တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဘဝ စာရေးသူ - အယ်လ်ဗီနာ

ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာရမှုနှင့် ဆင်းရဲမွဲတေမှုတို့သည် မြန်မာနိုင်ငံသားများကို အိမ်နီးချင်းနိုင်ငံများသို့ ဆက်လက်ထွက်ခွာစေသည့် အဓိကအကြောင်းရင်းများ ဖြစ်နေဆဲပင်ဖြစ်သည်။ ဤသုံးသပ်ချက်တွင် အယ်လ်ဗီနာသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကြံလုပ်ငန်းတွင် အလုပ်ရကြသည့် ရွှေ့ပြောင်းနေထိုင်သူများ၏ ဘဝများကို သုံးသပ်ထားပါသည်။ ဤနေရာ၌ ဘဝအာမခံချက်မရှိ၊ ခက်ခဲသောအခြေအနေဖြင့် နေထိုင်ကြရသည်။ ၎င်းတို့သည် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဇာတိမြေမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။ မိသားစုကိုထောက်ပံ့ရန် နေရပ်သို့ ငွေကြေးများ ပေးပို့ကြသကဲ့သို့ အချို့မှာ ကလေးများကို ဒေသတွင်းကျောင်းများ၌ ထားနိုင်ခဲ့ကြသည်။ ဤရွှေ့ပြောင်းလုပ်သားများကြောင့် တရုတ်နိုင်ငံ၏ ကြံထုတ်လုပ်မှုသည် ဆက်လက်ရှင်သန်နေခဲ့ပြီး၊ ကျဆင်းနေသော စက်မှုလုပ်ငန်းကိုပြန်လည်အသက်ဝင်စေခဲ့သည်။ သို့သော် အယ်လ်ဗီနာ ရှင်းပြထားသည်မှာ ခရီးသွားလာရေးနှင့် စာရွက်စာတမ်းကိစ္စများက လုံခြုံမှုမရှိသည့်အတွက် နေရပ်သို့ ပြန်နိုင်ပါ့မလားဆိုသည်ကို အများစုက စိုးရိမ်ပူပန်နေကြသည်။

Autores

Longread de

Alvina
Myanmar migrant sugarcane farmworkers in Yunnan, China

Photo credit: Jun Borras

တရုတ်နိုင်ငံ၊ ယူနန် (Yunnan) ပြည်နယ်ရှိ မြန်မာ ရွှေ့ပြောင်းကြံစိုက်ခင်းလုပ်သားများ။

နိဒါန်း

ကျွန်မတို့ ရောက်သွားတဲ့အချိန်က နေ့လယ်စာ စားပြီးခါစအချိန်မို့ နေက အတော်လေးပြင်းပါတယ်။ သူတို့အိမ်လေးက ကားလမ်းမကြီးဘေးမှာရှိတဲ့ ကုန်းမြင့်လေးတစ်ခုအပေါ်မှာရှိတယ်။ အိမ်က မိသားစု သုံးစုလောက် အတူတူစုနေတဲ့ မြေစိုက်အိမ်လေးပါပဲ။ အဲဒီအိမ်မှာ ကျန်းဝေ နဲ့ သူ့ရဲ့ ဇနီး၊ သားသမီးတွေ၊ သူ့ရဲ့အဖေ၊ ညီလေး၊ ပြီးတော့ သူ့အဒေါ်ရယ်၊ အဒေါ်ရဲ့ ခင်ပွန်းတို့ အားလုံး စုပေါင်းနေထိုင်ကြတယ်။ ဒီတော့ ခန့်မှန်းခြေလူဦးရေ ၁၁ ဦးလောက်ရှိပါတယ်။

အိမ်ကကုန်းမြင့်ပေါ်မှာမို့ လေတိုက်ခတ်နေသလို၊ ကားလမ်းမကြီးဘေးမှာမို့ ကားသံတွေကိုလည်း ကြားနေရတယ်။ ဆောင်းတွင်းမှာတော့ တော်တော်လေးအေးမှာပဲလို့ ကျွန်မစိတ်ထဲ ခန့်မှန်းမိတယ်။ သူနဲ့ သူ့အဖေက ကျွန်မတို့နဲ့ စကားပြောရင်း စီးကရက်သောက်နေကြတယ်။ လေကအေးနေပေမယ့် နေရဲ့ အပူရှိန်ကတော့ ကျစ်ကျစ်တောက်အောင် ပူပြင်းလှပြန်တယ်။

ဒီအိမ်လေးက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းက ကောင်တီ (County) တစ်ခုဖြစ်တဲ့ လင်ချန် (Lincang) စည်ပင်သာယာနယ်မြေထဲမှာတည်ရှိပါတယ်။ စီးပွားရေးကတော့ စိုက်ပျိုးရေးနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကို အခြေခံထားပါတယ်။ ဒီဒေသဟာ နယ်စပ်တစ်ဖက်က ရှမ်းပြည်နယ်ရဲ့ သီးသန့်တည်ရှိနေတဲ့တောင်တန်းဒေသတွေနဲ့ နှစ်ပေါင်းများစွာကတည်းက ဆက်နွယ်မှုရှိခဲ့တယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို စီးဝင်လာမှုဟာ ၁၉၉၀ ပြည့်နှစ်များကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်က တရုတ်ပြည်တွင်းမှာ ကျေးလက်ကနေမြို့ပြကို ကြီးမားတဲ့ရွှေ့ပြောင်းနေထိုင်မှုကြီးဖြစ်ပွားနေမှုနဲ့ တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့ချိန်ဖြစ်တယ်။

"ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးမှာ ကလေးငါးယောက် ရှိပါတယ်။ အကြီးဆုံးသမီးက ၁၃ နှစ် ရှိပါပြီ၊ အငယ်ဆုံးက ၅ နှစ်ပါ။ ဒီအိမ်မှာ ကျွန်တော်တို့မိသားစုရယ်၊ ကျွန်တော့်အဖေနဲ့ ညီလေးရယ် အတူနေကြတယ်။ အဖေ့ဝမ်းကွဲညီမလင်မယားလည်း ကျွန်တော်တို့နဲ့အတူ ဒီမှာပဲနေပါတယ်။ ကျွန်တော့်အမေကတော့ မြန်မာနိုင်ငံမှာနေတယ်။ ကိုဗစ်-၁၉ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ အမေက ဒီကိုလာပြီး ခဏနေဖူးတယ်။ ကျွန်တော်တို့က မောင်နှမလေးယောက်ရှိတယ်။ နှစ်ယောက်ကတော့ မြန်မာနိုင်ငံမှာနေကြတယ်။ ၂၀၁၅ စစ်ပွဲ (မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ) ကြောင့် အဖေနဲ့ ညီလေးရယ်၊ ကျွန်တော့်အမျိုးသမီး၊ နောက်ပြီးကလေးနှစ်ယောက်နဲ့အတူ ကျွန်တော်တို့ ဒီဘက်ကို ရောက်လာခဲ့ကြတယ်" လို့ အသက် ၃၆ နှစ်အရွယ် ကျန်းဝေက သူ့ရဲ့ မိသားစုအကြောင်း ကျွန်မတို့ကို ပြောပြတယ်။

အိမ်လေးရဲ့ အတွင်းပိုင်းမှာ အကန့်တွေအများကြီး ကန့်ထားတာကြောင့် သူ မရှင်းပြလည်း ဒီ ကုန်းမြင့်ထက်က မြေစိုက်အိမ်ကလေးမှာ မိသားစုတစ်စုထက်မက နေထိုင်ကြတယ်ဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ရနိုင်ပါတယ်။ နောက်ပြီးလှန်းထားတဲ့ ကလေးအဝတ်တွေကြောင့် ကလေးတွေများတဲ့ မိသားစုဆိုတာကိုလည်း တွေးကြည့်လို့ရပြန်ပါတယ်။ သူတို့ ဒီကို အကြောင်းမဲ့ရောက်လာခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ဟာ စစ်ပွဲကြောင့်သာ နေရပ်စွန့်ခွာခဲ့ရပြီး ဒီနေရာကို ရွှေ့ပြောင်းလာခဲ့ကြရတာပါ။

အသက်ရှင်ရပ်တည်ရေးနှင့် မရေရာမှုများ- ပညာရေးအတွက် အခက်အခဲများ

၂၀၁၅ ခုနှစ်မှာ မြန်မာ့တပ်မတော် (တပ်မတော်) နဲ့ တိုင်းရင်းသားကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ MNDAA ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ထိုဒေသကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ MNDAA တွေ ပြန်လာတဲ့အခါ တပ်မတော်က သူတို့ ပြန်လာတာကို ပိတ်ဆို့ဖို့ စစ်ရေးထိုးစစ်ကြီးကို ဆင်နွှဲခဲ့ကြတယ်။ လူပေါင်း ၈၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုက နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် သူတို့ ဘာတွေ ဆက်ဖြစ်ခဲ့ကြသလဲ။

ကျွန်မတို့ ကျန်းဝေ နဲ့ ၂၀၂၄ ခုနစ်မှာ တွေ့ဆုံခဲ့တုန်းက သူတို့ဟာ ယူနန် (Yunnan) ပြည်နယ်မှာ နေခဲ့ကြတာ ဆယ်နှစ်နီးပါးလောက်ရှိနေပါပြီ။ သူက သူ့အကြောင်းကို ကျန်မတို့ကို ပြောပြခဲ့တယ်။

"ကျွန်တော်တို့ဒီကိုပထမဆုံးရောက်လာတုန်းက အမေ့ဘက်ကဆွေမျိုးတွေနေတဲ့ရွာကို သွားခဲ့ကြတယ်။ ယွမ် ၅၀၀ (ထိုစဉ်က ယူရို ၇၀ ခန့်) ထဲနဲ့ ကျွန်တော်တို့ လာခဲ့ကြတာ။ နေဖို့နေရာလေး ဆောက်ပြီး အဲဒီမှာ နှစ်နှစ်ကျော် နေခဲ့ကြတယ်။ အဲဒီကနေမှ တခြားနေရာကို ပြောင်းခဲ့ကြတယ်။ ကျွန်တော့်ညီလေးက ကလေးတွေကိုထိန်းပေးတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးက ကြံခုတ်ကြတယ်။ ကျွန်တော်တို့ အဲဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ပြောင်းလည်း စိုက်ခဲ့တယ်။ တခြားနိစ္စဓူဝ လယ်ယာအလုပ်တွေလည်း လုပ်ခဲ့ကြတယ်။ ဆောက်လုပ်ရေးလို တခြားအလုပ်တွေတော့ မရခဲ့ဘူး။ နောက်ထပ် သုံးနှစ်လောက်ကြာတော့ ကျွန်တော့်ညီလေးလည်း ကျွန်တော်တို့နဲ့အတူ ကြံခုတ်ဖို့ ရောက်လာတယ်။ ကလေးတွေကလည်း ကြီးလာပြီဆိုတော့ သူတို့ဘာသာ အိမ်မှာနေခဲ့ကြတယ်။"

"ကျွန်တော့်အမျိုးသမီးရယ်၊ ကျွန်တော်ရယ်၊ ညီလေးတို့ သုံးယောက်က တရုတ်-မြန်မာ နယ်စပ်နားက မြို့တစ်မြို့မှာ အလုပ်သွားလုပ်ကြတယ်။ ဒါကြောင့် ကျွန်တော့်အဒေါ်နဲ့ သူ့ယောက်ျားကို ကျွန်တော်တို့နဲ့ အတူနေပြီး ကလေးတွေကို စောင့်ရှောက်ဖို့ သူတို့ကို ဒီကိုခေါ်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းက အလုပ်မှာခေါင်းဆောင်ဆိုတော့ ကျွန်တော်က အလုပ်ရွေးလို့ရတယ်။ ကြံခုတ်တဲ့ရာသီပြီးရင် ကျွန်တော်တို့ ဆွေမျိုးတွေနေတဲ့ရွာမှာပဲ မြေ မူ ၂၀ (၃.၃ ဧက) လောက် ငှားပြီး အဲဒီမှာ အလုပ်လုပ်တယ်။ ပြောင်းရောင်းရတဲ့အခါ ယွမ် ၂၀,၀၀၀ (လက်ရှိပေါက်ဈေး ယူရို ၂,၄၀၀ ခန့်) လောက်ရတယ်။ ကျွန်တော့် ကလေးတွေ အားလုံး ကျောင်းနေကြတယ်။ ဒါပေမယ့် သူတို့တွေ မနှစ်ကမှ ကျောင်းစတက်ကြရတာပါ" လို့ သူက ပြောပြတယ်။

