မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း

TNI ၏ မြန်မာ့အရေး သုံးသပ်ချက်
07 Marzo 2019
Article

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။

၂၀၁၉ ခုနှစ် အစောပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်း ဘိန်းခြစ်နေပုံ / Photo credit Transnational Institute

၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့

မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများ၏အဆုံး၌ မူးယစ်ဆေးဝါးနှင့် ပဋိပက္ခအကြား ဆက်စပ်မှုသည် အလွန်ရှုပ်ထွေးသည့် ကွင်းဆက်ဖြစ်စဉ်တစ်ခုအဖြစ် ကျယ်ပြန့်လာခဲ့သည်။ ပဋိပက္ခ၏ ဇစ်မြစ်သည် နိုင်ငံရေးဖြစ်သော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နယ်မြေဒေသများရှိ မူးယစ်ဆေး ၀ါးကုန်ကူးမှုနှင့် ပတ်သက်လာပါက မိမိတို့၏လက်များ စွန်းထင်းခြင်းမရှိဘဲ သန့်စင်လျက်ရှိသည်ဟု ပြောဆိုနိုင်သည့် ပဋိပက္ခဇာတ်ကောင်များ လွန်စွာနည်းပါးသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်က တည်းက စစ်တပ်ကြီးစိုးထားသည့် အစိုးရအဆက်ဆက်အောက်၌ ကျရောက်ခဲ့ပြီး ယခုအချိန်ထိလည်း ကမ္ဘာ့မျက်နှာစာထက် စစ်ပုံသွင်းမှု အကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။    

လတ်တလောထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ “၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ အောက်ပါအတိုင်း သုံးသပ်တင်ပြထားသည်။ “ကာလရှည် လက်နက် ကိုင်ပဋိပက္ခဒဏ်သင့်ခဲ့သည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ အချို့သောနယ်မြေဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆက်လက်ထူထပ်နေခြင်းက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ပဋိပက္ခအကြား အပြန်အလှန် ဆက်နွယ်ပတ်သက်မှုရှိကြောင်း ရှင်းရှင်းလင်းလင်းပြဆိုလျက်ရှိသည်။” ဤအဆိုနှင့် ပတ်သက်၍ ၀ိဝါဒကွဲပြားစရာ အကြောင်းမရှိသလို သုံးသပ်ဖော်ပြချက်သည်လည်း မြေပြင်အခြေအနေ ကို ထင်ဟပ်လျက်ရှိသည်။ 

သို့ရာတွင် နောက်ပိုင်း၌ UNODC မှ မြောက်များလှစွာသော ပဋိပက္ခဇာတ်ကောင်များကို တိတိပပစွပ် စွဲပြောဆိုထားသည့် အချက်များပါဝင်လာခဲ့သည်။ လုပ်ငန်းစဉ်အတွင်း၌လည်း ကုလသမဂ္ဂအဖွဲ့အစည်း တစ်ရပ်အနေဖြင့် အမှားအယွင်းပြုလုပ်မိသည့် ကိစ္စရပ်တစ်ချို့ရှိနေပြီး အရေးပါသည့် သတင်းအချက် အလက်အချို့ကို ထိန်ချန်ခဲ့ပုံရသဖြင့် မြေပြင်အခင်းအကျင်းရှိ တကယ့်အရှိတရားများကို လိုရာဆွဲပုံ ဖော်ထားသကဲ့သို့ ဖြစ်လာခဲ့သည်။ 

UNODC က “ကချင်ပြည်နယ်ရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနယ်မြေဒေသသည် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၏ ထိန်းချုပ်မှုအောက် သို့မဟုတ် သြဇာလွှမ်းမိုးမှုအောက်ရှိ ဒေသများဖြစ် ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်း ပြည်နယ်တောင်ပိုင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ၌ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့(PMF) ထိန်းချုပ်ရာဒေသများ၌ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပြင်းထန်မှုနှင့် အကြိမ်အရေအတွက် ကွာခြားမှုရှိသော်လည်း ဤအဖွဲ့အစည်းများသည် ပဋိပက္ခအတွင်း အနည်းနှင့်အများဆိုသလို ပါဝင်လျက်ရှိသည့် ဇာတ်ကောင်များဖြစ်ကြသည်”ဟု ပြောဆိုတင်ပြထား သည်။ 

