ကိုဗစ် နောက်ဆက်တွဲစီးပွားရေးရိုက်ခတ်မှု နှင့် စစ်အာဏာသိမ်းမှု အခြေအနေ နှစ်ခုပေါင်း ဒဏ်ခံရခြင်း ‘၂၀၂၁-ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြို့ပြဆင်ခြေဖုံးများရှိ မိသားစုဝင်ငွေရှာ အမျိုးသမီးများနှင့် အခြေခံမိသားစုများ၏ လူမှုစီးပွားအကျိုးဆက်များဆန်းစစ်ခြင်း’ အစီရင်ခံစာ ဝေမျှခြင်း

စစ်အာဏာသိမ်းမှုကြောင့် လူထုအပေါ် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုပုံစံမျိုးစုံကို မှတ်တမ်းတင်နိုင်ရန် အရေးကြီးလှပါသည်။ ထိုမှသာ ရုန်းကန်လှုပ်ရှားရမှု၊ စွမ်းဆောင် ကြံ့ခိုင်မှု ပုံသဏ္ဍန်အမျိုးမျိုး၊ အသုံးပြုခဲ့သည့် နည်းဗျူဟာအမျိုးမျိုးကို မြင်တွေ့ နိုင်မည်ဖြစ်ပြီး မည်သည့် အခြေအနေများ အောက်တွင် ယင်းတို့ကို အသုံးပြုခဲ့ကြသည်ကို ပိုနားလည်နိုင်မည်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများနှင့် ဆက်စပ်ပြီး TNI အနေဖြင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတစ်ခုက မကြာသေးမီမှ ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါသည်။ ၎င်းတို့အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း အတွင်းရှိ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ်များတွင် နေထိုင်နေကြသော အမျိုးသမီးမြို့ပြ အလုပ်သမားများ နှင့် အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများ၏ ကိုဗစ်နောက် ဆက်တွဲစီးပွားရေးရိုက်ခတ်မှုများ နှင့် စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့ရသည့်ဖိနှိပ်မှု ဒဏ်နှစ်ခုပေါင်း ခံရသည့် အခြေအနေကို လေ့လာထားပါသည်။

Hlaingtharyar, the military in the process of destroying slums or informal settlements in November 2021.jpg

TNI

လှိုင်သာယာ - ‘ကျူး’ဟု သတ်မှတ်ခံရသည့်အိမ်များကို စစ်တပ်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်အားသုံး ဖျက်ဆီးနေစဉ်။

လွန်ခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့ သည် ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်မှ တိုင်းပြည်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် အချိန်ကာလ နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယခင် နိုင်ငံ့သမိုင်းတွင် မည်သည့်အခါမျှ ယခုအတိုင်းအတာအထိ မကြုံဖူးခဲ့ရသည့် နေရပ်အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း၊ ပျက်စီးဆုံးရှုံးမှုများခံစားရခြင်း၊ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အသက်သေဆုံးခြင်း စသည့် ဘေးဒုက္ခများကို ပြည်သူများမှ နှစ်နှစ်တာကာလအတွင်း အမြင့်မားဆုံးခံစားနေရပါသည်။ ယခုကဲ့သို့ လူမျိုးတုန်း သတ်ဖြတ်သည့် စစ်တပ်မှကျူးလွန်သည့် ရာဇဝတ်မှုများကို အရေအတွက်အားဖြင့် ဖော်ပြနိုင်ပါသည်။1 အခြားတဖက်တွင်လည်း စစ်တပ်ကြောင့် ကြုံတွေ့ခံစားရသည့် အကျိုးဆက်များဖြစ်သည့် လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ နှင့် စီးပွားရေးပိုင်းဆိုင်ရာ ထိခိုက်မှုများသည် လူမှုအဖွဲ့အစည်းအတွင်း အလွှာအသီးသီးတွင် ချက်ခြင်း ထင်သာ မြင်သာမှု မရှိနိုင်သောကြောင့် မှတ်တမ်းတင်ရန် ခက်ခဲနိုင်ပါလိမ့်မည်။ သို့သော် လက်ငင်း မမြင်နိုင်သည့် အကျိုးဆက်များ၏ အလွန်သိသာလွန်းလှသည့် နောက်ဆုံး ရလဒ်ကတော့ စစ်အာဏာသိမ်းသည့်အချိန်မှ စတင်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် လူဦးရေ အရေအတွက် (၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ စက်တင်ဘာလ အထိ ၄၄ ဦး)2 ပင်ဖြစ်သည်။

