“ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ

ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့  (မြန်မာ) (Drug Policy Advocacy Group – DPAG) က  လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။

Zarli Aye Kyaw

Pyae Phyo Aung

နိဒါန်း 

ဇာလီအေးကျော်သည် ရန်ကုန်တွင် နေထိုင်သော အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖြစ်သည်။ သူမသည် မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ၂၀၁၄ ခုနှစ်တွင် အဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် လေးနှစ်ကျော် ငါးနှစ်နီးပါး အချိန်ကုန်လွန်ခဲ့သည်။ တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း ဆယ်နှစ်ချမှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ၍ ထောင်မှလွတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးဥပဒေမှာ ပြစ်ဒဏ်ပေးခြင်းကို အသားပေးသောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု (၁၉၉၃ မူးယစ်ဆေးဝါးဥပဒေဟောင်းအရ)၊ မူးယစ်ဆေးဝါးပမာဏ အနည်းငယ် လက်ဝယ်တွေ့ရှိမှု ကဲ့သို့သော အသေးစားအမှုများအတွက်ပင် ထောင်ဒဏ်နှစ်ရှည်လများ ကျခံကြရသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လူဦးရေပြည့်ကျပ်နေပြီး ယင်းအခြေအနေက အကျဉ်းသားများအတွက် ထောင်တွင်း နေထိုင်မှု အခက်အခဲများစွာကို ဖြစ်ပေါ်စေသည်။ အကျဉ်းထောင်များတွင် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရန်အတွက် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်ပင် အကျဉ်းသားများ အနေဖြင့် အခကြေးငွေ ပေးကြရသည်။ အောက်ပါဖော်ပြထားသော ဇာလီ၏ ဘဝဇာတ်လမ်းအကျဉ်းတွင် အင်းစိန်ထောင်၌ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်သနစ်များကိုလည်း ဖော်ပြထားသည်။ ယင်းအကျဉ်းထောင်မှာ မြန်မာနိုင်ငံရှိ အကြီးဆုံးထောင်ဖြစ်ပြီး အရှေ့တောင်အာရှတွင် လူသိများသည်။ ထောင်ဒဏ်မကျခင်က ဇာလီသည် အိပ်ချ်အိုင်ဗွီ (HIV)၊ မူးယစ်ဆေးဝါးသုံးစွဲမှု အစရှိသည့် အကြောင်းအရာများတွင် ဘဝတူချင်းပညာပေးသူ အနေဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထောင်တွင်း၌လည်း သူမ အနေဖြင့် အလားတူ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။  

 

ဇာလီအေးကျော်၏ ရင်တွင်းစကားသံ

အားလုံးပဲမင်္ဂလာပါ။ 

 

ကလေးဘဝမှာတုန်းက လူတိုင်းကိုယ်စီ အိပ်မက်ဆိုတာ ရှိခဲ့ကြတယ်။ ကျွန်မရဲ့အိပ်မက်က ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ ကျောင်းတက်တော့လည်း အားကစားထူးချွန်ခဲ့တယ်။ ကျွန်မက ကျောင်းရဲ့ တာတိုအပြေး လက်ရွေးစင်ပေါ့။ ဒီလိုနဲ့ခေတ်တစ်ခေတ်မှာ ကျွန်မရဲ့ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ၈၈ ကျောင်းသား အရေးအခင်းမှာ ဝင်ပါမိလို့ ကျောင်းကနေ ထွက်လိုက်ရတယ်။ 

 

