မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။ ကချင်နှင့်ရှမ်းမြောက်ဒေသများရှိ IDPများ၏မြေယာအခွင့်အရေးကာကွယ်ရေးကော်မတီ
Regions

Bum Hkrang
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ ပေါင်းကာဖြစ်ပေါ်လာသည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။ လက်ရှိ အစိုးရ၏ မူလအတိုင်းပြန်လည်ရပိုင်ခံစားခွင့် (restitution) မပေးပဲ IDP စခန်းများပိတ်သိမ်းခြင်း သည် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို တရားဝင်မှုပြုပေးကာ တွန်းအားပေး လုပ်ဆောင်နေသကဲ့သို့ဖြစ်ပြီး ပိုးလမ်းမစီမံကိန်းခေါင်းစဉ်အောက် ထည့်သွင်းထားသည့် မြေသိမ်းမှု အပါအဝင် အခြား မြေသိမ်းမှုများ အားလုံးကို တရားဝင်မှုပြုပေးသကဲ့သို့ဖြစ်နေသည်။ မူလက ရှိခဲ့သော လူမှု-စီးပွားရေး နှင့် စိုက်ပျိုးရေးအခြေပြုသဘာဝဂေဟစနစ်သို့ ရောက်ရှိရန် မထောက်ပံ့ ပဲ IDPများကို မူလနေရပ်ပြန်ရန်တွန်းအားပေးခြင်းသည် IDPများအား ၎င်းတို့မြေပြန်လည် ရယူဖို့ ရန်အတွက် အတားအဆီးဖြစ်စေမည်မှာ မလွဲမရှောင်သာဖြစ်ပေမည်။ လူမှုတရားမျှတမှုဉီးတည် သော မူလအတိုင်းပြန်လည်ခံစားပိုင်ခွင့်မရှိလျင် IDPsများ၏ မြေ၊ လုပ်အား၊ လူမှုဘဝ နှင့် အသက်မွေးဝမ်းကြောင်းများသည် ပိုးလမ်းမစီမံကိန်း၏ လှိုင်းလုံးကြီးများ၏ ဘေးတွန်းထုတ်မှုခံရ ကာ ၎င်းတို့အပေါ်လွှမ်းခြုံသွားမည့် အန္တရာယ်ရှိနေပါသည်။
မတ်လ ၁၁ရက် သည် ကျွန်ုပ်တို့အတွက် မည်ကဲ့သို့ အဓိပ္ပယ်ရှိသနည်း?
မတ်လ ၁၁ရက်နေ့တွင် မြေလွတ်မြေလပ်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေမှ ပြဌာန်းကာ မြေမှတ်ပုံ တင်ခိုင်းသည့် အချိန်ကာလသည်တစ်နှစ်ပြည့်သွားပြီဖြစ်သည်။ ယခု အထိမ်းအမှတ်ကာလ အနေဖြင့် ကျွန်တော်၊ ကျွန်မတို့အပေါ်မည်ကဲ့သို့ အဓိပ္ပယ်ရှိသလဲကို နားလည်နိုင်ရန် အတွက် ကျွန်ုပ်တို့ဒေသများတွင် ခေတ်အဆက်ဆက်ခံစားခဲ့ရသော မြေသိမ်းမှုများကို ပြန်လည့်ကြည့် ရမည်ဖြစ်သည်။
၁၉၈၀ မှ ၁၉၉၀ ခုနှစ်များတွင် ကျောက်စိမ်းနှင့် အခြားသတ္တုတွင်းတူးဖော်သည့်လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများစသည့် အကြီးစားလုပ်ငန်းများသည် ကျွန်ုပ်တို့၏ မြေနှင့် သဘာဝသယံဇာတများကို ဝါးမြိုလာခဲ့သည်။ ထို့နောက် ၁၉၉၇တွင် ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖော်ဆောင်ခဲ့ကာ ထိုစီမံကိန်းအတွက် မြေသိမ်းခြင်း နှင့် ထိုအနီးတဝိုက်မှ မြေတော်တော် များများ သိမ်းယူခံခဲ့ရပါသည်။ ထို့အပြင် အခြေခံအဆောက်အအုံနှင့် သဘာဝသယံဇာတ ထုတ်ယူသည့်စီမံကိန်းကြီးများကို အကြီးစားစက်ပစ္စည်းများအသုံးပြုပြီးဖော်ဆောင်ကာ ကျွန်ုပ်တို့ ကိုယ်တိုင်တည်ဆောက်ခဲ့သော ကျေးလက်ဒေသရှင်သန်ဖြစ်တည်နေမှုများကို ဖျက်ဆီးခဲ့ပါသည်။ အထက်တွင်ဖော်ပြခဲ့သော လုပ်ဆောင်မှုများကြောင့် ကျွန်ုပ်တို့၏ ရွာလမ်းများမှာလည်း ပျက်စီး ခဲ့ကာ အသုံးပြုနိုင်ခြင်း မရှိတော့ပါ။
ဒေသခံလူထုများအနေဖြင့် မည်ကဲ့သို့ ကြုံတွေ့ရသည် သို့မဟုတ် ၎င်းတို့ အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို ပြောခွင့်မရှိခဲ့ပါ။ ပြင်ပမှလူများအနေဖြင့် စီမံကိန်းများအတွက် အကြောင်းပြချက်ပေးခဲ့ကာ အစပိုင်းတွင် ဒေသခံများအနေဖြင့် လက်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ သစ်တောများ စတင်ပျောက်ကွယ်လာသည်ကို သတိထားလာမိကာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်အထိ ကြုံတွေ့ခံစားလာခဲ့ရပါသည်။
