လူထုလူတန်းစားများ၊ အစားအသောက်နှင့် မြေယာ တောင်ပေါ်လားဟူမြေမှ သင်ခန်းစာများ
Regions
TNI1 ၏ မြန်မာ့အရေးသုံးသပ်ချက်
မြေသည် လားဟူလူ့အဖွဲ့အစည်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ လားဟူလူထုလူတန်းစားများသည် အစားအစာထောက်ပံ့ပေးထားသည့် မြေယာနှင့် နက်နက်ရှိုင်းရှိုင်း စည်းနှောင်ထားလေ့ရှိသလို တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးသည့် လူမှုဆက်ဆံရေးကို ထိန်းသိမ်းထားရှိဆဲဖြစ်သည်။ ၎င်းတို့ကိုယ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများဟု သတ်မှတ်ခံယူထားခြင်းမရှိသော်လည်း ၎င်းတို့၏ ရှင်သန်နေထိုင်မှုပုံစံသည် ရာသီဥတုတရားမျှတရေးကို ဦးတည်သည့် နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များအတွက် သင်ခန်းစာကောင်းများကို ပံ့ပိုးပေးလျက်ရှိသည်။

Photo credit: Kyar Ui
ဆည်းဆာရောင်ခြည်နှင့်အတူ နေ့အလင်းမကွယ်ပျောက်မီ တစ်နာရီ သို့မဟုတ် နှစ်နာရီအလို ညနေခင်း လေးတစ်ခုဖြစ်သည်။ လားဟူမိန်းကလေးတစ်ဦးသည် ထင်းများကို လွယ်ထားသည့်ပလိုင်းအတွင်း လိုက်လံကောက်ထည့်ကာ သယ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိသည်။ ခြေအကြွ၌ ဖဝါးအောက် ပွတ်သပ်သွားသည့် ဒီဇင်ဘာလ၏ အေးစက်သည့် ဆောင်းလေအေးကြောင့် စိမ့်ခနဲတစ်ချက် ခံစားလိုက်ရသည်။ အိမ်တွင်းအအေးဒဏ်ကို အံတုရန်အတွက် သူမကိုယ်တိုင်အပါအဝင် မိခင်ဖခင်တို့သည်လည်း နွေးနွေးထွေးထွေးရှိစေရန် အဝတ်အစားထူထူဝတ်တတ်သည့် အလေ့အကျင့်ပင်ရနေပြီဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် အဓိကစိုးရိမ်ပူပန်နေရသည်က မွေးကင်းစမောင်ငယ်လေးအတွက်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကိုကိုင်း၍ မောင်ငယ်လေးကို အနွေးဓာတ်ပေးထားသည့် မီးဖိုငြိမ်းမသွားအောင် ထိန်းသိမ်းပေးမည့် ထင်းမီးလောင်စာရရှိရန် လိုက်လံ ကောက်ယူနေခြင်းဖြစ်သည်။
အိမ်ထဲ၌ မိန်းကလေး၏ မိခင်သည် ချက်ပြုတ်ပြင်ဆင်ရန်အတွက် ဆန်ဆေးနေခဲ့သည်။ ဘိန်းခင်း၌ တစ်ရက်တာပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီးနောက် ထမင်းအိုးထဲသို့ နောက်ထပ်ဆန်တစ်ခွက် ထပ်ထည့်ရန် ဆုံးဖြတ်လိုက်သည်။ ခင်ပွန်းဖြစ်သူ၏ အကြံပေးစကားကို နားထောင်ပြီးနောက် နှစ်သစ်ကူးအခါသမယရောက်သည်အထိ ဆန်အိုးထဲ၌ ဆန်အလုံအလောက်ရှိမှရှိပါ့မလားဟူသည့် မိမိ၏စိုးရိမ်ပူပန်မှုကို လွှတ်ချလိုက်တော့သည်။ တစ်ပတ်မျှသာလိုတော့သည့် လားဟူနှစ်သစ်ကူး ပွဲတော်သည် သူမအတွက် အမြဲလိုလိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတိပြီးနေခဲ့သော်လည်း စိတ်အတွင်း ပိုင်းတစ်နေရာ၌မူ ဧည့်သည်များကို လက်ဆောင်အဖြစ် တည့်ခင်းဧည့်ခံရန် ဆန်ကိတ်မှုန့် ပြင်ဆင်ရတော့မည့် အချိန်ရောက်လာ မည်ကို စိုးထိတ်နေမိသည်။ မည်သို့ဆိုစေ ရွာလုံးကျွတ်စုဝေး၍ ပျော်ပျော်ပါးပါး ကခုန်စားသောက်ကြမည့် ခုနှစ်ရက်တာကာလအတွက် မပြောပလောက်သည့် ပေးဆပ်မှုလေးသာဖြစ်တော့သည်မဟုတ်လော။
တစ်ချိန်တည်းမှာပင် မိသားစု၏ဖခင်သည်လည်း သမီးဖြစ်သူပလိုင်းအပြည့် ကောက်လာခဲ့သည့် ထင်း များကိုယူ၍ ဆောင့်ကြောင့်ထိုင်ကာ မီးမွှေးရန်ပြင်ဆင်လိုက်သည်။ ယခုညစာအတွက်လိုအပ်သည့် ဟင်းအမယ်များအတွက် အဆာပလာများကို မိခင်ဖြစ်သူက စတင်ပြင်ဆင်နေသဖြင့် မိန်းကလေးသည် မောင်ငယ်လေး၏ ပုခက်နံဘေးတွင် အသာအယာထိုင်ချလိုက်သည်။ ခဏအကြာ၌ ဖခင်ဖြစ်သူသည် ကောင်းကောင်းကျက်သွားပြီဖြစ်သည့် ထမင်းအိုးကိုဘေးချ၍ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူနှင့် ငရုတ်သီးအနှစ်တို့ဖြင့် ရှေ့ရက်ပိုင်းခန့်က ပြန်လည်ရောက်ရှိလာသည့် အမဲလိုက်အဖွဲ့ ခွဲဝေပေးခဲ့သည့် မိခင်အကြိုက် တောကောင်သားအနည်းငယ်ကို ချက်ပြုတ်ပြင်ဆင်မည့်အိုးကို ပြောင်း တင်လိုက်သည်။
ဆာလောင်နေကြပြီဖြစ်သည့် မိသားစုဝင်များ မီးဖိုနံဘေး၌ နေရာယူပြီးသည်နှင့် မိခင်ဖြစ်သူသည် ဟင်းအရသာကောင်းမကောင်း ခပ်မြန်မြန်မြည်းစမ်းကြည့်လိုက်သည်။ အနည်းငယ်ပေါ့ သယောင်ရှိ သဖြင့် ဆားအနည်းငယ်ထပ်ခတ်ကာ အရသာအတွက် အာဂျီနိုမိုတိုဟင်းချိုမှုန့် အနည်းငယ်ထပ်ထည့်ပြီး နောက် ညစာစားရန် အသင့်ဖြစ်သွားတော့သည်။2
မြန်မာပြည်သား လားဟူတို့၏ ဘဝများ
