ပျော်ရွှင်မှုကို ကြောက်ရွံ့ခြင်း မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခ
Temas
Regiones
မြန်မာပြည်သူများသည် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများ ကြားကနေ တိုင်းပြည်အတွက် မျှော်လင့်ချက်များ မှေးမှိန်မသွားဘဲ ခံနိုင်ရည်ရှိကြပါသည်။ သို့သော် အယ်လ်ဗီနာ၏ ယခု စိတ်ထိခိုက်စရာ ဆောင်းပါးတွင်တော့ ကိုဗစ်-၁၉၊ ၂၀၂၁ အာဏာသိမ်းမှု၊ ပဋိပက္ခများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာနေသည့် အချိန်တွင် မတ်လ ငလျင်ဘေး အန္တရာယ်သည် ပြည်သူများ၏ ခံနိုင်ရည်စွမ်းအားကို အကန့်အသတ်ဖြစ်အောင် မည်ကဲ့သို့ တွန်းပို့နေ သည်ကို ရှင်းပြထားပါသည်။ မြန်မာပြည်သူများသည် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ပြီး ၎င်းတို့ အနေဖြင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို ရသင့်သည်မှာကြာပြီ ဟုလည်း ဖော်ြပထားပါသည်။ အယ်လ်ဗီနာ မေးခွန်းထုတ်ထားသည့်အတိုင်း "ကျွန်မတို့ကရော တခြားသူများလို ပျော်ရွှင်ဖို့ရာ မထိုက်တန်တော့ဘူးလား?”

Photo credit: PYO
“အသက်ဟာ တန်ဖိုးကြီးတယ်။ လက်ရှိဘဝကို တန်ဖိုးထားပျော်ရွှင်ပါ။” လို့ လူတွေက ပြောတတ် ကြတယ်။ တန်ဖိုးကြီးတဲ့ ဘဝ၊ တန်ဖိုးကြီးတဲ့ အသက်ဆိုတာ ကျွန်မတို့ မြန်မာပြည်သူတွေ အတွက်မှ ဟုတ်ရဲ့လားလို့ ကျွန်မစိတ်ထဲ ခဏခဏမေးနေမိတယ်။
တကယ်တော့ ကျွန်မဟာ သေခြင်းတရားကို မကြုံတွေ့ဖူးသူတစ်ယောက်မဟုတ်ပါဘူး။ ကျွန်မအဖေ ဟာ ကျွန်မအသက် ၁၀ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူလတ်ပိုင်းအရွယ် ကျွန်မအဖေဟာ မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် တိမ်ပါးခဲ့ရတယ်။ မနက်ပိုင်းက ပျော်ပျော် ရွှင်ရွှင်ရှိနေခဲ့တဲ့ အဖေဟာ ညနေကျတော့ အသက်မဲ့တဲ့ ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ခဲ့တယ်။ ဒီတော့ သေခြင်းတရားဆိုတာ အချိန်မရွေးကျရောက်နိုင်ပါလားဆိုတာ ၁၀နှစ်သမီးအရွယ်ကတည်းက ကျွန်မက တွေးမိခဲ့ဖူးပါတယ်။ ဘဝမှာ ဒုက္ခနဲ့ သုခဆိုတာ တစ်လှည့်စီလာနေမယ်ဆိုတာကိုလည်း လက်ခံထားခဲ့ တဲ့အတိုင်း သာမန်လူလတ်တန်းစားတစ်ယောက်ကြုံတွေ့ရလေ့ရှိတဲ့ သောကနဲ့ ဒုက္ခတွေကို ဖြတ်သန်းခဲ့ ရတာပါပဲ။
