ရှမ်းတပ်မတော်တစ်ခု၏ ခရီးရှည်ချီတက်မှုနှင့် ပြန်လည်ဆုတ်ခွာမှု

ခွန်ဆေလုံ၏* မြန်မာပိုင်းသုံးသပ်တင်ပြချက်
03 May 2022
Article

ယခုနှစ် ဖေဖော်ဝါရီလအထိ ရှမ်းပြည်တွင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သောနေရာ (၂) ခုရှိခဲ့ပါသည်။ နမ္မတူ၊ သီပေါ၊ ကျောက်မဲနှင့် မိုင်းကိုင်မြို့နယ်များတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မဟာမိတ် တပ်ဖွဲ့တစ်ခုဖြစ်သည့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA)တို့ ပူးပေါင်းထားသည့် တပ်ပေါင်းစုအကြား ထိတွေ့ တိုက်ခိုက်မှုများ ကျယ်ပြန့်လာခဲ့သည်။ တစ်ချိန်တည်းလိုလို၌ စစ်ကောင်စီလက်အောက်ခံ တပ်မတော် နှင့် (ကိုးကန့်)မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု(MNDAA)တို့သည် ပြည်နယ်၏ အရှေ့မြောက် ပိုင်းဒေသ အထူးသဖြင့် မူဆယ်မြို့နယ် အရှေ့ခြမ်းရှိ မုန်းကိုးနှင့် ဖောင်းဆိုင်ဒေသများ၌ မီးကုန် ယမ်းကုန်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိခိုက်ကျဆုံးမှု အလွန်များပြားသည်ဟု ယင်းနယ်မြေတစ်လွှားရှိ ဒေသခံများက ပြောဆိုခဲ့သည်။ နယ်ခံလူထုလူတန်းစားများက စစ်ကောင်စီကို ဆက်လက်တော်လှန် လျက်ရှိသည့် ရှမ်း-ကယားနယ်စပ်ဒေသများမှလွဲ၍ ရှမ်းပြည်၏ ကျန်ဒေသများ၌မူ အမှတ်မထင် ကြိုကြားကြိုကြားဖြစ်ပွားလေ့ရှိသည့် အသေးစားထိတွေ့တိုက်ခိုက်မှုများသာရှိနေခဲ့သည်။

RCSS စစ်ရေးပြ အခမ်းအနား၊ လွယ်တိုင်းလျှံ။ ဓါတ်ပုံ
RCSS စစ်ရေးပြ အခမ်းအနား၊ လွယ်တိုင်းလျှံ။ ဓါတ်ပုံ / Photo credit TNI

RCSS ၏ တော်လှန်ရေးခရီးအစ

RCSS နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)အကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခကို နားလည်လိုပါက နိုင်ငံရေးနောက်ခံသမိုင်းကြောင်းကို မဖြစ်မနေသိရှိထားရန် လိုအပ်ပါသည်။ ၁၉၈၅ ခုနှစ်၌ ဘိန်းဘုရင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ခွန်ဆာ(ချန်ရှီဖူး) စတင်တည်ထောင်ခဲ့ပြီး “ရှမ်းပြည်တပ်မတော်”ဟု အမည်ရသည့် MTA စိုးမိုးခဲ့သည့်ခေတ်ကို ရှမ်းပြည်သမိုင်းကြောင်းမှ ဖယ်ထုတ်ထား၍ ရလိမ့်မည်မဟုတ်ပါ။ ၁၉၈၀ ပြည့်နှစ်လွန်နှောင်းပိုင်းကာလ၌ ဟိုမိန်းနှင့် ထိုင်း နယ်စပ် ဒွိုင်လန်းဒေသတို့ကို အမာခံခြေကုပ်ယူထားသည့် MTA သည် တပ်ဖွဲ့ဝင်အင်အားတစ်သောင်းကျော် သည်အထိ အင်အားကြီးလာခဲ့သည်။ ထို့အပြင် MTA တပ်မှူးများသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေး အဆက်အစပ်ရှိသည့် ရှမ်းပြည်အနှံ့ရှိ နယ်မြေဒေသအများအပြားသို့တိုင် တပ်အင်အားများကို ဖြန့်ချသွားနိုင်ရန်လည်း ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

စစ်တပ်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(SLORC) အာဏာရယူခဲ့သည့် ၁၉၈၈ ခုနှစ် ရောက်သည့်အခါ MTA အတွက် အပြောင်းအလဲများပေါ်ပေါက်လာခဲ့သည်။ တစ်နှစ်အကြာ ၁၉၈၉ ခုနှစ် အတွင်း နဝတအစိုးရသည် တရုတ်ပြည်နယ်စပ် တစ်လျှောက်ရှိ နယ်မြေဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)ကို တပ်တွင်းအာဏာသိမ်း၍ ခွဲထွက်သွားခဲ့ကြသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် MNDAA အပါအဝင် အခြား EAOs များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ MTA နှင့် UWSA အကြား ပြိုင်ဆိုင်မှုပြင်းထန် လာသည်နှင့် အမျှ တပ်မတော်၏ အကူအညီရယူ၍ ထိုင်းနယ်စပ်ရှိ MTA ဌာနချုပ်ကို တိုက်ခိုက်သိမ်းယူရန် ဝတပ်ဖွဲ့များကြိုးပမ်းခဲ့သည့် နာမည်ကျော် ဒွိုင်လန်းတိုက်ပွဲကြီးဖြစ်ပွားလာခဲ့သည်။ အသက်ရှင်ကျန်ရစ်ခဲ့ သူများက အဆိုပါစစ်ပွဲသည် နှစ်ဖက်စလုံးအကျအရှုံး အလွန်များခဲ့ပြီး ၎င်းတို့ကိုနှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့သည့် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်သည်ဟု ပြန်ပြောင်းပြောဆိုသွားခဲ့ ကြသည်။ UWSA နှင့် MTA တို့သည် ရှမ်းပြည်နယ်၏ နိုင်ငံရေးဇာတ်ခုံကို လွှမ်းမိုးထိန်းချုပ်နိုင်စေရန် ရေကုန်ရေခန်းမလျှော့ စတမ်း အပြင်းအထန်အားပြိုင်ခဲ့ကြသည်။

သို့သော်လည်း MTA၊ UWSA နှင့် တပ်မတော်တို့အကြား လွန်ဆွဲအားပြိုင်မှုသည် ရိုးရှင်းသည့် တစ်ပွဲတိုးတိုက်ပွဲသက်သက်မဟုတ်ခဲ့ဘဲ အခြားအကျိုးစီးပွားပေါင်းများစွာ လုံးထွေးပါဝင်နေခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါးကုန်ကူးမှုဖြင့် နိုင်ငံတကာ၌ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ကြသည့် “ဝေညီအစ်ကိုများ”အနက် ဝေရှောက်ကန်းသည် ခွန်ဆာနှင့်အတူ အမေရိကန်အစိုးရ၏ ဆုငွေထုတ်ခံခဲ့ ရသည်။ ၎င်းအနေဖြင့် ယခင်အချိန်က ခွန်ဆာနှင့်လက်တွဲ၍ စီးပွားရေးလုပ်ခဲ့သူတစ်ဦး ဖြစ်လင့်ကစား MTA အပေါ် အငြိုးအာဃာတကြီးမားသူတစ်ဦးဖြစ်ကြောင်း အများသိကြသည့်အတိုင်း နောက်ပိုင်း၌ ခွန်ဆာကို ပုဂ္ဂိုလ်ရေးအရရန်ငြိုးထားသည့် အကြီးမားဆုံးသော ရန်သူတော်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ UWSA စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်နောက်ပိုင်း တော်လှန်ရေးအရွေ့သစ်၌ ဝေရှောက်ကန်း ပါဝင်လာခဲ့ပြီး တောင်ပိုင်းဒေသ စစ်ဆင်ရေးလုပ်ငန်းများအတွင်း အလွန်ဩဇာကြီးသည့် ရာထူးနေရာ သို့ရောက်ရှိလာခဲ့သည်။ ဤအကြောင်းတရားများက ဒွိုင်လန်းတိုက်ပွဲကို ဖြစ်ပွား စေခဲ့သည့် မောင်းနှင် အား၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်ဟု နယ်ခံများက သုံးသပ်ယူဆခဲ့ကြသည်။

