သေနတ်မပါ ဩဇာမရှိ မြန်မာနိုင်ငံတွင် မွန်တော်လှန်ရေး ဘာကြောင့် အရေးနိမ့်နေသနည်း?

၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် SAC အာဏာသိမ်းပြီးနောက် အခြားလူမျိုးစုတော်လှန်ရေး နှင့်ယှဉ်ပါက မွန်တော်လှန်ရေးကြိုးပမ်းမှု အရေးနိမ့်သွားခဲ့ရသည့် အကြောင်းကို စိုက်ချမ်းက ဤဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသည်။ လက်နက်ကိုင်တော်လှန်ရေးက ရပ်တန့်မသွားပေ။ သို့သော်နိုင်ငံရေးထက် စစ်ရေးကသာ အခရာကျသည့် တိုင်းပြည်တွင် အရင်းအမြစ်ရှားပါးချို့တဲ့မှု ကြောင့် ပေါင်းစည်းညီညွတ်ရေးနှင့် စုဖွဲ့တည်ဆောက်ရေးတွင် ခက်ခဲနေကြောင်း သိသာထင်ရှား စေသည်။ 

First batch of military training for the Mon Liberation Army by the Ta’ang National Liberation Army

Photo source MLA / ဓာတ်ပုံရင်းမြစ် - မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံသို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) အပတ်စဉ်-၁ စစ်သင်တန်းတက်ရောက်စဉ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး လေးနှစ်ကျော်အကြာ၌ နိုင်ငံတဝှမ်းရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့တို့တွင် စုံလင်ကွဲပြားသည့် ကိုယ်စီလားရာလမ်းကြောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာသည်။ အချို့ကမူ လက်နက်ကိုင်တော်လှန်ရေးကို ပြန်အသက်သွင်းပြီး ၎င်းတို့အာဏာပိုင်နက်ကို ချဲ့ထွင်လာကြပေသည်။ သို့သော် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးနှင့် နိုင်ငံရေးအနိုးကြားဆုံး လူမျိုးစုများအနက် တစ်ခုဖြစ်သော မွန်လူမျိုးတွင် တော်လှန်ရေးအမြတ်ဟူ၍ လက်ဆုပ်လက်ကိုင်ပြစရာ မည်မည်ရရ မရှိသေးပေ။ ငြင်းမရသည့်အမှန်တရားက စစ်အင်အားဆိုသည်မှာ ဒီမိုကရေစီနည်းကျသော ရည်မှန်းချက် မဟုတ်သည့်တိုင် လက်ရှိမြန်မာပြည်၏ နိုင်ငံရေးတွင် လူမျိုးစုကံကြမ္မာကို အဆုံးအဖြတ်ပေးလျက် ရှိနေသည်။ ဤမျက်နှာစာတွင် မွန်လူမျိုးသည် အရေးနိမ့်သွားပြီဖြစ်သည်။

ကြီးမြတ်မှုမှ သေးသိမ်မှုသို့

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရခါစ တိုင်းပြည်အနှံ့ ပြည်တွင်းစစ်မီးတောက်လာချိန် ခေတ်သစ် မွန်လက်နက်ကိုင်တော်လှန်ရေးသည်လည်း စတင်ပေါက်ဖွားခဲ့သည်။ ဆယ်နှစ်ဆယ်မိုးခန့် ကြာသည့် အခါ ၁၉၅၈ ခုနှစ်မှာ မွန်ပြည်သူ့တပ်ဦး (MPF) သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အစိုးရ၏ ‘ဒီမိုကရေစီနှင့်လက်နက်ဖလှယ်ရေး’ ကမ်းလှမ်းချက်ကိုလက်ခံပြီး လက်နက်ချခဲ့သည်။ ထိုစဉ်က မွန်စစ်သည်အင်အား ၁၀,၀၀၀ ကျော် ရှိခဲ့သည်။ မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင်တော်လှန်ရေးအမွေဆက်ခံသည့် မွန်ပြည်သစ်ပါတီ (NMSP) သည် နှစ်ပေါင်း ၃၀ ကျော် ဆက်လက်တော်လှန်ခဲ့ပြီးမှ ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ မွန်ပြည်သစ်ပါတီလက်နက်ချစဉ်က တပ်ဖွဲ့ဝင် ၇,၀၀၀ ကျော် ရှိခဲ့ပါသေးသည်။ အနှစ်သုံးဆယ်ခန့် ကြာပြီးနောက် ယခုချိန်တွင် မွန်တပ်ဖွဲ့ဝင် ၇၀၀ ပြည့်ရန်ပင် အနိုင်နိုင်ဖြစ်နေပါပြီ။

