မရေရာသော မြန်မာ့အနာဂတ်အလယ်တွင် ရခိုင်ပြည်လုံခြုံရေးကို ရှာဖွေခြင်း နိုင်းလင်း၏ မြန်မာအရေးဆောင်းပါး

လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ မြန်မာစစ်‌ကော်မရှင်သည် နိုင်ငံတစ်ဝန်းရှိ အတိုက်အခံတော်လှန်ရေးနယ်မြေများတွင် စစ်ဆင်ရေးများကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လျက်ရှိပြီး အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများလည်း ပါဝင်သည်။

အဓိကတိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုမှာ ရခိုင်ပြည်ဖြစ်ပြီး၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အများစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA) က ထိန်းချုပ်ထားသည်။ ဤဆောင်းပါးတွင် နိုင်းလင်းက လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ဖော်ပြ၍ ရခိုင်ဒေသ၏ နိုင်ငံရေးလမ်းကြောင်းသည် နိုင်ငံ့အခြားဒေသများ နှင့် ကွဲပြားသွားမည်လားဆိုသည်ကို မေးခွန်း ထုတ်ထားသည်။

အထူးစိန်ခေါ်မှုတစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြောက်ဖက်မြို့နယ်များတွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို စိုးရိမ်နေချိန်တွင် မြန်မာစစ်‌ကော်မရှင် မှာ ဒေသခံလူထုများကြားတွင် “ခွဲခြားအုပ်ချုပ်ရေး”  (‘divide-and-rule’ ) နည်းဗျူဟာကို ကျင့်သုံးလျက်ရှိသည်။ နိုင်းလင်းမှ အခိုင်အမာဆိုသည်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဒေသခံလူထုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ပံ့ကူညီရန်နှင့် လူသားအားလုံးအတွက် တစ်ဦးချင်းလူ့အခွင့်အရေးများကို ကာကွယ်ပေးရန် အရေးကြီးကြောင်း ဖြစ်သည်။

Autores

Longread de

Naing Lin
Hospital destroyed by Myanmar military bombing, Minbya township

Photo source aainfodesk

မြန်မာစစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် မင်းပြားမြို့နယ်မှ ဆေးရုံ။

မြန်မာနိုင်ငံ၏ အနာဂတ်တွင် မရေရာမှုများ ကြီးမားနေဆဲ ဖြစ်နေသည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များထံမှ အင်အားဖြင့် အဓမ္မ အာဏာသိမ်းခဲ့ပြီးနောက်၊ နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများသည် ယခုအခါ သူတို့၏ အုပ်ချုပ်ရေးအောက်တွင် ‘တရားဝင်မှု’ (legitimacy) ကို ရရှိစေရန်အတွက် ‘အထွေထွေရွေးကောက်ပွဲ’ ဟုခေါ်သော လုပ်ကွက်တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးဖမ်းနေကြသည်။ ဤလမ်းကြောင်းကို အထောက်အကူပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy-SNLD) နှင့် ရခိုင်အမျိုးသားပါတီ (Arakan National Party-ANP) ကဲ့သို့ အဓိက တိုင်းရင်းသား ပါတီများကို ဖျက်သိမ်း (သို့မဟုတ်) ဝင်ပြိုင်ခွင့်မှ ထုတ်ပယ်ထားသည်။ သို့သော် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု (သို့မဟုတ်) ဂုဏ်သိက္ခာရှိမှု နှင့် အားလုံးပါဝင်နိုင်မှု မရှိလျှင်ပင် အိမ်နီးချင်း နိုင်ငံများရှိ တချို့နိုင်ငံများသည် ရွေးကောက်ပွဲ၏ တရားဝင်မှုကို ‘အသိအမှတ်ပြု’ ရန် အဆင်သင့်ဖြစ်နေကြောင်း လေ့လာသူများက ဆိုကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် နိုင်ငံရေးအပြောင်းအလဲကို မြင်လိုကြသည်။

သို့သော် ဤသည်မှာ အားလုံးကို ခြုံငုံသော ဇာတ်လမ်းတစ်ခု မဟုတ်ပါ။ နိုင်ငံ၏ နေရာများစွာကို အုပ်ချုပ်နေသော အဓိက အတိုက်အခံ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများရှိပြီး၊ ထိုအဖွဲ့များသည် ဒီဇင်ဘာလရွေးကောက်ပွဲကို ထောက်ခံမည်မဟုတ်ကြောင်း အများပြည်သူသိ ကြေညာထားကြသည်။ ထိုရွေးကောက်ပွဲသည် မြန်မာစစ်တပ်မှ တရားမဝင် (illegitimate) နှင့် ဥပဒေအရမဟုတ် (illegal) သော နည်းလမ်းများဖြင့် အာဏာဆက်လက်ထိန်းသိမ်းရန် ကြိုးစားမှုသာ ဖြစ်သောကြောင်း ထိုအဖွဲ့များအနေဖြင့် ငြင်းဆန်ထားခြင်းဖြစ်သည်။

အဓိကဦးဆောင်သော တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union-KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (Kachin Independence Organization-KIO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front-PSLF)၊ (ကိုကန့်) မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA)၊ ချင်းအမျိုးသားတပ်ဦး (Chin National Front-CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni Nationalities Progressive Party-KNPP)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progressive Party-SSPP) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA) တို့ ပါဝင်သည်။

အလားတူ ရပ်တည်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) မှလည်း ထုတ်ပြန်ထားပြီး၊ ၎င်းသည် နိုင်ငံ၏ တရားဝင် အစိုးရ ဖြစ်ကြောင်း ဆိုကာ စစ်တပ်ဦးဆောင်သော နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (State Administration Counsil-SAC: ဇူလိုင်လတွင် နိုင်ငံတော်လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင် [State Security and Peace Commission-SSPC] အဖြစ် ပြန်လည်အမည်ပြောင်း) ကို ဆန့်ကျင်တိုက်ခိုက်နေသည်။ ဤသို့ ရွေးကောက်ပွဲကို ဆန့်ကျင်သောရပ်တည်ချက်ကို ၂၀၂၁ အာဏာသိမ်း လှုပ်ရှားမှုကို ဆန့်ကျင်တိုက်ခိုက်ရန် နိုင်ငံ၏ နေရာများစွာတွင် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များကလည်း ထောက်ခံကြသည်။ တစ်ဖက်တွင် စစ်‌ကော်မရှင်ကို ထောက်ခံသော အစုအဖွဲ့များလည်း ရှိပြီး၊ ကရင်ပြည်နယ်တွင် ထင်ရှားစွာ ရှိကာ ရှမ်းပြည်နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (Pao National Organization-PNO)၊ နှင့် ၂၀၁၅ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ထိုးထားသောအဖွဲ့များဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) နှင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (Democratic Karen Benevolent Army-DKBA) တို့ ပါဝင်သည်။ ဤအုပ်စုများမှ ရွေးကောက်ပွဲကျင်းပရာတွင် SAC-SSPC နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ကြေညာထား ကြသည်။

သိသာစွာပင် နိုင်ငံရေး နှင့် လုံခြုံရေး အခြေအနေ က မြေပြင်ပေါ်တွင် လွန်စွာရှုပ်ထွေးနေသည်။ ဤသည်မှာ အတိုက်အခံလုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အသိအမှတ်ပြုခြင်း ကဲ့သို့  အစုအဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်များကို ကျော်လွန်၍ လာမည့် ရွေးကောက်ပွဲသည် (အထူးသဖြင့် အရပ်သားပြည်သူများကို ဦးတည်၍) အကြမ်းဖက်မှုများကို ပိုမို ဖြစ်ပေါ်စေမည်လားဟူသော ဖြစ်နိုင်ခြေရှိ၊ မရှိ ဆိုသည့် ပိုမို လက်တွေ့ကျသော မေးခွန်းနှင့် သတ်ဆိုင်နေသည်။ ကံဆိုးစွာပင် လက်ရှိအခြေအနေများသည် ထိုဦးတည်ချက်သို့ စိုးရိမ်စရာ လမ်းကြောင်းများကို သတိပေးနေသည်။ ထိုသို့ ဖြစ်လာနိုင်ခြေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး၊ ၎င်းသည် အဘက်ဘက်နှင့် သက်ဆိုင်နေနိုင်သည်။

ပထမဦးစွာ၊ ဖိနှိပ်ရေးဦးတည်ချက်ဖြင့် စစ်‌ကော်မရှင်သည် ‘ဥပဒေလက်နက်’ (legal warfare) နှင့် စစ်ရေး ပြစ်ဒဏ်များ (military punishment) ကို ပေါင်းစပ်အသုံးပြု၍ အရပ်သားများအပေါ် အကြမ်းဖက်မှုကို ကျူးလွန်နေသည်။ ဤမဟာဗျူဟာကို အထောက်အကူဖြစ်စေရန် စစ်‌ကော်မရှင်သည် ယခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ‘ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း မှ ကာကွယ် ပေးရေးဥပဒေ’ ဟူသည်ကို ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ အစောပိုင်းအထိ ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနမှ ထုတ်ပြန်ထားသည်မှာ ဤဥပဒေအောက်တွင် အနည်းဆုံး အရပ်သား (၆၄) ဦးကို ဖမ်းဆီးခြင်း ခံခဲ့ရပြီး ငါးနှစ်မှ ဆယ်နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်မည်ဟု ဖြစ်သည်။

ဒုတိယအနေဖြင့်၊ လူ့အသက်နှင့် နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေကို လေးစားမှု လုံးဝမရှိဘဲ စစ်‌ကော်မရှင်သည် စစ်ရေးတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုမြှင့်တင်လုပ်ဆောင်နေပြီး၊ ခုခံတော်လှန်ရေးအုပ်စုများ အုပ်ချုပ်ထားသော မြို့ပြ နှင့် လူဦးရေထူထပ်ပြီး၊ အရပ်သား နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည်။ အထူးသဖြင့် ချင်း၊ ကချင်၊ ကရင်၊ ကယား (ကရင်နီ)၊ ရှမ်းမြောက်၊ ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသများတွင် ဖြစ်သည်။ ရလဒ်အနေဖြင့် ဒေသခံပြည်သူများသည် ပိုမို ထိခိုက်ခံစားလာရပြီး၊ မကြာသေးမီ လပိုင်းများအတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံး အရေအတွက်သည် နိုင်ငံတစ်ဝန်းတိုးမြှင့်လာကြောင်း အချက်အလက်များက အတည်ပြုနေသည်။ ဤတိုက်ခိုက်မှုများသည် စနစ်တကျ ဦးတည်တိုက်ခိုက်ခြင်း ဖြစ်ပုံရသည်။

အောက်တိုဘာ (၈) ရက်၊ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (Office of United Nations Commissioner Human Rights- OHCHR) မှ ယခုနှစ် မတ်လ မှ မေလ ကြားတွင် ပြင်းထန်လာသော တိုက်ခိုက်မှုများအတွင်း စစ်ကိုင်းတိုင်းဒေသတစ်ခုတည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကျော်ရှိသည်ဟု အသေးစိတ် ဖော်ပြခဲ့ပြီး၊ အရပ်သား (၈၉) ဦး သေဆုံးခဲ့သည်။ ပိုမို ကျယ်ပြန့်သော အချိန်နှင့် နယ်မြေ အတိုင်းအဆအရ၊ ၂၀၂၄ ဧပြီလ မှ ၂၀၂၅ မေ လ ကြားတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းဒေသများတွင် အတည်ပြုထားသော အရပ်သား သေဆုံးမှုများ၏ တစ်ဝက်နီးပါးက ကျောင်း နှင့် ဈေး ကဲ့သို့ အရပ်သား အဆောက်အအုံ နှင့် နေရာများကို ပစ်မှတ်ထားသော လေကြောင်း တိုက်ခိုက်မှုများအတွင်း ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ OHCHR အစီရင်ခံစာအရ အဆိုပါ ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှု ဖြစ်နိုင်ကြောင်း ဆိုသည်။ အခြား နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများက ယခုနှစ် ဇန်နဝါရီ မှ မေ လ ကြား လေကြောင်း တိုက်ခိုက်မှု (၁၁၃၄) ကို မှတ်တမ်တင်ခဲ့ပြီး၊ ၂၀၂၃ တွင် (၁၉၇) ကြိမ် နှင့် ၂၀၂၄ တွင် (၆၄၀) ကြိမ် တို့နှင့် နှိုင်းယှဉ်လျှင် လက်ရှိတွင် တိုက်ခိုက်မှုများ တိုးလာနေကြောင်း ဆိုထားသည်။ စစ်ကော်မရှင်သည် ခုခံ ကာကွယ်မှုများကို ရှောင်ရှားရန် စက်တပ်ပါရာမိုတာများကိုလည်း အသုံးပြုနေပြီး၊ စစ်ကိုင်းတိုင်းဒေသ၌ အောက်တိုဘာ (၇) ရက်နေ့ ဗုဒ္ဓဘာသာပွဲတော်တစ်ခုတွင် အရပ်သား ၂၀ ကျော်ကို သတ်ဖြတ်ခဲ့မှုက ကမ္ဘာတဝှမ်းတွင် သတိထားစရာ ခေါင်းစဉ်ဖြစ်လာခဲ့သည်။

စိုးရိမ်ဖွယ်ရာ အချက်မှာ နိုင်ငံ၏ အခြားဒေသများတွင်လည်း အလားတူ တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးသူ အရေအတွက် မြင့်မားနေသည်ဟုသော အစီရင်ခံစာများလည်း ထွက်ပေါ်နေခြင်း ဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်သည့် ကယား (ကရင်နီ) ပြည်နယ်တွင်လည်း ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ဖရှုဆိုမြို့နယ်တွင် လေကြောင်း တိုက်ခိုက်မှု နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး၊ ဇူလိုင်လ ပထမအပိုင်းတွင် အရပ်သား (၃၃) ဦး သေဆုံး၊ (၉၄) ဦး ဒဏ်ရာရရှိခဲ့ပြီး ဩဂုတ်လ (၁၇) ရက်နေ့ မော်ချီးတွင် တစ်ကြိမ်တည်း အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် အရပ်သား (၃၂) ဦး ထပ်မံ သေဆုံးခဲ့သည်။ ဤတိုက်ခိုက်မှုများသည် သတ္တုတွင်းရှိသော မြို့များနှင့် ရွာများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပုံရသည်။

