မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

ခြွင်းချက်စာပိုဒ်တစ်ခုက ၂၁ ရာစု ပင်လုံညီလာခံအပေါ် ယုံကြည်စိတ်ချမှု ပြန်ရလာစေ နိုင်မလား။ စိုင်းဝမ်းစိုင်း
08 October 2018
Article

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များ အလုပ်မဖြစ်သဖြင့် လက်ရှိအချိန်၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည်။

Kachin traditional manao dance in northern Shan State
Kachin traditional manao dance in northern Shan State / Photo credit Tom Kramer

နိဒါန်း

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုလုပ်ငန်းစဉ်သည် ရှေ့ဆက်မရွေ့ဘဲ တိုးတက်မှုဆိတ်သုဉ်း နေဆဲဖြစ်သည်။ ၁၄ လခန့် နှောင့်နှေးကြန့်ကြာသွားပြီးနောက် အနည်းငယ်အပြုသဘောဆောင်သည့် အရွေ့ကို ဆောင် ကျဉ်းမည့် ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ(UPC-21CP)” ကို ယခုနှစ် ဇူလိုင်လလယ်၌ နေပြည်တော်တွင် စီစဉ်ကျင်းပခဲ့သည်။ ထိုသို့ ကျင်းပခဲ့လင့်ကစား အဓိကကျသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ သယံဇာတအရင်းအမြစ်ခွဲဝေသုံးစွဲရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးကဲ့သို့သော ကိစ္စရပ်များပါဝင်မှုမရှိခဲ့ပေ။ တကယ်တမ်း၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ် သည့် သာမညောင်ညကိစ္စ(၁၄)ရပ်ကိုသာ ဆွေးနွေးသဘောတူနိုင်ခဲ့ကြသည်။ အဆိုပါအချက်များကို ယမန်နှစ် UPC-21CP အစည်းအဝေး၌ တစ်စိတ်တစ်ပိုင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် “ပြည်ထောင်စု သဘောတူညီချက်”အတွင်း ထည့်သွင်းပေါင်းစပ်ခဲ့ကြသည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ပင် ပြည်ထောင်စုသဘောတူညီချက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အ လက်များသည်လည်း အလွန်ရှုပ်ထွေး၍ ၀ိရောဓိဖြစ်နေဆဲဖြစ်သည်။ နယ်စပ်ဒေသတစ်လွှား၌ အာရှဒေသ၏ အရှည်ကြာ ဆုံးသော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် လက်ရှိအချိန်ထိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး မည်သည့်အရပ်သို့ အမှန်တကယ်ဦးတည်လျက်ရှိကြောင်း သတ်မှတ်ဆုံးဖြတ်နိုင်ရန် အလွန်ခက်ခဲနေဆဲ ဖြစ်သည်။

ဤကဲ့သို့သော အတိတ်၏ အရိပ်ဆိုးသက်ရောက်မှုများက နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့အနာဂတ်အတွက် အတားအဆီးပေါင်းများစွာ ပေါ်ပေါက်လာစေခဲ့သည်။ ယင်းတို့အနက် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ သည့် ၁၉၄၈ ခုနှစ်မှစ၍ ဖြစ်ပွားလာခဲ့သည့် ခါးသီးသည့်ပြည်တွင်းစစ်ကာလများအတွင်း စစ်မှန်၍ တစ်နိုင်ငံလုံးကို လွှမ်းခြုံ မှုရှိသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ဖော်ဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ်လာခဲ့သည်။   

ဝမ်းနည်းဖွယ်ကောင်းသည့်အချက်မှာ ခေတ်သစ်နိုင်ငံရေးမျက်နှာစာ၌လည်း အလားတူပျက်ကွက်မှုမျိုး ဆက်လက်ဖြစ်ပွား နေခြင်းပင်ဖြစ်သည်။ ယခုတစ်ကြိမ် ပျက်ကွက်မှုသည် ရှေ့တန်းနယ်မြေများ၌ ပဋိပက္ခချုပ် ငြိမ်းအောင် မစွမ်းဆောင်နိုင် ခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၌ “အားလုံးကို ပါဝင်ဆောင်ရွက်စေမှု”မရှိခြင်းနှင့် နိုင်ငံကို အတူထုဆစ်ပုံဖော်နိုင်စေမည့် “ဘုံရည်မှန်းချက်ပန်းတိုင်များ” ရှာဖွေဖော်ထုတ်ရာ၌ အောင်မြင်မှုမရှိခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ထိုကဲ့သို့သော ဘုံရည်မှန်းချက်ပန်းတိုင်များ ပျောက်ဆုံးနေပါက “အများအကျိုးကိုရှေးရှုသည့်ဝါဒ”ပေါ် အခြေခံထားသည့် “သူမသာ ကိုယ် မနာ”ရလဒ်မျိုး ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လိုသည့် “နိုင်ငံရေးဆန္ဒ” ခိုင်မာအားကောင်းလာအောင် ဆောင် ရွက်နိုင်လိမ့်မည်မဟုတ်ပါ။ ယနေ့အချိန်ထိ မတူကွဲပြားသည့် ပါတီများနှင့် လူထုလူတန်းစားများအကြား နိုင်ငံရေးအမြင် သဘောထားများနှင့် ရည်မှန်းချက်ပန်းတိုင်များအပေါ် ရှုမြင်သည့်သဘောထား အမျိုးမျိုးကွဲပြားနေဆဲဖြစ်သည်။

ငြိမ်းချမ်းသည့် ဖြေရှင်းရေးနည်းလမ်းများအတိုင်း ဖော်ဆောင်ရာ၌ စိန်ခေါ်မှုအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ရ လျက်ရှိသည့် ပဋိပက္ခဒဏ်သင့်နိုင်ငံများ၌ မြန်မာနိုင်ငံတစ်ခုတည်းသာ ထူးကဲနေခြင်းမဟုတ်ကြောင်း ဂရုပြုသင့်ပါသည်။ အခြားကမ္ဘာ့တိုင်းနိုင်ငံ အမြောက်အများ၌လည်း ပဋိပက္ခဖျန်ဖြေရေးဆိုင်ရာ အကျပ်အတည်းများကို လေ့လာဆန်းစစ်မှု တစ်နေ့တစ်ခြားတိုးပွားလာလျက်ရှိသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးသုတေသနပြုမှု သဘောတရားပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက “ငြိမ်းချမ်းရေးသဘောတူညီချက်များ”နှင့် “ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း”တို့ အတူပေါင်းစပ် လည်ပတ်သည့် ရှုထောင့်မှတစ်ဆင့် တိုင်းပြည်၏ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာ၌ ပေါ်ထွက်လာသည့် စိန်ခေါ်မှုများကို ဦးတည်ချဉ်းကပ်မှုမြင့်တက်လာနေသည်။ တစ်နည်းဆိုရသော် ပဋိပက္ခဖျန်ဖြေရေးနှင့်ပတ်သက်၍ လက်ရှိအချိန်၌ “ငြိမ်း ချမ်းရေးတည်ဆောက်မှုကိရိယာ” တစ်ခုအဖြစ် “ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း” ရေးဆွဲပြုစုသည့်လုပ်ငန်းစဉ်ကို အသုံးပြု၍ ရရှိလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ငြိမ်းချမ်းရေးပဋိဉာဉ်မူ”အဖြစ် ချဉ်းကပ်ဖော်ဆောင်သည့် အခင်းအကျင်းသို့ ဦး တည်လာနေသည်။ ထိုကဲ့သို့သော မဟာဗျူဟာသာဓကများအနေဖြင့် အီရတ်၊ အာဖဂန်နစ္စတန်နှင့် နိပေါနိုင်ငံတို့ကို ကြည့် ရှုနိုင်ပါသည်။

ဤသုံးသပ်ချက်အတွင်း “ခြွင်းချက်အပိုဒ်ငယ်”တစ်ခု အသုံးပြုခြင်းအပါအ၀င် “ငြိမ်းချမ်းရေးသဘောတူညီချက်များ”နှင့် “ဖွဲ့ စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး” ကဲ့သို့သောအတွေ့အကြုံများကို နားလည်သဘောပေါက်မှုရှိအောင် လေ့လာသုံး သပ်ခြင်းအားဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရာ၌ များစွာအကျိုးပြုလိမ့်မည်ဟု ကျွန်ုပ်အနေ ဖြင့် အခိုင်အမာဆွေးနွေးတင်ပြလိုပါသည်။ ဤနည်းအားဖြင့် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် အတားအဆီးပေါင်းများ စွာကို ရင်ဆိုင်ဖြေရှင်းလာနိုင်ပါလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် လက်ရှိငြိမ်းချမ်းရေးအစီအစဉ်သည် အဘယ်ကြောင့် တိုးတက်မှုဆိတ်သုဉ်းသည့်အဆင့်သို့ ရောက်ရှိသွားရခြင်းဖြစ်ကြောင်း သိမြင်နားလည်စေရန် နောက်ကွယ်မှ မောင်းနှင် အားများကို ဦးစွာကြည့်ရှုသုံးသပ်ရန် လိုအပ်ပါလိမ့်မည်။ ဤစင်္ကြန်မှနေ၍ နောက်တစ်ဆင့်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာ ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ရာ၌ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်း များကို ထဲထဲဝင်ဝင် သုံးသပ်ပြင်ဆင်လာနိုင်ပါလိမ့်မည်။          

 

နောက်ခံနိုင်ငံရေးအကျဉ်း

 

မြန်မာနိုင်ငံ၏ တိုင်းရင်းသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ခေတ်သစ်ကမ္ဘာ့မျက်နှာစာ၌ အရှုပ်ထွေးဆုံးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ကာလယန္တရားအရ ကြည့်မည်ဆိုပါက သမ္မတသိန်းစိန်၏ ဦးဆောင်မှုဖြင့် အစိုးရဖြစ်လာသည့် အရပ်သားတစ် ပိုင်းစစ်အစိုးရ စတင်အာဏာရလာသည့် ၂၀၁၁ ခုနှစ် မတ်လမှ စတင်ခဲ့သည်ဟုဆိုရပါလိမ့်မည်။ သို့သော်လည်း နိုင်ငံ၏ နယ်မြေဒေသအများအပြား၌ ယခင်စစ်အစိုးရဟောင်းနှင့် တိုင်းရင်းသာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EAOs)အကြား ချုပ်ဆိုခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ရှိနှင့်ပြီးဖြစ်ကြောင်း ဂရုပြုမိရန် အရေးကြီး ပါသည်။ အချို့သောသဘောတူစာချုပ်များသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတစ်လွှားရှိ ကိုးကန့်၊ ‘၀’၊ ရှမ်းနှင့် ကချင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(န၀တ)တို့အကြား ၁၉၈၉ ခုနှစ်ဝန်းကျင်ခန့်က ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်များဖြစ်သည်။ နောက် ပိုင်းနှစ်များ၌ အပစ်ရပ်ထားသည့် EAOs များသည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြင်ဆင်မည့် အမျိုးသားညီ လာခံသို့ တက်ရောက်ခဲ့ကြသည်။ ဤလုပ်ငန်းစဉ်ကို န၀တအစိုးရက ၁၉၉၃ ခုနှစ်၌ စတင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းကို ဆက်ခံသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(နအဖ)က နောင်(၁၅)နှစ်အကြာ ၂၀၀၈ ခုနှစ် ရောက်ခါမှ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အရေးကြီးသည့်အချက်အနေဖြင့် အသစ်ရလာသည့် ပဋိဉာဉ်မူသစ်အပေါ် အပစ်ရပ်ထားသည့် EAOs အများအ ပြားက ကျေနပ်အားရခြင်းမရှိခဲ့ဘဲ နအဖအစိုးရက အပစ်ရပ်ထားသည့် အဖွဲ့အစည်းများအားလုံး တပ်မတော်၏ ထိန်းချုပ်မှု အောက်တွင်ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့များ(BGFs)အဖြစ် အသွင်ကူးပြောင်းရန် တစ်ဖက်သတ်တောင်းဆိုခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလမှစ၍ အခြေအနေပိုမိုဆိုးရွားလာတော့သည်။ ဤကဲ့သို့ တပ်မတော်၏ ထိန်းချုပ်မှုအောက် တရားဝင် ထားရှိရန် ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံရေးမျှော်မှန်းချက်များနှင့် ဆုံးရှုံးနစ်နာမှုများကို ပြေလည်သွားစေခြင်းမရှိဘဲ EAOs များကို ပိုမိုသေးငယ်သည့် အဖွဲ့ငယ်လေးများအဖြစ် ပြိုကွဲပြောင်းလဲသွားစေသည့် သက်ရောက်မှုကိုသာ ဖြစ်ပေါ်လာ စေခဲ့သည်။ သို့ဖြစ်၍ အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့အစည်းများက အဆိုပါအဆိုကို ငြင်းဆန်ခဲ့ပြီးနောက် ရှမ်း ပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအခြေစိုက် အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)အား တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီး မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတစ်လွှား လက်နက်ကိုင်ပဋိပက္ခတစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တော့သည်။

တိုင်းရင်းသားနိုင်ငံရေးဇာတ်ခုံပေါ်၌ ထင်သာမြင်သာရှိသည့် အခက်အခဲများ၌ ဖော်ပြပါကိစ္စများချည်း သက်သက်သာပါဝင် သည်တော့မဟုတ်ပေ။ ဦးသိန်းစိန်အစိုးရလက်ထက် အသွင်ကူးပြောင်းရေးကာလအတွင်း န၀တ/နအဖအစိုးရနှင့် အပစ်အ ခတ်ရပ်စဲခဲ့ခြင်းမရှိသည့် ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်းနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်သည့် နယ် စပ်ဒေသအများအပြား၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ထိုကဲ့သို့ အငြင်းပွားရသည့် အထူးကိစ္စ ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ တပ်မတော်ဟု အများသိကြသည့် အစိုးရစစ်တပ်၏ အမျိုးသားနိုင်ငံရေးဇာတ်ခုံ၌ “ဦးဆောင်အခန်းကဏ္ဍ”မှ အမြဲတမ်းပါဝင်နိုင်စေရန် ပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်ကြောင့်ပင်ဖြစ်သည်။      

သို့ပါသောကြောင့် နောက်ပိုင်းစနစ်အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အပစ်ရပ်သူရော အပစ်မရပ်သူ ရော ပါဝင်လျက်ရှိသည့် အင်အားစုနှစ်ဖက်စလုံးမှ မူလတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ပေါင်း(၁၁) ဖွဲ့သည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကို ဖွဲ့စည်းတည်ထောင်ရန်အတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ၌ တွေ့ဆုံစည်းဝေးခဲ့ကြပြီး အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမည့် ဘုံမဟာဗျူဟာတစ်ရပ်ကို ရေး ဆွဲပြင်ဆင်ခဲ့ကြသည်။ 