လေ့ကျင့်ရေးစစ်သင်တန်း၊ နိုင်ငံရေးအသိပညာပေးသင်တန်းများစွာဖြင့် အင်အားပြန်လည် တည်ဆောက်နိုင်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မွန်ပြည်သစ်ပါတီ၏ တပ်ပိုင်းဆိုင်ရာ အံဝင် ခွင်ကျမှုသည် တဖြည်းဖြည်း တိုက်စားခံရပြီး တလိမ့်လိမ့် ပြိုဆင်းသွားခဲ့ရသည်။ ဤနေရာတွင် အစဉ်အလာနှင့် အလေ့အထကလည်း အရေးကြီးပါသေးသည်။ မြန်မာနိုင်ငံအနှံ့ရှိ အချို့သော လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်မတူ ခြားနားခြင်းတရပ်အနေဖြင့် မွန်တော်လှန်ရေးသည် တစ်မိသားစု တစ်ယောက် စစ်မှုမထမ်း မနေရဆိုသည့် ပြဋ္ဌာန်းချက်အမိန့် မကျင့်သုံးပေ။ ထို့အပြင် ရန်ကုန်နှင့် ပြည်ပထွက်ပြီး စီးပွားရှာသည့်အခွင့်အလမ်းများကလည်း ဆွဲဆောင်လာသည့်အခါ မွန်ပြည်သစ်ပါတီ အနေဖြင့် တပ်သားသစ်စုဆောင်းရန် အခက်အခဲရှိနေသည်။

သို့ပေမယ့်လည်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့ အင်အားကြီးလူမျိုးစု လက်နက်ကိုင်အဖွဲ့တို့နှင့် မွန်တော်လှန်ရေးကို အဓိကကွာခြားစေသည်မှာ လူအင်အားချည်းမဟုတ်ဘဲ ဘဏ္ဍာငွေကြေးလည်း ပါဝင်သည်။ အကျိုးအမြတ်များသည့် သယံဇာတတူးဖော်ရေးလုပ်ငန်း သို့မဟုတ် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ဂိတ်တို့ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရှည်ကြာလှသည့် စစ်ပွဲကြီးများ တိုက်ခိုက်နိုင်ရန် မွန်ပြည်သစ်ပါတီ၌ စီးပွားရေးအခံ ရှိမနေသေးပေ။ တစ်ပါးသူတို့နှင့်မတူဘဲ မွန်တို့အနေဖြင့် ကျောက်စိမ်း၊ မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်မှောင်ခိုမှုအပေါ်  မှီခိုပုံမရပေ။ ၎င်းအစား မွန်တို့၏ လွတ်မြောက်ရေးကြိုးပမ်းမှုသည် တော်သင့်ရုံမျှ အခွန်ကောက်၊ စေတနာ အလျှောက် လှူဒါန်းသည့်အပေါ်မှာသာ မှီခိုခဲ့ရသည်။ ၎င်းသည် ပြည်တွင်းစစ်မီး လောင်ကျွမ်းနေသည့် တိုင်းပြည်၌ ပျော့ပျောင်းလွန်းပြီး ရေရှည်မတည်တံ့သည့် စစ်ဘဏ္ဍာပုံစံမျိုး ဖြစ်နေပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အိမ်နီးချင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်အာဏာရှင်တွန်းလှန်လိုစိတ်ပြင်းထန်သည့် လူငယ်ထောင်ပေါင်းများစွာကို ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့အတွင်း ခေါ်ယူစုဆောင်းပြီး အင်အားတည်ဆောက်လာနိုင်ခဲ့သည်။ ယခုအချိန်တွင် တပ်ရင်းတပ်ဖွဲ့အသစ်များစွာ ထပ်တိုးဖွဲ့စည်းရန်ပင် အင်အားအလုံအလောက် ရှိသွားပြီဖြစ်သည်။ ဤဖြစ်ထွန်းမှုကို မွန်ခေါင်းဆောင်တို့က ဘေးနားမှနေပြီး တသသဖြင့် ထိုင်ကြည့်နေရပါသည်။