ထို့အပြင် ၂၀၀၀ခုနှစ်များတွင် ရာဘာ၊ ငှက်ပျော၊ ကြံစသည့် စိုက်ပျိုးစီးပွားလုပ်ငန်းများ နှင့် အကြီးစားအခြေခံအဆောက်အအုံများ (ဥပမာ - မီးရထားလမ်း) အတွက် မြေနေရာချပေးမှုများ ကြုံတွေ့လာရသည်။ အစိုးရဌာနများ၊ လက်နက်ကိုင်အဖွဲ့များ၊ လဝကအရာရှိများ၊ ဒေသအာဏာ ပိုင်များ၊ ပြည်သူ့စစ်အဖွဲ့များသည် အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းကာ ကျွန်ုပ်တို့၏ မြေများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် သိမ်းယူခဲ့ပါသည်။ အကျိုးဆက်မှာ ကျွန်ုပ်တို့၏ ဒေသတွင်း စီးပွားရေးလုပ်ငန်းတော်တော်များများကို တရုတ်တို့၏ လွှမ်းမိုး ချုပ်ကိုင် မှုများကို ကြုံတွေ့လာရပါသည်။ ကျွန်ုပ်တို့၏ မြေများကို စီမံနိုင်ခွင့်ဆုံးရှုံးလာပါသည်။ စိုက်ပျိုးရေး စီမံကိန်းများ ချဲ့လာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းရှင်များမှ နိုင်ငံခြားမျိုးစေ့များကို ဒေသတွင်း မိတ်ဆက်လာကာ တဖြေးဖြေး စိုက်ပျိုးရေးလုပ်ငန်းငန်းများအပေါ် မှီခိုနေသောဒေသခံများအနေ ဖြင့် ဒေသမျိုးစိတ်များ အသုံးပြုခြင်းရပ်တန့်ခဲ့ပါသည်။
ထို့နောက် ပြည်တွင်းစစ်စတင်ဖြစ်ပေါ်ခဲ့ပြီး ကျွန်ုပ်တို့မှာ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများ ဖြစ်လာသည်။ ယခုထိ စစ်ပွဲပြီးဆုံးခြင်းမရှိခဲ့ပါ။ ၂၀၁၆ ရောက်သောအခါ ကျွန်ုပ်တို့အနေဖြင့် ပိုးလမ်းမစီမံကိန်း “BRI” ဟူသည့် နာမည်စတင်ကြားလာခဲ့သည်။ သို့သော် တိကျသည့် မည်သည့် သတင်းအချက်အလက်များမသိရပါ။ ဥပမာ - မည်သည့် စီမံကိန်းအမျိုးအစားများလုပ်ဆောင်မည်၊ မည်သည့်အတွက်ကြောင့် လုပ်ဆောင်မည်ဆိုသည်ကို မသိရပါ။ “တွေ့ဆုံဆွေးနွေးပွဲတစ်ခုမှာ သူတို့ရောက်လာပြီး စီစဉ်ထား တဲ့ စီမံကိန်းကို ခွင့်ပြုလိုက်ပြီဖြစ်လို့ သူတို့အနေနဲ့ ဆက်လက်လုပ်ဆောင်မယ်လို့ကြားရတယ်။ ဒါကြောင့် ဒေသခံတွေကို အသိပေးခြင်းသာ ဖြစ်တယ်လို့ ပြောတယ်။ တွေ့ဆုံဆွေးနွေးတာမဟုတ်ဘူး။ အသိပေးတာသာဖြစ်တယ်။”
အကြီးစားတရားဝင်စီမံကိန်းများ၏ နောက်ကွယ်တွင် ထိုစီမံကိန်းများအနေဖြင့် ရပ်တန့်သွားခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ဆက်လက်လုပ်ဆောင်ခြင်း မည်ကဲ့သို့ ဖြစ်လာပါစေ အသေးစားစီမံကိန်း များနှင့် သယံဇာတတူးဖော်သည့်လုပ်ငန်းများ အမြဲတစေ ဆက်လက်လိုက်ပါခဲ့သည်။ ထိုစဉ်ကပင် ကျွန်ုပ်တို့ မလွှဲမရှောင်သာစွန့်ခွာခဲ့ရသော ရပ်ရွာဒေသများတွင် နက်ရှိုင်းသောအကျိုးသက်ရောက်မှု များ ဖြစ်ပေါ်ခဲ့သည်။ အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့များ၊ ကုမ္ပဏီများ ကျွန်ုပ်တို့ဒေသအတွင်း နေရာယူထားကာ ၎င်းတို့အနေဖြင့် လက်နက်ကိုင်နိုင်ကာ တရားဝင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် နေကြသည်။ ၎င်းတို့သည် ဒေသခံပွဲစားများနှင်ပူးပေါင်းကာ IDPမြေများသိမ်းကာ အမြတ်ထုတ်ယူ နေကြသော အရင်းရှင်များဖြစ်နေသည်။
ယခုအချိန်တွင် ကျွန်ုပ်တို့ IDPများအနေဖြင့် ၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းများပိတ်သိမ်းခြင်း အမျိုးသားအဆင့်မဟာဗျူဟာစသည့် အခြေအနေများ ပေါင်းစပ်ကာ ဖြစ်ပေါ်လာသည့် မုန်တိုင်းတစ်ခု၏ အောက်တွင် ပိတ်မိနေကြပါသည်။
ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ဒီမိုကရေစီ မရှိသည့်အခြေအနေတွင် တရားဥပဒေစိုးမိုးရေးကို မည်ကဲ့သို့ အဓိပ္ပယ်ဖော်ဆောင်မည်နည်း?