ရလဒ်အနေဖြင့် ဦးသိန်းစိန် အာဏာရခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ၌ စစ်ရေးအရရော နိုင်ငံရေးအသွင်ကူးပြောင်းမှုအရရော စိန်ခေါ်မှုပေါင်း ဒုနှင့်ဒေးရှိနေခဲ့ကြောင်း မြင်သာခဲ့သည်။ တပ်မတော်လိုလားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ(USDP)နှင့် တပ်မတော်ပေါင်းစပ်ထားသည့် ဟိုမရောက်ဒီမရောက်အစိုးရတစ်ရပ်ဖြစ်လာသဖြင့် ၎င်း၏အုပ်ချုပ်ရေးသည် ယခင်စနစ်၏ အစိတ်အပိုင်းများနှင့် အပြောင်းအလဲတစ်ချို့ရောထွေးနေခဲ့သည်။ အနာဂတ်ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ် ရာအကောင်းဆုံး ကိစ္စရပ်မှာ တပ်မတော်၏ BGF အမိန့် ဆိုးဆိုးရွားရွား ငြင်းပယ်ခံလိုက်ရသည့် မြန်မာနိုင်ငံအရှေ့မြောက် ပိုင်းဒေသတစ်လွှား နိုင်ငံရေးတင်းမာမှု ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် ဂျွန်လအရောက်တွင် တပ်မတော်၏ စစ် ရေးလှုပ်ရှားမှုများ တစ်ကျော့ပြန်အသက်ဝင်လာပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နှင့် ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်သွားခဲ့သည်။ တိုက်ပွဲနယ်ကျယ်ပြန့်လာသည်နှင့်အမျှ တအာန်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)သည်လည်း လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့ပြန်သဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မ တော်(SSPP/SSA)နှင့် ချုပ်ဆိုထားခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည်သာ ဆက်လက်တည်တံ့ရုံ ရှင်ကျန်ရစ်ခဲ့သည်။ ထို့ အပြင် တိုင်းပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် အဓိပ္ပာယ်ပြည့်ဝသည့် ပြုပြင်ပြောင်းလဲရေးကို ရှာဖွေသည့်အနေ ဖြင့် KIO၊ MNDAA နှင့် TNLA တို့၏ မဟာမိတ်အဖြစ် မြောက်ပိုင်းနယ်စပ်ဒေသ၌ တပ်ဖွဲ့သစ်တစ်ခုဖြစ်သည့် ရက္ခိုင့်အမျိုး သားတပ်မတော်(AA) ထွက်ပေါ်လာခဲ့သည်။

ဤအခြေအနေများက ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးခြေလှမ်းသစ်ကို နောက်ပြန်ဆွဲ၍ အဆိုးဖက်သို့ ဦးတည်သွားစေခဲ့သည်။ နိုင်ငံ၏မြောက်ပိုင်းဒေသတစ်လွှား ငြိမ်းချမ်းရေးပြိုကွဲမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် န၀တ/နအဖခေတ်တစ်လျှောက် ကြံ့ကြံ့ ခံရပ်တည်ခဲ့ကြသည့် အစိုးရဆန့်ကျင့်ရေးအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံရှိနေသည့် နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသသည် ဦးသိန်းစိန်၏ အထူးအလေးထား အာရုံစိုက်သည့် ဒေသဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ၌ ဦးသိန်းစိန်သည် BGF အဆိုကို လက်ခံစရာမလိုဘဲ အစိုး ရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး တွေ့ဆုံစကားပြောကြရန် ကမ်းလှမ်းခြင်းဖြင့် “တိုင်းရင်းသားပဋိပက္ခကို နိုင်ငံ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်”အဖြစ် ကြေညာမောင်းခတ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်ကို စတင်အသက်သွင်းခဲ့သည်။ နောက်ပိုင်းနှစ်များ၌ နိုင်ငံတကာ၏ အားပေးထောက်ခံမှုနှင့်အတူ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မ တော်(RCSS/SSA)တို့၏ အပစ်အခတ်ရပ်စဲမှုအပါအ၀င် နယ်စပ်ဒေသအများအပြားမှ ဤကမ်းလှမ်းချက်ကို အပြုသဘော ဆန်ဆန် တုန့်ပြန်ခဲ့ကြသည်။ 

သုံးနှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၌ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA)၌ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းပေါင်း(၈)ဖွဲ့၏ သဘောတူလက်မှတ်ရေးထိုးမှုနှင့် အတူ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးခြေလှမ်းသစ်သည် အမြင့်ဆုံးရေချိန်သို့ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ပြည်နယ်အ ဆင့်အပစ်အခတ်ရပ်စဲထားသည့် KNPP၊ SSPP/SSA နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကဲ့သို့သော အ ဖွဲ့အစည်းများအပါအ၀င် အရေးပါသည့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအများစု သဘောတူလက် မှတ်ရေးထိုးခဲ့ခြင်းမရှိသဖြင့် နယ်စပ်ဒေသအများအပြား၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဤအ ချက်သည် NCA ၏ အများယုံကြည်လက်ခံမှုကို အရှိုက်ထိုးခံလိုက်ရခြင်းဖြစ်သည်။ အလားတူအရေးပါသည့် ကိစ္စရပ်အနေ ဖြင့် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ ကြံ့ခိုင်ရေးပါတီသည် နောက်တစ်လအကြာ၌ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အလဲထိုးခံလိုက်ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဦးသိန်းစိန်၏ နှုတ်ဆက်ထွက်ခွာ မှုအတွက် သံချောင်းခေါက်သံနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ပြေလည်မှုမရှိဘဲ တစ်ခန်းရပ်သွားခဲ့သည်။  

 

NCA နှင့် UPC-21CP ပဟေဠိ

 

ဤကဲ့သို့သော ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်ရန် အလွန်ခက်ခဲလာသည်။ အမှန်တကယ်လည်း နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် အရောင်စုံပြည်သူ့စစ်တပ်ဖွဲ့များဖြင့် သပွတ်အူကဲ့သို့ ရှုပ်ထွေး လျက်ရှိသဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွင်း ပါဝင်ဆောင်ရွက်နိုင်သည့် “EAOs”များအဖြစ် စာရင်းဝင်ရန် မည်သည့်အဖွဲ့၌ မည်မျှအင်အားရှိရမည်/ရှိသင့်သည်ဟု သတ်မှတ်ဆုံးဖြတ်ရန် အလွန်ခက်ခဲသည်။  ဥပမာ အားဖြင့် ၂၀၁၁ ခုနှစ်မှစတင်ခဲ့သည့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်များအ ဖြစ် အဓိကဇာတ်ကောင်များက ယေဘုယျအားဖြင့် သဘောတူလက်ခံခဲ့သည့် သို့မဟုတ် ဖော်ပြခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း(၂၁)ဖွဲ့ရှိခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်လိုကြသည့် ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများ(EPPs)အနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်နည်း ဟူသည့်မေးခွန်းကို မေးစရာရှိလာပြန်သည်။ မည်သို့ဆိုစေ ယနေ့အချိန်ထိ အားလုံးပါဝင်မှုရှိသည့် သို့မဟုတ် စုပေါင်းလုပ် ဆောင်သည့် လုပ်ငန်းစဉ်မျိုးမရှိခဲ့ဖူးချေ။

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ရွေးကောက်ပွဲမဲဆွယ်ကာလတွင်း ပါဝင်ဆောင်ရွက်စေခြင်းနှင့် ကိုယ်စားပြုပါဝင် မှုဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ၎င်းတို့ဖက်မှ ကြေညာမောင်းခတ်ခဲ့သည်။ သို့သော်လည်း ပါတီမှ အာဏာလွှဲပြောင်းရယူခဲ့သည့် ၂၀၁၆ မတ်လနောက်ပိုင်း၌ အခြေအနေအရပ်ရပ်သည် ယခင်အတိုင်း အငြင်းပွားဖွယ်ရာဖြစ် နေဆဲပင်ဖြစ်သည်။ နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် အစဉ်အဆက်အာဏာဆက်ခံခဲ့ကြသည့် အစိုးရများ၏ အကျိုး သက်ဆိုင်ပါဝင်သူအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းက အကြီးမားဆုံး သော အဟန့်အတားတစ်ခုဖြစ်လာခဲ့သည်။ MNDAA နှင့် UWSA တို့ ပထမဦးဆုံးအကြိမ် အပစ်အခတ်ရပ်စဲခဲ့သည့် ၁၉၈၉ ခုနှစ်မှစ၍ အာဏာဆက်ခံခဲ့ကြသည့် နောက်ပိုင်းအစိုးရအဆက်ဆက်၏ ပျက်ကွက်မှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပဋိပက္ခအခင်းအကျင်းသည် မတူကွဲပြားသည့် တည်နေရာအနေအထားအလိုက် အစိတ်စိတ်အမွှာမွှာ ဆက်လက်ပြန့်ကျဲ နေဆဲဖြစ်သည်။

ရှောင်လွှဲမရသည့် ဤ၀ိရောဓိသည် ပြည်တွင်းငြိမ်းချမ်းရေးကို အားပေးမြှင့်တင်သည့် ခြေလှမ်းများကို ယိုင်နှဲ့သွားစေလျက် ရှိသည်။ လတ်တလောအဖြစ်ဆုံးဥပမာမှာ ဦးသိန်းစိန်၏ NCA နှင့် ဒေါ်အောင်ဆန်းစုကြည်၏ “၂၁ရာစု ပင်လုံညီလာခံ”တို့ အမေဘုတ်ချည်ငင်သကဲ့သို့ လုံးထွေးချိတ်ဆက်နေသည့် ကိစ္စရပ်ဖြစ်သည်။ ပင်လုံနောက်ဆက်“21CP” ပါဝင်ခြင်းမရှိ သည့် ပထမဦးဆုံးသော တကယ့်“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ”ကို အာဏာလွှဲပြောင်းပေးအပ်မှုမပြုမီ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ဦးသိန်းစိန်အစိုးရက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကတိပြု ထားသည့်အတိုင်း သစ်လွင်သည့်တာထွက်စမှတ်တစ်ရပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် တစ်ဆစ် ချိုးအလှည့်အပြောင်းတစ်ခုကို ပြုလုပ်ခဲ့ပြီး NCA လမ်းကြောင်းအတိုင်း “UPC-21CP”အစည်းအဝေးများကို ၂၀၁၆ သြဂုတ် လတွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် မေလတွင် တစ်ကြိမ်နှင့် ၂၀၁၈ ဇူလိုင်လအတွင်းတစ်ကြိမ်ဖြင့် စုစုပေါင်းသုံးကြိမ်တိတိ စီစဉ် ကျင်းပခဲ့ပြီးဖြစ်သည်။ NLD သည် မိမိတို့၏ မူဝါဒအပြောင်းအလဲအတွက် ရေရေရာရာရှင်းလင်းပြောဆိုခဲ့ခြင်းမရှိသော် လည်း ဤဆုံးဖြတ်ချက်သည် အစိုးရအသွင်ကူးပြောင်းရာ၌ တပ်မတော်နှင့် အလုပ်သဘောဆက်ဆံရေး ဆက်လက်ထိန်း သိမ်းထားရှိနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

အစောပိုင်း NCA ကို အရှိန်တင်တွန်းအားပေးသည့်အနေဖြင့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလအတွင်း မွန်ပြည်သစ်ပါတီ (NMSP) အပါအ၀င် အခြား EAOs နှစ်ဖွဲ့ NCA ကို လက်မှတ်ရေးထိုးခဲ့ပြန်သဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်း ပေါင်း(၁၀)ဖွဲ့ ဖြစ်လာခဲ့သည်။ သို့ရာတွင် နာမည်နှစ်ခုတိုးလာရုံမျှဖြင့် အားလုံးပါဝင်ဆောင်ရွက်မှုရှိရေး ကိစ္စရပ်အပြင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွင်းရှိ အဓိကအခက်အခဲတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်သည့် ယန္တရားတစ်ခုအနေဖြင့် NCA ကို သဘောထားသည့် အားနည်းချက်တို့ကို ပြေလည်သွားစေခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ ရှေ့အနာဂတ်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် NCA ပေါ်ပေါက်လာခဲ့သော သုံးနှစ်တာကာ လအတွင်း နယ်စပ်ဒေသအများအပြား၌ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှုနှင့် အသက်အိုးအိမ် စည်းစိမ် ထိခိုက်ပျက်စီးမှုများ ဆက်လက်ဖြစ်ပွားနေသည့် ကိစ္စရပ်ကို မျက်ကွယ်ပြုထား၍ မရစကောင်းပေ။ နောက်ဆက် တွဲရိုက်ခတ်မှုအနေဖြင့် လူထုလူတန်းစားနှင့် အဖွဲ့အစည်းအများအပြားသည် မိမိတို့အား အမျိုးသားနိုင်ငံရေးဇာတ်ခုံမှ ခွဲခြား ဖယ်ထုတ်ထားကြသည်ဟု ခံစားနေရသည့်အပြင် လက်တွေ့တွင်လည်း ဘေးထွက်ထိုင်နေရဆဲဖြစ်သည်။ ကချင်နှင့် ရှမ်း ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူဦးရေ တိုးပွားလာရသည့်အထဲ ၂၀၁၇ နှစ်ကုန်ပိုင်း၌ ခေတ်သစ်ကမ္ဘာ့စာမျက်နှာထက် အကြီးမားဆုံးသော လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အ ရေးပေါ်အခြေအနေတစ်ရပ် ရခိုင်ပြည်နယ်၏ နယ်စပ်တစ်လျှောက် ပေါ်ပေါက်လာခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်လူဦးရေ ၇၀၀,၀၀၀ ကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားခဲ့သည်။ နယ်ခံများအကြား ထောက်ခံမှုရရှိထားသည်ဟုဆို သည့် ရခိုင်ရိုဟင်ဂျာကယ်တင်ခြင်းတပ်ဟုခေါ်သည့် စစ်သွေးကြွတပ်ဖွဲ့သစ်၏ တိုက်ခိုက်မှုအပေါ် တပ်မတော်၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်ဖြစ်သည်။

ဤကဲ့သို့သော နောက်ပြန်ဆွဲသည့် အခင်းအကျင်းမျိုးကြောင့် NCA နှင့် UPC-21CP လုပ်ငန်းစဉ်နှစ်ခုစလုံးရှိ ပျက်ကွက်မှု များကို သာဓကအဖြစ် အမြာက်အများထောက်ပြစရာရှိလာသည်။ ထင်သာမြင်သာအရှိဆုံးသော အားနည်းချက်တစ်ရပ်အ နေဖြင့် လတ်တလော၌ပင် NCA နောက်တိုးလက်မှတ်ရေးထိုးမှုရှိခဲ့လင့်ကစား နိုင်ငံအတွင်းရှိ အင်အားအကြီးဆုံးနှင့် အရေ အတွက်အများဆုံး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ NCA ကို သဘောတူလက်မှတ်ရေးထိုးခဲ့ ခြင်းမရှိသည့် ကိစ္စရပ်ကို သာဓကအဖြစ်ကြည့်ရှုနိုင်ပါသည်။ စိတ်ပျက်စရာအတိပြီးသည့် အတိတ်ကာလ နိုင်ငံရေးအခင်းအ ကျင်းအလွန် KIO၊ KNPP၊ SSPP/SSA နှင့် UWSA ကဲ့သို့သော အဖွဲ့အစည်းများသည် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေး နွေးမှုအတွက် ပြတ်ပြတ်သားသားအာမခံချက်ပေးရန် ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးပဋိဉာဉ်မူသည် ချည်ပြီးတုပ်ပြီးချောင်ပိတ်ရိုက်ခြင်းမျိုးထက် ပြုပြင်ပြောင်းလဲရေးအတွက် တံခါးဖွင့်ခြင်းမျိုးသာဖြစ်သင့်ပါသည်။

စစ်ရေးအရကြည့်မည်ဆိုပါကလည်း နိုင်ငံအတွင်းရှိ ခန့်မှန်းတိုင်းရင်းသားလက်နက်ကိုင်ဦးရေ ၁၀၀,၀၀၀ ရှိခဲ့လျှင် လက် မှတ်ရေးထိုးထားသည့် EAOs ဆယ်ဖွဲ့၏   စစ်မြေပြင်သို့ စေလွှတ်နိုင်သည့် တပ်သားရာခိုင်နှုန်းသည် ယင်း၏ ၂၀% ခန့်သာ ရှိသည်ဟုဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် NCA သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိသည့် UWSA၊ SSPP/ SSA နှင့် KIO တို့ဦးဆောင်သည့်ဖက်၌ အပစ်ရပ်နှင့် အပစ်မရပ်ထားသည့် အုပ်စုအားလုံးပေါင်း တပ်သားအင်အား၏ ၈၀% ခန့်ကို ကိုယ်စားပြုလျက်ရှိသည်။ ၎င်းတို့အများစုသည် ယမန်နှစ်က နိုင်ငံ၏ အရှေ့မြောက်ဒေသ၌ ဖွဲ့စည်းတည်ထောင်ခဲ့ သည့် ဖက်ဒရယ်နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု အတိုင်ပင်ခံကော်မတီ(FPNCC)ပါ မဟာမိတ်အဖွဲ့များဖြစ်နေသည်။ အလားတူ ထူးဆန်းသည့် ကိစ္စရပ်တစ်ခုအနေဖြင့် NCA သဘောတူလက်မှတ်ရေးထိုးထားသူများအကြား KNU နှင့် RCSS/SSA တို့ သည်သာ လောက်လောက်လားလားအင်အားရှိသည့် တပ်ဖွဲ့များကို ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီမှလွဲ ၍ ကျန်အဖွဲ့များသည် ယေဘုယျအားဖြင့် အဖွဲ့ငယ်လေးများသာဖြစ်ပြီး အချို့သည် ခွဲထွက်လာသည့် တပ်ဖွဲ့လေးမျှသာဖြစ် ပြီး လက်ချိုးရေနိုင်သည့် စစ်သည်အင်အားမျိုးကိုသာ ပိုင်ဆိုင်ထားကြသဖြင့် အစိုးရမဟုတ်သည့်အရပ်ဖက်အဖွဲ့အစည်းကဲ့ သို့သာ လည်ပတ်လျက်ရှိရာမှ NCA ၌ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် တူတူတန်တန်အသိအမှတ်ပြုခံရသည့် အဆင့်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