အဲဒီမှာကျွန်မ ဘဝစပျက်တာပါပဲ။ အချိန်တွေပိုနေတော့ အပေါင်းအသင်းတွေ များလာပြီး ပါတီတက်၊ ကလပ်တက်တော့တာပဲ။ အဲဒီမှာ ဝီစကီခွက်လေးကိုင်၊ ဆေးလိပ်လေးသောက်ပြီး ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်လာတယ်။ နောက်တော့ နံပါတ်ဖိုးလို့ခေါ်တဲ့ ဘိန်းဖြူကို စသုံးတတ်လာတယ်။ အစက နှာခေါင်းနဲ့ရှုံ့တယ်။ နောက်ပိုင်းမှာ သွေးကြောထဲ ဆေးထိုးအပ်နဲ့ သွင်းတဲ့အထိ ဖြစ်လာတယ်။ သုံးခါစက လက်တည့်စမ်းကြည့်တာ။ သုံးလဲဖြစ်တယ်၊ မသုံးလည်းဖြစ်တယ်။ နောက်တော့ ပျော်စရာ စိတ်ညစ်စရာနဲ့ကြုံရင်၊ အပေါင်းအသင်းတွေစုံရင် ခဏခဏ လုပ်ဖြစ်လာတယ်။ အဲဒီမှာကြိုက်တဲ့ အဆင့်ဖြစ်သွားပြီ။ ပြီးတော့ စွဲသွားတဲ့ မရှိမဖြစ်အခြေအနေကို ရောက်လာတော့ ဘဝကပျက်ပြီပေါ့။ HIV ပိုးကူးစက်ခံခဲ့ရတယ်။ ဘဝကစုတ်မှန်းမသိ စုတ်စပြုလာပြီ။ လူကညစ်လာတာများတယ်။ နေ့စဉ် HIV ပိုးထိန်းဆေး (ART-Anti Retroviral Therapy) သောက်ရတာလဲ အချိန်ကြာလာတော့ ညစ်လာပြီ။ 

 

အဲဒီမှာ ဒီဝဲဂယက်ထဲက ပြန်ထွက်လိုက် ပြန်ဝင်လိုက်နဲ့ အဖမ်းခံရတယ်။ အဖမ်းခံရတုန်းကလည်း ကျွန်မက ဘိန်းအစားထိုးဆေးရည် မက်သာဒုန်းသောက်ပြီး ကုသမှုခံယူနေတဲ့ အချိန်ပါ။ ၀၆-၀၉-၁၄  စနေနေ့မှာ အဖမ်းခံရတယ်။ ၀၈-၀၉-၁၄ မှာ ဗဟန်းတရားရုံးကနေ အင်းစိန်ထောင်ထဲကို ပို့တော့တာပဲ။ ကျွန်မက မက်သာဒုန်းသောက်နေရင်းနဲ့ ရဲအချုပ်မှာ တစ်လလောက် ထားပေးပါလို့ ရဲအရာရှိကို ပြောတော့ စခန်းမှူးကိုတွေ့ပြီး ကန်တော့မှရမှာတဲ့။ ဒါနဲ့ အချိန်ကလည်း မရှိတော့ အင်းစိန်ကိုသွားမယ့် ကားအပြာကြီးဆီ တက်ရတာပေါ့။ အဲဒီအချိန် ရွာသာကြီး ဆေးဖြတ်ဌာနက ဆရာဝန်ကြီးက ကျွန်မမောင်ဆီဖုန်းဆက်ပြီး “ဇာလီအေးကျော်အတွက် မက်သာဒုန်းလာယူလေ။ ငါ့လူနာ ဒုက္ခရောက်မှာပေါ့။” ဆိုပြီး ဆရာဝန် တစ်ယောက်ရဲ့ မေတ္တာဂရုဏာ အပြည့်နဲ့ ဖုန်းဆက်ခေါ်တော့ ကျွန်မမောင်က ရွာသာကြီးကိုသွားပြီး ကျွန်မအတွက် ဆေးယူပေးပါတယ်။ နောက်တစ်နေ့ အင်းစိန်ထောင်ထဲကို ထောင်ဝင်စာ ကျွန်မမောင်လာတွေ့ပြီး မက်သာဒုန်းဆေးရည်ကို ပထမဦးဆုံး တရားဝင် မိန်းကလေး ထောင်ဆေးရုံက ဆေးသွင်းနိုင်ခဲ့တယ်။ အဲဒါ ဆရာကြီးရဲ့ လက်မှတ်နဲ့ ဂရုဏာ အပြည့်ပါလို့ရယ်၊ လူနာကို လူနာတစ်ယောက်လို မြင်ပြီး ရနိုင်တဲ့နေရာအထိ ဆေးကိုပို့ ပေးတာရယ်ကြောင့်ပါ။ ဒီလိုဆရာဝန်မျိုးတွေ ကျွန်မတို့လို မူးယစ်ဆေးဝါးသုံးစွဲသူတွေ အတွက် အများကြီးလိုအပ်ပါတယ်။ 

 

