကောင်း၊ အန္တရာယ်ရှိသော အလုပ်ခွင်များတွင် သော်လည်းကောင်း သွားရောက်လုပ်ကိုင်စေသည့် အခြေအနေသို့ ရောက်ရှိလာစေသည်။ သို့သော်လည်း ကျေးလက်လုပ်သားများအတွက် မြို့ပြဒေသများသည် အဆင်ပြေသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ မြို့ပေါ်ရှိ လစာကောင်းသော အလုပ်အကိုင်များကို ရရှိရန် ခဲယဉ်းသလို မြို့ပြ၏ နေ့စဉ်နေထိုင်စရိတ် မြင့်မားမှုကြောင့် အိမ်သို့ပြန်ပို့ရန် ငွေပိုငွေလျှံ အနည်းငယ်မျှသာ ကျန်ရှိတော့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ကချင်ပြည်နယ်တွင် သိသာထင်ရှားသော ပုံစံတစ်ခုမှာ "ကျေးလက်မှ ကျေးလက်သို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း" ပင်ဖြစ်သည်။ မြို့ပြဒေသများနှင့် မတူသည်မှာ ကျေးလက်ဒေသများရှိ ရာသီအလိုက် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများနှင့် သတ္တုတွင်းကဏ္ဍများတွင် လုပ်သားအင်အား အမြဲမပြတ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
Photo credit: private source
ကချင်ပြည်နယ်တွင် ပိုမိုနက်ရှိုင်းလာသည့် မမျှတသော အပြန်အလှန်မှီခိုမှုများသည် မိသားစုများစွာကို ရုန်းထွက်ရန်ခက်ခဲသည့် "နှစ်ဖက်ညှပ်" (double bind) အခြေအနေသို့ တွန်းပို့နေသည်။ သတ္တုတွင်းကဏ္ဍသည် ရုန်းကန်နေရသည့် ကျေးလက်အိမ်ထောင်စုများအတွက် အရေးပါသော အလုပ်အကိုင်များကို ပေးစွမ်းနေသော်လည်း တစ်ဖက်တွင်မူ ဒေသခံလူထု၏ နဂိုရှိပြီးသား ထိခိုက်လွယ်သည့် အခြေအနေများကို ပိုမိုဆိုးရွားလာစေသည်။ ဤစနစ်အောက်တွင် ကျေးလက် မိသားစုများသည် အဓိကခြိမ်းခြောက်မှု နှစ်ရပ်ကို ရင်ဆိုင်နေရသည် - ပထမအချက်မှာ ၎င်းတို့၏ မြေယာများကို "မြေယာသိမ်းယူသူများ" က လိုအပ်လာခြင်းနှင့် ဒုတိယအချက်မှာ ၎င်းတို့၏ လုပ်အားကို "သယံဇာတ တူးဖော်ရေးကဏ္ဍ" က လိုအပ်လာခြင်းတို့ ဖြစ်သည်။
ဤစိန်ခေါ်မှုများကို မြေယာဆုံးရှုံးခြင်း၏ ဆိုးကျိုးများတွင် ပထမဆုံး တွေ့မြင်နိုင်သည်။ ကျေးလက် အိမ်ထောင်စုများအတွက် အဓိက ထိခိုက်မှုမှာ လယ်ယာစိုက်ပျိုးရေးနှင့် လူမှုဘဝရပ်တည်ရေး အတွက် မရှိမဖြစ်လိုအပ်သော မြေယာများကို အသုံးချခွင့် ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။ ဒေသခံ ကျေးရွာများတွင် ကောက်ယူခဲ့သော အိမ်ထောင်စုစစ်တမ်းများအရ မြေယာပိုင်ဆိုင်မှု မမျှတမှုကို ထင်ရှားစွာ တွေ့ရသည်။ ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ မြေ ၁၀ ဧကအောက်သာရှိသော တောင်သူငယ်များဖြစ်ကြပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းမှာ မြေယာမဲ့များ ဖြစ်ကြသည်။ အိမ်ထောင်စု ၃၀ ရာခိုင်နှုန်းခန့်သာ တရားဝင် မြေပိုင်ဆိုင်မှု အထောက်အထား (ဂရန်) ရှိကြသည်။ ယင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်မှာ ရွာခံ မဟုတ်သည့် ပြင်ပမှလာသူများသည် ဧက ၁,၀၀၀ ထက်မကသော မြေကွက်ကြီးများကို ပိုင်ဆိုင်ထားကြကြောင်း သိရသည်။ ဤကဲ့သို့ မညီမျှမှုများအားဖြင့် ဒေသခံလူထုအပေါ် အသာစီးရယူရန် အသုံးချလေ့ရှိကြောင်း ဖြေဆိုသူတစ်ဦးက ယခုလို ပြောပြခဲ့သည် -
"ဒေသခံတွေက သူတို့ရဲ့ မြေတွေကို လူချမ်းသာတွေဆီ ရောင်းကြတယ်။ အဲဒီနောက်မှာ အဲဒီလူချမ်းသာတွေက အသစ်ဝယ်ထားတဲ့ မြေပေါ်မှာ ရွှေတူးဖော်ခွင့်ရဖို့ ကေအိုင်အိုကို ပိုက်ဆံပေးကြတယ်။ အဲဒီကနေတစ်ဆင့် အနီးနားက မြစ်ချောင်းတွေလည်း ညစ်ညမ်းကုန်တာပဲ... သူတို့က သူတို့ပိုင်တဲ့ မြေပေါ်မှာ စီးပွားရေးလုပ်နေတာဆိုတော့ ကျွန်တော်တို့လည်း ကန့်ကွက်လို့မရဘူး... ဘာမှ ပြောခွင့် မရှိတော့ဘူး။"11
ဤဖြစ်စဉ်များသည် အခြေခံအားဖြင့် ထိခိုက်လွယ်သောအုပ်စုများအပေါ် ပိုမိုဆိုးရွားသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် စစ်ဘေးဒုက္ခသည်များသည် “နှစ်ထပ်ကွမ်းဆုံးရှုံးမှု” နှင့် ရင်ဆိုင်နေရသောကြောင့် အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည်။ ၎င်းတို့သည် ပထမဦးစွာ စစ်ဘေးကြောင့် မိမိတို့၏ မြေယာများကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးနောက်၊ ဒုတိယအဆင့်အနေဖြင့် ၎င်းတို့ စွန့်ခွာခဲ့သည့် မြေယာများပေါ်တွင် သတ္တုတွင်းကုမ္ပဏီများက အဓမ္မသိမ်းယူကာ လုပ်ငန်းလုပ်ကိုင်နေကြသည်ကို ကြုံတွေ့နေရသောကြောင့် ဖြစ်သည်။ အခြားဖြေဆိုသူတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ယခုလို ပြောပြသည် -
"လော့ဂျာရွာသားတွေဟာ စစ်ဘေးကြောင့် ထွက်ပြေးခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့ရွာကို မပြန်နိုင်သေးတဲ့အချိန်မှာပဲ ကုမ္ပဏီတွေက ရွာထဲမှာ ရွှေလာတူးကြတော့တာပဲ... သူတို့ဆုံးရှုံးသွားတာတွေအတွက် ဘယ်သူ့ဆီကမှ လျော်ကြေးမရခဲ့ကြဘူး။ ဒါကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေဟာ အနီးနားက မြို့တွေမှာ ဝင်ငွေနည်းနည်းနဲ့ ရတဲ့ အလုပ်တွေကို လုပ်နေရသလို၊ စစ်ဘေးရှောင်မိသားစုတွေကလည်း ရောင်းဖို့အတွက် ကောက်ပဲသီးနှံ အနည်းအကျဉ်း စိုက်ပျိုးနိုင်ဖို့ မြေကို ပြန်ငှားပြီး လုပ်နေကြရတယ်။ နောက်ဆုံးတော့ သူတို့မှာ ကိုယ်ပိုင်မြေရယ်လို့ မရှိတော့ဘူး။"12