ရခိုင်ပြည်တွင်လည်း အလားတူ ပုံစံမျိုး ဖြစ်ပွားနေပြီး၊ နရိဉ္စရာသတင်း (Narinjara) ဌာနမှ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ ကြားတွင် အကြီးစား လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် မှတ်တမ်းတင်ခဲ့ရာ အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်။ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း စစ်တွေ နှင့် ကျောက်ဖြူ မြို့နယ်များတွင် ဗုံးကြဲတိုက်ခိုက်မှု လွန်စွာပြင်းထန်ခဲ့ပြီး၊ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်‌ကော်မရှင်မှ အရပ်သားပြည်သူများအပေါ် ဦးတည်လေကြောင်းတိုက်ခိုက်မှု အစီစဉ်ကို အတည်ပြုဖော်ပြနေသည်။

နောက်ဆုံးအနေဖြင့်၊ ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှု အခြေအနေကို နားလည်ရာတွင် NUG နှင့် အခြားအတိုက်အခံ တော်လှန်ရေးလှုပ်ရှားမှုများကလည်း စစ်‌ကော်မရှင်ယန္တယား နှင့် ပူးပေါင်းသူ နိုင်ငံရေးသမားများ၊ အုပ်ချုပ်ရေးမှူးများ နှင့် အရာရှိများကို ရွေးကောက်ပွဲဆန့်ကျင်ရေး ခုခံလှုပ်ရှားမှုအဖြစ် ပစ်မှတ်ထားနိုင်ကြောင်း သတိပေးထားသည်။ ယနေ့အချိန်ထိလည်း စစ်‌ကော်မရှင် ဆန့်ကျင်ရေး အဖွဲ့များ ပါဝင်ပတ်သက်သည့် ပြန်ပေးဆွဲမှု နှင့် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှု အပါအဝင် ဒေသတွင်း ဖြစ်ရပ်များအဖြစ် သတင်းထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း လူတိုင်း၏ လူ့အခွင့်အရေးကို တန်းတူကာကွယ်စောင့်ရှောက်ပြီး လေးစားရန် အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတစ်ဝန်း နေထိုင်သူ အရပ်သားများသည် စစ်‌ကော်မရှင်မှ မအောင်မြင်ခဲ့သော “အာဏာသိမ်းမှု” ကို ကယ်တင်ရန် ကြိုးပမ်းချိန်တွင် ပို၍ မလုံခြုံမှုနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ခံစားနေကြရသည်။

ဤသည်မှာ ယခု ဆောင်းပါး၏ အဓိက အကြောင်းအရာလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက် ပဋိပက္ခ နှင့် နိုင်ငံတော်ကျဆုံးမှု (state failure) ၏ အမြင့်ဆုံး အချိန်ကာလတစ်ခုကို မျက်တွေ့ ဖြတ်သန်းနေရဆဲ ဖြစ်သည်။ သို့သော် တိုင်းရင်းသား နှင့် ယဉ်ကျေးမှုစုံလင်မှု များပြားသော ဤနိုင်ငံတွင် ယေဘုယျမှတ်ချက်ပြုရန် လွန်စွာခက်ခဲသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံ၏ နေရာများစွာတွင် တိုင်းရင်းသားခုခံရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမို နက်ရှိုင်းလာခဲ့သည်။ သို့သော် ဤသည်ပင် အဆိုပါ လှုပ်ရှားမှုများ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ဦးတည်ရာများနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ဖြစ်ပေါ်စေသည်။

အတိတ်ကာလများတွင် မကြာခဏ ဖြစ်ပွားခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ရှိ တံခါးပေါက် ဒေသဖြစ်သော ရခိုင်ပြည်တွင်လည်း အခြေခံကျသော မေးခွန်းတစ်ခုကို မကြာခဏ မေးလေ့ရှိသည်မှာ နိုင်ငံတစ်ဝန်း ဦးတည်ချက်နှင့် မတူကွဲပြားသော ဇာတ်လမ်းဦးတည်ချက်တစ်ခု ဖြစ်လာနိုင်မည်လားဟူသော မေးခွန်းပင် ဖြစ်သည်။ အမှန်တကယ်ပင် လွန်ခဲ့သော လေးနှစ်တာကာလတွင် အပြောင်းလဲများစွာဖြစ်ခဲ့ပြီး၊ လူမျိုးစုနိုင်ငံရေး အခင်းအကျင်းကို ပြန်လည်ပုံဖော်ရာတွင် ကြီးမားပြီး အများစုမှာ မကြုံစဖူး ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပေသည်။

ရခိုင်ပြည်၏ ကမ္ဘာနှစ်ခြမ်း

လာမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ တပြည်လုံးနိုင်ငံရေး အတွက် ပြင်းထန်သော မေးခွန်းတစ်ခု ဖြစ်နေသော်လည်း၊ ရခိုင်ပြည်နှင့် ၎င်း၏ ပြည်သူများသည် ယခုအခါ နေ့စဉ်ဘဝ၌ မတူညီသော စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခု နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို ULA ၏ စစ်ရေးအဖွဲ့ဖြစ်သော အာရက္ခတပ်တော် (Arakan Army-AA) က သိမ်းပိုက်နိုင်ခဲ့သည်။ ဤအခြေအနေများကို အထောက်အကူပြုစေရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (Arakkha People’s Revolutionary Army-APRG) ကို အုပ်ချုပ်ရေး အင်အားစုအဖြစ် ထူထောင်ခဲ့ပြီး၊ နေ့စဉ် စီမံအုပ်ချုပ်ရေးကိစ္စရပ်များအတွက် ဌာန (၁၅) ခု ကို ဖွဲ့စည်းထားသည်။ ထိုဌာနများတွင် အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ နှင့် လူမှုရေးကိစ္စများ၊ အခွန်နှင့် ကုန်သွယ်ရေး၊ သစ်တော နှင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး၊ ရေမြောင်း၊ ငါး နှင့် ရေအရင်းအမြစ်များ၊ ရဲလုပ်ငန်း၊ ဥပဒေရေးရာ၊ နည်းပညာ နှင့် မီဒီယာ တို့ ပါဝင်သည်။ တစ်ချိန်တည်းတွင် ULA လက်အောက်ရှိ ဌာနများသည် အဆိုပါ စီမံအုပ်ချုပ်ရေးများအတွက် နိုင်ငံရေး အင်အားစုအဖြစ် ပြည်သူ့ဆက်ဆံရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြင်ပဆက်ဆံရေး နှင့် မူဝါဒ ကြီးကြပ်ရေးတို့ကဲ့သို့ လုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်ရသည်။

ဤအခြေအနေများကြောင့် စစ်‌ကော်မရှင် ထိန်းချုပ်ထားသော မြို့သုံးခုနှင့် ယခု ULA ထိန်းချုပ်ထားသော မြို့နယ် (၁၅) ခု၏ လူနေမှုဘဝအရည်အသွေး နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် သိသာထင်ရှားသော ကွဲပြားမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုကဲ့သို့ ကွဲပြားသော အခြေအနေများအတွက် အဓိက အကြောင်းရင်းမှာ စစ်‌ကော်မရှင်အာဏာပိုင်များသည် အဆိုပါမြို့များရှိ နေထိုင်သူများအပေါ် ယုံကြည်မှုမရှိဘဲ စစ်ရေးခံတပ်စခန်းများအဖြစ် ထိန်းချူပ်ထားပြီး၊ ၎င်းတို့၏ လွတ်လပ်ခွင့်များကို ကန့်သတ်ချက် မြင့်မားစွာ ချမှတ်ထားသောကြောင့်ဖြစ်သည်။ စစ်တွေ နှင့် ကျောက်ဖြူ မြို့နှစ်ခုစလုံးတွင် မြို့ နယ်နိမိတ်များကို မြေမြှပ်မိုင်းများ ထောင်ထားပြီး၊ ULA လှုပ်ရှားမှုကို တားဆီးရန် ကုန်သွယ်ရေး နှင့် ခရီးသွားရေး ကန့်သတ်ချက်များ ထားရှိကာ၊ ဒေသခံ နေအိမ်များတွင် ရုတ်တရက် ဝင်ရောက် စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်နေသည်။

ထိုကဲ့သို့ လုပ်ဆောင်ချက်များက ဒေသခံမြို့နေပြည်သူများအပေါ် လွန်စွာထိခိုက်နစ်နာမှုများအဖြစ် သက်ရောက်မှု ရှိနေသည်။ ငြိမ်းချမ်းသောကာလများတွင် မြို့နေ့ ပြည်သူများသည် ဆန်၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြား အခြေခံ ကုန်ပစ္စည်းများအတွက် နယ်ဖက်ရပ်ရွာများကို များသောအားဖြင့် အားကိုးမှီခိုနေခဲ့ကြသည်။ သို့သော် စစ်‌ကော်မရှင်က ၎င်းတို့၏ ခံတပ်မြို့များနှင့် ULA ထိန်းချုပ်ထားသော ကျေးလက်ဒေသများကြား ဆက်သွယ်မှုများကို ဖြတ်တောက်ပြီးနောက်၊ ရန်ကုန်မှ သယ်ယူလာသော ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လွန်းလာခဲ့ပြီး လူမှုဝန်ဆောင်မှုလုပ်ငန်းများလည်း လျော့နည်းလာနေသည်။ ထိုကဲ့သို့ ဘေးဒုက္ခများ၏ အဓိက သားကောင်များမှာ ရန်ကုန် (သို့မဟုတ်) နိုင်ငံ၏ အခြားနေရာများသို့ ပြောင်းရွှေ့ရန် အရင်းအနှီး (သို့မဟုတ်) ပုဂ္ဂိုလ်ရေး၊ ဆွေမျိုးအဆက်အသွယ်မရှိသော မြို့ပြနေ ဆင်းရဲသားများ ဖြစ်သည်။ အကျိုးဆက်အဖြစ် စစ်‌ကော်မရှင် ထိန်းချုပ်ထားသော မြို့များတွင် ရပ်ရွာ မလုံခြုံမှုနှင့် လူမှုရေးရာဇဝတ်မှုများ မြင့်တက်လာခဲ့သည်။

ထိုကဲ့သို့ တင်းမာမှုများကို ပိုမို တိုးမြှင့်စေသည်မှာ မြန်မာစစ်တပ်သည် စစ်တွေ နှင့် ၎င်းတို့ ထိန်းချုပ်ထားသော အခြားဒေသများတွင် ‘ခွဲခြားအုပ်ချုပ်ရေး’ ကဲ့သို့ နည်းလမ်းဟောင်းများကို ဆက်လက် ကျင့်သုံးနေပြီး၊ ရလဒ်များအဖြစ် စစ်‌ကော်မရှင် အုပ်ချုပ်ရာ နယ်မြေများတွင် မတည်ငြိမ်မှုကို တိုးမြှင့်ပေးနေသည်။ ထိုနည်းဗျူဟာများသည် အလွန်အဆိပ်သင့်စေသည်။ မြန်မာလက်နက်ကိုင်တပ်သည် ဗမာလူမျိုးအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြည်နယ်မြို့တော် စစ်တွေတွင် ဥပမာ၊ မူဆလင် အများစု ဖြစ်သော ရိုဟင်ဂျာလက်နက်ကိုင်များကို စစ်‌ကော်မရှင်က လက်နက်တပ်ဆင်ပေးထားပြီး ဗုဒ္ဓဘာသာအများစု နေထိုင်သော ရခိုင်ရပ်ကွက်များကို ဖိနှိပ်ရန်နှင့် ထိမ်းချူပ်ရန် အသုံးပြုသည်။ တစ်ချိန်တည်းတွင် ၂၀၁၅ NCA ကို လက်မှတ်ရေးထားခဲ့သော စောမြရာဇာလင်း ဦးဆောင်သော ALP ခွဲထွက်အဖွဲ့သည် မြို့နေ မူဆလင်များကို ဖိနှိပ်ဆန့်ကျင်ရန် စစ်‌ကော်မရှင်၏ ညစ်ညမ်းသော အလုပ်များတွင် ပူးပေါင်း ဆောင်ရွက်နေသည်။ အလားတူ၊ စစ်‌ကော်မရှင်က ရိုဟင်ဂျာ ငါးဖမ်း လှေများ ဆက်လက် လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း ရခိုင်လှေများကို ပိတ်ပင်၍ ယုံကြည်မှုကို ဖျက်ဆီးခြင်း နှင့် ကွဲပြဲမှုကို ဖန်တီးရန် ရည်ရွယ်ခဲ့ကာ၊ ၎င်း၏ လျော့နည်းလာသော ကမ်းရိုးတန်း နယ်မြေများကို ထိန်းချုပ်ရန် ကြံစဉ်နေသည်။

ULA/AA ထိန်းချုပ်ထားသော မြို့နယ်များနှင့် ကျေးလက်ဒေသများတွင် မတူညီသော အခြေအနေ တစ်ခု ထင်ရှားစွာ ရှိနေသည်။ ယေဘုယျအားဖြင့် ရပ်ရွာ မလုံခြုံမှု၊ နိုင်ငံရေးအကြမ်းဖက်မှု နှင့် ကန့်သတ်ပိတ်ပင်မှုများ နှင့် အရပ်သားများကို လူ့အခွင့်အရေးအရ ဖိနှိပ်မှုများ လျော့နည်းလာခဲ့သည်။ ဤဒေသများရှိ နေထိုင်သူများသည် စစ်‌ကော်မရှင်၏ ပိတ်ဆို့မှုများကြောင့် တင်သွင်းကုန်ပစ္စည်းများ (သို့မဟုတ်) ပစ္စည်းကရိယာများ မလုံလောက်သော်လည်း၊ ဒေသခံ လူထုများသည် နှိုင်းယှဉ်လျှင် အနည်းငယ် ကောင်းမွန်လာနေပြီး တိုက်ပွဲများ မရှိသောဒေသများ၌ ခရီးသွား နှင့် ကုန်သွယ်ရေးလည်ပတ်မှုသည် လွန်စွာ ဖြစ်ပေါ်နေသည်။ သို့သော် ယေဘုယျ လူမှုစီးပွားရေး အခြေအနေသည် လက်ရှိ တိုက်ပွဲများကို စတင်ခဲ့သော ၂၀၂၃ နိုဝင်ဘာလ မတိုင်မီ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အခြေအနေသို့ ပြန်လည် မရောက်ရှိ‌သေးပေ။

စီးပွားရေး နှင့် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကဲ့သို့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေဆဲဖြစ်သော ရခိုင်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ် အချို့တွင် မတည်ငြိမ်ဖြစ်နေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ မကြာသေးခင်က လုပ်ဆောင်ချက်များသည်လည်း နယ်စပ်တွင် စီးပွားရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အနှုတ်သက်သဘော သက်ရောက်မှု ရှိခဲ့ပြီး၊ ကွဲပြဲမှု မဟုတ်ဘဲ အသိုင်းအဝိုင်း အချင်းချင်းကြား နားလည်မှု လိုအပ်ကြောင်းကို သတိပေးနေသည်။ (အောက်တွင် ရှုပါ)။