နောက်တော့ အင်းစိန် အကျဉ်းထောင် အမျိုးသမီးဆေးရုံ ဆေးဝန်ထမ်းတချိူ့ရဲ့ မေတ္တာကြောင့် ကျွန်မအမျိုးသမီးဆေးရုံမှာ တစ်လ အလကားတက်ခွင့်ရပြီး မက်သာဒုန်းလျှော့ဖြတ်ရင်း လိုအပ်တဲ့ ဆေးကုသမှု အနည်းငယ်ကို ရရှိခဲ့ပါတယ်။ ပြီးတော့ DC ချတယ်။ ဆေးရုံကဆင်းခွင့်ရတယ်။ ဒါပေမဲ့ အဆောင်မှူးကပြန်တင်တယ်။ လူနာကို လူနာလိုထင်တဲ့ ဆေးဝန်ထမ်းနဲ့ ကြုံရင် ဆေးရုံတစ်လ တက်ဖြစ်ပြန်တယ်။ ကျွန်မက အင်းစိန် အကျဉ်းထောင်ထဲ ရောက်ပြီဆိုတော့ အကျဉ်းသူဖြစ်သွားပြီလေ။ ဝန်ထမ်းအများစုကတော့ အကျဉ်းသူ တစ်ယောက်လို့ပဲ မြင်တာပေါ့။ ဒီလိုနဲ့ DC ချလိုက် ပြန်တက်လိုက်ပါပဲ။ ၁၃-၀၈-၁၅ မှာ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်မှုက ထောင်ဒဏ် (၆)နှစ်၊ သုံးစွဲထားသော ဆီးစစ်ချက်အဖြေအရ (၄) နှစ်နဲ့  စုစုပေါင်း (၁၀)နှစ် ကျခံခဲ့ရပါတယ်။  ဒီနေရာမှာ Alliance Myanmar ရုံးက ကျွန်မရဲ့ ဆရာရင်း ဒေါက်တာစိုးနိုင် ကိုယ်တိုင် တရားရုံးမှာ လာရောက် ထွက်ဆိုပေးခဲ့တာကြောင့် ကျွန်မ ထောင် (၁၀)နှစ်ပဲ ကျခဲ့တာပါ။ အပြည့်ဆို မူးယစ်ဆေးဝါးဆိုင်ရာ လက်ဝယ်ကိုင်ဆောင်မှုအတွက် ပုဒ်မ ၁၆/ဂ နဲ့ ထောင် (၁၀) နှစ်အထိ ချလို့ ရပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားသော ဆီးအဖြေကျရင် ပုဒ်မ ၁၅နဲ့ ထောင် (၅) နှစ်အထိ ချလို့ရပါတယ်။ နှစ်မှု ပေါင်းဆို (၁၅) နှစ်ပေါ့။ ဆရာက တရားရုံးမှာ “ဒီကလေးက မူးယစ်ဆေးဝါးသုံးစွဲသူ ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေး ကိစ္စတွေမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး လူမှုအကျိုးတွေကို အများကြီး လုပ်အားပေးခဲ့ပါတယ်။ ကျန်းမာရေးကလဲ မကောင်းပါဘူး။ HIVပိုးနဲ့ အသဲ‌ရောင် အသားဝါစီပိုးလဲ ကူးစက်ခံထားရသူ ဖြစ်ပါတယ်။ ဥပဒေကိုလဲ ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် လျှော့ပေါ့တဲ့ ပြစ်ဒဏ်ပဲပေးပါ” လို့ တရားသူကြီးကို တောင်းဆိုခဲ့တာကြောင့် ထောင် (၁၀) နှစ်ပဲ ကျခဲ့တာပါ။ 

