လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

Jenny Franco ၏ သုံးသပ်ချက်မှတ်စု
04 April 2016
Article

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

Photo credit ဓာတ်ပုံရင်းမြစ် Soneva Foundation @flickr

နိဒါန်း

မြန်မာနိုင်ငံသည် သမိုင်းတွင်မည့် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေသည်။ အရေးပါသည့် အချိုးအကွေ့အပေါ် “လတ်တလောနှစ်များ၌ ဖြစ်ပွားခဲ့သည့် အလှည့်အပြောင်းများအားလုံးထက် ပိုမိုကောင်းမွန်သည့် အလားအလာ ရှိသည်”ဟု အကောင်းမြင်မှုနှင့် အကယ်၍ “ကျွန်ုပ်တို့နိုင်ငံကို ကာလရှည်ကြာ အရုပ်ဆိုးအကျည်းတန်စေခဲ့သည့် လူမှုရေး ပဋိပက္ခပေါင်းများစွာကို” မဖြေရှင်းနိုင်ပါက ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုအပေါ် စိုးရိမ်မှုတို့ ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်သည်။ (i) မြေနှင့် ပတ်သက်သည့် အယူဝါဒနှစ်ခု ရှင်းလင်းစွာ ဆန့်ကျင်ကွဲလွဲနေခြင်းသည် နှစ်ပေါင်းခြောက်ဆယ်ကျော် ရှည်ကြာသည့် ပြည်တွင်းစစ်အပြီး၌ နိုင်ငံကို ဆွဲကိုင်လှုပ်လျက်ရှိသည့် အခင်းအကျင်း တစ်ခုဖြစ်ပြီး ကျေးလက်နေလက်လုပ်လက်စားလူထုလူတန်းစားများ၏ လက်မှမြေများကို စီးပွားရေးသမားများနှင့် ‘ ခေတ်သစ် ’ စိုက်ပျိုးရေးသမားများ၏ လက်ထဲသို့ လွှဲပြောင်းရောက်ရှိသွားစေရန် ရေးဆွဲပြင်ဆင်ထားသည့် ဥပဒေပေါင်းများစွာကိုလည်း ကျင့်သုံးနေဆဲဖြစ်သည်။ သို့ရာတွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲ အတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်းက ဦးတည်ချက်ကို လမ်းကြောင်း ပြောင်းပစ်နိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။

လက်ရှိမြေပြဿနာသည် ရေးဆွဲအတည်ပြုခဲ့သည့် မြေဥပဒေနှင့် မူဝါဒတို့၏ တစ်စိတ်တစ်ဒေသဖြစ်သည့် လက်ရှိနှင့် အတိတ်ကာလ ပဋိပက္ခအခြေအနေများ၌ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိသည်။ မြေနှင့် ဆက်စပ်သယံဇာတအ ရင်းအမြစ်များကို မည်သည့်ရည်ရွယ်ချက်များအတွက် မည်သည့်ပုံစံမျိုးဖြင့် စီမံအုပ်ချုပ်မည်ကို အလေးအနက်ထား ပြန်လည်သုံးသပ်ရန် လိုအပ်လျက်ရှိသည်။ အမျိုးသမီးများနှင့် လူငယ်များသာမက တိုင်းရင်းသားလူမျိုးများအပါအ၀င် ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများကို အဓိကဦးစားပေးသည့် ချဉ်းကပ် လုပ်ဆောင်မှုတစ်ရပ်လိုအပ်လျက်ရှိပြီး ၎င်းတို့၏ ပြဿနာများ၊ အရေးကိစ္စများ၊ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ ကို ၎င်းတို့၏ အမြင်ရှုထောင့်မှ အလေးအနက်ထား စဉ်းစားပေးရန် လိုအပ်သည်။ ဤကဲ့သို့သော ခြေလှမ်းမျိုးဖြင့် စတင်ခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တည်ဆောက်ရာ၌ အလွန်အရေးပါလာမည်ဖြစ်သည်။ ဤခြေလှမ်းမျိုးကို လျှောက်လှမ်းရန် ပျက်ကွက်ခြင်းသည် ဆိုးရွားသည့်နောက် ဆက်တွဲရလဒ်များကို ပေါ်ပေါက်လာစေနိုင်ပါသည်။

မြေဥပဒေနှင့် မူဝါဒတိုင်းသည် ‘ဘယ်သူက ဘယ်မြေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လောက်ကြာကြာ ဘယ်လိုအ ခွင့်အရေးမျိုးနဲ့ အသုံးပြုနိုင်သလဲ’ ဟူသည့် မေးခွန်းကို ဖြေဆိုနိုင်ရမည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ မြေယာပုစ္ဆာ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တိုးတက်ပြောင်းလဲမှုနှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်လျက်ရှိသည်။ အောက် ခြေမြေပြင်ရှိ သက်ရောက်မှုတိုင်းသည် အပြန်အလှန်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည့် သို့မဟုတ် အခွင့်အလမ်းဖြစ်စေသည့် သက်ရောက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။ အရဲစွန့်ရမှု အန္တရာယ် အ လွန်မြင့်မားသည့် ကိစ္စရပ်များဖြစ်သောကြောင့် ရှေ့တစ်လှမ်းမတိုးမီ နောက်နှစ်လှမ်းဆုတ်၍ ပြန်လည်သုံးသပ်ရန် လို အပ်ပါသည်။

ဦးဆုံးအနေဖြင့် ယနေ့မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် အဓိကမြေယာပြဿနာသုံးမျိုး၏ သဘော သဘာဝနှင့် ၎င်းတို့တစ်ခုချင်းစီအား အမျိုးသားစားနပ်ရိက္ခာဖူလုံရေး သဘောတရားအရ ဆန္ဒအလျောက် မြေ၊ သားငါးနှင့် သစ်တောလုပ်ပိုင်ခွင့်ကို တာဝန်ယူမှုရှိရှိ အုပ်ချုပ်စီမံရေးဆိုင်ရာ လမ်းညွှန်ချက်များ (VGGT) ဟုခေါ်သည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် လမ်းညွှန်အသစ် အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ မကြာခင်ကရေးဆွဲအတည် ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒ သာမက လတ်တလော ထုတ်ပြန်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ မြေယာမူဝါဒ နှင့် ဤကိစ္စရပ်များအပေါ် နောင်လာမည့် အနာဂတ်ကာလများ၌ အစိုးရသစ်မှ ချဉ်းကပ်ရန် ရည်ရွယ်ထားသည့် NLD ရွေးကောက်ပွဲကြေညာစာတမ်း တို့၌ မည်သို့တုန့်ပြန် ထားကြောင်း ခြုံငုံသုံးသပ်ရန် လိုအပ်သည်။

သဘောသဘာဝကို ခြုံငုံသုံးသပ်ခြင်း

သန်းငါးဆယ်ကျော်သော မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ၇၀ ရာခိုင်နှုန်းသော လူဦးရေသည် ကျေးလက်ဒေသများ၌ နေထိုင်၍ လုပ်ကိုင်စားသောက်လျက်ရှိသည်။ လူနည်းစုတိုင်းရင်းသား လူထုလူတန်းစားများသည် စုစုပေါင်းလူဦး ရေ၏ ၃၀-၄၀ ရာခိုင်နှုန်းခန့်ရှိပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းနယ်မြေဒေသ ၆၀% ခန့်သည် ထိခိုက်ရနိုင်ခြေ မြင့်မား၍ ဘေးဖယ်ခံထားရသည့် အဖိနှိပ်ခံတိုင်းရင်းသားပြည်သူများ နေထိုင်လျက်ရှိသည့် ပြည်နယ်များဖြစ်သည်။ အောင်မြင် သည့် အစိုးရများသည် ကျေးလက်နယ်မြေဒေသများကို မိမိတို့၏ အခွန်ဘဏ္ဍာရင်းမြစ်များအဖြစ် သဘောထားလေ့ရှိ သော်လည်း စီးပွားရေးအရ ထုတ်လုပ်နိုင်စွမ်းမြင့်မားသည့် နယ်ပယ်အ၀န်းအ၀ိုင်းအဖြစ် အသွင်ပြောင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်ရေးဇုံများအဖြစ်သော်လည်းကောင်း သယံဇာတအရင်းအမြစ်ထုတ်ယူသုံးစွဲရေး ဇုံများအ ဖြစ်သော်လည်းကောင်း ဗဟိုအစိုးမှ ဆောင်ရွက်ပေးရန် လိုအပ်သည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများ သည် ၎င်းနယ်မြေဒေသအပေါ်၌ နေထိုင်လျက်ရှိသူများကြောင့်မဟုတ်ဘဲ အဆိုပါနယ်မြေအတွင်း တည်ရှိနေကြ သည့် သယံဇာတအရင်းအမြစ်များကြောင့် တန်ဖိုးထားခဲ့ကြပြီး နယ်ခံလူထုလူတန်းစားများကို အကျိုးပြုမည့် ၀င် ငွေရှာဖွေခြင်းထက် စီးပွားရေးအကျိုးအမြတ်အတွက်သာ အာဏာပိုင်များက အမြတ်ထုတ်ခဲ့ကြသည်။ လက်တွေ့၌ နိုင်ငံရေးအရ ဆုံးရှုံးနစ်နာမှုများနှင့် စစ်တပ်တိုးချဲ့မှုများနှင့်အတူ စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများကလည်း ပြည်တွင်း စစ်မီး ဆက်လက်တောက်လောင်စေရန် မီးထိုးပေးခဲ့သည်။ ဤအခြေအနေသုံးခုသည် မြေနှင့်ပတ်သက်သည့် အယူ ၀ါဒနှစ်ခု ပြောင်ပြောင်ကြီးဆန့်ကျင်ကွဲလွဲသွားစေသည့် လက်ရှိအရေးအခင်းကို မီးလောင်ရာလေပင့်လျက်ရှိသည်။

ပထမအခြေအနေ၌ ယခင်ကမြေယာများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း အဓိကအားဖြင့် ပြည်တွင်းစစ်နှင့် လက်နက် ကိုင်ပဋိပက္ခသာမက သဘာဝဘေးအန္တရာယ်များကျရောက်မှုကြောင့် မိမိတို့၏ မြေယာများကို စွန့်ခွာခဲ့ရသူများ ပါဝင် လျက်ရှိသည်။ ဆယ်စုနှစ်ပေါင်းခြောက်ခုကျော် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်သည် လူပေါင်းများစွာနှင့် လူထုအ သိုက်အ၀န်းပေါင်းများစွာကို ၎င်းတို့၏ နေရင်းဒေသအိုးအိမ်များမှ စွန့်ခွာထွက်ပြေးရစေခဲ့သည်။ လတ်တလော ကိန်းဂဏန်းအချက်အလက်များအရ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူ စုစုပေါင်း ငါးသိန်းကျော် အပြင်အထူးသဖြင့် တရုတ်နှင့် ထိုင်းနယ်စပ်တစ်လျှောက် ပိတ်မိနေသည့် အမေ့လျော့ခံ စစ်ဘေးဒုက္ခ သည်ပေါင်း ငါးသိန်းကျော်ကြောင်း တွေ့ရှိရသည်။ တစ်သန်းထက်ကျော်လွန်များပြားနိုင်သည့် လူထုပေါင်း များစွာသည်လည်း တတိယနိုင်ငံများ၌ ရွှေ့ပြောင်းအခြေချ နေထိုင်လျက်ရှိသည်။

