အကျပ်အတည်းဆိုက်နေသော နိုင်ငံရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲခြင်း - မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများ တာဝန်ယူမှုရှိရန် လိုအပ်နေခြင်း လဖိုင်ဆိုင်းရော်
Regions
နိုင်ငံရေးအကျပ်အတည်းမှာ မြန်မာနိုင်ငံတွင်ဆက်လျက်ဖြစ်ပေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အထွေထွေရွေးကောက်ပွဲများသည်လည်း နိုင်ငံတစ်ဝှမ်းအရေးနိမ့်လျက်ရှိသည်။
နိုင်ငံရေးပါတီများအားလုံး-ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံး- အနေဖြင့် ယခုကဲ့သို့ မအောင်မြင်ခဲ့ရသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ရန်လိုအပ်လှသည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုတည်ဆောက်လိုလျှင် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်များနှင့် ပြည်သူ့ကိုယ်စားပြုအုပ်ချုပ်ရေးစနစ်သည် ပြည်သူများအကြားအားကောင်းရပေမည်။

Hkun Li

Hkun Li
၂၀၁၉ ဇန်နဝါရီလတွင် ဂျေရုဆလင် စာပေဆုကို စာရေးဆရာ မူရာကာမိက ဆွတ်ခူးရရှိခဲ့ပါသည်။ လူတို့၏ လွတ်လပ်မှု၊ လူ့အသိုက်အဝန်း၊ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး စသည့် အကြောင်းအရာများကို ရေးသားသည့် စာရေးဆရာများအတွက် ၂နှစ်တစ်ကြိမ် ချီးမြှင့်သည့် ဆုလည်း ဖြစ်ပါသည်။ ယင်းဆုကို လက်ခံရယူသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ လူများကို ဖိနှိပ်နေသည့် စနစ်များအကြောင်း မူရာကာမိက ထည့်သွင်းပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ သိမြင်ခံစားလို့ရတဲ့ ရှင်သန်နေတဲ့ ဝိဉာင်ရှိတယ်။ စနစ်တွေမှာ ဝိဉာင်မရှိပါဘူး။ အဲဒီလို စနစ်တွေက ကျွန်တော်တို့ကို အမြတ်ထုတ်နေတာကို ခွင့်မပြုသင့်ပါဘူး” ဟု သူက ပြောခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူများကို ကိုယ်စားမပြုသော အုပ်ချုပ်ရေးစနစ်သည် ပြည်သူများအတွက် ကောင်းကျိုးမပြုပဲ နစ်နာဆုံးရှုံးမှုများကိုသာ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖန်တီးလျက် ရှိနေပါသည်။ ထိုစနစ်ကို ပြောင်းလဲပစ်ရန်အတွက် ပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို လိုအပ်နေပါသည်။ တရားမျှတမှု မရှိသည့် ထိုစနစ်ကို ရှင်သန်နေစေရန် ခွင့်ပြုထားကြမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အကူးအပြောင်းအတွက် ကြိုးစားအားထုတ်ရင်း ရရှိလာသည့် အနည်းငယ်မျှသော ရလဒ်များကိုပါ ဆုံးရှုံးရမည့် အလားအလာရှိနေပါသည်။
မြန်မာနိုင်ငံအတွက် စစ်မှန်သော အပြောင်းအလဲများ ဖြစ်ပေါ်ရန် အလားအလာကောင်းများ ရှိခဲ့သော်လည်း အခွင့်အလမ်းများသည် အမြဲရှိနေသည်မဟုတ်ဘဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့ပါသည်။ တရုတ်နိုင်ငံ တီယံအန်မင်ရင်ပြင်ဆန္ဒပြပွဲ မဖြစ်ပွားမှီ တစ်နှစ်စောပြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲသည် အပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ သို့သော် ယခင်တပ်မတော်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အရပ်သားတစ်ပိုင်း အစိုးရကို ဖြုတ်ချပြီး တပ်မတော်က စစ်အာဏာ သိမ်းလိုက်သည့်အခါတွင်မူ ဒီမိုကရေစီ မျှော်လင့်ချက်များ ရက်စက်စွာ နင်းချေ ခံလိုက်ရပါတော့သည်။ ထို့နောက်တွင် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးသည့်နောက် ပထမဆုံးကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီက အပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာသိမ်းအစိုးရမှ အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သဖြင့် ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ကျောင်းသား တက်ကြွလှုပ်ရှားသူ များစွာတို့ နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါသည်။ အလုပ်မဖြစ်သည့် နိုင်ငံရေးစနစ်တစ်ရပ်နှင့် လွဲမှားသော အုပ်ချုပ်ရေးကို အတူတကွ ဝိုင်းဝန်းပြုပြင်နိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ရပ်ကို မြန်မာပြည်သူများ လက်လွတ်ဆုံးရှုံး ခဲ့ကြရ ပြန်ပါသည်။
ထို့နောက်တွင် ၁၉၉၀ ကျော်ကာလ အပစ်အခတ်ရပ်စဲရေး နှစ်များကို ဖြတ်သန်းခဲ့ကြရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်အကြောင်းရင်းများကို ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာသော ကာလလည်း ဖြစ်ပါသည်။ ကတိကဝတ် ပြုထားသည့် “လွတ်လပ်၍ တရားမျှတသော” ရွေးကောက်ပွဲကို စောင့်ဆိုင်းရင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘဝများကို ပြန်လည်တည်ဆောက်နိုင်မည့် ကာလအပိုင်းအခြား တစ်ရပ်ကို အပစ်အခတ်ရပ်စဲရေး ကာလက ဖန်တီးပေး နိုင်မည်ဟုလည်း ယုံကြည်ခဲ့ကြပါသည်။ တိုက်ပွဲများ ရပ်စဲထားသည်နှင့်အမျှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ကျေးရွာပေါင်း ၄၅၀ တို့သည် ပြန်လည်အခြေချခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့ကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်လာချိန်တွင် အထက်ပါ ကျေးရွာများမှ တစ်ဝက်ခန့်သည် ဝမ်းနည်းဖွယ်ရာ စွန့်ခွာထွက်ပြေး ခဲ့ကြရပြန်သည်။ စစ်ပွဲ ပြင်းထန်လာသည်နှင့်အမျှ အချို့ရွာများမှာ ပြာပုံအတိဖြစ်ခဲ့ကြရသည်။ ပြန်သုံးသပ်ရမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးသည် မြန်မာနိုင်ငံအတွက် နိုင်ငံရေး အဖြေတစ်ရပ်ကို မပေးနိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အပစ်ရပ်ခဲ့ကြသည့် အကြောင်းရင်းကို ပြန်ကြည့်လျှင် ဖြေရှင်းနိုင်မည့် အဖြေတစ်ရပ်ကို ရရှိဖို့ဆိုသည်ထက် စစ်ရေးဗျူဟာအရ အသာစီးရလိုမှုကိုသာ အဓိကရည်ရွယ်ခဲ့သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ပဋိပက္ခကို ကျောရိုးပြုပြီး အာဏာကို ခိုင်မာအောင် တည်ဆောက်နိုင်ရန်နှင့် အုပ်ချုပ်စီမံရေးကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံရေး၊ စီပွားရေးအရ အသာစီးရစေရန် အပစ်အခတ်ရပ်စဲရေးကို ပင်မဗျူဟာအဖြစ် အသုံးပြုခဲ့ကြပါသည်။
၂၀၁၅ ခုနှစ်သည်လည်း မျှော်လင့်ချက်များ ရှင်သန်ခဲ့ရသည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် လွှတ်တော်နှစ်ရပ်လုံးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိခဲ့ပါသည်။ NLDပါတီကို တက်ကြွစွာထောက်ခံသူများ၊ ပါတီဝင်များနှင့်တကွ ပါတီဝင်မဟုတ်သူများကပါ ဤအောင်မြင်မှုကို ဝမ်းမြောက်စွာ ဂုဏ်ယူခဲ့ကြပါသည်။ ပြည်ထောင်စုကို အတူတည်ထောင်ခဲ့ကြသည့် ဗမာမဟုတ်သော