Zarli Aye Kyaw wearing a Support Don't Punish mask

Pyae Phyo Aung

Zarli Aye Kyaw wearing a Support Don't Punish mask

ကျွန်မ အကျဉ်းသူဘဝရောက်ပြီဆိုတော့ အကျဉ်းထောင် အလုပ်တွေ လုပ်ရမယ့် အချိန်ကျမှ ဦးစီးက ခေါ်တွေ့တဲ့အခါ ကျန်းမာရေးကိစ္စ၊ HIVနဲ့ ပတ်သက်တဲ့ တာဝန်ပဲပေးပါလို့ ကျွန်မတောင်းဆိုခဲ့ပါတယ်။ အရင် UNODC, Burnet Institute, MANA (Myanmar Anti-Narcotics Association) မှာတက်ခဲ့တဲ့ သင်တန်းလက်မှတ်တွေ ကျွန်မပြတယ်။ ဘာပိုက်ဆံတစ်ပြားမှ မပေးရဘဲ ကျန်းမာရေးမှူး ဆေးမှူး ဖြစ်ခဲ့ပါတယ်။ ဘဝတူ ကျန်းမာရေးမှူးပေါ့။ ဒီကြားထဲ အဆောင်မှူးက အလုပ် တစ်လ နားခိုင်းသေးတယ်။ အဆောင်မှူးကို ရုံးခန်းရှေ့မှာ အကျိုးအကြောင်း တင်ပြဖို့ နေ့စဉ် မနက် ရေချိုးပြီးတာနဲ့ တွေ့ခွင့်တောင်းတာ အကြောင်း အမျိုးမျိုးကြောင့် တွေ့ခွင့် မရခဲ့ပါဘူး။ “မမကြီး နေမကောင်းလို့၊ မမကြီး အမေ အသည်းအသန်ဖြစ်နေလို့၊ စိတ်တိုနေတယ်၊ စိတ်မကြည်လို့” စတဲ့ အကြောင်းပြချက်တွေနဲ့  နေ့စဉ်ရုံးခန်းရှေ့မှာ တွေ့ခွင့်တောင်းတာ မရပါဘူး။ ဒါဟာ ကျွန်မ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရကတော့ ပိုက်ဆံကိစ္စကြောင့်ပါပဲ။ ကျွန်မမှ မကန်တော့နိုင်တာကိုး။ 

 

အဲဒီ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ဘဝတူ HIV ပိုးကူးစက်နေတဲ့သူတွေကို ဆေးမှူးဘဝနဲ့ အလုပ်လုပ်တော့လဲ ဆေးရုံမှာနေပြီး ဆေးဘာရာ လုပ်တဲ့သူတွေကြားမှာ မျက်နှာငယ်ရပါတယ်။ သူတို့က ပိုက်ဆံပေးပြီး ဆေးဘာရာဖြစ်တာလေ။ ကျွန်မနဲ့ ဘဝတူ HIV လူနာတွေအတွက် အခွင့်အရေးယူရောဂါများ (opportunistic infections - OI) နဲ့ ပတ်သက်တဲ့ဆေး‌တွေ အကုန်ရဖို့ သူတို့ကို မျက်နှာလုပ်ရတာပေါ့။ အမျိုးသမီးဆေးရုံမှာ OI နဲ့ ပတ်သက်တဲ့ ဆေးကအမြဲ အပြည့်အစုံ မရှိပါဘူး။ “ပါရာ(paracetamol)က မလောက်ဘူး။ ပိုးသတ်ဆေးက ကုန်နေပြီ။ အးဆေးက မရှိတော့ဘူး။ စီဗစ်(vitamin C)က ပြတ်နေပြီ” လို့အမျိုးမျိုးပြောတယ်။ ဒါကြောင့် ရှိတဲ့ဆေးကို မျက်နှာလုပ်ပြီး ရအောင်ယူရတာပေါ့။ ဆေးမှူးဆိုတာ ရုံးသုံးစာရွက်စာတမ်း၊ ‌ဘောပင်၊ ခဲတံ၊  အိမ်သုံးဆေးဝါးအားလုံးကို ဝယ်ထားနိုင်ရတယ်လေ။ ကျွန်မမှာ ပိုက်ဆံမရှိတော့ မဝယ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့ ကျွန်မကလေးတွေက တချို့ဆေးတွေကို ဝယ်ပေးမှ ကျွန်မလက်ထဲထားနိုင်တာပါ။ ရုံးသုံးစာရွက်စာတမ်း တွေဆိုလဲ အမြဲဝယ်ပေး တဲ့သူရှိတယ်။ ကျွန်မအတွက် သွေးပေါင်ချိန်စက်ဆိုလဲ ဆေးရုံက သူနာပြုတစ်ယောက်က လက်ဆောင်ဝယ်ပေးသွားတာပါ။ 

 