IDPs နှင့် စစ်ဘေးဒုက္ခသည် အတော်များများသည် မိမိတို့၏ နေရင်းရပ်ရွာဒေသများသို့ ဘေးကင်းလုံခြုံ၍ ဂုဏ်သိ က္ခာရှိရှိ နေရပ်ပြန်နိုင်ရန် မျှော်လင့်နေကြသည်။ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးသည် Pinheiro အခြေခံမူများ အတွင်း၌ အကျယ်တ၀င့်တင်ပြထားသည့်အချက်များအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးဥပဒေများအောက်တွင် အတိအလင်းဖော်ပြထားသည့် ၎င်းတို့ ၏ ရပိုင်ခွင့်အခွင့်အရေးဖြစ်သည်။ ၎င်းတို့၏ နေရပ်ပြန်ရေးဆိုင်ရာ အခွင့်အရေးကို အမျိုးသားစားနပ်ရိက္ခာဖူလုံရေး သဘောတရားအရ ဆန္ဒအလျောက် မြေ၊ သားငါးနှင့် သစ်တောလုပ်ပိုင်ခွင့်ကို တာဝန်ယူမှုရှိရှိ အုပ်ချုပ်စီမံရေးဆိုင်ရာ လမ်းညွှန်ချက်များ (VGGT) အားဖြင့်လည်း အထောက်အကူပြုထားသည်။ လုပ်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၌ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကော်မတီမှ ရေးဆွဲအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုးထားသည့် ဤစံချိန်စံနှုန်းသည် လက်ရှိအချိန်ထိ အစိုးရများ သဘောတူ လက်ခံထားသည့် အမြင့်ဆုံးသော နိုင်ငံတကာစံတစ်ခုဖြစ်သည်။

ထို့ပြင် နေရပ်ပြန်ရေးနှင့် ပြန်လည်ဖြည့်ဆည်းအပ်နှံရေးဆိုင်ရာ အခွင့်အရေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အ တည်ပြုခဲ့သည့် မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှု မူဝါဒ (စာပိုဒ် ၃၈ နှင့် ၇၄)တွင်လည်း သဘောတူထောက်ခံ ထားသည်။ ဤအခွင့်အရေးကို (အစောပိုင်းမူကြမ်းများထက်စာလျှင်)နောက်ဆုံးအတည်ပြုခဲ့သည့် မူဝါဒအတွင်း ပိုမိုအလေးအနက်ထား ထည့်သွင်းစဉ်းစားထားကြောင်း တွေ့ရှိရသည်။  ' ပြန်လည်ဖြည့်ဆည်းအပ်နှံရေး’ကို အောက်တွင်ဖော်ပြထားသည့် နေရာငါးခု၌ ထည့်သွင်းဆွေးနွေးထားကြောင်း တွေ့ရှိရသည်။ (၁) တရားမျှတသော လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းခြင်း(အပိုဒ် ၈-ဇ)၊ (၂) အပြည်ပြည်ဆိုင်ရာ ရှင်းလင်းသည့် အကောင်း ဆုံးနည်းလမ်းများနှင့် လူ့အခွင့်အရေးစံများကို ကျင့်သုံးဆောင်ရွက်ခြင်း(အပိုဒ် ၃၈)၊ (၃)ပါဝင်ဆောင်ရွက်ခွင့်နှင့် လူ့အဖွဲ့အစည်း ကိုယ်စားပြုပိုင်ခွင့်ဆိုင်ရာ အမျိုးသမီးနှင့် အမျိုးသားများ၏ တန်းတူအခွင့်အရေး(အပိုဒ် ၇၅-ဆ)၊(၄) လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း(အပိုဒ် ၇၈-ဃ)၊ (၅) မတရားသိမ်းဆည်းခံရခြင်းကြောင့်ဖြစ်စေ၊ စစ်ဘေးစစ်ဒဏ်ကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ သို့မဟုတ် အခြားအကြောင်းကြောင့်ဖြစ်စေ မိမိနေထိုင်လုပ်ကိုင်သောမြေကို စွန့်ခွာသွားရသူများ၏ မြေလုပ်ပိုင်ခွင့်နှင့် နေထိုင်ခွင့်များ ပြန်လည်အစားထိုး ဖြည့်ဆည်းပေးနိုင်သည့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ ကို သုတေသနပြုခြင်း(အပိုဒ် ၈၀-ဎ)ဟူသည့် အပိုဒ်များ၌ ပြဋ္ဌာန်းထားသည်။

ထို့အပြင် လတ်တလော၌ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သည့် KNU မြေယာမူဝါဒ အတွင်းတွင်လည်း ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူ (IDPs) နှင့် စစ်ဘေး ဒုက္ခသည်များ၏ နေရပ်ပြန်ရေးနှင့် ပြန်လည်ဖြည့်ဆည်းအပ်နှံရေးဆိုင်ရာ အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် တ ရားမျှတမှုရှိစွာ ပြန်လည် သုံးသပ်ထည့်သွင်းထားသည်။ KNU သည် ' နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် Pinheiro အခြေခံ မူများနှင့်အညီ IDPs များ၏ အဓိကရပိုင်ခွင့်ဖြစ်သော ၎င်းတို့၏ မြေယာများ ပြန်လည်ရရှိရေးအား ထည့်သွင်းစဉ်းစား ပေးရန်’ သံဓိဋ္ဌာန်ချထားပြီး ‘ဆုံးရှုံးသူများထံ (သို့မဟုတ်) ၎င်းတို့၏ အမွေဆက်ခံသူများထံ မူလပိုင်ဆိုင်မှုများအား ပြန်မပေးနိုင်သည့် အခါမျိုးတွင်’(အပိုဒ် ၄-၂-၂ နှင့် ၄-၂-၃) မည်သို့ဆက်လက်အရေးယူဆောင်ရွက်ရမည်ကို အသေးစိတ်ဖော်ပြထားသည်။

သို့သော် ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ NLD ၏ ရွေးကောက်ပွဲကြေငြာစာတမ်း အပိုဒ် ၄(၂-ဃ)အတွင်း၌ တောင် သူလယ်သမားများ၏ ဥပဒေမဲ့ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများ ရရှိရေးအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။ ဤထုတ်ပြန်ချက်သည် ‘မတရားသဖြင့် ဆုံးရှုံးခဲ့ရ သည့်မြေများ’ ကိုသာ ကျဉ်းမြောင်းစွာ ဘောင်ခတ်ရည်ညွှန်းထားသည့် ဖော်ပြချက်အဖြစ် ပုံပေါ်သည်။ ဤ ကန့်သတ်ချက်သည် ပြည်တွင်းစစ်နှင့် အခြားမြေယာသိမ်းဆည်းမှု ပုံစံမျိုးစုံကြောင့် မိမိတို့၏ မြေယာများကို လက် လွှတ်ဆုံးရှုံးခဲ့ရသူများကို လွှမ်းခြုံစေနိုင်မည်လော။ ထိုမေးခွန်းနှင့် ပတ်သက်၍ မပီဝိုးတ၀ါးဖြစ်နေသည်။ အမှန်တကယ်၌ တရားမျှတမှုမရှိခဲ့သည့် ဆုံးရှုံးနစ်နာမှုများကို ကုစားရန်အတွက် ခိုင်မာအားကောင်းသည့် ကတိက၀တ်မျိုး မဟုတ် ကြောင်း သုံးသပ်ရသကဲ့သို့ အထက်တွင် ရှင်းလင်းဖော်ပြခဲ့သည့် NLUP၊ VGGT အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးများနှင့် လူသားချင်းစာနာထောက်ထားရေးဥပဒေတွင် ဖော်ပြထားသည့် အထွေထွေ လမ်းညွှန်ချက်တို့ကိုလည်း ရည်ညွှန်းကိုးကားထားခြင်းမရှိပေ။

ဒုတိယအခြေအနေ၌ မိမိတို့၏ မြေယာများကို ဆက်လက်လုပ်ကိုင်နိုင်ဆဲဖြစ်သော်လည်း ပြဿနာပေါင်းများစွာနှင့် ဖိအားမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အားပျော့နေသော အခြေအနေတွင်ရှိနေသည့် ကျေးလက်နေ လက်လုပ် လက်စားလူထုလူတန်းစားများ ပါဝင်လျက်ရှိသည်။ ဤလူထုလူတန်းစားများသည် ၎င်းတို့၏ မြေယာများကို လက် လွှတ်ဆုံးရှုံးရနိုင်သည့် အခြေအနေမြင့်မားသူများ သို့မဟုတ် မြေယာနှင့် ဆက်စပ်သည့် ဆုံးဖြတ်ချက်များ အပေါ် ထိန်းချုပ်စီမံပိုင်ခွင့် ပျောက်ဆုံး အားနည်း နေသူများဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့်စနစ်များကို ကျင့်သုံးနေဆဲဖြစ်သည့် တိုင်းရင်းသားလူမျိုးစုများနှင့် လူ့အဖွဲ့အစည်းများသည် တရားဝင်မြေယာလုယူမှုများအား ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အလားအလာ မြင့်မားလျက် ရှိသည်။ ဥပမာအားဖြင့် လတ်တလော၌ ၂၀၁၂ မြေယာဥပဒေများ (လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ) ပေါင်းစပ် ချိတ်ဆက်မှုအားဖြင့် ဆုံးရှုံးနစ်နာရနိုင်သည့် အခြေအနေရှိသည်။

ဤလူထုလူတန်းစားများ၏ သမိုင်းအဆက်ဆက် ရင်ဆိုင်ကြုံတွေ့လာရသည့် ပြဿနာတစ်ခုမှာ အပြည့်အ၀လုပ်ပိုင် ခွင့် မရရှိခြင်းနှင့် ၎င်းတို့၏ မြေယာဆိုင်ရာ အခွင့်အရေးကို (တရားဝင်အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ၊ မည်သည့်ပုံစံဖြင့် စိုက်ပျိုးလုပ်ကိုင်သည်ဖြစ်စေ) အာမခံပေးရန် ပျက်ကွက်ခြင်းနှင့်အတူ ၎င်းတို့၏ မြေယာများကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် ထောက်ပံ့ပေးသည့် အစိုးရမူဝါဒများကင်းမဲ့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနှံအပြားရှိ လက်လုပ်လက်စားပြည်သူပေါင်းများစွာအပေါ် သက်ရောက်ထိခိုက်စေလျက်ရှိသည့် အလွန်ခက်ခဲရှုပ်ထွေးသော ရေရှည်ပြဿနာတစ်ခုဖြစ်သဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည့် ဖြတ်လမ်းမရှိပေ။ ၎င်းတို့၏ တရားဝင်မြေယာလုပ် ပိုင်ခွင့် အခွင့်အရေးတစ်ခုတည်းကိုသာ အကာအကွယ်ပေးခြင်းသည် ကျေးလက်နေလက်လုပ်လက်စားတောင်သူ များ အထူးသဖြင့် အပယ်ခံထားရပြီး ထိခိုက်ရန် အလွန်လွယ်ကူသည့် လူထုလူတန်းစားများကို ၎င်းတို့၏ မြေယာပေါ် ၌ ရေရှည်နေထိုင်ရှင်သန်ရန် အာမခံပေးနိုင်ခြင်းမရှိပေ။ တရားဝင်မြေယာအခွင့်အရေးများကိုသာ အကာအကွယ်ပေး ခြင်းသည် ၎င်းတို့၏ မြေယာများကို လက်လွှတ်ဆုံးရှုံးစေရန် တံခါးဖွင့်ပေးလိုက်သကဲ့သို့ပင် ဖြစ်နိုင်ပါသည်။ ဥပမာ အားဖြင့် အကြွေးတင်ခြင်း သို့မဟုတ် စီးပွားရေးကျပ်တည်းသည့် အခြေအနေမျိုး၌ လက်လွှတ်ဆုံးရှုံးသွားနိုင်သည်။

