အနာဂတ်မှာ မွန်လူမျိုးတွေအတွက် ဘယ်လိုထွက်ပေါက်တွေ စောင့်ကြိုနေမလဲ? စာရေးသားသူ- ကွန်းဝု

မြန်မာနိုင်ငံရှိ ဆင်းရဲဒုက္ခများနှင့် ပဋိပက္ခများကြားတွင် မွန်လူမျိုးများသည် မရေရာသော လမ်းဆုံလမ်းခွတွင် ရောက်ရှိနေပါသည်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီ၏ အာဏာသိမ်းမှုအပြီးတွင် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးကို လက်ကိုင်ထားကာ ကြားနေရန် ကြိုးပမ်းခဲ့ပါသည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေးကို နက်နက်ရှိုင်းရှိုင်းဆန့်ကျင်လျက်ရှိသော တစ်နိုင်ငံလုံးရှိ အခြားသော တိုင်းရင်းသားလူမျိုးများနည်းတူ မွန်ပြည်သူလူထုသည်လည်း ဖိနှိပ်မှု၊ ခက်ခဲကြမ်းတမ်းမှုနှင့် ရံဖန်ရံခါ အကြမ်းဖက်မှုများကို ဆက်လက်ခံစား နေရပါသည်။ ပြီးခဲ့သည့်နှစ်တွင် ဖက်ဒရယ်လိုလားသော အုပ်စုတစ်စုသည် လက်နက်ကိုင်တော်လှန်ရေးသို့ ပြန်လည်လှုပ်ရှားမှုနှင့်အတူ မွန်ပြည်သစ်ပါတီတွင် အက်ကွဲမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဤဝေဖန်သုံးသပ်ချက်တွင် ကွန်းဝုသည် မွန်လူမျိုးများ၏ ဒုက္ခများကို ဖော်ပြထားပြီး ၎င်းတို့ရင်ဆိုင်နေရသော ခက်ခဲသည့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြထားပါသည်။ သူမ၏ အဆိုအရ ညီညွတ်မှုသည် မွန်လူမျိုးများနှင့် ၎င်းတို့၏ ည်မှန်းချက်ကို ကာကွယ်ရာတွင် အဓိကအဖြေနှင့် အကြီးမားဆုံးသော ခုခံကာကွယ်မှုဖြစ်သည်။
 

Authors

Longread by

Kun Wood
78th Mon National Day, NMSP headquarters, 13 February 2025

Photo credit TZ

၇၈ နှစ်မြောက် မွန်အမျိုးသားနေ့၊ မွန်ပြည်သစ်ပါတီဌာနချုပ်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

နေ့စဉ်နဲ့ အမျှ ဝမ်းစာဝဖို့ အတွက် ရုန်းကန်နေရသည့် မွန် ပြည်သူများ၏ ဘဝ

စစ်ကောင်စီ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်မှာ ယခုနှစ် ဆောင်းကုန်လျှင် နှစ် အတွင်းသို့ ရောက်တော့မည် ဖြစ်သည်။ နွေ၊မိုး၊ ဆောင်းရာသီများသာ ပြောင်းသွားခဲ့သော်လည်း စစ်ကောင်စီ၏ ယုတ်မာမှု၊ အကြမ်းဖက်မှု၊ မတရား ဖိနှိပ်မှု များသည် တစ်နေ့ထက် တစ်နေ့၊ တစ်မျိုးပြီး တစ်မျိုး မရိုးအောင် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။  ထိုသို့ နှစ်ရှည်ခံစားရသူများတွင် မွန်ပြည်သူတို့လည်း အပါအဝင် ဖြစ်ပါသည်။ ငိုကြွေးသံများ၊ ညည်းတွားသံ များနှင့် အတူ အချိန်တွေကုန်ဆုံးခဲ့ကာ ယခုတော့ အာဏာသိမ်းပြီးလို့ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ပြည်သူအများစုအနေဖြင့် မျက်ရည်၊ ဒုက္ခဆင်းရဲ ပေါင်းမြောက်များစွာနှင့် ဘဝကို ရှင်သန်နေကြရပါသည်။ ယခုအချိန်ထိ အနာဂတ် မသေချာမရေရာသေးဘဲ မျော်လင့်ချက်မဲ့နေဆဲဖြစ်သည်။ ပြည်သူတစ်ဦးအနေဖြင့်ကျွန်မတို့ ဘယ်လမ်းကြောင်းပေါ် ရောက်နေလဲ၊ က်ရှိအခြေအနေက ယ်မှာလဲ” ဆိုတာ ယနေ့အချိန်ထိ ဝေဝါးနေဆဲဖြစ်ပါသည်။ 

နံနက်အိပ်ရာထတိုင်း မည်သည့်နေ့တွင် လွတ်မြောက်မည်နည်း၊ မည်သည့်အချိန်တွင် လွတ်လပ်မှုရရှိမည်နည်း၊ အဘယ့်ကြောင့် လွတ်မြောက်မှုသည် မိမိတို့နှင့် ဝေးကွာနေရပါသနည်း၊ အခြားနိုင်ငံများသည် တိုးတက်ရန် ကြိုးပမ်းနေချိန်တွင် မိမိတို့နိုင်ငံက အဘယ့်ကြောင့် စစ်ပွဲအတွင်း နစ်မွန်းနေရပါသနည်း စသည့် မေးခွန်းများ၏ အဖြေကို မည်သူ့အား မေးရမည်နည်း။ မုန့်လုံးစက္ကူကပ်သကဲ့သို့ မရေမရာ အခြေအနေများဖြင့် နေ့ရက်များ ကုန်ဆုံးနေရပါသည်။ အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခဲ့သော်လည်း ပြည်သူများသည် အကျပ်အတည်းများ ကြားတွင် ရုန်းကန်နေရဆဲဖြစ်ပါသည်။ ဒေသအလိုက် အကျပ်အတည်းများသည် အမျိုးမျိုးကွဲပြား လျက်ရှိပါသည်။

