လုပ်သားအရေး အကျပ်အတည်း နက်ရှိုင်းလာမှုနှင့် မြန်မာ့ရွေးကောက်ပွဲ ဆုလာဘ်ဖြူ*

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား အခွင့်အရေးများအပေါ် ပြင်းထန်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို ဆက်လက်ရှုတ်ချလျက်ရှိသည်။ သို့သော်လည်း ဆုလာဘ်ဖြူ ၏ ယခုဝေဖန်သုံးသပ်ချက်တွင် ဖော်ပြထားသည့်အတိုင်း စစ်ကောင်စီသည် ၎င်းတို့၏ တရားဝင်မှုကို ရရှိရန်အတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် ဖိနှိပ်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများ တိုးပွားလာခြင်းနှင့် လူငယ်များမှာလည်း အဓမ္မစစ်မှုထမ်းရမည့် ဘေးမှလွတ်မြောက်ရန် နိုင်ငံပြင်ပသို့ ထွက်ပြေးနေကြရသဖြင့် လူနေမှုဘဝ အခြေအနေများမှာ ပိုမိုဆိုးရွားလာလျက်ရှိသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နိုင်ငံတော် ယန္တရား ပျက်ပြားခြင်း နှင့် ပဋိပက္ခသံသရာများကို ဖြေရှင်းနိုင်ရန် အတွက် စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန်မှာ ယခင်ကထက်ပင် ပိုမိုအရေးကြီးလာပါသည်။

Autores

Article de

Su Latt Phyu
Sit-in protest at a factory for wage increase

Photo credit MLN

ရန်ကုန်ရှိ စက်ရုံတစ်ခုတွင် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒပြနေစဥ်။

နိဒါန်း

မြန်မာနိုင်ငံ၏ လုပ်သားထုသည် လက်ရှိကာလတွင် ပြည်တွင်းနှင့် ပြည်ပ အလုပ်ခွင်များ၌  ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဓိကအားဖြင့် လုပ်ခလစာဆိုင်ရာ နစ်နာမှုများ၊ ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရမှုများ၊  အလုပ်ချိန်ပို ဖိအားပေးခံရမှုများ နှင့် ရွှေ့ပြောင်းလုပ်သားအရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို တွေ့ရှိရသည်။ ဤအကျပ်အတည်း၏ အဓိကဗဟိုချက်မှာ စစ်အစိုးရမှ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ (People’s Military Service Law) ကို ပြန်လည်အသက်သွင်းခြင်းပင်ဖြစ်သည်။ ဤဥပဒေကြောင့် လူငယ်များသည် အဓမ္မစစ်မှု ထမ်းစုဆောင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှု ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု၊ အဓမ္မလုပ်အားခိုင်းစေခံရမှု၊ စစ်မှုထမ်းဖိအားပေး ခေါ်ဆောင်ခံရမှု၊ စစ်မှုထမ်းဥပဒေ၏ ခြိမ်းခြောက်မှု စသည့် ဖိအားပေါင်းစုံ  ဖြစ်ပေါ်နေသည့် အခြေအနေများသည် မြန်မာ့လုပ်သားထု၏ အခွင့်အရေးများကို စနစ်တကျ ချိုးဖောက်နေမှုကို ထင်ဟပ်ပြသနေပါသည်။ လာမည့် “အရေခြုံ ရွေးကောက်ပွဲ” က ဤအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခြင်းထက် ပိုမိုနက်ရှိုင်းစေရန်သာ အလားအလာရှိနေသည်။
 

ILO မှ ပုဒ်မ ၃၃ မှတဆင့် နိုင်ငံတကာမှ သတိပေးခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) (နောက်ပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် [SSPC] အဖြစ် အမည်ပြောင်း) ကို ပုဒ်မ ၃၃ (Article 33) ဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်ကို ILO အဖွဲ့ဝင်နိုင်ငံများကြား မဲခွဲရန်မလိုဘဲ တညီတညွတ်တည်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ILO အနေဖြင့် လုပ်ဆောင်နိုင်သော အပြင်းထန်ဆုံး အရေးယူမှုဖြစ်ပြီး၊ ယခင်စစ်အစိုးရ ဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၀၀ ခုနှစ်တွင်သာ မြန်မာနိုင်ငံအပေါ် တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။ 