ဤဇာတ်ကြောင်းလေးက လားဟူတို့၏ ဘဝရှင်သန်မှုပုံစံကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြသလျက် ရှိသည်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် တရုတ်နိုင်ငံများ၌ ပျံ့နှံ့နေထိုင်လျက်ရှိသည့် လားဟူ အမျိုးသားများသည် ၎င်းတို့၏ သဘာဝနှင့်နီးစပ်လွန်းသည့် ဆက်ဆံရေး၊ တောတောင်နှင့် ရင်းနှီး ကျွမ်း ဝင်လွန်းသည့် နေထိုင်မှုပုံစံနှင့် အမဲလိုက်ရန် စိတ်အားထက်သန်သူများအဖြစ် နာမည်ကျော် ကြသည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ မြို့ရွာများ၊ ဈေးကွက်များနှင့်သာမက လမ်းမများနှင့်ပါ ဝေးကွာလွန်းလှသည့် အရပ်ဒေသများ၌ ရှင်သန်နေထိုင်ရန် ရွေးချယ်ထားကြသည့် လားဟူရပ်ရွာ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။ ၎င်းတို့အများစုသည် ၎င်းနေထိုင်ရာမြေနှင့် နက်နက်ရှိုင်းရှိုင်း စည်းနှောင်ထားကြဆဲဖြစ်သလို အချင်းချင်းအကြား အလွန်နီးစပ်သည့် လူမှုဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားကြဆဲဖြစ်သည်။ ဤကဲ့သို့သော စည်းနှောင်မှုများကို လားဟူတို့၏ အစားအသောက် ပြင်ဆင်တည်ခင်းသည့် ပုံစံများအတွင်း ရှင်းရှင်းလင်းလင်းမြင်တွေ့နေရဆဲဖြစ်သဖြင့် လားဟူတို့၏ ထမင်းနပ်တိုင်းသည် လားဟူတို့၏ ရှင်သန်မှုပုံစံကို လှစ်ဟပြနေသည့် ပြူတင်းတံခါးပင်ဖြစ်တော့သည်။
မြေယာလုယူမှုများ၊ အကြီးစားသတ္တုမိုင်းများနှင့် စီးပွားဖြစ်သစ်တောစိုက်ခင်းများ၏ ဝါးမြှိုခံနေရသည့် နယ်မြေဒေသမျိုး၌ လားဟူတို့၏ ရှင်သန်နေထိုင်မှုပုံစံသည် မြေကမ္ဘာပေါ်၌ ရေရှည်တည်တံ့ခိုင်မြဲ၍ သာတူညီမျှရှိသည့် ဘဝနေထိုင်မှု စံနမူနာကောင်းတစ်ခု ဖြစ်လာနိုင်ပါမည်လော။ ၎င်းတို့ထံမှ ယနေ့ ခေတ်လူသားတို့ကြုံတွေ့နေကြရသည့် ပြဿနာကြီးများဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး၊ ဂေဟစနစ်ပြို လဲပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို ထင်ဟပ်မီးမောင်းထိုးပြနေသည့် မည်သည့်သင်ခန်းစာ ကောင်းများ ရရှိနိုင်ပါမည်နည်း။
စားပင်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုစက်ဝန်း
နှစ်စဉ်နှစ်တိုင်း ဧပြီလရောက်သည်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသနေ လားဟူရပ်ရွာများ၏ နှစ်အလိုက် စားပင်သီးနှံစိုက်ပျိုးရေးသံသရာ စတင်အသက်ဝင်လာလေ့ရှိသည်။ ရွာသူရွာသားများ စုပေါင်း၍ မေလတွင် အဆင်သင့်မျိုးစေ့ကြဲနိုင်စေရန် တောင်ယာခုတ်ခြင်းနှင့် ထွန်ယက်ပြင်ဆင်ခြင်း များကို အတူတကွ လုပ်ဆောင်ကြသည်။ ဤအခါသမယသည် မိသားစုတိုင်း ရှေ့နှစ်သီးထွက်မှ ဂရုတစိုက်ရွေးချယ်သိုလှောင်ထားသည့် မျိုးစေ့များကို ပြန်လည်အသက်သွင်းကြသည့် ကာလတစ်ခု ဖြစ်သည်။ ကာယခွန်အား စိုက်ထုတ်ရမှု ပြင်းထန်သည့် တောင်ယာသီးနှံများကို တိရိစ္ဆာန်များ ဝင်ရောက် ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ခြံခတ်ခြင်းကဲ့သို့သော အလုပ်များကို ခွန်အားပိုကြီးသည့် အမျိုးသားများ လုပ်ကိုင်လေ့ရှိသဖြင့် မျိုးစေ့သိမ်းဆည်းခြင်းနှင့် မျိုးစေ့ကြဲခြင်းကို အများအားဖြင့် အမျိုးသမီးများက တာဝန်ယူကြလေ့ရှိသည်။
စပါးသည် လားဟူယဉ်ကျေးမှု၏ ပင်တိုင်အစားအစာတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ငရုတ်သီး (လားဟူအိမ် တိုင်း၌ မရှိမဖြစ်သည့်)၊ မုန်ညှင်းရွက်၊ ပြောင်း၊ အာလူးနှင့် အခြားရေရှည် သိုလှောင်ထားနိုင်သည့် ဟင်းသီးဟင်းရွက်များ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲအမျိုးမျိုးတို့အပါအဝင် အခြားစားပင်သီးနှံများနှင့်အတူ စိုက်ပျိုးလေ့ရှိသည်။ ဤကဲ့သို့သော အပင်အခြေခံ ဟင်းခတ်အမွှေး အကြိုင်များသည် လားဟူအစားအစာယဉ်ကျေးမှု၏ အသက်ဖြစ်သည်။ စားနေကျ လားဟူ အစားအစာ များ၌ ထမင်းဖြူနှင့်အတူ တစ်ခါတရံ ဟင်းသီးဟင်း ရွက်ကြော်/ဟင်းချို၊ မျောက်ဥ သို့မဟုတ် အာလူး၊ အခြောက်ခံထားသည့် ဟင်းသီးဟင်းရွက်များ၊ ရာသီ ပေါ်ဟင်းသီးဟင်းရွက်များနှင့် ငရုတ်သီးခြောက်တို့ အမြဲတမ်းလိုလို ဒွန်တွဲပါဝင်နေတတ်သည်။ သားငါး များကို လက်လှမ်းမီသည့် အချို့ရက်များတွင်သာ စားသုံးလေ့ရှိသော်လည်း အထူးအခမ်းအနားများအတွက် ရည်ရွယ်၍ ဝက်များကို မွေးမြူထားလေ့ ရှိသည်။