အချို့က အကျပ်အတည်းတစ်ခုအဖြစ် ရှုမြင်လျက်ရှိသော်လည်း အခြားသူများက ရေရှည်၌ ' ခေတ်သစ'စိုက်ပျိုးရေး ကဏ္ဍတစ်ခု ပေါ်ထွန်းလာစေသည့် အခြေခံအုတ်မြစ်များကို ဖော်ဆောင်နိုင်သည့် အခွင့်အလမ်းတစ်ရပ်အနေဖြင့် ရှု မြင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင်` ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း၌ Landesa ဟုခေါ်သည့် နိုင်ငံ တကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) မှ Roy Prosterman ဆိုသည့်ပုဂ္ဂိုလ်၏ တင်ပြဆွေးနွေးမှုတွင် ‘အသေးစားတစ်နိုင်တစ်ပိုင် တောင်သူများ၏ မြေယာအခွင့်အရေးကို အကာအကွယ်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းခင်းပေးခြင်းဖြစ်သည်’ဟု မှတ်ချက်ပေး ဖော်ပြခဲ့သည်။ ထို့ပြင် ‘ကမ္ဘာအနှံ့တွေ့ရှိရသည့် အထောက်အထားများအရ အကြီးစားစိုက်ပျိုးရေး စီမံကိန်းများအတွက် လမ်းရှင်းပေးရန် အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို ဖယ်ရှားမောင်းထုတ်ခြင်းထက်စာလျှင် မြန်မာနိုင်ငံအနေဖြင့် အသေးစား တစ်နိုင်တစ်ပိုင် တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့် ပိုမိုလုံခြုံမှုရှိစေရန် အလေးပေး ဆောင်ရွက်သင့် သည်။ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်နှင့်အမျှ မြို့ပြများသို့ လူများရွှေ့ပြောင်းနေထိုင်လျက် ရှိသောကြောင့် လုပ်အားခများ ပိုမိုဈေးကြီးလာသည်။ ပုဂ္ဂလိကအဖွဲ့အစည်းများအကြား မြေယာအခွင့်အရေးများကို မိမိ ဆန္ဒအလျောက် လွှဲပြောင်းရန် ဥပဒေကခွင့်ပြုခဲ့လျှင် အမေရိကန် သို့မဟုတ် ဥရောပနိုင်ငံများကဲ့သို့ပင် စိုက်ပျိုးမြေ အရွယ်အစားများ တဖြည်းဖြည်းကြီးထွားလာမည်ဖြစ်သည်’ ဟု သုံးသပ်တင်ပြခဲ့သည်။ တောင်သူလယ်သမားများက မိမိတို့၏ စိုက်ပျိုးမြေများကို အပြီးအပိုင်စွန့်လွှတ်၍ မြို့ပြများဆီသို့ ချီတက်ခြင်းကို ‘ဖွံ့ဖြိုးတိုးတက်မှု’ဟု မြန်မာနိုင်ငံ၌ နားလည်လက်ခံထားကြသည်။

သို့သော်လည်း အခြားနည်းဖြင့်‘ဖွံ့ဖြိုးတိုးတက်ရေး’ပုံစံများ မရှိတော့ပြီလား။ လယ်ထဲမှထွက်၍ မြို့တက်ရန်မလိုအပ် ဘဲ ကျေးလက်ဒေသတစ်ခုလုံး စိုက်ပျိုးထွန်ယက်သည့် အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများဖြင့် ပြည့်နှက်နေ ခြင်းသည် လူ့ဘောင်အသိုက်အ၀န်းအတွက် ဥပမာအားဖြင့် ကမ္ဘာနေလူထုတစ်ရပ်လုံးကို ကျွေးမွေးပြုစုရာ၌ အ ထောက်အကူပြုခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချခြင်း၊ ထုတ်လုပ်နိုင်စွမ်းမြင့်မားသည့် အလုပ်အကိုင်အခွင့်အ လမ်းများ ဖော်ထုတ်ပေးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကဲ့သို့သော တန်ဖိုးဖြတ်မရသည့် ပံ့ပိုးမှုများကို ဆောင်ကျဉ်းပေးနိုင်သည်။ ဤအခြားနည်းဖြင့် ‘ဖွံ့ဖြိုးတိုးတက်ရေး’ကို သာဓကအနေဖြင့် ဒို့မြေကွန်ရက် (LIOH) နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(ECDF) ကဲ့သို့သော ဒေသခံအရပ်ဘက်လူ့ အဖွဲ့အစည်း များနှင့် ကွန်ရက်များ၏ လတ်တလော သုတေသနပြုချက်နှင့် မူဝါဒပြောင်းလဲရေး စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများ၌ ပေါ်လွင်ထင်ဟပ်လျက်ရှိသည်။

ယနေ့မြန်မာနိုင်ငံ၏ ကျေးလက်နေလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၏ မြေယာပိုင်ဆိုင်မှုကို နိုင်ငံဥပဒေမှအသိအမှတ်ပြုထားခြင်းမရှိသည့် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်စနစ်များဖြင့် ကြီးကြပ် လုပ်ကိုင်လျက်ရှိသဖြင့် ၎င်းတို့နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် မြေကို အပြည့်အ၀လုပ်ပိုင်ခွင့်ရရှိရန် အစိုးရထံမှ တရားဝင်အသိအမှတ်ပြုခြင်းကိုလို လားမှုနှင့် အင်အားသုံး၍ မတရားမောင်းထုတ်ခံရမည့် အန္တရာယ်မှ ကင်းဝေးလိုသည့် ရည်မှန်းချက်တို့ကို စာနာနား လည်ပေးနိုင်ပါသည်။ ဤရည်မှန်းချက်ကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (ပုဒ်မ ၁၇) နှင့် အိုးအိမ် ဆိုင်ရာအခွင့်အရေး၊ အစားအစာနှင့် အာဟာရဆိုင်ရာ အခွင့်အရေး၊ ကုလသမဂ္ဂဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်းနှင့် အတင်းအဓမ္မဖယ်ရှားခံရခြင်းဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်များ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့မှ အခိုင်အမာထောက်ပံ့ပေးထားသည်။ ဤရည်မှန်းချက်ကို ပုံစံအမျိုးမျိုးဖြင့် ဖော်ထုတ်ပြောဆိုလျက်ရှိပြီး VGGT တွင်လည်း ထောက်ခံအားပေးထားသည်။ ဥပမာအားဖြင့် VGGT ၌ (၁) လက်ရှိဥပဒေဖြင့် အကာအကွယ်ပြုထားပေးခြင်းမရှိသည့် အခွင့်အရေးများ၊ (၂) အထူးသဖြင့် လက်ဝယ်ခံလုပ်ပိုင်ခွင့် အခွင့်အရေးသာရှိသည့် အမျိုးသမီးများနှင့် ထိခိုက်လွယ်သူများ၏ အခွင့်အရေးများ၊ (၃) ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်စနစ်များကို ကျင့်သုံးလျက်ရှိသည့် ဌာနေတိုင်းရင်းသားများနှင့် အခြား လူထုလူတန်းစားများနှင့် (၄) အသေးစားတစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများ၏ အခွင့်အရေးများအပါအ၀င် တရားဝင် လုပ်ပိုင်ခွင့် အခွင့်အရေးရှိသူများနှင့် ၎င်းတို့၏ အခွင့်အရေးများအားလုံးကို အသိအမှတ်ပြု၍ လေးစားလိုက်နာရန် တောင်းဆိုထားသည်။ နိုင်ငံတော်သည် မြေ၊ သားငါးနှင့် သစ်တောတို့၏ တရားဝင်ပိုင်ရှင်ဖြစ်သည့် အနေအထားမျိုး ဖြစ်လင့်ကစား ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်စနစ်များကို ကျင့်သုံးလျက်ရှိသည့် တစ်သီးပုဂ္ဂလများနှင့် လူထုလူ တန်းစားများကို အပြည့်အ၀အသိအမှတ်ပြု လေးစားလိုက်နာ၍ အကာအကွယ်ပေးခြင်းတို့အပါအ၀င် ထိုအခြေခံမူသည် နိုင်ငံတော်အ ဆင့်အထိ ကျယ်ပြန့်သည့်မူတစ်ရပ်ဖြစ်သည်။

