ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

လဖိုင်ဆိုင်းရော်၏ ဝေဖန်သုံးသပ်ချက်
27 January 2016
Article

မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

 

Market in Yangon / Photo credit brentolson @ Flickr

ဤဝေဖန်သုံးသပ်ချက်သည် ရန်ကုန်မြို့ တွင်ကျင်းပသည့် International Idea ၏ ကမ္ဘာလုံးဆိုင်ရာ စီမံချက်တစ်ခုဖြစ်သည့် “''ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းများ (ကမ္ဘာ့ခေါင်းဆောင်များထံမှ သင်ယူ ခြင်း)''စာအုပ်မိတ်ဆက်ပွဲတွင် လဖိုင်ဆိုင်းရော်၏ ဆွေးနွေးတင်ပြချက်ကို အခြေခံရေးသားထားခြင်း ဖြစ်သည်။

လက်ရှိအချိန်သည် ကျွန်မတို့နိုင်ငံအတွက် သမိုင်းတစ်ဆစ်ချိုးသို့ရောက်ရှိနေချိန်ဖြစ်ပြီး ပြီးခဲ့သည့်နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်ပွဲကြောင့် ငြိမ်းချမ်းရေးနှင့် အသွင် ကူးပြောင်းရေးတို့အတွက် မျှော်လင့်အားတက်ခဲ့ရပါသည်။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် စိန်ခေါ် မှုများကို တက်လာမည့်အစိုးရအနေဖြင့် တာဝန်ယူရတော့မည်ဖြစ်ပြီး မျှော်လင့်ချက်များမှာလည်း မြင့်မား လျှက်ရှိသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခု အောင်မြင်ရေးအတွက် အတိတ်မှဖြစ်ရပ်များကို ပြန်လည်သုံးသပ်ပြီး ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေးနှင့် နိုင်ငံကို ရှေ့ မတက်နိုင်အောင် ဆွဲချခဲ့သည့် စိတ်ပျက်ဝမ်းနည်းဖွယ်ရာအမှားများမှ သင်ခန်းစာယူရန်မှာ အလွန်ပင်လိုအပ်လှပါသည်။ မရေမတွက်နိုင်သောလူပေါင်းများစွာ၏ အသက်၊အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုကို ဖြစ်စေခဲ့သောကျရှုံးမှု၏ ဝမ်းနည်းစရာ အတိတ်သမိုင်းပင်ဖြစ်သည်။

စိန်ခေါ်မှုများစွာအနက် အစိုးရအဆက်ဆက်လက်ထက် အစဉ်အမြဲအားနည်းခဲ့သည့်အချက်တစ်ခုမှာ တိုင်းရင်း သားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံပါဝင်မှုနှင့် ကိုယ်စားပြုမှုမရှိခဲ့ခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး လိုချင်စိတ်ဆန္ဒစောပြီး ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလတွင် ပင်လုံညီလာခံကို တိုင်းရင်းသားလူမျိုးစုံပါဝင်မှုမရှိ သေးဘဲ ကျင်းပခဲ့ခြင်း၏အကျိုးဆက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲအတည်ပြုမည့် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတိုင်း မပါဝင်နိုင်တော့ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် အလွန်အရေးကြီးလှသည့် နိုင်ငံရေးနှင့် လူမျိုးစုပြဿနာများကို မဖြေရှင်းနိုင်ခဲ့ဘဲ လွတ်လပ်ရေးရခဲ့ပြီး အသစ် ဖွဲ့စည်းခဲ့သော " ပြည်ထောင်စုမြန်မာနိုင်ငံ " ဖြစ်လာခဲ့ပါသည်။ တစ်နှစ်အတွင်းတွင် နိုင်ငံတဝှမ်းလုံး မတည် ငြိမ်မှုနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိပင် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသေးချေ။

အလားတူ အားလုံးပါဝင်မှုမရှိခြင်းမျိုးက " မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီစနစ် "  ၏  ရာစုနှစ်လေးပုံတစ်ပုံခန့်ကာလအတွင်းတွင်လည်း တွေ့ခဲ့ရပါသည်။ ၁၉၆၃-၆၄ ခုနှစ်အတွင်း ရလဒ်တစုံတရာမရှိခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ခုနှစ်တွင် အတင်းပြဋ္ဌာန်းခဲ့ပြန်ပါသည်။ ယခုတစ်ကြိမ်နိုင်ငံရေးစနစ်သစ်တစ်ခုဖြစ်သောတစ်ပါတီနိုင်ငံရေးစနစ်ကလည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံအတွက် နိုင်ငံရေးကိုယ်စားပြုမှုနှင့် ဒီမိုကရေစီအခွင့်အရေးဆိုင်ရာ အခြေခံတောင်းဆိုချက်များ အတွက် ကျေနပ်လောက်စရာအဖြေမပေးနိုင်ခဲ့ပြန်ချေ။

