စင်ပြိုင်အုပ်ချုပ်မှု၏ သဘောတရားနှင့် ယင်း၏ ရက္ခိုင်ပြည်နိုင်ငံရေးကို သက်ရောက်မှု A Myanmar Commentary by Kyaw Lynn
Regiones
ယခုသတင်းပတ်အတွင်းတွင် ရက္ခိုင်ပြည်ရှိ ရိုဟင်ဂျာများကို မြန်မာတပ်မတော်မှ ကျူးလွန်ခဲ့သော “လူမျိုးတုန်းသတ်ဖြတ်မှု” စွပ်စွဲချက်ကို သည်ဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံးမှာ စုံးစမ်းကြားနာလျက် ရှိပါသည်။ ထိုစဉ် ၂၀၂၀ နိုဝင်ဘာ အလွတ်သဘောအပစ်အခတ်ရပ်စဲမှု ပြီးနောက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အုပ်ချုပ်ရေးယန္တရား ချဲ့ထွင်မှုလုပ်နေသော နယ်မြေများတွင်လည်း မသေချာသော ငြိမ်းချမ်းရေးအခြေအနေတစ်ခုလို ဖြစ်နေပါသည်။ ယခုသုံးသက်ချက်တွင်တော့ ကိုကျော်လင်းမှ စစ်ကောင်စီအုပ်ချုပ်ရေးနှင့် ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့ အုပ်ချုပ်ရေးကြားတွင် ဖြစ်ပေါ် နေသော နိုင်ငံရေးနှင့် လုံခြုံရေးအားပြိုင်မှုများကို ဆန်းစစ်ထားပြီး၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ ရက္ခိုင်ပြည်တွင်း လူမျိုးတိုင်းပါဝင်နိုင်သော ‘ခေတ်သစ်အာရက္ခအမျိုးသားဝိသေသ’ တစ်ခု အတွက် အမြင်သစ်တစ်ခုကိုလည်းတင်ပြဆွေးနွေးထားပါသည်။
ယခုလသည် နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (န.စ.က) ၏ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှု ၁ နှစ် ပြည့်ကာလဖြစ်ပါသည်။ နိုင်ငံ့ဒေသအများစုတွင် လက်နက်ကိုင်နှင့် ငြိမ်းချမ်းသောနည်း ၂ ခု စလုံးဖြင့် စစ်အစိုးရကိုဆန့်ကျင်မှုများသည်လည်း ဆက်လက်ဖြစ်ပေါ်နေပါသည်။ ထိုစဉ်ရက္ခိုင်ပြည်၌ သိသာသော ဆန်ကျင့်ဖက်အခြေအနေတစ်ခု ဖြစ်ပေါ်လျက်ရှိပေသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့ကြားတွင်ရှိနေသော “အနုတ်သဘောငြိမ်းချမ်းရေး” (သို့) “အလွတ်သဘော အပစ်အခတ် ရပ်စဲရေး” အခြေအနေတစ်ခုမှာ ၁ နှစ်ကျော်သည်ထိ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့အခြေအနေသည်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးသည့် အချိန်အနည်းငယ် အတွင်း နှစ်ဖက်လက်နက်ကိုင်တွေကြားတွင် မမျှော်လင့်ထားသော စစ်ပြေငြိမ်းရေးသဘောတူညီမှု တစ်ခုကနေ စတင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေးကို ဦးတည်ထားကြသော်လည်း နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများသည် တင်းမာပြီး၊ မသေမချာဖြစ်နေဆဲဖြစ်ပါသည်။ ၎င်းကို လွန်ခဲ့သော နိုဝင်ဘာလအတွင်း မောင်တောမြောက်ဖက်တွင် ဖြစ်ခဲ့သော တပ်မတော်နှင့်ရက္ခိုင့်တပ်တော်ကြားဖြစ်ခဲ့သော ပွတ်တိုက်မှုကနေ ပြသလျက်ရှိပြီး၊ နှစ်ဖက် စလုံးကို သေဆုံးဒါဏ်ရာရစေခဲ့ပြီး၊ ယခုလအစမှာ ဖြစ်ခဲ့သော လက်ပံတောင်ကြားက တိုက်ပွဲများ ပြီးနောက်မှာလည်း စိုးရိမ်မှုများကို မြင့်တက်စေခဲ့ပါသည်။ တဖက်မှာ ရိုဟင်ဂျာ အကျပ်အတည်းကို မဖြေရှင်းနိုင်သေးဘဲ၊ ဘင်္ဂလားဒေရှ့်-ရက္ခိုင်ပြည်နယ်စပ်တလျှောက်တွင် အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(အာဆာ)အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကိုလည်း တွေ့လာရပါသည်။ ၁ နှစ်လောက် တည်ငြိမ်နေပြီးသည့်နောက်တွင်တော့ ရက္ခိုင်ပြည်သည် ငြိမ်းချမ်းသည့် နယ်မြေတစ်ခုလို့ ပြောလို့မရ သေးပေ။
ယခုကဲ့သို့ ထူးခြားမှုများ ဖြစ်နေသလို နိုင်ငံ့တခြားဒေသများနှင့် မတူဘဲ ရက္ခိုင်ပြည်တွင်း နိုင်ငံရေးအရွေ့သည် မည်သည့်ကြောင့် မတူသောမြန်နှုန်း၊ နည်းလမ်းများဖြင့် ဖြစ်ပေါ်နေ သည်ကိုလည်း နားလည်ဖို့ရန် အရေးကြီးလှပါသည်။ ထိပ်တိုးတိုက်ခိုက်မှုများသည် သိသာစွာ လျော့ကျသွားသော်လည်း၊ ရက္ခိုင်ပြည် အနာဂတ်သည် သေချာမှုမရှိသေးဘဲ၊ လက်ရှိနယ်မြေ သည်လည်း (၂၀၂၁) ဖေဖေါ်ဝါရီကတည်းက န.စ.က မှ ဦးဆောင်သော မြန်မာအစိုးရနှင့် ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့ကြားမှာ ပြင်းထန်သော အာဏာ ပြိုင်ဆိုင်မှုတစ်ခုကို ကြုံတွေ့နေရပါသည်။ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့သည် “ရက္ခိတ လမ်းစဉ်” (The Way of Rakhita) အတွေးအခေါ်ဖြင့် ရေရှည်တွင် ရက္ခိုင်ပြည်သစ်တစ်ခုကို ထူထောင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ ၂၀၁၉ ဒီဇင်ဘာလတွင် ကြေညာခဲ့သော အဖွဲ့တစ်ခု ဖြစ်ပါသည်။
ထိုကဲ့သို့ နောက်ခံတွေကြားမှာ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ‘ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့’သည် ၎င်း၏ “နိုင်ငံတော်တည်ဆောက်ရေး” (State-Building) အစီစဉ်ဖြင့် ၂၀၂၀ အပစ်အခတ် ရပ်စဲပြီးကတည်းက အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ထူထောင်နေပါသည်။ ယခုလိုလုပ်ဆောင်မှု များသည်လည်း စစ်အာဏာသိမ်းပြီးသည့်နောက်တွင် န.စ.က မှ လုပ်ဆောင်သော အုပ်ချုပ်ရေး ယန္တရားများ ပြည်လည်တည်ဆောက်ရေးနှင့် ပြိုင်ဆိုင်ပွတ်တိုက်မှုများဖြစ်နေပြီး၊ ထိုကဲ့သို့ မြင်ကွင်းများ ကိုလည်း ယနေ့ရက္ခိုင်ပြည်အနှံအပြား (အထူးသဖြင့် နယ်ဖက်နှင့် မြို့စွန်များ) မှာ မြင်တွေ့နိုင်ပါသည်။ ရလဒ်အနေဖြင့် ပြည်သူအများအပြားသည်လည်း လွန်ခဲ့သော နှစ်တွေက နယ်မြေတဝှမ်းလုံးမှာ စတင်ဖြစ်ပေါ်လာသည့်“စင်ပြိုင်အုပ်ချုပ်မှု” အောက်မှာ နေထိုင်နေကြရပါသည်။
