မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်းကဏ္ဍကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲ။

01 September 2017
Article

မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အထဲ၌ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု ပြဿနာသည် လတ်တလော အရေးကြီးနေသည့် ပြဿနာတစ်ခုဖြစ်သည်သာမက ပိုမိုပြင်းထန်လာသော ပြဿနာတစ်ရပ်ဖြစ်လာသည်။ လျော် ကန်သင့်မြတ်သည့် စီမံချက်(သို့မဟုတ်)လူထုနှင့် ညှိနှိုင်းတိုင်ပင်မူမရှိသည်သာမက နိုင်ငံတစ်လွှားရှိ သဘာဝဝန်းကျင်ဂေဟစနစ်နှင့် လူ့အဖွဲ့အ စည်းအား နဂိုမူလအတိုင်း ပြန်မဖြစ်စေနိုင်လောက်သည့် အန္တရာယ်များကို ဖြစ်စေနိုင်သည့် အကြီးစားရေကာတာကြီးများနှင့် ရေအားလျှပ်စစ် လုပ်ငန်းစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် အထူးတလည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ အထက်ပါ စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏နေထိုင်ရာဒေသများတွင် တည်ရှိနေသည်သာမက အဆိုပါစီမံကိန်းမှ ထုတ်ယူမည့် စွမ်းအင်အ မြောက်အများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်ဆန္ဒပြမှုများ တစ်နိုင်ငံလုံးပျံ့နှံ့ဖြစ် ပေါ်နေသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်မှီသေးသည်ဟု ဆိုနိုင်ပါသည်။ သင့်လျော်သော နေရာဒေသတွင် ရေအားလျှပ်စစ်သည် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နိုင်သည် မှန်သော်လည်း ဒေသအခြေအနေနှင့် ဒေသခံ များ၏လိုအပ်ချက်များနှင့် ကိုက်ညီရန် အထူးအရေးကြီးပြီး ဒုက္ခအသစ်ဖန်တီးမှုမျိုးမဖြစ်ရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ မကျေနပ်မှုသောကများနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်ဟန့်တားသည့် အခြေအနေမျိုးမဖြစ်အောင် ဂရုစိုက်ရန်လိုအပ်သည်။ (မြန်မာနိုင်ငံ၏) နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မူရှိနိုင်မည့် စီမံ ကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုကို အခြေတည်၍ အားလုံးပါဝင်သဘောတူနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေစဉ်အ တွင်း ယာယီတားမြစ်ချက်များ ပြဌာန်းထုတ်ပြန်ရန် မဖြစ်မနေလိုအပ်ပါသည်။

Photo credit Nang Shining

 

အကြီးစားရေကာတာနှင့် ပတ်သက်သည့်ဝိရောဓိ- ပဉ္စလက်ဆန်သည့်အံ့ဖွယ်တစ်ခုလား(၀ါ) ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် ကပ်ဆိုက်မှုလေလား။

သဘာဝသယံဇာတများ၏တန်ဖိုးများအပေါ် လူသားတို့၏ ခံယူထားကြပုံများမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ အလွန်ကွဲပြားခြားနားလျက်ရှိသည်။ များသောအားဖြင့် မိမိတို့၏ မတူညီသော စိတ်ဝင်စားမှုများနှင့် တစ်ဦးချင်းစီ၏ ကြီးပြင်းခဲ့ရသည့် နောက်ခံအခြေအနေများအပေါ်တွင် မူတည် ကြသည်။ ရှုမင်ခြင်းကိစ္စတွင် အထူးသဖြင့် အငြင်းပွားဖွယ်ရာဖြစ်သည့် ရေနှင့် ရေအားလျှပ်စစ်ဆိုင်ရာကိစ္စမှာ အကြွေစေ့တစ်စေ့၏ ခေါင်းနှင့် ပန်းကဲ့သို့ပင် မတူကွဲပြားသည့် သဘောထားကွဲလွဲမှုများကို တွေ့ရသည်။ မြို့ပြနေလူထုများအနေဖြင့် ရေကို သောက်သုံးရေဆိုသည့်အရာထက် ရေမှ စွမ်းအင်ကို အလွယ်တကူ ထုတ်လုပ်ရယူနိုင်သည့် အရင်းအမြစ်အဖြစ် ရှုမင်သည့်အချိန်တွင် ကျေးလက်နေလူထုများကမူ မိမိတို့်၏ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှုသည် ရေနှင့် သဘာဝ အရင်းအမြစ်များ၊ မြေယာများကို ကာကွယ်ခြင်း အပေါ်တွင် မှီခိုအားထားနေရသည်ဟု ခံယူသည်။ ရေသည်ပဉ္စလက်ဆန်သည့် အံ့ဖွယ်တစ်ခုဖြစ်သည်၊ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် ကပ်ဆိုက်မှုဖြစ်သည်ဟူသော စကားရပ်အပေါ်တွင် အငြင်းပွားမှုမှ လုံးဝမျှတမှုမရှိသည့် ရလဒ်ကိုသာ ရရှိစေသည်။ မြို့ပြနေလူထုတို့၏ သက်သာချောင်ချိရေးနှင့် အဆင်ပြေလွယ်ကူချောမွေ့စေရေး အတွက် ရေနှင့် ရေအားလျှပ်စစ်လုပ်ငန်းကို တိုးမြှင့်ထားသော်လည်း ကျေးလက်လူအဖွဲ့အစည်းများအတွက်မူ ရေနှင့်ရေအားလျှပ်စစ်လုပ်ငန်းသည် ၎င်းတို့၏ ယဉ်ကျေးမူ၊ သမိုင်းအမွေ အနှစ်များနှင့် ကျေးလက်လူထုတို့၏ ဘဝများကို အမှန်အကန်ခြိမ်းခြောက်နေသည့်အရာ ဖြစ်နေပါသည်။

အထက်ပါ အစွန်းနှစ်ဖက်အကြားတွင် ရေအားလျှပ်စစ်စီမံကိန်းများကြောင့် မည်သူက အမှန်တကယ်အကျိုးအမြတ်ရရှိသနည်းဟူသည့်ကိစ္စရပ် အပေါ် ချပြဝေဖန်ဆွေးနွေးမှုများသည်လည်း ကန့်သတ်ဖြတ်တောက်ခံရပြီး အကြီးစားရေကာတာကြီးများသည် သဘာဝပတ်ဝန်းကျင် ရှုထောင့်အရ ရေရှည်တည်တံ့သလော (သို့မဟုတ်) အသင့်တော်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လည်ပတ်မှုပုံစံတစ်ခု ဖြစ်သလာဟူသည့် မဖြစ်မနေ မေးရ မည့်မေးခွန်းများသည်လည်း ဘေးချိတ်ခံထားရပြန်သည်။ စီမံကိန်းအကောင်အထည်ဖော်သည့်ဒေသများတွင် ဒေသခံလူ့အဖွဲ့အစည်းများ၏ သဘောဆန္ဒများ တိမ်မြှုပ်ပျောက်ကွယ်နေသည့်ကိစ္စရပ်သည် စီးပွားရေးတိုးတက်မှုကို အသားပေးသည့်စက်မှုခေတ်တွင် မကြာခဏတွေ့ရတတ်သည့် ဖြစ်ရပ်တစ်ခုဖြစ်လာသည်။ သို့သော် စီးပွားရေးဆိုင်ရာ ရင်းနှီးမှုပ်နှံသူများကွန်ယက်၊ အစိုးရဝန်ထမ်းများနှင့် ရေတာကာကို တည်ဆောက်အကောင် အထည်ဖော်ချင်သူများကမူ ရေအားလျှပ်စစ်စွမ်းအင်သည် သန့်ရှင်းသည်၊ ကုန်ကျစရိတ်သက်သာသည်၊ ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်သည်ဟူသော အဆိုများဖြင့် အကြီးစားရေကာတာစီမံကိန်းအသစ်များကို ရောင်းတန်းတင်သည့်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နေကြသည်။ ၎င်းတို့ နောက်ကွယ်မှရည်ရွယ်ချက်များက သိသာထင်ရှားလွန်းနေသည်။ အစိုးရများအတွက် ရေသည် သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီးဖွံ့ဖြိုးတိုး တက်မှုအတွက် လိုအပ်သည့်စွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်သည့် သယံဇာတအရင်းအမြစ်တစ်ခုအဖြစ် ယူဆထားသော်လည်း စီးပွား ရေးအကျိုးအမြတ်ကိုသာ စဉ်းစားသူများကမူ ရေနှင့် သယံဇာတအရင်းအမြစ်များကို ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ထုတ်ယူသုံးစွဲရမည့် အရင်းအမြစ်အဖြစ်သာ သဘောထားမည်ဖြစ်သည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများ၏ အကျိုးဆက်နှင့်ပတ်သက်သော စဉ်းစားတွေးခေါ်မှုသည် ရိုးရှင်းသော်လည်း အမြဲတမ်းလိုလို လုံးဝ ဥပေက္ခာ ပြုထားလေ့ရှိသည်။ နယ်ခံလူထုလူတန်းစားများကို အတင်းအကျပ်ရွှေ့ပြောင်းနေရာချထားခြင်းနှင့် ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်များမှသည် သဘာဝအလှနှင့် ဂေဟစနစ်များကို ပြန်လည်ကုစားမရနိုင်လောက်အောင် ထောင်းလမောင်းကြေစေသည့် ဆိုးကျိုးသက်ရောက်မှုများသည် အကြီးစားရေကာတာများတည်ဆောက်မှုမှ ရိုက်ခတ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များဖြစ်သည်။ ကမ္ဘာတလွှားမှ အတွေ့အကြုံများအရ အကြီးစားရေကာတာကြီးများတည်ဆောက်မှုနောက်ပိုင်းတွင် များစွာသော အန္တရာယ်များနှင့် မကောင်းသည့်အကျိုးဆက်များက နောက်ဆက် တွဲအဖြစ် လိုက်ပါလာပြီး မြစ်ကြောင်းတစ်လျှောက်နှင့် ကုန်းတွင်းကျသော အပိုင်းများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပြီး ဒေသခံပြည်သူလူထု များစွာတို့၏ အနာဂတ်များကို အပျက်သဘောဆောင်သည့် ဆိုးကျိုးများသက်ရောက်နိုင်စေသည်။