သူ့ရဲ့ “ဒါပေမယ့်” ဆိုတဲ့ စကားနောက်မှာ ကျွန်မအတွက်တော့ အတွေးပေါင်းများစွာကို စီးဆင်းစေ ပါတယ်။ ယွမ် ၅၀၀ တည်းနဲ့ သူတို့လာခဲ့ကြတာမဟုတ်လား။ ယွမ် ၁ ယွမ်ကို မြန်မာကျပ်ငွေ ၆၀၀ နှုန်းနဲ့ တွက်ရင် မြန်မာကျပ်ငွေ ၃ သိန်းနဲ့ ညီမျှပါတယ်။ အဲဒီငွေကို နေဖို့နေရာ ဆောက်ရတာရယ်၊ ချက်ချင်းလိုအပ်တဲ့ နေ့စဉ်သုံးစွဲဖို့အတွက်ပါ သူတို့သုံးရမယ်။ သူပြောတဲ့ နေဖို့နေရာဆိုတာက အမိုး၊ အကာ မလုံ့တလုံမျိုးလား၊ ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မတွေးနေမိတယ်။ နောက်ပြီး သူ့ကလေးတွေက မနှစ်ကမှ ကျောင်းစတက်ကြရတယ်လို့ သူက ပြောခဲ့တယ်။ စောစောလေးကတင် သူ့သမီးအကြီးဆုံးက အသက် ၁၃ နှစ် ရှိနေပြီလို့ပြောခဲ့တယ် မဟုတ်လား။ ဒီတော့ ဒီ ၁၃ နှစ်အရွယ် သမီးလေးက ပုံမှန်ကျောင်းနေရမယ့် အရွယ်ထက် နောက်ကျပြီးမှ ကျောင်းတက်ရတာပဲ လို့ ကျွန်မစဉ်းစားမိတယ်။ "အဲဒါက မနှစ်ကအဲဒီရွာကကျောင်းမှာ သူတို့အတွက် နေရာမရှိခဲ့ဘူး။ ကျွန်တော်တို့က မြန်မာက လာတာဆိုတော့ တက်ခွင့်မရတာလည်း ဖြစ်ကောင်းဖြစ်မှာပေ့ါ" လို့ သူက ရှင်းပြတယ်။

ကျဲဟုန် လို့ခေါ်တဲ့ တရုတ်အမျိုးသား အသက်လတ်ပိုင်း ကြံစိုက်တောင်သူတစ်ဦးကလည်း သူ့ ရွာမှာ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုတစ်စုနဲ့ ပတ်သက်ပြီး အလားတူ အခက်အခဲမျိုးကို ပြောပြတယ်။ "[ဒီ] မြန်မာမိသားစုတစ်စုကတော့ မိသားစုဝင်ငါးယောက်လောက် ရှိတယ်။ ကလေးတွေက ငယ်သေးတယ်။ အကြီးဆုံးက အသက် ၉ နှစ်၊ အငယ်ဆုံးက ဘယ်လောက်လဲတော့ မသိဘူး။ သူတို့မိဘတွေ ကြံခုတ်တဲ့အခါ ကလေးတွေက အနီးအနားမှာပဲ ဆော့ကြတယ်။ ကလေးတွေက မြန်မာစကား မပြောဘူး၊ တရုတ်စကားပဲ ပြောကြတယ်။ ရွာကျောင်းမှာ လူပြည့်နေလို့ သူတို့ ကလေးတွေကို ကျောင်းမပို့ဘူး။ အဲဒီကျောင်းက Grade 6 အထိ ရှိပြီး ကလေး ၂၇-၂၈ ယောက်လောက်က မြန်မာကလေးတွေ။ သူတို့ကျောင်းသွားချင်ရင်တော့ အနီးအနားရွာက ကျောင်းကိုသွားရမယ်" လို့ သူ့ဆီမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုအကြောင်းကို ကျဲဟုန်က ပြောပြတယ်။

ကျဲဟုန် ပြောပြခဲ့တဲ့ မိသားစုနဲ့မတူဘဲ ကျန်းဝေနဲ့ သူ့ကလေးတွေကတော့ ကံနည်းနည်းပိုကောင်းခဲ့တယ်။ "ကျွန်တော့် မြန်မာသူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ အခုနေနေတဲ့နေရာက ကျောင်းမှာ ကလေးတွေကို ကျောင်းထားလို့ရတယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနေရာကို ပြောင်းလာခဲ့ကြတာ။ အသက် ၁၃ နှစ်အရွယ် သမီးအကြီးဆုံး နဲ့ နောက်ကလေးတစ်ယောက်က Grade 2 မှာ၊ ကျန်နှစ်ယောက်က Grade 1 မှာ၊ အငယ်ဆုံးက KG မှာပါ။ စားစရိတ်ပါအပါအဝင် ကျောင်းလခက တစ်နှစ်ဝက်ကို ယွမ် ၁,၀၀၀ (ယူရို ၁၂၀ ခန့်) ကျတယ်။ စာအုပ်ဖိုးကတော့ ယွမ် ၁၀၀ ပေးရတယ်။ တခြား တရုတ်ကျောင်းသားတွေလည်း ဒီပမာဏအတိုင်း ပေးရပါတယ်" လို့ ကျန်းဝေက ကျွန်မတို့ကို ပြောပြတယ်။

နောက်ပြီး "ကျွန်တော်တို့ အခုနေနေတဲ့နေရာကို မြန်မာသူငယ်ချင်းဆီကနေ သိရတာပါ။ ဒီနေရာက ကြံစိုက်တောင်သူတစ်ဦးပိုင်တာ။ ဒီအဆောက်အအုံမှာ နေထိုင်ခွင့်ရဖို့အတွက် ကျွန်တော်တို့ ယွမ် ၁,၀၀၀ တစ်ခါတည်း ပေးခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာတော့ အာမခံချက် မရှိဘူး။ တရုတ်အစိုးရက ခွင့်ပြုသရွေ့တော့ နေနိုင်မယ်လို့ ထင်ပါတယ်" လို့ သူက ပြောပြီး ခဏရပ်လိုက်တယ်။ နောက်ပြီး ငြိမ်းသွားတဲ့ စီးကရက်ကို မီးပြန်ညှိလို့နေတယ်။

သူဆက်ပြောခဲ့တဲ့အကြောင်းအရာတွေက ကျွန်မတွေးနေတဲ့အတွေးတွေဟာ မှန်ကန်နေကြောင်း အတည်ပြုပေးနေသလိုပါပဲ။ ရွှေ့ပြောင်းလုပ်သားတစ်ဦးရဲ့ ကျောင်းနေအရွယ်ကလေးအတွက် တရုတ်နိုင်ငံမှာ ပညာရေးအခွင့်အရေး အပြည့်အဝရရှိဖို့ဆိုတာမျိုးက မရေရာ၊ မသေချာလှပါဘူး။ သူတို့မှာ အတားအဆီးများစွာရှိပါတယ်။ တချို့ကလေးတွေက သူတို့ရဲ့ ညီငယ်၊ ညီမငယ်လေးတွေကို ပြန်လည်ထိန်းကျောင်းရပါသေးတယ်။ စာသင်ခန်းတွေမှာလည်း ကလေးတွေအတွက် နေရာ အကန့်အသတ်ရှိတယ်။ ဒါပေမယ့် သူတို့နေထိုင်တဲ့နေရာက ကျောင်းမှာ နေရာလွတ်ရှိရင်တော့ ကျောင်းတက်နိုင်ပါတယ်။ နေရာမရှိဘူးဆိုရင် နေရာလွတ်ရှိတဲ့ကျောင်းကို တခြားတစ်နေရာမှာ ရှာဖွေရပါတယ်။

ယူနန်ကို ပြောင်းရွှေ့လာတာဟာ စစ်ပွဲကြောင့် အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်းရဲ့ ရလဒ်ဖြစ်ပေမယ့် ရောက်လာပြီးနောက်မှာတော့ ကျန်းဝေနဲ့ သူ့မိသားစုဟာ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ ကလေးတွေရဲ့ ပညာရေးအတွက် သူတို့ တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်ကြတယ်။

ကျွန်မစိတ်ထဲ ကျန်းဝေကို အမှန်တကယ် လေးစားမိတယ်။ သူတို့ပြောင်းလာတဲ့ အခုလက်ရှိနေရာမှာ ကလေးတွေအားလုံး ကျောင်းတက်ခွင့်ရလို့ ကြည်နူးပျော်ရွှင်ရတယ် ဆိုတာကို သူ့မျက်လုံးတွေက တဆင့် ကျွန်မသေသေချာချာခံစားမိတယ်။ လက်ရှိနေထိုင်နေတဲ့နေရာက သူတို့အတွက် ခေတ္တခဏယာယီနေရာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို သူတို့သိထားကြပြီးသား မဟုတ်လား။ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အာမခံချက်မရှိ၊ ရွေးချယ်စရာ နည်းပါးလှတဲ့အခြေအနေတွေမှာ ရပ်တည်နိုင်ဖို့အတွက် သူတို့နေထိုင်ရာရပ်ဝန်းက လိုအပ်ချက်တွေနဲ့ ဒေသခံရွာသားတွေရဲ့ စေတနာအပေါ်မှာ မှီခိုနေကြရပါတယ်။

အကျိုးတူပူးပေါင်းရုန်းကန်မှု- တရုတ်နိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော မြန်မာရွှေ့ပြောင်းလုပ်သားများ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူများအနက် အထူးသဖြင့် အိမ်နီးချင်း ရှမ်း (သို့မဟုတ်) ကချင်ပြည်နယ်တွေက လာသူတွေထဲက တချို့ဟာ ယူနန်ပြည်ထဲက ဆွေမျိုးတွေဆီ သွားရောက်နိုင်ခဲ့ကြတယ်။ နေရပ်စွန့်ခွာသူတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို သနားကြတဲ့ ကျေးရွာတွေနဲ့ ရွာသားတွေက နေရပ်စွန့်ခွာသူ တချို့ကိုလက်ခံထားကြခြင်းမျိုးလည်း ရှိတယ်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့နေရာတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံရတဲ့ အခြားအကြောင်းအရင်းတွေ လည်း ရှိပါတယ်။

ကျန်းဝေနဲ့ သူ့လို အခြားစစ်ဘေးရှောင်တွေ တရုတ်နိုင်ငံနယ်စပ်ထဲ ရောက်ရှိလာချိန်မှာ တရုတ်နိုင်ငံတစ်ဝန်းက ကျေးရွာတွေမှာ ကြီးမားတဲ့ အသွင်ကူးပြောင်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေကစတင်ပြီး တရုတ်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျေးရွာတွေက သူတို့ရဲ့ လယ်ယာမြေတွေကို ထိန်းသိမ်းထားရင်း ပိုမိုကောင်းမွန်တဲ့ဝင်ငွေတွေကို ရှာဖွေဖို့ ကျေးလက်မှာရှိတဲ့ အငယ်စားနဲ့ အလတ်စား လယ်ယာလုပ်ကိုင်သူ မိသားစုဝင်တွေဟာ မြို့ပြဒေသတွေကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားခဲ့ကြတယ်။ ဒါကြောင့်ပဲ ရွာတွေက 'အသိုက်ပျက်' တဲ့အခြေအနေကို ရောက်ရှိခဲ့ရတယ်။ ကျန်ရစ်သူအများစုဟာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကျန်းမာရေးပြဿနာရှိသူတွေသာ များပါတယ်။ ရွာတွေ 'အသိုက်ပျက်' သွားခြင်းရဲ့ ရလဒ်က ကျေးလက်ဒေသ အလုပ်သမားရှားပါးမှု ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်ပွဲတွေကြောင့် နေရပ်ကျေးရွာတွေကို စွန့်ခွာလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံကကျေးရွာတွေမှာလူဦးရေပြန်လည်ဖြည့်တင်းပေးတဲ့၊ စွန့်ပစ်ထားခဲ့တဲ့လယ်ယာမြေတွေကို ငှားရမ်းလုပ်ကိုင်ကြတဲ့၊ ကြီးမားတဲ့ သကြားစက်ရုံတွေအတွက် ကုန်ကြမ်းပစ္စည်းတွေကို ပံ့ပိုးပေးနေတဲ့ ကြံခင်းများစွာမှာအလွန်အမင်းလိုအပ်နေတဲ့ လယ်ယာလုပ်သားတွေကို ဖြည့်ဆည်းပေးနေတဲ့ ရွှေ့ပြောင်းလုပ်သားအင်အားစုသစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ လီဆူတိုင်းရင်းသားမိသားစုတွေ ဖွင့်လှစ်ထားတဲ့ ယာယီကျောင်း တစ်ကျောင်းကို ကျွန်မတို့သွားရောက်ခဲ့တယ် ။ သူတို့ဟာ ၂၀၁၅ ခုနှစ်မှာ စစ်ဘေးက ထွက်ပြေးလာကြသူတွေလည်းဖြစ်တယ်။ ဒီကျောင်းလေးဟာ ရွာသားတစ်ဦးဆီက ငှားရမ်းထားတဲ့ မြေပေါ်က မတ်စောက်တဲ့ တောင်ကုန်းနဘေးမှာရှိပြီး ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုမှာ တည်ရှိပါတယ်။ အရင်ကတော့ ဒီကျောင်းကို ရွာကစေတနာ့ဝန်ထမ်းတွေက ဦးစီးလုပ်ကိုင်ခဲ့တာပါ။ အသစ်ရောက်လာတဲ့ ရွှေ့ပြောင်းမိသားစုတွေကို ကူညီလိုတဲ့ ရွာအတွင်းရေးမှူးရဲ့ စိတ်ကူးစိတ်သန်းကြောင့် ဒီကျောင်းကလေး အစပြုခဲ့ခြင်းလည်းဖြစ်တယ်။ နောက်ပိုင်းမှာတော့ မိဘတွေက ကျောင်းကို လွှဲယူလုပ်ကိုင်ပြီး တရုတ်နဲ့ လီဆူဘာသာစကား နှစ်မျိုးလုံးကို သင်ကြားနိုင်တဲ့ လီဆူတိုင်းရင်းသား ဆရာမနှစ်ဦးကို ငှားရမ်းခဲ့တယ်။ လီဆူရွှေ့ပြောင်းမိသားစုတွေက ဆရာမတွေရဲ့အခြေခံလစာနဲ့ နေထိုင်စရိတ်အတွက်လည်း တာဝန်ယူခဲ့ကြတယ်။