တိုင်းရင်းသားများအနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် ဝန်ကြီးချုပ်များနှင့် အခြားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို အနိုင်ရပါတီ NLD မှ ရွေးချယ်မည်ဆိုသည်ကို လက်ခံထားကြပါသည်။ သို့သော်လည်း အနည်းဆုံးတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်နှင့် အစိုးရတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ပါတီ၏ လမ်းညွှန်ချက်များထက် ဒေသခံပြည်သူများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ဦးစားပေးမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ် အစိုးရသည် ကချင်ပြည်သူများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ဦးစားပေး ဖြေရှင်းမည်ဖြစ်ပြီး NLDပါတီ၏ လိုလားချက်များကို ဒုတိယဦးစားပေးမည်ဟု မျှော်လင့်ခဲ့ကြသည်။ မိမိသည် အနိုင်ရ ပါတီကြီး ဖြစ်သော်လည်း ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို သဘောထားကြီးစွာ ဦးစားပေးဖြည့်ဆည်း ပေးခြင်းအားဖြင့် မြန်မာ့သမိုင်းတွင် အမျိုးသား ရင်ကြားစေ့ရေးကို ပထမဦးဆုံး စစ်မှန်စွာ လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ကျွန်မတို့ မျှော်လင့်ချက် ကြီးလွန်းခဲ့၊ ရိုးလွန်းခဲ့သည်ဟု ဝမ်းနည်းစွာ သိနားလည်ခဲ့ရပါသည်။ နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် လုပ်ဆောင်ရန်လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေး၏ အတိုင်းအဆကို ဆင်ခြင်သုံးသပ်ရာတွင် အားနည်းခဲ့သည်ဟုသာ မှတ်ချက်ပြုရမည် ဖြစ်ပါသည်။
ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြိုနိုင်ခဲ့သည်မှန်သော်လည်း လက်တွေ့တွင်မူ NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် လူနည်းစုများအပါအဝင် ပြည်သူများ အားလုံးပါဝင်နိုင်ခွင့်တို့အတွက် ရပ်တည်လိုသော ဆန္ဒမရှိခြင်းနှင့် ရပ်တည်နိုင်စွမ်း မရှိခြင်းဟု ထင်မြင်ယူဆစရာ ရှိခဲ့ပါသည်။ အစိုးရသစ်၏ တုံ့ပြန်ဆောင်ရွက်ချက်များကို ပြန်ကြည့်မည် ဆိုပါက လုံခြုံရေးကို ဦးစားပေး ချဉ်းကပ်ခြင်း၊ နိုင်ငံသားလွတ်လပ်ခွင့်နှင့် အခွင့်အရေးများအပေါ် ခြိမ်းခြောက် အနိုင်ယူခြင်း၊ တိုင်းရင်းသားဒေသများတွင် ကြမ်းတမ်းသည့် စစ်ဆင်မှုများကို ခွင့်ပြုထားခြင်းတို့ကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
သိသာထင်ရှားသည့် နောက်ထပ် ကိစ္စတစ်ရပ်မှာ အရေးကြီးသည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ တို့အတွက် ဘတ်ဂျက်လုံလောက်ခြင်း မရှိသည့်အချိန်တွင် တစ်နှစ်ထက်တစ်နှစ် တိုးလာနေသည့် စစ်ရေး အသုံးစရိတ်များကို လွှတ်တော်က အတည်ပြုပေးနေခြင်း ဖြစ်ပါသည်။ အစိုးရဖက်မှဖြစ်စေ လက်နက်ကိုင် တော်လှန်နေသည့် ဖက်မှဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်ရေးအလွှမ်းမိုးဆုံး၊ စစ်ဘောင်အကျယ်ဆုံး နိုင်ငံဖြစ်နေပါသည်။
