ပိုများလာမည့် သွေးမြေကျမှုများ ရှောင်လွှဲနိုင်မည်လား။ မြန်မာ့လူမျိုးစု အကြပ်အတည်းကို ဆင်ခြင်စဉ်းစားခြင်း ချယ်ရီဇဟောင်
ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော ပဋိပက္ခများဖြစ်လာခဲ့ပြီးချိန်တွင် မြန်မာ့နိုင်ငံရေးတိုက်ပွဲ၌ စစ်တပ်၊ ဒီမိုကရေစီလိုလားသူများနှင့် လူမျိုးစုများ ဟူသော အုပ်စုကြီးသုံးစုရှိသည်ဟု ဆိုကြလေ့ရှိသည်။ လူမျိုးစုရေးရာကိစ္စသည် မကြာခဏဆိုသလို နားလည်မှု လွဲတတ်ကြ သော၊ ဘေးဖယ်ထားခံရသောကိစ္စဖြစ်သည် ဟု ဆောင်းပါရှင် ချယ်ရီဇဟောင် ယခုဆောင်းပါးတွင် အဆိုပြုထား သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြပုံများနှင့် အခြေခံရပ်တည်နားလည်မှုများ ပြောင်းလဲမှသာလျှင် အတိတ်ကဲ့သို့ ကျရှုံးမှုများထပ် မဖြစ်ရန် ရှောင်လွှဲနိုင်ကြပေမည်။

Reuters
မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထွက်ပြေးလာရ သူများ ရိက္ခာများသယ်ယူလာပုံ ဓါတ်ပုံ-Reuters
ဆောင်းပါးအပြည့်အစုံ (PDF) ကို ရယူရန် ဒေါင်းလုပ်ပြုလုပ်ပါ။
ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းပြီးကာစတွင် ကျွန်မ အိန္ဒိယသို့ ထွက်ပြေး ရပါသည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်ရှိသော ချင်းအမျိုးသမီးအဖွဲ့များကတဆင့် ဒီမို ကရေစီလှုပ်ရှားမှုတွင်ပါဝင်ဖြစ်ခဲ့သည်။ ကျွန်မ၏ နိုင်ငံရေးအသိပညာကို တောင့်တမှု ကလည်း လူငယ်ဘဝတလျှောက်လုံးကို မြှုပ်နှံကာ ချင်းလူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် လူအခွင့်အရေးနှင့် ဂျန်ဒါတန်းတူညီမျှရေး ကိစ္စများတွင် ဆောင်ရွက်ဖြစ်စေဖို့ အကြောင်းဖန် လာခဲ့သည်။ ၂၀၁၁ မြန်မာနိုင်ငံရေး အပြောင်းအလဲများဖြစ်လာချိန်တွင်မူ မြန်မာပြည်သို့ မဆိုင်းမတွပြန်လာခဲ့ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့ အစည်းဖြစ်လာစေရန် အားထုတ်မှု၊ လှုပ်ရှားမှုများတွင် တတ်စွမ်းသမျှ ပါဝင်ခဲ့ပါသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့စစ်အာဏာသိမ်းမှုကြောင့် ယနေ့အချိန်အခါတွင် ကျွန်မတို့သည် စစ်အုပ်ချုပ်ရေးအောက်သို့ ပြန်လည်ကျရောက်ရနေရပြီဖြစ်သည်။ နိုင်ငံဖရိုဖရဲဖြစ်စဉ် များကြားတွင် အစိုးရနှင့် အစိုးမဟုတ်သူ နှစ်ဖက်စလုံးမှ ပရမ်းပတာ အကြမ်းဖက်မှုများ ကျရောက်လာခဲ့ပါသည်။ တပ်မတော်ဟုခေါ်ဆိုကြသာ စစ်တပ်သည် ပြည်သူနှင့်ထိပ်တိုက် တိုက်ရင်ဆိုင်နေရသော အခြေအနေကိုဖြေရှင်းရန်၊ အကြပ်အတည်းကို အဆုံးသတ်ရန် နိုင်ငံရေးစိတ်ဆန္ဒရှိပုံမပြပါ။ တပ်မတော်ခေါင်းဆောင်များသည် အာဏာနှင့် ထိန်းချုပ် ပိုင်ခွင့်ကို လိုလားနေကြမြဲဖြစ်ပြီး နိုင်ငံကိုစောင့်ရှောက်ကာကွယ်နေသူမှာ စစ်တပ်ဖြစ်သည်