ဤကဲ့သို့သော ပြောဆိုတင်ပြချက်များ အားလုံးသည် အငြင်းပွားဖွယ်ရာဖြစ်နေပြီး ကိစ္စရပ်အတော်များ များသည် လွဲမှားဖော်ပြထားသည့် အချက်များဖြစ်နေသည်။ ကချင်ပြည်နယ်၌ ဘိန်းအဓိက စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် နယ်မြေနှစ်ခုရှိသည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ဆဒုံး မြို့နယ်၌ တပ်မတော်ဟုသိကြသည့် အစိုးရစစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်ကွပ်ကဲမှုအောက်တွင်ရှိနေ သည့် နယ်ခြားစောင့်တပ်ဖွဲ့(ယခင်က အပစ်အခတ်ရပ်စဲထားသည့် ကချင်ဒီမိုကရက်တစ်တပ်မတော် သစ်)၏ အမည်ခံထိန်းချုပ်နယ်မြေတွင်း စိုက်ပျိုးကြခြင်းဖြစ်သည်။ နောက်တစ်နေရာမှာလည်း အစိုးရ ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် တနိုင်းမြို့နယ်တွင်း ကျားထိန်းသိမ်းရေးနယ်မြေ၌ စိုက်ပျိုးနေကြ ခြင်းဖြစ်သည်။  

အခြားတစ်ဖက်တွင်လည်း KIA ၏ နိုင်ငံရေးတောင်ပံဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) သည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးခြင်းနှင့် ဘိန်းခင်းများကို လိုက်လံဖျက်ဆီးခြင်းတို့အားဖြင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် နှစ်ပေါင်းများစွာ အကောင်အထည် ဖော်လာခဲ့သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထို့အပြင် ရပ်ရွာအခြေပြု စေတနာ့ဝန်ထမ်း မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Pat Jasan လှုပ်ရှားမှုအတွက်လည်း နောက်ကွယ်မှ ပံ့ပိုး ကူညီပေးလျက်ရှိသည်။ ဤနေရာ၌ ဖြည့်စွက်လိုသည့် အချက်တစ်ခုအနေဖြင့် Transnational Institute သည် ၎င်းတို့၏ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများအပေါ် သည်းညည်း ခံခြင်းမရှိဘဲ အလွန်အကျွံ ဖိနှိပ်လွန်းသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အရေးယူဆောင်ရွက်ချက်များ အတွက် Pat Jasan နှင့် KIO တို့ကို ဝေဖန်ထောက်ပြခဲ့ဖူးသည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့၏ ဒေသရင်း မြစ်များက လက်ရှိအချိန်၌ KIO ထိန်းချုပ်နယ်မြေဒေသများအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လောက် လောက်လားလားမရှိကြောင်း အတည်ပြုပြောဆိုထားကြသည်။ သို့ဖြစ်၍ UNODC အနေဖြင့် ကချင် ပြည်နယ်နှင့် ပတ်သက်၍ လုံးဝဆန့်ကျင်ဖက်အဆိုကို မည်ကဲ့သို့တည်ဆောက်ထားကြောင်း ရှင်းလင်း ပြတ်သားမှုမရှိသော်လည်း မည်သူက မည်သည့်နယ်မြေကို “ထိန်းချုပ်ထား”သည်ဟူသည့် ကိစ္စရပ်နှင့် ပတ်သက်၍ လွဲမှားသည့် ထင်မြင်ယူဆချက်အပေါ် အခြေခံထားပုံရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌လည်း ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည့် နယ်မြေဒေသသည် MNDAA ၏ ထိန်းချုပ်ဒေသ၌ဖြစ်သည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆိုထားသည်။ ဤ အဖွဲ့သည် ပြိုင်ဖက်ကိုးကန့်အဖွဲ့ကို ထောက်ပံ့ကူညီ၍ MNDAA ကို တပ်မတော်မှ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ လက် လွှတ်ဆုံးရှုံးခဲ့ရသည့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ထိုအချိန်မှစ၍ MNDAA သည် မည်သည့်နယ်မြေကိုမျှ ခြေကုပ်ယူထိန်းချုပ်မှုမရှိတော့ဘဲ ပြောက်ကျားတပ်ဖွဲ့ပုံစံဖြင့်သာ လှုပ် ရှားနေခဲ့သဖြင့် ကျန်းသေပေါက် ကိုးကန့်ဒေသဘိန်းခင်းများသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ အမှန်တော့ ယင်းဘိန်းခင်းများသည် တပ်မတော်မှ ကျောထောက်နောက်ခံပြုထားသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲပြည်သူ့စစ်တပ်ဖွဲ့နှင့် နမ့်ခမ်းမြို့နယ်ရှိ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ကဲ့သို့သော ပြည်သူ့စစ်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေဒေသများဖြစ်နေသည်။    