မြန်မာ့နိုင်ငံရေးစနစ်သည် ပြည်သူအများအတွက် ကောင်းကျိုးချမ်းသာကို ယူဆောင်လာခဲ့ခြင်း မရှိသည်မှာ ရှင်းလင်းသိသာလှပါသည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ပိတ်ပင်တားဆီးနေသည့်စနစ်လည်း ဖြစ်နေပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းမှ ထွက်ရာလမ်းကို စဉ်းစားသည့်အခါ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ရွေးကောက်ပွဲစသည်တို့ိကို အဖြေတစ်ရပ်ဟု ယုံကြည်ရန် ခက်ခဲလှပါသည်။ မြန်မာပြည်သူများ အနေဖြင့် ကိစ္စရပ်တစ်စုံလုံးကို ဘက်ပေါင်းစုံမှ သုံးသပ်ရန်လိုနေပါသည်။ မအောင်မြင်ခဲ့ရသည့် အကြောင်းရင်းများကို အခြေခံကျကျ သုံးသပ်ရန် လိုနေပြီး၊ ပဋိပက္ခဖြစ်ရခြင်း၏ အရင်းအမြစ်ကိုလည်း ဖော်ထုတ်ရန် လိုနေပါ သည်။ ပထမဆုံး ခြေလှမ်းအနေဖြင့် နိုင်ငံရေး ဆွေးနွေးမှု မပါဘဲ အပစ်အခတ် ရပ်စဲရေးကိုသာ ဦးစားပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းစဉ်မျိုးကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် လိုပါမည်။ ထိုလမ်းစဉ်မျိုးကို လက်ခံမည်ဆိုလျှင် လှည်းကို မြင်းအရှေ့က တပ်ထားသည့်ပမာ အစီအစဉ်မကျ ဖြစ်နေသကဲ့သို့ ရွေးကောက်ပွဲကတိများကို လက်တွေ့ ဖြည့်ဆည်းပေးစရာ မလိုဘဲ ရွေးကောက်ပွဲကို အနိုင်ရသည့် အဖြစ်မျိုးနှင့်လည်း တူနေပါမည်။ အပြောင်းအလဲမြန်သည့် ကမ္ဘာကြီးတွင် ကျွန်မတို့ နေထိုင်နေကြရပါသည်။ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ၊ စစ်ပွဲများနှင့် အလွန်တရာ ဆင်းရဲမွဲတေခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ''ဒီမိုကရေစီနှင့် လွတ်လပ်သောဈေးကွက်'' စသည့် ခေတ်မမီတော့သည့် အဖြေများသည် အလုပ်မဖြစ်တော့ပါ။ ထို့အတူ မြန်မာ့နိုင်ငံရေး အတွက် ထွက်ပေါက် ဟုယူဆခဲ့ကြသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်သည်လည်း အလုပ်မဖြစ်တော့ပါဟု ဝမ်းနည်းစွာ မှတ်ချက်ချမိပါသည်။
လက်ရှိအကျပ်အတည်းကို ဖြေရှင်းကြမည်ဆိုလျှင် တစ်နိုင်ငံလုံးတွင် ရှိနေသည့် စိန်ခေါ်မှုများကို ပိုမို ကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစားရန် လိုပါမည်။ လက်ရှိအနေအထားတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ချိတ်ဆက်လုပ်ဆောင် နိုင်မှသာ ငြိမ်းချမ်းတည်ငြိမ်မှုကို ရနိုင်မည်ဟု ယုံကြည်ပါသည်။ ဤအနေအထားတွင် အရပ်ဖက်အဖွဲ့အစည်းများကို နေရာပေးရန်၊ ကူညီပံ့ပိုးပေးရန် လိုပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်နှင့် ဗဟိုမှချုပ်ကိုင်သည့်အုပ်ချုပ်မှုစနစ်မှ ရုန်းထွက်နိုင်ရန်အတွက် လမ်းစရှာဖွေနေချိန်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ပြည်သူများကသာလျှင် တည်ဆောက်ယူကြရမည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဆိုသည်မှာ စစ်ရေးစနစ် တစ်ရပ်မဟုတ်ပါသဖြင့် ပြည်သူကို ကိုယ်စားမပြုသည့် နိုင်ငံရေးစနစ်အောက်ဝယ် အာဏာပိုင်များက အထက်မှစေခိုင်းသည့် နည်းလမ်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။ သို့ဖြစ်ပါ၍ အောက်ခြေပြည်သူများကြားမှ ဖြစ်ပေါ်လာပြီး ပြည်သူများကြား အမြစ်တွယ်နေသည့် ပြည်သူ့အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကွန်ရက်များကို နိုင်ငံတစ်ဝှမ်း အင်အားကောင်းအောင် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်ဝှမ်း လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံမှ လူများပါဝင်ရမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံရေး အပြောင်းအလဲကို ရပ်ကျေးပြည်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များက အထောက်အကူ ပြုမည်ဖြစ်ပြီး၊ နိုင်ငံရေးအပြောင်းအလဲကလည်း ပြည်သူ့ဆန္ဒကို ထင်ဟပ်နေမည်ဖြစ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များနှင့် အကျိုးရလဒ်များ
