လားဟူအမျိုးသားရေး ဘယ်ကိုဦးတည်နေသလဲ။ ကြာအူ၏ မြန်မာ့အရေးသုံးသပ်ချက်*
Temas
Regiones
လားဟူအမျိုးသားတို့သည် လက်ရှိမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပေါ်လာလေ့ပေါ်လာထ သိပ်မရှိတတ် ကြပေ။ သို့သော်လည်း ယခုသုံးသပ်ချက်တွင် ကြာအူအနေဖြင့် ကိုလိုနီခေတ်လွန် အစိုးရအဆက်ဆက် လက်ထက် လားဟူအမျိုးသားရေး စရိုက်လက္ခဏာ၊ မြေယာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက်ရသည့် အကြောင်းရင်းကို ရှာဖွေတင်ဆက်ထားပါသည်။ ပဋိပက္ခပေါင်းစုံဖြင့် အကွဲကွဲ အပြဲပြဲဖြစ်နေသည့် ရေခံမြေခံအခင်း အကျင်း၌ စစ်ကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်းမှုက လားဟူအမျိုးသားတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားပြင်းထန်လာစေခဲ့သည်။ ဆိုးဆိုး ရွားရွားကပ်ဆိုက်နေသည့် အကျပ်အတည်းအတွင်း တိုင်းရင်းသားအခြေပြု နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အတွက် ဖိအားများတဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ အမျိုးသားရေး အသိအမှတ်ပြုမှုနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို ဦးတည်သည့် လားဟူအမျိုးသားရေးလှုပ်ရှားမှုကို လူငယ်မျိုးဆက်များ ဦးစီးခေါင်းဆောင်ရန် အလှည့်ကျလာခဲ့ပြီဖြစ်သည်။
Photo credit Aik Long
လားဟူအမျိုးသားရေး စရိုက်လက္ခဏာများ
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသည့် လားဟူလူထုလူတန်းစားများကို သံလွင်မြစ်အရှေ့ဘက်ကမ်း၌ အများဆုံးတွေ့မြင်နိုင်ပါသည်။ ခိုင်မာတိကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ကင်းမဲ့နေဆဲဖြစ်သည်။ သို့သော်လည်း သေချာသည့်အရာတစ်ခုမှာ ၎င်းတို့သည် ရှမ်းပြီးလျှင် ဒုတိယအကြီးဆုံး တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည်။1 ရှမ်းပြည်နယ် တောင်ပိုင်းတန့်ယန်းဒေသနှင့် တောင်ပိုင်းခိုလမ်ဒေသများ၌လည်း အချို့အနည်းအကျဉ်းမျှ ပျံ့နှံ့နေထိုင် လျက်ရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဝဒေသ၌သာ လားဟူလူဦးရေ ၁၀၀၀၀၀ ကျော်မျှ အများဆုံးစုဝေးနေထိုင်လျက်ရှိကြသည်။ မည်သို့ပင်ဖြစ်စေ လားဟူအမျိုးသားများသည် အခြား ဝ နှင့် ကိုးကန့်မျိုးနွယ်စုများကဲ့သို့ ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဒေသ’ သို့မဟုတ် ‘တိုင်း’ အဖြစ် ထည့်သွင်း အသိအမှတ်ပြုခံရရန် မစွမ်းသာခဲ့ကြပေ။ ထို့အပြင် လားဟူလူထုလူတန်းစားများကို တရုတ်၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း တွေ့မြင်ရ လျက်ရှိသည်။
လားဟူအမျိုးသားများကို ယေဘုယျအားဖြင့် ၎င်းတို့ဝတ်စားဆင်ယင်သည့် ရိုးရာဝတ်စုံအရောင်ပေါ်မူ တည်၍ ၎င်းတို့အကြား သတ်မှတ်ခံယူထားသည့်အတိုင်း မျိုးနွယ်စုခွဲများအဖြစ် ထပ်မံခွဲခြားနိုင်ပါသည်။ အကြီးဆုံးမျိုးနွယ်စုနှစ်ခုအဖြစ် လားဟူမည်းနှင့် လားဟူဝါဟူ၍ ခွဲခြားသတ်မှတ်ထားကြသည်။ လားဟူ အမျိုးသားများ၌ ရာစုနှစ်ပေါင်းများစွာ ပါးစပ်ပြောရာဇဝင်ဖြင့် လက်ဆင့်ကမ်းလာခဲ့သည့် ကိုယ်ပိုင်ဘာ သာစကားလည်း သီးခြားရှိနေခဲ့သည်။ မည်သို့ဆိုစေကာမူ ၁၉၇၀ နှောင်းပိုင်းကာလအရောက်တွင် အနောက်တိုင်း ခရစ်ယာန်သာသနာပြုများသည် သမ္မာကျမ်းစာကို ဘာသာပြန်ဆို၍ ထုတ်ဝေသွားမည့် အဓိကရည်ရွယ်ချက်ဖြင့် လားဟူအက္ခရာစာလုံးများကို စတင်ဖန်တီးခဲ့သည့် ရလဒ်ကြောင့် လားဟူ စာလုံးများသည် ရိုမန်အက္ခရာစာလုံးများကို အသုံးပြုထားခြင်းဖြစ်သည်။
ယနေ့အချိန်ထိ လားဟူလူမျိုးများသည် ပါးစပ်ရာဇဝင်ကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သူများပီပီ အလွန်ပုံပြောကောင်းသူများအဖြစ် နာမည်ကြီးနေကြဆဲပင်ဖြစ်သည်။ ၎င်းတို့၏ မူလဇစ်မြစ်ကို ဖော်ကျူးထားသည့် ပါးစပ်ရာဇဝင်ကို အလွန်အရေးပါသည့် ရိုးရာပုံပြင်တစ်ခုအဖြစ် မျိုးဆက်ပေါင်း များစွာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဤပါးစပ်ပြောရာဇဝင်၌ မြန်မာပြည်နေ လားဟူ အမျိုးသားများသည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်မှ မြစ်ဖျားခံဆင်းသက်လာခဲ့ကြောင်း ဖော်ကျူး ထားသည်။ ၎င်းတို့အနေဖြင့် မိခင်တိုင်းပြည်ဟုခေါ်ဆိုသည့် ‘ဇာတိချက်ကြွေ လားဟူမြေ (Mvuh Meh Mi Meh)’ ဒေသမှ မောင်းထုတ်ခံခဲ့ရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ချိန်မှစ၍ ၎င်းတို့သည် ရှမ်းတောင်တန်းများပေါ်၌ စတင်ပျံ့နှံ့နေထိုင်လာခဲ့ကြတော့သည်။2 ရလဒ်အနေဖြင့် လားဟူ အမျိုးသားများသည် အခြားသူများ၏ အာဏာစက်အောက်၌ ထပ်မံမနေလိုကြပြီ ဖြစ်သောကြောင့် သမိုင်းတစ်လျှောက် ‘အုပ်စိုး၍မရသူများ’ အဖြစ် မကြာခဏ ရည်ညွန်းခံခဲ့ရတော့သည်။