လားဟူလူမျိုးတို့သည် ရာစုနှစ်ပေါင်းများစွာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ် (အထူးသဖြင့် တောင်ယာစပါး)ကို ကျင့်သုံးလာခဲ့ကြသူများဖြစ်သည်။ နာမည်၌ ပါနေသည့်အတိုင်းပင် လားဟူနှင့် ကမ္ဘာအနှံ့ရှိ ကျေးလက်နေလူထုလူတန်းစား သန်းပေါင်းများစွာ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့သည့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး၌ ကာလအပိုင်းအခြားအလိုက် သီးနှံအမျိုးအစားပြောင်းလဲ စိုက်ပျိုး ခြင်းနှင့် တည်နေရာပြောင်းလဲစိုက်ပျိုးမှုများ ပါဝင်လျက်ရှိသည်။ တောင်ယာတစ်ခုတည်းမှာပင် တောင်သူများအနေဖြင့် တောင်ယာတစ်ခုလုံးကို ခုတ်ထွင်ရှင်းလင်း၍ အပင်မှန်သမျှကို မီးရှို့ဖျက်ဆီး ကာ အနားပေးရမည့်ကာလရောက်သည်အထိ ပထမနှစ်တွင် စပါးစိုက်ပျိုး၍ ဒုတိယနှစ်တွင် ပြောင်းစိုက်ခြင်းနှင့် နောက်ပိုင်းနှစ်များတွင် ပဲပုပ် သို့မဟုတ် အခြားသီးနှံများကို စိုက်ပျိုးကောင်း စိုက်ပျိုးကြပါလိမ့်မည်။ လားဟူတို့၏ စိုက်ပျိုး ရေးစနစ်တွင် အနားပေးထားသည့် တောင်ယာများသည် စိုက်ပျိုးမရတော့သည့် စွန့်ပစ်မြေများမဟုတ်ကြပေ။ တောင်ယာကို အနားပေးထားခြင်းဖြင့် ပြန်လည် ကုစားချိန်အတွက် မြေဆီလွှာအနားရသည့်အပြင် ရေနှင့် မြေဆီလွှာအာဟာရ ဓာတ်များကိုလည်း ပြန်လည်ပြည့်ဖြိုးလာစေသည်။ တောင်ယာတစ်ခုကို ယခုလို အနားပေးထားချိန်၌ တောင်သူများ အနေဖြင့် ယခင်အနားပေးထားခဲ့သည့် တောင်ယာဟောင်းများ၌ စိုက်ပျိုးမှုသံသရာသစ်ကို ပြန်လည်စတင်နိုင်သည်။ ကာလတစ်ခုကြာသည့်အခါ နဂိုတောင်သူ သို့မဟုတ် အခြားတောင်သူများ သည် အနားပေးထားသည့် နှစ်များအတွင်း မြေဆီလွှာအာဟာရများနှင့် သတ္တုဓာတ်များ ပြန်လည် ကြွယ်ဝနေပြီဖြစ်သည့် မူလတောင်ယာသို့ ပြန်လည်ရောက်ရှိလာကြမည်ဖြစ်သည်။
လားဟူအမျိုးသားတစ်ဦးက “ရွှေ့ပြောင်းတောင်ယာစနစ်က စိုက်ပျိုးရေးရဲ့ မိခင်ကြီးပါ”ဟု တင်စားပြော ဆိုသွားခဲ့သည်။ မှန်ရာကိုပြောရမည်ဆိုလျှင် ရွှေ့ပြောင်းတောင်ယာစနစ်သည် ပထမဦးဆုံး အကြိမ် အဖြစ် စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်လုပ်မှုကို ပေါကြွယ်ဝလာစေခဲ့သည်။ တစ်ပြိုင်နက် ထဲမှာပင် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေသည့် နည်းပညာဆန်းသစ် တီထွင်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဝေးလံခေါင်ဖျား၍ တောင်ကုန်းတောင်တန်းထူ ထပ်သည့် ရေမြေဒေသများ၌ မှီတင်းနေထိုင်လေ့ရှိသည့် လားဟူရပ်ရွာအချို့သည် ဓာတ်မြေဩဇာ အနည်းအကျဉ်း သို့မဟုတ် လုံးဝသုံးစွဲ ခြင်းမရှိဘဲ သဘာဝအတိုင်းသာ ပေါင်းရှင်း လေ့ရှိသည့် နည်းလမ်းများနှင့်အတူ စိုက်ပျိုးရာသီတစ်ခုလျှင် တစ်သီးသာစိုက်ပျိုး၍ ၎င်းတို့ကိုယ်ကို ကျွေးမွေး ထောက်ပံ့နိုင်စေသည့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ဆက်လက်ကျင့်သုံးနေကြဆဲဖြစ်သည်။ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလရောက်ပါက အပြည့်အဝ ရင့်မှည့်၍ ရိတ်သိမ်းရန် အဆင်သင့် ဖြစ်နေမည့် သီးနှံများအတွက် လိုအပ်လျက်ရှိသည့် ရေများကို မိုးရွာသွန်းသည့် ဂျွန်၊ ဂျူလိုင်နှင့် ဩဂုတ်လများက အလျှံပယ်ထောက်ပံ့ပေးလျက်ရှိသည်။
လားဟူလူမျိုးတို့သည် ၎င်းတို့၏ သီးနှံရိတ်သိမ်းသည့် အစဉ်အလာဓလေ့အပေါ် အလွန်အလေးအနက် ထားကြသူများဖြစ်သည်။ ရွာသူရွာသားများအားလုံး မိမိတို့၏ သီးထွက်ရလဒ်များကို နှီးနှောဖလှယ်၍ အတူတကွ စုဝေးစားသောက်ကြသည့် ပျော်ပွဲရွှင်ပွဲများပါ လိုက်ပါလာသည့် သီးနှံရိတ်သိမ်းချိန်သည် အလုပ်အများဆုံးကာလတစ်ခုဖြစ်သည်။ ဤအခိုက်အတန့်သည် အလွန်တန်ဘိုးထားရသည့် ဘိန်းကို အပြန်အလှန် လက်ဆောင်ပေး၍ မျှဝေသုံးစွဲကြသည့် ကာလတစ်ခုလည်းဖြစ်သည်။
ဘေးဆီးရန်ကာ အာမခံတစ်ခုထက်ပိုသည့် ဘိန်း
အစဉ်အလာအရ လားဟူရပ်ရွာများ၌ နှစ်စဉ်စားပင်သီးနှံ စိုက်ပျိုးထွန်ယက်သည့် စိုက်ပျိုးရေးရာသီစက် ဝန်းတစ်ခုသာ ရှိတတ်ကြသည်။ သို့သော်လည်း ၎င်းတို့စားသုံးသည့် အစားအစာမှန်သမျှ တောင်ယာမြေ မှ ထုတ်ပေးနေသည်တော့မဟုတ်ပေ။ အထက်တွင် တင်ဆက်ခဲ့သလိုပင် လားဟူလူမျိုးများသည် ၎င်းတို့ ၏ သားငါးစားသောက်လိုသည့် အာသီသကို အမဲလိုက်ခြင်း သို့မဟုတ် ငါးဖမ်းထွက်ခြင်းအားဖြင့် ဖြည့် ဆည်းထောက်ပံ့ကြသည်။ အိမ်မွေးတိရိစ္ဆာန် (အဓိကအားဖြင့် ဝက်)နှင့် ကြက် မွေးမြူသူအချို့ရှိသည်။ မြင်းစာနွားစာရှာဖွေခြင်းနှင့် ဥပမာ ထင်းခွေခြင်း သို့မဟုတ် ဆေးမြစ်ဆေးဥရှာဖွေခြင်း ကဲ့သို့သော နည်း လမ်းများဖြင့် သစ်တောရင်းမြစ်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးချလေ့ရှိသည်။