ဒီကျောင်းလေးက ရွာအလယ်မှာရှိနေတဲ့ ကျောင်းမျိုးတော့ မဟုတ်ပါဘူး။ တကယ်တော့ ကျောင်း ဆိုတာထက် ဒုက္ခသည်စခန်းနဲ့ ပိုတူနေပါတယ်။ အဆောက်အအုံတွေကို ကွန်ကရစ်အစား သံပြား၊ သစ်သား၊ ဝါး၊ တာပေါ်လင်တွေနဲ့ ဆောက်လုပ်ထားတယ်။စာသင်ခန်းမတွေကလည်း သေးငယ်ပြီး ကျဉ်းကျဉ်းကလေးပါပဲ။ ကလေးတွေနဲ့ ဆရာမတွေ နေထိုင်တဲ့ အခန်းတွေကလည်း ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ အခြေခံအဖြစ်သာရှိပါတယ်။ ကျွန်မတို့ခရီးစဉ်ကို ကူညီစီစဉ်ပေးခဲ့တဲ့ မြို့က ကျွန်မတို့ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်က ဒီလိုအခြေအနေတွေကို မြင်တွေ့ရတဲ့အခါ အတော်လေး စိတ်မသက်မသာဖြစ်ခဲ့တယ်။

ဒါပေမယ့် အိမ်ရှင်ရွာက ဒီယာယီကျောင်းလေးကို ကြိုဆိုလက်ခံခဲ့သလို ထောက်ပံ့ပေးပြီး နေရာပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ရွှေ့ပြောင်းမိဘတွေက ကျောင်းကို သူတို့နည်းလမ်း၊ သူတို့ဘာသာစကားနဲ့ လွှဲယူလုပ်ကိုင်တဲ့အခါမှာလည်း ရွာကမဆန့်ကျင်ခဲ့ကြဘူး။ နောက်ပြီး ရွှေ့ပြောင်းမိသားစုတွေ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တုန်းက ဘယ်လိုအတွေ့အကြုံတွေရှိခဲ့လဲ ဆိုတာ ကျွန်မတို့က မသိနိုင်ဘူး မဟုတ်လား။ ဒါကြောင့်မို့ နှိုင်းယှဉ်ဖို့ရန်အတွက်တော့ ခက်ခဲပြန်ပါတယ်။ ရွှေ့ပြောင်းမိသားစုတွေဟာ တရုတ်ကျေးလက်လူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပေါင်းစည်း ဝင်ရောက်သွားပြီလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဖန်ခွက်က “တစ်ဝက်လစ်ဟာနေတာလား” ဒါမှမဟုတ် “တစ်ဝက်ပြည့်နေတာလား” ။ မေးခွန်းက စိတ်ဝင်စားစရာကောင်းပေမယ့်လည်း အဖြေပေးဖို့တော့ မလွယ်ကူလှပြန်ပါဘူး။

လက်ထပ်ထိမ်းမြှားမှု၊ ရွေ့လျားသွားလာနိုင်မှုနှင့် အယုံအကြည်ကင်းမဲ့မှု- တရုတ်နယ်စပ်ရွာများရှိ မြန်မာအမျိုးသမီးများ၏ အခြေအနေ

ကျဲဟုန်နဲ့ စကားပြောရင်း သူတို့ရွာမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး အခြားစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုလည်း ကျွန်မသိခဲ့ရတယ်။ "ရွာမှာ မြန်မာအမျိုးသမီး ၅၀-၆၀ လောက် ရှိတယ်။ သူတို့ထဲက တချို့လည်း တရုတ်အမျိုးသားတွေနဲ့ အိမ်ထောင်ပြုကြတယ်။ တချို့မှာတော့ လက်ထပ်စာချုပ်ရှိတယ်။ လက်ထပ်စာချုပ်မရှိလည်း သွေးစစ်ပြီး သူတို့ကလေး မှန်ကန်ကြောင်း သက်သေပြနိုင်ရင် ကလေးကို ကျောင်းထားလို့ရတယ်။ တရုတ်အမျိုးသမီးတွေနဲ့ လက်ထပ်ကြတဲ့ မြန်မာအမျိုးသားတွေလည်း ရှိတယ်၊ ဒါပေမယ့် နည်းပါတယ်။ လက်ထပ်စာချုပ် မရှိတဲ့ မြန်မာအမျိုးသမီးတွေအနေနဲ့ တခြားကောင်တီတွေကို ခရီးသွားလာခွင့် မရှိဘူး။ တရုတ်နိုင်ငံမှာ ဘဏ်၊ ဆေးရုံနဲ့ တခြားလူမှုရေးကိစ္စတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်။ သူတို့က သူတို့ရဲ့ ခင်ပွန်း/အမျိုးသားတွေအပေါ် မှီခိုနေရတယ်။ မြန်မာကလာတဲ့ အမျိုးသမီးအများစုဟာ ဗမာ၊ တအာင်းနဲ့ ကိုးကန့် တွေ" လို့ ကျဲဟုန်ကပြောပြတယ်။

သူပြောပြတဲ့ "မြန်မာအမျိုးသမီး၊ မြန်မာအမျိုးသား" ဆိုတာက ဗမာလူမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက လာကြတဲ့ အမျိုးသမီး၊ အမျိုးသားများကို ဆိုလိုခြင်းပါ။ ဒါကြောင့် လက်ထပ်ထိမ်းမြှားမှု (လက်ထပ်စာချုပ်)ရဲ့ အရေးပါမှုကို ကျွန်မတို့မြင်နိုင်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံက အလုပ်လာလုပ်ကြတဲ့အမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေနဲ့ အကြောင်းပါကြတဲ့အခါ ဘယ်နှစ်ရာခိုင်နှုန်းလောက်က ဒီလိုတရားဝင် လက်ထပ်ထိမ်းမြှားခံရခြင်းမျိုးရှိမလဲလို့ ကျွန်မ တွေးနေမိတယ်။ အများစုကတော့ တခြားနေရာဒေသတွေကို လွတ်လပ်စွာ သွားလာလို့ မရဘူးဆိုတာ ပေါ်လွင်နေပါတယ်။

တခြားရွာတစ်ရွာမှာတော့ တရုတ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီးလေး ကျင်းနဲ့ ကျွန်မ တွေ့ဆုံခဲ့တယ်။ ကျွန်မနဲ့ဆုံတော့ ကျင်းက အသက် ၂၆ နှစ် ရှိပါပြီ။ သူ့မှာ ၇ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၄ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ ကျင်းက တက်ကြွတဲ့ အမျိုးသမီးတစ်ယောက်၊ ကျင်းမှာ အလုပ်လည်းရှိတယ်။ အလုပ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာ အမှန်ပါပဲ။ ကျင်းရဲ့အလုပ်ကတော့ သကြားစက်ရုံက ရေဆိုးတွေကို မြစ်ထဲမစွန့်ပစ်မီ ရေနမူနာတွေ ယူရတဲ့အလုပ်ပါ။ ကျင်းဟာ တရုတ်စာကိုလည်း ဖတ်တတ်တယ်။ ဒီတော့ ကျင်းရဲ့ လစဉ်ဝင်ငွေက ယွမ် ၃,၃၀၀ လောက် (ယူရို ၄၀၀ လောက်) ရှိတယ်။

"ကျွန်မလက်ထပ်ပြီး ကလေးမွေးပြီးတဲ့အချိန်၊ အရင်တုန်းကတော့ အမျိုးသားရဲ့ မိသားစုပိုင် လက်ဖက်ခြံမှာ လက်ဖက်ကူခူးပေးတယ်။ သူတို့မှာ မြေ မူ ၃၀ လောက် (စတုရန်းမီတာ ၂၀,၀၀၀ လောက်) ရှိတယ်။ သူတို့က ကျွန်မကို အလုပ်မလုပ်ခိုင်းပါဘူး ၊ ဒါပေမယ့် ကျွန်မရဲ့ ပထမ ကလေး ၁ နှစ်သားအရွယ်မှာ အခုလက်ရှိအလုပ်ကို ကျွန်မကိုယ့်ဘာသာကိုယ် ရှာခဲ့တာ။ ဒီစက်ရုံအနီးတဝိုက်က ကျွန်မ ကစားခဲ့တဲ့ နေရာတွေပါ။ အဲဒီမှာ အလုပ်သမားရှာနေသူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ဒီအလုပ်က ကြံခုတ်တဲ့ရာသီပဲ လုပ်ရတာ" လို့ ကျင်းက သူမရဲ့ လက်ရှိအလုပ်ကို သူမကိုယ်တိုင်ရှာတွေ့ပုံကို ဂုဏ်ယူစွာနဲ့ ကျွန်မကို ပြောပြတယ်။

ကျင်း ပထမဆုံး တရုတ်နိုင်ငံကို ရောက်တုန်းက အသက် ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းက ကလေးသာသာ ဖြစ်နေသေးတော့ ဒီအနီးအနား နေရာတွေက ကျင်းတို့ ကစားဖူးတဲ့ နေရာတွေပါပဲ။ ကျင်းက ဆက်ပြီး "ကျွန်မ ၂၀၁၅ ခုနစ်လောက်က ဒီကို ပထမဆုံးရောက်တုန်းက အသက် ၁၆ နှစ်၊ အဲဒီအချိန်တုန်းက ခဏလေးပဲ ဒီမှာ နေခဲ့တယ်။ နောက်ပိုင်း ၂၀၁၆ ခုနစ်၊ အသက် ၁၇ နှစ်အရွယ်မှာ တရားဝင်လက်ထပ်ခဲ့တယ်။ ကျွန်မ လက်ထပ်နိုင်ဖို့အတွက် အသက် ၂၀ ရှိပြီဆိုတဲ့ မှတ်ပုံတင်အတုလုပ်ခဲ့ရတယ်။ ကျွန်မအမျိုးသားရဲ့မိသားစုက အဖေ့ကို လက်ဖွဲ့ကြေးအဖြစ် ယွမ် ၃၆,၀၀၀ (ယူရို ၄,၃၀၀ လောက်) ပေးခဲ့တယ်။ နွေရာသီတွေဆို ကျွန်မတစ်ယောက်တည်း လမ်းလျှောက်ပြီး မြန်မာပြည်ကိုပြန်တယ်။ ကျွန်မရဲ့ ယောက္ခမတွေက ကလေးတွေကို မြန်မာနိုင်ငံကို ခေါ်သွားဖို့ တစ်ခါမှခွင့်မပြုခဲ့ဘူး။ ကျွန်မ ကလေးတွေနဲ့အတူ ထွက်ပြေးမှာကို သူတို့ စိုးရိမ်ကြတယ်လေ။ ဒါ့အပြင် ကျွန်မအမျိုးသားက မြန်မာဘက်မှာ လက်နက်ကိုင်စစ်သားတွေကို မြင်ဖူးတော့ သူက စိတ်မချဘူး" လို့ ပြောပြခဲ့တယ်။

ကျင်းကတော့ တခြားမိန်းကလေးတွေနဲ့မတူဘဲ တရားဝင်လက်ထပ်ခွင့်ရခဲ့တဲ့ သူတွေထဲက တစ်ယောက် မဟုတ်လား။ ဒါတောင်မှ ဘာအကြောင်းကြောင့်များ ကျင်းရဲ့အမျိုးသားဘက်က မိသားစုတွေဟာ ကျင်းတစ်ယောက် ထွက်ပြေးမှာကို စိတ်ပူနေကြသလဲလို့ ကျွန်မတွေးနေမိတယ်။ နောက်ပြီး လက်ထပ်ထိမ်းမြှားမှုမှာ လက်ဖွဲ့ကြေးဆိုတာ အကျိုးအမြတ်တစ်ခုအနေနဲ့ ပေးကြလေသလား၊ တန်ဖိုးထားခြင်းအနေနဲ့ ပေးကြလေသလား လို့ ကျွန်မစိတ်ထဲ မေးခွန်းထုတ်နေမိတယ်။ ဓလေ့ထုံးတမ်းအနေနဲ့ ပေးကြတယ်လို့တော့ လူအများစုက ပြောကြတယ်မဟုတ်လား။ ဒါက ကျင်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းပါပဲ။

ရာသီအလိုက် လုပ်ရိုးလုပ်စဉ်- ကြံရွှေ့ပြောင်းလုပ်သားများတွင် အမြတ်ထုတ်ခံရမှုနှင့် ထိန်းချုပ်ခံရမှု