ယနေ့ချိန်အထိလည်း လားဟူအများစုသည် တောင်ကုန်းတောင်တန်းများပေါ်၌ ဆက်လက်နေထိုင်လျက် ရှိပြီး ၎င်းတို့တည်ထောင်ထားသည့် ကျေးရွာများကို ဝေးလံခေါင်ဖျားသည့် တောင်တန်းများပေါ်၌ တွေ့ မြင်နေရဆဲဖြစ်သည်။ ကျေးရွာတိုင်း၌ ၎င်းတို့ကိုယ်ပိုင် ဓလေ့ထုံးတမ်းစဉ်လာ မြေယာစနစ်ကို ကျင့်သုံး လျက်ရှိပြီး အိမ်နီးချင်းကျေးရွာများအကြား နယ်နိမိတ်စည်းများကို တိတိကျကျ ပိုင်းခြားသတ်မှတ်ထား လေ့ရှိသည်။ ၎င်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာ မြေယာစနစ်အရ ကျေးရွာပတ်ဝန်းကျင်ရှိ မြေနေရာများ ကို ရွာသူရွာသားများအကြား ဘုံပိုင်မြေအဖြစ် မျှဝေသုံးစွဲလျက်ရှိသည်။ သစ်တောနေရာ တစ်ခုကို ပထမဦးဆုံးအကြိမ် တောင်ယာစခုတ်သည့် မိသားစုကို ၎င်းမြေ၏ ပိုင်ရှင်အဖြစ် အသိအမှတ် ပြုကြသည်။ ပိုင်ရှင်ဖြစ်သူအနေဖြင့် အဆိုပါတောင်ယာ၌ မည်သည့်သီးနှံစိုက်ပျိုး၍ မည်သည့်အချိန်၌ နောက်တစ်နေရာကို ရွှေ့ပြောင်းစိုက်ပျိုးမည်ကို လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သို့သော် လည်း ၎င်းတို့အနေဖြင့် အဆိုပါမြေကို အခြားသူများထံ ရောင်းချပိုင်ခွင့်မရှိပေ။
ထို့ကြောင့် အခြားအရပ်တပါးမှ ရောက်ရှိလာခဲ့သည့် မိသားစုအသစ်များသည် ၎င်းတို့စိုက်ပျိုး စားသောက်နိုင်မည့် တောင်ယာကွက်ရရှိရန် ကျေးရွာသူကြီးနှင့် ရပ်မိရပ်ဖများ၏ ဆုံးဖြတ်ချက်ကို ခံယူကြရခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများ၌ နေထိုင်၍ ဓလေ့ထုံးတမ်းစဉ်လာ မြေယာလုပ်ပိုင်ခွင့်စနစ် ကျင့်သုံးနေကြသည့် လားဟူလူမျိုးများသည် ၎င်းတို့ ရှင်သန်နေထိုင်စားသောက်ရန် လုံလောက်သည့် မြေပမာဏကို လက်လှမ်းမီနေကြဆဲဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် ဓလေ့ထုံးတမ်းစဉ်လာ မြေယာစနစ်ကို ဆက်လက်ကျင့်သုံးမှုမရှိတော့သည့် လားဟူမိသားစုများသည် ၎င်းတို့ပိုင် မြေယာကို ရောင်းချပြီးနောက် သို့မဟုတ် ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း အများအားဖြင့် မြေယာလောက်ငှမှုမရှိတော့သည့် ပြဿနာများကို ရင်ဆိုင်ရလေ့ရှိသည်။
ထွန်ယက်စိုက်ပျိုးမှုအပြင် လားဟူအမျိုးသားများသည် တံငါသည်များနှင့် အမဲလိုက်မုဆိုးများလည်းဖြစ် ကြသလို ကျေးရွာအနီးဝန်းကျင်ရှိ သစ်တောများအတွင်း ကောင်းစွာရှာဖွေစားသောက်တတ်ကြသူများ လည်းဖြစ်ကြသည်။ ၎င်းတို့၏ တောင်ယာများ၌ အဓိကအစားအစာအဖြစ် ဆန်၊ မုန်ညှင်း၊ ပြောင်း၊ ဖရုံ၊ နံနံပင်၊ ငရုတ်သီး၊ ပဲအမျိုးမျိုး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ပဲပုပ်များကို စိုက်ပျိုးထား တတ်ကြသည်။ လားဟူအများအပြားသည် မြေဆီမြေနှစ်ကောင်းမွန်နေအောင် ဆက်လက်ထိန်းသိမ်းရန် ရွှေ့ပြောင်း တောင်ယာစနစ်ကို ကျင့်သုံးနေကြဆဲဖြစ်သည်။3 ၎င်းတို့သည် ဓာတုဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေး ပေါင်းသတ်ဆေးများကို အသုံးပြုလေ့မရှိပေ။ ယင်းအစား ၎င်းတို့သည် ဧပြီလကုန် သင်္ကြန်ကာလအပြီး၌ ထွန်ယက်ပြင်ဆင်ထားသည့် ၎င်းတို့၏တောင်ယာများကို ဦးစွာပေါင်းရှင်း ထားကြလေ့ရှိသည်။ ထို့နောက် မေလကုန် သို့မဟုတ် ဇွန်လအစ မိုးမကျမီကာလ၌ မျိုးစေ့ကြဲခြင်းနှင့် စိုက်ပျိုးခြင်းကို အပြီးသတ်ပြုလုပ်လေ့ရှိသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း စိုက်ပျိုးထား ရှိသည့် သီးနှံများကို ပြန်လည်ရိတ်သိမ်းလေ့ရှိသည်။
လားဟူလူမျိုးများကို ဘိန်းစိုက်ပျိုးသူများအဖြစ်လည်း သိကြလေ့ရှိသည်။ ဘိန်းသည် လားဟူလူ့အဖွဲ့အ စည်းနှင့် ရပ်ရွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မင်္ဂလာဆောင်နှင့် အသုဘအခမ်းအနားများသို့ ကြွရောက်လာကြသည့် ရပ်နီးရပ်ဝေးဧည့်သည်များကို တည်ခင်းဧည့်ခံရာ၌ အသုံးပြုကြသလို ကိုယ်တိုင်လည်းသုံးစွဲတတ်ကြသည်။ ထို့အပြင် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆေးဝါးများ အလွယ်တကူမရရှိနိုင်သည့် ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများ၌ ရာသီအလိုက် ဖြစ်ပွားတတ်သည့် သာမန်အအေးမိခြင်း၊ ကိုယ်ပူဖျားနာခြင်းနှင့် ဝမ်းသွားခြင်းများကို ပျောက်ကင်း စေသည့် ဆေးဝါးတစ်လက်အဖြစ်လည်း ဘိန်းကိုအသုံးပြုကြသည်။ ဘိန်းသည် အကိုက်အခဲ ပျောက်ဆေးကဲ့သို့ ထိရောက်သည့် အာနိသင်ရှိပြီး အိမ်မွေးတိရစ္ဆာန်များကို ကုသရာတွင်လည်း အလားတူပင် အသုံးပြုလေ့ရှိသည်။4 ထို့အပြင် အမျိုးသားများသည် ရံဖန်ရံခါ၌ အပန်းဖြေသည့် အနေဖြင့်လည်း သုံးစွဲတတ်ကြသည်။ ဘိန်းစိုက်ပျိုးသည့် ရာသီသည် အခြားစားပင် သီးနှံစိုက်ပျိုးချိန်နှင့် ကွာခြားနေလေ့ရှိသည်။ ဘိန်းကို အများအားဖြင့် စက်တင်ဘာလအတွင်း စတင်စိုက်ပျိုး၍ ဇန်နဝါရီနောက်ပိုင်း ရိတ်သိမ်းလေ့ရှိသည်။ ဤနည်းအားဖြင့် ဘိန်းပင်များသည် ၎င်းတို့အတွက် စီးပွားရေးအာမခံချက်ကဲ့သို့ အသက်ဝင်လျက်ရှိသည်။ စားပင်သီးနှံများ သဘာဝဘေးဒဏ်ကြောင့် ဖြစ်စေ၊ ကြွက်ကဲ့သို့သော အကောင်များကြောင့်ဖြစ်စေ ထိခိုက်ပျက်စီးသွားသည့်အခါ လိုအပ်သည့် အစားအသောက်ဝယ်ယူရန် ဘိန်းကိုဝင်ငွေရသီးနှံအဖြစ် ပြန်လည်အသုံးပြုနိုင်သည်။