တိုင်းရင်းသားလူမျိုးစုအချို့ ၏ပါဝင်ခွင့်ကိုကန့်သတ်ထားပြီး အဖွဲ့အစည်းအချို့ ကို ခွဲယူစည်းရုံးတတ်သည့် အကျင့်ကို တပ်မတော်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ( နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်) ခေတ်တို့တွင်လည်း ဆက်လက်ကျင့်သုံးခဲ့ကြ သည်။ ဤကာလအတွင်း အချို့ နေရာများတွင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသား လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲမှုတို့ရှိခဲ့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရန်အတွက် ကျင်းပသည့် အမျိုးသားညီလာခံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံရေးပါတီအားလုံး မပါဝင်နိုင်ခဲ့ချေ။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကို နောက်ဆယ်စုနှစ်နှစ်ခုမျှလောက် အနှောက်အယှက်အဟန့်အတားဖြစ်စေခဲ့ပြီး ပါတီအချို့  နှင့် နိုင်ငံရေးသမားအချို့ ကို “ကန့်”ထားသည့် ပုံစံကိုသာ ဆက်လက်ကျင့်သုံးခဲ့ပြန်သဖြင့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်သည်လည်း လူအားလုံး၊ နိုင်ငံရေးပါတီအားလုံးနှင့် မျှော်လင့်ရည်မှန်းချက်များအားလုံးကို ကိုယ်စား မပြုသည့် ရလဒ် တစ်ခုသာလျှင်ရှိခဲ့ပါသည်။

ဆယ်စုနှစ်များစွာ ကန့်ထား၊ ဖယ်ထားမှုများ၏ စုပေါင်းအကျိုးရလဒ်မှာ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ကာလမှစ၍ ပြည်တွင်းမငြိမ်သက်မှုနှင့် နိုင်ငံယိုယွင်းပျက်စီးမှုအမွေတစ်ခုပင်ဖြစ်သည်။ အလွန်ရှင်းလင်းသည့် သင်ခန်းစာ တစ်ခုမှာ နိုင်ငံ၏ မည်သည့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင်မဆို စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုကို ရရှိအောင်မြင်လိုလျှင် နိုင်ငံရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံ၏ဒေသပေါင်းစုံကို ထည့်သွင်းရန်ပင်ဖြစ်သည်။

၂၀၁၁ခုနှစ် သမ္မတကြီးဦးသိန်းစိန် အစိုးရတက်လာခဲ့သည့် နောက်ပိုင်းတွင် နိုင်ငံရေးအခင်းအကျင်း တွင် ပုံစံသစ်တခုသို့ပြောင်းခဲ့သည်။ ပြဿနာများ၏ဇစ်မြစ်များကို ကိုင်တွယ်နိုင်ရန် နိုင်ငံရေးအဖြေရှာခြင်း နည်းလမ်း များမှတဆင့် ပဋိပက္ခကို ဘက်ပေါင်းစုံမှ ဖြေရှင်းရန်လိုအပ်ကြောင်း ကို သဘောပေါက်လက်ခံပြီး ပို၍ ပွင့်လင်းမှုများရှိလာသည်ကို သံသယဖြစ်စရာမရှိခဲ့ချေ။ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အရေးကြီးသည့် ခြေလှမ်းများ ပင်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များနှင့် အပစ်အခတ်ရပ်စဲရေးများ နိုင်ငံ၏ အချို့ နေရာများ တွင်ရှိလာခဲ့သော်လည်း အချို့ ဒေသများ အထူးသဖြင့် မြန်မာနိုင်ငံ၏အရှေ့ မြောက်ပိုင်းဒေသများတွင်မူ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ပို၍ပင်ပြင်းထန်ခဲ့ပါသည်။

စစ်မက်ပဋိပက္ခများ၊ စစ်ဘေးရှောင်နေရမှု၊ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု၊ အသက်ဆုံးရှုံးမှုများသည် ယနေ့ ထက်ထိတိုင်အောင် နိုင်ငံတွင်ဆက်လက်ရှိနေခဲ့သည်။ လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အစည်းအဝေးများတွင် ယင်းပဋိပက္ခဖြစ်နေသည့်နေရာများမှ အဖွဲ့များကိုယ်စားပြုပါဝင်နိုင်ခြင်း မရှိသေးသည့်အချက်မှာလည်း ဝမ်းနည်းစရာဖြစ်သည်။ ပဋိပက္ခဖြစ်နေသည့်နေရာများမှ အဖွဲ့များ၏ ကိုယ်စားပြု မှုမရှိသည့် မည်သည့် ဆွေးနွေးပွဲမျိုးကိုမဆို အားလုံးပါဝင်သည့်ပွဲဟု မသတ်မှတ်နိုင်ချေ။ အမှန်တွင် “တနိုင်ငံ လုံးအတွက်” အဖြေတစ်ခုအဖြစ်ဖြင့် ပြောဆိုနေကြသည့် တပိုင်းတစသဘောတူစာချုပ်သည် အလွန်ပင် အန္တရာယ်ကြီးလှပြီး ပဋိပက္ခကို အဓွန့်ရှည်စေနိုင်သည့် ရလဒ်မျိုးသာဖြစ်စေနိုင်ပါသည်။ နှစ်ပေါင်းများစွာ ဒုက္ခများခံစားလာခဲ့ကြရပြီးနောက် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် အားလုံး ၏အသံများကို နားထောင်ရန်လိုအပ်ပြီး အဖွဲ့အစည်းအားလုံးကို ပါဝင်ခွင့်ပေးရမည်ဆိုသည်ကို နိုင်ငံသား များအနေဖြင့် နားလည်သဘောပေါက်လက်ခံထားကြပါသည်။