ကမ္ဘာတစ်လွှားရှိ အခြားယဉ်ကျေးမှုများနည်းတူပင် လားဟူအမျိုးသမီးများသည်လည်း အထူးသဖြင့် အ စားအစာရေရှည်ခံအောင် ထိန်းသိမ်းသည့်နည်းလမ်းများကို ကျွမ်းကျင်ကြသည်။ ယင်းတို့၌ ဟင်းသီး ဟင်းရွက်များကို အခြောက်ခံသိမ်းဆည်းသည့် နည်းလမ်းများအပြင် ဟင်းခတ်အမွှေးအကြိုင် အဖြစ် သော်လည်းကောင်း၊ တို့စရာအနှစ်အဖြစ်သော်လည်းကောင်း အသုံးပြုလေ့ရှိသည့် ငရုတ်ဆီ အနှစ်ပြုလုပ်သိမ်းဆည်းသည့် နည်းလမ်းများလည်း ပါဝင်လျက်ရှိသည်။ အချို့သောနည်းလမ်းများသည် နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလေ့ရှိသော်လည်း လားဟူမိတ်ဆွေတစ်ဦးသည် ရှေ့မျိုးဆက်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် နည်းလမ်းများကို ယခုတိုင်ကောင်းစွာမှတ်မိနေဆဲဖြစ်သည်။ “ကျနော့်အမေက ဝက်သားကို တစ်ပတ်လောက်အထိ လတ်ဆတ်နေအောင် ဝက်သား ဆားနယ် ကောင်းကောင်းလုပ်တတ်တယ်၊ ဒါပေမယ့် သူဘယ်လိုလုပ်လဲ ကျနော်မမှတ်မိတော့ဘူး”ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ “ဝက်တစ်ကောင်ပေါ်လိုက်ပြီဆိုရင် ဝက်ဆီတွေကို ကြော်လှော်ချက်ပြုတ်ဖို့ တစ်နှစ်လောက်အထိ သိမ်းထားလို့ရတဲ့အတွက်” စားသုံးဆီ ဝယ်ယူသုံးစွဲရသည့် လိုအပ်ချက်ကို လျှော့ချ ပေးသည်ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။
၎င်းတို့အနေဖြင့် ဤကဲ့သို့သော အစားအစာထုတ်လုပ်မှုနှင့် ပြင်ဆင်ချက်ပြုတ်မှု အလေ့အထများကို ကျင့်သုံးနိုင်ကြသဖြင့် လားဟူရပ်ရွာများသည် အတိုင်းအတာတစ်ခုအထိ အမှီအခိုကင်းကင်း နေထိုင်စား သောက်နိုင်ကြသည်။ အထူးသဖြင့် လူမှုရေးအရ စည်းနှောင်မှုအားကောင်းနေဆဲ လားဟူရပ်ရွာများ သည် အမှန်တကယ်ဖူလုံမှုရှိကြပြီး အရင်းအမြစ်များကိုလည်း တစ်ဦးနှင့်တစ်ဦး ပုံမှန်ဆိုသလို ခွဲဝေသုံးစွဲတတ်ကြသည်။ သို့သော်လည်း ဝေးလံခေါင်ဖျားမှုအရှိဆုံး လားဟူကျေးရွာများ၌ပင်ဖြစ်စေ မဖြစ်မနေလိုအပ်နေဆဲဖြစ်သည့် အချို့အဆာပလာများရှိနေပြီး ၎င်းတို့အနေဖြင့် မဖြစ်မနေပြင်ပမှ ဝယ်ယူသုံးစွဲနေရသည့်အထဲတွင် ဆားနှင့် အာဂျီနိုမိုတိုဟင်းချိုမှုန့်သည် ထိပ်ဆုံးမှပါဝင်လျက်ရှိသည်။
ဤနေရာ၌ ဘိန်း၏ အခန်းကဏ္ဍပါဝင်လာခြင်းဖြစ်သည်။ တိုင်းရင်းဆေးဝါးနှင့် အပန်းဖြေရန် အသုံးပြု သည့် ဆေးဝါးတစ်လက်အဖြစ်သာမက ဘိန်းသည် ဝေးလံခေါင်ဖျားသည်ဖြစ်စေ၊ မြို့ရွာနားနီးသည် ဖြစ်စေ လားဟူရပ်ရွာများ၏ အဓိကအကျဆုံး ဝင်ငွေရင်းမြစ်တစ်ခုဖြစ်နေသည်။
၎င်းတို့စားသုံးလျက်ရှိသည့် အစားအစာအများစုကို ကိုယ်တိုင်စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် ငါးဖမ်းခြင်းဖြင့်ရရှိနေကြသည့် လားဟူရပ်ရွာများအတွက်ပင် သီးနှံများ ပျက်စီးဆုံးရှုံးသည့်အခါ ဘိန်းသည် ဘေးဆီးရန်ကာ အာမခံဖြစ်လာသည်။ ဥပမာအားဖြင့် ယခုနှစ်သည် မြေပြိုမှုများ၊ ပုံမှန်မဟုတ်သည့် ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုတို့ကြောင့် လားဟူကျေးရွာအချို့ စိုက်ပျိုးထား ရှိသည့် သီးနှံများပျက်စီးဆုံးရှုံးခဲ့ရသည့်နှစ်ဖြစ်သည်။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်နောက်ပိုင်း ဤကဲ့သို့သော ပျက်စီးဆုံးရှုံးမှုများ ပိုမိုအဖြစ် များလာခဲ့ခြင်းက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။
အခြားသမားရိုးကျ စားပင်သီးနှံများနှင့်မတူဘဲ ဘိန်းစိုက်ရာသီသည်(စားသုံးနိုင်သည့် အရွက်နှင့် အစေ့ များကြောင့် ‘စားပင်သီးနှံ’အဖြစ်လည်း သဘောထားနိုင်သည့်) စက်တင်ဘာလနှင့် ဇန်နဝါရီလအကြား ကျရောက်လျက်ရှိသည်။ ဘိန်းပင်တစ်ပင် ရင့်မှည့်ရန်အတွက် အချိန်သုံးလခန့် ကြာမြင့်တတ်သည်။ ထို့ ကြောင့်ပင် အထက်တွင်ဖော်ညွှန်းပြောဆိုခဲ့သည့် လားဟူမိသားစုအတွက် ဘိန်းပင်များအကြား ညှပ် ပေါက်လျက်ရှိသည့် ပေါင်းပင်များကို လက်ဖြင့်လိုက်လံဖယ်ရှားရှင်းလင်းရသည့် ဒီဇင်ဘာလသည် အလုပ်အရှုပ်ဆုံးကာလဖြစ်နေခဲ့သည်။ ဤနည်းလမ်းသည် ပိုးသတ်ဆေးများနှင့်အတူ ပေါင်းသတ် ဆေးများသာမက အခြားသဘာဝမဟုတ်သည့် ဆေးဝါးများကိုပါ အသုံးပြုတတ်သည့် အခြားဘိန်းစိုက် ဒေသအချို့နှင့် ကွဲပြားခြားနားလျက်ရှိသည်။ အမှန်တကယ်တမ်း၌လည်း လားဟူဘိန်းနှင့် အခြားစားပင် သီးနှံများသည် အစဉ်အလာအရ ရေသွင်းစိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာများအပေါ် မှီခိုအားထားခြင်း မရှိသောကြောင့် “လားဟူထွက်ဘိန်းတွေက အရည်အသွေးပိုကောင်းပြီး တစ်ခြားဒေသထွက် ဘိန်းတွေ ထက် ဈေးပိုရနေ တာပါ”ဟု လားဟူရင်းမြစ်က မှတ်ချက်ပေးသွားခဲ့သည်။