အရေးကြီးဆုံးအချက်မှာ မြေယာဆုံးရှုံးမှုသည် စိုက်ပျိုးမြေများတင်မကဘဲ ထိုထက်မက ပိုမိုကျယ်ပြန့်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိနေခြင်းဖြစ်သည်။ မြေယာသိမ်းပိုက်မှုလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် လူမှုဘဝရှင်သန်ရေးနှင့် လူထုအသိုက်အဝန်းအတွက် အစဉ်အလာအရ အသုံးပြုခဲ့ကြသည့် မြေနေရာများပါ ဆုံးရှုံးလာရသည်။ ယင်းတို့တွင် သစ်တော၊ မြစ်ချောင်း၊ ဘုံစားကျက်မြေနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကဲ့သို့သော အများပိုင်အရင်းအမြစ်များ ပါဝင်ပြီး ၎င်းတို့ကို သတ္တုတွင်းလုပ်ကွက်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြသည်။ သတ္တုတွင်းလုပ်ငန်းများသည် ကျေးလက်အိမ်ထောင်စုများထံမှ “လုပ်သားအင်အား” ကိုသာ ရယူနေခြင်းမဟုတ်ဘဲ ၎င်းတို့၏ မြေယာနှင့် ရေအရင်းအမြစ်များကိုပါ ဝါးမြိုနေခြင်းဖြစ်ရာ သက်ရှိအားလုံး ရှင်သန်ရန် မဖြစ်နိုင်တော့သော ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးနေသည်။ ဆိုးကျိုးများမှာ ဤမျှနှင့် မပြီးဆုံးသေးပေ။ မြေယာများ သိသာစွာ လျော့နည်းလာသည်နှင့်အမျှ ရွာသားများသည် ကျန်ရှိနေသော မြေကွက်များကိုပါ ရောင်းချရန်၊ အခြားနေရာသို့ ပြောင်းရွှေ့အခြေချရန်နှင့် နေရပ်နှင့်ဝေးရာရှိ သတ္တုတွင်းလုပ်ကွက်များတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ရန် တွန်းအားပေးခံလာရသည်။ လော့ဂျာရွာမှ လူကြီးတစ်ဦးက ၎င်း၏ ခါးသီးလှသော အခြေအနေကို ယခုလို ရင်ဖွင့်ခဲ့သည် - “ငါ့ခေါင်းထဲမှာသာ ရွှေစတွေရှိနေမယ်ဆိုရင် သူတို့က ငါ့ခေါင်းကိုတောင် တူးကြဦးမှာပဲ။”
နိဂုံးချုပ်ရသော် အဖြေမှာ ရှင်းလင်းလှပါသည်။ မြေယာသိမ်းလှိုင်းများ၏ ဖျက်ဆီးအားပြင်းသော ရိုက်ခတ်မှုကို အပြည့်အဝ နားလည်နိုင်ရန်မှာ စိုက်ပျိုးမြေများ ဆုံးရှုံးရုံတင်မကဘဲ လူမှုဘဝရှင်သန်ရပ်တည်ရေးအတွက် အစဉ်အလာအရ အသုံးပြုခဲ့သည့် မြေနေရာများပါ ဆုံးရှုံးသွားရခြင်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ မြေယာနှင့် ထိုမြေပေါ်တွင် မှီတင်းနေထိုင်သည့် လူမှုအသိုက်အဝန်းများ မရှိတော့ပါက ကချင်လူမျိုးစုများနှင့် အခြားတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှု၊ ဝိသေသလက္ခဏာနှင့် နယ်မြေပိုင်စိုးမှုများဖြင့် တည်ရှိနေနိုင်မည့် အခွင့်အရေးမှာလည်း ပျက်စီးဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားစုံလင်သည့် မြန်မာနိုင်ငံတွင် ဤမြေယာပြဿနာများကို အသိအမှတ်ပြု ဖြေရှင်းရန် ပျက်ကွက်ခြင်းသည် နိုင်ငံတော်ပြိုပျက်ခြင်းနှင့် ပဋိပက္ခသံသရာများ အမြဲတစေ ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပေသည်။
ယင်းနှင့် ဆက်စပ်၍ ကျေးလက်အိမ်ထောင်စုများ၏ နောက်ထပ် ထိခိုက်လွယ်သောအချက်မှာ အလုပ်သမားကဏ္ဍတွင် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းငယ်များမှာ စီးပွားရေးအရ ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် သတ္တုတွင်းလုပ်ကွက်များသည် လူကြိုက်အများဆုံး အလုပ်အကိုင်နေရာများ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဘာအာမခံချက်မှမရှိသော အန္တရာယ်များသည့် အခြေအနေများအောက်တွင် မိမိတို့၏ လုပ်သားအင်အားကို ရောင်းချနေရသည့် လူငယ်များအတွက် ထိုသို့ဖြစ်နေခြင်းဖြစ်သည်။ ရရှိသည့် လုပ်ခလစာမှာ နည်းပါးလေ့ရှိသော်လည်း စိုက်ပျိုးရေးနေ့စားခထက်စာလျှင် ပိုမိုများပြားနေသေးသဖြင့် အလုပ်သွားလုပ်သူများအနေဖြင့် မိသားစုဝင်ငွေကို ထောက်ပံ့ပေးနိုင်ရုံသာမက မိသားစုနှင့်လည်း အလှမ်းမဝေးဘဲ နေနိုင်မည့် အခွင့်အလမ်းကို ရရှိစေသည်။
သို့သော်လည်း ၎င်းတို့သည် သတ္တုတွင်းများတွင် တရားမျှတသော လုပ်ခလစာကို ရရှိနေကြခြင်း မဟုတ်ပေ။ အမှန်စင်စစ်တွင် ၎င်းတို့၏ ထိခိုက်လွယ်သည့် အခြေအနေကို အခွင့်ကောင်းယူ၍ ခေါင်းပုံဖြတ် ခံနေရခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ လုပ်အားကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်နေခြင်းမှာလည်း စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များအတွက် အထောက်အပံ့ဖြစ်စေမည့် မြေယာအချို့ကို နေရပ်ရှိ မိသားစုများက လက်လှမ်းမီနေခြင်းကြောင့်သော်လည်းကောင်း နယ်ဝေးတွင် အလုပ်လုပ်နေသော အခြားမိသားစုဝင်များ၏ ဝင်ငွေထောက်ပံ့မှုများ ရှိနေခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ တစ်ဖက်တွင် နည်းပါးလှသော်လည်း အမှန်တကယ် လိုအပ်နေသော သတ္တုတွင်းမှရရှိသည့် လုပ်ခလစာများကို မိသားစုစားဝတ်နေရေးနှင့် လယ်ယာလုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံကြရသည်။ ဤဖြစ်စဉ်သည် စိုက်ပျိုးရေးနှင့် သတ္တုတွင်းကဏ္ဍကြားရှိ လုပ်သားစီးဆင်းမှုတွင် အပြန်အလှန် အမှီသဟဲပြုနေသော်လည်း မမျှတသော ဆက်ဆံရေးတစ်ခုကို ဖြစ်ပေါ်စေသည်။ အနှစ်သာရအားဖြင့် ဆိုရသော် မြေယာကို ထိန်းသိမ်းပေးပြီး လူထုအတွက် စားနပ်ရိက္ခာကို ပံ့ပိုးပေးသည့် "မိသားစုစိုက်ပျိုးရေးကဏ္ဍ" နှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး လူမှုဘဝရှင်သန်မှုကို ခြိမ်းခြောက်နေသည့် "သယံဇာတ တူးဖော်ရေးကဏ္ဍ" တို့သည် ခွဲခြား၍မရအောင် ရောယှက်နေခြင်းပင် ဖြစ်သည်။