မွန်လူမျိုးများသည် မိမိတို့ကိုယ်ကို မွန်လူမျိုးဟု ဂုဏ်ယူစွာ ဖော်ညွှန်းလေ့ရှိပါသည်။ မွန်နိုင်ငံတော်ဖြစ်သည့် ဟံသာဝတီပြိုလဲပြီးနောက် ရာစုနှစ်များစွာကြာပြီးချိန်တွင် တော်လှန်ရေးနှင့်အတူ နောက်ထပ် မျှော်လင့်ချက် တစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ ယင်းမျှော်လင့်ချက်မှာ မွန်လူမျိုးများသည် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် အခြားလူမျိုးစုများနှင့်အတူ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွတည်ထောင်ရန် ဖြစ်ပါသည်။ မိမိတို့၏ ကံကြမ္မာကို မိမိတို့ဖန်တီးခွင့်၊ အမျိုးသားတန်းတူညီမျှရေးနှင့် အာဏာရှင်စနစ်ဟူသမျှကို တိုက်ဖျက်ရန်ဟူသော နိုင်ငံရေးဦးတည်ချက်များဖြင့် မွန်နိုင်ငံရေးကို ဦးဆောင်သည့် မွန်ပြည်သစ်ပါတီအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုများသည် အတူတကွ တိုက်ပွဲဝင်ခဲ့ကြပါသည်။

သမိုင်းတစ်လျှောက် ပြန်ကြည့်လျှင် မွန်ပြည်သစ်ပါတီသည် မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ စည်းရုံးရေးအားကောင်းခဲ့ပြီး မဟာမိတ်စုစည်းမှုနှင့် လှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ပါသည်။ ထိုကဲ့သို့ အကြောင်းရင်းများကြောင့် မွန်လူမျိုးတို့၏ အရေးကိစ္စများကို ပြောဆိုရာတွင် မွန်ပြည်သစ်ပါတီသည် အားထားရသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ အချိန်ကာလအလျောက် နိုင်ငံရေးအခြေအနေများ ပြောင်းလဲသွားသော်လည်း အရင်းခံပြဿနာများသည် အဘယ့်ကြောင့် ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ရှိနေရသနည်းဟူသော မေးခွန်းများပေါ်ပေါက်လာပါသည်။

ယခုကဲ့သို့ မေးခွန်းထုတ်ခြင်းသည် အတိတ်ကို အပြစ်တင်ခြင်းမဟုတ်ဘဲ အတိတ်က မှားယွင်းခဲ့သည့် အရာများမှ သင်ခန်းစာယူရန် ရည်ရွယ်ပါသည်။ က်ရှိနိုင်ငံရေးအကျပ်အတည်းသည် သမိုင်းစဉ်ဆက်မပြတ် သံသရာလည် နေသည့် နိုင်ငံရေးထောင်ချောက် သို့မဟုတ် ပဋိပက္ခထောင်ချောက်ဟုလည်း ဆိုနိုင်ပါသည်။ မျိုးဆက်များသာ ပြောင်းလဲသွားသော်လည်း နိုင်ငံရေးပြဿနာများသည် ထောင်ချောက်အတွင်း၌ ရှိနေဆဲဖြစ်ပါသည်။ နည်းလမ်းအမျိုးမျိုး စမ်းသပ်လုပ်ဆောင်ခဲ့သော်လည်း တူညီသော အတားအဆီးများနှင့် စိတ်ပျက်ဖွယ်ရာများကိုသာ ထပ်တလဲလဲ ကြုံတွေ့နေရပါသည်။

အတိတ်ဖြစ်ရပ်များကို ပြန်ကြည့်လျှင် စိုးရိမ်စရာကောင်းသည်မှာ မှန်ပင်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ယင်းသို့ ပြောင်းလဲခြင်းမှ မွန်ပြည်သူအနည်းငယ်သာ အကျိုးအမြတ်ရရှိခဲ့ပြီး အများစုမှာ ထူးခြားသော အကျိုးကျေးဇူးများ မရရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်က မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးခဲ့ပြန်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် တစ်ပိုင်းအရပ်သားအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသစ်စတင်ချိန်၌ မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council (UNFC)) နှင့် ပူးပေါင်းကာ စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဖိအားမျိုးစုံကြားမှ မွန်ပြည်သစ်ပါတီသည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement (NCA)) တွင် က်မှတ်ရေးထိုးခဲ့ပြီး ပြည်သူများ သေနတ်သံမကြားရဘဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ကြိုးစားခဲ့ပါသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူရန် ကြိုးပမ်းပြီးနောက် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ အဆုံးသတ်ခဲ့ပါသည်။ 

အထက်ဖော်ပြပါ အဖြစ်အပျက်များမှ အလွန်ရှင်းလင်းသော ကောက်ချက်များစွာ ထွက်ပေါ်လာပါသည်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်း နိုင်ငံသည် ယခုအချိန်ထိ ပြဿနာသံသရာအတွင်းမှ မလွတ်မြောက် နိုင်သေးပါ။ ယခုအချိန်အထိ ပြဿနာများ မဖြေရှင်းနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်တပ်ဘက်မှ ပြဿနာများ ဖြေရှင်းရန် စိတ်ဝင်စားမှု ရှိခြင်းကြောင့်ဖြစ်သည်။ စစ်တပ်သည် လူမျိုးရေးပဋိပက္ခများကို ပိုင်နိုင်စွာ ကစားနိုင်ခြင်း၊ ပြဿနာ၏ အရင်းအမြစ်ကို လစ်လျူရှုခြင်း၊ လိုအပ်ပါက မဟာမိတ်ပြုလုပ်ပြီး မလိုအပ်ပါက ရန်သူအဖြစ် တ်မှတ်ခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၁ အာဏာသိမ်းမှု ကြိုးပမ်းမှုအပေါ် နိုင်ငံတစ်ဝန်း ထင်မြင်ယူဆချက်များမှာ စစ်ကောင်စီ၏ လုပ်ရပ်များသည် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကဲ့သို့ ဖြစ်နေပြီး က်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအားလုံး၏ အရင်းခံအကြောင်းရင်းလည်း ဖြစ်ကြောင်း ယူဆကြသည်။ ပြည်သူများ လွတ်မြောက်ဖို့ဆိုလျှင် စစ်ကောင်စီကို အပြီးအပိုင် ဖြုတ်ချမှသာ ရမည်ဟု ယုံကြည်ကြပါသည်။