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ယူနန်ပြည်ကို ဘယ်လိုနည်း၊ ဘယ်လိုပုံ၊ ဘယ်အရပ်ဒေသကပဲ ရောက်လာကြပါစေ သူတို့လုပ်ကိုင်ကြတဲ့ အလုပ်တွေဟာ ကြံလုပ်ငန်းနဲ့သာ ပတ်သက်ဆက်နွယ် နေတယ်လို့ ထင်မြင်စရာကောင်းလှပါတယ်။ ဒါပေမဲ့သူတို့အားလုံးဟာ ဒီနေရာမှာအခြေချဖို့ အတွက်တော့ စိတ်ကူးရှိကြသူတွေမဟုတ်ပါဘူး။

ကြံခုတ်ရာသီမျိုးလောက်မှာသာ ခေတ္တခဏအလုပ်လာလုပ်ကြတဲ့ အမျိုးသားအုပ်စုတစ်စုနဲ့လည်း အခြားရွာတစ်ရွာမှာ ကျွန်မတို့တွေ့ဆုံခဲ့တယ်။ သူတို့အားလုံးဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်မှာရှိတဲ့ မကွေးတိုင်းကလာကြတာ။ သူတို့အုပ်စုက လေး၊ ငါးယောက်လောက်ရှိတယ်။ သူတို့အလုပ်လုပ်နေတဲ့ နေရာနားက ကားလမ်းမဘေးမှာ ကျွန်မတို့စကားပြောခွင့်ရခဲ့တယ်။ မိုင်ရဲနဲ့ သူ့သူငယ်ချင်းတွေ အလုပ်လုပ်တဲ့နေရာကို ကျွန်မတို့ ကားလမ်းကနေ လှမ်းမြင်နေရတယ်။ သူတို့က စိုက်ခင်းတွေကို ပလတ်စတစ်တွေနဲ့ ဖုံးဖို့ ပြင်ဆင်နေကြတယ်။ ပလတ်စတစ်က စိုက်ခင်းတွေအတွက် အထူးထုတ်ထားတဲ့ ပလတ်စတစ်ပုံစံမျိုး၊ နောက်ပြီးသူတို့နေရာက သကြားစက်ကြီးတစ်စုနဲ့ မဝေးလှဘူး။

ယူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ ကြံအများအပြား ဗဟိုပြုထုတ်လုပ်တဲ့ ပြည်နယ်တစ်ခုဖြစ်သလို အဓိကအားဖြင့် အိမ်ထောင်စုအခြေပြုစနစ်နဲ့ ထုတ်လုပ်ကြတယ်။ ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းကတည်းက ကြံထုတ်လုပ်မှုဟာ သိသိသာသာကျဆင်းလာခဲ့တယ်။ ဒါကြောင့် တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကုမ္ပဏီနှစ်ခုလုံးက ထုတ်လုပ်မှုပမာဏတိုးတက်စေဖို့ မဟာဗျူဟာ အမြောက်အများကိုအသုံးပြုခဲ့ကြတယ်။ ထိုဗျူဟာတွေထဲမှာ အလွယ်တကူရရှိနိုင်တဲ့ အလုပ်သမားအင်အားစုတွေရှိတဲ့ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်က သင့်တော်တဲ့မြေတွေကို ထိန်းချုပ်ယူခြင်းနည်းလမ်းလည်းပါဝင်တယ်။ ရိတ်သိမ်းပြီးတဲ့ကြံတွေကို သကြားစက်ရုံတွေမှာ ဆက်လက်ပြုပြင်ဖို့ တရုတ်နယ်စပ်ဘက်ခြမ်းကို ပြန်လည်သယ်ဆောင်ကြတယ်။

ဒီလိုစီစဉ်ဆောင်ရွက်မှုတွေကို ယူနန်ပြည်နယ်အစိုးရနဲ့ နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ဘိန်းအစားထိုးစီမံကိန်းအောက်မှာ အကောင်အထည်ဖော်ခဲ့ ကြတယ်။ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်မှာ ရှမ်းပြည်နယ်က ဘိန်းအစားထိုး စီမံကိန်းတွေကနေ တရုတ်ကို တင်သွင်းမယ့် ကုန်ပစ္စည်း ပမာဏကန့်သတ်ချက် (Import Quotas)ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြင့် ဒီအစီအစဉ်ကိုတရားဝင်ဖြစ်စေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရွာတွေ 'အသိုက်ပျက်' သွားခြင်းကြောင့် ထိခိုက်ခံရတဲ့ ယူနန်ပြည်နယ်ရှိ အိမ်ထောင်စုအခြေပြု လယ်ယာကဏ္ဍဟာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အပေါ်မှာ များစွာမှီခိုလာခဲ့ခြင်းအားဖြင့် ကြံလုပ်ငန်းကို ရေရှည်တည်တံအောင် ကူညီပေးခဲ့ပါတယ်။

ကျွန်မတို့ မကွေးကအဖွဲ့သားတွေနဲ့ တွေ့ဆုံခဲ့တာက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်ကပါ။ သူတို့အဖွဲ့က ကျွန်မတို့ စကားပြောခဲ့တဲ့ အခြားသူတွေနဲ့ မတူဘဲ သူတို့ကတော့ တရုတ်နိုင်ငံမှာ နေထိုင်ဖို့ အစီအစဉ်မရှိကြပါဘူး။ "ကျွန်တော်တို့ ဧပြီလဆို ပြန်ကြတော့မယ်" လို့ သူတို့အဖွဲ့ထဲက မိုင်ရဲက ကျွန်မကို ပြောပြတယ်။ မိုင်ရဲက အသက် ၃၆ နှစ်လောက်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတိုင်းရင်းသားတစ်ယောက်ပါ။ သူ့ဇာတိမြေမှာ မိသားစုပိုင်လက်ဖက်ခြံတွေရှိသလို၊ လက်ဖက်စိုက်ခင်းကို လုပ်ကိုင်နေကြတုန်းပါပဲ။ သူ့ဇနီးကတော့ မကွေးတိုင်းဘက်က၊ ဒီတော့ အိမ်ထောင်ကြပြီးမှ မိုင်ရဲလည်း ဆံထုံးနောက် ယောင်ပါ အညာကိုလိုက်သွားခဲ့ပုံပါပဲ။

သူတို့အားလုံးဟာ ၂၀၂၃ ခုနစ် မတ်လလောက်မှာ သူတို့ရဲ့ နေရပ်မကွေးကနေ အတူတူ ထွက်ခွာလာခဲ့ကြပြီး နယ်စပ်အနီးမြန်မာဘက်ခြမ်းက မြို့တစ်မြို့ကို သွားခဲ့ကြတယ်။ သူတို့ရောက်နေတဲ့ မြန်မာဘက်ခြမ်းပတ်ဝန်းကျင်တဝိုက်က ကြံခင်းတွေမှာ ကြံခုတ်တဲ့ အလုပ်ကို လုပ်ခဲ့ကြတယ်။ "ကျွန်တော်တို့ အဲဒီမှာအရင်ဆုံးလုပ်ခဲ့တယ်။ အခုယူနန်ကို ရောက်တာတော့ နှစ်လလောက်ပဲ ရှိသေးတယ်။ ဟိုဘက်မှာတုန်းက ကြံခုတ်တယ်။ မြန်မာဘက်ကသူဌေးနဲ့ တရုတ်ဘက်ကသူဌေးက တစ်ယောက်တည်း၊ အတူတူပဲ" လို့ မိုင်ရဲက ရှင်းပြတယ်။

သူတို့တွေရဲ့ ကနဦးအဆက်အသွယ်က သူတို့ဇာတိရွာနဲ့ဆက်စပ်နေတယ်။ "ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင်နဲ့ ကျွန်တော်တို့ရွာသားတွေက အဆက်အသွယ်ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လာဖြစ်တာ။ မကွေးကနေ နယ်စပ်အထိ ကျွန်တော်တို့ ကားနဲ့ လာတယ်။ ကားခက တစ်ယောက်ကို ကျပ် ၇၀,၀၀၀ (ယူရို ၂၃ လောက်) ပေးရတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ဖို့အတွက် ရပ်ကွက်နဲ့ ရဲစခန်းရဲ့ ထောက်ခံစာ၊ မှတ်ပုံတင်ကတ်ပြားနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ စာရွက်စာတမ်းတွေ လိုအပ်တယ်။ ကျွန်တော်တို့အိမ်က ထွက်လာတုန်းကတော့ မကွေးက အေးအေးဆေးဆေးပါပဲ၊ ဒါပေမဲ့ အခုအခြေအနေကိုတော့ ကျွန်တော်တို့လည်း မသိဘူး။ ဧပြီဆို ကျွန်တော်တို့ ပြန်ကြမယ်" လို့ မိုင်ရဲက ရှင်းပြတယ်။

မိုင်ရဲက မြန်မာဘက်ခြမ်းမှာ ကြံခုတ်တဲ့အခါ ရရှိတဲ့ လုပ်ခနဲ့ တရုတ်ဘက်ခြမ်းမှာ ရရှိတဲ့ လုပ်ခကို နှိုင်းယှဉ်ပြတယ်။ "ဒီမှာကျ မြေကြီးကို ပလတ်စတစ်တွေနဲ့ ဖုံးရတယ်၊ ပိုးသတ်ဆေးဖြန်းရတယ်၊ ဓာတ်မြေဩဇာ ထည့်ရတယ်။ နေ့စားလုပ်ခက ယွမ် ၁၀၀ (ယူရို ၁၂ လောက်) ပဲ ရတယ်။ မြန်မာဘက်ခြမ်းမှာ အလုပ်လုပ်တုန်းက ကြံတစ်စည်းကို ယွမ် ၀.၅ နှုန်းနဲ့ အဖွဲ့ခေါင်းဆောင်ကို ပေးရတယ်။ ကြံတစ်စည်းမှာ ကြံပင် ၂၀ လောက် ပါတယ်။ တစ်နေ့ကို ယွမ် ၂၁၀-၂၅၀ (ယူရို ၂၅-၃၀) အထိ ရနိုင်တယ်။ ဒါပေမယ့် တစ်နေ့ကို ကြံစည်း ၅၀ ကနေ ၇၀ အထိ ခုတ်နိုင်တဲ့ ပုံမှန်အလုပ်သမားတွေဆီက အဖွဲ့ခေါင်းဆောင်တွေဟာ နေ့စားလုပ်ခကို ရတယ်” လို့ မိုင်ရဲက ထပ်ပြောပြတယ်။ အဖွဲ့ခေါင်းဆောင်ဟာ မိုင်ရဲတစ်ယောက်တည်းဆီကနေကို တစ်နေ့ ယွမ် ၂၅-၃၅ (ယူရို ၃-၄) လောက်ကို ရရှိတယ် လို့ ဆိုလိုပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ Viber ၊ ဒါမှမဟုတ် Facebook ကတစ်ဆင့် သူတို့ရဲ့ မိသားစုဝင်တွေနဲ့ နေ့စဉ်အမြဲ အဆက်အသွယ် ရှိကြတယ်။ သူတို့တွေဟာ ဟွန်ဒီစနစ်ကတစ်ဆင့် သူတို့ရဲ့ မိသားစုတွေကို ငွေလွှဲကြတယ်။ မိုင်ရဲပြောပြတဲ့ သူတို့ရဲ့ နေ့စဉ်ဘဝအကြောင်းတွေကို ကျွန်မဆက်နားထောင် နေမိတယ်။

"ကျွန်တော်တို့ မနက် ၇ နာရီကနေ ၁၁ နာရီခွဲ လောက်အထိ အလုပ်လုပ်တယ်။ ပြီးရင် တစ်နာရီခွဲလောက် ခဏ နားတယ်။ နေ့လယ် ၁ နာရီမှာ အလုပ်ပြန်စပြီး ၅ နာရီအထိ လုပ်တယ်။ ကျွန်တော်တို့ရဲ့ သူဌေးက ကျွန်တော်တို့အတွက် အစားအစာတွေ သွားဝယ်ပေးတယ်၊ ပြီးမှ ကျွန်တော်တို့က သူ့ကို ပြန်ပေးရတယ်။ ဒီကို လာချင်တဲ့သူတွေ အများကြီးပဲ၊ ဒါပေမဲ့ နယ်စပ်ဂိတ်က ပိတ်ထားတုန်းပဲ မဟုတ်လား" လို့သူက ပြောရင်း ခဏနားလိုက်တယ်။

ပြီးမှ "လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကျွန်တော်တို့ ဒီလိုအလုပ်လာလုပ်နေကြပါပဲ။ ဒါပေမယ့် ကြံခုတ်တဲ့ ရာသီအတွင်းပဲလာကြတာ။ ကြံခုတ်ချိန်ပြီးသွားရင် ကျွန်တော်တို့အိမ်ပြန်တယ်။ ဒီလို အလုပ်လာလုပ်တာကို ကျွန်တော်တို့ကျင့်သားရနေပြီ။ ကြံခုတ်ရာသီရောက်တဲ့အခါ အဖွဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ ဆက်သွယ်တယ်။” လို့ မိုင်ရဲက ဆက်ပြောပြတယ်။ အဲဒီအခါ ကြံခုတ်ချင်တဲ့သူတွေစုဝေးပြီး အဖွဲ့လိုက်သွားဖို့ပြင်ဆင်ကြလိမ့်မယ်လို့ ကျွန်မစိတ်ထဲမှာ မြင်ယောင်နေမိတယ်။