ပုဒ်မ ၃၃ သည် ILO ၏ အခြေခံပြဌာန်းချက်များကို ချိုးဖောက်သော အဖွဲ့ဝင်နိုင်ငံများကို အရေးယူဆောင်ရွက်နိုင်သည့် ILO ၏ အဓိကဖွဲ့စည်းပုံပါ ပြဌာန်းချက်ဖြစ်ပြီး၊ ၎င်းသည် နိုင်ငံတကာ ဖိအားပေးမှုတစ်ခုအဖြစ် ဆောင်ရွက်နိုင်သော ပြစ်ဒဏ်တစ်ခုဖြစ်သည်။ ယခုတစ်ကြိမ်တွင်၊ ဤဆုံးဖြတ်ချက်ကို အဓိကကျသော ချိုးဖောက်မှု ငါးခုကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် အလုပ်သမားအခွင့်အရေးနှင့် စပ်လျဉ်း၍ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ငြင်းပယ်ခြင်းနှင့် စစ်မှုထမ်းဥပဒေကို အသုံးပြု၍ အလုပ်သမားများကို ကန့်သတ်ခြင်းနှင့် အဓမ္မစုဆောင်းခြင်းတို့ကြောင့်ဖြစ်သည် ။ စစ်အစိုးရသည် အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်းကို ဖိနှိပ်ခြင်း စသည့် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေသည့်အပြင် ၊ ၂၀၂၅ ခုနှစ် မတ်လ ငလျင်နှင့် နိုင်ငံတဝန်း စစ်ဘေးကြောင့် တိမ်းရှောင်နေရသော ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုကိုပါ ပိတ်ဆို့ဟန့်တားထားသည်။

ပုဒ်မ ၃၃ အရ ဒဏ်ခတ်အရေးယူမှုသည် ပြင်းထန်သည့် အကျိုးဆက်များကို သယ်ဆောင်လာနိုင်သည်။ ၎င်းသည် နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပြင် ကုလသမဂ္ဂ အေဂျင်စီများထံမှ သံတမန်ရေး ထောက်ခံမှုများကို ဆိုင်းငံ့ခံရသည်အထိ ဦးတည်နိုင်သည်။ နောက်ထပ် လုပ်ဆောင်မှုများတွင် စစ်အစိုးရကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုခြင်းတို့ ပါဝင်နိုင်သည်။ စီးပွားရေးအရလည်း ဤဒဏ်ခတ်အရေးယူမှုများသည် မြန်မာနိုင်ငံ၌ လက်ရှိရင်းနှီးမြှုပ်နှံထားသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို ရုပ်သိမ်းရန် တွန်းအားပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဟန့်တားခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းအချို့ တင်သွင်းမှုကို ရပ်ဆိုင်းခြင်းနှင့် စစ်အစိုးရ၏ ဘဏ္ဍာရေးနှင့် သံတမန်ရေး ရပ်တည်မှုကို သိသိသာသာ ထိခိုက်စေနိုင်သည်။
 

ပြည်တွင်း အလုပ်သမား အကျပ်အတည်း

စက်မှုဇုန် အလုပ်သမားများသည် အခြေခံလစာနှင့် လက်ရှိ လူနေမှုစရိတ်တို့အကြား အလွန်သိသာသည့် ကွာဟချက်ကြောင့် စီးပွားရေး နှစ်နာမှုများကို ဆိုးရွားစွာခံစားနေကြရသည်။ တရားဝင် အနိမ့်ဆုံး လုပ်ခကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရှစ်နာရီ အလုပ်ချိန်အတွက် တစ်ရက်ကို မြန်မာကျပ် ၇,၈၀၀ (ဈေးကွက်ပေါက်စျေးဖြင့် အမေရိကန်ဒေါ်လာ ၁.၉၅ နှင့် ညီမျှသည်) သို့ တိုးမြှင့်ခဲ့သော်လည်း ၎င်းကို အခြေခံလစာ မြန်မာကျပ် ၄,၈၀၀ နှင့် နေ့စဉ်ထောက်ပံ့ကြေး မြန်မာကျပ် ၃,၀၀၀ အဖြစ်သာ တင်ပြကြသည်။ ဤ မြန်မာကျပ် ၃,၀၀၀ နေ့စဉ် ထောက်ပံ့ကြေးသည် ဝန်ထမ်း ၁၀ ဦးအောက်ရှိသော လုပ်ငန်းငယ်များအတွက် အကျုံးမဝင်နေပါ။ ထိုကဲ့သို့ ၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲတွင်ပင် အလုပ်သမားများ ခံစားခွင့်များ အပြည့်အဝ ရရှိခြင်း ရှိ၊ မရှိ စောင့်ကြည့် သုံးသပ်နေရဆဲ ဖြစ်သည်။