ရက္ခိုင်ပြည်နိုင်ငံရေးနှင့်လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးမှုများသည်လည်း သည်လောက်နှင့် မဆုံးသေးပေ။ ယခုအခြေအနေများကိုလည်း နိုင်ငံ့တခြားတွေဒေသတွေနှင့် ခွဲခြားလို့မရပေ။ ရက္ခိုင်ပြည်သည်လည်း မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ဖြစ်နေသေးသောကြောင့် ရက္ခိုင်ပြည်တွင်းမှာ ဖြစ်နေ သော ဖြစ်ပေါ်တိုးတက်မှုများကို တနိုင်ငံလုံးအဆင့် စင်ပြိုင်အစိုးရဖြစ်မှုထက် “နိုင်ငံတစ်ခုအတွင်း နိုင်ငံတစ်ခုဖြစ်လာမှု” (emerging state within a state) အဖြစ်သာ သတ်မှတ်နိုင်ပါသည်။ ထိုသို့ အရေးကြီးသည်မှာ ရက္ခိုင်ပြည်တွင်းဖြစ်နေသော အခြေအနေများမှာ တရုတ်နှင့် ထိုင်းနယ်စပ်များ တွင် ဖြစ်နေသော အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ ထိမ်းချုပ်ထားသည့် နေရာများ (non-state armed groups` controlled areas) နှင့်မတူသော ကိုယ်ပိုင်ထူးခြားချက်များလည်း ရှိနေပါသည်။
ယခုသုံးသပ်ချက်သည်လည်း ရက္ခိုင်ပြည်နိုင်ငံရေး၏ မတူညီထူးခြားသော ဦးတည်ချက်များသည် မသေချာလှသော မြန်မာပြည်အနာဂတ်အတွက် မည်ကဲ့သို့ သက်ရောက်မှုများ ရှိနိုင်သလဲ ဆိုသောအမြင် ကိုအခြေခံပြီး ဆွေးနွေးထားခြင်းဖြစ်ပါသည်။
စင်ပြိုင်အုပ်ချုပ်မှု၏ မြင်ကွင်းတချို့
အုပ်ချုပ်ရေးအာဏာအတွက် စင်ပြိုင်အုပ်ချုပ်မှုနှင့် ပြိုင်ဆိုင်မှုလက္ခဏာများကို ရက္ခိုင်ပြည်တဝှမ်းလုံး နှင့် လက်ရှိချင်းပြည်ထဲရှိ ဆက်စပ်နယ်မြေများတွင်လည်း တွေ့ရှိနိုင်ပါသည်။ စစ်ရေးနှင့် လုံခြုံရေး အရဆိုလျှင် မြို့တော်စစ်တွေမှ အမ်း-ရန်ကုန်အဝေးပြေးလမ်းမကြီး တစ်လျှောက်သည် အဓိက ပိုင်းခြားထားသော စည်းကြောင်းတစ်ခုလိုဖြစ်လာပြီး၊ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင် အများအပြားကို လည်း အဆိုပါလမ်းမကြီး၏ အရှေ့မြောက်ဖက် ကီလိုမီတာအနည်းငယ်အတွင်းမှာကို တွေ့နိုင်ပါ သည်။ ထိုလမ်းသည်လည်း ရက္ခိုင်ပြည်တွင်းမှာ အရှည်ဆုံးလမ်းဖြစ်ပါသည်။ မြေပြင်သတင်းအရ ဆိုလျှင် ကျောက်တော်မှသည် အရှေ့မြောက်အိန္ဒိယဒေသ၊ မီဇူရံပြည်နယ်တစ်ရောက်အထိ ချင်းပြည်တောင်ပိုင်း ပလတ်ဝကိုဖြတ်သွားသော ကုလားတန်မြစ် အရှေ့နှင့်အနောက်တစ်လျှောက် လုံးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်၏ လုံခြုံရေးဂိတ်တွေကို တွေ့နိုင်သည်လို့ ဆိုပါသည်။ ထို့အပြင် စစ်တွေမြို့အနီး ပုဏ္ဏားကျွန်းမှသည် ဘင်္ဂလားဒေရှေ့်နယ်စပ်တစ်လျှောက်အထိ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောကို ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုသည်လည်း ပဋိပက္ခဖြစ်လေ့ဖြစ်ထရှိသော လမ်းကြောင်းတစ်ခုဖြစ်ပြီး၊ မြန်မာစစ်တပ်မှ ရံဖန်ရံခါ ပိတ်ဆို့ထား လေ့ရှိပါသည်။
တခြားသော ပဋိပက္ခဖြစ်လေ့ရှိသော မြောက်ဖက်မြို့နယ်တွေဖြစ်သည့် စစ်တွေ၊ မြေပုံနှင့် ပေါက်တော နယ်တွေမှာတာ့ ယေဘုယျအားဖြင့် ပွတ်တိုက်မှုများမှာ နည်းပါးလေ့ရှိပါသည်။ သို့သော် မြေပြင်သတင်းတချို့က အဆိုပါမြို့နယ်အတွင်းရှိ နေရာတော်တော်များများတွင်လည်း ရက္ခိုင့် တပ်တော်အဖွဲ့ဝင် တချို့ကို တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်ဖို့အတွက် ထူထောင်ထားသည်ကို တွေ့ရသည် ဟုဆိုပါသည်။ တဖက်မှာ တပ်တော်အဖွဲ့ဝင်များသည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် တခြားသော ရက္ခိုင်ပြည်အလယ်နှင့် တောင်ဖက်မြို့နယ် တွေမှာလည်း ရွေ့ပြောင်းလွယ်သောတပ်ဖွဲ့ များအဖြစ် လှုပ်ရှားနေသည်ကို တွေ့နေရသည် ဟုဆိုပါသည်။ သို့ပေမယ့် အုပ်ချုပ်ရေး အခြေအနေ များသည် ခန့်မှန်းရခက်ပြီး၊ မြေပြင် အနေအထားများမှာလည်းနေ့စဉ်နှင့်အမျှပြောင်းလဲနိုင်ပါသည်။
ယခုကဲ့သို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ၎င်း၏ လှုပ်ရှားမှုများကို ဆက်လုပ်နေစဉ် ရက္ခိုင်ပြည်တွင်းမှာ အဓိကကျသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလှိုင်းများကတော့ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (န.စ.က) ၏ ထိမ်းချုပ်မှုအောက်မှာပဲ ရှိနေပါသေးသည်။ ထိုအရာများ တွင် ကားဂိတ်၊ ရေဆိပ်ကမ်း၊ ဘင်္ဂလားဒေချ့်နိုင်ငံနှင့် နယ်စပ်ဂိတ်များလည်းပါဝင်သလို၊ အရှေ့ဖက်ရှိ မြန်မာပြည်အလယ်ပိုင်း မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများဖက်ကို ချိတ်ဆက်ထားသော ကုန်းလမ်းကြောင်းများလည်း ပါဝင်ပါသည်။ ၂၀၂၀ အပစ်အခတ်ရပ်စဲရေး ဖြစ်ခဲ့သော်လည်း န.စ.က သည် ရက္ခိုင်ပြည်တွင်းသို့ တင်သွင်းကုန်များကို ဆက်လက်ကန့်သတ်ထားပြီး၊ (ရခိုင်ပြည်နယ်) နယ်စပ်ရေးရာဝန်ကြီးဌာနသည် အဆိုပါကိစ္စများကို ကိုင်တွယ်လုပ်ဆောင်ရာတွင် အဓိကကျသော ဝန်ကြီးဌာနလည်းဖြစ်ပါသည်။ ပလတ်ဝမြို့နယ်လို ဆင်းရဲမွဲတည်ပြီး၊ ခေါင်လွန်းသော ဒေသများ အတွက်တောင် အဓိကကျသော ဒေသစားကုန်တစ်ခုဖြစ်သော ဆန်ကုန်သွယ်ပို့ဆောင်မှုကိုလည်း တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်းမပါခဲ့လျှင် ခွင့်မပြုသည်ကို တွေ့ရပါသည်။ အဆိုပါ မြို့နယ်အတွက် ဘိလတ်မြေ၊ လောင်စာဆီနှင့် သံထည်ပစ္စည်းများကဲ့သို့ ကုန်စည်များကို စည်ပင်သာယာအဖွဲ့၏ ခွင့်ပြုချက်လက်မှတ်မပါလျှင် ကန့်သတ်ထားမှုတွေလည်း ရှိနေပါသည်။
နောက်တစ်ဖက်မှာလည်း န.စ.က သည် ရက္ခိုင်ပြည်တွင်းရှိ ၎င်း၏ စစ်အခြေစိုက်စခန်းများကို ပိုမိုခိုင်ခန့် အောင်တည်ဆောက်နေပြီး၊ ၎င်း၏ လုံခြုံရေးအင်အားနှင့် ဒေသအစုအဖွဲ့များကိုလည်း လက်နက်နှင့် ထောက်ပံ့မှုအသစ်များအပြင် ပြန်လည်ဖြည့်တင်းရေးများကို ဆက်လုပ်နေပါသည်။ ထို့ကြောင့် ဒေသခံ လူထုတချို့ကတော့ နောက်တစ်ကြိမ်စစ်ပွဲပြန်ဖြစ်ပွါးခဲ့လျှင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ မြန်မာ့တပ်မတော်၏ နယ်ခြားစောင့်တပ်ဖွဲ့နယ်မြေများတွင် ပြန်ဆောက်ထား သည့် ဘန်ကာနှင့် ခံတပ်အသစ်များကို အေအေစစ်သားများအနေဖြင့် ဖျက်ဆီးဖို့ ပိုခက်ခဲလိမ့်မည်ဟု ဆိုပါသည်။ တချိန်တည်းမှာပင် မီဒီယာ၊ ဒေသခံအသိုင်းအဝိုင်းနှင့် တခြားသော အစိုးရမဟုတ်သော အဖွဲ့များအပါအဝင် ရက္ခိုင်ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများသည်လည်း န.စ.က ၏ ပိုကြီးသော နှိပ်ကွက်မှုအောက်တွင် ရောက်ရှိနေပါသည်။ အပစ်အခက်ရပ်စဲရေးရှိနေသော်လည်း န.စ.က ထိမ်းချုပ် ထားသော နေရာများတွင်တော့ နိုင်ငံရေးဖြေလျှော့ပေးမှု(political liberalization) များ မရှိသေးသည် ကိုလည်း တွေ့ရပါသည်။