နိုင်ငံရေးအရ ကိုယ်စားပြုနှင့်ပတ်သက်၍ အခက်အခဲရှိသည့်အထဲ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်းနှင့် ချင်း အမျိုးသားတပ်ဦးနေရာမှ လက်မှတ်ရေးထိုးထားသည့် EAOs အားလုံးကိုယ်စား ပြောရေးဆိုခွင့်ရနေရာမှ ကိုယ်စားပြောဆို သည့်အခါ ယေဘုယျအားဖြင့် ကျယ်ပြန့်သည့်တစ်နိုင်ငံလုံးအတိုင်းအတာ အခင်းအကျင်း၌ အံဝင်ခွင်ကျမဖြစ်တော့ပေ။ မျက်မှောက်ခေတ် မြန်မာ့သမိုင်းစာမျက်နှာ၌ အင်အားစုများအားလုံး၏ ပါဝင်ဆောင်ရွက်မှုနှင့် သဘောတူခွင့်ပြုချက်အရ ကိုယ်စားပြုနိုင်ရန်အတွက် ပြင်းပြသည့်လုံ့လစိုက်ထုတ်ရန် လိုအပ်ပါလိမ့်မည်။ NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ မရေးထိုးထားသည်ဖြစ်စေ တစ်ဖက်ဖက်က EAOs အနေဖြင့် တိုင်းရင်းသားရေးရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ဆက်ရာ၌ မိမိတို့ကိုယ်ကို ရွေးချယ်ထားသည့် တစ်သီးပုဂ္ဂလများဖြင့်စုဖွဲ့ထားသည့် အစုအဖွဲ့တစ်ရပ်အနေဖြင့် ဖော်ထုတ်ပြောဆိုရ သည်မှာ အတော်လည်းဂွတီးဂွကျနိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်နေသလို နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs)အများအပြားသည်လည်း အားလုံး၏ ပါဝင်ဆောင်ရွက်မှုနှင့်ပတ်သက်၍ အလားတူပင် စိုးရိမ်ပူပန်နေရဆဲဖြစ်သည်။

ဤအကြောင်းရင်းကြောင့် ပြည်တွင်းအဖွဲ့အစည်းအများအပြားက တပ်မတော်အနေဖြင့် မိမိတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီ မှုရှိသည့် “ဆွေးနွေးဖက်များ”ကို ရွေးချယ်သတ်မှတ်ရင်း အခြား EAOs များအား တိုက်ခိုက်ခြင်း သို့မဟုတ် ခွဲခြားချန်လှပ် ထားခြင်းအားဖြင့် ၁၉၈၉ ခုနှစ်က ပုံစံအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း “သွေးခွဲအုပ်ချုပ်ရေး” ကစား ကွက်ကို ဆက်ကစားလျက်ရှိသည်ဟု သံသယရှိနေကြခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဆိုးကျိုးသက် ရောက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ လက်ရှိအချိန်၌ ဥပမာအားဖြင့် တပ်မတော်သည် KIO နှင့် လက်နက်ကိုင်တိုက်ပွဲဝင် လျက်ရှိပြီး KIO ၏ မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့အား NCA နှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲများ၌ အပြည့်အ၀ပူးပေါင်းပါဝင်နိုင်ခြင်းမရှိစေရန် ချန်လှပ်ထားခဲ့သည်။ ဤကဲ့သို့သော ခွဲခြားချန်လှပ်ထားမှုသည် NCA ကိုချိနှဲ့ သွားစေခဲ့ပြီး လူထုလူတန်းစားအများအပြား၏ ယုံကြည်စိတ်ချမှုအစား မသေချာမရေရာဖြစ်စေသည့် ခံစားချက်ကိုသာရရှိ စေခဲ့သည်။ အလားတူစိုးရိမ်ဖွယ်ရာကောင်းသည့် ကိစ္စရပ်မှာ ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းအချို့အကြား ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ပြီး လတ်တလော၌ပင် KNUနှင့် RCSS/SSA တို့နှင့် ထိ တွေ့တိုက်ခိုက်မှုအချို့ရှိခဲ့သည်။ ငြိမ်းချမ်းရေးကတိက၀တ်ပြုနေစဉ်မှာပင် တပ်မတော်သည် နယ်စပ်တိုင်းရင်းသားဒေသအ များအပြားရှိ စစ်ဆင်ရေးလုပ်ငန်းများကို “လုံခြုံရေးသည်ပထမ”ဟူသည့် နည်းဗျူဟာဖြင့် ဆက်တိုက်အင်အားဖြည့်တင်း နေခဲ့သည်။    

ရလဒ်တစ်ခုအနေဖြင့် NCA နှင့် UPC-21CP လုပ်ငန်းစဉ်များရှိ EAOs များ၏ အဆင့်အတန်းနှင့် ပါဝင်ကိုယ်စားပြုမှုသည် တစ်ဖက်စောင်းနင်းဖြင့် ချိနှဲ့အားနည်းလာခဲ့သည်။ တပ်မတော်၏ “ဆွေးနွေးဖက်များ”ကို ရွေးချယ်သတ်မှတ်ခြင်းနှင့် ခွဲခြား ချန်လှပ်ထားခြင်းသည် အားလုံးပါဝင်ရေးအတွက် အတားအဆီးတစ်ခုဖြစ်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်လုံးအ တွက်လည်း အထောက်အကူမဖြစ်ပေ။ ညီလာခံသို့ တက်ရောက်လာကြသည့် လူများနှင့် အဖွဲ့အစည်းအမျိုးမျိုးကလည်း ကိုယ်စားပြုမှုပုံစံမျိုးစုံဖြင့် တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ EAOs များအကြား အဓိကအကျဆုံး နိုင်ငံရေး စင်္ကြန်တစ်ခုအဖြစ် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့သည့် UNFC သည်လည်း အဖွဲ့ဝင်ပေါင်း(၁၄)ဖွဲ့မှသည် ရေရေရာ ရာမရှိသည့် လက်တစ်ဆုပ်စာအင်အားစုအဖြစ် ယုတ်လျော့ကျဆင်းသွားခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့သော အကွဲအပြဲသည် EAOsများ၏ ပူးပေါင်းပါဝင်မှုနှင့်သာ သက်ဆိုင်နေခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ သော့ချက်အခရာ အစုအ ဖွဲ့များ သို့မဟုတ် အင်အားစုနှစ်ခုဖြစ်သည့် “အစိုးရ-တပ်မတော်-လွှတ်တော်”နှင့် “ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ”၏ ကိုယ်စားပြုမှုအပေါ်၌လည်း ပဲ့တင်ထပ်ရိုက်ခတ်လျက်ရှိသည်။

လက်သင့်ရာစားတော်ခေါ်ထားသည့် အကျိုးပတ်သက်ပါဝင်သူများအကြား ရှေ့နောက်ညီညွတ်မှုမရှိသည့် သုံးပွင့်ဆိုင်နေ ရာချထားမှုပုံစံသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ရှေ့ဆက်ရွေ့နိုင်စေရန် တွန်းအားပေးရာ၌ နောက်ထပ်အခက်အခဲတစ် ခုဖြစ်လာပြန်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးနှင့် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွှန့်က နောက်ဆုံးကျင်းပခဲ့သည့် UPC-21CP ညီလာခံ၌ အချက်ပေါင်း(၁၄)ချက်ကို သာ ဆွေးနွေးနိုင်ခဲ့ကြောင်း မကြာသေးမီက ရှင်းလင်းပြောဆိုသွားခဲ့သည်။ မည်သို့ဆိုစေ အဆိုပါခေါင်းစဉ်များ၌ ပြုပြင် ပြောင်းလဲရန် မဖြစ်မနေလိုအပ်လျက်ရှိပြီး အခြေခံကျသည့် နိုင်ငံရေးကိစ္စရပ်များကို ချန်လှပ်ထားခဲ့ကြသည်။ စေ့စပ်ဆွေး နွေးကြမည့် အင်အားစုသုံးခု၌ ဆွေးနွေးမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် ယာယီဗီတိုအာဏာ အသီးသီးပိုင်ဆိုင်ထားကြသဖြင့် ဆွေးနွေးရမည့်ခေါင်းစဉ်များ ကျဉ်းမြောင်းသွားခဲ့ရခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် အင် အားစုတစ်ဖက်ဖက်မှ အဆိုပြုခေါင်းစဉ်အပေါ် ကျေနပ်သဘောကျခြင်းမရှိပါက အဆိုပါကိစ္စရပ်သည် UPC-21CP ၌ ဆွေး နွေးညှိနှိုင်းရမည့် ခေါင်းစဉ်များ၌သော်လည်းကောင်း ပြည်ထောင်စုသဘောတူညီချက်၌ အတည်ပြုရမည့် ကိစ္စရပ်များ၌ သော်လည်းကောင်း ပါဝင်လာတော့မည်မဟုတ်ပေ။ လက်ရှိအချိန်၌ လူထုလူတန်းစားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များအား UPC-21CP ညီလာခံသို့ တက်ရောက်ပါဝင်ရန် ဖိတ်ကြားမှုရှိသော်လည်း တရားဝင်ဆွေးနွေးပွဲများ၌ ပါဝင်ဆွေးနွေးခွင့်ပြုထားခြင်းမရှိပေ။ သို့ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး လိပ်ခဲတည်းလည်းဖြင့် ရှေ့တိုးရခက်နောက် ဆုတ်ရခက် ဖြစ်နေသည့်အပေါ် ထူးပြီးအံ့သြစရာမရှိတော့ပေ။       

 

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်

 

ဤကဲ့သို့သော ရှုပ်ထွေးလွန်းလှသည့် သမိုင်းကြောင်းနောက်ခံကို ဂရုပြု၍ NCA ကို အသေးစိတ် ကြည့်ရှုသုံးသပ်ရမည့် အ ချိန်ကောင်းရောက်ရှိလာပြီဖြစ်သည်။ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးအဖြေဆီသို့ လမ်းကြောင်းပေးနိုင်သည့် အ ချောသတ်စာတမ်းတစ်စောင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကျောရိုးဖြစ်လာမည့် ပြည် ထောင်စုသဘောတူညီချက်အားဖြင့် ပိုမိုကျယ်ပြန့်ပြည့်စုံသည့် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာစေရန် လမ်းခင်း ပေးနိုင်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်အဖြစ် လိုလားထောက်ခံသူများအကြား လက်ခံယုံကြည်ထားသည့် စာတမ်း တစ်ခုဖြစ်သည်။ လက်ရှိအချိန်၌ လွယ်ကူသည့်လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း ယူဆထားကြပါလိမ့်မည်။ သို့သော်လည်း ဤခြေလှမ်းများသည်သာလျှင် ပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိစေနိုင်သည့် လမ်းကြောင်းဖြစ်သည်ဟု ပဋိပက္ခအရေး ကျွမ်းကျင်သူ အများအပြားက မျှော်လင့်နေကြဆဲဖြစ်သည်။

သြဂုတ်လ ၆ ရက်နေ့တွင် သဘောတူအတည်ပြုခဲ့ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့သည့် NCA စာသားသည် ကျယ်ပြန့်လွန်းသည့် စိတ်ကူးရည်မှန်းချက်တစ်ရပ်ဖြစ်နေသည်။ ရာစုနှစ်ထက်ဝက်မက ဗ ဟိုဦးစီးစစ်အုပ်ချုပ်ရေးစနစ်အောက် နေခဲ့ရပြီးနောက် “ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများအပေါ် အခြေတည်ထားသည့်” ပြည်ထောင်စုတစ်ရပ် ထူထောင်ခြင်းအားဖြင့် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားရန် ကတိက၀တ်ပြု ခဲ့ကြခြင်းဖြစ်သည်။ NCA ၏ လက်ရှိပုံစံအတွင်း စကားချီးနှင့် အခန်းပေါင်း(၇)ခန်း ပါဝင်လျက်ရှိရာဝယ် အဓိကစာပိုဒ်ပေါင်း ၃၃ ခုနှင့် အပိုဒ်ခွဲပေါင်း ၈၆ ပိုဒ်ရှိပြီး စုစုပေါင်းပြဋ္ဌာန်းချက် ၁၀၄ ချက်ဖြင့် အင်္ဂလိပ်မူ၌ စုစုပေါင်းစာမျက်နှာ ၁၂ မျက်နှာရှိ သည်။ အဓိကကျသည့် အင်္ဂါရပ်များ၌ စကားချီး၊ အခြေခံမူများ၊ ရည်ရွယ်ချက်များ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ် များ၊ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းခြင်းနှင့် ခိုင်မာအားကောင်းလာစေခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အာမခံပေး ခြင်း၊ အနာဂတ်လုပ်ငန်းစဉ်များနှင့် အထွေထွေတို့ ပါဝင်လျက်ရှိသည်။

သဘောတူစာချုပ်မူကြမ်း ပြုစုခဲ့ကြသူများသည် ထုံထိုင်းနုံအသူများမဟုတ်ကြသဖြင့် NCA ၏ အစောပိုင်းကတည်းက ဤ စာတမ်းသည် တာထွက်စမှတ်တစ်ခုသာဖြစ်ကြောင်း အသိအမှတ်ပြုထားပြီးဖြစ်သည်။ NCA တစ်ဝက်တစ်ပျက် လက်မှတ် ရေးထိုးပွဲမတိုင်မီ တစ်လအလို ၂၀၁၅ ခုနှစ် စက်တင်ဘာလထုတ် International Crisis Group ၏ အစီရင်ခံစာ၌ စေ့စပ် ညှိနှိုင်းသူများ တွေ့ကြုံလာရမည့် စိန်ခေါ်မှုများကို တိတိပပရှင်းလင်းဖော်ပြထားခဲ့သည်။ 

“NCA စာသားမူကြမ်းကို အချောသတ်အတည်ပြုခြင်းသည် ကြီးကျယ်သည့်ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ကျယ်ပြန့် ပြည့်စုံသည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်တစ်ခု ‘ပြည်ထောင်စုသဘောတူစာချုပ်’ကို မရရှိမီစပ်ကြား ခက်ခက်ခဲခဲ ဖြတ်သန်းရမည့် ရှည်လျားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် ပထမဦးဆုံးလျှောက်လှမ်းရသည့် တာထွက်လုပ် ငန်းစဉ်မျှသာဖြစ်သည်။ မည်ကဲ့သို့သော ဖက်ဒရယ်ဝါဒမျိုးကို စိတ်ကူးပုံဖော်မည်နည်း၊ အခွန်ဘဏ္ဍာများကို မည်ကဲ့သို့ ခွဲဝေသုံးစွဲမည်နည်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အနာဂတ်အဆင့်အတန်း မည်သို့ရှိမည်နည်း၊ အစိုးရစစ်တပ်အ တွင်းသို့ ပေါင်းစည်းနိုင်မည့် အလားအလာမည်သို့ရှိသနည်းဟူသည့် စိန်ခေါ်မှုအရှိဆုံးကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအတွက် ရွှေ့ဆိုင်းထားခဲ့ကြသည်။ အလားတူပင် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်လေ့လာခြင်းနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း စစ်ရေးအရ နည်းပညာဆန်သည့် ကိစ္စရပ်များအဖြစ် နေ့ရွှေ့ည ရွှေ့လုပ်နေခဲ့ကြသည်။”    