ရပ်ရွာလူထုများအား အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန် အထောက်အကူပြုရုံမျှမက ဘိန်းသည် အထူးအခါသမယများ၌ အပိုကုန်ကျရသည့် စရိတ်စကများကို ထေမိကာမိစေသည့် အရန်စု ဆောင်းငွေများအဖြစ်လည်း အသုံးတော်ခံလျက်ရှိသည်။ လားဟူမင်္ဂလာဆောင်ပွဲများနှင့် အသုဘအခမ်း အနားများနှင့်အတူ ကြိုဆိုမိသလို တစ်ချိန်တည်း၌ ရတက်မအေးနိုင်ဖြစ်နေခဲ့ကြောင်း ကျွန်ုပ်တို့၏မိခင် တစ်ဦး အထက်တွင်သရုပ်ဖော် တင်ဆက်ထားသည့် ဇန်နဝါရီလ၌ ခုနှစ်ရက်တာ ကျင်းပလေ့ရှိသည့် လား ဟူနှစ်သစ်ကူးပွဲတော်သည် ကျေးလက်လားဟူ လူ့အဖွဲ့အစည်းအတွင်း စေတနာရေစီးကမ်းပြို ခြိမ့်ခြိမ့်သဲစည်ကားသည့် ရှားပါးအခိုက်အတန့်တစ်ခုဖြစ်သည်။ ဆန်ကိတ်မှုန့်များအပြင် မိသားစုတိုင်း သည် နှစ်သစ်ကူးကာလအတွင်း ဧည့်သည်များကို လက်ဆောင်ပေးရန် ဝက်သားနှစ်ကီလိုဝန်းကျင်နှင့် အခြားစားစရာများကိုလည်း ပြင်ဆင်ထားလေ့ရှိသည်။ လူငယ်များက သက်ကြီးရွယ်အိုများကို ခြေလက်ဆေးပေးပြီး လူကြီးများက လူငယ်များကို ပြန်လည်ကောင်းချီးပေးသည့် အခမ်းအနားတွင် လည်း ဆန်ကိတ်မှုန့်များနှင့် ဝက်သားစိမ်းများကို ဖက်ရွက်ဖြင့်ထုတ်၍ ကမ်းပေးလေ့ရှိသည်။
နှစ်သစ်ကူးအတွက် အချို့မိသားစုများက ကိုယ်တိုင်ဝက်မွေး၍ ပေါ်ကျွေးလေ့ရှိသော်လည်း အများအပြား သည် အထူးသဖြင့် မြို့နီးဈေးနီးအရပ်များ၌ နေထိုင်သူများသည် ဝယ်ယူကြလေ့ရှိသည်။ ဆန်နှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ လားဟူရင်းမြစ်ကလည်း “နှစ်သစ်ကူးအတွက် လူတော်တော်များများက ပိုက်ဆံအများကြီး သုံးရလေ့ရှိတယ်။ ဆန်လည်းပို ဝယ်ရသလို တစ်ခြားအစားအသောက်တွေသာမက တစ်ခါတလေ ဘီယာတွေကိုပါ ဝယ်ယူထားရတယ်။ ပိုက်ဆံရှိတဲ့ မိသားစုတွေက တော့ ပိုပြီးဝယ်နိုင်ခြမ်းနိုင်ကြတာပေါ့”ဟု ရှင်းပြပြောဆိုခဲ့သည်။
အလွယ်ပြောမည်ဆိုပါက ဘိန်းသည် လားဟူရပ်ရွာများ ကိုယ်တိုင်ထုတ်လုပ်ရန် မတတ်နိုင်သည့် ကုန် စည်များကို ဝယ်ယူစားသုံးနိုင်စေရန် ပံ့ပိုးပေးလျက်ရှိသည်။ လားဟူရပ်ရွာများသည် ဆားနှင့် အာဂျီနိုမိုတို ဟင်းချိုမှုန့်ကဲ့သို့သော အခြေခံစားကုန်များအပြင် ရံဖန်ရံခါ၌ ဓာတ်မီးဓာတ်ခဲများ၊ ဆေးပြင်းလိပ်၊ စားဆီ နှင့် အခြားနေ့စဉ်သုံးပစ္စည်းများကို ပြန်လည်ဖလှယ်ယူလေ့ရှိသည်။ ထို့အပြင် လားဟူရပ်ရွာများသည် အာခါနှင့် ရှမ်းရပ်ရွာများချက်သည့် ဆန်အရက်(လက်ထပ်ခွင့်တောင်းခံရာ၌ ရိုးရာအနေဖြင့် အသုံးပြုကြ သည့်)ကဲ့သို့သော အထူးလိုအပ်ချက်များအတွက်လည်း အခြားရပ်ရွာများ နှင့် ကုန်သွယ်ဖလှယ်တတ်ကြ သည်။
ကျောင်းဆရာ/မများကို ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ၎င်းတို့၏ သွားလာစရိတ်များကို ထောက်ပံ့ ပေးသည့်အနေဖြင့် ပေးအပ်တတ်ကြသည့် လားဟူလူ့အဖွဲ့အစည်း၌ ဘိန်းကို အလွန်တန်ဖိုးထားလေ့ရှိ သည်။ ထိုစဉ်က ထိုင်းနိုင်ငံနေ လားဟူအမျိုးသမီးတစ်ဦးက “ထိုင်းမှာတော့ တော်ဝင်မိသားစုနဲ့ အစိုးရဖက်က အခြားအသက်မွေးဝမ်းကျောင်းအကူအညီတွေ၊ လမ်း၊ လျှပ်စစ်မီး၊ ရေ၊ ကျောင်းနဲ့ ဆေးပေးခန်းစတဲ့ လိုအပ်ချက်မှန်သမျှကို ထောက်ပံ့ပေးထားပါတယ်”ဟု ပြောဆိုသွားခဲ့သည်။ “ဒါပေမယ့် ကျမတို့လားဟူ တွေအနေနဲ့ ဘိန်းစိုက်ဖို့လိုအပ်နေတုန်းပါပဲ။ ကျမတို့က ဘိန်းကို ဝင်ငွေရအောင်စိုက်တာမဟုတ်ဘဲ ကျမ တို့ရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုအတွက် စိုက်ကြတာပါ။ ဘိန်းက လားဟူတို့ရဲ့ ဘဝရှင်သန်မှုပုံစံ၊ ဘာသာတရားနဲ့ ကိုးကွယ်ယုံကြည်မှု အစိတ်အပိုင်းလိုဖြစ်နေခဲ့တာပါ”ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။
သားငါးနှင့် အခြားအရာများကို မျှဝေစားသုံးခြင်း
ဘိန်းစိုက်ပျိုးခြင်းက ပွဲလမ်းသဘင်နှင့် အကျပ်အတည်းကာလ အပိုကုန်ကျစရိတ်များကို လားဟူတို့ ထေမိကာမိစေရန် ကူညီပေးနေသည်ဆိုပါက အမဲလိုက်ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်မွေးမြူရေးသည် လားဟူတို့ အနှစ်သက်ဆုံး အစားအစာတစ်ခုဖြစ်သည့် ဝက်သားကို လက်လှမ်းမီနိုင်စေရန် လားဟူတို့ကို ထောက်ပံ့ပေးလျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ဧည့်သည်လက်ခံရရှိပါက သို့မဟုတ် ပွဲတော်ကာလ များအတွင်း တည်ခင်းဧည့်ခံလေ့ရှိသည့် လားဟူတို့၏ အထူးဟင်းလျာတစ်မျိုးမှာ ထူးခြားသည့် အပင်တစ်မျိုး၏ (တောထဲ၌ တွေ့ရလေ့ရှိသည့် သဘာဝပေါက်ပင်တစ်မျိုး) အခေါက်ကိုခြစ်ယူကာ ငရုတ်သီးနှင့် ဝက်သား တောက်တောက်စင်းတို့ကို ရောနှယ်ပြီးနောက် ငှက်ပျောရွက်ဖြင့်ထုတ်ပိုး၍ ကျက်သည်အထိ အချိန်ယူ ပေါင်းထားသည့် ဟင်းလျာဖြစ်သည်။
သားငါးများကို ရှာဖွေစားသောက်ရာ၌ အမျိုးသားများက အမဲလိုက်ရန် တာဝန်ယူကြလေ့ရှိသော်လည်း အမျိုးသမီးများက ငါးဖမ်းရာ၌ အထူးတလည်ပိုမိုကျွမ်းကျင်ကြသည်ဟု ပြောဆိုကြသည်။ အမဲလိုက် ခွေးများကို ပိုင်ဆိုင်ထားကြသည့် အမျိုးသားများသည် ကာလအပိုင်းအခြားအလိုက် အမဲလိုက်ခရီးစဉ် များကို စီစဉ်ဆောင်ရွက်လေ့ရှိသည်။ အမဲလိုက်ခရီးစဉ်များသည် ပုံမှန်အားဖြင့် သုံးရက်မှ လေးရက် အထိ ကြာမြင့်တတ်ကြပြီး ခရီးစဉ်တစ်လျှောက် ချက်ပြုတ်စားသောက်ရန် အိမ်မှယူဆောင်လာသည့် ဆန်နှင့် ဆားကဲ့သို့သော ရိုးရှင်းသည့်အစားအသောက်များကိုသာ ထုတ်ပိုးသယ်ဆောင်သွားလေ့ရှိသည်။ လားဟူလူမျိုးတို့သည် တောထဲ၌တွေ့သမျှ တောဝက်များ၊ သမင်များ၊ ရှဉ့်များ၊ ငှက်များနှင့် မျောက်များကဲ့သို့သော သားကောင်မျိုးစုံကို အမဲလိုက်လေ့ရှိသည်။