ဤကဲ့သို့ အလုပ်သမား၏ စီးပွားရေး ကျပ်တည်းမှုသည် ခေါင်းပုံဖြတ်ပြီး ဂုဏ်သိက္ခာမဲ့စေသော လုပ်ငန်းခွင် အလေ့အထများ ပျံ့နှံ့နေသည့် ယဉ်ကျေးမှုကြောင့် ပိုမိုဆိုးရွားလာသည်။ ယင်းအခြေအနေကို Myanmar Labour News နှင့် ၎င်း၏မိတ်ဖက်များက မကြာသေးမီက အစီရင်ခံဖော်ပြခဲ့သည်။ အလုပ်သမားများသည် အထက်အရာရှိများအတွက် "ကန်တော့ကြေး" အမည်ခံ၍ အတင်းအကျပ် ငွေကြေးကောက်ခံခြင်း၊ ဆုကြေးများကို စိတ်ထင်တိုင်းဖြတ်တောက်ခြင်းနှင့် ထုတ်လုပ်မှုအရေအတွက်တွင် အမှားအယွင်းရှိသည်ဟု စွပ်စွဲကာ လစာဖြတ်တောက်ခြင်းတို့ အပါအဝင် စနစ်တကျ လုပ်ခခိုးယူခံရမှုနှင့် ငွေကြေးဆိုင်ရာ အတင်းအဓမ္မပြုမှုများနှင့် ရင်ဆိုင်နေရသည်။ ကြီးကြပ်သူများသည် လစာလျှော့ချရန် အတင်းအဓမ္မ ရာထူးလျှော့ချခြင်း သို့မဟုတ် အလုပ်နေရာပြောင်းရွှေ့ခြင်း၊ လုပ်ခ ခွဲခြားပေးခြင်းနှင့် ခွင့်ရက်ခံစားခွင့်များကို ငြင်းပယ်ခြင်းကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ နည်းဗျူဟာများကို မကြာခဏ အသုံးပြုကြသည်။ ဤငွေကြေးဆိုင်ရာ နှစ်နာမှုများတွင် လစာမပေးသော အချိန်ပိုနှင့် လျော်ကြေးမပါဘဲ မဖြစ်မနေ တနင်္ဂနွေနေ့ အလုပ်ခိုင်းစေခြင်း တို့ ပါဝင်သည့် အဓမ္မလုပ်အားခိုင်းစေမှုများ လည်း မကြာခဏ ပါဝင်သည်။

အသက် ၂၈ နှစ်အရွယ် အမျိုးသား စက်ရုံလုပ်သားတစ်ဦးက ILO ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြားခဲ့သည် – “ကုန်ဈေးနှုန်းကတက်လာပြီ နိုင်ငံခြားကလဲထွက်လို့မရတော့ဘူးဆိုတော့ ပြည်တွင်းမှာပဲ ရတဲ့အလုပ်ကို လုပ်ဖို့ဆိုတာ တအားခဲယဉ်းသွားပြီ အဲ့လိုကျရင်တော့ ပေါ့ပျက်ပျက်ပြောတာမဟုတ်ဘူးနော် လုပ်မိလုပ်ရာ လုပ်မိမှာပဲလေ ဓားပြတိုက်ရင်လည်း တိုက်မှာပဲ ခိုးရင်လည်းခိုးမှာပဲ ဒါပေမယ့် အဲ့လိုမျိုးမလုပ်လို့ရှိရင်လည်း ကိုယ့်အတွက် စားဝတ်နေရေး ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ ဒီဟာကြီးကို ပြေလည်သွားမယ်ဆိုရင် ပြေလည်စေချင်တာပေါ့။ ကျွန်တော်တို့ကတော့ အဲ့လိုမျိုးလေးဖြစ်စေချင်တယ် ဒီလိုမျိုးကြီးဖြစ်နေတာက ၂၀၂၁ လောက်ကတည်းက ဖြစ်နေတာ ၅ နှစ်လောက်ကြာသွားပြီဆိုတော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကျွန်တော့်အတွက်ကတော့ ဒါကို အမြန်ဆုံး ပြီးစေချင်ပါတယ်"။