ရှမ်းပြည်နယ်တောင်ပိုင်းကို လှမ်းမျှော်ကြည့်ပါကလည်း UNODC သည် RCSS နှင့် PNLA တို့သည် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နယ်မြေဒေသများကို ထိန်းချုပ်ထားသည်ဟု လက်ညိုးထိုး ခေါင်းပုံချထားပြန်သည်။ RCSS နယ်မြေဒေသအတွင်း အထူးသဖြင့် လွိုင်လင်မြို့နယ် ဆနင်းဒေသ၌ အတိုင်းအတာတစ်ခုအထိ ဘိန်းစိုက်ပျိုးမှုများရှိနေသည်။ သို့သော်လည်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့အစည်း(PNLO)၏ စစ်ရေးတောင်ပံဖြစ်သည့် PNLA သည် အစိုးရနှင့် အပစ်အခတ်ရပ် စဲထားပြီး မောက်မယ်မြို့နယ်ရှိ ကျေးရွာနှစ်ခုကိုသာ ထိန်းချုပ်ထားသည့် အသေးစားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုမျှသာဖြစ်သည်။ UNODC အစီရင်ခံစာ၏ မြေပုံပေါ်၌ ပြဆိုထားသည့် PNLA ထိန်းချုပ်ထား သည်ဟုဆိုသော နယ်မြေဒေသသည် အစိုးရ၏ တရားဝင်ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့ပါဝင်လျက်ရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်နေသည်။ သက်တမ်းရင့် ပအိုဝ်းအမျိုးသားပါတီတစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဤနယ် မြေဒေသရှိ ကိုယ်စားလှယ်နေရာများကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ စစ်ရေးတောင်ပံဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)သည် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ် တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော်၏ တရားဝင်ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ UNODC ၏ သုတေသီများအနေဖြင့် ဤအဖွဲ့နှစ်ဖွဲ့ကို ရောထွေးသွားပုံရသည်ဟု သုံး သပ်ရသည်။   

UNODC အစီရင်ခံစာ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ပတ်သက်သည့်အပိုင်း၌ ဘိန်းအများဆုံး စိုက်ပျိုး ထုတ်လျက်ရှိသည့် နယ်မြေဒေသများသည် မြောက်များလှစွာသော ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများဖြစ်သည်ဟု မှန်မှန်ကန်ကန်ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါပြည်သူ့စစ်တပ်ဖွဲ့များသည် တပ်မတော်၏ တရားဝင်ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်းဖော်ပြရန် ပျက်ကွက်ခဲ့ပြန်သည်။ အဆို ပါပြည်သူ့စစ် ခေါင်းဆောင်များသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်အင်အား၊ လက်နက်တပ်ဆင်မှုများ၊ ခဲယမ်း အထောက်အပံ့နှင့် စစ်ရေးလှုပ်ရှားမှုများအားလုံးကို သက်ဆိုင်ရာတပ်မတော်တပ်ရင်းမှူးများအား ပုံမှန် အစီရင်ခံရသည်။   