တကွဲတပြား တော်လှန်အား

UWSA သို့မဟုတ် KNU ကဲ့သို့ အခြားသော အင်အားစုတို့နှင့် မွန်တို့အကြား အနားမညီ ဖြစ်ပေါ်နေမှုကို ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်စေကာမူ ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့ပုံရသည်။ ထို့ကြောင့် မွန်ပြည်သစ် ပါတီ၏ ၁၁ ကြိမ်မြောက်ညီလာခံတွင် ပါတီက ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) မှ အာဏာသိမ်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို စစ်ကြေညာပြီး တော်လှန်တိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အကောင်အထည် ဖော်မှုက မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပေ။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) သည် ၎င်း၏လက်နက်ကိုင် တော်လှန်ရေးကို ပြန်လည်အားဖြည့်ရန်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတို့နှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်စေရန် ရည်ရွယ်ပြီး မိခင်ပါတီမှ ခွဲထွက်လာခဲ့သည်။ သို့သော် စစ်အာဏာရှင်နှင့် တိုက်ရိုက် ထိုးစစ်ဆင် တိုက်ခိုက်ရေးထက် မွန်တော်လှန်ရေးစိတ်ဓာတ်ရှင်သန်ရန် ပြုစုပျိုးထောင်ရေးကိုသာ ရည်ရွယ်ပုံပေါ်ပါသည်။ နှစ်ပေါင်း ၃၀ ခန့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းမှာ MNLA ၏ စစ်ရေးစစ်ရာသည် လွန်စွာခေတ်နောက်ကျနေပြီဖြစ်ကြောင်း ရှုမြင်ခံခဲ့ရသည်။ စစ်သည်တပ်သားတို့က ခေတ်မီသေနင်္ဂဗျူဟာများနှင့် တရင်းတနှီး မရှိသည့်အပြင် မဟာဗျူဟာမြောက် ရှေ့ဆောင်လမ်းပြ နိုင်မည့် အမြော်အမြင်ရှိ ခေါင်းဆောင်မှုလည်း ကင်းမဲ့နေခဲ့သည်။

၎င်းစစ်ရေးလစ်ဟာမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လေ့ကျင့်သင်ကြားပေးခဲ့သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) သည် အစောပိုင်းကာလတွင် မွန်လူထုအတွက် မျှော်လင့်ချက် ဖြစ်ခဲ့ပါသေးသည်။ တပ်ဖွဲ့ဝင်၊ လက်နက်ခဲယမ်း စသဖြင့် အားကောင်းခဲ့သည်။ AD ဦးဆောင်သည့် NMSP အောက်သို့ MLA ဝင်ရောက်ပေါင်းစည်း လိုက်ခြင်းသည် နည်းဗျူဟာမြောက် အောင်မြင်မှုတခုအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော်လည်း မကြာခင်မှာပင် စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ NMSP ၏ လွှမ်းမိုးမှုအောက်သို့ MLA ဝင်ရောက် သွားသည်နှင့် တပြိုင်နက် ယခင်က MLA နှင့် လက်တွဲထားသည့် မဟာမိတ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDFs) အချို့သည် MLA နှင့်ပေါင်းစည်းရန် တွန့်ဆုတ်သွားကြသည်။ (MLA တည်ထောင်သူတို့သည် အဆိုပါ LDFs တို့အပေါ် ယခင်က ငွေကြေးနှင့် နိုင်ငံရေးလွှမ်းမိုးမှုရှိခဲ့သည်) NMSP အောက် MLA ဝင်ရောက်ပေါင်းစည်းလိုက်ခြင်းသည် LDFs တို့နဲ့ MLA အကြား ပေါင်းစည်းသွားနိုင်ခြေကို အဟန့်အတားဖြစ်စေခဲ့သည်။

လက်ရှိမွန်အမျိုးသားတော်လှန်ရေးတွင် နိုင်ငံရေးနှင့်စစ်ရေးဦးဆောင်နေသည့် NMSP-AD နှင့် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့အကြား အားပြိုင် နေကြသည်။  မွန်လက်နက်ကိုင်အဖွဲ့များအကြား ပြန်လည်ပေါင်းစည်းရေးခရီးကြမ်းသည် ဝေးကွာ နေသေးဟု ထင်ရသော်လည်း ရေရှည်တွင် ဖြစ်နိုင်ခြေရှိပါသေးသည်။ အထူးသဖြင့် MSFC ၌ ဦးဆောင်သူများစွာသည် NMSP ၏ ကေဒါဟောင်းများဖြစ်ကြသည့်အလျောက် မိခင်ပါတီနှင့် ပြန်လည်ပေါင်းစည်းသွားနိုင်သည်။ အာဏာသိမ်း SAC ကို အံတုစိန်ခေါ်ရန် ဒီမိုကရေစီလိုလားသူများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် MSFC သည် NMSP ပတ်လမ်းကြောင်းမှ အပြီးတိုင် စွန့်ခွာသွားမည့်အစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းသည် မဟာဗျူဟာမြောက် ရေတိုရွေးချယ်မှုတရပ် ဖြစ်ပုံရသည်။