လက်ရှိအစိုးရအောက်တွင် ပြဌာန်းထားသော ဥပဒေများ၊ ပေါ်လစီများ၊ စီမံကိန်းများ မှာ ယခင်ကာလများမှ ယခုအချိန်ထိဖြစ်ပေါ်နေခဲ့သော ကျွန်ုပ်တို့၏ မြေ၊သစ်တော၊ ရေ၊ လူမှုဘဝ နှင့် ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းခဲ့သော အမွေအနှစ်များအားအတင်းအဓမ္မသိမ်းယူမှုများကို တရားဝင်မှုပြုပေးသည့် သဘာဝသယံဇာတလုယူ သည့် ဆောင်ရွက်ချက်ဖြစ်နေပါသည်။ ကျွန်ုပ်တို့၏ ရိုးရာဓလေ့ဆိုင်ရာအခွင့်အရေးများကို လုံးဝ အသိအမှတ်မပြုခြင်းမရှိကာ ဒေသအခြေပြုစနစ်များကို အကာအကွယ်ပေးသည့် ဥပဒေလည်း မရှိပါ။ IDP စခန်းများတွင် နေထိုင်ကာ ဘဝများရပ်တန့်နေခဲ့ရသည့် ကျွန်ုပ်တို့ IDP များထံမှ သိမ်းယူခဲ့သော အရာများအားလုံးကို တရားဝင်မှုပြုပေးသည့် ဥပဒေများသာဖြစ်နေပါသည်။
မြေလွတ်မြေလပ်မြေရိုင်း ဥပဒေ ၂၀၁၂တွင် ထွက်ခဲ့သောအခါ ကျွန်ုပ်တို့အနေဖြင့် မသိရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော ထိုအချိန်က ကျွန်ုပ်တို့၏ ဘေးပတ်ဝန်းကျင်အားလုံးတွင် စစ်ပွဲဖြစ်နေ သောကြောင့်ဖြစ်သည်။ ထို့နောက်မှ ဥပဒေအတည်ပြုပြီး နောက်ဆက်တွဲ အဖြစ်အပျက်များ ကြုံတွေ့လာရမှသာ ဆိုးရွားလှသည့် အဓိပ္ပယ်ကို သိရှိလာရသည်။ ၂၀၁၁တွင် ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့် ရပ်ရွာကို ရုတ်တရက်စွန့်ခွာခဲ့ရကာ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရသူများဖြစ်လာပါသည်။ ထို့နောက် ၂၀၁၂ရောက်သောအခါ ပြည်တွင်း စစ်အပါအဝင် မည်သည့် အခြေအနေဖြစ်နေပါစေ အစိုးရမှ မြေလွတ်မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေအား ပြဌာန်းခဲ့ကာ နှစ်ပေါင်းများစွာ အသုံးမပြုသောမြေများကို အစိုးရမှ သိမ်းယူကာ အခြားသူများကို ချပေးနိုင်ရန်အတွက် တရားဝင် မှုရှိမည့် လမ်းကြောင်း ဖောက်ခဲ့ပါသည်။
တစ်နှစ်တည်းတွင် လယ်ယာမြေဥပဒေလည်းပြဌာန်းကာ ပုံစံ ၇ လျှောက်နိုင်မည့် အခြေအနေ ဖန်တီးခဲ့သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ အမြင်တွင် ပုံစံ ၇ သည် မည်သည့် အချိန်မဆို သိမ်းယူနိုင်သည့် အသုံးချခွင့် တစ်ခုသာဖြစ်နေသည်။ ကျွန်ုပ်တို့ ကိုယ်တိုင်လုပ်ဆောင်ထားသည့် သုတေသနအရ အချို့သော ဒေသခံများ (လိုအပ်သောစာရွက်စာတမ်းရှိကာ ငွေကြေး တတ်နိုင်သောအချို့သောသူများ) အနေဖြင့် ကြိုးစားလျှောက်ခဲ့ကြသော်လည်း ပုံစံ ၇ ရနိုင်ခြင်း မရှိခဲ့ပါ။
အချိန်နှင့်အမျှ IDPများ၏ မြေယာများကို အခြားသူများကို ပြန်လည်ချထားပေးရန် တွန်းအား ပိုကြီးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော အထူးအခွင့်ခံလူအုပ်စု၏ အမြင်တွင် ပိုးလမ်းမစီမံကိန်း ကဲ့သို့ အခြေအနေအောက်တွင် စီးပွားရေးဖွံ့ဖြိုးမှုဆိုသည့် အဓိပ္ပယ်မှာ ကျွန်ုပ်တို့၏ မြေများကို လိုအပ်သော် လည်း ကျွန်ုပ်တို့ကို မလိုအပ်နေပါ။ သို့သော် ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် အပေါ်ယံအမြင်အားဖြင့် ကြည့်ကောင်းရန် “တရားဥပဒေစိုးမိုးရေး” ဆိုသည့် နည်းလမ်းကို အသုံးပြုနေသကဲ့သို့ဖြစ်နေသည်။ အထူးသဖြင့် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ ကိုဆိုလိုသည်။

ပထမဆုံး ကျွန်ုပ်တို့၏ မြေယာများ၊ သစ်တောများ၊ မြစ်ချောင်းများ ဆုံးရှုံးရကာ ပြည်တွင်း စစ်ရှောင် များဖြစ်လာသည်။ ယခုကဲ့သို့ စွန့်လွှတ်လိုက်ရခြင်းတွင် အချို့သောသူများအတွက် အကျိုး အမြတ်ဖြစ်လာသည်။ အချို့သောမြန်မာနိုင်ငံသားများသည် ကျွန်ုပ်တို့၏ ဆုံးရှုံးမှုများအပေါ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေကဲ့သို့သောဥပဒေများအသုံးပြုကာ အစိုးရ၏ အထောက်အပံ့ဖြင့် အမြတ်ထုတ်နိုင်ခဲ့သည်။
မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကြောင့် ကျွန်ုပ်တို့၏ ဘဝများ ဖရိုဖရဲ ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့ ၏ မြေ၊ အိမ် နှင့်ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်နှင့်အပြင် လူမှုအဖွဲ့အစည်းကြား ပိုပြီးအက်ကြောင်း ဖြစ်လာခဲ့သည်။ အချို့သောသူများသည် ပုံစံ ၇ ရရန် အာရုံစိုက်ကာ ၎င်းတို့၏ မြေပိုင်ဆိုင်နိုင်ရန် လမ်းကြောင်း တစ်ခု ကဲ့သို့ မျှော်လင့်ကြသည်။ သို့သော် ကျွန်ုပ်တို့ IDP များသည် နဂိုမြေယာများကို စွန့်ခွာခဲ့ရပြီးဖြစ်သည်။ ပုံစံ၇ လျှောက်ယူနိုင်ရန် အစိုးရဌာနရုံးများသို့ မည်ကဲ့သို့လက်လှမ်းမှီနိုင်ပါမည်နည်း? ကျွန်ုပ်တို့ အများစုမှာ မြေကို အမှန်တကယ်ပိုင်ဆိုင်သော်လည်း လက်တွေ့လျှောက်ရန် နိုင်ငံသားမှတ်ပုံတင် နှင့် အခြား စာရွက်စာတမ်းများ လက်ဝယ်မရှိနေပါ။ အချို့ ကြိုးစားကြည့်သော်လည်း မအောင်မြင် ကြပါ။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေ ပြဌာန်းချက်အရ မည်သူမဆို လျှောက်ယူနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ IDPများအနေဖြင့် လက်တွေ့တွင် လျှောက်နိုင်ရန်အခြေအနေမရှိပါ။
ထို့ကြောင့် ကျွန်ုပ်တို့အတွက် ရှင်းလာသည်မှာ အစိုးရအနေဖြင့် ကျွန်ုပ်တို့၏ မြေများကို ငွေကြေး ရှိသောသူများကိုသာ ပေးနိုင်သောအခြေအနေကိုဖန်တီးနေသည်ဟုဖြစ်သည်။ ၎င်းတို့၏ ဖွံ့ဖြိုးရေးကို အဓိပ္ပယ်ဖွင့်ဆိုမှုမှာ ကျွန်ုပ်တို့နှင့် အလွန်ကွာခြားပါလိမ့်မည်။
ကျွန်ုပ်တို့၏ ဆုံးရှုံးခဲ့ရသောအရာများ၊ ဆုံးရှုံးနေမှုများ နှင့် ဆုံးရှုံးရမည် အရာများ
မကြာသေးမှီက ကချင်နှင့် ရှမ်းမြောက်ဒေသမှ IDP များအနေဖြင့် ယခုအချိန်တွင်သာ ကျွန်ုပ်တို့၏ မူလဒေသများတွင် ရှိနေပါက မည်သည့်အရာများလုပ်ဆောင်နေမည်ကို ပြန်လည်သတိရကာ ဝေမျှသည့် အစီအစဉ်ဆောင်ရွက်ခဲ့ သည်။
“အခုအချိန်မှာဆို ကျွန်တော်တို့ သီးနှံတွေရိတ်သိမ်းပြီးပြီ။ အပျော်ဆုံးအချိန်နဲ့ အလုပ်ရှုပ်ရဆုံး အချိန်ပဲ”
“လွန်ခဲ့တဲ့ ၈-၉နှစ်က ဘဝကို အရမ်းသတိရတယ်။ ကျွန်တော်တို့က တောင်ယာလုပ်တယ်။ လိမ္မော်ခြံ တွေရှိတယ်၊ နွားတွေရှိတယ်။ အခုအချိန်ဆို ရိတ်သိမ်းပြီးချိန်ပဲ လိမ္မော်တွေလည်း ခူးပြီးပြီ။ ပိုက်ဆံတွေလည်း တော်တော်ရှိနေပြီ။ ပြီးတော့ ကိုယ့်မိသားစုတွေနဲ့ အပျော်ခရီး ထွက်နေလောက် ပြီ။ ရှိတဲ့ နွားတွေ ကျွဲတွေကို ရိတ်သိမ်းပြီးသား စိုက်ခင်းနေရာတွေကို လွတ်ပြီး သူတို့လည်း နေရာ အကျယ်ကြီးမှာ လွတ်လွတ်လပ်လပ်ပျော်နေမှာ။ အခုတော့ အိမ်မက်တွေက မရှိတော့ပါဘူး။ အခုဆို ပိုက်ဆံလည်း မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေ ဘယ်လို ဖြစ်နေလဲ မသိတော့ ဘူး။ ခြုံပုတ်တွေ ဒါမှမဟုတ် နောက်တယောက်ဆီ ရောက်သွားလောက်ပြီပေါ့။”
“အခုချိန်ဆို ရိတ်သိမ်းပြီးချိန်ဖြစ်နေပြီ။ နောက်တစ်နှစ်အတွက် ဘာလုပ်ရမယ်ဆိုတာ စဉ်းစားပြီး အစီအစဉ်ဆွဲမယ်။ လူမှုရေးကိစ္စတွေအတွက် အချိန်ပေးဖြစ်နေမယ်။ အခုလိုအချိန်တွေကို အရမ်း သတိရတယ်။”
“ကျွန်တော့ရဲ့ ရွာကို အရမ်းသတိရတယ်။ လယ်မြေတွေရှင်းနေမယ်။ ကောက်ရိတ်မယ်။ သတိရတယ်။ ဘယ်လိုခံစားရလဲဆိုတာ ထုတ်ဖော်မပြောတတ်ဘူး။”
“အရင်ကဆို ကျွန်မတို့ရွာမြေက အရမ်းစိမ်းစိုတယ်။ သစ်တောအုပ်ကြီးရှိတယ်။ အဲဒီကနေ သစ်တောထွက် ပစ္စည်းတွေအမျိုးမျိုး သွားယူတယ်။ ရပ်ရွာထိန်းသိမ်းထားတဲ့ သစ်တောရှိတယ်။ အမြဲ တမ်းသတိရတယ်။ အခုချိန်ဆို ဒီသစ်တောတွေ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လောက်ကြီးပြီလဲ၊ ဘယ်သူတွေစောင့်ရှောက်နေလဲ၊ ဘယ်လိုအခြေအနေဖြစ်နေလဲ စဉ်းစားဖြစ်တယ်။ အရမ်းလည်း ပူပန်တယ်။ ကိုယ့်ခြံကိုလည်း သတိရတယ်။”
“နေ့ခင်းဆို အမျိုးသားတွေက စုပြီး တောထဲမှာ အမဲလိုက်ထွက်မယ်။ အရမ်းပူတဲ့နေ့ဆိုရင် ချောင်းနား သွားပြီး ငါးမျှားမယ်။ ဒေသထွက်အရက်ယူလာမယ်။ ညဆိုမီးပုံပွဲလုပ်ကြမယ်။ အရမ်း ပျော်စရာကောင်းခဲ့တယ်။”
