ဘေးကင်းလုံခြုံသော အမျိုးသမီးများနှင့် ကျန်းမာသော လူမှုအသိုင်းအဝိုင်း
Regiones
၁၆ ရက်ကြာ တက်ကြွလှုပ်ရှားမှုအတွင်း၊ မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါး အသုံးပြုသူ အမျိုးသမီးများနှင့် လိင်အမျိုးအစားကွဲပြားသူများအပေါ် အကြမ်းဖက်မှုကို ကျွန်ုပ်တို့ အထူးအလေးထားပြသပြီး လူမှုအသိုင်းအဝိုင်းများတစ်လျှောက် အမည်းကပ်၊ ခွဲခြားမှုနှင့် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန် လူသားချင်းစာနာတတ်ပြီး လူ့အခွင့်အရေးအခြေပြု မူးယစ်ဆေးဝါးမူဝါဒများနှင့် လုပ်ဆောင်ချက်များကို ထောက်ခံလိုကြောင်း ဖော်ပြလိုပါသည်။
Image credit: UNiTE / UN Women
အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် လူထုအခြေပြုအဖွဲ့များ စုပေါင်းပါဝင်သော “၁၆ ရက်တာလှုပ်ရှားမှု” ကမ်ပိန်းအစီအစဉ်ကို ၂၀၂၅ခုနှစ် နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်မှာ “အမျိုးသမီးနှင့် မိန်းကလေးများအားလုံးအပေါ် ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှု ရပ်တန့်ရေး စည်းစည်းလုံးလုံးဆောင်ရွက်ပေး” ဖြစ်ပါသည်။
မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (Drug Policy Advocacy Group/DPAG) အနေဖြင့် ဤကဲ့သို့ အဓိကကျသော ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကျွန်ုပ်တို့၏ မဟာမိတ်များနှင့်အတူ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရန် အရေးကြီးပုံကို မီးမောင်းထိုးပြလိုပါသည်။ DPAG အနေဖြင့် ယခုနှစ် ကမ်ပိန်းလှုပ်ရှားမှုတွင် “မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီးများအပါအဝင် လိင်ကွဲပြားမှုရှိသူများ”အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးကို ဦးတည်သွားမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံနှင့် အခြားအာရှနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော အဓိကကျသည့် လူမှုရေး၊ ပြည်သူ့ကျန်းမာရေး၊ တရားမျှတမှုနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ယခုနှစ် တောင်းဆိုချက်များသည် အကြမ်းဖက်မှုနှင့် မတော်မတရားပြုခြင်း အန္တရာယ်ကို ခံစားရမှုအများဆုံးဖြစ်သည့် လူအုပ်စုများနှင့် အမျိုးသမီးများ၏ ထောက်ခံအကြံပြုချက်များအပေါ် မူတည်၍ ရေးသားထားခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ကန့်သတ်ချက်မြင့်မားသော ဥပဒေမူဘောင်များ၊ ဆိုးကျိုးသက်ရောက်စေသော လူမှုရေးသတ်မှတ်ချက်များ၊ ယဥ်ကျေးမှုဆိုင်ရာ စံနှုန်းများ၏ ဘေးထွက်သက်ရောက်မှုဖြစ်သည့် အကြမ်းဖက်မှုကို ခံစားကြရသည်။ အောက်တွင်ဖော်ပြထားသည့် အချက်များမှာ များသောအားဖြင့် လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဥ်ခြင်းခံရသော “အမျိုးသမီး/LGBTQ+ မူးယစ်ဆေးဝါးသုံးစွဲသူများ” ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို ကိုယ်စားပြုဖော်ထုတ်ထားခြင်းဖြစ်ပါသည်။
၁။ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အကြမ်းဖက်မှုကြား ဆက်နွယ်မှုကို အသိအမှတ်ပြုခြင်း
မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများနှင့် ဥပဒေရေးရာ မူဘောင်များ၊ အထူးသဖြင့် ပြစ်ဒဏ်ပေးခြင်းနှင့် တားမြစ်ကန့်သတ်ချက်များကို အလေးထားသည့် မူဝါဒများသည် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး/လိင်ပြောင်းလဲထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မှအစပြုပြီး အခြားမလိုလားအပ်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
- မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး/လိင်ပြောင်းလဲထားသော အမျိုးသမီးများသည် ၎င်းတို့အား အကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျားမအခြေပြု အကြမ်းဖက် (GBV) ဝန်ဆောင်မှုများနှင့် ကာကွယ်ရေးစနစ်များဖြင့် ချိတ်ဆက်မိနေရန် လိုအပ်ပါသည်။
- မူးယစ်ဆေးသုံးစွဲသူအားလုံးသည် အန္တရာယ်လျှော့ချရေး (Harm Reduction) နှင့် အခြားမရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ရမည်ဖြစ်ပြီး၊ ၎င်းသည် ပြဿနာရှိသော မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အိမ်တွင်းအကြမ်းဖက်မှုကို လျှော့ချပေးရန် အထောက်အကူပြုနိုင်ပါမည်။
၂။ အမည်းစက်စွန်းထင်းမှုနှင့် ရာဇဝတ်မှုသက်ရောက်စေရေးကို အဆုံးသတ်ခြင်း
မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး/လိင်ပြောင်းလဲထားသော အမျိုးသမီးများသည် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် ကျယ်ပြန့်သောလူမှုအသိုင်းအဝိုင်းတို့၏ နှစ်ထပ်ကွမ်း ပြစ်တင်ကဲ့ရဲ့မှုကို ခံစားရသူများဖြစ်သည်။ အာရှတစ်ခွင်တွင် အမျိုးသမီး မူးယစ်ဆေးသုံးစွဲသူများမှာ မူးယစ်ဆေးသုံးစွဲခြင်း၊ သို့တည်းမဟုတ် မူးယစ်ဆေးဝါးအနည်းငယ်မျှ လက်ဝယ်တွေ့ရှိရုံဖြင့် ထောင်ဒဏ်နှစ်ရှည်ချခံရခြင်း ကဲ့သို့သော ပြင်းထန်သည့် ပြစ်မှုပြစ်ဒဏ်များကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့အပြင် လူမှုပတ်ဝန်းကျင်မှလည်း အမျိုးသမီး မူးယစ်ဆေးသုံးစွဲသူများအား မိသားစုအပေါ် တာဝန်မကျေသော မိခင် (သို့) သမီးများအဖြစ် အပြစ်မြင်ကြသည်။ တကယ်တမ်းတွင် လူမှုဝန်းကျင်နှင့် တရားစီရင်ရေးစနစ် နှစ်ရပ်လုံးမှ အမျိုးသမီး မူးယစ်ဆေးသုံးစွဲသူများအပေါ် “လျော်ကန်မှုမရှိသူများ” သို့တည်းမဟုတ် “ရာဇဝတ်သားများ” အဖြစ် ရှုမြင်ခြင်းသည် ၎င်းတို့အတွက် အကြမ်းဖက်မှုအန္တရာယ်မှ အကာအကွယ်ယူနိုင်ရန်နှင့် အကူအညီရရှိရန် ပိုမိုခက်ခဲစေသည်။
- မူးယစ်ဆေးဝါးနှင့်ပတ်သက်သော မူဝါဒများ ရေးဆွဲရာတွင် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများအား ဘေးကင်းလုံခြုံ၍ ကရုဏာစိတ်ရှိပြီး ခွဲခြားဆက်ဆံမှုမရှိသော ဝန်ဆောင်မှုများကို သေချာစွာ ရယူသုံးစွဲနိုင်စေရန် အရေးကြီးပါသည်။
- မူဝါဒများသည် မုဒိမ်းကျင့်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် ကလေးထိန်းသိမ်းခွင့် ဆုံးရှုံးရခြင်းစသည့် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများကိုလည်း ထောက်ပံ့ကာကွယ်ပေးရမည်။
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအားလုံးနှင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်အတွင်း အလွဲသုံးစားပြုမှုများအားလုံး အဆုံးသတ်ရပါမည်။