ထိုကဲ့သို့ လုံခြုံရေးအခင်းအကျင်းကို ပိုရှုပ်ထွေးစေသည်မှာ န.စ.က မှ အနီးကပ်စောင့်ကြည့်နေခြင်း ဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုပြီးကတည်းက တနိုင်ငံလုံးတွင်ကျယ်ပြန့်လျက်ရှိသော ပြည်သူ့ကာကွယ် ရေးအဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဒေသခံရခိုင်တချို့ကို ဖမ်းဆီးခဲ့သည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ဖြစ်စဉ်များကို များသောအားဖြင့် ရက္ခိုင်ပြည်တောင်ဖက် ဒေသေ များဖြစ်သည့် သံတွဲ၊ ဂွ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်များတွင်လည်း တွေ့ရပါသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ရက္ခိုင်ပြည်သူများက ထိုကိစ္စများကို တက်ကြွစွာဆန့်ကျင်ကြသည်ကို မတွေ့ရသလို၊ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်ပြီး၊ (ဧပြီ ၂၀၂၁) မှာ စတင်ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ထောက်ခံမှုမှာလည်း ရက္ခိုင်ပြည် တောင်ဖက်ထက် အလယ်နှင့် မြောက်ဖက်များတွင် ပိုအားနည်းကြပါသည်။ ပြောရလျှင် န.စ.က အစိုးရသည် နိုင်ငံ့တခြားပြည်နယ် နှင့်တိုင်းဒေသကြီးတွေမှာ ဖြစ်နေသော PDF လှုပ်ရှားမှုများကို ရက္ခိုင်ပြည်တွင်းမှာ လုံးဝ မဖြစ်လာနိုင် အောင် ကန့်သတ်ဖို့ကြိုးစားနေပါသည်။
တချိန်တည်းမှာပင် ယခုကဲ့သို့ နိုင်ငံရေးအခင်းအကျင်းအောက်တွင် န.စ.က အနေဖြင့် ၎င်း၏ အာဏာကို ဆက်ထိမ်းထားဖို့ ရက္ခိုင်ပြည်သူတွေကို ပိုဖိနှိပ်သည့်နည်းလမ်းများကို ဆက်လက်ကျင့်သုံး နေပါက ရက္ခိုင်ပြည်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ အပစ်အခတ်ရပ်စဲထားမှု ရပ်တည်ချက် အပေါ် ပြည်သူများ၏ ထောက်ခံမှုကို ဆက်လက်ထိမ်းသိန်းထားရန်အတွက် ပိုမိုခက်ခဲလာနိုင်ပါသည်။ လွန်ခဲ့သော ၁ နှစ်တာ ကာလတုန်းကဆိုလျှင် ရက္ခိုင်ပြည်သည် န.စ.က တက်လာပြီးနောက် အတည်ငြိမ်ဆုံးဒေသ တစ်ခုဖြစ်နေခဲ့ပြီး၊ ၎င်း(န.စ.က) အနေဖြင့်လည်း ထိုကဲ့သို့ အခြေအနေများမှ နည်းလမ်းမျိုးစုံဖြင့် အကျိုးရှိနေခဲ့ပါသည်။ ထိုအရာတွေထဲမှာတော့ စစ်ရေးလှုပ်ရှားမှုများကို လျှော့ချနိုင်ခြင်း (တခြား ပဋိပက္ခဒေသများကို လိုအပ်လျှင် တပ်သားများ ရွေ့ပြောင်းထားနိုင်မှု)၊ ဘင်္ဂလားဒေချ့်နိုင်ငံနှင့် ကုန်သွယ်ရေးထူထောင်ခြင်း၊ ဒေသတွင်း လုပ်ငန်းများကို အခွန် ကောက်ခံခြင်း၊ နှင့် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ထားသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ အခွန် ကောက်ခံနိုင်ခြင်းတို့ ပါဝင်ပါသည်။
အပေါ်ယံအားဖြည့်ကြည့်လျှင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် န.စ.က နှစ်ဖွဲ့စလုံးသည် ၂၀၂၀ အပစ်အခတ်ရပ်စဲရေးမှ သက်ဆိုင်ရာအကျိုးစီးပွါးတွေ ဖြစ်ထွန်းခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခ လျော့နည်းခြင်းမှာလည်း နိုင်ငံရေးပုစ္ဆာတစ်ခုသာ ဖြစ်ပါသည်။ ရက္ခိုင်ပြည် အတွင်း ယခုတည်မြဲနေသော တည်ငြိမ်မှုမှာ န.စ.က ကို ရက္ခိုင်ပြည်သူတွေက ထောက်ခံအသိ အမှတ်ပြုနေခြင်းနှင့် စ.က.စ မှ ရက္ခိုင်ပြည်ကို အင်အားဖြင့် အုပ်ချုပ်ထိမ်းထားနိုင်ခြင်းကြောင့် ဖြစ်လာ သည်မဟုတ်ပေ။ ပြောရလျှင် ရက္ခိုင်ပြည်တွင်း လက်ရှိတည်ငြိမ်မှု ဖြစ်နေခြင်းမှာ “ရက္ခိတလမ်းစိုင်” အတွေးအခေါ်ကို အကောင်အထည်ဖော်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် များမှ ရွေးချယ် ထားသော လမ်းကြောင်းကြောင့်သာ ဖြစ်ပါသည်။ တကယ်တမ်းပြောရလျှင် ရက္ခိုင်ပြည်တွင်းမှာ အလွတ်သဘောအပစ်အခက်ရပ်စဲရေး ဖြစ်နေသော်လည်း ပြည့်ဝသောငြိမ်းချမ်းရေးနှင့် ပြုပြင် ပြောင်းလဲရေးများ မရှိသည်ကို တွေ့ရပါသည်။
လွှမ်းမိုးအုပ်စိုးမှု နယ်ပယ်၊ “အစိုးရကို မျိုခြင်း” နှင့် အုပ်ချုပ်ရေး လေဟာနယ်
စင်ပြိုင်အုပ်ချုပ်မှု၏ နယ်ပယ် (သို့) စနစ်ကို တသတ်မှတ်တည်းသတ်မှတ်ရန်ခက်ခဲလှသော်လည်း ရက္ခိုင်ပြည်တွင်းရှိ အင်အားစုနှစ်ဖက်စလုံးသည် ၂၀၂၀ အပစ်ရပ်စဲပြီးကတည်းက အုပ်ချုပ်မှု အာဏာရရှိရန် အပြင်းအထန် ယှဉ်ပြိုင်နေကြပါသည်။ ပြိုင်ဆိုင်မှု အတိုင်းအဆကိုလည်း ဘင်္ဂလားဒေချ့်နိုင်ငံအခြေစိုက် Pro Thomalo သတင်းဌာနကြီးနှင့် မကြာသေးခင် အင်တာဗျူးတစ်ခု တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ မြန်မာစစ်တပ်အနေဖြင့် ၎င်း၏ စစ်စခန်း (သို့) မြို့ထဲမှထွက်လျှင် တပ်ရင်းနှစ်ခုနှင့်အထက် အင်အားဖြင့်သာ ထွက်သွားနိုင်လေ့ရှိသည်ဟု ဆိုပါသည်။ သို့သော် အဆိုပါ အခြေအနေသည် စစ်တပ်ခေါင်းဆောင်များမှ လက်ခံထားသော အခြေအနေမဟုတ်သလို မြန်မာစစ်သားများသည်လည်း ၎င်းတို့ လှည့်လည်သွားရောက်လိုသောအခါ ရွာများကို ဝင်ထွက်သွားလာလေ့ရှိပြီး၊ လူတွေကိုလည်း ရက္ခိုင့်တပ်တော်ကို မထောက်ခံကြရန် ဖိအားပေး ပြောကြားလေ့ရှိပါသည်။ သို့ပေမယ့် စစ်တပ်၏ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ၎င်းတို့ အုပ်ချုပ်ရေး၏ အားနည်းချက်နှင့် အခြေအနေ၏ ပြိုကွဲလွယ်မှုကိုသာ ဖေါ်ပြရာ ရောက်နေပါသည်။