မည်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အခြေအနေများဖြင့် ဖိနှိပ်နေပါစေ စစ်အာဏာရှင် အနေဖြင့် နိုင်ငံအတွင်းရှိ နေရာဒေသအများစုတွင် အင်အားပြင်းထန်စွာခုခံတော်လှန်မှုများ ကြုံတွေ့နေရပါသည်။ တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများကြားတွင် မည်သည့် ခုခံတော်လှန်မှု နည်းလမ်းပုံစံသည်သာ ‘မှန်ကန်သည်’ဟူသော ဆွေးနွေးအငြင်းပွားမှု များကလည်း ရှိနေပြန်ပါသည်။ မြန်မာနိုင်ငံ၏သမိုင်းကို ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်အချိန်မှ စတင်ကာ ပြည်တွင်းစစ်ကာလရှည်၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ခဲ့သည့် ခေတ်အဆက်ဆက်ကို ပြန်ကြည့်လျှင် လူထု၏ ခုခံတော်လှန်မှုပုံစံမျိုးစုံ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ယင်းတို့ကို သေချာစနစ်တကျဖွဲ့စည်းထားသည့် အင်အားစုများမှ အမြဲဆောင်ရွက်ခဲ့ခြင်းလည်း မဟုတ်ပါ။ သာမန်အခြေခံလူတန်းစား ပြည်သူများ၏ ခုခံတော်လှန်မှုပုံစံမှာ အများအားဖြင့် ထင်သာမြင်သာမှု မရှိတတ်ပါ။ ထိုအတွက်ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စနစ်တကျမရှိပါ သို့မဟုတ် ထိရောက်မှုမရှိပါဟူ၍ ကောက်ချက်ချ၍မရပါ။ လက်ရှိအချိန်ကို ကြည့်လျှင်လည်း ထိုကဲ့သို့ပင်ဖြစ်နေပါသည်။ အခြေအနေအကြောင်းကြောင်းကြောင့် လူတချို့က တော်လှန်ရေးလှုပ်ရှားမှုတွင် ၎င်းတို့၏ ဘဝကို အပြည့်အဝပင် မြှုပ်နှံလိုက်နိုင်သော်လည်း အချို့ကတော့ ရွေးချယ်လို့မရသည့် အခြေအနေများ ကြောင့် မိမိတို့ မိသားစု ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် လမ်းကြောင်းကို ရွေးချယ်လိုက်ရသည်။ ယခုကဲ့သို့  အခြေအနေ နှစ်ခုက လူထု၏ လက်တွေ့ဘဝ တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြနေသေးပါသည်။ သို့သော် အခြေအနေနှစ်ခုစလုံးတွင် တူညီသည့်အချက်ကတော့ လူတို့သည် ၎င်းတို့ လွတ်လပ်စွာ ရွေးချယ်၍မရသည့် အခြေအနေများကို ရင်ဆိုင်ရကာ ထိုပေးထားချက်များအောက်တွင် ရုန်းကန်ရှင်သန်နေရသည်ကို တွေ့ရမည် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုမဖြစ်ခင်အချိန်ကပင်လျှင် မြန်မာနိုင်ငံသည် ဆင်းရဲမှုနှုန်းအလွန် မြင့်မားပြီး တန်းတူညီမျှမှု အလွန်ပင်ကွာဟမှုရှိသည့် နိုင်ငံဖြစ်ပါသည်။ ကျေးလက်နေ ပြည်သူများသည် နိုင်ငံ၏ ဆင်းရဲသားပြည်သူများအားလုံး၏ ၈၇ ရာခိုင်နှုန်းကို ကိုယ်စားပြု ပါသည်။3 အစိုးရအဆက်ဆက်မှ မြို့ပြကို ဘက်လိုက်သည့် ဖွံ့ဖြိုးမှုပုံသဏ္ဍန်ကို အားပေး ဆောင်ရွက်ခဲ့သောကြောင့် ကျေးလက်ဒေသမှ ပြည်သူများအနေဖြင့် ဘဝရပ်တည်နိုင်ရန် မြို့ပြသို့ အလုပ်ရှာရန် ထွက်ခွာကြရသည်။ မြို့ပြရှိ ကြီးထွားလာသည့် ကုန်ထုတ်လုပ်ရေး နှင့် ဝန်ဆောင်မှုပေးသည့် ကဏ္ဍများတွင် စျေးပေါသည့် လုပ်သားများအဖြစ် အများစုမှာ ပါဝင် လုပ်ကိုင်ကြရသည်။ ၂၀၁၈ ကတည်းကပင် အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် လုပ်အားခအနှိမ့်ဆုံးပေးသည့် နိုင်ငံဖြစ်နေခဲ့သည်။ ယခုအချိန် ငွေလဲနှုန်းဖြင့် တွက်ပါက တစ်နေ့တာလုပ်အားခသည် အမေရိကန် ၂ဒေါ်လာဖြင့်သာညီမျှကာ နိုင်ငံတကာ ဆင်းရဲခြင်းအမှတ်အဖြစ် တစ်နေ့တာအတွက် သတ်မှတ်ထားသည့်  ဒေါ်လာ ၂.၁၅ ၏ အောက်တွင် ရောက်နေပါသည်။4 အာဏာမသိမ်းခင်အချိန်ကပင်လျင် လုပ်သားအားလုံး၏ ၂ ရာခိုင်နှုန်းသာ လူမှုဖူလုံရေးဝန်ဆောင်မှုများ အကျိုးခံစားရနိုင်သည့် လုပ်ငန်းများတွင် အလုပ်လုပ်နေပါသည်။5 ကျန်သည့်လုပ်သားများမှာမူ အလွန်အမင်း ခေါင်းပုံဖြတ်ခံရခြင်း၊ လစ်လျူရှုခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေ့ခံစားကြရသည်။ ၎င်းတို့အနေဖြင့် အခြေခံပြည်သူ့ဝန်ဆောင်မှုများဖြစ်သည့် ပဏာမအခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှု၊ စည်ပင်သာယာ ဝန်ဆောင်မှု၊ ကောင်းမွန်သည့် နေရာထိုင်ခင်း စသည်တို့ကို ရရှိနိုင်ရန် ခက်ခဲလှပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်း အဖြစ်အပျက်မျိုးမျိုးကြောင့် လူမှုဘဝများ ကြေမွခဲ့ရသော်လည်း စစ်အာဏာသိမ်းမှုသည် ထိုကဲ့သို့သော အကြပ်အတည်းများ ခံစားနေရသောလူထုအပေါ် အခက်အခဲ ဖိအားသစ် တစ်ခုဖြစ်လာခဲ့သည်။ စစ်အာဏာ သိမ်းပြီး အစောပိုင်းရက်များတွင် သတင်းမီဒီယာများပေါ်တွင် ရန်ကုန်စက်မှုဇုံများမှ ရာနှင့်ချီသော စက်ရုံအလုပ်သမားများ ဆန္ဒထွက်ပြကြသည့် ပုံရိပ်များကို တွေ့ခဲ့ရပြီး ဖြစ်မည်။ လက်တစ်ဖက်တွင် ထမင်းချိုင့်ဆွဲပြီး အခြားလက်တစ်ဖက်မှ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် လက်ဟန်ပြကာ ဆန္ဒပြလမ်းလျှောက်ခဲ့ကြသည်။ ထိုအလုပ်သမားများ၏ နေရာများတွင် စစ်အာဏာရှင်၏ အထိန်းအကွတ်မဲ့ ကြမ်းကြုတ်စွာ ဖိနှိပ်မှုစတင်ခဲ့သည်။ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ်များတွင် စစ်တပ်မှ ဆန္ဒပြမှုများကို ရက်စက်စွာ နှိပ်ကွတ်ခဲ့ကာ လူအယောက် ၁၀၀ ကျော် အသက်သေဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက်ကို လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ Human Rights Watch မှ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု (massacre) ဟု သတ်မှတ်ခဲ့သည်။6,7 ထိုနောက်ပိုင်း အလုပ်သမားများအနေဖြင့် ထိုနေရာများကို စွန့်ခွာခဲ့ရ၍ ၎င်းတို့ မြို့ရွာများကို ပြန်ခဲ့ကြသည်။ တဖက်တွင်လည်း အလုပ်သမား တော်တော်များများသည် ရွေးချယ်ဖို့ မတတ်နိုင်သောကြောင့် ထိုနေရာများတွင်သာ ဆက်လက်နေထိုင်ကာ စစ်တပ်၏ အနီးကပ်စောင့်ကြည့်မှုအောက်တွင် ဝင်ငွေရရှိရန် ဆက်လက်၍ အလုပ်လုပ်ကြရသည်။ အပျက်အစီးများပေါ်တွင် ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက် ကြရပြီး အလုပ်ပေးနိုင်သည့် စက်ရုံများထံတွင် အလုပ်ရှာဖွေကြရသည်။