အစီရင်ခံစာအတွင်း ဤသို့သုံးသပ် နိဂုံးချုပ်ထားသည်။ 

“…စာသားများကို ကြည့်ရှုသုံးသပ်ရပါက တပ်ဖွဲ့ဖြန့်ကျက်ထားရှိမှု၊ နယ်နိမိတ်သတ်မှတ်မှုနှင့် စိစစ်အတည်ပြုမှုကဲ့သို့ သော စစ်ရေးဆိုင်ရာကိစ္စရပ်အများအပြား ရှင်းလင်းသဲကွဲမှုမရှိ သို့မဟုတ် ထည့်သွင်းထားရှိမှုမရှိ၊ သို့မဟုတ် လက် တွေ့အသက်ဝင်ရန် ဆက်လက်ဆွေးနွေးသဘောတူရန် လိုအပ်နေဆဲဖြစ်သဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာ ချုပ်စစ်စစ်ဟုမဆိုနိုင်သလို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်အများအပြားကို ရည်ညွှန်းကိုးကားထားသော်လည်း အသေးစိတ် ဆွေးနွေးညှိနှိုင်းရန် ရွှေ့ဆိုင်းထားသဖြင့် နိုင်ငံရေးသဘောတူစာချုပ်ဟုဆိုရလည်း ခက်နေပြန်သည်။ ဤကဲ့သို့သော ဟိုမရောက်ဒီမရောက် အနေအထားက စာတမ်း၏ မူလဇစ်မြစ်နှင့် နိုင်ငံရေးထိန်းချုပ်ကန့်သတ်မှုများအပါအ၀င် ငြိမ်း ချမ်းရေးစားပွဲပေါ်ရှိ မတူကွဲပြားသည့် ဇာတ်ကောင်များနှင့် ၎င်းတို့အသီးသီး၏ ဦးစားပေးနယ်ပယ်များကို ထင်ဟပ် လျက်ရှိသည်။”

ဤသတိပေးသံချောင်းခေါက်သံများသည် ယနေ့အချိန်ထိ အကျုံးဝင်နေဆဲပင်ဖြစ်သည်။ NCA သည် ဘုရားစူး အပစ်အ ခတ်ရပ်စဲရေးစာချုပ်ဟုဆိုရလောက်အောင် အလွန်အားနည်းလျက်ရှိပြီး ကိစ္စရပ်ပေါင်းများစွာကို မတန်တဆလွှမ်းခြုံနိုင်ရန် ကြိုးပမ်းထားသည်။ ပဋိဉာဉ်မူ၌ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်သက်သက်ကိုသာ ထည့်သွင်းဆွေးနွေးထားခြင်းမျိုး မဟုတ် ဘဲ အနာဂတ်နိုင်ငံရေးစနစ်တစ်ရပ် ဖွဲ့စည်းတည်ထောင်မှုနှင့် ပတ်သက်သည့်မေးခွန်းများကိုပါ လွှမ်းခြုံထင်ဟပ်ထားခြင်း ဖြစ်သည်။ မည်သို့ဆိုစေ စာသားများ၌ ကျယ်ပြန့်လွန်းသည့် ရည်မှန်းချက်ပန်းတိုင်များကို မည်ကဲ့သို့ဖြည့်ဆည်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း တိတိပပဖြေဆိုထားခြင်းမရှိပေ။ ယင်းအစား နိုင်ငံရေးအဖြေများကို စေ့စပ်ဆွေးနွေးရေး လုပ်ငန်း စဉ်တစ်လျှောက် တွေ့ရှိလာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်သွားမည့် လမ်းပြမြေပုံကိုသာ သဘောတူ ခဲ့ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် -       

  • တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးရန်၊ 
  • “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်”ကို အစိုးရနှင့် EAOs ကိုယ်စားလှယ်များ အတူတကွရေးဆွဲပြင်ဆင်၍ အတည် ပြုရန်၊ 
  • အတည်ပြုထားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများ စီစဉ်ကျင်းပသွားရန်၊ လုံခြုံရေးကဏ္ဍပေါင်းစည်းရေးကိစ္စရပ်များကို စေ့စပ်ဆွေးနွေးရန်နှင့် နှစ်ဦးနှစ်ဖက် ကြို တင်ညှိနှိုင်းသဘောတူညီချက်ဖြင့် အခြားလုပ်ငန်းစဉ်များကို လိုအပ်သလို အကောင်အထည်ဖော်သွားရန်၊   
  • ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်ယူကျင်းပရန်၊ 
  • ပြည်ထောင်စုသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်၊
  • ပြည်ထောင်စုသဘောတူညီချက်ကို အတည်ပြုပြဋ္ဌာန်းပေးရန် ပြည်ထောင်စုလွှတ်တော်(အမျိုးသားလွှတ်တော်)သို့ တင်သွင်းရန်၊ 
  • ပြည်ထောင်စုသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန်နှင့် လုံခြုံရေးကဏ္ဍပေါင်း စည်းရေးကိစ္စရပ်များကို ဆောင်ရွက်သွားရန်၊ 

သုံးနှစ်သားအစိုးရသစ်အနေဖြင့် မည်သည့်ထင်သာမြင်သာရှိသည့် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှု များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သတ်မှတ်ဆုံးဖြတ်ရန်ခက်ခဲလွန်းပါသည်။ မတူကွဲပြားသည့် အဖွဲ့အစည်းအလိုက် သီးခြား အမြင်သဘောထား အမျိုးမျိုးကွဲပြားနေရသည့်အထဲ ၂၁ ရာစု ပင်လုံလုပ်ငန်းစဉ်ကို ထပ်ပေါင်းလိုက်သည့် မြန်မာနိုင်ငံ၏ ပဋိပက္ခအခင်းအကျင်းသည် ယခင်အတိုင်း အပြောင်းအလဲမရှိ ရှုပ်ချင်တိုင်းရှုပ်နေဆဲပင်ဖြစ်သည်။  

 

အကျိုးပတ်သက်ပါဝင်သူများ၏ နိုင်ငံရေးရပ်တည်ချက်များ

 

NCA နှင့် ၂၁ ရာစု ပင်လုံလုပ်ငန်းစဉ်များကို ပေါင်းစည်းနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည် ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အဓိကအကျိုးပတ်သက် ပါဝင်သူများဖြစ်သည့် NLD၊ တပ်မတော်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ(EAOs နှင့် EPPs အားလုံး)၏ နိုင်ငံရေးရပ်တည် ချက်များကို တစ်စုတစ်စည်းတည်း ရုပ်လုံးပေါ်လာစေခဲ့သည်။ လူမှုရေးနှင့် နိုင်ငံရေးဇတ်ကောင်အမျိုးမျိုးသည်လည်း လက် ရှိစကားဝိုင်းများ၌ ၀င်ရောက်ဆွေးနွေးအကြံပြုရန် ဆန္ဒရှိနေကြသည်။ သို့သော်လည်း အဆုံး၌ UPC-21CP ခြေလှမ်းသစ်၏ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် ဤအင်အားစုသုံးခု၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်တွင်သာ လုံးလုံးလျားလျားမှီတည်လျက်ရှိ သည်။      

(က) NLD

NLD၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်သွားမည့် ကတိက၀တ်ကို လမ်းပြ မြေပုံ(၇)ချက်၌ ထည့်သွင်းပြင်ဆင်ထားသည့်အချက်ကို မီဒီယာအမျိုးမျိုး၌ ကျယ်ကျယ်ပြန့်ပြန့်ရေးသားတင်ပြခဲ့ကြသည်။ NCA ကဲ့သို့ပင် NLD ၏ အစီအစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းသည့်ပန်းတိုင်ကို အားပေးထောက်ခံ၍ တစ် နိုင်ငံလုံး ငြိမ်းချမ်းရေးဝေဆာလာစေရန် တစ်ဆင့်ချင်းစီ ချဉ်းကပ်ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုထားသည်။    

၁။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်ကို ပြန်လည်သုံးသပ်ရန်(သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် ယခင်အစိုးရပြုစု ခဲ့သည့်မူကြမ်း) 

၂။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်ကို ပြင်ဆင်ရန်၊ 

၃။ အတည်ပြု နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ပြင်ဆင်ချက်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံကို ကြီးမှူးကျင်းပရန်၊ 

၎။ ၂၁ရာစု ပင်လုံညီလာခံရလဒ်များနှင့်အညီ ပြည်ထောင်စုသဘောတူညီချက်-၂၁ရာစု ပင်လုံညီလာခံသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန်၊ 

၅။ ပြည်ထောင်စုသဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ချက်ကို အတည်ပြုရန်၊ 

၆။ ပြင်ဆင်အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ခေါ်ယူ ကျင်းပရန်၊ 

၇။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ ထုံးနည်းစံကျဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတစ် ရပ် တည်ဆောက်သွားရန်၊ 

(ခ) တပ်မတော်

NLD နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင်ရွက်လျက်ရှိသူအများစုနှင့် ဆန့်ကျင်ဘက်အနေဖြင့် လွန်ခဲ့သည့်နှစ် များအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မည်သည့်ပြုပြင်ပြောင်းလဲရေးကို ဖော် ဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ စွဲကိုင်သွားရန် သံဓိဋ္ဌာန်ချထားသည် ဟု အကြိမ်ကြိမ် ပြတ်ပြတ်သားသားပြောဆိုထားပြီးဖြစ်သည်။ အထူးသဖြင့် တပ်မတော်ခေါင်းဆောင်များသည် မိမိတို့၏ အ ခွင့်ထူးခံ နိုင်ငံရေးအဆင့်အတန်းကို ထိခိုက်လာစေနိုင်သည့် မည်သည့်အခြေခံပုဒ်မ ပြင်ဆင်ချက်ကိုမဆို ဆန့်ကျင်လျက်ရှိ သည်။    

အဆိုပါရည်ရွယ်ချက်များကို ကျောထောက်နောက်ခံပြုထားသည့် တပ်မတော်၏ အခြေခံမူ(၆)ချက်ကို အကြိမ်ကြိမ်မကြာခ ဏ ကိုးကားပြောဆိုထားသည်။  

၁။ ငြိမ်ချမ်းရေးရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၊

၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊

၃။ ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ 

၎။ ဒေသခံများအပေါ်တွင် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ 

၅။ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ 

၆။ ဒို့တာဝန်အရေး(၃)ပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာဆောင်ရွက်ရန်။ 

ထို့အပြင် ယခင်န၀တ/နအဖ စစ်အစိုးရ လက်ထက်ကချမှတ်ခဲ့သည့် “ဒို့တာဝန်အရေးသုံးပါး”ကို တပ်မတော်ခေါင်းဆောင် များ မကြာခဏကိုးကားပြောဆိုလေ့ရှိပြီး ပုံနှိပ်မှတ်တမ်းများနှင့် မီဒီယာများ၌ မပါမဖြစ်ရှိနေဆဲဖြစ်သည်။  

၁။ ပြည်ထောင်စုမပြိုကွဲရေး၊

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

၃။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ 

ဤအရေးသုံးပါးကို စောင့်ထိန်းရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသဖြင့် တပ်မတော်မှ အစဉ်ဦးထိပ်ထား၍ ထိန်းသိမ်းကာကွယ် သွားရန် လိုအပ်ပြီး “တိုင်းရင်းသားပြည်သူများအားလုံး”(ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများအားလုံး) ဤတာဝန် ကို စည်းလုံးညီညွှတ်စွာ ထမ်းဆောင်ကြရမည်ဟု ပြောဆိုထားသည်။ 

(ဂ) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ 

မတူကွဲပြားသည့် ကွန်ရက်များနှင့် မဟာမိတ်အစုအဖွဲ့အမျိုးမျိုးရှိနေသဖြင့် တစ်ခါတစ်ရံ နိုင်ငံတွင်းရှိ EAO နှင့် EPP တို့၏ ရပ်တည်ချက်ကို ယေဘုယျအနေဖြင့် ဆ၀ါးနိုင်ရန်ခက်ခဲလေ့ရှိသည်။ သို့သော်လည်း အငြင်းပွားဖွယ်ရာကောင်းသည့် ၂၀၁၆ ခုနှစ်  သြဂုတ်လ၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့၌ EAOs နှင့် EPPs များ မကြုံစဖူးတွေ့ဆုံစည်းဝေး ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များက ရောက်လာတော့မည့် ညီလာခံ၌ တိုင်းရင်းသား များ၏ နိုင်ငံရေးမျှော်မှန်းချက်များကို အထောက်အကူပြုမည့် စင်္ကြန်တစ်ရပ်ကို ချမှတ်ပြင်ဆင်ခဲ့သည်။ ၄ ရက်တာ တွေ့ဆုံ စည်းဝေးမှုအတွင်း “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးသားပြုစုမှုကို လမ်းညွှန်ပေးမည့် အခြေ ခံမူ“၈ချက်”ကို ဆွေးနွေးသဘောတူခဲ့ကြသည်။ အဓိကအကျဆုံး မူဝါဒရေးရာနယ်ပယ်များ၌ အချုပ်အခြာအာဏာ၊ တန်းတူ ညီမျှမှု၊ စစ်မှန်သည့်ဖက်ဒရယ်စနစ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု၊ ဒီမိုကရေစီထုံးနည်းစံကျအခွင့်အရေးများ၊ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး၊ ကျား/မရေးရာ တန်းတူညီမျှမှုနှင့် ဘာသာရေး လွှမ်းမိုးမှုကင်းသည့် အုပ်ချုပ်မှုပုံစံပေါ် အခြေခံသည့် ပါတီစုံစနစ်ကျင့်သုံးရေးဆိုင်ရာ ကိစ္စရပ်များပါဝင်သည်။ 

မိုင်ဂျာယန်အစည်းအဝေးသည် တိုင်းရင်းသားအင်အားစုများအတွက် သမိုင်းတွင်သည့် အခါသမယတစ်ခုဖြစ်သည်။ EAOs များကွန်ရက်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများ၌ အခြေစိုက်သည့် ဒီမိုကရေစီအင်အားစုများဖြင့် ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်း တည်ထောင်ခဲ့သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြင်ဆင်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ ၂၀၀၈ ခု နှစ်အတွင်း ရေးဆွဲပြင်ဆင်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံထားသည့် နိုင်ငံရေးလမ်း ညွှန်းချက်များဖြစ်သည်။ ထို့အပြင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၌ ၂၀၁၅ ခုနှစ်အတွင်း သဘောတူထားခဲ့သည့် အဆိုပြုလွှာများအတွင်းသို့ အခြေခံမူ“၈ ချက်”ကို ထည့်သွင်းပေါင်းစပ်ခဲ့ကြသည်။ မိုင်ဂျာယန်အ စည်းအဝေးသည် လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း ဘုံရပ်တည်ချက်တစ်ရပ်ချမှတ်ရန် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအင်အားစုများအကြား ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အနှစ်သာရအပြည့်ဝဆုံး တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် အစည်း အဝေးတစ်ရပ်ဖြစ်သည်။ တက်ရောက်ပါဝင်ခဲ့ကြသူများ၌ EAO အဖွဲ့ပေါင်း(၁၇)ဖွဲ့နှင့် နိုင်ငံရေးပါတီများစုဖွဲ့ထားသည့် မဟာ မိတ်အဖွဲ့အစည်းကြီးနှစ်ရပ်ဖြစ်သည့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် ညီနောင်တိုင်း ရင်းသားများအဖွဲ့ချုပ်(NBF)တို့အပြင် ကချင်ပြည်နယ်စပ်ဒေသသို့ အရောက်လှမ်းလာခဲ့ကြသည့် အရပ်ဖက်လူမှုအဖွဲ့အ စည်းများလည်း ပါဝင်ခဲ့ကြသည်။ ယင်းတို့၌ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်လည်း အပါအ၀င်ဖြစ်ခဲ့သည်။ အဆိုပါအခါ သမယကို ပြန်ပြောင်းစားမြှုံ့ပြန်ရမည်ဆိုပါက အစည်းအဝေးသို့ အထင်ကရရှိသည့် နိုင်ငံတကာလေ့လာသူများအဖြစ် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေနမ်ဗီးယားနှင့် တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ အာရှရေးရာအထူးသံတမန် ဆွန်းကော့ရှန်တို့ တက်ရောက်ပါဝင်ခဲ့ကြသည်။ 