လွန်ခဲ့သော ဒီဇင်ဘာလအတွင်း ပေါက်တောမြို့နယ်ထဲတွင် မြန်မာစစ်တပ်၏ လုပ်ဆောင်မှုများသည် လည်း ထိုကဲ့သို့ အခြေအနေများကို ဖော်ညွန်းနေပါသည်။ ထိုသို့ အဖြစ်သနစ်များ နောက်ကွယ်က အကြောင်းအရာများကိုလည်း လေ့လာစုံစမ်းထိုက်ပါသည်။ အဆိုပါ အဖြစ်အပျက် မတိုင်ခင်တုန်း ကဆိုလျှင် ပေါက်တောမြို့နယ်အတွင်းမှာ လက်နက်ကိုင်တိုက်ခိုက်မှုများသည် လုံးဝ နီးပါးကင်းမဲ့ခဲ့ပြီး၊ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများကိုလည်း ရှောင်ရှားခဲ့ကြပါသည်။ သို့ပေမယ့် စစ်တပ်၏ အာဏာ သက်ရောက်မှုကို ပြသနိုင်ဖို့ တပ်မတော်ခေါင်းဆောင်များသည် ဒီဇင်ဘာလ အလယ်လောက်တွင် ကျရောက်လေ့ရှိသော၊ ရက္ခိုင်ပြည်မြို့တော်၊ စစ်တွေမှ ၁၇ ကီလိုမီတာခန့်သာ ကွာဝေးသော “ဆံတော်ရှင်ဘုရားပွဲ” တွင် အမြတ်ထုတ်နိုင်ဖို့ ကြိုးပမ်းဆုံးဖြတ်ခဲ့ကြပုံရပါသည်။ အဆိုပါ ပွဲသဘင် ကာလအတွင်းမှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေသည် စစ်သားနှင့် ရဲသားပေါင်းပြီး၊ (ပွဲမကျင်းပခင် ၁ ပတ်အလို) ဒီဇင်ဘာ ၃ ရက်လောက်ကတည်းက ရောက်ရှိလာခဲ့ကြပြီး၊ ၎င်းတို့အနေဖြင့် ဘုရားသွားလမ်းကို ပြင်ဆင်သွားမည်ဟု ဆိုပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းကို ဒေသခံလူထုနှင့် သက်ဆိုင်ရာ ဘုရားပွဲဂေါပကမှ ကန့်ကွတ်သော်လည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
အင်အားဖြည့်တင်းရောက်ရှိလာပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် လမ်းကို ပြုပြင်ပြီးသွား သော်လည်း (သို့) လမ်းပြင်စရာမလိုအပ်သော်လည်း ဘုရားပွဲပြီးဆုံးသည်ထိ အချိန်ဆွဲနေထိုင် သွားခဲ့ကြ ပေသည်။ ထိုကဲ့သို့ တင်းမာမှုမြင့်တက်နေစဉ်အတွင်း ရက္ခိုင့်တပ်တော်မှ ဒီဇင်ဘာ ၁၀ ရက် နေ့တွင် ပဋိပက္ခဖြစ်နိုင်ခြေနှင့်ပတ်သတ်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုန်ပြန်ခဲ့သည်။ သို့သော် ထိခိုက် သက်ရောက်မှုများမှာ ဖြစ်နှင့်ခဲ့ပြီးဖြစ်ပါသည်။ ဘုရားပွဲသို့ လူအနည်းငယ်သာ လာရောက်ခဲ့ကြပြီး၊ ပွဲသဘင်သည်လည်း မစည်မကားဖြင့်သာ အဆုံးသတ်သွားခဲ့ရပါသည်။ ဒေသခံလူထုအတွက် ဆိုလျှင် ထိုကဲ့သို့ လုပ်ရပ်များသည် မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့၏ လွှမ်းမိုး အုပ်စိုးမှုနယ်ပယ် (sphere of influence) ကို အင်အားဖြင့် မည်မျှအတိုင်းအတာထိ ချဲ့ထွင်ရန် စိတ်ပိုင်းဖြတ်ထားသည်ကို ရှင်းလင်းစွာ ပြသခဲ့ခြင်းပင်ဖြစ်ပေသည်။
အဆိုပါ ဒီဇင်ဘာလမတိုင်ခင် ၁ လ အလိုက ပုဏ္ဏားကျွန်းမြို့နယ် “ဘဲငါးရာတောင်” တောင်တက် ဘုရားပွဲတစ်ခုတွင်တော့ မြန်မာ့တပ်မတော်မှ ထိုကဲ့သို့ မတုန့်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါ ဘုရားပွဲကို အဝေးပြေးလမ်းမကြီးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့တပ်မတော်မှ အဆိုပါ (ဆံတော်ရှင်ဘုရားပွဲ) ကဲ့သို့ တုန့်ပြန်ခဲ့ခြင်းမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် သည်နေရာမှာ မြန်မာ့တပ်မတော်၏ ဆုံးဖြတ်လုပ်ကိုင်မှုကို ပြောင်းလဲစေတာက ရက္ခိုင်ပြည်မြို့တော် (သို့) အဝေးပြေး လမ်းမကြီးနှင့် မည်မျှကွာဝေးသည့် အတိုင်းအတာရှိသည်ဆိုသည်ထက် လွန်ခဲ့သော နှစ်များအတွင်း မည်မျှအတိုင်းအတာထိ ပဋိပက္ခပြင်းထန်ခဲ့သည် ဆိုသော အချက်သာ ဖြစ်ပေသည်။ ပုဏ္ဏားကျွန်း မြို့နယ်သည် လွန်ခဲ့သောနှစ်ကာလများအတွင်းက ပဋိပက္ခပြင်းထန်ခဲ့သော နယ်မြေဖြစ်ခဲ့ပြီး၊ ပေါက်တာ မြို့နယ်သည် ပဋိပက္ခလုံးဝ မရှိသော (သို့) အနည်းငယ်သာ ရှိသော မြို့နယ်ဖြစ်နေသလို၊ မြန်မာစစ်တပ် အနေဖြင့်လည်း အပစ်အခက်ရပ်စဲရေးပင် လုပ်ထားပါစေ ယခင်က လက်နက်ကိုင် တိုက်ခိုက်မှု မရှိခဲ့သော နယ်မြေများတွင် လှည့်လည်သွားလာခွင့်ရှိသည်ဟု ခံယူထားပုံ ရပါသည်။ ရှင်းလင်းသော သတင်းစကားကတော့ ပေါက်တောမြို့နယ်လို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေ များများပြားပြား မရှိသောနေရာများတွင် စစ်တပ်ခေါင်းဆောင်တွေအနေဖြင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၏ အုပ်ချုပ်ရေး ယန္တရားများကို ကန့်ကွက်ထိမ်းကျောင်းရမည်ဟု ယူဆထားပုံ ရပါသည်။
သို့သော် ထိုကဲ့သို့ လွှမ်းမိုးမှုနှင့် နယ်မြေအတွက် ယခုကဲ့သို့ လွှမ်းခြုံမြင်ခြင်းသည်လည်း ပြည့်စုံ လုံလောက်သော အခြေအနေတစ်ခုမဟုတ်သေးပေ။ ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး ယန္တရားများသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ခဲ့သော နယ်မြေ (သို့) ရက္ခိုင့်တပ်တော် တပ်စခန်းများ တည်ရှိသော နေရာများ၏ အကျော်ကို ရောက်နှင့်နေပါပြီ။ ယနေ့အချိန်မှာဆိုလျှင် ရက္ခိုင့်ပြည်သူ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများသည်လည်း မြန်မာ့တပ်မတော် ထိမ်းချုပ်ထားသော မြို့များမှ လွဲလျှင် ရက္ခိုင်ပြည်မြောက်နှင့်အလယ်ဖက်နယ်မြေများ တလျှောက်တွင် တွေ့နေရပါသည်။ မကြာသေး ခင်က အင်တားဗျူးတစ်ခုတွင်ဆိုလျှင် ရက္ခိုင့်တပ်တော်ခေါင်းဆောင်က ရက္ခိုင်ပြည်၏ ၇၅ ရာခိုင်နှုန်း လောက်ကို ထိမ်းချုပ်ထားနိုင်ပြီး၊ မြို့ပေါ်များကိုလည်း အာဏာသက်ရောက်ရန် ကြိုးဖမ်းနေသည်ဟု ဆိုပါသည်။ အဆိုပါအချက်ကို သိသာစေတာကတော့ တချို့သော ဒေသသတင်းအရင်းအမြစ်များ အရဆိုလျှင် ရက္ခိုင်ပြည်တွင်းတွင် ဖြစ်နေသော တရားရေးဆိုင်ရာ မှုခင်းများ၏ ၈၀ ရာခိုင်နှုန်းကျော် သည် ရက္ခိုင်ပြည်သူများမှ န.စ.က ထက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်အောက်ရှိ တရားသူကြီးနှင့် တရားရုံးများကို ယုံကြည်သောကြောင့် ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့ ၏ တရားရေးစနစ်၌သာ လာရောက် ဖြေရှင်းကြသည်ဟု ဆိုပါသည်။