ဖက်ဒရယ်အိမ်မက်နှင့် အလှမ်းဝေးနေသေးသော မွန်လူမျိုး

ထို့ကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ လျှောက်နေသည့် လမ်းသည် မွန်လူမျိုးတို့၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေသလား၊ အဟန့်အတားဖြစ်စေ သလား ဆိုသည်ကို သေချာစွာ ဆန်းစစ်ရန် လိုအပ်ပါသည်။ မွန်တော်လှန်ရေးသည် ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအချိန်တွင် နှစ်ပေါင်း ၇၅ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအချိန်ကာလသည် ၁၉၉၅ ခုနှစ်မှ ယခုအချိန်ထိ နှစ်ပေါင်း ၃၀ နီးပါး ရှိနေပြီဖြစ်သည်။ မွန်ပြည်သစ်ပါတီအနေဖြင့် သွေးထွက်သံယိုမှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရန်၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူခဲ့သည်။ 

သို့သော် ဝမ်းနည်းစွာဖြင့် မှန်အတိုင်း ပြောရမည်ဆိုလျှင် အပစ်အခတ်ရပ်စဲခြင်းသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး စစ်တပ်သည် ၎င်းတို့၏ အာဏာကို ပိုမိုခိုင်မာစေရန် အသုံးချခဲ့သည့် ကာလအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် မွန်လူမျိုးတို့ မျှော်မှန်းထားသည့် အိမ်မက်သည် ယနေ့တိုင် အကောင်အထည် ဖော်နိုင်ခြင်းမရှိခဲ့ပေ။ နှစ်ကာလသာပြောင်းခဲ့သော်လည်း အာဏာရှင်အစိုးရ အဆက်ဆက်သည် နိုင်ငံရေးပြဿနာများ ဖြေရှင်းရန် ဆန္ဒမရှိခဲ့ကြပါ။ ထိုမျှမကသေး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ယခုအချိန်အထိ အာဏာရှင်စစ်တပ်၏ ရက်စက်ယုတ်မာသော လုပ်ရပ်များကို တစ်နိုင်ငံလုံးရှိ ပြည်သူများ ကိုယ်တိုင် တွေ့ကြုံခံစားနေရသည်။

ထို့ကြောင့် က်ရှိအခြေအနေကိုကြည့်ကာ မွန်ပြည်သစ်ပါတီအတွက် မေးခွန်းများစွာ ထွက်ပေါ်ခဲ့သည်။ မိမိတို့၏ နိုင်ငံရေးပန်းတိုင်များကို ဖျက်ဆီးနေသည့် စစ်အာဏာရှင်နှင့် အဘယ့်ကြောင့် ဆက်လက် ဆွေးနွေးနေပါသလဲ? မည်သည့်အောင်မြင်မှုများရမည်ဟု မျှော်လင့်နေပါသလဲ? သို့မဟုတ် တော်လှန်ရေးပန်းတိုင် အရောက်သွားဖို့အတွက် က်လျှော့လိုက်ပြီလား? မွန်လူမျိုးများသည် လက်အောက်ခံ ကျွန်ဘဝမှာပဲ ထာဝရဆက်နေရမှာလား?  ဆိုသည်တို့ကို မွန်ပြည်သစ်ပါတီအနေဖြင့် ဘက်စုံရှုထောင့်မှ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း အသက်ပေါင်း မြောက်မြားစွာ ရင်းနှီးခဲ့ရပြီး နယ်မြေ အမြောက်အများလည်း ဆုံးရှုံးခဲ့ရပြီးနောက် မိမိတို့အနေဖြင့် အိမ်ရှင်အဖြစ်မှ ဧည့်သည်ကဲ့သို့ ဖြစ်သွားရသည်။ ထိုအပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် မည်ကဲ့သို့ ရှုမြင်သနည်း? ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စု ဖြစ်လာရန် ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီလား? နှစ် ၃၀ အတွင်း သင်ခန်းစာတွေကို ဒီအတိုင်း မေ့ပစ်တော့မှာလား? မည်သည့် နိုင်ငံရေးလမ်းကြောင်းကို သွားချင်သလဲ? စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြိုးဆွဲရာကရမည့် ရုပ်သေးလိုမျိုး အဖြစ်ခံမှာလား? မွန်မျိုးဆက်သစ်များ၏ ဘဝအနာဂတ်များက ဘယ်လိုဖြစ်လာမလဲ?