ငွေကြေးဆိုင်ရာ အလွဲသုံးစားမှုများအပြင် ဤအကျပ်အတည်းသည် ကလေးလုပ်သားဦးရေ တိုးလာစေသည်။ အသက် ၁၈ နှစ်အောက် လူငယ်များနှင့် ၁၆ နှစ်အောက် ကလေးများသည် မိသားစုထောက်ပံ့မှုအတွက် လုပ်ငန်းခွင်ဝင်ရောက်ခဲ့ကြရသဖြင့် ပညာရေး ဆုံးရှုံးထိခိုက်နစ်နာမှုများမှာ စိုးရိမ်ဖွယ်ရာ နစ်နာမှုများဖြစ်သည်။ ဥပဒေမဲ့ အလုပ်ထုတ်ခံရမှုများနှင့် အခွင့်အရေးများ ချိုးဖောက်ခံနေရသော်လည်း ဤအငြင်းပွားမှုများကို ဖြေရှင်းရန် လိုအပ်သည့် တရားမျှတသော ယန္တရားများ ပျောက်ဆုံးနေသောကြောင့် အလုပ်သမားများသည် အားကိုးရာမဲ့ ဖြစ်နေကြသည်။

စောင့်ကြည့်မှု၊ အခွန်ကောက်ခံမှုနှင့် စစ်မှုထမ်း စိုးရိမ်မှု

အလုပ်သမားများ၏ ခွင့်ပြုချက်မပါဘဲ ပေးထားသည့် ရည်ရွယ်ချက်မဟုတ်သော အခြားကိစ္စအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်။

ထို့အပြင် စစ်သားစုဆောင်းရေးအတွက် လက်နက်တစ်ခု ဖြစ်လာသည်။ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများမှတစ်ဆင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် (သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာအပါအဝင်) များကို စာရင်းပြုစုပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ပေးပို့ရန် ညွှန်ကြားမှုများ ရှိခဲ့သည်။ အလုပ်အသွားအပြန်ချိန်များ သို့မဟုတ် ရပ်ကွက်များအတွင်း ဧည့်စာရင်းလိုက်ကောက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခံရခြင်း စသည့် မလုံခြုံမှုများလည်း ရင်ဆိုင်နေရသည်။ စစ်မှုထမ်းရန် သတ်မှတ်ထားသော အသက်အပိုင်းအခြားရှိသူများကို စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းရန် အသုံးပြုခံရမည်ကို အလုပ်သမားများက အလွန်အမင်း စိုးရိမ်နေကြသည်။ ဤမလုံခြုံမှုများကြားတွင် နိုင်ငံရေး ခွဲခြားဆက်ဆံမှု တစ်ခုက ထင်ရှားနေသည် – နိုင်ငံ့စီးပွားရေး မပြိုလဲစေရန်ဟူသော အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကဘဏ်၊ ခရိုနီကုမ္ပဏီနှင့် စစ်တပ်စီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းအချို့ ကို စစ်မှုထမ်း ဆိုင်းငံ့ခွင့် ပေးထားသည်ဟု သတင်းများက ဖော်ပြသည်။ ဤသည်မှာ သာမန်အလုပ်သမားများအား ခွဲခြားဆက်ဆံမှုနှင့် နိုင်ငံရေးအရ အခွင့်ထူးခံမှုများ ရှိနေသည်ကို ပြသနေသည်။