ဒေသခံ ဖွံ့ဖြိုးရေးလုပ်သားတစ်ဦးက ဤကဲ့သို့ ရောယှက်နေသော အခြေအနေကို ထိထိမိမိ ရှင်းပြထား ပါသည်။
“အရင်တုန်းက ကျွန်တော်တို့ဒေသမှာ မိုးရာသီဆိုရင် စပါးစိုက်ကြတယ်။ ကုန်းမြင့်ပိုင်းတွေမှာဆို မေလကတည်းက စတင်ပြီး လယ်ကွင်းတွေမှာတော့ ဇွန်လ၊ ဇူလိုင်လလောက်မှာ စိုက်ပျိုးကြတယ်။ ရလာတဲ့ စပါးထဲကမှ တစ်ချို့ကို စားဖို့ချန်တယ်၊ တစ်ချို့ကို နောက်နှစ်အတွက် မျိုးစပါးအဖြစ် သိမ်းထားပြီး ကျန်တာကိုမှ ရောင်းကြတာ။ ဒါပေမဲ့ နှစ်တွေကြာလာတော့ အခြေအနေတွေ ပြောင်းလဲလာတယ်။ သူတို့က ငွေကြေး ပိုပြီး လိုအပ်လာတာကြောင့် ရိတ်သိမ်းထားတဲ့ စပါးတွေကို ပိုပြီး ထုတ်ရောင်းလာကြတယ်။ ကျွန်တော် ဆိုလိုချင်တာက တစ်နှစ်အတွင်း စိုက်လို့ရတဲ့ စပါးဟာ နောက်တစ်နှစ် စိုက်ပျိုးရာသီအထိ မလောက်ငတော့ဘူး။ ဒါကြောင့် နောက်တစ်ကြိမ် စိုက်ပျိုးချိန် ရောက်တဲ့အခါ သူတို့မှာ အခက်အခဲတွေနဲ့ စတင်နေရပြီ။
အရင်ကတည်းက စိုက်ပျိုးရာသီ ပြီးသွားလို့ ရာသီဥတု ခြောက်သွေ့လာပြီဆိုရင် ရွာသားတွေက မှော် (သတ္တုတွင်း) ထဲ သွားကြလေ့ရှိတယ်။ မှော်ဆိုတာက အနီးနားက မြစ်ချောင်းတွေမှာ ကိုယ်တိုင် လက်နဲ့ ကျင်းတူးတာမျိုးကို ပြောတာပါ။ တစ်ချို့က မှော်ထဲသွားသလို တစ်ချို့ကတော့ အနီးနားက ခြံတွေမှာ နေ့စားအလုပ် လိုက်လုပ်ကြတယ်။ နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေ တက်လာတာကြောင့် ဒီလိုအလုပ်တွေကို မဖြစ်မနေ ပိုပြီး လုပ်လာကြရတယ်။ အိမ်ထောင်စု တစ်စုလုံးရဲ့ စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ ကျောင်းစရိတ် စတာတွေကို ဖြေရှင်းဖို့အတွက် လယ်ယာလုပ်ငန်းတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။
အခုအချိန်မှာ ပိုပြီး ခက်ခဲလာတာက စိုက်ပျိုးရေးသွင်းအားစု စရိတ်တွေ မြင့်တက်လာတာပါပဲ။ သူတို့ အရင်လို အတိုင်းအတာမျိုးနဲ့ မစိုက်နိုင်ကြတော့ဘူး။ အကျိုးဆက်အနေနဲ့ ရလာတဲ့ စပါးဟာ နောက်တစ်နှစ်အတွက် မလုံလောက်ပြန်ဘူး။ အခုဆိုရင် သူတို့ဟာ ပိုပြီး ရှည်လျားတဲ့ အကျပ်အတည်းကာလကို ရင်ဆိုင်နေရတယ်။ အခုနောက်ပိုင်း အလားအလာကတော့ လူတွေဟာ မြေရှားသတ္တု တူးဖော်တဲ့ မှော်တွေဆီကို သွားနေကြတာပါပဲ။”13
ကချင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် ဤဆက်နွှယ်မှုကို ပိုမိုရှုပ်ထွေးစေပါသည်။ စစ်ဘေးရှောင်ရခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်ပြားရပြီး လူအများကို သတ္တုတွင်းများဆီသို့ ပိုမိုတွန်းပို့လျက်ရှိသည်။ ၎င်းသည် ဆိုးယုတ်သော သံသရာတစ်ခုကို ဖြစ်ပေါ်စေပြီး ပဋိပက္ခများကြောင့် ဖြစ်လာသည့် ဆိုးရွားသော အခြေအနေများကပင် လူထုကို သတ္တုတွင်းများတွင် အလုပ်ရှာဖွေရန် တွန်းအားပေးနေခြင်း ဖြစ်သည်။ အဆိုပါ ဖွံ့ဖြိုးရေးလုပ်သားကပင် တိုက်ပွဲများကြောင့် ဒေသခံလူထု၏ စားနပ်ရိက္ခာရရှိမှုအပေါ် မည်မျှအထိ ထိခိုက်စေနိုင်ကြောင်းကို သူ၏ စိုးရိမ်ပူပန်မှုများနှင့်အတူ ယခုလို ကွက်ကွက်ကွင်းကွင်း ရှင်းပြခဲ့သည် -
“ကျွန်တော်တို့အနေနဲ့ ကျေးလက်ဒေသက လူဦးရေအများဆုံး စစ်ဘေးရှောင်နေရတဲ့ စစ်ပွဲတစ်ခုကိုလည်း ရင်ဆိုင်နေရပါတယ်။ နယ်မြေမလုံခြုံတာကြောင့် နေရာတော်တော်များများမှာ စားနပ်ရိက္ခာ မစိုက်ပျိုးနိုင်ကြတော့ဘူး။ ဒါကပဲ ပိုလျှံနေတဲ့ လုပ်သားအင်အားတွေကို ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ သတ္တုတွင်းလုပ်ငန်းတွေဆီ ရောက်သွားကြတော့တာပဲ။ ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာလုံခြုံမှုအတွက် တကယ်ကို စိုးရိမ်မိပါတယ်၊ ဘာလို့လဲဆိုတော့ အရင်နဲ့မတူဘဲ အခုက အရမ်းကို ခက်ခဲတဲ့ အခြေအနေကို ရောက်နေလို့ပါ။ လယ်ယာမစိုက်ပျိုးနိုင်တဲ့သူများလာလေလေ သတ္တုတွင်းဘက်ကို လှည့်သွားတဲ့သူ ပိုများလာလေလေ ပါပဲ။ ဒါဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ကြီးထွားလာနေတဲ့ ဆိုးကျိုးသက်ရောက်မှု တစ်ခုပါပဲ။”14
အနှစ်ချုပ်ရသော် ဤအဖြစ်အပျက်များက ကချင်ပြည်နယ်ရှိ ကျေးလက်လူထု၏ မြေယာနှင့် လုပ်သားအင်အားတို့သည် အရင်းရှင်စနစ်၊ စစ်ပွဲနှင့် မြေသိမ်းမှုလှိုင်းများကို ဖြစ်ပေါ်စေသည့် အာဏာစက်ယန္တရားများ၏ လွှမ်းမိုးမှုအောက်တွင်သာ ရှိနေကြောင်းကို ထင်ရှားစွာ မီးမောင်းထိုးပြနေပါသည်။
နေ့ချင်းညချင်း ချမ်းသာကြွယ်ဝလာနိုင်သည်ဟူသော အိပ်မက်မှာ အလွန်အားကောင်းသည့် ဆွဲဆောင်မှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်လူရွယ် ထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ဆွဲဆောင်လျက်ရှိသည်။ ဤအခြေအနေသည် ၁၈၉၉ ခုနှစ်က အလက်စကာပြည်နယ်၊ နုမ်း (Nome) ရွှေအလုအယက်တူးဖော်မှုကဲ့သို့သော ကမ္ဘာ့သမိုင်းဖြစ်ရပ်များနှင့် ဆင်တူနေပါသည်.