ကျွန်မ ဆေးမှူး ဘဝမှာ သိခဲ့ရတဲ့ အတွေ့အကြုံ‌တွေ အများကြီးပါပဲ။ အဆိုးဆုံးကတော့ ဆေးဝန်ထမ်း တစ်ပွင့်နဲ့ မမလေးပါပဲ။ ကျွန်မ ကြည့်ပေးရတဲ့ အကျဉ်းသူလေးရဲ့ စီဒီဖိုး ပမာဏ (CD4 cell count) က (၃၅၀) အောက်ရောက်နေပြီ။ ဆရာဝန်က အေအာတီဆေး (ART – Anti Retroviral Therapy) မတင်သေးတော့ ကျွန်မက ဘာလို့လဲလို့မေးတယ်။ ကျောက်ကပ်ကြောင့်တဲ့။ ဟုတ်ပါတယ်။ တကိုယ်လုံးဖောရောင်နေတာ။ အဲဒီမှာ တစ်ပွင့်နဲ့ မမလေးက အဲဒီလူနာကို ဆေးရုံတင်ရတဲ့ အချိန်မှာ ဆရာဝန်က ပိုးသတ်ဆေး Septrin ပေးရမယ် ရေးထားတာ ART တွေမှားပေးထားတယ်။ လူနာလေးကို ကျွန်မက အေအာတီ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းတွေ ခဏခဏ  လုပ်ထားတော့ သူက ကျွန်မကို “ဆေးမှူးသမီးကို ဒီဆေးတွေပေးတယ်” ဆိုပြီး ကြည့်တော့ ART ဆေးတွေ၊ ဆေးစာအုပ်ကြည့်တော့ Septrin ပဲ ဆရာဝန်က ပေးထားတာ။ ဒါဟာ အကျဉ်းသူကလေးက ကျွန်မကို ပြလိုက်လို့ တွေ့သွားတာပေါ့နော်။ 

 

နောက်တော့ ဆေးရုံမှာနေတဲ့ ဆေးဘာရာတစ်ယောက်က HIVပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကို   ဆေးကုရင်း မတော်တဆ အပ်စူးသွားတော့လည်း ပေးထားတဲ့ ဆေးကတလွဲ။ ကျွန်မက NAP (National AIDS Program) က ဆရာဝန်လာကြည့်တဲ့အချိန်ကျတော့ အတင်းသွားပြခိုင်းတာပေါ့။ နင့်ကို တိုက်ရမှာ ဒီဆေးမဟုတ်ဘူးဆိုပြီး။ ဆရာဝန်ကြည့်တော့ ကျွန်မပြောတာမှန်တယ်။ ဆေးမှားပေးထားတာ။ အဲဒီအမှားမျိုးတွေ အများကြီး။ ဒီနေရာမှာ ကျွန်မက အပြုသဘောဆောင်ပြီး ပြောတာပါ။ ကျွန်မတို့တွေကို အကျဉ်းသူဆိုတဲ့ အမြင်နဲ့ပဲ ကြည့်ပြီး သေချာမစောင့်ရှောက် ဂရုမစိုက်တာ။ လူ့အသက်တွေပါ။ ကျွန်မတို့ လူနာတွေကို လူနာလိုမြင်ပြီး ပြစ်ဒဏ်ကြောင့် အပြစ်ပေးခံရ‌ပေမယ့် ဆေးရုံဆေးခန်းပြရင် လူနာတွေဆိုတဲ့အမြင်နဲ့ စေတနာထား ဂရုစိုက်ပေးစေချင်တာပါ။ 

 