ထိုမေးခွန်းများနှင့် ဆက်စပ်၍ မွန်ပြည်သစ်ပါတီသည် မွန်လူမျိုးတို့၏ အားထားရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သလို မွန်လူမျိုးတွေကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဆိုလျှင်လည်း မှားပေ။ ယခုလို တင်ပြရေးသားခြင်းသည် အပစ်တင် ပြောဆိုရန်အတွက် မဟုတ်ဘဲ အတိတ်က မှားတွေကို သင်ခန်းစာယူပြီး အနာဂတ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အတူ ဆက်လက် တည်ထောင်နိုင်ရန် ဖြစ်ပါသည်။ နှစ်ရှည်လများ မွန်တော်လှန်ရေး ည်မှန်းချက်များ အောင်မြင်ဖို့ရန်အတွက် မွန်ပြည်သစ်ပါတီနဲ့ နှင့် အတူ မွန်လူမျိုး တစ်ဦးချင်းစီမှာလည်း တာဝန်ရှိပေသည်။

"Offer your life for your nation", NMSP slogan

Photo credit Kun Wood

“မိမိတို့၏ အသက်ကို မိမိတို့၏ အမျိုးသားအတွက် ပေးဆက်ကြ” ဟူသော မွန်ပြည်သစ်ပါတီဆောင်ပုဒ်

သဘောထားကွဲလွဲမှုများနှင့် စုပေါင်းအင်အား၏ အရေးပါပုံ

၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ မိခင်တပ်ရင်းမှ ခွဲထွက်ပြီး New Mon State Party Anti-Dictatorship (NMSP-AD) ဟူ၍ ခွဲထွက် ပေါ်ပေါက်လာခဲ့သည်။ NMSP-AD အဓိက ခွဲထွက်ရသည့် အကြောင်းရင်းသည် မိခင်တပ်ရင်း မွန်ပြည်သစ်ပါတီ တွင် စစ်ကောင်စီနှင့် ခွဲရေးတွဲရေးအပေါ် သဘောထားကွဲလွဲခဲ့ခြင်းကြောင့် ဖြစ်သည်။ NMSP-AD နိုင်ငံရေး ဦးတည်ချက် ၅ ချက်မှာ -

(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်။

(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။

(ဂ) ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးအပြည့်အဝရှိသော  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်။

(ဃ) မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်။

(င) မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်။ 1

ယခုအပြောင်းအလဲနှင့်အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ရန်အတွက် အခြားသော လူငယ်တော်လှန်ရေး အင်အားသစ်များလည်း ပေါ်ထွက်လာပါသည်။ အဖွဲ့များပြားခြင်းသည် ပြဿနာမဟုတ်သော်လည်း သွားလိုသည့် နိုင်ငံရေးပန်းတိုင် တူညီဖို့တော့ လိုအပ်ပါသည်။ ဖြစ်နိုင်ပါက တစ်ကွဲတစ်ပြား အနေအထားဖြင့် မဟုတ်ဘဲ စုပေါင်းအင်အား၊ ချိတ်ဆက်ကြိုးပမ်းအားထုတ်မှုများဖြင့်သာ တော်လှန်သွားနိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။

ဤဖြစ်ရပ်များက သတိပေးနေသည့်အတိုင်း ပဋိပက္ခများကြားတွင် ကြားနေခြင်းနှင့် လျစ်လျူရှုနေခြင်းတို့သည် လုံလောက်တော့မည် မဟုတ်ပါ။ နိုင်ငံတဝှမ်းတော်လှန်ရေးဒီရေသည် အရှိန်ကောင်းလာသလို ဒေသခံပြည်သူ များ၏ ကြံ့ကြံ့ခံ တောင့်ခံနိုင်မှုကလည်း အစွမ်းကုန်ဖြစ်နေပါသည်။ အချို့သော တော်လှန်ရေးအင်အားစုများက မြို့သိမ်းအဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။ ယခုလို နိုင်ငံရေးဆုံချက်မျိုးသည် ၁၉၄၈ ခုနှစ် တိုင်းပြည်လွတ်လပ်ရေးရပြီးအချိန်မှ တစ်ကြိမ်သာ ပေါ်ပေါက်လာခဲ့သည်။ မွန်ပြည်သစ်ပါတီမှ နေမြဲအတိုင်းသာ နေပြီး စစ်ကောင်စီ ခိုင်းရာလုပ် စေရာသွားကာ "လူထုတွေ ထိခိုက်မှာကို စိုးရိမ်လို့" ဟူသည့် ဆင်ခြေပေးခြင်းသည် လုံလောက်သော ဆင်ခြေမဟုတ်ဟု မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ တစ်နိုင်ငံလုံး စစ်ဖြစ်ပွားနေသည့်အချိန်တွင် မွန်ပြည်သူများသည် အခြားသော ပြည်သူများနှင့်အတူ စစ်ဒဏ်ခံစားနေကြရသည်။ နောက်ဆုံးမှာ မွန်ခေါင်းဆောင်တွေက ၎င်းတို့၏ "နေသာထိုင်သာ နေရာ" ထဲတွင် ကြာကြာဆက်နေနေလျှင် မည်သည့်လမ်းကိုမှ လှမ်းလို့မရနိုင်အောင် ခက်ခဲသွားနိုင်ပါသည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီမှ ဖော်ဆောင်သည့် အတုအယောင်ပြည်ထောင်စု အိမ်မက်ထဲတွင် နစ်မျောမနေဘဲ ယခုအချိန်သည် မိမိတို့ အမှန်တကယ် လိုချင်သည့် စစ်မှန်သောပြည်ထောင်စုကို လူမျိုးစုမဟာမိတ်များနှင့် အတူတကွလက်တွဲဖော်ဆောင်သင့်သည့် အချိန်ကောင်းတစ်ခုဖြစ်သည် ဟု မြင်မိပါသည်။ အကယ်၍ စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းသွားမည် ဆိုပါက “ပဋိပက္ခထောင်ချောက်”ထဲက ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။ မွန်ပြည်သစ်ပါတီအနေဖြင့် ယခုထောင်ချောက်ထဲက ရုန်းမထွက်နိုင်လျှင် မွန်လူမျိုး တစ်မျိုးသားလုံး စစ်ကျွန်ဘဝသို့ ထာဝရရောက်သွားနိုင်ပါသည်။ ယခု လုပ်ဆောင်နေသော ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲ ဖြစ်သလို၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း အတုအယောင်ငြိမ်းချမ်းရေးဖြစ်သည်။ ပြည်သူများမှ လက်တွေ့ကြုံတွေ့ခံစားရသည့်အတိုင်း စစ်ကောင်စီသည် သမိုင်းစဉ်ဆက် ကတိမတည်၊ မယုံကြည်ရဆုံးသော အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ အပြောင်းအလဲကို လုပ်ဆောင်ဖို့ စိတ်ဆန္ဒ အနည်းငယ်မျှ မရှိသောသူများဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး မည်သည့်အကျိုးစီးပွားကိုမျှ မကြည့်ပါ။