ဓလေ့ထုံးတမ်းစဉ်လာ လားဟူကျေးရွာများ၌ အမဲလိုက်ရာမှ ရရှိလာသည့် သားကောင်အများစုကို ရပ်ရွာနေ လူထုများအကြား တတ်နိုင်သမျှ ခွဲဝေစားသောက်လေ့ရှိသည်။ မြို့ရွာများနှင့် နီးစပ်သည့် ဒေသများတွင် ရရှိလာသည့်သားကောင် အများစုကို နီးစပ်ရာဈေးများ၌ သွားရောက်ရောင်းချ တတ်သည်။ ပုံမှန်အားဖြင့် မုဆိုးများသည် သားကောင်၏ ဦးခေါင်းနှင့် အရေခွံများကို အမှတ်တရဆု အဖြစ် ထိန်းသိမ်းထားတတ်ကြသည်။ အကောင်းဆုံးအသားဟု သတ်မှတ်ထားသည့် ကျောရိုးသား များကို အများအားဖြင့် ကျေးရွာသူကြီးမိသားစုကို ပေးအပ်ကြသည်။ ကျန်အစိတ်အပိုင်းများကို အမဲလိုက်ရာ၌ မရှိမဖြစ်သည့် အခန်းကဏ္ဍမှ ပါဝင်ကြသည့် အမဲလိုက်ခွေးများအပါအဝင် ရွာသူရွာသားများအားလုံး ခွဲဝေစားသောက်ကြသည်။ သားကောင်များ၏ သွေးနှင့် အတွင်းကလီစာများ ကိုလည်း တစ်နည်းမဟုတ်တစ်နည်း စုပေါင်းစားသောက်လေ့ ရှိသည်။
Photo credit: Aik Long
တစ်စုံတစ်ဦးက မိမိတို့မွေးမြူထားသည့်(ပုံမှန်အားဖြင့် ရှစ်လ သို့မဟုတ် ကိုးလ) ဝက်ကိုပေါ်လိုက်သည့် အခါ အသားများကို ကျန်ရွာသူရွာသူများနှင့် ခွဲဝေစားသုံးလေ့ရှိသည်။ မျှဝေခြင်းသည် လားဟူ ယဉ်ကျေးမှု၌ အမြဲသံသရာလည်နေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ နှစ်အလိုက် မိသားစုတစ်ခု ချင်း ရွေးချယ်စိုက်ပျိုးကြသည့် သီးနှံများကွာခြားနိုင်သဖြင့် ယခုလိုရိတ်သိမ်းရရှိသည့် သီးထွက်များကို မျှဝေခြင်းသည် လားဟူမိသားစုများအကြား အပြန်အလှန်အထောက်အကူဖြစ်စေနိုင်သည်။ ထို့အပြင် လားဟူရွာသူရွာသားများအကြား၌ အချိန်၊ လုပ်ငန်းတာဝန်များနှင့် လုပ်အားများကိုလည်း အပြန်အလှန် မျှဝေတတ်ကြသည်။ မိသားစုတစ်ခု၏ မိသားစုဝင်များက အခြားမိသားစုတစ်ခု၏ တောင်ယာအလုပ် သို့မဟုတ် အခြား ဗျာဟီရအလုပ်များကို ကူညီလုပ်ကိုင်ပေးရန် မိမိတို့၏လုပ်အားကို အသုံးပြုရန်ကမ်းလှမ်းမှုပြုနိုင်သည်။ လားဟူမိတ်ဆွေ ထောက်ပြခဲ့သလိုပင် “တစ်ယောက်ယောက်က အနီးအနားမြို့ကို ဆင်းသွားဖို့ဖြစ်လာခဲ့ရင် တစ်ခြားရွာသူရွာသားတွေကလည်း သူတို့လိုအပ်တာတွေ ကိုပါ ဝယ်ခြမ်းလာပေးဖို့ အကူအညီတောင်းနိုင်သည်။” နောက်ထပ်ဥပမာတစ်ခုမှာ မိသားစုဝင်များ အကြား အလှည့်ကျတာဝန်ယူရသည့် ရေခပ်ခြင်း အလုပ်ဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုးများသည် အိမ်ထောင်ကျကာစ လင်မယားနေထိုင်မည့် အိမ်ဆောက် ရာ၌ မိမိတို့၏ အချိန်နှင့် လုပ်အားများဖြင့် စေတနာ့လုပ်အားပေးခြင်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ လက်ထက်ကာစလင်မယားအတွက် ဤကဲ့သို့သော အကူအညီသည် နှစ်ဖက်မိသားစုထံမှ အများအားဖြင့် တိရိစ္ဆာန်မွေးမြူရန်နှင့် ထွန်ယက်စိုက်ပျိုးရန်ရရှိသည့် မြေနေရာလေးများအပြင် အပိုဆောင်ရရှိသည့် အထောက်အပံ့ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိမ်ထောင်တစ်ခု၌ အိမ်ထောင်ရှင် အမျိုးသားများသည် မိမိ၏ ဇနီးသည်ကိုယ်ဝန်ရှိချိန်မှစ၍ ကလေးမီးဖွားပြီးနောက် ကောင်းစွာပြန်လည် နလံထလာချိန်ထိ ပြုစုစောင့်ရှောက်ရန် တာဝန်ပိုယူရသည့် ဓလေ့ထုံးတမ်းကိုလည်း ကျင့်သုံးနေကြ ဆဲဖြစ်သည်။ ပထမဦးဆုံးအဖြစ် (ကိုယ်ဝန်ဆောင်မိခင်စားသုံးမည့်) ကြက်ဥထောက်ပံ့ ပေးနိုင်စေရန် မဖြစ်မနေကြက်စမွေးရလေ့ရှိပြီး ကလေးမွေးပြီးနောက်ပိုင်း ဂျင်းနှင့် ငရုတ်ကောင်းခတ် ထားသည့် ကြက်စွပ်ပြုတ်အဖြစ် အသားကိုဆက် လက်အသုံးပြုကြသည်။
“မိခင်အသစ်က အဲဒီရက်သတ္တပတ်တွေမှာ ကြက်သားတွေကို အီဆိမ့်နေအောင် စားခဲ့ရတဲ့အတွက် ကာ လတစ်ခုအထိ ကြက်သားကိုတောင် လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားတတ်တယ်” ဟု လားဟူ ရင်းမြစ်ဖြစ်သူ ပြောဆိုသွားခဲ့သည်။ အစားအသောက် ပြင်ဆင်ကျွေးမွေးရသည့် အလုပ်များအပြင် အမျိုးသားဖြစ်သူသည် ရံဖန်ရံခါဆိုသလို ယောက္ခမကြီးညွှန်ကြားသည့်အတိုင်း အိမ်တွင်းလေလုံ၍ နွေးထွေးမှုရှိစေရန် မီးဖိုပေးထားရခြင်းအပါအဝင် မိခင်နှင့် ကလေးဖြစ်သူနှစ်ယောက်စလုံးအတွက် အချိန်တိုင်းအပူ ရင်းမြစ်ရရှိနေအောင် ပြင်ဆင်ပေးထားရသည်။ အစဉ်အလာအားဖြင့် အမျိုးသားဖြစ်သူ အား ၎င်း၏ဇနီး သည်နှင့် မီးဖွားကာစကလေးတို့ကို သေချာကျွေးမွေးပြုစုနိုင်စေရန် ၁၂ ရက်မှ ရက်ပေါင်း ၃၀ ခန့် အိုးမ ကွာအိမ်မကွာ အနီးကပ်ရှိနေရန် မျှော်လင့်ထားတတ်ကြသည်။