တရုတ်ဩဇာလွှမ်းမိုးမှုသည်လည်း အလားတူအရေးပါသည့် အကြောင်းတရားတစ်ခုဖြစ်ခဲ့သည်။ USWA ဖွဲ့စည်းတည်ထောင်ခဲ့ ပြီးနောက်ပိုင်း ဝခေါင်းဆောင်များသည် MTA အပေါ်သံသယမကင်းရှိသည့် အိမ်နီးချင်းတရုတ်အစိုးရအရာရှိများနှင့် အလွန်နီးစပ်သည့် ဆက်ဆံရေးမျိုးကို ပြန်လည်တည်ဆောက် ခဲ့ကြသည်။ MTA ရာထူးစဉ်၌ တာဝန်ယူထားကြသူများသည် စစ်အေးကာလအတွင်း ထိုင်းနိုင်ငံ၏ ရှုပ်ထွေးပွေလီလှသည့် နယ်စပ်လောက အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည့် ကူမင်တန်(KMT)အကျိုးစီးပွား များနှင့် မကင်းရာမကင်းကြောင်းရှိခဲ့ကြသူများဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ၌ KMT ၏ ဩဇာလွှမ်းမိုးမှု ကျဆင်းသွားခဲ့သော်လည်း ဘေကျင်းအစိုးရသည် KMT ကို အမေရိကန်နှင့် ထိုင်းအကျိုးစီးပွားများနှင့် ဆက်စပ်မှုရှိနေသည်ဟု မှတ်ယူထားဆဲဖြစ်သည်။ UWSA အနေဖြင့် တရုတ်၏ အလိုက်တသိ ထောက်ပံ့မှုကို ကောင်းစွာအသုံးချနိုင်ခဲ့သည်။

ဤကဲ့သို့သော နောက်ခံအခြေအနေမျိုး၌ ဝါရင့်တပ်မှူးကြီးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးကန်းရွက်သည် တပ်ဖွဲ့ဝင်အမြောက်အများ နှင့်အတူ ၁၉၉၅ ခုနှစ် ဇွန်လအရောက်တွင် MTA မှ ခွဲထွက်သွားခဲ့ပြီး ရှမ်းပြည်အမျိုးသားတပ်မတော်(SSNA)ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နဝတအစိုးရနှင့် အပစ်အခတ် ရပ်စဲသွားခဲ့သည်။ အဆိုပါခွဲထွက်မှု၏ လက်ငင်းအကျိုးဆက်အဖြစ် MTA တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာ များစွာထိခိုက်ခဲ့ရပြီး ယင်းအပေါ် ရှုမြင်သုံးသပ်သည့် အမြင်သဘောထားများကွဲလွဲလာခဲ့သလို တရုတ်အုပ်စုနှင့် ရှမ်းအုပ်စုအကြား သံသယစိတ်များ ကြီးထွားလာခဲ့သည်။

နောက်ပိုင်း၌ SSNA သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ထိန်းချုပ်ထားဆဲဖြစ်သည့် သက်တမ်းရင့် ရှမ်းတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် SSPP နှင့် မဟာမိတ်ဖွဲ့သွားခဲ့သည့် ကိစ္စရပ် သည်လည်း အလွန်အရေးပါသည့် အရွေ့တစ်ခုဖြစ်သည်။ အစောပိုင်း၌ ရှမ်းပြည်တပ်မတော်(SSA) ဟုသိခဲ့ကြသည့် SSPP ကို တက္ကသိုလ်ကျောင်းသားများဦးဆောင် ၍ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အလျင်အမြန်ပင် ရှမ်းအမျိုးသားရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ ဦးစီးခေါင်းဆောင်မှုပေးနိုင်သည့် အနေအထားသို့ရောက်ရှိလာခဲ့သည်။ သို့သော် SSPP သည်လည်း နောက်ပိုင်းနှစ်များအတွင်း ခွဲထွက်မှုအကွဲအပြဲဒဏ်ခံခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြေများကို MTA ဆီသို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဤအရွေ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ SSPP ခေါင်းဆောင် များအား ဗကပနှင့် နောက်ပိုင်း UWSA တို့နှင့် ပိုမိုနီးစပ်သွားစေရန် တွန်းပို့ပေးခဲ့သည့် မောင်းနှင်အား ဖြစ်သည် ဟုလည်း ရှုမြင်သုံးသပ်ခဲ့ကြသည်။ ထို့နောက် ၁၉၈၉ ခုနှစ်အရောက်တွင် SSPP သည် UWSA နှင့် ယခင်ဗကပအဖွဲ့ဝင်အင်အားစုများနည်းတူ နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးသွားခဲ့သည်။ ထို့အပြင် SSPP နှင့် SSNA တို့ပူးပေါင်း၍ “ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီ(SSPC)”ကို ထပ်မံဖွဲ့စည်းလိုက်ခြင်းက MTA တပ်ဖွဲ့ဝင်များအတွက် နောက်ထပ် စိတ်ဓာတ် ရေးရာ ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။

အဖက်ဖက်မှ တိုးပွားလာနေသည့် ဖိအားများကြောင့် ခွန်ဆာနှင့် MTA ထိပ်ပိုင်းခေါင်းဆောင်များသည် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့၌ တပ်မတော်ထံသို့ အကြွင်းမဲ့လက်နက်ချခဲ့ကြသည်။ ဤသဘောတူညီ ချက်အောက်၌ လက်နက်ချအညံ့ခံခဲ့ကြရသည့် တပ်ဖွဲ့ဝင်ဦးရေ တစ်သောင်းကျော်မျှရှိမည် ဟု ခန့်မှန်းခဲ့ကြသည်။ အစီအစဉ်မရှိ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရုတ်တရက် လက်နက်ချလိုက်သောကြောင့် ရှမ်းပြည်နယ်၏ နေရာဒေသအသီးသီးရှိ MTA တပ်စခန်းများမှ အကြပ်တပ်သားများအားလုံး ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ လက်နက်ချလိုက်ပြီးနောက် အကြပ်တပ်သားများသည် ဝမ်းရေးအတွက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြသည်။ ‘နဝတ’အစိုးရသည် MTA တပ်မှူးအချို့ကို ပြည်သူ့စစ် အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးအပ်၍ တပ်မတော်၏ အာဏာစက်အောက်ရှိ နယ်မြေဒေသများ၌ ခွဲဝေနေရာချထားပေးခဲ့ရာ အချို့သည်ယနေ့အချိန်ထိ ပြည်သူ့စစ်အဖြစ် ဆက်လက် ရပ်တည်နေကြဆဲဖြစ်သည်။ သို့သော်လည်း သာမန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် ပေါင်းများစွာသည် မိမိတို့အတွက် နောက်ပိုင်းမည်သို့ဆက်ဖြစ်လာမည် မိမိတို့၏ စားဝတ်နေရေးအတွက် မည်သို့လုပ်ကိုင်စားသောက်ကြရ မည်မှန်းမသိတဲ့ မရေမရာဘဝမျိုးဖြင့် အဆုံးသတ်ခဲ့ရသည်။

အလားတူပင် ခွန်ဆာ၏ ဆုံးဖြတ်ချက်အပေါ် MTA တပ်ဖွဲ့ဝင်တိုင်းက လက်ခံသဘောတူခြင်းမရှိခဲ့သည့် ကိစ္စရပ်ကိုလည်း အလေးအနက်မထားခဲ့ကြပေ။ ရလဒ်အနေဖြင့် MTA ကို တည်ထောင်ခဲ့သူများအကြား ရှမ်းအမျိုးသားရေးဝါဒပြင်းထန်သည့် အင်အားစုမှလာသော ယွတ်ဆစ်ဦးဆောင်သည့် ငယ်ရွယ်သူအရာရှိ တစ်သိုက် ခွဲထွက်သွားခဲ့ပြီး RCSS ဟုခေါ်သည့် တပ်ဖွဲ့သစ်တစ်ခု ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။** အစောပိုင်း၌ ၎င်းတို့၏ ယခင်အမည်ဟောင်းဖြစ်သည့် စည်းလုံးညီညွတ်သော ရှမ်းတော်လှန်ရေး တပ်မတော်(SURA) ဟု သိခဲ့ကြသည့် ၎င်းတို့သည် MTA ၏ အောက်ခြေရဲဘော်ဟောင်းများအကြား ထောက်ခံမှုရရှိစေရန် ပြန်လည်စည်းရုံးလှုံ့ဆော်မှုပြုခဲ့ကြသည်။ နဝတအစိုးရသည် ထိပ်ပိုင်းအဆင့်မြင့် အရာရှိများကို လိုလေသေးမရှိ ထောက်ပံ့ကူညီခဲ့သော်လည်း လူမှုဒုက္ခပေါင်းစုံဖြင့် တကွဲတပြားပြန့်ကျဲ နေကြပြီး သာမန်အရပ်သားများကဲ့သို့ အသက်မွေးဝမ်းကျောင်းမပြုတတ်ကြသည့် အောက်ခြေရဲဘော်များ အတွက် မည်သည့် လူမှုဖူလုံရေးအထောက်အပံ့မျှ ပေးအပ်ခြင်းမရှိခဲ့ပေ။ မည်သည့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကိုမျှ အကောင်အထည်ဖော်ပေးခဲ့ခြင်းမရှိပေ။ ကစဥ့်ကလျားဆက်ဖြစ်နေသည့် အခြေအနေက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများ၌ ယခင် SURA တော်လှန်ရေးအင်အားစုများကို အချိန်တိုအတွင်း ပြန်လည် စုစည်းစေနိုင်ခဲ့သည်။