လားဟူရွာသူရွာသားများသည် တောင်ယာခုတ်ခြင်း သို့မဟုတ် ထွန်ယက်ခြင်းကဲ့သို့သော အင်အားသုံးရ သည့် အလုပ်များအတွက် နေ့တဓူဝအပြန်အလှန် ရိုင်းပင်းကူညီကာ စုပေါင်းအလုပ်လုပ်ကြလေ့ ရှိသည်။ သီးနှံရိတ်သိမ်းချိန် ရောက်လာပါကလည်း မိသားစုတစ်ခုပိုင်သည့် တောင်ယာခင်း တစ်ခုကို ဦးစွာဝိုင်းဝန်း ရိတ်သိမ်းပေးပြီးမှ ကျန်မိသားစုပိုင် တောင်ယာခင်းများကို အလှည့်ကျဆက်လက် ရိတ်သိမ်းသွားသည့် ပုံစံဖြင့် အပြန်အလှန် ကူညီလေ့ရှိသည်။ လွန်ခဲ့သည့် ၂ နှစ်က မိုင်းပျဉ်း အနောက်ခြမ်း လမ်းခင်းပြီးသွားသည့် နောက်ပိုင်း လားဟူနယ်မြေများသို့ လွယ်လင့်တကူ ဝင်ထွက်သွား လာရန် အဆင်ပြေချောမွေ့လာခဲ့သည်။ လားဟူအများအပြားက ၎င်းတို့၏ ကျေးရွာများသို့ ပြင်ပ ကုန်စည်များ စီးဝင်လာခဲ့ပြီး ၎င်းတို့၏ ထုတ်ကုန်များအတွက်လည်း ဈေးကွက်များကို ပိုမိုလက်လှမ်းမီ လာခဲ့သဖြင့် လမ်းဖောက်လုပ်သည့် ကိစ္စကို လက်ခံကြိုဆိုခဲ့ကြသည်။ သို့သော်လည်း လားဟူလူမျိုးများ ထိန်းသိမ်းထားသည့် ဓလေ့ထုံးတမ်းစဉ်လာ နယ်မြေများအတွင်းရှိ သစ်နှင့် အခြားတောထွက် ပစ္စည်းများကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဆီသို့ တင်ပို့ရောင်းချမှုများ မြင့်တက်လာမည်ကို စိုးရိမ်နေကြသူများလည်း ရှိနေခဲ့ကြသည်။ စိုးရိမ်သလိုဖြစ်လာခဲ့ပါက တောင်ပေါ်ဒေသနေ လားဟူ ရပ်ရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ရှင်သန်နေထိုင်မှုပုံစံနှင့် ရိုးရာယဉ်ကျေးမှုအပေါ် လမ်းကြောင့် ထိခိုက်လာနိုင်သည့် အကျိုးဆက်များကို တွေးတောပူပန်နေကြခြင်းဖြစ်သည်။ ၂၁ ရာစု လားဟူလူမျိုး တို့၏ ရှင်သန်မှုဘဝများကို ခြိမ်းခြောက်လာနေသည့် ဖိအားများတရစ် ပြီးတစ်ရစ် ပိုမိုတင်းကျပ်လာ လျက်ရှိသည်။
ရှမ်းနှင့် ဝ အိမ်နီးချင်းများ
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းခုနှစ်ခုကျော်မျှ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်အုပ်ချုပ်ရေးဒဏ်ကို အ လူးအလှိမ့်ခံစားလာခဲ့ရသည်။ ဤခါးသီးမှုများပေါ်အခြေခံ၍ တိုင်းရင်းသားမျိုးနွယ်စုအများအပြား မိမိတို့လူထုကို ခုခံကာကွယ်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို တောင်းဆိုသွားရန်အတွက် လက်နက်ကိုင် တော်လှန်လာခဲ့ကြသည်။ ဤတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAOs) အများစု သည် ဒီမိုကရေစီအခြေခံမူများပေါ် အခြေခံထားသည့် ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို ထူထောင် သွားနိုင်စေရန် ကြိုးပမ်းအားထုတ်နေကြခြင်းဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည့် EAOs နှစ်ဖွဲ့မှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်/ပါတီ(UWSA/P) တို့ဖြစ်ကြသည်။
ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအကြား၌ လားဟူလူမျိုးတို့သည် ၎င်းတို့ကိုယ်ပိုင် နိုင်ငံရေး နယ်မြေဟူ၍မရှိခဲ့ဘဲ ဗဟိုအစိုးရ သို့မဟုတ် EAOs များ အုပ်ချုပ်လျက်ရှိသည့် နယ်မြေဒေသများ၌သာ မှီတင်းနေထိုင်လာခဲ့ကြသည်။ ရလဒ်အနေဖြင့် လားဟူယောက်ျားလေးများနှင့် လူငယ်များကို အစိုးရသာ မက RCSS နှင့် UWSP တပ်ဖွဲ့များကပါ တပ်သားသစ်များအဖြစ် စုဆောင်းလာခဲ့ကြတော့သည်။ အချို့ လားဟူများသည် UWSP နှင့် RCSS တို့၏ အဆင့်မြင့်ရာထူးများ၌ပင် နေရာယူထားကြပြီး UWSP ၏ ဒုတိယဥက္ကဌဖြစ်သူ ဦးယာကုဆိုလျှင် ဝမ်ကောင်းခရိုင်မှတက်လာသည့် လားဟူအမျိုးသားတစ်ဦး ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် UWSP ထိန်းချုပ်နယ်မြေရှိ လူဦးရေစုစုပေါင်း၏ ၁၅% ခန့်သည် လားဟူလူမျိုးများဖြစ်ကြပြီး အဓိကအားဖြင့် မိုင်းပေါက်ခရိုင်၌ စုဝေးနေထိုင်လျက်ရှိသည်။
ဤနယ်မြေဒေသများရှိ လားဟူနှင့် ဝလူမျိုးတို့သည် နှစ်ပေါင်းများစွာ အတူတကွယှဉ်တွဲ နေထိုင်လာ ခဲ့ကြသည့် တောင်ပေါ်နေတိုင်းရင်းသားများဖြစ်ကြသည်။ ရလဒ်အနေဖြင့် လားဟူများကို ၎င်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာ မြေယာလုပ်ပိုင်ခွင့်စနစ်နှင့် ရွှေ့ပြောင်းတောင်ယာဓလေ့ကို ဆက်လက် ကျင့်သုံးခွင့်ပြုထားသည့်အပြင် မြစ်နားချောင်းနားရှိ စိုက်ပျိုးမြေများ၌ ရေသွင်းစိုက်ပျိုးမှု ကိုလည်း ခွင့်ပြုထားခဲ့သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း UWSA ၏ အမှတ် ၄၆၈ တပ်မဟာမှူးမှ မြို့ပြချဲ့ထွင်ရေးအတွက် မိုင်း ပေါက်ပတ်ဝန်းကျင်ရှိ လားဟူကျေးရွာများကို မောင်းထုတ်ခဲ့သည့်အပြင် မိုင်းပေါက်နှင့် ဟိုတောင်းမြို့နယ် အတွင်းရှိ လားဟူနှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်းများကို စီးနင်းဖြိုခွဲခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အဆိုပါစစ်ဆင်ရေး အစပိုင်း၌ လားဟူသင်းအုပ်ဆရာများ၊ အသင်းတော်ခေါင်း ဆောင်များနှင့် ကျောင်းသူကျောင်းသားအချို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော်လည်း နောက်ပိုင်းပြန်လည် လွတ်မြောက်လာခဲ့သည်။
ပုံမှန်အားဖြင့် RCSS ဖြစ်စေ UWSP ဖြစ်စေ လားဟူမျိုးနွယ်စုနယ်မြေများကို ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းကြလေ့မရှိကြသဖြင့် လားဟူရပ်ရွာများနှင့် ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့ကြသည်။ ၎င်းတို့၏ သမိုင်းကြောင်းနောက်ခံအရ လားဟူလူမျိုးများသည် ရေကြည်ရာမြက်နုရာ လှည့်လည် နေထိုင်တတ်သည့် ဓလေ့ရှိကြသည်။ လားဟူဆိုရိုးစကားအတိုင်း “နောက်တစ်နေရာ ရွှေ့ပြောင်းဖို့ အချိန် ကျပြီလို့ ခံစားရတာနဲ့ ရွှေ့ကြတော့တာပဲ။” ဤအကြောင်းရင်းကြောင့် RCSS နှင့် UWSP ခေါင်းဆောင် များသည် လားဟူလူမျိုးတို့၏ ဘဝရှင်သန်နေထိုင်မှုပုံစံကို ကောင်းစွာနားလည် သဘော ပေါက်ကြပြီး လားဟူလူမျိုးတို့အတွက် လုံလောက်သည့်မြေနေရာများ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
လားဟူနိုင်ငံရေးသဘောထား
လားဟူလူမျိုးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှု၏ အစောပိုင်းကာလများမှစတင်၍ အမျိုး သားနိုင်ငံရေးဇာတ်ခုံ၌ စတင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။ အစောပိုင်း၌ လားဟူအမျိုးသားများသည် ဗြိတိသျှအစိုးရကို ဆန့်ကျင်တော်လှန်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း တစ်ဦးချင်းအလိုက် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် လားဟူအမျိုးသားတို့သည် ၁၉၅၀ ခုနှစ် အရောက်တွင် တရုတ်နိုင်ငံ၌ မော်စီတုန်း၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုစစ်ရှုံး၍ ယူနန် ပြည်နယ်မှ ဆုတ်ခွာလာခဲ့ကြသည့် ကူမင်တန်တပ်များ ရှမ်းပြည်နယ်သို့ ကျူးကျော်ဝင်ရောက်မှုကို ခုခံတွန်းလှန်ရန် နောက်ပိုင်းတပ်မတော်(စစ်တပ်)ဟု သိလာကြမည့် ဗမာ့တပ်မတော်သစ်၌ စေတနာ့ ဝန်ထမ်းတပ်သားများအဖြစ် ပါဝင်စစ်မှုထမ်းခဲ့ကြသည်။
နောက်ပိုင်းဆယ်စုနှစ်များအတွင်း လားဟူအမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံတွင်းရှိ အခြားတိုင်းရင်း သားဒေသများ၌ ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ၌ ပါဝင်ပတ်သက်ခြင်းမရှိဘဲ အတိုင်းအ တာတစ်ခုအထိ သီးခြားခွဲ၍ရပ်တည်ရန် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၆၈ ခုနှစ်၌ တရုတ်၏ ကျောထောက်နောက်ခံဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ရောက်ရှိလာခဲ့ပြီး လားဟူနယ်မြေဒေသများရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ကျူးကျော်သိမ်းပိုက်၍ သံလွင်မြစ် အရှေ့ ဖက်ကမ်းတစ်ခုလုံး ဗကပ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့ချိန်မှစ၍ အခြေအနေအရပ်ရပ်သည် ရုတ်ချည်းပြောင်း လဲသွားတော့သည်။ ပြည်တွင်းစစ်မီး ကူးစက်လာခြင်းနှင့်အတူ လားဟူဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပူကျောင်းလုံ၏ ဩဇာလွှမ်းမိုးမှုဖြင့် လားဟူလူမျိုးများအကြား စည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်အရောက်တွင် လားဟူအမျိုးသား ညီညွတ်ရေးပါတီ (LNUP)ကို ထူထောင်၍ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်တပ်လက်ဝေခံ ဆိုရှယ်လစ်အစိုးရကို စတင်လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။
နောက်ပိုင်း ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလများသည် လားဟူနှင့် မြန်မာစစ်တပ်အကြား လက်နက်ကိုင်တိုက်ပွဲများဖြင့် ပြည့်နှက်နေခဲ့ပြီး အထူးသဖြင့် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များ၌ တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်ခဲ့သည်။ သို့သော်လည်း ဗကပနှင့် လက်တွဲပူးပေါင်းမည့်အဖွဲ့ ခွဲထွက် သွားခဲ့ပြီးနောက်ပိုင်း LNUP အားနည်းသွားခဲ့ရသလို ပူကျောင်းလုံကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်သစ်ပေါ်ထွန်းလာခြင်း မရှိခဲ့သဖြင့် ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းကာလမှစ၍ လားဟူ တို့၏ အမျိုးသားရေးရေချိန် တဖြည်းဖြည်းအရှိန်သေသွားတော့သည်။ ထိုအချိန်ထိ ဆယ်နှစ် ကျော်မျှ တိုက်ပွဲဝင်လာခဲ့သည့် ကာလအတွင်း ရှင်းလင်းပြတ်သားသည့် အခြေခံမူများဖြင့် ထင်သာ မြင်သာရှိစေမည့် အဆုံးသတ်ရလဒ်မျိုးကို ပီပီပြင်ပြင် ရေးဆွဲပုံဖော်နိုင်ခြင်းမရှိခဲ့သည့် လက်နက်ကိုင် တော်လှန်ရေးနှင့် လားဟူမျိုးနွယ်စုများ၏ အမျိုးသားနိုင်ငံရေးဇာတ်ခုံပေါ်ရှိ အနာဂတ်လားရာ ဦးတည် ချက်သည် မသေချာမရေရာမှုများဖြင့် ဆက်လက်ပြည့်နှက် နေခဲ့သည်။
ထိုအချိန်မှစ၍ လားဟူလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ခဲ့ရပြီး ၂၀၀၈ ခုနှစ်အရောက်တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဟူ၍ နာမည်ပါ ပြောင်းလဲပစ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ထိုင်းနယ်စပ်အခြေပြုထားသည့် အခြား EAOs များနှင့် ကြိုကြားကြိုကြား လက်တွဲအလုပ်လုပ်ခဲ့ကြသည်။ မည်သို့ဆိုစေကာမူ ၎င်းတို့သည် နိုင်ငံအတွင်း၌ မပြောပလောက်သည့် အင်အားစုတစ်ရပ်အဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ရတော့သည်။
နောက်ဆက်တွဲအဖြစ် ၁၉၈၈ ခုနှစ်ဒီမိုကရေစီ လူထုအရေးတော်ပုံအပြီး၌ နိုင်ငံရေးပါတီတစ်ခုအဖြစ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP) ကို ဖွဲ့စည်းတည်ထောင်၍ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။ အမတ်လောင်းတစ်ဦးဖြစ်သည့် ဒန်နီရယ်အောင်သည် မိုင်းပျဉ်းမြို့နယ်ကို ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်)၌ ကိုယ်စားလှယ်နေရာတစ်ခု အနိုင်ရရှိခဲ့သည်။ ကံမကောင်းအကြောင်းမလှစွာဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီဦးဆောင်သည့် စစ်အစိုးရမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် အခြားဒီမိုကရေစီ လိုလားထောက်ခံသည့် အမတ်များကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ပြီးနောက် ဖမ်းဆီးမခံရရေးအတွက် ပြည်ပထွက်တိမ်းရှောင်ရမည့် အခြေအနေ ပေါ်ပေါက်လာခဲ့သဖြင့် လားဟူ လူမျိုးများကို ကိုယ်စားပြုခွင့် မရရှိခဲ့ပေ။ နောက်ပိုင်းဆယ်စုနှစ်နှစ်ခုကြာသည်အထိ နိုင်ငံရေး ဇာတ်ခုံပေါ်၌ လားဟူပါတီ၏ သက်ဝင်လှုပ်ရှားမှုများ ရပ်တန့် သွားတော့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၁၁-၂၀)ကို စတင်ကျင့်သုံးခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် အရပ်သားတစ်ပိုင်း စစ်အစိုးရလက်ထက်၌ ပြည်တွင်းရေခံမြေခံ အခင်းအကျင်းစတင် ပြောင်းလဲလာခဲ့ သည်။ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသက်တမ်းအတွင်း(၂၀၁၁-၂၀၁၅) တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်သစ်တစ်ရပ် အသက်ဝင်လာခဲ့ပြီး အစိုးရသည် EAOs အဖွဲ့ပေါင်း နှစ်ဆယ်ကျော်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ၎င်းတို့အနက် အခြားအင်အားစုများနှင့်ယှဉ်လျှင် နယ်မြေ ထိန်းချုပ်စိုးမိုးမှုအရသော်လည်းကောင်း တပ်ဖွဲ့ဝင်အရေအတွက်အရသော်လည်းကောင်း ပြောပလောက်အောင်အင်အားမရှိသည့် LDU သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ခဲ့သည်။ လက်တစ်ဆုပ် စာ တပ်ဖွဲ့ဝင် အင်အားဖြင့် အလွန်သေးငယ်သည်ဟူသည့် ဤအကြောင်းပြချက် ကြောင့်ပင် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ကနဦးလက်မှတ် ရေးထိုးခဲ့ချိန်၌ LDU ကို ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန် စစ်အစိုးရဖက်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အခြားအင်အားကြီး EAOs များဖြစ်ကြသည့် အထူးသဖြင့် ကိုးကန့်၊ ရခိုင်နှင့် တအောန်းအင်အားစုများသည်လည်း ဖယ်ကြဉ်ခံခဲ့ရပြီးနောက်ပိုင်း ဤအချက်ပေါ်အခြေခံ၍ အားလုံး လွှမ်းခြုံပါဝင်မှုမရှိဟုဆိုကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် အင်အားကြီး EAOs အများစု ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် NCA ၏ ၂၀၁၅ ခုနှစ် ကနဦးလက်မှတ်ရေးထိုးပွဲ၌ EAOs ရှစ်ဖွဲ့သာ ပါဝင်လာခဲ့သည်။
သို့သော်လည်း ၂၀၁၈ ခုနှစ် NLD ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၈ ခုနှစ်အရောက်တွင် NCA ၌ ပါဝင်လက်မှတ်ရေးထိုးရန် လားဟူအမျိုးသားတော်လှန်ရေးအဖွဲ့ကို ပြန်လည်ဖိတ်ကြားခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ LDU သည်လည်း မွန်ပြည်သစ်ပါတီနှင့်အတူ လက်မှတ်ရေး ထိုးခဲ့သဖြင့် NCA လက်မှတ်ထိုးအဖွဲ့ဝင် ၁၀ ဖွဲ့ဖြစ်လာခဲ့သည်။ ဤအခိုက်အတန့်သည် အလွန်အရေးပါ သည့် အချိုးအကွေ့ တစ်ခုဖြစ်လာခဲ့သည်။ NCA ကို လက်မှတ်ရေးထိုးခြင်းသည် ၁၉၇၀ နှောင်းပိုင်းမှ ၁၉၈၀ ပြည့်လွန်နှစ်များအထိ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် လားဟူအမျိုးသားရေးလှုပ်ရှားမှုကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် လားဟူလူငယ်များကိုလည်း လားဟူ တော်လှန်ရေးသမိုင်းကြောင်း၏ အချိုးအကွေ့တစ်ခုကို လေ့လာသင်ယူခွင့် ရရှိစေခဲ့သည်။ သို့သော် လည်း NCA သည် စစ်မှန်သည့် အသိအမှတ်ပြုမှု သို့မဟုတ် နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးခဲ့ခြင်းမရှိသဖြင့် လားဟူအမျိုးသားရေးဦးတည်ချက်အတွက် အနှစ်သာရကင်းမဲ့ နေဆဲဖြစ်သည်။ NLD အတွက် ဤကိစ္စရပ်သည် ပြောပလောက် အောင် အရေးပါခဲ့ပုံမရပေ။ ၎င်းတို့၏ ဦးစားပေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းတို့၏ အောင်မြင်မှုကို သက်သေပြသည့် အနေဖြင့် NCA သို့ နောက်ထပ် EAOs နှစ်ဖွဲ့ကို ထပ်မံဆွဲသွင်းပြရန်သာ ရည်ရွယ်ခဲ့ပုံပေါ်သည်။
နိုင်ငံရေးဇာတ်ခုံပေါ်တွင်လည်း အလားတူတစ်ဆို့မှုများ ရှိနေခဲ့သည်။ အငြင်းပွားဖွယ်ရာအတိပြီး နေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စတင်ခေါ်ယူကျင်းပ ခဲ့သည့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း LNDP ဦးဆောင်သည့် လားဟူအမျိုးသားရေး လှုပ်ရှားမှုအရွေ့တစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့သည်။ အကျိုးရလဒ်အနေဖြင့် မိုင်းမောမြို့နယ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၌ မက်မန်းမြို့နယ် ကိုယ်စားလှယ်တစ်ဦး နှင့် ရှမ်းပြည်နယ် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ LNDP ကိုယ်စားလှယ်သုံးဦး အနိုင်ရရှိခဲ့သည်။ ဤကဲ့သို့သော နောက်ခံဖြင့် LNDP သည် လားဟူအမျိုးသားရေးအဖွဲ့အစည်းကို အတိုင်းအတာတစ်ခုအထိ ခိုင်မာ အားကောင်းလာစေခဲ့ပြီး ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ကာလတစ်လျှောက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုအတွင်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း တစ်ဆစ်ချိုးအလှည့် အပြောင်းမျိုး ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ယနေ့ခေတ်ကဲ့သို့ပင် ထိုအချိန်ပတ်ဝန်းကျင်၌လည်း မြန်မာစစ်တပ်၏ တရားဝင်ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး EAOsများ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့အများ အပြား ရှမ်းပြည်နယ်အတွင်း ဆက်လက်သက်ဝင်လှုပ်ရှားနေကြကြောင်း နားလည်သဘောပေါက်ရန် အ ရေးကြီးသည်။ ၎င်းတို့၏ ဖြစ်တည်မှုသည် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးအပေါ်တွင်လည်း အကျိုးသက် ရောက်မှုရှိနေခဲ့သည်။ ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားသည် ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးထုတ် လုပ်ရေးနှင့် ကုန်ကူးမှုများအပါအဝင် တရားမဝင်စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက် နေခဲ့ကြသည်။ လားဟူအခင်းအကျင်း၌လည်း မြန်မာ့တပ်မတော်သည် လားဟူပြည်သူ့စစ်ခေါင်းဆောင် အချို့၏ စည်းစိမ်ချမ်းသာများ တိုးပွားလာစေရန် အပြည့်အဝပံ့ပိုးပေးလေ့ရှိသည့် သမိုင်းကြောင်း ရှိခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ယနေ့အချိန်ထိပင် ထိုစီးပွားရေးအကျိုးစီးပွားများက စစ်တပ်ကို တော်လှန်တိုက်ခိုက်လိုစိတ် ကင်းမဲ့သွားစေရန် တွန်းပို့ပေးနေဆဲဖြစ်သည်။ အခြားတစ်ဖက်၌လည်း နယ်ခံလူထုလူတန်းစားများ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းလေ့ရှိသည့် လားဟူပြည်သူ့စစ် ခေါင်းဆောင်များသည် ၎င်းတို့၏အပြစ်များကို ဆေးကြောသန့်စင်သည့်အနေဖြင့် ခရစ်ယာန်အသင်း တော်များကို အလှူငွေအများအပြား ထောက်ပံ့ပေးလေ့ရှိသည်။
လားဟူနယ်မြေတစ်လွှား၌ ပြည်သူ့စစ်အရိပ်အယောင်များကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရလျက်ရှိ သည်။ ကျေးရွာအုပ်စုတိုင်းလိုလို၌ အနည်းဆုံးပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုရှိနေတတ်ပြီး ၎င်းတို့၏ တစ်ခု တည်းသော ရည်မှန်းချက်မှာ ကိုယ်ကျိုးရှာရန်သာဖြစ်သည်။ ပြည်သူ့စစ်ယူနီဖောင်း ဝတ်ထားလိုက်ရုံမျှ ဖြင့် အာဏာပိုင်များက အစစ်အဆေးအမေးအမြန်းမရှိ တရားမဝင်လုပ်ငန်းများကို စိတ်ကြိုက် လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် လားဟူလူမျိုးတို့၏ ဘဝ အခက်အခဲများကို ကောင်းစွာနားလည်သဘောပေါက်သူများဖြစ်ကြသည်။ သို့သော်လည်း လားဟူ ပြည်သူ့စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုများ တိုးသည်ထက် တိုးပွားလာစေရန် မူးယစ်ဆေးဝါးကုန်ကူးမှုများကိုပါ လုပ်ကိုင်တတ်ကြသည်ဟု ပြောဆိုနေကြသည်။ လတ်တလောမှာပင် ရှမ်းပြည်နယ်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့များသည် တရုတ်လူကုန်ကူး လုပ်ငန်း များ၏ ကက်စီနိုများနှင့် အလိမ်အညာစင်တာရုံများကို ထိုင်းနယ်စပ်ဒေသများသို့ ရွှေ့ပြောင်းနိုင်အောင် ပါဝင်ကူညီခဲ့ကြသည် ဟူသည့် စွပ်စွဲချက်နှင့်အတူ နိုင်ငံတကာ၏အာရုံစိုက်မှုခံနေရပြီ ဖြစ်သည်။

Photo credit Aik Long
၂၀၂၁ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် လားဟူနိုင်ငံရေးအလှည့်အပြောင်း
LNDP ၏ ခေါင်းဆောင်မှုနှင့်အတူ ပြန်လည်နိုးထလာခဲ့သည့် လားဟူအမျိုးသားရေးလှုပ်ရှားမှု အရှိန်အ ဟုန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ဗိုလ်ချုပ်များ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန်ကြိုးပမ်းမှု ပေါ်ပေါက်လာပြီးနောက် ရုတ်ချည်းအရှိန်သေသွားတော့သည်။ အာ ဏာသိမ်းရန်ကြိုးပမ်းမှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စကစ)၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အသိအမှတ်ပြု လက်ခံလိုသည့်အုပ်စုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်အံတုလျက်ရှိပြီး မြန်မာစစ်တပ် ကြီးမှူးကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းများ၌ ပါဝင်ဆွေးနွေးမှုမပြုရန် ငြင်းဆန်လျက်ရှိသည့် အုပ်စုဟူ၍ LDU ကို နှစ်ခြမ်းကွဲသွားစေခဲ့သဖြင့် လားဟူလက်နက်ကိုင်တော်လှန်ရေးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိလာစေခဲ့သည်။ ပေါင်းစည်းညီညွတ်သော ခေါင်းဆောင်မှုကင်းမဲ့နေသည့် အကျိုးရလဒ်သည် လားဟူလူထုကို အကြီးအကျယ်စိတ်ပျက်စေခဲ့ရုံမျှမက LDU အပေါ် အများ ထောက်ခံမှုကိုလည်း ပျောက်ဆုံးသွားစေခဲ့သည်။
ဆန့်ကျင်ဖက်အနေဖြင့် LNDP သည် ရှင်းလင်းပြတ်သားသည့် လမ်းစဉ်တစ်ရပ် ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့အနေဖြင့် စစ်တပ်၏ အာဏာလုမည့် ကြိုးပမ်းအားထုတ်မှုကို လက်သင့်မခံ ခဲ့သဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီပြင်ဆင် အတည်ပြုခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေသစ်အောက်တွင် ပြန်လည်မှတ်ပုံတင်ခဲ့သည့် ပါတီစာရင်း၌ ပါဝင်မှုမရှိခြင်းဖြစ်သည်။ LNDP ၏ ယခုဆုံးဖြတ်ချက်အပေါ် လားဟူလူငယ်မျိုးဆက်များ အကြီးအကျယ်ထောက်ခံကာ ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် အယုံအ ကြည်မရှိကြောင်းနှင့် ကန့်ကွက်ကြောင်းပြသရန် စစ်ကောင်စီထံ မှတ်ပုံမတင်ခဲ့သည့် တိုင်းရင်းသားပါတီ များနှင့်စပ်လျဉ်း၍ အခြားတိုင်းရင်းသား လူငယ်များအကြား တွင်လည်း အလားတူသဘောထားမျိုးကို မြင် တွေ့ရလျက်ရှိသည်။