UNODC စစ်တမ်း၌ ဤကဲ့သို့သော သတင်းအမှားများနှင့် စွပ်စွဲပြောဆိုချက်များပါဝင်နေခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ပစ်ပစ်နှစ်နှစ်ဝေဖန်ထောက်ပြမှုအတွက် အံ့သြသင့်စရာတော့မရှိပေ။ UNODC သို့ ပေးပို့သည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း၏ အိတ်ဖွင့်ပေး စာ၌ အစီရင်ခံစာပါ တွေ့ရှိချက်များကို ငြင်းဆိုကန့်ကွက်၍ ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထား သည်။ နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်ကိုလည်း KIO က ထပ်မံမီးမောင်းထိုးပြထား သည်။ မြေပုံများပေါ်၌ တပ်မတော်၏ တည်နေရာများကို ဖော်ပြထားခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခ နှင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ချိတ်ဆက်ပုံဖော်ထားသည့် ၂၀၁၈ ခုနှစ် အစီရင်ခံစာသည် မြေပြင်ရှိ ပကတိအရှိတရားများ ရှုပ်ထွေးသွားစေရန် တမင်ကြံဆောင်သည့် သဘောဆောင်နေသည်။ အချုပ်ဆို သော် အစီရင်ခံစာအရ နိုင်ငံအတွင်းရှိ လက်ရှိဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ နောက်ကွယ်၌ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသာ ပါဝင်ပတ်သက်လျက်ရှိသည်ဟု ထင်မြင်ယူဆ သွားစေနိုင်သည်။ 

မူးယစ်ဆေးဝါးနှင့် ပဋိပက္ခအကြားရှိ မြောက်များလှစွာသော အချိတ်အဆက်များကြောင့် ဤကိစ္စရပ် သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ၌ လုံးဝပွင့်ပွင့်လင်း လင်း ဆွေးနွေးအဖြေရှာရန် မဖြစ်မနေလိုအပ်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ဤကိစ္စရပ်သည် မြန်မာ နိုင်ငံသူ နိုင်ငံသားအားလုံး စိုးရိမ်ပူပန်နေရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ယခင်အစိုးရ မြေစမ်းခရမ်းပျိုးခဲ့သည့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မ တိုးသာ နောက်မဆုတ်သာဖြင့် တစ်ဆို့လျက်ရှိသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေး ၀ါးရေးရာမူဝါဒနှင့် ပတ်သက်၍ အမြင်သဘောထားနှင့် အလေ့အထအမျိုးမျိုးကွဲပြားလျက်ရှိပြီး လူမှု ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတစ်ဆို့လျက်ရှိသဖြင့် အနာဂတ်မျိုးဆက်သစ်များကို ထိခိုက်နစ်နာစေမည့် အလားအလာများနှင့် ပတ်သက်၍ အထူးတလည်စိုးရိမ်ပူပန်နေကြသည်။ မူးယစ် ဆေးဝါးကုန်ကူးမှုနှင့် ပတ်သက်သည့် နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဆိုး ကျိုးသက်ရောက်မှုများသည်လည်း အခိုင်အမာအမြစ်တွယ်လျက်ရှိသည်။