လက်ရှိ မြန်မာ့အခြေအနေသည် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရန် လိုနေပါသည်။ မြန်မာ့လူ့ဘောင်၏ အသင်းအဖွဲ့များနှင့် မျိုးဆက်သစ် ခေါင်းဆောင်များ၏ စွမ်းရည်ကို မြှင့်တင်ရန်၊ နေရာပေး အသုံးပြုနိုင်ရန်အတွက် ရစွမ်းနိုင်သမျှ ပြည်တွင်း၊ ပြည်ပ အကူအညီများကို ယခုအချိန်တွင် လိုအပ်နေပါသည်။ အကျပ်အတည်း ကာလအတွင်း ရုန်းကန်ကြိုးစား နေကြစဉ် အချို့သော နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရပ်တည်ချက်များကို မကြာခဏဆိုသလို စိတ်ပျက်ဖွယ်ရာ တွေ့ရှိရသည်။ ယင်းအဖွဲ့အစည်းအချို့၏ ရပ်တည်ချက်များသည် ဒေသခံအရပ်ဖက်အဖွဲ့များ၏ ရပိုင်ခွင့်ကို ချိုးဖောက်နေပြီး ဒီမိုကရေစီ ရှင်သန်ရေးကို ထိခိုက်နေစေသည်ဟု ယူဆဖွယ် ဖြစ်နေပါသည်။ ထင်ရှားသည့် ဥပမာတစ်ခုမှာ နိုင်ငံခြားချေးငွေ ပြန်ဆပ်ရေးအတွက် ရပ်ရွာ၏ တာဝန်ကို ရှင်းပြရာတွင် လည်းကောင်း၊ မြို့နယ် နည်းပညာ အထောက်အကူပြု အစီအစဉ် (TTA) ရွေးချယ်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ရှင်းပြရာတွင် လည်းကောင်း ကမ္ဘာ့ဘဏ်က လွဲမှားချွတ်ချော်စွာ ဖော်ပြထားခြင်းဖြစ်သည်။ (အသေးစိပ်ကို ရည်ညွှန်းစာ ၁ ပါ အင်တာနက်လိပ်စာတွင် ဖတ်ရှုနိုင်ပါသည်။)
ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများအပေါ် နှိမ့်ချလိုသည့် သဘောထားကို ဥရောပသမဂ္ဂ ဝန်ထမ်းအချို့တွင်လည်း တွေ့ရှိရပါသည်။ နေပြည်တော်တွင် ကျင်းပခဲ့သည့် အစီအစဉ်တစ်ခုတွင် ဥရောပသမဂ္ဂအရာရှိတစ်ဦးက “ဥရောပသမဂ္ဂသည် အရပ်ဖက်အဖွဲ့အစည်းများအပေါ် တာဝန်ခံစရာမလို” ဟု ဖော်ထုတ်ပြောဆိုခဲ့ပါသည်။ အစိုးရ အချင်းချင်းကြား အပြန်အလှန် ပူးပေါင်းလုပ်ဆောင်မှုများမှသာ အဓိပ္ပါယ်ရှိသော မြန်မာ့အပြောင်းအလဲများထွက်ပေါ်လာမည်ဟု ယူဆနေသူများအနေဖြင့် လက်တွေ့တွင် ထိုမျှ မရိုးရှင်းကြောင်း အလျင်အမြန် နားလည်သဘောပေါက်ရန် လိုနေပါသည်။
ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်နေသည့်၊ ပြည်သူများကို အမှန်တကယ် ကိုယ်စားမပြုသည့် နိုင်ငံရေးစနစ်တစ်ရပ်ကို တာရှည် လည်ပတ်နေအောင် နိုင်ငံတကာ အဖွဲ့အစည်းကြီးများနှင့် အလှူရှင်များက အားပေးအားမြှောက် ပြုကြလိမ့်မည်ဟု မည်သူကမျှ မျှော်မှန်းထားကြမည် မဟုတ်ပါ။ အခြားတစ်ဖက်တွင်မူ ပဋိပက္ခကို ရေရှည်တည်တံ့နေစေသည့်၊ တန်းတူညီမျှမှု မရှိသည့် လွဲမှားသော ထိုအုပ်ချုပ်ရေးစနစ်များကို ရင်ဆိုင် ဖြေရှင်းကြသည့် နေရာတွင် အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီရန် အမှန်တကယ် လိုအပ်ပါသည်။
ကံအကြောင်းမလှစွာဖြင့် နိုင်ငံတကာ အလှူရှင်များသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်လောက်သော်လည်း အလုပ်မဖြစ်သည့် လက်ရှိနိုင်ငံရေးစနစ်ကို အားပေးနေသည်ဟု သုံးသပ်နိုင်ဖွယ်ရှိပါသည်။ ထိုသို့ အားပေးနေသည့်အတွက်လည်း အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် မှေးမှိန်လာနေရသည်ဟုလည်း ဆိုနိုင်ပါသည်။ ထိုသို့ ပြုမည့်အစား ဗဟိုချုပ်ကိုင်သည့် နိုင်ငံရေးစနစ်မှ ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် သူတို့အနေဖြင့် အားပေးသင့်သည်ဟု