"လူတန်းစား ကွဲပြားမှုများကို ဖျောက်ဖျက်ပေးပြီး ချမ်းသာကြွယ်ဝသူများအဖြစ် ချက်ချင်း ပြောင်းလဲပေးနိုင်သည့် အိပ်မက်များကို အကောင်အထည်ဖော်ပေးနိုင်သည်” ဟု ဆိုကာ အခွင့်အလမ်းများစွာ ရှိနေသကဲ့သို့ ထင်မှတ်ရစေသည်။15 လက်လှမ်းမီနိုင်သည်ဟု ထင်ရသော ဤအိပ်မက်ကို တေးသီချင်းများ၊ ရုပ်ရှင်များနှင့် တစ်ဆင့်စကားများက အမြဲတစေ အားဖြည့်ပေးနေပါသည်။ လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရန် ရည်မှန်းချက်ကို ခေတ်အဆက်ဆက် မှော်လုပ်သားများကြား ရေပန်းစားနေသည့် “တကယ်တော့ ကျောက်တူးသမားတိုင်းဟာ လောပန်းလောင်းတွေပါ” ဟူသော သီချင်းစာသားက အပြည့်အဝ ဖော်ပြနေပါသည်။ (“လောပန်း” ဆိုသည်မှာ တရုတ်စကား “သူဌေး သို့မဟုတ် အလုပ်ရှင်” ဟု အဓိပ္ပာယ်ရပြီး ဆင်းရဲတွင်းမှလွတ်ကင်းကာ ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်မည့် နောက်ဆုံးပန်းတိုင် အိပ်မက်ကို ရည်ညွှန်းခြင်းဖြစ်သည်)။
သို့သော်လည်း မြေပြင်ရှိ လက်တွေ့ဘဝမှာမူ များစွာ ပိုမိုခက်ခဲကြမ်းတမ်းလှသည်။ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းမှော်များသည် “ပင်ပန်းဆင်းရဲလှသော အလုပ်ခွင်ဖြစ်ပြီး ခဏတာအတွင်းသာ ရရှိနိုင်သည့် စည်းစိမ်ဥစ္စာနှင့် ကြီးမားသည့် မက်လုံးများ ပြည့်နှက်နေသည့် နေရာ” ဖြစ်သည်။16 အလွန်အမင်း ချမ်းသာ ကြွယ်ဝသွားသည့် ရှားရှားပါးပါး သာဓကများရှိသကဲ့သို့ တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လောင်းကစားခြင်းနှင့် ကျောက်ကောင်း မအောင်ခြင်းတို့ကြောင့် လူမှုဘဝနှင့် ငွေကြေးပျက်စီး ဆုံးရှုံးရသူများ၏ သာဓကအမြောက်အမြားကလည်း ဒွန်တွဲတည်ရှိနေပါသည်။17
ဤလက်တွေ့ဘဝများ မည်သို့ပင်ရှိစေကာမူ မိမိတို့၏ လူမှုစီးပွားဘဝ အခြေအနေ တိုးတက်လာနိုင်ခြေ (အလွန်နည်းပါးလင့်ကစား) ရှိနေခြင်းကပင် ကျေးလက်နေ တောင်သူမိသားစုဝင်များကို ၎င်းတို့၏ ဘဝများအား ရင်းနှီးရန် တွန်းအားဖြစ်စေသည်။ မြေယာသိမ်းယူခံရမှုများ၊ အဓမ္မပိုင်ဆိုင်ခွင့် ရုပ်သိမ်းခံရမှုများနှင့် ဖိနှိပ်မှုများကြားတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အခြေခံစားဝတ်နေရေးကိုပင် မဖြေရှင်းနိုင်တော့သည့်အတွက် ယခုကဲ့သို့ စွန့်စားမှုကို မဖြစ်မနေ လုပ်ဆောင်နေကြရခြင်း ဖြစ်သည်။ ဤကဲ့သို့ အလုအယက် သွားရောက်လုပ်ကိုင်မှုများကြောင့် ကချင်ပြည်နယ်အနှံ့အပြားတွင် ရွှေ့ပြောင်း လုပ်သားများကြား ရေပန်းစားသည့် ရုတ်ချည်းအလွန်စည်ကားလာသောမြို့များ ပေါ်ပေါက်လာခဲ့သည်။ ယင်းသို့ ဆွဲဆောင်မှုရှိသော မြို့များတွင် ဖားကန့်၊ ဆဒုံး၊ ပန်ဝါ၊ တနိုင်း၊ ပူတာအို၊ မြစ်ကြီးနားနှင့် ရှဒူးဇွပ်မြို့များ ပါဝင်ပြီး ထိုမြို့အားလုံးသည် ကျောက်စိမ်း၊ ပယင်း၊ မြေရှားသတ္တုများနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့် ဆက်နွှယ်နေပါသည်။
ဤစီးပွားရေးအရှိန်အဟုန်ကို ဆင်းရဲနွမ်းပါးသည့် အလုပ်သမားများကို တိုက်ရိုက်ပစ်မှတ်ထားသည့် လူမှုကွန်ရက်ပေါ်မှ ကြော်ငြာများကလည်း ပိုမိုအားကောင်းလာစေသည်။ ရွှေတူးဖော်ရေး အလုပ်ခေါ်စာ တစ်ခုတွင် “တနိုင်းတွင် ရွှေတူးသမားများ အလိုရှိသည်။ အမျိုးသမီးထမင်းချက် တစ်ဦးလျှင် ၄ သိန်းကျပ် (အမေရိကန်ဒေါ်လာ ၁၀၀) နှင့် ရွှေကျင်သူတစ်ဦးလျှင် ၂ သိန်းကျပ်မှ ၃ သိန်းကျပ်အထိ (အမေရိကန်ဒေါ်လာ ၅၀ မှ ၇၅ အထိ) ပေးမည်” ဟု ဖော်ပြထားသည်။ နောက်ထပ် မြေရှားသတ္တု တူးဖော်ရေး အလုပ်ခေါ်စာ တစ်ခုတွင်မူ “သတ္တုတူးသမား ၆ ဦး အလိုရှိသည်။ ၁ မီတာလျှင် ၅ ယွမ်ပေးမည်။ တစ်နေ့တာ စားစရိတ် ၃၀ ယွမ်ပေးမည်” ဟု ပါရှိသည်။ မြေရှားသတ္တုတွင်းရှိ အလုပ်များသည် တစ်လလျှင် ကျပ်သိန်း ၂၀ (အမေရိကန်ဒေါ်လာ ၅၀၀) အထိ လစာပိုမိုရရှိနိုင်သဖြင့် ကချင်ပြည်နယ်ပြင်ပရှိ ဆင်းရဲနွမ်းပါးသော အလုပ်သမားများအတွက်ပါ အလွန်ဆွဲဆောင်မှု ရှိနေသည်။ ဤသို့ စီးပွားရေးအရှိန်ကောင်းနေသော နေရာများရှိ အလုပ်သမားများ၏ အလုပ်တာဝန်ကို ဒေသခံတစ်ဦးက ယခုလို ရိုးရှင်းစွာ အကျဉ်းချုပ်ပြောပြခဲ့သည် - “ကျောက်ရှာမယ်၊ ရွှေရှာမယ် ဒါမှမဟုတ်ရင် တစ်ခုခု ပြန်ရောင်းမယ်၊ ဒါပဲလေ”။
တစ်ဖက်တွင်လည်း မှော်လုပ်သားများသည် တစ်ပတ်လျှင် ငါးရက်ထက်မက၊ တစ်နေ့လျှင် ရှစ်နာရီထက် ကျော်လွန်၍ အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်ကြရသည်။ ၎င်းတို့သည် ဧရာမ မြေတူးစက်ကြီးများ၊ စက်ယန္တရားကြီးများနှင့်အတူ ပင်ပန်းခက်ခဲလှသော အလုပ်ကြမ်းများကို လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။ အခြေအနေအဆိုးဆုံး အလုပ်သမားအုပ်စုတွင် ကျောက်စိမ်းရေမဆေးရှာဖွေသူများပါဝင်ပြီး ၎င်းတို့၏ အလုပ်ချိန်မှာ ညနေမိုးချုပ်မှ နောက်တစ်နေ့ မိုးလင်းသည့်တိုင်အောင် ဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ချိန်ပြင်ပ၌သာ စွန့်ပစ်မြေစာပုံများသို့ သွားရောက်ရှာဖွေခွင့်ရကြသည်။ မြေစာပုံ သမုဒ္ဒရာကြီးထဲတွင် တန်ဖိုးရှိသော ကျောက်တစ်လုံး ရှာတွေ့နိုးဖြင့် အခြားသော ရေမဆေးရှာဖွေသူ ရာပေါင်းများစွာနှင့်အတူ လက်နှိပ်ဓာတ်မီးလေးများကိုယ်စီဖြင့် အလုအယက် ရှာဖွေနေကြရသည်။