ယခုအချိန်တွင် မွန်ပြည်သစ်ပါတီမှ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာရှိပါသည်။ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း လူ့အရင်းအမြစ်နှင့် စစ်အင်အားလျော့နည်းသွားခဲ့သည့် အဖွဲ့သည် မွန်ပြည်သစ်ပါတီဖြစ်သည်။ ထိုကဲ့သို့ ဖြစ်သွားရသည့် အကြောင်းရင်းများစွာရှိပါသည်။ မွန်ပြည်သစ်ပါတီ၏ ဆုံးဖြတ်ချက်အများစုသည် ပြည်သူလူထုဘဝ အိုးအိမ်လုံခြုံရန်အတွက် ရည်ရွယ်သည်ဆိုသည်ကို မွန်လူမျိုးများအနေနှင့် ယုံကြည်ပေသည်။ သို့သော် အနှစ် ၃၀ ကျော် စစ်တပ်နှင့် ဆွေးနွေးရေးလမ်းစဉ်သည် အလုပ်မဖြစ်သည်ကို မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များ အသိဆုံးပင်ဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် တော်လှန်ရေးအတွေ့အကြုံအများကြီးရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ အခက်အခဲများစွာကျော်ဖြတ်ခဲ့ပြီး တပ်ပေါင်းစုများစွာနှင့်လည်း အတူတကွပူးပေါင်းတိုက်ပွဲဝင်ခဲ့ဖူးသည်။ သို့သော်လည်း ယခုထိတိုင် တပ်ပေါင်းစုအနေဖြင့် လှုပ်ရှားမှုများသည်လည်း မျှော်မှန်းထားသလောက် ခရီးမရောက်ခဲ့ပေ။

အချုပ်ဆိုရလျှင် မွန်ပြည်သစ်ပါတီသည် မွန်လူမျိုးများအတွက် အဖိုးမဖြတ်နိုင်သည့် ပတ္တမြားဖြစ်သည်။ သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းကြောင့် ထိုပတ္တမြား၏ တန်ဖိုးအစစ်အမှန်မှာ ရွှံ့နွံထဲတွင် ပျောက်ကွယ်နေရသည်။ မိမိတို့တန်ဖိုးကို ပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် မိမိတို့ကိုယ်တိုင် ဆုံးဖြတ်၍ အပြောင်းအလဲပြုလုပ်ရန် လိုအပ်ပါသည်။

တစ်ချိန်တည်းမှာပင် မွန်ပြည်နယ်နှင့် အနီးတစ်ဝိုက် ဒေသများသို့ လွတ်လပ်စွာ ခရီးသွားလာရန် အလွန်ခက်ခဲ လျက်ရှိပြီး စိုးရိမ်ပူပန်သူများက မေးခွန်းများစွာ မေးမြန်းလျက်ရှိပါသည်။ အောက်ပါတို့သည် မကြာခဏ အာရုံစိုက်ခံရသည့် အကြောင်းအရာများအပေါ် ပြန်လည်ဖြေကြားချက်များ ဖြစ်ပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေး အမည်ခံ စီမံကိန်းများ အရှိန်တိုးမြှင့်လာခဲ့သည့်အပေါ်  ပြည်သူလူထု၏ စိုးရိမ်ချက်များ

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်ဖြစ်ပွားနေသည့် အချိန်တွင်  ဖွံ့ဖြိုးရေးအမည်ခံ ရင်းနှီးမြှပ်နှံမှုများ၊ စီမံကိန်းများ မွန်ပြည်နယ်သို့  အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။ မွန်ပြည်နယ်အတွင်း ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပေါင်း ၉၃ ခုရှိသည့်အထဲတွင် ၃၇ ခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်း ၅၆ ခု ရှိသည်ဟု မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာန ဦးတင်ထွန်းအောင်က ဆိုသည်။ 2

မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်ထွက်ပေါက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ လက်ရှိ မွန်ပြည်နယ်အတွင်း လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများသည် မွန်ပြည်သစ်ပါတီနှင့် မွန်လူမျိုးတို့အတွက် မည်သည့်အကျိုးအမြတ်များကို ရရှိစေမည်နည်း? စီမံကိန်းများကို မည်သူများက ပိုင်ဆိုင်ထားပြီး မည်သည့် အခန်းကဏ္ဍများတွင် မည်သို့လုပ်ဆောင်နေပါသနည်း? အကျိုးအမြတ်များကို မည်သူများက ရရှိနေပါသနည်း? ရရှိလာသည့် အကျိုးအမြတ်တွေကို မည်ကဲ့သို့ အသုံးချနေပါသနည်း? ယခုအချိန်သည် အဆိုပါမေးခွန်းများကို အထူးစိစစ်ရမည့်အချိန်ဖြစ်သည်။ သို့သော် စစ်ကောင်စီသည် ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အရေးဆိုမှုများကို လစ်လျူရှုနေသကဲ့သို့ အထက်ပါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြသနာများကိုလည်း လျစ်လျူရှုထားသည်။​ ဆက်စပ်အကျိုးဆက်များကို သာမန်ပြည်သူများကသာ နေ့စဉ်ခံစားနေရသည်။