ယခုကဲ့သို့ စင်ပြိုင်တရားရေးစနစ်အခြေအနေကိုလည်း မြေပုံမြို့နယ်မှ ယခင် လွတ်တော်အမတ်ဖြစ်သူ ဦးဖေသန်းမှ လွန်ခဲ့သော ဇန်နဝါရီလ အတွင်းက Channel News Independent သတင်းဌာနသို့ ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ပါသည်။
“မြို့ပေါ်တွေတောင်မှ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ရဲ့ အာဏာစက်မှာ ရှိနေပါတယ်။ ဥပမာ အားဖြင့် မြို့ပေါ်တွေမှာ လူသတ်မှု၊ ဓါးပြမှုလို ရာဇဝတ်မှုအကြီးကြီးတွေဖြစ်ရင်၊ လူတွေဟာ စစ်ကောင်စီရဲ့ တရားရေးစနစ်ကို သွားမတိုင်ကြတော့ပါဘူး။ သူတို့ ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ တရားရေးဖက်ကိုပဲ လာကြပါတယ်။ သူတို့သာ စစ်ကောင်စီရဲ့ တရားရေးစနစ်မှာ သွားတိုင်တယ်ဆိုရင် သူတို့ (စစ်ကကောင်စီ) ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ပြိုကျနေပြီဖြစ်လို့ တရားရုံးက အမှုတွေကို ဆက်လက် မလုပ်ဆောင်နိုင်တော့ပါဘူး။ သူတို့ တရားသူကြီးတွေက အမိန့်ထုတ်ပေမယ့် တရားခံ၊ တရားလို၊ သက်သေတွေ တစ်ယောက်မှကို မလာကြတော့ပါဘူး။ ဒါပေမယ့် ရက္ခိုင်ပြည်သူ့ အစိုးရအဖွဲ့က မြို့ပေါ်တွေကိုတောင် တက်ပြီး ဖမ်းနိုင်ဆီးနိုင်၊ အရေးယူနိုင်တော့ ဒီဖက် တရားရုံးတွေကိုပဲ ပြည်သူတွေ က အားကိုးအားထားပြုကြရပါတယ်”
သို့သော် ရက္ခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်တွေမှာ လူသားအရင်း အမြစ်နှင့် အခြေခံအဆောက်အအုံလိုအပ်ချက်များ ရှိနေသေးတာကိုလည်း လေ့လာတွေ့ရှိ နိုင်ပါသည်။ ထို့ကြောင့်လည်း “အစိုးရကိုမျိုခြင်း” (state-captured) ဆိုသည့် အယူအဆသည် ရက္ခိုင်ပြည်အတွင်း တွင် စင်ပြိုင်အုပ်ချုပ်ရေး မည်သို့ထွက်ပေါ်လာသည်ကို လေ့လာဖို့အတွက် အရေးကြီးသည့် နိုင်ငံရေး ဘာသာစကားတစ်ခုဖြစ်လာပါသည်။ အဆိုပါ စကားလုံးကို “အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်စဉ်များကို ပုဂ္ဂလိကအကျိုးစီးပွါးအုပ်စုတွေက လွှမ်းမိုးမှုအဖြစ်” စီးပွါးရေး အမြင်မှ အသုံးများကြသော်လည်း ရက္ခိုင်ပြည် အခြေအနေအရဆိုလျှင် မြန်မာအစိုးရ၏ အုပ်ချုပ်ရေး ဗျူရိုကရေစီကို (အထူးသဖြင့် ရက္ခိုင့် တပ်တော်အင်အားကြီးထွားတဲ့နေရာတွေမှာ) ရက္ခိုင့်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးက မျိုလိုက်ခြင်းကို လိုဆိုပါသည်။ သည်လိုနှင့် ရက္ခိုင်ပြည်သူ့ အစိုးရသည် တဆင့်တဆင့်ချင်း အုပ်ချုပ်ရေးယန္တရားများကို ထိမ်းချုပ်ခြင်းဖြင့် ရက္ခိုင်ပြည်တွင်း အဓိကအာဏာပိုင် အဖွဲ့အစည်းဖြစ်ဖို့ ကြိုးပမ်းနေသည်ကိုလည်း တွေ့နေရပါသည်။
ထိုကဲ့သို မြန်မာ့တပ်မတော်နှင့် ရက္ခိုင်အမျိုးသားအဖွဲချုပ်ကြား အင်အားပြိုင်ဆိုင်မှုများ ဆက်လက် ဖြစ်နေစဉ်မှာ ရက္ခိုင်ပြည်၏ တချို့ဒေသများတွင် “အုပ်ချုပ်ရေးလစ်ဟာမှု” (administrative vacuum) အခြေအနေတစ်ခုကိုလည်း တွေ့နေရပါသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင်ဆိုလျှင် မည်သည့် အာဏာပိုင်အဖွဲ့ကမျှ သိသာသော ဥပဒေအကောင်အထည်ဖော်နိုင်မှု မရှိသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးတွေ့ရသော နယ်မြေများမှာတော့ အာဆာအဖွဲ့မှ တခါတရံ လှုပ်ရှားမှုများ လုပ်လေ့ရှိသော ဘင်္ဂလားဒေချ့်နိုင်ငံနယ်စပ်များနှင့် ရက္ခိုင့်ပြည်သူ့အစိုးရမှ ချဲ့ထွင်ရန်ကြိုးဖမ်းနေသော တောင်ကုတ်မြို့နယ်၏ တောင်ဖက်နယ်တွေပါဝင်ပါသည်။
အနှစ်ချုပ်အနေဖြင့် ပြောရလျှင် အလွတ်သဘောအပစ်ရပ်စဲမှုသည် ၁၅ လ ခန့် ကြာနေပြီး၊ အုပ်ချုပ်ရေး လွှမ်းမိုးမှုနှင့် ထိမ်းချူပ်မှုအတွက် ကြိုးပမ်းပြိုင်ဆိုင်မှုများသည်လည်း အဆုံးမသတ်သေး သလို၊ စင်ပြိုင် အုပ်ချုပ်မှုဖြစ်နိုင်ခြေသည်လည်း ရက္ခိုင်ပြည်တစ်ခုလုံး၏ မြို့နယ်တိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာနိုင်ပါသည်။
ခေတ်သစ် ”အာရက္ခအမျိုးသားဝိသေသ” တစ်ခုကို ပြန်လည်တည်ဆောက်ခြင်း
၂၀၂၀ အပစ်ခတ်ရပ်စဲပြီးကတည်းက ရက္ခိုင်ပြည်နိုင်ငံရေးထဲမှာ ထူးခြားသိသာသော အကြောင်းအရာ တစ်ခုကတော့ ခေတ်သစ်အမျိုးသားဝိသေသတစ်ခုထူထောင်ခြင်းကို အရှိန်မြင့်လုပ်ဆောင်လာခြင်း ဖြစ်ပါသည်။ န.စ.က မှ စစ်အာဏာသိမ်းကတည်းက ဖြစ်ပေါ်ပြောင်းလဲလာမှုများသည်လည်း အဆိုပါ အခြင်းအရာကို အရှိန်မြင့်လာစေခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ “ဖက်ဒရယ်ဒီမိုကရေစီ ကြေညာချက်” (အပိုင်း-၁)၊ အခန်း (၄) ၏ အပိုင်း (၂)၊ ပုဒ်မ (၁) နှင့် (၂) တွင် အရေးကြီးသော ကြော်ညာချက်နှစ်ခုကိုလည်း အောက်ပါအတိုင်းတွေ့ရပါသည်။
“ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် အဆိုပါပြည်နယ်ရှိ လူထုသည် မူရင်းအချုပ်အချာအာဏာ ပိုင်ဆိုင်သူများ ဖြစ်သည်။”
“ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်များသည် သူတို့၏ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲပြဠာန်းခွင့်ရှိသည်”
ဗမာတိုင်းရင်းသားမဟုတ်သော ပြည်သူများရှု့ထောင့်ကဆိုလျှင် အဆိုပါ ပုဒ်မနှစ်ခုသည် နိုင်ငံရေးမူ အားဖြင့် အရေးကြီးပြီး၊ အသိအမှတ်ပြုလောက်သော တိုးတက်မှုဖြစ်သလို၊ ယခင် ဗမာအခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့် ကွဲပြားမှုရှိပြီး၊ ရက္ခိုင်ပြည်နှင့် နိုင်ငံ့တခြား ဒေသများတွင် သီးခြားအမျိုးသားဝိသေသတည်ဆောက်ရန် လိုအပ်မှုကိုလည်း ဖော်ပြခွင့်ပြုထားခြင်း ဖြစ်ပေသည်။