လုပ်သားထုသည် တရားမဝင်သော အခွန်စနစ်ကြောင့်လည်း ဝန်ထုပ်ဝန်ပိုး ပိုမိုများပြားလာသည်။ အလုပ်သမားများသည် ၎င်းတို့၏ နေထိုင်ရာ နေရာများတွင် ဧည့်စာရင်း ကြေး၊ အလုပ်လျှောက်လွှာတင်ရန်အတွက် ရပ်ကွက်/ရဲစခန်းထောက်ခံစာကြေးနှင့် အဓမ္မစုဆောင်းခံရခြင်းမှ ရှောင်ရှားရန်အတွက် အာဏာပိုင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ကြေးများ ပေးဆောင်ရသည်။ ဤကဲ့သို့ မတရားအမြတ်ထုတ်မှုသည် ပိုပြီး ဆိုးရွားသည့် ဆင်းရဲမွဲတေမှု သံသရာကို ဖန်တီးနေသည်။ အောက်ခြေလူတန်းစားများသည် အကြွေးဆပ်ရန်နှင့် မြင့်တက်နေသော ကုန်ဈေးနှုန်းများကို ရင်ဆိုင်ရန် ကြိုးစားရင်း အစားအသောက်နှင့် အိမ်စရိတ်ကိုသာ မနည်း ထိန်းထားနိုင်ရန် ရုန်းကန်နေကြရသည်။ ဤအခြေအနေတွင် စိုးရိမ်ပူပန်မှုသည်သာ ကြီးထွားလာသည့် တစ်ခုတည်းသော အခြေအနေဖြစ်နေပြီး၊ အလုပ်သမားများသည် ချက်ချင်းလက်ငင်း စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက်သာ ၎င်းတို့၏ ရှိသမျှစွမ်းအင်ဖြင့် လုံးပန်းနေရတော့သည်။ ထို့အပြင်အာဟာရပြည့်ဝစွာ စားသောက်နိုင်ခြင်း မရှိတော့ပဲ ဝင်ငွေအပေါ် မူတည်၍သာ အစားအသောက်များကို တွက်ချက် စားသုံးရသည်။ ရလဒ်အနေဖြင့် လုပ်သားအများစုသည် အာဟာရချို့တဲ့ခြင်း၊ အိပ်ချိန်လုံလောက်စွာ မရရှိခြင်း နှင့် အဆက်မပြတ် စိုးရိမ်ပူပန်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရသည်။ 

တစ်ချိန်တည်းမှာပင် စဥ်ဆက်မပြတ်စောင့်ကြည်ခံရခြင်း နှင့် စစ်မှုထမ်းဥပဒေ၏ ဖိအားကြောင့် လူငယ်လူရွယ် အလုပ်သမား အများစုသည် ပြည်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာနေကြရာ၊ ပြည်တွင်း စက်ရုံများတွင် အလုပ်သမားလိုအပ်ချက် မြင့်တက်လာပြီး လုပ်သားရှားပါးမှု ပြဿနာများ ဖြစ်ပေါ်နေသည်။ သို့သော် ဤအခြေအနေတွင် ပြည်တွင်းအန္တရာယ်များကို ရွှေ့ပြောင်း အလုပ်သမားများ၏ ပြင်းထန်သော စိန်ခေါ်မှုများနှင့် လဲလှယ်နေရခြင်းသာ ဖြစ်သည်။ အလုပ်သမားများသည် နိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းရာတွင် ပွဲစားခ ကြီးမြင့်ခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်ရမှုများနှင့် ရင်ဆိုင်နေရပြီး ထိုင်း သို့မဟုတ် မလေးရှားသို့ ရောက်ရှိရန် ငွေအလွန်အကျွံ ပေးဆောင်ပြီးနောက် ထောင်နှင့်ချီ၍ ဖမ်းဆီးခံနေရသည်။ နိုင်ငံခြားရောက် အလုပ်သမားလဲလှယ်ရေး အစီအစဉ်များဖြင့် သွားရောက်သူများပင် ထောင်ချောက်နှင့် ရင်ဆိုင်နေရသည် – စစ်ကောင်စီသည် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို ပြန်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေသည်။ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာရမည် ဟု ထည့်သွင်းချုပ်ဆိုရန် ညွှန်ကြားထားသည်ဟု သိရသည်။ စစ်မှုထမ်းရန် ဆင့်ခေါ်စာရရှိသူသည် ပြည်ပရောက်နေကြောင်း သက်သေပြရန် ဗီဒီယိုခေါ်ဆိုမှုဖြင့် ၎င်းတို့၏ တည်နေရာကို သက်သေပြခိုင်းသည့် အခြေအနေမျိုးကိုပင် ကြုံတွေ့နေရသည်။ ပို၍ စိုးရိမ်ဖွယ်ကောင်းသည်မှာ ထိုင်းနိုင်ငံမှ နှင်ထုတ်ခံရသော တရားမဝင် အလုပ်သမားများကို မြန်မာနိုင်ငံသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာစစ်တပ်သို့ စုဆောင်းနေကြောင်း သတင်းများက ဖော်ပြနေပါသည်။

အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုများ ဖိနှိပ်ခံရခြင်း

SAC-SSPC အလုပ်သမားဝန်ကြီးက သမဂ္ဂများသည် လွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်ဟု ပြောဆိုသော်လည်း အမှန်တကယ်မှာ ဖိနှိပ်မှုများသာ ရှိနေသည်။ သမဂ္ဂခေါင်းဆောင်များကို စစ်မှုထမ်းခိုင်းခြင်း၊ အဖွဲ့ဝင်များကို ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် များစွာသောသူများသည် ပုန်းရှောင်နေရသည့်အခြေအနေများကြောင့် အလုပ်သမားလှုပ်ရှားမှု၏ အင်အားကို အားနည်း စေခဲ့သည်။