တရားဝင် အလုပ်လာလုပ်သူကြတဲ့သူတွေအနေနဲ့ စာရွက်စာတမ်း အဆင့်ဆင့် လုပ်ဆောင်ရတာတွေ ရှိတယ်။ သူတို့ဟာ နယ်စပ်ဖြတ်သန်းခွင့်လုပ်ရသလို၊ သူတို့ရဲ့ မှတ်ပုံတင်ကတ်ပြားကို တရုတ်ဘာသာ ပြန်ရတယ်။ ကျန်းမာရေးလက်မှတ် လုပ်ရတယ်။ နောက်ဆုံးမှာ သူတို့ “စာအုပ်နီ”လို့ ခေါ်တဲ့ နယ်စပ်သွားလာခွင့်လက်မှတ်ကို ရရှိကြတယ်။ ဒီကုန်ကျစရိတ်တွေအားလုံးကို အလုပ်သမားတွေကပဲ ကျခံရပါတယ်။ တချို့သူဌေးတွေက ကုန်ကျစရိတ်တွေကို အရင်စိုက်ထားပေးပြီး အလုပ်သမားတွေက နောက်မှ ပြန်ပေးရတာမျိုးလည်း ရှိတယ်။

ဒီလိုမျိုး ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်နေတာဟာ အံ့ဩစရာပါပဲ။ သူတို့ရဲ့ စာအုပ်နီတွေ၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို သူဌေးတွေက သိမ်းထားတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု အနေနဲ့တောင် ဖြစ်တည်နေတာ ကျွန်မတို့သိခဲ့ရတယ်။ တချို့နေရာတွေမှာ အလုပ်သမားတွေကို ငှားရမ်းကြတဲ့ ကုမ္ပဏီတွေကလည်း မြန်မာ-တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် ('စာအုပ်နီများ') နဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကို သိမ်းဆည်းထားကြတာမျိုးလည်းရှိတယ်။ ရွှေ့ပြောင်းလုပ်သား တွေက သူဌေးတွေအတွက် အလုပ်ကောင်းကောင်း မလုပ်ကြမှာကို သူတို့ စိုးရိမ်ကြတယ်။ သူဌေးတွေရဲ့ နောက်ထပ်စိုးရိမ်မှုတစ်ခုက အလုပ်သမားတွေ ထွက်ပြေးသွားမှာကိုပါပဲ။ အလုပ်သမားတွေဟာ တရားဝင်အလုပ်လုပ်လာလုပ်တယ်ဆိုတဲ့အကြောင်း၊ သူတို့ရဲ့ စာရွက်စာတမ်းတွေကို ရဲကို ပြသနိုင်တယ် ဆိုတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုနဲ့ သူဌေးတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ စာအုပ်နီတွေနဲ့ မှတ်ပုံတင်ကတ်ပြားတွေကို သိမ်းထားလေ့ရှိကြတယ်။

ရွှေ့ပြောင်းလုပ်သားအချို့က စားသောက်ဆိုင်တွေ၊ ကားရေဆေးဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေနဲ့ ဖိနပ်စက်ရုံတွေမှာ အလုပ်လုပ်ကြပြီး အများစုကတော့ ကြံခုတ်လုပ်သားတွေအဖြစ် လုပ်ကိုင်ကြတယ်။ အလုပ်သမားတွေက အဖွဲ့ခေါင်းဆောင်ကို နေ့စဉ် ၁၀ ယွမ် ပေးရတယ် ဆိုတာမျိုးကလည်း သူတို့အတွက် ပုံသေလုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ ရှင်းပြ၊ ပြောပြနေတဲ့ အခြေအနေတွေကို နားထောင်ရင်း ဒါဟာ သူတို့အပေါ် ခေါင်းပုံဖြတ်မှု၊ အမြတ်ထုတ်မှုလို့ သူတို့ ယူဆကြသလား၊ မယူဆကြဘူးလား ဆိုတာကိုတော့ ကျွန်မဝေခွဲမရပါဘူး။ သူတို့ ဒီမှာ ပင်ပင်ပန်းပန်း အလုပ်လာလုပ်ကြတယ်ဆိုတာက မိသားစုအတွက် ငွေစုဖို့ပါပဲ။ တချို့သောသူတွေအတွက် မြန်မာနိုင်ငံက သူတို့နေရပ်မှာ လယ်ယာစိုက်ပျိုးဖို့ မြေမရှိလို့ မဟုတ်ပါဘူး။ စိုက်ပျိုးဖို့ ကိုယ်ပိုင်မြေပိုင်ကြသူတွေလည်းရှိတယ်။ ဒါပေမယ့် အသက်မွေးဝမ်းကျောင်း ကောင်းကောင်းလုပ်ဖို့ မြေက မလုံလောက်တာမျိုး၊ ဒါမှမဟုတ် သူတို့ရဲ့ မြေအမျိုးအစားက စိုက်ပျိုးရလောက်အောင်အထိ အခြေအနေမပေးတာမျိုးပါ။ သူတို့ထဲက တစ်ယောက်က "ကျွန်တော်တို့မှာ ကိုယ်ပိုင်မြေ ရှိပါတယ်၊ ဒါပေမယ့် စိုက်ပျိုးဖို့ ရာသီဥတုက မကောင်းဘူး" လို့ ပြောပြပါသေးတယ်။

မြန်မာနိုင်ငံရှိ ခက်ခဲတဲ့ နိုင်ငံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် သူတို့ မျှော်လင့်ထားသလို ဧပြီလရောက်တဲ့အခါ သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ပါ့မလားဆိုတာကို ကျွန်မ တကယ်ပဲတွေးပူနေမိပါတယ်။ အခြေအနေတွေက တော်တော်ဆိုးရွားနေပြီ မဟုတ်လား။

စျေးပေါသော လုပ်သားဘဝမှ ကျော်လွန်၍- ကြံလုပ်ငန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဈေးကွက်အခြေအနေနှင့် လူမှုဘဝတိုးတက်ပြောင်းလဲလာပုံ

မြန်မာနိုင်ငံက ရွှေ့ပြောင်းလာသူအားလုံးဟာ ရိုးရိုးသာမန်လုပ်သားဘဝနဲ့ပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သတိပြုမိဖို့ အရေးကြီးပါတယ်။ တချို့တွေဆိုရင် မူလက တရုတ်တောင်သူတွေအတွက်ပဲ ရည်ရွယ်ထားတဲ့ မြေတွေမှာ သူတို့ကိုယ်တိုင် ကြံစိုက်တဲ့ တောင်သူဖြစ်ဖို့ အခွင့်အရေး ရလာကြတယ်။ ဒီလိုအခွင့်အရေးရလာတာက လှေကားထစ်စိုက်ပျိုးမြေအသစ်တွေမှာ အလုပ်လုပ်ဖို့ တရုတ်ရွာသားတွေ မလုံလောက်တော့လို့ပါ။ အဲဒီအခါ နိုင်ငံတော်နဲ့ သကြားစက်တွေက မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုပဲ ခေါ်ယူခဲ့ကြတယ်။ ဒီနည်းဗျူဟာ အောင်မြင်တယ် ဆိုတာကို မြန်မာဒုက္ခသည်တွေ ပိုများတဲ့ရွာတွေမှာ ကြံစိုက်ခင်းတွေ ပိုပြီးချဲ့ထွင်နိုင်တာကိုကြည့်ရင် သိနိုင်ပါတယ်။ တခြားရွာတွေမှာကျတော့ မြန်မာဒုက္ခသည် နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝမရှိတာကြောင့် သူတို့ရဲ့ စိုက်ခင်းဧရိယာတွေဟာ ကျုံ့ဝင်သွားတာကို တွေ့ရတယ်။ ဒီအချက်က မြေယာစီမံကိန်းတွေ ရရှိတာဟာ မြန်မာဒုက္ခသည်တွေကြားမှာ လူမှုရေးအရ ကွဲပြားခြားနားဖို့အတွက် အထောက်အကူဖြစ်စေနိုင်တယ်လို့ ဖော်ပြနေပါတယ်။ သူတို့ထဲက ရာခိုင်နှုန်းအနည်းငယ် (တချို့နေရာတွေမှာ ၂၀% အောက်) ကိုသာ တောင်သူအဆင့်ကို တက်လှမ်းစေနိုင်ပြီး၊ အများစုကတော့ စိုက်ပျိုးရေးလုပ်သားအဖြစ်ပဲ ဆက်ရှိနေကြပါတယ်။

ကြံစိုက်တဲ့မြေဧရိယာက တက်လိုက်ကျလိုက်ဖြစ်နေပေမယ့် ကြံခုတ်ခစျေးနှုန်းကတော့ တရိပ်ရိပ် တက်လာနေပါတယ်။ ဒါက အဓိကအားဖြင့် အလုပ်သမားစျေးကွက် ပြောင်းလဲသွားလို့ပါ။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာဆိုရင် ကြံစည်းတစ်စည်းကို ခုတ်တဲ့စျေးက ၂၀၁၂–၂၀၁၃ ရာသီတုန်းက ၁.၀–၁.၂ ယွမ်ပဲ ရှိရာကနေ ၂၀၂၂–၂၀၂၃ ခုနှစ်မှာ ၂.၅–၃.၀ ယွမ်အထိ တက်သွားခဲ့ပါတယ်။ ဒီလိုတက်လာတာဟာ လုပ်သားအင်အားပြောင်းလဲမှုရဲ့ တိုက်ရိုက်ရလဒ်ပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တရုတ်လယ်သမားတွေ အစုလိုက်အပြုံလိုက် ထွက်သွားတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ဝင်လာတာက တစ်စိတ်တစ်ပိုင်း မျှတစေခဲ့တယ်။1 ဒါပေမယ့် ဒီရွှေ့ပြောင်းလုပ်သားအရေအတွက်က ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ် မတ်လတုန်းက ယူနန်ပြည်နယ်က ကောင်တီတစ်ခုမှာ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြား ရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် နယ်စပ်ပိတ်တာတွေ၊ နယ်စပ်စည်းရိုးအသစ်တွေကြောင့် သိသိသာသာ ကျဆင်းသွားခဲ့တယ်။ ကျွန်မတို့ ၂၀၂၃ မှာ စကားပြောခဲ့တဲ့ ဒေသခံတွေကတော့ အလုပ်သမားရှားပါးတာကိုပဲ လုပ်ခတွေအများကြီးတက်ရတဲ့ အဓိကအကြောင်းရင်းအဖြစ် ပြောကြပါတယ်။ အဲ့ဒီအချိန်တုန်းက လုပ်သားတွေက တစ်စည်းကို ၃-၃.၅ ယွမ် ရတယ်လို့ ပြောပြခဲ့ကြပါတယ်။

ကြံတစ်တန်မှာ ကြံစည်း ၁၆ စည်းကနေ ၂၀ စည်းလောက် ရှိပါတယ်။ ရွှေ့ပြောင်းလုပ်သား တစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ယွမ် ၁၂၀ ကနေ ၁၃၀ [ယူရို ၁၄ ကနေ ၁၆] လောက်ကို ခုတ်ခအဖြစ် ရနိုင်ပါတယ်။ ခုတ်တဲ့စျေးနှုန်းကတော့ ကြံရဲ့ အရွယ်အစားနဲ့ အရည်အသွေးပေါ် မူတည်ပါတယ်။ ကြံစိုက်တောင်သူတွေနဲ့ ရွှေ့ပြောင်းကြံခုတ်သမားတွေကို စကားပြောပြီးတဲ့အခါမှ ကြံခုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ခပေးတဲ့ ပုံစံနှစ်မျိုး ရှိတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ ရွှေ့ပြောင်းလုပ်သားတစ်ယောက်ချင်းစီအတွက်ဆိုရင် ကြံစည်းအရေအတွက်နဲ့ တွက်တာက ပိုလွယ်တယ်။ အဖွဲ့လိုက် လုပ်ခပေးချေတဲ့အခါကျတော့ အများအားဖြင့် တန်နဲ့ တွက်ကြတယ်။ တောင်သူတွေက လုပ်ခကို အဖွဲ့ခေါင်းဆောင်ကို ပေးချေပြီး အဖွဲ့ခေါင်းဆောင်ကမှ ကြံခုတ်သမား တစ်ယောက်ချင်းဆီ ပြန်ပေးကြတယ်။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်တွေက နေရာတစ်ခုတည်းမှာ အဖွဲ့တစ်ဖွဲ့တည်းကိုပဲ ခိုင်းတာမဟုတ်ဘူး။ တချို့တွေက ရွာတစ်ရွာတည်းမှာ အဖွဲ့ပေါင်းများစွာကို ဦးဆောင်ပြီး တချို့ကတော့ တခြားရွာတွေမှာပါ ဦးဆောင်လုပ်ကိုင်ပေးကြတာတွေလည်းရှိတယ်။