ယေဘုယျအားဖြင့်ဆိုသော် မိုင်ဂျာယန်အစည်းအဝေး၌ နှစ်ရှည်လများစွဲကိုင်လာခဲ့သည့် ရပ်တည်ချက်များကို ထပ်လောင်း ခိုင်မာစေခဲ့ခြင်းဖြစ်သည်။ ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အထူးခြားဆုံးသော ဆွေးနွေးချက်မှာ ရှေ့စစ်အစိုးရ အဆက်ဆက် စိတ်တိုင်းကျရေးဆွဲပြင်ဆင်ထားသည့် ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအတိုင်း “ပြည်နယ်နှင့် တိုင်း” ၁၄ ခုဆက်လက်ထားရှိမည့်အစား “တိုင်းရင်းသား” သို့မဟုတ် “တိုင်းရင်းသားများ” ပြည်နယ်ဖွဲ့စည်းမှုကို အသေး စိတ်အသစ်ပြန်လည်ရေးဆွဲသတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ်စလုံးသည် ဗမာများ အများစုနေထိုင်ကြသည့် “တိုင်းဒေသကြီးများ”(ယခင်က “တိုင်း”)နှင့် ဗမာမဟုတ်သူများ အများစုနေထိုင်ကြသည့် တိုင်း ရင်းသား“ပြည်နယ်များ” ဟူ၍ နိုင်ငံကို နိုင်ငံရေးအဆောက်အအုံနှစ်ခုဖြင့် ခွဲခြားထားလိုသည်ဟု သုံးသပ်ယူဆရသည်။

မိုင်ဂျာယန်၌ သဘောတူခဲ့သည့် အကြံပြုချက်အသစ်များ၌ နယ်နိမိတ်စည်းများကို မည်သို့ရေးဆွဲသတ်မှတ်ရမည်ဟု ရှင်း လင်းပြောဆိုမှုမပြုခဲ့သော်လည်း ဗိုလ်ချုပ်နေ၀င်းအာဏာမသိမ်းခင် ရှေ့တစ်နှစ်စော၍ ၁၉၆၁ ခုနှစ်အတွင်း တိုင်းရင်းသား နိုင်ငံရေးသမားများ “ဖက်ဒရယ်ညီလာခံ”၌ အဆိုပြုခဲ့သည့် အကြံပြုချက်များကို အနည်းနှင့်အများ ပဲ့တင်ထပ်ခဲ့သည်ဟု ယူ ဆရသည်။ ယင်း“ဖက်ဒရယ်ညီလာခံ”၌ အခြားတိုင်းရင်းသားပြည်နယ်များနှင့် တန်းတူညီမျှသည့် ပြည်ထောင်စုတစ်ရပ် ဖွဲ့စည်းတည်ထောင်ရန်အတွက် ဗမာပြည်နယ်တစ်ခု သတ်မှတ်ပေးသင့်သည်ဟု အဆိုပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိဆွေးနွေး မှုပုံစံသည် ရှေးယခင်ကထက် ပိုမိုကျယ်ပြန့်လွတ်လပ်သည်။ ဥပမာ သဘောတရားအားဖြင့် လက်ရှိမြန်မာနိုင်ငံမြေပုံမှ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးများကို ဖြတ်ထုတ်၍ဗမာပြည်နယ်အဖြစ် သတ်မှတ်၍ အမျိုးသားအဆင့်နှင့် ဒေ သန္တရအဆင့် အုပ်ချုပ်ရေးကို စိုးမိုးချယ်လှယ်ထားသည့် ဗမာများထက် မတူကွဲပြားသည့် တိုင်းရင်းသားလူထုလူတန်း စားဦးရေ ပိုမိုများပြားလျက်ရှိသည့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် “တိုင်းရင်းသားများ” ကို ကိုယ်စားပြုသည့် ပြည်နယ်များဖြစ်လာနိုင်ပါသည်။     

အချုပ်အားဖြင့်ဆိုသော် မိုင်ဂျာယန်အစည်းအဝေးနောက်ပိုင်း  စိန်ခေါ်မှုအများအပြား ကျန်ရှိနေဆဲဖြစ်သော်လည်း ပထမ အကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ မျှော်လင့်ချက်ကိုယ်စီ ဆုပ်ကိုင်၍ အားခဲ ခဲ့ကြသည်။ NLD၊ တပ်မတော်နှင့် တိုင်းရင်းသားမျိုးနွယ်စုအဖွဲ့အစည်းများအားလုံး ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးစကား ၀ိုင်းများနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် မိမိတို့လိုချင်သည့်အတိုင်း ပြင်ဆင်လာကြသည့် ၎င်းတို့၏ အခြေခံမူများနှင့် လမ်းညွှန်ချက်များကို တင်သွင်းခဲ့ကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ လွန်ခဲ့ပြီးမှ ပထမဦးဆုံးအကြိမ်အဖြစ် စားပွဲပေါ်သို့ အ ရေးပါသည့် ၀ှက်ဖဲများကိုယ်ထင်ပြလာခြင်းဖြစ်သည်။     

 

ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်

 

ဤစင်္ကြန်များမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေခဲ့ရသည့် အကြောင်းရင်းနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့် ကိစ္စရပ် များကို ဆက်လက်တီးခေါက်လေ့လာကြပါစို့။ ဤအဆင့်၌ အလွန်အရေးကြီးသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက် ရေး”ဆိုင်ရာ ကိစ္စရပ်များ ပါဝင်လာပြီဖြစ်သည်။

Christina Murray သည် တောင်အာဖရိက၊ ကင်ညာ၊ ဖီဂျီနှင့် အခြားခေတ်ပြိုင်နိုင်ငံများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေး ဆွဲပြင်ဆင်ခြင်းနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပေးခဲ့သည့် ဥပဒေပါမောက္ခတစ်ဦးဖြစ်သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၌ “အမျိုးသားညီလာခံများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး”ဟူသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ရေးသားပြုစုခဲ့ပြီး Berghof Foundation မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးလုပ် ငန်းစဉ်အတွင်း မရှိမဖြစ်ပါဝင်သင့်သည့် လုပ်ငန်းစဉ်ကြီး(၉)ရပ်အနက် အောက်တွင်ဖော်ပြထားသည့် လုပ်ငန်းစဉ်(၅)ရပ်ကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ချိန်ထိုး၍ နှိုင်းယှဉ်သုံးသပ်နိုင်ရန် ရွေးချယ်ထားခြင်းဖြစ်သည်။  

တော်လှန်ရေးတစ်ခုအပြီး သို့မဟုတ် နိုင်ငံသစ်တစ်ရပ် ဖွဲ့စည်းထူထောင်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စနစ်သစ်တစ်ခုကို မိတ်ဆက် ကျင့်သုံးရန် သဘောတူခြင်း၊ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း နိုင်ငံကို ကျားကန်ပေးမည့် အခြေခံစံတန်ဖိုးထားမှုများကို သဘောတူညီချက် ရယူ ခြင်း၊ ဥပမာအားဖြင့် ဒီမိုကရေစီထုံးနည်းစံကျဖြစ်ပြီး တန်းတူညီမျှရေးမူကို လိုက်လျောနာခံ၍ ဘာသာရေးလွတ်လပ် ခွင့်ကို လေးစားတန်ဖိုးထားရန် သဘောတူခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သော သဘောတူညီချက်မျိုးကို ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲများနှင့် အမျိုးသားညီလာခံများအပါအ၀င် တွေ့ဆုံစည်းဝေးမှုအကြိမ်ကြိမ်ပြုလုပ်ခြင်းဖြင့် ရရှိနိုင်ပါ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ အသက်ဝင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေသဖြင့် ဤအ ချက်များအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေး လုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစား လေ့ရှိသည်။    

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမည့် လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲပြင်ဆင်၍ အများပြည်သူ၏ အခန်းကဏ္ဍ အပါအ၀င် ပါဝင်ဆောင်ရွက်သင့်သူများနှင့် ဖော်ဆောင်မည့်နည်းနာအပေါ် သဘောတူညီချက်ရယူခြင်း၊ 

အရေးပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းတစ်ခု သို့မဟုတ် တရားဝင်အသိအမှတ်ပြုထားသည့် လုပ်ငန်းစဉ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာ ပြင်ဆင်ချက်များကို ရေးဆွဲပြင်ဆင်ခြင်း။ ဤနေရာ၌ နိုင်ငံတည်ဆောက်ခြင်းနှင့် မူဝါဒရေးရာ ကိစ္စရပ်များ အပေါ် အပြန်အလှန်ဆွေးနွေးအဖြေရှာမှု ပါဝင်နိုင်သည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အများပြည်သူအား အသိအမြင်ဖွင့်ပေးခြင်းအပါအ၀င် စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရန် အဆိုပြုထားသည့် ကိစ္စရပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်း ပြဋ္ဌာန်းသင့်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လူထုများအကြား ကျယ် ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊  

ပါမောက္ခမော်ရေး၏ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖော်ဆောင်ရန် သဘောတူညီခြင်း”ဟူသည့် တာထွက်အစနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ သက်ဝင်လှုပ်ရှားလျက်ရှိသည့် အကျိုးပတ်သက်ပါဝင်သူများ သို့မဟုတ် ဇာတ်ကောင်ပေါင်းစုံနှင့် မည်မျှကွာခြားမှုရှိကြောင်း နှုန်းယှဉ်သုံးသပ်ကြည့်ကြပါစို့။ အလွန်အရေးပါသည့် ဤကိစ္စ ရပ်နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်များ သို့မဟုတ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက် ရန် NLD နည်းတူ EAOs များနှင့် EPPs များကလည်း ဆန္ဒရှိနေကြသည်။ ဆန့်ကျင်ဖက်အနေဖြင့် လက်ရှိအချိန်၌ တပ်မ တော်ဖက်မှ ဝေခွဲရခက်သည့် အရိပ်အယောင်များ ပြသလျက်ရှိသည်။ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်၌ တပ်မ တော်အရာရှိများက “ဖက်ဒရယ်ပြည်ထောင်စု”ကဲ့သို့သော အစိုးရမျိုးကို ဖွဲ့စည်းတည်ထောင်သွားရန် သဘောဆန္ဒရှိသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည် စစ်အုပ်ချုပ်ရေးခေတ်ကို အပြောင်းအလဲပြုလုပ်တော့မည့် ရှေ့ပြေးအရိပ်အယောင်ဖြစ် လာသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန် ဆင်းသွားသည်နှင့်တစ်ပြိုင်နက် အဆိုပါစိတ်သဘောထားသည်လည်း လိုက် ပါပြောင်းလဲသွားခဲ့ပြီး UPC-21CP ၌ ပါဝင်ဆောင်ရွက်နေသယောင် ထင်ရသော်လည်း တပ်မတော်သားကိုယ်စားလှယ်များ သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အနှစ်သာရ ကင်းမဲ့နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းမည့် မိမိ တို့၏ ကတိက၀တ်ကိုသာ ဆက်လက်စွဲကိုင်ထားလိုသည့် ဆန္ဒရှိနေကြပြီး အသက်ထက်ဆုံး ကာကွယ်စောင့်ရှောက်သွား ရန် အဓိဋ္ဌာန်ပြုထားကြသည်။ ဤကဲ့သို့သော သဘောထားများသည် လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနှစ်သာ ရရှိရှိ ပြုပြင်ပြောင်းလဲရေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။           

အနှစ်ချုပ်ကြည့်ပါက နိုင်ငံသားအများအပြားက တပ်မတော်၏ ခေါင်းဆောင်မှုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ အပ်နှင်းပေးထားသည့် ၎င်းတို့၏ အစိုးရယန္တရားအပေါ် စိုးမိုးခြယ်လှယ်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းကာကွယ်၍ ၎င်း တို့လက်ရှိ ခံစားခွင့်ရထားကြသည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို လက်လျှော့လိုစိတ်မရှိဟု လက်ခံ ယုံကြည်ထားကြသည်။ ထင်သာမြင်သာအရှိဆုံးအဖြစ် တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ ပြည်ထဲ ရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများကို အုပ်ချုပ်စီမံလျက်ရှိသလို လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာ ခိုင်နှုန်းကိုလည်း ရွေးကောက်ပွဲဝင်စရာမလိုဘဲ အပိုင်စားရရှိထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အစိုးရလုပ်ငန်းများ ကို စီမံခန့်ခွဲပြီး အခွန်ဘဏ္ဍာကောက်ခံရေးမှသည် မြေယာမှတ်ပုံတင်ခြင်း၊ နယ်မြေတွင်းရှိ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု နှင့် NGO များအထိ တာဝန်ယူထိန်းကျောင်းနေသော အလွန်သြဇာကြီးမားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုပါ ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပါမောက္ခမော်ရေး၏ “အခြေခံတန်ဖိုးများအပေါ် သဘောတူညီခြင်း”ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးဆိုင် ရာ ဒုတိယမြောက်သုံးသပ်ချက်ကိုကြည့်ပါကလည်း အလွန်ကြီးမားသည့် အတားအဆီးများရှိနေဆဲဖြစ်သည်။ EAOs နှင့် EPPs ဖက်ခြမ်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အားဖြင့် ဒီမိုကရေစီကျသည့် ဖက်ဒ ရယ်အုပ်ချုပ်ရေးစနစ်မျိုး ဖွဲ့စည်းတည်ထောင်နိုင်စေမည့် နည်းလမ်းမျိုးကိုရှာဖွေဖော်ထုတ်လိုသည့် သဘောထားအပေါ် အ ခိုင်အမာရပ်တည်လာခဲ့ကြသည်။ အလားတူပင် NLD သည်လည်း ဒီမိုကရေစီကျသည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် တည်ထောင်သွားရန် သံဓိဋ္ဌာန်ချထားပြီး ပြည်ထောင်စုသဘောတူညီချက်နှင့်အညီ စနစ်သစ်ကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။ သို့သော်လည်း NLD ခေါင်းဆောင်များသည် အဆိုပါသံဓိဋ္ဌာန်ကို ဖြည့်ဆည်းအကောင်အ ထည်ဖော်သွားမည့်ပုံစံနှင့်ပတ်သက်သည့် မိမိတို့ပါတီ၏ ရပ်တည်ချက်သဘောထားကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အသေး စိတ်ကျကျ ချပြရှင်းလင်းပြောဆိုရန် ပျက်ကွက်နေဆဲဖြစ်သည်။ ဤပျက်ကွက်မှုက တစ်နိုင်ငံလုံးအတိုင်းအတာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟူသည့် ကတိက၀တ်ဖြင့် ရွေးကောက်ခံအစိုးရတစ်ရပ်ဖြစ်လာခဲ့သည့် ပါတီထံမှ နိုင်ငံရေးဦးဆောင်မှုကို မျှော်လင့်၍ မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများကို စိတ်ပျက်စေခဲ့သည်။   