ဟူသော ဒဿနကို ဆုပ်ကိုင်ထားကြမြဲဖြစ်သည်။ နွေဦးတောင်လှန်ရေးဟု ခေါ်တွင်သော ဒီမိုကရေစီ လိုလားသူများကမူ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားချင်ကြသည်။ တပ်မတော်အား အခွင့်ထူးပေးထားသော ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုကြသည်။ ထို့ကြောင့်ပင်လျှင် လွန်ခဲ့သောနှစ်များတွင် အကန့်အသတ်ရှိသည့် တိုင်အောင် ရသလောက်ရနေခဲ့ကြသည့် နိုင်ငံရေးအပြောင်းအလဲများနှင့် ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှ တိုးတက်မှုများသည် ယခင်ကကဲ့သို့ပင် နောက်ကြောင်း ပြန်လှည့်ကာ ကန့်လန့်ပြန်ဖြစ်သွားခဲ့တော့သည်။ သို့ပါ၍ နိုင်ငံသည် ပျက်သုဉ်းခြင်းလမ်းသို့ ဦးတည် သွားနိုင်ပါသည်။
ကာလကြာရှည် ဒုက္ခရောက်နေခဲ့သော ပြည်သူများအတွက်မူ ဤအဖြစ်များကြောင့် နိုင်ငံရေးအရ ရွေးချယ်စရာနည်းပါးလှသောအဖြစ်သို့ကျရောက်ကာ ကျဉ်းထဲကျပ်ထဲသို့ ပိုမို နက်ရှိုင်းစွာ ကျရောက်ရပါသည်။ နွေဦးတောင်လှန်ရေးဘက်တော်သားများအဖို့ စစ်တပ်နှင့် ညှိနှိုင်းဆွေးနွေးရေးလမ်းစဉ်ကို လက်မခံလိုကြပါ။ တော်လှန်ရေးကို ထောက်ခံနေကြ သူတို့အဖို့ စစ်တပ်ကို အားပျော့သွားစေပြီး နိုင်ငံရေးမှအပြီး ဖယ်ရှားနိုင်ခြင်းကို လိုလားနေကြသည်။ ယခုလိုအခါမျိုးတွင် တပ်ခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးခြင်း သည် တပ်ကိုအလျော့ပေးခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ စစ်တပ်သည် ဆန္ဒပြသူများ နှင့် စစ်တပ်ကို အတိုက်အခံပြုနေသူများဟု ၎င်းတို့ယူဆသူမှန်သမျှကို အကြမ်းဖက်ရန် လက်တွန့်လေ့မရှိသောကြောင့် ထိုကဲ့သို့သော အမြင်ကို ကျွန်မနားလည်လို့ရပါသည်။
လူမျိုးစုအရေး လှုပ်ရှားမှု
သို့ဖြစ်ရာ ဗမာမဟုတ်သူများအား ဘေးဖယ်ထုတ်ထားတာကို အဆုံးသတ်ကြရပါမည်။ လူမျိုးစုများ၏ ဖြစ်တည်မှု၊ နိုင်ငံရေးရည်မှန်းချက်နှင့် စီးပွားရေးပန်းတိုင်များကို ဖိနှိပ်ထား သော အင်စတီကျူးရှင်းမှာ စစ်တပ်တစ်ခုတည်းမဟုတ်ပါ။ ကျွန်မတို့ နေ့စဉ်ရင်ဆိုင် နေကြရသော တခြားအင်အားစုများလည်း ရှိနေပါသေးသည်။ ဤနေရာတွင် ပြဿနာဖြစ် နေသော အပိုင်းလေးပိုင်းက ပေါ်လွင်နေပါသည်။