တချိန်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ခိုင်မာသည့် အပြန်အလှန်နားလည်မှု တည်ဆောက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းရန်နှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်စေရန် နိုင်ငံတော်အဆင့် အလေးထားမှုများ ဆက်လက်ထားရှိခြင်း ရည်ရွယ်ချက်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန်လည်း အရေးကြီးပါသည်။ သို့သော်လက်ရှိ လုပ်ဆောင်နေသည်များကို ပဏာမ ဆွေးနွေးပွဲများအဖြစ် နားလည်သဘောပေါက်ထားရမည်ဖြစ်ပြီး - လာမည့် လွှတ်တော်သက်တမ်းအတွင်း ဖြစ်လာမည်ဟုမျှော်လင့်ထားသည့် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖေါ်ခြင်းသို့ ဦးတည်သွားနိုင်ရန်သာလျှင် သဘောပေါက် ထားရမည်။

ဤနေရာတွင် လွှတ်တော်တွင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များမှတဆင့် နိုင်ငံအပြောင်းအလဲ၏ လက်ရှိအခြေအနေအခင်းအကျင်းက အတွေးအခေါ်အယူအဆမတူသူများနှင့် ဘုံတူညီချက်များ ရှာဖွေရင်း ရည်မှန်းချက်ပန်းတိုင်တူညီသူများနှင့် အတွေးအခေါ်အယူအဆများ ဖလှယ်ရန်အခွင့်အလမ်းများကို ဖန်တီးပေးထားပါသည်။ တစ်ဦးချင်းစီ၏ သဘောထားအမြင်များ မည်သို့ရှိစေကာမူ နိုင်ငံအတွက် အတူ ရှေ့ ဆက် လှမ်းနိုင်ရန် ရှုထောင့်အမြင်များကို စုစည်းပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အတူချမှတ် ကြရန်လိုအပ်ပါသည်။ ဆွေးနွေးပွဲအသီးသီးတွင် ပါဝင်နေသူအားလုံးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အသွင်ကူးပြောင်းသည့်လုပ်ငန်းစဉ်များ၏ တစ်ခုတည်းသော ရလဒ်မှာ အားလုံးပါဝင်မှု၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် စစ်မှန်သည့်ပြုပြင်ပြောင်းလဲမှုများသာ ဖြစ်ရမည်ဆိုသည့်အချက်ကို အကြွင်းမဲ့ယုံကြည်နေရမည်။

မကြာသေးမီလများအတွင်းက အမျိုးသားနိုင်ငံရေးတွင် တိုင်းရင်းသားအုပ်စုမျိုးစုံအကြား အချို့ ကို “ဖယ်”ထား ခြင်းနှင့် “ပယ်”ထားခြင်းက အချို့ အုပ်စုများကို လူပေါင်းစုံ ပါဝင်သည့် အရေးကြီးသည့် သဘောတူညီချက်သို့ မရောက်ရှိနိုင်မီ ကိုယ်ကျိုးရှာရန် ရှေ့ တန်းတင်လာစေပြီး တိုးတက်မှုကို ခြိမ်းခြောက်နေမည်လားဟု စိုးရိမ် ပူပန်မှုများ မြင့်တက်လာစေခဲ့သည်။ ထို့ကြောင့် မတူကွဲပြားကြသည့် ယဉ်ကျေးမှုနှင့် သမိုင်းများအတွက် နေရာတစ်ခုကို ဖန်တီးပေးပြီး နိုင်ငံ၏စည်းလုံးညီညွတ်မှုရရှိစေရန် နိုင်ငံရေးစနစ်သစ်တစ်ခုကို တည်ထောင်ရန် ကွဲပြားခြားနားမှုများကို ပေါင်းကူးဆက်စပ်ပေးကြရမည်။ အမျိုးသားအဆင့် ယုံကြည်မှု တည်ဆောက်နိုင်လျှင် အဖြေရှာရန် ထင်သလောက်ခက်ခဲလိမ့်မည်မဟုတ်ဟု ယုံကြည်မိပါသည်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေ ခဲ့ကြရသည့် လူမျိုးပေါင်းစုံနှင့် နိုင်ငံရေးပါတီပေါင်းစုံ အတူတကွ တွေ့ဆုံနိုင်သည့် အခွင့်အလမ်းမရရှိသည့်အတွက် အတိတ်မှကျရှုံးမှုများဖြစ်ခဲ့သည်ကို နောက်ယောင်ခံကြည့်နိုင်ပါသည်။ နိုင်ငံရေး ခေတ်သစ်တွင် “ဖယ်”ထားခြင်းနှင့် “ပယ်”ထားခြင်းများကို နောက်ဆုံးတွင် ကျော်လွှားနိုင်ကြရမည်။