ရေအရင်းအမြစ်မှ စွမ်းအင်ထုတ်လုပ်နိုင်ရန် ကြီးမားသော လူလုပ် ရေလှောင်ကန်တစ်ခုရှိရန် ဦးစွာလိုအပ်သည်။ ထို့အပြင် ပင်မမြစ်ကြီး၏ သဘာဝ အတိုင်းစီးဆင်းမှုကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် ရေကာတာ၏ အထက်ပိုင်းရေဆန်ဒေသရှိ နယ်မြေများ၌ ရေလွှမ်းမိုးခြင်းနှင့် ရေအောက်ရောက် ရှိသွားနိုင်သည့် ဘေးအန္တရာယ်များကြုံတွေ့လာရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရေစုန်ပိုင်းရှိ နယ်မြေများတွင်လည်း ရေတက်ရေကျအ ပြောင်းအလဲမြန်ခြင်း၊ ရေစီးဆင်းမှုကို ကန့်သတ်ထားသည့်အတွက် မိုးခေါင်ခြင်းအပြင် လက်ရှိစီးဆင်းနေသည့်မြစ်၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမူများ လည်း ပေါ်ပေါက်လာမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ရေကာတာတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဖော်ဆောင်ခြင်းအားဖြင့် ပတ်ဝန်းကျင်ဒေသများရှိ အဖိုးတန်မြေနေ ရာများကို အသစ်ဖန်တီးလိုက်သည့် ရေလှောင်တမံနှင့် အလဲအထပ်ပြု၍ အဆုံးရှုံးခံလိုက်ရမည်ဖြစ်သည်။ ဆုံးရှုံးမှုပမာဏသည် ရေကာတာ၏ အကြီးအသေးအပေါ်တွင် မူတည်နေလိမ့်မည်မှန်သော်လည်း စီမံကိန်း၏ ရိုက်ခတ်မှုသည် သဘာဝဂေဟစနစ်နှင့် ဒေသခံလူထု၏ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ အကျိုးဆက်ရလဒ်များ၌ လူပေါင်းများစွာကို ၎င်းတို့၏ အိုးအိမ် များမှ ရွှေ့ပြောင်းနေရာချခြင်း၊ ရေကာတာတည်ဆောက်ရေးလုပ်ငန်းများနှင့် အမြဲဒွန်တွဲလျက်ရှိသည့် စီးပွားရေးအကျိုးအမြတ်သက်သက်အတွက် အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် သစ်တောပြုန်းတီးလာခြင်း၊ တောရိုင်းတိရိစ္ဆာန်နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ပြန်လည်အစားထိုးကုစား၍မရအောင် ထိခိုက်ပျက်စီးစေခြင်းတို့ ပါဝင်လျက်ရှိသည်။

တတိယအချက်အနေဖြင့် မည်ကဲ့သို့သော နစ်နာကြေးမျိုးကို ပေးအပ်သည်ဖြစ်စေ မိမိတို့မြေယာများကို စွန့်လွှတ်၍ အခြားသော နေရာဒေသများသို့ ရွှေ့ပြောင်းနေထိုင်ရန် တွန်းအားပေးခံရသည့် လူ့အဖွဲ့အစည်းများအတွက် တရားမျှတ၍ လုံလောက်မျှတသည့် လျော်ကြေး (သို့) ပြန်လည်အပ်နှံမှု များ ရှိလိမ့်မည်မဟုတ်ပါ။ ရေကာတာကြီး၏ အထက်ပိုင်းရေဆန်ဒေသ၌ ရေလွှမ်းမိုးလာသည်နှင့်တစ်ပြိုင်နက် အဆိုပါဒေသရှိ ဒေသခံလူထုလူတန်း စားများအား အခြားနယ်မြေဒေသသို့ အတင်းအကျပ် ရွှေ့ပြောင်းနေရာချထားမှုများ ကျိန်းသေဖြစ်ပွားလာမည်ဖြစ်သည်။

ထိုကဲ့သို့ရွှေ့ပြောင်းခံရသူများအတွက် မျိုးဆက်တစ်ခုမှ နောက်တစ်ခုသို့ လက်ဆင့်ကမ်းသွားနိုင်သည့် ဆင်းရဲနွမ်းပါးမှုနှင့် အပယ်ခံလူ့အသိုက် အ၀န်းအဖြစ် မဆုံးနိုင်သည့်သံသရာဝဲဂယက်အတွင်း စုန်းစုန်းမြှုပ်ရန် စတင်ခြင်းပင်ဖြစ်တော့သည်။ ရေကာတာများ၏ အရွယ်အစားပေါ်လိုက်၍ ထိ ခိုက်နစ်နာရသည့် လူဦးရေအနည်း/အများ ကွာခြားမှုရှိနိုင်သကဲ့သို့ နယ်ခံလူထုလူတန်းစားတစ်ရပ်လုံးကိုပါ ဖျက်ဆီးပစ်နိုင်သည်။ မြေဆီသြဇာနည်း ပါးသည့် သို့မဟုတ် လျော်ကန်သင့်မြတ်မှုမရှိသည့် နယ်မြေဒေသများ၌ ရွှေ့ပြောင်းနေရာချထားခံခဲ့ရပြီးနောက်ပိုင်း လယ်သမားအများစုသည် ဆက် လက်ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိတော့သဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှုပုံစံကို လုံးဝပြောင်းလဲပစ်ကာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နယ်တကာလှည့်၍ ကြုံရာကျပန်းလုပ်ကိုင်စားသောက်လာကြရသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မြေယာနှင့်သက်ဆိုင်သည့် အနာဂတ်ပျောက် ဆုံးသွားခဲ့ပြီးနောက် လူငယ်အများအပြားသည် မိသားစုကို ကျွေးမွေးထောက်ပံ့နိုင်ရန်အလို့ငှာ မြို့ကြီးပြကြီးများရှိ အလုပ်အကိုင်များကို မဖြစ်မနေ ရှာဖွေလုပ်ကိုင်လာကြရသည်။

