တစ်ကျော့ပြန မူလအခြေအနေဆိုးသို့ ပြန်လည်ဆိုက်ရောက်လာသည့် ရွှေတြိဂံဒေသ

Publication date:

 

TNI ၏ ရွှေတြိဂံဒေသအတွင်းရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အပေါ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆန်းစစ်ချက်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပြန်လည်မြင့်တက်လာသည့်အပြင် ထောင်သွင်းအကျဉ်းချခံထားရသူ များပြားလာပြီး အသေးစားတစ်နိုင်တစ်ပိုင် တောင်သူငယ်လေးများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤအစီရင်ခံစာအတွင်း အောင်မြင်ခဲ့ခြင်းမရှိသည့် အာဆီယံဒေသ ‘မူးယစ်ကင်စင်ရေး’ မဟာဗျူဟာ၏ ကျဆုံးမှုကို အသေးစိတ်အချက်အလက်များဖြင့် တင်ပြထားပြီး ချဉ်းကပ်လုပ်ဆောင်မှုအသစ် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါသည်။

About တစ်ကျော့ပြန

Publication type
Report
Part of series
Special Reports

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံ သုံးခုဆုံသည့် ရွှေတြိဂံဒေသနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်များ၌ အပြောင်းအလဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ဤအစီရင်ခံစာအတွင်း ယင်းအပြောင်းအလဲများကို အသေးစိတ်မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး လုံ့လ၀ိရိယကောင်းသည့် ဒေသတွင်းသုတေသီအဖွဲ့မှ ခက်ခက်ခဲခဲကွင်းဆင်းကောက်ယူခဲ့သည့် သတင်းအချက်အလက်များအပေါ် အခြေတည်၍ ပြုစုထားခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုစာမျှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာခဲ့ပြီးနောက် နှစ်ဆခန့် ပြန်လည်မြင့်တက်လာခဲ့သည့်အပြင် အထူးသဖြင့် မက်အမ်ဖီတမင်းအမျိုးအစား စိတ်ကြွဆေး(ATS) ထုတ်လုပ်သုံးစွဲမှုပါ မြင့်တက်လာခဲ့သည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အဖွဲ့အစည်းများသည်လည်း ၂၀၁၅ ခုနှစ်အမီ မူးယစ်ကင်းစင်သည့် ဒေသကြီးဖြစ်ရေးဟူသည့် အောင်မြင်နိုင်ခြေမရှိသော ရည်မှန်းချက်အပေါ် အခြေခံသည့် မူဝါဒများကို လက်ခံကျင့်သုံးရန် စဉ်ဆက်မပြတ် ဖိအားပေးခံနေရသည်။

ဤအစီရင်ခံစာ၌ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူ့အခွင့်အရေးတို့ကို ဦးစားပေးသည့် မူးယစ်ဆေးဝါးရေးရာ မူဝါဒများအဖြစ် ပြောင်းလဲကျင့်သုံးရန် ဆွေးနွေးတင်ပြထားခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနွံနစ်လျက်ရှိသည့် အထိခိုက်လွယ်ဆုံးသောသူများကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွင်း ပါဝင်စေခြင်းဖြင့် ဒေသတွင်းမူးယစ်ဆေးဝါးရေးရာ မူဝါဒများကို အဖိုးနည်းဝန်ပါ၍ ရေရှည်တည်တံ့ခိုင်မြဲစေနိုင်ပါသည်။ ယင်းလုပ်ဆောင်ချက်များအတွင်း မျှတမှုမရှိသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်း၊ အာနိသင်ပျော့ပျောင်းသည့် ဆေးဝါးအမျိုးအစားများကို စာရင်းထုတ်ပယ်ခြင်း၊ မဖြစ်မနေလိုအပ်သည့် ဆေးဝါးများကို ရယူသုံးစွဲနိုင်အောင် ဦးစားပေးဆောင်ရွက်ခြင်း၊ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများအတွက် သုံးစွဲသည့် အရင်းအမြစ်များကို လူထုဝန်ဆောင်မှုများ၊ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ၌ ပြောင်းလဲသုံးစွဲ၍ ဆေးဝါးကုသမှုခံယူရန် လိုအပ်သူများကို အထောက်အထားအခြေပြု ဆန္ဒအလျောက်ကုသမှုခံယူနိုင်သည့် ၀န်ဆောင်မှုများ ပေးအပ်ခြင်းတို့ ပါဝင်လျက်ရှိသည်။

၂၀၁၅ ခုနှစ်အမီ မူးယစ်ကင်းစင်သည့် အာဆီယံဒေသဖြစ်ရန် ရည်မှန်းသည့် စိတ်ကူးသည် ယုတ္တိကျခြင်းမရှိသဖြင့် တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အား ပပျောက်အောင် တိုက်ဖျက်မည့်အစား အန္တရာယ်အနည်းဆုံးနည်းလမ်းဖြင့် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန်အတွက် မူဝါဒဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနှင့် အရင်းအမြစ်များကို အန္တရာယ်လျှော့ချရေး မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရာ၌ ပြောင်းလဲအသုံးချသင့်သည်။ ဤအစီရင်ခံစာအတွင်း တစ်ကျော့ပြန်ဘိန်းစီးပွားရေးနှင့် ကျယ်ပြန့်လာသည့် စိတ်ကြွဆေး(ATS)ဈေးကွက်တို့နှင့် ပတ်သက်သည့် အထောက်အထားများသာမက လက်ရှိအချိန်ထိ အပြင်းအထန် နှိပ်ကွက်သည့်ပုံစံဖြင့် ကျင့်သုံးလာခဲ့သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ချဉ်းကပ်လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများအားလုံးနှင့် ရွေးချယ်စရာမရှိအောင် ချောင်ပိတ်နှိပ်ကွပ်ခြင်းသည် တာဝန်မဲ့လွန်းရာကျကြောင်း ရေးသားတင်ပြထားခြင်းဖြစ်သည်။

Community Survey

We’d value your input

Help inform how TNI moves forward in a changing landscape. Our short survey takes about 10 minutes.

Take the survey