သို့သော် အဆိုပါအခြေအနေမှာလည်း ရက္ခိုင်ပြည်နိုင်ငံရေးအခင်းအကျင်းများနှင့် အလှမ်းဝေး လျက်ရှိ ပါသည်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်မှု၏ “ကွန်ဖက်ဒရိတ်အာရက္ခပြည်” တောင်းဆို မှုသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်နှင့် ကွာဟမှုရှိနေဆဲလည်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်တွေကတည်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်များမှ ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းဖြင့် အာရက္ခအမျိုးသားဝိသေသသစ်တစ်ခု ဖန်တီးရေးကို ချမှတ်ခဲ့ကြသည်။ အငြင်းပွါးစရာဖြစ်နိုင်သော် လည်း ပြောရလျှင် ၁၇၈၄ မြောက်ဦးဘုရင့်နိုင်ငံတော်ကျဆုံးပြီးကတည်းက အာရက္ခပြည်သည် ကိုယ်ပိုင် လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ရှိသော်လည်း “တစိတ်တပိုင်းသော အမျိုးသားပြည်” (semi-nation) အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့ပေသည်။ ထို့နောက် နှစ်ပေါင်း ၂၀၀ ကျော်သော ကိုလိုနီပြုမှုနှင့် ပြင်ပအုပ်ချုပ်ရေးခေတ် တစ်လျှောက်လုံးတွင် ရက္ခိုင်ပြည်သည် သီးခြားအမျိုးသားပြည် တစ်ခုအဖြစ်သို့ တက်လှမ်းနိုင်ခွင့်မရှိခဲ့ဘဲ၊ (ယနေ့ခေတ် မြန်မာပြည် ဖြစ်သကဲ့သို့) ပိုကြီးသော နယ်မြေတစ်ခု၏ တစိတ်တပိုင်းသော အမျိုးသားပြည် တစ်ခုသာဖြစ်ခဲ့သည်။ ထို့ကြောင့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် အင်အားကြီးထွားလာကတည်းက “ကွန်ဖက်ဒရေးရှင်း” နိုင်ငံရေး အိမ်မက်ကို တည်ဆောက်ရန် အသုံးတည့်သော အာရက္ခအမျိုးသားဝိသေသတစ်ခုကိုသာ တည်ဆောက် ဖို့ကြိုးစားလာခြင်း ဖြစ်ပါသည်။
အဆိုပါ အကြောင်းအရာမှတဆင့် များစွာသော အယူအဆပိုင်းဆိုင်ရာ မေးခွန်းများကို ဖြစ်ပေါ်စေ ပါသည်။ ရက္ခိုင်ပြည်ကဲ့သို့ လူမျိုးစုံနေထိုင်သောဒေသတစ်ခုတွင် အမျိုးသားဝိသေသတစ်ခုသည် လူတိုင်း၊ အသိုင်းအဝိုင်းတိုင်းအတွက် လက်ခံကျင့်သုံးနိုင်သော နိုင်ငံရေးနှင့်နယ်မြေဝိသေသများကို အခြေပြုပြီး တည်ဆောက်သင့်ပေသည်။ ရက္ခိုင်ပြည်အတွက်ဆိုလျှင် ရက္ခိုင်အမျိုးသား ခေါင်းဆောင်များမှ ဖော်ထုတ်ချမှတ်ထားသော “အာရက္ခအိမ်မက်” (Arakan Dream) ဟူသော အယူအဆဖြစ်ပေသည်။ သို့သော် အဆိုပါ အခြင်းအရာပြည်စုံစွာ ဖြစ်လာရန်မှာ အနည်းဆုံး အဆင့်နှစ်ခုကို ဖြတ်ကျော်ရန်လည်း လိုအပ်ပေသည်။ ပထမအဆင့်မှာ ရခိုင်လူများစုမှ အဆိုပါ နိုင်ငံရေးရည်မှန်းချက်ကို လက်ခံယုံကြည်ခြင်း ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ အဆိုပါ ရည်မှန်းချက်ကို ရခိုင်မဟုတ်သော တခြားသောအာရက္ခပြည်သားများမှလည်း ယုံကြည်လက်ခံပြီး၊ ပူးပေါင်းပါဝင် လာကြခြင်းဖြစ်ပေသည်။ လက်တလောအခြေအနေအရ ဆိုလျှင် ရခိုင်လူများစုကြီးမှ အဆိုပါ နိုင်ငံရေးရည်မှန်းချက်ကို လက်ခံယုံကြည်ပြီး၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်ကို ထောက်ခံအားပေးမှု ရှိနေကြသည်မှာ သိသာလှပေသည်။ သို့သော် တခြားသော လူမျိုးစုများ ထဲတွင်တော့ အခြေအနေများမှာ အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားမှုရှိနိုင်ကြပေသည်။
မြန်မာနိုင်ငံ၏ တခြားဒေသများကဲ့သို့ပင် လူဦးရေကိန်းဂဏန်းများမှာ သေချာမှုမရှိသလို၊ တခါတရံ အငြင်းပွါးမှုများကိုလည်း ဖြစ်စေပါသည်။ သို့သော် ရက္ခိုင်ပြည်ထဲတွင်တော့ ရိုဟင်ဂျာများသည် ဒုတိယ အကြီးဆုံးအုပ်စုဖြစ်ပြီး၊ ချင်း (လူဦးရေ ၁ သိန်းခန့်) သည် တတိယအကြီးဆုံးဖြစ်သလို၊ ကမန် (၅ သောင်း)၊ မြို (၄ သောင်း)၊ ခမီး (၃ သောင်း)၊ ဒိုင်းနက် (၂ သောင်း)၊ မရာမကြီး (၉ ထောင်) နှင့် သက် (၃ ထောင်) ခန့်တို့ရှိပြီး၊ အဆိုပါ ကိန်းဂဏန်းများသည်လည်း ခန့်မှန်းစာရင်းများသာ ဖြစ်ပါသည်။ သို့သော် လူမျိုးစုနှင့် ဝိသေသကိုသတ်မှတ်ရာတွင် ပြောင်းလဲမှုများရှိနိုင်ပြီး၊ တခြားသော “ရခိုင်မူဆလင်” နှင့် “မြေဒူးမူဆလင်များ”အပြင် မြို့ပေါ်တွင် ဗမာလူမျိုးများလည်း နေထိုင်ကြပါသည်။ လူနည်းစုအုပ်စုများ ထဲတွင် ရိုဟင်ဂျာများကို ၎င်းတို့၏ ဆိုးဝါးလွန်းလှသော အခြေအနေနှင့် နိုင်ငံရေးလှုံဆော်မှုကြောင့် လူသိများကြပါသည်။ ထို့ကြောင့် ရက္ခိုင်ပြည်ရှိ ဗမာလူမျိုးများမှအပ ရခိုင်၊ ရိုဟင်ဂျာနှင့် ချင်း စသည့် လူမျိုးတိုင်းသည် နိုင်ငံရေးဖယ်ချန်မှု၊ ယဉ်ကျေးမှုပျောက်ကွယ်မှုနှင့် ဆိုးရွားစွာ ဆင်းရဲမွဲတည်မှု တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်နေခဲ့ကြရသည်ဟူ၍လည်း ယုံကြည်နေကြပါသည်။ ချမ်းသာကြွယ်ဝနိုင်ခြေ အလားအလာများရှိသော်လည်း ရက္ခိုင်ပြည်သည် ခေတ်သစ် မြန်မာနိုင်ငံသမိုင်းတွင် အဆင်းရဲဆုံး နယ်မြေတစ်ခုဖြစ်နေပါသည်။
ယခုကဲ့သို့ အကြောင်းအရာများကြောင့် အာရက္ခပြည်အတွက် တိုင်းပြည်တည်ဆောက်ရေး (nation-building) ကို လုပ်ဆောင်ရာတွင် လူအုပ်စုတိုင်း၏ နိုင်ငံရေးနှင့် လူမှု-စီးပွါးအခွင့်အရေးများကို ဆုံးဖြတ်ရာ၌ မျှခြေထားသောချဉ်းကပ်မှု (balanced approach) ဖြင့် လူအုပ်စုတိုင်းအတွက် လုပ်ဆောင်တည်ဆောက်ရန်လည်း အရေးကြီးလှပါသည်။ လွန်ခဲ့သော ရွေးကောက်ပွဲများတွင် မဲဖြင့်သာ အနိုင်ရသောစနစ်ဖြစ်သောကြောင့် ရခိုင် (သို့) ဗမာအခြေပြုပါတီများမှ ၎င်းတို့ကို ဖယ်ချန်ခဲ့ကြသည် ဟူ၍လည်း လူနည်းစုများမှ ယုံကြည်ကြပါသည်။ ဒါကြောင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ရက္ခိုင်ပြည်တွင်း လူနည်းစုအခွင့်အရေးနှင့် ပတ်သတ်ပြီး၊ ယူနန်ပြည်နယ်ထဲ တွင် သူမြင်တွေ့ထားသော တရုတ်ပြည်၏ လူနည်းစုရေးရာ စီမံခန့်ခွဲမှုနှင့် ပတ်သတ်ပြီး ပြောကြား သောအခါ စိတ်ဝင်စားမှုအများအပြား ရှိခဲ့ကြပါသည်။ ယခုကဲ့သို့ အင်အားကောင်းသော နိုင်ငံရေး လှုပ်ရှားမှုတစ်ခု၏ ခေါင်းဆောင်မှ ရခိုင်မဟုတ်သော လူနည်းစုများ၏ အခွင့်အရေးများနှင့် ပတ်သတ်၍ လူသိရှင်ကြား ပြောကြားခြင်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