ဤ ဖြစ်ရပ်များက ပြသနေသည်မှာ ရခိုင်ပြည်တွင် လုံခြုံမှုရရှိရန် မတူညီသော စိန်ခေါ်မှုများစွာ ရှိနေပြီး၊ လူမှုရေး နှင့် နိုင်ငံရေး အခင်းအကျင်းများသည်လည်း ဆက်လက်ထွက်ပေါ် ပြောင်းလဲနေဆဲလည်း ဖြစ်သည်။ လက်ကျန် မြေမြှပ်မိုင်းကိစ္စအသည် ပြဿနာ တစ်ခု ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ယေဘုယျအားဖြင့် ULA ထိန်းချုပ်ထားသော နေရာများတွင် လူမှုရေးရာဇဝတ်မှုများ (social crimes) ဖြစ်သော လူသတ်မှု၊ ဓါးပြမှု၊ မူဒိမ်းမှု နှင့် ခိုးမှုများကို ယခုအခါ တစ်စုတည်းသော အကြမ်းဖက်မှု (organized violence) ၏ ရလဒ် အဖြစ် ယူဆ၍ မရနိုင်ပေ။ ထိုအစား ဒေသတွင်း ဥပဒေ နှင့် တည်ငြိမ်အေးချမ်းရေး စိန်ခေါ်မှုများကို ရပ်ကျေး ရဲလုပ်ငန်းနှင့် လုံခြုံရေးကိစ္စများ အဖြစ် ကိုင်တွယ်ရန် လိုအပ်သည်။

အသိုင်းအဝိုင်းများကြားအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု နှင့် မည်ကဲ့သို့ အောင်မြင်နိုင်မည်ကို သက်သေ သာဓက တစ်ခု အဖြစ် ပလက်ဝ ဒေသတွင်း မကြာသေးမီက ပြသနိုင်ခဲ့သည်။ ရခိုင်တောင်တန်း နယ်မြေ (Arakan Hill Tracts) အဖြစ် သမိုင်းအရ လူသိများသော ထိုနေရာသည် မြန်မာလွတ်လပ်ရေး ရပြီးနောက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်တွင် ချင်းပြည်နယ် ဖြစ်လာခဲ့သည်။ သည်လိုနှင့် AA က သိမ်းပိုက်ပြီး ULA အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိလာပြီးနောက် ဒေသခံ ချင်း နှင့် ခမီ အသိုင်းအဝိုင်းများ ကြားတွင် ဆန့်ကျင်မှု နှင့် ကန့်ကွက်မှု တချို့ ရှိခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာပင် ရခိုင်နှင့် ခမီ အသိုင်းအဝိုင်းများနှင့် နိုင်ငံရေး ခေါင်းဆောင်များကြား မကျေမနပ်မှုများသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (physical violence) အဆင့်သို့ မရောက်ရှိခဲ့ပေ။ မကြာသေးမီက ချင်းကာကွယ်ရေးတပ်မတော်-ပလက်ဝ (CDF-Paletwa) က စက်တင်ဘာလတွင် ကြေညာခဲ့သည်မှာ တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် ULA/AA နှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ကိုယ်စားပြုအုပ်ချုပ်ရေး စနစ်များ တည်ထောင်ရေး သည် ဆက်လက် ဖြစ်ပွားနေပြီး ပလက်ဝ နှင့် ၎င်း၏ နေထိုင်သူများ၏ လုံခြုံရေး နှင့် တည်ငြိမ်မှု သည် လာမည့် နှစ်များတွင် စိန်ခေါ်မှု ပြဿနာ ဖြစ်လာနိုင်ဟု မမျှော်လင့်ရပေ။

ရခိုင်ဒေသ၏ တခြားတမျက်နှာတွင် AA ကို ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းများက ဥပဒေပြင်ပ သတ်ဖြတ်မှု (extrajudicial killing)、 အရပ်သားများကို တိုက်ခိုက်မှု (attacks on civilians)、 မီးရှို့မှု (arson)、 အစုလိုက် နှင့် အတင်အဓမ္မဖမ်းဆီးမှု (mass detention and arbitrary arrests)、 အတင်းအဓမ္မတပ်သားစုဆောင်းမှု (forced recruitment) နှင့် အဓမ္မလုပ်အားခိုင်းစေမှု (forced labor)、 သွားလာခွင့်ကန့်သတ်ချက်များ (movement restrictions)、 ပိုင်ဆိုင်မှုဖျက်ဆီးမှု (property destruction)、 လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (sexual violence) နှင့် စီးပွားရေးဖိအားပေးမှု (economic coercion) တို့ကဲ့သို့ ပြင်းထန်သော စွပ်စွဲချက်များ ရှိနေသည်။ ဤစွပ်စွဲချက်များကို လုံးဝ ငြင်းပယ်ရန် မဟုတ်ဘဲ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်အားလုံးအတွက် ပြည့်စုံပြီး သင့်လျော်သော စစ်ဆေးမှု ရှိရမည်ဖြစ်သည်။ သို့သော် ယခုအချိန်ထိ ဤ စွပ်စွဲချက်အများစုမှာ ၂၀၂၄ ခုနှစ်တွင် AA နှင့် မြန်မာစစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပြန်လည် အသက်ဝင်လာသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် ARSA နှင့် RSO တို့ကြား ဖြစ်ပွားခဲ့သော ရှုပ်ထွေးသောအခြေအနေများအောက်တွင် ပြင်းထန်သော တိုက်ပွဲများအတွင်း စွပ်စွဲမှုများဖြစ်သည်။

သို့သော် AA မှ ရခိုင်မြောက်ပိုင်းမြို့နယ်များကို ထိန်းချုပ်ရပြီးနောက် ULA အုပ်ချုပ်ရေးယန္တယား နေရာများတွင် အကြမ်းဖက်မှု လျော့နည်းလာခဲ့ပြီး၊ ရိုဟင်ဂျာရပ်ရွာ နှင့် ဘာသာရေးခေါင်းဆောင်များကို အသစ်ဖွဲ့စည်းသော အုပ်ချုပ်ရေးယန္တရားများတွင် ပါဝင်ခွင့်ပြုခြင်းဖြင့် အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် ဖြစ်ပွားခဲ့သော အမှန်တရားကို ထုတ်ဖော်ရန် ဘက်မလိုက်ဘဲ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ လိုအပ်ပြီး၊ ဘက်အားလုံးကို တူညီသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းများဖြင့် တာဝန်ယူစေရမည် ဖြစ်သည်။ နိုင်ငံရပ်ခြားမှ လျှို့ဝှက်အမည်များဖြင့် ဖြန့်ချီသော အချက်အလက်များသည် ဖြစ်ပွားခဲ့သော အသေးစိတ် အကြောင်းအရာများ ကို ဘက်မလိုက်ဘဲ စုံစမ်း စစ်ဆေးပြီး အတည်ပြုရန် မလုံလောက်ပါ။ ရှေ့တွင် ဖြစ်လာနိုင်သော ခြေလှမ်း တစ်ခုအဖြစ် မြန်မာလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွန်အန်ဒရူး က အောက်တိုဘာလအတွင်း သူ၏ နောက်ဆုံး အစီရင်ခံစာ တွင် ULA/AA ခေါင်းဆောင်များက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းရန် ဖိတ်ခေါ်ခဲ့ကြောင်း ဆိုခဲ့ပြီး၊ ထိုအထဲတွင် လူအစုအလိုက်အပြုလိုက်သတ်ဖြတ်ခံခဲ့ရသည်ဟု စွပ်စွဲထားသော ထန်ရှောက်ခံရွာ သို့ သွားရောက် စုံစမ်းခြင်းလည်း ပါဝင်သည်။

လူ့အခွင့်အရေး သင်ခန်းစာများသည် လွန်စွာ ရှင်းလင်းပါသည်။ ပြည်တွင်းစစ် အခြေအနေတွင် ပဋိပက္ခ ပါဝင်သည့် ဘက်အားလုံးသည် အရပ်သားများ၏ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကို အာမခံရမည် ဖြစ်ပြီး၊ အရပ်သားပြည်သူများသည် ၎င်းတို့ ပစ်ခတ်မှုကြားတွင် မပါဝင်ရအောင် သေချာစေရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေး ကာလများ ဖြတ်သန်းပြီးနောက်၊ လူ့အသိုင်းအဝိုင်း အားလုံး၏ အခွင့်အရေးကို လေးစားသည့် အသစ်သော လူ့အခွင့်အရေး ယဉ်ကျေးမှုသည် တိုးတက်သော နိုင်ငံရေး ပြောင်းလဲမှု၏ အခြေခံ ဖြစ်လာရန် အရေးကြီးသည်။

ဤသည်မှာ ယနေ့ ရခိုင်ပြည်တွင် မလုံခြုံမှု၏ အဓိက ရင်းမြစ်များဖြစ်သော စစ်‌ကော်မရှင် နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်လာသည်။ အောက်ပါ ဆွေးနွေးမှုများတွင် အဆိုပါ ကိစ္စများကို ဖော်ထုတ်ဆွေးနွေးရန် ကြိုးပမ်းထားပါသည်။

Rakhine IDPs waiting for medical treatment

Photo source Western News

ရခိုင် ဒုက္ခသည်စခန်းမှ ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) ဆေးကုသဆောင်တွင် စောင့်ဆိုင်းနေကြစဉ်

ရခိုင်ပြည်၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော အဓိက ရင်းမြစ်များ

မြန်မာနိုင်ငံ၏ အခြားဒေသများစွာကဲ့သို့ ရခိုင်ပြည်သည် သဘောတရားအရ စစ်ဇုံတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ပထမ လုံခြုံရေးခြိမ်းခြောက်သူမှာ စစ်‌ကော်မရှင်ဖြစ်ပြီး ယခုအခါ နိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင် (ယခင် နိုင်ငံအုပ်ချုပ်ရေးကောင်စီ) ဟု လူသိများသည်။ ၎င်းမှ တပ်မတော် ဟု ခေါ်သော မြန်မာစစ်တပ်သည် ကြည်းတပ်၊ ရေတပ် နှင့် လေတပ် တပ်များ ရှိသည်။ သို့သော် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြေ၏ ၉၀ ရခိုင်နှုန်း ကို လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက်၊ ဒေသတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး လူသားဖြစ်တည်မှုကိုဆန့်ကျင်သောရာဇဝတ်မှုများ (crimes against humanity) နှင့် ရက်စက်မှုများ ကို ကျူးလွန်သူ အဓိက တပ်များမှာ လေတပ် နှင့် ရေတပ် တပ်များ ဖြစ်လာခဲ့သည်။

အာရက္ခတပ်တော် နှင့် မြန်မာစစ်‌ကော်မရှင် တပ်များကြား အဓိက တိုက်ပွဲ ရှေ့တန်းမျက်နှာစာ ငါးခု ရှိသည်။ စစ်တွေ နှင့် ကျောက်ဖြူအနီး နှစ်ခု နှင့် ရခိုင်ပြည်အရှေ့ဖက်ရှိ ရခိုင်ရိုးမတောင်တန်းတစ်လျှောက် အဓိက လမ်းကြောင်းများတွင် ရခိုင်နှင့် အရှေ့ဘက် မကွေး၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသ သုံးခု ကြားရှိ စုံရပ်သုံးခွ နေရာများဖြစ်သည်။ စစ်တွေ နှင့် ကျောက်ဖြူ တိုက်ပွဲများတွင် စစ်‌ကော်မရှင်က ကြေးတပ်၊ ရေတပ် နှင့် လေတပ် တပ်များကို အသုံးပြုသော်လည်း ရခိုင်ရိုးမရှေ့ဖက် တောင်ကုန်းနယ်မြေတွင် ကြေး နှင့် လေ တပ်များ၏ စွမ်းရည်များကိုသာ အသုံးပြု နိုင်သည်။ မကြာသေးမီကာလများအတွင်း တိုက်ပွဲသတင်းများအရ ကျောက်ဖြူ နှင့် အမ်း-ပဒန်း စစ်မျက်နှာများသည် နှစ်ဖက်စလုံးမှ ထိုးစစ် နှင့် တန်ပြန်ထိုးစစ်များကြားတွင် ပိုမို ပြင်းထန်နေပြီး၊ အခြား စစ်မျက်နှာများရှိ တိုက်ပွဲ များသည် နှိုင်းယှဉ်လျှင် ပိုမို နည်းပါးနေကြောင်း သိရှိရသည်။

လေ့လာသုံးသပ်သူများမှ ထင်ရှားသော မှတ်ချက်ပြုထားသည်မှာ နိုင်ငံ၏ အခြားနေရာများရှိ ရှမ်းမြောက်၊ ကရင်နီ နှင့် ကရင်ရှေ့တန်းစစ်မျက်နှာများနှင့် မတူဘဲ အာရက္ခတပ်တော်သည် ၂၀၂၃ အောက်တိုဘာ တွင် စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေး’ (1027 Operation) ဖြင့် ရရှိခဲ့သော နယ်မြေများကို မဆုံးရှုံးစေရန် စစ်‌ကော်မရှင်၏ မကြာသေးမီ စစ်ဆင်ရေးများကို ကာကွယ်နိုင်ပြီး၊ တန်ပြန်တိုက်ခိုက်နိုင်သော တစ်ခုတည်း အင်အားစု ဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ယေဘုယျ အားဖြင့် ဤသည်မှာ ပထဝီအနေအထား၊ နည်းပညာ၊ အဖွဲ့အစည်းညီညွတ်မှု နှင့် တိုက်လိုခိုက်လိုစိတ်၊ မဟာမိတ်အဖွဲ့များနှင့် ဆက်သွယ်နိုင်မှု၊ နှင့် ပြင်ပလေ့လာသူများက ရိုးရှင်းစွာ ‘မသိနိုင်သော’ ဒေသတွင်း အကြောင်းရင်းများ အပါအဝင် အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပါသည်။ တစ်ခုတည်း အကြောင်းရင်း မရှိနိုင်ပါ။ သို့သော် ULA/AA သည် ယခု အခြေအနေ ကို မည်မျှ ကြာရှည်ထိန်းသိမ်းနိုင်မည် နှင့် မည်မျှ အတိုင်းအတာထိန်းသိမ်းနိုင်မည် ဆိုသည်မှာ အရေးကြီးပြီး မတူညီသော မေးခွန်းတစ်ခု ဖြစ်သည်။