နှိုင်းယှဉ်ချက်အနေဖြင့် တပ်မတော်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ချဉ်းကပ်သည့်ပုံစံသည် ပိုမိုကျဉ်းမြောင်းသည်ဟု သုံး သပ်ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းရန်နှင့် အမျိုးသားနိုင်ငံရေးဇာတ်ခုံပေါ်ရှိ ၎င်းတို့၏ “ဦး ဆောင်မှုအခန်းကဏ္ဍ”ကို ယုတ်လျော့အားနည်းသွားစေနိုင်ခြင်းမရှိသည့် အသေးစားပုဒ်မများကိုသာ ပြင်ဆင်ရန်ဆန္ဒရှိကြ သည်။ SPDC အစိုးရမှ အသွင်ကူးပြောင်း၍ နေရာချထားရန် ရည်ရွယ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု များအတွက် ၇၅% နှင့်အထက် မဲအရေအတွက်ရမှသာ ပြင်ဆင်နိုင်သည့် လက်ရှိနိုင်ငံရေးစနစ်အားဖြင့် တစ်ခုခုချွတ်ယွင်း သွားသည့်တိုင် မိမိတို့ကိုယ်ကို အကာအကွယ်ရစေရန် နေရာချထားခဲ့သည်။ ဥပဒေပြုရေးမဏ္ဍိုင်၌ ၂၅% သော ကိုယ်စား လှယ်နေရာကို အလိုအလျောက်ရယူထားခြင်းကြောင့် တပ်မတော်၏ သဘောတူခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ပြင် ဆင်နိုင်ခြင်းမရှိတော့ပေ။ လက်ရှိအချိန်ထိ တပ်မတော်သည် အရပ်သားတစ်ပိုင်း“ဖက်စပ်”စစ်အုပ်ချုပ်ရေးပုံစံ နေရာချထား သည့် တစ်ပြည်ထောင်စနစ်ကို ဆက်လက်ကာကွယ်နေဆဲဖြစ်သကဲ့သို့ အစိုးရအုပ်ချုပ်ရေးယန္တရား၏ အရေးအကြီးဆုံး ကဏ္ဍများကိုလည်း ချုပ်ကိုင်ထားဆဲဖြစ်သည်။ လက်တွေ့၌ တပ်မတော်သည် “အစိုးရအတွင်းရှိ သီးခြားအစိုးရတစ်ရပ်”ကဲ့ သို့ ဆက်လက်ရပ်တည်လျက်ရှိပြီး အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်လည်း တပ်မတော်သည်သာလျှင် တစ်ဦးတည်း သော ကယ်တင်ရှင်ကဲ့သို့ မိမိဘာသာ ခန့်အပ်တာဝန်ယူထားဆဲဖြစ်သည်။ ရလဒ်အနေဖြင့် တပ်မတော်၏ နိုင်ငံရေးရပ် တည်ချက်နှင့် လှုပ်ရှားမှုများသည် စစ်မှန်၍ အနှစ်သာရပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖွဲ့စည်းတည်ထောင်မှု အပေါ် ကောင်းကျိုးသက်ရောက်မှု လုံးဝမရှိသလောက်နီးပါး ကင်းမဲ့လျက်ရှိသည်။

ဤအချက်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တစ်ရပ်ကို ရေးဆွဲပြင်ဆင်ခြင်း၊ တက်ရောက်မည့်သူစာရင်း၊ လုပ်ထုံးလုပ်နည်းနှင့် အများပြည်သူပါဝင်ရမည့် အခန်းကဏ္ဍများကို သဘောတူအတည်ပြုခြင်း”ဟူသည့် တတိယမြောက် အရေးကြီးကိစ္စဆီသို့ ရောက်ရှိလာစေသည်။ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆန်းစစ် သုံးသပ်ချက်ကဲ့သို့ပင် ဤကိစ္စရပ်များသည် UPC-21CP ၏ အရှုပ်ထွေးဆုံးနှင့် ၀ိရောဓိအဖြစ်ဆုံး အချက်များဖြစ်နေသည်။ ယခုအချိန်ထိ မတူကွဲပြားသည့် ငြိမ်းချမ်းရေးပွဲစဉ်များသို့ ဇာတ်ကောင်ပေါင်းမျိုးစုံ အလှည့်ကျပါဝင်အသုံးတော်ခံလာခဲ့ သော်လည်း အဓိကအကျဆုံး ဆွေးနွေးညှိနှိုင်းမှုများသည် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသူများ အ ကြား၌သာ အများဆုံးဖြစ်ပွားလျက်ရှိသည်။ သို့ဖြစ်၍ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAOs များ၊ အခြားနိုင်ငံရေးပါတီ များနှင့် နိုင်ငံတွင်း၌ မာမာချာချာရှိသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များအတွက် မညီမျှသည့် ကိုယ်စားပြု ပါဝင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။ လက်ရှိ UPC-21CP လုပ်ငန်းစဉ်အတွင်း အများပြည်သူများ အနှစ်သာရ ပြည့်ဝစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် တံခါးဖွင့်ပေးထားခြင်းမရှိသလို ရေရေရာရာစီစဉ်နေရာချထားပေးခြင်းမျိုးလည်း မရှိပေ။

အမျိုးသားနိုင်ငံရေးဇာတ်ခုံ၌ ပါဝင်ဆောင်ရွက်ရာ၌ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည့်အထဲ တပ်မတော်သည်လည်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ ဦးတည်ချက်ကို ထိန်းချုပ်ချယ်လှယ်နိုင်စေရန်အတွက် မိမိတို့အာဏာကို အလွန်အကျွံအသုံးပြုနေ ဆဲဖြစ်သည်။ ယင်းတို့၌ NCA နှင့် UPC-21CP အစည်းအဝေးများ၌ “ဆွေးနွေးဖက်များ”အဖြစ် မည်သည့်အဖွဲ့အစည်းများကို ခွင့်ပြုသင့်ပြီး နိုင်ငံရေးဆိုင်ရာ မေးခွန်းများကို ဆွေးနွေးရာ၌ မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကိုသာ ဆွေးနွေးရမည်ဟူ၍ သတ်မှတ်ဆုံးဖြတ်မှုလည်း အပါအ၀င်ဖြစ်သည်။ လက်တွေ့၌ တပ်မတော်သည် အစိုးရ၏ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို “စည်းကြပ်ထိန်းကျောင်း”သည့် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဦးဆောင်“စေ့စပ်ညှိနှိုင်းသူ” အဖြစ် နှစ်ဖက်ခွ၍ တာဝန်ယူထားသည်။ ရလဒ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ စေ့စပ်ညှိနှိုင်းသူများနှင့် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံရသူများသည် နင်လားငါလားတန်းတူအခွင့်အရေးရရန် ဝေးကွာသွားတော့သည်။ လက်ရည် တစ်ပြင်တည်း ပါဝင်ချိန်ခွင်လျှာညှိနိုင်သည့် ကစားကွင်းကင်းမဲ့နေခဲ့သဖြင့် မဖြစ်စလောက်သော ယုံကြည်မှုတည်ဆောက် ရေးနှင့် လောက်လောက်လားလားတိုးတက်မှုရရှိရန် အလှမ်းဝေးလာခဲ့သည့် ကိစ္စရပ်အပေါ် ထူးပြီးအံ့သြစရာမရှိတော့ပေ။ အတူတကွပူးပေါင်းလုပ်ဆောင်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုရှိရေးဟူသည့် တန်ဖိုးများသည် အလေးအနက်ထား ဆွေးနွေးသင့်သည့် မည်သည့်ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်အတွက်မဆို အခြေခံအုတ်မြစ်ဖြစ်သင့်သည်။            

ဤကဲ့သို့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပျက်ကွက်မှုများနှင့် ချန်လှပ်ထားမှုများက ဖွဲ့စည်းပုံအခြေခံဥပဒေတည် ဆောက်ရေး၏ စတုတ္ထအရေးအကြီးဆုံး နယ်ပယ်တစ်ခုဖြစ်သည့် “အရေးပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ် များအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌လည်း” ထိခိုက်စေလျက်ရှိသည်။ ယခုအချိန်ထိ စေ့စပ်ညှိနှိုင်းရေးမိတ်ဖက်များနှင့် အတိုက်အခံများသည် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များဖြစ်သည့် “ခွဲမထွက်ရေး”နှင့် “လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး”ကဲ့ သို့သော ခေါင်းစဉ်များကို ဆွေးနွေးခြင်းနှင့် “လူထုဆွေးနွေးတိုင်ပင်ပွဲများ”ဖော်ဆောင်ရာ၍ ရှေ့မတိုးသာနောက်မဆုတ် သာ အခက်အခဲပေါင်းမျိုးစုံဖြင့် နစ်မွန်းနေကြဆဲဖြစ်သည်။ UPC-21CP ညီလာခံအချိန်ဇယား တစ်ခုပြီးတစ်ခု ရေးဆွဲပြင် ဆင်ထားသော်လည်း ဤအတားအဆီးများနှင့် နှောင့်နှေးကြန့်ကြာမှုများက အစည်းအဝေးကျင်းပမှုကို လမ်းချော်သွားစေ ရန် ခြိမ်းခြောက်လျက်ရှိသလို အရေးပါသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ထိထိရောက်ရောက် စတင်ဖော်ဆောင်နိုင်ရန် လည်း လိုအပ်နေဆဲဖြစ်သည်။    

ဆုံးဖြတ်ချက်ချမှတ်ရာ၌ ဟိုဖက်ဒီဖက် အမြင်သဘောထားအမျိုးမျိုး ကွဲလွဲလာမည်ဟုလည်း မျှော်လင့်ထားပြီးဖြစ်ပါလိမ့် မည်။ သို့သော် ယခုတစ်ကြိမ်၌ ဆွေးနွေးပွဲများ ရှေ့ဆက်မတိုးနိုင်စေရန် အဓိကပိတ်ဆို့လျက်ရှိသည့်အရာသည် တပ်မ တော်သာလျှင်ဖြစ်ကြောင်း တိတိပပအဖြေပေါ်လာသည်။ အထင်ရှားဆုံး သာဓကအနေဖြင့် တပ်မတော်သည် NCA ၌ တ ရားဝင် အသိအမှတ်ပြုထားပြီးဖြစ်သည့် ရခိုင်နှင့် ရှမ်းပြည်နယ်ကဲ့သို့သော နယ်မြေဒေသများ၌ ပြည်နယ်အဆင့် အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် လူထုဆွေးနွေးတိုင်ပင်ပွဲများဖော်ဆောင်ရေးကဲ့သို့သော လုပ်ငန်းစဉ်များကို အတိအလင်း ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မစတင်မီ ပြည်ထောင်စုသဘောတူညီချက်ပါ “ခွဲမထွက်ရေး”အချက်ကို ဦးစွာသဘောတူရမည် ဟု ဖိအားပေးတောင်းဆိုခဲ့သည်။      

ဤ“ခွဲမထွက်ရေး”တောင်းဆိုချက်သည် ယမန်နှစ်က ကျင်းပဖြစ်ခဲ့သည့် ဒုတိယအကြိမ်မြောက် UPC-21CP ၌ ပထမဆုံး ထွက်ပေါ်လာခဲ့ပြီး အတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်မှုများကို မြင့်တက်သွားစေခဲ့သည်။ စေ့စပ်ညှိနှိုင်းနေဆဲ လုပ်ငန်း စဉ်အဆင့်၌ ထိုကဲ့သို့သော နိုင်ငံရေးဆုံးဖြတ်ချက်မျိုးချမှတ်ရန် UPC-21CP သည် စောလွန်းနေပြီး လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အာမခံပေးထားသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟူသည့် မိမိတို့၏ မူလရပိုင်ခွင့်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များသာမက ပါတီအများအပြားကပါ လက်ခံယုံကြည်ခဲ့ကြသည်။ ဆန့်ကျင်ဖက်အနေဖြင့် တပ်မတော်အရာရှိများက ခွဲမထွက်ရေး သဘောတူညီချက်ကို ကြို တင်သဘောတူညီမှုမရှိပါက တိုင်းရင်းသားကိုယ်စားလှယ်များနှင့် နိုင်ငံရေးသမားများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ် အလိုက် ပြည်နယ်အဆင့်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြုစုခွင့်ရမည်မဟုတ်ဟု ပြန်လည်တုန့်ပြန်ခဲ့ကြသည်။

အလားတူ သောင်တင်ရေမကျဖြစ်သည့် ကိစ္စရပ်တစ်ခုမှာ တပ်မတော်သားကိုယ်စားလှယ်များသည် အစိုးရစစ်တပ်၏ ဖွဲ့ စည်းတည်ဆောက်ပုံအတွင်း တိုင်းရင်းသားမျိုးနွယ်စုများအားလုံး အချိုးကျပါဝင်ကိုယ်စားပြုသည့် “ဖက်ဒရယ်”ပြည်ထောင် စုတပ်မတော်တစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး(SSR)နှင့် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ရေးနှင့် လူမှုဘ၀ပြန်လည်ပေါင်းစည်းရေး(DDR) လုပ်ငန်းများ ဆောင်ရွက်သွားမည့် EAOs နှင့် EPPs များ၏ အဆိုပြုလွှာကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များအနေဖြင့် လူများစုဗမာတိုင်းရင်းသား အရာရှိများသာ ကြီးစိုးချယ်လှယ်ထားသည့် လက်ရှိအစိုးရစစ်တပ်ပုံစံမျိုးကိုသာ ဆက်လက်ထားရှိရန် စိတ်အားထက်သန် လျက်ရှိသည်။ တိုင်းရင်းသားခေါင်းဆောင်များ စောဒကတက်ခဲ့ကြသည့်အတိုင်းပင် တပ်မတော်ခေါင်းဆောင်များအနေဖြင့် SSR နှင့် DDR သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကသာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စ ရပ်များဖြစ်ပြီး တပ်မတော်အနေဖြင့် လိုက်နာဆောင်ရွက်ရန်မလိုဟု နားလည်လက်ခံထားကြပုံပေါ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနှင့်ပတ်သက်၍ နောက်ဆုံးပဉ္စမမြောက်အချက်ဖြစ်သည့် “အရပ်ဖက်လူမှုအဖွဲ့အ စည်းများနှင့် လက်တွဲဆောင်ရွက်ခြင်း”သည် ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက် ထိန်းသိမ်းရန်အတွက် အရေးအကြီးဆုံးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ အများအားဖြင့် အသိအမှတ်ပြုခြင်း မခံခဲ့ကြရသော် လည်း ကုန်လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာက အများပြည်သူအကြား ဖက်ဒရယ်ပ ညပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ နအဖ/န၀တအစိုးရခေတ်နှင့် ယှဉ်ကြည့်မည်ဆိုပါ က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ လုပ်ငန်းအမျိုးမျိုးနှင့် မီဒီယာလွတ်လပ်ခွင့်များ သိသိသာသာတိုးတက်လာသည်ဟု ဆိုနိုင်ပါသည်။ သေချာသည်မှာ နိုင်ငံတွင်း၌ ဖက်ဒရယ်သည် မပြောဆိုအပ်သည့် စ ကားရပ်တစ်ခုမဟုတ်တော့ပေ။ သို့သော်လည်း ငြိမ်းချမ်းရေးစကားဝိုင်း၏ တိုးချဲ့အစည်းအဝေးများ၌ အရပ်ဖက်လူမှုအဖွဲ့အ စည်းကိုယ်စားလှယ်များ တက်ရောက်ပါဝင်ရန် ဖိတ်ကြားခံရသော်လည်း UPC-21CP ၌ တက်တက်ကြွကြွဖြင့် အဓိပ္ပာယ် ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရန်ကား အလှမ်းဝေးနေဆဲပင်ဖြစ်သည်။ မည်သို့ဆိုစေ NCA အရ အကျိုးသက်ဆိုင်ပါဝင်သူ စာရင်းဝင် အစိုးရမဟုတ်သည့် အင်အားစုများအကြား၌ EAOs များကိုသာ ပထမဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပြီး နိုင် ငံရေးပါတီများကို ဒုတိယနေရာထားလျက်ရှိသည်။ ရလဒ်အနေဖြင့် လူမှု-နိုင်ငံရေးအပြောင်းအလဲများအတွက် ဆက်လက် အရေးဆိုစည်းရုံးလှုပ်ရှားလျက်ရှိသည့် CSO များသည် တရားဝင်ဆွေးနွေးအကြံပြုခွင့်မရဘဲ ဘေးထွက်ထိုင်နေရသည်။           