မျိုးဆက်သစ်-ဟောင်း တော်လှန်ရေးအဟ

မွန်တော်လှန်ရေး မျိုးဆက်သစ်လူငယ်များအကြား အာရက္ခတပ်တော် (AA) အပေါ် အင်မတန် အားကျနေကြသည်။ AA သည် ဆယ်စုနှစ် နှစ်စုအတွင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့များကို ကျော်တက်ပြီး ကြီးထွားလာခဲ့ခြင်းဖြစ်သည်။ AA ၏ ရုတ်ချည်းအောင်မြင်ကြီးထွားလာမှုသည် ငယ်ရွယ်ထက်မြက်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဗျူဟာမြောက်အမြင်နှင့် ဩဇာတိက္ကမကြောင့် ဟူ၍ အများက သတ်မှတ်ကြသည်။ သို့ရာတွင် မွန်တော်လှန်ရေးမှာမူ နှိုင်းယှဉ်ပြစရာ ခေါင်းဆောင်တဦးမျှ မရှိနေပေ။ ရှိလာပါကလည်း ထိုသူသည် မွန်ပြည်သစ်ပါတီ၏ လွှမ်းမိုးချုပ်ကိုင်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မဟာအတားအဆီးနှင့် ကြုံတွေ့ ရမည်မှာ မလွဲဧကန်ဖြစ်သည်။ “ဂူတဂူထဲ ခြင်္သေ့နှစ်ကောင် မအောင်းဘူး” ဆိုသည့် စကားပုံအတိုင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မွန်လူငယ်များဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များလည်း အသျှိုသျှို ပေါ်လာခဲ့သည်။ သို့သော် အချိန်ကာလတခုကြာသွားပါက ၎င်းအဖွဲ့တို့သည်လည်း မှေးမှိန်သွားဖွယ်ရှိသည်။ ဖင့်နှေးနေသည့် မွန်ပြည်သစ်ပါတီအပေါ် အားမလိုအားမရ ရှိနေသော်လည်း ထိုအဖွဲ့သစ်များအား မွန်ပြည်သူတရပ်လုံး ထောက်ခံအားပေးမှုက သိပ်မရှိလှချေ။ မွန်ပြည်သစ် ပါတီတွင် မည်သည့်ချို့ယွင်းချက်ရှိနေစေကာမူ မွန်အများစုအဖို့ ကွဲအက်နေသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ မွန်တို့၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့် တစ်ခုတည်းသော ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းအဖြစ် ရှုမြင်လျက်ရှိကြသည်။

ရွေးကောက်ပွဲများနှင့် သြဇာလွှမ်းမိုးမှုယောင်ယောင်

နိုင်ငံတဝှမ်းရှိ မွန်လူထုသည် လက်ရှိအချိန်တွင် ၎င်းတို့၏လူမှုရေးနှင့် နိုင်ငံရေးအထိုင် အားနည်း နေသည့်အပေါ် စိုးရိမ်ပူပန်နေကြသည်။ စစ်အာဏာရှင်က အတုအယောင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တာစူနေပြီဖြစ်သည်။ တစ်ဖက်မှာလည်း မွန်တော်လှန်ရေးသည် အဆိုပါရွေးကောက်ပွဲကို တားဆီးနိုင်ဖို့ သို့မဟုတ် နှောင့်ယှက်နိုင်ဖို့ အင်အားတစုံတရာ ရှိမနေသေးပေ။ ဆန္ဒပြခြင်းနှင့် ကန့်ကွက်ရှုတ်ချခြင်း စသည့်လှုပ်ရှားမှုများက သက်ရောက်မှု အနည်းငယ်သာရှိသည်။ စစ်ကောင်စီသည် ၎င်း၏ ရွေးကောက်ပွဲကို မွန်ပြည်နယ်၌ ရှောရှောရှူရှူ ချောချောမွေ့မွေ့ လုပ်ဆောင်သွားနိုင်ဖွယ် ရှိနေသည်။