တပ်မတော်အတွက် လုံခြုံရေးသည် မူးယစ်ဆေးဝါးထက် ပိုမိုအရေးကြီးသည့် ဦးစားပေးဖြစ်နေသည်။ ထို့ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ လက်ကိုင်ကျင့်သုံးလာခဲ့သည့် မူဝါဒ၌ တပ်မတော်သည် လက်နက် ကိုင်အဖွဲ့အစည်းပေါင်းများစွာနှင့် မဟာဗျူဟာကျကျ မဟာမိတ်ဖွဲ့ထားခဲ့ပြီး ယင်းအဖွဲ့အစည်းများ၏ မူး ယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ကုန်ကူးမှုအတွင်း ပါဝင်ပတ်သက်မှုကို ခွင့်ပြုထားခဲ့သည်။ အဆိုပါမဟာ မိတ်အဖွဲ့များသည် အစိုးရ၏ လိုအပ်ချက်များနှင့် နိုင်ငံရေးရေချိန်အပေါ် မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနေခဲ့သည်။ ရလဒ်အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ကုန်ကူးမှုအတွင်း အဓိကပါဝင် ပတ်သက်လျက်ရှိသည့် လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်မတော်ကျောထောက်နောက် ခံပြုထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်လာခဲ့သည်။ ယင်းတပ်ဖွဲ့အများစုသည် ရှမ်းပြည်နယ်၌ အခြေ စိုက်ထားသည့် အဖွဲ့များဖြစ်သည်။ ဤပြည်သူ့စစ်တပ်ဖွဲ့များ၏ အဓိကနိုင်ငံရေး ရည်မှန်းချက်သည်  ပိုနေမြဲကျားနေမြဲ အနေအထားကို ဆက်လက်ထိန်းသိမ်း၍ စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ရန် ဖြစ်သည်။  

ဤညီမျှခြင်း၏ အခြားတစ်ဖက်၌ ဒီမိုကရေစီစံနှုန်းများပေါ် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတစ် ရပ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ပေါင်း ၂၀ ကျော်ရှိနေသည်။ အချို့သည် ဗဟိုအစိုးရနှင့် ရာစုနှစ်ထက်ဝက်နီးပါး လက်နက်ကိုင်တိုက်ပွဲ ၀င်လာခဲ့သည့် အဖွဲ့အစည်းများဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မှီလာ စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ မတူကွဲပြားသည့် မဟာဗျူဟာများဖြင့် ချဉ်းကပ်ဆောင်ရွက် လျက်ရှိသည်။ ၎င်းတို့၌ အများအားဖြင့် မြေပြင်အခြေအနေအပေါ်လိုက်၍ အရေးယူဆောင်ရွက်ရာ၌ မတူကွဲပြားသည့် မူးယစ်ဆေးဝါးရေးရာ မူဝါဒများကို ချမှတ်ဖော်ဆောင်လျက်ရှိသည်။  

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ KIO သည် တင်းကျပ်သည့် မူးယစ်ဆေးဝါးဆန့်ကျင် ရေးမူဝါဒကို ဖိဖိစီးစီးဖော်ဆောင်လျက်ရှိသည်။ အဆိုပါဒေသများသည် မူးယစ်ဆေးဝါးအကြောထဲထိုး သွင်းအသုံးပြုသူ အလွန်များပြားသည့် နယ်မြေများဖြစ်ပြီး နယ်ခံလူထုလူတန်းစားများက အစိုးရ၏ အ ရေးယူဆောင်ရွက်ချက်များသည် ပြည့်စုံလုံလောက်မှုမရှိဟု ရှုမြင်လာကြသည်။ ဤနည်းအားဖြင့် ဘိန်း စိုက်ပျိုးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုကို တားဆီးပိတ်ပင်ရန်အတွက် ကိုယ့်နည်းကိုယ့်ဟန် ဖြင့် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ပင် အခြေစိုက် လှုပ်ရှားလျက်ရှိသည့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည်လည်း အလားတူ မူဝါဒမျိုးကို ကျင့်သုံးဖော်ဆောင်လျက်ရှိသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် တပ်မတော်နှင့် အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များနှင့်ပါ ထိတွေ့တိုက်ခိုက်မှုများရှိလာခဲ့သည်။    