ထိုအချိန်က ခေါင်းဆောင်ဖြစ်သူယွတ်ဆစ်သည် ရှမ်းတော်လှန်ရေးအင်အားစုများကို အလံတစ်ခုတည်း အောက် ပေါင်းစည်းသွားနိုင်မည့် အလားအလာမျိုးပေါ်ပေါက်လာအောင် ဆွေးနွေး အဖြေရှာရန်အတွက် ရှမ်းပြည်နယ်တွင်းနယ်မြေဒေသအချို့ကို ထိန်းချုပ်ထားသည့် SSPP နှင့် SSNA တို့ကို စတင်ဆက်သွယ်မှု ပြုခဲ့သည်။ အမှန်တကယ် ဆွေးနွေးသဘောတူခဲ့သည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေခဲ့သည်။ အခြေအတင်ဆွေးနွေးညှိနှိုင်းခဲ့ရသည့် ကိစ္စရပ်တစ်ခုမှာ ရှမ်းပြည်နယ် အဖွဲ့အစည်း(SSO)ဟူသည့် တော်လှန်ရေးထီးရိပ်တစ်ခုတည်းအောက်၌ မြောက်ပိုင်းဒေသများကို SSPP နှင့် တောင်ပိုင်းဒေသများကို SURA တို့၏ ထိန်းချုပ်နယ်မြေများအဖြစ် နယ်မြေခွဲသွားမည့် ကိစ္စရပ်ဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံး၌ မည် သည့်ဆုံးဖြတ်ချက်ကိုမျှ မချမှတ်နိုင်ခဲ့ကြပေ။

ရှမ်းတပ်ဖွဲ့များ ပေါင်းစည်းသွားမည့်အရေးကို တားဆီးဟန့်တားရန်ရည်ရွယ်၍ တပ်မတော်ဖက်က ထိုးစစ်ကြီးဆင်နွဲလာခဲ့ခြင်းကလည်း ရှမ်းတော်လှန်ရေးကို အားသစ်လောင်းမည့် ရှေ့လုပ်ငန်းစဉ်များ အနှောက်အယှက်ဖြစ်ခဲ့ရသည်။ ယင်းနှင့်အတူ ရှမ်းသမိုင်း၏ အမှောင်ဖုံးသည့်ကာလများ လိုက်ပါလာ ခဲ့တော့သည်။ ရှမ်းပြည်နယ်အလယ်ပိုင်းဒေသ ကွန်ဟိန်းနှင့် မိုင်းပန်ဧရိယာတစ်လျှောက် ၁၉၉၆-၁၉၉၇ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့သည့် တပ်မတော်၏ “ဖြတ်လေးဖြတ်”စစ်ဆင်ရေးသည် ကျေးရွာပေါင်းနှစ် ထောင်ကျော်ကိုဖျက်ဆီးပစ်ခဲ့သည်။ ရလဒ်အနေဖြင့် လူပေါင်းသုံးသိန်းကျော်၏ အိုးအိမ်များပျက်စီးသွားခဲ့ပြီး ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ၊ ထိုင်းနယ်စပ်ကို ဖြတ်ကျော်သွားခဲ့သည့် စစ်ဘေး ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်လာခဲ့ရသည်။

ထိုအချိန်က ဤအဖြစ်အပျက်များနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၌ အစီရင်ခံတင်ပြမှုများ မရှိသလောက်နည်းပါးခဲ့သည်။ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်၌ သတင်းခေါင်းစည်းဖြစ်မလာခဲ့သလို ဆင်းရဲဒုက္ခရောက်နေရသည့် လူထုလူတန်းစားများအတွက် လူသားချင်းစာနာထောက်ထားမှု အထောက် အပံ့များ ဆိုးဆိုးရွားရွားပြတ်လပ်နေခဲ့သည်။ မည်သို့ဆိုစေ ရှမ်းအမျိုးသားရေးစိတ်ဓာတ်ကို ဦးချိုးရန် ကြံစည်ခဲ့သည့် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ခုတ်ရာတစ်ခြားရှရာတစ်ခြား ရလဒ် မျိုးဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ ရှမ်းတော်လှန်ရေးသမားများနှင့် ရှမ်းပြည်သူလူထုများက MTA လက်နက်ချ အညံ့ခံ၍ ပြိုကွဲသွားခဲ့ပြီးနောက် မိမိတို့ကိုယ်ကိုမိမိတို့ ခုခံကာကွယ်နိုင်စွမ်းမရှိတော့သဖြင့် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်သွားခဲ့ကြသည်။ ၎င်းတို့အနေဖြင့် လက်နက်မရှိတော့သည့် အတွက်သာ မြေစာပင်ဖြစ်ခဲ့ရသည်ဟု မှတ်ယူခဲ့ကြသည်။

ထိုအချိန်မှစ၍ ရှမ်းအမျိုးသားနိုင်ငံရေးဇာတ်ခုံ ကသောင်းကနင်းဖြစ်လာခဲ့တော့သည်။ နဝတအစိုးရကို ၁၉၉၇ ခုနှစ်အရောက် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(SPDC)ဖြင့် အစားထိုး ဖွဲ့စည်းခဲ့ပြီး ရှမ်းတော်လှန်ရေးလှုပ်ရှားမှုမှန်သမျှကို ဆက်တိုက်ဖိအားပေးလာခဲ့သည်။ အပစ်အခတ်ရပ်စဲ ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လွှား တပ်ရင်းတပ်ဖွဲ့များ ဖြန့်ချထားသည့် SSNA သည် သီပေါမြို့နယ် ပန်ညုဒေသအနီးရှိ ခိုင်းဆင်နယ်မြေကို ဌာနချုပ်အဖြစ် အခြေစိုက်လှုပ်ရှား နေခဲ့ခြင်းဖြစ်သည်။ သို့သော် လည်း စောဝ်ကန်းရွက်သေဆုံးသွားပြီးနောက်ပိုင်း တပ်မတော်သည် အကြွင်းမဲ့လက်နက်ချရန် သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းသွားရန် SSNA ကို ဘက်ပေါင်းစုံမှ တစ်ရစ်ပြီးတစ်ရစ် ဖိအားပေး လာခဲ့သည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် သိန္နီမြို့နယ် အခြေစိုက် စောဝ်ကန္နဦးဆောင်သည့် တပ်ရင်းတစ်ရင်း လက်နက်ချအညံ့ခံသွားခဲ့သည်။ အလားတူပင် နဝတ-နအဖအစိုးရလက်ထက်၌ တပ်တွင်းခွဲထွက်မှုများကြောင့် နယ်မြေဒေသအချို့ လက်လွတ်ဆုံးရှုံး ခဲ့ရပြီးနောက် အပစ်အခတ် ရပ်စဲထားခဲ့သည့် SSPP အပေါ် တပ်မတော်၏ ဖိအားပေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

SSNA ၏ ဌာနချုပ်စခန်းကို နအဖအစိုးရဖက်က တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့သည့် ၂၀၀၅ ခုနှစ် မေလ အရောက်တွင် အခြေအနေတစ်ဆစ်ချိုးပြောင်းလဲသွားရန် အကြောင်းဖန်လာခဲ့တော့သည်။ အကျိုးသက် ရောက်မှုအနေဖြင့် SSNA ၏ တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးစိုင်းယီသည် ၎င်း၏တပ်ဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည် နယ်တောင်ပိုင်းဒေသသို့ ဆုတ်ခွာသွားခဲ့သဖြင့် တပ်မတော်နှင့် ချုပ်ဆိုထားခဲ့သည့် အပစ်အခတ် ရပ်စဲရေး တရားဝင်ပျက်ပြယ်သွားခဲ့ပြန်သည်။ နောက်ပိုင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို အခြေစိုက် လှုပ်ရှားခဲ့ဖူးသည့် ကြွင်းကျန် SSNA တပ်ဖွဲ့ဝင်များသည် ထိုင်းနယ်စပ်အခြေစိုက် RCSS နှင့်ပူးပေါင်း သွားခဲ့ပြီး ခိုင်မာတောင့်တင်းသည့် လက်နက်နှင့် တပ်ဖွဲ့ဝင်အင်အားတစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြ သည်။