နိုင်ငံသားတို့၏စိတ်ခံစားမှုကို ရောင်ပြန်ဟပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏အောင်ပွဲသည် မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အပြောင်းအလဲကို မည်မျှ လိုလားနေသည်ဆိုသည်ကို သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ပေးခဲ့သည့်မဲများဖြစ်ပြီး အစိုးရသစ်အနေဖြင့် တနိုင်ငံ လုံး ပြန်လည်ရင်ကြားစေ့ရေးနှင့်   ပြုပင်ပြောင်းလဲရေး အောင်မြင်စွာလုပ်ဆောင်နိုင်ရန်အတွက် အားလုံးပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုစတင်ရန် ခိုင်မာသည့် လုပ်ပိုင်ခွင့်အာဏာ ရရှိခဲ့ပါသည်။

နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးသည် ငြိမ်းချမ်းရေးကိုတောင့်တနေကြပါသည်။ ကျွန်မတို့၏ ရင်သွေး လူငယ်များကို နိုင်ငံသားအချင်းချင်း သတ်ဖြတ်ရန် ရှေ့ တန်းသို့မစေလွှတ်လိုပါ။ ကျွန်မတို့အနေဖြင့် လက်နက်ဝယ်ရန် ရင်းနှီးမြုပ်နှံမှု မပြုလုပ်လိုပါ။ ယင်းသို့ဝယ်မည့်အစား ကျွန်မတို့ အရင်းအမြစ်များကို အသုံးပြုပြီး ရွာငယ် ဇနပုဒ်မှ မြို့ ကြီးပြကြီးအထိ တနိုင်ငံလုံးတွင် စာသင်ကျောင်းများဆောက်လုပ်လိုပါသည်။ လက်နက်ခဲယမ်း မီး ကျောက်များ ဝယ်မည့်အစား ခေတ်မီသည့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် အသုံးပြုလိုပါသည်။ သို့သော် ထိုသို့ပြုလုပ်နိုင်ရန် သေနတ်သံများချုပ်ငြိမ်းရမည်။ ပြည်တွင်းစစ်မှန်သမျှ ရပ်ပစ်ရပါမည်။ ရာစုနှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည့် တိုက်ပွဲများတွင် အောင်ပွဲခံသူမရှိခဲ့ချေ။ လူ့ဂုဏ်သိက္ခာ၊ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံး မှုနှင့် " နိုင်ငံမွဲပြာကျမှု " များသာရှိခဲ့ကြပါသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အစိုးရတက်လာလျှင် ငြိမ်း ချမ်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဟုပြောခဲ့သည်ကို ဝမ်းမြောက်စွာကြိုဆိုမိပါသည်။ နိုင်ငံသားများ အနေ ဖြင့် မိမိတို့၏ အိပ်မက်ဖြစ်သည့် မတောင့်မတမကြောင့်မကြနေနိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ဖြစ်လာ စေရန် ငြိမ်းချမ်းရေးအုတ်မြစ်ပေါ်မှသာ တည်ဆောက်နိုင်မည်ဟု ယုံကြည်နားလည်ထားပါသည်။ အပြန်အလှန်အားဖြင့် ထိုသို့သော ငြိမ်းချမ်းရေးသည် တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး တန်းတူအခွင့်အလမ်းများအတွက် အာမခံချက်ပေးနိုင်သည့် နိုင်ငံရေးစနစ် တစ်ခုဖြစ်သော ဖက်ဒရယ်စနစ်ကို ဦးတည်စေပြီး အားလုံးပါဝင်သည့်ဆွေးနွေးမှုတစ်ခုအပေါ်တွင် မူတည်နေ ပါသည်။ သို့သော် ထိုကဲ့သို့သော နိုင်ငံရေးစနစ်တစ်ခုကို သဘောတူညီကြရာတွင် တနိုင်ငံလုံးငြိမ်းချမ်းရေး ရရှိစေနိုင်သည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို မဖြစ်မနေ လက်တွေ့လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် စစ်တပ်မှ စစ်ဆင်ရေးများကို ရပ်တန်းမှရပ်ရပါမည်။ လူ့အခွင့်အရေးများကို လေးစားလိုက်နာ ရပါမည်။ မြေယာသိမ်းမှုနှင့် စီးပွားရေးဂုတ်သွေးစုတ်မှုများကို ရပ်တန်းမှရပ်ရန်လိုအပ်ပါသည်။ အဖွဲ့အစည်း တိုင်းမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်လေးစားမှု၊ စိတ်စေတနာအမှန်ဖြင့် တစ်ပြည်လုံး၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် လုပ်ငန်းစဉ်များတွင် ပါဝင် လုပ်ဆောင်ကြရပါမည်။