၎င်းအခြင်းအရာသည် မွန်နှင့် ကရင်တို့၏ သမိုင်းဖြတ်သန်းမှုများအကြား အခြေခံကျသည့် ခြားနားချက် ကို ဖော်ပြနေသည်။ KNU ၏ စစ်ရေးဖော်ဆောင်မှုသည် အားကောင်းသလောက် ကရင်နိုင်ငံရေး ပါတီများကမူ ရွေးကောက်ပွဲနိုင်ငံရေးတွင် ရလာဒ်ကောင်းမထွက်ခဲ့ပေ။ ပြောင်းပြန်အားဖြင့် မွန်တို့သည် လက်နက်ကိုင်တော်လှန်ရေး လွန်စွာအားနည်းသော်လည်း ရွေးကောက်ပွဲနိုင်ငံရေးတွင် ပေါက်ပေါက် မြောက်မြောက်ရှိသည်။ မွန်ညီညွတ်ရေးပါတီ (MUP) သည် သမရိုးကျပါတီနှင့် လွှတ်တော်နိုင်ငံရေးတွင် ဆက်လက်ပါဝင်လျက်ရှိပြီး NMSP ကလည်း အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေးရေးမှတဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် စောင့်ဆိုင်းလျက်ရှိသည်။ ၎င်းက ငြိမ်းချမ်းရေးသံတမန်အဖြစ် ဆက်လက် ရပ်တည်နေသည်။ ဤသဘောအရ မွန်နိုင်ငံရေးသည် အကန့်အသတ်ဖြင့် စေ့စပ်ညှိနှိုင်းရေး၊ ရုပ်ပြသာရှိမည့် တော်လှန်ရေး နှင့် နိုင်ငံရေးအရ ရှင်ကျန်ရပ်တည်နိုင်ရေးကသာ ရလာဒ်ထွက်ပြီး ၂၀၂၁ ခုနှစ် မတိုင်မီအခြေအနေကို ဒုံးရင်းပြန်ဆိုက်သွားနိုင်သည်။

မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့် မွန်တော်လှန်ရေး

နွေဦးတော်လှန်ရေးမှ မွန်တို့ ဘယ်အရာများ အမြတ်ထွက်ခဲ့သနည်းဟု မေးပါက ဘယ်အမြတ်ကိုမျှ မခံစားခဲ့ရကြောင်း ဖြေရပါတော့မည်။ လက်နက်ကိုင်တော်လှန်ရေးကလည်း အစိတ်စိတ်အမွှာမွှာ ကွဲနေ၊ လူသစ်စုဆောင်းနိုင်မှုကလည်း အားနည်း၊ ဘဏ္ဍာငွေလိုအပ်ချက်ကလည်း ကြီးထွားလာ၊ နောက်ပြီး နိုင်ငံရေးဩဇာကိုလည်း မချဲ့ထွင်လာနိုင် စသဖြင့်ဖြစ်နေသည်။ ပြတ်သားသည့် ခေါင်းဆောင်မှု၊ အရင်းအမြစ်ထိန်းချုပ်မှု ဒါမှမဟုတ် လူထုထောက်ခံမှု မရှိပါက မွန်တို့အနေဖြင့် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့် လူမျိုးစုတို့၏တော်လှန်ရေးအလျဉ်မှ ဖယ်ကြဉ်ခံရမည့် အန္တရာယ် ရှိနေပြီဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အနာဂတ်သည် မြူမှုန်များအုံ့ဆိုင်းနေပြီး မရေမရာဝေဝါးချက် များဖြင့် ပြည့်နှက်နေသည်။ သို့ပေမယ့် သိသာထင်ရှားသည့်အချက်က တော်လှန်ရေး အခင်းအကျင်း သစ်မှာ လက်နက်၊ ရန်ပုံငွေ သို့မဟုတ်ပါက စွမ်းရည်ပြည့်ဝသည့် ခေါင်းဆောင်မှု မရှိသူတို့သည် အရာပေးမခံရသည့် အရေးမပါသူများသာ ဖြစ်သွားပါလိမ့်မည်။ မွန်တော်လှန်ရေးတွင် အဂ္ဂမဟာ ဗျူဟာကို ပြန်လည်စောကြောသုံးသပ်ခြင်းမပြုနိုင်ပါက အဆိုပါအနေအထားသို့ သူ့အလိုလို တန်းဆင်း သွားနိုင်သည်မှာ မလွဲမသွေပင် ဖြစ်သည်။

ဆောင်းပါးရှင် စိုက်ချမ်းသည် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ သုတေသနအတိုင်ပင်ခံတဦး ဖြစ်ပါသည်။ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေးသိပ္ပံမှာ ပညာရပ်ဆိုင်ရာဆည်းပူးသူဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် မြန်မာ့လုံခြုံရေးရာကိစ္စရပ်များအပေါ် အာရုံစိုက် လေ့လာသူတဦး ဖြစ်ပါသည်။ ဆောင်းပါးပါ အကြောင်းအရာတို့သည် ဆောင်းပါးရှင်၏ အမြင် သုံးသပ်ချက်သာ ဖြစ်ပြီး NRFF ၏ မူဝါဒနှင့် ရပ်တည်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။