မှတ်သားဖွယ်ကောင်းသည့် အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အတည်ပြုခဲ့သည့် အမျိုး သားမြေအသုံးချမှုမူဝါဒရှိ ပြဋ္ဌာန်းချက်ပေါင်းများစွာ၌ ဤအခင်းအကျင်းအတွက် သီးခြားပံ့ပိုးမှုများနှင့် ဘေးဆီး ရန်ကာများကို ပေါင်းစပ်ထားခြင်းအားဖြင့် အပြုသဘောဆန်သည့် ခြေလှမ်းများကို ပြင်ဆင်ပေးထားသည်။ ဥပမာအားဖြင့် ‘ရည်ရွက်ချက်များ’ (‘တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အ သိအမှတ်ပြုပြီး အကာအကွယ်ပေးရန်’ - အပိုဒ် ၆-ဂ)၊ ‘လမ်းညွှန်မူများ’(‘မြေနှင့် သဘာဝအရင်းအမြစ်များ စီမံအုပ် ချုပ်မှုဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် ပြည်သူများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုးသမီးများနှင့် လုပ်ကွက်ငယ်တောင်သူလယ်သမားများတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်’)၊ ‘အခြေခံမူများ’ (' ပြည်သူများ အထူးသဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊ ဆင်းရဲသားများ၊ တိုင်းရင်းသားလူမျိုးများနှင့် အမျိုးသမီးများ၏ မြေလုပ်ပိုင်ခွင့်ကို ဒေသခံအဖွဲ့အစည်းများက အသိအမှတ်ပြုထားသည့်အပေါ် ဥပဒေအရ အသိအမှတ်ပြုပြီး အကာအကွယ် ပေးရန်’) အပါအ၀င် အပြည့်အ၀လုပ်ပိုင်ခွင့်(ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်အာဏာ)ကို အသိအမှတ်ပြုထားသည့် အခြေခံမူနှင့် ပတ်သက်၍ အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အရေးပါသည့် အဓိကအခန်းများ၌ ထည့်သွင်းဖော်ပြထားသည်။ ‘အလှည့်ကျအနားပေးစနစ်ဖြင့် စိုက်ပျိုးသော ရွှေ့ပြောင်းတောင်ယာများနှင့် မိရိုးဖလာနည်းဖြင့် စိုက်ပျိုး သည့်မြေများ(အပိုဒ် ၂၉-ဃ)’ ကို အသိအမှတ်ပြု၍ အကာအကွယ်ပေးရန် အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အခြေခံမူ၌ အတိအလင်းဖော်ပြထားသည်။ ‘ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများက စားဝတ်နေရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှဝေသုံးစွဲ၍ အကျိုးခံစားခွင့်ရရှိနေသည့်သဘာဝအရင်းအမြစ်များနှင့် ဂေဟစနစ်(များ)ကို’ အသိအမှတ်ပြု၍ အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်သည် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများနှင့် ဖော်ပြပါ သဘာဝအရင်းအမြစ်များ၊ ဒေသတွင်းဂေဟစနစ်များအပေါ် ၎င်းတို့၏ ရယူသုံးစွဲပိုင်ခွင့်နှင့် ထိန်းချုပ်စီမံပိုင်ခွင့်ကို ဆက်လက်အသိအမှတ်ပြု၍ အကာအကွယ်ပေးထားသည်ဟု အနက်ဖွင့်ဆိုနိုင်ပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မြေယာမူဝါဒသည် ၎င်း၏ပါဝင်သော အကြောင်းအရာများအရ သီးခြား အခြေအနေအမျိုးမျိုးကို ခိုင်ခိုင်မာမာဖြင့် ကျယ်ပြန့်စွာ လွှမ်းခြုံပြဋ္ဌာန်းထားသည်ဟု သုံးသပ်ရသည်။ အခြေခံအကျဆုံး သာဓကတစ်ခုအနေဖြင့် အပိုဒ် ၂-၃-၃ တွင် ‘KNU အာဏာပိုင်များသည် မိရိုးဖလာ ၀င်ရောက်နေထိုင်လုပ်ကိုင်ခြင်း၊ အသုံးချခြင်းနှင့် ဆက်စပ်သည့် လက်ရှိရေးသားထုတ် ပြန်ထားသောဥပဒေ၏ အကာအကွယ်အောက်တွင်မရှိသော ဓလေ့များအပါအ၀င် လူမှုရေးအရ တရားဝင်သော မြေယာလုပ်ပိုင်ခွင့်များ အတွက် တရားဝင် အသိအမှတ်ပြုခြင်းများကို ပြုလုပ်ပေးရမည်ဖြစ်သည်။ KNU အာဏာပိုင်များသည် လူသိရှင်ကြား ထုတ်ပြန်ထားသည့် စည်းမျဉ်းများမှတဆင့် တရားဝင်သည်ဟု မှတ်ယူထားသော ရပိုင်ခွင့် အမျိုးအ စားများကို အဓိပ္ပါယ်ဖွင့်ဆိုရမည်။ ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူမှုရေးအရ တရားဝင် ၀င်ရောက်နေထိုင်မှု၊ အသုံးချမှုနှင့် ဆက်စပ်သည့်ဓလေ့များအား အသားပေးရမည်။ ထို့အပြင် မိမိတို့၏ ဆန္ဒမပါဘဲ မိမိတို့နေရပ်များမှ စွန့်ခွာသွားရ ခြင်းနှင့် မိရိုးဖလာအရ ၀င်ရောက်နေထိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များအား ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဆုံးရှုံး ခဲ့ရသူများအပါအ၀င် စိတ်ထင်တိုင်းအကြောင်းအမျိုးမျိုးဖြင့် ရွှေ့ပြောင်းစေခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်း၊ အနှောက်အယှက် ပေးခြင်းနှင့် အခြားခြိမ်းခြောက်မှုများတို့မှ တန်းတူညီမျှသည့် တရားရေးရာ ကာကွယ်မှုကို အာမခံပေးသော မြေယာ လုပ်ပိုင်ခွင့်များကို အခြားသောအဖျက်အဆီးနှင့် အနှောက်အယှက်များ မဖြစ်ပေါ်လာစေဘဲ အပြည့်အ၀သိရှိထားကာ ပြန်လည်ပေးအပ်ရေးကို သေချာအောင်ဆောင်ရွက်ရမည်ဖြစ်သည်’ဟု ဖော်ပြထားသည်။ ၀င်ရောက်နေထိုင်ခြင်းနှင့် အသုံးပြုခွင့်ရှိသူများ၏ အခွင့်အရေးများကို အသေးစိတ်ဖော်ပြထားသည့်အပြင် တာဝန်ဝတ္တရားများနှင့် ပတ်သက်၍လည်း တိကျသည့် ဖော်ပြချက်များပါရှိသည်။ ထို့အပြင် ‘အနာဂတ် ကျေးလက်ဒေသအား တည်ဆောက်သည့်အခါတွင် အပြုသဘောဆောင်သည့် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများ အား ဦးစားပေးပြီး ၎င်းတို့မှာ ဘေးဖယ်ခံထားရသူများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ခုခံနိုင်စွမ်းမရှိသူများ၊ နှင့် ကျေးရွာလူထု အဖွဲ့အစည်းများအား စီးပွားရေးအရ အလားအလာရှိသည့်အရာများ၊ ဂေဟဗေဒအရ အဆင်ပြေပြီး ယဉ်ကျေးမှုအရ သင့်တော်သည့် ဓလေ့များအား အခြေခံမှုများကို ဦး စားပေးခြင်း(အပိုဒ် ၃-၉-၄)၊’နှင့် ' ဒေသတွင်း တိုင်းရင်းသားများ၏ အသိပညာ၊ မိရိုးဖလာလယ်ယာဓလေ့များအပါ အ၀င် လယ်သမားများ၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့၊ ကာကွယ်ပြီး အားဖြည့်ပေးသည့်(အပိုဒ် ၃-၉-၅)’ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအား ဦးစားပေး ဖော်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

တတိယအခြေအနေ၌ အကြောင်းအမျိုးမျိုးကြောင့် ခိုင်မာ၍ ဂုဏ်သိက္ခာရှိသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူ ထောင်ရန် မြေအနည်းငယ် သို့မဟုတ် လုံးဝမရှိသည့် ကျေးလက်နေလူထုလူတန်းစားများ ပါဝင်လျက်ရှိသည်။ ဤသည်မှာလည်း ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ရမည့် အခြေအနေမျိုးဖြစ်သည်။ သာဓကအားဖြင့် မိသားစုအတွင်း မြေယာပိုင်ဆိုင်ရန်သော်လည်းကောင်း အမွေဆက်ခံရန်သော်လည်းကောင်း ခွဲတမ်းမရသူများ အထူးသဖြင့် ကျေး လက်အိမ်ထောင်စု အများအပြားမှ အမျိုးသမီးများနှင့် အချို့သောညီအစ်ကို/မောင်နှမများသည် အခြားသူများ၏ စိုက်ပျိုးခင်းများ၌ နေ့စားအဖြစ်သော်လည်းကောင်း၊ တစ်နယ်တစ်ကျေးတွင် လုပ်ခလစာရသည့် အလုပ်မျိုးကို မတတ်သာဘဲ ရှာဖွေလုပ်ကိုင်ရခြင်းဖြင့်သော်လည်းကောင်း အဆုံးသတ်ရလေ့ရှိသည်။ သို့ရာတွင် တရှိန်တိုး မြင့်တက်လာသည့် မြေယာစုစည်းရယူမှုကို ကြုံတွေ့နေရသည့် ကျေးလက်နေလူထု၏ ကံကြမ္မာလည်း ဖြစ်သောကြောင့် ထိုကဲ့သို့ သော မြေယာစုစည်းရယူမှုများကို တွန်းလှန်၍ အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် အလားအလာများကိုပါ ကာကွယ် တားဆီးရန်အတွက် ဂရုတစိုက်အရေးယူဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ဆင်းရဲသားများ၊ အပယ်ခံထားရသူများနှင့် အထိခိုက်လွယ်သူများ မြေယာလုပ်ပိုင်ခွင့် အပြည့်အ၀ရရှိစေရန် ထောက်ပံ့ပေးထားသည့် နိုင်ငံတကာလူအခွင့်အရေးဥပဒေနှင့် VGGTs ပါ ပြဋ္ဌာန်းချက်များ၊ အခြေခံမူအများအပြားကို ဤတတိယအခြေအနေမျိုးကို ရင်ဆိုင်နေရသည့် လူထုလူတန်းစားများ၏ မြေယာအခွင့်အရေးများ အပြည့်အ၀ ကျင့်သုံးနိုင်စေသည့် ပြဋ္ဌာန်းချက်များအဖြစ် အဓိပ္ပာယ်ဖွင့်ဆို၍ ပံ့ပိုးကူညီနိုင်သည်။ ထို့ထက်ပို၍ဆိုရသော် VGGT ၌ မြေယာပိုင်ဆိုင်မှုအများဆုံးပမာဏသတ်မှတ်ချက် ထားရှိရန်နှင့် မြေပြန်လည်ခွဲဝေပေးခြင်းကို ရည်ညွှန်း ဖော်ပြထားသည်။ သမိုင်းတစ်လျောက် အခြားကမ္ဘာ့နိုင်ငံများကလည်း နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိက ပိုင်မြေအမျိုးအစားများဖြင့် မြေယာကို လက်ဝါးကြီးအုပ်ထိန်းချုပ်မှုကို တွန်းလှန်၍ လယ်ယာဥယျာဉ်ခြံမြေ တရားမျှတမှုကို ဆောင်ကျဉ်းရန်အတွက် မြေပြန်လည်ခွဲဝေပေးခြင်းအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ မူဝါဒပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် မြေယာပြန်လည်ခွဲဝေပေးခြင်းတွင် ၁) မြေကိုအခြေခံ၍ ရရှိထားသည့် ကြွယ်ဝမှု ၂) ပုဂ္ဂလိကပိုင်မြေအမျိုးအစား သို့မဟုတ် နိုင်ငံတော်ပိုင် မြေအမျိုးအစားများမှ ၃) မြေမဲ့ယာမဲ့နှင့် မြေယာလက်လွှတ်ဆုံးရှုံးရန် ဖိအားပေးခံနေရသည့် လက်လုပ်လက်စား ဆင်းရဲသားများ (ဆင်းရဲသည့် တောင်သူလယ်သမားများနှင့် ကျေးလက်နေ လက်လုပ်လက်စားများ) အား လွှဲပြောင်းပေးအပ်မှုတို့ ပါဝင်သည်။ အစိုးရများ သဘောတူလက်မှတ်ရေးထိုးထားသည့် VGGT အတွင်း ' ပြန်လည်ခွဲဝေခြင်းဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် မြေယာများအား သာတူညီမျှ အခွင့်အရေးရရှိမှုတို့ကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါသည်။ ဤပြုပြင်ပြောင်းလဲမှုများအရ နိုင်ငံတော်၏ အမျိုးသားရေးအခြေ အနေနှင့် သင့်တော်သော နေရာများတွင် အစိုးရသည် အများပြည်သူအတွက် ရည်ရွယ်သော ပုဂ္ဂလိကပိုင် မြေယာ၊ သားငါးနှင့် သစ်တောများကို ပြန်လည်သိမ်းယူခြင်းများ၊ နှင့် ပြည်သူပိုင် မြေယာများကို သဘောဆန္ဒအလျောက်နှင့် ဈေးကွက်ကို အခြေခံသော လုပ်ထုံးလုပ်နည်းများအရ ပြန်လည် ခွဲဝေပေးခြင်းတို့ကို ထည့်သွင်းစဉ်းစားနိုင်ပါသည်’ဟု အပိုဒ် ၁၅-၁ တွင် ဖော်ပြထားပြီး အထူးသဖြင့် '  ကျးလက် ဒေသရှိ ဆင်းရဲနွမ်းပါးသည့်နေရာများသည် မြေယာစုစည်းပိုင်ဆိုင်ထားမှုအများဆုံးအတိုင်းအတာရှိသည့် နေရာများ’ ဟု အပိုဒ် ၁၅-၃ ၌ ဆက်လက်ဖော်ပြထားသည်။