မည်သို့ဆိုစေ မြေပြင်နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေသည် ဆက်လက်ရှုပ်ထွေးနေဆဲဖြစ်သည်။ အပစ်အခတ်ရပ်စဲထားသည့် SSPP နှင့် အပစ်အခတ်ရပ်စဲထားခြင်းမရှိသည့် RCSS တို့ကဲ့သို့သော အဓိက အင်အားကြီး EAOsများ အပါအဝင် ရှမ်းတိုင်းရင်း သားပြည်သူများနေထိုင်ရာ နယ်မြေဒေသ အနှံ့အပြား၌ ပြည်သူ့စစ်တပ်ဖွဲ့များ ဟိုတစ်စု ဒီတစ်စုအလျှိုလျှိုပေါ်ထွက်လာခဲ့သည်။ SURA ကို RCSS အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းအချိန်မှစ၍ “ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP)နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(RCSS)”ဟူသည့် အရပ်သုံးအခေါ်ဖြင့် လူအများသိရှိလာကြ တော့သည်။

၂၀၁၅ ခုနှစ် NCA - ရှမ်းနိုင်ငံရေးဇာတ်ခုံ အပြောင်းအလဲဖြစ်စေခဲ့သည့် အရွေ့တစ်ခု

နဝတ/နအဖ စစ်အစိုးရသည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ခေါ်ယူကျင်းပမှုမပြုမီ ၂၀၀၈ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပ ဒေမူကြမ်းကို အချောသတ်ရေးဆွဲပြင်ဆင်ခဲ့ကြသည်။ ထို့နောက် ၂၀၁၁ ခုနှစ် မတ်လ အရောက်တွင် သမ္မတဦးသိန်းစိန်နှင့် အပေါင်းပါ တပ်ဖက်အရာရှိကြီးများသည် အရပ်သားတစ်ပိုင်း-စစ် အစိုးရစနစ်သစ်ကို အကောင်အထည်ဖော်ရန် မိမိတို့၏ စစ်ယူနီ ဖောင်းများချွတ်၍ အရပ်ဝတ် လဲခဲ့ကြ တော့သည်။ ဦးသိန်းစိန်အစိုးရသည် အာဏာရလာသည်နှင့် တစ်ပြိုင်နက် ဤအခင်းအကျင်း များနှင့် အပြိုင်ဖြစ်လာမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်တစ်ခုကို စတင်ဖော်ဆောင်လာခဲ့သည်။ ဤအရွေ့သည် လက်နက်ပဋိပက္ခဒဏ်ဖြင့် အကွဲကွဲအပြဲပြဲဖြစ်နေသည့် နိုင်ငံမျိုး၌ အဓိကကျသည့် တိုးတက်ပြောင်းလဲမှု တစ်ခုဖြစ်လာခဲ့ပြီး နောက်ပိုင်း၌ အားလုံး လွှမ်းခြုံပါဝင်မှုရှိခဲ့သည်ဟု မဆိုသာသော်လည်း SSPP၊ RCSS နှင့် UWSA တို့အပါအဝင် အခြားသက်ဆိုင်ရာ EAOs အများ အပြားနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲများကို ဆက်တိုက်ဆိုသလို ခေါ်ယူကျင်းပလာခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ၂၀၁၅ ခုနှစ်မတိုင်မီ နောက်ပိုင်းနှစ်များအတွင်း စိန်ခေါ်မှုအများအပြားနှင့် အကြိမ်ကြိမ်တစ်ဆို့မှုများကို ကြုံတွေ့ခဲ့ ရသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အတက်အကျအလှည့်အပြောင်းများစွာဖြင့် ဆက်လက် စခန်းသွားနေခဲ့သည်။ ထိုအချိန်က ဦးသိန်းစိန်အနေဖြင့် သမ္မတ သက်တမ်း နောက်တစ်ကြိမ်အနိုင်ရရန် သေချာမှုမရှိတော့သဖြင့် ၎င်းနှင့် ထိပ်ပိုင်းအရာရှိများသည် ၎င်းတို့၏ အစိုးရသက်တမ်း မကုန်ဆုံးမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိဂုံးချုပ်နိုင်ရန် အသည်းအသန်လိုလားနေခဲ့ကြသည်။ အဓိကအင်အားကြီး EAOs များမဆုံး ဖြတ်နိုင်သေးသည့် သို့မဟုတ် တပ်မတော်မှ အချို့ကို တမင်ချန်ထားခဲ့သည့် အခင်းအကျင်းမျိုး၌ RCSS နှင့် အခြား EAOs ၇ ဖွဲ့ သာလျှင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ လက်မှတ်ထိုး ပွဲသို့ တက်ရောက်ကြရန် ပြင်ဆင်ထားခဲ့သည်။ အထူးသဖြင့် SSPP၊ UWSA နှင့် ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO)ကဲ့သို့သော EAOs များသည် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်လျှောက် ပါဝင်လာခဲ့ကြ သော်လည်း အပြည့်အဝကျေနပ်အားရမှုမရှိသေးသဖြင့် လက်မှတ်မထိုးခဲ့ကြပေ။

ဤနည်းအားဖြင့် အကွဲအပြဲအသစ်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။ NCA ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးနောက်ပိုင်း RCSS အနေဖြင့် တပ်မတော်ထံမှ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့်လိုင်စင် ရရှိသွားသကဲ့သို့ဖြစ်လာခဲ့သည်။ အမှန်တကယ်၌လည်း ယခင်က RCSS အရာရှိများ အတွက် တံခါးပိတ်နေခဲ့သည့် မြို့ပြဒေသအတော်များများ တံခါးပွင့်လာခဲ့သ ဖြင့် ၎င်းတို့သည် ရွေးကောက်ပွဲဝင်ပါတီများနှင့် အခြားနိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများဆီသို့ သွားလာစကားပြောဆိုခွင့် ရရှိ လာခဲ့သည်။ ဤကဲ့သို့သော ဆက်သွယ်ပြောဆိုရေးလမ်းကြောင်းများသည် ငြိမ်းချမ်းရေးသဘောတူ စာချုပ် လက်မှတ်မရေးထိုးခင် အထိ RCSS အတွက် လက်လှမ်းမမီနိုင်ခဲ့သည့် ကိစ္စရပ်များဖြစ်သည်။

နောက်တက်လာသည့် အစိုးရသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် NCA လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။ အာဏာရလာပြီးနောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးသဘောတူစာချုပ်အပေါ် ၎င်းတို့၏ ကိုယ်ပိုင် တံဆိပ်ရိုက်နှိပ်ရန် ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို “၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ” ဟု ပြင်ဆင်ပြောင်းလဲခဲ့ကြသည်။ သို့သော် NLD ကိုယ်တိုင်လည်း SSPP အပါအဝင် ကျန်ရှိနေသေးသည့် EAOs အများစုကို သဘောတူလက်မှတ်ရေးထိုးကြရန် စည်းရုံးပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။ NLD အစိုးရသက် တမ်းအတွင်း မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဟူသည့် နောက်ထပ် EAOs နှစ်ဖွဲ့သာ လျှင် ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသဖြင့် NCA အဖွဲ့ဝင် EAOs စုစုပေါင်းဆယ်ဖွဲ့ဖြစ်လာခဲ့သည်။

NCA သည် မျှော်မှန်းထားသကဲ့သို့ ငြိမ်းချမ်းသာယာ၍ တည်ငြိမ်းအေးချမ်းသည့် ခေတ်သစ်တစ်ခုကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိခဲ့ပေ။ တပ်မတော်၏ NCA စေ့စပ်ဆွေးနွေးပွဲများမှ အဓိကအားဖြင့် TNLA၊ MNDAA နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကဲ့သို့ သော EAOs အချို့ကို ဖယ်ထုတ်ထားခဲ့သည့် ကိစ္စရပ်သည် အထူးတလည်ခြေဆွဲထားသည့် ကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။ တစ် ချိန်တည်းလိုလို၌ အထူးသဖြင့် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကဲ့သို့သော နိုင်ငံ၏ အချို့အစိတ်အပိုင်းများ၌ လက်နက်ကိုင် ပဋိပက္ခများလည်း အသောမတတ်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ယင်းအချိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အထွေထွေရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေးလမ်းစဉ်တစ်ခုကို ခင်းကျင်းနေ သည့်အချိန်နှင့် တစ်ပြိုင်တည်းလိုလိုပင် တပ်မတော်သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို လက်နက်ချအညံ့ခံရန် ရန်လိုသည့်ပုံစံဖြင့် စဉ်ဆက်မပြတ်စ တင်ဖိအားပေးလာခဲ့သည်။ ဤမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်နက်ချအညံ့ခံရန် ဆန္ဒမရှိပါက EAOs များအနေ ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များ သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းကြရန် လိုလားနေခဲ့ခြင်းဖြစ်သည်။