လက်ရှိအချိန်၌ နိုင်ငံရေးအနာဂတ်သည် ဝေဝါးရှုပ်ထွေးလျက်ရှိသည်။ ဆိုးရွားပြင်းထန်လှသည့် စိန်ခေါ်မှု ပေါင်းများစွာကို ဆက်လက်ဖြေရှင်းရဦးမည်ဖြစ်သည်။ သို့သော်လည်း LNDP ၌ တစ်မူထူးခြားသည့် ပုံရိပ်တစ်ခုရှိနေသည်။ မြန်မာနိုင်ငံ၌ အများအားဖြင့် အမျိုးသားများကသာ နိုင်ငံရေးခေါင်းဆောင်မှု ပေးလျက်ရှိသည်။ သို့ရာတွင် LNDP ၌ စိတ်ဝင်စားဖွယ်ရာကောင်းစွာဖြင့် မိုင်းပျဉ်းဒေသခံ အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အေးသီတာမြင့်က လက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားသည်။ ရလဒ် အနေဖြင့် LNDP သည် အမျိုးသမီးဥက္ကဌဖြစ်နေသည့် ပြည်တွင်းနိုင်ငံရေးပါတီနှစ်ခုအနက် (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသည့် NLD နှင့်အတူ) တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ ဒေါ်အေးသီတာမြင့်သည် ၂၀၁၁ ခုနှစ်မှစ၍ ပါတီ နှင့် စတင်လက်တွဲအလုပ်လုပ်ခဲ့ပြီး အမျိုးသမီး အခွင့်အရေး၊ မြေယာအခွင့်အရေးနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာ၌ အလွန် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ပါတီ၏ လူ့အခွင့်အရေးဆိုင် ရာရပ်တည်ချက်ကို ကူညီချမှတ် ပေးခဲ့ပြီး LNDP လှုပ်ရှားမှုအားကောင်းလာအောင် ဝိုင်းဝန်းတည်ဆောက် လာခဲ့သူတစ်ဦး ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပါတီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်ရန် မဖြစ်နိုင်တော့သဖြင့် လက်ရှိအချိန်၌ LNDP ထောက်ခံသူများသည် လားဟူလူထုလူတန်းစားများအကြား လူသားချင်းစာနာထောက်ထားရေး ကိစ္စ ရပ်များကိုသာ အများဆုံးအလေးပေး ဖော်ဆောင်လျက်ရှိသည်။
မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် လူ့အဖွဲ့အစည်းပုံရိပ်
ယေဘုယျအားဖြင့် လားဟူလူထုလူတန်းစားများသည် ယနေ့ခေတ်ပဋိပက္ခ၏ ရှေ့တန်းမျက်နှာစာ၌ ရှိမ နေခဲ့သော်လည်း ကျန်ဒေသများနည်းတူ အကျပ်အတည်းပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိ သည်။ အထက်တွင် ဆိုခဲ့သလိုပင် လားဟူရပ်ရွာအများအပြားသည် အစားအသောက်ဝယ်ယူ ရန်သာမက ရိုးရာဓလေ့နှင့် ဆေးဝါးရည်ရွယ်ချက်များအတွက်ပါ ဝင်ငွေရသီးနှံအဖြစ် ဘိန်းစိုက်ပျိုး ကြသည့် ဝေးလံခေါင်ဖျားသည့် တောင်ကုန်းတောင်တန်းများ၌ တစ်သီးတစ်ခြား နေထိုင်တတ်ကြသည်။ အဆိုပါနယ်မြေ ဒေသများ၌ UWSP နှင့် RCSS တို့သည် ရိတ်သိမ်းရရှိလာသည့် ဘိန်းပမာဏ၏ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံကြသည်။ ဆန့်ကျင်ဖက်အနေဖြင့် လားဟူရွာသူရွာသားများသည် အခြားဝင်ငွေရလမ်းအများအပြားရှိနေသည့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်များထံသို့ အခွန်ပေး သွင်းရန် မလိုအပ်ပေ။
လားဟူလူထုလူတန်းစားများသည် မက်အမ်ဖီတမင်း သုံးစွဲမှုနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေကြရ သည်။ အချက်အလက်များအရ လားဟူကျေးရွာများ၏ လူငယ် ၁၀ ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါး သုံးစွဲနေကြကြောင်း သိရှိရသည်။ သုံးစွဲမှုကို တားဆီးလျှော့ချရန်အတွက် အချို့ကျေးရွာများသည် ကျေးရွာနယ်နိမိတ်အတွင်း သုံးစွဲမှုကို ပိတ်ပင်ထားသဖြင့် သုံးစွဲလိုသူများသည် ကျေးရွာပြင်ပရှိ သစ်တောနယ်မြေများ၌ သွားရောက်သုံးစွဲကြသည်။ သုံးစွဲသူများအနေဖြင့် ခိုးဝှက်မှု ကျူးလွန်ခြင်း မရှိပါက မူးယစ်ဆေးဝါးသုံးစွဲမှုအလေ့အထကြောင့် ၎င်းတို့ကို ဒဏ်ခတ်အပြစ်ပေးလေ့မရှိကြပေ။ သို့သော်လည်း မက်အမ်ဖီတမင်း ဝယ် ယူသုံးစွဲနိုင်စေရန် ဥပမာကြက်ခိုးခြင်းကဲ့သို့သော ခိုးမှုများကို ကျူးလွန်မိပါက မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့်မဟုတ်ဘဲ ခိုးမှုအတွက်သာ အရေးယူပြစ်ဒဏ်ပေး ခံရမည်ဖြစ်သည်။ အချို့သောနတ်စား လားဟူကျေးရွာများ၌ အရက်သေစာသောက်စားမှုကိုပါ ပိတ်ပင်ထားတတ်ကြသဖြင့် ကျေးရွာနယ်နိမိတ်ပြင်ပသို့ သွားရောက်သောက်စားကြလေ့ရှိသည်။ မည်သို့ဆိုစေ အလှမ်းဝေးသည့် ဈေးမှ တကူးတကသွားရောက် ဝယ်ယူသယ်ဆောင်လာရခြင်း ဖြစ်သောကြောင့် အရက်လက်လှမ်းမီနိုင်မှု နည်းပါးသည်ဟုဆိုရမည်ဖြစ်သည်။ ဆန်အရက်နှင့် ပတ်သက်လာပါက လားဟူများအနေဖြင့် ဆန်အရက်ကောင်း ချက်တတ်သည်ဟု နာမည်ကြီးသည့် အခါလူမျိုးများ အပေါ် မှီခိုကြရသည်။
တည်ငြိမ်မှုပျက်ပြား၍ ပဋိပက္ခဖြစ်နေသည့် ပြည်နယ်ဖြစ်နေခြင်းကလည်း လူမှုဆက်ဆံရေးအပေါ် ရိုက် ခတ်လျက်ရှိသည်။ လားဟူအမျိုးသမီးများကို ယေဘုယျအားဖြင့် မိသားစု၏ အိမ်ထောင်ဦးစီးများ အဖြစ် သတ်မှတ်သဘောထားကြလေ့ရှိသဖြင့် အမျိုးသမီးများသည် အိမ်၏စာရင်းကိုင်များဖြစ်ကြပြီး မိသားစုဝင် ငွေထွက်ငွေကို စီမံခန့်ခွဲလေ့ရှိသည်။ အမျိုးသမီးများသည် ကျေးရွာအစည်းအဝေးများနှင့် ရပ်ရွာတွင်းပြဿနာဖြေရှင်းရာတွင်လည်း ပါဝင်ဆောင်ရွက်တတ်ကြသည်။ သို့သော်လည်း လုံခြုံရေး ကင်းမဲ့၍ ပဋိပက္ခ ဖြစ်ပွားနေသည့် အခြေအနေကြောင့် ယနေ့ခေတ်ကျေးရွာသူကြီးအများစုသည် အမျိုးသားများဖြစ်နေကြသည်။ ရွာသူကြီးများအနေဖြင့် ကျေးရွာကိုယ်စား မြန်မာစစ်တပ် သို့မဟုတ် EAOs များနှင့် သွားရောက် စေ့စပ်ညှိနှိုင်းရန် သို့မဟုတ် လူမှုရေးနှင့် ရပ်ရွာအုပ်ချုပ်ရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြရန် အခြားကျေးရွာများသို့ သွားလာရသည့်အခါ ရံဖန်ရံခါဆိုသလို ညပိုင်း၌ သွားလာရလေ့ရှိသည်။ အဆိုပါအခြေအနေမျိုးသည် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံမှုမရှိဟု လက်ခံယူဆထားကြသည်။