မြေယာပိုင်ဆိုင်မှု အများဆုံးပမာဏသတ်မှတ်ရာ၌ မြေယာလက်ဝယ်ထားရှိရန် အများဆုံးခွင့်ပြုပေးနိုင်သည့် ပမာဏ ကန့်သတ်ချက်ပါဝင်သည်။ ပြန်လည်ခွဲဝေပေးသည့် မည်သည့်မြေယာပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက်မဆို အချက်အခြာကျသည့် ‘စိတ်ရောကိုယ်ပါ’ဖော်ဆောင်ရန် လိုအပ်သော ယန္တရားတစ်ခုဖြစ်သည်။ မြေယာ တန်းတူမညီမျှမှုများကို ထောက်လှမ်း ဖော်ထုတ်၍ မြေယာပိုင်ဆိုင်မှု အများဆုံးပမာဏသတ်မှတ်ချက်ကို လက်တွေ့ကျင့်သုံးခြင်းဖြစ်ပြီး မည်သူက မည်မျှပမာဏသော မြေယာများကိုသာ ပိုင်ဆိုင်သင့်သည်ဟု ကန့်သတ်ခြင်းလည်းဖြစ်သည်။ ဤနည်းအားဖြင့် ပြန်လည်ခွဲဝေ နေရာချပေးရန်အတွက် လိုအပ်သည့် မြေယာများ ပေါ်ထွက်လာစေပြီး အစီအစဉ်မှ ‘လမ်းလွှဲယိုစိမ့်’လာမည့် မြေများ ကိုပါ တစ်ပြိုင်တည်းလိုလို ထောက်လှမ်း ဖော်ထုတ်နိုင်မည်ဖြစ်သည်။ နိုင်ငံသားတိုင်း၏ အသက်မွေးဝမ်းကျောင်းလုပ် ငန်းများအတွက် လုံလောက်မျှတမှု ရှိစေရန် မြေယာပိုင်ဆိုင်မှု အများဆုံးပမာဏသတ်မှတ်ချက်ကို စံတစ်ရပ်အနေ ဖြင့် ပြဋ္ဌာန်းပေးရန်လိုအပ်သည်။ မြေယာပိုင်ဆိုင်မှု အများဆုံးပမာဏသတ်မှတ်ခြင်းကို VGGT (အပိုဒ် ၁၅-၂) တွင်လည်း ထောက်ခံ အတည်ပြုထားသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ ကျန်အစိတ်အပိုင်းများ၌ အား ကောင်းလျက်ရှိသော်လည်း ဤတတိယအခြေအနေမျိုး၌ ဖြစ်ပွားလျက်ရှိသည့် တန်းတူမညီမျှမှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ အနည်းငယ်အားနည်းလျက်ရှိသည်။ အခွင့်ထူးခံလူတန်းစားများထံမှ မြေများကို မြေမဲ့ ယာမဲ့များအား လွှဲပြောင်းပေးခြင်းအားဖြင့် မြေကိုအခြေခံသည့် ကြွယ်ဝချမ်းသာမှုများနှင့် လက်ဝါးကြီးအုပ်ထိန်းချုပ်မှုကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အားလုံးလွမ်းခြုံနိုင်သော မြေယာပိုင်ဆိုင်မှု အများဆုံးပမာဏ ကန့်သတ်ချက်နှင့် ဓလေ့ ထုံးတမ်းအရ ပြန်လည်ခွဲဝေပေးသည့် လုပ်ဆောင်ချက်များကို လက်ခံအတည်ပြုမည့်အစား အမျိုးသားမြေအသုံးချမှု မူဝါဒသည် ' မြေမဲ့ယာမဲ့ပြည်သူများအား မြေခွဲဝေချထားနိုင်ရန အရန်မြေနေရာ သတ်မှတ်ဆောင်ရွက်ပေးခြင်း’(အပိုဒ် ၂၁-ဈ)၊ ‘ကုမ္ပဏီတစ်ခုချင်းအလိုက် စွမ်းဆောင်ရည်အပေါ် အခြေပြု၍ ကန့်သတ်ချက်များ သတ်မှတ်ခြင်း’(အပိုဒ် ၃၃ - ခ)နှင့် ' မြေလက်ဝါးကြီးအုပ် မြေဈေးကစားမှုတို့က ကာကွယ်ရန်အလို့ငှာ မြေခွန်စည်းကြပ်ကောက်ခံခြင်းနှင့် အခြားအခွန်စည်းကြပ်ကောက်ခံသည့် နည်းလမ်းများ’ ကို ပိုမိုအားထားလျက်ရှိသည်။ အမှန်တကယ် ပြန်လည်ခွဲဝေ ပေးမှုအားရှောင်ရှားရန်အလို့ငှာ အချို့နိုင်ငံများက အဆိုပါနည်းလမ်းများကို အကောင်အထည် ဖော်ခဲ့ကြသော်လည်း မြေလက်ဝါးကြီးအုပ်မှုကို ထိထိရောက်ရောက် ကုစားခြင်း သို့မဟုတ် ကာကွယ်တားဆီးနိုင်ခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို အဆိုပါနည်းလမ်းများအတိုင်း ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်၍ မရနိုင်ပေ။

KNU ၏ မြေယာမူဝါဒအတွင်း၌ မြေယာပြန်လည်ခွဲဝေပေးခြင်းသည် ‘ဤမြေယာမူဝါဒ၏ အခြေခံမျှော်မှန်းချက်နှင့် ဦး တည်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် အရေးကြီးသည့် ဆောင်ရွက်မှုတစ်ခု’ဖြစ်ပြ ' ကျေးလက်တွင် နေထိုင်လုပ ကိုင်နေသော ဆင်းရဲနွမ်းပါးသူများနှင့် မြေယာမပိုင်ဆိုင်သူများ၊ မြေယာပိုင်ဆိုင်မှု ရေရေရာရာမရှိသူများ၊ ဘေးဖယ်ခံ ထားရသူများနှင့် ခုခံနိုင်စွမ်းမရှိသူများ၊ နှင့် လူထုအသိုင်းအ၀ိုင်းများအား ဦးစားပေး၍ အမျိုးသမီးနှင့် အမျိုးသားများ အား ညီမျှစွာရရှိစေရန် အာမခံပေးမည်’ (အပိုဒ် ၄-၃-၁)ဟု အကျယ်တ၀င့် ရေးဆွဲဖော်ပြထားသည့် အခန်းတစ်ခု ပါဝင်သည်။ ထို့အပြင် KNU မူဝါဒအတွင်း၌ ‘မိုးစပါးစိုက်ပျိုးရန်အတွက် အကန့်အသတ်မှာ ဧက ၂၀ ဖြစ်ပြီး နုန်းမြေစိုက်ပျိုးရေးအတွက် ၂ ဧကမှ ၅ ဧကအထိ’နှင့် တိကျသောအခြေအနေပေါ်မူတည်၍ ဧက ၅၀ အထိ ခွင့်ပြုနိုင်သည့် (အပိုဒ် ၃-၇-၃) မြေ ယာပိုင်ဆိုင်မှု အများဆုံးပမာဏသတ်မှတ်ချက်ကို ဤရည်ရွယ်ချက်၏ နောက်ဆက်တွဲ၌ ‘အသုံးပြုပိုင်ခွင့်’ အဖြစ် ပြဋ္ဌာန်းထားသည်။

NLD ရွေးကောက်ပွဲ ကြေညာစာတမ်း၌ မြေယာပြန်လည်ခွဲဝေပေးခြင်းနှင့် ပတ်သက်၍ ယခုအချိန်ထိ နှုတ်ဆိတ် လျက်ရှိသည်။ ၎င်းအစား ' မြေယာသစ်’များ ဖော်ထုတ်၍ ခွဲဝေပေးရန် ပိုမိုအလေးပေးထားပြီး ၎င်းတို့အနေဖြင့် ‘စိုက် ပျိုးနိုင်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်ပြီး မြေမဲ့ယာမဲ့များအား ဦးစားပေးခွဲဝေချထား၍ တရားဝင် လုပ်ပိုင်ခွင့်ရရှိရေး ဆောင်ရွက်မည်’ (အပိုဒ် ၂-ဆ)ဟု ဖော်ပြထားသည်။

 

အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုခြင်း

မြန်မာနိုင်ငံအတွင်းရှိ မြေယာများအပေါ် နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသူများအတွက် မြေ၏အဓိပ္ပာယ် ကို ၎င်း တို့နှင့် ၎င်းတို့ရှင်သန်နေထိုင်လျက်ရှိသည့် ရေမြေအတွင်းရှိ အခြားသက်ရှိပုံစံများအကြား အချိန်နှင့်အမျှ တည် ဆောက်ယူခဲ့သည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်ပတ်သက်မှုများအဖြစ် တွေ့မြင် ရသည်။ ဤဆက်နွယ်ပတ်သက်မှုများသည် နေ့စဉ်ဘ ၀အတွင်း ကျောက်ချအခြေတည်၍ အတိတ်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးလျက်ရှိသည်။ သို့သော်လည်း ကျေးလက်နေ လက်လုပ်လက်စား ပြည်သူလူထုများသည် စစ်တပ် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြေယာလုယူခြင်း၊ ခွဲခြားဆက်ဆံမှုရှိသည့် အစိုးရမူဝါဒများနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ၏ ကာလရှည် ကြာစွာ ဖျစ်ညှစ်မှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

ဤကိစ္စရပ်အားလုံးခြုံငုံကြည့်လျှင် အစိုးရသစ်အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ကို ဖန်တီးပေးလျက်ရှိ သည်။ မြေအတွက် လိုအပ်သည့် ဘေးတွင်ဝန်းရံသောကိစ္စရပ်များနှင့် အထက်တွင် ဖော်ပြခဲ့သည့် အခြေအနေ အမျိုးမျိုး၌ ပိတ်မိနေသည့် လူထု၏ငြိမ်းချမ်းရေးအပေါ် မျှော်လင့်တောင့်တမှုများသည် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။ ကျေးလက်ဒေသများအပေါ်ထားရှိသည့် အစိုးရသစ်၏ အစီအစဉ်သည် ယခုချိန်ထိ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ရည်မှန်းလုပ်ဆောင်ချက်များထက် ကျော်လွန်တိုးတက်လာခြင်းမရှိဘဲ တန့်နေသည်။ လားရာနှစ်ဘက်သို့ မျက်နှာမူလျက် ရှိသည့် အစီအစဉ်သည် တစ်ဖက်တွင် ' ခေတ်မီစက်မှုလယ်ယာ စိုက်ပျိုးရေး’ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ၍ အခြားတစ်ဖက်တွင် သဘာဝသယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