များသောအားဖြင့် အလုပ်ရှင်တွေက ကြံခုတ်ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ဖို့နေရာကို စီစဉ်ပေးတယ်။ အလုပ်သမား ၄ ယောက်ကနေ ၆ ယောက်လောက်က အတူတူနေကြရတယ်။ ရေဖိုး ပေးစရာမလိုပေမယ့် လျှပ်စစ်မီတာခကိုတော့ ရွှေ့ပြောင်းလုပ်သားတွေက ပေးရတယ်။ သူတို့ထဲက အများစုကတော့ နေစရာနေရာကို ကိုယ်တိုင်ဆောက်စရာ မလိုပါဘူး။ တချို့က ပစ္စည်းတွေ သိုလှောင်တဲ့ ဂိုဒေါင်လိုနေရာမျိုးတွေမှာနေရတယ်။ တချို့ကျတော့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေထဲမှာ ဆောက်ထားတဲ့နေရာတွေမှာနေရတယ်။ ဒီလိုအတူတူနေကြရတဲ့ ဒီရွှေ့ပြောင်းလုပ်သားတွေ ချက်ပြုတ်စားဖို့အတွက် အလုပ်ရှင်တွေက အသား၊ငါးတွေကို အရင်ဝယ်ပေးလေ့ရှိပြီး လုပ်သားတွေက နောက်မှ သူတို့ကို ပိုက်ဆံပြန်ပေးရပါတယ်။ ရှားရှားပါးပါး အလုပ်ရှင်တချို့ကတော့ လမုန့်ပွဲတော် ဒါမှမဟုတ် တရုတ်နှစ်သစ်ကူး ညစာစားပွဲလိုမျိုး၊ သူတို့မိသားစုရဲ့ ရိုးရာပွဲလမ်းသဘင်တွေမှာ ရွှေ့ပြောင်းလုပ်သားတွေကို ဖိတ်တတ်ကြတယ်။

ဒါပေမယ့် ဒီအချက်တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အကြောင်းစုံကို ပြောပြနေတာ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံက ကြံခုတ်ဖို့လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခက တရုတ်ကြံခုတ်သမားတွေရဲ့လုပ်ခထက် စျေးပိုသက်သာတယ်။ ဒါဆိုရင် မြန်မာလုပ်သားတွေကို စျေးပေါတဲ့ အလုပ်သမားတွေလို့ပဲ ကျွန်မတို့ ဆိုသင့်သလား။

Myanmar migrant workers in terraced fields, Yunnan, China

Photo credit: TNI

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လှေကားထစ်စိုက်ပျိုးမြေများမှ မြန်မာရွှေ့ပြောင်းလုပ်သားများ။

လယ်ယာလုပ်ငန်းကို ကျော်လွန်၍- စက်ရုံအလုပ်၊ အလုပ်သမားကန်ထရိုက်တာများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားတို့၏ အဆင့်အတန်းကွဲပြားလာခြင်း

ရွှေ့ပြောင်းလုပ်သားတွေဟာ ကြံခုတ်တဲ့ အလုပ်တစ်ခုတည်းသာမက ကြံလုပ်ငန်းရဲ့ အဆင့်တိုင်းမှာရှိတဲ့ အလုပ်အမျိုးမျိုးကိုလုပ်ကိုင်ကြပါတယ်။ သူတို့ဟာ ကြံစိုက်ပျိုးတာ၊ သယ်ယူပို့ဆောင်တာနဲ့ သကြားထုတ်လုပ်တာအပါအဝင် ကဏ္ဍအသီးသီးတွေမှာ အလုပ်လုပ်ကြပါတယ်။ ဒီလိုလုပ်ကိုင်နေကြတာကြောင့် သူတို့ရဲ့ဘဝတွေဟာ တစ်နေရာနဲ့တစ်နေရာ အခြေအနေများစွာ ကွာခြားသွားနိုင်ပါတယ်။ သကြားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးနဲ့လည်း ကျွန်မတို့တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဇာတိ၊ အသက် ၂၉ နှစ်အရွယ်၊ နာမည်က ကျော်ထွန်းလို့ ခေါ်ပါတယ်။

“ကြံရာသီဖြစ်တဲ့ ဒီဇင်ဘာလလယ်ကနေ မေလအထိဆိုရင် ကျွန်တော်တို့မှာ နားရက်မရှိပါဘူး။ သကြားထုတ်လုပ်တာ ရပ်သွားတဲ့အခါမှာတော့ ပုံမှန်လစာ မရတော့ဘူး။ ဒါပေမယ့် စားစရိတ်အတွက် ယွမ် ၅၀၀ (ယူရို ၆၀) နဲ့ တခြားကုန်ကျစရိတ်တွေအတွက် ယွမ် ၁,၅၀၀ တော့ ရပါတယ်။ ကျွန်တော့်အဖွဲ့မှာ လူ ၅ ယောက်ရှိတယ်။ အားလုံးက မြန်မာနိုင်ငံက လာကြတဲ့သူတွေကြီးပါပဲ။ သူတို့က ပြည်၊ ရန်ကုန်နဲ့ တခြားနေရာတွေက လာကြတာပါ။ စက်ရုံပိတ်တဲ့အခါမှာတော့ ကျွန်တော်က ကားမောင်းပြီး ဓာတ်မြေသြဇာပို့တဲ့အလုပ်ကို လုပ်ပါတယ်။ အခကြေးငွေကို တန်နဲ့တွက်ပြီး ပေးပါတယ်။ နေဖို့နေရာကိုတော့ သူတို့ကပဲ စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့ ငါးယောက် အတူတူနေပါတယ်။ အရင်တုန်းကဆိုရင် ၁၀ ယောက်၊ ၁၅ ယောက်လောက် အတူတူနေကြရတာပါ။ တစ်ခါတလေ အရေးပေါ်လိုအပ်တာရှိရင် အဖွဲ့ခေါင်းဆောင်က လစာကို ကြိုထုတ်ပေးပါတယ်။ ကျွန်တော့်ငွေကို ယွမ်ငွေသားနဲ့ပဲရပါတယ်။ အဲဒီငွေကို ဟွန်ဒီ (Hundi) လို့ခေါ်တဲ့ ငွေလွှဲဝန်ဆောင်မှုကနေ မြန်မာကျပ်ငွေနဲ့ လဲလှယ်ပြီး ကျွန်တော့်မြန်မာဘဏ်အကောင့်ထဲကို လွှဲလို့ရပါတယ်” လို့ ကျော်ထွန်းက ပြောပြတယ်။

ကျော်ထွန်းဟာ မိသားစုကို ထောက်ပံ့ဖို့ တရုတ်နိုင်ငံကို ရောက်လာသူတစ်ဦးပါပဲ။ ဒီသကြားစက်ရုံမှာ သူအလုပ်လုပ်နေတာ ရှစ်နှစ်လောက်ရှိပါပြီ။ သူ့အလုပ်က သကြားတွေတင်ထားတဲ့ ကုန်တင်ကားကို မောင်းနှင်ပြီး သကြားအိတ်တွေကို သတ်မှတ်နေရာတွေမှာ ချပေးရတာပါ။ အခုလက်ရှိ သူ့ တစ်လဝင်ငွေဟာ ယွမ် ၃,၅၀၀ (ယူရို ၄၂၀) လောက်ရှိပါတယ်။ အရင်တုန်းက တစ်လကို ယွမ် ၄,၀၀၀ ကနေ ၆,၀၀၀ (ယူရို ၄၈၀ မှ ၇၂၅) ကြား ရခဲ့တယ်။ သူလည်း တခြားသူတွေလိုပဲ မြန်မာနိုင်ငံက မိသားစုထံကို ပိုက်ဆံပုံမှန်ပြန်ပို့တယ်။ တစ်ကမ္ဘာလုံးဟာ ကိုဗစ်ကပ်ရောဂါရဲ့ သက်ရောက်မှုကို အနည်းနဲ့ အများဆိုသလို ခံခဲ့ကြရတယ်။ ဒီသက်ရောက်မှုကို ခံရတဲ့အထဲမှာ ကျော်ထွန်းလည်း ပါတယ်လို့ ပြောလို့ရတယ်။ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှာ သူလည်း အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရတယ်။

ဒီတော့ ကျော်ထွန်းကျ ကြံခုတ်ရာသီမှာပဲ အလုပ်လာလုပ်တဲ့ သူမျိုးမဟုတ်ဘူး။ သူက ကြံရာသီ မဟုတ်တဲ့အချိန်မျိုးဆို ပုံမှန်လစာမရဘူး။ ကျော်ထွန်းကို ကျွန်မတို့တွေ့ခဲ့တာက သူအလုပ်လုပ်တဲ့ သကြားစက်ရုံထဲမှာ၊ သူတို့စက်ရုံက အကြီးကြီးပါပဲ။ သကြားပုံမှန်ထုတ်လုပ်ချိန်ဆို အလုပ်များမယ်လို့ ကျွန်မထင်တယ်။ ဒီတော့ အလုပ်သမားလည်း များခဲ့ပုံပါပဲ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက တရုတ်နိုင်ငံက ဒီလို ကြံနှင့်သကြားလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကြတွေဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာနေကြတဲ့သူတွေကြီးပဲမဟုတ်ဘူး။ ကျော်ထွန်းလို ရခိုင်ပြည်နယ်ဘက်က လာတဲ့သူတွေလည်းရှိတယ်။ နောက်ပြီး သူနဲ့ အတူနေကြတဲ့သူတွေက ပြည်၊ ရန်ကုန်နဲ့ တခြားပိုမိုဝေးလံတဲ့ နေရာတွေက လာကြသူတွေလည်း ပါဝင်တယ်။

ကျော်ထွန်းက သူ့အလုပ်ကို စွန့်ပြီး အိမ်ပြန်ဖို့ မလွယ်ကူသေးတဲ့ အကြောင်းအရင်းကို ထပ်ပြီး ပြောပြတယ်။ သူ့အပေါ်ကို မှီခိုနေကြတဲ့ သူတွေရှိတယ်။ “ကျွန်တော့်မှာ စာအုပ်နီ ရှိတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ သက်တမ်းတိုးခွင့်မရခဲ့ဘူး။ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် ပြန်လို့ရပါတယ်။ ဒါပေမယ့် ဒီကို ပြန်လာဖို့က မလွယ်ဘူး။ ဒီကို မလာခင်က ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးပေမယ့် ဝင်ငွေက မလုံလောက်ခဲ့ဘူး။ အဲဒါကြောင့် ဒီကို လာခဲ့တာပါ။ ဒီမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ကပ်ရောဂါဖြစ်ပြီးကတည်းက မြန်မာနိုင်ငံကို မပြန်နိုင်သေးဘူး။ အဖေအမေတို့အတွက် ပိုပြီး စုချင်တယ်။ အရင်ကဆိုရင် တစ်လကို ယွမ် ၂,၅၀၀ (ယူရို ၃၀၀) လောက် အဖေအမေတို့ဆီ ပို့ပေးနိုင်ခဲ့တယ်။ ကျွန်တော့် မိဘတွေက မကြာခင် အငြိမ်းစားယူတော့မှာဆိုတော့ သူတို့နေဖို့ နေရာလိုပါတယ်။ အခုတော့ ဝန်ထမ်းအိမ်ရာမှာ နေနေကြတာပါ။ မြန်မာနိုင်ငံကို ပြန်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ ကျွန်တော့်မိဘတွေက သူတို့နေတဲ့နေရာကို မကြာခင် ပြန်အပ်ရတော့မှာပါ။ သူတို့အတွက် အိမ်တစ်လုံး ဝယ်ပေးချင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ” လို့ သူက ဆိုပါတယ်။

များသောအားဖြင့် ရန်ကုန်လို မြို့ကြီးမျိုးတွေမှာ အခြေခံလူတန်းစားတွေအတွက် သူတို့ရတဲ့ဝင်ငွေဟာ လုံလောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သူပြောပြတဲ့ “လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်” ဆိုတာ သူ့ရဲ့စာအုပ်နီကသက်တမ်းကုန်နေပေမယ့် သူ့စက်ရုံပတ်ဝန်းကျင်အနီးအနားမှာတေ့ာ သွားလာနိုင်တယ် လို့ ကျွန်မနားလည်ထားပါတယ်။ ကျော်ထွန်းရဲ့အိပ်မက်ဟာ သူ့မိဘတွေအတွက် အိမ်လေးတစ်လုံး ဝယ်ပေးချင်တာမဟုတ်လား။ “အိမ်လေးတစ်လုံး ပိုင်ဆိုင်ချင်တယ်” ဆိုတာ ကျွန်မတို့ အများစုရဲ့ အိပ်မက်တစ်ခုပါပဲ။ ဒါကြောင့် သူ့အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ဆိုတာ “ရွှေပြည်တော် မျှော်တိုင်းဝေးနေရဦးလား” လို့ ကျွန်မစိတ်ထဲတွေးနေမိတယ်။ သူ့မိဘတွေက မကြာမီ အငြိမ်းစားယူကြတော့မယ်။ လက်ရှိနေအိမ်ကိုလည်း ပြန်အပ်ကြရတော့မယ်ဆိုတော့ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ နောက်ပြီး မိသားစုအတွက်၊ မိဘတွေအတွက် အဝေးမှာ ပင်ပင်ပန်းပန်း ကြိုးစားအလုပ်လုပ်နေကြတဲ့ လူငယ်တိုင်းကို ကျွန်မ အမှန်တကယ်ပဲ လေးစားမိတယ်။