အကြပ်အတည်းတစ်စုံတစ်ခုကြုံတွေ့ရလျှင် ကြားရလေ့ရှိသည့် စကားတစ်ခုမှာ ‘ငါတို့အားလုံး တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတာပါ’ ဟူ၍ဖြစ်သည်။ ယင်းမှာ ရာနှုန်းပြည့် မှန်ကန်မနေပါ။ လူတို့သည် မတူကွဲပြားသည့် လူတန်းစား၊ တိုင်းရင်းသား၊ လူမျိုး၊ နေရာဒေသ၊ ကျား-မဖြစ်တည်မှု၊ လိင်စိတ်တိမ်းညွှတ်မှု စသည်တို့အပေါ် မူတည်ပြီး နေထိုင်မှုအခြေအနေ တထပ်တည်း တူနိုင်ကြမည်မဟုတ်ပါ။ ထို့ကြောင့် စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် ပုံစံမျိုးစုံကို မှတ်တမ်းတင်နိုင်ရန် အရေးကြီးလှ ပါသည်။ ထိုမှသာ ရုန်းကန်လှုပ်ရှားတော်လှန်မှု၊ စွမ်းဆောင်ကြံ့ခိုင်မှု ပုံသဏ္ဍန်အမျိုးမျိုး၊ အသုံးပြုခဲ့သည့် နည်းဗျူဟာအမျိုးမျိုးကို မြင်တွေ့နိုင်မည်ဖြစ်ပြီး မည်သည့် အခြေအနေများအောက်တွင် ယင်းတို့ကို အသုံးပြုခဲ့ကြသည်ကို ပိုနားလည်နိုင်မည် ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများနှင့် ဆက်စပ်ပြီး TNI အနေဖြင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတစ်ခုမှ မကြာသေးမီက ပြုလုပ်ခဲ့သည့် သုတေသနတစ်ခု နှင့် မိတ်ဆက်ပေးချင်ပါသည်။ ၎င်းတို့အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း အတွင်းရှိ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ်များတွင် နေထိုင်နေကြသော အမျိုးသမီးမြို့ပြအလုပ်သမားများ နှင့် အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများ၏ ကိုဗစ်နောက်ဆက်တွဲစီးပွားရေး ရိုက်ခတ်မှုများ နှင့် စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့ရသည့် ဖိနှိပ်မှုဒဏ်နှစ်ခုပေါင်း ခံရသည့် အခြေအနေကို လေ့လာထားပါသည်။