ယုံကြည်ပါသည်။ ဗဟိုချုပ်ကိုင်မှုမှ ကင်းလွတ်သည့် ပြည်ထောင်စုသည် လူမျိုးဘာသာမရွေး နိုင်ငံသားအားလုံး၏ အခွင့်အရေးကို လေးစား အသိအမှတ်ပြုပြီး ကိုယ်စားလည်း ပြုနိုင်မည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံ၏ အခြေခံအကျဆုံး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ပို၍တရားမျှတသော နိုင်ငံရေး ဘောဂဗေဒစနစ်ကို တည်ဆောက်ခြင်း၊ ပညာရေး အခွင့်အလမ်းများကို တိုးချဲ့ခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ရာသီဥတု အပြောင်းအလဲကို ထိရောက်စွာ ကိုင်တွယ်နိုင်မည့် အစီအစဉ်များကို ချမှတ်ခြင်း စသည့် လမ်းစဉ်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ အထက်ဖော်ပြပါ ကိစ္စရပ်များသည် မြန်မာပြည်သူမျာ စိတ်ဝင်စားသည့် အတူဝိုင်းဝန်း ဖြေရှင်းရန်လိုသည့် ကိစ္စရပ်များလည်းဖြစ်ပါသည်။
ဒေသခံ အရပ်ဖက်အဖွဲ့များ ပြောလေ့ရှိသည့် ဆက်စပ်နေသည့် ကိစ္စတစ်ရပ်မှာ ''နိုင်ငံတကာ အင်(န်)ဂျီအိုများ နှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်များ အောင်မြင်ကြီးထွား လာရန်အတွက် ဒေသခံအရပ်ဖက်အဖွဲ့များ စတေးခံနေ ရသလား'' ဟူသည့် မေးခွန်းတစ်ရပ်ပင် ဖြစ်ပါသည်။ ထိုသို့ ထင်မြင်ယူဆရခြင်းမှာ တိုက်ရိုက် အကျိုးခံစားရမည့် ဒေသခံပြည်သူများကို အစီအစဉ်များအကြောင်း ချပြဆွေးနွေး တိုင်ပင်မည့်အစား ဖွံဖြိုးရေးစီမံကိန်းများကို နိုင်ငံတကာ အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့များကသာ အမြဲလိုလို ဆုံးဖြတ် အစီအစဉ်ရေးဆွဲ စီမံခန့်ခွဲနေကြသဖြင့် ဖြစ်ပါသည်။ ဒေသခံ မြန်မာ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မကြာခဏကြုံတွေ့နေရသည့် ဘေးဖယ်ခံနေရသည့် ခွဲခြားဆက်ဆံမှုမျိုးဟုလည်း ဆိုကြပါသည်။
နောက်ထပ် စိုးရိမ်မှုတစ်ခုမှာ အလှူရှင်များ၊ ကုလသမဂ္ဂအဖွဲ့များ နှင့် နိုင်ငံတကာ အင်ဂျီအိုများ အနေဖြင့် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများကို စီမံကိန်းအကောင်အထည်ဖော်ပေးသူ မိတ်ဖက်အဖြစ်မျှသာ ဆက်ဆံနေသည်ဟု ယူဆစရာ သာဓကများ ရှိနေပါသည်။ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမူ အကူအညီများကို လိုအပ်သူများ လက်ဝယ်အရောက် ထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အခြေခံအကျဆုံး သဘောတရား တစ်ရပ်မှာ ဒေသခံများကိုယ်တိုင် ဦးဆောင်ရေး၊ ဒေသခံများ၏ အစီအစဉ်များကို ဦးစားပေးရေး Localization ဖြစ်သည်။ သို့သော်လည်း အလှူရှင်များက အထက်မှ ဆုံးဖြတ်ပြီး ဒေသခံများက အောက်မှ လိုက်လံအကောင်အထည်ဖော်ရသည့် ဖွဲ့စည်းပုံ စနစ်မျိုးတွင် ဒေသခံများဦးဆောင်ရေး၊ ဒေသခံများ၏ အစီအစဉ်ကို ဦးစားပေးရေး မူသည် လုံးဝ ပျောက်ကွယ်နေသည်ကို တွေ့ရပါမည်။ အခက်အခဲများကို ဖြေရှင်းရာတွင် ခရီးမပေါက်ဘဲ အကျပ်အတည်း ကြုံနေရသည့် မြန်မာနိုင်ငံအတွက် ဤချဉ်းကပ်ပုံမျိုးသည် ဆိုးကျိုးကိုသာ ဖြစ်စေမည် ဆိုသည်ကို ယင်းအဖွဲ့အစည်းများ အမြန်ဆုံး နားလည်ရန် လိုအပ်နေပါသည်။ မြေယာစီမံခန့်ခွဲမှု၊ ဝမ်းစာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည်တို့နှင့် စပ်လျဉ်း၍ အောက်ခြေ ပြည်သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ထုတ်ဖော်ပြောဆိုရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ ပါဝင်နိုင်ရန် အခွင့်အလမ်းမရှိ ဖြစ်နေခြင်းသည် ဒီမိုကရေစီ အကူးအပြောင်းအတွက် ကြီးမားသော အဟန့်အတားတစ်ရပ် ဖြစ်နေပါသည်။