အဆိုပါ အကြောင်းအရာနှင့် ဆက်စပ်ပြီး မကြာသေးမီ လများကတည်းက အဓိက လမ်းကြောင်း တစ်ခုမှာ စစ်‌ကော်မရှင်က လာမည့် ရွေးကောက်ပွဲများအတွက် လုံခြုံရေးရှိစေရန်ဟု ဆိုကာ လူဦးရေ ထူထပ်သော အရပ်သား နှင့် မြို့ပြ နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ပိုမို စတင်လုပ်ဆောင်လာနေခြင်း ဖြစ်သည်။ စက်တင်ဘာ (၁၄) ရက် တွင် စစ်‌ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်တောင်ပိုင်း အမ်း၊ တောင်ကုတ်၊ သံတွဲ နှင့် ဂွ မြို့နယ် လေးခု တွင် ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေကြောင်း ရဲရင့်စွာ ထုတ်ပြန်ခဲ့ပြီး၊ ထိုနေရာများမှ ယခင် အစိုးရ အရာရှိများကို တာဝန်ပြန်လည် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်ရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။ ထိုကိစ္စကို အထောက်အကူပြုရန် စစ်‌ကော်မရှင်ကို ထောက်ခံသော မီဒီယာ နှင့် နိုင်ငံရေးသမားများကလည်း စစ်‌ကော်မရှင်အနေဖြင့် ဤတောင်ပိုင်း မြို့နယ်များကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားသင့်သည်ဟု ဆိုနေကြသည်။ ထိုကဲ့သို့ ပြောဆိုရသည်မှာ မကွေး၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသများရှိ အခြား ခုခံတော်လှန်ရေးအင်အားစုများနှင့် ULA ချိတ်ဆက်နေမှုများကို ကန့်သတ်၊ ဖြတ်တောက်ရန် နှင့် ရခိုင်ရိုးမတောင်တန်း အရှေ့ဘက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေးစက်ရုံ (ကပစ) များကို လုံခြုံ စေရန် ရည်ရွယ်ချက်များ ပါဝင်ပေသည်။

ဤ နိုင်ငံရေး နှင့် မဟာဗျူဟာ အကြောင်းပြချက်များကို ကျော်လွန်ပြီး လေ့လာသူ အများအပြားမှ စစ်‌ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဤဒေသအပေါ် စိတ်ဝင်စားမှုတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်တစ်ခုရှိနေသည်ဟုလည်း ယုံကြည်ကြသည်။ ကမ္ဘာကျော် ခရီးသွား နေရာဖြစ်သော ငပလီ ကမ်းခြေသည် သူ့ ဇနီး၏ ဇာတိဒေသ ဖြစ်ပြီး၊ အကြီးစား သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း သည်လည်း ထိုအနီးအနားတွင် တည်ရှိသည်။ ထို့ပြင် ဗမာအမျိုးသားဝါဒီ အချို့မှလည်း အစွန်းရောက်တင်းကျပ်သော သမိုင်းနှင့် အတွေးအခေါ် အကြောင်းပြချက်ဖြင့် ရခိုင်တောင်ပိုင်း (ဒွါရာဝတီ ဟု လူသိများသော ဒေသ) သည် မြောက်ပိုင်း မြောက်ဦးမြို့လွတ်လပ်ပြီး ကမ္ဘာကျော်ခဲ့စဉ်အချိန်တွင်ပင် ‘ဗမာ ဘုရင်များ၏ ဩဇာလွှမ်းမိုးမှုနယ်ပယ် (sphere of influence)’ အောက်တွင် ရှိခဲ့သည်ဟု အခိုင်အမာ ဆိုကြသည်။ ဤ အကြောင်းပြချက်အရ ရခိုင်တောင်ပိုင်း လူဦးရေသည် ပိုမို ‘ဗမာပြုခြင်း’ ခံထားရသည်ဟု ဆိုသည်။

ဤ အကြောင်းရင်းများ အားလုံးပေါင်းစပ်လိုက်လျှင် စစ်‌ကော်မရှင် သည် ဤ နေရာများတွင် စစ်ဆင်ရေး များ လုပ်ဆောင်ရန် ပြင်းထန်သောဆုံးဖြတ်ချက် နှင့် လှုံ့ဆော်မှု ရှိကြောင်း ညွှန်ပြနေသည်။ လာမည့် ရက်ကာလများနှင့် လများအတွင်း ရခိုင်ပြည်တစ်ခုလုံး နှင့် ရခိုင်ပြည်တောင်ပိုင်း ဒေသများကို တိုက်ခိုက်လာနိုင်မှု အချိန်ဇယား နှင့် အတိုင်းအတာသည် အချိန်နှင့် စွမ်းရည်ကိစ္စမျှသာ ဖြစ်လာနိုင်သည်။ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတွင် ရခိုင်သည် အဓိက ပထဝီနိုင်ငံရေး အနေအထားတွင် ရှိနေပြီး၊ အလယ်တွင် ကျောက်ဖြူ ဆိပ်ကမ်းသည် တရုတ်၏ ခါးပတ်နှင့်လမ်းစီမံကိန်း (Belt and Road Initiatives- BRI) ရည်မှန်းချက် ဗဟိုချက်ဖြစ်ပြီး၊ မြောက်ပိုင်း နေရာများသည် အိန္ဒိယနှင့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project-KMTTP) ၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်သည်။ သို့သော် စစ်‌ကော်မရှင်ကို ပြည်သူ့ခုခံမှု နှင့် ငြင်းပယ်မှု အတိုင်းအတာ ကြီးမားမှုကြောင့် နိုင်ငံတကာစီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၏ ပါဝင်မှု၊ သဘောတူညီမှု နှင့် အကျိုးခံစားခွင့် ရှိရမည် ဖြစ်ကြောင်း ယခုအချိန်တွင် ရှင်းရှင်းလင်းလင်းဖြစ်လျက် ရှိနေသည်။

ဤနောက်ခံ အခြေအနေတွင် စစ်ကော်မရှင်တပ်အပြုအမူ၏ စိုးရိမ်ဖွယ် လက္ခဏာ တစ်ခုမှာ မြို့ပြ နှင့် လူဦးရေ ထူထပ်သော နေရာများတွင် ဈေး၊ ဆေးခန်း နှင့် ကျောင်းများ အပါအဝင် အရပ်သားများကို ပစ်မှတ်ထားပြီး၊ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီ စစ်ဆင်ရေးများ၏ နည်းဗျူဟာများအပေါ် အခြေခံလျှင် ထိုကဲ့သို့ တိုက်ခိုက်မှုများသည် မြေပြင်ကြေးတပ် စစ်ဆင်ရေးများ မတိုင်မီ ပိုမိုပြင်းထန်လာနိုင်သည်။ ရခိုင်ပြည်ရှိ ကမ်းရိုးတန်းမြို့များ ဖြစ်သော သံတွဲ နှင့် ဂွ တို့ တွင် အရပ်သားများသည် အာရက္ခတပ်တော် ၏ လက်လှမ်းမမီသော ပင်လယ်ပြင်တွင် လှည့်ပတ်နေရင်း ရွာများကို တိုက်ခိုက်နေသော စစ်ကော်မရှင်ရေတပ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်မှု ကို စိုးရိမ်နေကြရသည်။ တုံ့ပြန်မှု အနေဖြင့် ULA/AA သည် ရခိုင်ရိုးမတောင်တန်း အရှေ့ဘက်တွင် စစ်‌ကော်မရှင် စစ်ဆင်ရေး များကို ဟန့်တားတိုက်ခိုက်ခြင်းဖြင့် ရခိုင်ပြည်ထဲတွင် စစ်ကော်မရှင်တပ်၏ မြေပြင် စစ်ရေးပြန်လည်တည်ဆောက်မှုကို ဟန့်တားခြင်းသည်ပင် အရပ်သား ပြည်သူများအတွက် သွေးထွက်သံယိုမှုကို ရှောင်ရှားပြီး အပြစ်မဲ့အသက်များကို ကာကွယ်ရန် လွန်စွာ အရေးကြီးပေသည်။

တစ်ဖက်တွင် ရခိုင်ပြည်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲ မရှိဘဲ စစ်‌ကော်မရှင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နှင့် ပလက်ဝ တို့ အပါအဝင် AA ထိန်းချုပ်ထားသော မြို့နယ်များရှိ အရပ်သားများကိုပါ ခြိမ်းခြောက်နေသည်။ ဥပမာအားဖြင့် မကြာသေးမီက လေကြောင်း တိုက်ခိုက်မှုများသည် မြို့တွင်း နှင့် လူဦးရေ ထူထပ်သောနေရာများကို ပစ်မှတ်ထားခဲ့ပြီး အရပ်သား ဆယ်ချီ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ အောက်ပါလေကြောင်း တိုက်ခိုက်မှု များသည် အရပ်သားများ အစုလိုက် သတ်ဖြတ်မှုများကို ဖြစ်စေခဲ့သည်။

စဉ် ရက်စွဲ တည်နေရာ ဖြစ်စဉ် အရပ်သားထိခိုက်ဒါဏ်ရာရှိမှု
၁။ မေ (၁၃)၊ ၂၀၂၅ ထွန်းရဝေရွှာ၊ ရသေ့တောင်မြို့နယ် ည ၁၀ နာရီ ၅၀ မိနစ်တွင် စကမဂျက်မှ ရွာကို ဗုံးကြဲတိုက်ခိုက်။ ၁၃ ဦးသေဆုံး၊ ၂၈ ဦး ဒါဏ်ရာရ
၂။ သြဂုတ် (၂၅)၊ ၂၀၂၅ ဒိုင်းကျီရပ်ကွက်၊ မြောက်ဦး ည ၁၁ နာရီ ၂၅ မိနစ်တွင် စကမဂျက်မှ ရပ်ကွက်ထဲကို ဗုံးကြဲတိုက်ခိုက်။. ၁၂ ဦးသေဆုံး၊ ၁၈ ဦး ဒါဏ်ရာရ
၃။ စက်တင်ဘာ (၁၂)၊ ၂၀၂၅ သရက်တပင်ရွာ၊ ကျောက်တော်မြို့နယ် နံနက် ၁ နာရီ ၁၀ မိနစ်တွင် စကမဂျက်မှ စာသင်ကျောင်း (၂) ခုကို ဗုံးကြဲတိုက်ခိုက်။ ၂၂ ဦးသေဆုံး၊ ၂၁ ဦး ဒါဏ်ရာရ

ဤရက်စက်မှုများသည် ယခုအခါ စိုးရိမ်ဖွယ်ရာပုံစံ တစ်ခုအဖြစ် ပေါ်ထွက်လာနေသည်။ ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (HDCO) ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် အစမှ ယနေ့အထိ ရခိုင်တွင် စစ်‌ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၉၀ ဦး သေဆုံးခဲ့ပြီး ၂၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံး ဒဏ်ရာရသူများ၏ ၆၀ ရခိုင်နှုန်းကျော်မှာ အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး၊ ထိုတိုက်ခိုက်မှုများသည် အေအေတပ်ဖွဲ့ဝင်များ (သို့မဟုတ်) စစ်စခန်းများကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သေစေလောက်သော တိုက်ခိုက်မှုများ ဖြစ်ကြောင်း အတည်ပြုပေးနေသည်။ အလားတူ စိုးရိမ်စရာကောင်းသည်မှာ ရွာနှင့် မြို့များကို လေကြောင်းတိုက်ခိုက်သည့် အချိန်များသည် သန်းခေါင်ယံအချိန်ဖြစ်ပြီး မိသားစုဝင်အားလုံး အိမ်တွင် အိပ်ပျော်နေချိန်၊ အရပ်သားများ အများဆုံး စုဝေးနေသည့် အချိန်ကို ရွေးချယ်ကာ အများဆုံး အသက်ဆုံးရှုံးစေရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် စစ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ဘဲ အကြမ်းဖက်မှုလုပ်ရပ်များ သာဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာ ကုလသမဂ္ဂ၏ ဌာနအသီးသီးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court-ICC)、 အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ) စသည့် အဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများတွင် စစ်ရာဇဝတ်မှုနှင့် ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရှုတ်ချခံနေရပြီး ထိုဖြစ်ရပ်များ အများအပြားသည်လည်း ရခိုင်ပြည်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤယန္တရားများနှင့် လုပ်ငန်းစဉ်များသည် မြန်မာစစ်တပ်၏ အပြုအမူနှင့် လုပ်ရပ်များကို ပြောင်းလဲပစ်နိုင်ခြင်း (သို့မဟုတ်) မည်သည့် ကွဲပြားခြားနားချက်များကိုမျှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိခဲ့ပါ။

ထိုမှသည် ရခိုင်ပြည်ရင်ဆိုင်နေရသော ဒုတိယအကြီးဆုံး လုံခြုံရေးခြိမ်းခြောက်မှုကိစ္စကို ဆက်လက်ဆွေးနွေးပါမည်။ ဤခြိမ်းခြောက်မှုများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် မြန်မာစစ်တပ်နှင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ အပြုအမူများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ အောက်ပါ အပိုင်းများတွင် အဆိုပါ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးပါမည်။

ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့များမှ ရခိုင်ပြည်၏ မလုံခြုံမှုကို မည်သို့ ပိုမို ဆိုးရွားစေသနည်း