ဒီအလုပ်သမားစနစ်တွေကို နားလည်ဖို့ရာ တရုတ်အလုပ်ရှင်တွေနဲ့ အလုပ်ခေါ်ယူသူတွေဟာ မြန်မာနိုင်ငံက လုပ်သားတွေရအောင် ဘယ်လိုချိတ်ဆက်ကြသလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ ဖန်း လို့ခေါ်တဲ့ အလုပ်သမားကန်ထရိုက်တာတစ်ဦးနဲ့ ကျွန်မ တွေ့ခဲ့တယ်။ ဖန်းက အရင်က စူပါမားကက်တစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ နောက်တော့ အဲဒီအလုပ်ကနေထွက်ပြီး ကားပြင်တဲ့အလုပ်ရုံတစ်ခုမှာ တစ်နှစ်လောက်အလုပ်လုပ်ခဲ့တယ်။ အဲဒီကနေမှ ဥမင်လိုဏ်ခေါင်းတွေ ဖောက်ဖို့ဖောက်ခွဲရေးတွေလုပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီမှာ လျှပ်စစ်ပညာရှင်အဖြစ် အလုပ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူအိမ်ထောင်ကျတော့ ယောက္ခထီးဖြစ်သူရဲ့ အလုပ်သမားကန်ထရိုက်တာအလုပ်ကို အမွေဆက်ခံခဲ့တယ်။ သူဒီအလုပ်ကိုလုပ်နေတာ ၁၀ နှစ် ကျော်လောက်ရှိနေပါပြီ။ “ကျွန်တော့် မိန်းမရဲ့အဖေက သကြားစက်ရုံတစ်ခုမှာ အလုပ်လုပ်ပြီး အလုပ်သမားတွေငှားခဲ့တယ်။ သူတို့အများစုက တရုတ်နိုင်ငံထဲက လာကြတာပါ။ ကျွန်တော် ဘာလို့ ကန်ထရိုက်တာလုပ်ဖို့ ဖြစ်လာလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး ။ ၂၀၂၄ မှာ ကျွန်တော် အလုပ်သမား ၁၂၀ လောက်ကိုငှားရမ်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဝင်ငွေက အလုပ်သမားတွေ ဒါမှမဟုတ် ကြံခုတ်သမားတွေဆီက ရလာတာမဟုတ်ပါဘူး။ သကြားစက်ရုံကရေဆိုးသန့်စင်ဖို့အတွက် ကန်ထရိုက် ယူတာကနေရတာပါ။ ရေဆိုးသန့်စင်ဖို့အတွက် ကျွန်တော် လူလေးယောက်ငှားထားတယ်။ ကြံခုတ်ရာသီ (၃လ-၃လခွဲ) အတွင်းမှာဆိုရင် ကျွန်တော့်ရဲ့ အသားတင်ဝင်ငွေက တစ်လကို ယွမ် ၂၀,၀၀၀-၃၀,၀၀၀ (ယူရို ၂,၄၀၀-၃,၆၀၀) လောက်ရှိပါတယ်။ ဒါကတော့ ကွန်တိန်နာတွေ သန့်ရှင်းရေးလုပ်တာကနေ ရတဲ့ဝင်ငွေပါ။” လို့ ဖန်းက ပြောပြတယ်။

“ကျွမ်းကျင်မှုနည်းတဲ့၊ ရာသီချိန်မှာပဲ အလုပ်လာလုပ်ကြတဲ့ လုပ်သားတွေဟာ သကြားထုပ်ပိုးတာ၊ နမူနာယူတာနဲ့ ကွန်တိန်နာတွေ သန့်ရှင်းရေးလုပ်တာလိုမျိုး စတဲ့အလုပ်တွေကို လုပ်ရပါတယ်။ အလုပ်အားလုံးအတွက် စက်ရုံနဲ့ ယွမ် ၅၀၀,၀၀၀ (ယူရို ၆၀,၀၀၀) နဲ့ ပုတ်ပြတ်စာချုပ်ချုပ်ထားတယ်။ အလုပ်သမား ၁၂၀ က တစ်နေ့ကို ၁၂ နာရီ၊ နှစ်ဆိုင်းခွဲပြီး လုပ်ရတယ်။ ပညာရေးအားနည်းပြီး စည်းကမ်းမလိုက်နာတဲ့ အလုပ်သမားတွေကို ထိန်းချုပ်ရတာမလွယ်ကူပါဘူး။ ဥပမာ- ယောက်ျားလေးရော မိန်းကလေးပါ အရက်သောက်တဲ့ပြဿနာတွေရှိတယ်” လို့ ဖန်းက သူ့အလုပ်အကြောင်း ရှင်းပြခဲ့တယ်။

အဲဒီနောက် ဖန်းက “ကျွန်တော်က တရုတ်နိုင်ငံမှာရှိတဲ့အနီးနားက ကောင်တီလေးခုက မြန်မာလူမျိုးတွေကို ဖုန်းနဲ့ဆက်သွယ်ပြီး အလုပ်သမားငှားရမ်းတာပါ။ ကပ်ရောဂါမဖြစ်ခင်က ဒီမှာ လက်ထပ်ပြီး နေထိုင်နေတဲ့ ဒါမှမဟုတ် တရားဝင်လာတဲ့ မြန်မာလုပ်သားတွေကိုငှားရမ်းပါတယ်။ လက်ထပ်သည်ဖြစ်စေ၊ မလက်ထပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။ ကပ်ရောဂါဖြစ်ပြီးတဲ့ နောက်မှာတော့ တရုတ်လုပ်သားတွေကို အဓိကငှားရမ်းပါတယ်။ ကပ်ရောဂါမဖြစ်ခင်ကတော့ ကျွန်တော့်အစ်ကိုရဲ့ဇနီးက မြန်မာလူမျိုးဖြစ်လို့ သူ့ဆီကတဆင့် မြန်မာလူမျိုးတွေနဲ့ အဆက်အသွယ်ရခဲ့ပါတယ်” လို့ ပြောပြခဲ့တယ်။

ဖန်းက အလုပ်လာလုပ်သူ အများစုဟာ တရုတ်နိုင်ငံကပဲ ဖြစ်တယ်လို့ ပြောသွားတယ်။ မြန်မာနိုင်ငံဘက်ကနေလာအလုပ်လုပ်ကြသူတွေရော ဘယ်နှစ်ယောက်ပါသလဲ ဆိုတာကို မပြော သွားပါဘူး။ နောက်ပြီး သကြားစက်ရုံက အကျိုးအမြတ်ကိုမဖော်ပြဘဲ ကွန်တိန်နာတွေကို သန့်ရှင်းရေးလုပ်လို့ရတဲ့ အသားတင်ဝင်ငွေကိုပဲ အလေးပေးပြောပြသွားခဲ့တယ်။ လုပ်သားတစ်ဦးရဲ့ လစာအတိအကျကို မပြောပြသွားပါဘူး။ သူပြောပြတာကို ကြည့်ရင် အခြေခံရွှေ့ပြောင်း လုပ်သားတွေဟာ သကြားထုပ်ပိုးတာ၊ နမူနာယူတာနဲ့ စက်ရုံရှိ ကွန်တိန်နာတွေကို သန့်ရှင်းရေးလုပ်တာစတဲ့ အလုပ်တွေကို လုပ်ကြရတာကို ရှင်းလင်းစွာသိရတယ်။ သူတို့ဟာ တစ်နေ့ကို ၁၂ နာရီ လုပ်ကြရတယ်။ ဖန်းတို့လို ကန်ထရိုက်တာတွေက အခြေခံလုပ်သားတွေထက် ပိုမိုအကျိုးအမြတ်ရရှိနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိရတယ်။ ကပ်ရောဂါဖြစ်ပြီးတဲ့ နောက်ပိုင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အကျိုးဆက်ရလဒ်တွေ အရမ်းကွာသွားတယ်လို့ ကျွန်မသဘောပေါက်လာတယ်။ တရုတ်နိုင်ငံမှာ ရှိနှင့်ပြီးသားသူတွေက အလုပ်သမားရှားပါးမှုကြောင့် အခွင့်အလမ်းပိုရတယ်။ ဒါပေမယ့် တရုတ်နိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားနေသူတွေကတော့ နယ်စပ်ပိတ်ထားလို့ အကန့်အသတ်တွေပိုများလာပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းသွားကြတယ်။

အပြန်အလှန် မှီခိုနေရတဲ့ ကံကြမ္မာများ- ပဋိပက္ခနဲ့ အလုပ်သမားလိုအပ်ချက်က တရုတ်-မြန်မာ နယ်စပ်ကို ဘယ်လိုပုံဖော်လဲ

ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မိသားစုအတွက် သူတို့ဘဝကိုပေးဆပ်ပြီး အလုပ်လုပ်နေသူတွေကို ကျွန်မ တွေ့ခဲ့ရတယ်။ မိဘတွေအတွက် သူတို့ရဲ့လူငယ်ဘဝကို ရင်းနှီးမြှုပ်နှံခဲ့သူကိုလည်း ကျွန်မ တွေ့ခဲ့ပြီးပြီ။ နောက်ပြီး ကလေးတွေအတွက် တစ်သက်လုံး အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုလည်း ဆုံခဲ့ရတယ်။ သူ့နာမည်က ရှင်းရီ ။ တကယ့်ကို အသိအမှတ်ပြု ချီးကျူးခံထိုက်တဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးပါပဲ။ သူ ပထမဆုံး ပြောပြတာက သူ့မှာ သမီးနှစ်ယောက်၊ သားတစ်ယောက် စုစုပေါင်း ကလေးသုံးယောက် ရှိတယ်ဆိုတာပါ။ သူ့ဇာတိက ရှမ်းမြောက်၊ လားရှိုး အလွန်ကရွာတစ်ရွာပါ။ ရှင်းရီရဲ့ဘဝတစ်လျှောက်လုံး နေရာအမျိုးမျိုးမှာ ပြောင်းရွှေ့အလုပ်လုပ်ခဲ့တယ်။

မိသားစု စီးပွားရေးကြောင့် ရှင်းရီဟာ မူလတန်း အထိပဲ ကျောင်းတက်ခွင့်ရခဲ့တယ်။ ရှင်းရီဟာ အသက် ၁၆ နှစ်မှာ ရွာကနေ ထွက်ခွာလာပြီး ၅ နှစ်လောက် ကလေးထိန်း၊ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့တယ်။ အိမ်တစ်အိမ်တည်းမှာပဲ လုပ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ တစ်နှစ်၊ နှစ်နှစ် လုပ်ပြီး ပိုအဆင်ပြေမယ့် နောက်တစ်အိမ်ကို ပြောင်းလုပ်တာမျိုးပါ။ အဲဒီကနေ ခေါက်ဆွဲဆိုင်လည်း ဖွင့်ခဲ့သေးတယ်။

ရှင်းရီအိမ်ထောင်ကျတော့ မြန်မာနိုင်ငံမှာ ထင်းခုတ်တာနဲ့ကြံခင်း၊ပြောင်းခင်းတွေမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက်မှာ ခင်ပွန်းနဲ့အတူ တရုတ်ကိုရောက်လာပြီး အလုပ်သမားအဖြစ်လုပ်ခဲ့တယ်။ နောက်တော့ သူတို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်မြေ ငှားရမ်းပြီး အလုပ်သမားဘဝကနေ တဖြည်းဖြည်း လယ်သမားဘဝကို ကူးပြောင်းလာတယ်။ ကြံခုတ်ရာသီဆိုရင် စာချုပ်နဲ့လုပ်တဲ့အလုပ်တွေကိုလည်း လုပ်တယ်။ သူတို့နေတဲ့နေရာနဲ့ ကြံလာခုတ်တဲ့ ကြံခင်းတွေက မဝေးလှဘူး။ သူတို့နေတဲ့နေရာကို လာလည်ဖို့တောင် ရှင်းရီက ကျွန်မကိုဖိတ်ပါတယ်။ ထူးထူးခြားခြားပါပဲ။ သူ့သမီးနှစ်ယောက်လုံးက အခု ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းမှာ တက္ကသိုလ်တက်နေကြတယ်။ သူ့သားကတော့ တရုတ်-မြန်မာနယ်စပ်နားက မြို့တစ်မြို့မှာ အထက်တန်းကျောင်းတက်နေတယ်။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ခဲ့ရပါစေဦးတော့ သား၊ သမီးတွေရဲ့ ပညာရေးအကြောင်း ပြောပြတဲ့အခါ သူတို့မှာ ဂုဏ်ယူမဆုံးပါပဲ။