ပထမအချက်မှာ ကျွန်မတို့ လူမျိုးစုများဘက်တွင် စီးပွါးရေးပါဝါ မရှိသောကိစ္စ ဖြစ်ပါသည်။ စီးပွါးရေးပါဝါသည် ဗမာအီလစ်တစု၏ လက်ထဲမှာသာ ရှိနေပါသည်။ ၁၉၉၀ ကျော် နှစ်များတွင် တိုင်းပြည်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းသည့်အခါတွင် မညီမျှမှုက ပို၍ဆိုးလာပါသည်။ ဒီနေ့အထိ စစ်တပ်က လက်သင့်ရာ ရွေးချယ်ကာ အခွင့်ထူးပေး အင်အားကြီးစေခဲ့သည့် ခရိုနီတစ်စုက စီးပွါးရေးခွင်များကို ချုပ်ကိုင်ထားဆဲဖြစ်ပါသည်။ ထိုစီးပွါးရေးမညီမျှမှုကို အနှေးနှင့် အမြန်ဆိုသလို ဖြေရှင်းရပါ လိမ့်မည်။
ဗမာမဟုတ်သောလူမျိုးစုများတွင် ဗမာလူမျိုးများကဲ့သို့ “ပါဝါအပျော့” ဟု ခေါ်သော နိုင်ငံလုံး ဆိုင်ရာ အင်စတီကျူးရှင်းများ မရှိပါ။ ဗမာများ၏ ပါဝါအပျော့ထည်များ က ဘာသာရေး၊မီဒီယာ၊ ဖျော်ဖြေရေးလုပ်ငန်းများမှတစ်ဆင့် ကျွန်မတို့ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်ဘဝဖြစ်တည်မှု အားလုံးအပေါ် လွှမ်းမိုးထားဆဲ ဖြစ်ပါသည်။ ယင်းအင်စီကျူးရှင်း များသည် အင်အားကြီးမား ကြပြီး ပြည်သူတို့တွင်ရှိသော အတွေးအခေါ်၊ အပြုအမူ၊ ယဉ်ကျေးမှုများကို ဖိနှိပ်ပစ်နိုင်သကဲ့သို့ ဖော်ထုတ်ခွင့်ကိုလည်း ပေးနိုင်သည်။ ကျွန်မတို့ နေမှုထိုင်မှုများကိုလည်း ခြယ်လှယ်နိုင်ကြသည်။
ကျွန်မတို့လူမျိုးစုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ကဲ့သို့သော အရေးကြီးသော အဆုံးအဖြတ်များတွင် လူအများစုအားဖြင့် အပေါ်စီး ရနိုင် သော နိုင်ငံရေးပါတီကြီးများလည်း မရှိပါ။ ထိုသို့ ဆုံးဖြတ်ခွင့်များတွင် မပါဝင်ကြရသော်လည်း လူများစုအားဖြင့် အသာစီးရသူတို့ ချမှတ်လိုက်သော ဆုံးဖြတ် ချက်များက ကျွန်မတို့ဘဝများ အားလုံးအပေါ် သက်ရောက်နေပြန်ပါသည်။
ကျွန်မတို့လူမျိုးစုများတွင် စစ်ရေးအင်အားကို ဆွဲကိုင်အသုံးပြုနိုင်ရန် တပ်မတော်ကဲ့သို့ နိုင်ငံတော်အရင်းအမြစ်များကို သုံးစွဲနိုင်သော လုပ်ပိုင်ခွင့်အာဏာလည်း မရှိပါ။ ဆယ်စုနှစ် များစွာ အာဏာရယူထားခဲ့သော စစ်အုပ်စုခေါင်းဆောင်များသည် နိုင်ငံ၏ အရင်းအမြစ် အများစု ကို ဆုပ်ကိုင်ထားပြီး တပ်မတော်ကို အမျိုးသားအဆင့်အင်စတီကျူးရှင်း အဖြစ် တည်ဆောက် ထားနိုင်ခဲ့ အုပ်ချုပ်မှုယန္တရား အစိတ်အပိုင်းအားလုံးတွင်လည်း လက်ရှိ တပ်မတော်သား များနှင့် အငြိမ်းစားများကပါ နေရာယူထားကြပါသည်။ အကျိုးစီးပွားနှင့် အာဏာကို ဤမျှရယူထားသော အခြေအနေတွင် စစ်တပ်ကဲ့သို့ လက်ဝါးကြီးအုပ် အဖွဲ့အစည်းကို ပြောင်းလဲရန်မှာ အလွန်ခက်ခဲပါသည်။
