“အကြပ်အတည်းကို အလကားမဖြစ်စေနဲ့”
ကပ်ဘေးအပြီး ကမ္ဘာကြီးတွင် မည်ကဲ့သို့သောအနာဂတ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်းများပေါ်လာအောင် ကိုဗစ်၁၉က နှိုးဆွပေးပါသည်။ စီးပွားရေးနယ်ပယ်တွင် စိုးမိုးနေသော အငြင်းအခုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်သက်ဆိုင်သည်။ ကပ်ဘေးကြောင့် ကော်ပိုရိတ်တို့ လွှမ်းမိုးထားသော ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးများ၏ ထိလွယ်ရှလွယ်ရှိပုံများ ထင်ရှားလာပြီး စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAOနှင့် မဟာမိတ်အေဂျင်စီများက မြင်နေကြသကဲ့သို့ ထိုကော်ပိုရိတ်ကြီးစိုးသောစနစ်မှာ အဖြေမဟုတ်ကြောင်း ယခုစာတမ်း တွင်ထောက်ပြထားပါသည်။
ငတ်မွတ်မှုများနှင့် အာဟာရချို့တဲ့မှုများ ကျယ်ပြန့်စွာ မဖြစ်ပေါ်စေရေး အလို့ငှာ လောလောဆယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့နှောင့်ယှက်မှုများမဖြစ်အောင် တားဆီးရေးမှာ အရေးကြီးသော်လည်း ရေရှည်အတွက်ကိုမူ ပြင်ပစားနပ်ရိက္ခာမမှီခိုရစေရေး၊ စားနပ်ရိက္ခာ အုပ်စိုးစီမံရေးတို့ဆီသို့ ရောက်ရှိနိုင်အောင် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်ကြီးကို မဟာဗျူဟာကျကျပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲကြရာတွင် ကမ္ဘာ့အရင်းရှင် စီးပွားရေးက မွေးထုတ်လိုက်သည့် လူတန်းစား မညီမျှမှု၊ ပဋိပက္ခများ ဖြစ်ပွားမှု၊ ဂေဟစနစ်မတည်ငြိမ်ယိုယွင်းမှု၊ ဖွံ့ဖြိုးရေးအဟကွာခြားမှုများကို ဖြေရှင်းရန် ဉီးတည်သည့် တိုးတက်သည့် အတွေးအမြင်သစ်များကို အခြေခံဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
