စတုတ္ထအကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်

လွိုင်ကော်၊ ကယားပြည်နယ်၊ ၂၀၁၆ ခုနှစ် မေလ ၇ ရက်နေ့
10 May 2016
Report

ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ကယား၊ ကယန်း ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ကချင်ဘိန်းစိုက် တောင်သူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့ နေ့တဓူဝရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဆွေးနွေးတိုင်ပင်ရန်၊ အတွေ့အကြုံများကို နှီးနှောဖလှယ်ရန်နှင့် မိမိတို့ ကြုံတွေ့ရလျက်ရှိသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် မြန်မာနိုင်ငံရှိ ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်၌ အတူတကွ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

ကျွန်ုပ်တို့အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသစ်ထံသို့ အောက်ပါအကြံပြု ထောက်ခံချက်များကို ဆွေးနွေးတင်ပြအပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် အလွန်ဆင်းရဲကျပ်တည်းလျက်ရှိသဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းရန်နှင့် သားသမီးများ၏ ပညာရေးကို အထောက်အကူပြုပေးနိုင်သည့် အခွင့်အလမ်းများမရှိသည့်အပြင် ရိုးရာအစဉ်အလာနှင့် ဆေးဖြစ်ဝါးဖြစ်အသုံးပြုရန်အတွက် ဘိန်းကို စိုက်ပျိုးကြရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာ၌ ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများလည်း မဟုတ်သဖြင့် ရာဇ၀တ်သားများလည်း မဟုတ်ပါ။

အစိုးရသစ်အနေဖြင့် ရေရှည်တည်တံ့ခိုင်မာသည့် အစားထိုးသီးနှံအစီအစဉ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို မဖော်ဆောင်ပေးနိုင်သမျှ ကာလပတ်လုံး အတင်းအဓမ္မ ဘိန်းတိုက်ဖျက် ခြင်းမျိုးကို ရှောင်ကြဉ်သင့်သည်။ အထူးသဖြင့် ဘိန်းရိတ်သိမ်းရာသီမျိုး၌ တိုက်ဖျက်ခြင်းခံရပါက အခြားသီးနှံများစိုက်ပျိုးရန် နောက်ကျသွားပြီဖြစ်သကဲ့သို့ ကျွန်ုပ်တို့အနေဖြင့်လည်း အရင်းအနှီးနှင့် လုပ်အား စိုက်ထုတ်ခဲ့ရပြီးဖြစ်သောကြောင့် အလွန်ဆုံးရှုံးနစ်နာရပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဘိန်းကို စီးပွားဖြစ်အကြီးအကျယ် စိုက်ပျိုးခြင်းမဟုတ်ပဲ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းရန်အတွက်သာ စိုက်ပျိုးကြရခြင်းဖြစ်ပါသည်။ ထို့ပြင် အချို့သောဒေသများ၌ ရိုးရာအစဉ်အလာနှင့် ဆေးဝါးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ဘိန်းစိုက်ပျိုးကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ကဲ့သို့သော တစ်နိုင်တစ်ပိုင်တောင်သူများနှင့် စီးပွားဖြစ်အကြီးအကျယ်စိုက်ပျိုးသူ/ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ များကို ခွဲခြားရှုမြင်ရန် အလွန်အရေးကြီးပါသည်။

ကျွန်ုပ်တို့၏ ဘိန်းခင်းများကိုသာ ဖျက်ဆီးခြင်း၊ တံစိုးလက်ဆောင်တောင်းခံခြင်းနှင့် တရားမ၀င် အခွန်ကောက်ခံခြင်းများကို ပြုလုပ်မည့်အစား အစိုးရအနေဖြင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်မည့် အခြေခံဝန်ဆောင်မှုများကို ရေရှည်ထောက်ပံ့ပေးသင့်သည်။ အခြေခံလိုအပ်ချက်များ ဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုများ၊ လျှပ်စစ် ဓာတ်အား၊ လမ်း/တံတား၊ ရေနှင့် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် ဖြည့်ဆည်း ထောက်ပံ့သင့်သည်။ အစိုးရအနေဖြင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းပုံစံမျိုးဖြင့် ဘိန်းစိုက် တောင်သူများ ရပ်တည်နိုင်မည့်အချိန်ထိ ကာလအတိုင်းအတာတစ်ခုသတ်မှတ်၍ ဘိန်းစိုက်ပျိုးမှုကို ခွင့်ပြုပေးသင့်သည်။ အစားထိုးသီးနှံများသည် ဒေသရေမြေအနေအထားနှင့် ကိုက်ညီမှုရှိရန် လို အပ်သကဲ့သို့ ခိုင်မာသည့်ဈေးကွက်များလည်း အရန်သင့်ရှိရန် လိုအပ်သည်။