စတုတ္ဘအချက်အနေဖြင့် ရေကာတာသည် အထက်ဖြစ်ဖျားပိုင်းရှိ လူထုလူတန်းစားများကိုသာ ရွှေ့ပြောင်းနေရာချခဲ့သည်မဟုတ်ဘဲ မြစ်အောက်ပိုင်း နေလူထုလူတန်းစားများကိုလည်း ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေလျက်ရှိသည်။ ရေကြီးရေလျှံမှုကို ထိန်းချုပ်ရခက်ခဲလာခြင်းနှင့် ရေတက်ရေကျ မြန်ဆန်ခြင်းကဲ့သို့သော ဖောက်ပြန်မှုများကြောင့် မြစ်ဝှမ်းတစ်လျှောက်လုပ်ကိုင်စားသောက်လျက်ရှိသည့် လူထုလူတန်းစားများသည် မြစ်ကမ်းတစ် ဖက်တစ်ချက်၌ ဆက်လက်စိုက်ပျိုးထွန်ယက်နိုင်ခြင်းမရှိတော့သကဲ့သို့ ရေနေသတ္တ၀ါများ၏ ရာသီအလိုက် ရွှေ့ပြောင်းကျက်စားလျက်ရှိသည့် ငါးနေငါးထိုင်နေရာများ ပျောက်ဆုံးသွားခြင်းနှင့် ရေစီးရေလာပြောင်းလဲမှုကြောင့် အချို့သောငါးမျိုးစိတ်များသည် ဥဥသားဖောက်ရန် မြစ်ဖျားပိုင်းသို့ ဆန်တက်နိုင်ခြင်းမရှိတော့သဖြင့် ကောင်ရေကျဆင်းလာခြင်းနှင့် မျိုးသုဉ်းပျောက်ကွယ်လာခြင်းကြောင့် တံငါသည်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးလာသည်။ ပြောင်းလဲလာသည့် မိုးရွာသွန်းမှုပုံစံများကြောင့် သစ်တောပြုန်းတီးမှုသည်လည်း ရေလွှမ်းမိုးမှုနှင့် အပေါ် ယံမြေလွှာယိုယွင်းပျက်စီးမှုတို့ကို ဖြစ်ပေါ်လာစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်လာသည်။

ရေအားလျှပ်စစ်စီမံကိန်းများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လုံခြုံရေးကို ရိုက်ခတ်လျက်ရှိသည့် အဓိကခြိမ်းခြောက်မှုများ၌ ဤအကြောင်းအရာများအပြင် များစွာကျန်ရှိနေသေးသည်။ နိုင်ငံတကာ သိပ္ပံပညာရှင်များ မကြာမကြာသတိပေးသကဲ့သို့ပင် ငလျင်ကြောပေါ်ရှိ အကြီးစား ရေကာတာစီမံကိန်းကြီးများသည် ရုတ်ချည်းကပ်ဆိုက်သွားစေသည့် ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည့်အပြင် တစ်နှစ်ပြီးတစ်နှစ် ပို့ချလာသည့် နူးံများ၏သိပ်သည်းဆနှင့် တဖြည်းဖြည်းချင်းတိုးလာသည့် ရေထု၏ဖိသိပ်အားကြောင့် ငလျင်လှုပ်နိုင်သည့် အလားအလာကို မြင့်တက်လာစေလျက်ရှိသည်။ အချုပ်အားဖြင့်ဆိုရသော် ဆိုးဆိုးရွားရွားရေးဆွဲပြင်ဆင်ထားသည့် အစီအမံနှင့် တည်နေရာအရ လျော်ကန်သင့်မြတ်မှုမရှိသည့် နေရာ ဒေသများ၌ တည်ဆောက်ထားသည့်ရေကာတာကြီးများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဉ္စလက်ဆန်သည့်ဖြေရှင်းရေးနည်းလမ်းဆိုသည်ထက် နိုင်ငံတစ်နံတစ်လျား ပူပင်သောက၊ ကြောက်ရွံ့မှုနှင့် ရပ်ရွာလူထုကို ဆုံးရှုံးနစ်နာစေမည့် ရှေ့ပြေးနိမိတ်ဆိုးများဖြစ်နေသည်။

ရေကာတာသည် ယနေ့မြန်မာနို်င်ငံသူနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အမျိုးသားရေး အကျပ်အတည်းတစ်ခုဖြစ်နေသည်။ လက်တလော အရှိန်အဟုန်ပြင်းပြင်း စီမံဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်အတူ နိုင်ငံတော်အနေဖြင့် အဆိုပါ စီမံကိန်းကြီးများကြောင့် ဖြစ်ပေါ် လာနိုင်သည့် စိန်ခေါ်မူများနှင့် အန္တရာယ်များကိုလည်း ဦးတည်ဖြေရှင်းပေးရန်လိုအပ်သည်။ လျော်ကန်သင့်မြတ်သည့် အခြေအနေမျိုး၌ အကောင် အထည်ဖော်သည့် ရေအားလျှပ်စစ်စီမံကိန်းသည် အဖိုးတန်စီးပွားရေး အရင်းအမြစ်တစ်ခုဖြစ်လာနိုင်သည်။ သို့သော်လည်း မည်သူတို့၏ အကျိုးစီးပွားအတွက်ဖြစ်သနည်းဟူသည့် အခြေခံမေးခွန်းကို ဖြေဆိုရန် လိုအပ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးမြစ်များဖြစ်သည့် ဧရာဝတီမြစ်အပါအဝင် သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များပေါ်တွင် ရေကာတာကြီးများတစ်ခုပြီးတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည့်အတိုင်း တစ်ကြိမ်တည်း အကောင်အထည်ဖော်ရုံဖြင့် ကျွန်ုပ်တို့တိုင်းပြည်၏ သဘာဝဂေဟစနစ်များနှင့် ပထဝီအနေအထားများ ထာဝရပြောင်းလဲသွားတော့မည်ဖြစ်သည်။ နဂိုမူလအခြေအနေသို့ ပြန်ရောက်အောင် ကုစားနိုင်တော့မည်မဟုတ်ပေ။ အကောင်အထည်ဖော်ရာတွင် လည်း သန်းပေါင်းများစွာသော လူထုဘဝများကို ထိခိုက်ပျက်စီးစေနိုင်ပြီး ရပ်ရွာလူ့အဖွဲ့အစည်းများစွာကို ၎င်းတို့၏ အိုးအိမ်များမှ ရွှေ့ပြောင်းနေရာ ချထားရန် လိုအပ်လာသကဲ့သို့ နှစ်ရှည်လများ ၎င်းတို့ကျင့်သုံးလာခဲ့သည့် စိုက်ပျိုးရေး၊ သစ်တောလုပ်ငန်းနှင့် ရေလုပ်ငန်းတို့အပေါ် မှီခိုအား ထားသည့် အသက်မွေးဝမ်းကျောင်းမှုစနစ်များသည်လည်း မည်သည့်နစ်နာကြေးမျှမရရှိဘဲ ပျက်စီးပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် ခေတ်သစ်စီးပွားရေးမျက်နှာစာ၌ အဖက်ဖက်မှဖိအားပေးခံနေရသဖြင့် အရေးပါသည့်နယ်မြေဒေသများနှင့် ထိခိုက် လွယ်သည့် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်မှုကို နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးကိစ္စတစ်ခုအနေဖြင့် မဖြစ်မနေ သဘောထားရန် လိုအပ်လာပြီဖြစ်သည်။