အထူးသဖြင့် အမျိုးသမီးများအနေဖြင့် ကျန်းမာရေး၊ ကလေးပညာရေး၊ လုံခြုံရေး၊ အစားအစာလက်လှမ်းမီမှု၊ နေထိုင်မှုအဆင့်အတန်း၊ ကြွေးမြီတင်ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု စသည့် အပိုင်းများတွင် ပို၍တိုးလာသည့် ဖိအားများ ခံစားနေရသည်ကို စနစ်တကျမှတ်တမ်းတင်ထားနိုင်ရန်ဖြစ်သည်။ ၎င်းတို့၏ ဘဝအတွေ့အကြုံများနှင့် ရုန်းကန်လှုပ်ရှားရမှုများကို အလေးပေးမှတ်တမ်းတင်ရမည်ဖြစ်ကာ ထိုမှတဆင့် ကြံ့ခိုင်မှုရှိခြင်း (resilience)၊ ခုခံတော်လှန်မှု (resistance) စသည်တို့နှင့် သက်ဆိုင်ကာ နားလည်သင့်သည့် အဓိပ္ပယ်အမျိုးမျိုးတို့ကို ပိုသဘောပေါက်လာနိုင်မည်ဖြစ်သည်။

Ideas into movement

Boost TNI's work

50 years. Hundreds of social struggles. Countless ideas turned into movement. 

Support us as we celebrate our 50th anniversary in 2024.

Make a donation