ဤသို့သော အရေးပေါ်စိန်ခေါ်မှုများက နောင်မျိုးဆက်များအတွက် ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲမှု အမွေအနှစ်ကို ပေးနိုင်သည့်အခွင့်အလမ်းများရှိလာသည့် နိုင်ငံရှိ ခေါင်းဆောင်များအားလုံးအပေါ် ကြီးမားသည့် တာဝန်တစ်ခုကို ပုံပေးလိုက်ပါသည်။ ဆိုလိုသည်မှာ လွှတ်တော်နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ တွင် ပါဝင်နေသူများက ယခင်ကအမှားများကို ထပ်၍မမှားစေရန် အတိတ်မှ မှားယွင်းမှုများနှင့် လက်ရှိ လိုအပ်ချက်များကို သေချာစွာ နားလည် သဘောပေါက်သိရှိထားသင့်ပါသည်။ အထူးသဖြင့် တက်လာမည့် အစိုးရသစ်အတွက် နိုင်ငံရေးအခင်းအကျင်းတွင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုလုပ်ငန်းများသည် အကွဲအပြဲအသစ်များနှင့် '' သမိုင်းအမှိုက်သရိုက်  '' များ မပေးခဲ့ ရန် နှင့် အရေးကြီးဆုံးဦးတည်ချက်ပန်းတိုင်သည် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသာ ဖြစ်သင့်ပါသည်။

ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးကို ရှေ့ ဆက်လုပ်ဆောင်ရာတွင် လိုအပ်ချက်များကိုလည်း အလေးထား ဖေါ်ပြလိုပါသည်။ အခြေခံစိန်ခေါ်မှုများစွာအနက် အရေးကြီးဆုံးမှာ စစ်တပ်နှင့်အရပ်ဖက်အဖွဲ့အစည်းများ အကြား ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး နှင့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို လူတိုင်း ခံစား၊ စံစားရနိုင်မည့် အရေးများကို ဦးတည်မည့် အားလုံး ပါဝင် သည့်  နိုင်ငံရေးစကားဝိုင်းတစ်ခုပေါ်ပေါက်ရေးဖြစ်သည်။ “တနိုင်ငံလုံးငြိမ်းချမ်းရေး”လုပ်ငန်း စဉ်ဆိုသည့် ခေါင်းစဉ်အောက်တွင် စစ်ပွဲမျက်နှာစာ၌ တိုင်ပင်ဆွေးနွေးမှုများဆက်လက်ပြုလုပ်လျှက်ရှိပါသည်။ ကံအကြောင်းမလှစွာ ပင် ပြည်သူလူထုအများစုအတွက် ယင်းအသုံးအနှုံးသည်မှားယွင်းစွာ နားလည် သဘောပေါက်စေနိုင်သည့် စကားရပ်တစ်ခုဟု သဘောထားမျိုးရှိကြသည်။ အမှန်ဖြစ်နေသည့် အခြေအနေမှာ နိုင်ငံအတွင်းရှိ တိုင်းရင်းသား အတိုက်အခံအုပ်စုများ၏ တဝက်ပင်မရှိသည့် အဖွဲ့အနည်းငယ်နှင့် တပိုင်းတစ အပစ်အခတ်ရပ်စဲရေးပြဿနာများနှင့် ရှေ့ တိုးနောက်ဆုတ်၍မရသည့် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်”တစ်ခုကို တိုင်းရင်းသား အဖွဲ့အစည်းများစွာအနေဖြင့် ရင်ဆိုင်နေရသည့်အခြေအနေမျိုးပင်ဖြစ်သည်။ တချိန်တည်းမှာပင် အားလုံးပါဝင်မှုမရှိခြင်းသည် ဆွေးနွေးပွဲများကို ဦးဆောင်သူများကြောင့်ချည်းသက်သက်မဟုတ်ဘဲ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကြသူများ အကြားတွင်လည်း တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အကြား ညီညွတ်မှုမရှိကြခြင်း ကြောင့်လည်း ဖြစ်ပါသည်။

မကြာသေးမီလများအတွင်းက အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်ပွဲ ကြောင့် NLD နှင့်တစိတ်တည်းတဝမ်းတည်းဖြင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အမျိုးမျိုးအကြား ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ရန် တောင်းဆိုမှုတွင် ပို၍ ညီညွတ်သဘောတူညီမှုရှိလာခဲ့ကြပါသည်။ ပဋိပက္ခချုပ်ငြိမ်းရန် အတွက် အမျိုးသားအဆင့်ငြိမ်းချမ်းရေးရှေ့ ဆက်နိုင်စေရန် အောက်ပါအဓိကအချက် (၆)ချက်သည် အရေး ကြီးဆုံး ဖြစ်ပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် စစ်အသွင်ပပျောက်ရေး demilitarisation ကို စဉ်ဆက်မပြတ်စောင့်ကြည့် ခြင်း
စစ်ဘေးရှောင် ဒုက္ခသည်များကို မိမိတို့ဆန္ဒအလျှောက်နေရပ်သို့ပြန်စေခြင်း (သို့မဟုတ်) ပြန်လည်နေရာချ ထားပေးခြင်း
အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးမှုနှင့် အခြေခံဥပဒေပြင်ဆင်ရေး
အရပ်ဖက်- စစ်ဖက်ဆက်ဆံရေးကို ရင်ကြားစေ့မူဝါဒနှင့်ပြန်လည်တည်ဆောက်ရေး (ကလဲ့စားမချေရေး)
လူတိုင်း လူတိုင်းအတွက် သာတူညီမျှ အခွင့်အရေး
သဘာဝ ပတ်ဝန်းကျင်အရင်းအမြစ်များကို ( ဒေသခံပြည်သူလူထုကို ဦးစားပေး၍) တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ခွဲဝေသုံးစွဲရေး။