မိုင်းတုံရေကာတာနှင့် ခြိမ်းခြောက်ခံနေရသည့် သံလွင်

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လျှောက်လှမ်းလာသည်နှင့်အမျှ အစိုးရဝန်ထမ်းများ၊ စီးပွားရေးကုမ္ပဏီ များနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများသည်လည်း စီးပွားရေးခိုင်မာတောင့်တင်းလာစေရန်အတွက် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲသည့် အိမ်နီးချင်းနိုင်ငံများ၏ ခြေလှမ်းများအတိုင်း တစ်သွေမတိမ်းလိုက်လျှောက်လာခဲ့သည်။ လတ်တလောနှစ်များအတွင်း ရေအားလျှပ်စစ်လုပ်ငန်းသည် မရေရာသည့် နိုင်ငံရေးအကူးအပြောင်းကာလ၏ အငြင်းပွားဖွယ်ရာအကောင်းဆုံးလုပ်ငန်း နယ်ပယ်သစ်တစ်ခုအနေဖြင့် ပေါ်ထွက်လာခဲ့သည်။ ယခင်အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် သမ္မတဦးသိန်းစိန်သည် ဧရာဝတီမြစ်ဆုံဒေသ၌ တရုတ်၏ကျောထောက်နောက်ခံဖြင့် တည်ဆောက် လျက်ရှိသည့် မြစ်ဆုံရေကာတာစီမံကိန်းကို ၎င်းတို့၏ အစိုးရသက်တမ်းအတွင်း(၂၀၁၁-၁၆)ဆိုင်းငံ့ခဲ့ခြင်းဖြင့် တစ်နိုင်ငံလုံး၏ ထောက်ခံမှုကိုရယူ သွားခဲ့သည်။ သို့သော်လည်း မတ်လနောက်ပိုင်း အာဏာရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြစ်ဆုံရေကာတာစီမံကိန်းသည် ကော်မရှင်ဖွဲ့၍ ပြန်လည်သုံးသပ်ရသည့်ကိစ္စတစ်ခုဖြစ်သွားခဲ့ပြီးနောက်ပိုင်း သဘာဝအတိုင်းမပျက်စီးဘဲ ကျန်ရှိနေ သေးသည့် မြန်မာ့မြစ်များထဲမှ တစ်ခုဖြစ်သည့် သံလွင်မြစ်၏ ကံကြမ္မာအပေါ် စိုးရိမ်ပူပန်မှုများ အထူးတလည်မြှင့်တက်လာခဲ့သည်။ အာရှတိုက်အ တွင်း လွတ်လပ်စွာစီးဆင်းခွင့်ရနေသေးသည့် နောက်ဆုံးဖြစ်တစ်ခုဖြစ်သည့် သံလွင်မြစ်သည် ၎င်းမြစ်ဖျားခံရာ တိဗက်ကုန်းပြင်မြင့်မှ တရုတ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းပိုင်းသို့ စီးဝင်လာကာ ထိုင်းနိုင်ငံကို အနည်းငယ်ဖြတ်စီး၍ မြန်မာနိုင်ငံတောင်ပိုင်းရှိ အက်ဒမန်ပင်လယ် (ကပ္ဗလီပင် လယ်)ထဲသို့ စီးဝင်သွားသည့် ကီလိုမီတာ၂၈၀၀ ကျော်ရှည်သည့် မြစ်တစ်စင်းဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကြည့်ရှုခြင်းဖြင့် အသိအမြင်ကျယ်လာသည် မှန်သော်ငြားလည်း ရေအားလျှပ်စစ်စီမံကိန်းသစ်များ၏ သက်ရောက်မူကိုအကဲဖြတ်ရာ၌ မြန်မာ့မြေပေါ်ရှိ အခြေအနေအရပ်ရပ်ကို မလွဲမသွေနားလည်သဘောပေါက်ရန်လိုအပ်သည်။ ခြိမ်းခြောက်ခံရသည့် လူ့အဖွဲ့အစည်းများက သတိပေးတားမြစ်ရန် အကြောင်းပြချက်ရှာဖွေနေသကဲ့သို့ပင် ဤကဲ့သို့သောအကြီးစားစီမံကိန်းကြီးများသည် မြန်မာနိုင်ငံနှင့် လျော်ကန်သင့်မြတ်ခြင်းမရှိသကဲ့သို့ လိုအပ်ခြင်းလည်းမရှိကြောင်း ပြဆိုလျက်ရှိသည့် အကြောင်းပြချက်ပေါင်းများစွာရှိနေပါသည်။ အဆိုပါ စီမံကိန်းများသည် ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေပြီး ငလျင်လှုပ်နိုင်ချေ အလားအလာရှိသည့် နယ် မြေများတွင် တည်ရှိနေသည့်အပြင် တရားမျှတရေးနှင့် တန်းတူနိုင်ငံရေးဆိုင်ရာ အခွင့်အရေးများရရှိရေးအတွက် ဗဟိုအစိုးရနှင့် အချိန်ကာလကြာ မြင့်စွာ ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများသည်လည်း စီမံကိန်းများ၏ အကျိုးကျေးဇူးများထက် နောက်ဆက်တွဲဆိုးကျိုးသက် ရောက်မှုများကိုသာ ခါးစည်းခံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ခန့် လျှပ်စစ်မီးမရရှိဘဲ မှောင်မည်းလျက်ရှိသော်လည်း ရေအားလျှပ်စစ်စီမံကိန်းအသစ်ကြီးများမှ ထွက်ပေါ်လာမည့် လျှပ်စစ်စွမ်းအင်အများစုကို အဘယ့်ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချရန် ရည်ရွယ်လျက်ရှိကြောင်းကို လက်မခံနိုင်ကြသည့် လူထုများအတွက် မေးစရာဖြစ်နေသည်။ မြန်မာနိုင်ငံပြည်သူလူထုအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် စွမ်းအင်စီမံချက်များ အမှန်တကယ်မုချလိုအပ်နေသဖြင့် နိုင်ငံတကာကုမ္ဗဏီ များနှင့် လက်တစ်ဆုပ်စာ လူကုံထံစီးပွားရေးသမားများကိုသာ အကျိုးအမြတ်ရရှိစေသည့် စီမံကိန်းမျိုးမဖြစ်ရန်လိုအပ်ပေသည်။

ရှေ့တွင်စောင့်ကြိုလျက်ရှိနေသည့် စိန်ခေါ်မူများ၏ အလားအလာကို လေ့လာသုံးသပ်ကြည့်ပါက သံလွင်မြစ်သည် လတ်တလောအရေးကြီးသည့် ကိစ္စတစ်ခုဖြစ်နေသည်။ သံလွင်စောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ သံလွင်မြစ်ပေါ်တွင် အဓိကရေလှောင်တမံငါးခုကို တည်ဆောက်အကောင်အ ထည်ဖော်ရန်လျာထားသည်။ ၎င်းတို့မှာ ကွမ်လုံ (kunlong) ရေလှောင်တမံ(၁၄၀၀မီဂါဝပ်)၊ နောင်ဖ(Nong Pha) ရေလှောင်တမံ(၁၀၀၀ မီဂါဝတ်)နှင့် ရှမ်းပြည်နယ်ရှိ မိုင်းတုံ(Mong Ton) ရေလှောင်တမံ(၇၁၁၀ မီဂါဝပ်)၊ ကယားပြည်နယ်ရှိ ရွာသစ်(Ywarrthit) ရေလှောင်တမံ(၄၀၀၀ မီဂါဝပ်)နှင့် ကရင်ပြည်နယ်ရှိ ဟတ်ကြီး(Hat Gyi) ရေလှောင်တမံ(၁၃၆၀ မီဂါဝပ်)တို့ဖြစ်သည်။ မြန်မာလူထုနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အထက်ပါ စီမံချက်များမှ ထွက်ရှိမည့် (၉၀) ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်များကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချ သွားရန် သဘောတူထားကြသည်။

အထက်ပါ ရေလှောင်တမံငါးခုအနက် ယခင်က တာဆန်း(Tasang)ဟုသိခဲ့ကြသည့် မိုင်းတုံ(Mong Ton) ရေလှောင်တမံသည် အရှေ့တောင်အာ ရှတွင် အကြီးဆုံးရေကာတာဖြစ်လာမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ဧရိယာ အရွယ်အစားနှင့် ညီမျှသော ရေလှောင်တမံတစ်ခုဖြစ်သည်။ ရေလှောင်တမံ ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများ၌ တရုတ်နိုင်ငံမှ Three Gorges Corporation, Sinohydro Corporation,China Sourthern Power Grid, Electricity Generating Authority of Thailand၊ နှင့် မြန်မာအခြေစိုက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် များ အဖွဲ့အစည်းတို့ ပါဝင်လျက်ရှိသည်။ စီမံကိန်းကိုရှေ့ဆက် အကောင်အထည်ဖော်ရန်အတွက်Australian Firm နှင့် Snowy Moutain Engeneering Corporation အဖွဲ့တို့ကို လူမူရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်အကဲဖြတ်သည့် လုပ်ငန်းများအတွက် ငှားရမ်းထားကြသည်။ SMEC ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်အကဲဖြတ်ချက်အရ မီဂါဝပ် ၇၀၀၀ ထုတ်လုပ်နိုင်သည့် အင်ဂျင်ကို တပ်ဆင်နိုင်ပြီး စီမံကိန်း၏ ထူးကဲ သည့်လက္ခဏာရပ်များ၌ အမြင့်အားဖြင့် ၂၄၁ မီတာရှိသည့်တမံနှင့် ၆၄၁ ကုဗမီတာကျယ်သည့် ရေဝပ်ဧရိယာပါဝင်လျက်ရှိသည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိသော စွမ်းအင်ကို ဖြန့်ဖြူးမည့် စနစ်ပုံစံများကို အခြားသတင်းရင်းမြစ်တစ်ခုကို လေ့လာကြည့်ရှုရာ၌ ၄၅ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ ကျန် ၄၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချရန် စီစဉ် ထားပြီး နောက်ဆုံးကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ အသုံးပြုရန်လျာထားကြောင်း တွေ့ရှိရသည်။