ဤသို့သော ဒုက္ခများရှိနေသော်လည်း အများစုက ၎င်းတို့၏ ရုန်းကန်ရမှုများသည် ထိုက်တန်သည်ဟု ယုံကြည်ကြသည်။ ဤအလုပ်သမားများ၏ စွန့်စားမှုများသည် အခက်အခဲကြုံနေရသော ၎င်းတို့၏ အိမ်သားများအတွက် တိုက်ရိုက်ဝင်ငွေ ဖြစ်လာစေသည်။ ရွှေ့ပြောင်းမှော်လုပ်သား ထက်ဝက်နီးပါးသည် ၎င်းတို့ရရှိသော ဝင်ငွေ၏ အတော်များများကို နေရပ်ရှိ မိသားစုများထံ ပြန်လည်ပေးပို့ကြပြီး၊ ပြီးခဲ့သည့် (၁၂) လအတွင်း ပျမ်းမျှ ငွေလွှဲပို့မှုပမာဏမှာ ကျပ် ၁,၉၄၇,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၀ ခန့်) ရှိခဲ့သည်။ သို့သော်လည်း မှော်လုပ်သားအများအပြားမှာ ငွေကြေးအရ ရုန်းကန်နေရဆဲဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ အကြွေးတင်နေကြောင်း သိရသည်။ ဤတွေ့ရှိချက်သည် အိမ်ထောင်စု ကွင်းဆင်းကောက်ယူမှု အချက်အလက်များနှင့်လည်း ကိုက်ညီနေပြီး၊ မိသားစုဝင်တစ်ဦးဦး မှော်အလုပ်လုပ်ကိုင်နေသည့် တောင်သူအိမ်ထောင်စုများ၏ ၃၀ ရာခိုင်နှုန်းမှာ အကြွေးရှိနေကြောင်း တွေ့ရှိရသည်။
သတ္တုတွင်းလုပ်ငန်းသည် သဘာဝအရပင် အန္တရာယ်ကြီးမားလှပြီး အထူးသဖြင့် ကျောက်စိမ်းနှင့် မြေရှားသတ္တုတွင်းများတွင် မြေပြိုမှုအန္တရာယ်ကို အစဉ်တစိုက် ရင်ဆိုင်နေရသည်။ ဆယ်စုနှစ်များအတွင်း ဤဘေးအန္တရာယ်များမှာ ပိုမိုအဖြစ်များလာခဲ့ပြီး ၂၀၁၉ ခုနှစ်က ရေမဆေးရှာဖွေသူများအပေါ် ပြုလုပ်ခဲ့သည့် သုတေသနလေ့လာချက်တစ်ခုအရ တစ်နှစ်အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ ခန့်မှန်းခြေ ၅၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။ အဆိုးရွားဆုံးဖြစ်ရပ်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် ရွှံ့နွံနှင့် ရေလှိုင်းလုံးကြီးများအောက်တွင် လူငယ်အများစုဖြစ်ကြသည့် ရေမဆေးရှာဖွေသူ ၁၇၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ဤကဲ့သို့သော ကြေကွဲဖွယ်ဖြစ်ရပ်များက မှော်လုပ်သားများ၏ အသက်အန္တရာယ်နှင့် ရုန်းကန်နေရသည့် အခြေအနေများကို မီးမောင်းထိုးပြနေပါသည်။ လုပ်သားအများစုမှာ မခိုင်ခံ့သော ယာယီတဲများဖြင့် နေထိုင်ကြရပြီး ထိုတဲများသည် ပြိုကျလွယ်သည့် မြေစာပုံကျင်းဟောင်းများနှင့် အန္တရာယ်ရှိလောက်အောင် နီးကပ်စွာ တည်ရှိနေတတ်သည်။ မြေပြိုမှုကြောင့် သေဆုံးရသူ အများစုမှာ သတ္တုတွင်းများနှင့် နီးကပ်စွာ နေထိုင်သူများ ဖြစ်ကြသည်။ သို့သော်လည်း ယနေ့အချိန်အထိ သင့်လျော်သည့် ဘေးကင်းလုံခြုံရေး အစီအမံများဖြင့် ကြိုတင်ကာကွယ်နိုင်ပါလျက်နှင့် ဖြစ်ပွားခဲ့ရသည့် အဆိုပါ ကြေကွဲဖွယ်ရာများအတွက် မည်သည့် သတ္တုတွင်းပိုင်ရှင် သို့မဟုတ် ဒေသအာဏာပိုင်တစ်ဦးတစ်ယောက်မျှ တာဝန်ယူ တာဝန်ခံရခြင်း မရှိသေးပေ။
သတ္တုတွင်းလုပ်ငန်းခွင်များတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့ရခြင်းမှာ ကျန်းမာရေးအတွက် နောက်ထပ် စိုးရိမ်ဖွယ်ရာ အန္တရာယ်တစ်ခု ဖြစ်ပါသည်။ ရွှေတူးဖော်ရေးနှင့် ဆက်နွှယ်နေသည့် ပြဒါး (Mercury)၊ ခဲ (Lead)၊ ကက်ဒမီယမ် (Cadmium) နှင့် မန်းဂနိစ် (Manganese) ဓာတ်များ မြင့်မားစွာ ပါဝင်နေမှုကို မေခ၊ မလိခနှင့် ဧရာဝတီမြစ်များအတွင်း တွေ့ရှိရကြောင်း အစီရင်ခံစာများက ဖော်ပြထားပြီး ဖြစ်သည်။ မေခမြစ်အနီးရှိ မြေရှားသတ္တုများကို မြေပြင်တွင်ပင် ဆေးကြောထုတ်ယူသည့် (In-situ leaching) လုပ်ငန်းစဉ်များတွင်လည်း အမိုနီယမ်ဆာလဖိတ် (Ammonium sulphate) ကို အမြောက်အမြား အသုံးပြုကြသည်။ အဓိက စိုးရိမ်ရသည့်အချက်မှာ ဤဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် အရေပြားရောဂါများ၊ အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာများသာမက အချို့သောအခြေအနေများတွင် ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်သည့် ပြင်းထန်သော ကျန်းမာရေး ထိခိုက်မှုများကို ဖြစ်စေနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း အလုပ်သမားများမှာ အကာအကွယ်ပစ္စည်း အနည်းငယ်သာ ရရှိခြင်း သို့မဟုတ် လုံးဝမရရှိခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ဖျားနာမှုအန္တရာယ် ပိုမိုမြင့်မားလျက်ရှိသည်။
ထို့အပြင် အလုပ်သမားများအကြား မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း အလွန်အမင်း များပြားလျက်ရှိပြီး အထူးသဖြင့် ဘိန်းဖြူနှင့် စိတ်ကြွဆေးများမှာ ကျောက်စိမ်းမှော်များတွင် ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်း တွေ့ရသည်။18 သို့သော် ဤကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှာ မှော်လုပ်သားများ ကြုံတွေ့နေရသည့် ခက်ခဲကြမ်းတမ်းသော ဘဝအခြေအနေများ၏ ပြယုဂ်တစ်ခုသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ပြောကြားချက်အရ ၎င်းတို့သည် အလုပ်ပင်ပန်းဒဏ်ခံနိုင်ရန်နှင့် ကြမ်းတမ်းလှသော လုပ်ငန်းခွင်အတွင်း ရှင်သန်နိုင်ရန်အတွက်သာ ဤဆေးဝါးများကို သုံးစွဲကြသည်ဟု ဆိုသည်။