ယင်းလိုအပ်ချက်များမှပေါ်ထွက်လာသည့် လက်ငင်းမေးမြန်းရမည့်မေးခွန်းများအနက်တစ်ခုမှာ နိုင်ငံ ပြောင်းလဲ ရေးအတွက် NLD ကို ရှင်းလင်း ပြတ်သားသည့်လုပ်ပိုင်ခွင့်အာဏာပေးခဲ့သော နိုင်ငံသားများသည်တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံရေးလားရာလမ်းများကို ချုပ်ကိုင်ထားနိုင်ရန် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းသည် ဖက်ဒရယ်စနစ်၏မူဘောင်အတွင်းတွင် ဒီမိုကရေစီနည်းကျ တန်းတူအခွင့်အရေးများရရှိပိုင်ဆိုင်ခွင့်များအတွက် ကြိုးပမ်းနေသည့် တိုင်းရင်းသားများဖြင့် အာဏာခွဲဝေယူခြင်းထက် နိုင်ငံတည်ငြိမ်မှုကို ရေရှည်တွင် ခြိမ်းခြောက် လာနိုင်သည်ဆိုသည်ကို စစ်တပ်အာဏာပိုင်များ ယုံကြည်လာအောင် မည်သို့လုပ်ဆောင်မည်ဆိုသည့် အချက်ပင်ဖြစ်သည်။ယင်းသို့ဖြစ်လာစေရန် စစ်အရာရှိများအား သူတို့အတွက်သာမက သူတို့၏သားသမီး မြေးမြစ်များ အတွက်ပါ ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံနှင့် အတူတကွရပ်တည်နိုင်ခြင်းသည် ဆင်းရဲ သည့်နိုင်ငံတွင် အိမ်နီးချင်းများက ခေါင်းပုံဖြတ်ခံနေရပြီး မိမိလူမျိုးများကို ခေါင်းပုံဖြတ်၍ အခွင့်ထူးခံရခြင်းထက် ပိုကောင်းသည်ဟု နားလည်လက်ခံစေရပါမည်။

ယင်းပြဿနာများကို ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အစိုးရဖွဲ့မည်ဟု ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လာမယ့်လများတွင် တန်ဖိုးရှိလှသည့်အချိန်များအား တစ်ယောက် နှင့် တစ်ယောက် လက်ညိုးထိုးစွပ်စွဲခြင်း၊ ကလဲ့စားချေခြင်းများနှင့် အချိန်ကုန်ကြမည့်အစား အပြုသဘောဆောင်သည့်စိတ်နှင့်ကြိုဆိုရမည်ဖြစ်ပါသည်။ ဒေါ်စုအမြဲတမ်း အလေးအနက်ထားပြောဆို လုပ်ဆောင်နေသည့် ''တရားဥပဒေ စိုးမိုးရေး''က နိုင်ငံသားတိုင်းကို အကာအကွယ်ပေးပါလိမ့်မည်။ အရပ်ဖက် အကျိုးစီးပွားနှင့် စစ်ဖက် အကျိုးစီးပွားကို မျှတအောင် ဆောင်ရွက်ရာတွင် NLD ပါတီ၏ ငြိမ်းချမ်းရေးနှင့် ပြုပြင် ပြောင်းလဲရေး အစီအစဉ်နှင့်ဟန်ချက်ညီညီ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။ အကဲဆတ်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။

ရေရှည်အတွက် အနာဂတ်ကိုမျှော်ကြည့်ပြီး ဒီမိုကရေစီနည်းကျသော ဖက်ဒရယ်လူ့အဖွဲ့အစည်းတစ်ခုသို့ နိုင်ငံရေးအသွင်ကူးပြောင်းရာတွင် မိသားစုများစွာသည် အလွန်ဆင်းရဲမွဲတေနေသေးသည့် အခြေအနေ တွင် နေထိုင်နေကြ ရသေးသည့်အတွက် နိုင်ငံစီးပွားရေးတွင်လည်း မြင်သာထင်သာစွာ တိုးတက်အောင် ဆောင် ကြဉ်းနိုင်ရမည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်ကြွယ်ဝပြီး အလားအလာကောင်းများစွာလည်းရှိသည့်   နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် အရင်းအမြစ်များထုတ်ယူသည့် ကဏ္ဍများတွင် ထိမ်ချန် ထားသည့် ငွေပမာဏများစွာသည် အရာရှိကြီးများနှင့် သူတို့နှင့်ပတ်သက်သည့် စီးပွားဘက်များ၏ ဘဏ်စာရင်းများထဲသို့ သာ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ်။ ထို့အပြင် အခွန်အခကောက်ယူသည့်ပမာဏအနည်းငယ်မှ ရရှိသည့် ဘဏ္ဍာငွေကြေးများမှာလည်း တိုင်းရင်းသားလူထုများ၏ မြေယာများမှ အမှန်တကယ်ထုတ်ယူသည့် အရင်းအမြစ်များ အတွက် အမှန်တကယ်ထိုက်တန်သည့် တန်ဖိုးနှင့်လည်း မညီမျှခဲ့ချေ။