နိုင်ငံရေးစားပွဲဝိုင်းတွင်ရှိသော ကျွန်မတို့လူမျိုးစုများ၏ အင်အားရှိပုံမှာလည်း အများနှင့် မတူပါ။ ကျွန်မတို့တွင်ရှိသည်မှာ မိမိတို့နယ်မြေနှင့် လူမျိုးစုဖြစ်တည်မှု ဖြစ်ပါသည်။ ထိုအရာများသည် ကျမတို့အဖို့ မည်သူကမျှ ငြင်းပယ်၍မရနိုင်သော ရပိုင်ခွင့်နှင့် ပိုင်ဆိုင်မှု အရင်းအမြစ်လည်း ဖြစ်ပါသည်။ ကျွန်မတို့နိုင်ငံကျရှုံးရခြင်း၏ အဓိကအကြောင်းကလည်း ကျွန်မတို့လူမျိုးစုများ၏ ထိုရပိုင်ခွင့်ကို အသိအမှတ်မပြုခြင်းပင်ဖြစ်သည်။ လူမျိုးစုအရေး ဘေးဖယ်ခံရခြင်း၊ လစ်ဟာမှုများရှိနေခြင်းကို နားမလည်တတ်ကြသူများမှာ အင်အားကြီး လှသော အီလစ်လူတန်းစားများသာ မဟုတ်ပါ။ မကြာခဏဆိုသလိုပင် လူမျိုးစုများ၏ ဖြစ်တည်မှုနှင့် ဖိနှိပ်ခံနေရခြင်းကို ပြန်လည် ခုခံလိုသော သန္နိဌာန်ရှိနေခြင်းကို ဗမာလူများစု နိုင်ငံရေးသမားများကလည်း နားမလည်ကြပါ။
ဒီမိုကရေစီအရေးခေါင်းစဉ်အောက်တွင်လည်းကောင်း၊ လွတ်မြောက်ရေးအတွက် အတူ လက်တွဲဆောင်ရွက်ရမည် ဟုသော ခေါင်းစဉ်အောက်တွင်လည်းကောင်း ကျွန်မတို့ ဖြစ် တည်မှုနှင့် ရုန်းကန်မှုများ မျက်ကွယ်ပြုခံရလေ့ရှိပါသည်။
ဒီမိုကရေစီအပေါ် တူညီသောယုံကြည်မှုရှိရန်၊ အားလုံးနှင့်ဆိုင်သော ဘုံရည်မှန်းချက်များ အတွက် အတူလက်တွဲကြရန် ကျွန်မတို့ဆန္ဒရှိကြသည်မှာ ကျိန်းသေပါသည်။ သို့သော် အတွေ့အကြုံများအရ အတူလက်တွဲ ဆောင်ရွက်ကြသောအခါများတွင် နိုင်ငံရေးအာဏာ ခွဲဝေရေး ညှိနှိုင်းဆွေးနွေးကြသည့် စားပွဲဝိုင်းသို့ ရောက်လာသောအခါ ကျွန်မတို့မှာ အခြားသူများလောက် အကျုံးမဝင်သူတွေလို ဆက်ဆံခံခဲ့ကြရပါသည်။ ထိုအဖြစ်အပျက် မျိုး နောက်ထပ် မကြုံကြစေရေးမှာ လွန်စွာအရေးကြီးပါသည်။
လှမ်းရမည့်ခြေလှမ်းများ
လောလောဆယ်တွင် လက်နက်ကိုင်တိုက်ပွဲ ယုံကြည်တဲ့သူတွေရှိနေကြသလို ရွေးကောက်ပွဲနည်းလမ်းအားဖြင့် တရားဝင်မှုရအောင်လုပ်ပြီး အာဏာခွဲဝေရေး စားပွဲဝိုင်း ဝင်ချင်သူတွေလည်း ရှိနေပါသည်။ ချက်ချင်းလက်ငင်းရလဒ်ကို မျှော်ပြီးဆောင်ရွက်ခြင်း မျိုးဖြစ်လျှင် ထိုနည်းလမ်း နှစ်ခုစလုံးတွင် အခြေခံကျသော ပြဿနာတစ်ခု ရှိပါသည်။ လက်ရှိအခိုက်အတန့်တွင် နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုခံရမှု၊ အခြေခံ ဥပဒေအရလုပ်ပိုင်ခွင့်၊ နိုင်ငံရေးစနစ်၊ လူမျိုးစု သိမှတ်ပုံ အစရှိသည့် ကိစ္စအားလုံးမှာ ဝရုန်းသုန်းကားအခြေအနေတွင်ရှိနေပါသည်။