ထိုကဲ့သို့ လူနည်းစုရေးရာများနှင့် ပတ်သတ်၍ ပို၍ မြင်သာမှုရှိလာခြင်းနှင့် အသိုင်းအဝိုင်းများကြား ဆက်ဆံရေးတွင် တိုးတက်မှုဖြစ်လာရခြင်း၏ အကြောင်းအရင်းတစ်ခုမှာလည်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ကဲ့သို့ တော်လှန်ရေးလှုပ်ရှားမှုသစ်တစ်ခုဖြစ်ပေါ်လာရခြင်းကြောင့်လည်း ဖြစ်ပေသည်။ သူ၏ လှုပ်ရှားမှုများတွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်များသည် ရိုဟင်ဂျာအပါအဝင် လူနည်းစုခေါင်းဆောင်များကို ၎င်း၏ စစ်ရေးအဖွဲ့အစည်း (ရက္ခိုင့်တပ်တော်) နှင့် အုပ်ချုပ်ရေးအဖွဲ့ (ရက္ခိုင့်ပြည်သူအစိုးရအဖွဲ့) သို့ စည်းရုံးပါဝင်စေခဲ့ပါသည်။ လွတ်လပ်ရေးရပြီး ကတည်းက ဖွဲ့စည်းပုံနှင့် အစိုးရအဖွဲ့ထဲတွင် ယေဘုယျအားဖြင့် လွှမ်းမိုးမှုရှိခဲ့ကြသော ရွေးကောက်ပွဲနှင့် ရခိုင်၊ ဗမာအခြေပြုနိုင်ငံရေးပါတီ၊ အင်အားစုများနှင့် အခု အသစ်ဖြစ်ထွန်းလာသော လှုပ်ရှားမှုကြား မတူညီမှုကို ဖြစ်စေခဲ့သည်မှာ အဓိကအားဖြင့် အချက် (၄) ခုကြောင့်လည်း ဖြစ်ပေသည်။
ပထမအနေဖြင့် လက်ရှိတော်လှန်ရေးခေါင်းဆောင်များသည် ရက္ခိုင်ပြည်ရှိ တခြားသော ခေါင်းဆောင် များနှင့်မတူဘဲ ပိုကျယ်ပြန့်သော နိုင်ငံရေးမျှော်ရည်ချက် (political vision) ရှိခြင်းဟု ယူဆပါ နိုင်ပါသည်။ တိတိကျကျ ပြောရလျှင် လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်များသည် လက်ရှိတော်လှန်ရေးလှုပ်ရှားမှုကို လူမျိုး၊ ဘာသာမရွေး ရက္ခိုင်ပြည်ရှိ လူတိုင်းအတွက် လွတ်မြောက်မှု၊ လှုပ်ရှားမှုအဖြစ် သတ်မှတ်လိုပုံပေါက်ပါသည်။
ထိုအမြင်သည်ပင် ဒုတိယအချက်ဖြစ်သော လက်ရှိလှုပ်ရှားမှုကာလအတွင်း ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွင် လူနည်းစုများ၏ ပူးပေါင်းပါဝင်မှုကို လိုအပ်လာပေသည်။ ထိုမှတဆင့် နိုင်ငံရေးလမ်းသစ်တစ်ခုကိုလည်း ဖြစ်စေခဲ့ပါသည်။ ရွေးကောက်ခံလွှတ်တော်စနစ်တွင် နိုင်ငံရေးခေါင်းဆောင်များအတွက် နိုင်ငံရေးအာဏာရရှိရေးသည် လူများစုရခိုင်များထံမှ လုံလောက် သော မဲရလျှင်ဖြစ်နိုင်သော်လည်း တော်လှန်ရေးခေါင်းဆောင်များကတော့ ရက္ခိုင်ပြည်ဒေသတလွှားရှိ တောင်ပေါ် (သို့) တောင်နားဒေသများတွင် နေထိုင်ကြသော လူနည်းစုများ၏ ထောက်ခံမှုနှင့် ပူးပေါင်းပါဝင်မှုကို လိုအပ်သည်ကို သိရှိထားကြပေသည်။ ဥပမာအားဖြင့် ရိုဟင်ဂျာကိစ္စနှင့် ပတ်သတ်လျှင် နိုင်ငံရေးပါတီခေါင်းဆောင်များသည် ရခိုင်များထံမှ မဲရရှိရန် လှုံ့ဆော်လှုပ်ရှား မှုတစ်ခုအဖြစ်သာမြင်ပြီး၊ (ရိုဟင်ဂျာခေါင်းဆောင်များသည်လည်း ထိုနည်းအတူဖြစ်သော်လည်း) တော်လှန်ရေးခေါင်းဆောင်များအတွက်မူ ထိုကိစ္စသည် ရက္ခိုင်ပြည်တစ်ခုလုံးအတွက် နိုင်ငံရေးမျှော် မှန်းချက်ရှိရန် အရေးကြီးလှသည်ဟု ယူဆနိုင်ပေသည်။ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်များ အတွက် ထိုကိစ္စသည်လည်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံပတ်သတ်လာလျှင် အရေးကြီးသော ကိစ္စ တစ်ခုဟု ယူဆကြပါသည်။
ထိုအမြင်သည်ပင် ခေတ်သစ်အာရက္ခအမျိုးသားဝိသေသကို ပုံဖေါ်ရာတွင်လည်း အသစ်ဖြစ်သော ဦးတည်ချက်တစ်ခုကို ဖြစ်ထွန်းစေခဲ့ပါသည်။ ထိုအချက်ကိုလည်း ရွေးကောက်ခံနိုင်ငံရေးနှင့် တော်လှန်ရေးလှုပ်ရှားမှုများကြား မတူညီသော အမျိုးသားရေးဦးတည်ချက်ကို ချမှတ်မှုမှ ဖြစ်စေခဲ့ခြင်း ဖြစ်ပေသည်။ ရွေးကောက်ခံ နိုင်ငံရေးခေါင်းဆောင်များအတွက်ဆိုလျှင် လက်ရှိဖွဲ့စည်းပုံ စနစ်အောက် တွင် အမြင့်ဆုံးကြွေးကြော်နိုင်သည်မှာ ဖက်ဒရယ်စနစ်အောက်မှ “ကိုယ်ပိုင်ပြဠာန်းခွင့်” သာဖြစ်ပါ သည်။ သို့သော် တော်လှန်ရေးခေါင်းဆောင်များအတွက်မူ လက်နက်ကိုင်နည်းလမ်းဖြင့် နိုင်ငံရေးရည်မှန်းချက် ကို ထူထောင်ရန်ကြိုးဖမ်းနေပေရာ “ကွန်ဖက်ဒရေးရှင်း” မှ “လွတ်လပ်ရေး” ထိ ပိုကျယ်ပြန့်မြင့်မား သောနိုင်ငံရေး ရည်မှန်းချက်ကို ပုံဖော်နိုင်ပေသည်။ လက်တွေ့ကျကျပြောရလျှင် နိုင်ငံရေးရည်မှန်းချက် ပို၍မြင့်မားလေ လူနည်းစုများအတွက် ပိုကျယ်ပြန့်သော နိုင်ငံရေးအာမခံချက် များထားရှိရန်လိုအပ်ပြီး၊ ၎င်းတို့၏ ထောက်ခံမှုကို ရရှိရန်လည်း အရေးကြီးလှပါသည်။
နောက်ဆုံးအနေဖြင့် ပြောရလျှင် ပိုမြင့်မားသော နိုင်ငံရေးရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့တစ်ခုသည် နိုင်ငံရေးပါတီတစ်ခုနှင့် မတူဘဲ ရက္ခိုင်ပြည်ရှိ လူ့အသိုင်းအဝိုင်းနှင့် လူတိုင်းကြားတွင် ပိုမြင့်သော ကိုယ်စားပြုမှု ရရှိရန်အရေးကြီးလှပါသည်။ ထိုကဲ့သို့ အဖွဲ့အစည်းဖြစ်မှ သာလျှင် ရက္ခိုင်ပြည်နှင့် (ယေဘုယျအားဖြင့်) မြန်မာတနိုင်ငံလုံးတွင်ဖြစ်နေသော ကြာရှည်လှသော အစိုးရကျဆုံးမှုကို ဖြေရှင်းနိုင်သော လှုပ်ရှားမှုတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုလေးစားမှုဖြင့် ဆက်ဆံခြင်းကိုခံလာရနိုင်ပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုလျှင် လက်ရှိ လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများမှာ လွန်စွာမသေချာမှုနှင့် ကြုံတွေ့နေရပါသည်။ သို့သော် ယခုကဲ့သို့ နိုင်ငံရေးပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် လူနည်းစုရေးရာနှင့် ဆက်စပ်ပြီး ရက္ခိုင်ပြည်နိုင်ငံရေးအယူအဆများတွင် ကွဲပြားခြားနားသော ဖြစ်ပေါ် တိုးတက်မှုကို ပြင်ပကမ္ဘာမှ ကောင်းစွာသတိမထားမိကြသေးပေ။ အဆိုပါ အကြောင်းအချက် များကြောင့်ပင် ခေတ်သစ်အာရက္ခအမျိုးသားဝိသေသ တည်ဆောက်ရာတွင် အနှစ်သာရအားဖြင့် တိုးတက်မှုများရှိနေသည်ဟု ရက္ခိုင်ပြည်ရှိ အရေးကြီးသော အင်အားစုများမှ ယုံကြည်ထားကြပါသည်။
နိဂုံးချုပ်