ရိုဟင်ဂျာလက်နက်ကိုင်လှုပ်ရှားမှုကိစ္စကို ဆွေးနွေးရာတွင် မကြာသေးမီက ပိုမို ရှုပ်ထွေးသော အခင်းအကျင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြန်မာစစ်‌ကော်မရှင် နှင့် မတူဘဲ ဤအဖွဲ့များသည် တင်းကျပ်သော အမိန့်ပေးစနစ် နှင့် ထိန်းချုပ်မှု အဆင့်ဆင့်ရှိသည့် စုစည်းညီညွတ်သော အဖွဲ့များ မဟုတ်ကြပါ။ ထို့ပြင် ARSA နှင့် RSO တို့ကို အတက်ကြွဆုံး အဖွဲ့များအဖြစ် လူသိများသော်လည်း၊ အာရကန်ရိုဟင်ဂျာတပ် (Arakan Rohingya Army-ARA) နှင့် ရိုဟင်ဂျာအစ္စလာမ်(မ်)မီဇာ (Rohingya Islami Miza-RIM) ကဲ့သို့ သိပ်မထင်ရှားသော အဖွဲ့များလည်း ရှိနေသေးသည်။ ၎င်းတို့၏ လှုပ်ရှားမှု အများစုမှာ ဒုက္ခသည်စခန်းများအတွင်းမှ စတင်ပြီး၊ ယခုနှစ် ဇန်နဝါရီလတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စခန်းအတွင်း အကြမ်းဖက်မှု လျှော့ချရန် ရည်ရွယ်၍ ဖန်တီးထားသည့် “ညီနောင်လေးဦးမဟာမိတ်” (Four Brothers Alliance) ဟု ခေါ်ဆိုသော အဖွဲ့ကို ထူထောင်ထားကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် မကြာသေးမီလများအတွင်း စခန်းပြင်ပရှိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် ARSA နှင့် RSO တို့သည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များရှိ တောင်တန်းဒေသများတွင် ရှိသည့် ULA/AA တပ်စခန်း နှင့် အရပ်သားပြည်သူများအတွက် ပို၍ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။ သို့သော် ဤအဖွဲ့များ ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ကုလသမဂ္ဂအေဂျင်စီများ၊ ဒေသတွင်း နှင့် နိုင်ငံတကာ မီဒီယာများ၏ စောင့်ကြည့်လေ့လာမှုများတွင် အာရုံစိုက် ဖော်ပြမှု မရှိဘဲ ဖြစ်နေသည်။ ရခိုင်အခြေစိုက် မီဒီယာအဖွဲ့များက ရခိုင်၊ ဗမာ နှင့် အင်္ဂလိပ်ဘာသာဖြင့် ရက်စက်မှုများကို ထုတ်ပြန်သော်လည်း နိုင်ငံတကာ စောင့်ကြည့်ရေး ယန္တရားမျာမှ လွန်စွာ လျစ်လျူရှုထားသည်။ ဤအားနည်းချက်များသည်ပင် အသိုင်းအဝိုင်းများ အချင်းချင်းကြား နားလည်မှု နှင့် ဆွေးနွေးမှုကို ကူညီဖြေရှင်းရန်ထက် ပို၍ ဆိုးရွားစေပါသည်။

ဤကဲ့သို့ အာရုံစိုက်ထုတ်ပြန်မှု အားနည်းခြင်းသည် ပိုမို ရှည်ကြာသော ပုံစံတစ်ခုကို ထင်ဟပ်နေပြီး၊ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် အများစုမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု သတ်မှတ်ကြသည့် ဒုက္ခသည် ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့ပြီးနောက် စနစ်ကျသော စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည့် အချိန်မှစ၍ ဖြစ်သည်။ ယခုကဲ့သို့ အာရုံစိုက်ခံရမှု လျစ်လျူရှုခြင်းသည် ရခိုင်၊ ဟိန္ဒူ၊ မြို၊ သက် နှင့် ခမီ အပါအဝင် ဒေသခံ လူမျိုးစုများ၏ မလုံခြုံမှုကို ပို၍ တိုးပွားစေပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းများသည် ရိုဟင်ဂျာ မဟုတ်သော လူမျိုးများအပေါ် ချိုးဖောက်မှုများကို အသိအမှတ်မပြုခြင်း (သို့မဟုတ်) လုံလောက်စွာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ကြောင်း ၎င်းတို့မှ ယုံကြည်လာကြသည်။ ထင်ရှားသော ဖြစ်ရပ်တစ်ခုတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် မောင်တောမြို့နယ် ခမောင်းဆိပ်၊ ရဲဘောက်ကျာ နှင့် မြို့သူကြီး ကျေးရွှာတို့တွင် ဟိန္ဒူ အရပ်သား ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရမှု ဖြစ်သည်။ ထိုအချိန်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International-AI) က ARSA လက်နက်ကိုင်များ ကျူးလွန်ခဲ့သည်ဟု မှတ်တမ်းတင်ခဲ့သော်လည်း ယနေ့အထိ ဘာမျှ လုပ်ဆောင်မှု မရှိခဲ့ပါ။ ထို့ကြောင့်ပင် ဒေသခံ ရပ်ရွာများတွင် ကြောက်ရွံ့မှု ဖြစ်ပေါ်စေခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ ပါဝင်ပြီး၊ ၎င်းတို့သည် အရပ်သားများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ သက်သေစုဆောင်းရန် တာဝန်ရှိသောအဖွဲ့ ဖြစ်သည်။

ဤမပြည့်စုံသော စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်အနေဖြင့် ရခိုင်ရှိ လူများစွာသည် ကုလသမဂ္ဂ နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ယန္တရားများသည် ဘက်လိုက်မှု ရှိကြောင်း၊ မတူညီသော အုပ်စုများနှင့် အသိုင်းအဝိုင်းများအတွက် သတင်းထုတ်ပြန်ပုံတွင် ခွဲခြားဆက်ဆံ အာရုံစိုက်လုပ်ဆောင်နေကြောင်း ယုံကြည်လာကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် သူတို့၏ သတင်းလည်ပတ်မှုတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည့် ပြင်ပရောက်အဖွဲ့များ၏ စွပ်စွဲချက်များကိုသာ အဓိကထား တုံ့ပြန်နေပုံရသည်။ အလားတူ အရေးကြီးသည်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း နိုင်ငံတကာ သတင်းထုတ်ပြန်မှု၏ သဘောသဘာဝ နှင့် ဦးတည်ချက် ပြောင်းလဲလာမှုသည် ရခိုင်ပြည်ရှိ မြေပြင်ပေါ်တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များကို နားလည်ရန်နှင့် စုံစမ်းရန် ပို၍ အထောက်အကူ မဖြစ်ခဲ့ပါ။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် စုံစမ်းစစ်ဆေးမှုများသည် ဘက်မလိုက်ဘဲ ကမ္ဘာလုံးဆိုင်ရာ အခြေခံမှုများအပေါ် အခြေခံရမည်ဖြစ်ပြီး၊ တစ်ဖက်သတ် အမြင် (သို့မဟုတ်) ရည်ရွယ်ချက်တစ်ခုကို ထောက်ပံ့ရန် လက်နက်အဖြစ် အသုံးမပြုသင့်ပါ။

သံသယရှိစရာမလိုဘဲ မြန်မာစစ်တပ်သည် ဥပဒေ၊ နိုင်ငံတော်မှ ခွဲခြားဆက်ဆံမှု (state discrimination) နှင့် ၂၀၁၇ တိုက်ခိုက်မှုများ ကဲ့သို့ စစ်ရာဇဝတ်မှုများမှတစ်ဆင့် ရိုဟင်ဂျာလူဦးရေကို ဆယ်စုနှစ်များစွာ စနစ်တကျ ဖိနှိပ်ခဲ့ခြင်း ဖြစ်ပြီး၊ နိုင်ငံတစ်ဝန်း တိုင်းရင်းသား လူမျိုးများကို လုပ်ဆောင်ခဲ့သည့်အတိုင်းလည်း ဖြစ်သည်။ ဤသည်ပင် နောက်နှစ်များတွင် ICC နှင့် ICJ စုံစမ်းစစ်ဆေးမှုများ၏ စတင်ချက်ကို ဖြစ်စေခဲ့သည်။ ဤနောက်ခံများကြောင့်ပင် ရိုဟင်ဂျာခေါင်းဆောင်များသည် ၂၀၂၁ အာဏာသိမ်းမှုအား နိုင်ငံတစ်ဝန်း ဆန့်ကျင်မှု ကို ထောက်ခံခဲ့ကြပြီး၊ SAC-SSPC ၏ ပြိုင်ဘက် NUG မှလည်း ရိုဟင်ဂျာဝန်ကြီးတစ်ဦး ကို ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ထိုအချက်များကြောင့်ပင် ဖွံ့ဖြိုးတိုးတက်မှု နှင့် အခွင့်အရေးများကို ဖြစ်ပေါ်စေခဲ့ပြီး လူများစွာ မျှော်လင့်ခဲ့ကြသည်မှာ နိုင်ငံရေးပါဝင်မှု ကို အထောက်အကူပြုကာ အတိတ်သမိုင်း၏ ပျက်စီးမှု ကို ပြုပြင်ရန် နှင့် ရိုဟင်ဂျာ အကျပ်အတည်း ကို ငြိမ်းချမ်းရေး နှင့် ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးချက်များသို့ ယူဆောင်လာမည်ဟူ၍ ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် စစ်‌ကော်မရှင်သည် ၎င်း၏ ‘ခွဲခြားအုပ်ချုပ်ရေး’ နည်းဗျူဟာကို အသုံးပြု၍ ဆန့်ကျင်ဘက် လမ်းကြောင်းကိုသာ လုပ်ဆောင်ခဲ့ပြီး၊ ရိုဟင်ဂျာလူငယ်များကို အဓမ္မ စစ်တပ်ထဲသို့ ဝင်ရောက် တာဝန်ထမ်းဆောင်စေရန် လုပ်ဆောင်ခဲ့ကာ နိုင်ငံတစ်ဝန်း အခြား လူမျိုးများကို ဆန့်ကျင် တိုက်ခိုက်ရန် အတင်း လုပ်ဆောင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဘူးသီးတောင် နှင့် မောင်တော မြို့နယ်များရှိ တိုက်ပွဲများတွင် မြန်မာစစ်တပ်မှ သင်တန်း၊ လက်နက် နှင့် နည်းဗျူဟာ ထောက်ပံ့မှုဖြင့် ARSA နှင့် RSO ကဲ့သို့ လက်နက်ကိုင်အဖွဲ့များသည် ရိုဟင်ဂျာ နှင့် အခြား တိုင်းရင်းသားအုပ်စုများ၏ ဖိနှိပ်သူ (စစ်ကော်မသျှင်) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းကို ကျယ်ပြန့် အံသြသင့်ဖွယ်ရာ ကြားသိလာရသည်။ စစ်‌ကော်မရှင် က ရခိုင်မြောက်ပိုင်း စစ်ပွဲ တွင် ရှုံးနိမ့်ပြီးနောက် ဤ အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး အချို့သည် နယ်စပ်တစ်လျှောက် တောတောင်ဒေသများတွင် ရပ်တည်လှုပ်ရှားနေဆဲ ဖြစ်သည်။ ဤ အချိန်မှစ၍ ၎င်းတို့သည် စစ်‌ကော်မရှင်အရာရှိများအပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မြန်မာရေတပ် နှင့် ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အနှစ်ချုပ်အားဖြင့်ဆိုသော် မြန်မာစစ်တပ်သည် ရိုဟင်ဂျာ လူမျိုးများကို ဖိနှိပ်မှု ပြုလုပ်ပြီး နိုင်ငံသားအခွင့်အရေး ငြင်းပယ်နေသော်လည်း မြောက်ဘက်နယ်စပ်တွင် ULA/AA ကို တိုက်ခိုက်ပါက ရိုဟင်ဂျာ လက်နက်ကိုင်များကို လက်နက်နှင့်ပစ္စည်း ဆက်လက်ပေးပို့ရန် ရည်ရွယ်ထားသည်ဟု ထင်ရသည်။ ထိုကဲ့သို့ စစ်‌ကော်မရှင် နည်းဗျူဟာများမှာ မှတ်သားရသော်လည်း ယနေ့ မြန်မာ့နိုင်ငံ‌ရေးအခင်းအကျင်းအရဆိုပါက အထူးအဆန်းကြီးလည်း မဟုတ်ပေ။ ဒေသခံအသိုင်းအဝိုင်းများကို ခွဲခြားရန် လက်အောက်ခံတပ်ဖွဲ့များကို ထောက်ပံ့ခြင်း (သို့မဟုတ်) ဖန်တီးခြင်း သည် မြန်မာစစ်တပ်၏ ရေရှည် မဟာဗျူဟာတစ်ခု ဖြစ်ပြီး ယနေ့ ကချင်၊ ကရင်၊ ကယား (ကရင်နီ) နှင့် ရှမ်းပြည်နယ်များတွင်လည်း ကျင့်သုံးကာ လာမည့် ဒီဇင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ဤနည်းလမ်းများကို ပိုမို တိုးမြှင့်ကျင့်သုံး လာနေသည်။

ရခိုင်ပြည်၏ အခြေအနေများကို သုံးသပ်ရာတွင် ဒါကာအာဏာပိုင်များ၏ အခန်းကဏ္ဍ နှင့် နယ်စပ်တွင် ၎င်းတို့၏ လုံခြုံရေး နှင့် စစ်ထောက်လှမ်းရေးများ၏ လှုပ်ရှားမှုများကို ယခုဆွေးနွေးမှုများတွင် လျစ်လျူရှုရန် မဖြစ်နိုင်ပါ။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း၏ အဓိက နှင့် မကြာခဏ အသိအမှတ်မပြုခံရသော သားကောင် ဖြစ်ခဲ့ကြောင်း သံသယမရှိပါ။ လူသားချင်းစာနာရေးအကူအညီများ လိုအပ်မှုသည်လင်း ထင်ရှားပါသည်။ သို့သော် ဒါကာအစိုးရက ဘင်္ဂလားဒေ့ရှ်နယ်မြေများတွင် ရိုဟင်ဂျာ လက်နက်ကိုင်များကို လက်မခံကြောင်း တရားဝင်ပြောထားသော်လည်း ARSA နှင့် RSO လက်နက်ကိုင်များက ၎င်းတို့၏ ကွန်ရက်များမှတစ်ဆင့် ဒုက္ခသည်စခန်းများကို “ညအစိုးရ” (night government) အဖြစ် တရားမဝင် ထိန်းချုပ်နေကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်လုံခြုံရေး အရာရှိများက ၎င်းတို့၏ ခေါင်းဆောင်များနှင့် နီးကပ်စွာ ဆက်ဆံနေသောအချက်မှာ “လူတိုင်းသိသောလျှို့ဝှက်ချက်” (open secret) ဖြစ်နေပေသည်။