စက်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို ဖွဲ့စည်းထားပြီး၊ ဥပဒေနှင့်အညီ လိုက်နာမှုကို သေချာစေရန်အတွက် ကျင့်ဝတ် (COC) ဝန်ထမ်းများကို ခန့်အပ်ထားသည်။ သို့သော် ဤစနစ်သည် ပျက်ယွင်းနေသည်။ WCC အဖွဲ့ဝင်များကို ရွေးကောက်တင်မြှောက်ခြင်းထက် အလုပ်ရှင်မှ တိုက်ရိုက် ခန့်အပ်လေ့ရှိသောကြောင့် အလုပ်သမားများ နစ်နာနေရသည်။ အလုပ်ရှင်များသည် ဤအဖွဲ့ဝင်များအား ဥပဒေဘောင်ကျော်၍ လုပ်ဆောင်ရန် လွှမ်းမိုးရန်အတွက် လာဘ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ဖိအားပေးခြင်းတို့ကို မကြာခဏ အသုံးပြုကြသည်။ တစ်ချိန်တည်းမှာပင် COC ဝန်ထမ်းကိုယ်တိုင်က ၎င်းတို့ ကာကွယ်ရန် ရည်ရွယ်ထားသော အလုပ်သမားများအပေါ် ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုများ ကျူးလွန်နေကြသည်။

ထို့ပြင် ယခင်က သုံးပွင့်ဆိုင် ယန္တရား (အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ) ကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးခဲ့သော အရပ်ဘက်လူ့အဖွဲ့အစည်းများအား ပိတ်ပင်ထားသောကြောင့် ပွင့်လင်းမြင်သာမှုပျောက်ဆုံးနေပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး မကြာမီတွင် အစိုးရသည် အလုပ်သမားရေးအဖွဲ့အစည်း အများစုကို နာမည်ပျက်စာရင်းသွင်းခဲ့သည်။ မကြာသေးမီက ထင်ရှားသော ဥပမာတစ်ခုမှာ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ (STUM) ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး၏ အမှုဖြစ်သည်။ သူမသည် ယခုနှစ် အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း စွဲချက်များကို ဆက်လက်ရင်ဆိုင်နေရသည်။ သူမကို ဇူလိုင်လတွင် ဖမ်းဆီးခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းထံမှလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် STUM မှ အခြားအဖွဲ့ဝင်များနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများစွာသည်လည်း ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရဆဲဖြစ်သည်။

Workers protesting against the military coup in 2021

Photo credit MLN

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ရန်ကုန်မြို့၌ ဆန္ဒပြနေကြသည့် အလုပ်သမားများ

အရေခြုံ ရွေးကောက်ပွဲ

ပိုပြီးဆိုးရွားလာနေသည့် အလုပ်သမား အကျပ်အတည်းနှင့် အခွင့်အရေး ချိုးဖောက်မှုများသည် သီးခြားစီ မဟုတ်ဘဲ၊ SAC-SSPC ၏ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းမှု၏ လက္ခဏာများဖြစ်သည်။ စစ်အုပ်စုသည် ၎င်း၏ နေရာ တရားဝင်ဖြစ်စေရန် နောက်ဆုံး အားထုတ်မှုမှာ လာမည့် အတင်းအကျပ်ကျင်းပမည့် ရွေးကောက်ပွဲပင်ဖြစ်သည်။

ဤအခြေအနေများကို အကျဉ်းချုပ်ရလျှင် စစ်အစိုးရသည် စစ်မှန်သော အခွင့်အာဏာ မရှိဘဲ လေးနှစ်ကျော်ကြာ ၎င်း၏ နေရာ ခုခံကာကွယ်ရန်နှင့် အတိုက်အခံများကို တိုက်ခိုက်ရန်အတွက် တရားလက်လွတ် အင်အားကို အသုံးပြုနေခဲ့သည်။ စစ်ခေါင်းဆောင်တို့သည့် ၎င်းတို့၏ စည်းစိမ်ဥစ္စာနှင့် အာဏာရှင်စနစ်ကို အချိန်ကြာကြာ ဆက်လက်တည်မြဲစေရန် ကြိုးစားရင်း အထက်စီးမှ ဖိနှိပ်သော ယန္တရားဖြင့် ပြည်သူလူထုအတွင်း ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ ၎င်းတို့ကြိုးကိုင်မည့် အရပ်သားအစိုးရထံ အာဏာပြန်လည်အပ်နှင်းရန်အတွက် အတင်းအကျပ် ရွေးကောက်ပွဲကို ရှေ့ဆက်လုပ်ဆောင်ရန် စစ်အစိုးရ၏ အသည်းအသန် ကြိုးပမ်းမှုတွင် ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