အမျိုးသမီးများအနေဖြင့်လည်း ၎င်းတို့၏ ခင်ပွန်းဖြစ်သူများနှင့်အတူ သော်လည်းကောင်း၊ မိမိတို့ဘာသာ သီးခြားသော်လည်းကောင်း သတ္တုတွင်းများသို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် ရောက်ရှိလာကြသည်။ ရောက်ရှိလာသည့်အခါ အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူနှင့်အတူ ဒွန်တွဲလုပ်ကိုင်ခြင်း သို့မဟုတ် အသေးစား လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ကြသော်လည်း များသောအားဖြင့် အမျိုးသားများထက် လုပ်ခလစာ၊ဝင်ငွေ ပိုမိုနည်းပါးစွာ ရရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ကလေးထိန်းခြင်းနှင့် ချက်ပြုတ်ခြင်းကဲ့သို့သော အိမ်မှုကိစ္စများကိုလည်း တာဝန်ယူကြရသည်။ ထို့အပြင် အမျိုးသမီး အလုပ်သမားများသည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများကိုလည်း ရင်ဆိုင်ကြရပြီး၊ အလုပ်မပြုတ်စေရန် အတွက် အလုပ်ရှင် သို့မဟုတ် မန်နေဂျာများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုပြုရန် အကျပ်ကိုင်ခံရခြင်းများ ရှိတတ်သည်။ အထူးသဖြင့် မြေရှားသတ္တုတွင်းများတွင် အမျိုးသမီးများကို ထိုကဲ့သို့သော အလုပ်များအတွက် သီးသန့် အလုပ်ပေးခြင်း ရှိတတ်သည်။ သို့သော်လည်း ၎င်းတို့သည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ သို့မဟုတ် မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းများ အတွက် သင့်တင့်လျောက်ပတ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများကို ရရှိနိုင်ခြင်း မရှိကြပေ။ ဤသို့သော နောက်ခံ အခြေအနေများကြောင့် သတ္တုတွင်းဒေသရှိ အမျိုးသမီးအမြောက်အများသည် နေ့စဉ်နှင့်အမျှ ဘေးအန္တရာယ်နှင့် မရေရာမှုများ ပြည့်နှက်နေသည့် ဘဝများကို ဖြတ်သန်းနေကြရသည်။
ကချင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော မြေယာသိမ်းပိုက်မှု လှိုင်းလုံးများသည် ကျေးလက်နေ လက်လုပ်လက်စားပြည်သူများနှင့် တောင်သူအိမ်ထောင်စုများ၏ ဘဝအပေါ် နက်ရှိုင်းစွာ ရိုက်ခတ်ခဲ့ရုံ သာမက လူမှုစီးပွားနယ်ပယ်တစ်ခုလုံးကိုပါ အခြေခံကျကျ ပြောင်းလဲပစ်ခဲ့သည်။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ယနေ့တွင် ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည် - ၎င်းတို့မှာ စစ်ဘေးရှောင်ရခြင်း၊ မြေယာနှင့် အခြားပိုင်ဆိုင်ခွင့်များ ဆုံးရှုံးခြင်းနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများ အတားအဆီးမဲ့ ကျယ်ပြန့်လာခြင်းတို့ ဖြစ်သည်။ ဤကာလအတွင်း မြေယာသိမ်းပိုက်မှုများသည် ကျေးလက်ပြည်သူများ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများအတွက် အားထားခဲ့ရသည့် မြေယာများကို "ဝါးမြို" ပစ်ခဲ့သည်။ လယ်ယာမြေများ၊ အိမ်ခြံမြေများ၊ ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများ မှသည် သစ်တောများနှင့် ရေဝေရေလဲနယ်မြေများအထိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ဖိအားများ ပေါင်းဆုံလာသောကြောင့် တောင်သူအိမ်ထောင်စုများ၏ ဘဝမှာ ပိုမိုမရေရာ မလုံခြုံဖြစ်လာသည်။ ထို့အတွက်ကြောင့် မိသားစုများ နေ့စဉ်ရှင်သန်နိုင်ရေးအတွက် ရှိသည့်လုပ်အားကို ပုံစံမျိုးစုံ ခွဲဝေအသုံးပြုရသည့် နည်းဗျူဟာများ (ဥပမာ - သတ္တုတွင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးစီးပွားရေး လုပ်ငန်းများရှိရာသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း) ကို မဖြစ်မနေ အားကိုးလာကြရသည်။
ဤကဲ့သို့သော ဘဝမရေရာမှုများသည် ယနေ့ခေတ်တွင် ထင်ရှားစွာ မြင်တွေ့နေရသည့် အကျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းမှာ အမြတ်အစွန်း ရှာဖွေသူများက ၎င်းတို့၏ ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရန် အသင့်ဖြစ်နေသည့် အားကိုးရာမဲ့ “ဈေးပေါသည့် လုပ်သားထုကြီး” ကို ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျေးလက် အိမ်ထောင်စုများမှ ထွက်ပေါ်လာပြီး ပို၍ တိုးပွားလာသည့် ဤ “ဈေးပေါသော လုပ်သားထုကြီး” သည် သတ္တုတွင်းကဏ္ဍ အရှိန်အဟုန်ဖြင့် ထောင်တက်လာစေရန် အထောက်အပံ့ ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း အလွန်ဆိုးရွားသော အခြေအနေများကြားမှ ရရှိလာသည့် ဤလုပ်ခလစာများသည် ကျေးလက်လူထုအတွင်း လူမှုဘဝရပ်တည်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအတွက် အရေးပါသော “အသက်သွေးကြော” တစ်ခု ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် တောင်သူလယ်သမားဘဝနှင့် သတ္တုတွင်းလုပ်ငန်းဟူသော ကဏ္ဍနှစ်ရပ်အကြား အပြန်အလှန် ရစ်ပတ်ပတ်သက်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ကဏ္ဍတစ်ခုချင်းစီသည် ရေတိုကာလတွင် တစ်ခုကိုတစ်ခု ထောက်ကူပေးနေသကဲ့သို့ ရှိသော်လည်း ရေရှည်အတွက်မူ မည်သို့သော အဓိပ္ပာယ် သက်ရောက်နေမည်နည်း။