မွန်ပြည်နယ်အတွင်း လက်ရှိအကောင်အထည်ဖော်နေသော စီမံကိန်းများဖြစ်သည့် ရော်ဘာစက်ရုံ၊ ရေနက် ဆိပ်ကမ်း၊ လေဆိပ် စသည်တို့နှင့် ပက်သတ်၍ အရေးတကြီးမေးခွန်းများရှိနေသည်။ ထုတ်ယူအသုံးပြုလိုက်သည့် အရင်းအမြစ်များသည် ပြန်လည်အစားထိုး၍မရနိုင်သည့်အရာများဖြစ်သည်။ စစ်ကောင်စီ၏ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများသည် အမှန်တကယ်သာ မွန်လူထုအတွက် အကျိုးရှိနေခဲ့မည်ဆိုလျှင် မွန်ပြည်သူအများအပြား အနေဖြင့် ယခင်ကာလများမှ ယနေ့ထိတိုင် နိုင်ငံရပ်ခြားသို့ထွက်ခွာ၍ အလုပ်လုပ်ရန် လိုအပ်နေပါမည်လား? စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် ဆိုသည်မှာ ၎င်းတို့အကျိုးစီးပွားအတွက် ဦးတည်လုပ်ဆောင်နေသည့် အလုပ်များကိုသာ ခေါ်ဆိုပါသလား? ယခုစီမံကိန်းများတွင် မွန်လူမျိုးတို့၏ အစစ်အမှန်ပိုင်ဆိုင်မှု ရာခိုင်နှုန်းမည်မျှရှိပါသနည်း? အဆိုပါမေးခွန်းများအတွက် ကျေနပ်လောက်သည့်အဖြေ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိခိုက်နစ်နာမှုများအတွက် ဆိုးကျိုးခံစားရမည်မှာ ဒေသခံ မွန်ပြည်သူများသာ ဖြစ်သည်။

ထို့အပြင် ယခုနောက်ပိုင်းတွင် မွန်ပြည်နယ်အတွင်း တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည်ကိုလည်း တွေ့ရသည်။ အများစုမှာ မြန်မာစကား မပြောတတ်ကြသော်လည်း မြန်မာနိုင်ငံသား မှတ်ပုံတင်များ ကိုင်ဆောင်ထားကြသည်။ ၎င်းတို့ မည်သို့မည်ပုံ ပြောင်းရွှေ့ ဝင်ရောက်လာကြသည်ကို ရှင်းရှင်းလင်းလင်း မသိကြရပါ။ ပြင်ပမှပိုဝင်ရောက်လာပြီး မွန်လူမျိုးက အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ပိုမိုထွက်ခွာနေရသည့် အခြေအနေကြောင့်  အိမ်ရှင်များက ဧည့်သည်များနှင့် လူသစ်များ အခြေချနေထိုင်နိုင်ရန် ထွက်ခွာပေးနရသကဲ့သို့ ဖြစ်နေသည်။ ပြင်ပမှဝင်ရောက်လာသူများသည် မွန်ပြည်နယ်မှ မည်သည့်အကျိုးစီးပွားများ ထုတ်ယူရန် မျှော်လင့်နေပါသနည်း? တရုတ်၏ စီးပွားရေးများသည် မွန်လူထုနှင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်လား? အလားတူဖြစ်စဉ်များကို မွန်လူမျိုးများနေထိုင်သည့် မွန်ပြည်နယ်နှင့် ကပ်လျက် ကရင်ပြည်နယ်တွင်လည်း တွေ့နိုင်ပါသည်။3

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မွန်လူမျိုးများသည် နိုင်ငံအတွင်းရှိ အခြားသော ပြည်သူများကဲ့သို့ပင် ဒုက္ခဆင်းရဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဒေသအတွင်း တိုးပွားလာသည့် မတရားအခွန် ကောက်ခံမှုများ၊ အိုးအိမ်မလုံခြုံမှုများ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သောသူများသည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဥပမာအားဖြင့် မော်လမြိုင်မြို့မှ ရေးမြို့သို့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် ယာဉ်မောင်းတစ်ဦးဖြစ်သူ နိုင်ထောအောင်မှ သူ၏နေ့စဉ် ရုန်းကန်မှုများကို အောက်ပါအတိုင်း မျှဝေခဲ့သည်။

"ကျွန်တော်တို့ ဝမ်းစာအတွက် မရှိမဖြစ်လို့သာ ကားမောင်းနေရတယ်။ တကယ်ကို အဆင်မပြေပါဘူး။ လုံခြုံမှုလည်းမရှိဘူး။ ဘယ်သူ့ကို အားကိုးရမှန်းလည်း မသိဘူး။ တစ်စုံတစ်ရာ ဖြစ်လာရင် တိုင်ကြားဖို့ နေရာမရှိဘူး။ ခရီးသွား နည်းပြီး ဆီဈေးတွေကကြီးတယ်။ အခွန်တွေက ရေးကနေ မော်လမြိုင်ဆို လက်တားဂိတ်၊ ဝါးတားဂိတ်ပေါင်း ၁၀ ကျော်လောက်ရှိမယ်။ တစ်ချို့ဂိတ်တွေက ပိုက်ဆံမဖြစ်မနေ ပေးရတယ်။ တစ်ချို့ဂိတ်တွေက ပစ္စည်းတစ်ခုခု ပေးရတယ်။ တစ်ချို့ဂိတ်တွေကျတော့လည်း ညှိရ၊ နှိုင်းရတယ်။ ကျွန်တော်တို့မှာက ခရီးသည်လည်းနည်းတော့ တော်တော်လေး အခက်အခဲဖြစ်ရတယ်။ ကျွန်တော်တို့တွေရဲ့ အသက်တွေက အလွန်တန်ဖိုးနည်းလွန်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ စစ်ပွဲတွေအားလုံး ရပ်တန့်စေချင်ပါတယ်။"

စစ်မှုထမ်းဥပဒေနှင့် မွန်လူငယ်များ - အဘယ့်ကြောင့် မွန်လူငယ်များ နိုင်ငံခြားသို့ ထွက်ခွာနေကြရသနည်း?