- ကာကွယ်ရေးယန္တရားများကို လိင်လုပ်သားများ၊ ကျေးလက်ဒေသမှ အမျိုးသမီးများနှင့် LGBTQ+အမျိုးသမီးများ ကဲ့သို့သော နယ်ပယ်ဒေသအသီးသီးရှိ အမျိုးသမီးများအထိ လက်လှမ်းမီမှုရှိစေရန် တိုးချဲ့ပေးသင့်သည်။
- မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တစ်ကိုယ်ရေသုံးစွဲရန် လက်ဝယ်ထားရှိမှုကို ရာဇဝတ်မှုမှ ပယ်ဖျက်ခြင်း၊ ဒဏ်ခတ်အရေးယူမှုများနှင့် ပြစ်ဒဏ်ပေးမှုများကို ဖယ်ရှားခြင်း၊ မူးယစ်ဆေးသုံးစွဲသူအားလုံးအတွက် မဖြစ်မနေကုသမှုအစီအစဉ်များ အပါအဝင် ပြစ်ဒဏ်ပေးမှုများကို ဖယ်ရှားခြင်းသည် အရေးပါသော အခန်းကဏ္ဍဖြစ်သည်။
၃။ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို မြှင့်တင်ခြင်း
မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများ၊ LGBTQ+ အမျိုးသမီးများ အနေဖြင့် ဘေးကင်းလုံခြုံသောနေရာများ၊ စိတ်ကျန်းမာရေး ပံ့ပိုးမှု၊ ဆန္ဒအလျောက်ခံယူနိုင်သော မူးယစ်ဆေးဝါးကုသရေးဌာနများနှင့် အကြမ်းဖက်မှုမှ လွတ်မြောက်အောင် ကူညီပေးသည့် အရေးပေါ်ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ရန် လိုအပ်ပါသည်။
- မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး/လိင်ပြောင်းလဲထားသော အမျိုးသမီးများအကြား မူးယစ်ဆေးဝါးဆိုင်ရာ၊ ကျားမရေးရာ/လိင်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိစေရန် ဘဝတူချင်း ဦးဆောင်သော အသိပညာပေးနည်းလမ်းကို မြှင့်တင်ပါ။
- မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများအတွက် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ပြီးပြည့်စုံသော ကျားမအခြေပြု အကြမ်းဖက် (GBV) ဝန်ဆောင်မှုများကိုပါ ပေါင်းစည်းတိုးချဲ့နိုင်ရန် ထောက်ခံအားပေးပါ။
- ငယ်ရွယ်သော မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး/လိင်ပြောင်းလဲထားသော အမျိုးသမီးများ အတွက် ဦးတည်သည့် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးကဏ္ဍများကို ဆောင်ရွက်နိုင်ရန် အားပေးကူညီပါ။
- အမျိုးသမီးများ အားလုံးပါဝင်ပြီး လက်လှမ်းမီ သုံးစွဲနိုင်သည့် ဆန္ဒအလျောက်ခံယူနိုင်သော မူးယစ်ဆေးဝါးကုသရေး အစီအစဉ်များ ဖော်ဆောင်ရန်အတွက် တိုက်တွန်းပါ။
- မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများအပေါ် ကျရောက်နိုင်သည့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်မှ အကြမ်းဖက်မှုများကို တားဆီးရန် ဥပဒေနှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှု သေချာစေပါ။
၄။ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးရန်အတွက် ကဏ္ဍအားလုံးအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။
- အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသူများ၊ မူဝါဒချမှတ်သူများနှင့် ထိခိုက်နစ်နာရသော လူမှုအသိုင်းအဝိုင်းများ ချိတ်ဆက်ကာ ပူးပေါင်း လုပ်ဆောင်ရပါမည်။
- အထောက်အထားအခြေပြု မူဝါဒများ ဖော်ဆောင်မှုကို ပံ့ပိုးနိုင်စေရန် မူးယစ်ဆေးသုံးစွဲမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များကို စုဆောင်းဆန်းစစ်ပြီး အသုံးပြုသင့်သည်။
- ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တွင် အမျိုးသမီးအရေအတွက် အဆတိုးလာခြင်းသည် ကျားမသီးသန့် ချဉ်းကပ်မှုများကို တောင်းဆိုနေခြင်းဖြစ်ပါသည်။
၅။ အသိပညာမြှင့်တင်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းများ စုစည်းလှုပ်ရှားခြင်း
မူးယစ်ဆေးသုံးစွဲမှုနှင့် အကြမ်းဖက်မှုကြား ချိတ်ဆက်ပတ်သက်ခြင်းကို လူမှုအသိုင်းအဝိုင်းအကြား သိရှိနားလည်နိုင်ရန် အရေးပါပေသည်။
- မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများနှင့် LGBTQ+ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးရန်နှင့် အသိပညာပေး အစီအစဉ်များပြုလုပ်နိုင်ရန် လုံခြုံစိတ်ချသော နေရာများ ဖန်တီးပေးသင့်ပါသည်။
၆။ နိဂုံးချုပ်
မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (DPAG)နှင့် မိတ်ဖက်အဖွဲ့များ အနေဖြင့် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများနှင့် LGBTQ+အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်နိုင်သည့် ကျန်းမာရေးအခြေပြုသော၊ ကရုဏာစိတ်ရှိသော၊ လူ့အခွင့်အရေးကို ဦးတည်သော မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများဖြစ်ပေါ်လာစေရေး ဆက်လက်စည်းရုံးလုပ်ဆောင်သွားမည်ဟု ကတိပြုပါသည်။
“အမျိုးသမီးများ၊ အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို လုံးဝလက်ခံနိုင်စရာ မရှိပါ။”
Social media/လူမှုကွန်ရက်တွင် “၁၆ ရက်တာလှုပ်ရှားမှု”နှင့် ပတ်သက်သော ပို့စ်များတင်ပါက အောက်ပါ #hashtag များဖြင့် တွဲကာ တင်ပြနိုင်ပါသည်။
- #EndViolenceAgainstWomen (အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေး)
- #SafeWWUDs (ဘေးကင်းလုံခြုံသော မူးယစ်ဆေးသုံးစွဲသူအမျိုးသမီးများ)
- #StopViolenceAgainstTransWomen (လိင်ပြောင်းလဲထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေးပါ)
- #HealthBasedPolicies (ကျန်းမာရေးအခြေပြုမူဝါဒများ)
- #SafeCommunities (ဘေးကင်းလုံခြုံသောလူမှုအသိုင်းအဝိုင်းများ)
“၁၆ ရက်တာလှုပ်ရှားမှု”နှင့် ပတ်သက်၍ ပိုမိုလေ့လာလိုပါက အောက်ပါ ဝက်ဘ်ဆိုက်/လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။
- EVAWUD 2025 campaign toolkit (Elimination of Violence Against Women Using Drugs) by WHRIN (Women Harm Reduction International Network) အမျိုးသမီးမူးယစ်ဆေးဝါးသုံးစွဲသူများကြား အန္တရာယ်လျှော့ချရေး နိုင်ငံတကာကွန်ရက် https://whrin.site/event/evawud-2025-campaign-toolkit/
- ‘Flip the Script’ campaign: https://bit.ly/4hTar59 by IDPC (International Drug Policy Consortium) နိုင်ငံတကာ မူးယစ်ဆေးဝါးမူဝါဒများ ပြောင်းလဲခြင်းရေးရာ ကွန်ဆောတီယမ်
- ‘An effective and humane approach to drug policies’ by United Nations Human Rights Office of the High Commissioner (OHCHR) ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး https://www.ohchr.org/en/stories/2025/04/effective-and-humane-approach-drug-policies