တစ်ဖက်တွင်လည်း တောင်သူစိုက်ပျိုးရေးစနစ် သည် အစားအစာစိုးမိုးစီမံပိုင်ခွင့် (food sovereignty) အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး မြေဆီလွှာအာဟာရ၊ ရေအရင်းအမြစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ကာဗွန်စုပ်ယူမှု အပါအဝင် "သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိကကျသော ကဏ္ဍ" မှ ပါဝင်နေသည်။ ထို့ကြောင့်ပင် ယင်းကို အရင်းရှင်စနစ်ကို လျော့ပါးစေမည့် အစားထိုးစနစ်တစ်ခုအဖြစ် ရှုမြင်ကြသည်။ ဥပမာအားဖြင့် တောင်သူလယ်သမားစနစ်သည် ဓာတုဗေဒ ပစ္စည်း အသုံးပြုမှုကို အနည်းဆုံးအထိ လျှော့ချခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုများကို လျော့ပါးသက်သာစေပြီး "ကမ္ဘာကြီးကို အေးမြစေရန်" ထိရောက်စွာ ဆောင်ရွက်ပေးနေသည်။ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော သတ္တုတွင်းလုပ်ငန်းသည်မူ မြေယာအပေါ် ဖျက်ဆီးလိုသော၊ ပြန်လည်ဖြစ်ထွန်းရန် မဖြစ်နိုင်သော အကျိုးဆက်မျိုးရှိပြီး ဂေဟစနစ်ဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေကာ အခြေခံအားဖြင့် "ကမ္ဘာကြီးကို ပူနွေးလာစေရန်" တွန်းအားပေးနေသည်။
ဤကဲ့သို့သော စိန်ခေါ်မှုများသည် ကမ္ဘာတစ်ဝန်းတွင် တည်ရှိနေပြီး ယနေ့ခေတ် မြန်မာနိုင်ငံသည်လည်း အရေးပါသည့် စံနမူနာပြ ဖြစ်ရပ်တစ်ခု ဖြစ်နေပါသည်။ စိုက်ပျိုးရေးနှင့် သတ္တုတွင်းကဏ္ဍတို့သည် သဘာဝချင်း မတူညီကြသော်လည်း ယနေ့ ကချင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များအရ ၎င်းတို့နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု အကျိုးပြုအမှီသဟဲပြုနေကြသည်။ ကျေးလက်လုပ်သား စီးဆင်းမှုပုံစံများကို ကြည့်ခြင်းအားဖြင့် သတ္တုတွင်းလုပ်ငန်းနှင့် တောင်သူစိုက်ပျိုးရေးစနစ်တို့သည် ကျေးလက်အိမ်ထောင်စုများကို ပေါင်းစည်းထောက်ကူပေးထားကြောင်း သိသာထင်ရှားသည်။ ရှေ့ကဏ္ဍ (သတ္တုတွင်း) က လုပ်ခလစာ ဝင်ငွေကို ပံ့ပိုးပေးပြီး နောက်ကဏ္ဍ (စိုက်ပျိုးရေး) ကမူ ဈေးပေါသည့် "စွမ်းဆောင်ရည်မြင့် လုပ်သားထု" (super-workers) ကို မွေးထုတ်ပေးသည့် ရင်းမြစ်တစ်ခု ဖြစ်နေသည်။ သို့သော်လည်း ပဋိပက္ခများ ပြင်းထန်နေသော နိုင်ငံတစ်နိုင်ငံတွင် ဤကဲ့သို့ မြေယာသိမ်းပိုက်မှုများမှ အမှန်တကယ် အကျိုးအမြတ် ရရှိနေသူမှာ မည်သူနည်း၊ ဤအခြေအနေသည် ရေရှည်တည်တံ့နိုင်ပါ့မလား၊ ယင်း၏ရလဒ်ကြောင့် ကချင်ပြည်နယ်၏ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် ဘာတွေ ဆက်ဖြစ်လာနိုင်သနည်း။ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ လူငယ်များနှင့် မြေယာမဲ့ဖြစ်သွားရသော လူထုကြားတွင် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများစွာ ရှိနေကြပါသည်။
ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများအတွက် မြေယာသည် အရာရာဖြစ်ပါသလား။ ကချင်ပြည်နယ်ရှိ ပဋိပက္ခနှင့် မြေယာသိမ်းပိုက်မှုများ၏ နောက်ခံအခြေအနေတွင် ဤမေးခွန်း၏ အဖြေမှာ "မြေသည် အမှန်တကယ်ပင် အရာရာဖြစ်သည်" ဟု သံသယဖြစ်ဖွယ်မရှိဘဲ ဖြေဆိုရမည်ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးသည် လူထုအများအပြားအတွက် အခြေခံစားဝတ်နေရေးနှင့် ဝင်ငွေရရှိမှု၏ အဓိကနည်းလမ်း တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ကျေးလက်အိမ်ထောင်စုများ နေ့စဉ်ရှင်သန်နိုင်ရေးအတွက်လည်း အထောက်အကူပြုနေသည်။ ထို့အပြင် မြေယာသည် နေထိုင်ရန် အိမ်ခြံမြေများ၊ အိမ်နောက်ဖေး စိုက်ခင်းများ၊ လူမှုအသိုက်အဝန်းကြား ချိတ်ဆက်မှုများ၊ သစ်တောနှင့် မြစ်ချောင်းများအား လက်လှမ်းမီ အသုံးပြုနိုင်မှုနှင့် အခြေခံအဆောက်အအုံများ တည်ရှိနိုင်မှုတို့အတွက် နယ်မြေများကိုလည်း ပံ့ပိုးပေးထား သည်။ မြေယာပိုင်ဆိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့် မရှိပါက ဆင်းရဲဒုက္ခများမှာ ယခုထက်များစွာ ပိုမို ကြီးမားလာမည်ဖြစ်သည်။ ၎င်းထက်ပို၍ အရေးကြီးသည်မှာ မြေယာသည် လူမျိုးစုယဉ်ကျေးမှုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံရေးစနစ်များ ဆက်လက်တည်တံ့ရန်အတွက် လိုအပ်သည့် နယ်မြေဆိုင်ရာ အခြေခံ အုတ်မြစ်ကိုလည်း ပံ့ပိုးပေးထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မြေယာပိုင်ဆိုင်ခွင့်သည် လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာ၊ တိုးတက်မှုနှင့် ရှင်သန်ရပ်တည်ရေးတို့အတွက် အဓိကကျသော အရေးပါမှုရှိနေပါသည်။
သို့သော်လည်း ကချင်ပြည်နယ်၏ လက်ရှိအခြေအနေက ပြသနေသည်မှာ မြေယာရှိရုံမျှဖြင့် မလုံလောက် ခြင်းပင်ဖြစ်သည်။ မြေယာအသုံးပြုပိုင်ဆိုင်ခွင့်ကို ပြန်လည်ခွဲဝေပေးသည့် ပြုပြင်ပြောင်းလဲမှုများ၊ စိုက်ပျိုးရေးအခြေပြုထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး၊ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်ရေးနှင့် နိုင်ငံတော်၏ ထောက်ပံ့ကူညီမှုများ ရရှိရေးတို့ကို ဦးတည်သည့် မူဝါဒများနှင့် ဒွန်တွဲဆောင်ရွက်ရမည် ဖြစ်သည်။ သို့သော်လည်း ဆက်တိုက်ကျင့်သုံးခဲ့သည့် ဗဟိုအစိုးရများ၏ မူဝါဒများသည် မြေယာပိုင်ဆိုင်ခွင့်နှင့် အသုံးပြုခွင့်ကို အသိအမှတ်ပြုရာတွင် အာဏာရှိသူ လူနည်းစုကိုသာ မျက်နှာသာပေးထားပြီး၊ ဒေသခံပြည်သူ အများစုကိုမူ တမင်တကာ နစ်နာဆုံးရှုံးစေခဲ့သည်။ ဤဝေဖန်ချက်များသည် ပြည်နယ်အတွင်း နယ်မြေ အမြောက်အမြားကို အုပ်ချုပ်လျက်ရှိသည့် ကေအိုင်အို နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ လက်တွေ့အာဏာကျင့်သုံးနေသည့် အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်နေပါသည်။ ယင်းကပင် တောင်သူအိမ်ထောင်စုများအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များကို ဖြစ်ပေါ်စေခဲ့သည်။ အချို့သော မိသားစုများသည် အကြွေးနွံထဲ ပိုမိုနစ်မွန်းကာ ဘဝမရေရာမှုများနှင့် ရင်ဆိုင်နေရချိန်တွင်၊ အချို့မှာမူ မိသားစုဝင်အားလုံး၏ လုပ်အားကို အစွမ်းကုန် ရုန်းကန်ခိုင်းခြင်းဖြင့် ၎င်းတို့၏ ယိုင်နဲ့နဲ့ လူမှုစီးပွားအခြေအနေကို မပြုတ်ကျအောင် ထိန်းထားရင်း ဆက်လက်ရှင်သန် နေကြရသည်။