ရိုဟင်ဂျာလက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ်တွင် အခြေချခြင်း သည် မြန်မာနိုင်ငံ၏ အခြားဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုနှင့် အလွန်ကွဲပြားသော အခြေအနေ ဖြစ်သည်။ တခြား လက်နက်ကိုင်အဖွဲ့များသည် အိမ်နီးချင်းနိုင်ငံများကို အလွန်အကျွန်အားမကိုးသကဲ့သို့ အဆိုပါ နိုင်ငံထဲတွင်လည်း အခြေစိုက်ရပ်တည်လှုပ်ရှားခြင်းမျိုး မလုပ်ပါ။ ဆန့်ကျင်ဘက်အားဖြင့် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များ၏ စုဆောင်းရေး၊ လေ့ကျင့်ရေး နှင့် ရန်ပုံငွေ ရရှိမှုများသည် ဘင်္ဂလားဒေ့ရှ်အတွင်း ဒုက္ခသည်လူဦးရေ နှင့် စခန်းပြင်ပတွင် နေထိုင်သူများထံမှ စတင်ရရှိခြင်း ဖြစ်သည်။ အလားတူ စိုးရိမ်စရာ ကောင်းသည်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ဒါကာအစိုးရ၏ လက်တွေ့ အမြစ်တွယ်ခိုင်မာလာသော မူဝါဒတစ်ခုအဖြစ် အပြုအမူဆိုးများရှိနေလင့်ကစား ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို ၎င်းတို့၏ “ဒုက္ခသည်ပြန်ပို့ရေး” ရည်မှန်းချက် နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် ဒါကာ၏ အကျိုးစီးပွါးကို မြှင့်တင်ရေးအတွက် မဟာဗျူဟာကျကျ အထောက်အကူပြု အသုံးချရန် ဟူသော အချက် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မသိ၍ မဟုတ်ပေ။ ထွက်ပြေးလာသူများကို ကာကွယ်စောင့်ရှောက်ရမည့် ဒုက္ခသည်စခန်းများတွင် ချိုးဖောက်မှုများ ဖြစ်ပွားသောအခါ နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေအောက်တွင်လည်း ရာဇဝတ်မှုများအဖြစ် အကျုံးဝင်သည်။ ဥပမာ၊ ၂၀၂၁ တွင် ARSA လက်နက်ကိုင်များက ဒုက္ခသည်စခန်းရှိ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့ (Arakan Rohingya Society for Peace and Human Rights-ARSPHR) ၏ ခေါင်းဆောင် မိုဟစ်အူလာ (Mohib Ullah) ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိ တစ်ဦး သတ်ဖြတ်ခံရမှု အတွက် အာတောလာ အာဘူ အမရ် ဂျူနူနီ (Ataullah Abu Ammar Jununi) ကဲ့သို့ ARSA ၏ အဓိက ခေါင်းဆောင်တစ်ဦး ကို ၂၀၂၅ ခုနှစ် မတ်လ တွင် ဖမ်းဆီးခဲ့သော်လည်း၊ ဒါကာ၏ အဆိုပါ အဖွဲ့များကို ထောက်ခံပေးရေး မူဝါဒသည် မလျော့နည်းခဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် မကြာသေးမီ လများတွင် တိုးမြှင့်လာခဲ့ပြီး ဒုက္ခသည် ပြန်လည်လက်ခံရေး၏ စိန်ခေါ်မှုကိစ္စ တွင် ULA နှင့် တင်းမာမှုများ ပိုမို ကြီးမားလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ စိုးရိမ်မှုများကို နားလည်နိုင်ပါသည်။ သို့သော် အားလုံးပါဝင်မှုရှိသော၊ ငြိမ်းချမ်းသော နှင့် ရေရှည်တည်တံ့သော ပြန်လည်လက်ခံရေး အစီအစဉ်ကို မစဉ်းစားခဲ့ပေ။

အနှစ်ချုပ်အားဖြင့်ဆိုသော် ဘင်္ဂလားဒေ့ရှ်ရှိ မတူညီသော အစုအဖွဲ့များနှင့် ဩဇာလွှမ်းမိုးမှုများသည် နယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများကို ပိုမို တိုးပွားခဲ့ပြီး၊ တဖက်တွင် ရခိုင်ပြည်နှင့် မြန်မာပြည်သူများမှ ရက်စက်ကြမ်းကြုတ်သော စစ်‌ကော်မရှင်အား ဆန့်ကျင်၍ အာဏာရှင်စနစ် ပြောင်းလဲရေးနှင့် အသိုင်းအဝိုင်းအချင်းချင်း ငြိမ်းချမ်းရေးကို ရှာဖွေနေချိန်လည်း ဖြစ်သည်။ ယခုအချိန်ကာလတွင် ထိုကဲ့သို့ လုပ်ဆောင်နေမှုများသည် အကျိုးမဲ့ပြီး၊ အယူအဆ အမှားအပေါ် အခြေခံထားခြင်းလည်း ဖြစ်သည်။

Rohingya passengers on the Buthidaung River

Photo credit TNI

ဘူးသီးတောင်မြစ်ပေါ်ရှိ ရိုဟင်ဂျာ ခရီးသည်များ

ရှုပ်ထွေးသော အရေးပေါ်အခြေအနေ - နယ်စပ်ဒေသနောက်ခံကြောင်း

လက်ရှိ ရှုပ်ထွေးမှုများကို နားလည်ရန်အတွက် ဒါကာအာဏာပိုင်များ နှင့် ULA တို့၏ နယ်စပ်ဆက်ဆံရေး သည် ၂၀၂၄ နှောင်းပိုင်း AA က မောင်တောကို သိမ်းပိုက်ပြီးနောက် အစပိုင်းတွင် တစ်စိတ်တစ်ပိုင်း တရားဝင် ကုန်သွယ်ရေး (semi-formal trade) နှင့် အလွတ်သဘော လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ပေးပို့မှုများ (informal humanitarian supplies) ဖြင့် ပုံမှန်အတိုင်း လည်ပတ်‌ ကောင်းမွန်ခဲ့ကြောင်း မှတ်သားရန် အရေးကြီးပါသည်။ ဆက်ဆံရေး ကောင်းမွန်မှု လက္ခဏာ တစ်ခုအဖြစ် ULA မှ ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဇူလိုင် ၁၈ ရက်ကြားတွင် ဖမ်းဆီးထားသော တရားမဝင် ဘင်္ဂလားဒေရှ့် ငါးဖမ်းသမား (၁၈၈) ဦး နှင့် ငါးဖမ်း လှေ (၃၀) စင်း တို့ကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် နယ်စပ်ဆက်ဆံရေး တွင် ရုတ်တရက် လှည့်ပြောင်း ဖြစ်ပေါ်ခဲ့သည်မှာ မြန်မာ စစ်‌ကော်မရှင် ကိုယ်စားလှယ်များမှ ယခုနှစ် ဧပြီ လ တွင် ဘန်ကောက်တွင် ကျင်းပခဲ့သော BIMSTEC ထိပ်သီး အစည်းအဝေး အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အား ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀,၀၀၀ ခန့်ကို ပြန်လည် လက်ခံရန် ကတိပြုခဲ့ပြီးနောက် ဖြစ်သည်။ ဤအချိန်မှစ၍ ULA မှ အဆိုပါဆွေးနွေးချက်များတွင် မပါဝင်ခဲ့သော်လည်း ဒါကာ အာဏာပိုင်များမှ ULA ခေါင်းဆောင်များ ကို ပြန်လည်လက်ခံရေး စည်းကမ်းများကို အချိန်တိုအတွင်း သဘောတူရန် ပြင်းထန်သော ဖိအားပေးမှုများကို လုပ်ဆောင်ခဲ့သည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တစ်ခုစီတွင် ညှို့နှိုင်းရေး နှင့် သက်ဆိုင်သူများ ပါဝင်ရေးသည် သက်ရောက်မှုအောက် ရောက်နိုင်သော ပြည်သူများ၏ လုံခြုံရေး၊ လူ့အခွင့်အရေး နှင့် သာယာဝပြောမှု ကို ကာကွယ်ရန်အတွက် လွန်စွာ အရေးကြီးသည်။ ရခိုင်မြောက်ပိုင်းမှ ဒေသခံများကို ဒုက္ခသည်များအဖြစ် နှင်ထုတ်ခဲ့ပြီး မူဆလင်များနှင့် ရိုဟင်ဂျာ လူဦးရေအများစုအား နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခဲ့ခြင်းကို လုပ်‌ဆောင်ခဲ့သည်မှာ မြန်မာစစ်တပ်ဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။ ULA ခေါင်းဆောင်များဘက်မှ ရခိုင်ရှိ မူဆလင် နေထိုင်သူများ၏ လူ့အခွင့်အရေး နှင့် နိုင်ငံသားရေး အခွင့်အရေး ကို လေးစားကြောင်း ပွင့်လင်းစွာ ကြေညာထားပြီး ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် ပြန်လည်လက်ခံရေးကိုလည်း ထောက်ခံကြောင်း ပြောဆိုထားပြီးဖြစ်သည်။

သို့သော် အခြေအနေသည် ထင်သလောက် ရိုးရှင်းခြင်း မရှိပါ။ စစ်‌ကော်မရှင် နှင့် ဆက်လက် ပဋိပက္ခဖြစ်နေမှု၊ ရိုဟင်ဂျာ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် ULA ဖက်မှ သဘောထားသည်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အားလုံးပါဝင်မှုရှိသော ဒုက္ခသည်များ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သောအခြေအနေများ (conducive conditions) ဖန်တီးရန် လိုအပ်ကြောင်း ဆိုသည်။ ပြင်ဆင်ရေး နှင့် ယုံကြည်မှု တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်ပြီး၊ ကောင်းမွန်သော ဆန္ဒရှိမှုကို ပြသရန် နည်းလမ်းတစ်ခုအဖြစ် ULA/AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် သည် စက်တင်ဘာ ၁၂ ရက်တွင် မောင်တောမူဆလင်အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး မြန်မာစစ်တပ်က ဆယ်စုနှစ်ကျော် ပိတ်ပင်ထားခဲ့သော ရှေးဟောင်း ဗလီကြီး တစ်ခုကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။ အခြား လုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီး၊ ULA သည် ရခိုင်မြောက်ပိုင်းတွင် အားလုံးပါဝင်သောအုပ်ချုပ်မှုစနစ်ကို ထူထောင်ရန် ကြိုးစားနေသည်။ ယနေ့အချိန်တွင် ခရိုင် မူဆလင်ရေးရာကောင်စီ (Muslim Affair Council-MAC) တစ်ခု ဖွဲ့စည်းခဲ့ပြီး၊ မူဆလင်-ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦး ခန့်အပ်ခဲ့ပြီးဖြစ်ကာ အုပ်ချုပ်ရေးယန္တယားထဲတွင် ရိုဟင်ဂျာဝန်ထမ်း ၅,၀၀၀ ကျော်ကို ခန့်အပ်ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ထိုကဲ့သို့ အပြုသ‌ဘောခြေလှမ်းများ နှင့် ချဉ်းကပ်မှုများသည် ဒါကာ အာဏာပိုင်များအတွက် နည်းပါးလွန်းနေကြောင်း ထင်ရသည်။ တစ်စိတ်တစ်ပိုင်း မှာ လူသားချင်းစာနာမှု ရန်ပုံငွေ လျော့နည်းလာမှု နှင့် ဒုက္ခသည်စခန်းများရှိ အခြေအနေ ဆိုးရွားလာမှုကြောင့် ဖြစ်နိုင်ပြီး ယခုလ အစောပိုင်း မလေးရှားကမ်းရိုးတန်းအနီး လှေတစ်စင်း နစ်မြုပ်ခဲ့ရာ အနည်းဆုံး ဒုက္ခသည် (၂၁) ဦး သေဆုံးခဲ့ခြင်းသည်ပင် သတိပေးခေါင်းလောင်းထိုးနေခြင်းဖြစ်သည်။ အခြားအကြောင်းရင်းများလည်း ပါဝင်နိုင်ပြီး လက်ရှိကြားဖြတ်အစိုးရမှ လူမူနိုင်ငံရေးတရားမျှတမှုကို တည်ဆောက်လိုခြင်း၊ စစ်တကောင်းဇာတိ အစိုးရ အကြီးအကဲများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှင့် စွမ်းဆောင်မှုဆိုင်ရာ အသိအမှတ်ပြုမှုကို အချိန်တိုအတွင်း လုပ်ဆောင်တို့လည်း ဖြစ်နိုင်ပေသည်။

အလားတူ အရေးကြီးသည်မှာ ၁၉၉၀ ခုနှစ်များအစောပိုင်းမှစ၍ ဒါကာ အာဏာပိုင်များသည် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရန် မြန်မာစစ်တပ်နှင့် အဓိက ကြိုးဖမ်းလုပ်ဆောင်ခဲ့သည်။ သို့သော် နေပြည်တော်ရှိ စစ်တပ်လွမ်းမိုးသော အစိုးရများ၏အောက်တွင် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီး ဒုက္ခသည်များ ထွက်ပြေးရ‌သော လှိုင်းလုံးကြီးများသာ ပိုမို ကြီးမားလာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အခင်းအကျင်း သည် ဆန်းသစ်ပြီး အားလုံးပါဝင်သော အပြောင်းအလဲတွင် ၎င်းတို့၏ စိန်ခေါ်မှု များကို ဖြေရှင်းနိုင်မည် အခွင့်အရေး ကို ပေးခဲ့ပြီး ရခိုင်ပြည်သူများ နှင့် နိုင်ငံတကာ အသိုက်အဝန်းကြား ပူးပေါင်း ဆောင်ရွက်မှုရမည် ဖြစ်ပြီး၊ ပဋိပက္ခ၊ ဖိနှိပ်မှု၊ နှင်ထုတ်မှု နှင့် မတည်ငြိမ်မှု များ၏ အဓိက အကြောင်းရင်း ဖြစ်ခဲ့သော မြန်မာစစ်တပ်မှတစ်ဆင့် မဟုတ်ပါ။

သို့သော် ကံမကောင်းစွာဖြင့် အခြေအနေသည် ယခုအခါ ဤထက် ပိုမို ရှေ့ရောက်တွင်ကျယ်လျက်ရှိပြီး၊ ဒါကာ အာဏာပိုင်များက မြန်မာ စစ်‌ကော်မရှင်မှ ချထားသော နိုင်ငံရေးထောင်ချောက် (political trap) ထဲတွင် ကျရောက်နေပုံရသည်။ ၂၀၂၅ ခုနှစ်၊ မေ လ မှစ၍ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရခိုင်သို့ အသစ်ဖြစ်ထွန်းနေသော တစ်စိတ်တစ်ပိုင်းတရားဝင်ကုန်သွယ်ရေး နှင့် ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လူသားချင်းစာနာ အကူအညီ ပေးပို့မှုကို တစ်ဖက်သတ် ပိတ်ဆို့ ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ဆိုးရွားပြီး ပြောင်းပြန်ရလဒ်ကိုသာ ဖြစ်စေသော အမှားတစ်ခုဖြစ်သည်။ ယခုအခါ ဤပိတ်ဆို့မှုကြောင့် ဆေးဝါး နှင့် အစားအစာ ကင်းမဲ့မှု အပါအဝင် လူမှုစီးပွားရေး ခက်ခဲမှုများ ရင်ဆိုင်နေရသော ရိုဟင်ဂျာမူဆလင် များ ပို၍ ထွက်ပြေးမှုကို ဖြစ်ပေါ်စေမည်ဟု ညွှန်ပြသည့် လက္ခဏာ များရှိနေပြီ ဖြစ်သည်။

