ယခုအခြေအနေတွင် စစ်ကောင်စီ (စကစ) က နိုင်ငံတကာအကူအညီများကို မခေါ်စဖူး ဖိတ်ခေါ်ခဲ့သည်။ သို့သော် ယင်းအကူအညီတောင်းခံမှုကို ပြည်တွင်း၌ရော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအဝိုင်းတွင်ပါ ယုံကြည်မှု သို့မဟုတ် အပြည့်အဝ လက်ခံနိုင်မှု အနည်းငယ်သာ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ဒုက္ခသည်နှင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူ အရေအတွက်သည် လေးသန်း ကျော်သွားခဲ့ပြီး တော်လှန်ရေးကာလအတွင်း မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အရပ်သား ဦးရေ ၆,၀၀၀ ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ တစ်ဝက်အောက်သာ စကစ၏ ထိန်းချုပ်မှု အောက်တွင်ရှိပြီး အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်တွင် လက်နက် ကြီးဖြင့် တိုက်ခိုက်မှုများသည် နေ့စဉ်ဖြစ်ပွားနေသော ကိစ္စရပ်တစ်ခုဖြစ်နေခဲ့သည်။ တိုင်းရင်းသားနှင့် နိုင်ငံရေးအတိုက်အခံအင်အားစုများသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များ ကို ၎င်းတို့၏ အစီအစဥ်ဖြင့် အလျင်အမြန် လုပ်ဆောင်ရန် ကြိုးပမ်းနေကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်သူများအတွက် ၎င်းတို့ရင်ဆိုင်ခဲ့ရသော ပဋိပက္ခ၊ ဖိနှိပ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများစသည့် နောက်ခံ အခြေအနေများ တွင် ဤအဖြစ်ဆိုးသည် နောက်ဆုံးထပ်တိုးတစ်ခုသာ ဖြစ်သည်။ ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းကြောင့် ယခင်စစ်အစိုးရလက်ထက်တွင် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့သည့် အဖြစ်အပျက်မှာ ၎င်းတို့မှတ်ဉာဏ်တွင် ယနေ့တိုင် စွဲထင်ကျန်ရှိနေဆဲဖြစ်သည်။ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အာဏာခွဲဝေ အုပ်ချုပ်သည့် ကာလတိုအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာရန် မျှော်လင့်ချက်များရှိလာခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ယင်းမျှော်လင့်ချက်များသည် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။
လက်ရှိတွင် မြေပြင်မှ ယုံကြည်စိတ်ချရသော သတင်းများကို ရယူရန် ခက်ခဲနေသည်။ သို့သော်လည်း အမည်မဖော်လိုသော သတင်းရင်းမြစ်များစွာက ၎င်းတို့၏ အသံများ ကြားစေချင်ကြသည်။ “မြန်မာပြည်သူတွေဟာ ကပ်ဆိုးစက်ဝန်းထဲမှာ ပိတ်မိနေပုံရတယ်” ဟု ဆေးဘက်ဆိုင်ရာလုပ်သား တစ်ဦးက ပြောကြားခဲ့သည်။ အလားတူပင်၊ “ကပ်ဆိုးတွေက အကူအညီမဲ့နေတဲ့ ကျွန်တော်တို့ကို ချစ်နေပုံပဲ” ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်အတူလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတစ်ဦးက “ကျွန်မတို့နိုင်ငံနာမည်ကို သတင်းဆိုးတွေနဲ့ ဆက်စပ် နေရတာကို အရမ်းပင်ပန်းနေပါပြီ။ ဒီနှစ်တွေ အားလုံးမှာ ပြည်သူတွေဟာ သူတို့အင်အားလေးနဲ့ပဲ အသက်ရှင်နေထိုင်ဖို့ ကြိုးစားနေရပါတယ်” ဟု ရှင်းပြသည်။
ထို့အပြင် စိုးရိမ်စရာကောင်းသည်မှာ တရုတ်၊ ရုရှားနှင့် အိန္ဒိယ အပါအဝင် နိုင်ငံတကာမှ ပါဝင်ပတ်သက် သူများသည် ၎င်းတို့၏ အကျိုးစီးပွားများကို မြှင့်တင်ရန်နှင့် စကစကို ကယ်တင်ရန်အတွက် ဤအခြေအနေကို အခွင့်ကောင်းယူနိုင်သည် ဟူသော စိုးရိမ်မှုများလည်း ရှိနေသည်။ ထိုသို့ ဖြစ်လာပါက မြေပြင်ရှိ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် မည်သည့်အရာမျှ ပြောင်းလဲလာမည်မဟုတ် ဟု ယုံကြည်ကြသည်။ ထို့အစား မြန်မာစစ်တပ်သည် နိုင်ငံတကာအကူအညီများကို လက်ဝါးကြီးအုပ်သည့် ၎င်းတို့၏ ရေရှည်အလေ့အထကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပဋိပက္ခများနှင့် လူသားချင်း စာနာထောက်ထားမှု အရေးပေါ်အခြေအနေများသာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ အမှန်စင်စစ် ငလျင်နောက်ပိုင်းတွင် စစ်အစိုးရက တော်လှန်ရေးနေမြေရှိ အရပ်သားပြည်သူများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယင်းအခြေအနေ ကို ထင်ဟပ်သည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက မှတ်ချက်ပြုပြောကြား ရာတွင် “အိမ်တွေ မီးရှို့ခံထားရမှတော့ ဘယ်လိုလုပ်ပြီး ထပ်ပြိုကျနိုင်မှာလဲ” ဟု ပြောကြားခဲ့သည်။