အကျိုးဆက်အနေဖြင့် သွေးမြေကျမှုများ ဆက်မဖြစ်စေရန်၊ တိုင်းပြည်အခြေအနေကို အဖတ်ဆည်နိုင်ရန် လူမျိုးစုအဖွဲ့အစည်းများ၊ ဘာသာရေးအုပ်စုများ အားလုံးကြားတွင် နိုင်ငံရေးအဖြေရှာနိုင်ရေး၊ နားလည်မှုတည်ဆောက်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကြရန် အရေးပေါ် လိုအပ်နေပါသည်။
သို့ဖြစ်ရာ ယခုအခြေအနေမှသည် မည်သည့်ပန်းတိုင်သို့ ခရီးဆက်ကြမည်နည်း ဆိုသည့် မေးခွန်းက ကြီးကြီးမားမား ပေါ်လာနေပါသည်။ မည်သို့ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်ကြမည် ဆိုသည်နှင့်ပတ်သက်၍ အပေါ်လွှာနိုင်ငံရေးအုပ်စုများကြားတွင် အကျယ် တဝင့် ဆွေးနွေးနေကြပါသည်။ သို့သော် နိုင်ငံရေးအကျဉ်းအကျပ်မှ လွတ်မြောက် ရန် ပြင်ဆင်ကြရာတွင် ကျွန်မအနေနှင့် အခြေခံအချက်တချို့ကို အကောင်းဘက်သို့ ဦးတည်ကာ အဆိုပြုချင်ပါသည်။ လူမှုအသိုက်အဝန်း ပြုပြင်ပြောင်းလဲရေး၊ ဆွေးနွေး အဖြေရှာနိုင်ရေးများ ဖြစ်ပေါ်လာနိုင်ရန် အခွင့်အလမ်းများရှိနေဖို့၊ တံခါးများ ဖွင့်ထားဖို့ လိုပါသည်။ ဤအရာမှာ လူတိုင်းအတွက် အရေးကြီးသလို ကျွန်မတို့အနေနှင့်လည်း မိမိတို့ အဖွဲ့အစည်းထဲမှာ သော်လည်းကောင်း၊ မိမိတို့ အသိုင်းအဝိုင်းထဲမှာသော်လည်းကောင်း လုပ်ကိုင်နိုင်သော ကိစ္စများလည်း ဖြစ်ပါသည်။
ပထမအဆင့်အနေနှင့် “ငါတို့က ပိုကြီးမြတ်သူများဖြစ်သည်။”၊ “ ငါတို့က ပိုဖိနှိပ်ခံရ သူများဖြစ်သည်” ဆိုသော ခံယူချက်အသီးသီးကို အတူတကွ ပယ်စွန့်ကြရပါမည်။ ရပ်ထဲရွာထဲမှစကာ နိုင်ငံတော်အဆင့်အထိ ထိုအပြောင်းအလဲကြီးပေါ်လာရန် လိုအပ်ပါ သည်။ ငါတို့က ပိုမိုကြီးမြတ် သည်ဟု လွဲမှားခံယူခြင်းသည်လည်းကောင်း၊ ငါတို့အပေါ် လူမျိုးစွဲဖြင့် မတရားပြုကျင့်ခံရသည် ဟူ၍ အစွဲထားခြင်းသည်လည်းကောင်း ပြန်လည် သုံးသပ်ဖြစ်ဖို့၊ ပိုမိုလေးနက်စွာ မေးခွန်းထုတ် ကြဖို့ လိုပါသည်။ ပကတိအခြေအနေတွင် ကျမတို့အားလုံးသည် ဖိနှိပ်ခံရသူတွေဖြစ်နေသလို၊ တနည်းမဟုတ် တနည်းအားဖြင့် အခြားသူများအပေါ် ဖိနှိပ်သူများလည်း ဖြစ်နေကြပါသည်။
ဒုတိယအဆင့်အနေနှင့် နိုင်ငံ့အရေးတွင်ပါဝင်နေသူ အဖွဲ့အစည်းအားလုံး၊ သက်ဆိုင်သူ အားလုံး (နိုင်ငံရေးလှုပ်ရှားမှု၊ လူမျိုးစုလက်နက်ကိုင်၊ NLD နှင့် ဗမာပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင်) အထူးသဖြင့် တပ်မတော်သည် အမှားများ ပြုလုပ်ခဲ့ကြသည်၊ သူတပါးကို ဒုက္ခပေးခဲ့သည်မှာလည်း ကြာညောင်းပြီဆိုသော ပကတိ အရှိတရားကို အသိအမှတ် ပြုရပါမည်။ အခြားသူများအပေါ် လက်ညှိုးမထိုးဘဲ မိမိတို့ ကိုယ်ကိုယ် ပြန်လည်သုံးသပ် ရပါမည်။ နိုင်ငံတကာမှ ပါဝင်ပတ်သက် သူများအဖို့လည်း မြန်မာနိုင်ငံရေးတွင် မိမိတို့၏ လုပ်ရပ်များကြောင့် ပိုမိုစိတ်ဝမ်းကွဲ စေခဲ့သလော၊ လူ့အဖွဲ့ အစည်းကို ပိုမိုပေါင်းစည်းစေခဲ့သလော ဆိုသည်ကို စဉ်းစားသုံးသပ်ပြီး မှားနေသည့် အချက်များကိုလည်း ရှာဖွေအသိအမှတ်ပြုကာ ထည့်သွင်းစဉ်းစား ရပါမည်။
တတိယအဆင့်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လက်နက်များအတွက် အသုံး စရိတ်များက တိုင်းပြည်အပေါ် မည်မျှအထိ ဝန်ပိစေနိုင်သည်ကို နားလည်ရပါမည်။ ကျဉ်ဆန် တတောင့်တန်ဖိုးမှာ ကလေးတယောက်အတွက် စာအုပ်နှင့် ခဲတံဖိုး ဖြစ်နေနိုင် သည်ကို မမေ့လျော့သင့်ပေ။ ထို့အတွက် နိုင်ငံတခုလုံး၏ အတွေးအမြင်ပြောင်းလဲရန် လိုအပ်ပါသည်။ ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေး နှင့် ပြည်သူလူထုတစ်ဦးချင်းစီ၏ ဘက်စုံတိုးတက်ဖွံ့ ဖြိုးရေး ကို အကျိူးပြုစေမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဦးစားပေး အစီအစဉ်များကို ဦးတည်ပြောင်းလဲကြရန် လိုအပ်ပါသည်။ ထိုအရာများကို ဆောင်ရွက်နိုင် ရန် တစ်ခုတည်းသောနည်းလမ်းမှာ ပညာရေးသာဖြစ်သည်။ ပုံမှန်ပညာရေးနှင့် အခြားအလွတ်သဘော ပညာရေး များအားဖြင့် အပြောင်းအလဲကို ဆောင်ရွက်ကြရပါမည်။
စတုတ္ထအဆင့်အနေဖြင့် အချင်းချင်းသတ်ဖြတ်မှုများနှင့် ထိခိုက်နာကျင်စေမှုများကို ရပ်ကြ ဖို့လိုပါသည်။ အထူးသဖြင့် အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော တပ်မတော်အနေနှင့် ပြည်သူအားလုံးကို ငြိမ်းချမ်းကြွယ်ဝစေနိုင်သော တိုင်းပြည်မျိုးဖြစ်စေ ချင်သည်ဆိုသော ဆန္ဒအမှန်ကို ပြသရန်လိုပါသည်။ တိုင်းပြည်တွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်လာခဲ့ သည်မှာ ၁၉၄၈ လွတ်လပ်ရေး ရကတည်းကပင်ဖြစ်ပြီး ဤပြဿနာ၏အဖြေမှာ နိုင်ငံရေး အရ ရှင်းကြရန်သာ ဖြစ်သည်။