ဝမ်းနည်းစိတ်ပျက်ဖွယ်ကောင်းစွာပင် မြန်မာနိုင်ငံ၏ လိပ်ခဲတည်းလည်းအခြေအနေတွင် ယင်းသယံဇာတ အရင်းအမြစ်များကို ခိုးထုတ်ခြင်း၊ ရောင်းစားခြင်းဖြင့် သယံဇာတ အရင်းအမြစ်များမှာ ထာဝရ ပျောက်ကွယ်လျှက်ရှိပါ သည်။ နိုင်ငံတစ်နိုင်ငံအတွက်သာမက ယင်းသယံဇာတများ ထွက်ရှိသည့် တိုင်းရင်းသား ပြည်နယ်များ အတွက်လည်း မည်သည့်အကျိုးအမြတ်မှမရရှိခဲ့ရုံမျှမက မြေယာဆုံးရှုံးမှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပျောက်ကွယ်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုနှင့် ကျန်းမာရေး အတွက်အန္တရာယ်ရှိမှုများနှင့်ပါ ရင်ဆိုင်နေကြရပါသည်။ ဥပမာအားဖြင့် သံယဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံ(၅၈)နိုင်ငံကို လေ့လာ ထားသည့် Natural Resources Governance Institution မှထုတ်ပြန်ထားသည့် Resource Governance Index အရ ယင်း(၅၈)နိုင်ငံတွင် ပေးမှတ် (၁၀၀)အနက်(၄)မှတ်သာရရှိပြီး မြန်မာပြည်သည် အောက်ဆုံး အဆင့်သို့ ရောက်ရှိနေပါသည်။ ကျွန်မတို့၏လူငယ်များအတွက် ဆိုးရွားလှသည့် သမိုင်းအမွေကို ထားခဲ့ပါသည်။

အပြုသဘောဆောင်သည့်အချက်တစ်ခုမှာ အာဏာလွှဲပြောင်းပေးရတော့မည့်အစိုးရသည် သဘာဝ အရင်း အမြစ်များကို ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသည့် စီမံခန့်ခွဲမှုကို တိုက်တွန်းအားပေးသည့် ကမ္ဘာ့အဆင့်မီ စံနှုန်းများဖြင့်လုပ်ကိုင်နေသည့် သဘာဝအရင်းအမြစ်များထုတ်ယူသည့်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေးလုပ်ငန်း (Extractive Industries Transparency Initiative) တွင် ပါဝင်ရန် စီစဉ်နေသည်ကို အသိအမှတ်ပြုပေးရန် အရေးကြီးပါသည်။ သို့ရာတွင် ထိုသို့ပါဝင်ခြင်းသည့် ကျွန်မတို့၏ သယံဇာတ အရင်း အမြစ်များအား ဒေသခံပြည်သူလူထု အကျိုးရှိစေရန် စည်းကမ်းတကျထုတ်ယူစေရန်အတွက် ပထမခြေလှမ်း မျှ ဟုသာမှတ်ယူရမည်ဖြစ်ပါသည်။

ယခုအချိန်သည် အရေးကြီးသည့်အချိန်ပင်ဖြစ်သည်။ လူထုအကြားတွင်မူ အတိတ်မှ နိုင်ငံရေးနှင့်စီးပွားရေး ဆိုင်ရာအမှားများကို ပြင်ဆင်သင့်သည်ဟု စိတ်ဆုံးဖြတ်ထားခဲ့ကြသည်။ အထွေထွေရွေးကောက်ပွဲတွင် အပြောင်းအလဲ အတွက် သောင်ပြိုကမ်းပြိုမဲပေးခဲ့ကြခြင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားများ၊ ချင်းတောင်တန်းများပေါ်မှ ညီအကိုမောင်နှမများနှင့် ခါကာဘိုရာဇီတောင်စောင်းပေါ်မှ မိတ်ဆွေများအားလုံးသည် သူတို့၏ရည်မှန်းချက် များ နှင့် တူညီနေသဖြင့် ညီညွတ်မှုကို ပြသနေကြခြင်းပင်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်လွှတ်တော်များတွင် အများစု နေရာရလာပြီဖြစ်သည့်အတွက် အခွင့်ထူးခံလူတန်းစားအနည်းငယ်လက်ထဲမှ သယံဇာတူးဖေါ်မှု လုပ်ငန်းများ တွင် စည်းကမ်းမဲ့လုပ်ကိုင်ခွင့်များ ချထားပေးခြင်းကို ရပ်တန့်စေရန်နှင့် မြေသိမ်း၊ ယာသိမ်းကိစ္စ များကို အဆုံးသတ်နိုင်မည့် ဥပဒေများကို မကြာမီ မှာ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်သည်။လယ်သမားများအနေဖြင့် မြေယာ မဲ့လယ်သမားများ ဖြစ်သွားမှာ ကြောက်စရာမလိုသင့်တော့သကဲ့သို့ အင်မတန်ဆင်းရဲ သည့် ရေနံတွင်း နေ့စားလုပ်ရသူများသို့မဟုတ် ရေမဆေးကျောက်ကောက်သူ များလည်း မြေပြိုကျပြီး သေရသည့် အဖြစ်မျိုးအတွက် ထိတ်လန့်နေရသည်မျိုးလည်း မရှိသင့်တော့ချေ။