ရှမ်းပြည်နယ်တောင်ပိုင်းရှိ RCSS နှင့် PNO ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအ ဖွဲ့အစည်းများသည်လည်း ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းများ ဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြ သည်။ သို့သော်လည်း ၎င်းတို့မှီခိုအားထားနေရသည့် အဆိုပါနယ်မြေဒေသများရှိ နယ်ခံလူထုလူတန်း စားများ၏ ပြင်းထန်သည့် ဝေဖန်တိုက်ခိုက်မှုနှင့်သာ အဆုံးသတ်ခဲ့ရသည်။ အခြားနည်းဖြင့် အသက် မွေးဝမ်းကျောင်းနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်းမရှိသဖြင့် ဤလက်နက်ကိုင်တပ်ဖွဲ့များ သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ တစ်ပိုင်တစ်နိုင်ဘိန်းစိုက်ပျိုးမှုများကို မသိကျိုးကျွန်ပြု၍ လျစ်လျူရှုခဲ့ကြရသည်။ ထို့အပြင် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တောင်သူများ နည်းတူ ဘိန်းစိုက်တောင်သူများအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းဖြင့် ၎င်းတို့အတွက်လည်း အ ထိုက်အလျောက်သော ၀င်ငွေများရရှိလာကြသည်။   

တစ်ချိန်တည်းမှာပင် ၂၀၁၁ ခုနှစ်ကတည်းက တပ်မတော်နှင့် အပစ်အခတ်ရပ်စဲထားခဲ့သည့် RCSS က အစိုးရနှင့် စေ့စပ်ညှိနှိုင်းသည့် ဆွေးနွေးပွဲ၌ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ လက်တွေ့၌လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း UNODC နှင့် မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)တို့နှင့် လိုအပ်ချက်များကို လေ့လာ ဆန်းစစ်၍ ဘိန်းစိုက်တောင်သူများအတွက် အခြားနည်းဖြင့် အသက်မွေးဝမ်းကျောင်းနိုင်စေမည့် အစီ အစဉ်များ ဖော်ထုတ်ပေးအပ်မှုတို့ပါဝင်သည့် ပူးတွဲအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင် ရွက်သွားရန် သဘောတူညီမှုရရှိခဲ့သည်။ သို့သော်လည်း ၂၀၁၃ ခုနှစ်အရောက်တွင် ယင်းအစီအစဉ် သစ်အပေါ် ဒေသန္တာရအာဏာပိုင်များ၏ ပိတ်ဆို့ဟန့်တားမှုအပေါ် RCSS အနေဖြင့် များစွာစိတ်ပျက်ရ သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့မသိကျိုးကျွန်ပြု ခွင့်ပြုပေးထားသည့် အနေအထားမျိုး၌ ခိုင် မာသည် အစားထိုးအစီအစဉ်များမရှိဘဲ အတင်းအကျပ်ဘိန်းခင်းများကို လိုက်လံဖျက်ဆီးခြင်းသည် သင့်လျော်မှုမရှိသလို လူ့အခွင့်အရေးချိုးဖောက်ရာလည်း ရောက်နေသည်ဟု စောဒကတက်ခဲ့သည့် Transnational Institute ၏ ဝေဖန်ထောက်ပြချက်ကိုပါ ထည့်သွင်းစဉ်းစားနိုင်ပါသည်။

၂၀၁၈ ခုနှစ် ဘိန်းစစ်တမ်းရှင်းတမ်း 

မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်းနှင့် ပတ်သက်သည့် ဝေဖန်ထောက်ပြချက်များအတွက် UNODC မှ “ရှင်းတမ်း”တစ်ခု ပြန်လည်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကျေနပ်လောက်စရာ ဖြေရှင်းချက်မျိုးမ ဟုတ်သလို အစီရင်ခံစာပါ အားနည်းချက်ယိုပေါက်များကို ပြေလည်သွားစေခြင်းမရှိပေ။ နည်းစနစ်ပိုင်း ဆိုင်ရာရှုထောင့်မှ ဖြေရှင်းထားသည့် UNODC ၏ ထုတ်ပြန်ချက်အသစ်၌ အထက်တွင်ဖော်ပြခဲ့သည့် ကွဲလွဲချက်များကို ရှင်းလင်းဖြေဆိုထားခြင်းမရှိပေ။ ယင်းအစား နဂိုမူရင်း အစီရင်ခံစာကို အမှန်ပြင်ဆင် ရန် ပျက်ကွက်ခဲ့သည့်အချက်က “ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှု”ဟု UNODC သုံးနှုန်းပြောဆိုထား သည့် ကိစ္စရပ်နှင့် ပတ်သက်သည့် ပြဿနာများကိုသာ လူစိတ်ဝင်စားမှုပိုလာစေခဲ့သည်။ ဤအချက် သည်ပင် သော့ချက်အခရာဖြစ်သည်။ UNODC သည် "မည်သည့်နယ်မြေဒေသကို မည်သည့်အဖွဲ့အ စည်းက ထိန်းချုပ်ထားကြောင်း အစီရင်ခံစာ၌ အတိအကျဖော်ပြရန် မရည်ရွယ်ပါ"ဟု ရှင်းလင်းဖော်ပြ ထားသည်။ အကယ်၍ ဤအတိုင်းဆိုပါက အစီရင်ခံစာအတွင်း UNODC အနေဖြင့် အဘယ်ကြောင့် အတိအကျကြီး မမှန်မကန်စွပ်စွဲပြောဆိုထားရသနည်း။ လွဲမှားသည့် စွပ်စွဲချက်များအပေါ် အဘယ် ကြောင့် ဆက်လက်ရပ်တည်နေရသနည်းဟု မေးစရာရှိလာသည်။ UNODC သည် ဘိန်းစစ်တမ်းကို နှစ်စဉ်ကောက်ယူ၍ မြန်မာနိုင်ငံအစိုးရနှင့် ပူးတွဲထုတ်ပြန်လေ့ရှိသည်။ ထို့ကြောင့် UNODC ၏ သုတေ သနနှင့် ပုံနှိပ်ထုတ်ပြန်ချက်များအားလုံးသည် ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိရှိဖြင့် သတင်းမှန်များကို ထုတ်ပြန်ပေးရန် မဖြစ်မနေလိုအပ်ပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် အလွန်အရေးပါသည့် အချိုးအကွေ့၌ ရောက် ရှိနေပြီဖြစ်သည်။ ဤအချက်က UNODC နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၏ အလုပ်အတွက် အလွန်အရေးကြီးသည့် အခင်းအကျင်းဖြစ်လာသည်။ မြေပြင်အမှန်တရားများနှင့် အနီးစပ်ဆုံး တိကျ ထင်ဟပ်မှုရှိစေမည့် ဘက်မလိုက်ကြားနေသည့် အချက်အလက်ပါ စစ်တမ်းမျိုးသည် အချင်းချင်းဆွေး နွေးအဖြေရှာရန်၊ နားလည်ကိုယ်ချင်းစာနိုင်စေရန်နှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေခံတစ် ရပ်ကို မွေးဖွားပေး၍ အင်အားစုအသီးသီးကို စည်းရုံးလာစေနိုင်ပါသည်။ သို့သော်လည်း တစ်ဖက် သတ် ဘက်လိုက်ထားသည့်စစ်တမ်းမျိုးသည် ပိုမိုတကွဲတပြားဖြစ်စေပြီး အနာဂတ်အပြန်အလှန် ပူး ပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကြီးမားသည့် အဟန့်အတားများကိုသာ ပေါ်ပေါက်လာစေပါလိမ့်မည်။ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကဲ့သို့သော မူးယစ်ဆေးဝါးပြဿနာများနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး လက်ညိုးထိုးခေါင်းပုံချမှု အလေ့အထသည် မတူကွဲပြားသည့် ပြည်တွင်းနှင့် နိုင်ငံတ ကာဇာတ်ကောင်များ အစဉ်အဆက်ကျင့်သုံးလာခဲ့သည့် နည်းလမ်းဟောင်းတစ်ရပ်ဖြစ်သည်။ ထိုကဲ့ သို့သော စွပ်စွဲပြောဆိုချက်များသည် မြေပြင်ရှိ တကယ့်အရှိတရားများနှင့် ကင်းကွာသွားစေပြီး အာရုံ ထွေပြားလာစေသဖြင့် တိုက်ဒေသကြီးတစ်လွှား အကျင့်ပျက်ခြစားမှုနှင့် ဒေါ်လာမီလီယံချီသည့် မူး ယစ်ဆေးဝါးကုန်ကူးမှုများ ဖောင်းပွာလာခဲ့သည်။  