နောင်လာမည့် ကာလများတွင် အလှူရှင်ကွန်ရက်များအတွင်း ကော်မီတီများနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ဒေသခံအရပ်ဖက်အဖွဲ့များကို ယခုထက်ပိုပြီး ပါဝင်စေခြင်းဖြင့် အထက်ဖော်ပြပါ ဟန်ချက်မညီနေသည့် အခက်အခဲကို အလွယ်တကူပြုပြင်နိုင်သည်ဟု ယုံကြည်ပါသည်။ ထိုသို့ပြုပြင်ရန်လည်း မခက်ခဲပါဟု ယုံကြည်သော်လည်း လတ်တလောတွင်မူ အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့ကြီးများ၏ လုပ်ထုံးလုပ်နည်းများကို ပိုမိုကောင်းမွန် ထိရောက်အောင် ပြုပြင်ရေးသည် အလှမ်းဝေးသည့် ခရီးရှည်တစ်ခု ဖြစ်နေပါသေးသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ဒေသခံ ရပ်ကျေးအခြေပြု အရပ်ဖက်အဖွဲ့များနှင့် မိတ်ဖက်ပြုခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း နည်းလမ်းများကို ပိုမိုကောင်းမွန်အောင် ကြိုးစားရန် လိုအပ်နေပါသည်။ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဒေသခံများ၏ အကြံပြုချက်များ၊ သူတို့၏ အတွေ့အကြုံ တင်ပြချက်များကို နှိမ့်ချခြင်း၊ ပယ်ချခြင်းများ မပြုမိစေရန် သတိထား ရှောင်ရှားသင့် ပါသည်။
မြန်မာ့အရပ်ဖက်အဖွဲ့များ အနေဖြင့်လည်း နိုင်ငံတကာအဖွဲ့ကြီးများမှ စီမံကိန်းရေးဆွဲ ပုံစံထုတ်သည့် ကနဦးလုပ်ငန်းစဉ်မှစ၍ မိမိတို့ကို ပါဝင်စေခြင်းမျိုး မဟုတ်ဘဲ ယင်းတို့ စိတ်တိုင်းကျ ရေးဆွဲထားသည့် စီမံကိန်းများကို အကောင်အထည်ဖော်ပေး ယုံမျှသာ ဖိတ်ခေါ်ခိုင်းစေသည့်အခါတိုင်းတွင် ပူးပေါင်းရန် ငြင်းဆန်ခြင်း၊ ရံပုံငွေများကို မယူခြင်းအားဖြင့် မိမိတို့၏ သဘောထားကို ရှင်းလင်းပြတ်သားစွာ ပြကြရန် အချိန်တန်ပြီ ဖြစ်ပါသည်။ လက်ရှိနိုင်ငံရေး စနစ်က ပြသနေသည့် ဥပမာအတိုင်း ကိုယ်စားပြုမှု မရှိသည့် စနစ်တစ်ခုကို ခွင့်ပြုအားပေးခြင်းအားဖြင့် ကောင်းမွန်သော ရလဒ် မရနိုင်ဆိုသည့်အချက်ကို မြန်မာအင်ဂျီအိုများ၊ အရပ်ဖက်အဖွဲ့များ နားလည်ရန်လိုပါသည်။ မိမိတို့၏ ရပိုင်ခွင့်ကို အလျော်အစား လုပ်မိလျှင် အပြောင်းအလဲအတွက် ကြိုးပမ်းနေသည့် မိမိတို့၏ အင်အားကို ထိခိုက်စေသည်ဆိုသည်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်နေသည့် မြန်မာ အင်ဂျီအို နှင့် အရပ်ဖက်အဖွဲ့အစည်းကြီးများ သဘောပေါက်ရန် လိုပါသည်။
နိုင်ငံတကာအဖွဲ့ကြီးများ မှားခဲ့သည့် အမှားမျိုးကို ထပ်မမှားရလေအောင် မြန်မာ့ အရပ်ဖက်အဖွဲ့ အစည်းများ သင်ခန်းစာယူကြရပါမည်။ အထူးသဖြင့် အခြေတကျဖြစ်နေပြီး အားကောင်းနေသည့် မြန်မာအင်ဂျီအို အဖွဲ့ကြီးများသည် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများ ထွက်ပေါ်လာစေရေးအတွက် အနှောက်အယှက် အဟန့်အတားမဖြစ်အောင် ကြိုးစားရပါမည်။ မြန်မာနိုင်ငံ အချို့ဒေသများတွင် အစိုးရနှင့် အလှူရှင်များသည် သွားရောက်ရန် ခက်ခဲသည့် ဒေသများအား လက်လှမ်းမှီစေရန် ရည်ရွယ်ပြီး ကိုယ်ပိုင်အင်ဂျီအိုများကို ဖန်တီးမွေးထုတ်ထားကြသည်။ (ရည်ညွှန်းစာ ၂ ပါ အင်တာနက်စာမျက်နှာတွင် အသေးစိပ် ဖတ်ရှုနိုင်ပါသည်။) ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဒေသခံများမှ မကျေလည်မှုများ ဖြစ်ပြီး အကျိုးမရှိခြင်းကို ဖြစ်စေနိုင်ပါသည်။ ဤနေရာတွင် နိုင်ငံတကာမှ လက်ခံကျင့်သုံးနေသည့် ဘေးမဖြစ်စေရေး Do No Harm မူဝါဒကို ဂရုပြု လက်ခံကျင့် သုံးရန် လိုပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကုန်လွန်ခဲ့သည့် နှစ်ကာလများအတွင်း မြန်မာနိုင်ငံသည် အပြောင်းအလဲ များစွာနှင့် ကြုံခဲ့ရပါသည်။ တံခါးအချို့ ပွင့်လာပြီး တံခါးအချို့လည်း ပိတ်သွားခဲ့ပါသည်။ မကြာမီ ရောက်လာမည့် အနာဂတ် နှစ်များတွင်လည်း ပိုကြီးမားသော အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းကြည့်နိုင်ပါသည်။ မြန်မာ့လူ့ဘောင်အတွက် အရေးကြီးသည့် မေးခွန်းတစ်ရပ်မှာ ''ရောက်လာတော့မည့် အပြောင်းအလဲများ နှင့် ရင်ဆိုင်ရန်အတွက် မည်မျှ ပြင်ဆင်ထားပြီးပါပြီလည်း''ဟု ဖြစ်ပါသည်။
ဆက်လက်ပြီး အလေးအနက် ဆင်ခြင်သုံးသပ် ကြရပါမည်။ မြန်မာနိုင်ငံ၏ အချိန်နှင့်အမျှ ပြောင်းလဲရွေ့လျောနေသော လူမှုရေး နိုင်ငံရေး စိန်ခေါ်ချက်များကို ထိရောက်မှန်ကန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် အလှူရှင်များနှင့် အလှူငွေလက်ခံသူ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် မည်မျှအဆင့်သင်ရှိနေပါပြီလဲ။
မသေချာ မရေရာလှသည့်ဤခေတ်ကာလ၏ အကျပ်အတည်း ကပ်ဘေးများကို ဖြေရှင်းရန်အတွက် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပမှဖြစ်စေ အားလုံး အဆင်သင့်ရှိကြစေဖို့ မျှော်လင့်ဆုတောင်းမိပါသည်။ ရှေ့ဆယ်စုနှစ်များမှစ၍ ၂၁ ရာစု မျက်မှောက်ခေတ်တိုင်အောင် နိုင်ငံနှင့် ပြည်သူများကို ကောင်းကျိုးမပေးသည့်၊ ပြည်သူလူထုကိုလည်း ကိုယ်စားမပြုသည် စနစ်ကို ပြုပြင်ပြောင်းလဲရေးသည် မြန်မာပြည်သူအားလုံး ဆက်လက်ကြိုးပမ်းသွားရမည့် အခြေခံအကျဆုံး တာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။
၂၀၁၉ ဩဂုတ်လ ၁၂ရက်နေ့တွင် TNI မှ ဖော်ပြခဲ့သည့် ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။
https://www.tni.org/en/article/transformation-of-an-entrenched-politica…
"ဒေါ်လဖိုင်ဆိုင်းရော်သည် ၂၀၁၃ခုနှစ် ရာမွန်မက်ဆေးဆေးဆုရှင် ဖြစ်ပြီး၊ မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီ လူမှုရေးအသင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်သည်။ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါသည်။''
ရည်ညွှန်း
၁။ ။ “Summary Note: Dialogue Between CSOs in Kachin State and The World Bank Group”, 19-20 August 2016, Myitkyina, Kachin State: http://documents.worldbank.org/curated/en/817161476793713322/pdf/109242…
၂။ ။ For a recent discussion on the community dilemmas of transitional change in the Myanmar-Thailand borderlands, see the interview by Nyein Nyein with Naw K’nyaw Paw, General Secretary of the Karen Women Organisation and 2019 recipient of the International Women of Courage Award: “‘Women in Leadership Positions Must Speak for All Women’”, The Irrawaddy, 31 May 2019. https://www.irrawaddy.com/in-person/interview/women-leadership-position…