မည်သို့ဆိုစေကာမူ “မြို့နဲ့နီးတဲ့ ကျေးရွာတွေမှာတော့ ဒီလိုမျှဝေတတ်တဲ့ ယဉ်ကျေးမှုတဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ”ဟု လားဟူရိုးရာဓလေ့များ ပျောက်ကွယ်လာခြင်း၏ အကျိုးဆက်များကို ဆွေး တွေးပြောဆိုရာ၌ လားဟူမိတ်ဆွေတစ်ဦး ပြောဆိုသွားခဲ့သည်။ ရွှေ့ပြောင်းနိုင်သည့် တောင်ယာကွက် များ နည်းသည်ထက်နည်းလာသည့် စိန်ခေါ်မှုများ တစ်နေ့တစ်ခြားကြီးထွားလာနေပြီး စိုက်ပျိုးထုတ်လုပ် ရမည့် ဖိအားများပိုမိုပြင်းထန်လာသဖြင့် အနားပေးနိုင်သည့် ကာလအလွန်တိုတောင်းလာခဲ့သဖြင့် ရွှေ့ ပြောင်း တောင်ယာစိုက်ပျိုးသူများကို ပတ်ဝန်းကျင်ညစ်ညမ်းစေသူများအဖြစ် ပုံဖော်ခံလာရတော့သည်။ ၎င်းတို့အနားပေးထားသည့် တောင်ယာမြေများကို ‘ပလပ်မြေ’ သို့မဟုတ် ‘ယိုယွင်းသစ်တောမြေ’များအ ဖြစ် ရှုမြင်တတ်ကြသဖြင့် အကြီးစားစိုက်ပျိုးရေးစီမံကိန်း၊ သစ်ထုတ်လုပ်ရေး သို့မဟုတ် သတ္တုတူးဖော် ရေးကဲ့သို့သော ‘ထုတ်လုပ်မှုမြှင့်တင်ရေး’ ရည်ရွယ်ချက်များက အလျင်အမြန်အစားထိုး နေရာယူလာခဲ့ တော့သည်။ သစ်တောများ၌ သားကောင်များရှားပါးလာသလို မြစ်ချောင်များအတွင်း ငါးသယံဇာတများ နည်းပါးလာလျက်ရှိသည်။ လူအများအနေဖြင့် ပိုမိုကြီးမားကျယ်ပြန်သည့် ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းများကို လက်လှမ်းမီလာသကဲ့သို့ ထင်မြင်ရသော်လည်း “၎င်းတို့အနေဖြင့် စိတ်ဖိစီးမှုများ၊ အလုပ်ဝန်ပိ မှုများနှင့် တန်းတူမညီမျှမှုများကို ပိုမိုတိုး၍ ခံစားနေကြ ရပုံပေါ်လျက်ရှိသည်။”
လားဟူတို့၏ စရိုက်လက္ခဏာများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားလူနည်းစုများ၏ အမျိုး သားရေးစရိုက်လက္ခဏာများကဲ့သို့ပင် အရောင်အသွေးစုံလင်လှသည်။ ရွှေ့ပြောင်းအခြေချခြင်း၊ ပဋိပက္ခ၊ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်မှု၊ မြေယာလက်လွှတ်ဆုံးရှုံးရမှုနှင့် အခြားအကြောင်းရင်း များစွာသည် လားဟူလူထုလူတန်းစားများ (သို့မဟုတ် ရပ်ရွာများရှိ လားဟူမိသားစုများ)ကို အလိုက်သင့်ရှင်သန်နေ ထိုင်တတ်စေရန် တွန်းပို့ပေးခဲ့ပုံရသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အစားအစာကျွေးမွေးပြုစုခြင်းနှင့် အပြန်အလှန် စောင့်ရှောက်တတ်သည့် ရိုးရာအစဉ်အလာနှင့်သာမက ဂေဟစနစ်နှင့် သဟဇာတရှိသည့် စိုက်ပျိုးရေးအလေ့အထများနှင့်ပါ တဖြည်းဖြည်း ကင်းကွာလာလျက် ရှိသည်။
ရေရှည်တည်တံ့ခိုင်မြဲရေးသည်သာ ကြံ့ကြံ့ခံရှင်သန်နေထိုင်ရေး မဟာဗျူဟာ
မြန်မာနိုင်ငံအတွင်းရှိ ဓလေ့ထုံးတမ်းစဉ်လာ လားဟူကျေးရွာအများအပြား၌ လျှပ်စစ်မီးနှင့် လောင်စာဆီ များ လွယ်လင့်တကူမရရှိကြပေ။ ထိုသို့သော ရပ်ရွာမျိုး၌ မှီတင်းနေထိုင်လျက်ရှိသဖြင့် အစပိုင်းတွင် သရုပ်ဖော်တင်ဆက်ပြခဲ့သည့် လားဟူမိသားစုသည် ထင်းကိုသာလျှင် လောင်စာအဖြစ် မှီခိုအားထား နေကြရခြင်းဖြစ်သည်။ ထင်းလောင်စာအဖြစ် မိသားစုပိုင်တောင်ယာခင်းများ သို့မဟုတ် အများပိုင်ကျေးရွာသစ် တောမှ ကာလအပိုင်းအခြားအလိုက် ခုတ်ထွင်ရှင်းလင်းထားသည့် အပင်ပေါင်းစုံ ၏အကိုင်းအခက်များကို ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ ထင်းခွေရာတွင်လည်း ၎င်းတို့၏ လိုအပ်ချက်များအတွက် လုံလောက်ရုံ ပမာဏရှိသည့် အကိုင်းတစ်ခုနှစ်ခုမျှကိုသာ ခုတ်ယူကြခြင်း ဖြစ်သည်။
အများပိုင်ကျေးရွာသစ်တောသည် သင်္ချိုင်းမြေနှင့် အထွဋ်အမြတ်သစ်တောဟူသည့် လားဟူတို့၏ ဓလေ့ ထုံးတမ်းစဉ်လာ နယ်မြေတွင်ပေါက်ရောက်လျက်ရှိသည့် အခြားသစ်တောနှစ်ခုနှင့် ကွဲပြားခြားနားလျက် ရှိသည်။ သင်္ချိုင်းသစ်တောမြေသည် သေလွန်သူများကို မြှုပ်နှံရန်အတွက်သာ သီးသန့်ထိန်းသိမ်းထား ခြင်းဖြစ်သည်။ မြေမြှုပ်သင်္ဂြိုလ်ရန်အတွက် နောက်ထပ်မြေနေရာ တိုးချဲ့ပြင်ဆင်ရန် လိုအပ်လာသည့် အချိန်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အပင် သို့မဟုတ် အကိုင်းအခက်ကိုမျှ ခုတ်ယူခွင့်မရှိပေ။ အခြားတစ်ဖက်၌ အထွဋ်အမြတ်သစ်တောမှ မည်သည့်အရာကိုမျှ ထုတ်ယူ အသုံးပြုခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ် တားမြစ်ကန့်သတ်ထားကြသည်။ ရွာသူရွာသားများ သည် စိုက်ပျိုးစားသောက်ရန် မိသားစု ပိုင်မြေများရှိကြသလို တောင်စောင်း သို့မဟုတ် ရွှေ့ပြောင်း တောင်ယာမြေများလည်းရှိကြပြီး အများပိုင် သစ်တော သို့မဟုတ် မြစ်ချောင်းများတွင် အမဲလိုက်သည့် သို့မဟုတ် ငါးဖမ်းသည့်ပုံစံဖြင့် “လက်လှမ်းမီရရှိ နိုင်သည့်အရာများကိုသာ မှီခိုအားထားကြသည့်” အကျိုးရလဒ်အနေဖြင့် လူတိုင်းလိုလို မိမိကိုယ်ကိုကျွေး မွေးပြုစုနိုင်ကြသည်။