ထပ်မံ၍ မကူညီရာကိုသာ ဖြစ်စေသော ဒေသတွင်း မီဒီယာများက မကြာသေးမီ လများအတွင်း မီးမောင်းထိုး ပြခဲ့သော ‘လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်း’ (humanitarian corridor) သို့မဟုတ် ‘ရခိုင်စင်္ကြံ’ (Rakhine corridor) ဟု ဆိုသော ကိစ္စသည်လည်း ဒါကာ ကြားဖြတ်အစိုးရ အရာရှိများ၏ လူသားချင်းစာနာအကူအညီ ဟူသော ခေါင်းစဉ်အောက်တွင် ဖုံးကွယ်၍ ဒုက္ခသည်များကို အစုလိုက်အပြုလိုက် ပြန်လည်လက်ခံစေမှုအား လုပ်‌ဆောင်ရန် ကြိုးစားမှုသာဖြစ်သည်။ လက်တွေ့တွင် ဤလမ်းကြောင်းသည် ရခိုင်မြောက်ပိုင်းတွင် အစားအစာပြတ်လပ်မှု နှင့် လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရသော အသိုင်းအဝိုင်းများအတွက် ရည်ရွယ်ခြင်းလည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အရေးတကြီး ပြန်လည် ပို့ဆောင်လိုသော ဒုက္ခသည်စခန်းတွင် နေထိုင်သူများကို အဓိက ရည်ရွယ်ထားသည်ဟု ထင်ရသည်။ ထို့အပြင် ၎င်းတို့၏ အဆိုပါရည်မှန်းချက်များကို မအောင်မြင်ခဲ့ရာ ဒါကာ အာဏာပိုင်များသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များအား ထောက်ပံ့မှုကို ပိုမို တိုးမြှင့်ရန် လုပ်ဆောင်ခဲ့ပြီး နယ်စပ်တွင် မြန်မာစစ်ကော်ရှင်ရေတပ် နှင့် လက်နက်ကိုင်အဖွဲ့ များအကြား ကြီးထွားလာသည့် ဆက်ဆံမှုများကိုလည်း လျှို့ဝှက်စွာဖြင့် အကူအညီပေးလာတော့သည်။

တင်းမာမှုများ ဆက်လက် မြင့်တက်လာနိုင်သည်။ ARSA နှင့် RSO အကြား ရွေးချယ်မှုတွင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး နှင့် နယ်စပ် အရာရှိ များက အများပြည်သူဆိုင်ရာ ပွဲအခမ်းအနားများတွင်ပင် သိသာသောဆက်ဆံမှုဖြင့် RSO ကို ပိုမို နှစ်သက်ကြောင်း ပြသကြသည်။ သို့သော် လျှို့ဝှက်အနေဖြင့် ဘာသာရေးလှုံဆော်မှုများကို အခြေခံပြီး မူဆလင် မဟုတ်သော လူမျိုးများ ကို ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး၊ ပိုမို အစွန်းရောက်သောအဖွဲ့ ဖြစ်သည့် ARSA ၏ နယ်စပ်ဒေသ အသုံးဝင်နိုင်မှုကိုလည်း အသိအမှတ်ပြုထားကြပေသည်။

ယခုအချိန်တွင် ဤအခြေအနေသည် ရခိုင်နယ်စပ် နှစ်ဖက်စလုံးတွင် မကြာသေးမီ ပဋိပက္ခ နှင့် တပ်စုစည်းမှု များကို သက်ရောက်မှုရှိနေပြီ ဖြစ်သည်။ ယခင်က ARSA သည် ၂၀၂၄ ခုနှစ် တွင် မောင်တောမြို့နယ်ရှိ နယ်စပ်ဒေသ ပဋိပက္ခများတွင် ဝေလာတောင် နှင့် မယူတောင်တန်းများတစ်လျှောက်တွင် ၎င်း၏ လှုပ်ရှားမှု များကို စုစည်းခဲ့ပြီး RSO သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာခရိုင်နှင့် ဆက်စပ်နေသော နတ်မြစ် တစ်လျှောက် ပိုမို တက်ကြွစွာ လှုပ်ရှားခဲ့သည်။ သို့သော် မကြာသေးမီ အစီရင်ခံစာ နှင့် ဓာတ်ပုံ များက RSO ၏ ရှိနေမှု ပြောင်းလဲမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ၎င်း၏ အဖွဲ့ဝင်များမှာ ယခုအခါ အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘန်ဒရာဘင်ခရိုင် (Bandarban District) နယ်စပ်များတွင် ပိုမိုလှုပ်ရှားနေကာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့ (Border Guard Bangladesh-BGB) ၏ တဆင့်ခံတပ်များ ကဲ့သို့ ပိုမို လုပ်ဆောင်နေသည်။

သက်သေများအဖြစ် AA က မကြာသေးမီက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး BGB၊ ARSA နှင့် RSO တို့အကြား ဆက်ဆံမှုများကို အာရုံစိုက်စေခဲ့ကာ ဘန်ဒရာဘင်ခရိုင်ရှိ BGB စခန်းများအနီး လေ့ကျင့်ရေး သင်တန်းစခန်း အနည်းဆုံး (၅) ခု ရှိကြောင်း ဖော်ပြခဲ့သည်။ ထိုစခန်း များမှ ARSA က AA ကို နယ်စပ် ကျော်ဖြတ် တိုက်ခိုက်မှု များ ဆောင်ရွက်ခဲ့ပြီး ရခိုင်၊ မြို နှင့် ဒိုင်းနက်လူမျိုးရွာ များမှ ဒေသခံ လူထု များကို ဖမ်းဆီး၊ သတ်ဖြတ် ခဲ့ကြောင်း ဆိုသည်။ စက်တင်ဘာ (၂၉) ရက်နေ့တွင် BGB က AA ၏ ထုတ်ပြန်ချက်များကို တရားဝင်ငြင်းဆန်ခဲ့ပြီး ARSA ခေါင်းဆောင် နှင့် အခြား အဖွဲ့ဝင်များကို ဖမ်းဆီးခဲ့မှု ကို ကိုးကားဖော်ပြခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ တိုက်ခိုင်နိုင်မှုများအပါအဝင် ARSA က ယခင်နှစ်ဆန်းများကတည်းက နယ်စပ်ရှိ တခြားလူမျိုးစုများကို ဆန့်ကျင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မှုက ထင်ရှားသော သက်သေများဖြစ်နေသည်။

ဘူးသီးတောင် နှင့် မောင်တော မြို့နယ်များတွင် ARSA လှုပ်ရှားမှုများအတွင်း အရပ်သားများ သေဆုံး ခဲ့မှု အရေအတွက်ကို HDCO ရင်းမြစ်များကို အခြေခံ၍ ယခင် နှစ်နှစ်အတွင်း မှတ်တမ်းတင်ထားမှုများအရ စုစုပေါင်း သေဆုံးသူ (၃၆) ဦး (ယောက်ျား ၃၂ ဦး နှင့် မိန်းမ ၄ ဦး) ရှိခဲ့ပြီး၊ ယောက်ျား ၂၄ ဦး ဖမ်းဆီး ခံခဲ့ရပြီးနောက်၊ ၎င်းပြည်သူများမှာ သေဆုံးသွားပြီဟုလည်း ယူဆရသည်။ ဤ ဖြစ်ရပ်များက အသိုင်းအဝိုင်းများကြားတင်းမာမှုများကို ပိုမို နက်ရှိုင်းစေသည်။ မှတ်တမ်း တင်ထားသော ဖြစ်စဉ်းများ ထဲတွင် ဂန္ဓရစစ်ရှောင်စခန်း မှ ခမီ လူမျိုး (၇) ဦး သတ်ဖြတ်ခံရမှု၊ မောင်တောသို့ အသွားလမ်းပေါ်တွင် ကားကို တိုက်ခိုက်ခံရမှုကြောင့် ရခိုင်စစ်ရှောင် (၆) ဦး သေဆုံးမှု၊ ဘူးသီးတောင်းမြို့မှ ရခိုင်နှစ်ဦး ကို ဂုံးနားရွာအနီး ဖမ်းဆီးပြီးလုပ်ကြံသတ်ဖြတ်မှု၊ နှင့် ဂူပ်ရွှာမှ ခမီ ရွှာသား ၄ ဦး ကို ခြိမ်းခြောက်ပြန်ပေးဆွဲပြီး၊ ARSA အဖွဲ့ဝင်များက ဗီဒီယိုဖိုင်တစ်ခု တွင် သတ်ဖြတ်ခဲ့မှု တို့ ပါဝင်သည်။

ထို့ကြောင့် ARSA နှင့် RSO တို့ မှာ ဒေသခံ ပြည်သူများ၏ ကိုယ်စားပြုသူများ (သို့မဟုတ်) နိုင်ငံရေး အစုအဖွဲ့များ မဟုတ်ဘဲ လက်နက်ကိုင်လူတစ်စုသည်ဖြစ်ကြောင်း သိရှိရန် လိုအပ်ပေသည်။ ဆယ်စုနှစ်များစွာ ဖိနှိပ်မှုကြောင့် အရပ်သား နှင့် လူမှုရေးအဖွဲ့အစည်းများသည် လွန်စွာအားနည်းနေသည်။ ARSA မှ အထူးသဖြင့် ၎င်းတို့အဖွဲ့ဝင်များ၏ သတ်ဖြတ်၊ ဒါဏ်ရာရ၊ ဖမ်းဆီးခံခဲ့ရသူများကို အေအေ နှင့် တိုက်ခိုက်ရာတွင် ကြားထဲ ညှပ်ပါသွားသူများ (collateral damage) ဟု ပုံဖမ်းလေ့ ရှိသည်။ သို့သော် ARSA ၏ ပစ်မှတ် ရွေးချယ်မှုများအရ ၎င်း၏ ရည်ရွယ်ချက်မှာ လူမျိုး နှင့် ဘာသာရေး အမှတ်အသား များအပေါ် ကွဲပြဲမှု နှင့် ကြောက်ရွံ့မှု ကို ဖြစ်စေရန်ဖြစ်ကြောင်း ပြသနေသည်။ ဤအချက်ကို ၎င်း၏ အရပ်သား သားကောင်များထဲတွင် ရခိုင် နှင့် ရိုဟင်ဂျာ နှစ်ဖက်စလုံး နှင့် မြို၊ ခမီ နှင့် ဒိုင်းနက် အပါအဝင် တခြားသော ဒေသခံ လူနည်းစုများ ပါဝင်မှုဖြင့် သက်သေပြနေသည်။ ထိုကဲ့သို့ ပဋိပက္ခ အခင်းအကျင်းအောက်တွင် ARSA သည် အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရာတွင် ပိုမို အစွန်းရောက်နေပြီး ဘာသာရေး ရည်ရွယ်ချက်ရှိကြောင်း ပိုမိုသိသာနေသည်။ သို့သော် RSO ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တောင်တန်းဒေသများတွင် အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်ကိုင်နေသော ဒေသခံ မူဆလင် မဟုတ်သော အရပ်သားများကို ခြိမ်းခြောက်ပြန်ပေးဆွဲမှုများကို လုပ်ဆောင်နေကြောင်း သတင်များ ထွက်ပေါ်ခဲ့သည်။

ဤနောက်ခံ အခြေအနေအောက်တွင် ယခုကဲ့သို့ အဖြစ်အပျက်များကို ခွင့်ပြုပေးနေသော ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ မူဝါဒ နှင့် ကျိုးကြောင်းဆင်ခြင်မှုများကို နားလည်ရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် လွန်စွာ ခက်ခဲနေသည်။ ဒါကာအစိုးရ နှင့် နယ်ခြားစောင့်တပ် အရာရှိများသည် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တိုက်ရိုက် တာဝန်ရှိ မဟုတ်သော်လည်း ဤရလဒ်များများသည် ၎င်းတို့ စတင်ခဲ့သော နိုင်ငံရေး ကစားကွက်၏ မထိန်းချုပ်နိုင်သော နှင့် သွယ်ဝိုက်သော အကျိုးဆက် များဖြစ်နေသည်။ ထို့ကြောင့်ပင် ယခုအခါ ၎င်းတို့သည် မည်သည်ကို ရည်ရွယ်၍ လုပ်ဆောင်နေသနည်းဟူသော နောက်ထပ် မေးခွန်းများကို ပေါ်ထွက်စေသည်။

ပထမဦးစွာ ဘင်္ဂလားဒေ့ရှ်ရှိ အစုအဖွဲ့အသီးသီးသည် အဆိုပါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို အသုံးပြု၍ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို အထောက်အကူပြုနိုင်ရန် ရခိုင်မြောက်ပိုင်း သို့ ‘ကျူးကျော်ရေးအစီအစဉ်’ (invasion plan) တစ်ခုကို လုပ်ဆောင်ရန် ကြိုးဖမ်းနေသည်ဟူသည့် သက်သေ မပြနိုင်သော်လည်း၊ လက်ရှိမူဝါဒရေးရာ နယ်ပယ်ရှိ အနည်းဆုံး ဒါကာအရာရှိ တချို့သည် အဆိုပါ လက်နက်ကိုင်အဖွဲ့များကို နယ်စပ်တစ်လျှောက်နှင့် ရခိုင်ပြည်အတွင်း ပိုမို ကြီးထွားပြီး၊ လှုပ်ရှားတက်ကြွ လာစေရန် ဆန္ဒရှိကြပြီး၊ ပြန်လည်လက်ခံရေး ညှိနှိုင်းမှုများတွင် ULA ခေါင်းဆောင်များအပေါ် နိုင်ငံရေးဖိအား (political leverage) ပိုမို ရရှိနိုင်ရန် မျှော်လင့်နေကြောင်း ရှင်းလင်းစွာ တွေ့ရှိရသည်။ ဤသည်မှာ အရပ်သားပြည်သူများကို ထိခိုက်စေသော အကြမ်းဖက်မှုကို အလွန်အန္တရာယ်ရှိသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ဆိုးရွားစွာပင် လက်တွေ့ တွင် ထိုကဲ့သို့ ဖြစ်ပွားနေပြီး ဖြစ်သည်။