စက်မှုဇုံအလုပ်သမားများကြုံတွေ့နေရသည့် နိုင်ငံရေး အခြေအနေကို လေ့လာကြည့်သောအခါ လာမည့်ရွေးကောက်ပွဲသည် အခွင့်အလမ်းများထက် အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေကြောင်း ဖော်ပြသည်။ ၂၀၁၅ သို့မဟုတ် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများနှင့် မတူဘဲ စစ်အုပ်ချုပ်ရေးကို သက်တမ်းရှည်စေရန် ရလဒ်ကို ကြိုတင်သတ်မှတ်ထားသည်ဟူသော ခံစားချက်ကြောင့် လူထု၏ စိတ်ဝင်စားမှု လုံးဝမရှိပါ။ တော်လှန်ရေး အင်အားစုများစွာက လူထုအား သပိတ်မှောက်ရန် တောင်းဆိုထားသည်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကလည်း မဲပေးရန် ငြင်းဆန်ခြင်းသည် အန္တရာယ်ရှိနေပြီး တစ်ဖက်တွင် မဲပေးခြင်းကို တော်လှန်ရေးအဖွဲ့များက သစ္စာဖောက်မှုအဖြစ် ရှုမြင်သည့် အခင်းအကျင်းတွင် အရပ်သားများသည် ကြောက်ရွံ့မှုလွှမ်းမိုးနေသည့် ပတ်ဝန်းကျင်ကိုတွန်းပို့ခံနေရသည်ဟု မှတ်ချက်ပြုကာ ရွေးကောက်ပွဲသည် "ဖိနှိပ်မှုနှင့် မတည်ငြိမ်မှုများကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိသည်" ဟု သတိပေးထားသည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် တင်းကျပ်သော စည်းမျဉ်းများသည် လက်ရှိအခြေအနေကို ပိုမို ပိတ်ဆို့ထားသည်။ ရန်ကုန်မြို့ပေါ်မှ ကိုယ်စားလှယ်လောင်းများပင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြသည်။ အချို့သည် လူထုဟောပြောပွဲများ မလုပ်ဘဲ၊ အွန်လိုင်းမှသာ စည်းရုံးရန် ဆုံးဖြတ်ထားသည်။ ရွေးကောက်ပွဲကော်မရှင်က စီတန်းလှည့်လည် မဲဆွယ်ခွင့်ကို ပိတ်ပင်ထားသည်။ ငွေကြေးဆိုင်ရာ အတားအဆီးများသည်လည်း အဓိက အခက်အခဲဖြစ်သည် – ရွေးကောက်ပွဲ ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ငွေကြေးအင်အား နည်းပါးသော ပါတီငယ်များအတွက် စိန်ခေါ်မှု ဖြစ်လာသည်။ နောက်ဆုံးအနေဖြင့် ကြီးမားသော မဲပေးခွင့် ဆုံးရှုံးမှုများ ရှိနေသည် – ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) ၃.၆ သန်း ရှိနေခြင်းက လူသန်းပေါင်းများစွာသည် ၎င်းတို့ ဆန္ဒရှိလျှင်ပင် မဲပေးနိုင်မည် မဟုတ်ကြောင်း ဖော်ပြနေသည်။ ဤမျှသော လူဦးရေပမာဏအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အခြေအနေသည် နိုင်ငံအနေဖြင့် နက်နဲသော နိုင်ငံရေး အကျပ်အတည်း ကိုဖြတ်ကျော်နေရသည်ကို ဖော်ပြနေသည်။