ရွာသူကြီးနေရာသည် စိန်ခေါ်မှုပြင်းထန်သည့် ရာထူးတစ်ခုဖြစ်သည်။ အရဲစွန့်ရမှုအန္တရာယ်များ အကြား အခြားရွာသူရွာသားများကို ဖေးမကူညီရသဖြင့် လွယ်ကူသည့်အလုပ်မဟုတ်သောကြောင့် ရွာသူကြီး တစ်ဦးကို တစ်နှစ်သာခန့်အပ်တာဝန်ပေးပြီး တစ်နှစ်တစ်ကြိမ် သူကြီးအသစ်ကို ရွေးချယ်ခန့်အပ် ကြခြင်းဖြစ်သည်။ ကရိကထအလွန်များသလို များစွာအချိန်ပေးရသည့် အလုပ်တစ်ခုဖြစ်သည့် အပြင် လုပ်ခလစာလည်း ခံစားပိုင်ခွင့်မရှိကြပေ။ ကျေးရွာအတွင်း ဝက်ပေါ်သည့်အခါ လည်ပင်းသား တစ်စိတ်တစ်ပိုင်း လက်ခံရရှိခြင်းသည်သာလျှင် တစ်ခုတည်းသော အကျိုးခံစားခွင့် ဖြစ်နေသည်။ သို့သော်လည်း အချို့သောသူများသည် ရံဖန်ရံခါ၌ ပေးအပ်ရန်ပင် မေ့လျော့သွားတတ် ကြသည်။ တစ်ချိန်တည်းလိုလို၌ ကျေးရွာ၏ တည်နေရာပေါ်မူတည်ကာ သူကြီးလုပ်သူအနေဖြင့် အာဏာပိုင် ပေါင်းများစွာနှင့် စေ့စပ်ညှိနှိုင်းရန် တာဝန် ယူကြရသည်။
လားဟူလူ့အဖွဲ့အစည်းအတွင်းရှိ အခြားအစုအဖွဲ့များသည်လည်း အလားတူအကျပ်အတည်းမျိုးကို ရင် ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ပုံမှန်အားဖြင့် လားဟူဘာသာရေး အသင်းအဖွဲ့များသည် စစ်ကောင်စီနှင့် ပူးတွဲအလုပ်မလုပ်ကြပေ။ ၎င်းတို့အများစုသည် အာဏာသိမ်းရန် ကြိုးပမ်းမှုကို လက်သင့်မခံဘဲ တိုင်းပြည် အမြန်ဆုံးငြိမ်းချမ်းလာစေရန် ဆုတောင်းပေးကာ လွတ်လပ်စွာဖြင့် အနှောင်အဖွဲ့ကင်းကင်း လည်ပတ်နေကြခြင်းဖြစ်သည်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းနှင့် ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ တစ်ဆင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလျက်ရှိသည်။ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ သင်းအုပ်ဆရာများသည် ကျောင်းသူကျောင်းသားများကို ထောက်ခံအားပေးကြောင်း ပြသနေချိန်တွင် ကက်သလစ်အင်အားစုများ သည် ပဋိပက္ခဒေသတစ်လွှားရှိ အခြားဘာသာရေးအသိုက်အဝန်းများနှင့် ကယန်းတိုင်းရင်းသားများကို စာနာဖေးမပေးလျက်ရှိသည်။ နတ်ကိုးကွယ်သည့် ဘာသာရေး ခေါင်းဆောင်အများစုသည် ကျေးရွာအခြေပြုများဖြစ်ကြသည်။ အချို့သော လားဟူအနည်းအကျဉ်း အထူးသဖြင့် အစိုးရနှင့် အလုပ်လုပ်နေကြသူအချို့ ဗုဒ္ဓဘာသာကိုးကွယ်ကြသော်လည်း အဆိုပါ ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ထောက်ခံအားပေးခြင်းမရှိကြပေ။
တစ်ချိန်တည်းမှာပင် လားဟူလူငယ်အများအပြားသည် ၎င်းတို့၏ သက်ဆိုင်ရာအရပ်ဒေသများရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ်များ၌ ပူးပေါင်းပါဝင်ခဲ့ကြသည်။ လမ်းမများ ပေါ်၌ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည့် လားဟူလူငယ်များကို အင်အားအလွန်အကျွံ သုံး၍ ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နှင်းမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးနောက်ပိုင်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားအချို့ပူးပေါင်း၍ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြန်လည်အသက် သွင်းရန် ကြိုးပမ်းလာခဲ့ကြသည်။ သို့သော်လည်း လူငယ်များနှင့် ၎င်းတို့၏ နိုင်ငံရေးပန်းတိုင်သည် သာမန်လားဟူလူထုလူတန်းစားများ၏ သဘောထားနှင့် မည်မျှအံဝင်ဂွင်ကျရှိနေကြောင်း ကံသေကံမ ပြောရခက်နေဆဲပင်ဖြစ်သည်။ ထို့အပြင် ခေတ်ပညာတတ်လူငယ်များ၏ ဦးဆောင်မှုအောက်ရှိ လက်နက်ကိုင်တော်လှန်ရေးအပေါ် လားဟူလူထုတစ်ရပ်လုံး ထောက်ခံကြိုဆိုမှုရှိမရှိဟူသည့် ကိစ္စရပ် သည်လည်း အလားတူပင် ဝေဝါးနေဆဲဖြစ်သည်။
ထို့ကြောင့် ၎င်းတို့၏ နိုင်ငံရေးဦးတည်ချက်အပေါ် လားဟူလူထုထောက်ခံလာအောင် မည်သို့ဆက်သွယ် စည်းရုံးသွားမည်၊ ၎င်းတို့အနေဖြင့် နိုင်ငံရေးရေခံမြေခံသစ်ကို မည်မျှကောင်းအောင် ပုံဖော်နိုင်မည်နှင့် လားဟူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်အိပ်မက်ကို မည်မျှပြန်လည်နိုးထလာစေနိုင်မည်နည်းဟူသည့် ကိစ္စရပ် များအပြင် အချိန်တိုင်းလိုလို မက်မောလောက်စရာ မက်လုံးများဖြင့် မြန်မာစစ်တပ်ဖက်က ဖွဲ့စည်းအသုံး ချလေ့ရှိသည့် လက်ဝေခံပြည်သူ့စစ်အုပ်ချုပ်ရေး၏ ရှည်လျားလှသည့်သမိုင်းကြောင်းကို မည်မျှထိထိ ရောက်ရောက် ချိုးဖျက်နိုင်မည်နည်း ဟူသည့် မေးခွန်းများအတွက် ထွက်ပေါ်လာမည့် ဖြေရှင်းချက်များ ကို မျက်ခြေမပြတ်စောင့်ကြည့်သွားရန် အလွန်အရေးကြီးနေပြီဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် မိမိတို့လားဟူလူငယ်များအနေဖြင့် နိုင်ငံတွင်းလက်ရှိ ရင်ဆိုင်ကြုံတွေ့နေကြရသည့် စိန်ခေါ်မှုများကို နဖူးတွေ့ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင်ကာ မိမိတို့လူမျိုးနှင့် မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေးအ တွက် မဖြစ်မနေတိုက်ပွဲဝင်ကြရန် လိုအပ်နေပြီဖြစ်သည်။ လားဟူလူမျိုးတိုင်းသည် လက်ရှိနိုင်ငံရေးအ ကျပ်အတည်းများကို လေ့လာဆန်းစစ်၍ လားဟူနိုင်ငံရေးလမ်းစဉ်အပါအဝင် လူမှုဘဝနှင့် လူနေမှု အဆင့်အတန်းများကို အဆင့်မြှင့်တင်ပေးမည့် အခွင့်အလမ်းများအဖြစ် အသုံးချနိုင်အောင် ကြိုးပမ်း သွားရန် တာဝန်ရှိနေကြပြီဖြစ်သည်။
* ကြာအူသည် တက်ကြွလှုပ်ရှားသည့် လားဟူလူငယ်တစ်ဦးဖြစ်သည်။ ကုန်လွန်ခဲ့သည့် ၇ နှစ်တာကာ လတစ်လျှောက် လားဟူရပ်ရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်တက်ကြွကြွလုပ်ကိုင်ဆောင်ရွက် လာခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချပေးလျက်ရှိသူ တစ်ဦး ဖြစ်သည်။