လားဟူတို့၏ ရိုးရာလူနေမှုဘဝနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြောဆိုကြသည့် ကာလတစ် လျှောက် “လက်လှမ်းမီရရှိနိုင်သည့် အရာများကိုသာ မှီခိုအားထားကြသည်”ဟူသည့် စကားရပ်ကို အကြိမ် ပေါင်းများစွာ ကြားသိခဲ့ရသည်။ အနည်းငယ်ကန့်သတ်ချက်ရှိသလို ထင်မြင်ရသော်လည်း “လက်လှမ်းမီရရှိနိုင်သည့် အရာများကိုသာ မှီခိုအားထား၍” ရှင်သန်နေထိုင်ခြင်းနှင့် ပြန်လည်ထုတ်လုပ် ခြင်းသည် လားဟူရေခံမြေခံအတွင်းရှိ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဂေဟစနစ်နှင့် သဟဇာတရှိသည့် စိုက်ပျိုးရေးစနစ်ကို နားလည်သဘောပေါက်စေမည့် အဓိကသော့ချက်ဖြစ်သည်။ လားဟူတို့၏ ရိုးရာမြေယာစနစ်ကို ဆက်လက်ထိန်းသိမ်းကျင့်သုံးနေကြသူများသည် ၎င်းတို့စားသုံးမည့် အစားအစာ ကို ရွေးချယ်ပိုင်ခွင့်နည်းပါးသလို ထင်မြင်ယူဆရသော်လည်း မြို့ပြနေလူထုများထက် စာလျှင် ဘဝကိုပို၍ ကျေနပ်ပျော်ရွှင်ကြကြောင်း အထင်အရှားပြသနေကြသည်။ ၎င်းတို့သည် ‘ထုတ်လုပ်နိုင်စွမ်း’နည်းပါး၍ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု များများစားစားမရှိကြဟုဆိုနိုင်သော်လည်း ပိုမိုရိုးရှင်းလွယ်ကူသည့် ဘဝမျိုးကိုပိုင်ဆိုင်ထားကြသူများဖြစ်သည်။ ၎င်းတို့၏ ဘဝများသည် အနှစ်သာရအားဖြင့်သော်လည်းကောင်း၊ စံတန်ဖိုးများနှင့် ပေါင်းသင်းဆက်ဆံရေးအရသော် လည်းကောင်း ကျိန်းသေပေါ့ပျက်ပျက်နိုင်ကြသူများ မဟုတ်ကြပေ။
ထို့ကြောင့် လားဟူတို့၏ ဓလေ့ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲမှု အလေ့အထများအတွင်းရှိ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၌ တစ်လမ်းသွားမဟုတ်သည့် မျက်နှာစာပေါင်းများစွာ ရှိနေကြခြင်း ဖြစ်သည်။ ဂေဟစနစ်နှင့် သဟဇာတရှိသည့် စိုက်ပျိုးရေးကို ရပ်ရွာလူမှုဖူလုံရေးမှ ခွဲခြားဖယ်ထုတ်၍ ရနိုင်လိမ့်မည် မဟုတ်ပါ။ အပြန်အလှန်မျှဝေတတ်သည့် ယဉ်ကျေးမှု၊ လုံလောက်သည့်အနားပေးကာလ၊ အထွဋ်အမြတ် သစ်တောအပေါ် လေးစားသမှုရှိမှု၊ သို့မဟုတ် ဤသုံးသပ်ချက်အဝန်းအဝိုင်းထက် ကျော်လွန်ကျယ်ပြန့်နေသည့် အခြားစံသတ်မှတ်ချက် သို့မဟုတ် စံတန်ဖိုးများအကြား မည်သည့်အရာက ပိုအရေးကြီးသည်ဟု မည်သူကမှ ပြောနိုင်လိမ့်မည်မဟုတ်ပါ။
စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း လားဟူထုံးတမ်းစဉ်လာ မြေယာအလေ့အထ၏ ကျယ်ပြန့်ပြည့်စုံ သည့် သဘောသဘာဝသည် မျက်မှောက်ခေတ် စိုက်ပျိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး စကားဝိုင်း များ ပိုမိုခရီးရောက်လာစေရန် အထောက်အကူပြုနိုင်သည့် အရေးကြီး၍ စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းများကို သယ်ဆောင်လာခဲ့သည်။ ရာသီဥတုပြောင်းလဲနေသည့် အကျပ်အတည်း နှင့်ပတ်သက်၍ ဘယ် အရာကိုများ ကျွန်ုပ်တို့အမှန်တကယ် အောင်နိုင်ဖို့လိုအပ်နေပါသလဲ။ ကျွန်ုပ်တို့၏ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်များက ကျွန်ုပ်တို့၏ လူမှုရေးလိုအပ်ချက်များထက် ပိုမိုကြီးမားနေပါသလား။ ပြီးတော့ အရေးအကြီး ဆုံးအနေနဲ့ လုံလောက်တယ်ပြောနိုင်ဖို့ ဘယ်လောက်တောင် ထပ်လိုအပ်ဦးမှာလဲ။
ဆက်လက်ဖတ်ရှုရန် -
Ethnic Community Development Forum (2016). Our Customary Lands: Community-Based Sustainable Natural Resource Management in Burma. https://www.tni.org/files/article-downloads/our_customary_land_-_eng.pdf
Franco, J. & Borras, J. (2021). The 5Rs in Myanmar Five principles for a future federal democratic system where rural working people can flourish. Transnational Institute. https://www.tni.org/en/publication/the-5rs-in-myanmar
Franco, J., Twomey, H. & Vervest, P. (2016). The Meaning of Land in Myanmar: A primer. Transnational Institute. https://www.tni.org/en/publication/the-meaning-of-land-in-myanmar
Land in Our Hands (2022). Position Paper on the Rights to Customary Land and Practice Systems in Myanmar. https://lioh.org/position-paper-on-customary-land-systems/
Springate-Baginsky, O. (2018). Decriminalise agro-forestry! A primer on shifting cultivation in Myanmar. Transnational Institute. https://www.tni.org/files/publication-downloads/tni_p_shifting_cultivation_220518_online.pdf