အစိုးရအနေဖြင့် တည်ဆဲမူးယစ်ဆေးဝါးဥပဒေများကို ပြန်လည်သုံးသပ်၍ ပတ်သက်ဆက်နွယ်သူ အားလုံး သဘောတူလက်ခံနိုင်သည့် မူဝါဒမျိုး ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သည်။ ယင်းသို့ရေးဆွဲပြင် ဆင်ရာတွင်လည်း ဒေသခံတောင်သူများ၏ သဘောထားများကို နားထောင်၍ ဦးစွာဆွေးနွေးတိုင် ပင်ရန် လိုအပ်သည်။ မူဝါဒကို အောက်ခြေမှ အထက်ချဉ်းကပ်လုပ်ဆောင်မှုပုံစံဖြင့်သာ ရေးဆွဲပြင် ဆင်သင့်ပါသည်။

မြေယာလုပ်ပိုင်ခွင့် အာမခံချက်မရှိခြင်းကြောင့် အချို့သောရပ်ရွာလူထုများက မိမိတို့၏ အသက် ရှင်ရပ်တည်ရေးနည်းလမ်းတစ်ခုအနေဖြင့် ဘိန်းကိုမတတ်သာ၍ ရွေးချယ်ရခြင်းဖြစ်သည်။ အစိုးရ သည် တိုင်းရင်းသားများနှင့် ၎င်းတို့၏ထုံးတမ်းဓလေ့ဆိုင်ရာ မြေယာလုပ်ပိုင်ခွင့် အခွင့်အရေးများကို အသိအမှတ်ပြုပေးသင့်သည်။ တည်ဆဲမြေယာဥပဒေသများကို ပြုပြင်ပြောင်းလဲပစ်ရန် လိုအပ်ပါ သည်။

ဘိန်းစိုက်ပျိုးမှုအတွင်း အစဉ်အဆက် ပါဝင်ပတ်သက်လာခဲ့ကြသည့် အချို့သော ရပ်ရွာလူထုများ အကြား ပျံ့နှံ့အမြစ်တွယ်လျက်ရှိသည့် ရိုးရာအစဉ်အလာနှင့် ဆေးဖြစ်ဝါးဖြစ် ဘိန်းအသုံးပြုမှုကို အစိုးရမှ အသိအမှတ်ပြုပေးစေလိုပါသည်။ တစ်ကိုယ်ရေသုံးစွဲမှုအတွက် ဘိန်းကို ပမာဏအတိုင်း အတာ သတ်မှတ်၍ ခွင့်ပြုပေးသင့်ပါသည်။ အစိုးရအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်ရှိ ဆေးဝါးကုသရေးနှင့် ထုတ်လုပ်ရေးအတွက် ဘိန်းကို တရားဝင်လိုင်စင်ဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်မည့် နည်းလမ်းများကို ကျွန်ုပ်တို့နှင့်အတူ ဆွေးနွေးအဖြေရှာပေးစေလိုပါသည်။ ကမ္ဘာတစ်လွှားရှိ အိန္ဒိယ ကဲ့သို့သော အခြားနိုင်ငံများ၌ ထိုကဲ့သို့သော နည်းလမ်းများကို ကျင့်သုံးလျက်ရှိပါသည်။ သို့ဖြစ်၍ ယင်းနည်းလမ်းများကို မြန်မာနိုင်ငံအတွင်း၌ ကျင့်သုံးနိုင်ခြင်းရှိမရှိ စူးစမ်းလေ့လာရန် တောင်းဆိုလိုပါသည်။

ကျွန်ုပ်တို့အကြားရှိ အချို့သောရပ်ရွာလူထုများသည် ဆိုးရွားသည့် မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာ ရပ်များကို တွေ့ကြုံခံစားရလျက်ရှိသည်။ ထိုကဲ့သို့သော ပြဿနာရှိသည့် မူးယစ်ဆေးဝါးသုံးစွဲသူ များအတွက် အဓိပ္ပာယ်ပြည့်ဝသည့် ကျန်းမာရေးနှင့် အခြားလိုအပ်သော ၀န်ဆောင်မှုများကို အစိုးရ မှ ဖော်ထုတ်ပေးအပ်ရန် တောင်းဆိုလိုပါသည်။

နိုင်ငံငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့မှ အောက်ပါအတိုင်း အကြံပြုထောက်ခံလိုပါသည်။

ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့အများစုသည် လက်နက် ကိုင်ပဋိပက္ခဒဏ်သင့် ဒေသများတွင် နေထိုင်လျက်ရှိသူများဖြစ်သည်။ ဤနယ်မြေဒေသများ၌ အခြားသီးနှံများ စိုက်ပျိုးရန်အလွန်ခက်ခဲပါသည်။ ကျွန်ုပ်တို့နယ်မြေဒေသများသည် အစိုးရ၏ အခြေခံဝန်ဆောင်မှုများမရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသော ဒေသများဖြစ်သည်။ သို့ဖြစ် ၍ ကျွန်ုပ်တို့အား နိုင်ငံသားအချင်းချင်း တန်းတူညီမျှသဘောထားရန် လိုလားပါသည်။ တန်းတူညီ မျှမှု မရှိသရွေ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေးမရနိုင်ပါ။ ငြိမ်းချမ်းရေးမရှိသရွေ့ ဖွံ့ဖြိုးတိုးတက်ရန် မ ဖြစ်နိုင်ပါ။

မူးယစ်ဆေးဝါးနှင့် ပဋိပက္ခအကြား ပုံစံအမျိုးမျိုးဖြင့် ဆက်နွယ်ပတ်သက်လျက်ရှိသည်။ ကျွန်ုပ်တို့အ နေဖြင့် အစိုးရအရာရှိများနှင့် တပ်မတော်အပါအ၀င် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာကို ဘိန်းခွန် ဆောင်ရပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကြောင့် အ နှောက်အယှက် မဖြစ်သင့်ပါ။ အချို့သောလက်နက်ကိုင် အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွင်း ပါဝင်ပတ်သက်လျက်ရှိပါသည်။ ပြည်သူ့စစ်တပ်ဖွဲ့များ၏ ရွှေခေတ်ဟုပင် ဆိုနိုင်ပါသည်။ ၎င်းတို့ကို မူးယစ်ဆေးဝါးထုတ်လုပ်ရန်နှင့် ကုန်ကူးရန်အတွက် တပ်မတော်မှ တရားဝင်လုပ်ပိုင်ခွင့်ပေးထားသကဲ့သို့ ထင်မှတ်ရပါသည်။ မူးယစ်ဆေးဝါးကုန်ကူးသူ အများအပြား သည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အချိတ်အဆက်ရှိသည့် လက်နက်ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် မူးယစ်ဆေးဝါးဆန့်ကျင်ရေး မူဝါဒများ ချမှတ်ထားကာ ကျွန်ုပ်တို့၏ ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးလျက်ရှိသည်။ ထိုကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်းများသည် မူးယစ်ဆေးဝါးစီးပွားရေးအတွင်း ပါဝင်ပတ်သက်လျက်ရှိသည့် ပြည်သူ့စစ်များအပြင် အခြားအဖွဲ့အစည်းများနှင့်လည်း တခါတရံ ထိတွေ့တိုက်ခိုက်လေ့ရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လုပ်ငန်းများအနေဖြင့် မူးယစ်ဆေးဝါး စီးပွာရေးအတွင်း ပါဝင် ပတ်သက်လျက်ရှိသည့် အဓိကဇာတ်ကောင်များနှင့် အကြီးစားမူးယစ်ဆေးဝါးကုန်သည်များကို ဦး တည်ပစ်မှတ်ထားသင့်သည်။ လက်တွေ့၌ အစိုးရသည် ထိုကဲ့သို့သော အကြီးစားမူးယစ်ရာဇာများ ကို မူးယစ်ဆေးဝါး လွတ်လွတ်လပ်လပ် ကုန်ကူးခွင့်ပြုထားပြီး စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုး သူများကိုသာ ပစ်မှတ်ထားလျက်ရှိသဖြင့် လုံးဝမှားယွင်းနေပါသည်။ တစ်နိုင်တစ်ပိုင်ဘိန်းစိုက် တောင်သူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများသည် ရာဇ၀တ်သားများ မဟုတ်သောကြောင့် ထိုသို့ ဆက်ဆံရန် ထိုက်တန်သူများ မဟုတ်ပါ။ မိမိတို့၏ နေ့တဓူ၀၀မ်းရေး ပြဿနာများကို ဖြေရှင်းရန်အ တွက် အကူအညီလိုအပ်နေသူများသာဖြစ်သည်။ .

ဤပြဿနာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးစ ကားဝိုင်း၌ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာမည့် သီးခြားအစီအစဉ်တစ်ခု ထည့်သွင်းရန် လိုအပ်သည်။ အစီအစဉ်များအတွင်း ဘိန်းစိုက်တောင်သူများ၏ ကိုယ်စားပြုပါဝင်မှု အပြည့်အ၀ရှိရန် လိုအပ်ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးပွဲများ၌ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံဘိန်းစိုက် တောင်သူများညီလာခံ ကိုယ်စားလှယ်များလည်း ကိုယ်စားပြုပါဝင်ခွင့်ရှိရန် လိုအပ်သည်။