ပဉ္စမအချက်အားဖြင့် ကျွန်မတို့ တိုင်းပြည်၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာများ မှာ တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသော်လည်း အခြေခံအားဖြင့် မျက်နှာစာ နှစ်ခုသာ ရှိပါသည်။ လူမျိုးစုများ၏ နယ်မြေပိုင်နက်ပြဿနာနှင့် ဗမာလူများစု ခေါင်းဆောင်များ၏ နိုင်ငံရေးခွင်ထဲတွင် အာဏာလုနေကြသည့် ပြဿနာဖြစ်ပါသည်။ အနာဂတ် တချိန်တွင်မူ မလိမ်မညာ၊ အကောက်မကြံဘဲ ထိုပြဿနာများကို စားပွဲဝိုင်းပေါ် တင်ပြီး ဆွေးနွေးကြဖို့ လိုအပ်ပါသည်။ တချိန်တည်းတွင် လူမျိုးစုတွင်း ပဋိပက္ခများ မရှည်ကြာစေဖို့ လူမျိုးစု အသီးသီးနှင့် နိုင်ငံရေးအင်အားစုများအသီးသီးတို့ထဲတွင် စကားပြောကြရပါမည်။ နိုင်ငံရေး အဖြေရှာရန် ကိစ္စများအောင်မြင်ဖို့ရန်အရေးတွင် အင်အားသာသူက အပေါ်စီးရမြဲ အခြေ အနေမှ ခွဲထွက်ကြရန် လိုအပ်သလို သဘောထားတူမျှနိုင်သည့် ဘုံပန်းတိုင်များ အပေါ် အခြေခံကြရန်၊ မတူကွဲပြားမှုများကို နားလည်စဉ်းစားပေးကြရန် လိုပါသည်။
အချုပ်အားဖြင့် အမြစ်တွယ်နေသော ပြည်တွင်းစစ်၊ နက်ရှိုင်းလာနေသော ပရမ်းပတာဖြစ်မှု ကို ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆွေးနွေးအဖြေရှာကြရာတွင်လည်း အားလုံးအမှန်တကယ် ပါဝင် နိုင်ရန်နှင့် စစ်စစ်မှန်မှန် တိုင်ပင်ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်ပါသည်။ လွတ်လပ် သည့်၊ ညီမျှသည့်၊ တရားမျှတသည့် နိုင်ငံအဖြစ် လူ့အဖွဲ့အစည်းကို အသွင်ပြောင်း လိုကြသည့်အခါ အားလုံးက သေးငယ်သော်လည်း ထိရောက်သည့် ခြေလှမ်းများနှင့် စတင်ကြရပါမည်။ “ဖြစ်ပြီးခဲ့သည်များအတွက် ဝမ်းနည်းပါတယ်။ အမှားတွေ လုပ်ခဲ့မိ ပါတယ်။ အထိအခိုက်တာတွေ ဖြစ်သွားခဲ့ရတယ်။ ထိခိုက်မူများအတွက် ပြန်လည်ကုစား ချင်ပါတယ်” အစရှိသော စကားများကို တစ်ဦးချင်းအနေနှင့် သော်လည်းကောင်း၊ အစု အဖွဲ့လိုက်အနေနှင့်သော်လည်းကောင်း ပြောရန် အဆင်သင့် ဖြစ်ရန်လိုအပ်ပါသည်။ ကျွန်မအနေဖြင့်မူ ထိုကဲ့သို့ ကိုယ်တိုင်ပြန်လည် သုံးသပ်ကြကာ နားလည်နိုင်ကြသည့် အဖြစ်မျိုးကို အနှေးနှင့်အမြန်ဆိုသလို အားလုံးစတင်လာ နိုင်ကြမည် ဟု မျှော်လင့်ပါသည်။
ချယ်ရီဇဟောင်သည် မြန်မာပြည် ချင်းပြည်နယ်မှ ထင်ရှားသော လူ့အခွင့်အရေးဆုရှင် လှုပ်ရှားသူ၊ အမျိုးသမီးရေးရာ လှုပ်ရှားသူနှင့် သုတေသီတစ်ဦးဖြစ်သည်။ ယူကေနိုင်ငံ Salford တက္ကသိုလ်မှ နိုင်ငံတကာစီးပွါးရေးဖြင့် မဟာဘွဲ့ ရခဲ့သည်။ လက်ရှိတွင် စီးပွါးကူးသန်းဆိုင်ရာ ဥပဒေဘွဲ့ LLM အတွက် သင်ယူလျက်ရှိသည်။