မြေယာသိမ်းပိုက်မှု လှိုင်းလုံးများကြောင့် ကချင်ပြည်နယ်ရှိ ကျေးလက်လုပ်သားပြည်သူများသည် “ဆင်းရဲတွင်းနက်စေသော စီးပွားရေးဖွံ့ဖြိုးမှု” (Immiserizing growth) ဟု လူသိများသည့် စနစ်တစ်ခုအောက်တွင် ရှင်သန်နေကြရသည်။ ယင်းစနစ်မှာ လူနည်းစုအတွက်သာ ချမ်းသာကြွယ်ဝမှုများကို တိုးပွားစေပြီး လူဦးရေအများစုကိုမူ ဆင်းရဲနွမ်းပါးမှုဒဏ် ခံစားရစေသည့် စီးပွားရေးပုံစံမျိုး ဖြစ်သည်။ ဤစနစ်က လက်လုပ်လက်စားပြည်သူများကို သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားစွာ ထိခိုက်ပျက်စီးစေ မည်ကို သိလျက်နှင့်ပင် သတ္တုတွင်းများအတွင်းသို့ မဖြစ်မနေ ဝင်ရောက်လုပ်ကိုင်ရန် တွန်းပို့နေသည်။ တစ်ဖက်တွင်လည်း သတ္တုတွင်းကဏ္ဍ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာခြင်းက အခြားသော ဖွံ့ဖြိုးရေး လမ်းစများကို မှေးမှိန်သွားစေသည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် သတ္တုတွင်းလုပ်ငန်းမှ ရရှိလာသော အဆမတန်များပြားလှသည့် အကျိုးအမြတ်များထဲမှ မိမိတို့ဝေစုကို နည်းပါးလှသော လုပ်ခလစာများနှင့် ရခဲလှသော ကံထူးမှုများ အဖြစ်သာရရှိနိုင်တော့သည်။ ထိုရရှိလာသော ငွေကြေးများ သည်ပင် ကျေးလက်အိမ်ထောင်စုများအတွင်းသို့ ပြန်လည်စီးဝင်သွားကြရသည်။
ထို့ကြောင့် မြေယာပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အလေးအနက် ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်သည်။ အခြေခံအားဖြင့် သယံဇာတတူးဖော်ရေးကဏ္ဍမှ ထွက်ပေါ်လာသော ချမ်းသာကြွယ်ဝမှုသည် တောင်သူမိသားစုများနှင့် ဒေသနေပြည်သူအများစု မှီခိုလုပ်ကိုင် နေကျသည့် စိုက်ပျိုးရေးကဏ္ဍမှ ရရှိသည့် ချမ်းသာကြွယ်ဝမှုနှင့် လုံးဝကွာခြားကြောင်း အသိအမှတ်ပြုရမည် ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန် အတွက် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များသည် မြေယာကို ပြန်လည်ခွဲဝေပေးခြင်း သို့မဟုတ် မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းထက် ကျော်လွန်၍ စီးပွားရေးကဏ္ဍတစ်ခုလုံးမှ အကျိုးအမြတ်များကိုပါ မျှတစွာခွဲဝေပေးရန် လိုအပ်ချက်ကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ဥပမာအားဖြင့် စစ်တပ်နှင့် ဆက်နွှယ်နေသော ယုဇနကုမ္ပဏီထံမှ သိမ်းဆည်းထားသည့် မြေယာများကို ဒေသခံပြည်သူများထံ ပြန်လည် လွှဲပြောင်းပေးရန် ကေအိုင်အို ၏ မကြာသေးမီက ကြိုးပမ်းအားထုတ်မှုများသည် ချီးကျူးထိုက်သော လုပ်ရပ်ဖြစ်သည်။ သို့သော်လည်း ထိုသို့ ပြန်လည်ရရှိလာသည့် မြေပေါ်တွင် ပြည်သူများ ရပ်တည်နိုင်ရန် အတွက် နောက်ထပ် ပံ့ပိုးကူညီမှု အစီအမံများစွာ လိုအပ်နေသေးပါသည်။
အနှစ်ချုပ်ရသော် ကချင်ပြည်နယ်မှ ထွက်ရှိသော အဆမတန်များပြားလှသည့် ဓနဥစ္စာများသည် လက်ရှိတွင် မညီမျှသော အာဏာဆက်နွှယ်မှုများအပေါ် အခွင့်ကောင်းယူကာ သဘာဝသယံဇာတများကို ပေါပေါပဲပဲ ထုတ်ယူသုံးစွဲနေသည့် လူနည်းစုတစ်စုလက်ထဲတွင်သာ စုပုံနေပါသည်။ လူမှုရေးမညီမျှမှုနှင့် ပတ်ဝန်းကျင် ပျက်စီးမှုကို ဖြစ်စေသည့် ခေါင်းပုံဖြတ်မှု ပုံစံအားလုံးနှင့် စီးပွားရေးလုပ်ရပ်များကို ရပ်တန့်ရန် အချိန်နှောင်းနေပြီ ဖြစ်သည်။ ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ယခုလို ထိထိမိမိ ပြောကြားခဲ့ပါသည် -
"ကျွန်တော်တို့ ရွာတွေကို သတ္တုတူးဖော်ရေးရန်ကနေ ကာကွယ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဖက်ဒရယ်စနစ် ရတဲ့အချိန်ကျရင် (သိမ်းဆည်း ဖျက်ဆီးခံရလွန်းလို့) ကျန်ခဲ့တဲ့ မြေတောင် ရှိတော့မှာ မဟုတ်ဘူး."19
သူ၏ စကားများသည် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို စဉ်းစားရာတွင် မြေယာဆိုင်ရာ မေးခွန်းမှာ မည်မျှအရေးကြီးကြောင်း ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်လာသော ပြည်တွင်းစစ် သံသရာ၊ နိုင်ငံတော်ပြိုပျက်မှုနှင့် မြေယာသိမ်းပိုက်မှု လှိုင်းလုံးများကြားကို ပြည်သူများ ခက်ခဲစွာ ဖြတ်သန်းနေကြရသည်။ ကျွန်မတို့၏ လူ့အဖွဲ့အစည်းသည် ရေရှည်တည်တံ့ပြီး တိုးတက်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် အများပါဝင်နိုင်သော ပြုပြင်ပြောင်းလဲမှုများမှာ ယခင်ကထက်ပင် ပိုမိုလိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် မြေယာပြုပြင်ပြောင်းလဲရေးကို အလေးထားဆောင်ရွက်ရန်မှာ အလွန်အရေးကြီးပြီး၊ ဤလုပ်ငန်းစဉ်ကို စတင်ရန် ယခုထက် ပိုမိုအရေးတကြီး လိုအပ်သည့်အချိန်ဟူ၍ မရှိတော့ပါ။