သို့သော်ငြား ရေဝင်ဧရိယာအတွင်း ရေလွှမ်းပျက်စီးမှုများနှင့် ရေစီးကြောင်းပြောင်းလဲမှု၊ သဲနှုန်းအနည်ပို့ချမှုနှင့် ရေချိုအင်းနှင့် ငါးဖမ်းလုပ်ငန်းများ ပျောက်ဆုံးမှုတို့ကြောင့် ရေကာတာအောက်ပိုင်း ဒေသများရှိ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ပျက်စီးမှုများအပါအဝင် နယ်ခံလူထုလူတန်းစားများအပေါ် သက်ရောက်လာမည့် ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများကို အသေးစိတ်ကျကျ အကျယ် တ၀င့်လေ့လာဆန်းစစ်မှုများ လုံးဝပြုလုပ်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ ကြီးမားကျယ်ပြန့်သည့် သစ်တောနယ်မြေများ ဧကန်မုချပြုန်းတီး သွားမည်ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးနှင့် ကူးစက်ရောဂါကိစ္စများအပါအဝင် ဧရာမစီမံကိန်းကြီးဖော်ဆောင်ရန် ပြင်ပမှ ခေါ်သွင်းလာသည့် ဆောက် လုပ်ရေးအလုပ်သမားအစုအဖွဲ့များကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကူးစက်ရောဂါပျံ့ပွားမှုအပေါ် အထူးတလည်စိုးရိမ်ပူပန်နေ ကြသည်။ အတိအကျအားဖြင့် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ရှုထောင့်အရ အကဲဆတ်မှုအမြင့်ဆုံးဒေသတစ်ခုမှ ပြန်လည်နေရာချထားရေး လုပ်ဆောင်ပေးရန် လိုအပ်သည့် လူဦးရေပမာဏသည် အနည်းဆုံး ၁၂၀၀၀ ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “မိုင်းတုံ(Mong Ton) ရေကာတာ စီမံကိန်းကြောင့် ကျွန်းပေါင်းတစ်ထောင်ရဲ့ သဘာဝ အလှအပတွေက ရေအောက်ကြမ်းပြင်မှာပဲ ထာဝရနစ်မြုပ်သွားတော့မယ်။ တစ်ခြားနေရာတွေကိုတောင် ပြောစရာမလိုသေးဘူး။ ကွန်ဟိန်း (Kunheng) မြို့နယ်တစ်ခုထဲမှာတင် လူဦးရေ ၅၀၀၀၀ ဝန်းကျင်လောက် နေရာရွှေ့ပြောင်းခံရနိုင်တယ်။ ဒါက ထိခိုက်ခံရမယ့် နယ်မြေထဲက သေးသေးလေးတစ်ခုကိုပဲ မီးမောင်းထိုးပြတာဖြစ်တယ်” ဟုသတိပေးခဲ့သည်။

အလားတူအရေးပါသည့် ကိစ္စတစ်ခုအနေဖြင့် ရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော်ရန် လျာထားသည့်နယ်မြေသည် တိုင်းရင်းသား မျိုးနွယ်စုများ၏ ဆူပူမှုနှင့် စစ်တပ်၏ကာလရှည်ကြာစွာ ခြိမ်းခြောက်သည့် သမိုင်းဖြစ်စဉ်နှင့်အတူ အမျိုးသားနိုင်ငံရေးကိစ္စများတွင် ဆတ်ဆတ်ထိမခံသည့်နယ်မြေဖြစ်သည်ကို အပြည့်အဝ လစ်လျူရှုထားသည့် ပုံပေါ်နေသည်။ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ ဖော်ပြချက်များ အရ ရေလှောင်တမံစီမံကိန်းများ ရေးဆွဲနေသည့် ၁၉၉၆ ခုနှစ်ဝန်းကျင်ကာလများတွင် ရှမ်းပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ အစိုးရစစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းစဉ်များကြောင့် ယင်းဒေသအတွင်း မှီတင်းနေထိုင်သူ ဦးရေ ၃၀၀၀၀၀ ထက်မနည်းသော လူဦးရေတို့သည် မိမိတို့၏ နေအိမ်များမှရွှေ့ပြောင်းခံခဲ့ရသည်။ ထိုအချိန်ကာလကတည်းက စစ်တပ်စခန်းအရေအတွက် တိုးပွားလာပြီး ပဋိပက္ခဖြစ်ပွားစေနိုင်သည့် တင်းမာမှုနှင့် ရှည်ကြာမည့်သဘောကို အရိပ်အကဲပြနေခဲ့သည်။ ရေကာတာ၏ အောက်ပိုင်းဒေသ၊ သံလွင်မြစ်၏ ကမ်းနှစ်ဘက်စလုံးတွင် မြန်မာ့ တပ်မတော်မှ တပ်စွဲသိမ်းပိုက်ထားပြီး ဒေသခံလားဟူနယ်ခြားစောင့်တပ်ဖွဲ့သည်လည်း အနီးဝန်းကျင်၌ လှုပ်ရှားလျက်ရှိသည်။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သည် သံလွင်မြစ်ဝှမ်းတစ်ဘက်တစ်ချက်ရှိ ရေစုန်ရေဆန်ဒေသများကို ထိန်းချုပ်ထားလျက်ရှိသည်။ ၂၀၁၁ခုနှစ်တွင် တရုတ်အင်ဂျင်နီယာသုံးဦးနှင့် စီမံကိန်းတွင်အလုပ်လုပ်နေသည့် စကားပြန်တစ်ဦးတို့သည် နယ်မြေအခြေစိုက်ရှမ်းပြည်တပ်မတော်၏ သုံးလခန့်ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရသည်။

ဤကဲ့သို့သော နောက်ခံအခင်းအကျင်းမျိုးရှိသည့် မိုင်းတုံရေကာတာစီမံကိန်းသည် ရှမ်းလူမျိုးများနှင့် အခြားသော ဒေသခံများအတွက် ရိုးရှင်းသော စီးပွားရေးပြဿနာတစ်ခုသာမဟုတ်ဘဲ ပဋိပက္ခ၊ ခွဲခြားချန်လှပ်ခံရခြင်း၊ မြေယာနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးတို့အပေါ် ဖိနှိပ်ခံရ သည့် စိန်ခေါ်မှုလည်းဖြစ်နေသည်။ မြေငလျင်ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိနေသော ရေကာတာသည် “ကုန်ကျစရိတ်နည်းပါးသည့်” စွမ်းအင်အရင်းအမြစ်ဖြစ်သည်ဟု တည်ဆောက်အကောင်အထည်ဖော်လိုသူများ၏ ထုံးစံအတိုင်း နိုးဆော်တိုက်တွန်းလေ့ရှိသည့် ကိစ္စရပ်ကိုလည်း ဘယ်သောအခါမျှ အမှန်ဟု ယူဆ၍မရနိုင်ပေ။ နိုင်ငံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပတ်သက်သည့် စိုးရိမ်ဖွယ် ဂယက် ရိုက်ခတ်မှုများနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများက အလွန်ကြီးမားလာနိုင်ပါသည်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဝါရင့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ခွန်ထွန်းဦးက “ သဘာဝ သယံဇာတတွေကို တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကနေ ထုတ်ယူသုံးစွဲကြတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းကနေ ရရှိတဲ့အကျိုးအမြတ်တွေကို တိုင်းရင်းသားတွေ အကျိုးမခံစားရဘူး။ အဲဒီအစား လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုတ်ဝန်ပိုးတွေကိုပဲ ယူလာပေးတယ်။ အခြေခံကျတဲ့ လူ့အခွင့်အရေးရှုထောင့်အရ ဒေသခံလူထုတွေရဲ့ သဘောတူညီမှုမရှိဘဲ ဒီရေကာတာကို ဆက်ပြီးအကောင်အထည်ဖော်မယ်ဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးအပေါ် သက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။” ဟု ဖွင့်ဟပြောကြားခဲ့သည်။