ဒီမိသားစုရဲ့ အတွေ့အကြုံက တရုတ်ပြည်က မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လက်တွေ့ဘဝနှစ်ခု ကို ဖော်ပြလို့နေပါတယ်။ ရွှေ့ပြောင်းလုပ်သားအဖြစ် ခက်ခဲတဲ့ဘဝကို ခံစားနေရပေမယ့် တရုတ်မှာရရှိတဲ့ အခွင့်အလမ်းတွေ (လုပ်အားခရရှိတဲ့အလုပ်၊ ကလေးတွေအတွက်ပညာရေး၊ ပဋိပက္ခကနေ လွတ်မြောက်မှု)က သူတို့ရဲ့ဇာတိနိုင်ငံမှာ မရနိုင်တာတွေများပါတယ်။ ဒီအခြေအနေက ရွှေ့ပြောင်းနေထိုင်သူအများစုဟာ တရုတ်နိုင်ငံမှာဘာလို့ဆက်နေဖို့ ရွေးချယ်လဲဆိုတာကို ရှင်းပြနေပါတယ်။ တစ်ဖက်မှာတော့ တရုတ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ကြံလုပ်ငန်းအတွက် အလုပ်သမားလိုအပ်တာကြောင့် သူတို့ကို ပညာရေးနဲ့ မြေယာရရှိမှုအပါအဝင် လူမှုစီးပွားဘဝကို ဖန်တီးပေးတဲ့ လမ်းကြောင်းတစ်ခု ပေးခဲ့ကြပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် မြန်မာနဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးလှပါတယ်။ အဲဒါဟာ နယ်စပ်နှစ်ဖက်က မြေယာမူဝါဒတွေနဲ့ အလုပ်သမား အခြေအနေတွေ၊ မြန်မာဘက်က တိုင်းရင်းသား ပဋိပက္ခနဲ့ ပြည်တွင်းစစ်၊ ပြီးတော့ လူအများစုအတွက် နယ်နိမိတ်တွေကို ဖြတ်ကျော်နေတဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ မိသားစု ဆက်နွှယ်မှုတွေ စတဲ့ အကြောင်းအရာများစွာနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချမှုရဲ့ လက်တွေ့ဘဝနှစ်ခု- တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် အခက်အခဲနဲ့ လူမှုဘဝ ပြန်လည်တည်ဆောက်ပုံ

ယူနန်ပြည်နယ်ထဲက မြို့ငယ်လေးတွေနဲ့ရွာတွေ၊ တရုတ်-မြန်မာနယ်စပ်နားက သကြားစက်ရုံတစ်ခု ကိုလည်း ကျွန်မရောက်ခဲ့တယ်။ ကျွန်မတို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး လူ ၄၄ ယောက်ကို တွေ့ဆုံခွင့်ရခဲ့တယ်။ ရွှေ့ပြောင်းလုပ်သားတွေအပြင် လယ်သမားကြီး/ငယ်တွေ၊ သကြားစက်ရုံမန်နေဂျာ၊ ရွာသူကြီး၊ အလုပ်သမားကန်ထရိုက်တာနဲ့ ကန်ထရိုက်တာကုမ္ပဏီက လူတွေပါ တွေ့ခဲ့ရတယ်။ လူတွေနဲ့ တွေ့ဆုံပြီး သူတို့ပြောတာကို နားထောင်ရတာက ကျွန်မအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။

ဒီတစ်ပတ်တာခရီးစဉ်မှာ လူအများကြီးနဲ့ကျွန်မတွေ့ခဲ့တယ်။ သူတို့ပြောတာတွေကို နားထောင်ပြီး သူတို့ဘဝတွေအကြောင်းကိုလေ့လာခွင့်ရခဲ့တယ်။ စစ်ကြောင့်ပြန်လို့မရဘဲ အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ အိမ်ပိုင်လေးတစ်ခုပိုင်ဖို့ ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ကလေးတွေရဲ့ပညာရေးအတွက် ရုန်းကန်နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ မိသားစုစားဝတ်နေရေးအတွက် တစ်နေရာကနေတစ်နေရာကို ပြောင်းရွှေ့နေကြရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်မတွေ့ခဲ့ရတယ်။

"ကျွန်တော့်ညီလေးက ဒီမှာ ကျွန်တော်တို့နဲ့အတူနေတာ ၅ နှစ်လောက် ရှိပါပြီ။ သူက မြန်မာနိုင်ငံကို ပြန်ချင်တယ်။ ဒါပေမယ့် သူဘယ်လိုပြန်လို့ရနိုင်မလဲဆိုတာမသိဘူး။ တကယ်လို့ အမတို့က ကူညီနိုင်မယ်ဆိုရင် သူဘယ်လိုပြန်ရမလဲဆိုတာ ပြောပြပေပါလား" လို့ လျှော်ပြီးသားအဝတ်တွေကို လှန်းနေတဲ့ သူ့ညီလေးကိုကြည့်ရင်း ကျန်းဝေက ကျွန်မကို မေးခဲ့စဉ်တုန်းက ကျွန်မဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ အခုအထိလည်း ကျွန်မ ဘာမှမတတ်နိုင်သေးပါဘူး။ ဒါဖြင့် ခင်ဗျားတို့က ဘာလို့ များ သူတို့ပြောတာတွေ နားထောင်နေတာလဲ၊ သူတို့နဲ့ ဘာလို့တွေ့ခဲလဲ ဆိုတဲ့ မေးခွန်တွေ မေးစရာရှိနိုင်တာပေ့ါလေ။ ဒါပေမယ့် သူတို့ရဲ့ ဘဝအကြောင်းနဲ့ သူတို့ရင်ဆိုင်နေရတာတွေကို လူအများသိဖို့လည်းလိုအပ်တယ် မဟုတ်လား။

လူတွေရဲ့ ဘဝအကြောင်းတွေကို ပိုသိလေလေ၊ ပိုပြီးနာကျင်ရလေလေပါပဲ။ ဒါကြောင့်မို့ ကျွန်မဒီလိုမျိုုး လူတွေနဲ့ မတွေ့ချင်တဲ့ခံစားချက်မျိုးလည်းဖြစ်ရတယ်။ နောက်ပြီး သူတို့ကကျွန်မတို့နဲ့ စကားပြောဖို့အတွက် သူတို့ရဲ့ အချိန်ကိုဖဲ့ပြီး ကျွန်မတို့ကို အချိန်ပေးရတာမို့ စိတ်ထဲမှာ တကယ်လည်း အားနာမိတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့အရေးကိစ္စတွေမှာ တစ်ခုခုအသုံးဝင်တာ လုပ်ပေးနိုင်ဖို့ဆိုရင် ကိုယ်တိုင်ကြုံတွေ့၊ ဆုံတွေ့၊ မြင်ဖူး၊ ကြားဖူးမှဖြစ်မယ် မဟုတ်လား။ ဒါကြောင့်မို့ လူပေါင်းစုံကို တွေ့ဆုံဖို့ ကြိုးစားရပါတယ်။ နှမ်းတစ်စေ့တည်းနဲ့ဆီမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝတွေကို တစ်နည်းနည်းနဲ့ ပိုကောင်းလာအောင် ကျွန်မတို့ ကူညီနိုင်မယ်လို့တော့ ကျွန်မယုံတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေပညာရေးအတွက် ကျွန်မတို့တစ်ခုခုများ လုပ်ပေးနိုင်မလား။ ရွှေ့ပြောင်းလုပ်သားတွေ ခေါင်းပုံဖြတ်ခံရတာတွေအတွက် ကျွန်မတို့တစ်ခုခုများ လုပ်ပေးနိုင်မလား။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ သူတို့ဘဝတွေ ပိုမိုကောင်းမွန်လာအောင် ကျွန်မတို့တစ်ခုခုများ လုပ်ပေးနိုင်မလား။ တစ်ဦးတစ်ယောက်တည်းအနေနဲ့ မလုပ်နိုင်သည့်တိုင်အောင် လူအများရဲ့ပူးပေါင်းပါဝင်မှုကြောင့်တော့ ကျွန်မတို့တစ်ခုခုလုပ်နိုင်မယ်မဟုတ်လား။ အဲဒီလို ဖြစ်ပါစေလို့ ကျွန်မမျှော်လင့်မိတယ်။ ဒီတော့သူတို့ရဲ့အရေးကိစ္စတွေမှာ တခြားသူတွေလည်း ပါဝင်လာအောင် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ၊ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုဖြစ်အောင် ဘယ်လိုဖန်တီးနိုင်မလဲဆိုတာကို ကျွန်မတွေးနေမိပါတယ်။ နောက်ပြီး ဒီခရီးဝေးသလား၊ နီးသလားဆိုတာထက် တဖြည်းဖြည်းလှမ်းသွားရမယ်လို့တော့ ကျွန်မယုံကြည်မိ ပါတယ်။

ကျွန်မအတွေးတွေဟာ ကျန်းဝေနဲ့သူ့မိသားစုဆီ ပြန်ရောက်သွားတယ်။ သူတို့စိတ်ထဲ သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်ထုဆစ်ထားကြမလဲဆိုတာ ကျွန်မတွေးနေမိတယ်။ မြန်မာနိုင်ငံမှာ သူတို့ တန်ဖိုးထား၊ လွမ်းဆွတ်နေရတဲ့အတိတ်ပုံပြင်တွေအပြင် သူတို့ကလေးတွေအတွက် ပိုကောင်းတဲ့ဘဝကို မျှော်လင့်နေကြတယ်။ တခြားမျှော်လင့်ချက်တွေလည်း ရှိနိုင်ပါသေးတယ်။

"အနာဂတ် အစီအစဉ်လား။ ကျွန်တော်တော့ မြန်မာနိုင်ငံကို မပြန်ချင်တော့ပါဘူး။ တရုတ်မှာ နေရတာ စစ်ပွဲတွေမရှိလို့ လုံခြုံတယ်။ ဒါပေမဲ့ ကျွန်တော့်ညီလေးကတော့ ပြန်ချင်တယ်။ အမေကလည်း သူကို့ မြန်မာကအိမ်ကို ပြန်စေချင်တယ်။ ဒီမှာဆို သူအိမ်ထောင်ပြုဖို့လည်းခက်တယ်လေ။ သူ လက်ထပ်ပြီးရင် သူ့ဇနီးကို ဒီကိုခေါ်လာပြီး အတူနေလို့ရမရတော့ ကျွန်တော်သေချာမသိဘူး" လို့ သူကပြောပြတယ်။

သူနဲ့စကားပြောနေရင်း တရုတ်နိုင်ငံမှာ ယောက်ျားလေးနဲ့ မိန်းကလေး အချိုးအစား မမျှတတာကြောင့် လက်ထပ်ဖို့ခက်ခဲတယ်ဆိုတာကို ကျွန်မသဘောပေါက်မိတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေမှာ ရေရာသေချာတဲ့ နေရာထိုင်ခင်း မရှိသေးဘူး။ ခက်ခဲပေမယ့် အလုပ်အမျိုးမျိုးကို လုပ်နေကြပြီး ပြောင်းရွှေ့နေကြရတယ်။ စစ်ပွဲတွေနဲ့ ဝေးတဲ့အရပ်မှာ သူတို့ဟာပင်ပန်းဆင်းရဲသည့်တိုင် စစ်ပွဲတွေ ရှိမနေခြင်းကိုက သူတို့အတွက် လုံခြုံတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုဖြစ်စေတယ်။ "အိမ်အတွက် ပိုက်ဆံစုဖို့ဆိုတာက ကျွန်တော့်အတွက်မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကလေးတွေ ပညာရေးအတွက် ကျွန်တော်သုံးရမယ်။ သူတို့တွေရဲ့ ဘဝကို ပိုကောင်းစေချင်တယ်" လို့ ကျန်းဝေက သူ့ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်ပြီး စီးကရက်တိုစကိုကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပဲ သူ့စကားကိုအဆုံးသတ်လိုက်တယ်။ သူတို့အတွက် ကလေးတွေရဲ့အနာဂတ် လုံခြုံရေးဟာ အရာအားလုံးထက် အရေးကြီးပါတယ်။

တရုတ်နိုင်ငံနယ်စပ်ကရွာတွေမှာ ပြန်လည်အခြေချနေထိုင်နေကြတဲ့ ဝေးလံတဲ့အရပ်ဒေသတွေက လာကြတဲ့ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေဟာ နယ်စပ်က သူတို့ရဲ့ ဇာတိရွာတွေကို လူသူဆိတ်သုဉ်း တဲ့ရွာတွေဖြစ်အောင် စွန့်ခွာထားခဲ့ကြတာလားဆိုတာ ကျွန်မတို့အတွက် စဉ်းစားစရာမေးခွန်းပါပဲ။ ကျန်းဝေရဲ့ ဘဝဇာတ်ကြောင်းအရ ဆိုရင်တော့ အဖြေက ဝမ်းနည်းစရာကောင်းပေမယ့် မှန်တယ် လို့ယူဆရမလိုပါပဲ။ ဒီဇာတ်ကြောင်းရဲ့ အရေးပါမှုနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကိုလည်း ကျွန်မတို့စဉ်းစားရပါမယ်။ ဒါတွေဟာ နိုင်ငံနှစ်နိုင်ငံက ဘဝတွေနဲ့ပတ်သက်ပြီး လုံးဝကွဲပြားခြားနားတဲ့ အကြောင်းအရာတွေကို ပြောပြနေပါတယ်။

*(အယ်လ်ဗီနာသည် ကလောင်အမည်ဖြစ်ပြီး သူမသည် အလွတ်တန်းစာရေးဆရာမတစ်ဦး ဖြစ်ပါသည်။ အယ်လ်ဗီနာသည် ၂၀၀၇ ခုနှစ်မှစပြီး ယနေ့အထိ လူမှုအကျိုးပြု လုပ်ငန်းများတွင် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။)