နိဂုံးချုပ်ဆိုရသော် လက်ရှိအခင်းအကျင်းကို ပါမောက္ခဒေါက်တာမော်ရေး၏ ပုံစံဖြင့် နှိုင်းယှဉ်သုံးသပ်လိုက်သည့်အခါ တစ် နိုင်ငံလုံးလွှမ်းခြုံမှုရှိသည့် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖော်ဆောင်ရာ၌ ကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ခြင်းမရှိစေရန် ကန့်သတ်ပိတ်ပင်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည် ဆောက်ရေး လုပ်ငန်းစဉ်အဆင့်တိုင်း၌ အဟန့်အတားနှင့် အခက်အခဲပေါင်းများစွာရှိနေဆဲဖြစ်ကြောင်း သုံးသပ်တွေ့ရှိရ သည်။ မြန်မာနိုင်ငံအနေဖြင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှာဖွေလိုသည့် ဆန္ဒရှိခဲ့မည်ဆိုပါက ဤအား နည်းချက်များကို အရေးတကြီးကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါလိမ့်မည်။  

 

နိုင်ငံတကာအမြင်သဘောထားများ

 

ရှေ့မတိုးသာနောက်မဆုတ်သာဖြင့် လက်ရှိနိုင်ငံရေးရေချိန် တန့်နေသည့်အခြေအနေ၌ နိုင်ငံတကာဇာတ်ကောင်များသည် လည်း တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျိုးဖြစ်လာသည်အထိ အားပေးအားမြှောက်ပြု၍ နိုင်ငံရေး ပြေလည်မှုရရှိစေရန် မြန်မာနိုင်ငံသူ နိုင်ငံသားများကို လောက်လောက်လားလား ပံ့ပိုးကူညီနိုင်ခဲ့ခြင်းမရှိသေးပေ။ တရုတ် နှင့် အနောက်တိုင်းနိုင်ငံများက ကန့်လန့်ကာနောက်ကွယ်မှ ပါဝင်ကပြသည့် အခန်းကဏ္ဍမျိုးကိုသာ ရှာဖွေနေခဲ့ကြသည်။ ၎င်းတို့အပိုင်း၌ အနောက်တိုင်းအစိုးရများ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် လည်ပတ်လျက်ရှိသည့် ငြိမ်းချမ်းရေးပူးပေါင်း ရန်ပုံငွေအဖွဲ့(JPF)သည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို ရန်ပုံငွေထောက်ပံ့ပေးခဲ့ရုံမျှမက နိုင်ငံအတွင်း၌ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို လေ့ ကျင့်သင်ကြားပေးခြင်းနှင့် အမြင်ဖွင့်ပညာပေးသည့် အစီအစဉ်များကိုပါ ထောက်ပံ့ပေးခဲ့သည်။ မည်သို့ဆိုစေ နှစ်ပေါင်းများ စွာ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လာခဲ့သော်လည်း အနောက်တိုင်း “စွမ်းဆောင်ရည်မြှင့်တင်ရေး”လုပ်ငန်းများက တပ်မတော်အား ဒီမိုကရေစီစံနှုန်းများနှင့် အခြေခံမူများအတိုင်း လိုက်ပါပြောင်းလဲလာအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။    

အလားတူပင် ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် ရိုဟင်ဂျာအကျပ်အတည်း ပေါ်ပေါက်လာပြီးနောက် သာမန်ပြည်သူများအကြား ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးတန်ဖိုးများနှင့် လူမျိုးရေးခွဲခြားမှုမရှိရေး အခြေခံမူများကို သိမြင်နားလည်လာစေရန် အမြင် ဖွင့်ပေးခြင်းဖြင့် လက်တွဲဆောင်ရွက်သည့် အနောက်တိုင်းမဟာဗျူဟာများ၏ ထိရောက်တာသွားမှုအပေါ် အငြင်းပွားစရာ ဖြစ်လာခဲ့သည်။ ဤကိစ္စရပ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အ၀န်း၌ နောက်တစ်ကြိမ်ပြန်လည် ၀င်ဆန့် နိုင် စေရန် ကြိုးပမ်းရာ၌ အလွန်အရေးပါလာပါလိမ့်မည်။ အနောက်တိုင်းအစိုးရများအတွက် ရိုဟင်ဂျာလူထုလူတန်းစားများ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် နေရပ်ပြန်ရေးအပါအ၀င် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသည် အနိမ့်ဆုံးနိုင် ငံရေးလိုအပ်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။ လာမည့်နှစ်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အနောက်တိုင်း NGOs များ၏ ဦးဆောင်အခန်းကဏ္ဍ ဆက်ရှိနေဦးမည်ဟု သုံးသပ်ရသည်။ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင် စစ်ဘေးဒုက္ခ သည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်မှုနောက်ပိုင်း “တိုင်းရင်းသားမျိုးဖြတ်ရေး” သို့ မဟုတ် “လူမျိုးသုဉ်းသတ်ဖြတ်မှု”ဟုပင် ခေါ်ဝေါ်သုံးနှုန်းလျက်ရှိသည့် စွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီး ကျူးလွန်ခဲ့သူများကို နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ဆင့်ခေါ်စစ်ဆေးရန် တောင်းဆိုလာကြသည်။ 

ဆန့်ကျင်ဖက်အနေဖြင့် တရုတ်သည် လုံခြုံရေးနှင့် စီးပွားရေးရည်မှန်းချက် ပန်းတိုင်များနှင့် ချိတ်ဆက်လျက်ရှိသည့် မိမိတို့ ၏ အမျိုးသားအကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ရန်သာ ပိုမိုစိတ်ဝင်စားလျက်ရှိသည်။ တိတိပပဆိုရသော် ရည်မှန်း ချက်ကြီးမားလွန်းသည့် ၎င်းတို့၏ ပိုးလမ်းမစီမံကိန်း(ကမ္ဘာ့ပတ်လမ်းအစီအစဉ်) ရုပ်လုံးပေါ်လာစေရန် တရုတ်နိုင်ငံအတွက် မြန်မာပြည်တွင်း ငြိမ်းချမ်းမှုရှိရန် လိုအပ်လျက်ရှိသဖြင့် UPC-21CP လုပ်ငန်းစဉ်၌ တက်ရောက်ပါဝင်ရန် ဖက်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု အတိုင်ပင်ခံကော်မတီ(FPNCC)ပါ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် EAO များကို ဖိအား ပေးလာခဲ့ခြင်းဖြစ်သည်။ ဤအချက်ကြောင့် FPNCC သည် တရုတ်လက်ဝယ်ခံဖြစ်သည်ဟူသည့် ဝေဖန်ထောက်ပြမှုအချို့ ပေါ်ထွက်လာခဲ့သော်လည်း လက်တွေ့၌ မှန်ကန်နေခြင်းမရှိပေ။ နယ်နိမိတ်ချင်း မျှဝေထားသည့် တရုတ်အနေဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း မည်မျှနက်ရှိုင်းကြောင်း ကောင်းစွာနားလည်သဘောပေါက်သဖြင့် NCA နှင့် UPC-21CP ဖော်ဆောင်ရာ၌ အားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ပြောင်းလွယ်ပြင်လွယ်ရှိရှိ တံခါးဖွင့်ပေးထားရန် တပ်မတော်ကိုပါ တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ သို့သော် ယနေ့အချိန်ထိ တရုတ်အနေဖြင့် လောက်လောက်လားလား အောင်မြင်မှုများရ ရှိရန် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသေးပေ။ တိုက်တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် စိုးမိုးထားနိုင်လင့်ကစား မြန်မာနိုင်ငံလူထု၏ ရပ်တည်ချက်သည် တရုတ်ကြိုးဆွဲသည့်အတိုင်း အလွယ်တကူလိုက်ကမည်မဟုတ်ကြောင်း ကချင်ပြည်နယ်အတွင်းရှိ အ ငြင်းပွားဖွယ်ရာ မြစ်ဆုံရေကာတာတည်ဆောက်မှုကို ဆိုင်းငံ့လိုက်သည့် ၂၀၁၁ ခုနှစ်အတွင်း သက်သေပြခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ ယနေ့အချိန်ထိ ငြိမ်းချမ်းရေးအပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုလျက်ရှိသည့် မည်သည့် နိုင်ငံတကာအရေးယူ ဆောင်ရွက်ချက်မျှ အားလုံးပါဝင်မှုရှိ၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် တစ်ဆစ်ချိုးကွေ့မျိုးကို ဆောင် ကျဉ်းပေးနိုင်ခဲ့ခြင်းမရှိသေးကြောင်း ဂရုပြုရန်လိုအပ်ပါသည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံ တကာအစိုးရအဖွဲ့အစည်းများအပါအ၀င် အာရှနှင့် အနောက်တိုင်းအစိုးရများအားလုံးသည် မြန်မာနိုင်ငံ၏ ပဋိပက္ခအကျပ် အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်စေရန်အတွက် အကူအညီပေးကြရန် ဆက်လက်အရေးဆို စည်းရုံးတိုက်တွန်းနေကြဆဲ ဖြစ်သည်။ သို့သော်လည်း မတူကွဲပြားသည့် ပုံစံမျိုးဖြင့် ပြောင်းလဲချဉ်းကပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ပေါ်လွင်ထင်ရှား လာခဲ့ပြီဖြစ်သည်။  

 

ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းရေးနည်းလမ်းတစ်ခုလား။

 

ဤကဲ့သို့ ရှေ့မတိုးသာနောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းနေသည့် အခြေအနေမျိုး၌ UPC-21CP ကို ယခုပုံအ တိုင်း ဆက်လက်ဖော်ဆောင်နေမည်ဆိုပါက အချိန်ကုန်လူပန်းရုံသာရှိပါလိမ့်မည်။ တပ်မတော်၏ ရပ်တည်ချက်သဘော ထားသည် ကျန်အကျိုးသက်ဆိုင်ပါဝင်သူများနှင့် လုံးလုံးလျားလျားကွဲပြားလျက်ရှိသည်။ အလားတူပင် ငြိမ်းချမ်းရေးဖြစ်စဉ် ၏ အခြေခံအုတ်မြစ်ဖြစ်သည့် NCA သည်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံထားခြင်းမရှိသလို အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်ဟုလည်း ပြောရခက်နေပြန်သဖြင့် အနှစ်သာရပြည့်ဝသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆီသို့ ဆောင် ကျဉ်းပေးနိုင်သည့် သဘောတူညီချက်မျိုးဖြစ်ရန် လိုအပ်နေဆဲဖြစ်သည်။ ထိုသို့ဆိုပါက အကျပ်ရိုက်တစ်ဆို့နေသည့် အခြေ အနေကို ချိုးဖျက်ကျော်လွှားနိုင်မည့် နည်းလမ်းမျိုးရှိမရှိ မေးစရာရှိလာပြန်သည်။   

Debra Eisenman သည် အာရှမူဝါဒရေးရာ လူထုရပ်ဝန်းအဖွဲ့(ASPI)၏ အထွေထွေညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး ငြိမ်းချမ်း ရေးတည်ဆောက်ရာ၌ ကြုံတွေ့ရလေ့ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်စီမံရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဓိ ကထား လေ့လာလိုက်စားနေသူတစ်ဦးဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် မူဝါဒရေးရာ စာတမ်းတစ်စောင်ဖြစ် သည့် “အသွင်းကူးပြောင်းလျက်ရှိသည့် မြန်မာနိုင်ငံတွင်းရှိ စိတ်ကူးမျှော်မှန်းချက်များကို ပကတိအခြေအနေအတိုင်း ညှိနှိုင်း ဖျန်ဖြေခြင်း”၌ နိုင်ငံတစ်နိုင်ငံ အသွင်ကူးပြောင်းရာ၌ အရေးပါ၍ အပြန်အလှန်ဆက်စပ်နေသည့် စိန်ခေါ်မှုများကို မီးမောင်း ထိုး ရှင်းလင်းတင်ပြထားသည်။ ယင်းတို့အနက် တစ်ဆို့လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်မှုရှိ သည့် အချက်နှစ်ချက်ကို ဆွေးနွေးတင်ပြလိုပါသည်။ ယင်းတို့သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အားနည်းချက်များနှင့် ဆက်နွယ်လျက်ရှိပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် ကိစ္စရပ်များဖြစ်သည်။  

မြန်မာ့တပ်မတော်ကသာ ကျယ်ကျယ်ပြန့်ပြန့်ဖန်တီးလျက်ရှိသည့် သို့မဟုတ် ဆိုးရွားပြင်းထန်လာစေလျက်ရှိသည့် သပွတ်အူကဲ့သို့ ရှုထောင့်ပေါင်းစုံဖြင့် ရှုပ်ထွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခသည် ငြိမ်းချမ်းရေးဖြစ် စဉ်ကို ယုတ်လျော့အားနည်းသွားစေပြီး ၀မ်းနည်းဖွယ်ရာကောင်းသည့် ရိုဟင်ဂျာကပ်ဆိုးကြီးကို ဖြစ်ပေါ်လာစေခဲ့ သည်။ 

အားနည်းချက်များဖြင့် ပြည့်နှက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်၏ အာဏာနှင့် တရားဥပဒေစိုး မိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို မေးခွန်းမထုတ်နိုင်စေရန် ကာဆီးထားသည်။ 

လက်ရှိအချိန်ထိ နိုင်ငံအတွင်း၌ ဆိုးရွားပြင်းထန်သည့် နိုင်ငံရေးအကျပ်အတည်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များနှင့် ဆက်ဆံရေးဆက်လက် ခိုင်မြဲနေစေရန် ကြိုးပမ်းလျက်ရှိသည့် NLD အစိုးရသည် ရိုဟင် ဂျာမွတ်စလင် လူထုအပေါ် တပ်မတော်၏ ကိုင်တွယ်ပုံလွဲမှားမှုနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာဖိအားများ ကို ဖြေလျှော့နိုင်ရန် ကြိုးပမ်းသွားလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ လတ်တလော၌ မည်သည့်လက်ငင်း ဖြေ ရှင်းချက်မျိုးကိုမျှ မတွေ့ရှိရသေးသော်လည်း ကချင်နှင့် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် လူထုလူတန်းစား များ၏ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှုနှင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများအပေါ် စိုးရိမ်ပူ ပန်မှုများ ကြီးထွားလာနေဆဲဖြစ်သည်။ ယခုအချိန်ထိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သည့်လားရာဦးတည် ချက်ဖြင့် ခရီးနှင်လျက်ရှိကြောင်း မြင်သာနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။  

နောက်ဆုံးကျင်းပခဲ့သည့် UPC-21CP ညီလာခံ ရလဒ်တစ်ခုအနေဖြင့် ယခုတစ်ကြိမ်၌လည်း နိုင်ငံရေးအချိုးအကွေ့တစ်ခု ကို ဆောင်ကျဉ်းနိုင်ခဲ့ခြင်းမရှိပေ။ အနာဂတ် UPC-21CP အစည်းအဝေးများ၌ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် NCA ၏ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကျောခိုင်း၍ ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်စေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေးကိစ္စရပ်များကို စူးစိုက်ဆောင်ရွက်ခြင်းဖြင့် တစ်ဆို့ရပ်တန့်နေသည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်အဖတ်ဆည်နိုင်ခြေရှိမရှိ မေးမြန်းရန်လိုအပ်လာသည်။ အသေးအဖွဲဆိုသော်ငြားလည်း ဤကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲများနှင့် ဦးစားပေးနယ်ပယ်များကို ပြောင်းလဲအာရုံစိုက်ခြင်းသည် အကျိတ်အခဲများကို ပြေလည်သွားစေ နိုင်ပြီး လက်ရှိယိုယွင်းပျက်စီးလျက်ရှိသည့် ယုံကြည်မှုများကို ပြန်လည်တည်ဆောက်နိုင်ရန် အထောက်အကူပြုပါလိမ့်မည်။