သို့သော်လည်း မိုင်းတုံရေကာတာစီမံကိန်းဒေသတွင်ရှိသော အကဲဆတ်သည့်ပဋိပက္ခ၏ ထိလွယ်ရှလွယ်ဖြစ်မှု (သို့) ဒေသခံပြည်သူလူထုများ၏ အခြေအနေမှန်ကို အတိုင်းအတာတစ်ခုအထိ နားလည်လက်ခံလာပြီဟု ယူဆရသည်။ ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေမြင့်မားသည့်အတွက် စီမံကိန်း၏ အခြေခံအကျဆုံးအဆင့်များမှစ၍ အများပြည်သူကို အဓိပ္ပာယ်ပြည့်ဝစွာ ပူးပေါင်းပါဝင်ခွင့်ပြုရန် လိုအပ်သည်။ ပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာ ဆန်းစစ်မည့် ဥပဒေကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ရေကာတာစီမံကိန်းအတွက် ပြင်ဆင် ထားသော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု လေ့လာဆန်းစစ်ချက်အစီရင်ခံစာကို သုံးသပ်ဝေဖန်နိုင်သည့် စွမ်းဆောင်ရည်မရှိသကဲ့သို့ ရေကာတာတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တည်ဆဲဥပဒေများကို လိုက်နာခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးနိုင်စွမ်းလည်းမရှိပေ။ သံလွင်မြစ် ဝှမ်းတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ရေကာတာစီမံကိန်းနှင့် ၎င်းတို့၏ နောက်ဆက်တွဲထိခိုက်ပျက်စီးမှုဆိုင်ရာ သတင်းအချက်အလက် အနည်းအကျဉ်းခန့်ကိုသာ သိရှိထားခြင်းနှင့် လိုအပ်သည့် သတင်းအချက်အလက် အပြည့်အစုံကို ရယူအသုံးပြုနိုင်မှုမရှိခြင်း သည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ပေါ့ဆမှုတစ်ရပ်ပင်ဖြစ်သည်။

တောင်ကြီး၊ ကွန်ဟိန်းနှင့် လင်းခေးမြို့တို့တွင် ပြုလုပ်သည့် လူထုဆွေးနွေးတိုင်ပင်ပွဲများ၌ SMEC အနေဖြင့် ရေကာတာကြောင့် လူမူဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးအလားအလာများ၊ ရေ၀င်ဧရိယာနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ အစီအစဉ်များ နှင့် ပတ်သက်၍ ကျယ်ပြန့်ပြည့်စုံသည့် သတင်းအချက်အလက်(သို့မဟုတ်) လေ့လာသုံးသပ်ချက်များကို ဖော်ပြထားခြင်းမရှိကြောင်း ဝေဖန်ခဲ့ကြ သည်။ SMEC ကုမ္ပဏီက သူတို့ကို ထောက်ခံမယ့်သူတွေကိုပဲ အစည်းအဝေးဖိတ်တယ်။ ရေကာတာဆောက်မယ့်နေရာနဲ့ ဝေးတဲ့နေရာက လူတွေကိုပဲဖိတ်ကြားထားတော့ ထိခိုက်မှုသိပ်မရှိတဲ့ဒေသက လူတွေဖြစ်နေတယ်။ ဒါတောင်မှ စီမံကိန်းရဲ့ အကျိုးအမြတ်က ဘယ်သူ့ဆီကို ရောက် မယ်ဆိုတာကို မပြောပြခဲ့ဘူး။ သေချာတာကတော့ ၉၀ ရာခိုင်နှုန်းလောက်က အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချမယ်ဆိုတာ ရှင်းနေတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရှိနေတယ်ဆိုတာကိုပဲ ထပ်ခါတလဲလဲ ပြန်ပြောနေတာဟု မိုင်းပန်လူငယ်အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး ပြောဆိုခဲ့သည်။

SMEC ကုမ္ဗဏီအနေဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရာ၌ ပွင့်လင်းမြင်သာမှုမရှိသကဲ့သို့ အမှန်တကယ်ထိခိုက်ခံရမည့် လူထုလူတန်းစားများ၏ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်သွားခဲ့ခြင်းမရှိကြောင်း ဝေဖန်ခံရလျက်ရှိသည်။ ဒေသခံလည်းဖြစ်ပြီး သုတေသနပြုသူတစ်ဦးလည်းဖြစ်သော MPYA အဖွဲ့ဝင် Sam Pao Hom နန်းစံပေါင်းဟွမ် ၏အဆိုအရ၀မ်ဆာလားရွာက စီမံကိန်းဧရိယာနဲ့ အနီးစပ်ဆုံးရွာဖြစ်ပေမယ့်လည်း ညှိနှိုင်းတိုင်ပင်တဲ့ အစည်းအဝေးပွဲတွေကို အဲဒီရွာမှာ မလုပ်ဘူး။ အဲဒီအပြင် လုပ်တဲ့နေရာမှာလည်း အဲဒီရွာသားတွေကို ဦးတည်ဖိတ်ကြားတာလည်းမရှိပါဘူးဟု ပြောဆိုခဲ့သည်။

စီမံကိန်းဖော်ဆောင်သူများက နယ်ခံလူထု၏ စိုးရိမ်ပူပန်မှုများအပေါ် အလေးအနက်ထား အသိအမှတ်ပြု၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပျက် ကွက်ခြင်းသည် တာဝန်ယူမှုကင်းမဲ့ခြင်းပင်ဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ သံလွင်မြစ်တစ်လျှောက်တွင် နေထိုင်ကြသည့် တိုင်းရင်းသား လူနည်း စုများသည်သာ အနစ်နာခံပေးဆပ်ရပြီး အင်အားကြီးမားသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်နီးချင်းနိုင်ငံများကို အကျိုးအမြတ်ရရှိစေရန် ရည်ရွယ် ထားသည့် ရေအားလျှပ်စစ်စီမံကိန်းသာဖြစ်ကြောင်း သိသာထင်ရှားလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း တောင်ကြီးမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးညှိနှိုင်းတိုင်ပင်သည့် အစည်းအဝေးတွင် SMEC ကုမ္ဗဏီမှ အရာရှိတစ်ဦးကဒါက အစိုးရရဲ့ စီမံကိန်းဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ရှေ့ ဆက်ဖော်ဆောင်သွားမှာပဲဟု ပြောကြားခဲ့သည်။ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အရပ်ဖက်လူ့အဖွဲ့အစည်း ၂၀၀ ကျော် နှင့် လူဦးရေ ၂၃၇၁၇ ဦးတို့ပူးပေါင်း၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ SMEC ကုမ္ဗဏီသို့ ပေးပို့ခဲ့သော အဆိုပါကြေညာချက်ထဲ၌ အများ ပြည်သူ၏ ပူးပေါင်းပါဝင်မှုနည်းပါး၍ ပွင့်လင်းမြင်သာမှုမရှိသည့် SMEC ကုမ္ဗဏီ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက်ကို ကန့် ကွက်သည်ဟု ရေးသားထုတ်ပြန်ထားသည်။

ရေအားလျှပ်စစ်လိုလားသည့် အင်အားစုများက ဆက်လက်တိုက်တွန်းဆော်သြလျက်ရှိသော်လည်း အိမ်နီးချင်းတရုတ်နိုင်ငံ၏် ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲအစုံလင်ဆုံးနယ်မြေဒေသများကို ဖြတ်သန်းစီးဆင်းလာသည့် ယူနန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်(နုမြစ်) မြစ်ဖျားပိုင်းရှိ မြစ်သုံးစင်းအပြိုင်စီးဆင်းရာကမ္ဘာ့အမွေအနှစ်နယ်မြေဒေသအတွင်း ဆောက်လုပ်သွားရန် ၂၀၀၄ ခုနှစ်တွင် အစီအစဉ်ချခဲ့သည့် ရေကာတာဆောက်လုပ်ရေး လုပ်ငန်းများကို ဆိုင်းငံ့လိုက်သည့် ဆုံးဖြတ်ချက်အပေါ် တစ်ခဲနက်ထောက်ခံအားပေးမှုရရှိခဲ့သည်။ ဘူမိဗေဒပညာရပ် ကို လေ့လာဆည်းပူးခဲ့သည့် တရုတ်သမ္မတဟောင်း ဝမ်ကြားပေါင်သည် ရေကာတာကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေး အန္တရာယ်ဆိုးများကို ကောင်းစွာနားလည်သိမြင်သူဖြစ်သည်။ တရုတ်နိုင်ငံတွင်း၌ပင် ရေအရင်းအမြစ်ပေါကြွယ်ဝသည့် အဖိုးတန်နယ်မြေဒေသများ၌ ရေကာတာဆောက်လုပ်ခြင်းကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးသက်ရောက်မှုများအပေါ် အနည်းနှင့်အများဆိုသလို သိမြင်နားလည်ထားကြပုံ ရသည်။ ယခုနှစ် အစောပိုင်းကာလတွင် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများကို စိတ်အားတက်ကြွလာစေသည့် မျှော်မှန်းချက်နှင့်အတူ ယူနန် ပြည်နယ်ကွန်မြူနစ်ပါတီတာဝန်ရှိသူများက သဘာဝခရီးသွားလုပ်ငန်းကို အားပေးအားမြှောက်ပြုခြင်းသည် ဒေသခံများ၏ ဘ၀ရှင်သန်နေထိုင်မှု ပုံစံကို အကာအကွယ်ပေးသည့် အသင့်မြတ်ဆုံးဖွံ့ဖြိုးရေးနည်းလမ်းဖြစ်ကြောင်း လက်ခံသဘောတူခဲ့ကြပြီး နောင်တွင် Nujiang စီရင်စုနယ်ရှိ Grand Canyon အမျိုးသားဥယျာဉ်ဖြစ်လာမည့်ဒေသတွင် ရေကာတာများ တိုးမြှင့်တည်ဆောက်မည့် အစီအစဉ်များကို ဆိုင်းငံ့ခဲ့သည်။