ပဋိပက္ခသံသရာနှင့် အစိုးရ၏ ပျက်ကွက်မှုများ အဆုံးသတ်ခဲ့သင့်သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခု အချိန်၌ UNODC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တိကျသေချာမှုမရှိသည့် သတင်း အချက်အလက်များကို အစီရင်ခံခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ဆိုးဆိုးရွားရွားသက်ရောက်ထိခိုက်စေနိုင်သည်အထိ အကဲဆတ်သည့် လုပ်ရပ်များဖြစ်ကြောင်း ကောင်းစွာဂရုပြုရန် လိုအပ်သည့်အချိန်ဖြစ်သည်။ တစ်ချိန်တည်း၌ အာဏာ ပိုင်အပြောင်းအလဲမြန်သည့် ပဋိပက္ခကမ္ဘာ၌ မူးယစ်ဆေးဝါးနှင့် ပဋိပက္ခကွင်းဆက်သံသရာသည် အင် အားစုတိုင်း တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်လာရသည့် အခင်းအကျင်းမျိုးကို တွန်းပို့တတ် ကြောင်း ထပ်လောင်းသတိမူရန် အရေးကြီးပါသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ တာဝန်ရှိသည့်ကိစ္စကို ငြင်းချက်ထုတ်နေခြင်းမဟုတ်ပါ။ ဤအချက်နှင့်ပတ်သက်၍ မည်သည့်အခါ မျှ အငြင်းပွားရန် မလိုအပ်ခဲ့ပါ။ သို့သော်လည်း တစ်ချိန်တည်း၌ တိုင်းရင်းသားအဖွဲ့အစည်းများကို ကြုံ သလိုရွေး၍ လက်ညိုးထိုးခေါင်းပုံချရန် UNODC ၏ ကြိုးပမ်းအားထုတ်မှုသည် ဗဟုသုတနည်းလွန်းရာ ကျပြီး အကူအညီမဖြစ်သဖြင့် ၂၀၁၈ ခုနှစ် ဘိန်းစစ်တမ်းအပေါ် ဝေဖန်ထောက်ပြမှုများ ဆက်လက် ပေါ်ထွက်လာပါကလည်း ထူး၍အံ့သြသင့်စရာမရှိတော့ပေ။ 

 

အဆုံးသတ်မှတ်စုများ

 

1. UNODC, “Myanmar Opium Survey 2018: Cultivation, Production and Implications”, Bangkok, Thailand: https://www.unodc.org/documents/crop-monitoring/Myanmar/Myanmar_Opium_Survey_2018-web.pdf

2. Transnational Institute, “People’s War on Drugs in Kachin State: Indication of Failed Policies”, TNI Commentary, 21 March 2016: https://www.tni.org/en/article/peoples-war-on-drugs-in-kachin-state-indication-of-failed-policies

3. Kachin Independence Organisation, “Open Letter to Jeremy Douglas” (UNODC), “Statement of objection to unfounded aspersion against KIA in UNODC's Myanmar Opium Survey 2018”, 15 February 2019: https://www.tni.org/files/open_letter_eng_myanmar_jinghpaw_miwa.pdf

4. Nan Tin Htwe, “RCSS calls on government to lift game on drugs”, The Myanmar Times, 1 September 2013: https://www.mmtimes.com/national-news/8034-rcss-calls-on-government-to-lift-game-on-drugs.html; Saw Yan Naing, “No Progress in Drug Eradication Program: Shan Rebels”, The Irrawaddy, 24 December 2013: https://www.irrawaddy.com/news/burma/progress-drug-eradication-program-shan-rebels.html

5. Transnational Institute, “Connecting the dots... Human rights, illicit cultivation and alternative development”, 22 October 2018: https://www.tni.org/en/publication/connecting-the-dots

6. UNODC, “2018 Myanmar Opium Survey clarification”, 27 February 2019: https://www.unodc.org/documents/southeastasiaandpacific/press-release/2019/UNODC_2018_Opium_Survey_clarification.pdf