“အခုအချိန်ဆို အသီးအနှံတွေအများကြီးထွက်နေပြီ။ စပျစ်သီးတွေ၊ ပြောင်းတွေခူးပြီးလောက်ပြီ။ အခုက ရိပ်သိမ်းကာလပေါ့။ ပြီးတော့ အခုက မြစ်ဘက်သွားပြီး ငှားမျှားဖို့ အကောင်းဆုံးအချိန် ပေါ့။”
“ကျွန်တော်တို့ ရွာတစ်ရွာလုံးနဲ့ ဘုရားကျောင်းက အတူတူ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေ လောက်ပြီ။ လာမယ့် မိုးရာသီရောက်ရင် ကျွန်တော်တို့ လယ်မြေတွေကို လမ်းပေါက်နိုင်အောင် တံတားတွေ၊ လမ်းတွေ ဆောက်တာ ပြင်တာလုပ်မယ်။ မုံညင်းတွေရိတ်သိမ်းနေတဲ့ အချိန်လည်း ဖြစ်တယ်။ ကလေးတွေလည်း ကျောင်းက အနားရပြီး အတူတူ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေစားမယ်။ ချောင်းဘေးမှာ ခြင်ထောင်ထောင်ပြီး အတူတူထိုင်ကြမယ်။ ပြီးရင် ငှားမျှား
ကြမယ်။ ကချင်စာ စပ်စပ်လေးချက်မယ်။ ကျွန်တော်တို့မှာ ဟင်းခပ်ထည့်တဲ့ ငရုတ်သီးတွေ၊ ငရုတ်သီးမုန့်တွေရှိတယ်။ ကျွန်တော်တို့မှာ စိတ်ပူပန်စရာရှိတယ်ဆိုလည်း အဲဒီအချိန်မှာတော့ မေ့ထားကြတယ်။ အဲဒီအချိန်မှာ အားလုံးလုံခြုံမှုကို ခံစားရတယ်။”
“ကျွန်တော်တို့ IDPတွေမဖြစ်ခင် စိုက်ပျိုးရေးနဲ့လုပ်ကိုင်စားသောက်ကြတယ်။ ယောကျ်ားအများစု က အခုဆို ကောက်ရိတ်တာလုပ်နေပြီ။ ကိုယ်စားမယ့်အစားအစာကိုယ်ကိုယ်တိုင်စိုက်တယ်။ အများကြီး ဝယ်စားစရာမလိုဘူး။ ကိုယ့်ဘာသာ ဖူလုံကြတယ်။ ဒါကြောင့်လည်း ကျန်းမာတယ်။ အခုချိန်မှာတော့ လူတွေကြပ်တဲ့ နေရာမှာနေထိုင်ရာတယ်။ ကျွန်တော်တို့ ကျန်းမာရေးကလည်း ယိုယွင်းလာတယ်။ အခုချိန်မှာ ဆေးရုံနဲ့ ပိုနီးတဲ့နေရာမှာနေရလည်း ကျွန်တော်တို့ ကျန်းမာရေးက ပိုမကောင်းလာဘူး။”
“ကျွန်တော်တို့ တောင်ယာလုပ်ကြတယ်။ ရွာအလုပ်တွေ အတူတူလုပ်ကြတာမှတ်မိတယ်။ တောင်ယာလုပ်တဲ့အခါ သူ့လယ် ကိုယ့်လယ် လုပ်အားကူပေးကြတယ်။ ပြီးရင်းငါးအတူမျှားထွက် တယ်။ အမဲအတူလိုက်ကြတယ်။ အခုအချိန်က အကောင်းဆုံးအချိန်ပေါ့။”
“ကျွန်တော်တို့ ကိုယ့်လယ်မြေပေါ်မှာ အလုပ်ကြိုးစားလုပ်တယ်။ အခုအချိန်တော့ အစိုးရက ကျွန်တော်တို့ လယ်မြေနေရာတွေကို သစ်တောကြိုးဝိုင်း လုပ်လိုက်တယ်။ အစိုးရ အဲဒီလို လုပ်တာကြားလိုက်ရတော့ ကျွန်တော်တို့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။”
“အခုချိန်ဆို ကျောင်းသားတွေလည်း နောက်ဆုံးကျောင်းစာမေးပွဲတွေပြီးပြီ။ စပါးလည်း ရိတ် ပြီးပြီ။ အဲဒါကြောင့် အားလုံးပျော်နေကြမှာ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တွေ ကျေးလက်မှာ နေရပေ မယ့် ကျွန်မတို့ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်တယ်၊ စားနိုင်တယ်၊ နောက်လာမယ့် စိုက်ပျိုးရေးရာသီ ရောက်ရင် ဘာတွေလုပ်ရမယ်ဆိုတာ အတူတကွ စဉ်းစားနိုင်တယ်လေ။”
ယခုကဲ့သို့ အမှတ်ရစရာများအနေဖြင့် ပြည်တွင်းစစ်နှင့် နှစ်ကြာရှည်စွာ ရပ်ရွာများကို အတင်း အဓမ္မအခြေအနေအောက်တွင် စွန့်ခွာခဲ့ရသောကြောင့် ပျက်စီးသွားသောအရာများကို ဖော်ပြနေပါသည်။ ကျွန်ုပ်တို့၏ ဒေသရှိ လူမှုစီးပွားရေး၊ သဘာဝဂေဟစနစ်ကို ဖျက်ဆီးခံခဲ့ရပါသည်။ လယ်မထွန်သည့် နှစ် အနည်းငယ်သာရှိလျင်လည်း လယ်မြေများသည် အသုံးပြုမှုမရှိသည့်အတွက် သစ်တောဖုံးလွှမ်း နေရာကဲ့ သို့ အမြင်ရှိနိုင်ပြီး မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေတွင် အဓိပ္ပယ်ဖွင့်ဆိုထားသည့် မြေလွတ်၊မြေလပ် ဆိုသည့် အဓိပ္ပယ်နှင့် ကိုက်ညီသွားနိုင်သည်။ မြေရှင်းလင်းရန်နှင့် လယ်မြေထိန်းသိမ်းရန်မှာ ပုံမှန်လုပ်အား အလွန်လိုအပ်ပါသည်။ ကျွန်ုပ်တို့အတွက် မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) ဆိုသည်မှာ မြေပြန်လည်ပေးရန်သာ ဆိုလိုခြင်းမဟုတ်ပဲ ကျွန်ုပ်တို့၏ ရပ်ရွာများကို မစွန့်ခွာရခင် ရှိခဲ့သော လူမှုသဘာဝဂေဟပုံစံအနေ အထားသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ ထွက်သွားပြီးနောက်တွင် ကျွန်ုပ်တို့၏ အိမ်များ၊ လမ်းတံတားများ၊ လယ်ယာမြေများ၊ သစ်တောများ၊ စားကျက်မြေများ၊ မြစ်ချောင်းအင်းအိုင်များ ပျက်စီးခဲ့ပါသည်။ ကျွန်ုပ်တို့၏ အစားအစာဖူလုံနိုင်မှုအခြေအနေမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ကိုယ်ပိုင်အရင်းအမြစ်များ၊ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်အခြေခံပြီး ကျန်းမာသည့် လူမှုဘဝတည်ဆောက်ရန်နှင့် နောက်မျိုးဆက် သစ်များကို ကျန်းမာသန်စွမ်းစွာပျိုးထောင်နိုင်ရန် စွမ်းအားပျက်စီးခဲ့သည်။ ကျွန်ုပ်တို့၏ ကျေးလက်လူမှုဘဝ၊ ကျေးလက်လူမှုအသိုင်းအဝန်း တည်ဆောက်ပုံ၊ အတူ ယှဉ်တွဲနေထိုင်ကာ စုပေါင်းအလုပ်လုပ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း စသည့် စနစ်များ ပျက်စီးခဲ့ ရသည်။
ပျက်စီးဆုံးရှုံးမှုများ အလွန်များသော်လည်း ကျွန်ုပ်တို့အနေဖြင့် ပြန်လည်တည်ဆောက်ယူရမည့် တရားမျှတမှု (restorative justice) အပေါ် ဆက်လက် စွဲမြဲယုံကြည်ဆဲဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ ပုံစံတူ အခြေအနေကြုံတွေ့နေရသော အခြားဒေသမှ IDPများနှင့်အတူ Pinheiro Principles, the Deng Principles, the UN-CFS Tenure Guidelines, International Refugee Law, and the Universal Declaration of Human Rights တွင် ဖော်ပြထား သည့် အတိုင်း မူလအတိုင်း ပြန်လည်ခံစားပိုင်သည့် အခွင့်အရေး (right to restitution) ရရှိရန် လုပ်ဆောင်လျက်နေပါသည်။ (ကိုးကားရန်)
လက်ရှိ ရင်ဆိုင်နေရသော ထပ်လောင်းစိန်ခေါ်မှု - အစိုးရ၏ IDP စခန်းပိတ်သိမ်းနိုင်ရေးအမျိုးသားအဆင့် မဟာဗျူဟာ
ယခုအချိန်တွင် တတိယမုန်တိုင်းအမျိုးအစားတစ်ခုစတင်ဖြစ်တည်နေပြီဖြစ်ပြီး ၎င်းမှာ “မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) မပါသည့် စခန်းပိတ်သိမ်းခြင်း” ဖြစ်သည်။ တစ်ဖက်တွင် မကြာသေးမှီက ပြင်ဆင် ပြဌာန်းခဲ့သော မြေသိမ်းဥပဒေတွင် ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ပေးထားချက်များထည့်သွင်းကာ ပြင်ဆင်ခဲ့ပါသည်။ သို့သော် ကျွန်ုပ်တို့နှင့် သက်ဆိုင်သည့် မူလအတိုင်း ပြန်လည်ရပိုင်ခွင့် အခွင့်အရေး (right to restitution) မပါဝင်နေပါ။ နောက်တစ်ဖက်တွင် အစိုးရ၏ IDP စခန်းပိတ်သိမ်းနိုင်ရေး အမျိုးသား အဆင့် မဟာဗျူဟာရှိနေပြီး အစိုးရအနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်း စားခြင်း၊ ကျွန်ုပ်တို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ ဆက်လက်ဖော်ဆောင်မည့် ပုံစံမြင်ရပါသည်။ ထို့အတွက် အစိုးရမဟုတ်သောပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ UN အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၏ အထောက်အပံ့ကို ရရှိနေပါသည်။
လွန်ခဲ့သောနှစ်ကတည်းက ကျွန်ုပ်တို့၏ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေ ပြဌာန်းထားသည့်အတိုင်း မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်လွန်ခဲ့ပြီးဖြစ်သည်။ လက်တွေ့မှာ ကျွန်ုပ်တို့မှာ စာရွက်စာတမ်းများမရှိနေပါ။ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး IDP စခန်းများတွင် နေထိုင် ခဲ့ရသည်မှာ ဆယ်စုနှစ်ပင်ပြည့်တော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုး (လုံခြုံရေး အခြေအနေအပါအဝင်) ကြောင့် နေရပ်ပြန်ရန်မဖြစ်နိုင်ပါ။ သို့သော်လည်း ကျွန်ုပ်တို့ကို IDP စခန်း များမှ ပြန်ရမည်ဟု ပြောနေပါသည်။ မည်သို့ဆိုစေကာမူ လူသားခြင်းစာနာထောက်မှုထားအကူအညီများ တဖြည်းဖြည်းနှင့် လျော့လာကာ သို့မဟုတ် ဖြတ်ခံရသောအခြေအနေကြုံတွေ့နေရသော ကျွန်ုပ်တို့အနေဖြင့် စခန်းများတွင် မည်ကဲ့သို့ ဆက်လက် နေထိုင်နိုင်မည်နည်း?