ဒါကြောင့် အကျဉ်းထောင် အမျိုးသမီးဆေးရုံက ဝန်ထမ်းတွေကို နည်းပညာသင်တန်းတွေ၊ HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အပြည့်အဝပေးသင့်ပါတယ်။ ဆေးဝါးလဲ အလုံအလောက် ပြည့်စုံအောင် ထားပေးစေချင်ပါတယ်။ “နင်တို့တွေက အပြင်မှာ လုပ်ချင်ရာလုပ်ပြီး ထောင်ထဲရောက်မှ သေမှာကြောက်လို့  ဆေးခန်းပဲ ခဏခဏလာမပြနဲ့” ဆိုတဲ့ အသံက ကျွန်မနားမှာ အခါးသီးဆုံး စကားပါပဲ။ ကျွန်မတို့တွေ အကျဉ်းထောင်အပြင်မှာ ဘာပဲ လုပ်ခဲ့လုပ်ခဲ့ ဆေးရုံက လူနာကို လူနာလိုမြင်ပြီး အမှားအယွင်းမရှိ ပြီးပြည့်စုံတဲ့ ကျန်းမာရေး ဝန်ဆောင်မှုမျိုးကို ရစေချင်တာပါ။ အခုတော့ အထဲမှာ ကျန်ခဲ့တဲ့ ကျွန်မနဲ့ ဘဝတူလေးတွေကို ကျွန်မစိတ်မချဘူး။ ကိုယ်ကိုယ်တိုင်လဲ ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ အနေနဲ့ အကျဉ်းထောင်ထဲမှာရှိနေတဲ့ ကျွန်မလို HIV ပိုးကူးစက်ခံရတဲ့သူတွေ၊ အခြား ကျန်းမာရေး မကောင်းတဲ့သူတွေလို လိုအပ်တဲ့ ဆေးဝါးကုသမှုမျိုးရအောင် ကူညီပေးပါလို့ တောင်းဆိုပါတယ်ရှင့်။  ကျွန်မတို့ မှုးယစ်ဆေးဝါး သုံးစွဲသူတွေထဲမှာလဲ မူးယစ်ဆေးဝါးစွဲလမ်းနေတဲ့ ဝေဒနာရှင်တွေရှိပါတယ်။ အပြစ်သား မဟုတ်ပါဘူး။ နိုင်ငံတော်ကို ပုန်ကန်သူလည်း မဟုတ်တဲ့အတွက် ကျွန်မတို့ကို လူနာလို့ သတ်မှတ်ပေးပြီး အကျဉ်းထောင်ထဲကို ပုဒ်မတွေတပ်ပြီး ထည့်မယ့်အစား ဆေးဖြတ်ဌာနတွေ၊ ပြန်လည်ထူထောင်ရေးစခန်းတွေကိုသာ ပို့ပေးကြပါလို့ နိုင်ငံတော် အကြီးအကဲတွေကို တောင်းဆိုပါတယ်။ 

 

ကျွန်မတို့ မူးယစ်ဆေးဝါးသုံးစွဲသူတွေမှာလဲ တစ်ဦးချင်းစီရဲ့ ထူးချွန်တဲ့အရာတွေ ရှိပါတယ်။ ဒီအချက်တွေ၊ ပညာတွေကို နိုင်ငံတော်အတွက် တစ်စိတ်တစ်ဒေသမှာ ပြန်လည် အသုံးချခွင့်ပေးပါလို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် အလုပ်ကိုယ်စီနဲ့ ရှေ့ဆက် လူ့ဘဝ သက်တမ်းမှာ လူတန်းစေ့ ရင်ဘောင်တန်းနိုင်ခွင့်ပေးပါ။ “ဘိန်းစား၊ HIV လဲရှိ၊ ထောင်ထွက်” ဆိုတဲ့ လူအများရဲ့ ဝေါဟာရ စကားလုံးတွေအောက်မှာ ဘဝသေသွားတဲ့ လူတစ်ယောက်နဲ့မခြား အချည်းနှီး မဖြစ်စေဖို့၊ လူ့တာဝန် လူပီသစွာ နေထိုင်အသက်ရှင်သန်ဖို့ နိုင်ငံတော်အကြီးအကဲများကို ဒီနေရာက နေပြီး အနူးအညွတ်တောင်းဆိုအပ်ပါတယ်။ 

 

၂၀၂၀ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့မူးယစ်ဆေးဝါးနေ့” ကို ရည်ညွှန်းသော “ကူညီပါ။အပြစ်မပေးပါနဲ့” လှုပ်ရှားမှု၌ ဇာလီအေးကျော် ပြောခဲ့သော ရင်ဖွင့်စကားသံကိုလည်း ဤမျက်နှာ စာအုပ်တွင် https://www.facebook.com/MyanmarSupportDontPunish/  ကြည့်ရှူနိုင်ပါသည်။ 

 

Ideas en movimiento

Impulsa nuestra labor

Si deseas apoyar nuestro trabajo, considera realizar una donación. Nos comprometemos a que nuestra valiosa investigación esté accesible sin costo, pero para eso necesitamos de tu ayuda. Si todas las personas que leen nuestro contenido realizan una donación de tan solo €12 podremos apoyar nuestro trabajo durante tres años.

Done Ahora