ဦးတည်ပစ်မှတ်ထားခံခဲ့ရသည့် EAOs များအကြား SSPP သည် တပ်ရင်းတပ်ဖွဲ့များနှင့် တပ်ဖွဲ့ ဝင်စစ်သည်များအကြား သဘော ထားကွဲလွဲမှုဆီသို့ ဦးတည်သွားစေသည်အထိ ပြင်းထန်သည့် ဖိအားများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ပါတီခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ခဲ့ သဖြင့် SSA ၏ တပ်ရင်းနှစ်ခုဖြစ်သည့် တပ်ရင်း ၃ နှင့် ၇ သည် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းသွားရန် သဘောတူလိုက်သဖြင့် တပ်ရင်း ၁ သည်သာလျှင် SSPP/SSA ဖွဲ့စည်းပုံအတွင်း ဆက်လက်ကျန်ရှိနေခဲ့သည်။ တစ်ချိန်တည်းလိုလို၌ SSA ၏ သီပေါမြို့နယ် စိန်ကျော့အခြေစိုက်စခန်းနှင့် ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက်စခန်းများသည်လည်း ပြည်သူ့စစ်တပ်စခန်းများအဖြစ် အသွင်ပြောင်း ဖွဲ့စည်းလိုက်ကြပြီး ကျောက်မဲမြို့နယ်အခြေ စိုက် အုံမူတပ်စခန်းကို ဖျက်သိမ်းပစ်ခဲ့သည်။ ထို့ကြောင့် SSPP ၏ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဌာနချုပ်စခန်း တစ်ခုတည်းကသာ လျှင် SSA ထိန်းချုပ်မှုအောက်ရှိ အဓိကအမာခံတပ်စခန်းအဖြစ် ဆက်လက်ကျန်ရှိတော့သည်။ ၁၉၈၉ ခုနှစ် အပစ်အခတ်ရပ်စဲ ရေး ဆက်လက်အသက်ဝင်နေဆဲကာလဖြစ်သော်ငြားလည်း ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်း သွားရန် SSPP ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်အရောက်တွင် ဝမ်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းယူရန်အတွက် တပ်မတော်ဖက်မှ အကြီးစား စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့သည်။ အလွန်ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ရပ်ကို ဆင်နွဲခဲ့ရခြင်းဖြစ်သည်ဟု SSPP ခေါင်းဆောင်များက ပြန်ပြောင်းပြောဆိုခဲ့ကြသည်။ သို့သော်လည်း ဌာနချုပ်ကျမသွားအောင် အဆုံးထိ ခုခံကာကွယ်နိုင်ခဲ့ကြ သည်။

သို့သော်လည်း SSPP ရင်ဆိုင်နေရသည့် ဖိအားများသည် လျော့သွားသည်မရှိဘဲ ဆက်လက်တိုးပွားနေ ခဲ့သည်။ ဤကဲ့သို့သော နိုင်ငံရေးအသွင်ကူးပြောင်းမှုအရွေ့ ကြာရှည်လာသည်နှင့်အမျှ SSA ၏ တပ်ရင်း ၁ အနေဖြင့် ယခင်က SSPP ထိန်းချုပ်ခဲ့သည့် ကျယ်ပြန့်လှသည့် နယ်မြေဒေသများရှိ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို ဆက်လက်လည်ပတ်ရန်အတွက် ဝန်ပိလာခဲ့ပြီး စိန်ခေါ်မှုပေါင်းများစွာဖြင့် မနိုင်မနင်းဖြစ်လာခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနယ်စပ်ကို အခြေပြုလှုပ်ရှား နေဆဲဖြစ်သည့် RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနေ ရှမ်းလူထုအများအပြားအတွက် အားကိုးစရာဖြစ်လာခဲ့ပြီး နမ့်ခမ်း၊ မူဆယ်၊ သိန္နီနှင့် လားရှိုးမြို့နယ်များမှ လူငယ်လူရွယ်အများအပြားသည် RCSS ၌ စစ်မှုထမ်းရန် အတွက် တောင်ပိုင်းဒေ သသို့ ထွက်ခွာသွားခဲ့ကြသည်။ ထိုအချိန်မှစ၍ တိုင်းရင်းသားအခြေပြု နိုင်ငံရေး အရွေ့ တဖြည်းဖြည်းပြောင်းလဲသွားတော့သည်။

အထက်ဖော်ပြပါ ကိစ္စရပ်များက NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြည်နယ် မြောက်ပိုင်းဒေသရှိ ယခင် SSNA ထိန်းချုပ်မှုအောက်ရှိခဲ့ဖူးသည့် နယ်မြေဒေသများကို ပြန်လည်ရယူရန် RCSS ခေါင်းဆောင်များကို အားပေးလှုံ့ဆော်ပေးခဲ့သည်။ ထို့အပြင် မန္တလေး-မူဆယ် အဝေးပြေး လမ်းမကြီးတစ်လျှောက် သယ်ယူပို့ဆောင်ရေး ပိုမိုချောမွေ့မြန်ဆန်လာပြီး တရုတ်-မြန်မာကုန်သွယ်မှု တိုးပွားလာခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ပေါ်ထွန်းလာခြင်းကလည်း မောင်းနှင်အားတစ်ခုဖြစ်လာခဲ့သည်။ MTA လက်နက်ချခဲ့သည့် ကာလများက တရုတ်နှင့် ဆက်ဆံရေး တည်ဆောက်ထားရန် မည်မျှအရေးကြီးကြောင်း RCSS ခေါင်းဆောင်များကို သင်ခန်းစာပေးခဲ့ ပုံရသည်။ ဤမဟာဗျူဟာကို ရောင်းတန်းတင်သည့် အနေဖြင့် RCSS ခေါင်းဆောင်များက ၎င်းတို့အနေဖြင့် ယခင် SSNA ထိန်းချုပ်ခဲ့ဖူးသည့် နယ်မြေဒေသများကိုသာ ပြန်လည်ရ ယူလိုခြင်းဖြစ်သည်ဟု အကြောင်းပြ ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ အများအပြားက ရဲတင်းဗြောင်ကျ လွန်းသည့် အပြုအမူဖြစ်သည်ဟု ယူဆခဲ့ကြသည်။

နောက်ထပ်ဖြစ်ပေါ်လာမည့် အနာဂတ်အခင်းအကျင်းများနှင့်ပတ်သက်၍ အထင်အမြင်အမျိုးမျိုးကွဲလွဲ နေခဲ့ကြသည်။ RCSS တပ် ရင်းတပ်ဖွဲ့များကို တောင်ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ ရွှေ့ပြောင်း နေရာချခဲ့သည့် အစောပိုင်းကနဦးအဆင့်၌ SSPP ခေါင်းဆောင်များနှင့် ကြိုတင်နားလည်မှု ရယူခဲ့ကြပုံပေါ်သည်ဟု သုံးသပ်ယူဆခဲ့ကြသည်။ ထို့အပြင် အစောပိုင်းကာလ ပထမဦးဆုံးအကြိမ် တပ်များကို ရွှေ့ပြောင်းနေရာချခဲ့စဉ်က RCSS သည် SSPP ၏ မဟာမိတ်များဖြစ်ကြသည့် အထူးသဖြင့် TNLA နှင့် KIO ကဲ့သို့သော အခြားနယ်ခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးကောင်းမွန်မှုရှိခဲ့သည်ဟု အများအပြားပြောဆိုခဲ့ကြသည်။ ဤနည်းအားဖြင့် RCSS တပ်ရင်း တပ်ဖွဲ့များသည် မိုင်းကိုင်(မုန်းကိုင်)၌ အထိုင်ချ၍ ကျောက်မဲ၊ သီပေါ နှင့် နမ္မတူမြို့နယ်များအထိ တိုးချဲ့နေရာယူလာနိုင်ခဲ့သည့်အပြင် သီပေါမြို့နယ် ဟူးဆွန်ဒေသတွင်လည်း အခိုင်အမာနေရာယူလာ နိုင်ခဲ့သည်။