ရွေးကောက်ပွဲသည် တရားဝင်မှု မရှိခြင်းနှင့် ပုံမှန်မဟုတ်သော အခြေအနေများအောက်တွင် ကျင်းပခြင်းကြောင့် အလုပ်သမား အကျပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ဥပဒေအရနှင့် နိုင်ငံရေးအရ စစ်အစိုးရ၏ အုပ်ချုပ်မှုသည် ဆက်လက်တည်ရှိနေဖွယ်ရှိသည် – ဆိုလိုသည်မှာ အလုပ်သမား ဥပဒေများကို ဆက်လက် အကောင်အထည်ဖော်ခြင်းမရှိဘဲ၊ လွတ်လပ်သော သမဂ္ဂများကို ပိတ်ပင်ထားဦးမည်ဖြစ်ပြီး၊ စစ်မှုထမ်းဥပဒေသည် လူငယ်များကို နိုင်ငံမှ ဆက်လက် နှင်ထုတ်နေမည်။ စီးပွားရေးအရ နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိဘဲ ပိတ်ဆို့အရေးယူမှုများ ဆက်လက်တည်ရှိနေမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဆက်လက်ထွက်ခွာသွားနိုင်ပြီး၊ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာ စေနိုင်သည်။ ထို့အပြင် စက်ရုံများသည် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ကျစရိတ် မြင့်တက် လာမည်ဖြစ်ပြီး၊ လုပ်ခလစာ ထပ်မံလျှော့ချခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ နောက်ဆုံးအနေဖြင့် လာမည့် မိမိကိုယ်မိမိ အစိုးရဟုကြေငြာမည့် အစုအဖွဲ့သည် အလုပ်သမားပြောင်းရွှေ့မှုကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာနိုင်ပြီး လူများကို တရားမဝင်သော၊ အန္တရာယ်ရှိသော လမ်းကြောင်းများသို့ ပိုမိုတွန်းပို့နိုင်သည်။

နိဂုံး

ILO ၏ ပုဒ်မ ၃၃ အရေးယူမှုသည် မြန်မာ့စီးပွားရေး ပို၍ အထီးကျန်စွာရပ်တည်ရလာနိုင်မှုကို အချက်ပြသည့် အဓိက သတိပေး ခေါင်းလောင်းသံတစ်ခုဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူထု၏ စိတ်ပါဝင်စားမှု မရှိခြင်း၊ မလုံခြုံမှုနှင့် မြင့်မားသော ကုန်ကျစရိတ်များကြားတွင် ဆက်လက် လုပ်ဆောင်နေသည်။ ဤအချက်များကို ပေါင်းစပ်လိုက်သောအခါ ရွေးကောက်ပွဲအလွန်ကာလသည် တည်ငြိမ်မှုကို ယူဆောင်လာမည် မဟုတ်ကြောင်း ဖော်ပြနေသည်။ ယင်းအစား နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး အခက်အခဲများသည် အလုပ်သမား အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံနေရသည့် ပတ်ဝန်းကျင်ကိုသာ ဆက်လက် ပျိုးထောင်ပေးလိမ့်မည်။ “စစ်ကောင်စီက သူတို့ရဲ့အာဏာတည်မြဲရေးအတွက် ပြည်သူတွေကို အရုပ်လိုမျိုးဆော့ချင်တိုင်းဆော့၊ ကစားချင်တိုင်းကစားပြီးတော့ ထွက်ပေါက်ပိတ် အောင်လုပ်နေတာပေါ့နော်။   ဆိုတော့ အဖြေလည်းရနေလောက်ပြီပေါ့နော်။ အဖြေကတော့ သိတဲ့ အတိုင်းပဲသူတို့မဆင်းမချင်းတော့ဘာမှတော့ပြောင်းလဲလာမှာမဟုတ်ဘူး။ ပြည်သူတွေကတော့ မျှော် လင့်နေတယ်။ အမြန်ဆုံး   ဒီအရေးက အမြန်အဆန်နဲ့ပြီးသွားဖို့၊   အမြန်အဆန်နဲ့ ငြိမ်းချမ်းသွားဖို့ပဲ။ ငြိမ်းချမ်းသွားဖို့   မျှော်လင့်တယ်။    လူတိုင်းက စစ်ကောင်စီ ပြုတ်ကျဖို့ကိုပဲ အာရုံစိုက်နေကြပြီး အဲဒါကပဲ ကျန်နေတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ" ဟု ရန်ကုန်တွင် နေထိုင်သော အလုပ်သမား တစ်ဦးက ပြောခဲ့သည်။

* ဆုလာဘ်ဖြူသည် မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေး အခြေအနေကို စောင့်ကြည့်၍ သတင်းတင်ပြသော သီးခြား လွတ်လပ်သော သတင်းထောက်နှင့် စာရေးဆရာ ဖြစ်သည်။