ဤအခြေအနေတွင် စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် ဥပဒေနှင့်စည်းမျဉ်း စည်းကမ်းများကို စိန်ခေါ်နိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တင်းကြပ်ပြီး ကျယ်ပြန့်သည့် လုပ်ငန်း ဆောင်ရွက်မှု လိုအပ်ချက်များမပါဘဲ ကျယ်ကျယ်ပြန့်ပြန့် အခွင့်အရေးများပေးထားသည့် မြန်မာမှ စေ့စပ် ညှိနှိုင်းနေသည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို သေချာစွာလေ့လာကြည့်ရှုကြရန်လည်း အရေးကြီးပါသည်။ ဥပဒေများဖြင့် ခေါင်းပုံဖြတ်မှုများကို အကာအကွယ်ပေးရုံသာမကဘဲ လူမှုရေးဆိုင်ရာ ပေါင်းစည်း မှုမျိုးကို ဖြစ်စေနိုင်သည့် မေတ္တာဖောင်ဒေးရှင်း နှင့် အခြား လူမှုအဖွဲ့အစည်းများမှ ပံ့ပိုးပေးနေသည့် ဒေသခံစီးပွားရေး လုပ်ငန်းငယ်များအားလည်း တိုက်တွန်းအားပေးရန်လိုအပ်ပါသည်။ ဆီလျော်သည့် လူမှုရေးနှင့် နိုင်ငံရေး အုတ်မြစ်များဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာအကောင်အထည်ဖေါ်နိုင်မည် ဟုလည်း ယုံကြည်ပါသည်။

နောက်ဆုံးအနေဖြင့် လွန်ခဲ့သည့်အပတ်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်များကို အလေးအနက်ထားဖေါ်ပြရန် အရေးကြီးပါသည်။ ဒေါ်စုက လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့အားနည်းချက်တွေကို အသိအမှတ်ပြုပြီးကြောင်းနှင့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးစာချုပ် “လက်မှတ်ထိုးပြီးအဖွဲ့နှင့်မထိုးရသေးသည့်အဖွဲ့များ” အကြားသဘောထားကွဲလွဲမှု မရှိ သင့်ကြောင်း  ဆွေးနွေးပွဲသည်လည်း ပျော့ပြောင်းပြုပြင်လွယ်သင့်ကြောင်းကိုအလေးထား ပြောကြားခဲ့ပါသည်။

ကျွန်မအနေဖြင့် လုံးဝထောက်ခံပါသည်။ အားနည်းချက်များနှင့် ဖြစ်လာနိုင်သည့် ပြဿနာများကို လက်ခံပြီး တရားမျှတပြီး ငြိမ်းချမ်းသည့် ပြောင်းလဲမှုအတွက် တူညီသည့်အမြင်များဖြင့်သာ ဖြစ်ပေါ်လာမည့် စိန်ခေါ်မှု များကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ကျွန်မတို့၏နိုင်ငံသားတိုင်းကို စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် တရားမမျှတမှုထမ်းပိုး များအောက်မှဆွဲထုတ်လိုပြီး ဒီမိုကရေစီကျသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်လိုလျှင်၊ လူထုကို ရပိုင်ခွင့် များပြန်ပေးလိုလျှင်၊ ကျွန်မတို့၏တိုင်းပြည်ကို ခေတ်သစ်ကမ္ဘာတွင် ထည်ဝါစေလိုလျှင် ငြိမ်းချမ်းရေးလမ်းတွင် အခက်အခဲမည်သို့ကြုံကြုံ ၊ တိုးတက်မှုမည်မျှနှေးနှေး ကျွန်မတို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားကြရမည် ဖြစ်ပေသည်။

လဖိုင်ဆိုင်းရော်သည် ၂၀၁၃ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင်နှင့် မေတ္တာဖွံ့ ဖြိုးရေးဖောင်ဒေးရှင်းနှင့် အိုင်ရာဗတီ (Airavati)ကို စတင်တည်ထောင်ခဲ့သူများအနက်တစ်ဦးဖြစ်သည်။