NLD ၏ ' ခေတ်မီစက်မှုလယ်ယာစိုက်ပျိုးရေး’ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအတွင်း ' မြေလွတ်၊ မြေ လပ်၊ မြေရိုင်း’များကို ‘စိုက်ပျိုးမြေအသစ်များ’အဖြစ် ဖော်ထုတ်ပြောင်းလဲသွားမည့် အချက်တစ်ခုပါဝင်လျက်ရှိသည်။ ဤကဲ့သို့သော အသုံးအနှုန်းမျိုးကို ယခုမှသာ ပထမဦးဆုံးအကြိမ်အဖြစ် သုံးနှုန်းခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံ၏ အနာ ဂတ်ကာလများ၌လည်း ရည်ရွယ်ချက်(စီးပွားရေး)အမျိုးမျိုးအတွက်(စိုက်ပျိုးမြေအသစ်၊ ရင်းနှီးမြှုပ်နှံမှုအသစ်) ' မြေ ယာသစ်’ များ ဖော်ထုတ်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သောကာလများတွင်လည်း အကြိမ်ကြိမ်သုံးနှုန်းခဲ့ပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဗြိတိသျှကိုလိုနီ စည်းမျဉ်းအောက်မှ ပေါက်ဖွားလာသည့် ၁၈၉၄ မြေသိမ်းအက်ဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ငြိမ်အေး ချမ်းရေးကောင်စီ (SLORC) လက်ထက်တွင် ထုတ်ပြန်ခဲ့သည့် ၁၉၉၁ စွန့်ပစ်မြေများဆိုင်ရာ အမိန့်ပြန်တမ်းများနှင့် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ တို့တွင်လည်း သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။

အချိန်နှင့် နောက်ပြဿနာတစ်ခုမှာ မြို့နယ်နှင့် မြို့ပြအခြေပြု အစိုးရအုပ်ချုပ်ရေး အရာရှိများက ‘စွန့်ပစ်မြေ၊ မြေ လွတ်၊ မြေလပ် သို့မဟုတ် မြေရိုင်း’ဟု တစ်ဖက်သတ်အမျိုးအစား ခွဲခြားသတ်မှတ်ထားသည့် နယ်မြေဒေသအများ အပြားသည် အမှန်တကယ်တမ်း၌ လူသားများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြင့် အသက်ဝင်နေပြီး လူသားများမှ အသုံးပြု အခြေချနေထိုင်ရာ လူနေဒေသများဖြစ် သည်ဟူသည့် အမှန်တရားကို မသိကျိုးကျွန်ပြုထားခြင်းဖြစ်သည်။ ဤအသုံးအနှုန်းကို အသုံးပြုသည့် အခေါက်တိုင်း ၌ တမင်ရည်ရွယ်၍ဖြစ်စေ မသိနားမလည်၍ဖြစ်စေ လူများကို မြေယာများအားလက်လွတ်ဆုံးရှုံးစေရန်နှင့် မြေမှကင်းကွာသွား အောင်ဖဲ့ထုတ်ရန်ရည်ရွယ်သော ကောက်နှုတ်ချက် ဖြစ်သည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ၏ အစောပိုင်းမူကြမ်းများ၌ ပါရှိသည့် 'မြေလွတ်၊ မြေလပ်၊ မြေရိုင်း (သို့မဟုတ် ‘VFV’ မြေ’ ဆိုင်ရာ ရည်ညွှန်းကိုးကားချက်များသည် အဓိကအချေအတင်ငြင်းခုံမှု ဖြစ်စေသည့်အချက်ဖြစ်သည်။ လက်လုပ်လက်စား တောင်သူများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် မြေယာအရေး လှုပ်ရှားတက်ကြွသူများသည် ‘တိုင်းရင်းသားဒေသများတွင် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းဆိုတာမရှိ’ ဟု အခိုင်အမာ ကန့်ကွက်လျက်ရှိသည့် မြေအမျိုးအစား ဖြစ်သည်။ နောက်ဆုံးအတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒတွင်လည်း အမျိုးအစား ခွဲခြားသတ်မှတ်ချက် တစ်ခုပါရှိနေဆဲဖြစ်သော်လည်း ‘မြို့မြေ၊ ရွာမြေ၊ သာသနာမြေ၊ အများပိုင်မြေစသည်တို့အပြင် စိုက်ပျိုးမြေနှင့် သစ် တောမြေအဖြစ် သတ်မှတ်အသုံးပြုခြင်းမရှိသေးသည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် တောရိုင်းမြေတို့’ (အပိုဒ် ၁၃-ဂ) အကျုံးဝင်လျက်ရှိသည့် ‘အခြားမြေ’ ဟု ပြောင်းလဲ သုံးနှုန်းထားသည်။ ထို့အပြင် ရိုးရာ အရ ထိန်းသိမ်းကာကွယ်ထားသည့် မြေနှင့် ယခင်က မြေလွတ် မြေလပ် မြေရိုင်း မြေအဖြစ် မှားယွင်းသတ်မှတ်ခဲ့သည့် နယ်မြေဒေသများကို ပြန်လည်တောင်းဆိုနိုင်ရန် လမ်းဖွင့်ပေးထား သကဲ့သို့ယူဆရသည့် ပြဋ္ဌာန်းချက်များလည်း ပါဝင်လျက်ရှိသည်။ ဥပမာအားဖြင့် ဆိုရသော် အပိုဒ် ၆၈ ၌ ‘တိုင်းရင်းသားလူမျိုးစုများ ရိုးရာထုံးတမ်းစဉ်လာအရ လုပ်ကိုင်လျက်ရှိသောမြေ များသည် သစ်တောမြေ သို့မဟုတ် လယ်ယာမြေ သို့မဟုတ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတို့တွင် အကျုံးဝင်လျက် ရှိပါက မြေအမျိုးအစားနှင့် မြေအတန်းအစားများ ပွင့်လင်းမြင်သာစွာသတ်မှတ်၍ မှတ်ပုံတင်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ အကာအကွယ်ပေးခြင်းတို့ကို အကျိုးသက်ဆိုင်သူများပါဝင်သည့် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အသုံးချလျက်ရှိသည့် မြေများကိုမှတ်ပုံတင်ခြင်း၊ မြေအမျိုးအ စားပြန်လည် သတ်မှတ်ခြင်း မပြုရသေးမီ အများပြည်သူအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့်လုပ်ငန်းများမှအပ အခြားမြေ အသုံးချခွင့်ပြုခြင်းအား ယာယီအားဖြင့် ဆိုင်းငံ့ထားရမည်’ဟု ဖော်ပြထားသည်။ အပိုဒ် ၆၉ နှင့် ၇၀ တွင် လည်း ဤအကာအကွယ်ပေးမှုပုံစံသစ်ကို ထပ်လောင်းအတည်ပြုပေးထားသည်။ ဤအချက်သည် အလွန်ပဓာနကျ သည့် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။

အခြားတစ်ဖက်မှသုံးသပ်ကြည့်လျှင် NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်း၌ စိုက်ပျိုးမြေသစ်များ ပြန်လည်ချထားပေးရာ၌ လိုအပ်သည့်မြေများကို ဖော်ထုတ်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း သဘောတရားကို ပြန်လည်အသက် သွင်းထားသည့်အပြင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုကို တိုက်ဖျက်သွားရန် ရည်ရွယ်ထားကြောင်းကိုပါ ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည် အစိုးရသစ်၊ နှင့် ၂၀၁၂ မြေယာဥပဒေများနှင့် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ အစောပိုင်းမူကြမ်း များကို အတိုက်အခံပြု၍ စည်းရုံးဆော်သြခဲ့ကြသူများဖြစ်သည့် တောင်သူလယ်သမားများ၊ တိုင်းရင်းသားလူမျိုးစု များနှင့် မြေယာအရေး လှုပ်ရှားတက်ကြွသူများအကြား ထိပ်တိုက်ပွတ်တိုက်မိလာစေနိုင်သည်။

နောက်ဆုံး၌ NLD အစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာအနှံ့ အနောက်နိုင်ငံ အလှူရှင်အဖွဲ့အစည်းများ၊ အစိုးရ များနှင့် နိုင်ငံတကာလုပ်ငန်းစုကြီးများမှ လက်ဆုပ်လက်ကိုင်ပြု စည်းရုံးဆော်သြခဲ့ကြသည့် အထက်မှ အောက်ခြေဆန်သော၊ တစ်ဖက်ပိတ်လမ်းစဉ်အတိုင်း တစ်သွေမတိမ်းလိုက်နာသည့် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။ ဤကဲ့သို့သော ချဉ်းကပ်လုပ်ဆောင်မှုများသည် တကယ့်မြေပြင်အခြေအနေမှန်များကို မျက်စိလျှမ်းသွားစေပြီး နယ်ခံလူထုလူတန်းစားများ၏ အသံများကိုပါ မသိကျိုးကျွန်ပြုလေ့ရှိသည်။ ‘လယ်ယာကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှတစွာ ဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက်ရှိစေရေးအပြင် လယ်ယာမြေထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်း များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်။ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သော ငွေကြေးနှင့် သွင်းအားစုများ အလုံအလောက်ရရှိရေးနှင့် လယ်မဲ့ယာမဲ့များ၊ ကျဘမ်းအလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရရှိရေးဆောင်ရွက်မည်။ လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှုနှင့် ချိတ် ဆက်၍ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေကာ ပို့ကုန်တိုးတက်မြင့်မားအောင် ဆောင်ရွက်မည်။’ ဤ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်သည် ထူးကဲရှုပ်ထွေးသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း၊ လူမှုရေးသမိုင်း ကြောင်းနောက်ခံများနှင့် လုံးဝနီးပါးအချိတ်အဆက် ပြတ်တောက်လျက်ရှိပြီး ထူးမခြားနားသာဖြစ်ကြောင်း သုံးသပ်ရ သည်။

ချက်ပြုတ်ရန်အတွက် ထင်းခွေပြန်လာသည့် အမျိုးသမီး / Photo credit Soneva Foundation @flickr