ဒါပေမယ့် အခုနောက်ပိုင်းတော့၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မဟာ ခဏလေး ပျော်ရွှင်ရမှာကိုတောင် ကြောက်တဲ့စိတ်ဖြစ်လာခဲ့တယ်။ ပျော်ရွှင်ခြင်းဆိုတာ ငါတို့အတွက်ရော ဟုတ်ရဲ့ လားလို့ ယုံမှားသံသယဖြစ်လာခဲ့တယ်။ ကျွန်မရဲ့ စိတ်ဒဏ်ရာဟာ တဖြည်းဖြည်း ကြီးမားလာတယ်။ လူပေါင်းများစွာ သေကြေပျက်စီးကြရတာတွေ၊ ထိခိုက်ဒဏ်ရာရကြတာတွေ၊ မတရားဖမ်းဆီးခံရတဲ့ လူကြီး၊ လူငယ်အရွယ်စုံတွေအကြောင်း နေ့စဉ်နှင့်အမျှ ကြားသိနေရတယ်၊ မြင်တွေ့နေရတယ်။ ကျွန်မတို့ဟာ ကြောက်တဲ့စိတ်နဲ့ နိုးထကြရတယ်။ ကြောက်တဲ့စိတ်နဲ့ ရှင်သန်ကြရတယ်။ ကြောက်တဲ့စိတ်နဲ့ပဲ နေ့စဉ်ဘဝကို လှုပ်ရှားရုန်းကန် နေကြရတယ်။ ဒါပေမယ့် ကျွန်မတို့ အားမလျှော့ခဲ့ကြပါဘူး။ “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတဲ့ စိတ်နဲ့ ကျားကန်ခဲ့ကြတယ်။
တကယ်တော့ မြန်မာနိုင်ငံသား အများစုဟာ ဘယ်နိုင်ငံရောက်ရောက် မျက်နှာငယ်ကြရတာ များပါတယ်။ လူ့အခွင့်အရေးဆိုတာ ဘာမှန်း ကျွန်မတို့ မသိခဲ့သလို၊ အပြည့်အဝလည်း ကျွန်မတို့ မရခဲ့ ကြပါဘူး။ ကျွန်မတို့ဟာ အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ကြီးပြင်းခဲ့ကြရတယ်။ မြန်မာနိုင်ငံဟာ အစစ ဆင်းရဲ၊ နိမ့်ကျတယ်ဆိုတာကို သိထားသည့်တိုင် ကျွန်မကြီးပြင်းခဲ့တဲ့ ဘဝတစ်လျှောက်လုံး ကျွန်မစိတ်ထဲ မြန်မာနိုင်ငံမှာ မွေးပြီးကြီးပြင်းခဲ့ရလို့ နောင်တရတယ် ဆိုတဲ့ စိတ်မျိုးမဖြစ်ခဲ့ဖူးပါဘူး။ ဒီတိုင်းပြည်မှာပဲနေပြီး ကိုယ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပဲ စိတ်ဆန္ဒရှိခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ကျွန်မဟာ “ငါတို့ဟာ ကံဆိုးလွန်းလို့သာ ဒီတိုင်းပြည်မှာ လူဖြစ်နေရတာလား”လို့ ခဏခဏတွေးနေမိတယ်။
ဒီလိုတွေးမိတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ကျွန်မတို့ကြုံခဲ့၊ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကိုက ဒီလိုတွေးစရာ ဖြစ်လာပြန်တယ်။ ၂၀၂၀ မှာ တစ်ကမ္ဘာလုံးနည်းတူ ကိုဗစ်ကို ကျွန်မတို့ ရင်ဆိုင်ခဲ့ကြရ တယ်။ ချစ်ခင်ရတဲ့ ဆွေမျိုးတွေနဲ့ ခင်မင်ရတဲ့မိတ်ဆွေတွေကို ကျွန်မတို့ ဆုံးရှုံးခဲ့ကြရတယ်။ “ကံကောင်းလွန်းလို့ ငါတို့အသက်ရှင်ခဲ့ကြပါလား”လို့တောင် ကျွန်မတို့ တွေးခဲ့ကြတာ မဟုတ်ပါလား။