လက်ရှိအခြေအနေကို သုံးသပ်ရလျင် ကျွန်ုပ်တို့၏ မြေများကို အရှိန်အဟုန်ဖြင့် ပိုင်ဆိုင်မှု ပုံသဏ္ဍန် ပြောင်းရန်ကြိုးပမ်းနေသည့် အခြေအနေပေါ်တွင် နောက်တခါ အရှိန်အဟုန်ဖြင့် ကျွန်ုပ်တို့၏ လွတ်လပ်စွာကြိုတင်အသိပေးသဘောတူညီမှုပေးပိုင်ခွင့် (FPIC) နှင့် မူလအတိုင်း ပြန်လည်ရပိုင်ခွင့် အခွင့်အရေး (right to restitution) ဆိုင်ရာ အခွင့်အရေးအပါအဝင် အခြေခံလူအခွင့်အရေး များကို လျစ်လျူရှုနေသည့် ပုံစံဖြစ်နေပါသည်။
လက်ရှိအချိန်တွင် ကျွန်ုပ်တို့ အနေဖြင့် အခြေအနေအရပ်ရပ်သည် အဆင်သင့်မဖြစ်သေးသော ကြောင့်နေရပ် ပြန်လို့မရသေးပါ။ “၂၀၁၄ကနေစပြီး ကျွန်တော်တို့ ရွာတွေကို ပြန်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်တွေရှိတယ်။ နောက်ကျွန်တော်တို့ ရွာတွေကို ဖြတ်ပြီး ဗျူဟာ လမ်းဆောက်နေတော့ ဘယ်လိုမှ ပြန်လို့မဖြစ်နိုင်ဘူး။” နေရပ်သို့ ပြန်ချင်သော်လည်း မြေမြှုပ်မိုင်း များရှိသေးသောကြောင့် ပြန်လို့မရနေပါ။ အချို့သောနေရာများသို့ ပြန်လို့ရနိုင်သောအချိန်တွင် အိမ် နှင့် လယ်မြေများကို ပြန်ဖို့ ကြိုးစားသောအခါ စစ်တပ်မှ တားဆီးခြင်း ခံခဲ့ရသည်။ အချို့သော အခြေအနေများတွင် ကျွန်ုပ်တို့ မသိသော မြန်မာနိုင်ငံအခြားဒေသမှလာသော သူစိမ်း များမှ ကျွန်ုပ်တို့၏ မြေများပေါ် ကျူးကျော်နေခြင်း၊ အိမ်များ လယ်ယာမြေများတွင် ခွင့်ပြုချက် မရှိပဲ ဝင်ရောက်အသုံးပြုနေခြင်းများကို တွေ့ခဲ့ရသည်။ တခါတရံ ယခုကဲ့သို့ ကျူးကျော်လာသူများ မှာ ကျွန်ုပ်တို့၏မြေများကို မြေမှတ်ပုံတင်များရရှိအောင်လုပ်ထားသည်ကို တွေ့ခဲ့ရသည်။ ယခုလာ မည့် ဇွန်လမှစတင်ကာ ကလေးများအနေဖြင့် စာသင်နှစ်အသစ်တက်ရောက်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ပြန်လျင် ကျန်ုပ်တို့၏ ကလေးများ ပညာရေး လက်လှမ်းမှီနိုင်ဖို့ အဟန့်အတား မဖြစ်နိုင်ပါ ဟု မည်သူက အာမခံနိုင်ပါမည်နည်း? ထိုအချက်သည် မိဘများဖြစ်ကြသည့် IDP များ၏ အကြီးမား ဆုံးသော စိုးရိမ်စိတ်တစ်ခုဖြစ်နေသည်။
ကျွန်ုပ်တို့အနေဖြင့် ကိုယ့်ရပ်ရွာဒေသမှ ထွက်ခဲ့ရသော နှစ်များစွာကြာပြီးနောက် ဆုံးရှုံးမှု အများအပြား ခံစား ခဲ့ရပြီးဖြစ်သည်။ ဒေသသယံဇာတများ အပါအဝင် ကျွန်ုပ်တို့ အင်အားဖြင့် တည်ဆောက်ခဲ့သော အသက်မွေးဝမ်းကြောင်းများ၊ အပြန်အလှန်ပံ့ပိုးကူညီကာရှင်သန် ရပ်တည်ခဲ့သောလူမှုဘဝတည် ဆောက်ပုံများ အားလုံးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ပြန်လည်တည်ဆောက်ယူရမည့် တရားမျှတမှု (restorative justice) ရနိုင်ရန် သေချာပြင်ဆင်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ အင်အားအမြောက်အမြား လိုအပ်မည်ဖြစ်သည်။
မဖြေရှင်းနိုင်သေးသည့် ပြသာနာအမြောက်အမြားရှိသော်လည်း အစိုးရမှ IDP စခန်းပိတ်သိမ်း နိုင်ရေးအမျိုးသားအဆင့် မဟာဗျူဟာကြေငြာပြီးနောက် ပြန်လည်နေရာချထားရန် ဖိအားများ ကျွန်ုပ်တို့အပေါ်တွင် တိုးလာပါသည်။ ကျွန်ုပ်တို့ IDP များအနေဖြင့် ပြန်လည်နေထိုင်မည့် နေရာ များသည် မည်မျှလုံခြံမှုရှိမည်အပေါ် အလွန်စိုးရိမ်ကြသည်။ ထို့အပြင် မည်သူက ကျွန်ုပ်တို့၏ အိမ်များ၊ လယ်ယာမြေများ၊ သစ်တောများ၊ မြစ်ချောင်းများ၊ လုံခြုံရေး နဂိုအတိုင်း ပြန်လည် ထူထောင်ရန် အာမခံပေးနိုင်မည်နည်းဟု ကျွန်ုပ်တို့က မေးခွန်းထုတ်နေသည့် အချိန်လည်းဖြစ် သည်။ ပြန်လည်တည်ဆောက်ယူရမည့် တရားမျှတမှု (restorative justice) ရရှိရန် မည်သူက တာဝန်ယူမည်နည်း? ကျွန်ုပ်တို့၏ လုံခြုံမှု ထိခိုက်လာပါက မည်သူက တာဝန်ခံမည်နည်း?