မွန်လူမျိုးများအတွက် နိုင်ငံခြားသို့ သွားရောက် အလုပ်အကိုင်လုပ်ကိုင်ခြင်းသည် ထူးဆန်းသော အရာမဟုတ်ပေ။ သို့သော်လည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မွန်လူမျိုးများသည် ယခင်ကထက် အဆပေါင်းများစွာ နိုင်ငံခြားသို့ တရားဝင်နည်းလမ်း၊ တရားမဝင်နည်းလမ်းအစုံဖြင့် ထွက်ခွာနေကြသည်။ နိုင်ငံခြားသို့ ထွက်ခွာခြင်းတွင် ပညာသွားရောက်သင်ကြားရန်အတွက်မှာ အနည်းငယ်သာရှိပြီး အများစုမှာ အောက်ခြေအလုပ်နှင့် အလုပ်ကြမ်းများလုပ်ကိုင်ရန်သာ သွားရောက်ကြရခြင်းဖြစ်သည်။ စစ်ကောင်စီမှ အဓမ္မစစ်မှုထမ်းခိုင်းခြင်းကို တိုးမြှင့်လုပ်ဆောင်လာသောကြောင့် စစ်မှုထမ်းရန် အရွယ်ရောက်သော လူငယ်များ ပြည်ပသို့ထွက်ခွာရန် အပြင်းအထန်ကြိုးစားနေကြရသည်။ ၎င်းတို့ မည်သည့်အချိန် အိမ်ပြန်လာနိုင်မည်ကို မသိနိုင်ကြပါ။4
 

အဘယ့်ကြောင့် ပြဿနာများ၊ အကျပ်အတည်းများကို ဖြေရှင်းမရ ဖြစ်နေရသနည်း?

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများသည် နိုင်ငံရေးအပြောင်းအလဲ ရရှိရန် စိတ်ပိုင်းဖြတ်ထားကြပြီး စစ်ကောင်စီမှာမူ စစ်တပ်၏ လွှမ်းမိုးမှု အတိတ်သို့ ပြန်သွားလိုသည်။ ထို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတို့၏ တော်လှန်ရေးပေါ်ပေါက်လာသည်။ မြင့်တက်လာသော နိုင်ငံရေး ရေချိန်နှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာပြီး နယ်မြေတစ်ချို့ကို ထိန်းချုပ်လာနိုင်ခဲ့ကြသည်။ ထို့အပြင် ကရင်နီပြည်နယ်ဘက်တွင် ၁၁၁၁ စစ်ဆင်ရေး နှင့် မြို့သိမ်း တိုက်ပွဲများကို အရှိန်အဟုန်ဖြင့် ပြုလုပ်လာခဲ့သည်။

ပြည်သူ့အုပ်ချုပ်ရေး ခိုင်မာစေရန်အတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် ချင်းပြည်ကောင်စီ ကဲ့သို့သော လူမျိုးစုအုပ်ချုပ်ရေးယန္တရားများကို ထူထောင်လာနိုင်ခဲ့ကြသည်။ ထို့အပြင် ဗမာလူမျိုးအများစု နေထိုင်ကြသည့် မကွေးနှင့် စစ်ကိုင်းဒေသများတွင်လည်း အလားတူ ဆောင်ရွက်ချက်များ လုပ်ဆောင် နေကြပြီဖြစ်သည်။ စစ်ကောင်စီမှ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးများ အသုံးပြု၍ အရပ်သားပြည်သူများအပေါ် ပိုမိုပြင်းထန်သည့် အကြမ်းဖက်မှုများဖြင့် တုံ့ပြန်နေပြီး အသက်ဆုံးရှုံးမှုများနှင့် နေရပ်စွန့်ခွာရမှုများ ဖြစ်ပေါ်နေသည်။ ထိုသို့ဖြစ်နေသော်လည်း တစ်နိုင်ငံလုံးရှိ လူမျိုးစု အသီးသီးတို့သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်အတွက် ဆက်လက်ကြိုးပမ်း လျက်ရှိသည်။

အခြားနေရာဒေသများမှ ဒုက္ခဝေဒနာများသည် မွန်လူမျိုးများအပေါ် မည်သို့ သက်ရောက်မှုရှိခဲ့သနည်း။

အခြားပြည်သူများနည်းတူ မွန်ပြည်သူများသည်လည်း ဒုက္ခပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ကျေးရွာ ပြည်သူများ ပစ်သတ်ခံရခြင်း၊ မြေမြှုပ်မိုင်းနင်းမိခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်း နှင့် စစ်တပ်လက်နက်ကြီးကြောင့်  အိမ်များမီးလောင်ပျက်စီးရခြင်း၊ စစ်ဘေးရှောင်များ၏ နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ သွားလာသည့် လမ်းခရီးများမလုံခြုံခြင်း စသည်တို့ကို ကြုံတွေ့ရလျက် ရှိသည်။

မွန်ပြည်သစ်နှင့် မွန်နိုင်ငံရေးပါတီ (မွန်ညီညွတ်ရေးပါတီ) တို့သည် လက်ရှိတွင် မည်သည့်ရပ်တည်ချက်ဖြင့်  မည်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်နေပါသနည်း?