အဲ့ဒီ့နောက် ၂၀၂၁ ခုနစ်မှာ စစ်အာဏာသိမ်းခြင်းကို ကျွန်မတို့ကြုံခဲ့ကြရတယ်။ တန်ဖိုးကြီးလှတဲ့ အသက်ပေါင်းများစွာ စတေးခဲ့ကြရတယ်။ ဖိနှိပ်ခံခဲ့ကြရတယ်။ ဖမ်းဆီးခံခဲ့ကြရတယ်။ ကျွန်မတို့ ပြည်သူတွေအတွက်တော့ အသက်ဆိုတာ ရောင်းတန်းမဝင်တဲ့ ပစ္စည်းတစ်ချို့လောက်တောင် တန်ဖိုးရှိမနေခဲ့ပါဘူး။ ကျွန်မတို့ အိပ်မက်တွေ ပျက်စီးခဲ့ကြရတယ်။ ၂၀၂၁ နောက်ပိုင်း နိုင်ငံအနှံ့ စစ်ပွဲတွေဖြစ်ခဲ့တယ်။ အိုးအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေပါမကျန် စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခြင်းနဲ့အတူ တခြားသော ဖျက်ဆီးတိုက်ခိုက်ခြင်းတွေကို ခံစားခဲ့ကြရတယ်။
လူပေါင်းများစွာဟာ တစ်ခဏအတွင်း အိမ်ခြေမဲ့၊ အခြေအနေမဲ့၊ အလုပ်လက်မဲ့တွေဖြစ်ခဲ့ကြရတယ်။ ဒီနေ့မှာ လူတွေဟာ အသက်ရှင်နေသေးပေမယ့် မနက်ဖြန်မှာ ကျွန်မတို့အသက်ရှင်နေဦးမလား ဆိုတာတောင် မတွက်ဆနိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်မတို့ရှင်သန်ခဲ့ကြရတယ်။ တစ်သက်လုံး ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းပြီး တည်ဆောက်ခဲ့ကြရတဲ့ အိမ်လေးတစ်လုံးဟာ မျက်စိတစ်မှိတ် အတွင်းမှာ ပြာပုံဖြစ်ရတဲ့အထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တခြားသော နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှု၊ ဒုစရိုက်မှု၊ စားဝတ်နေရေး ခက်ခဲမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ လောင်စာဆီမလုံလောက်မှု စတဲ့ပြသနာပေါင်း များစွာကိုလည်း အလူးအလဲခံခဲ့ကြရတယ်။ ခေတ်အဆက်ဆက်က သစ်တောနဲ့ သယံဇာတတွေကို အထိန်းအကွပ်မဲ့ ရောင်းထုတ်ခဲ့ကြလို့ မကြာခဏ ရေကြီး၊ မြေပြိုစတဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကိုလည်း ပြည်သူတွေဟာ ခါးဆီးခံခဲ့ကြရတယ်။ ကိုယ့်အိမ်အလုံးလိုက်ကျွတ်ထွက်ပြီး ရေထဲပါသွားတာကိုတောင် ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တဲ့ အနေအထားမျိုးပါပဲ။ ဒီ့အပြင် ဘေးအန္တရယ် ကြိုတင်ကာကွယ်မှု ဆိုတာ ဘယ်တုန်းကမှ ပြင်ဆင်ထားခြင်းမျိုးမရှိသလို၊ ကယ်ဆယ်ရေး၊ ပြန်လည် တည်ထောင်ရေးဆိုတာမျိုးကလည်း လုံလောက်တဲ့အနေအထား ရှိမနေပြန်ပါဘူး။
ဒီကြားထဲ စစ်မှုထမ်းဥပဒေကြောင့် လူတန်းစားပေါင်းစုံဟာ ရတဲ့နည်းနဲ့ တိုင်းပြည်က ကြိုးစား ထွက်ခွာနေကြရပြန်တယ်။ ဒီ့အတွက် ပေးဆပ်ရတာတွေဟာလည်း မနည်းမနောပါပဲ။ ငွေမရှိသူက ချေးငှားပြီး တစ်ပြည်တစ်ရွာကို သွားနိုင်ဖို့ အားထုတ်ရတယ်။ အကြွေးတွေဆင့်ကြသလို အဆင်မပြေလို့ အလိမ်အညာတွေခံကြရသူလည်း အများအပြားပါပဲ။