ဤနေရာ၌ အကြံပြုထားသည့်အတိုင်း “ခြွင်းချက်အပိုဒ်ငယ်”ဖြင့် ချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းမျိုးကို အသုံးပြု ခြင်းသည် UPC-21CP ကို ငြိမ်းချမ်းရေးသဘောတူညီမှုရရှိစေနိုင်သည့် စင်္ကြန်တစ်ရပ်အဖြစ် ပြန်လည်အဖတ်ဆည်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာနိုင်သည်။ Christina Murray က ဖြစ်နိုင်ခြေရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက် ရေးအတွက် လိုအပ်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အထက်တွင်မီးမောင်းထိုးပြခဲ့ပြီး Debra Eisenman က တိုးတက်မှု ဆိတ်သုဉ်းလျက်ရှိသည့် လက်ရှိပကတိ အခြေအနေများကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းဖော်ပြထားပါသည်။ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ချွတ်ချော်ပျက်စီးသွားနိုင်ရုံမျှမက အစီအစဉ်အားလုံး ကမောက်ကမဖြင့် နိဂုံးချုပ်သွားနိုင်သည့် ဖြစ်နိုင်ခြေများနှင့် ဆိုးကျိုသက်ရောက်မှုများ၏ သတိပေးသံချောင်းခေါက်သံသည် အလွန်စိုးရိမ်ဖွယ်ရာကောင်းသည့် အ ခြေအနေသို့ ဦးတည်လျက်ရှိသည်။ 

လက်ရှိ UPC-21CP လုပ်ငန်းစဉ်မှ အဆုံးစွန်မျှော်လင့်နိုင်သည့် ကိစ္စရပ်မှာ “တရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးသည် တရားမျှတသည့် စစ်ပွဲထက်ပိုကောင်းသည်” ဟူသည့် အခင်းအကျင်းမျိုးဖြစ်နေခြင်းသဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများ အတွက် စိတ်ပျက်ဖွယ်ရာအတိဖြစ်နေသည်။ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးနှင့် အနှစ်သာရပြည့်ဝသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်မြောက်လာအောင် အားပေးမြှင့်တင်နိုင်ရန် စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းခြင်းမရှိဘဲ ပစ်ထားခဲ့သည့် ပဋိပက္ခအတွက် “ခြွင်းချက်အပိုဒ်ငယ်”တစ်ခုဖြင့် ချဉ်းကပ်ဆောင်ရွက်သည့် မဟာဗျူဟာသည် အနည်းဆုံးအားဖြင့် အင်အားစုတိုင်း ပါဝင်ဆောင်ရွက်နိုင်စေမည့် တာထွက် စမှတ်တစ်ခုကိုတော့ ဖန်တီးပေးနိုင်ပါသည်။   

ချဉ်းကပ်ဆောင်ရွက်မှုပုံစံသစ်အတွက် “ခြွင်းချက်အပိုဒ်ငယ်”ထားရှိမည့် စိတ်ကူးကို ဆ၀ါးနိုင်စေရန် မရှိမဖြစ်လိုအပ်သည့် တွေးတောဆင်ခြင်စရာအချို့ကို ဖော်ပြအပ်ပါသည်။ 

ပထမအချက်အနေဖြင့် တပ်မတော်တောင်းဆိုသည့် ခွဲမထွက်ရေးအချက်ကို သဘောတူလိုက်ရခြင်းကဲ့သို့သော မိမိ တို့၏ နိုင်ငံရေးမျှော်မှန်းချက်အချို့ကို လက်လွှတ်လိုက်ရမည့် ဗမာမဟုတ်သည့် တိုင်းရင်းသားမျိုးနွယ်စုများက တ ရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးအဖြစ် ရှုမြင်သဘောထားလာနိုင်သည်။

တပ်မတော်၏ အမြင်၌ တရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးသည် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအောက်၌ EAO များ တောင်းဆိုထားသည့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ထောင်ရေးမူကို သဘောတူလိုက်ရသည့် ကိစ္စရပ်မျိုး ဖြစ်နေနိုင်ပါသည်။ ဤသဘောထားသည့် ဗမာတိုင်းရင်းသားများ ကြီးစိုးချယ်လှယ်ထားသည့် စံချိန်မီတပ်မတော် တစ်ရပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆက်လက်ထိန်းသိမ်းထားလိုသည့် လက်နက်ဖြုတ်သိမ်းရေး၊ တပ် ဖွဲ့ဝင်စာရင်းပယ်ဖျက်ရေးနှင့် လူမှုဘ၀ပြန်လည်ပေါင်းစည်းရေး ဦးစားပေးအချိန်ဇယားနှင့် ဆန့်ကျင်ဘက်ဖြစ်နေ သည်။

တရားမျှတသည့် စစ်ပွဲတစ်ရပ်ဆင်နွဲမှုအဖြစ် EAO များက ၎င်းတို့သည် မိမိတို့၏ မိသားစုများနှင့် ရှေးဘိုးဘွားများ အစဉ်အဆက် နေထိုင်လာခဲ့သည့် မိခင်မြေကို ကာကွယ်နေခြင်းဖြစ်သဖြင့် တရားမျှတသည့် တော်လှန်ရေးစစ်ပွဲ တစ်ရပ် ဆင်နွဲနေခြင်းဖြစ်သည်ဟု စောဒကတက်ပါလိမ့်မည်။

တရားမျှတသည့် စစ်ပွဲတစ်ရပ်ဆင်နွဲမှုအဖြစ် တပ်မတော်ခေါင်းဆောင်ပိုင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တိုင်း ရင်းသားနယ်မြေဒေသများသည် ဟိုးရှေးယခင်ကတည်းက “မြန်မာ”ဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်းများ ဖြစ်နေ ပြီးဖြစ်သဖြင့် မိမိတို့၏ စိုးမိုးချယ်လှယ်မှုကို ဆန့်ကျင်အာခံသည့် တော်လှန်ရေးအင်အားစုများကို နှိမ်နှင်းရမည့် တာ ၀န်ရှိသည်ဟု လက်ခံယုံကြည်ထားသည်။ 

ဤသို့နှယ် နှစ်ဖက်တပ်စခန်းအသီးသီးက ၎င်းတို့အနေဖြင့် တရားမျှတသည့်စစ်ပွဲကို ဆင်နွဲနေခြင်းဖြစ်သည်ဟု စော ဒကတက်နေကြသည်။ 

ရန်တုဖက်ပြိုင်လျက်ရှိသူများအားလုံး ပြောသည့်အတိုင်း မှန်နေသည်ဆိုဦးစို့ အနည်းဆုံး စမှတ်တစ်ခုအဖြစ် သ ဘောတူညီမှုရရှိစေနိုင်သည့် ခြွင်းချက်အပိုဒ်ငယ်ထား၍ ချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းတစ်ခုကို အသုံးပြုခြင်း ဖြင့် တစ်ဦးနှင့်တစ်ဦး အလျှော့အတင်းပြုလုပ်ကာ တရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူလိုက်ခြင်းက သာ၍မကောင်းပါသလော။ 

ခြွင်းချက်ဆိုရာ၌ ဥပမာအားဖြင့် ခွဲမထွက်ရေးကိစ္စရပ်နှင့်ပတ်သက်၍ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဖက်ဒ ရယ်ဒီမိုကရေစီစနစ်အတွက် လက်ခံနိုင်လောက်သည့် ရည်မှန်းချက်များကို သဘောတူညီမှုရရှိပါက ခွဲမထွက်ရန် သဘောတူ၍ အပြောရောလက်တွေ့ပါ အပြည့်အ၀လိုက်နာဆောင်ရွက်လာလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့ သို့သော သဘောတူညီချက်မျိုး မရရှိပါက ၎င်းတို့အနေဖြင့် သမိုင်းစဉ်လာ ခွဲထွက်ရေးအခွင့်အရေးကို ဆက်လက် ဆုပ်ကိုင်ထားဦးမည်သာဖြစ်သည်။   

ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ထောင်မှုနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။ ပြည်နယ်လုံခြုံရေးအ ပေါ် ထိန်းချုပ်စီမံပိုင်ခွင့် အခွင့်အရေးနှင့်အတူ တိုင်းရင်းသားပြည်နယ်တစ်ခုချင်းစီ၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို အာ မခံပေးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ နယ်ခံများအနေဖြင့် မိမိတို့ကိုယ်ပိုင် ရဲတပ်ဖွဲ့များထားရှိခွင့်နှင့် ပြည်ထောင် စုအတွင်းရှိ အခြားပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဒေသများကို ကျူးကျော်ရန်မဟုတ်ဘဲ ပြည်ပရန်မှ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်ထောင်စုဖက်ဒရယ်တပ်မတော်၌ အချိုးကျပါဝင်ဆောင်ရွက် ခွင့် ရရှိစေခြင်းဖြင့် ဤရည်မှန်းချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ပါသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရာ၌ ဤအချက် ကို သဘောတူနိုင်ခဲ့လျှင် ဗမာမဟုတ်သည့် တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်း တည်ဆောက်ပုံကို နာခံလိုက်လျှောက်ကြပါလိမ့်မည်။ ထိုသို့မဟုတ်ပါက ၎င်းတို့၏ ခွဲထွက်ခွင့် အခွင့်အရေးကို ဆက် လက်ဆုပ်ကိုင်ထားကြပါလိမ့်မည်။  

ဤကဲ့သို့သော အကြံပြုချက်များကို ပြုလုပ်ရာ၌ အကျိုးသက်ဆိုင်ပါဝင်သူအားလုံးအတွက် အရေးကြီးသည့် အချက်မှာ စေ့ စပ်ညှိနှိုင်းမှုအတွင်း ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းကို အပြန်အလှန် အလျှော့အတင်းပြုလုပ်မှုအပေါ် အခြေခံထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ရင်ဆိုင်ကျော် လွှားရာ၌ ခြွင်းချက်အပိုဒ်ငယ်ထားရှိသည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်း တစ်ခုတည်းသာရှိကြောင်း နားလည်သဘော ပေါက်ရန် လိုအပ်ပါသည်။ ပဋိပက္ခဖျန်ဖြေရာ၌ ဤကဲ့သို့သော နည်းလမ်းသစ်များဖြင့် ချဉ်းကပ်ဆောင်ရွက်ခဲ့ခြင်းမရှိပါက သမိုင်းစဉ်လာ ပျက်ကွက်မှုများနှင့် လက်ရှိအတားအဆီးများ ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။  

 

 

နိဂုံးချုပ်သုံးသပ်ချက်

 

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းအကျိုးသက်ဆိုင်ပါဝင်သူများဖြစ်စေ နိုင်ငံတကာအသိုက်အ၀န်းမှဖြစ်စေ စိတ်ရင်းစေတနာ မှန်ဖြင့် စာနာနားလည်ပေးသူများဖြစ်စေ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူဆိုပါက အလုပ်မဖြစ်သည့် လက်ရှိငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အတွက် ချဉ်းကပ်ဆောင်ရွက်မှုပုံစံသစ်များ လိုအပ်နေပြီဖြစ်ကြောင်း ဂရုပြုမိသင့်သည်။ တတိယအင် အားစုများ၏ ကြားဝင်ဖျန်ဖြေမှုသည်လည်း နည်းလမ်းတစ်သွယ်အဖြစ် ဆက်ရှိနေရန်လိုအပ်သော်လည်း ငြိမ်းချမ်းရေး လုပ် ငန်းစဉ်၏ နောက်အခက်အခဲတစ်ခုမှာ မြန်မာပြည်တွင်းအင်အားစုများ၏ ပြည်တွင်းရေးအဖြစ် ဆက်လက်ထိန်းချုပ်ထားလို သည့် သဘောထားပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဆန်းသစ်သည့် စိတ်ကူးသစ်များ သွတ်သွင်းရန် အပူတပြင်း လို အပ်နေပြီဖြစ်သကဲ့သို့ ငြိမ်းချမ်းသည့် အပြောင်းအလဲအရွေ့တစ်ခုအတွက် လက်ရှိရေချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင် စေသည့် ချဉ်းကပ်မှုနည်းလမ်းများကိုလည်း ကျားကန်ပေးရန်လိုအပ်လျက်ရှိသည်။     

အစုအဖွဲ့ပေါင်းများစွာက ပြိုလဲပျက်စီးသွားနိုင်သည့် ချောက်နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီဟု ခံစားနေကြရသည့် လက်ရှိအ နေအထားမျိုး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသက်ရှုပေါက်များများဖွင့်ပေးရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ အရေးပါသည် အပြောင်းအလဲမျိုးကို ဆောင်ကျဉ်းပေးနိုင်သည့် အောက်ပါလုပ်ငန်းစဉ်လေးရပ်ကို အချိန်မဆိုင်းဘဲ ချက် ခြင်း အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။ ၁) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရသည့် အကြောင်းရင်းကို ထဲထဲဝင်ဝင်နားလည်းသဘောပေါက်လာသည်အထိ အသေးစိတ်စုံစမ်းစစ်ဆေးရန်၊ ၂) စစ်ဆင်ရေးလုပ်ငန်းများကို လုံးဝအ ပြီးအပိုင် ရပ်တန့်ထားရန်၊ ၃) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ ဆောင်ရွက်လာအောင် စတင်ဆောင်ရွက် ရန်နှင့် ၄) “ခြွင်းချက်အပိုဒ်ငယ်”ထားရှိသည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းကို မိတ်ဆက်ကျင့်သုံးသွားရန် လိုအပ်ပါ သည်။ ဤကဲ့သို့သော ခဲယဉ်းကျပ်တည်းသည့် ကာလမျိုး၌ ယဲ့ယဲ့လေးကျန်ရှိနေသည့် မျှော်လင့်ချက်မီးအိမ်လေး ဆက် လက်ထွန်းလင်းနေရန် လိုအပ်ပါသည်။    

စိုင်းဝမ်စိုင်းသည် ရှမ်းနိုင်ငံရေးသုတေသီနှင့် ယခင်ရှမ်းဒီမိုကရက်တစ်သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးဟောင်းတစ်ဦးဖြစ် သည်။ ဤသုံးသပ်ချက်သည် ဆွီဒင်အစိုးရမှ ရန်ပုံငွေထောက်ပံ့ပေးထားသည့် TNI ၏ စီမံကိန်းတစ်စိတ်တစ်ဒေသဖြစ် သည်။ 

 

1 There were also differences of opinion as to whether the eight “EAO” groups should sign. In the end, the debacle

was resolved by agreeing that only the group representative of the eight EAOs at the meeting, Saw Kwe Htoo Win

of the KNU, would sign and not representatives of all eight organisations. Likewise, U Thu Wai, representative for

political parties, inked the first part of the Union Accord. But still the produced document lacks a solid consensus in

legal terms. Source: https://english.panglong.org/2017/06/03/aftermath-of-second-21st-century-panglong-opinionon-

union-accord-and-linking-non-session-clause-to-ethnic-rights-of-self-determination/

2 The 21 EAOs are now reduced to 20, as the Wa National Organisation has apparently been absorbed into the

UWSA. Source: https://www.irrawaddy.com/news/burma/wa-national-organization-draft-resignation-unfcleaked.

html

3 Initially known as the Harakah al-Yaqin, the new force presently calls itself the Arakan Rohingya Solidarity Army

(ARSA). There is a long history of armed groups with different ideologies among the Buddhist Rakhine and minority

Muslim communities in Rakhine State. But, for the moment, ARSA is too recent and little-known to fit into analysis

of the present context.

4 For the English language media, see e.g., Nyein Nyein, "News Analysis: The NCA, One Year On", The Irrawaddy, 17

October 2016; Lun Min Maung, "Charter change lies at the heart of the peace process stalemate", Myanmar Times,

21 October 2016.

5 There were four absentees: the UWSA, MNDAA, TNLA in Shan State and the National Socialist Council of

Nagaland– Khaplang on the India border.

ပါဝင်ဖန်တီးသူများ

စာရေးသူ - စိုင်းဝမ်ဆိုင်း

ဒီဇိုင်း - Dania Putri www.TNI.org

မြန်မာဘာသာပြန် - သျှဒန်မုန်ဒန်ဇော်