ကျွန်ုပ်တို့၏ ဆန္ဒ (သို့) တောင်းဆိုမှု
ကျွန်ုပ်တို့ကို မူလနေရာပြန်စေချင်ပါက ကျွန်ုပ်တို့ရွာများတွင် စစ်တပ်မှ စခန်းချထားခြင်းမရှိရပါ။ ထို့အပြင် ရွာအနီးတဝိုက်နှင့် ရွာတစ်ခုနှင့် တစ်ခုကြားတွင်လည်း တပ်စခန်းချခြင်းမရှိရပါ။ ယခု တောင်းဆိုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း လိုက်နာရပါမည်။ နှစ်ဖက်မှ စစ်ပွဲများ ထပ်မံ မဖြစ်တော့ပါဟု အာမခံချက်ပေးနိုင်လျင် ကျွန်ုပ်တို့အနေဖြင့် အမှန်တကယ်ပြန်မည်ဖြစ်သည်။ IDP များအနေဖြင့် နှစ်ဖက်တပ်များမှ သဘောတူညီချက်ပြုလုပ်နိုင်မှသာ နေရပ်သို့ပြန်သင့်သည်။ ထို တောင်းဆိုချက်မှာ အနိမ့်ဆုံးတောင်းဆိုချက်ဖြစ်ပြီး တစ်ဖက်မှပဲ သဘောတူညီမှုရှိလျင် လက်ခံနိုင် မည်မဟုတ်ပါ။ ထို့အပြင် ၎င်းတို့အနေဖြင့် IDP များနှင့် သဘောတူညီမှုပြုလုပ်ရမည်ဖြစ်သည်။ ထိုမှသာ အခြေအနေပိုကောင်းလာနိုင်ပါမည်။ IDPများ၏ လွတ်လပ်စွာကြိုတင်အသိပေးကာရယူသည့် သဘောတူညီမှု မပါဝင်ပဲ စခန်းပိတ်သိမ်းခြင်း မလုပ်ဆောင်သင့်ပါ။
ကျွန်ုပ်တို့ မပြန်ခင်ကာလတွင် အစိုးရအနေဖြင့် လူမှုရေးအရ တရားဝင်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှုအားလုံး ကို ဖျက်သိမ်းခိုင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့ IDPများအနေဖြင့်သာ မည်သည့် ရင်းနှီးမြှုပ်နှံမှုသည် တရားဝင်မှုရှိသည်၊ မည်သည်က တရားဝင်မှုမရှိဆိုသည်ကို ဆုံးဖြတ်နိုင်ရမည်ဖြစ်သည်။ ပထမဉီးဆုံး ဖျက်သိမ်းရမည့် ရင်းနှီးမြှုပ်နှံမှုများသည် ကျွန်ုပ်တို့၏ အိုးအိမ်များ၊ လယ်ယာမြေများ၊ သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ၊ ရပ်ရွာအခြေခံအဆောက်အအုံများ၊ လူမှုဘဝများကို ပျက်စီးစေသည့် စီမံကိန်းများပါဝင်သည်။
မူလအတိုင်း မြေရပိုင်ခွင့် (Land restitution) နှင့်ပတ်သက်သော IDP မူဝါဒအား နေရပ်ပြန်ခြင်း သို့မဟုတ် ပြန်လည် နေရာချထားခြင်း ထက်ပို၍ အဓိပ္ပယ် ဖွင့်ဆိုသင့်ကာ ကျွန်ုပ်တို့၏ ဘိုးဘွားများလက်ဆင့်ကမ်းပေးခဲ့သော မြေပေါ်တွင် ကျွန်ုပ်တို့၏ လူမှုဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တည်ဆောက်ပိုင်ခွင့်ရရှိရန် နှင့် လူမှုအသိုင်းအဝန်းကို နဂိုအတိုင်း ပြန်လည်တည်ဆောက်နိုင်ရန်ပါဝင်ရမည်။ လက်ရှိအချိန်တွင် အစိုးရအနေဖြင့် ထိုအတွက် မူဝါဒမရှိနေပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုချင်သည် မှာ စခန်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်မစတင်မှီ ကျွန်ုပ်တို့၏ မူလအတိုင်းပြန်လည်ရပိုင်ခံစားခွင့် (right to restitution) ကို အဓိပ္ပယ် ပြည့်ဝစွာ လက်တွေ့ ပုံဖော်နိုင်မည့် မူဝါဒရှိရမည်ဖြစ်သည်။ ထိုကဲ့သို့သော မူဝါဒကို မြန်မာပြည်တွင်ရှိသော IDPများ (ကချင်နှင့် ရှမ်းမြောက်တွင်သာမဟုတ်ပဲ) ၏ တက်ကြွစွာ ပါဝင်ခြင်း၊ သဘောတူညီမှုရှိခြင်း စသည်တို့ မရှိပဲ ချမှတ်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် အဓိပ္ပယ်ပြည့်ဝသည့် မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) မူဝါဒကို လိုလားပါသည်။ စခန်းပိတ်သိမ်းရေး သို့မဟုတ် နေရပ် ပြန်ရေးအတွက်သာမဟုတ်ပါ။
စစ်မှန်သည့် မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) မရှိပဲ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးမရနိုင်ပါ။ အစိုးရ၏ စခန်း ပိတ်သိမ်းရေး ဗျူဟာသည် စစ်မှန်သည့် မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) မဟုတ်ပါ။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေနှင့် ပေါင်းလိုက်သည့် အချိန်တွင် ပြန်လည်တည်ဆောက်ယူရမည့် တရားမျှတမှု (restorative justice)ကို ပုံဖျက်လိုက်သကဲ့သို့ပင်ဖြစ်နေပါသည်။ အစိုးရအနေဖြင့် ကျွန်ုပ်တို့ နေရပ်ပြန်ရန် မက်လုံးများ ဥပမာ လမ်း၊ လျှပ်စစ်မီး၊ ကျောင်း တည်ဆောက်ပေးမည့် ကတိကဝတ်များ ပေးလာပါလိမ့်မည်။ ထိုအရာများ ကျွန်ုပ်တို့အနေနှင့် မတောင်းဆိုပါ။ ကျွန်ုပ်တို့၏ မူလ လူမှုဘဝပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အရေးလိုအပ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ နေရာကိုသာ မဆိုလိုပါ။

အထက်ပါတောင်းဆိုမှုများသည် ကျွန်ုပ်တို့ IDPများမှ စုပေါင်းတောင်းဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် ကျွန်ုပ်တို့ကဲ့သို့ အခြေအနေများကြုံတွေ့နေသည့် အခြားသူများရှိနေသည်၊ နိုင်ငံဒေသအနှံ့အပြားတွင် မြေနေရာလိုအပ်နေသော ဘဝရုန်းကန်ရှင်သန်နေရသူ အမြောက်အမြားရှိနေသည်ကို အသိအမှတ်ပြုပါသည်။ ထို့ကြောင့် စစ်မှန်သည့် မူလအတိုင်း ပြန်လည်ရပိုင်ခံစားခွင့် (restitution) အတွက် ကျွန်ုပ်တို့ IDPများမှ တောင်းဆိုသည့်အပြင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို စစ်မှန်သည့် တရားမျှတမှု နှင့် စစ်မှန်သည့် ဒီမိုကရေစီဖြင့် တည်ဆောက်ရန် အခြားရုန်းကန်လှုပ်ရှားနေသူအားလုံးကို ကျွန်ုပ်တို့နှင့် အတူလက်တွဲရန် ဖိတ်ခေါ်ပါသည်။