အကျယ်တ၀င့် သုံးသပ်လေ့လာခြင်း

လူထုကို ချပြဆွေးနွေးတိုင်ပင်မှုအားဖြင့် မူဝါဒများကို ရေးဆွဲပုံဖော်မှုနှင့် ဤနေရာတွင် ဖော်ပြထားသည့် ပါတ်သက် ပါဝင်သူအသီးသီး၏ မူဝါဒရေးရာ ချဉ်းကပ်လုပ်ဆောင်မှုပုံစံအမျိုးမျိုးတို့ကြောင့် ကွဲပြားသွားသည့် ခြားနားမှုများသည် အကောင်းဆုံးရလဒ်များဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေပေါင်းများစွာထဲမှ ဥပမာ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ အထူးစီးပွားရေးဇုံဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေကဲ့သို့သော ဥပဒေများသည် ဒီမိုကရေစီ နည်းလမ်းတကျ အများပြည်သူကို ချပြဆွေးနွေးခဲ့ခြင်းမရှိသောကြောင့် ကျယ်ပြန့်ပြည့်စုံမှုမရှိပေ။ ထိုဥပဒေများသည် ၂၀၁၀ခုနှစ်မတိုင်မီက စစ်အုပ်ချုပ်ရေးပုံစံကို ' ပြုပြင်ပြောင်းလဲ၍' စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ခေတ်နှင့်အညီ ရေးဆွဲပြင်ဆင်ခြင်းဖြစ်သော်လည်း ယခုချိန်ထိ အခွင့်ထူးခံလူတန်းစားများကို မျက်နှာသာပေး၍ လူ့ထုံးတမ်းဥပဒေ တို့ကိုချိုးဖောက်သော သမိုင်းအစဉ်အလာမှ ဖောက်ထွက်နိုင်ခြင်းမရှိသေးပေ။ ၎င်းတို့၌ (၁) လက်ရှိမြေ အသုံးပြု လျက်ရှိသူအချို့၏ တစ်သီးပုဂ္ဂလမြေယာ အခွင့်အရေးများကို တရားဝင်စနစ်အတွင်းသွတ်သွင်းကာ တရားဝင်မြေယာ ဈေးကွက်ကို ဖန်တီးခြင်း၊ (၂) အင်မတန်နည်းပါးသည့် တရားဝင်စာရွက်စာတမ်းဖြင့် မြေယာအသုံးပြုသူများကိုသာ ' ခေတ်မီ’စိုက်ပျိုးရေး နည်းစနစ်များ ကျင့်သုံးနိုင်ရန် မက်လုံးပေးထားခြင်း၊ (၃) ' ခေတ်သစ်’ရင်းနှီးမြှုပ်နှံမှု ပုံစံများအတွက် လိုအပ်သောမြေယာများကို ဖော်ထုတ်ရန်အတွက် အခြားသောအသုံးပြုသူပေါင်းများစွာကို ဖယ်ရှားရှင်းလင်းနိုင်သည့် တရားဝင်စနစ် အတွင်းသို့ သွတ်သွင်းခြင်းနှင့် (၄) မြေယာများ(ယခင်က ‘အသုံးချ၍မရသည့် ပစ္စည်း ဥစ္စာ’ အဖြစ်သတ်မှတ်ခဲ့သည့်) ကို ငွေဖော်နိုင်သည့် ' ခေတ်သစ' ပိုင်ဆိုင်ပစ္စည်းများအဖြစ် အသွင်ပြောင်းရန်အတွက် အကြီးစား အထူးသဖြင့် နိုင်ငံခြား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးဖိတ်ခေါ်ခြင်းတို့ ပါဝင်လျက်ရှိသည်။ မြေကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုရန်၊ ပြန်လည်အပ်နှံပေးရန်နှင့် ပြန်လည်ခွဲဝေပေးရန် အရေးတကြီးနှင့် အပူတပြင်းလိုအပ်နေမှုကို မသိကျိုးကျွန်ပြု၍ အကြီးစားစီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးသည့် လုပ်ဆောင်ချက်များဖြစ်သည်။

ဤဦးတည်ချက်အတိုင်းဆိုပါက ကုန်လွန်ခဲ့သည့်နှစ်များအတွင်း ရေးဆွဲပြင်ဆင်ခဲ့သည့် အမျိုးသား မြေအသုံးချမှု မူဝါဒသစ် (NLUP) အတွက် အစိုးရဟောင်းမှ မကြုံစဖူးပြုလုပ်ခဲ့သည့် လူထုဆွေးနွေးတိုင်ပင်မှုများသည် မျှော်လင့်မထားသည့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။ အစောပိုင်းမူကြမ်းများကို တံခါးပိတ်ရေးဆွဲပြင်ဆင်ခဲ့သော်လည်း အစိုးရမှ ၂၀၁၄ ခုနှစ်အောက်တိုဘာလအတွင်း လူထုဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန် တံခါးဖွင့်ပေးခဲ့သည်။ နောက်ကွယ်၌ မည်သည့် ရည်ရွယ်ချက်ရှိခဲ့သည်ဖြစ်စေ လူထုဆွေးနွေးတိုင်ပင်မှုပြုလုပ်ခြင်းဖြင့် မူဝါဒကို ပုံဖော်ရန် ကြိုးပမ်းခဲ့သည့် လျစ်လျုရှုခံခဲ့ရသည့် အသံများအတွက် မျှော်လင့်မထားသည့် နိုင်ငံရေးအခင်းအကျင်းမျိုး ရရှိလာခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် မူဝါဒလုပ်ငန်းစဉ်အတွက် တံခါးပွင့်သွားစေခဲ့သည်။ အစောပိုင်း၌ ဤအခင်းအကျင်းကို ခပ်ဟဟလေးသာ ဖွင့်ပေးခဲ့ခြင်းဖြစ်သော်လည်း အရပ်ဖက်လူ့အဖွဲ့အစည်းများက အနှစ်သာရပြည့်ဝသည့် အခြေအနေမျိုးကိုဖန်တီးရန်အတွက် ပါဝင်လှုပ်ရှားခဲ့ပြီးနောက်ပိုင်း၌ တဖြည်းဖြည်း ပိုမို ကျယ်ပြန့်လာခဲ့သည်။ ထိုကဲ့သို့သော အခင်းအကျင်းမျိုး၌ လူထုပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် လူထုဆွေးနွေးတိုင်ပင်မှုအတွက် သတ်မှတ်ထားသည့် အချိန်ဇယားကို မဖြစ်မနေတိုး မြှင့်သတ်မှတ်ပေးခဲ့ရသည့် အပြင် ယခင်ကပြင်ဆင်ထားခြင်းမရှိသည့် ယန္တရားများနှင့်လူထုစည်းဝေးပွဲပေါင်းများစွာကို လည်း ထပ်မံဖြည့်စွက်ခဲ့ ရသည်။

လက်တွေ့တွင် ဖြေလျှော့ပေးလိုက်သည့် နိုင်ငံရေးရေချိန်သည် သေချာရေရာမှုမရှိဘဲ ၀ိရောဓိပေါင်းများစွာဖြင့် ကြမ်း တမ်းသည့် မြေစမ်းခရမ်းပျိုးခါစ ခရောင်းလမ်းဖြစ်နေခဲ့သည်။ မည်သို့ဆိုစေကာမူ ဒရွတ်တိုက်ရှေ့ဆက်ခဲ့ပြီး ကနဦး ရည်မှန်းထားသည့် အချိန်ဇယားထက် ပိုမိုရှည်ကြာသွားခဲ့သည်။ ဖြစ်စဉ်တစ်လျောက် အရပ်ဖက် လူ့အဖွဲ့အစည်းများသည် အပြောင်းအလဲ ပြုလုပ်နိုင်သည့် အဆိုပြုချက်များကို လုပ်ငန်းစဉ်တစ်ခုလုံး၏ ရှေ့ဆက် အရွေ့များ၌ ထည့်သွင်းပေါင်းစပ်ပေးရန် ခိုင်မာသည့် မျှော်လင့်ချက်ဖြင့် အဓိကကျသည့် အရေးကိစ္စများကို စည်းရုံးဆော်သြကာ အစိုးရမူကြမ်းပါ သီးခြားပြဋ္ဌာန်း ချက်တစ်ခုစီအလိုက် လိုအပ်သလို ဝေဖန်ထောက်ပြခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နှစ်လယ်ခန့်တွင် ပေါ်ထွက်လာသည့် ပြင်ဆင်ချက် (၆ကြိမ်မြောက်) မူကြမ်း အတွင်း အနည်းဆုံးအားဖြင့် အရပ်ဖက်လူ့အဖွဲ့အစည်းများထံမှ ထွက်ပေါ်လာသည့် အချို့သောအဆိုပြုချက်များကို ထည့်သွင်းပေါင်းစပ်ထားသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ပေါ်ထွက်လာသည့် စီးပွားရေးဦးစားပေး သည့် မူကြမ်းထက်စာလျှင် အတော်အတန် တိုးတက်ကောင်းမွန်လာခဲ့သော်လည်း (TNI၏ တုန့်ပြန်မှတ်ချက်အနေ ဖြင့် စီးပွားရေးဦးစားပေးလော (သို့) ဆင်းရဲသားဦးစားပေးလော၊ မြန်မာနိုင်ငံတွင်းဒီမိုကရေစီနည်းလမ်းတကျ အားလုံးပါဝင်သော မြေယာမူဝါဒရေးဆွဲမှုအတွက် စိန်ခေါ်မှု၊ နှင့် မြန်မာအမျိုးသမီးများနှင့် မြေယာ အကြားဆက်စပ်မှု ကို ကြည့်ရှုပါ) အဆိုပါပြင်ဆင်ချက်မူကြမ်း၌ လူထုလိုလားသည့် အချက်ပေါင်းများစွာကို လျစ်လျူရှုထားဆဲဖြစ်သည်။ ကံကောင်း သည့် အချက်တစ်ခုအနေဖြင့် (၆ ကြိမ်မြောက်) မူကြမ်းအပေါ် သဘောထားမှတ်ချက်ပေးရန်နှင့် အကြံပြုပံ့ပိုးကူညီရန်အတွက် နောက် တစ်ကြိမ်ထပ်မံဖိတ်ကြားလာခဲ့သဖြင့် လူထုလှုပ်ရှားမှုအတွင်း ပါဝင်လျက် ရှိသည့် အဖွဲ့ပေါင်းများစွာက မိမိတို့၏ သဘောထားမှတ်ချက်များနှင့် အကြံပြုထောက်ခံချက်များကို (TNI၏ တုန့်ပြန်မှတ်ချက်အနေဖြင့် ခြောက်ကြိမ်မြောက် အမျိုးသားမြေအသုံးချမှုမူဝါဒ(NLUP)အပေါ် လေ့လာဆန်းစစ်ချက် ကို ကြည့်ရှုပါ) ထပ်မံတင်သွင်းနိုင်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒ၏ နောက်ဆုံးရလဒ်၌ အကန့်အ သတ်များ ကျန်ရှိနေဆဲဖြစ်သော်လည်း NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသည့် မူဝါဒရေးရာ လမ်းညွှန်ချက်များထက်စာလျှင် နည်းလမ်းပေါင်းစုံဖြင့် မြေယာတရားမမျှတမှုကို ရင်ဆိုင်ကြုံတွေ့နေရသူများနှင့် လူ့ အခွင့်အရေးချိုးဖောက်ခံခဲ့ရသူများ၏ မျှော်လင့်ချက်များနှင့် တကယ့်လိုအပ်ချက်များကို ပိုမိုလွှမ်းခြုံထင်ဟပ်မှုရှိသည့် ပုံစံဖြင့် အရေးယူဆောင်ရွက်ထားသည် ကို တွေ့ရသည်။ နောက်ပိုင်းလူသိရှင်ကြား ထုတ်ပြန်လိုက်သည့် အချက်များသည် လူထုဆွေးနွေး တိုင်ပင်မှုမှ ထွက်ပေါ်လာသည့် အကျိုးရလဒ်မဟုတ်သောကြောင့် လူထုကိုယ်တိုင် သဘောထားမှတ်ချက်နှင့် အကြံပြုထောက်ခံချက်များ ဖော်ထုတ်ပေးအပ်နိုင်သည့် လုပ်ငန်းစဉ်မတိုင်မီ အမျိုးသားမြေအသုံးချမှု အစောပိုင်းမူများ၌ ပြုလုပ်ခဲ့သည့် အားနည်းချက်များနှင့် ပြဿနာများအတိုင်း ထပ်တူ နီးပါးရိုက်ခတ်ခံရသကဲ့သို့ သုံးသပ်ရသည်။ သမိုင်းမှ သင်ခန်းစာယူ၍ လက်ရှိအနေအထားကို ပြန်လည်သုံးသပ်ကာ အခြားမြေယာမူဝါဒဆိုင်ရာ စာတမ်းများ၌ ရေးသားပြု စုထားသည့် အတွေးအခေါ်အချို့ကို ညှိနှိုင်းပေါင်းစပ်ရန်အတွက် ယခုချိန်အထိ နောက်မကျသေးပေ။