ဒုတိယအနေဖြင့် ဒါကာ နှင့် နေပြည်တော် အာဏာပိုင်များကြား ဤ လက်နက်ကိုင် အဖွဲ့များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တရားဝင် သဘောတူညီချက် ရှိနေပြီးဖြစ်ကြောင်း သက်သေ မပြနိုင်သော်လည်း၊ ULA/AA ကို ဆန့်ကျင်သည့် ၎င်းတို့၏ တည်ရှိမှု နှင့် လှုပ်ရှားမှုများသည် နှစ်ဖက်စလုံးအတွက် နိုင်ငံရေးအရ အကျိုးရှိကြောင်း နားလည်မှုတစ်ခု ရှိနေပုံရသည်။ ဒါကာ အတွက်ဆိုလျှင် ဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရာတွင် နယ်စပ်ဒေသအပေါ် နိုင်ငံရေးဖိအား ဖြစ်နိုင်ပြီး၊ နေပြည်တော် အတွက်မှာ လာမည့် လများအတွင်း ရခိုင်ပြည်တောင်ပိုင်း မြို့နယ်များအပေါ် ပိုမိုပြင်းထန်သော စစ်ဆင်ရေးများပြုလုပ်ချိန်တွင် ULA/AA ကို စစ်မျက်နှာနှစ်ခု တပြိုင်တည်း ရင်ဆိုင်ရစေနိုင်သည့် အနေအထားတွင် ထားရှိရန် ဖြစ်သည်။

အနှစ်ချုပ်အားဖြင့်ဆိုလျှင် လက်ရှိ ရခိုင် နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ရခိုင်နယ်မြေ အများစုကို စစ်‌ကော်မရှင်မှ လက်လွတ်ထားရချိန်တွင် ဒေသခံ ပြည်သူများ၊ အသိုင်းအဝိုင်းများ နှင့် ULA/AA အတွက် ကောင်းသော လက္ခဏာရပ်များ မဟုတ်ပါ။ အဆိုပါ သတိပေးချက်များကို မဖြေရှင်းပါက မြန်မာစစ်တပ်လွှမ်းမိုးမှု မှ လွတ်မြောက်အောင်မြင်နေမှုသည်လည်း နိုင်ငံရေးအတားအဆီးများအား ဖြတ်ကျော်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကို အမှန်တကယ် လိုလားနေသော ရခိုင်ပြည်သူများအတွက် အကျိုးမဲ့ ဖြစ်သွားမည် ဖြစ်သည်။ ငြိမ်းချမ်းရေး နှင့် တရားမျှတမှု ကို အရေးတကြီး လိုအပ်နေသော ပါဝင်သူများတွင် ရခိုင်၊ ရိုဟင်ဂျာ နှင့် နယ်စပ်ဒေသတွင် နေထိုင်ကြသော တိုင်းရင်းသား အားလုံး ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ လည်း ပါဝင်ရမည် ဖြစ်သည်။

သမိုင်းက ကြာရှည်စွာ ပြသခဲ့သည့်အတိုင်း နယ်စပ်မတည်ငြိမ်မှု နှင့် မလုံခြုံမှု ပိုမိုကြီးထွားလာလျှင် ပဋိပက္ခ ဖြေရှင်းရေး နှင့် ဒုက္ခသည် ပြန်လည်လက်ခံရေး ကြိုးပမ်းမှုများ အောင်မြင်ရန် ပို၍ခက်ခဲ သွားမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ပြင်ပအကျိုးစီးပွားအုပ်စုများကသာ အကွဲအပြဲများကို ထောက်ပံ့နေချိန်တွင် တစ်ဦးတည်သော အကျိုးဖြစ်ထွန်းနိုင်သော အစုအဖွဲ့မှာ မြန်မာစစ်တပ်သာ ဖြစ်သည်။ ၎င်းသည် ဖိနှိပ်မှု နှင့် နှင်ထုတ်မှုများ၏ အဓိက လှုံ့ဆော်လုပ်ဆောင်ခဲ့သူဖြစ်ခဲ့ရုံမျှမက ‘ခွဲခြားအုပ်ချုပ်ရေး’ မူဝါဒများမှ ထပ်မံ အကျိုးအမြတ်ရရှိရန် မျှော်လင့်နေသည်။ ရခိုင် နှင့် မြန်မာပြည်သူများ အာဏာရှင်စနစ် ပြောင်းလဲရေး အတွက် ဆက်လက် ကြိုးပမ်းနေချိန်တွင် နိုင်ငံရေးအတားအဆီးများ ဖြတ်ကျော်ရေး နှင့် လူမျိုးစုများကြား ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုများကို တည်ဆောက်ဆောင်ရွက်သည့် နည်းလမ်းဖြင့် ထောက်ပံ့ကူညီရန် အရေးကြီးသည်။

ရခိုင်ပြည် လုံခြုံရေး- အနှစ်ချုပ်နှင့် အကြံပြုချက်များ

အထက်တွင်ဆွေးနွေးခဲ့သည့်အတိုင်း ရခိုင်ပြည်၏ လုံခြုံရေးကိစ္စသည် ခက်ခဲပြီး၊ မရှိမဖြစ်လိုအပ်လျက်ရှိသော ကိစ္စတစ်ရပ်တစ်ခု ဖြစ်နေဆဲလည်း ဖြစ်သည်။ ULA/AA သည် ယခုအခါ ရခိုင်ပြည်၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် အထူးသဖြင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားကဲ့သို့ မြို့ပြဧရိယာများတွင် နေထိုင်သူတစ်ရပ်လုံးအား မလုံခြုံမှုကို ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် သံတွဲနှင့် ဂွ မြို့နယ်များကဲ့သို့သော ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများနှင့် မြို့များသည်လည်း စစ်ကော်မရှင်ရေတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကို မကြာခဏ ခံနေရသည်။ စစ်တွေမြို့အနီး ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် များရှိ ကျေးရွာများမှာလည်း စစ်ကောင်စီစခန်းများမှ ကျေးရွာများအတွင်းသို့ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုများခံရပြီး ပြည်သူများ သေကြေဒဏ်ရာရမှုများ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်၏ အလယ်ဗဟိုတွင် တည်ရှိသော ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီစခန်းများနှင့် ရေတပ်တို့မှ လက်နက်ကြီးပစ်ခတ်မှုများအပြင် ULA အုပ်ချုပ်သောဒေသများရှိ ပြည်သူများအား ဒရုန်းဖြင့် တိုက်ခိုက်မှုများ ကဲ့သို့ ခြိမ်းခြောက်မှုပေါင်းများစွာကိုလည်း ရင်ဆိုင်နေရသည်။

အဆိုပါဖြစ်ရပ်အားလုံးသည် ULA ထိန်းချုပ်ထားသောဒေသများရှိ ပြည်သူများ၏ အသက်နှင့်ပစ္စည်းများသည် ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ရုံးကန်နေသော SAC-SSPC စစ်ကောင်စီ၏ ပြင်းထန်သောခြိမ်းခြောက်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။ သို့ရာတွင် SAC အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ နယ်မြေဆုတ်ခွာမှုနှင့် ပြည်သူလူထု ဆန်ကျင်မှုများကြောင့် လွတ်လပ်ခွင့်များတိုးတက်လာမှု မရှိဟု မဆိုလိုပါ။ စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများတွင် ဖိနှိပ်မှုများ ဆက်လက်ရှိနေသည်။ သို့သော် ရခိုင်ပြည်၏ အခြားဒေသအများစုတွင် ပြည်သူများသည် နိုင်ငံရေးဖိနှိပ်မှု၊ အိမ်များသို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖောက်ထွင်းဝင်ရောက်မှု၊ စစ်ဆင်ရေးများ အတွက် အတင်းအကျပ် အလုပ်ခိုင်းစေမှုနှင့် အဓမ္မလုပ်အားခိုင်းစေမှု၊ နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒေသများတွင် တိုက်ခိုက်ရန် မြန်မာစစ်တပ်သို့ အတင်းအကျပ်တပ်သားစုဆောင်းခြင်းတို့ကို မခံစားရတော့ပါ။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များမှ လုံခြုံရေးခြိမ်းခြောက်မှုများနှင့်ပတ်သက်လျှင် အခြေအနေသည် မတည်ငြိမ်နိုင်သေးပါ။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင်းက စစ်ကောင်စီသည် အဆိုပါ အဖွဲ့များနှင့် သိသာစွာ ပူးပေါင်းဆောင်ရွက်ကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ မြို့ပြ၊ မြို့အနီးအနားနှင့် ဆက်သွယ်ရေးကောင်းမွန်သော ကျေးလက်ဒေသများတွင် ပြည်သူများအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်။ သို့သော် ယနေ့အချိန်တွင် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်း၌ စစ်ကောင်စီရှုံးနိမ့်ပြီးနောက် ၎င်းတို့၏ လှုပ်ရှားမှုများသည် အဓိကအားဖြင့် တောင်တန်း၊ သစ်တော နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဒေသများတွင်သာ အကန့်အသတ်ဖြင့် တွေ့နေရသည်။

ထို့ကြောင့် ယခုအခါ လက်နက်ကိုင်လှုပ်ရှားမှုများသည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များ၏ တောင်ပိုင်းထက် မြောက်ပိုင်းတွင် ပိုမိုစုစည်းဖြစ်ပေါ်နေသည်။ နယ်စပ်တလျှောက်တွင် ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုနှင့် ခြုံခိုတိုက်ခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့ ကြိုတင်ခန့်မှန်းရခက်ခဲသော စိန်ခေါ်မှုများမှအပ ဒေသအသီးသီးမှ ပြည်သူများသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များနှင့် နှိုင်းယှဉ်ပါက အတန်အသင့် ဘေးကင်းလုံခြုံသော အခြေအနေတွင် နေထိုင်လျက်ရှိသည်။ အဓိက စိုးရိမ်ရသည်မှာ ဤအဖွဲ့များ၏ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် တပ်စွဲထားမှု၊ လေ့ကျင့်မှုနှင့် လှုပ်ရှားမှုများ တိုးပွားလာခြင်းကြောင့် ဒေသခံပြည်သူများနှင့် AA စခန်းများအား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်ခြေ ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခအတွင်း ကွဲပြဲမှု စက်ဝန်းသစ်တစ်ခုကို မစတင်မိစေရန် အထူးအရေး ကြီးပါသည်။ ယခုလတ်တလောတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ မြန်မာ၊ ရခိုင်နှင့် ရိုဟင်ဂျာပြဿနာအကျပ်အတည်းများအတွက် ချဉ်းကပ်နည်းသစ်များအပေါ် ဆွေးနွေးပြောဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ ထိရောက်ပြတ်သားသော ပြောင်းလဲမှုများ လိုအပ်နေသည်မှာ အချိန်ကြာမြင့်စွာ မှန်ကန်နေခဲ့သော အချက်တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ယခုဆောင်းပါးမှ ထောက်ပြလိုသည့်အတိုင်း ထိုသို့ပြောင်းလဲရန်အတွက် ပဋိပက္ခ၏ အကြောင်းရင်းများ၊ နိုင်ငံတော်ယိုယွင်းမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အခြေအနေတို့ကို နားလည်သိမြင်မှုအပေါ် အခြေခံရမည် ဖြစ်သည်။

လက်ရှိအခြေအနေတွင် အခွင့်အလမ်းများ ရှိနေပါသည်။ သို့သော် စွန့်စားရမှုနှင့် အန္တရာယ်များလည်း များစွာရှိနေပါသည်။ လုံခြုံရေးသည် အခြေခံလိုအပ်ချက် အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ဤသို့သောလုံခြုံရေးကို စစ်ကော်မရှင်အုပ်ချုပ်မှု အဆုံးသတ်ခြင်းနှင့် မြန်မာ့စစ်တပ်၏ စနစ်တကျ ကျူးလွန်သော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ခြင်းဖြင့်သာ အောင်မြင်နိုင်စေမည် ဖြစ်သည်။ ရခိုင်ပြည်အရေး၌ စိန်ခေါ်မှုများကို အသိုင်းအဝိုင်းစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုနှင့် ထည့်သွင်းစဉ်းစားမှုများဖြင့် စုစည်းပြီး လေ့လာရမည်ဖြစ်သည်။ ပဋိပက္ခအား စည်းလုံးစေမည့်အစား ခွဲခြားသော၊ တစ်ဖက်သတ်ဆန်သော နှင့် ထင်ရာစိုင်းသော လုပ်ငန်းစဉ်များဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပါ။

လာမည့်လတွင် စစ်ကော်မရှင်မှ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ သည် တစ်နိုင်ငံလုံး ပြန်လည်တင်းမာမှု နှင့် ကွဲပြားမှုများကို ပိုမိုဆိုးရွားစေရုံသာရှိသည်။ ထို့ကြောင့် အဆိုပါရွေးကောက်ပွဲကြောင့် တိုင်းပြည်၏ ရေရှည်ပဋိပက္ခ ဖြေရှင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုများမှ အာရုံကို လွဲချော်စေရန် မဖြစ်သင့်ပါ။ ဤအကြောင်းကြောင့် ရခိုင်ပြည်၏ လက်ရှိအတွေ့ အကြုံများက သတိပေးသကဲ့သို့ လုံခြုံရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် စစ်အုပ်ချုပ်မှု အဆုံးသတ်ရေးတို့ကို အဓိကထား အာရုံစိုက်ခြင်းသည် အရေးကြီးသော အစပြုခြင်းများဖြစ်ပြီး ယင်းမှတစ်ဆင့် စစ်ရှောင်များ ပြန်လည်နေရာချထားရေး၊ ရပ်ရွာအသိုက်အဝန်း ပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေးကို လေးစားရေးနှင့် လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်များ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို တည်မြဲစွာ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် မူဘောင်များ ပေးစွမ်းနိုင်ပါသည်။ ဤခရီးပန်းတိုင်သို့ ရောက်ရန် နိုင်ငံတကာမူဝါဒများသည် ကွဲပြဲမှုကို အားပေးကူညီခြင်းထက် ပြန်လည်ကုစားပေးရန် လိုအပ်ပါသည်။

 

*နိုင်လင်းသည် မြန်မာနိုင်ငံ၊ ရက္ခိုင်ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် အသိုင်းအဝိုင်းများကြားဆက်ဆံရေးနှင့် ပတ်သတ်၍ ရေးသားနေသော အလွတ်တန်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် သုတေသီတစ်ဦးဖြစ်သည်။

ဤသုံးသပ်ချက်သည် စာရေးသူ၏ သဘောထားကိုသာ ထင်ဟပ်ပြီး၊ TNI ၏ အမြင်များကို ကိုယ်စားမပြုပါ။