သို့သော်လည်း ပျားရည်ဆမ်းကာလတိုင်းသည် ရှည်ကြာမှုမရှိဘဲ တိုတောင်းတတ်ကြသည်။ နောက်ပိုင်း နှစ်များ၌ RCSS နှင့် SSPP အကြား ထိတွေ့တိုက်ပွဲများ တဖြည်းဖြည်းစိပ်လာခဲ့သည်။ ပါတီ ခေါင်းဆောင်များအကြား စေ့စပ်ဆွေးနွေးမှုများကို နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ်ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသော်လည်း အပြီးသတ်သဘောတူညီချက်ရအောင် တွန်းပို့ပေးနိုင်ခြင်းမရှိ ခဲ့ကြပေ။ ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့သည့် တပ်နေရာချထားရေး၊ တပ်သားသစ်စုဆောင်းရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးကဲ့သို့ သော ကိစ္စရပ်များသည် ဆိုးရွားပြင်းထန်သည့် အငြင်းပွားမှုများအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲ သွားခဲ့သည်။ တင်းမာမှုများ ပြင်းထန်လာရသည့်အထဲ အချို့သောခရိုင်ဒေသများ၌ SSPP ကျေးရွာအုပ်ချုပ်ရေးမှူးများကို RCSS ခန့် အုပ်ချုပ်ရေးအရာရှိများဖြင့် ရည်ရွယ်ချက်ရှိရှိ အစားထိုးခန့်အပ် မှုများ ပြုလုပ်ခဲ့သဖြင့် နယ်ခံလူထုလူတန်းစားများအတွက် ဝန်ထုပ်ဝန်ပိုးပိုမိုကြီးမား လာခဲ့သည်။ ချုပ်၍ဆိုရသော် ဒေသခံပြည်သူများအနေဖြင့် SSPP နှင့် RCSS ဟူသည့် ရှမ်းတော်လှန်ရေးတပ် နှစ်တပ်ကြား တစ်ဖက်ဖက်ကိုရွေးချယ်ရတော့မည့် သို့မဟုတ် နှစ်ဖက်စလုံးကို ထောက်ပံ့ရတော့မည့် အနေအထားမျိုးဖြစ်လာခဲ့သည်။

လနှင့်ချီကြာလာသည်နှင့်အမျှ SSPP ၏ အနီးကပ်ဆုံး မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် TNLA နှင့်ပါ တိုက်ပွဲများ ပြင်းထန်လာခြင်းက လည်း ၎င်းတို့ကို ပိုမိုသွေးကွဲသွားစေခဲ့ပြန်သည်။ SSPP သည် ရှမ်းပြည်နယ်အတွင်း၌ TNLA၊ KIO၊ MNDAA၊ UWSA နှင့် AA ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ပေါင်းများစွာ မဟာမိတ်ဖွဲ့၍လက်တွဲလာခဲ့ပြီး ၂၀၁၇ ခုနှစ် အရောက်တွင် နိုင်ငံမြောက်ပိုင်း၌ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တော်လှန်ရေးအဖွဲ့အစည်းများ နှင့်အတူ ဖက်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုအတိုင်ပင်ခံကော်မတီ(FPNCC)ကို ဝိုင်းဝန်း တည်ထောင်ခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတစ်လွှား တိုင်းရင်းသားအချင်းချင်း ပေါင်းစည်း ဆောင်ရွက်လေ့ရှိသည့် သမိုင်းကြောင်းနောက်ခံ ရှည်ကြာလာခဲ့ ပြီဖြစ်ပြီး တအောန်းခေါင်းဆောင် အများအပြားသည်လည်း SSA ၏ တော်လှန်ရေးလုပ်ငန်းများ၌ တစ်တပ်တစ်အားပါဝင်ခဲ့ဖူးကြသည့် ရာဇဝင်ရှိသည်။ အမှန်တကယ်တမ်း၌လည်း တအောန်းတပ်မှူးတစ်ဦးဖြစ်သည့် စိုင်းဆေလင်း(လှအောင်) သည် SSPP ၏ ဥက္ကဌတာဝန်ကိုပင် ထမ်းဆောင်ခဲ့ဖူးသည်။ နောက်ထပ်ပို၍မျက်စိလည် ရှုပ်ထွေးစရာအဖြစ် SSPP ၏ တန့်ယန်းမြို့နယ်အခြေ စိုက် တပ်ဖွဲ့တစ်ခုလုံးနီးပါးကို ဝတိုင်းရင်းသားတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

RCSS နှင့် TNLA အကြား ထိတွေ့တိုက်ခိုက်မှုများက SSPP အဖို့ ကြားညှပ်ရသည့် အနေအထားမျိုး ရောက်ရှိသွားစေခဲ့သဖြင့် ပဋိပက္ခရေခံမြေခံအခင်းအကျင်းသည် အဆိုးဆုံးအခြေအနေသို့ ဦးတည်လာခဲ့ တော့သည်။ နမ္မတူမြို့နယ်အတွင်း အချို့သော တပ်စခန်းများ၌ TNLA နှင့် SSPP တပ်ဖွဲ့ဝင်များ အတူတကွနေထိုင်ကြသဖြင့် RCSS နှင့် TNLA-SSPP တပ်ဖွဲ့များအကြား မလိုလားအပ်သည့် ဘေးပန်း တိုက်ပွဲများကို ရှောင်လွှဲ၍မရနိုင်တော့ပေ။

နယ်ခံများအကြား မကျေမချမ်းဖြစ်ပြီး ယုံကြည်မှုကင်းမဲ့လျက်ရှိသည့် အခြေအနေ၌ မြောက်ပိုင်းဒေသသို့ RCSS တပ်ဖွဲ့များကို ရွှေ့ပြောင်းခဲ့သည့် အစောပိုင်းကာလများ၌ တပ်မတော်ဖက်မှ ပါဝင်ကူညီ ပေးခဲ့သည်ဟူသည့် စွပ်စွဲပြောဆိုချက်များ ထပ်မံပေါ် ထွက်လာခဲ့သည်။ ထို့အပြင် တပ်မတော်သည် SSPP၏ ရှေ့တန်းမြေပြင်တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရက်အနည်း ငယ်ခန့်သာနေထိုင်၍ RCSS ဝင်ရောက်နေရာယူနိုင်စေရန် ပြန်လည်စွန့်ခွာပေးခဲ့သည်ဟူသည့် ပြောဆိုချက်များလည်း ပေါ်ထွက် လာခဲ့သည်။ ဤကဲ့သို့သော နည်းဗျူဟာများနှင့် အပြုအမူများက SSPP နှင့် RCSS လိုလားထောက်ခံသူများ အကြား ရှောင်လွှဲမရနိုင်သည့် အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာစေပြီး အချင်းချင်း သံသယကြီးလာ စေခဲ့သည်။ အခြားတစ်ဖက်တွင် လည်း တပ်မတော်သည် RCSS အတွက် လိုအပ်သည့် လက်နက် ခဲယမ်းများကိုပါ လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည်ဟူသည့် ကောလဟာလများလည်း ပျံ့နှံ့နေ ခဲ့သည်။ နောင်ငါးနှစ်အကြာ၌ ဤကောလဟာလများ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး မြောက်ပိုင်းဒေသမှ ပြန်လည် ဆုတ်ခွာလာသည့် RCSS တပ်ဖွဲ့များကို တောင်ပိုင်းနယ်စပ်အထိ လိုက်လံတိုက်ထုတ်မှုကြောင့် SSPP နှင့် TNLA ပူး ပေါင်းတပ်ဖွဲ့များနှင့် RCSS တို့အကြား ရှမ်းမြောက်တစ်ခွင် ဖြစ်ပွားသွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဖက်က ပူးပေါင်းတပ်ဖွဲ့များအတွက် လမ်းမကြီးများကိုအသုံးပြု၍ လွတ်လွတ်လပ်လပ် တပ်ဖြန့်နိုင်စေရန် လမ်းဖွင့်ပေးခဲ့သည်ဟူသည့် စွပ်စွဲပြောဆို ချက်များ ပေါ်ထွက်လာ ခဲ့ပြန်သည်။

ဤဇာတ်ကြောင်းများနှင့် အဖြစ်အပျက်များသည် ယခင်က မိတ်ဆွေဆက်ဆံရေးရှိခဲ့ကြသည့် SSPP နှင့် RCSS တပ်ဖွဲ့ဝင်များ အကြား သံသယတကြီး ခါးသီးသည့်ရန်သူတော်များသဖွယ် အပြန်အလှန်တိုက်ခိုက် လာရစေသည့် ကိစ္စရပ်များဖြစ်နေကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ အမှန်တကယ်တော့ ဤတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းနှစ်ဖွဲ့စလုံးသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ထားကြသူများဖြစ်ကြသည်။ RCSS သည် NCA လက်မှတ်ထိုးအဖွဲ့ဝင်ဖြစ်သလို SSPP သည်လည်း ၂၀၁၁ ခုနှစ်တွင် ထပ်မံသက်တမ်းတိုးခဲ့သည့် ၁၉၈၉ ခုနှစ် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ အစိုးရအရာရှိများအနေဖြင့် ဤတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း နှစ်ဖွဲ့စလုံးသည် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်တိုင်းမှူး အပါအဝင် ဒုတိုင်းမှူးများနှင့် သွားသွားလာလာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး အဆက်အသွယ် မကင်းကြသူ များဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။