ကျွန်မတို့ မြန်မာပြည်သူလူထုတွေဟာ ရှိရမယ့် ခံနိုင်ရည်စွမ်းအားထက် ပိုပြီးတောင့်ခံနေကြ ရသလိုပါပဲ။
ကျွန်မတို့အတွက်တော့ အပူမီးတွေဟာဆက်တိုက်ပါပဲ။ ကျွန်မတို့ ခံစားခဲ့ကြရတာ တွေဟာ မလုံလောက်သေးလို့များလား။ အခုတစ်ဖန် သဘာဝဘေးတစ်ခုဖြစ်တဲ့ ငလျင်ဒဏ်ကို ခံကြရပြန်ပါတယ်။ ငလျင်အပြင်းအထန်လှုပ်ခဲ့တဲ့ မန္တလေးမှာ ကျွန်မမိခင် နေထိုင်ပါတယ်။ သူဘေးကင်းပါစေလို့ ဆုတောင်းခဲ့သလို၊ တစ်ဖက်မှာလည်း အဆက်အသွယ်မရချင်း စိုးရိမ်ပူပန်မှုဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ကံကောင်းစွာနဲ့ ကျွန်မအမေကတော့ ဘေးကင်းခဲ့ ပါတယ်။ သို့ပေမယ့် နှစ်ရက်ကျော်ကြာတဲ့အထိ ပိတ်မိနေတဲ့သူတွေရှိနေသေးသလို၊ သေကြေကြရတဲ့ ရုပ်အလောင်းတွေ၊ ပျက်စီးသွားတဲ့ အမွေအနှစ်တွေကို မြင်တွေ့နေရခြင်းအတွက် ခံစားရတဲ့ ခံစားချက်ဟာ ဖော်ပြစရာ စကားလုံးမရှိအောင်ပါပဲ။ နောက်ထပ်ဘယ်တော့ ငလျင်ထပ်လှုပ်ဦးမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ ပူပန်နေကြရပြန်ပါတယ်။
ဘယ်လိုအားအင်တွေနဲ့ ကျွန်မတို့ ရှေ့ဆက်ကြဦးမလဲ။ ကျွန်မတို့ဟာ ပျော်ရွှင်မှုမပြောနဲ့ ပူပန်စိတ်ကင်းကင်းနဲ့နေထိုင်သွားနိုင်ဖို့အတွက်လည်း အတော်လည်း ခက်ခဲနေကြပါပြီ။ ကျွန်မတို့ ခံခဲ့ကြရတာ ဒီငါးနှစ်တာကာလေးတင်မဟုတ်ပါဘူး။ ကျွန်မတို့ပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ နှစ်ပေါင်းများစွာ ဖိနှပ်ခံခဲ့ကြရတယ်။ အမှန်တော့ကျွန်မတို့လည်း ပင်ပန်းနေပါပြီ။ ကိုယ့်ကိုကိုယ် တောင့်ခံနေရတာ ခြေကုန်လက်ပမ်းကျနေပြီဖြစ်သလို တခြားသူတွေဆီက အကူအညီတွေ တောင်းခံရ တာလည်း အားနာလှပါပြီ။
ကျွန်မတို့ရော တခြားသူတွေလို ပျော်ရွှင်ဖို့ရာမထိုက်တန်တော့ဘူး။
ကျွန်မတို့အသက်တွေကရော တန်ဖိုးမဲ့နေသလား။
ကျွန်မတို့ဘယ်လောက်ထိ ဆက်အားတင်းထားရဦးမလဲ။
ကျွန်မတို့ရဲ့ အိပ်မက်တွေဟာ လေထဲမှာပျောက်ကွယ်သွားပြီလား....ဆိုတဲ့
မေးခွန်းတွေဟာ ကျွန်မစိတ်ထဲ ပဲ့တင်ထပ်နေသလို
ခေတ္တခဏလေး ပျော်ရွှင်ဖို့ရာကိုပင် ကျွန်မမှာ စိုးရွံ့နေမိပါတယ်။
*Alvina သည် ကလောင်အမည်ဖြစ်ပြီး သူမသည် အလွတ်တန်းစာရေးဆရာမတစ်ဦးဖြစ်သည်။ Alvina သည် ရပ်ရွာဖွံ့ဖြိုးရေးအတွက် 15 နှစ်ကြာ လုပ်ဆောင်ခဲ့သည်။