အလားတူပင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသည့် အများပြည်သူ၏ စိုးရိမ်ပူပန်မှုများသည်လည်း ပိုမိုမြင့်မားလာခဲ့သည်။ ပဋိပက္ခဖျန်ဖြေ ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အလားအလာကောင်းလျက်ရှိသည့် အချိန်အခါမျိုး၌ “လူများစု၏ အကျိုးအမြတ်အတွက် လူနည်းစုက စတေးခံရမည်”ဟူသည့် အဆိုသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများနှင့် ဆန့်ကျင်ကွဲလွဲလျက်ရှိသည်။ လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေးဖြင့် ဂုဏ်သိက္ခာရှိစွာ မွေးဖွားလာကြသူများဖြစ်သည်။ မိုင်းတုံရေကာတာစီမံကိန်းကို သာဓကယူ၍ အစားထိုးမရနိုင်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်မီ နိုင်ငံတွင်းရှိလက်ရှိမူဝါဒရေးရာ စကားဝိုင်းများ၌ အပူတပြင်းရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် အမျိုးသားရေအားလျှပ်စစ်စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို အမြန်ဆုံးဆွေးနွေးအဖြေရှာရန် အလွန်အရေးကြီးသည်။

ချဉ်းကပ်မှုပုံစံ အပြောင်းအလဲပြုလုပ်ရန် လိုအပ်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းအတွင်း စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းမရှိသည့် စွမ်းအင်အရင်းအမြစ်များကိုသာ ထုတ်ယူသုံးစွဲသွားမည်ဟု ကတိက၀တ်ပြုထားသည်။ လက်ရှိ အစိုးရသစ်အနေဖြင့် အာဏာရလာပြီးနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ကိုင်တွယ်ရာ၌ NLD ပါတီ၏ ရွေးကောက်ပွဲဆောင်ပုဒ်ဖြစ်သည့် “ပြောင်းလဲ ချိန်တန်ပြီ” ဟူသည့်ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပုံရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း စီစဉ်ကျင်းပခဲ့သည့် တောင်ကြီးမြို့ လူထုတွေ့ဆုံဆွေးနွေးပွဲ၌ ရှမ်းပြည်နယ် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၀န်ကြီးဦးစိုးညွှန့်လွင်က “ကျွန်တော်တို့အနေနဲ့ အများစုရဲ့သဘောထားနဲ့ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထားပါတယ်။ အကယ်၍ ဆိုးကျိုးသက်ရောက်မှုတွေက အကျိုးအမြတ်ထက် များနေမယ်ဆိုရင်တော့ အစိုးရအနေနဲ့ သံလွင်မြစ်ပေါ်မှာ ဘယ်အကြီးစားရေအားလျှပ်စစ်စီမံကိန်းကိုမှ အကောင်အထည်ဖော်သွားမှာ မဟုတ်ပါဘူး။ စီမံကိန်းတစ်ခုလုံးကို အများပြည်သူလိုလားတဲ့အတိုင်း ဆောင်ရွက်ပေးဖို့အတွက် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ခံဖို့လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဤကဲ့သို့သော စကားရပ်များသည် လူပေါင်းများစွာကို စိတ်အားတက်ကြွလာစေခဲ့သည်။ အချိန်ပင်နှောင်းနေပြီဖြစ်သည့် သုံးသပ်ချက်နှင့် လျော် ကန်သင့်မြတ်သည့် အစီအမံမျိုး ရေးဆွဲပြင်ဆင်နိုင်သည့် အခွင့်အလမ်းမျိုးအတွက် နိုင်ငံရေးဆန္ဒရှိရန် လိုအပ်သည်။ ဤကဲ့သို့သောလိုအပ်ချက်ကို ရှုမြင်သဘောပေါက်မှုသည် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းတုံ(Mong Ton) ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့်သာမက ရေကာတာ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် ကံကြမ္မာတူလူထုလူတန်းစားများနှင့် ကျယ်ပြန်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက် အဝိုင်း၏ သုံးသပ်ချက်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရေကာတာ၏ ဆိုးကျိုးသက်ရောက်ထိခိုက်မှုကို ခါးစည်းခံနေရသည့် အများပြည်သူများ အကြား စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုထက်ပို၍ စွမ်းအင်ထုတ်လုပ်၍ ဖြန့်ဖြူးရန်နှင့် သာမန်ပြည်သူများအကြား လျှပ်စစ်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်လက်လှမ်းမီလာအောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်နေမှုအပေါ် စောဒကတက်နေခြင်းမဟုတ်ပါ။ ရေအားလျှပ်စစ်စွမ်းအင်သက်သက်သည် ပြဿနာမဟုတ်သကဲ့သို့ ဖြေရှင်းရေးနည်းလမ်းလည်းမဟုတ်ပါ။ လိုအပ် နေသည့်အရာမှာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိ၍ ရေရှည်တည်တံ့ခိုင်မြဲမှုရှိပြီး အများပြည်သူကို အကျိုးပြုသည့် စွမ်းအင်ရင်းမြစ် များနှင့် မူဝါဒများသာဖြစ်သည်။

သို့ပါသောကြောင့် သဘာဝသယံဇာတအရင်းအမြစ် ပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ရေခံမြေခံအနေအထားအရ ရေကာတာကြီးများနှင့် ဓာတ် အားပေးစက်ရုံများကဲ့သို့သော ဧရာမဖွံ့ဖြိုးရေးစီမံကိန်းများနှင့် လမ်း၊ တံတားများနှင့် စက်မူဇုံများအပါအ၀င် အကြီးစားအခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက် စေပြီး သဘာဝပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်သဖြင့် အလျင်စလို အလောတကြီး အကောင်အထည်ဖော်လုပ်ဆောင်ရန် မလိုအပ်ချေ။ အမှန်တကယ်တမ်း၌ အကြီးစားရေကာတာသည် အင်မတန်မှနှေးကွေးသည့် ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပြီး တည်ဆောက်ပြီးစီးရန်ပင် နှစ် ပေါင်းများစွာကြာမြင့်လေ့ရှိပြီး သံလွင်ကဲ့သို့သော မြစ်ကြီးများ၌ စီးဆင်းသည့် ရေပမာဏသည် ထုထည်ကြီးမားသဖြင့် တမံအဆင့်ဆင့်ခံ၍ တည် ဆောက်ထားသည့် ရေကာတာများထက် တမံတစ်ခုတည်းဖြင့် ပိတ်ဆို့တည်ဆောက်သည့် ရေကာတာများသည် ရေ၀င်ဧရိယာကြီးမား ကျယ်ပြန့် လွန်းသဖြင့် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများကို ပိုမိုပြင်းထန်လာစေလေ့ရှိသည်။ ဤရေကာတာများမှ ထုတ်လုပ်လိုက်သည့် စွမ်းအင် အားလုံးကို နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းမပြုဘဲ ပြည်တွင်း၌သာ သုံးစွဲရန်ရည်ရွယ်ထားလျှင်ပင် စွမ်းအင်စတင်ဖြန့်ဖြူးထောက်ပံ့နိုင်ရန်အတွက် အနည်းဆုံးဆယ်နှစ်မျှကြာမြင့်ပါလိမ့်မည်။ သို့ဖြစ်၍ ဧရာမရေကာတာများ တည်ဆောက်ရုံမျှဖြင့် လက်ရှိလိုအပ်လျက်ရှိသည့် စွမ်းအင်အကျပ်အ တည်းကို ပြေလည်သွားစေမည်မဟုတ်ကြောင်း ထင်ရှားလျက်ရှိသည်။ ထို့ကြောင့် ဤနည်းလမ်းအစား အခြားရွေးချယ်စရာ မူဝါဒများကို ဦးစွာ ရေးဆွဲပြင်ဆင်ထားရန် လိုအပ်ပါသည်။

စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့နိုင်ရန်အတွက် လက်ရှိဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် လည်ပတ်လျက်ရှိသည့် စနစ်များကို ဦးစွာအဆင့်မြှင့်တင်ရန်လိုအပ်သည်။ အများစုသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ထံမှ မြန်မာနိုင်ငံ စစ်လျော်ကြေးရရှိခဲ့ချိန်ကတည်းကအ တိုင်း စနစ်တကျထိန်းသိမ်းပြုပြင်မှုမရှိဘဲ လည်ပတ်လာခဲ့သည့် စနစ်များဖြစ်သည်။ အိုဟောင်းနေသည့် နည်းပညာဖြစ်သည့်အပြင် စနစ်တကျထိန်း သိမ်းပြုပြင်ခဲ့ခြင်းလည်းမရှိသဖြင့် အထွက်အားလွန်စွာနည်းပါးနေခဲ့သည်။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ရေ အရင်းအမြစ်များမှ ဒေသအဆင့်လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်သည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားလျက်ရှိသည်။ ဒေသခံပြည်သူတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းထောက်ပံ့ရန်အတွက် အကြီးစားရေကာတာများ တည်ဆောက်ခြင်းထက် အသေးစားရေအားလျှပ်စစ်စီမံကိန်း များဖော်ဆောင်ရန် ရာနှုန်းပြည့်ဖြစ်နိုင်သည့် အလားအလာရှိသည်။ တတိယအချက်အနေဖြင့် အိမ်နှင့် လုပ်ငန်းသုံးအတွက် မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်းခွဲများသို့ ဖြန့်ဖြူးထောက်ပံ့ပေးသည့် စွမ်းအင် ၅၀% ခန့် လေလွင့်ပြုန်းတီးလျက်ရှိသဖြင့် လက်ရှိကျင့်သုံးလျက်ရှိသည့် ဗဟိုဦးစီး စနစ်သည်လည်း ထိရောက်အကျိုးရှိမှု လွန်စွာနည်းပါးလျက်ရှိသည်။ ထို့အပြင် ပင်မဓာတ်အားလိုင်းနှင့် ဓာတ်အားလိုင်းခွဲများ တည်ဆောက်ရသည့် ကုန်ကျစရိတ်တစ်ခုတည်းသည်ပင် ရေကာတာကုန်ကျစရိတ်ထက် ကျော်လွန်များပြားလျက်ရှိသည်။ သို့ဖြစ်၍ ဗဟိုမဟာဓာတ်အားလိုင်းမှတစ်ဆင့် ပေးပို့ထောက်ပံ့ခြင်းထက် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးသည့်စနစ်အားဖြင့် ဓာတ်အားပေးစက်ရုံများမှ အသေးစားဓာတ်အားလိုင်းများ အားဖြင့် ပြည်နယ်နှင့် တိုင်းဒေသတစ်ခုချင်းအလိုက် ဖြန့်ဖြူးထောက်ပံ့ရန် အကြံပြုလိုပါသည်။ စတုတ္ထအနေဖြင့် သဘာဝပတ်ဝန်းကျင်ပညာ၊ လူမှုစီး ပွားရေးအစီအစဉ်ရေးဆွဲမှု၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများကို မြှင့်တင်ပေးခြင်းနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုအတတ်ပညာများအ ပါအ၀င် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များနှင့် မူဝါဒများကို လေ့လာဆည်းပူးသည့် ပညာရပ်များကို အဆင့်မြှင့်တင်၍ စွမ်းအင်ထိရောက်အကျိုးရှိမှုအ တွက် ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့ပေးသည့် စနစ်တစ်ရပ် ရေးဆွဲပြင်ဆင်ရန် လိုအပ်လျက်ရှိသည်။

ကျမအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်သည် မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့ခိုင်မြဲသည့် လူမူရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရာ၌ အဓိကကျသည့် သော့ချက်အခရာဖြစ်သည်ဟု အခိုင်အမာပြောလိုပါသည်။ ကောင်း မွန်သည့်အုပ်ချုပ်ရေးစနစ်၌ ပွင့်လင်းမြင်သာမူ၊ အများပြည်သူ၏ အဓိပ္ပာယ်ပြည့်ဝသည့် ပူးပေါင်းပါဝင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ထိရောက်သည့် တရားဥပဒေစိုးမိုးရေး၊ တစ်ဦးချင်းလုံခြုံရေးနှင့် အများပြည်သူအကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ အကာအကွယ်ပေးရန် လုံလောက်သည့်ဘဏ္ဍာ ငွေခွဲဝေချထားမှုတို့ ပါဝင်သင့်သည်။ ကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် ကောင်းမွန်သည့်စီမံခန့်ခွဲမှုတို့ကို ဖော်ဆောင်ရန်ပျက်ကွက်ခဲ့ပါက သယံဇာတ အရင်းအမြစ်များကို မတရားခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် နယ်ခံလူထုလူတန်းစားများကို ချန်လှပ်ပစ်ပယ်မှုများကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ လျော်ကန်သင့်မြတ်သည့်ဥပဒေများကို ရေးဆွဲပြင်ဆင်၍ စည်းကြပ်ဖော်ဆောင်ရန်၊ အုပ်ချုပ်ရေးယန္တရား စီမံအုပ်ချုပ်မှုအားကောင်းလာစေ ရန်၊ လူတိုင်းအတွက် စဉ်ဆက်မပြတ်သည့် စွမ်းအင်အထောက်အပံ့ရရှိစေရန်နှင့် နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့် သဘာဝပတ် ၀န်းကျင်ပျက်စီးဆုံးရှုံးမှုများကို အဆုံးသတ်ရန်အတွက် သက်ဆိုင်ရာဇာတ်ကောင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် မဖြစ်မနေလိုအပ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေငြိမ်းချမ်းရေးရရှိရန်နှင့် ကောင်းမွန်သည့်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ယူမှုရှိသည့် ပညာ ရေးစနစ်တို့အားဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအကြား အာဏာချိန်ခွင်လျှာ သာတူညီမျှရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံ အတွက် စွမ်းအင်ထုတ်ယူသုံးစွဲရန် အရေးတကြီးလိုအပ်လျက်ရှိသည်မှန်သော်လည်း မမျှမတဖြစ်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုနှင့် အများ ပြည်သူထိခိုက်ပျက်စီးမှုတို့ကို ပိုမိုဆိုးရွားသွားစေခြင်းမရှိဘဲ အားလုံးတစ်ပြေးညီ အကျိုးခံစားခွင့်ရရှိရန် မဖြစ်မနေလိုအပ်သည်။

Nang Shining သည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် သဘာဝပတ်ဝန်းကျင်အရေး စည်းရုံးလှုပ်ရှားရာ၌ ကျွမ်းကျင်လိမ္မာသည့် ရှမ်းပြည်နယ်မှ ပညာ ရှင်တစ်ဦးဖြစ်သည်။ ယခင်က Image Asia နှင့် Earthrights International အဖွဲ့များ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများကို တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး မိုင်းပန်(Mong Pan Youth Association) လူငယ်အစည်းအရုံးကို တည်ထောင်ခဲ့သည့်အပြင် Weaving Bonds Across Borders အဖွဲ့ကိုပါ ပူးတွဲ တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် ကြားကာလငြိမ်းချမ်းရေးအချိုးအကွေ့နှင့် ပဋိပက္ခကို အသွင်ပြောင်းခြင်း၊ မဲခေါင်နှင့် သံလွင်ဒေသတစ် လွှားဖြစ်ပွားသည့် လူ့အခွင့်အရေးများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင်တစားစောင့်ကြည့်လေ့လာသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။