မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် တိုင်းရင်းသားငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ဖို့လား သို့တည်းမဟုတ် အစိုးရထိန်းချုပ်မှုကို ပိုအားကောင်းလာစေဖို့လား။
မြန်မာနိုင်ငံ၏ တိုင်းရင်းသား ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်’ သည် ခေတ်သစ်ကမ္ဘာ၌ ရှုပ်ထွေးပွေလီမှု အရှိဆုံးတစ်ခုဖြစ်သည်။ ၁၉၈၉ ခုနစ်ဝန်းကျင်ခန့်မှ စတင်၍ နှစ်ဖက်အပြန်အလှန် သဘောတူညီချက်များ၊ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်လာခဲ့ခြင်းဖြစ်သည်။ လတ်တလောနှစ်များ အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နှင့် ၂၁ ရာစုပင်လုံညီလာခံဟူသည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်ဖော်ဆောင်ခဲ့ကြသည်။ သို့သော်လည်း လုပ်ငန်းစဉ်နှစ်ရပ်စလုံးသည် ၂၀၂၁ ခုနစ် ဖော်ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့်အတူဆုံးခန်းတိုင်သွားခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံပြိုကွဲပျက်စီးရန် သေချာသွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခသံသရာသစ်တစ်ခု စတင်အသက်ဝင်လာခဲ့တော့သည်။ ယနေ့မြန်မာနိုင်ငံသည် အာရှဒေသအတွင်း စစ်ဒဏ်ကြောင့်ဖွတ်ဖွတ်ကျေနေသည့် နယ်မြေဒေသတစ်ခု ဖြစ်နေခဲ့သည်။

Authors

Photo credit AFP
NCA ကို ကျောရိုးအနေဖြင့် အသုံးပြုထားသည့် ယခုအစီရင်ခံစာသည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ စေ့စပ်ညှိနှိုင်း၍ တိုင်းရင်းသားပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည့် အထင်ကရအရှိဆုံး အားထုတ်မှုများကို လေ့လာဆန်းစစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ အလွန်အရေးပါသည့် အရေးကိစ္စများ၌ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ စစ်ရေးအရ ချိုးဖောက်မှုများအပါအဝင် NCA အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးအတားအဆီးများကို ရင်ဆိုင်ကျော်လွှားရန် ကြိုးပမ်းအားထုတ်မှုများနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်၌ ပဋိပက္ခမျက်နှာစာများပြောင်းလဲသွားသည့် ကိစ္စရပ်များအပေါ် လေ့လာဆန်းစစ်မှုတို့ ပါဝင်လျက်ရှိသည်။
သို့ရာတွင် NCA သည် မိုးပေါ်ကကျလာသည့် လုပ်ငန်းစဉ်တစ်ခုမဟုတ်ခဲ့ပေ။ ရှေ့ပိုင်းနှစ်များအတွင်း တစ်စတစ်စစုပုံလာခဲ့ကြသည့် စိန်ခေါ်မှုအစုအဝေးကြီးက အလေးပေးအာရုံစိုက်မှုနှင့် အကောင်အထည်ဖော်မှုအပေါ် အရိပ်မိုးထားခဲ့သဖြင့် လက်တွေ့မြေပြင်၌ ငြိမ်းချမ်းရေးတိုးတက်ဖြစ်ထွန်းမှု ချိနှဲ့အားနည်းသွားခဲ့ရခြင်းဖြစ်သည်။ အဓိကကျသည့်အရေးကိစ္စများ၌ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များ၌ လက်နက်ကိုင်ပဋိပက္ခ ပြန်လည်မြင့်တက်လာခြင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ၊ တိုင်းရင်းသားနယ်စပ်ဒေသများ၌ စီးပွားရေးအရခေါင်းပုံဖြတ်အမြတ်ထုတ်၍ ကိုယ်ကျိုးရှာမှုများနှင့် နိုင်ငံတကာဇာတ်ကောင်အမျိုးမျိုး၏ လမ်းလွဲနေသည့် အရေးယူဆောင်ရွက်ချက်များ ပါဝင်လျက်ရှိသည်။ ဤကဲ့သို့သော မောင်းနှင်အားများက မြန်မာ့ပဋိပက္ခ ရေခံမြေခံ၏ အဓိကထောက်တိုင်များ ဖြစ်နေခဲ့သည်။
ချုပ်၍ဆိုရသော် NCA ကျရှုံးခဲ့ရသည်မှာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ခဲ့ပေ။ အားလုံးလွှမ်းခြုံပါဝင်မှု၊ အကောင်အထည်ဖော်မှု၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံရေးအောင်မြင်ဖြစ်ထွန်းမှု ကင်းမဲ့နေခြင်းများက အထင်အရှားရှိနေခဲ့ကြသည်။ ဤကျရှုံးမှုများ၏ ဗဟိုချက်မနေရာ၌ တပ်မတော်တစ်ဖြစ်လည်း စစ်တပ်ကြီးက နေရာယူထားခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရလုပ်အုပ်ချုပ်လာခဲ့ပြီးနောက် နိုင်ငံတွင်းရှိ စစ်တပ်ခေါင်းဆောင်များကNCA ကို တိုင်းရင်းသားငြိမ်းချမ်းရေးနှင့်ပြုပြင်ပြောင်းလဲရေးတံခါးပေါက်အဖြစ်ထက်စာလျှင် ဗဟိုအစိုးရချုပ်ကိုင်မှု ပိုမိုခိုင်မာလာစေမည့် ယန္တရားတစ်ဖွယ် အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ကနဦး NCA လက်မှတ်ရေးထိုးပွဲနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသည် တစ်ကြိမ်တစ်ခါမျှ ငြိမ်းချမ်းရေး ဖူးပွင့်သည့် နယ်မြေဒေသတစ်ခု ဖြစ်မလာခဲ့ပါ။
လက်ရှိအချိန်၌ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ပြည်တွင်းစစ်ဒဏ်သင့်သည့်အခြေအနေမျိုးကို ကြုံတွေ့ရလျက်ရှိသည်။ ဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် အရေးပေါ်လူသားချင်းစာနာထောက်ထားရေးအကျပ်အတည်းများက ပြည်နယ်နှင့် တိုင်းအားလုံးနီးပါးကို ရိုက်ခတ်လျက်ရှိသည်။ ပြည်သူလူထုတစ်ရပ်လုံးဒုက္ခဆင်းရဲရောက်နေကြသည်။ ထို့ကြောင့် အနာဂတ်၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိုပိုမိုကောင်းမွန်သည့် လမ်းကြောင်းဖြင့် တည်ဆောက်သွားနိုင်စေရန်အတွက် မအောင်မြင်ခဲ့သည့် အတိတ်ကာလငြိမ်းချမ်းရေး၏ ခါးသီးသည့် အတွေ့အကြုံများမှ မဖြစ်မနေသင်ခန်းစာယူရန် အလွန်အရေးကြီးသည်။ ဤမျှကြီးမားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည့် မည်သည့်လုပ်ငန်းစဉ်သစ်၌မဆို ပါဝင်အားဖြည့်သွားကြမည့် အစုအဖွဲ့များအကြား သာတူညီမျှမှု၊ အားလုံးလွှမ်းခြုံပါဝင်မှု၊ တရားမျှတမှုနှင့် ရိုးသားမှုရှိရန် မဖြစ်မနေလိုအပ်ပါလိမ့်မည်။