ရက္ခိုင်ပြည်နိုင်ငံရေး၏ အရေးကြီးသောအချိုးအကွေ့များမှာ မကြာမီကာလများအတွင်း ဖြစ်ပေါ်လာ နိုင်ပါသည်။ ကြီးစွာသော စိန်ခေါ်မှုများမှာလည်း နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေပြီး၊ အတိတ်မှ မကျေနပ်မှုများသည်လည်း ဆက်လက်တည်ရှိ နေသလို၊ ရခိုင် နှင့် ရိုဟင်ဂျာ အသိုင်း အဝိုင်းကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရေးတွင်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။ ရခိုင်အသိုင်းအဝိုင်းထဲတွင်လည်း ရိုဟင်များနှင့် ပတ်သတ်လျှင် ပြုပြင်ပြောင်းလဲရေးများကို ဆန့်ကျင်ပြီး တင်းမာသော လူမှုရေးနှင့် နိုင်ငံရေးအုပ်စုငယ်များ ရှိနေပါသေးသည်။ သို့သော် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အင်အားကြီးထွားလာပြီးနောက်ပိုင်းတွင် အခြေအနေများမှာ ပြောင်းလဲ လာပြီး၊ လူ့အသိုင်းအဝိုင်းများကြား ပြန်လည်သင့်မြတ်ရေးအတွက်လည်း တံခါးပွင့်လာ ခဲ့ပေသည်။ တချိန်တည်းမှာပင် ရိုဟင်ဂျာအသိုင်းအဝိုင်းထဲတွင်လည်း ပြောင်းလဲနေသော အခြေအနေများကို ကောင်းစွာသိရှိ နားလည်ပြီး၊ ယခုလို ရှည်ကြာလှသောအကွဲအပြဲကို ဖြေရှင်းဖို့ လက်တွေ့ကျပြီး၊ အပြုသဘော လုပ်ဆောင်တတ်သော အင်အားစု၊ ပုဂ္ဂိုလ်များလည်း ရှိနေပါသည်။
အနာဂတ်တွင် အောင်မြင်သော တိုင်းပြည်တည်ဆောက်ရေး (nation-building) ကို ဖြစ်စေရန်၊ တင်းမာသော ပုဂ္ဂိုလ်၊ အင်အားစုများသည် အဓိကခေါင်းဆောင်၊ ဦးဆောင်မှုနေရာတွင် မရှိလာစေရန် အရေးကြီးလှပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် အဆိုပါ မူဝါဒဖြင့် ချဉ်းကပ်ရန်လည်း အရေးကြီးလှ ပေသည်။ တဖက်မှာ (ယေဘုယျအားဖြင့်) မြန်မာနိုင်ငံအတွင်း အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များမှာ ကပြောင်းကဆန် ကျိုးပဲ့လျက်ရှိနေပေသည်။
အနာဂတ်ကို မျှော်ကြည့်ရလျှင် မျှော်လင့်ချက်ထားနိုင်သော အခြေအနေတစ်ခုကိုလည်း တွေ့နေရ ပါသည်။ အမေရိကန်နိုင်ငံရေးသိပ္ပပညာရှင် ဂရေဟန်း တီ အလီဆွင်း (Graham T. Allison) မှ ဖော်ထုတ်ထားသော “သူစီဒိုင်းထောင်ချောက်” (Thucydides’ Trap) သဘောတရား အားဖြင့်ဆိုရလျှင် ရှိနှင့်ပြီး စနစ်တစ်ခုအတွင်း အုပ်စိုးမြဲအင်အားစုကို အသစ်ဖြစ်ထွန်းလာသော အင်အားစုမှ စိန်ခေါ်သော အခါ ပဋိပက္ခများဖြစ်ပေါ်လေ့ ရှိသည်ဟု ဆိုပါသည်။ အဆိုပါ သဘောတရားအား ရက္ခိုင်-မြန်မာ ဆက်ဆံရေးအား အသုံးပြုကြည့်လျှင် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်လှုပ်ရှားမှုကြောင့် အဆိုပါ ထောင်ချောက်သည် မိနှင့်ခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍ အနာဂတ်တွင် လက်နက်ကိုင်ပဋိပက္ခပြန်လည်ထွက်ပေါ်လာခဲ့လျှင် ထိုကဲ့သို့ ဖြစ်ပွါးရခြင်း အကြောင်းရင်းမှာ အင်အားစုတစ်ခုမှ လက်ရှိအပစ်အခတ်ရပ်စဲရေးပြီးကတည်းက တည်ရှိနေသော ပိုနေမြဲ-ကျားနေမြဲအနေအထားကို ဆက်လက်ထိမ်းသိမ်းထားရန် နိုင်ငံရေးဆန္ဒကင်းမြဲမှုကြောင့် သာဖြစ်နိုင်ပြီး၊ နိုင်ငံရေးအာဏာပြိုင်ဆိုင်မှု ကြောင့် အဓိကဖြစ်စရာ မလိုပေ။
ထိုကဲ့သို့ အရေးကြီးသည်မှာ ရက္ခိုင်ပြည်တွင်းဖြစ်သော အပြောင်းအလဲများသည်လည်း နိုင်ငံ့တခြား ဒေသများ၏ အခြေအနေများကို သက်ရောက်မှုရှိနိုင်ပြီး၊ တခြားဒေသများတွင်ဖြစ်နေသော အပြောင်း အလဲများသည်လည်း ရက္ခိုင်ပြည်နိုင်ငံရေးအခင်းအကျင်းကို သက်ရောက်မှု ရှိပေလိမ့်မည်။ န.စ.က ၏ စစ်အာဏာသိမ်းမှုစကတည်းက နိုင်ငံရေးချိန်သီးမှာ ဘယ်-ညာ၊ ဦးတည်ချက်အမျိုးမျိုးသို့ ယိမ်းလျက်ရှိပြီး၊ အင်အားစုအသီးသီး၏ နိုင်ငံရေးတွက်ချက်မှုကိုလည်း ကြီးစွာသော သက်ရောက်မှု ဖြစ်လျက်ရှိပေသည်။ သို့သော် လက်ရှိအချိန်ထိတော့ သိသာသော နိုင်ငံရေးရလဒ် ထွက်လာပုံ မပေါက်သေးပေ။ အဆိုပါ အခင်းအကျင်းကိုလည်း မည်သည့်နိုင်ငံရေး တိုးတက်မှု (သို့) အပြောင်းအလဲမျှ မဖြစ်ခဲ့သော နေပြည်တော်တွင် မကြာသေးမီက စစ်ကောင်စီမှ ကျင်းပခဲ့သော “ပြည်ထောင်စုနေ့” အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ သာမာန်အောက်ခြေအဆင့် နိုင်ငံရေး ကိုယ်စားပြုသောအဖွဲ့တစ်ခု တက်ရောက်ခဲ့ခြင်းမှ ပြသလျက်ရှိပေသည်။
ထိုကဲ့သို့ အခင်းအကျင်းဖြစ်နေစဉ်မှာပင် စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်း ၎င်း၏ လုံခြုံရေးယန္တရား များကို ပြန်လည်တည်ဆောက်ပြီး၊ နိုင်ငံရေးနှင့် လုံခြုံရေးဖိနှိပ်မှုများကို ဆက်လက်တိုးမြင့် လုပ်ဆောင် လာလိမ့်မည်။ တခြားတဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ခေတ်သစ်နိုင်ငံတော်နှင့် အမျိုးသား ဝိသေသတည်ဆောက်ရေး ခရီးစဉ်သည်လည်း လာမည့်ရက်တပတ်များနှင့် လများတွင် ပိုအရှိန်မြင့် ကျယ်ပြန့်လာပေလိမ့်မည်။ ရက္ခိုင်ပြည်သူများကတော့ သမိုင်းသည် ၎င်းတို့ဖက်တွင် ရှိနေသည်ဟု ယုံကြည်နေကြပါသည်။
*၁၉၄၈ တွင် မြန်မာ့လွတ်လပ်ရေးမတိုင်မီထိ လက်ရှိ ချင်းပြည်နယ်ရှိ ပလတ်ဝမြို့နယ်သည် ရခိုင်တောင်တန်းဒေသဥပဒေဖြင့် အုပ်ချုပ်ခဲ့ပေသည်။
** “သူစီဒိုင်းထောင်ချောက်” သဘောတရားနှင့်ပတ်သတ်လျှင် ဘာသာပြန်ဆိုမှုနှင့် နားလည်မှု မတူကြသည်များရှိပါသည်။ ယခုစာစုတွင် ဖော်ပြမှုသည် အဓိကအားဖြင့် “အင်အားကြီးအုပ်စုတစ်ခုမှ တခြားအုပ်စုတစ်ခုကို ခြိမ်းခြောက်မှုဖြစ်လာလျှင် စစ်ပွဲသည် ဖြစ်လာစမြဲဖြစ်သည်” ဟူသော ဆိုလိုရင်း ကိုသာ ယူပါသည်။
ကျော်လင်းသည် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံမဟာတန်း သင်ယူနေသော ဘွဲ့လွန် ကျောင်းသားတစ်ဦးဖြစ်ပါသည်။ သူသည် ရန်ကုန်အခြေစိုက် အလွတ်တန်းနိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်ပြီး၊ “ငြိမ်းချမ်းရေးနှင့်စီမံအုပ်ချုပ်မှုအင်စတီကျူ” ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါသည်။