နိဂုံးချုပ်

မြေနှင့် ဆက်စပ်သယံဇာတအရင်းအမြစ်များကို မည်သည့်ရည်မှန်းချက်အတွက် မည်ကဲ့သို့စီမံအုပ်ချုပ်မည်ဟူသည့် ကိစ္စရပ်ကို အလေးအနက်ထား ပြန်ပြောင်းစဉ်းစားရန် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြလျက်ရှိသည့် မြေယာ အယူဝါဒအစွန်းနှစ်ဖက် သိသိသာသာကွဲလွဲလာသည့် သမိုင်းအချိုးအကွေ့၌ ကျရောက်လျက်ရှိသည်။ သတင်း ကောင်းအနေဖြင့် အစိုးရတွင်းနှင့် ပြင်ပ၌ မြေယာမူဝါဒအပေါ် ပြန်ပြောင်းစဉ်းစားခြင်းနှင့် လေ့လာဆန်းစစ်မှု အများ အပြားပြုလုပ်နေခြင်းဖြစ်သည်။ မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်း လေ့လာဆန်းစစ်ရန် အချိန်နှင့် အင်အားအဆ မတန်အကုန်ကျခံ၍ အလေးအနက်ထား သုံးသပ်နေသူများစွာရှိနေပြီး အနည်းဆုံးအနေဖြင့် ယခင်က ဘေးဖယ်ခံခဲ့ရ သည့် အသံများကို ကြားသင့်ကြားထိုက်သူများ ကြားစေရန် ချိန်ခွင်လျှာညှိနိုင်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး တည်ရှိနေပြီဖြစ်သည်။

မူဝါဒရေးဆွဲချမှတ်သည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာ၍ လူထုပူးပေါင်းပါဝင်ရန်နှင့် ဆွေးနွေးတိုင်ပင်ရန် အားပေးတိုက်တွန်းခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးရလဒ်ကောင်းများကို အမျိုးသားမြေအသုံး ချမှုမူဝါဒနှင့် KNU မြေယာမူဝါဒနှစ်ရပ်စလုံးက သာဓကပြဆိုလျက်ရှိသည်။ မူဝါဒနှစ်ရပ်စလုံးသည် အောက်ခြေလူထု လူတန်းစားများ အထူးသဖြင့် ယခင်မူဝါဒနှင့် ဥပဒေများကြောင့် အများဆုံးထိခိုက်နစ်နာခဲ့သူများ ထုတ်ဖော်ပြောဆို သည့် အခြေခံအကျဆုံး သဘောထားများနှင့် မျှော်လင့်ချက်များကို အသိအမှတ်ပြု ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရေးယူဆောင်ရွက်ချက်များကို မည်ကဲ့သို့ဖော်ဆောင်နိုင်ကြောင်း သက်သေပြလျက်ရှိ သည်။ ဥပမာအနေဖြင့် မူဝါ ဒနှစ်ရပ်စလုံး၌ မိမိတို့၏ နေရင်းရပ်ရွာများသို့ ပြန်လည်အခြေချလိုသည့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင် သူများနှင့် စစ်ဘေးဒုက္ခသည်များ၏ မျှော်လင့်ချက်များကို ထည့်သွင်းစဉ်းစားပေးထားသည်။ အနည်းဆုံးအနေဖြင့် နေ ရပ်ပြန်နိုင်သည့် အခြေအနေရှိမရှိ စူးစမ်းဖော်ထုတ်ရန် အခွင့်အရေးပေးကာ အခြေအနေပေးပါက မည်ကဲ့သို့သော သတ်မှတ်ချက်များ အောက်တွင်ဖြစ်ရမည်ဟု လမ်းညွှန်ထားသည်။ လူတိုင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ ၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာအခွင့်အရေးများအပါအ၀င် ထိခိုက်နိုင်ခြေအမြင့်မားဆုံးသောသူများနှင့် ဘေးဖယ်ခံ ထားရသူများ၏ မြေယာဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာ၍ အာမခံပေးရန် မူဝါဒရေးရာအဆင့် လုပ်ငန်း စဉ်များဖော်ဆောင်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုမှုကို မူဝါဒနှစ်ရပ်စလုံး၌ ထည့်သွင်းစဉ်းစားထားသည်။ KNU မြေယာမူဝါဒအတွင်းတွင်မူ မြေယာပြန်လည်ခွဲဝေပေးခြင်းအားဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် မြေယာတန်းတူ မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးမှုအား အသိအမှတ်ပြုခြင်းနှင့် မြေယာပိုင်ဆိုင်မှုအများဆုံး ပမာဏသတ်မှတ်ခြင်းအားဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ဆိုးရွားသော မြေယာတန်းတူမညီမျှမှုကို ကာကွယ်တားဆီးနိုင်သည့် အလားအလာရှိမှုကို အသိအမှတ်ပြုခြင်းအားဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားထားသည်။

NLD အစိုးရ၌ အသေးစိတ်ရေးဆွဲပြင်ဆင်ထားသည့် မြေယာမူဝါဒ ယခုချိန်အထိ(သို့မဟုတ် လူထုကိုမချပြသေး သည့်) မရှိသေးဘဲ မြေယာဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အားနည်းချက် အမြောက်အများရှိနေပြီး လူထုဆွေး နွေးတိုင်ပင်မှုလုပ်ငန်းစဉ်၌ ပါဝင်ခဲ့ခြင်းမရှိသည့် ရွေးကောက်ပွဲကြေညာစာတမ်းသာရှိနေသည်။ ကံမကောင်းအ ကြောင်းမလှသဖြင့် ယခင်အစိုးရဟောင်းလက်ထက်၌ ရေးဆွဲအတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒသည် NLD ရွေးကောက်ပွဲကြေညာစာတမ်းထက်စာလျှင် VGGTs နဲ့ ပိုမိုနီးစပ်မှုရှိနေသည်။ ပိုမိုကောင်းမွန်သည့် လားရာသို့ ဦးတည်ပြောင်းလဲရန် မျှော်လင့်နေသူများအဖို့ များစွာရုန်းကန်တွန်းလှန်ရဖွယ်ရှိနေသည်။ အထူးသဖြင့် မိမိတို့၏ မြေ ယာအခွင့်အရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အရေးများကို လက်ရှိမြေယာဥပဒေများအောက်တွင် အသိအမှတ်ပြုထားခြင်းမ ခံရသည့် တိုင်းရင်းသားလူမျိုးစုများ၊ မြေမဲ့ယာမဲ့နှင့် မြေယာလက်လွှတ်ဆုံးရှုံးရန် ဖိအားပေးခံနေရသည့် ကျေးလက် နေလက်လုပ်လက်စားများနှင့် မိမိတို့၏ နေရင်းဒေသများသို့ ပြန်လည်အခြေချနေထိုင်လိုသည့် ပြည်တွင်းနေရပ်စွန့် ခွာစစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များအတွက် အနာဂတ်မှာေ၀၀ါးနေဆဲပင်ဖြစ်သည်။

သို့သော် အနာဂတ်အိပ်မက်များ အကောင်အထည်ပေါ်လာရန် အကြောင်းတိုက်ဆိုင်မည့် အချိန်လည်း ရှိလာနိုင်ပါ သေးသည်။ NLD အစိုးသစ်အနေဖြင့် အထက်ပါအချက်များသာမက အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် KNU မြေယာမူဝါဒတို့တွင် တွေ့ရှိရသည့် ပြဋ္ဌာန်းချက်ကောင်းများကို ဆက်လက်ယူဆောင်ကာ မြေယာနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်အသေးစိတ်ကျသည့် ရပ်တည်ချက်(နှင့် လက်တွေ့ကျင့်သုံးဖော်ဆောင်မှုများ) မျိုးကို ရေးဆွဲပြင်ဆင် နိုင်ပါသည်။ အဆုံးမှာတော့ မြေယာပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းသည် နိုင်ငံ၏ ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ အချုပ်ဆိုရသော် အောက်ခြေမြေပြင်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အဓိပ္ပာယ် ပြည့်ဝစွာ ရှေ့ဆက်လျှောက်လှမ်းရန်အတွက် ရပ်ရွာလူထုမှ ရေးဆွဲဖော်ထုတ်ကာ ရပ်ရွာလူထုမှ ဦးစီးဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးနှင့် စုပေါင်းဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များအတွက် အစိုးရအနေဖြင့် ကမကထပြုဦး ဆောင်၍ ၀န်ဆောင်မှုပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုနည်းလမ်းတစ်ခုနှင့် အထူးသဖြင့် အောက်ခြေမြေပြင်အဆင့်၌ အများဆုံးထိခိုက်ခံစားရသူများကိုယ်တိုင် ၎င်းတို့၏ အနာဂတ်မျှော်မှန်းချက်များကို ၎င်းတို့အကြား အပြန်အလှန်ဆွေး နွေးကာ ညှိနှိုင်းအဖြေရှာနိုင်သည့် နိုင်ငံရေးမျက်နှာစာတစ်ခု ဖွင့်လှစ်ပေးရန်လိုအပ်မည်ဖြစ်သည်။ ယခင်အတိတ်ကာ လတစ်လျှောက် အများဆုံးထိခိုက်နစ်နာခဲ့ရသူများနှင့် အနာဂတ်တွင် အများဆုံးထိခိုက်နစ်နာရန် အလားအလာရှိသူ များ၏ မျှော်လင့်ချက်များနှင့် အမှန်တကယ်လိုအပ်ချက်များကို အဆုံးသတ်ကြားနာ၍ ဥပဒေနှင့် မူဝါဒအတွင်း ထည့်သွင်း ပေါင်းစပ်မှုကို စစ်မှန်သည့် လူထုဆွေးနွေးတိုင်ပင်မှုအားဖြင့်သာလျှင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

i i TNI, ဆရာမကြီးလဖိုင်ဆိုင်းရော်၏ သုံးသပ်ချက် “ငြိမ်းချမ်းရေးကို ခံစားနိုင်ဖို့ နောက်မျိုးဆက်တစ်ခုအထိ စောင့်ရ ဦးမှာလား?”, ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ အမ်စတာဒမ်၊ Transnational Institute. ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ၀င်ရောက်ကြည့်ရှုခဲ့သည်။

ဤသုံးသပ်ချက်မှတ်စုသည် TNI ၏ Sweden ရန်ပုံငွေဖြင့် လည်ပတ်နေသည့် စီမံကိန်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။