အစောပိုင်းတွင် မွန်ညီညွတ်ရေးပါတီမှ ၎င်းတို့ စစ်ကောင်စီနှင့် ပေါင်းဖက်ခြင်းသည် မိမိတို့ ပြည်သူများ အထိအခိုက်မရှိနေနိုင်ရန်အတွက်ဟု ပြောဆိုခဲ့သည်။ သို့သော် အာဏာသိမ်းမှု ၄နှစ် ကျော်လာခဲ့သည့် နောက်ပိုင်းတွင်  မွန်လူထုအနေဖြင့် မေးခွန်းများ ထုတ်လာခဲ့ကြသည်။ ယခုနှစ်များအတွင်း မွန်ညီညွတ်ရေး ပါတီအနေဖြင့် မည်သည့်အရာများ လုပ်ဆောင်နိုင်ခဲ့ပြီနည်း? ပဋိပက္ခများ၏ နောက်ကွယ်မှ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများကို ဖြေရှင်းရန် မည်သည့်ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ ပါသနည်း?

အခြားလူမျိုးစုများကဲ့သို့ပင် မွန်ပြည်နယ်ရှိ ပြည်သူများသည်လည်း စစ်ဘေးကြောင့် နေအိမ်စွန့်ခွာပြီး အသက်ဘေးမှ လွတ်မြောက်ရန် တိမ်းရှောင်နေကြရသည်။ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းအားဖြင့် မိမိတို့ပြည်သူများအခြေအနေမှာ အခြားပြည်သူများအခြေအနေနှင့် မည်သို့ကွဲပြားခြားနားသွားပါသနည်း? ဟူသောမေးခွန်းကို မွန်ညီညွတ်ရေးပါတီမှ ဖြေကြားပေးရန်လိုသည်။ လက်တွေ့တွင် မွန်ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စသည့် အခက်အခဲ၊ အကြပ်အတည်းမျိုးစုံကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရပါသည်။ ပြည်သူအများစုအတွက် ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲကြမ်းတမ်းသော အခြေအနေများဖြစ်ပါသည်။

NMSP-AD အဖွဲ့ခွဲထွက်ပြီးနောက် မွန်လူမျိုးများသည် မွန်ပြည်သစ်ပါတီမှ မည်သို့သော နိုင်ငံရေးဦးဆောင်မှု ကို မျှော်လင့်ပါသနည်း။

ယခုအခါ တစ်နိုင်ငံလုံးနေရာအနှံ့ စစ်ကောင်စီကို ခုခံတော်လှန်နေကြသည့် အခြေအနေတွင် မွန်လူမျိုးများအနေဖြင့်လည်း ၂၀၂၅ ခုနှစ်တွင် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မဖြစ်မနေ တိုက်ပွဲဝင် ရမည်ဖြစ်ပါသည်။  မိမိကိုယ်တိုင် ကြိုးပမ်းအားထုတ်မှသာ လွတ်မြောက်မည်ဖြစ်ပြီး နိုင်ငံရေးနိုးကြားမှုမရှိဘဲ အလွယ်တကူရရှိမည်ဟု မျှော်လင့်သည့် လမ်းကြောင်းနောက်ကိုသာလိုက်ပါက စစ်အာဏာရှင် သက်ဆိုးရှည် နေမည်သာဖြစ်ပါသည်။ စုပေါင်းညီညွတ်သော အင်အားသည် မွန်လူမျိုးများအတွက် ခွန်အားတစ်ရပ်ဖြစ်ပြီး မည်မျှပင် ကွဲပြားမှုများရှိနေစေကာမူ စုပေါင်းအားဖြင့် မွန်လူမျိုးတို့၏ စစ်မှန်သော ခွန်အားကို ပြသနိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မွန်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုသည် ရန်သူတို့အတွက် အစိုးရိမ်ဆုံးအရာဖြစ်ပါသည်။ ထို့ကြောင့် မွန်လူမျိုးများအနေဖြင့် မည်မျှပင် လမ်းကြောင်းကွဲပြားနေစေကာမူ ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်လျှောက်လှမ်းရန် လိုအပ်ပါသည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် လူမျိုးစုအားလုံးနှင့်အတူတကွ ပူးပေါင်းပါဝင် ရမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ အခြားလူမျိုးစုများ၏ အခွင့်အရေး(ဖြစ်တည်မှု) သည်လည်း အရေးကြီးသလို ထိုလူမျိုးစုတို့၏ ပါဝင်မှုသည်လည်း မွန်တို့အတွက် ခွန်အားတစ်ရပ်ဖြစ်ပါသည်။ ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းအတွက် ခိုင်မာသော မဟာဗျူဟာများ ချမှတ်ရန် လိုအပ်ပါသည်။ ပြည့်စုံလွှမ်းခြုံပြီး အဓိပ္ပာယ်ရှိသော မဟာဗျူဟာများဖြင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းမရှိပါက ရန်သူများ၏ အကွက်ချလှုပ်ရှားမှုများတွင် ပိတ်မိသွားနိုင်ပါသည်။

ယခုကာလသည် အမှန်ပင် မှောင်မိုက်သော ကာလဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံအရ မွန်ပြည်သစ်ပါတီသည် မွန်ပြည်သူများ အားထားရဆုံးသော နိုင်ငံရေးအင်အားစု ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ယခုတစ်ကြိမ် နိုင်ငံရေးအရ ကျရှုံးခဲ့ပါက ထာဝရအဆုံးသတ်သွားနိုင်သည်ကို သတိချပ်သင့်ပါသည်။ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် လူဦးရေသည် အလွန်တိုးပွားလျက်ရှိပြီး မျိုးစေ့ချရန် မြေနေရာ မရှိတော့သလောက်ပင် ဖြစ်နေပါသည်။ ထိုကဲ့သို့သောအခြေအနေတွင် မွန်လူမျိုးများသည် မည်သည့်နေရာတွင် သွားရောက်နေထိုင်ကြမည်နည်း? အမြဲတစေ အခြားနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နေထိုင်ကြမည်လား စသည့် မေးခွန်းများကို အမြန်ဆုံးအဖြေရှာကြရန် လိုအပ်ပါသည်။