ဤအကြောင်းရင်းများကြောင့် စစ်ရေးအကဲခတ်သူများက တပ်မတော်သည် နောက်စစ်မျက်နှာ(တိုက်ပွဲ) တစ်ခု ထပ်မံမဖွင့်ရလေအောင် ထိန်းသိန်းဖို့အတွက် ၎င်းတို့ကို အတိုက်အခံပြု ဆန့်ကျင်တော်လှန် နေကြသည့် အင်အားစုများအကြား အချင်းချင်းတိုက် ခိုက်ရန်စောင်လာစေမည့် ပဋိပက္ခအခင်းအကျင်း များကို ရည်ရွယ်ချက်ရှိရှိတမင်ဖန်တီး၍ “သွေးခွဲအုပ်ချုပ်မည့်” နည်းဗျူဟာကို ချကစားနေခြင်းဖြစ်သည်ဟု အစဉ်အဆက်သုံးသပ်အကဲဖြတ်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံအဝှမ်းရှိ နိုင်ငံရေးအရွေ့များကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် နိုဝင်ဘာအထွေထွေရွေးကောက်ပွဲတို့ကသာ လွှမ်းမိုးနေခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသ၌ အသေးစားထိတွေ့တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ(SAC)မှ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း “သွေးခွဲအုပ်ချုပ်ရေး”မဟာဗျူဟာကို အ သက်သွင်းရန်ကြိုးပမ်း နေခြင်းဖြစ်သည်ဟူသည့် စွပ်စွဲပြောဆိုချက်များ ရုတ်ချည်းကျယ်လောင်လာခဲ့ပြန်သည်။ စစ်ကောင်စီ(SAC) အာဏာလုယူသွားခဲ့သည့်နောက်ပိုင်း မျက်မှောက်ခေတ် မြန်မာ့အမျိုးသားနိုင်ငံရေးဇာတ်ခုံသည် လုံးဝ ကျွမ်းထိုးမှောက်ခုံဖြစ်သွား တော့သည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှု - ဆူလွယ်နှပ်လွယ်ခေတ်သစ်တစ်ခု မွေးဖွားလာခြင်း

ရှမ်းပြည်နယ်နှင့် ကျယ်ပြန့်သည့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာရှိ နိုင်ငံရေးအဆောက်အအုံများနှင့် အပြန်အလှန်ဆက်ဆံရေးတို့သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တစ်ဆစ်ချိုးပြောင်းလဲသွား တော့သည်။ NLD ခေါင်းဆောင်များကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီးနောက်ပိုင်း ဖိနှိပ်မှုနှင့် စစ်တပ်၏ ဖြိုခွဲနှိမ်နှင်းမှု များကို တော်လှန်အံတုမည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကော်မတီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)ကဲ့သို့သော အဖွဲ့အစည်းသစ်များ နိုင်ငံအနှံ့အပြား၌ ဆက်တိုက်ဆိုသလို ပေါ်ထွန်းလာခဲ့သည်။ နွေဦးတော်လှန်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းသစ်ကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို မနိုင်မနင်းကိုင်တွယ်နေရသည့် အခင်းအကျင်း၌ တပ်မတော်၏ မဟာ ဗျူဟာသမားများသည် ရှမ်းတပ်များ အချင်းချင်းတိုက်ခိုက်ရင်း အလုပ်ရှုပ်နေစေရန်နှင့် အသစ်ပေါ်ထွန်း လာသည့် PDFs တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ခြင်းမပြုနိုင်အောင် အစကတည်းက ကြိုတင်တားဆီးထားရန် ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်လာစေမည့် မီးလောင်ရာလေပင့်သည့် နည်းဗျူဟာကို ပြန်လည်အသုံး ချလာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲ ခတ်များ သုံးသပ်ယူဆခဲ့ကြသည်။

ရှမ်းအမျိုးသားနေ့တွင် ရွက်ဆစ်မှ မိန့်ခွန်းပြောကြားစဉ်။ ဓါတ်ပုံ
ရှမ်းအမျိုးသားနေ့တွင် ရွက်ဆစ်မှ မိန့်ခွန်းပြောကြားစဉ်။ ဓါတ်ပုံ / Photo credit TNI

ရှေးယခင်ကအချိန်ကကဲ့သို့ပင် အခြားပယောဂများလည်း သူ့နေရာနှင့်တူ အသက်ဝင်လာခဲ့ပြန်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ စတင်ပျက်ပြယ်လာသည့် သို့မဟုတ် တင်းမာလာသည့် အခြေအနေမျိုး၌ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းထားရှိရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် များ ဆက်လက်အသက်ဝင်နေစေရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် NCA ၌ ပါဝင် လက်မှတ်ရေးထိုး ထားသည့် RCSS နှင့် အခြား EAOs အဖွဲ့ဝင်များစုပေါင်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST)ဟု သိလာကြမည့် နိုင်ငံရေးစုဖွဲ့မှုပုံစံကို ပွဲထုတ်လာခဲ့ကြပြန်သည်။ အခြားတစ်ဖက်ရှိ FPNCC မဟာမိတ်အဖွဲ့ဝင် အခြား EAOs များကလည်း အလွန်သတိဝိရိယရှိနေခဲ့ပြီး SSPP၊ TNLA နှင့် UWSA ခေါင်းဆောင်များအတွက် ယခုတစ်ကြိမ် သည် ရပ်တည်ချက်မပြတ်သားသည့် RCSS ကို ဝိုင်းဝန်း တိုက်ခိုက်ရမည့်အချိန်ကျလာပြီလောဟုပင် တွေးထင်စရာဖြစ်လာစေခဲ့သည်။ ထိုအချိန်မှစ၍ တင်းမာမှုများ တစ်ရစ်ပြီးတစ်ရစ် တိုးပွားမြင့်တက်လာတော့သည်။

နောက်ထပ်ဖိအားတစ်ရပ်အနေဖြင့် SSPP၊ UWSA နှင့် အခြား FPNCC အဖွဲ့ဝင်များအတွက် အမြဲတမ်း လိုလို တံခါးဖွင့်ထားပေးသည့် တရုတ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍လည်း ကောလဟာလ အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ တောင်တရုတ်ပင်လယ် အရေးအခင်းက သံချောင်းခေါက် လိုက်သလိုပင် “အနောက်တံခါး”လုံခြုံရေးသည် တရုတ်မဟာဗျူဟာသမားများအတွက် အလွန် အရေးပါလာခဲ့သလို ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို သွယ်တန်းထားခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း များသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဘေကျင်းအစိုးရအတွက် အဖိုးတန်သည့် ပထဝီနိုင်ငံရေးအင်အား တစ်ရပ် ဖြစ်လာခဲ့သည်။ မြေပုံကို မည်သည့်ရှုထောင့်ကကြည့်ကြည့် ယခုလိုနိုင်ငံရေးလှိုင်းလေ ထန်နေသည့်ကာလ၌ ရှမ်းပြည်နယ်မှတစ်ဆင့် ဖြတ်သန်းသွားသည့် မြန်မာ့“အနောက်တံခါး”၏ အရေးပါမှုကို အထင်းသားတွေ့မြင်နေရသည်။

ထိုအချိန်ထိ RCSS နှင့် PPST တို့သည် ဘေကျင်းအစိုးရအတွက် “အနောက်တိုင်းလိုလားသူများ”စုဖွဲ့နေသည်ဟု ရှုမြင်ထား သည့် CRPH နှင့် NUG တို့နှင့် ၎င်းတို့အကြား အများပြည်သူလိုလားသည့် ဆက်ဆံရေးမျိုး တည်ဆောက်ထားခြင်းမရှိသေးပေ။ သို့သော်လည်း PPST ၏ ကြားဖြတ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးယွတ်ဆစ်က CRPH နှင့် NUG တို့ကို စတင်ဆက် သွယ်လိုက်ပြီဟူသည့် သတင်းများပေါ်ထွက်လာပြီးနောက်ပိုင်း တရုတ်အရာရှိကြီးများအနေဖြင့် ၎င်းတို့၏နယ်စပ်နား၌ အနောက် တိုင်းလိုလားသည့် မဟာမိတ်အင်အားစုတစ်ရပ် လာရောက်ထူထောင်မည်ကို သည်းခံလိမ့်မည် မဟုတ် ဟူသည့် သတင်များပျံ့နှံ့လာခဲ့သည်။ နောက်ပိုင်း “ရှမ်း-တရုတ်နယ်စပ်ဒေသမှာ အမေရိကန်လုပ် M-16 တစ်လက်မှ မမြင်ချင်ဘူး ”ဟူသည့် ကြုံးဝါးသံများ ပေါ်ထွက်လာခဲ့သည်။

ယခုအချိန်မှစ၍ အဖြစ်အပျက်များ အလျင်အမြန်ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့၏ ပြိုင်ဖက်အင်အားစုများ ၏ ဖိအားများကြောင့် RCSS တပ်ဖွဲ့များသည် နမ့်ခမ်းနှင့် မူဆယ်မြို့နယ်အကြားရှိ ၎င်းတို့၏ တပ်စခန်းများမှ ဆုတ်ခွာသွားခဲ့ပြီး ယင်းနေရာ၌ SSPP တပ်ဖွဲ့များ ချက်ခြင်းအစားထိုးနေရာယူလိုက်ကြသည်။ ယင်းနောက်ပိုင်း တပ်ပေါင်းစုအသွင်ဆောင်ပြီး အင်အားအလုံးအရင်း၊ လက်နက်ကြီး လက်နက်ငယ် အပြည့်အစုံဖြင့် နမ္မတူဒေသမှစတင်ကာ RCSS တပ်များကို အကြီးအကျယ်လိုက်လံထိုးစစ်ဆင် တိုက်ခိုက် ကြတော့သည်။ သီပေါ၊ ကျောက်မဲ၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံအထိ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ တဖြည်းဖြည်းဖြင့် မတ်လအရောက်တွင် RCSS တပ်ဖွဲ့များသည် တောင်ကြီးမြို့နယ်၏ တောင်ပိုင်းဒေသမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သတင်းများ ပေါ်ထွက်လာ ခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ ၂၀၁၅ ခုနှစ်အလွန် နယ်မြေဖြတ်ကျော် ချီတက်မှုစတင်ခဲ့သည့် ထိုင်းနယ်စပ် ဒေသအခြေစိုက်နယ်မြေများအထိ ပြန်လည်ဆုတ်ခွာသွားတော့သည်။ လုံးဝမျှော်လင့်မထားသည့် ဆုတ်ခွာ မှုတစ်ရပ်ဖြင့် ခရီးရှည်ချီတက်မှု နိဂုံးချုပ်သွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် မည်သည့်တိုက်ပွဲတွင်မှ ဝင်ရောက်ပါဝင်ခြင်း တားဆီးခြင်းမရှိဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ပြီး ရှမ်းတပ်နှစ်တပ်စလုံးနှင့် ထိပ်တိုက်တွေ့ဆုံလာနိုင်သည့် အခြေအနေမှန်သမျှကို ရှောင်ရှားသွားခဲ့သည်။ SSPP တပ်ဖွဲ့များ ပင်လုံ မြို့နယ်သို့ ရောက်ရှိလာသည့်အခါကျမှသာ စစ်ကောင်စီ အရာရှိများသည် နယ်မြေပိုင်းခြားသတ်မှတ်ရေးအတွက် SSPP ကိုယ်စားလှယ်များနှင့် လာရောက် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ တစ်ချိန်တည်းလိုလို၌ UWSA တပ်ဖွဲ့များသည် ထိုင်းနယ်စပ်ဒေသ မိုင်းတုံမြို့နယ် အတွင်းရှိ RCSS ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းဆီသို့ဦးတည်၍ အရှေ့ဖက်မှဖိထားခဲ့သည်။ အစော ပိုင်းထိတွေ့တိုက်ပွဲ များအတွင်း သေဆုံးဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း သတင်းများပေါ်ထွက်လာ ခဲ့သည်။

ဤအချက်က လက်ရှိအချိန်ထိ ရှမ်းရေခံမြေခံအခင်းအကျင်း ရောက်နေသည့်နေရာကို ထင်ဟပ်ပြ လျက်ရှိသည်။ မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာအားဖြင့် နိုင်ငံရေးကသောင်းကနင်းဖြစ်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်၌ RCSS သည် ၎င်းတို့၏ ၂၀၁၅ NCA သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပြီးသည့်နောက်ပိုင်း နယ်မြေတိုးချဲ့ရန် ကြိုးပမ်းခဲ့သည့် ရှမ်းမြောက် နယ်မြေ ဒေသများမှ ကန်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ နယ်မြေတိုးချဲ့ရန် ကြိုးပမ်းခဲ့သည့် အရွေ့အတွင်း မဟာမိတ်တစ်ချို့၏ အားပေးကူညီမှု ရရှိခဲ့ပုံပေါ်သည်။ အပေါ်ယံကြည့်ပါကလည်း လတ်တလောတိုက်ပွဲများသည် တရုတ်နှင့် ထိုင်းနယ်စပ်ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများအကြား အားပြိုင်မှုအသွင်ဆောင်လျက် ရှိသည်။ သေချာသည့် ကိစ္စရပ်တစ်ခုအနေဖြင့် RCSS သည် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ပံ့ပိုးကူညီမှုများ ၌ သာယာခဲ့မိပုံရသည်။ သို့သော်လည်း အဆိုပါမျက်နှာသာပေးမှုသည် တရုတ်ဖက်က FPNCC အဖွဲ့ဝင်များ အထူးသဖြင့် UWSA နှင့် ကူးလူးဆက်ဆံရေးကို အဓိကထားလာသည့်အခါ သိသိသာသာဘေးရောက် သွားခဲ့လေတော့သည်။ သို့သော်လည်း စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေး အစိုးရအကြား လွန်ဆွဲအားပြိုင်မှုအပါအဝင် ပိုမိုကျယ်ပြန့်ရှုပ်ထွေးသည့် အခြေအနေများ ဆက်ရှိနေသည့် အခင်းအကျင်း၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင်အားစုများသည် ပြင်ပအကျိုးစီးပွားများ ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်များသာဖြစ်သည်ဟု ယူဆမိပါက အမှားကြီးမှား သွားပါလိမ့်မည်။ ၎င်းတို့အနေဖြင့် မိမိတို့ကံကြမ္မာကို မိမိဘာသာဖန်တီးလိုခြင်းဖြစ်သည်။

မည်သို့ဆိုစေ ရှမ်းပြည်နယ်သူ ပြည်နယ်သားများသည် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူညီမျှရေး ကိုသာ လိုလားခဲ့ကြသူများဖြစ်သည်။ မရေရာမသေချာသည့် အနာဂတ်ဖြင့် ဆင်းရဲဒုက္ခအတိရောက် နေရသည့်အချိန်၌ ယခုသုံးသပ်ချက်စာတမ်းသည် ထိုင်းနယ်စပ်အခြေစိုက် ရှမ်းတော်လှန်ရေးအဖွဲ့ အစည်း၏ ရှမ်းမြောက်ဒေသသို့ စစ်ချီ၍ ပြန်လည်ဆုတ်ခွာလာခဲ့သည့် အခင်းအကျင်းကိုသာ မီးမောင်းထိုးပြ လိုခြင်းဖြစ်သည်။ ပဋိပက္ခသံသရာနှင့် ယင်းကိုကိုင်တွယ်ဖြေရှင်းရန် အစိုးရအဆက်ဆက်၏ ပျက် ကွက်မှုပေါ် သင်ခန်းစာယူ၍ လူထုလူတန်းစားတစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုကို ဘုံအကျိုးစီးပွားတစ် ရပ်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြရန် အလွန်အရေးကြီးလာပြီဖြစ်သည်။ အတိတ်၏ အဆိုးကျော့်သံသရာ နောက်တစ်ပတ်ပြန် မလည်သင့်တော့ပေ။

* ခွန်ဆေလုံသည် ပြည်တွင်းရှမ်းနိုင်ငံရေးအရွေ့ကို စောင့်ကြည့်အကဲခတ်နေသူတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။

** MTA သည် ခွန်ဆာ၏ စည်းလုံးညီညွတ်သောရှမ်းတပ်မတော်၊ ဂွန်ဂျန်(မိုးဟိန်း)ဦးဆောင်သည့် စည်းလုံးညီညွတ်သော ရှမ်း ပြည်တော်လှန်ရေးတပ်မတော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ SSPP ခွဲထွက်အဖွဲ့တို့၏ စုပေါင်းအင်အားနှင့် ထိုင်းနိုင်ငံတော် လှန်ရေးကောင်စီ၏ ၁၉၈၅ စုဖွဲ့မှုအားဖြင့် အင်အားကြီးထွားလာခဲ့ခြင်းဖြစ်သည်။